ကျနော်နဲ့ စတင်ဆုံဆည်းစဉ်က သူက ကျောင်းဆရာပေါက်စ။
ကျောင်းဆရာမျိုးရိုးလို့ ပြောရလောက်အောင် အဖေ ကျောင်းဆရာ၊ အမေ ကျောင်းဆရာ၊ ညီမကလည်း ကျောင်းဆရာ။ ကျောင်းဆရာဘဝထဲကနေ ရှားရှားပါးပါး တော်လှန်ရေးသမားအဖြစ် ဖောက်ထွက်လာတဲ့သူ။ သူ့နာမည်ရင်းက အောင်အောင်ကျော်။
ဖိုးအောင်က ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်က လေးမျက်နှာ၊ အိုင်သပြုသား။ မိဘနှစ်ပါးစလုံးက ကျောင်းဆရာ၊ ဆရာမတွေမို့ သူ ကြီးပြင်းကျင်လည်ရာပတ်ဝန်းကျင်နဲ့ သူ့ရဲ့စံပြထားမှုတွေက ပညာရေးလောကပဲ ဖြစ်ခဲ့တယ်။ ဒီတော့ သူ့ဘဝရဲ့ရည်မှန်းချက်နဲ့ လူငယ်တစ်ယောက်ရဲ့အိပ်မက်ကလည်း
ကျောင်းဆရာတစ်ယောက်ပဲဖြစ်ခဲ့တယ်။ ကျောင်းဆရာဝိဉာဉ်က သူ့ရဲ့အသွေးအသားထဲမှာကို ပါလာပြီးသားလို့ သူယုံကြည်ခဲ့တယ်။
ဒါ့ကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ချိန်မှာ အခြားကျောင်းသားတွေလို ဟိုဟာရွေးချယ်ရကောင်းနိုး၊ ဒီဟာရွေးချယ်ရကောင်းနိုး တွေဝေနေစရာမလိုခဲ့ဘူး။ ပညာရေးကောလိပ်တက်ဖို့ကိုပဲ ပြတ်ပြတ်သားသား သူ ရွေးချယ်နိုင်ခဲ့တယ်။
ပညာသင်ကြားရေးနဲ့ သင်ယူရေးမှာ အတော်ကို အထုံဝါသနာကြီးတဲ့လူ။ စိတ်သဘောထား ရိုးသားဖြူစင်ပွင့်လင်းသလောက်၊ စိတ်ခံစားမှု ပြင်းထန်တဲ့သူ။ ဒီမိုကရေးစီရေးအတွက် မိသားစုဘဝနဲ့ အနာဂတ်တစ်ခုလုံး ပေးဆပ်ခဲ့တဲ့သူ။
ကျနော်တို့ မြစ်ကြီးနား အကျဉ်းထောင်ရောက်ပြီး တစ်နှစ်လောက်နေမှ ကိုသက်နိုင်တို့ ထောင်ပြောင်းအုပ်စု ရောက်လာကြတာပါ။ ဦးစိန်လှဦး(NLD)၊ ကိုမျိုးအောင်သန့်(Trade Union)၊ ဦးဉာဏ်သောင်း (မရမ်းကုန်း)၊ ကိုကြည်လင်(တောင်ဒဂုံ)၊ ကိုပြည်စိုး(ကြည့်မြင်တိုင်)တို့နဲ့အတူ ၁၉၉၈ ခုနှစ်၊ မေလလောက်မှာ ပြောင်းလာတာ။ သူတို့ပြောင်းလာတာလည်း ကျနော်တို့လိုပဲ ဆယ့်နှစ်ယောက်လောက်ရှိမယ်။
ကိုသက်နိုင်က ပဲခူးသား။ ၁၉၉၆ ခုနှစ်ကတည်းက သင်္ချာအဓိကနဲ့ ဘွဲ့ရနေပြီ။ ပဲခူးမြို့နယ်ထဲက ရွာလေးတစ်ရွာမှာပဲ မူလတန်းပြဆရာလေးအဖြစ်
အေးအေးချမ်းချမ်းရှိနေချိန်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးက ကိုသက်နိုင်ကို ဆွဲလှုပ်နှိုးခဲ့တယ်။ ပဲခူးမြို့မှာ ဦးဆောင် သပိတ်မှောက်သူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်လာတယ်။ ပဲခူးမြို့မှာ သြဂုတ်လ ၄ ရက်နဲ့ ၆ ရက်နေ့လှုပ်ရှားမှုအတွင်း တက္ကသိုလ်ကျောင်းသားတွေကို ဦးဆောင်ခဲ့တယ်။ ပဲခူးတိုင်းအရှေ့ခြမ်း ကျောင်းသားများသမဂ္ဂ (ယာယီ) ဖွဲ့စည်းနိုင်ဖို့ စည်းရုံး လှုပ်ရှားခဲ့တယ်။ သွေးစွန်းကျောင်းသားများနှင့် မျိုးချစ်ရဲဘော်များအဖွဲ့ကို ဖွဲ့စည်းတယ်။ ပဲခူးမြို့လယ်မှာ ဒီမိုကရေစီကျောက်တိုင်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့တယ်။(ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အဖြိုဖျက်ခံလိုက်ရတယ်)။ ကိုသက်နိုင်လည်း သူ့ရဲ့မူလ ကျောင်းဆရာလေးဘဝကို ပြန်ရောက်သွားခဲ့ရတယ်။
သူ့အရပ်က ငါးပေကျော်ရုံလေး။ အသားလတ်လတ်၊ မျက်နှာဝိုင်းဝိုင်း။ ခန္တာကိုယ်က ပြည့်ပြည့်ဖြိုးဖြိုးဆိုတော့ သူ့ပုံစံက ပုလုံးလုံးလေးပဲ ဆိုပါတော့။ သူက ဗီဒီယိုဇာတ်ကားတစ်ချို့မှာလည်း ‘မုန်းခက်’ ဆိုတဲ့အမည်နဲ့ ဇာတ်ရံလုပ်ဖူးသတဲ့။ သူဟာ သရုပ်ဆောင် မုန်းခက်ဆိုတာကို သိတဲ့သူတွေကသိကြပေမယ့် ကျွန်တော်သိတာကတော့ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ မင်းသားတစ်လက်ပါပဲ။
‘သဘောကောင်းတဲ့သူ’ ဆိုတဲ့ဝေါဟာရကို စိတ်ထဲမှာရေရွတ်ကြည့်မိရုံနဲ့တင်၊ ကျွန်တော်အာရုံမှာ ပထမဆုံးပေါ်လာမယ့်သူက ကိုမျိုးခင်ပါ။ ကျွန်တော်နဲ့က ငယ်ပေါင်းကြီးဖော်တွေတော့ မဟုတ်ပါဘူး။ ကျွန်တော့်ထက်လည်း အသက် ငါးနှစ်ကျော်လောက် ကြီးပါတယ်။ ၂၀၀၅ ခုနှစ်၊ ကျွန်တော် မြစ်ကြီးနားထောင်ကနေပြန်လွတ်လာပြီး ၈၈ မျိုးဆက် ကျောင်းသားတစ်ယောက်အနေနဲ့ ရပ်တည်လှုပ်ရှားခဲ့တဲ့ကာလမှာမှ သူနဲ့ စတင်သိကျွမ်းရတာပါ။ သူက NLD ရဲ့ ဝါရင့်ပါတီဝင်။ ဝါရင့်ပါတီဝင်လို့ပြောရတာက ပါတီကို ကြားမှတ်တိုင်ကနေ ဖြတ်တက်လာတဲ့သူ မဟုတ်ဘူး။ တက်လိုက် ဆင်းလိုက်လုပ်ခဲ့သူလည်း မဟုတ်ဘူး။ NLD ပါတီမှာ ဟိုးကနဦး အစကတည်းက ကောင်းတူဆိုးဖက် ရှိနေခဲ့သူ။ နိုင်ငံရေးတိုက်ပွဲတိုင်းမှာ မရွံ့မဆုတ်ရဲဝံ့ခဲ့သူ။
ကျနော့်မိခင်အကြောင်းကို ရေးချင်လျက်နဲ့ ကျနော် မရေးရက်ခဲ့ပါဘူး။ ကျနော့်အပေါ်ထားရှိတဲ့ မာမီ့ရဲ့မေတ္တာနဲ့ ကျေးဇူးတရားတွေကို ပြည့်စုံအောင် ဖော်ပြနိုင်စွမ်းမရှိမှာ သေချာနေလို့ပါ။ ဒါပေမယ့် အခုလို "ကျနော်နှင့် …" ဆိုတဲ့
ခေါင်းစဉ် အောက်မှာ ကျနော့်မာမီအကြောင်းမပါရင်လည်း ဘယ်လိုမှ မပြည့်စုံနိုင်တာကြောင့် ဒွိဟဖြစ်နေတဲ့ကြားထဲကပဲ ရေးဖြစ်ခဲ့ရပါတယ်။
မာမီက မော်လမြိုင်ဇာတိပါ။ မာမီ့ရဲ့အဖွားက မွန်အစစ်။ မာမီ့ရဲ့အဖိုးက ပြည်ကြီးပေါက်ဖော်အစစ်။ မာမီ့ရဲ့အဖေကတော့ သြစတေးလျလူမျိုး။ ငယ်စဉ်ကတည်းက St.John ကွန်ဗင့် (ယခု လသာ အထက-၂) ကျောင်းမှာ နေခဲ့တယ်။
