လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ယောက် စာသင်ခန်းရှေ့မှာ ဘွားခနဲ ပေါ်လာပြီး ဆရာမ ဧည့်သည် ရောက်နေတယ်
ဟု ပြောလာတော့ သင်ခန်းစာထဲ စိတ်ဝင်စားနေချိန်မို့ ဘယ်သူမှန်း မသိသေးသော ဧည့်သည်ဆိုသူအပေါ် ငြိုငြင်စိတ်ပင်ဝင်သွားမိသည်။ ကလေးတွေကို မြန်မာစာ သဒ္ဒါ လေ့ကျင့်ခန်းတချို့ လုပ်ခိုင်းထားပြီး ဧည့်သည် ဆရာ ဆရာမများ နားနေခန်းဆီ ထွက်ခဲ့သည်။
ဧည့်သည်ဆိုသူက မြင့်မြင့်စန်း အမေ ထင်ပါရဲ့။ တမြန်နေ့က ချောင်းထဲမှာ ရေချိုးနေရင်း မြင့်မြင့်စန်းအမေ လှေလှော်လာတာတွေ့တော့ အတန်းထဲမှာ ခဏခဏ မူးလဲသော မြင့်မြင့်စန်း၏ ကျန်းမာရေးကိစ္စ ဆွေးနွေးရအောင် ကျွန်မနဲ့ လာတွေ့ပါဦးဟု ပြောမိသည်။ တကယ်တော့ မြင့်မြင့်စန်း အမေက နေ့လယ် ကျောင်းဆင်းချိန်လိုမျိုး လာရမှာ။ အဲဒါဆို စာသင် မပျက်တော့ဘူးပေါ့။
ဆရာ ဆရာမများ နားနေခန်း ဝင်ပေါက်မရောက်ခင်လေးမှာ လှမ်းမြင်လိုက်ရသော မြင်ကွင်းတစွန်းတစလေးက ဖြူဖြူ့ခြေလှမ်းတွေကို တုန့်ခနဲ ရပ်သွားစေသည်။
နားထဲမှာပါ ဆူညံလာအောင် ရင်ခုန်သံတွေကို မြန်လာစေသည်။ ပါးစပ်ကို လက်ဝါးနှင့်အုပ်ရင်း ခြေစုံရပ်နေမိပေမယ့် ဒူးတွေ တဆတ်ဆတ်တုန်နေသည်။ နားနေခန်း ပြတင်းပေါက်ဘေးမှာရပ်၍ ရေတွေ ဖွေးဖွေးလှုပ်နေသော ကျောင်းရှေ့ မြင်ကွင်းကိုငေးကြည့်နေ သူ၏ နောက်ကျောကိုသာ လှမ်းမြင်လိုက်ရပေမယ့် အဲဒီ လူက ဖိုးသိုက် ဆိုတာ သူမ သိလိုက်သည်။ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ ဖြူစိတ် စွဲလို့များလား။ ကမ္ဘာတစ်ခြမ်းစာ ဝေးခဲ့ပြီးသားသူက ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာဖို့ဆိုတာ ရုပ်ရှင်ဆန်လိုက်တာ။
ဆူညံနေဆဲ ရင်ခုန်သံများနှင့် နားနေခန်းထဲဝင်သွားတော့ ဖြူ၏ ရှပ်ခနဲ ခြေသံကြားရုံနှင့် သူက ဖျတ်ခနဲ လှည့်ကြည့်သည်။ ဖိုးသိုက်က အတော်တည်ငြိမ်ဟန်ဆောင်နိုင်ပေမယ့် စိတ်လှုပ်ရှားနေသော သူ့မျက်လုံးများ၏အရိပ်ကို ဖုံးဖိထားဖို့တော့ မေ့သွားတယ်ထင်ပါရဲ့။ သူ့ မျက်လုံးတွေက ဟိုတုန်းကအတိုင်း ရီဝေနေဆဲပေမယ့် အဲဒီ ရီဝေဝေ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှုအရောင်တချို့နဲ့ တောက်ပနေတာ။
“ဖိုးသိုက် နင် ဘယ်လိုရောက်လာတာလဲ”
အလယ်တန်းပြ မြန်မာစာဆရာမ ဖြူဖြူ၏ မေးခွန်းက သဒ္ဒါတွေ မှားနေလေသည်။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို သူက ဖြူ့ဆီ ပြေးမလာပါ။ အလွန်တည်ငြိမ်သူတစ်ယောက် ဟန်ပေါက်အောင် ကြိုးကြိုးစားစား ပြုံး၍သာ ဖြူ့မေးခွန်းကို တုံ့ပြန်သည်။
“ပထမဦးဆုံးတော့ လေယာဉ်ပျံနဲ့ပေါ့။ ပြီးတော့ အဝေးပြေးကား။ နောက်ဆုံးအဆင့်ကတော့ ပဲ့ထောင်ပေါ့ဟာ”
ဖိုးသိုက်စကားကြောင့် နားနေခန်းထဲမှာရှိနေသော ဆရာတစ်ယောက် ဆရာမနှစ်ယောက်က ခေါင်းထောင်ကြည့်ကြသည်။ ဖြူက ဖိုးသိုက်ကို တစ်လှည့် သူတို့ကို တစ်လှည့်ကြည့်ရင်း မိတ်ဆက်ပေးလိုက်၏။
