Friday, September 28, 2012

သစ်ပင် (ကမာပုလဲ)

သွေးဥနေတဲ့ ခြေဖဝါးမဟုတ်ဘူး
သွေးစိမ်းရှင်ရှင် စိမ့်ယို စီးဆင်းနေတာ …။

မြေသားက ဖုံးကွယ်ထားပေးတယ်
ခက်မြ ကြမ်းလျှ ကျောက်စိုင်တွေက
အတူနေ လက်တွေ့ ဘဝတွေပဲ …။

ကိုယ်လုံးတီး ချွတ်အရိုက်ခံရတဲ့ ညတွေမှာ
အရှိုးရာ တပြပြနဲ့ … မျက်ရည်ကျဖို့ ဝေးစွ။


ခွင့်ပြုမိန့် ယူပြီးပြီလား … (ကာတွန်း အောင်မော်)


Tuesday, September 25, 2012

တရုတ်နဲ့ ဆက်ဆံရေးကိစ္စ ပြောရပေဦးမယ် (မောင်ဝံသ)

အိမ်နီးချင်းကို ရွေးလို့မရ

ဆွေမျိုးဆိုတာ မခေါ်ရင်ရပေမယ့် မတော်ချင်လို့တော့ မရဘူးဆိုသလို ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံဆိုတာလည်း ရွေးလို့ရတာမျိုး မဟုတ်ဘူးဗျ။ ကိုယ့်အိမ်နီးချင်း ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မဖြစ်မနေ မိတ်ဝတ်မပျက် ဆက်ဆံရမှာပဲ ဖြစ်တယ်ဗျာ။ သိပ်ဆိုးတဲ့ အိမ်နီးချင်းဆိုရင်တော့ အဆက်အဆံမလုပ်ဘဲ ကိုယ့်ခြံစည်းရိုးကို ကိုယ်လုံခြုံအောင် ပိတ်ဆို့ထားဖို့ပဲ ရှိတယ်ဗျ။

ဒါပေမဲ့ ကိုယ့်ထက် အဆပေါင်းများစွာ အင်အား ပိုမိုကြီးထွားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရတဲ့ နိုင်ငံငယ်တစ်ခုရဲ့ ဦးစီးခေါင်းဆောင်တွေအနေနဲ့ကတော့ အင်မတန်ကို ပါးပါးနပ်နပ်နဲ့ သတိတမန် ဉာဏ်မြေကတုတ် လုပ်ကြဖို့တော့ လိုသပေါ့ဗျာ။ ရေတိုအကျိုးထက် ရေရှည်အကျိုးကိုကြည့်ပြီး လျှော့တန်လျှော့ တင်းတန်တင်း နည်းပရိယာယ် ကြွယ်ဝစွာနဲ့ ဆက်ဆံခဲ့ကြတဲ့ အိမ်နီးချင်း ဒစ်ပလိုမေစီတွေကို နမူနာ ယူနိုင်ကြမယ် ထင်တယ်ဗျ။

အမျိုးသားရေး သတိနဲ့ ဆင်ခြင် 

မြန်မာပြည်သူများရဲ့ အကျိုးစီးပွားရှုထောင့်က ရပ်တည်ပြီး ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို နိုင်ငံတော်သမ္မတကြီးက မိမိရဲ့ရာထူးသက်တမ်းအတွင်း ဆက်မလုပ်စေဖို့ရပ်ဆိုင်းခဲ့တာ တစ်နှစ်ကျော်သွားပြီးတဲ့နောက် မနေ့တစ်နေ့က သတင်းတစ်ခု ကြားလိုက်တယ်ဗျာ။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားတာ တဲ့။ ဖျက်သိမ်းပစ်တာ မဟုတ်ဘူးတဲ့။


ချင်းမိုင် (မောင်လွမ်းဏီ)

ထနောင်းပင် ညီနောင် မြင်မတွေ့ပေမဲ့
ချိုးကူသံ လွမ်းအောင်ချွဲလေတဲ့ မြို့ကိုး။

ကျုံး မြို့ရိုး မုခ်ဦး
အုတ်ကျိုး နီညို နဲ့ နန်းတော်ရာဟောင်းဆိုပေမဲ့
ပဒေသရာဇ်စနစ်ကို ခေတ်မီအောင် မွန်းမံထားပုံ။

ဘန်ကောက်ပုဆိုး
ပိုးသားလုံချည်၊ ဂျင်းဘောင်းဘီ၊ တီရှပ်
ရှပ်နီ ရှပ်ဝါ၊ ပြည်ထဲရေးအခင်းအကျင်း
ဇင်းမယ်လည်း ရာဇဝင်နဲ့မို့၊ ကာချင်း ဖြိုင်ဖြိုင်။

ရိုးရာဓလေ့ အရေပြားပါးလွှာ
ခေတ်မှီပုံရိပ် ဆေးသားထူလပစ်
ဂျစ်ပစီဖိနပ်သဲကြိုးများ၊ နားနေပျော်မွေ့ 
တံခါးစေ့ရုံ စေ့ထားရတဲ့ ည။


ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး နဲ့ ဗွီအိုအေ

မြန်မာနိုင်ငံရဲ့  အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုအရေးနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဗွီအိုအေ ဦးကျော်ဇံသာတို့ ဆွေးနွေးထားတာကို မြန်မာ့ဒီမိုကရေစီရေးရာအဖြစ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလို ကျန်းကျန်းမာမာနဲ့ တွေ့ရလို့ အထူးဝမ်းသာပါတယ်။ နောက်တခုက ကျနော်တို့ကို တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး ဦးခွန်ထွန်းဦးဟာ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရတယ်။ ပြဿနာတွေ ကြုံခဲ့ရတာဟာ ဦးခွန်ထွန်းဦးရဲ့ ယုံကြည်ချက်ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ အမျိုးသားညီလာခံ ပထမဦးဆုံး သူတို့ စခေါ်ခဲ့တာ ဦးခွန်ထွန်းဦးဟာ လူမျိုးစု ပြည်ထောင်စုဖွဲ့စည်းရေး တနည်းပြောရရင် ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးဆိုတဲ့ ရပ်တည်ချက်ကို တောက်လျှောက် တောင်းဆိုခဲ့တယ်။ လှုံ့ဆော်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ပဲ နောက်ဆုံးမှာ ဦးခွန်ထွန်းဦးဟာ ထောင်ကိုရောက်သွားတယ်လို့ ကျနော် ထင်ပါတယ်။