ကျောင်းရဲ့ ပြေးခုန်ပစ်နဲ့ ဟော်ကီ ချန်ပီယံ။ မာမီဆယ်တန်းအရောက် ပြည်သူပိုင်သိမ်းတာတွေနဲ့ကြုံတော့ သူ့ကျောင်းအတွက် စာရင်းဇယားတွေကို လုပ်အားပေးကူညီခဲ့ရပါတယ်။ အဲဒီ့မှတင် လုံခြုံရေးတာဝန်ကျတဲ့ တပ်မတော်သား ကျနော့်အဖေနဲ့ အကြောင်းပါခဲ့ရတာပါပဲ။ မာမီက ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်နေတော့ ကျနော်တို့ညီအစ်ကို
၃ ယောက်စလုံးလည်း မွေးခါစကတည်းက ခရစ်ယာန်ဘာသာဝင် ဖြစ်ခဲ့ပါတယ်။
ကျနော့်ရဲ့ စာဖတ်ဝါသနာနဲ့ အမှန်တရားဘက်က ရပ်တည်ချင်တဲ့ဓလေ့ကို မိဘတွေဆီက အမွေရခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ မာမီ့ဆီကပါ။
ကျနော်တို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကြားထဲမှာ … "နုနုနယ်နယ် အမျိုးသမီးတစ်ယောက်။ မြန်မာဆန်တယ်။ ယဉ်ကျေးဖော်ရွေတယ်။ စိတ်ထားနူးညံ့သိမ်မွေ့တယ်။ ဒါပေမယ့် နိုင်ငံရေးခံယူချက်ကတော့ ခိုင်မာပြတ်သားပြင်းထန်တယ် …" လို့ ဆိုလိုက်ရင် သူ့ကိုပဲ တန်းမြင်မိကြမှာ သေချာပါတယ်။
သူလည်းလေ ၈၈ မျိုးဆက်အစစ်လို့ဆိုရမယ့် မခင်ထားရီပါ။
၂ဝဝ၅ ခုနှစ်၊ ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး စတင်လှုပ်ရှားခဲ့ချိန်မှာ မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ရဲ့နှုတ်ဖျားမှာ တဖွဖွပြောဖူးတဲ့ အမည်နာမမို့ မခင်ထားရီဆိုတဲ့နာမည်ကို ကျနော် စတင်သတိထားခဲ့မိတယ်။
"မနက်က မခင်ထားရီနဲ့ တွေ့ခဲ့တယ်" "ဒီနေ့ မခင်ထားရီလည်း လိုက်မှာတဲ့နော်" "မခင်ထားရီက လာဖြစ်အောင်လာခဲ့ဖို့ မှာလိုက်တယ်" "ဒီနေ့တောင် မခင်ထားရီတို့အိမ်ကို ရောက်ခဲ့သေးတယ်"
အဲဒီ့အချိန်ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျနော်တို့အင်အားစုတွေကြားထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေမို့ မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို
ခေါ်ချင်ပြောချင်၊ ရင်းနှီးခင်မင်ကြောင်း ပြသချင်တဲ့သူတွေက များတယ်လေ။ အဲဒီ့အထဲမှာမှ မခင်ထားရီဆိုတဲ့နာမည်ကို သူတို့ဆီကနေ မကြာခဏ ကြားနေရတော့ ကျနော် နည်းနည်းတော့ နားကြားပြင်းကပ်မိခဲ့တယ်။ မခင်ထားရီတဲ့ … တောနာမည်နဲ့ ဒီအမျိုးသမီးက ဘာလဲ။ သူတို့က ဒီလောက်တောင် ဘာလို့ တဖွဖွနဲ့ပြောနေကြရတာလဲ။ သူတို့နဲ့က ဘယ်လောက်တောင် ရင်းနှီးခဲ့ကြလို့လဲ။
အလွန် သဘောကောင်းတဲ့လူ။ အားနာစရာကောင်းလောက်အောင်ကို ကူညီတတ်တဲ့လူ။ သူ့ကျတော့ အမြင်ကပ်လောက်အောင်ကို အားနာတတ်တဲ့လူ။ တက္ကသိုလ်ဘွဲ့ရ၊ ပညာတတ်။ ဓာတ်ပုံပညာရှင်။ ဒါပေမယ့် မာန်မာနမထား။ ဟိတ်ဟန် မရှိ။ သူ့ကြည့်လိုက်တိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ အလွန်ဖော်ရွေတဲ့လူ။ အလွန် အလုပ်လုပ်နိုင်တဲ့လူ။ တစ်ချိန်က ရုပ်ရှင်လောကမှာ “ဓာတ်ပုံဆန်နီ” ရယ်လို့ အထင်ကရ ရပ်တည်ခဲ့သူ။ ကျနော်တို့က ချစ်စနိုးခေါ်တော့ ကိုကြီးဆန်။