“ဖိုးသိုက်က ကျွန်မ ငယ်သူငယ်ချင်းလေ။ သူက ဒီရွာကပဲ၊ ဟောဒီကျောင်းကလေး တွဲဖက် အထက်တန်းကျောင်းဘဝတုန်းက ဒီ ကျောင်းကနေ ကျွန်မနဲ့အတူ ဆယ်တန်းအောင်ခဲ့ကြတာပေါ့။ ကျွန်မတို့ တက္ကသိုလ် အတူတူတက်ပြီး ဘွဲ့ရတာနဲ့ သူ အမေရိကား ထွက်သွားလိုက်တာ၊ အခု သူ့ကို ကျွန်မ ပထမဆုံးပြန်တွေ့တာပဲ။ ဒီဆရာ ဆရာမတွေက မြို့ကနေ ဒီမှာ စာလာသင်ကြရတာလေ ဖိုးသိုက်ရဲ့”
ဆရာ ဆရာမများ၏ မျက်လုံးတွေက စိတ်ဝင်စားမှုဖြင့် တောက်ပလာကြပြီး မေးခွန်းတွေ ဆက်တိုက် ထွက်လာကြတော့သည်။ အမေရိကားကို ဘယ်လို ထွက်သွားတာလဲ။ ဟိုမှာ ဘာ အလုပ်လုပ်သလဲ။ အခု ပြန်လည်တာလား။ အပြီးပြန်လာတာလား။
ဖိုးသိုက်က သူတို့မေးခွန်းတွေကို အတတ်နိုင်ဆုံး တိုတိုတုတ်တုတ် ဖြေသည်။ နောက်ဆုံး မေးခွန်းကို ဖြေကာနီးမှာတော့ ဖျတ်ခနဲ မျက်လုံးအကြည့်တစ်ချက် သူမဆီ ရောက်လာသည်။
“ခုပြန်လာတာကတော့ အလည်ဆိုပြီး ပြန်လာတာပဲဗျ။ ဒါပေမဲ့ အပြီးလည်း ဖြစ်ချင်ဖြစ်သွားမယ်။ ဆုံးဖြတ်ချက် မချရသေးဘူး”
အချိန်ပြောင်း ခေါင်းလောင်းသံကြားတော့ ဆရာက စာသင်ခန်းဝင်ဖို့ ပြင်သည်။ ဖြူဖြူ ဒီအချိန် ၅ တန်းလား ဟု ဆရာမ ထွေးထွေးက အချိန်စာရင်းကတ်ပြားကြီးကို ကြည့်ရင်း မေး၏။ ဖြူက ခေါင်းညိတ်ပြတော့ သူမက မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောသည်။
“ဒီအချိန် ထွေး အားတယ်။ ၅ တန်းကို ဖြူ့ကိုယ်စား ဝင်ပေးလိုက်မယ်။ ဧည့်သည်နဲ့ အေးအေးဆေးဆေး စကားပြောချေ။ သူ့ခမျာ လာရတဲ့ခရီးက နီးတာမဟုတ်ဘူး။ ကမ္ဘာတစ်ခြမ်းကို ဖြတ်ခဲ့ရတာ”
“ကျေးဇူးပါပဲ ထွေးရယ်”
ဖိုးသိုက်က ဖြူတို့ စကားသံတွေကို နားထောင်ပြီး လှစ်ခနဲ ပြုံးသည်။ စာသင်ချိန်ပြောင်းသွားသဖြင့် ဆရာ ဆရာမတချို့ အခန်းထဲဝင်လာကြတော့ သူက ဖြူ့ကို ခပ်တိုးတိုး လှမ်းပြော၏။
“လက်ဖက်ရည်ဆိုင် သွားကြရအောင်။ ကျောင်းရှေ့က ဒေါ်တင်နွဲ့ လက်ဖက်ရည်ဆိုင် ရှိသေးလား။ နင်ရော ကျောင်းက ထွက်လိုက်လာလို့ ရရဲ့လား”
“ရှိသေးတယ်။ ငါ ဆရာကြီးကို ခွင့်သွားတောင်းလိုက်ဦးမယ်”
မိုးရွာထားသဖြင့် ဗွက်အိုင်တချို့ရှိသော မြေလမ်းကို သူမတို့ ခက်ခက်ခဲခဲ ဖြတ်လျှောက်ခဲ့ကြသည်။ ချောကျိကျိမြေလမ်းမှာ ချော်မလဲအောင် ကြိုးစားလျှောက်တော့ နေ့စဉ်ဖြတ်နေကျပေမယ့် ခပ်ယိုင်ယိုင် အခြေပျက်သွားလျှင် သူ့ကို လှမ်းတွဲအားပြုလိုက်ချင်စိတ် ပေါ်လာတာ ဖြူ့ကိုယ်ဖြူ သတိထားမိသည်။ သူကတော့ ဖြူ့ထက် ခံစားမှုကို ထိမ်းချုပ် ဟန်ဆောင်နိုင်သူပဲ။ အဲဒီလို ဟန်ဆောင်မှုတွေကြောင့်ပဲ ဖြူတို့-
“ရလား။ ငါ တွဲရမလား”
အတွေး မဆုံးခင် ကြားလိုက်ရသော သူ့အသံကြောင့် ဖြူမျက်နှာက ရှိန်းခနဲဖြစ်သွားသည်။ သူ့မေးခွန်းက တကယ့် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းကို မေးပုံမျိုးသာပါပဲ။ တကယ်တော့ ဖြူက “ချော်လဲတော့မယ်ဟ” ဟု ပြောပြီး သူ့လက်ကို လှမ်းတွဲလုလု ဖြစ်သွားပေမယ့် ပါးစပ်ကတော့ ရပါတယ်၊ ဒီလမ်းက ငါ နေ့တိုင်း လျှောက်နေကျပဲဟု ပြောမိသည်။
“ဟုတ်တယ်နော်။ နင် ဒီလမ်းကို နေ့တိုင်း လျှောက်လာတဲ့သက်တမ်းက နင့်ဘဝရဲ့ တစ်ဝက်ကျော်ပြီ။ ရန်ကုန်မှာ တက္ကသိုလ်သွားတက်တဲ့ လေးနှစ်အတွင်းမှာပဲ မလျှောက်ဖြစ်တာ။ ဟုတ်တယ် မဟုတ်လား”