Sunday, September 23, 2012

ဂလိုဘယ်မျက်ရည် (မောင်လွမ်းဏီ)

ဤပုံကို
ကြည့်ပါ
အဝေးကပင် မြင်နိုင်ပါသည်။

ဒီပုံကို
ကြည့်ပါ
ဝါရှင်တန်မက
နိုင်ငံတကာကပါ မြင်နိုင်ပါသည်။

အဲဒီပုံက
ဆုယူနေတဲ့ပုံပါပဲ
တောင်းဆုတွေ
တောင်းပန်ပြီး ယူနေတဲ့ပုံပါပဲ။


Saturday, September 22, 2012

အမျိုးကို ကာကွယ်မယ် ... (ကာတွန်း အောင်မော်)


ဖြစ်နေကြပုံက … (ထွန်းဝင်းငြိမ်း)

“ဟေ့ … ဟေ့
ဘာတွေလုပ်နေကြပြန်ပြီလဲ
ဘီးတွေ နောက်ပြန်လည်ကုန်မှဖြင့် …”
ဒီလို စကားသံတွေ လျှံနေတော့။

ဗားဒေါ့ဘရက်က
ညည်းရှာသတဲ့။

“အမှောင်ခေတ်ကြီးထဲမှာ
မျက်မှောင်မကြုတ်တဲ့သူဟာ
ခေတ်ရဲ့ဒုက္ခတွေကို
မခံစားတတ်လို့” တဲ့။

… … … … … … … …

 “ချစ်သူနဲ့ ချစ်တဲ့အခါတောင်မှ
ဥပက္ခာစိတ်နဲ့
တဝက်ပဲ ချစ်နိုင်ခဲ့သတဲ့”

… … … … … … … …


Thursday, September 20, 2012

ငြိမ်းချမ်းရေး (သန်းဌေးမောင်)

စစ်ပွဲတွေကြောင့် လူတွေဘယ်နှယောက် သေခဲ့ပြီးပြီလဲ
ဘာတွေ ဆုံးရှုံးခဲ့လဲ
ဘယ်သူတွေ နစ်နာခဲ့လဲ
သွေး
မျက်ရည်
ခြေလက်အင်္ဂါ မစုံတော့တဲ့သူတွေ၊ မိဘမဲ့ကလေးတွေ၊
စာသင်သားမရှိတဲ့ ကျောင်းတွေ၊
မီးလောင်နေတဲ့ အိမ်ယာတွေ၊
ပန်းမပွင့်တော့တဲ့ ဥယျာဉ်တွေ၊
ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ၊
ဘာအတွက်လဲ၊ ဘာတွေလိုအပ်နေတာလဲ၊
ဘာတွေဖြစ်ချင်နေတာလဲ၊
ဘယ်တော့ အထိလဲ၊
ဘယ်တော့အဆုံးသတ်မှာလဲ။


ကျား နဲ့ ယုန် (သော်ဇင်အုန်း)

ခေတ်မီတဲ့ ကျားတစ်ကောင်ဟာ အမဲကောင်ကိုချောင်းပြီး အလစ်ဖမ်းစားရတာကြာတော့ ပျင်းလာတယ်။ အချောင်သက်သက်သာသာနဲ့ စားချင်လာတယ်။ ဒါနဲ့ ကျားဟာ အကြံထုတ်တယ်။ ကျားဆိုတော့ သိပ်ကြာကြာ မစဉ်းစားရပါဘူး၊ အကြံရတာပေါ့။ ဒါနဲ့ ကျားဟာ သူ့အကြံကို အကောင်အထည်ဖော်တော့တယ်။ ပထမဆုံး သမင်တစ်ကောင်ကို ဖမ်းလိုက်တယ်။ ပြီးတော့ မစားဘဲ ဒီလိုပြောပြီး ပြန်လွှတ်လိုက်တယ်။

“ငါ မင်းကို စတာပါကွာ၊ ဒီနေ့ကစပြီး အသားမစားတော့ဘူး၊ သက်သတ်လွတ် အသီးအနှံစားပြီး ဥပုသ်ရက်ရှည်စောင့် အဓိဌာန်ဝင်မလို့ကွ” တဲ့။

ကျားပါးစပ်ထဲက ထွက်လာတဲ့သမင်ဟာ ဝမ်းသာအားရပြေးလာပြီး တစ်တောလုံးကို ဒီအကြောင်း လျှောက်ပြောပြတယ်။ ဒါပေမယ့် ဘယ်သူမှ မယုံပါဘူး။ သမင်က ကျိန်တွယ်ပြောတော့ ပညာရှိယုန်က စဉ်းစားတယ်။


စစ်ပွဲများ ... (ကမာပုလဲ)

စစ်ပွဲတွေကို …
ခင်ဗျားခံစားချင်တဲ့ အသားတဖတ်နဲ့
လဲလို့ ရပါသလား ...

စစ်ပွဲတွေကို
ခင်ဗျား ရပ်ချင်တဲ့ ခြေလှမ်းတွေနဲ့ ရပ်ပစ်လို့ ရပါသလား ...