ကိုဆန်နီရဲ့နာမည်အရင်းက ကိုခင်မောင်ဝင်းပါ။ ဟိုးအရင်ကတည်းက NLD ရဲ့ ကင်မရာသမားတစ်ယောက်။ ၁၉၉၅ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာတော့လည်း၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ နေ့စဉ်ရိုက်ကူးပေးခဲ့သူ။ အဲဒီ့ကာလတွေမှာ ကိုကြီးဆန်နီကို မြင်တွေ့ မျက်မှန်းတန်းမိနေပေမယ့် ခင်မင်ရင်းနှီးခွင့်တော့ မကြုံခဲ့ပါဘူး။
၂၀၀၆ အောက်တိုဘာ ပထမပတ်အတွင်းက တစ်ညနေမှာ မမချို ဖုန်းဆက်တယ်။ “မောင်လေးတို့ကို ငွေလှူချင်လို့တဲ့၊ အင်္ဂလန်မှာ ကျောင်းတက်နေကြတဲ့ကလေးတွေပဲ။ အဲဒါ
မောင်လေး လက်ခံနိုင်မလား” တဲ့။ တကယ်ဆိုရင် ကျွန်တော်တို့အတွက် ပိုက်ဆံအရေးတကြီး လိုအပ်မနေပါဘူး။ လုံလောက်နေပါတယ်။ ပြီးတော့ 88 အနေနဲ့လည်း လက်မခံချင်ဘူး။ ဒါပေမယ့်
ကိုယ့်ပြည်တွင်းက လှူတာလည်းဖြစ်၊ ကျောင်းသားလူငယ်လေးတွေလည်းဖြစ်နေတာနဲ့ “88 အနေနဲ့တော့ လက်ခံနိုင်မှာမဟုတ်ဘူး မမချိုရဲ့။ ပုဂ္ဂိုလ်ရေးအရဆိုရင်တော့ လက်ခံမယ်လေ။ ဥပမာ
ကိုကိုကြီးနဲ့ သူငယ်ချင်းတွေအတွက်၊ မာကီနဲ့ သူငယ်ချင်းတွေအတွက်ဆိုတာမျိုးပေါ့” လို့ ကျွန်တော်ကပြောတော့ “ရတယ်မောင်လေး ရတယ်”ဆိုပြီး မမချိုက သဘောတူပါတယ်။
နောက်တစ်နေ့မနက်ကို ချိန်းတယ်။
အဲဒါနဲ့ပဲ နောက်တစ်နေ့မနက်မှာ လှည်းတန်းက မမချိုတို့ဆိုင်ကို သွားတယ်။ စားသောက်ဆိုင်အပေါ်ထပ်ကိုတက်သွားတော့ အသားဖြူဖြူနဲ့ တရုတ်ကပြားလို့ထင်ရတဲ့ အသက်
၂၀ ကျော်အရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ရတယ်။ မမချိုက
မိတ်ဆက်ပေးပါတယ်။ ကျောင်းသားလူငယ်သဘာဝ ရွှင်မြူးတက်ကြွတဲ့၊ နုပျိုလန်းဆန်းတဲ့ အမူအယာလေးတွေအပြင် နိုင်ငံတကာကျောင်းသားလေးတွေမို့ ပွင့်လင်းမှုနဲ့ ဖော်ရွေလှိုက်လှဲမှုကိုလည်း တွေ့ရတယ်။ သူတို့က NLD ရုံးချုပ်အထိသွားပြီး မမချိုတို့ရဲ့ လူမှုအထောက်အကူပြုအဖွဲ့ဆီမှာလည်း ငွေလှူခဲ့သေးတယ်လို့ သိရတယ်။
၂၀၀၅ ခုနှစ် ဇူလိုင်လ၊ ကျွန်တော် ထောင်ကပြန်လွတ်လာပြီး တစ်ပတ်လောက်အကြာမှာ အန်ကယ်ဦးစိန်လှဦးနဲ့အတူ NLD ရုံးချုပ်ကို ရောက်ဖြစ်ပါတယ်။ အန်ကယ်ဦးစိန်လှဦးရဲ့မိတ်ဆက်ပေးမှုကြောင့်ပဲ လူမှုအထောက်အကူပြုအဖွဲ့က
မမချိုနဲ့ မဆွေတို့ကို စတင်သိကျွမ်းရင်းနှီးခွင့်ရခဲ့ပါတယ်။
မမချိုက အသက် ၄၀ နှစ်လောက်၊ အသားလတ်လတ် အရပ်ပျပ်ပျပ်၊ မျက်နှာက ရှေးမြန်မာအမျိုးသမီးကြီးတွေရဲ့ မျက်နှာမျိုး။
အိနြေ္ဒကြီးကြီးနဲ့ ကျက်သရေရှိတဲ့ မျက်နှာမျိုးပေါ့။ ရှုတည်တည်နဲ့နေရင်
အတော်မာနကြီးတဲ့သူလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် စကားပြောတဲ့အခါမှာတော့ နာမည်နဲ့လိုက်ဖက်အောင်ကိုပဲ လှိုက်လှိုက်လှဲလှဲ ရယ်မောပြုံးချိုစွာ
ပြောဆိုတတ်ပါတယ်။
မဆွေကတော့ အသက် ၃၅ နှစ်လောက်ရှိပြီ။ အသားနည်းနည်းညိုတယ်။ ပိန်ပိန်သွယ်သွယ်။ မျက်နှာက အမြဲတမ်းချိုပြုံးပြီး
ကြည်လင်နေတတ်တဲ့ မျက်နှာမျိုး။ အိနြေ္ဒရရနဲ့ ခေတ်ဆန်တဲ့အဝတ်အစားမျိုး ဝတ်လေ့ရှိတယ်။
မဆွေက ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားရရှာတဲ့ NLD ဗဟိုဦးစီးအဖွဲ့ဝင် ဦးမောင်ကိုရဲ့သမီးပါ။
သူတို့နှစ်ယောက်စလုံးရဲ့ထူးခြားမှုက အလွန်ဖော်ရွေပွင့်လင်းကြတာပါပဲ။ သူတို့ရဲ့ ရိုးရှင်းတဲ့မျက်နှာနဲ့ ပွင့်လင်းဖော်ရွေတဲ့စကားပြောဟန်တွေက
တစ်ဖက်သားကို ယုံကြည်ရင်းနှီးမှုရလွယ်စေတယ်။
မိသားစုရဲ့စီးပွားရေးနောက်ခံတွေလည်း တောင့်တင်းကြတယ်။ မိသားစုရဲ့ထောက်ခံအားပေးမှုကိုလည်း အပြည့်အဝရရှိကြတယ်။
သိပ်အချမ်းသာကြီးမဟုတ်ရင်တောင် မိသားစုအရေး မပူပင်ရသူတွေ၊ သူတစ်ပါးကို ကူညီဖြည့်ဆီးပေးနိုင်ကြသူတွေပေါ့။ နှစ်ယောက်စလုံးက အပျိုကြီးတွေဖြစ်နေလို့လည်း အချိန်ပေးပြီး အလုပ်ပိုလုပ်နိုင်ကြတယ်။
အပင်ပန်းလည်း ခံနိုင်ကြတယ်။ သတ္တိလည်းရှိကြတယ်။
ဒါကြောင့်လည်း NLD လူမှုအထောက်အကူပြု တာဝန်နဲ့သူတို့နှစ်ယောက် အလွန်လိုက်ဖက်ပါတယ်။
ကိုဝင်းမော်ကို စတင်မြင်ဖူးတာကတော့ ၁၉၉၃/၉၄ ခုနှစ်လောက်က TV ဖန်သားပြင်ပေါ်မှာ "ရွှေသံစဉ်တီးဝိုင်း" ရဲ့ခေါင်းဆောင်၊ Lead ဂစ်တာသမားအနေနဲ့ပါ။ မြန်မာ့ရုပ်သံမှာ ဖျော်ဖြေရတာမို့လားမသိ။ သူ့ဆံပင်က တိုတို၊ အရပ်က ထောင်ထောင်မောင်းမောင်း၊ ကိုယ်ဟန်က သွယ်လျကျစ်လျစ်။ ကျနော့်မျက်စေ့ထဲမှာတော့ သူဟာ ဂစ်တာသမား၊ အနုပညာသမားထက် အားကစားသမားတစ်ယောက်နဲ့ ပိုတူနေပါတယ်။ ပြီးတော့ အမှန်တိုင်းဆိုရရင် လူငယ်သဘာဝ၊ ကျနော်တို့ အထင်ကြီးအားကျရမယ့် ဂစ်တာသမားတစ်ယောက်ရဲ့ပုံစံမျိုးလည်း သူ့မှာ မရှိပါဘူး။ တောဂိုက်ကြီးပါဗျာ။