ရွှံ့ဗွက်တွေကို အာရုံစိုက် ရှောင်ရှားနေသော ဖြူက အင်း ဟုသာ သံရှည်ဆွဲ ဖြေမိသည်။ သူ စီးထားသော ရှူးဖိနပ်မှာ ဗွက်တွေ မြင်မကောင်းအောင် ပေနေသည်။ နင့် ဖိနပ်တော့ ပျက်စီးပြီ၊ နှမျောစရာကြီးဟု ဖြူကပြောတော့ သူက တစ်ဖန် အင်း ဟုသာ သံရှည်ဆွဲ၍ ဖြေပြန်သည်။ ဒေါ်တင်နွဲ့ လက်ဖက်ရည်ဆိုင်ထဲကိုဝင်တော့ သူက ဆိုင်အတွင်းကို မျက်လုံးဝေ့ဝဲ ကြည့်သည်။ နေ့ခင်းကြောင်တောင်မို့ ထင်ပါရဲ့၊ ဆိုင်းတွင်းမှာ လူတစ်ယောက်မှ မရှိပါ။ မုန့်အချိုတွေ ထည့်ထားသော ပုံးနံဘေးက ပက်လက် ကုလားထိုင်တွင် မှိန်းနေသည့် ဒေါ်တင်နွဲ့ယောက်ျားက ဖြူတို့ ထိုင်ဟန်ပြင်သည့် စားပွဲဆီ ထလာသည်။
“ဦးသောင်းထွန်း သူ့ကို မှတ်မိလား။ ဖိုးသိုက်လေ”
တစ်နေ့လုံးနေမှ စကားတစ်ခွန်းပြော ဖြစ်ဖို့ခဲယဉ်းသော ဦးသောင်းထွန်းက မျက်စိတွေကို မှေး၍ကြည့်သည်။ အော ဖိုးသိုက်၊ မင်း ရွာပြန်လည်တာလားဟုပဲ မေး၏။ ခဏကြာတော့ အရောင်နီနီရဲရဲ လက်ဖက်ရည်နှစ်ခွက် ဖြူတို့ရှေ့ ရောက်လာသည်။
“အံ့သြစရာကောင်းတယ်နော်။ ဒီဆိုင်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အပြင်အဆင်အတိုင်းပဲ။ ဟိုဘက်ထောင့်က ပလတ်စတစ် စားပွဲလေး နှစ်ဝိုင်း တိုးလာတာပဲရှိတယ်။ ကျောင်းရှေ့က တာလမ်းကြီးကတော့ ပိုမြင့်လာပါရဲ့။ တို့ငယ်ငယ်က မိုးတွင်းဆို ပုဆိုး ခါးတောင်းကျိုက်ပြီး ရေတွေကို ဖြတ်ကူးပြီး ကျောင်းတက်ရတာ”
နင် အခုရောက်နေတဲ့နေရာနဲ့တော့ သိပ်ကွာမှာပေါ့ ဟု ဖြူက စကားထောက်တော့ သူက အင်း ဟု ခပ်လေးလေး ဖြေပြန်သည်။ သူ အိမ်ထောင်ကျသွားကြောင်း မကြားမိသေးပေမယ့် ဝေးကွာသွားကြသော ဆယ်စုနှစ်တစ်ခုအတွင်း ဘဝတွေက အပြောင်းကြီး ပြောင်းသွားနိုင်တာပဲ။ တကယ်တော့ အဲဒီ မေးခွန်းကို ဖြူသိပ် မေးချင်နေမိသည်။ အဖြေကိုလည်း သိသလိုတော့ ရှိနေသည်။ အကယ်၍ သူသာ အိမ်ထောင်ကျပြီးသား ဖြစ်နေခဲ့ရင် နိုင်ငံရပ်ခြားက ပြန်လာချိန်မှာ မိသားစု ဆွေမျိုး တစ်ယောက်မှမရှိတော့သော ဒီရွာကို ဘာကြောင့် တတန်တက ရောက်အောင်လာမလဲ။ ငယ်သူငယ်ချင်း တချို့ကို တွေ့ဖို့ဟူသော အကြောင်းပြချက်ရှိဦးတော့ ဖြူ့ဆီကို တန်းတန်းမတ်မတ် ဘယ်လာမလဲ။ ဖြူက နောက်ထပ်သိချင်နေသော မေးခွန်းကိုသာ မေးလိုက်သည်။
“နင် မြန်မာပြည်မှာ အပြီးနေဖို့ ပြန်လာတာလား”
သူက ဖြူ့မေးခွန်းကို ချက်ချင်း မဖြေသေးဘဲ ဖြူ့ကို ထူးထူး ဆန်းဆန်း မျက်လုံးတွေနှင့် စိုက်ကြည့်နေသည်။ သူ ဘာမေးချင် ပြောချင်နေသည်လဲဆိုတာကို ဖြူ သိပါသည်။ သူ မေးချင် ပြောချင်တာကို သူမေးမှာ မဟုတ်ဘူးဆိုတာလည်း ဖြူသိပါသည်။ သူ့စိတ်ကို ဖြူလှမ်းမြင်နေရတာ သူသိသလို စိတ်ထဲသိနေတာကို ဖြူက ဘယ်တော့မှ ထုတ်ပြော စကားစမည် မဟုတ်တာကိုလည်း သူ သိပါသည်။
“ကျောင်းထဲမှာတုန်းက ပြောခဲ့သလိုပါပဲ။ ငါ ဘာမှ သေသေချာချာ မဆုံးဖြတ်ရသေးဘူး။ တကယ်တော့ ငါ အရမ်း ပြန်ချင်လို့ကို ပြန်လာတာပဲ။ ဟိုမှာလည်း အခြေကကျနေပြီဆိုတော့ အဲဒီ အခြေအနေကို ဖျက်ပစ်ဖို့က အတော်တော့ ခက်တယ်။ ဒါပေမဲ့ ဒီမှာ ငါနေချင်တဲ့အနေအထားနဲ့ နေရရင်တော့ ငါနေမယ်”
