Showing posts with label နာရေး. Show all posts
Showing posts with label နာရေး. Show all posts

Sunday, January 5, 2014

ဇော်မျိုးထွဋ် အတွက် ဆုတောင်း (မင်းကျော်ခိုင်)

မဇ္ဈိမလှိုင်းအဖွဲ့က လိဒ်ဂစ်တာသမား ကိုဇော်ကြီး (ဇော်မျိုးထွဋ်) နှလုံးရောဂါနဲ့ ဒီည ၉း၃ဝ နာရီမှာ ကွယ်လွန်သွားတယ်ကြားရလို့ သူ့မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ 

ကိုဇော်ကြီး ကောင်းရာမွန်ရာဘုံဘဝကို ရောက်ပါစေဗျာ... 

ခင်တဲ့ 
မင်းကျော်ခိုင် 
ဇန်နဝါရီလ ၅ ရက်၊ ၂ဝ၁၄ ခုနှစ်

 

Wednesday, November 14, 2012

Thursday, January 20, 2011

သံလွင် သူရဲကောင်း (ဒေါင်းနီ)

ရုတ်တရက် ဒေါင်းတွန်သံ ဆွံ့အ
ကျန်ရစ်သူ ပုလဲခ ကြွေကျရှာပေါ့။

သြော်-မြေခစရာ အရွေးမှားလေရော့လား။

ရဲဘော်ဟာ ဖြစ်တည်ရာအရပ်
လူထုအာရုံ ရင်ဝယ်ခြုံလွှမ်း
ကြယ်စင်လမ်းမှာ အလံလွှင့်နေရော့သလား။

သင်ဟာ နှုတ်မဆက် လက်မပြ ဘဝတွေရဲ့
ဖြစ်ပျက်နဲ့ မလွဲသာတဲ့နိဂုံး
ဂုဏ်သိက္ခာရှိစွာ သံလွင်ကမ်းပေါ် ဖြန့်ကြဲခဲ့ရော့သလား။ ။


01/19/2011 ရက်နေ့တွင် တိုင်းပြည်အတွက် သူရဲကောင်းပီသစွာ ကျဆုံးသွားသော ရဲဘော် သော်ဇင် (သို့) ရဲဘော်သန်းလွင် အား အမှတ်တရ။

----------------------


ရဲဘော် သန်းလွင် (ခေါ်) သော်ဇင် (အသက် ၄၄ နှစ်) ၏ ကိုယ်ရေးအကျဉ်း

(ကိုယ်ပိုင်အမှတ် ၃၃၅၄)။

ဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)။

(၈ ဒီဇင်ဘာ ၁၉၆၇ - ၁၉ ဇန်နဝါရီ ၂၀၁၁)။

ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်သည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖခင် ဦးရွှေထွန်း၊ မိခင် ဒေါ်တင်မေ တို့မှ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် ဒုတိယမြောက်သား ဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကာလ၌ မော်လမြိုင်တက္ကသိုလ်တွင် ဒုတိယနှစ် (ဘူမိဗေဒအဓိက) တက်ရောက်နေဆဲ ဖြစ်သည်။ အရေးတော်ပုံကာလအတွင်း ကျိုက်ထိုမြို့နယ် သပိတ်ကော်မတီ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ၊ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ (ကျိုက်ထိုမြို့နယ်ကိုယ်စားလှယ်)၊ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (SDF) ၏ စည်းကမ်းထိမ်းသိမ်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

စစ်အာဏာသိမ်းသည့်နေ့တွင်ပင် လက်နက်ကိုင်တော်လှန်ရေးအတွက် ကရင်ပြည်နယ် သေ့ဘောဘိုးသို့ ထွက်ခွာလာခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်များအတွင်း မကဒတ (ကျောင်းသားတပ်မတော်)၊ သေ့ဘောဘိုးစခန်းတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ပြီး ၁၉၈၉-၉၁ ကာလများအတွင်း မကဒတ၊ ကျောင်းသားတပ်မတော်၊ အမှတ် ၂၀၄/၂၀၅ ပူးတွဲစစ်ကြောင်း၌ ဆေးမှူးတာဝန်ဖြင့် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မာနယ်ပလော ခံစစ်တွင် နော်တ စစ်မျက်နှာပြင်တွင် လည်းကောင်း၊ ၁၉၉၂-၉၃ ခုနှစ်များအတွင်း မယ်ညောခီး စစ်မျက်နှာပြင်တွင်လည်းကောင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

၁၉၉၃ မှ ၁၉၉၇ ခုနှစ်များအတွင်း အလယ်ပိုင်းဒေသ အထူးအလုပ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ အလယ်ပိုင်းဒေသတွင် မတင်တင်နွယ်နှင့် အိမ်ထောင်ကျသည်။