တကယ်တန်းသူ့ကို စတင်သတိထားမိတာက နိုင်ငံရေးသီချင်းခွေတစ်ခုကို သူတို့တတွေ လျှို့ဝှက်စီစဉ်နေကြစဉ်အချိန်။ ၁၉၉၆ ခုနှစ်လောက်မှာပါ။ စီစဉ်သူက NLD က အန်ကယ်ဦးလှမင်း။ သီဆိုသူတွေက (ဒေါ်)နွဲ့ယဉ်ဝင်းရဲ့သားနဲ့သမီးတွေ ဖြစ်ကြတဲ့ အဆိုတော်မျိုးမျိုးနဲ့ သံသာဝင်း။ ရည်ရွယ်တာကတော့ ဒီသီချင်းခွေဟာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတယ် ဆိုတဲ့ပုံစံမျိုးပေါ့။ တိုးတိုးတိတ်တိတ်ကြားရတဲ့ အဲဒီ့သတင်းမှန်၊ မမှန် မသိရသေးပေမယ့် ကျနော်တို့မှာတော့ ကျိတ်ပြီး အားရကျေနပ်လိုက်ကြရတာ။ လေးစားလိုက်ရတာ။ ဒီလိုအချိန်မှာ၊ ဒီလိုသတ္တိရှိရှိနဲ့ ကူညီရပ်တည်ရဲတဲ့သူတွေ ရှိသေးတယ်ပေါ့။ အဲဒီ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်မြောက်ခါစ။ ကာလတာရှည် ကိုယ်တစ်ပိုင်းသေနေတဲ့နိုင်ငံရေး ပြန်လည်လူးလွန့်လာစ ဆိုပါတော့။
သူ့မျက်နှာက အမြဲတမ်းလိုလို ပြုံးချိုချို။ နေထိုင်ဝတ်စားပုံကလည်း ဘယ်တော့မဆို သေသေသပ်သပ်၊ စမတ်ကျကျ။ ဒါပေမယ့် လူပုံစံက ခပ်ချောချော ဖြူနွဲ့နွဲ့မို့ဆိုပြီး ခပ်ပျော့ပျော့လို့ထင်ရင်တော့ မှားမယ်။ နိုင်ငံရေးသဘောထားခံယူချက် ခိုင်မာပြင်းထန်တယ်။ စိတ်ဓာတ်က သံမဏိစိတ်ဓာတ်။ အဲဒါ ကျောင်းသားခေါင်းဆောင် မျိုးမင်းဇော်။
၁၉၉၅ ခုနှစ်။ ကျနော်က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိက ပထမနှစ်ကျောင်းသားကြီးတစ်ယောက်။ အဲဒီ့ကာလက အီးမေဂျာကို ရောက်လာကြတာဟာ စာဂျပိုးတွေ၊ စာတော်တဲ့သူတွေ များပါတယ်။ မျိုးမင်းဇော်ကလည်း ကျနော်နဲ့ တစ်တန်းထဲ (E-2)က အခန်းဖော်ပေါ့။ ဒါပေမယ့် မျိုးမင်းဇော်က ကျနော့်ထက် အသက် ၁ဝ နှစ်ငယ်ပါတယ်။ အဲဒီ့ကာလက (ဒေါ်အောင်ဆန်းစုကြည် ပြန်လည်မလွတ်မြောက်မီအချိန်အထိ)
နိုင်ငံရေးလှုပ်ရှားမှုတွေ လုံးဝနီးပါး ပျောက်ကွယ်နေတယ်။ နဝတ စစ်အစိုးရအတွက် အားအကောင်းဆုံးအချိန်ဖြစ်နေတယ်။
အခုမှ စတွေ့ဖူးတဲ့လူတစ်ယောက်ကို မြင်မြင်ချင်း ခင်မင်စရာကောင်းတဲ့လူလို့ သတ်မှတ်ရတာက လွယ်လိမ့်ဦးမယ်။ ယုံကြည်စိတ်ချလို့ရတဲ့သူလို့ သတ်မှတ်ဖို့ကျတော့ အတော်ခက်ခဲလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် ကိုသိမ်းဆွေဆိုတာက အဲဒီ့သတ်မှတ်ချက် နှစ်ခုစလုံးနဲ့ညီတဲ့သူ။
ရုတ်တရက် မြင်လိုက်ရရင်တော့ လူချော၊ လူဖြောင့်တစ်ဦးပေါ့။ ဒါပေမယ့် ကိုသိမ်းဆွေက အဲဒီ့ထက် အများကြီးပိုပါတယ်။
၁၉၉၅ ခုနှစ် ကျနော် ရန်ကုန်တက္ကသိုလ်တက်နေစဉ်ကာလမှာ ကိုသိမ်းဆွေနဲ့ ဆုံစည်းရဖို့ ကြုံပါသေးတယ်။ ဒဂုံဆောင်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးဖို့ စီစဉ်တာပါ။ ဒါပေမယ့် ကျနော်တို့ လွဲခဲ့ကြတယ်။ အမှန်တကယ် ဆုံစည်းခွင့်ရတာကတော့ ၂၀၀၅ ခုနှစ်မှပါ။ အဲဒီ့အချိန်မှာ ကိုသိမ်းဆွေက NLD ပါတီမှာ အရေးပါတဲ့လူတစ်ယောက် ဖြစ်နေပါပြီ။ တွေ့ဆုံခင်မင်ရတာကလည်း ကိုကိုကြီးကတစ်ဆင့်ပါပဲ။ ကိုသိမ်းဆွေနဲ့ ကိုကိုကြီးတို့က ၁၉၈၈ခုနှစ် ကတည်းက သိကျွမ်းခဲ့ကြတာ။ အမှန်တကယ်ဆိုရရင် ကိုသိမ်းဆွေက တကယ့် ၈၈ မျိုးဆက်ကျောင်းသား အစစ်ပါ။ (အတုတွေရှိတယ်လို့တော့ ဆိုလိုချင်တာ မဟုတ်ပါ)။