“ဟိုက နင့်မိသားစုကို ဘယ်လိုလုပ်မလဲ” ဟု ဖြူက နိမိတ်ပြမေးခွန်း မေးတော့ သူက ပထမ ဖြူ့ကို ဖျတ်ခနဲ ကြည့်သည်။ ပြီးတော့ အကြည့်ကို ချက်ချင်းလွှဲကာ ကျောင်းရှေ့ ကွင်းပြင်ထဲက ရေတွေ ကိုကြည့်ပြီး
“ဘာ မိသားစု မှမရှိဘူး၊ ငါတစ် ယောက်ထဲ” ဟု ခပ်ဆောင့် ဆောင့်ဟန်နှင့် ပြောသည်။
ပြီးတော့တစ်ဖန် ဖြူ့ထံ ဖျတ်ခနဲ အကြည့်ရွှေ့ ပြန်ကာ နင် ငါနဲ့ အမေရိကား လိုက်ခဲ့မလား၊ နင့်ကို အဲဒါ မေးချင်လို့ ငါလာခဲ့တာဟု ဖြူ့မျက်လုံးတွေထဲ စူးစူးကြည့်၍ မေး၏။ ဖြူ့ရင်ထဲမှာ လှိုက်ခနဲ ဖြစ်သွားပြီး မျက်ရည်တွေဝဲလာသည်။ ဘယ်တုန်းကမှ ဖြူ့မျက်ရည်ကို သူမမြင်စေခဲ့သည့် ထုံးစံအတိုင်း သူ့မြင်ကွင်းမှ ဖြူ့ မျက်စိများကိုလွဲစေ၍ သူကြည့်ခဲ့သောရေပြင်ဆီ မျှော်ကြည့်လိုက်သည်။ ပြီးတော့ ရယ်သံအဖြစ် ပီပြင်အောင် ကြိုးစားလိုက်သေးသည်။
“ငါက နင့်နောက် ဘယ်လိုလိုက်မလဲ ဖိုးသိုက်ရယ်။ ငါ့မိဘက ဒီမှာ။ ငါ့ အလုပ်က ဒီမှာ။ ပြီးတော့ ငါက အမေရိကား လိုက်ချင်တယ်ထားဦး၊ နင်က ဘယ်လိုနည်းလမ်းနဲ့ ခေါ်မလဲ”
“နင် အဲဒါတွေကို ထည့်တွေးမနေနဲ့၊ နင်လိုက်ချင်တယ်ဆိုရင် ခေါ်လို့ရတဲ့နည်းလမ်း ငါရှာမှာပေါ့”
ဖြူက ဖိုးသိုက်ကို တွေတွေငေးငေး ကြည့်မိသည်။ ဒီလောက်ဆို သူ့အနေအထားနှင့် ခံစားမှုကို အကဲဖြတ်လို့ ရပြီ။ ဒါပေမဲ့ နင့်ကို ငါအရမ်း လွမ်းလို့၊ အရမ်းတွေ့ချင်လို့ ပြန်လာတာလို့ ဘာကြောင့်များမပြောတာလဲ ဖိုးသိုက် ရယ်။ နင့်ကို ငါချစ်နေတုန်းပဲ၊ နင်ရော ငါ့ကို ချစ်နေသေးရဲ့လားလို့ ဘာလို့ မမေးတာလဲ။ နင့်ကို လက်ထပ်ပြီး အမေရိကကို ခေါ်သွားမယ်။ နင် လိုက်မယ် မဟုတ်လားဆိုတဲ့ စကားလုံးနဲ့သာ မေးလာရင် ဖြူ ခေါင်းညိတ်မိမှာ သေချာသလောက်ပါပဲ။
“ငါက ဘယ်လိုလုပ် လိုက်မလဲ ဖိုးသိုက်ရယ်” ဟု ဖြူက ခပ်လေးလေး ပြောမိတော့ သူက ဘာမှစောဒက မတက်ဘဲ ဖြူ့ကိုသာ ငေးကြည့်နေခဲ့သည်။ ထုံးစံအတိုင်း သူ့ရင်ထဲက ပြောချင်တာ အများကြီးရှိနေတာတွေကို သူပြောမှာ မဟုတ်ပါ။ အဲဒီလို ပြောစရာရှိတာတွေကို မပြောကြတာကြောင့် ဖြူတို့ ဝေးခဲ့ကြတာ။ အတူနေသွားကြရမည့် ဘဝလမ်းတစ်လျှောက်မှာ သူက အဲဒီလို ပြောစရာရှိတာတွေ မပြောခဲ့ရင် ဘယ်လိုလုပ်မလဲဟု ဖြူတွေး ကြောက်ခဲ့သည်။ သူက ပြောစရာရှိတာတွေ မပြောခဲ့လျှင် ဖြူကလည်း သူပြောချင်တာတွေ သိနေပေမယ့် စကားစ ပေးမိမှာ မဟုတ်ဘူးဆိုတာလည်း သေချာခဲ့သည်။ နှစ်ယောက်လုံး စကားသံတိတ်နေချိန်မှာ စာသင်ချိန်ပြောင်းသည့် ခေါင်းလောင်းထိုးသံ ကြားရ၏။
“ငါ ဒီတစ်ချိန်တော့ ဝင်သင်လိုက်ဦးမယ်။ နင် ဒီည ငါတို့ဆီမှာ အိပ်ဟာ။ ညကျမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ အဖေတို့ အမေတို့ ကလည်း နင်နဲ့ စကားပြောချင်ဦးမှာ”
“ငါ ဒီညနေ ပြန်မယ်။ မအိပ်တော့ဘူး”
သူက တုံးတိတိပြောသည်။
