Thursday, January 31, 2013

ရန်ကုန်တော့ ဖြေးဖြေးပေါ့ (အောင်ဒင်)

ပြန်ပြီးပြီလား မေးကြတဲ့အခါ
မပြန်ရသေးပါဘူးဗျာ၊

ပြန်တော့မှာလား မေးပြန်တဲ့အခါ
မပြန်ဖြစ်သေးပါဘူးဗျာ၊

ပြန်ဦးမှာလား မေးရင်တော့
ပြန်မှာပေါ့ဗျာ၊

ပြန်ချင်တာပေါ့ဗျာ
ကျနော်လဲ ကိုယ့်မွေးရပ်မြေ ပြန်ချင်တာပေါ့
ပိတောက်ပန်းတွေ ပွင့်တဲ့မြေမှာ
ခွပ်ဒေါင်းတွေ အတောင်ဖြန့်တဲ့ တိုင်းပြည်မှာ
မေတ္တာတရားတွေပေါ ကြွယ်ဝတဲ့
မိသားစုနဲ့ ချစ်မိတ်ဆွေတွေကြားမှာ
ဆုံးရှုံးခဲ့သမျှအတွက် အားပါးတရ ငိုကြွေးလို့
ဘဝကို အသစ်ပြန်စချင်တာပေါ့၊


ဘူဇွာ တော်လှန်ရေး (ကာတွန်း စောငို)

Wednesday, January 30, 2013

အတိုက်အခံနိုင်ငံရေး ရှိလို့လားဆိုတဲ့ မေးခွန်း (မောင်ဝံသ)

ဝေဖန်ချက်များတဲ့ ခေါင်းစဉ် 

ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ ကျွန်တော့်ဆောင်းပါး ‘မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား’ ကို ခါတိုင်းလိုပဲ အင်တာနက် လူမှုစာမျက်နှာ face book တင်လိုက်တော့ မိတ်ဆွေများနဲ့ စာဖတ်ပရိသတ်များဆီက နှစ်သက်သဘောကျပါတယ်လို့ like ပေးသူတွေရှိသလို ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေနဲ့ ဝေဖန်ထောက်ပြသူတွေ၊ မေးခွန်းထုတ်သူတွေ၊ စောဒကတက်သူတွေလည်း အတော်များများ တွေ့ရတယ်။

ယနေ့ခေတ် အင်တာနက်သုံးသူအများစုဟာ ကိုယ်ပိုင်လူမှု စာမျက်နှာ Face book လေးတွေဖွင့်ပြီး ကိုယ်ရေးကိုယ်တာ ခံစားချက်တွေရော၊ အချင်းချင်း မိတ်ဖြစ်ဆွေဖြစ် သတင်းပို့ချက်တွေရော၊ တိုင်းရေးပြည်ရေး ကမ္ဘာ့အရေး ဆွေးနွေးချက်တွေရော သန်ရာသန်ရာ ရေးတင်နေကြတာ ဂလိုဘယ်လမ်းကြောင်းတစ်ခုလိုတောင် ဖြစ်နေပြီလို့ ဆိုရမယ်ဗျ။ တချို့ကဆိုရင် ကိုယ်တိုင် ဘလော့ဂ် blog တွေ၊ တွစ်တာ twitter တွေ၊ ဝက်ဘ်ဆိုက် website တွေ ဖွင့်ပြီးတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတာ တွေ့ရတယ်။ အဲဒီတော့ အင်တာနက်ဖွင့်လိုက်ပြီဆိုတာနဲ့ ဖတ်စရာတွေ ဖတ်သင့်တာတွေ အများကြီးက ဆီးကြိုနေပါလေရော။ အချိန်တော့ အတော်ကုန်ပါတယ်။ သို့သော် ခုတစ်လော ကျွန်တော်ကလည်း ကျန်းမာရေး ပြန်လည်ထူထောင်နေချိန် အိမ်အပြင်ကို သိပ်မထွက်တော့ အင်တာနက်နဲ့ပဲ ထိတွေ့မှု ပိုများနေပါတယ်။


ပွဲစား (ကာတွန်း စောငို)

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၉ (ကိုညို)

“အာလူးနဲ့ ကြက်သွန် ခိုးစားနေသူတွေက ... တော်လှန်ရေးလုပ်မှာတဲ့လား”

“အာလူးနဲ့ ပဲ ... ခိုးစားနေတဲ့သူတွေနဲ့ တော်လှန်ရေးအောင်မြင်ပါ့မလားကွ”

“အာလူးခိုးစားနေသူတွေက ... တော်လှန်ရေးလုပ်ကြမှာတဲ့လားကွ”

ည ၁၁ နာရီဝန်းကျင် တိတ်ဆိတ်နေတဲ့အချိန်၊ မဏိပူရတောင်နံရံတွေတောင် ပဲ့တင်ခတ်ပြီး စူးစူးဝါးဝါး ထွက်လာတဲ့ အသံနက်ကြီးကြောင့် ရုံးခန်းထဲမှာစာဖတ်နေရင်း ဦးဇင်း ဦးဝရနဲ့ကျနော် ဘားတိုက်အပြင်ကို ပြေးထွက်ကြည့်လိုက်တယ်။


ဒီမိုး … ဒီရေ … ဒီအကောင်တွေနဲ့ (ကာတွန်း အောင်မော်)

Tuesday, January 29, 2013

ကာတွန်း ဆလိုင်းစွမ်းပီရဲ့ လက်ရာတချို့

 

လက်ပံတောင်းတောင် (မောင်သင်းခိုင်)

‘ပုပ္ပားမောင် တောင်ကတုံး
သျှောင်ထုံးစို့ကွယ်’ တဲ့။
ဆရာဇော်ဂျီရဲ့ စေတနာ
ဆရာဇော်ဂျီရဲ့ ကဗျာထဲမှာ။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး
ကမ္ဘာကြီးမှာ ဘယ်သူကမှ မလှုံ့ဆော်ခင်
ဆရာဇော်ဂျီ ဦးဦးဖျားဖျား ကဗျာနဲ့
လှုံ့ဆော်ခဲ့တယ်။