၁၉၉၀ ရွေးကောက်ပွဲအလွန်၊ ၁၉၉၂/၉၃/ ၉၄ စတဲ့ကာလတွေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက်တော့ အမှောင်ဖုံးတဲ့ကာလတွေပါပဲ။ တစ်နည်းအားဖြင့် နဝတ စစ်အစိုးရ အားအကောင်းဆုံးအချိန်လို့ဆိုနိုင်ပါလိမ့်မယ်။ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လမှာတော့ နေအိမ်အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခြင်းဟာ ဒီမိုကရေစီရေးအတွက်တော့ အမှောင်ထဲက လရိပ်လေးပါပဲ။
အဲ့ဒီကာလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲမှာ ယာယီမဏ္ဍာပ်ကြီးထိုးပြီး နိုင်ငံရေး၊ လူမှုရေး အခမ်းအနားတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ အကျပ်အတည်းကာလထဲမှာ ရနိုင်သလောက် ထိုးဖောက်ကြရတာပါ။ အဲ့ဒီအချိန် ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကနဲ့ ပထမနှစ်ကျောင်းသားကြီးတစ်ယောက်။ ကျောင်းသားလူငယ်အစုအဖွဲ့လေးတစ်ခု (DAYS) ကိုဦးဆောင်ပြီး လှုပ်ရှားနေသူ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲ ကျင်းပခဲ့သမျှ အခမ်းအနားတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့တယ်။ ဒီလိုကာလမျိုးမှာ မဖြစ်မနေ ဝန်းရံ ရပ်တည်ပေးဖို့လိုတယ်ဆိုတဲ့အသိနဲ့ တက်ရောက်ခဲ့တာပါ။ ၄၊ ၁၊ ၁၉၉၆ နေ့မှာကျင်းပတဲ့ ၄၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားဟာလည်း တစ်ခုအပါအဝင်ပါ။
လူချစ်လူခင် များသလောက်ကို လူမုန်းလည်း များတဲ့သူ။ ဒါပေမယ့် ချစ်သူရော၊ မုန်းသူရောက လေးစားကြတဲ့သူ …။
ဆရာဝန်ဆိုပေမယ့် သူ့ပုံစံက ကျနော်နဲ့ခပ်ဆင်ဆင်။ “အသားမည်းမည်း၊ ဂင်တိုတို၊ ပုကွကွ” ဆိုတာ ကျနော်တို့နှစ်ယောက်ကို အနီးစပ်ဆုံးပုံဖော်တဲ့ ဝေါဟာရဖြစ်မယ်။ မျက်နှာမှာ မှဲ့ခြောက်ပေါင်းများစွာပါတာက ကျနော့်ထက်သာသေး။ ဒါပေမဲ့ ဆရာဇော်က ကျနော့်ထက်ပိုပြီး ကြံ့ခိုင်တောင့်တင်းပါတယ်။ အကျဉ်းထောင်ထဲမှာ ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးအလိုက်စားဆုံးပုဂ္ဂိုလ်ဟာ ဆရာဇော်ပါပဲ။ ကျနော် သူ့ကို လူကိုယ်တိုင် မမြင်ဖူးခင်ကတည်းက နာမည်ကိုကြားဖူးနေတာပါ။ မန္တလေး အမရပူရသား။ ဒေါက်တာ မျိုးရိုး။ အဖေ ဒေါက်တာ၊ ဇနီး ဒေါက်တာ၊ ညီအစ်ကိုမောင်နှမတွေ ဒေါက်တာ၊ ယောက်ဖ ဒေါက်တာ။ (နောက်ပိုင်းမှာဆို သားသမီး သုံးယောက်စလုံးပါ ဒေါက်တာ)။