“ဒါ အမေရိက မဟုတ်ဘူးဟဲ့။ နင်ပြန်ချင်တဲ့အချိန် ကောက်ပြန်လို့ မရဘူး။ ကဲ ပါဟာ။ ငါ့ကို စာသင်ချိန် ၄၅ မိနစ်တော့စောင့်။ ပြီးရင် အတူအိမ်ပြန်ကြမယ်။ ဒါမှမဟုတ် နင်နားချင်ရင်လည်း အိမ်ပြန်နှင့်။ ငါတို့အိမ်က အရင်နေရာမှာ အရင်အတိုင်းပဲ။ ဒီတစ်ချိန်ပြီးရင် ကျောင်းလွှတ်ပြီပဲ။ ခဏနေ ငါပြန်ရောက်မှာ”
သူကျောင်းကို ပြန်မလိုက်တော့ပါ။ ဖြူ့အိမ်ရှိရာဆီ တန်းပြန်သွားသည်။
ရွာက လူတွေ ဖယောင်းတိုင်နဲ့၊ ရေနံဆီမီးခွက်နဲ့ နေရတာလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကအတိုင်းပါလား လို့ သူပြောမည်ထင်ပေမယ့် ဖိုးသိုက် က မပြောပါ။ လွန်ခဲ့သည့် ဆယ်နှစ်ကထက် ပိုခါးလာသည့် အဖေ့လက်ရာ ရေနွေးကြမ်းပူပူကိုသာ တဖူးဖူးမှုတ် သောက်နေလေသည်။ အမေ့ အရိပ်တစ်ခြမ်းနှင့် ကွယ်နေသော ဖြူ့ဆီ သူခိုးကြည့်မလားသိချင်လို့ သူ့ကို ဖြူက ခိုးကြည့်နေပေမယ့် သူကဖြင့် ဖြူ့ဘက်တောင် တည့်တည့် လှည့်ထိုင်မနေပါ။ ဖိုးသိုက်ဟာ အရင်အတိုင်းပါပဲ။ သူက ဖြူ မျှော်လင့်တာတွေကို ဘယ်တုန်းကမှ မလုပ်သည့်သူအဖြစ် ရှိနေဆဲပါလား။
“မင်း ဟိုမှာ ပျော်ရင်တော့ ပျော်သလောက် နေပေါ့ကွာ။ ဒါပေမဲ့ သေမယ်ဆိုရင်တော့ ဒီမှာပဲ သေဖို့ကောင်းတယ်ကွ”
အဖေက မရယ်မပြုံးကြီး ဒီလိုပြောတော့ အမေက ဝင်ဟန့်သည်။
“ရှင်ကလည်း ဒီကလေးတွေ သေဖို့က အများကြီးလိုသေးတာကို ဘာတွေ ပြောနေတာလဲ”
“ငါကလည်း ခုပြောတာ မဟုတ်ပါဘူးကွာ။ အဲဒီ အများကြီးလိုသေးတဲ့အချိန်ရောက်လာရင် ပြောတာပါ”
ဖြူက ဘာလုပ်ရမှန်း မသိသဖြင့် ရယ်မောလိုက်ပေမယ့် ဖိုးသိုက်က မရယ်ပြန်ပါ။
“ဟုတ်ပါတယ်။ ကျွန်တော်လည်း မြန်မာပြည်မှာ အထူးသဖြင့် ဒီရွာမှာပဲ ခေါင်းချချင်ပါတယ်”
ဒီစကား ပြောရင်းတော့ဖြင့် သူက ဖြူ့ကို ကြည့်ရှာသည်။ အဲဒီစကားက ရင်ခုန်စရာစကားဟုတ် မဟုတ်မသိပေမယ့် ဖြူ ရင်ခုန်မိတာ အမှန်ပင်။ ခက်လှချည်ရဲ့ ဖြူဖြူရယ်။
“ဖိုးသိုက်ကလည်းဟယ် ဟိုး အမေရိကားကတောင် ပြန်လာရတာ။ ရွာမှာ ၄-၅ ရက်တော့ နေဦးမှပေါ့။ ခုတော့ဖြင့် ရောက်ပြန်ကြီး”
“ဟုတ်ပါရဲ့ဟယ်။ နင်ကလည်း”
အမေ့စကားကို ဖြူက ဝင်ထောက်လိုက်တော့ သူက ခပ်မဲ့မဲ့ ပြုံးသည်။
“နေချင်ပါတယ် ဒေါ်လေးရယ်။ ဒါပေမဲ့ ကျွန်တော်က ခွင့် ၂ ပတ်ပဲရတာ။ ၂ ပတ်အတွင်း ဒီမှာ တွေ့ရမယ့်သူ၊ လုပ်ရမယ့်အလုပ်တွေက အများကြီးပဲ”
ဖြူတို့မိသားစုနှင့် သူ့အကြား ပြောစရာများလှသော ရှေးဟောင်း နှောင်းဖြစ်များက ညသန်းခေါင်ကို အလွယ်တကူ ကျော်စေခဲ့သည်။ စောစောအိပ်၊ စောစောထကြလေ့ရှိသော အဖေတို့ အမေတို့ အိပ်ငိုက်နေပြီ။ မင်းစီးရမယ့်သင်္ဘောက မနက် ၆ နာရီ လာမှာနော်ဟု အမေက အိပ်သင့်ပြီဖြစ်ကြောင်း သတိပေးသည်။ ကျွန်တော် သင်္ဘောပေါ်မှာ အိပ်သွားမယ် ဒေါ်လေးဟု သူက တုံ့ပြန်တော့ အဖေက ရယ်မောလေသည်။
“မင်းနှယ်ကွာ။ တို့ရွာက ဟိုတုန်းကလို မဟုတ်တော့ပါဘူး။ ရန်ကုန်ကို ကားလမ်းပေါက်နေပါပြီကွ။ ၃ နာရီလောက် ကားစီးသွားရင် ရောက်မယ့်ခရီးကို တမေ့တမောသွားရမယ့် သင်္ဘောခရီးနဲ့မှ သွားချင်သတဲ့လားကွာ”
“ငယ်ဘဝ အလွမ်းပြေပေါ့ ဦးလေးရယ်”