စစ်ပွဲတွေကို
ခင်ဗျားရဲ့ ရွှေပြည်အေးတရားနဲ့ တားဆီးလို့ ရပါသလား ...။


ငြိမ်းချမ်းရေး (ကာတွန်း ကျော်သူရိန်)

Wednesday, September 19, 2012

လဒ (ခင်လွန်း)

အလို ...
မြန်မာပြည်က
မြို့ကြီးတွေပေါ်မှာ လဒတွေဝဲလို့

၁။ 

မြန်မာပြည်၊ ဟိမဝန္တာ
စသည် စသည်
တချို့နေရာအနည်းအကျဉ်းလေးမှတပါး
တခြားကမ္ဘာမှာ
လင်းတငှက်တွေ မျိုးသုဉ်းသွားတော့မတဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက
အလန့်တကြားပြောဆို
ဘယ်လိုမျိုးစိတ်မျိုးလဲ

အသေအပုပ်ကောင်တွေက
သူတို့သဘာဝရဲ့ သူတို့အာဟာရ
မသဒီစရာ အမင်္ဂလာသတ္တဝါ
ဒီလိုအစွဲကြီးခဲ့တဲ့ ငှက်မျိုးစိတ်ဟာ
ကမ္ဘာမှာ လိုအပ်တယ်
ဂေဟဗေဒစနစ်တွေ ဟန်ချက်မပျက်ယွင်းရေး
ရေ မြေ လေ မီး ဓာတ်ကြီးလေးပါး ထိန်းညှိသန်စွမ်းရေး
သူတို့ကို အလေးထား နေရာပေးရမယ်
လင်းတငှက်တွေ မျိုးတုံးမသွားရေး
စောင့်ရှောက်ကာကွယ်ပေးရမယ်
ကမ္ဘာကြီး ရင်လေးနေတာလေ

၂။ 

စက်တင်ဘာ ၂၀၀၇
အလို ...
လဒတွေ မြို့ကြီးတွေပေါ်ဝဲလို့


မင်းတို့ဉာဏ်အမြင် တစ်မိုက်တစ်ထွာမျှရယ်နဲ့ ငြင်းဖို့သန်လျှင် မိုက်ရာကျပါလိမ့် . . . (မောင်သွေးချွန်)

သူတို့ ပြန်လာကြလေပြီ။ သူတို့ဆိုတာ ‘ကျောင်းသားတပ်ဖွဲ့’ လို့ ပြောနိုင်တဲ့ ABSDF အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဟောင်းများဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့ အပါအဝင်ဖြစ်တဲ့ လူတစ်စုပါပဲ။ သူတို့ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလဆန်းမှာ ပြည်တော်ပြန်လာကြတယ်။ သူတို့ကို ခရီးဦးကြိုပြုလိုက်တာကတော့ ‘၉၂ ပါဂျောင် ရှင်းတမ်း’ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်မှာ အေဘီမြောက်ပိုင်းပြန် ရဲဘော်များက ၁၉၉၂ ပြည်ထောင်စုနေ့ လူသတ်ပွဲကြီးအကြောင်းကို ‘၉၂ ပါဂျောင်ရှင်းတမ်း’ အဖြစ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ မြောက်ပိုင်းဒေသက ABSDF အတွင်း ကျောင်းသားစစ်စစ်တွေကို ‘ထောက်လှမ်းရေး’ လို့ စွပ်စွဲပြီး ငရဲသားတွေက အဘခေါ်ရလောက်အောင် နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ခဲ့ပုံတွေကို ကျွန်တော်တို့ ကြားသိခဲ့ပြီးဖြစ်ပါတယ်။ ပြောရရင် ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ကျောင်းသားတွေ တောခိုသွားခဲ့ကာ ABSDF အဖွဲ့ ပေါ်လာပုံကစပြီး ABSDF ဖရိုဖရဲ ပြိုကွဲသွားပုံအထိ ကျွန်တော်တို့ မျက်ခြည်မပြတ်ခဲ့ပါ။

၉၂ ပါဂျောင်ရှင်းတမ်းရဲ့ နိဒါန်းအစလို့ဆိုနိုင်တဲ့ ပန်းချီထိန်လင်းရဲ့ ‘ကျွန်တော် လူကက်ဆက်’ ရင်ဖွင့် ဖော်ထုတ်ချက် စာတမ်းကို ၁၂ ဖေဖော်ဝါရီ ၂၀၁၂ ခုနှစ် နေ့စွဲနဲ့ အွန်လိုင်းပေါ်က ရခဲ့ပါတယ်။ နောက်တော့ Pupular New တဂျာနယ်နဲ့ Messenger ဂျာနယ်တွေမှာ တရားဝင်ဖော်ပြလာတာ ဖြစ်ခဲ့ရပါတယ်။ ပန်းချီထိန်လင်း ကောက်ကြောင်း အပိုင်းအစမျှ ခြစ်ရာပေးလိုက်တဲ့အပေါ်မှာ စုတ်ချက်ကြမ်းကြမ်းနဲ့ သွေးရောင်လွှမ်းတဲ့ အနိဋ္ဌာရုံ ရုပ်ပုံများအဖြစ် ‘အောင်မိုးဝင်း ရေးတဲ့ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများကို’ ရှာဖွေတွေ့ရှိခဲ့ပြီး ရင်တလှပ်လှပ် စုတ်တသပ်သပ် ဖတ်ခဲ့ရပါတယ်။


တမတ်တန် … ငယ်အိပ်မက်များ (ကမာပုလဲ)

ငွေတမတ်နဲ့
ချေဂွေဗါးရား ဖြစ်ခဲ့ …
ငွေတမတ်နဲ့
မဟာဗန္ဓုလ ဖြစ်ခဲ့ …
ငွေတမတ်နဲ့
ငြိမ်းချမ်းရေး ချိုးငှက်ဖြစ်ခဲ့ …
ငွေတမတ်နဲ့
ဧကရာဇ် မင်းတပါးလည်း ဖြစ်ခဲ့
ငွေတမတ်နဲ့ …။