၁၉၉၆ ခုနှစ် မကဒတ ပေါင်းစည်းရေးညီလာခံတွင် အမှတ် (၆) နယ်မြေ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ အခြေစိုက် အမှတ် ၈ တပ်ရင်းတွင် ပြန်လည် တာဝန်ထမ်းဆောင်သည်။

၁၉၉၉ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်တွင် ဒုတိယ စစ်ရေးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး ဒုတိယတန်း (စစ်ရေး) အဖြစ် တာဝန်ပေးအပ် ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ဗဟိုစစ်ကော်မရှင်၏ ရုံးအဖွဲ့မှူးတာဝန်ကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။

ယင်းကာလအတွင်း ၁၉၈၈ မှ ၂၀၀၆ ခုနှစ် ကာလများအတွင်း ကျောင်းသားတပ်မတော် ၏ ထိခိုက်ဒဏ်ရာ၊ ကျဆုံး၊ သေဆုံး စာရင်းများ ထုတ်ပြန်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၀၆ ခုနှစ် သြဂုတ်လ တွင် မကဒတ အဋ္ဌမအကြိမ် ညီလာခံဖြစ်မြောက်ရေး ကော်မရှင်၊ ဘဏ္ဍာရေး တာဝန်ခံအဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဋ္ဌမအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဗဟိုဘဏ္ဍာရေးဌာန တာဝန်ခံအပြင် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး တာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် မကဒတ နဝမအကြိမ် ညီလာခံဖြစ်မြောက်ရေး ကော်မရှင်၊ ဘဏ္ဍာရေးတာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

တော်လှန်ရေးတာဝန်များကိုထမ်းဆောင်နေစဉ် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နေ့လည် ၂ နာရီတွင် ဦးနှောက် သွေးကြောပြတ်၍ အသက် ၄၄ နှစ် တွင် ကျဆုံးသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်နွယ် နှင့် ရင်သွေးများဖြစ်သော သမီး ယမုံသော်၊ သား ဝသုန်သော် နှင့် သမီး နဒီသော် တို့ ကျန်ရစ်ခဲ့သည်။

Wednesday, January 19, 2011

ကြယ်တွေကောက်နေသူ (မောင်လွမ်းဏီ)

ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့ 
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။

အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီး ယမုံ။

ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်
ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်းတွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ဝသုန်သော်၊ တနေ့သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။

အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော် ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။

အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော် သော်ဇင်၊ ကိုသန်းလွင် တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။

မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁


ယနေ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ကောင်းရာသုဂတိလားပါစေ။

ရဲဘော်များ နှင့် မိတ်ဆွေများ ခင်ဗျား ...

မကဒတ ဗဟိုကော်မတီဝင်၊ ဗဟိုဘဏ္ဍာရေးတာဝန်ခံ နှင့် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး၊ ကိုယ်ပိုင်အမှတ် ၃၃၅၄ ရဲဘော်သန်းလွင် ခေါ် သော်ဇင် သည် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂း၀၀ နာရီတွင် ကျဆုံးသွားပါကြောင်း ဝမ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည်။


Thursday, September 16, 2010

သခင်အုန်းမြင့် ကွယ်လွန်

အဘ သခင်အုန်းမြင့် ယနေ့နံနက်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ဝမ်းနည်းကြေကွဲမိကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်။ အဘ သခင်အုန်းမြင့် ကောင်းရာသုဂတိလားပါစေ။

ပုံတူကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်

Thursday, May 20, 2010

NLD ခေါင်းဆောင် သခင်စိုးမြင့် ကွယ်လွန်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်း ဥက္ကဋ္ဌအဖြစ်ရော၊ ဗဟိုကော်မတီဝင်တယောက်အနေနဲ့ပါ တာဝန်ယူခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီး သခင်စိုးမြင့်ဟာ ဒီကနေ့ နေ့လည်ကပဲ ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၈၇ နှစ်အရွယ် သခင်စိုးမြင့်ဟာ မနေ့ကအထိ အပြင်ထွက် လှုပ်ရှားသွားလာနေခဲ့တာဖြစ်ပြီး ဒီကနေ့ နေ့လည် ကုလားထိုင်ပေါ်မှာ ထိုင်နေရင်းသေဆုံးနေတာကို နေ့လည်တနာခွဲကမှ တွေ့မြင်သိခဲ့တာလို့ မိသားစုက ပြောပါတယ်။