ဒေါက်တာဇော်မြင့်မောင် ဆရာဝန်ဘွဲ့ရတော့ မန္တလေးဆေးတက္ကသိုလ်မှာပဲ ဆရာပြန်လုပ်တယ်။ ရှစ်လေးလုံး အရေးတော်ပုံကျတော့ တက်တက်ကြွကြွ ပါဝင်လာတယ်။ NLD ပါတီ ဝင်တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ကနေ အမတ်အဖြစ် အရွေးခံရတယ်။ ၁၉၉၀၊ ဂန္ဓီညီလာခံနောက်ပိုင်း နဝတ စစ်အစိုးရက လွှတ်တော် ခေါ်ပေးဖို့ပျက်ကွက်တာကနေစပြီး နိုင်ငံရေးတင်းမာမှုတွေ ဆက်တိုက်မြင့်မားလာတယ်။ နိုင်ငံရေးအင်အားစုတွေ (ဒီမိုကရက်တစ်တွေ)ကို တစ်စတစ်စ ဖြိုခွင်းလာတယ်။
ဒီလိုနဲ့ပဲ ဒေါက်တာဇော်မြင့်မောင် အပါအဝင် အမတ်တချို့ကို စင်ပြိုင်အစိုးရ ထောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချတယ်။ အမတ်တချို့ကို ရရာပုဒ်မတွေနဲ့ အရေးယူတယ်။ ဒေါက်တာစိန်ဝင်း အပါအဝင် အမတ်တချို့က နယ်စပ်(ပြည်ပ)ကို တိမ်းရှောင်သွားကြတယ်။ တချို့က သွေဖည်သွားကြတယ်။ တချို့လည်း ဖောက်ပြန်သွားကြတယ်။
ကျနော်သိကျွမ်းခဲ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ လူနုသလောက် စိတ်ဓာတ် ခက်ထန်မာကြောတဲ့သူ။ စကားအပြောအဆို ရိုးရှင်းပွင့်လင်းသလောက်၊ ဆွေးနွေးညှိနှိုင်းရ ခက်ခဲသူ … ဒါပေမယ့် သူ့ရဲ့ ဖြူစင်ဖြောင့်မတ်မှုကို ဘယ်အခါမဆို မှတ်ကျောက်တင်ခံဝံ့သူ …။
၂၀၀၅ ခုနှစ်၊ အောက်တိုဘာလထဲ။ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့စုရပ်ဖြစ်တဲ့ တောင်ဥက္ကလာက ကိုကိုကြီးရဲ့အခန်းကို ကျနော်ရောက်သွားတော့ မင်းကိုနိုင်နဲ့ကိုကိုကြီးတို့ စာတိုလေးတစ်စောင်ကို စိတ်ဝင်တစား ဖတ်နေကြတယ်။ “ဘာစာလဲဗျ” ဆိုတော့ “ကော့မှူးက ကောင်မလေးတစ်ယောက်ရဲ့ စာပါ။ သူ့ကို တရားရုံးက အမိန့်ချတော့မှာကို ကျနော်တို့တတွေ လာရပ်တည်ပေးဖို့ လှမ်းရေးတာ” လို့ မင်းကိုနိုင်က ဆိုတယ်။ ကိုကိုကြီးကတော့ “သန်ဘက်ခါပဲဗျ။ ကျနော်တို့သွားကြမယ်။ ခင်ဗျားလည်း ပြင်ထားဦး” တဲ့။ ကျနော်က “ဖြစ်ပါ့မလားဗျ။ ကျနော်တို့သွားမှ ပိုဆိုးနေဦးမယ်” ဆိုတော့၊ မင်းကိုနိုင်က “ကျနော် အကြောင်းပြန်လိုက်ပြီးသားပါ။ အစ်ကိုတို့ရောက်လာမှ ညီမလေးအတွက် ပိုဆိုးရင်လည်း ဆိုးသွားနိုင်တယ် ဆိုတာကို။ ဒါပေမယ့် သူက ခံနိုင်ရည်ရှိပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူ ရင်ဆိုင်ပါ့မယ်တဲ့။ ဒီတော့လည်း သွားကြတာပေါ့ဗျာ”