အရက်ခွက်တွေ မြှောက်မြှောက်ပြီး
အရက်ခွက်တွေ တေ့တေ့ပြီး
ကမ်းပေ့ ကမ်းပေ့ တပေ့ပေ့နဲ့
ဝမ်စွေ့ - ဝမ်စွေ့ - တစွေ့စွေ့နဲ့
နှစ်ဦးနှစ်ဖက် (ပြည်သူ မပါ) တဲ့
အကျိုးတူ စီးပွားရေးတံဆိပ်ကပ်
လူကြားကောင်းအောင် အသံကုန် ဟစ်အော်ပြီး
လက်ပံတောင်းတောင် ကြေးစင်တောင်
စပယ်တောင်တန်းကြီးတွေကိုတော့
ဖုတ်၊ သုပ်၊ ကင်လှော်၊ ကြော်ချက်
(ငါးသလောက်လို) ပေါင်းစားလိုက်ကြတယ်။


၂/၈၈ (ကာတွန်း စောငို)

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားခရီးစဉ်နဲ့ မိတ်ဆွေတု မိတ်ဆွေယောင် (ကိုညို)

ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒဿမမြောက် ပြည်ပနိုင်ငံခရီးစဉ်အဖြစ် တောင်ကိုးရီးယားနိုင်ငံကို တနင်္လာနေ့ကပဲ ဆိုက်ရောက်သွားပါပြီ။ ဒီခရီးစဉ်မတိုင်မီ ဟာဝိုင်ယီကျွန်း အလည်ပတ်ခရီးစဉ်က မွန်းကြပ်ရှုပ်ထွေးပြီး၊ ဝေဖန်မှုတွေနဲ့ အငြင်းပွားစရာတွေ ပြည့်နှက်နေတဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးလောကရဲ့ ဘဝအမောတွေကို ယာယီအခိုက်အတန့်အားဖြင့်တော့ မေ့ပျောက်စေမှာပါ။

ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ ကျွန်းသူကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှုတွေနဲ့ ထူးခြားတဲ့ ယဉ်ကျေးမှု၊ အစားအသောက်တွေက ... ဒေါ်အောင်ဆန်းစုကြည်အတွက် သတိတရ စာတိုပေစ ရေးစရာလေးတွေ ဖြစ်လာနိုင်သလို တသက်တာအတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက်ရှိနေနိုင်ပါတယ်။

ကျနော်တို့တတွေက တိုက်ပွဲထဲကနေရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်းရှိနေတာ မြင်ချင်တာပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ခေါင်းဆောင်ဟာ တိုင်းပြည်အတွင်းမှာသာမက တိုင်းပြည်ပြင်ပမှာပါ အလိမ်အညာတွေ၊ ကိုယ်ကျိုးရှာတွေ၊ ကျင့်ဝတ်ပျက်နေတဲ့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ ဆုံဆည်းနေရတော့ ကျနော်တို့ရင်ထဲ မကောင်းလှဘူး။


Friday, January 25, 2013

ဒီကဗျာ မဖတ်မိစေနဲ့ … (အောင်ဝေး)

တချို့က စပျစ်သီးဖြစ်တယ်
တချို့က စန်းစန်းတင့်ဖြစ်တယ်။
ခေတ်ကြီးကိုက
ကိုလိုမနီ၊ ခရိုနီခေတ်။
တချို့က လက်ဝေခံဒီမိုကရေစီ
တချို့က လက်ကျန်ဒီမိုကရေစီ။

ရန်ကုန်က ရထားမဖြစ်ဘူး
ရန်ကုန်က တယောဖြစ်နေတယ်။
တချို့က နောက်ပြန်လှည့်မှာစိုး
တချို့က နောက်ပြန်မလှည့်မှာစိုး။
မြစ်ကြီးက ဘယ်ကိုစီးရမှန်းမသိ
ထောင်(ထောင်)နဲ့ ငြိလို့။

တချို့က စွယ်စုံကျော်ထင်
တချို့က သေတ္တာမှောက်။
ဒီတစ်ခါ ဇာတ်ခေါင်းကွဲရင်
ရွာပြင်ထုတ်ခံရတော့မယ်။
တချို့က ရွှေဝါရောင်ကိုမျက်ကွယ်ပြု
တချို့က လက်ပံတောင်းတောင်ကိုလျစ်လျူရှု။


Wednesday, January 23, 2013

မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား (မောင်ဝံသ)

သည်ဆောင်းပါးရဲ့ အရင်းခံ 

သမ္မတကြီး ဦးသိန်းစိန်နဲ့ အင်တာဗျူးလုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်းအခြေစိုက် အရှေ့တောင်အာရှ သတင်းထောက် Hannah Beech ကို Times မဂ္ဂဇင်းက ပြန်လည် အင်တာဗျူးလုပ်ထားတဲ့ ဆောင်းပါး ဇန်နဝါရီလထဲမှာ ဖတ်လိုက်ရပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ အင်မတန် စိတ်ဝင်စားကောင်းတဲ့ သုံးသပ်ချက်တွေ အများကြီးပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေးစိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေဖတ်ရှုသင့်ပါတယ်။ ဂျာနယ်တချို့မှာလည်း မြန်မာပြန်ဖော်ပြခဲ့ကြပြီးပါပြီ။

ယခု ကျွန်တော့်ဆောင်းပါးဟာ ဟန်နား ဘိခ်ျရဲ့အဖြေထဲက တစ်ပိုဒ်ကို ဖတ်မိရာက အတွေးနယ်ချဲ့မိတာ ဖြစ်ပါတယ်။ သူက ဘယ်လိုပြောထားလဲဆိုရင် “တကယ်လို့ NLD သာ အစိုးရအဖွဲ့ထဲ ရောက်သွားပြီဆိုရင် သူတို့မှာ အဲဒီအစိုးရအလုပ်ကို လုပ်နိုင်မယ့် လူအင်အား ရှိမှာလား၊ ကျွန်မတော့ သိပ်မထင်မိပါဘူး” တဲ့ဗျာ။ အသေးစိတ်ကိုတော့ ရှာဖွေဖတ်ကြည့်ကြပါတော့။