ဒေါ်စုနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံ မေးမြန်းခန်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်အသံ ရုံးချုပ်ကို အင်္ဂါနေ့က လာရောက်ပြီးတော့ ဗွီအိုအေ (မြန်မာပိုင်း) မိသားစုတွေနဲ့ တရင်းတနှီးတွေ့ဆုံပြီးတော့ သြဝါဒ စကားတွေလည်း ပြောဆိုခဲ့ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ (မြန်မာပိုင်း) အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာက သီးသန့် တွေ့ဆုံမေးမြန်းခွင့်လည်း ရခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းခန်းကို အပြည့်အစုံ တင်ပြပေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ အခုလို ကျန်းကျန်းမာမာတွေ့ရလို့ အထူး ဝမ်းသာပါတယ်။ ကျနော်တို့ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက်လည်း အထူး ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံးမေးချင်တဲ့မေးခွန်းကတော့ လူတိုင်းစိတ်ဝင်စားတဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့မေးခွန်းပါ။ ပြုပြင်ပြောင်းလဲရေးဆိုတာ အသံသာ ကြားနေရတယ်။ တကယ်တန်း ပြောင်းလဲသွားတာ ဘာမှ မတွေ့ရသေးဘူးလို့ လူတွေက ပြောကြပါတယ်။ တချို့ကလည်း စာနယ်ဇင်း လွတ်လပ်မှုတွေ နည်းနည်းပါးပါး ရှိလာတယ်၊ လူတွေ ပြောရဲဆိုရဲ ရှိလာတယ် ဆိုပြီးတော့လည်း ပြောကြပါတယ်။ .. ဆိုတော့ ဒီ ပြုပြင်ပြောင်းလဲမှု အခြေအနေနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြားပါရစေခင်ဗျ။


Tuesday, September 18, 2012

စက်တင်ဘာ မိုးစက်များ (မင်းကိုနိုင်)

ညီမလေးရေ …
အဲဒီနေ့က
ကောင်းကင်ကြီး မျက်ရည်စို့
မိုးတွေလည်း ညိုလို့
သမီးက အမာခံ မဟုတ်ဘူး
အသေခံတဲ့
မင်းပြောခဲ့တယ်

ညီမလေးရေ …
ချီတက်လာသူတွေကို
မင်း ဈေးဗန်းထဲက
ချချ ကျွေးခဲ့တဲ့
ကြံချောင်းတွေဆို
ခုထိတိုင် ချိုနေတုံး


ကချင်ပြည်နယ် ပကတိ ငြိမ်းချမ်းပါစေ ... (ကာတွန်း အော်ပီကျယ်)


၁၉/၈၈ - မောင်လှမျိုး (ချင်းချောင်းခြံ)

သမိုင်းသေမှာစိုးလို့
ငါတို့ အသက်အသေခံခဲ့ကြတာ
သမိုင်းဆိုတာ ဘာမှန်းမသိရင် … နေ
ဘဝ,ဆိုတာ လွတ်မြောက်ဖို့ လိုတယ်လို့သိရင် …
ငါတို့ … ပေးဆပ်ရကျိုးနပ်ပြီ။

လူလူချင်း အနိုင်ကျင့်နေတာကို
မကြည့်ချင်တော့လို့
အသက်အသေခံပြီး တွန်းလှန်ခဲ့ကြတာ။

ဘုရားစူးရစေရဲ့
ဒင်းတို့ကို ကြောက်စရာလို့ကို မထင်ခဲ့ဘူး။


ရှူး ... တိုးတိုး (ကာတွန်း အောင်မော်)

မြင်း (ကမာပုလဲ)

မြင်း ...
မြင်းဟာ မွေးလာတုန်းက ကုန်းနှီးပါမလာဘူး။

မြင်း ...
မြင်းဟာ မွေးဖွားလာစဉ်က
ပါးချပ်ပါမလာဘူး။

မြင်း
မြင်းဟာ ...
သံခွာပါမလာဘူး။

မြင်း
မြင်းရဲ့ကျောမှာ ကြိမ်လုံးကြာပွတ် ရိုက်ချက်ဒဏ်ရာ
ပါမလာခဲ့ဘူး။


Sunday, September 16, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၂

အကျနေ့ကလည်း ရုတ်တရက်ပြန်သွား၍ မွန်ထူပြီးကျန်ခဲ့ရာ ရေလောင်းဖို့ပင် အခွင့်မရလိုက်။ ဒီနေ့တော့ မဏ္ဏပ်လာမည်ထင်၍ မျှော်သော်လည်း ညိုက ပေါ်တော်မမူ၊ အုန်းသိန်း နေမထိထိုင်မသာသည့်အဆုံး ဘူတာလေးရှေ့မှ တောလိုက်မုဆိုးနှယ် ချောင်းမြောင်း၍ ရေပက်ရန် ကြံသည်။

ရွှေသမင်ညိုက အရိပ်အယောင်ပင် မပြ။ အိမ်ဘေးက ပတ်လည်း မမြင်၊ နောက်ဆုံး ညိုတို့နောက်ဖေး ခြံစည်ရိုးဘက်မှ လှည့်ချောင်းရန်ကြံသည်။ ဆူးခြုံပေါသော စည်းရိုးဘေး ကုပ်ကတ်သွားပြီး ညိုတို့နောက်ဖေးဘက်ကို သူ ကြည့်သည်။

နောက်ဖေး ရေကပြင်တွင် ပက်လက်ကုလားထိုင်ဖြင့် ငိုက်မြည်းနေသူတဦးကို ညိုက နောက်မှသိုင်း၍ မျက်နှာအိုးမည်းသုတ်လိုက်သည်ကို အုန်းသိန်း မြင်လိုက်၏။ ထိုသူ လန့်နိုးပြီး ရယ်မောကာ မျက်နှာကိုပွတ် လက်မှာပေလာသော အိုးမည်းဖြင့် ညို့လက်မောင်းကို လှမ်းသုတ်သည်ကိုလည်း အုန်းသိန်း တွေ့လိုက်သည်။ မသက်မသာမျက်နှာဖြင့် ထွက်ခွာသွားသော အုန်းသိန်းကို အဘမောင် နှီးထိုင်ဖျာနေရာမှ လှမ်းမြင်လိုက်ပြီ။ ဒီကောင် ဆူးခြုံကြားထဲအထိ လာချောင်းနေပါကလားဟု သတိပြုမိလိုက်သည်။

xxxxx xxxxx xxxxx 


ဥစ္စာစောင့် (ခင်လွန်း)

ရေကြည်ရာမြက်နုရာ အရှာလာသူမဟုတ်
သိုက်ကြိုးမဖြတ်ရသေးတဲ့
လူဝင်စားအလား
ခေါ်သံတွေ ငါကြား

အတိတ်ဘဝက တဘဝလား
အခုဘဝက တဘဝလား
နှစ်ခုပေါင်းမှ တဘဝလား
ငါ့တကိုယ်ထဲ နှစ်ဘဝလား
ငါ့ကိုယ်ငါ မကွဲပြား။

တချို့လဲ
တတိယဘဝ
သိုက်နန်းပြောင်းသွားကြပြန်ပါပြီ။


ထူးခြားတာက … (ကာတွန်း အောင်မော်)


Friday, September 14, 2012

ဒီမိုကရေစီကို ဈေးပေါအောင်မလုပ်ကြပါနဲ့ (မောင်ဝံသ)

စိုးရိမ်မိတယ် 

၁၉၈၈ ခု စက်တင်ဘာလ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေ ဖွင့်ကြ၊ ကာရာအိုကေတွေ ဆိုကြ၊ လူမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊ သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကို ဟန့်တားနှိပ်ကွပ်ရမယ့်အစား ဒေသတာဝန်ရှိသူတချို့က “လိုချင်ဦးလေ ဒီမိုကရေစီ၊ တွေ့တယ် မဟုတ်လား၊ ဒီမိုကရေစီရရင် ဒီလို ဖြစ်ကုန်မှာပဲဆိုတာ အကြောင်းသိအောင် ကျုပ်တို့ကတော့ လက်ပိုက်ကြည့်နေလိုက်တယ်” လို့ ပြောတာကို ကျွန်တော့်နားနဲ့ ဆတ်ဆတ် ကြားဖူးလိုက်ရပါသဗျ။

ဟောခုလည်း ဟိုနေရာ ဒီနေရာတွေမှာ ဆန္ဒပြကြ၊ ပိုစတာထောင်ကြ လုပ်ကြတာကို အဲသလို စိတ်အချဉ်ပေါက်ပြီး ပြောသူတွေ ရှိလာပြန်ပြီ။ ဒါတင်မက ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေါပေါလောလော သုံးလာကြတာ သတိထားမိတယ်ဗျာ။ တမင်တကာများ ဒီမိုကရေစီကို ဈေးပေါအောင် လုပ်နေရော့သလားလို့ စိုးရိမ်မိတယ်ဗျ။

စစ်အာဏာရှင် ခိုင်မြဲရေးလား 

ကျွန်တော်တို့ တိုင်းပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ ကမ္ပည်းထိုးခဲ့ရတဲ့ ဒီမိုကရေစီတောင်းဆိုသော ပြည်သူ့လှုပ်ရှားမှုကြီး ဖြိုခွင်းခံလိုက်ရပြီး ဒီမိုကရေစီလမ်းကြောင်းနဲ့ ဝေးရာဆီသို့ ရွေ့မျောနေခဲ့ရာက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်မလာခင်အထိ အစိုးရနဲ့ပတ်သက်ပြီး အထင်ရှား အပေါ်လွင်ဆုံး ရှုမြင်သုံးသပ်ချက်တစ်ခုပဲ ရှိခဲ့တယ်ဗျ။


ငှက်တချို့ ... ပြာနှမ်းသွားခြင်း အကြောင်း (ကမာပုလဲ)

စုံလုံးကန်းနေရတာလည်း မှန်တယ်
မြားဆိပ်သင့်နေတာလည်း မှန်တယ် ...။

ဆယ်လမွန်ငါးတွေများလား ...
အုပ်ဖွဲ့ ပြန်လာကြမယ် ကြားလို့
စိတ်က
မဝံ့မရဲနဲ့ အပြေးအလွှား
သွားလို့ ကြိုကြည့်လိုက်ချင်စမ်းလှပါတယ်။


မြန်မာပြည် အပြောင်းအလဲများနဲ့ ဦးဝင်းတင်

“ပြည်ပကနေပြီးတော့ ပြည်တော်ပြန်တွေ ဖိတ်တာတို့၊ ပြီးရင် ဟိုအဖွဲ့ ဒီအဖွဲ့ကလူတွေ ပြောတာတို့၊ ဟိုအဖွဲ့အစည်းက ပြောတာ၊ ကျောင်းသားကပြောတာ ဒီလိုဟာတွေ လျှောက်ပြီးတော့ ကောက်သင်းကောက်သလို ဗြုတ်စဗျင်းတောင်းတွေ လျှောက်ပြီးတော့ လုပ်နေရင်တော့ မရဘူး။ နိုင်ငံရေးဖြေရှင်းဖို့ပဲ တိုင်းရင်းသားတွေနဲ့ ပြည်ထောင်စုအစိုးရနဲ့ အဲဒီ နိုင်ငံရေးဖြေရှင်းမှု တကယ်လုပ်ပါ။ နိုင်ငံရေးအကျိုးဆောင်ဆိုတဲ့ လူတွေနဲ့ ပြောလိုက်။ ဒီလိုဟာမျိုးတွေနဲ့ လုပ်နေလို့ကတော့ မရဘူး။ ပြည်တွင်းစစ်ရဲ့သဘော၊ ပြည်တွင်းငြိမ်းချမ်းရေးရဲ့သဘောက နိုင်ငံရေး နာတာရှည်ရောဂါ ဖြစ်ပါတယ်။ အဲဒီ နာတာရှည်ရောဂါကိုတော့ နိုင်ငံရေး ဆေးမီးတိုလေးနဲ့ လုပ်နေလို့ မရဘူး။ တကယ့်ကို တကယ့် ဆေးကောင်းဝါးကောင်းနဲ့ အမြစ်ပြတ်နိုင်တဲ့ဆေးမျိုးနဲ့သာ ကုမှဖြစ်မယ် …”