အသက် ၁၆ နှစ်အရွယ်ကတည်းက မြောင်းမြမြို့ ဒို့ဗမာအစည်းအရုံးမှာ အစောဆုံး သခင်အဖွဲ့ဝင်အဖြစ် နိုင်ငံရေးလောကထဲမှာပါဝင်ခဲ့ပြီး နောက်ပိုင်း မြေအောက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို ဆိုရှယ်လစ်ခေတ်၊ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလကနေ ဒီကနေ့ ကွယ်လွန်ချိန်အထိ ခေတ်အဆက်ဆက်မှာ သူယုံကြည်တဲ့ နိုင်ငံရေးခံယူချက်အတိုင်း လုပ်ဆောင်သွားခဲ့တယ်လို့ သူ့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ သိကျွမ်းခဲ့ဖူးသူတွေက ပြောပါတယ်။

သခင်စိုးမြင့်နဲ့ မိသားစုလိုရင်းနှီးပြီး သူ့ရဲ့နိုင်ငံရေးလုပ်ဆောင်မှုတွေကို လေ့လာနေတဲ့ ရှေ့နေဦးသော်လင်းက သခင်စိုးမြင့်ရဲ့နိုင်ငံရေး ဆောင်ရွက်မှုတွေအကြောင်း အခုလို ပြောပါတယ်။

“လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဆိုရှယ်လစ်ပါတီမှာ ထိပ်ပိုင်း ခေါင်းဆောင်အနေနဲ့ ဝင်ဆောင်ရွက်တယ်။ သခင်စိုးမြင့်ရဲ့ အနစ်နာခံတဲ့အပိုင်း ပြောရမယ်ဆိုလို့ရှိရင် တိုင်းပြုပြည်ပြုလွှတ်တော် လုပ်တဲ့အခါမှာ သခင်စိုးမြင့်က အမတ်အနေနဲ့ အရွေးခံဖို့က ပြင်ပြီးသားခင်ဗျ၊ နောက်ကျတော့ သူက နိုင်ငံရေး ဇောက်ချလုပ်မယ်ဆိုပြီးတော့ အမတ်ကနေ ထွက်ပြီးတော့ ဆိုရှယ်လစ်ပါတီမှာ ပါတီတာဝန်ယူပြီးတော့ အဲလို လုပ်တယ်။ တောက်လျှောက်။

နောက် ဆိုရှယ်လစ်ပါတီ သခင်လွင်တို့၊ ဝိဓူရ သခင်ချစ်မောင်တို့ ခွဲထွက်ပြီးထောင်တဲ့အခါမှာ သူ ဒီဘက် ပါသွားတယ်ပေါ့လေ၊ ဦးကျော်ငြိမ်းတို့၊ ဘာတို့ အာဏာ ရနေတဲ့ဘက်မှာမလုပ်ဘဲနဲ့ သူ ဒီဘက်ကို ထွက်တယ်၊ နောက်ပိုင်းမှာတော့ ကျနော်မှတ်မိသလောက် ၅၄-၅၅ လောက်မှာတော့ နိုင်ငံရေးကို နားလိုက်တယ်ပေါ့နော်၊ ၈၈ အရေးအခင်းကာလမှာ သူပြန်ပြီးတော့ နိုင်ငံရေးဆောင်ရွက်ချက်တွေ လုပ်တယ်။ ပထမတော့ သူ သခင်ချစ်မောင်တို့ ပါတီမှာ ဝင်ဆောင်ရွက်တယ်။ CEC အနေနဲ့။ နောက်ကျတော့ NLD ကို ရောက်ပြီး NLD, CEC အနေနဲ့ တောက်လျှောက်ပေါ့လေ။ ဘဝတလျှောက်လုံးမှာ ကိုယ်ကျိုးရှာခဲ့တယ်ဆိုတာ မရှိဘူး”

NLD, CEC အဖြစ် နိုင်ငံရေးတာဝန်တွေထမ်းဆောင်ခဲ့သူ သခင်စိုးမြင့်ဟာ မနေ့ကအထိလည်း နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးပြောဆိုခဲ့သေးတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မနေ့က သူ ရုံးကိုလာတယ် (ရွှေဂုံတိုင်)။ ဒီနေ့ညနေပိုင်းကျတော့ အခု သတင်းကြားလို့ အဲဒီကို သွားနေတာ။ မနေ့တုန်းက ရုံးကိုလာတော့ ဦးစိုးမြင့်နဲ့ကျနော် တနာရီလောက်ကြာအောင် စကားပြောဖြစ်တယ်။ နိုင်ငံရေးကိစ္စတွေရော၊ ဘာတွေရောပေါ့၊ ဦးစိုးမြင့်နဲ့ပတ်သက်ပြီးတော့ ကျနော်ပြောနိုင်တာက သူဟာ တော်လှန်ရေးထဲက တောက်လျှောက် ပါလာတဲ့ နိုင်ငံရေးသမားတယောက်ပါ။ နိုင်ငံရေး ဝါရင့်ပုဂ္ဂိုလ်တဦးပေါ့နော်။ သူဟာ နောက်ဆုံးကွယ်လွန်တဲ့အချိန်အထိကို NLD အဖွဲ့ဝင်ထုနဲ့ရော၊ NLD ခေါင်းဆောင်ပိုင်းနဲ့ရော တသားတည်းရပ်တည်သွားတဲ့ ပုဂ္ဂိုလ်တဦးလို့ ပြောရင်ရပါတယ်”