နိုင်ငံရေးသမားနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ 

အဲဒီအစကို အခြေခံပြီး ကျွန်တော် ဆက်ဆွေးနွေးပါမယ်။

ကျွန်တော်တို့နိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီကျွန်ဘဝမှာ နှစ်ပေါင်း တစ်ရာကျော် နေခဲ့ရတယ်။ ၁၈၂၄ နဲ့ ၁၈၅၂ မှာ မြန်မာပြည်အောက်ပိုင်း တစ်ခြမ်းလုံးပါသွားပြီး ၁၈၈၅ မှာ တစ်ပြည်လုံး ကျွန်ဖြစ်တယ်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး ပေါ်လာတော့မှ မင်းတိုင်ပင် အမတ်လို့ခေါ်တဲ့ လူထုမဲဆန္ဒပေးပြီး ရွေးကောက်တင်မြှောက်တဲ့စနစ်ကို စတင် မိတ်ဆက်ရတယ်။


သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၈)

“ကျနော်ဟာ ခင်ဗျားတို့လို တက္ကသိုလ်ပညာလည်း မသင်ဖူးဘူး၊ ဆင်းရဲတယ်။ လေးတန်းအထိပဲ ကျောင်းတက်ဖူးတယ်၊ သူများအိမ်က ကျွဲ၊ နွား၊ ဆိတ်တွေ ကျောင်းပြီး အိမ်အတွက် ဝင်ငွေရှာခဲ့ရတယ်။ ငယ်ငယ်ကတည်းက သူများလို အဝတ်အစား ကောင်းကောင်းမဝတ်ခဲ့ရဘူး၊ ဟင်းကောင်းကောင်း မစားရဘူး ... အမိုးလုံတဲ့အိမ်နဲ့ မနေဖူးဘူး”

ကျနော်တို့အားလုံး ... ခွပ်ဒေါင်းအလံကြီး နောက်ခံထားပြီး ခံစားချက်အပြည့်နဲ့ပြောနေတဲ့ ဗလတောင့်တောင့်၊ တုတ်တုတ်ခိုင်ခိုင်၊ အရပ်ပြတ်ပြတ်နဲ့ ဇော်မြင့်ရဲ့မျက်နှာကို ငေးကြည့်နေတယ်။ ခန်းမအလယ် မျက်နှာကျက်ကနေ ချိတ်နဲ့ဆွဲထားတဲ့ လသာမှန်အိမ်ကြီးရဲ့ အလင်းရောင်အောက်မှာ ဇော်မြင့် မျက်ရည်ဝေနေတာကို မြင်ရတယ်။

“ကျနော် တမူးနယ်စပ်မှာ ကုန်ထမ်းပြီး ထမင်းရှာစားနေတာ၊ တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြလို့ စစ်တပ်က သေနတ်နဲ့ပစ်သတ်တယ်ကြားတော့ ကျနော် အံ့သြတယ်။ ဒီနယ်စပ်မှာ စစ်သားတွေနဲ့ ဓားပြတွေ၊ ကသဲ သူပုန်တွေပဲ တိုက်ပွဲဖြစ်တာ ကြားဖူးတာ၊ တက္ကသိုလ်မှာ တိုက်ပွဲဖြစ်တာ အံ့သြတယ်”

အားလုံး ပြုံးစိစိဖြစ်သွားတယ်။


ကာတွန်း ဟန်လေးရဲ့ လက်ရာတချို့


နှမလက်လျှော့ ... ကိစ္စ (ကမာပုလဲ)

တွံတေးသိန်းတန်က သေသွားပြီ
“ဃ” က မယ်တယ်လ် ပဲ ဆိုနေတော့ ခက်တယ်
အရွဲ့တိုက်နေတဲ့ ဆောင်းအအေးဒဏ်အောက်မှာ
ကချင်ပြည်နယ်က စစ်ဘေးသင့်ကလေးတွေအတွက် ...
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်နေသူတွေအတွက် ...
အချိန်နဲ့အမျှ ရတက်မအေးနိုင်ခဲ့ဘူး ...


Monday, January 21, 2013

အိုဘားမား ဒုတိယသက်တမ်း နဲ့ မြန်မာ့အရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း က မြန်မာ့အရေး လေ့လာစောင့်ကြည့် သုံးသပ်သူ ဦးဘိုလှတင့်နဲ့ သမ္မတ အိုဘားမားအနေနဲ့ သူ့ သမ္မတအစိုးရ ဒုတိယသက်တမ်းအတွင်းမှာ မြန်မာပြည် အပါအဝင် အာရှရေးရာတွေမှာ ဘယ်လိုမူဝါဒတွေနဲ့ ကျင့်သုံးဆောင်ရွက်လုပ်ကိုင်သွားမယ်ဆိုတာကို ဆွေးနွေး သုံးသပ်ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ ဒုတိယသက်တမ်းကို ကျမ်းသစ္စာကျိန်ဆိုမယ့် သမ္မတ အိုဘားမားအနေနဲ့ ဒီ ဒုတိယသက်တမ်းအတွင်းမှာ မြန်မာပြည် အပါအဝင် အာရှရေးရာတွေမှာ ဘယ်လိုမူဝါဒတွေ ကျင့်သုံးလာမယ်ဆိုတာကို ဆွေးနွေးထားပါတယ်။ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူ ဦးဘိုလှတင့်အနေနဲ့ သမ္မတ အိုဘားမားဟာ ပထမသက်တမ်းမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှုအပေါ်မှာ တိုးတက်မှုတွေရှိအောင် လုပ်သွားနိုင်ခဲ့တယ်ဆိုရင် အဲဒီလို လုပ်နိုင်ခဲ့တဲ့ အဓိကအကြောင်းရင်းတွေက ဘာကြောင့်လဲဆိုတာကို အရင်ရှင်းပြပါ။

ဦးဘိုလှတင့် ။ ။ ပထမအချက်ကတော့ အားလုံးသိတဲ့အတိုင်းပါပဲ၊ သူတို့က pragmatic engagement လို့ခေါ်တဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ပေါ်လစီကို စပြီးတော့ကျင့်သုံးတယ်ဆိုတာကို အားလုံးအသိပါ။ ဒီ သမ္မတသက်တမ်းမှာ ပထမဦးဆုံး အဆင့်မြင့် နိုင်ငံခြားရေးဝန်ကြီးအဆင့်တို့၊ သမ္မတအဆင့်တို့ ခေါင်းဆောင်ပိုင်းတွေ မြန်မာနိုင်ငံကိုသွားပြီးတော့ လည်ပတ်ခဲ့တယ်။