မြန်မာနိုင်ငံမှာ ဖြစ်ထွန်းလာတဲ့ မီဒီယာလောက အလားအလာနှင့် နိုင်ငံရေး ရုန်းကန်ပြောင်းလဲမှုတွေဟာ အကောင်းမြင်နိုင်လောက်ပေမယ့် တိုင်းရင်းသားပြဿနာကို ကိုင်တွယ်နေပုံဟာ လမ်းလွဲနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သတင်းစာဆရာကြီး ဦးဝင်တင်က ပြောကြားလိုက်ပါတယ်။


ဆန္ဒပြတော့လည်း ရတာကြလို့ ... (ကာတွန်း အောင်မော်)


Tuesday, September 11, 2012

ဂစ်တာတလက်ရဲ့ ... သမိုင်းအဖြစ်အပျက်တွေ အကြောင်း (ကမာပုလဲ)

ကြားခဲ့ဖူးတယ်
မီးလောင်နေတဲ့ ရောမမြို့ကြီးမှာ 
နီရိုးဘုရင် တယောထိုး မပျက်ခဲ့ဘူးလို့ ...။

လီနင်ဂရက် တိုက်ပွဲမှာ
ခုခံ ကျဆုံး ပြည်သူများ ...။

ဟစ်တလာ
ဘာလင်ဟာ ... သူ့အာဏာ
ဘာလင်ဟာ ... သူ့ယာဇ်ပလ္လင်
ဘာလင်ဟာ သူ့ရဲ့ စုတ်ပြတ်နေတဲ့ သင်္ချိုင်း ...။

ဘာလင်က ဟစ်တလာ
ဂစ်တာ မတီးခတ်နိုင်ခဲ့ပုံ ...။ ။

ကမာပုလဲ 
၀၉၀၉၂၀၁၂


 

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၁

“လူတွေကို ဘာကြောင့်လုပ်ရမယ်ဆိုပြီး စည်းရုံးဖို့မလိုလှဘူးကွ၊ ဘယ်လိုလုပ်ကြမလဲဆိုတာပဲ ငါတို့ကို မေးနေကြတယ်”

ထွန်းသက် စကားကို သူရ ခေါင်းညိမ့်ထောက်ခံရင်း ...

“အေး ငါတို့ဘက်က နောက်တပွဲ ဒီထက်ပိုပြီး ကျယ်ပြန့်အောင် ဆင်နွဲနိုင်ဖို့ပဲ” ဟု သုံးသပ်၏။ သူတို့ သုံးယောက် လေးခွ ကိုယ်စီဖြင့် ငှက်ပစ်ယောင်ဆောင်ရင်း သစ်ပင်အုပ်အုပ်ရှိရာ တဖြည်းဖြည်းရွှေ့လျှက် ပြောလာကြခြင်း ဖြစ်သည်။ သရက်ပင်ပေါ်မှ ဇရက်ကို သူရ ခွနှင့်လှမ်းပစ်ပြီး …

“ဟေ့ကောင် မင်းနာမည် ‘ဖေသောင်း’ လို့ ပြောင်းထားတာ ကောင်းတယ်၊ ငါတို့လည်း ဒီလို နာမည်ဝှက်တွေ ထားရမယ် ဟု ပြော၏။

“ငါလည်း ပါးစပ်ထဲတွေ့ရာ ထားလိုက်တာကွ၊ ရုံပိုင်ကြီး မိသားစုကလည်း ဒီနာမည်ခေါ်တော့တယ်။ ဒါမှ ငါ့နောက်ကြောင်းကို တခြားသူတွေ မျက်ချေပြတ်မှာ”

သရက်ပင်ခြေရင်း သုံးယောက်ဝိုင်းထိုင်ရင်း ထွန်းသက် မှ ...


Monday, September 10, 2012

ကြေးနီမောင်း (မောင်လွမ်းဏီ)

လက်ပတောင်းက
လက်ခမောင်းသံ
မြိုင်ယံတောဟီး ထစေပြီ။

ချင်းတွင်းပဲ့တင်၊ မြစ်ပြင်လှုပ်ခတ်
ရပ်ရှစ်မျက်နှာ ကြွေးကြော်သံ
အလံလွှင့်ကြ ဗကသ။

တောင်ကိုသိမ်းမလား
ကြေးရွာသားဟေ့၊
လှောင်ပိတ်မလား၊ ကြေးနီသူဟ
လက်မထောင်ထောင်၊ ကိုယ်ယောင်ထင်လင်း
ဒင်းတို့လောက်တော့ ဘာမှုရမလဲ
အညာသူမ ရဲသကို။


ဝန်ကြီး ... (ကာတွန်း အောင်မော်)

ရောဘတ်ဖရောစ့် မှသည် .... ဆရာမောင်စွမ်းရည်သို့ (ကမာပုလဲ)

မနေ့က အမေရိကန်မှာ ရောက်ရှိသောင်တင်နေသူ စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်ကို ဖေ့စ်ဘွခ်စာမျက်နှာပေါ်မှာ မှတ်မထင် တွေ့ရှိလိုက်ရတယ်။ အမေရိကန်ရဲ့ ဂုဏ်ယူထင်ရှား လူသိများလှတဲ့ ကဗျာဆရာကြီး ရောဘတ် ဖရော့စ်ရဲ့ သင်္ချိုင်း အုတ်ဂူနဘေးမှာ ဒူးထောက်လို့ အသိအမှတ် ဂါရဝပြုနေတဲ့ ဓာတ်ပုံကို တွေ့လိုက်ရတာပါ။

ဓာတ်ပုံကိုကြည့်ရင်း အတွေးများက တနံတလျားပေါ့။ ရောဘတ် ဖရော့စ်ဆိုတာ ဘယ်သူလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။ မောင်စွမ်းရည်ကရော ဘယ်သူလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ အစရှိသဖြင့်ပေါ့။ ဆရာ မောင်စွမ်းရည်ဟာ ဘာဖြစ်လို့ ဆရာကြီး ရောဘတ်ဖရော့စ်ရဲ့ အုတ်ဂူကိုမှ သွားရောက်ရတာလဲ။ ဂါရဝပြုရတာလဲ။ တဆက်တည်းမှာ ဗမာပြည်က အထက်အညာဒေသသား ဆရာမောင်စွမ်းရည် ဘာ့ကြောင့် အမေရိကန်မြို့ကြီးမှာ ရောက်ရှိသောင်တင်နေပြီး ပြည်တော် မပြန်နိုင် ဖြစ်နေရပါသလဲဆိုတဲ့ အတွေးတွေနဲ့ပေါ့။


အမည်မည်းစာရင်း ပယ်ဖျက်ခြင်း နဲ့ ပြည်တော်ပြန်အရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာအစိုးရ ပယ်ဖျက်လိုက်တဲ့ အမည်မည်းစာရင်း နဲ့ ပြည်ပနိုင်ငံရေးသမားတချို့ ပြည်တော်ပြန်ကြတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ အခြေစိုက် အဝေးရောက်ပြည်ထောင်စု မြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဦးစိန်ဝင်း ကို ဗွီအိုအေမြန်မာသတင်းဌာန ဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးစိန်ဝင်း ။ ။ ကျနော်တို့ အယူအဆက နအဖ အစိုးရလက်ထက်။ နအဖ အာဏာပိုင်တွေ လက်ထက်က ဒီအမည်မည်းစာရင်းကို ပြုစုခဲ့တာ။ အဲဒါကိုဖျက်တယ်။ National Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒါလုပ်ပေးတယ်ဆိုရင်တော့ ကောင်းတဲ့လုပ်ရပ် ကြိုဆိုကြရမှာပေါ့။ ဒါပေမဲ့ အခု ကျနော်တို့ တွေ့ရတာကတော့ ၂၀၀၀ ပဲရှိသေးတယ်။ ကျန်တဲ့ ၄၀၀၀ က ကျန်သေးတယ်။ ဒီ ၄၀၀၀ ကိုလည်း မြန်မြန်ဖျက်ပြစ်ပေးဖို့။

ဦးသန်းလွင်ထွန်း ။ ။ ပထမဆုံးအနေနဲ့ ဒီစာရင်းမှာ ပယ်ဖျက်ပေးတဲ့ထဲမှာ ဦးစိန်ဝင်းရဲ့  နာမည်ပါ ပါလာပြီဆိုတော့ ဆရာအနေနဲ့ ပြန်ဖို့အစီအစဉ်ရှိပါသလား။

ဦးစိန်ဝင်း ။ ။ အခုတော့ အစီအစဉ်မရှိသေးဘူးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဘယ်လိုအကြောင်းတွေကြောင့် အခုလက်တွေ့ အစီအစဉ်မရှိသေးတာလဲ။ အထူးသဖြင့် ဆရာတို့အနေနဲ့က အခုလောလောဆယ် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည်ကို ပြန်လို့ရပါ့မလား။


Thursday, September 6, 2012

မဟုတ်တာ လုပ်တဲ့သူတွေ ... (ကာတွန်း အောင်မော်)


မအိုသေးတဲ့ ဒေါင်းစကား (မောင်ဝံသ)

ကိုကိုကြီး အင်တာဗျူး 

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ အင်တာဗျူးများ အမှတ် - ၁ ထွက်လာတယ်။ ‘ပြောချင်လို့ ပြောခဲ့တာတွေ’ လို့ ခေါင်းစဉ်ပေးထားပါတယ်။ သူ့စာအုပ် မိတ်ဆက်ပွဲကို ၂၈ သြဂုတ်က ဗိုလ်အောင်ကျော်လမ်းက ဇာဂနာရဲ့Home ခန်းမမှာ ပြုလုပ်တယ်။ စာအုပ်မိတ်ဆက်ပွဲမှာ ကျွန်တော်လည်း စကားပြောလိုက်ရတယ်။ ပြည်သူ့ခေတ်မှာ ကျွန်တော် ပင်တိုင်ရေးနေတဲ့ ‘ပြောချင်လွန်းလို့’ ခေါင်းစဉ်နဲ့ ကိုကိုကြီး စာအုပ်ခေါင်းစဉ် ဆင်တူနေတာကို ပြောပြပြီး ကျွန်တော်တို့အားလုံးရင်ထဲမှာ ပြောချင်တာတွေ အပြည့်အသိပ်ရှိနေတာမို့ ပြောလို့ရတဲ့အချိန်၊ ရေးလို့ရတဲ့ အချိန်တွေမှာ ဒလဟော သွန်ချချင်နေကြပါတယ်လို့ ပြောလိုက်တယ်။


ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ် အကြောင်းကြားစာ (အောင်ဝေး)

‘အနှစ်(၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
ကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကို
တွေ့ရလေသည်’ 
(ကာနယ် ချစ်ကောင်း) 

မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။

အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံ လက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။

မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။

အစ်ကို့ဓား မတုံးဘူးဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ တို့ဓားတွေ
တံတွေးဆွတ် ခံလိုက်ရပြီ။

မိုးသီးရေ
မင်းပြန်ခဲ့တော့။


Wednesday, September 5, 2012

သိုးကျောင်းချိန် (မောင်လွမ်းဏီ)

သိုးတွေက
ကဗျာ မရေးဘူး။

သိုးတွေကို
အဖြူရောင်ဆိုးတော့
ပိုးသားအိပ်မက်နဲ့
သိုးတွေ တိတ်တယ်။

မည်းမည်းမြင်ရာ
အမဲလိုက်နေကြတာပေါ့
သိုးကတော့
လည်စင်းခံပေးတဲ့အထိ ရိုးအတယ်။


Tuesday, September 4, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၀

လန့်ဖျားလား ကြောက်ဖျားလား မသိ၊ ပျားတုတ်ဒဏ်ရာမှ အနာရှိန်တက်သည်ဆိုရမလား၊ ထိုညတွင် သူ ဖျားတော့သည်။ ထိုအခါ ညိုက သင်တန်းဆင်းကာစ သူနာပြုဆရာမ အိုက်တင်ဖြင့် ဆေးဝါးများ အပါအဝင် တောက်တိုမည်ရများပွေ့ကာ ရောက်ချလာပြန်သည်။

“တပူပေါ် နှစ်ပူဆင့်ပြန်ပြီပေါ့၊ အနေအစား ဆင်းရဲရတဲ့အထဲ” ဟု ဒေါ်တင်တင် ဝေဖန်ရင်း ဆရာတော်ကျောင်းအောက် ကွပ်ပစ်တလုံးဖြင့် ဖြစ်သလိုနေရသော သူ့အနေအထားကို အလိုမကျကြည့်ကာ “မာလကာသီးတလုံးရဲ့ ဆွဲဆောင်မှုနဲ့ နင်တို့ ဒုက္ခကိုကြုံရတယ်။ ဘာမှ စူးစမ်းဆင်ခြင်ဖို့သတိမရှိကြဘူး” ဟု မြည်တွန်တောက်တီးနေပြန်သည်။

ဆရာတော်ကား စင်္ကြန်လျှောက်ရင်း လာကြည့်၍ “ဆေးခန်းသွားပြလိုက်တာ အကောင်းဆုံးပဲ၊ ယောင်ဝါးဝါးလုပ်မနေကြနဲ့ ငါ့မှာ တာဝန်ရှိတယ်” ဟု မိန့်သည်။ ညနေ ဆေးခန်းမသွားမီ သူအဖျားတက်ပြီး အမေ့ကို သတိရတယ်ဟု ယောင်ယမ်းသလို တမ်းတမိ၏။ ဒေါ်တင်တင် မျက်နှာညှိုး၍ “ဟယ် ... ငါတို့ရှိတာပဲ ဘာအားငယ်စရာရှိလဲ” ဟု နှစ်သိမ့်ရသည်။

သူ စိတ်ချမ်းသာသွားဟန်ဖြင့် ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ခေါင်းညိတ်ပြသည်။ ပိန္နဲသီး ထုံးတို့ထားသည်နှင့် တူလှသော သူ့မျက်နှာကိုကြည့်၍ ညိုမှာ သနားသည့်ကြားက ရယ်ချင်စိတ်ကို ဇွတ်မျိုသိပ်ထားရသည်မှာ ဗိုက်ကြောပင် အောင့်မတတ်။ နောက်ဆုံးတွင် “ညရေးညတာ ကြည့်ရှုဖို့ ခက်မယ်၊ ငါ့အိမ်မှာပဲ ဒီည နားလိုက်” ဟုပြောရင်း ဆရာတော်အား လျှောက်ရန် ဒေါ်တင်တင် ထသွား၏။


ခုဆို ကျနော် ... တကယ် အိမ်ပြေး (ကမာပုလဲ)

ဒီနေ့ တလစာ အသေးသုံးငွေ ထုတ်ပေးတယ်။ အသေးသုံးငွေရတော့ အပြေးအလွှား ဆံပင် သွားညှပ်လိုက်တယ်။ လိုအပ်တာတွေ ဝယ်လိုက်ရင် ဆံပင်မညှပ်ဖြစ်မှာ စိုးလို့။ ဆံပင်က သိပ်မရှည်သေးပါဘူး။ ဒါပေမယ့် ဆံပင် လက်တဆစ်လောက်ဆိုရင် လူက ညှပ်ချင်လာပြီ။

ဆံပင်ညှပ်တော့ ဆံပင်ညှပ်ဆိုင်က တိုတိုညှပ်မယ်မလားလို့ မေးပါတယ်။ အင်း ပေါ့။ ဆံပင်ညှပ်ရင်း ငယ်က ဆံပင်ညှပ်တဲ့ အကြောင်းကို သတိရလာတယ်။ အိမ်က တလတခါ ဆံပင်ညှပ်ခိုင်းတယ်။ လူက ဟိုရင်ခုန် ... ဒီရင်ခုန် ... အရွယ်ရောက်စဆိုတော့ ဆံပင်ကို တိုတို မညှပ်ချင်ဘူး။ ဘိုကေကို ဒေါက်ရှည်ရှည်နဲ့ ညှပ်လိုက်တယ်။ သွေးတိုးစမ်းတာ။ အိမ်ရောက်တော့ အိမ်ရိပ်တောင် မနင်းရသေးဘူး အမေက ပြန်ညှပ်ခိုင်းတယ်။

ဒီတော့ အတုမြင် အတတ်သင်လို အိမ်က ထွက်ပြေးတယ်။ ဝေးဝေးမဟုတ်ဘူး။ အမ အကြီးဆုံးရဲ့ အိမ်။ သက်တူ ရွယ်တူ ကျောင်းနေဖက် တူမဖြစ်သူကိုလည်း “ငါ အိမ်ကနေ ထွက်ပြေးမယ်” လို့ မက်ဆေ့ပေးလိုက်သေးတယ်။ “နင် ဘယ်အထိပြေးမှာလဲ” လို့ မေးတော့ ... “ဟို ... အင်း ... ဟိုလေ” ဆိုပြီး မအူမလည်ဖြစ်နေခဲ့တယ်။ တူမက သူ့အမေကို တိုင်ပြောတယ်။ အမက “ဟဲ့ကောင်လေး ပြန်တော့” ဆိုပြီး နှင်တယ်။


မြန်မာပြည် (ကာတွန်း အောင်မော်)

Monday, September 3, 2012

လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းရဲ့ နိုင်ငံရေးခရီး လှုပ်ရှားမှု

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ နေပြည်တော်ကို ရောက်နေစဉ် ဗွီအိုအေ မြန်မာသတင်းဌာနမှူး ဦးသန်းလွင်ထွန်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကို တွေ့ဆုံပြီး သူဖြတ်သန်းခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးခရီး၊ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဘဝ နှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးမေးမြန်းထားပါတယ်။


ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးသူ၊ အဲဒီကနေတဆင့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတဲ့ ဒေါ်ဖြူဖြူသင်း ကို သြဂုတ်လအစောပိုင်းက နေပြည်တော်မှာ ဗွီအိုအေ က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ခရီးစဉ်ကို ဒေါ်ဖြူဖြူသင်း က အခုလို ရှင်းပြပါတယ်။