ဟုတ်ကဲ့၊ မနေ့ကအထိ သခင်စိုးမြင့်နဲ့ တွေ့ခဲ့ရတယ်ဆိုတော့ အခုလက်ရှိ မြန်မာ့မျက်မှောက်နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ကော သခင်စိုးမြင့်အနေနဲ့ ဘယ်လိုယူဆတယ်ဆိုတာကို သိပါသလား။

“အဓိကပြောရရင် သခင်စိုးမြင့်ရဲ့အယူအဆက နိုင်ငံရေးဆိုတာ တွက်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်တယ်၊ သို့သော် နိုင်ငံရေးသမားဟာ လုပ်နေဖို့တော့ လိုတယ်။ အဲ့တော့ အခုဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့လည်း သူက အပြည့်အဝ ထောက်ခံတဲ့ ပုဂ္ဂိုလ်တဦးပါ။ မနေ့ကပြောဖြစ်တာကတော့ အဲဒီအကြောင်းတွေ ပြောဖြစ်တာပေါ့ဗျာ”

ဦးဉာဏ်ဝင်းပါရှင်။ သခင်စိုးမြင့်ရဲ့ဈာပနကိုတော့ လာမယ့် စနေနေ့မှာ ရေဝေး သုဿန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

(၂၀၁၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့ ဘီဘီစီမြန်မာပိုင်း အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်)


ဦးစိုးမြင့် (ခ) သခင်စိုးမြင့် ၏ ကိုယ်ရေးအကျဉ်း


တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

၁၉၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးရှိန်ဖြစ်သည်။ မြောင်းမြမြို့၌ အင်္ဂလိပ်-မြန်မာ ၆ တန်းအထိ ပညာသင်ကြားခဲ့သည်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နှင့် ဖက်ဆစ် တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်၊ ပြည်သူ့ အရေးတော်ပုံပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ ၌ မြောင်းမြခရိုင် ဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗတလစ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဆိုရှယ်နီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၁၉၅၃ ခုနှစ် ဗီယင်နာ ကမ္ဘာ့လူငယ်ညီလာခံ ကိုယ်စားလှယ်ဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။

အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စသဖြင့် ဘဝများစွာ ကျင်လည်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုလယ်သမားများအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဂန္ဓီခန်းမ ဆုံးဖြတ်ချက်အတိုင်း နဝတ က လွှတ်တော်ခေါ်ယူခွင့်မပေးလျှင် လုပ်ဆောင်သင့်သည့် နည်းလမ်းသုံးသွယ် စာတမ်းကို ရေးသားပြုစုရာတွင် ပါဝင်ခဲ့သဖြင့် ခေတ္တ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ် စက်တင်္ဘာ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၌ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားသော ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရာမှ ၂ဝဝ၃ ခုနှစ်၊ နိုဝင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လွတ်သည်။

ဇနီးမှာ ဒေါ်အေးကြွယ်ဖြစ်ပြီး သားသမီးများမှာ ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်ချိုချိုမြင့်နှင့် ဒေါ်သင်းသင်းမြင့်တို့ ဖြစ်ကြသည်။

Thursday, April 29, 2010

ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း


ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း


* အမည် - ကိုမောင်မောင်ငြိမ်း
* အသက် - (၄၃) နှစ်
* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
* ဇနီးအမည် - မချမ်းလွန် (Internews)
* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
* မွေးရာဇာတိ - ရန်ကုန်
* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန်အများစု တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်း ကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။
× × × × ×

သင်္ဂြိုဟ်မည့်အစီအစဉ်

* အချိန် - နေ့လည် (၁) နာရီ။
* နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
* နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း။

အသုဘရှုတရားနာ (ယနေ့မှ သင်္ဂြိုဟ်မည့်ရက်အထိ)

* ညနေတရားနာချိန် - (ည ၈ နာရီ)
* နံနက်တရားနာချိန် - (နံနက် ၇ နာရီ)