အိုဇာတာ (ခင်ငြိမ်းသစ်)

ဗုဒ္ဓရဲ့တရားတော်မှာ အိုခြင်း၊ နာခြင်းနဲ့ သေခြင်းတွေကို ဒုက္ခလို့ ဟောကြားတော်မူခဲ့သော်လည်း ကျွန်မ ငယ်ငယ်ကတော့ ဘာကြောင့် ဒုက္ခလို့သတ်မှတ်ရမှန်း ရေရေရာရာ နားမလည်လှပါ။ ကျွန်မရဲ့မေမေက ကျွန်မတို့ကို သူ အိုဇာတာကောင်းမည်လို့ ဗေဒင်ဆရာတွေကပြောတဲ့အကြောင်းကို အမြဲပြောတာ မှတ်မိနေသည်။ မေမေ ဘာကြောင့် အိုဇာတာကောင်းချင်သည်ဆိုတာကို ကျွန်မတို့ နားမလည်တတ်ခဲ့ပါ။

အိုဇာတာနဲ့ပတ်သက်ပြီး ကျွန်မ သေချာနားလည်လိုက်သော အဖြစ်အပျက်တစ်ခုကို ၁၉၈၅ ခုနှစ်လောက်က ကျမ ကြုံတွေ့ခဲ့တာကို မှတ်မိနေသေးသည်။ ကျွန်မနဲ့ ဖေဖေ ကုန်တိုက်(၂) ကိုရောက်တဲ့ အချိန်မှာပဲ လမ်းဘေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေ လှုပ်လှုပ်ရှားရှား ပြေးကြလွှားကြဖြစ်သွားသည်။ အဲဒီ့အချိန်က အကြီးအကျယ်လုပ်နေတဲ့ ဂဠုန်စီမံချက်နဲ့ လမ်းဘေးဈေးသည်တွေကို လိုက်လံဖမ်းဆီးနေသော စည်ပင်သာယာကလူတွေ လာကြခြင်းဖြစ်သည်။

ဈေးသည်တွေအားလုံး ကိုယ့်ပစ္စည်းကိုသယ်ပြီး ပြေးကြသည်။ ဂဠုန်အဖွဲ့က ပစ္စည်းမိလျှင် ပစ္စည်း သိမ်းသည်၊ လူမိလျှင်တော့ လူပါဖမ်းသည်။ ထိုသို့ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေပေမယ့် အသက်အရွယ်ကြီးရင့်နေတဲ့ အဘွားအို တစ်ဦးကတော့ဖြင့် သူများလို မပြေးနိုင်ရှာပါ။


Friday, January 18, 2013

အချစ် ... ကိစ္စ (ကမာပုလဲ)

ဘူတာရုံကလေးက
ရထားကို အချစ်နဲ့စောင့်တယ် ...။

လောင်စာမောင်းနှင်တွန်းအား အချစ်စိတ်က
ဘူတာရုံကလေးဆီ ရထားကို မောင်းဝင်လာခဲ့ ...။


ဒါလေးများ … ဒါလေးများ (ကာတွန်း စောငို)

စစ်ရေးနဲ့ မဖြေရှင်းနိုင်တဲ့ ကချင်ပဋိပက္ခ

ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက် အစီအစဉ်မှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစု KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို စစ်ရေးနည်းလမ်းသက်သက်နဲ့သာ ဖြေရှင်းမယ့်သဘော အစိုးရဘက်ကပြသနေတယ်လို့ KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ က ပြောဆိုပါတယ်။ ထိုးစစ်ကို အရှိန်မြှင့် တိုက်ခိုက်နေတဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို ပြန်ကြားရခက်နေတယ်လို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာလဂျာ နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ KIA, KIO ခေါ် ကချင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစုနဲ့ မြန်မာစစ်အစိုးရတို့ဟာ အပစ်အခတ် ရပ်စဲရေးရယူခဲ့ကြတာ ၁၇နှစ် ကြာခဲ့ပြီးတဲ့နောက် တိုင်းရင်းသားတပ်ဖွဲ့တွေကို စစ်တပ်ရဲ့လက်အောက်ခံ နယ်ကြားစောင့်တပ်ဖွဲ့အဖြစ် အပြောင်းအလဲ ဖွဲ့စည်းရေးလုပ်လာတဲ့အတွက် အခြေအနေ ပြန်လည်းတင်းမာသွားခဲ့ပါတယ်။


Thursday, January 17, 2013

ရန်ကုန်လည်ပြန် (မောင်လွမ်းဏီ)

ခြင်္သေ့ရုပ်တုတွေ
မျက်စောင်းခဲနေတဲ့ ဆူးလေဘုရား
ခိုပြာ ခိုနက်ကလည်း လူလန့်စာစား။

ဗန္ဓုလ ကျောက်တိုင်လား
ဓားလွတ်တောင် မထောင်နိုင်။

အမှိုက်က စ
ပြဿဒ်မီးလောင်ပဲ ကြားဖူးပါတယ်
အမှိုက်မသိမ်းလို့
ကာရာအိုကေယိမ်းက
အမှိုက်ပုံဘေးမှာ
တော်သလင်း အိမ်ယာဖြစ်သတဲ့။


Wednesday, January 16, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၇)

“ကြိတ်ထားဟ ... ကြိတ်လိုက်စမ်း”

“ဝက်ကြီးကွ”… “ညိုကြီးကွ”

“ဝါးမနေနဲ့ မြိုချလိုက် … မြိုချလိုက်”

“ရော့ ... နောက် တတုံး”

“မောင်ညို အရှုံးမပေးနဲ့ ... ကြိတ်ထား … ဗိုက်ကလေးလှုပ်ပြီး ဝါး”

“ဝေး၊ ဝေး၊ ဝေး၊ ဝေး …”