ဒီတစ်ခါလည်း ဖြူက လိုရာဆွဲ တွေးမိပြန်ပြီ။ ငယ်ဘဝဆိုတာ ဖြူနဲ့ သူ့ရဲ့ငယ်ဘဝလား။ ဖြူတို့ အထက်တန်းကျောင်းတက်စက ရွာမှာ အထက်တန်းကျောင်းမရှိသေးတော့ မြို့ကျောင်းမှာ သွားတက်ရသည်။ မနက်တိုင်း ၄ နာရီထ။ ထမင်းဘူးထည့်သွားဖို့ ချက်ပြုတ်၊ မနက် ၅ နာရီ ဝန်းကျင်လောက် ပဲ့ထောင်လေးစီးကာ ၁ နာရီကျော်ကြာသော ကျောင်းအသွားအပြန် ခရီးတွေမှာ သူငယ်ချင်း ဖိုးသိုက်နှင့်အတူ ပျော်ရွှင်ခဲ့ဖူးသည်။ တက္ကသိုလ်ရောက်ပြန်တော့ ကျောင်းပိတ်ရက်တွေ ရွာအတူပြန်၊ ကျောင်းဖွင့်ရက် တွက် ရန်ကုန်တက္ကသိုလ်ရှိရာ ချစ်သူ ဖိုးသိုက်နှင့် သွားရသော ခရီးတွေက ပိုချိုခဲ့ရပြန်သည်လေ။
ချစ်သူ ဖိုးသိုက်ဟု ရည်ညွှန်းပေမယ့် ဖြူတို့က တကယ့် ချစ်သူတွေလို့ရော သတ်မှတ်လို့ရပါရဲ့လား။ သူ့ လက်ဖဝါးများမှတစ်ဆင့် အင်အားတွေကိုတော့ ခံစားခဲ့ဖူးပါရဲ့။ သူနှင့် နှစ်ကိုယ်တူ ဘဝတည်ထောင်ဖို့ ပြောခဲ့ဖူးကြတာလည်း သေချာပါရဲ့။ ဒါပေမဲ့ ပြောခဲ့သမျှ စကားများရဲ့ တစ်ရာခိုင်နှုန်းသာရုံ မျှသာပါပဲ။ အဲဒီ ရာခိုင်နှုန်းပမာဏာကြောင့်ပဲ ထင်ပါရဲ့။ ဖိုးသိုက် အမေရိကားကို ထွက်တော့မယ်ဆိုတော့ ဖြူက သေသေချာချာ စဉ်းစားပါဦး ဖိုးသိုက်ရယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ တားသယောင်ပြုမိခဲ့တာ။ ဖြူ့မှာ သူ့ကို အဲဒီလိုတားဖို့ထက် ပိုမပိုင်ဘူးလို့ ဖြူ ခံစားမိခဲ့သည်။
“သေသေချာချာ စဉ်းစားပါဦး ဖြူရယ်”
“ဟင်”
ဖြူ့စိတ်ကူးထဲက စကားတွေကို ဖိုးသိုက်အသံအဖြစ် ပြန်ကြားယောင်နေတာလား။ ဖြူ စိတ်ကူးယဉ်နေပြန်ပြီလား။
“ငါ့မှာလည်း နင့်ကို ဒီ စကားထက်ပိုပြီး တွန်းအားပေးခွင့်မရှိဘူး ထင်ပါတယ်”
လူ့ဘဝဆိုတာ တစ်ခါတစ်ခါ သိပ်အံ့သြစရာကောင်းနေတတ်တာ ဖြူ့အတွေးနဲ့ သူ့စကားတွေက သက်သေခံနေပြီ။
လရောင် မရှိသော်လည်း ညအလင်းက အပြင်လောကကို ကောင်းကောင်း မြင်သာစေသည်။ ငါ ရွာမှာနေခဲ့ရတဲ့အချိန်တွေကို တကယ်လွမ်းတာ ဟု ဖိုးသိုက်ကပြောတော့ ဖြူက မျက်ရည်ဝဲစွာ ရယ်မောမိသည်။
“လွမ်းပေလို့ပဲ ၁၀ နှစ် ကျော်ကြာမှ တစ်ခါရောက်တော့တယ် ဖိုးသိုက် ရယ်”
ဖြူသည် မနက်ဖြန်ဆို ဖြူ့ဘဝထဲက နောက်တစ်ခါ ထပ်မံ ထွက်ခွာတော့မည်ဖြစ်သော ဖိုးသိုက်အတွက် အနှောင့်မလွတ်၊ အသွားမလွတ် စကားတွေ ပြောမိမှာစိုးနေသည်နှင့် တစ်ချိန်ထဲမှာပဲ အနှောင့်မလွတ် အသွားမလွတ်စကားတွေကို ပြောချင်နေမိလေသည်။
ခြင်ထောင်ထဲရောက်နေပြီဖြစ်သော အမေ့ ချောင်းဟန့်သံက သွေးရိုးသားရိုး ဖြစ်ကောင်း ဖြစ်မှာပေမယ့် အထက်တန်းပြ ဆရာမကြီး ဖြူဖြူကတော့ နောက်တစ်နေ့မနက် အမေ့ အဆူခံရမှာ စိုးရိမ်နေမိသည်။ ၁၀ နှစ်ကျော် ကွဲနေတဲ့ ငယ်သူငယ်ချင်းနဲ့ ကြုံတုန်းလေး စကားပြောရတာပါ အမေရယ်ဟု ဆင်ခြေပေးမည်ဟုလည်း စဉ်းစားလိုက်မိသည်။ အမေတို့ခြင်ထောင်ရှိရာ အခန်းဆီ စိုးရိမ်ရိမ်ဖြင့် လှမ်းကြည့်သော ဖြူ့ကို ဖိုးသိုက်က ရွှန်းရွှန်းစားစား ကြည့်နေသည်ဟု ဖြူ သတ်မှတ်မိပါသည်။
“အရွယ်ရောက်တဲ့သူတိုင်း ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်၊ နေချင်သလို နေနိုင်တဲ့နေရာမှာနေရတဲ့ ငါက အခုအသက်အရွယ်အထိ မိဘ အဆူခံရမှာ ကြောက်နေရတဲ့ဘဝမျိုးလေးကို ပြန်တမ်းတနေတာပါလားဆိုတာ ခုမှ ငါ့ကိုယ်ငါ သတိထားမိတော့တယ်”