ကျနော့်စားပွဲခုံရှည်ကြီးမှာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်ပြီး ဝက်ဆီတုံးကြီးတွေ ပလုတ်ပလောင်း မြိုနေတဲ့ဝက်ကြီး (ဇော်နိုင် - မန်းဆေးတက္ကသိုလ်) ရဲ့ အခြေအနေ ဘယ်လိုနေမယ် မသိ၊ ကျနော်ကတော့ ခေါင်းတွေမူးပြီး မျက်လုံးတွေဝါးနေပြီ၊ ဗိုက်လည်း ပြည့်လျှံပြီး အီလည်လည်ဖြစ်နေပြီ။ ဒါပေမဲ့ ဝက်ကြီးကိုတော့ အရှုံးပေးလို့မဖြစ်၊ သူက ဝက်သားကို ဘယ်နှစ်ပိဿာကုန်အောင် တထိုင်ထဲအပြတ်စားနိုင်တယ် ဘာညာနဲ့ အသားငတ်ရတဲ့အထဲ တချိန်လုံးကြွားခဲ့တာ။ တကယ်လည်း သူက တရုတ်လူမျိုးပီပီ ဝက်သားကကြိုက်သလို ဖြူဖြူဝဝနဲ့ အသားကုန်ဆွဲနေတယ်။ ကျနော်ကလည်း ငယ်ငယ်ကတည်းက ဝက်သားကြိုက်။ ဝက်သားဆိုရင် အဆီတုံးမှဝါးတာ။


၂၀၁၃ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှစ် ဖြစ်မည်လော (မောင်ဝံသ)

ပြီးခဲ့တဲ့ သီတင်းပတ်တစ်ခုအတွင်း မြန်မာ့နိုင်ငံရေးအတွက် အထူးခြားဆုံး သတင်းဖြစ်ရပ်တစ်ခုလို့ဆိုနိုင်တာကတော့ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ နိုင်ငံတော် သမ္မတကြီး တွေ့ဆုံတာ၊ မကြာခင်မှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ကျွန်တော် ယူဆမိတယ်ဗျ။

သက်တမ်းရင့် လက်နက်ကိုင်အဖွဲ့ 

အားလုံးသိကြတဲ့အတိုင်း KNU ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာပဲ အစိုးရကို လက်နက်စွဲကိုင် ပုန်ကန်တိုက်ခိုက်ခဲ့တဲ့ ကရင်အမျိုးသား ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ KNDO ကို ဆက်ခံခဲ့တဲ့အဖွဲ့ဖြစ်တာကြောင့် ကျွန်တော်တို့နိုင်ငံမှာ သက်တမ်းအရင့်ဆုံး လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကြီး ဖြစ်တယ်ဗျ။ ပြောရရင် မြန်မာမှာသာမက ကမ္ဘာမှာတောင် သက်တမ်းအရင့်ဆုံး တော်လှန်ရေးအဖွဲ့တွေထဲကတစ်ခုလို့ ဆိုနိုင်တယ်ဗျ။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း လက်ရှိအစိုးရမတိုင်မီ အရင် စစ်အစိုးရတွေလက်ထက်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်းမရှိခဲ့တဲ့ တစ်ခုတည်းသော အင်အားကြီး လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်ခဲ့တယ်ဗျ။


ဖွဲ့ဆိုခြင်း (ကမာပုလဲ)

ချစ်ခြင်းမေတ္တာကို
သံယောဇဉ်နဲ့ ဖွဲ့ပါ ...။

အမေ့ကို
ကျေးဇူးတရားနဲ့ ဖွဲ့ပါ ...။

ချစ်သူကို
အိပ်မက်နဲ့ ဖွဲ့ပါ ...။


လွှတ်တော် ... (ကာတွန်း စောငို)

ကဗျာနဲ့ မီးလှုံရင်း (မင်းကိုနိုင်)

ဖြောင့်ချက်ပေးရရင်တော့
လွမ်းတုန်းပေါ့ ဆောင်းရယ်

နှင်းကျဲကျဲကြိုရုံနဲ့
သီချင်းရွှဲရွှဲဆို

ညကိုသံစဉ်တွေနဲ့ လောင်းလိုက်ကြ
ဒီတုန်းက ကြယ်တွေတောင်
မီးစက်နှိုးတုန်းရှိသေးတယ်


ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ပိုပြီးရရှိရေးဟာ ကချင်အရေး အပါအဝင် မြန်မာနိုင်ငံ တိုင်းရင်းသားအရေး ဖြေရှင်းနိုင်ဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်လို့ ကရင်ငြိမ်းချမ်းရေး အကျိုးဆောင်လည်းဖြစ် လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ပါမောက္ခ ဦးထွန်းအောင်ချိန်က ပြောလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ဖွဲ့စည်းပုံထက်ပိုပြီး Federal သဘောဆောင်တယ်လို့လည်း သူက ဆိုပါတယ်။ ဘာကြောင့်ပါလဲ။ ပါမောက္ခ ဦးထွန်းအောင်ချိန်ကို မေးမြန်းပြီး ဦးကျော်ဇံသာ သုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ ပထမဦးဆုံးက အခုမြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် မြန်မာပြည်သူတွေကကော နိုင်ငံတကာကကော ငြိမ်းချမ်းရေး ပိုမိုထွန်းကားလာလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် တခြားတိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကနေပြီးတော့ ပိုပြီးတော့တောင်မှ တိုးတက်တဲ့ သဘောထားတွေတွေ့ရပေမယ့် ကချင်တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနဲ့ကျတော့ ဘာဖြစ်လို့ပိုပြီးတော့ အခြေအနေဆိုးသွားတယ်လို့ ဆရာ ထင်ပါသလဲ။ ဆရာ သုံးသပ်ချက်ကို ပထမဦးဆုံး အကျဉ်းရုံး ပြောပါဆရာ။


စိုက်ပျိုးရေးကို အခြေခံ ... (ကာတွန်း စောငို)

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၆)

ဒီဆောင်းပါးရေးဖို့ပြင်ဆင်နေတဲ့အချိန်မှာ အိန္ဒိယမြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ စာပေဟောပြောပွဲလုပ်တဲ့သတင်း ကြားတယ်။ တချိန်က ဒီမြို့လေးကိုရောက်လာတဲ့ တခြားနယ်ကကျောင်းသားမှန်သမျှကို ဖမ်းဆီးစစ်ဆေးပြီး ထောင်ထဲပို့တာ၊ မိဘရပ်ဆီလွှဲပြောင်းတာတွေ ခံခဲ့ရပြီး၊ အခု နှစ်အစိတ်လောက်ကြာတဲ့အခါမှာတော့ ကျောင်းသားခေါင်းဆောင်တွေကိုယ်တိုင် အဲဒီမြို့မှာ ထင်ထင်ပေါ်ပေါ်နဲ့ ဟောပြောမှုတွေ လုပ်နေပြီဆိုတော့ ... ကျနော်ဟာ ကံကြမ္မာရဲ့လှည့်ဖျားမှုတွေကို သွားဆင်ခြင်မိတယ်။ ၁၉၈၈ အာဏာသိမ်းပြီးစ နယ်စပ်မြို့တွေဖြတ်ပြီး တဖက်နိုင်ငံ အစွန်အဖျားတွေကို (ထိုင်း၊ အိန္ဒိယ၊ တရုတ်) ကျနော်တို့ ကျောင်းသားတွေ ... တော်လှန်ရေးလုပ်ဖို့ ထွက်ခဲ့ကြတယ်။ အဲဒီတုန်းက ဓားကိုဓားချင်း၊ လှံကိုလှံချင်းဆိုတဲ့ စိတ်ဓာတ်တွေနဲ့ပေါ့။


Wednesday, January 9, 2013

အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ (မောင်ဝံသ)

ရခိုင်ပြည်နယ်ကပဋိပက္ခများ စုံစမ်းစစ်ဆေးရေး၊ လက်ပံတောင်းတောင်အရေး၊ မိုးထိမိုးမိနဲ့ ရွှေတော်ဝင် အလုပ်သမားဆန္ဒပြမှုကိစ္စတို့လို လတ်တလော မြန်မာနိုင်ငံရေးမှာ ထိပ်ဆုံးတန်းက နေရာယူထားတဲ့ အရေးကိစ္စတစ်ချို့ (နှိုင်းယှဉ်ချက်အရ) နည်းနည်းလေး အသံတိုးတိမ်သွားချိန်မှာ နှစ်ဟောင်းကတည်းက အရှိန်မြင့်တက်လာနေခဲ့ပြီး နှစ်သစ်ရဲ့နိဒါန်းမှာ အထွတ်အထိပ်ကို ရောက်လာပြီလားလို့ လူအများ တွေးတော စိုးရိမ်ပူပန်နေကြတဲ့ကိစ္စတစ်ခုကတော့ ကချင်ပြည်နယ်မှာ သေနတ်သံတွေ မစဲသေးတဲ့အခြေအနေဖြစ်ပြီး အဲဒီကိစ္စနဲ့အတူ အခုတလောလေးမှာ ပြည်သူ့အလွှာမျိုးစုံအကြား ဆွေးနွေးလာကြတဲ့ အကြောင်းအရာတစ်ခုကတော့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံရဲ့သမ္မတ ဘယ်သူဖြစ်လာနိုင်သလဲဆိုတဲ့ ခေါင်းစဉ်ဖြစ်တယ်ဗျ။

ကချင်ပြဿနာ ဆင်ခြေရာ မရှာချင်တော့

နှစ်သစ်မှာ အရေးတကြီးဖြစ်လာတဲ့ အဲဒီကိစ္စနှစ်ခုမှာ ကချင်ပြည်နယ်က စစ်ပွဲတွေကိစ္စကတော့ ‘ရှေ့နေသားအဖ ပုံပြင်’ အပါအဝင် ဆောင်းပါးပေါင်းများစွာတို့နဲ့ ဂျာနယ်တချို့မှာ ကျွန်တော် တင်ပြဆွေးနွေးခဲ့ပြီးဖြစ်တာကြောင့် အပ်ကြောင်းထပ်နေပြီဖြစ်ပြီး (အနည်းဆုံးတော့ အခုလောလောဆယ်မှာ) ဆင်ကောင်ကြီး တွေ့နေပါလျက် ဆင် ဟုတ် မဟုတ် သေချာအောင် ဆင်ခြေရာရှာတဲ့အလုပ်ကို ထပ်လုပ်ဖို့ ကျွန်တော့်အနေနဲ့ စိတ်မပါ့တပါဖြစ်နေတဲ့အတွက် လက်ရှောင်ထားပြီး ကျန်တဲ့ကိစ္စတစ်ခုအကြောင်းကိုပဲ ဆွေးနွေးချင်တယ်ဗျာ။


ကာတွန်း ဟန်လေးရဲ့ လက်ရာတချို့


ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ၈၈ မျိုးဆက်အင်အားစု

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ စစ်ရေးအခြေအနေ မအေးသေးတဲ့ ကချင်ဒေသ အခြေအနေတွေကို သွားရောက်စုံစမ်းလေ့လာနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးနဲ့ဆက်သွယ်ပြီးတော့ ဦးသန်းလွင်ထွန်း က ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်မှာ မြန်မာစစ်တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်နေကြပြီး မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေတောင် လုပ်ခဲ့ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း သူတို့ဘက်ကို လက်နက်ကြီး အမြောက်ဆံတွေ ကျရောက်ခဲ့တယ်လို့ သတိပေးမှုတွေ လုပ်ခဲ့ရပါတယ်။ ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့နဲ့ အနီးတဝိုက်မှာတော့ အခြေအနေက အထိတ်တလန့်ရှိနေပြီ၊ စစ်ပြေးဒုက္ခသည်တွေလည်း သောင်းနဲ့ချီရှိနေတယ်လို့ အဲဒီကိုသွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး က ဗွီအိုအေကို ပြောပြပါတယ်။


Sunday, January 6, 2013

နင်းရင်း ... ကန်ရင်း အလှူပေးပါတယ် (ကာတွန်း စောငို)

တင်ပြ - ချပြနှင့် ပြောင်းလဲရမည့် စိတ်ဓာတ်များ ... (ဖေမြင့်)


နိုင်ငံတော် သမ္မတ၏ မိန့်ခွန်း (၂၆ ဒီဇင်ဘာ ၂၀၁၂) က ထုံးစံအတိုင်း ကောင်းမြဲ ကောင်းနေသည်။

လွန်ခဲ့သော တစ်နှစ်နှင့်ကိုးလ၊ ပထမမိန့်ခွန်းတုန်းကတော့ ကောင်းတော့လည်း ကောင်းသည်။

သို့သော် အဲဒါမျိုး တစ်ခါမှ မကြားဖူးသဖြင့် ဟုတ်မှဟုတ်ရဲ့လား။ ဘာသဘောနဲ့ ပြောနေတာလဲ၊ စောင့်ကြည့်စမ်းပါဦးကွာ၊ စသဖြင့် အံ့သြတာနှင့် မယုံကြည်တာတွေ ရောနေခဲ့သည်။

ယခုတော့ ဒါမျိုးတွေကြားလာရတာ အတော်များများရှိပြီဆိုတော့ အထက်က နိဒါန်းချီသလို ထုံးစံအတိုင်း ကောင်းမြဲ ကောင်းသည်ဟု ဆိုလိုက်ရခြင်း ဖြစ်ပါသည်။

ဘာတွေ ကောင်းသလဲ။


ကာတွန်း ဟန်လေးရဲ့ လက်ရာတချို့

အာဏာရှင်စနစ်ရဲ့ ပန်းဥယျာဉ် ... (မိုဃ်းဇော်)

အာဏာရှင်စနစ်ရဲ့ ပန်းဥယျာဉ်ထဲမှာ
အကျဉ်းထောင်တွေဟာ
ပဟေဠိဖွက်တမ်းကစားတဲ့
ဝင်္ကဘာတွေဖြစ်လာတယ်။

ခွေးဆိုးတွေက
ချစ်စရာတိရိစ္ဆာန်ကလေးတွေဖြစ်လာတယ်။

နံပါတ်တုတ်တွေက
ဂေါက်ရိုက်တံကလေးတွေဖြစ်လာတယ်။

မျက်ရည်ယိုဗုံးတွေက
အိမ်အပြန်လက်ဆောင် သကြားလုံးကလေးတွေ ဖြစ်လာတယ်။


Saturday, January 5, 2013

ပြည်တွင်းစစ် (ကာတွန်း စောငို)

NLD ရှေ့ရေး - ဗကပ အတွေး

(၁) ဤဆောင်းပါးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) နာယက ဦးတင်ဦးက “ဒေါ်အောင်ဆန်းစုကြည်ကို အမြဲအားကိုးနေလို့ မဖြစ်” ဟုပြောတာကို ဖတ်ရလို့ ရေးလို့ရပြီဆိုပြီး ရေးခြင်းဖြစ်သည်။

(၂) ဒေါ်စုတယောက် လွှတ်တော် ပြေးတက်လိုက်၊ အိမ်ပြန်ပြီး တညလောက်အိပ်၊ ကော့မှူးကိုထွက် လုပ်နေရတာ၊ ဒီကြားထဲ နိုင်ငံခြားထွက်တာတွေတွေ့ပြီး ဒီ ၆၇ နှစ်အရွယ်နဲ့ ဘယ်လောက်ကြာကြာလုပ်နိုင်မှာလဲလို့ စဉ်းစားမိသည်။ သူ ဗမာပြည်နိုင်ငံရေးထဲ ဝင်လာတော့တောင် အသက် ၄ဝ ကျော်နေပြီ။ သူ့အဖေလို လူငယ်ခြေတက်ဘဝနဲ့ လုပ်ရတာ မဟုတ်။

ဒါထက် အရေးကြီးတာက …


ကာတွန်း ဟန်လေးရဲ့ လက်ရာတချို့


အကြောင်းနဲ့အကျိုးကင်းမဲ့တဲ့ အတွေးဟောင်း၊ ဓလေ့ဟောင်းတွေ အလိုမရှိ (ကိုညို)

ဘာဆိုင်လို့လဲ … ရွှေတိဂုံစေတီပေါ် လင်းတခိုနားတာနဲ့ အန္တရာယ်ကင်းကမ္မဝါတွေ ရွတ်ဖတ်ကြတယ်ဆိုတော့ … ဘယ်လို အကြောင်းအကျိုးဆက်စပ်နေလို့လဲ..။ အသားနဲ့ အပုတ်စားတဲ့ ငှက်သတ္တဝါက သူ့သဘာဝနဲ့သူပဲ။ မြန်မာတွေက လင်းတကို လာဘ်မရှိဘူး၊ ကျက်သရေယုတ်တယ်လို့ အယူရှိပေမယ့် အိမ်နီးချင်း အိန္ဒိယနိုင်ငံကတော့ လင်းတဆိုတာ လာဘ်တပါးပဲ။

နယူးဒေလီက အစိုးရအဆောက်အဦနဲ့ လွှတ်တော်အဆောက်အဦ၊ သမတအိမ်တော်နဲ့ မြို့ထဲက တိုက်တွေပေါ် လင်းတတွေ နားလေ့ရှိတာ မကြာခဏ မြင်ဖူးတယ်။ အဲလိုလင်းတနားလို့ မြို့နာတာတွေ၊ သမတကြီး အကြီးအကျယ်ဖျားနာတာတို့၊ အစိုးရဝန်ကြီးတွေ လာဘ်ပိတ်ကုန်တယ်ဆိုပြီး သတင်းစာထဲလည်း မတွေ့ဖူးဘူး၊ အရပ်ထဲလည်း မကြားဖူးဘူး။ ဘယ့်နှယ် ငှက်က အတောင်ညောင်းလို့ သူ့သဘာဝအတိုင်း အမြင့်မှာနားတာနဲ့ လူတွေက မဆီမဆိုင် သေပေးရမှာလား၊ လာဘ်ပိတ်ရမှာလား။


အသက်ပင် သေသေ … တဲ့ (ကာတွန်း အောင်မော်)

အောင်မြင်ခဲ့တဲ့ ၂၀၁၂ ဒီမိုကရေစီ ဖော်ဆောင်ရေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ၂၀၁၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးဟာ မျှော်လင့်တာထက်ပိုပြီးတော့ ပေါက်မြောက်အောင်မြင်ခဲ့တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg က သုံးသပ်ပါတယ်။ ဒါဆိုရင် တိုက်ပွဲတွေဆက်ဖြစ်နေသေးတဲ့ ကချင်ပြဿနာ၊ စစ်တပ်ရဲ့သြဇာကြီးစိုးမှု ဆက်ရှိနေသေးတဲ့ကိစ္စတွေကိုကော သူက ဘယ်လိုများ သုံးသပ်ပါသလဲ။ ဒီအကြောင်းအရာတွေကို ပါမောက္ခ Steinberg နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