သူ့စကားဆုံးတော့ ဖြူတို့နှစ်ယောက် ပြိုင်တူရယ်မိသည်။ နေ့လယ်က ဖိုးသိုက်နှင့် စဆုံရကတည်းက ခုချိန်ထိ စိတ်လက်ပေါ့ပါးစွာ ပြိုင်တူရယ်မောမိသည့် တစ်ခုတည်းသော အချိန်ပင်။
“ဒီလိုညမျိုးက အိပ်ပစ်ရမှာ နှမျောစရာပါ။ ဒါပေမဲ့ အမေဆူမှာ ကြောက်နေတဲ့ ဆရာမကြီးရယ်၊ သွားအိပ်ပါတော့” သူ့ထွက်သက် နွေးနွေးက ဖြူ့နဖူးပေါ် ကျလာသည်။ ဖြူသည် ရပ်နေရင်း ဇောက်ထိုး ကျွမ်းပြန် ဘယ်နှစ်ပတ်မှန်းမသိ လည်သွားသလို ခံစားလိုက်ရသည်။ တစ်သက်တာလုံး လိုက်နာခဲ့သော အမေ့စည်းကမ်းတွေကိုရော၊ ကိုယ့်ကိုယ်ကို ချမှတ်ခဲ့သည့် စည်းမျဉ်းနှင့် စောင့်ထိန်းမှုတွေ၊ မြိုသိပ်တတ်မှုတွေကိုရော ချက်ချင်း စွန့်လွှတ်ကာ အဲဒီ အခိုက်အတန့်မှာ ဖြစ်ပေါ်လာသည့် လက်ကျန် ဘဝကို သူနှင့် ကုန်ဆုံး ဖြတ်သန်းလိုချင်စိတ်ကို အလိုလိုက်ပစ်လိုက်ချင်သည်။ သူ့လက်မောင်းပေါ် ရောက်သွားသော ဖြူ့လက်၏ အတွေ့အထိကို သူက နှုတ်ဆက် နိမိတ်ဟု ထင်သွားလေသည်။
“မနက်ကျရင်တော့ သင်္ဘောဆိပ် လိုက်ပို့ပါဦးဟာ။ ဂွတ်နိုက် အဲ ဂွတ်မောနီးနော်”
အဲဒီညက ဘုရားစဉ်ရှေ့ သင်ဖြူးဖျာချောပေါ်မှာ အိပ်ရသော ဖိုးသိုက်တစ်ယောက် အိပ်ပျော်မှာ မဟုတ်ပါဘူးဟု အမေတို့ အိပ်ရာဘေးအခန်းမှာ တလူးလိမ့်လိမ့် မိုးလင်းခဲ့ရသော ဖြူက တွေးခဲ့မိလေ သည်။
ငယ်ရာမှ ကြီးလာသော အမေက ကျောင်းကိစ္စ ရန်ကုန် သွားစရာရှိတယ်ဆိုသော ဖြူ့ စကားကို သံသယကင်းမှာပါဟု ဖြူက ဇွတ်ယုံကြည်နေမိလေသည်။ ဒီဆယ်ရက်အတွင်း ဖြူသည် ဖြူ့နှလုံးသားမှ စကားသံတွေကို ရပ်သွားပါတော့ဟု ဆုတောင်းမိအောင်ပင် ထပ်ကာထပ်ကာ ကြားခဲ့ရပြီ။ ဆယ်နှစ်လုံးလုံး မေ့ထားခဲ့မိသည်ဟု ထင်နေသော ခံစားမှုက တကယ်မဟုတ်ဘူးဆိုတာလည်း စောကြောမိခဲ့သည်။ ပြောချင်တာကို မပြောတဲ့ သူတစ်ယောက်နဲ့ တစ်ဘဝလုံး ဘယ်လို အတူနေမလဲဆိုသည့် အတွေးနေရာတွင် သူ မပြောတော့ ငါက ပြောမှာပေါ့။ သူပြောအောင်လည်း ငါ ကြိုးစားမှာပေါ့ဟူသည့်အတွေးကို အစားထိုး တွေးမိတတ်ခဲ့သည်။ တစ်နွေလုံး အရွက်မဲ့ ခြောက်လှီနေခဲ့သဖြင့် သေဆုံးသွားပြီဟု သတ်မှတ်ခဲ့သော သစ်ငုတ်တိုမှ မိုးလေး တစ်ပြိုက် ဖျန်းလိုက်ချိန်မှာ စိမ်းလန်းသော ရွက်နုတစ်ခက် ထွက်လာတာ မြင်ရသလို ခံစားမှုမျိုးကို ခံစားနေရသည်။
ဒီဘဝ ဒီမျှသာဟု သဘောထားပြီး သူတည်းခိုရာ လိပ်စာပင် မမေးမိအောင် ကြိုးစားခဲ့ပေမယ့် သူပြောခဲ့သော စကားများစွာထဲမှ နိုဝင်ဘာ ၆ ရက်၊ မနက် ၁၁ နာရီ လေယာဉ်ဆိုတာကိုတော့ နားထဲမှာ စွဲနေခဲ့သည်ပဲ။ အနည်းဆုံးတော့ လေယာဉ်ကွင်းမှာ ၃ နာရီလောက်စောပြီး သူရောက်နေရမည်။ သူ့ကို ဘယ်သူတွေ လိုက်ပို့မလဲ။
နိုဝင်ဘာ ၆ ရက်နေ့မှာ ငယ်ငယ်တုန်းက သူနှင့်အတူ မြို့မှာ ကျောင်းသွား တက်ဖို့ အိပ်ရာထရချိန်ဖြစ်သည့် မနက် ၄ နာရီမှာ ဖြူ နိုးခဲ့သည်။ ရန်ကုန်ကို သွားနေသည့် ကားပေါ်က ၃ နာရီဝန်းကျင်အချိန်မှာ ငယ်ဘဝပုံရိပ်တွေကပဲ အတွေးထဲမှာရော မျက်လုံးထဲမှာပါ စိုးမိုးနေသည်။ စော်ဘွားကြီးကုန်းကနေ အငှားကားနှင့် လေယာဉ်ကွင်းကိုရောက်တော့ မနက် ၈ နာရီခွဲ ရုံရှိသေးသည်။