Thursday, January 3, 2013

ပေါ်ပြူလာနိုင်ငံရေး နှင့် အာဏာနိုင်ငံရေး

“ဒီနေ့ကာလမှာ ကိုယ့်ကိုဝန်းရံနေတဲ့ ပြည်သူတွေကို ‘ရရင် ရ - မရရင် ချ’ ဆိုတဲ့ အတွေးအခေါ် တပ်ဆင်ထားနိုင်ရင် အောင်ပွဲနဲ့ နီးပါတယ်။ ‘ပေးမှ ယူမယ်’ ဆိုရင်တော့ အာဏာနဲ့ ဝေးပါမယ်။ အရင်းရှင် ဒီမိုကရေစီနိုင်ငံတွေမှာ စဉ်းစားသလို၊ လုပ်သလို စဉ်းစားလုပ်ဆောင်နေလို့ကတော့ ပြည်သူတွေ အောင်ပွဲစော် မနံနိုင်ကြောင်း …” 

(၁) 

ဗမာပြည်နိုင်ငံရေးမှာ ကောင်းတဲ့အစဉ်အလာတွေ ရှိခဲ့သလို မကောင်းတဲ့ အစဉ်အလာတွေလည်း ရှိခဲ့တယ်။ လူထုအားကို အခြေခံပြီး ဒီမိုကရေစီနည်းကျ စည်းရုံးယှဉ်ပြိုင်တာမျိုး တချို့က မလုပ်ချင်ကြဘူး။ မလုပ်နိုင်ကြဘူး။ လူပုဂ္ဂိုလ်တဦး ရှေ့တန်းရောက်လာ ပေါ်ပြူလာဖြစ်လာရင် ဘယ်လိုဆွဲချပစ်ရမလဲ၊ ဘယ်လိုရှင်းပစ်ကြမလဲ စဉ်းစားသူတွေရှိခဲ့တယ်။

ဒီကောင် လူတွင်ကျယ် လုပ်နေတယ်၊ ရှင်းပစ်ဆိုတဲ့ အတွေးအခေါ်တွေ၊ လုပ်ဟန်တွေ ထွန်းကားလာခဲ့တာ လွတ်လပ်ရေး အကြိုကာလကတည်းက ဖြစ်တယ်။ ဒီလိုနဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရေတိမ်နစ်ခဲ့ရတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွတ် ဗုံးခွဲလုပ်ကြံတာ ခံခဲ့ရတယ်။


ယမ်းလူးထားတဲ့ ပေဖူးလွှာ … (ကာတွန်း လိုင်လုဏ်)

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နဲ့ လူ့အခွင့်အရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်းဖြစ်ခဲ့တဲ့ ဆန္ဒပြကန့်ကွက်မှု သဘောထားဆန္ဒ ထုတ်ဖော်မှုတွေဟာ လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲဆိုတာတွေကို FDB (Forum for Democracy in Burma) မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် ကို ဗွီအိုအေ စတူဒီယိုမှာ ကိုသားညွန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး ။ ။ ဒေါက်တာနိုင်အောင် အခုလို ဗွီအိုအေ စတူဒီယိုကိုလာပြီးတော့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျား။ ကျနော် အခုအရင်ဆုံးမေးချင်တာက လတ်တလော မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ဆန္ဒပြကန့်ကွက်မှုတွေ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကလည်း ဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲမှုနဲ့အတူ လွတ်လပ်မှုတွေရလာတော့ တချို့ ဆန္ဒပြကန့်ကွက်မှုတွေ ကိုယ့်ရဲ့သဘောထားတွေ ထုတ်ဖော်မှုတွေ များလာတာကို တွေ့ရတယ်။ ဒီအခြေအနေတွေက တဖက်မှာသွားနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်သံတွေ အတော်လေး ကြားရတယ်။ ကိုနိုင်အောင် အမြင်လည်း သိချင်ပါတယ်။


Wednesday, January 2, 2013

နှစ်ဟောင်းသို့ တစေ့တစောင်း (မောင်ဝံသ)

ကမ္ဘာ တကယ်မပျက်ခဲ့တဲ့ နှစ် 

ကျွန်တော်တို့ ဂျာနယ်ထွက်မယ့်နေ့က ၂၀၁၃ ခု နှစ်သစ်ရဲ့ အစနေ့ ဖြစ်တာမို့ ပြည်သူ့ခေတ် ဂျာနယ်ကို အပတ်စဉ်မပြတ် စောင့်မျှော်အားပေး ဖတ်ရှုနေကြတဲ့ ကျွန်တော်တို့ရဲ့ ချစ်စွာသော စာဖတ်ပရိသတ်ကြီးသာမက ကမ္ဘာသူ ကမ္ဘာသား အားလုံးပါ အတိုင်းမသိ ဝမ်းမြောက် ပျော်ရွှင်ချမ်းမြေ့ဖြစ်ကြရမယ့် အကြောင်းတစ်ခုရှိတယ်ဗျ။

အဲဒါကတော့ အကြားအမြင် ဗဟုသုတကြွယ်ဝပြီး သိမြင်နှံ့စပ်ကြတဲ့ (Well Informed) ပုဂ္ဂိုလ်များ သိရှိထားကြပြီးဖြစ်တဲ့ ကမ္ဘာကြီး နိဂုံးချုပ်မယ့် ဘေးအန္တရာယ်ကနေ လွန်မြောက်နိုင်ခဲ့ပြီဆိုတာကို စိတ်ချလက်ချ ပြောနိုင်ပြီဖြစ်လို့ပဲဗျ။ ရှေးဟောင်း မာယာလူမျိုးတွေရဲ့ပြက္ခဒိန် အဆုံးသတ်တဲ့ ၂၀၁၂ မှာ ကမ္ဘာကြီးမပျက်ဘဲ နဂိုအတိုင်းဆက်ရှိနေတာကို တွေ့ကြရမှာဖြစ်တဲ့အတွက် ကမ္ဘာသူ ကမ္ဘာသားတစ်ဦးဖြစ်တဲ့ ကျွန်တော်ကတော့ စိတ်အေးသွားတာ အမှန်ဖြစ်တယ်ဗျာ။ ၂၀၁၂ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးသူတိုင်း ကျွန်တော့်ရဲ့အဲဒီခံစားချက်ကို စာနာနားလည်ပေးနိုင်ကြမယ် ထင်တယ်ဗျ။