ဖြူသည် တထိတ်ထိတ်ခုန်သော နှလုံးသားကို လေးလံစွာ သယ်ပိုးထားရသော ခြေလှမ်းများဖြင့် လေယာဉ် ကွင်းထဲ ဝင်ခဲ့သည်။ မနက် ၁၀ နာရီထွက်မည့် လေယာဉ်ကို စုံစမ်းရတာ ထင်သလောက် မခက်ပါ။ ရုတ်ရုတ်သဲသဲ လူတွေကြားမှာ လှုပ်ရှားဆူညံသော ရင်ခုန်သံဖြင့် သူ့ကို ရှာရတာကတော့ နည်းနည်း ခက်သည်။
အသားညိုညို၊ ဆံပင် ကောက်ကောက်၊ မျက်လုံးရီ ဝေဝေနဲ့လူမျိုး ဒီလေယာဉ်ကွင်း အဆောက်အဦထဲမှာ ဘယ်နှစ်ဦး ရှိနိုင်မလဲ။ ဖြူ့ကိုမြင်ရင် သူအံ့သြ ပျော်ရွှင်သွားမလား။ သူပြောခဲ့တဲ့ စကားအမှန်ဆို ဒီဆယ်ရက်အတွင်း သူ ဘာကြောင့် ရွာကို တစ်ခေါက်တလေတောင် ပြန်မလာတာလဲ။ ကားစီးလာရင် ၃ နာရီပဲ ကြာတဲ့ခရီးကိုလေ။ ထိုအတွေးဝင်လာတော့ ဖြူ့ ခြေလှမ်းတွေက ရပ်သွားမလို ဖြစ်ရသည်။ မတွေးနဲ့၊ အဲလို မတွေးနဲ့ ဖြူဖြူ။ အဲဒီလိုတွေ တွေးခဲ့လို့ ၁၀ နှစ်ကြာအောင် ဝေးခဲ့ပြီးပြီ။
ရုတ်ရုတ်သဲသဲ အရိပ်တွေကြောင့် မျှော်လင့်ချက် ကုန်ဆုံးသလိုဖြစ်ကာ မျက်ရည်ဝဲလာတာလား။ မျက်ရည်ဝဲလာလို့ပဲ အရိပ်တွေက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာလား မဝေခွဲတတ်တော့ပါ။ ဖြူသည် တုံ့သွားသော ခြေလှမ်းတွေကို တကယ်ပဲ ရပ်ပစ်လိုက်သည်။ သူ့ရှေ့မှာ ဘယ်တုန်းကမှ မျက်ရည် အကျမခံခဲ့သော ဖြူသည် ခုတော့ လေယာဉ်ကွင်းထဲက လူရာပေါင်းများစွာရှေ့တွင် စိတ်လွတ်လက်လွတ် ငိုလိုက်တော့မည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။ “အိ” ခနဲ ထွက်လာသော ဖြူ့ရှိုက်သံနှင့် တစ်ချိန်ထဲနီးနီးလောက်မှာ ဖြူ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားတာ။ အဲဒီ မြင်နေရတဲ့ ကျောပြင်ဟာ ဖိုးသိုက်ပဲ ဆိုတာ ရွာက အထက်တန်းကျောင်းမှာ သူ့အရိပ်ကလေးမြင်ကတည်းက သေချာခဲ့သလို သေချာသွားလေသည်။
သူက Check in ဝင်မည့် လူတန်းတွေ၏ ရှေ့ဆုံးမှာ။ တခြားသော ထွက်ခွာမည့်သူတွေလို ဒီဘက်က နှုတ်ဆက်သည့်သူတွေဘက်ကို လှည့်မကြည့်ဘဲ ခရီးဆောင်အိတ်တွေ ဖြတ်သန်းသွားရာ ရွေ့လျားစက်ကြီးကိုသာ စိုက်ကြည့်နေသည်။ တွန်းတိုက်မိသူတွေကို ငဲ့စောင်းပင် မကြည့်အားဘဲ ဖြူ တစ်ယောက် တစ်ရှိန် ထိုးပြေးသွားမိသည်။
“ဖိုးသိုက်”
တစ်ခွန်းထဲ ခေါ်ရုံဖြင့် ကြားမည့်သူထဲတွင် ဖိုးသိုက် မပါပါ။ ဖြူ့ထံမှ တတိယမြောက် သူ့နာမည်ထွက်လာချိန်တွင် သူလှည့်ကြည့်သည်။ သူ့ဦးခေါင်းက ဖြူ့ဘက်လှည့်လာပြီး သူ့နှုတ်ခမ်းတွေ ပွင့်သွားကာ သူ့မျက်လုံးတွေ အရောင်ပြောင်းသွားပေမယ့် သူ့ခြေဦးကတော့ သူဝင်သွားရမည့် ကောင်တာဘက်ဆီ လှည့်ထားဆဲပင်။ နောက် မိနစ်ပိုင်းအတွင်း ဖြူနှင့် မျက်နှာချင်းဆုံပြီးချိန်တွင် သူ့ ခြေဦးတွေ ဘယ်ဘက်လှည့်လေမလဲဆိုတာကို မခန့်မှန်းနိုင်တာကတော့ ဖြူ၏ မွေးရာပါ အားနည်းချက်ပင် ဖြစ်တော့သည်။
ခက်မာ
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment