Wednesday, March 31, 2010

အန်အယ်ဒီရဲ့ ရှေ့နိုင်ငံရေးလမ်းကြောင်း

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတော့ အာဏာလွဲပြောင်းပေးခြင်းကို မရခဲ့တဲ့ NLD ပါတီဟာ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ်လည်း မှတ်ပုံတင်မတင်သလို၊ ရွေးကောက်ပွဲလည်း ဝင်မှာမဟုတ်ဘူး ဆိုတဲ့ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ ၂ ရက်က ချမှတ်ခဲ့ပါတယ်။ အဲဒီတော့ NLD ပါတီအနေနဲ့ NLD ပါတီဆိုတဲ့ နာမည်အောက်မှာ ဆက်ပြီးတော့နိုင်ငံရေးလုပ်ဖို့အတွက် အခက်အခဲတွေ တွေ့လာရနိုင်ပါတယ်။ ဒီတော့ NLD ပါတီက ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ ရှေ့မှာလျှောက်လှမ်းကြမယ့် နိုင်ငံရေးအရ လမ်းကြောင်းက ဘာလဲဆိုတာကို NLD ပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးရာမှာတော့ …

ဦးဉာဏ်ဝင်း ။ ။ NLD က လက်ရှိဆောင်ရွက်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စကို နဂိုအတိုင်းပဲ ဆက်သွားမယ်၊ ဆက်လုပ်မယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးတစပ်တဆက်တည်း၊ ဒီလုပ်ငန်းတွေ အားလုံးဟာ နိုင်ငံရေးအလုပ်တွေပဲ။ တခုပဲရှိတယ်၊ အခုနပြောတဲ့ NLD ဆိုတဲ့ အမည်ကိုသုံးစွဲခွင့်မရှိတဲ့ဟာမျိုး ကြုံနိုင်ပါတယ်။ သုံးစွဲခွင့် မရှိရင်လည်း နိုင်ငံရေးလှုပ်ရှားမှုက ဆက်လက်ဆောင်ရွက်သွားမယ်လို့ အကြမ်းဖျဉ်း ပြောလို့ရတယ်။ အသေးစိတ်အားဖြင့် ဘယ်ကိစ္စ ဘယ်လိုလုပ်မယ်ဆိုတာမျိုးနဲ့ ပတ်သက်ရင်တော့ ကျနော်အနေနဲ့ အခုအချိန်မှာ မပြောနိုင်ပါဘူး။ အဖွဲ့ချုပ်က နောက် သုံးသပ် ဆုံးဖြတ်ပြီးတဲ့အခါမှ ပြောလို့ရမယ့်ကိစ္စတွေပါ။

ဘီဘီစီ ။ ။ အဖွဲ့ကြီးတခုအနေနဲ့ပဲ ဆက်သွားမှာလား ဒါမှမဟုတ် အဖွဲ့လေးတွေခွဲပြီးတော့ အခြားပုံစံမျိုးနဲ့ ဆက်သွားမှာလား။

ဦးဉာဏ်ဝင်း ။ ။ အဲဒီလို အခြေအနေမျိုးက ရောက်ချင်လည်း ရောက်လာမှာပေါ့နော်၊ အခုလက်ရှိအားဖြင့် NLD ဟာ အပေါ်မှာ CEC, CC နောက် တိုင်းနဲ့ပြည်နယ်၊ မြို့နယ် ဒီလို အပေါ်အောက်အဆင့် သွားတာကိုး။ အကယ်၍ NLD သာ ဟိုဒင်းဖြစ်ခဲ့မယ်ဆိုရင် ဒီအဆင့်အတိုင်းမဟုတ်တော့ ဆက်ဆံမှု Communication လိုင်းတွေဟာ အသစ် ဖြစ်ပါလိမ့်မယ်။ လောလောဆယ် အသစ်ဖြစ်လာမယ့် Communication လိုင်းတွေနဲ့ပတ်သက်ရင်တော့ အခုအချိန် မပြောနိုင်သေးပါဘူး။

ဘီဘီစီ ။ ။ NLD ပါတီရဲ့ဆုံးဖြတ်ချက်က ပါတီအဖြစ်မှတ်ပုံ မတင်ဘူး၊ ရွေးကောက်ပွဲကို မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ဒီမိုကရေစီရေးလိုလားတယ်လို့ပြောတဲ့ ပါတီတွေရှိပါတယ်။ သူတို့က ရွေးကောက်ပွဲနည်းလမ်းပဲရှိတယ်လို့ ပြောပါတယ်။ အဲဒီကနေဆက်ပြီးတော့ ဒီမိုကရေစီကို ချဲ့မယ်လို့ ပြောကြပါတယ်။ ဆိုတော့ အဲဒီလို ပါတီတွေပေါ်မှာကော NLD ရဲ့သဘောထားက ဘယ်လိုရှိသွားပါသလဲခင်ဗျ။

ဦးဉာဏ်ဝင်း ။ ။ NLD က အဲဒီလိုပါတီတွေအတွက် ကျနော်တို့ သူတို့ရဲ့သဘောထားကို မဝေဖန်လိုဘူး။ ဒါ သူတို့မှာ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် တခုတော့ပြောချင်ပါတယ်။ NLD က ဒီလိုဆုံးဖြတ်ရတာဟာ နဝတ၊ နအဖ ကျင်းပတဲ့ ရွေးကောက်ပွဲအနိုင်ရပြီးသား ပါတီတခုအနေနဲ့ ဒါကိုထည့်သွင်းစဉ်းစားပြီး အခုလိုဆုံးဖြတ်တာလို့ ပြောချင်ပါတယ်။ သူတို့ကို ကျနော်တို့ မဝေဖန်ပါဘူး။

ဒါကတော့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းပါ။

မတ်လ ၃၁ ရက်၊ ၂၀၁၀ ပြည့်နှစ် ဘီဘီစီ (ညပိုင်း) အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။

Thursday, March 25, 2010

စာစိတ်ပေစိတ်အစ တက္ကသိုလ်ဘုန်းနိုင်က (မောင်တောက်)

စတုတ္ထတန်း စာမေးပွဲကြီးကား ပြီးဆုံးသွားခဲ့ပေပြီ။ ကျနော့်မှာတော့ မွေးစားဖခင်၏ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော ဆေးရုံလိုတိုက်ကြီးထဲတွင် ကိုယ့်ကံဇာတာနှင့်ကိုယ် အထီးကျန်ဆန်နေရသည်။

စည်းကမ်းကြီးလွန်းသော မွေးစားဖခင်အရာရှိကြောင့် တိုက်ပေါ်မှ လမ်းမပေါ်သို့ပင် ဆင်းမဆော့ရ။ ရုပ်မြင်သံကြားခေတ်ကလည်း မထွန်းကားသေး။ ဆေးရောင်စုံ လူပဒေသာများ၊ မော်တော်ကားများ၊ ဈေးသည်များ၊ ယဉ်ထိန်းရဲ၊ ရိုးရိုးရဲ၊ ကျနော်တို့ရိပ်သာမှ အရွယ်တူများ၏ လမ်းမပေါ် ဘောလုံးပွဲ။
အပေါ်ထပ်ဝရံတာမှ လှမ်းမြင်နေရသော ရန်ကုန်မြို့လယ်ရှုခင်းများကို ငေးမောရင်း နွေရာသီ ကျောင်းပိတ်ရက်၏ နာရီလက်တံတွေကို စိတ်အတွေးဖြင့် တဖြည်းဖြည်းချင်း လှည့်ပစ်နေရသည်။

ကြာတော့ ဝရံတာသို့ပင် မထွက်ချင်ဖြစ်လာ၏။ မြို့ပြမြင်ကွင်းတို့ကလည်း အမြင်အာရုံကို ပြောင်းလဲလှုပ်ခတ်လာအောင် မဆွဲဆောင်နိုင်ကြတော့။ ရိုးအီသွားသည်ဟုပဲ ဆိုရတော့မည်။

သလိုနှင့် ပြင်ပမြင်ကွင်းတို့ကိုကျောခိုင်းပြီး အိမ်တွင်းမှာပင် နွေရာသီကျောင်းပိတ်ရက်တို့ကို အကုန်မြန်စေမည့် တစုံတရာကို ရှာဖွေမိပေပြီ။ ကစားစရာတွေရှိသော်လည်း တဦးတည်းမို့ မထိမကိုင်ချင်ပြန်။ မွေးစားဖခင်က ရုံးသွားပြီး အမဖြစ်သူကလည်း ရုံးဝန်ထမ်းဖြစ်စ၊ မိခင်ကတော့ တရားစာအုပ်နှင့် လောကကြီးကို ဖုန်သုတ်နေတတ်၏။

ဘာရယ်မသိ။ တအိမ်လုံးရှိ အခန်းများသို့ အဝင်အထွက်ပြုရင်း မည်သည့်အရာကို ရှာဖွေနေမှန်းမသိ ရှာဖွေနေမိသည်။ ခြေလှမ်းတွေရပ်တန့်သွားတော့ အမဖြစ်သူ၏ စာအုပ်စင်ရှေ့။ အစီအစဉ် မကျတကျ ထပ်ထားသော စာအုပ်များဆီ အကြည့်ရောက်ပြီးနောက် လက်ကလည်း ကောက်ကိုင်လိုက်မိသည်။

‘ကမ္ဘာကုန်ကျယ်သရွေ့ဝယ်’

တက္ကသိုလ်ဘုန်းနိုင်၏ ထိုစာအုပ်ကြီးက ထူလွန်းလှသော်လည်း ကျနော်ပြန်မချဖြစ်တော့။ စာဖတ်မြန်သော ကိုယ့်အကြောင်းကို ကိုယ်တိုင်သဘောပေါက်ထားသည်မို့ ဧည့်ခန်းထဲထိုင်ကာ မနားတမ်း ဖတ်ရှုမိတော့သည်။
စတုတ္ထတန်း ကျောင်းသားအရွယ်မို့ အချစ်အကြောင်းတွေ စာလုံးမပေါင်းတတ်သေး။

သို့သော် တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်လမ်း၊ ဇာတ်ကွက်၊ စကားလုံးများနှင့် ဇာတ်ဆောင်တို့၏ စရိုက်လက္ခဏာတို့ကို နုနုငယ်ငယ်အရွယ်နှင့် ငြိတွယ်သွားတော့သည်။ ထို့နောက်ပိုင်း တက္ကသိုလ်ဘုန်းနိုင် အသည်းစွဲ ကျနော့်အမစာအုပ်စင်ပေါ်မှ ‘နွေကန္တာဦး’၊ ‘ညီမလေးရယ် စိုးရိမ်မိတယ်’၊ ‘မုန်းရစ်လေဦး’၊ ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်’ စသဖြင့် တအုပ်ပြီးတအုပ် ဖတ်နေမိတော့သည်။

ဆိုပါတော့။ နွေရာသီကျောင်းပိတ်ရက် တောက်လျှောက် မိမိအိမ်ထဲမှာပင် တက္ကသိုလ်ဘုန်းနိုင်၏ ဖန်တီးမှုအနုပညာ အကျယ်ချုပ်မိနေရသော ကျနော်။

*****

၁၉၈၉ ခုနှစ်။

စာပေနယ်ထဲသို့ ကဗျာတပုဒ်ဖြင့် စတင်ဝင်ရောက်ခဲ့ပြီး စာနယ်ဇင်းလောကထဲမှာပင် ကိုယ့်ကိုယ်ကို ပုံအပ်ထားလိုက်တော့သည်။ သည့်နောက် ၁၉၉၃ ခုနှစ်တွင် ‘ရင်ခုန်ပွင့်’ မဂ္ဂဇင်းကို အမည်မခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခွင့်ရခဲ့သည်။ မဂ္ဂဇင်းထုတ်ဝေသည့် စာပေတိုက်အမည်က …

‘အားမာန်သစ် စာပေ’

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကို အားမာန်သစ်စာပေတိုက်သို့ ရောက်လာမှ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ ကျနော်လည်း အတိတ်ကို သတိရကာ ကျနော်၏ စာစိတ်ပေစိတ်အစကို စိတ်အတွေးဖြင့် ပြန်လည် တူးဆွမိတော့၏။

ဟုတ်ပါရဲ့။ စတုတ္ထတန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ဘုန်းနိုင် လုံးချင်းဝတ္ထုများ၊ နွေရာသီကျောင်းပိတ်ရက်။ ဇာတ်လမ်း၊ ဇာတ်ကွက်၊ စကားလုံး၊ ဇာတ်ကောင်စရိုက်များ၊ သည့်နောက် စိတ်ပညာရှုထောင့်။

၁၉၅၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရရှိခဲ့ပြီး၊ ၁၉၅၉-၆၁ တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန်မဟာဌာနမှ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ဆရာကြီးသည် ရေးသမျှ တွေးသမျှ အနုပညာလက်ရာမှန်သမျှထဲ စိတ်ပညာရှုထောင့် အမြင်ကလေးတွဲပြီး ဖော်ကျူးတတ်သည်။

မှတ်မိသေး၏။ ၁၉၉၃ ခုနှစ်၊ တနင်္ဂနွေတရက်။ အားမာန်သစ်စာပေတိုက်ပိုင်ရှင် ခွန်ဂျာမှိုင်းနှင့် ကျနော် နံနက်စောစောထကာ သန်လျင်သို့ သွားခဲ့ဖူးသည်။ ခရီး၏ဦးတည်ရာကား ဓမ္မရောင်ခြည်ကျောင်းလမ်းထဲက ဆရာကြီး၏အိမ်။ နံနက်စောစောသွား၍ နေ့လည်တွင် ရန်ကုန်ဘက်ပြန်ကူးမည်ဟု ကျနော်တို့နှစ်ဦး၏ သဘောတူဆုံးဖြတ်ထားချက်ကား ဆရာကြီးနှင့်တွေ့တော့ အရည်ပျော်ကျသွားရသည်။

ခေါမ၊ ရောမနှင့် ဂရိ အတွေးအခေါ်များ၊ စိတ်ပညာရှုထောင့်အမြင်များနှင့် ကမ္ဘာ့စာပေ၊ မြန်မာ့စာပေအကြောင်း မပင်မပန်းပြောပြနေသည့် ဆရာကြီး၏ တန်ဖိုးရှိသောစကားလုံးများထဲတွင် ကျနော်နှင့် ခွန်ဂျာမှိုင်းတို့ ဝမ်းမြောက်ဝမ်းသာ ပျော်ဝင်သွားကြခြင်းပင်။ ထိုစဉ်က သန်လျင်မြစ်ကူးတံတားကြီး မပြီးသေးသဖြင့် နောက်ဆုံးကူးတို့သင်္ဘော ထွက်ချိန်နီးမှ ရန်ကုန်ဘက်သို့ ကမန်းကတန်း ပြန်ခဲ့ကြရသည်။

“ကဗျာဆန်တာနဲ့ ကဗျာမှုပြုတာ ခွဲကြည့်ရအောင်။ ကဗျာဆန်တယ်ဆိုတာက လှပတဲ့စကားလုံးလေးတွေကို ပုလဲတလုံး ရွဲတလုံးစီပြီး သီချင်းအဖြစ် ဆိုလိုက်တယ်။ အသက်မပါဘူး။ ကဗျာမှုပြုတယ်ဆိုတာက စကားလုံးတွေက လှရုံတင်မကဘူး။ အဲဒီ စကားလုံးလေးတွေ သွားနုတ်လို့မရဘူး။ အပိုတိုးလို့လည်း မရဘူး။ သူတို့သာလျှင် ဒီဟာကို ပြောနိုင်တယ်။ တခြားစကားလုံးတွေက မပြောနိုင်ဘူး”

ဂီတကို ကဗျာမှုပြုခြင်းနှင့်ပတ်သက်၍ စာနယ်ဇင်းဆရာ ဝင်းငြိမ်းနှင့်တွေ့ဆုံခန်းတွင် ဆရာကြီးပြောပြခဲ့ဖူးသော စကားလုံးများဖြစ်၏။ စကားပြောလျှင် မိမိလည်း စိတ်ပါလက်ပါ၊ တခြားသူတွေလည်း စိတ်ဝင်တစားရှိအောင် ပြောတတ်သူပင်။ ပြီးတော့ ဆရာကြီးပြောသမျှ အပိုအလိုမရှိ အားလုံးပကတိ တန်ဖိုးရှိသော အကြောင်းအရာနှင့် စကားလုံးများသာ ဖြစ်နေပြန်သည်။

ခုတော့ ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့၊ နံနက် ၇ နာရီခန့်က သန်လျင်မြို့ ဓမ္မရောင်ခြည်ကျောင်းလမ်း အိမ်အမှတ် ၃၆ နေအိမ်မှာပင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ကွယ်လွန်သွားခဲ့လေပြီ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုကြီးပေါ်ပေါက်နေချိန် တက္ကသိုလ်ဓမ္မာရုံတွင် ဒီမိုကရေစီရေး ဟောပြောခဲ့သဖြင့် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့ရသော ဦးခင်မောင်တင့် သို့မဟုတ် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် (၁၉၃ဝ-၂ဝဝ၂) … …

*****

အပြင်ဘက်မှာတော့ မိုးရေစက်တွေက လေးလေးတွဲ့တွဲ့ ပေါက်ကျနေ၏။ ဆရာကြီးရေးသားခဲ့သော ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်’ ဝတ္ထုထဲမှ စွယ်တော်ရွက်ကလေးများကတော့ မိုးရေစက်နှင့် လေတိုးသံများကြား ဘယ်ညာရမ်းရင်း “တက္ကသိုလ်ဘုန်းနိုင် မသေဘူး” ဟု ငြင်းဆန်နေကြရော့မည်။

ကျနော့်မှာတော့ စာစိတ်ပေစိတ်အစ တက္ကသိုလ်ဘုန်းနိုင်က ဟု ကျနော့်ငယ်ဘဝကိုတမ်းတပြီး ဆရာကြီး၏ ကျေးဇူးတရားတို့ကို ဂါရဝပြုမိနေတော့သည်။

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်
ကောင်းရာသုဂတိလားပါစေ။

ရေစီးသံဂျာနယ်
အတွဲ ၆၊ အမှတ် ၂
မေလ ၁၆ ရက်၊ ၂ဝဝ၂ ခုနှစ်

Tuesday, March 16, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၂)

ဖထီးမန်းက ဂိုက်လိုင်းပေးတယ်။ ကျနော်က အကောင်အထည်ဖော်တယ်။ တနေ့တော့ လူရှင်းတဲ့အချိန် ဖထီး အယ်နိုး ကို ကျနော်သွားတွေ့တယ်။

“ဖထီးရယ် အဆောင်မှာ ကြမ်းပိုးတွေ သိပ်ကိုက်တာပဲ၊ ညညကျရင် အိပ်လို့မရဘူး၊ ဖထီးမှာ စက်ကျဆီတွေ မရှိဘူးလား၊ ရှိရင် နည်းနည်း လိုချင်တယ်၊ အဆောင်ကို ကြမ်းပိုးတွေ သေအောင် သုတ်ချင်လို့”

ဖထီး အယ်နိုးကလည်း လွယ်လွယ်ကူကူပဲ မီးစက်ထဲက စက်ဆီအကျတွေ ခေါ်ပေးတယ်။ တောင်းတုန်းက နည်းနည်းပဲ၊ ဒါပေမယ့် တကယ်ယူတော့ လေးထောင့်ပုံးနဲ့ တပုံးအပြည့် ယူတယ်၊ ဖထီးအယ်နိုးကလည်း ဘာမှ မမေး၊ မစပ်စုဘူး။

ဖထီးအယ်နိုးကို အတုံအလှည့် ကျေးဇူးဆပ်တဲ့အနေနဲ့ ကျနော်တို့တောင်ယာကထွက်တဲ့ ပဲတောင်ရှည်၊ ခရမ်းချဉ်သီးရယ် ငရုတ်သီးစိမ်းနဲ့ သခွားသီးတွေ သွားပေးတယ်။ ပေးကမ်းခြင်းသည် ဘာကိစ္စမဆို အောင်မြင်ဖို့ရာအတွက် အထောက်အကူ ဖြစ်စေရာ၏ ဆိုတာလည်း ရှိတယ်မဟုတ်လား။

ဖထီး အယ်နိုးပေးလိုက်တဲ့ စက်ကျဆီကို တောင်ယာထဲမှာ ကျင်းတူး၊ ကျင်ထဲကိုထည့်၊ အပေါ်က သွပ်ပြားပိုင်းလေးနဲ့ ပြန်အုပ်၊ အဲဒီအပေါ်ကမှ တခါ ရှင်းထားတဲ့ ပေါင်းမြက်တွေ ပြန်အုပ်၊ အမှတ်တမဲ့ကြည့်ရင် စွန့်ထားတဲ့ အမှိုက်ပေါ့။ ဒါကို ညမိုးချုပ်မှာ ဂျယ်ရီကျွန်းကလေးကိုပို့၊ ကျန်တာကတော့ ရေနံအဖြစ်နဲ့ လှေကို သုတ်ရုံပဲပေါ့။

ဒီနေရာမှာ အဖြစ်အပျက် အပိုဆောင်းလေးတွေ ဖြစ်ပေါ်လာတာလည်း ရှိသေးတယ်။ ကျွန်းပေါ်ရောက်စတုန်းက ပင်လယ်ရေဆိုရင် သူချိုးချင်၊ ငါချိုးချင် ဖြစ်ကြတာပေါ့။ ဒါလည်း လူ့သဘာဝပဲ မဟုတ်လား။ ရှားပါးခက်ခဲရင် ဘယ်သူမဆို လိုချင်တဲ့သဘောပါ။ နောက်ပိုင်းကျတော့ ကျနော်တို့ တိုက်ချလိုက်တာ ပင်လယ်ရေ ချိုးချင်သလောက်ချိုး၊ တနေ့လုံးစိမ်ပြီး ချိုးချင်လည်းရတာပဲ။ အဲဒီလိုကျတော့လည်း ဘယ်သူမှ တောင်းတောင်းတတ မချိုးကြတော့ပါဘူး။

ရောက်ခါစ ပင်လယ်ရေ မစို့မပို့ချိုးရတဲ့အခါတုန်းက ရေကူးတတ်တဲ့လူတွေကလည်း အားရပါးရ ကူးကြပေါ့၊ ရေမကူးတတ်တဲ့ လူတွေကလည်း ရေကူးသင်ကြပေါ့။ ရေမကူးတတ်တဲ့ လူတွေထဲမှာ ဦးမြသန်းတင့်လည်း ပါတယ်။ သူလည်း ရေကူး သိပ်တတ်ချင်တဲ့အထဲမှာ ပါတယ်။ ရေကူးသင်ပေးပါပြောတာနဲ့ ကျနော် မှတ်မှတ်ရရ ရေကူးသင်ပေးလိုက်တာ ရေကူးတတ်သွားပါတယ်။

ရေကူးတတ်တဲ့လူတွေထဲမှာ နည်းစနစ်တကျနဲ့ ရေကူးတတ်လာတဲ့လူတွေထဲမှာ ကိုဖေအောင်ရယ်၊ ဒေါက်တာကျီးရယ်၊ ဆရာဗန်းမော်ရယ်။ သူတို့ရေကူးတာ စနစ်တကျတတ်လာတဲ့ လူတွေဆိုတော့ ကြည့်လို့လည်း လှတယ်၊ ကျနော်တို့ကတော့ မြစ်နားချောင်းနား မြစ်ဝကျွန်းပေါ်သားတွေမိုလို့ အများသူငါ တတ်လာသလိုပဲ ရေကူးတာမျိုးပါ။

၁၉၅၈ ခုနှစ်၊ နေဝင်း အိမ်စောင့်အစိုးရလက်ထက် ကျွန်းကို ပထမအကြိမ်ပို့ခဲ့စဉ်တုန်းက အခုလို မလွတ်လပ်ခဲ့ကြပါဘူး။ အဲဒီ ၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တုန်းက ကျွန်းကို အပို့ခံခဲ့ရသူတွေဟာ လေထီးဗိုလ်အုန်းမောင်၊ ဒလ ဦးထွန်းစိန်၊ ဆရာဗန်းမော်၊ ဆရာ ဦးမြသန်းတင့်၊ ကိုဖေအောင်တို့ဖြစ်တယ်။ ခုတခါပါနဲ့ဆို ဒုတိယအကြိမ်ပေါ့။

စံချိန်တင် ရေကူးခဲ့တဲ့ ဦးမြသန်းတင့်တို့

ဦးမြသန်းတင့် ဘာစိတ်ကူးရတယ် မသိပါဘူး၊ သူပြောသံကြားရတာကတော့ ပင်လယ်ပြင်ကို ဖြတ်မယ်ဆိုရင် တကယ် ရေကူးတတ်ရမယ်၊ အကြာကြီး ကူးနိုင်ရမယ်လို့ ဆိုပါတယ်။ ဒီသဘောနဲ့ပဲ ထင်ပါတယ်။ သူရယ်၊ မြင်းခြံ ကိုအောင်ငြိမ်း၊ ပြည်က ကိုချိုရယ်။ သူတို့ ၃ ယောက်သား အနောက်ဘက်ကမ်းခြေ ကျနော်တို့ ကိုကိုးကျွန်းကိုပို့တုန်းက တက်ခဲ့တဲ့နေရာ မှာ သူတို့လေ့ကျင့်လိုက်ကြတာ အဲဒီကမ်းခြေပြန့်ပြန့်လေးမှာ ခေါက်တုံ့ခေါက်ပြန် မနားတမ်း ဆက်တိုက် ၃ နာရီအချိန်ကြာ တဲ့ထိအောင် ရေထဲမှာစိမ်ပြီး ဆက်တိုက်ကူးနိုင်တယ်။ စံချိန်ပဲ၊ ချီးကျူးစရာပဲ။

သဲထိတ်ရင်ဖို ဖြစ်ရပ်

နောက်အဖြစ်အပျက်တခုကတော့ အင်မတန် သဲထိတ်ရင်ဖိုစရာကောင်းတဲ့ အဖြစ်အပျက်ပါ။ ကျနော်တို့ကိစ္စကလည်း ရိပ်မိတဲ့သူတွေ နည်းနည်းပါးပါး ရိပ်မိကြတယ်။ တချို့လည်း အားကျတာရှိတာပေါ့။ ပြိုင်ချင်တာလည်း ရှိမှာပေါ့။ တုချင်တာလည်း ရှိမှာပေါ့။

၁၉၆၇ ခုနှစ်၊ သြဂုတ်လ စစ်တွေဆန်လုပွဲမှာ ခေါင်းဆောင်တဲ့ ရခိုင်အမျိုးသား အောင်သာကျော်၊ ကိုမြတ်သန်း ပြီးတော့ တောင်တွင်းကြီးက ကိုတင်အေး။ သူတို့ ၃ ယောက် အကြံကြီး ကြံပါလေရော။ လုပ်ကိုင်ပုံကတော့ မသေမသပ်နဲ့။ အင်မတန်မှပဲ အန္တရာယ်များလှပါတယ်။

ကိုကိုးကျွန်းရဲ့တောင်ဘက် ကျွန်းဆွယ်လေးရဲ့အဆုံးလည်းဖြစ်၊ တောင်စွယ်လေးရဲ့အဆုံးလည်းဖြစ်တဲ့ အနောက်ဘက်ကမ်းခြေ တောစပ်ကလေးမှာ သူတို့ နေရာယူပြီး လုပ်တာ။ သူတို့နေရာယူပြီး လုပ်တဲ့နေရာက ကျနော်တို့ လျှို့လျှို့ဝှက်ဝှက်နဲ့ ပစ္စည်းတွေသယ်တဲ့ လမ်းကြောင်းဖြစ်နေတယ်။

မိုးလယ် ဇူလိုင်လထဲမှာလို့ ကျနော်ထင်တယ်။ တနေ့တော့ ကျနော်လုပ်ကိုင်စရာ တနေ့တာပြီးလို့ ဂျယ်ရီကျွန်းကနေ ပြန်ကူးလာတယ်။ ကျနော်တို့ ပစ္စည်းသယ်နေကျ လမ်းကလေးကပဲ တောရိပ်ခိုပြီး သတိနဲ့ပြန်လာတယ်။

ခဏလေးသွားတော့ တဒုတ်ဒုတ်နဲ့ ထုသံ၊ ရိုက်သံ ကြားရတယ်။ အသံကြားတဲ့ဆီကို ကျနော် ခြေဖွပြီး ဝင်သွားတယ်။ လား လား ဘသားချော ၃ ယောက် ထုရိုက်နေတာကို ပက်ပင်းတိုးတော့တာပဲ။ ကျနော်လည်း သူတို့ကို အံအားသင့်၊ သူတို့ ၃ ယောက်ကလည်း ကျနော့်ကို အံအားသင့် မှင်သက်ပြီး တယောက်နဲ့တယောက် စကားမပြောနိုင်ဘဲ ဖြစ်နေကြတယ်။

သူတို့လုပ်တာကိုင်တာ ကျနော်မြင်တော့ ကျနော် အတော်စိတ်ပျက်သွားတယ်။ သူတို့ဆောက်တဲ့ လှေပုံစံက ဘယ်လို နည်းနဲ့မှ လှေမဖြစ်လာနိုင်ဘူး။ ပင်လယ်မပြောနဲ့၊ ချောင်းရိုး မြောင်းရိုးကလေးတောင် သွားလို့မဖြစ်တဲ့ ပုံစံပါ။ လှေက အလျား ၅ တောင်ကျော်လောက် ရှိမယ်။ လှေတကူမရှိ ဘာမရှိနဲ့။ လုပ်တာကိုင်တာ ကင်းမချ ဘာမချနဲ့၊ ဝါဒါတွေနဲ့သာ ဘွားခနဲတိုးရင် ဘယ်လိုလုပ်မလဲ။ အကုန်လုံး ဒုက္ခဖြစ်မှာ။

အောင်သာကျော်က ကျနော့်ကိုခေါ်တယ်။ သူတို့နဲ့အတူ တွဲပြီးလုပ်ပါတဲ့။ ကျနော်တို့လုပ်နေတာ သူတို့သိပါတယ်တဲ့။ ကျနော်က ကျနော်တို့မှာ ဘာမှ အစီအစဉ်မရှိပါဘူးလို့ ငြင်းလိုက်ရတယ်။ ကျနော်က ပြန်ပြောလိုက်သေးတယ်။

“ခင်ဗျားတို့လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် အစောင့်လေး၊ ကင်းလေးချပြီးတော့မှ လုပ်ရင်ကောင်းတာပေါ့။ တကယ်လို့ ဝါဒါတွေတွေ့သွားရင် အန္တရာယ်ရှိတယ်။ တချို့ဝါဒါတွေလည်း လျှောက်သွားတာရှိတယ်။ ခင်ဗျားတို့ သတိထားလုပ်ပါ။ ခင်ဗျားတို့လုပ်တာ ကျနော်တွေ့သွားတဲ့အတွက် ကျနော့်ဘက်က ပေါက်ကြာတာမျိုး မဖြစ်စေရပါဘူး။ ကျနော် ထိန်းသိမ်း ပါ့မယ်။ စိတ်ချပါ”

ပြောပြီး ကျနော်ထွက်လာခဲ့တယ်။

ညနေစောင်း ဖထီးမန်းနဲ့လူချင်းပြန်ဆုံတော့ အောင်သာကျော်နဲ့ ပက်ပင်းတိုးခဲ့တဲ့ကိစ္စကို ပြန်ပြောပြတယ်။ ဖထီးမန်း အတော်စိတ်ပျက်သွားတယ်။ ဖထီးမန်းက ပြောတယ်။

“အောင်ကျော်သာတို့ လုပ်တာကိုင်တာ အင်မတန် အန္တရာယ်များတယ်၊ ရန်သူ ခဏလေးနဲ့သိပြီး ယုန်ထောင် ကြောင်မိဖြစ်ပြီးတော့ ကျနော်တို့လုပ်ငန်းပါ ထိခိုက်ပျက်စီးသွားနိုင်တယ်”

ဆက်လက်ဖော်ပြပါမည်။

Monday, March 15, 2010

ဒီလောက်တော့ ငါ မညံ့သေးပါဘူး။


“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်” (ဦးဝင်းတင်)

“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC အစည်းအဝေးကနေပြီးတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ NLD ပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ CEC အဖွဲ့တင်မက တနိုင်ငံလုံးမှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်CC တွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေ လုပ်ပြီးမှ အားလုံး လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုပါ ထည့်သွင်းဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါတယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

ဗွီအိုအေ။ ။ လာမယ့်မတ်လ ၂၉ ရက်နေ့ အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီရပ်တည်ရေးကို ဦးစားပေးပြီးတော့ အများက ရွေးချယ်လိုက်တယ်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ ဆရာ။

ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့သူထဲမှာ ကျနော်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ကျနော်ပါတီအပေါ်မှာ သံယောဇဉ်ရှိပါတယ်။ ဒီပါတီရဲ့ အရှည်တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။

သို့သော် ကျနော်ကတော့ ဘယ်လိုတွက်လဲဆိုတော့ ဘာပဲပြောပြော ဒီစစ်အစိုးရက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။ ဘာပြလဲဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေးမရှိလောက်အောင် လုပ်တာ။ ကျနော့်သဘောက ဘာလဲဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှအသုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘော ခံယူချက်။

အဲတော့ နိုင်ငံရေးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်လို့ ကျနော် ယုံတယ်။ နိုင်ငံရေးမရှိဘဲနဲ့ ပါတီရှိနေလို့ အလကားပဲ။ ပါတီသာရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း ခေါင်းမရှိတဲ့လူလိုပဲဖြစ်မှာပဲ လို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ကျနော့်သဘောထားက ဒါပါပဲ။

ဗွီအိုအေ။ ။ ဆရာ ဒီကနေ့အစည်းအဝေးအခြေအနေ ကျနော်တို့ကို နည်းနည်းပြောပြပေးပါလား ခင်ဗျ။

ဦးဝင်းတင်။ ။ CEC ကနေ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တပြည်လုံးမှာရှိတဲ့ မကြာခင်တုန်းကဖွဲ့လိုက်တဲ့ CC တွေနဲ့ အကုန်လုံးပေါင်းပြီးတော့ CC ရယ်၊ CEC ရယ် အားလုံးစုစုပေါင်း ၁၂၈ ယောက်ရှိမှာပေါ့၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံး စုပေါင်းဆွေးနွေးပြီးတော့ ကျနော်တို့ မှတ်ပုံတင်မယ် သို့မဟုတ်ရင်လည်း မတင်ဘူးပေါ့ဗျာ၊ အဲဒါကို ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့ စီမံတယ်၊ အဲ ... ရက်က မတ်လ ၂၉ ရက်နေ့ပေါ့။ ၂၉ ရက်နေ့ ၃၀ ပေါ့။

ဗွီအိုအေ။ ။ အဲတော့ ဆရာ၊ မတ်လ ၂၉ ရက်နေ့ကို ခုနဆရာပြောသလို တပြည်လုံးမှာရှိတဲ့ NLD၊ ကျန်တဲ့ CC အဖွဲ့ဝင်တွေကော အစုံအညီ လာရောက်နိုင်မယ့် အနေအထားရှိပါသလား ဆရာ။

ဦးဝင်းတင်။ ။ စစ်အစိုးရကလည်း သူတွက်မှာပေါ့ဗျာ၊ ဒီဟာက ကျနော်တို့ကနေပြီးတော့ မှတ်ပုံမတင်ဘူးဆိုပြီးတော့ ဆုံးဖြတ်မယ့်ပွဲမျိုး ဖြစ်မယ်လို့ထင်ရင် သူတို့ မပေးဘဲ နေကောင်းနေမယ်ပေါ့ဗျာ။ အဲ သို့မဟုတ်ရင်လည်း မှတ်ပုံတင်မယ့် အနေအထားရှိမယ်ဆိုရင် မှတ်ပုံမတင်ချင်တဲ့သူက နည်းနည်းပဲရှိမယ်ထင်ရင်လည်း လွတ်ပေးရင် ပေးမှာပေါ့၊

ဒါကတော့ စစ်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းပုံသဏ္ဍာန်ပဲ ဖြစ်မှာပဲ။ သို့သော် ကျနော်တို့ကတော့ စစ်အစိုးရရဲ့ စရိုက်လက္ခဏာတွေ၊ အကျင့်တွေကိုတော့ ထည့်မတွက်တော့ဘူး။ ကျနော်တို့တွက်နေတာက ဘာလည်းဆိုရင် ဒီဟာက ဘာပဲပြောပြော ဒီမိုကရေစီနည်းကျ လုပ်ရမယ်။ ကျနော်တို့အဖွဲ့က ဒီမိုကရေစီအဖွဲ့အစည်း။

အဲတော့ ဒီကိစ္စကလည်း အခုဟာ ဒီမှတ်ပုံတင် ဥပဒေတို့ ဘာတို့ဆိုတာကြီးက ဒီမိုကရေစီနည်းကို လုံးဝ မကျဘဲနဲ့ ဘယ်လိုမှ လက်ခံနိုင်ခြင်း မရှိဘူး၊ ဒါကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီနည်းကျ ပါတီအောက်ခြေက အခုဖွဲ့လိုက်တဲ့ CC တွေနဲ့ ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့က ခေါ်ခြင်းပဲဗျ။ ဒါပဲ။ အဓိကက ဒါပဲ။

ဗွီအိုအေ။ ။ ဟုတ်ကဲ့ပါဆရာ၊ အဲ့တော့ ပြန်ပြီးတော့ မတ်လ ၂၉ ရက်နေ့ကိစ္စကို ပြန်ပြီးကောက်မယ်ဆိုလို့ရှိရင် အဲဒီမတိုင်ခင်ကော ဆရာတို့ CEC အနေနဲ့ကျတော့ရော ဘယ်လိုများပြင်ဆင်ထားမယ်လို့ CEC မှာ စိတ်ကူးထားပါသလဲ ဆရာ။

ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ဗျ၊ ကျနော်တို့ ဆွေးနွေးမှာကတော့ ဒီအတောအတွင်းမှာ ကျနော်တို့ CEC တွေကြားထဲမှာ အထပ်ထပ်ဆွေးနွေးရမယ့် အကြောင်းကိစ္စကတော့ ဒီဥပဒေတွေဟာ လက်ခံနိုင်တဲ့ဥပဒေတွေလား၊ လက်မခံနိုင်တဲ့ ဥပဒေတွေလား၊ အဲ လက်မခံနိုင်ရင် ဘာကြောင့်လဲ။ လက်ခံနိုင်ရင် ဘာလဲဆိုတာ ဒါ ကျနော်တို့လုပ်မှာပဲ။

သို့သော် ကျနော်တို့ CEC တွေကနေပြီးတော့ ဟာ … မှတ်ပုံတင်မယ်၊ မတင်ဘူးဆိုတာကို ဆုံးဖြတ်ပြီးတော့ အောက်ခြေထုကို ချပြမှာ မဟုတ်ဘူး။ အောက်ခြေထုကလည်း သူတို့သဘောထားတွေ သူတို့ တက်လာခဲ့၊ ကိုင်စွဲပြီး တက်လာခဲ့။ ကျနော်တို့ CEC တွေကလည်း ကျနော်တို့ရဲ့ သဘောထားတွေကို ကျနော်တို့ ညှိနှိုင်းပြီးသား လုပ်ထားမယ်၊ အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းစည်းပြီးတော့ ဒီ ၁၂၀ သော ပုဂ္ဂိုလ်များ ဒါ မဲခွဲဆုံးဖြတ်မှာပဲဗျ။ လျှို့ဝှက်မဲနဲ့ ဆုံးဖြတ်မှာပဲ။

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဗွီအိုကေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ် ခင်ဗျာ။

ဦးဝင်းတင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)

Sunday, March 14, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၂)

အဲဒီမှာ အံ့သြစရာတခုပြောချင်သေးတယ်။ အဲဒါကဘာလဲဆိုတော့ ကျနော်တို့တတွေ အဲဒီလို ထူးထူးခြားခြား အလုပ်ရှုပ်နေကြတယ်၊ ပုံပျက်ပန်းပျက်ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ မွေးထားတဲ့ ခွေးတွေကလည်း သတိထားမိကြတယ်။ သူတို့လည်း မျက်နှာ မသာဘူး။ ကျနော်တို့က အမဲသားတွေကို သူ့တို့လည်း ကျွေးတယ်။ သူတို့လည်း မစားတော့ဘူး။

အရင်ဆို ကျနော်တို့ခွေးတွေက အသားဆို အငမ်းမရ၊ သူတို့လည်း ကျနော်တို့လိုပဲ ငတ်ပြတ်နေတဲ့ဟာတွေ။ အဲတော့ ခွေးတွေကတောင် သတိထားမိတယ်။ ကျနော်တို့ပြန်ရတာက အောက်တိုဘာလလား၊ နိုဝင်ဘာလလား ကျနော် အသေအချာ မမှတ်မိတော့ဘူး။ အခု ကျနော်ပြန်စဉ်းစားမိတာကတော့ ကျွန်းကိုလာတုန်းကကိစ္စတွေကို ကျွန်းကပြန်တဲ့ ကိစ္စတွေထက် ပိုပြီးမှတ်မိနေတယ်။ ကျွန်းကပြန်တဲ့ကိစ္စကို ခေါင်းထဲမှာ သိပ်မရှိဘူး။

အဲဒါ ပြန်ကြတယ်ပေါ့ဗျာ။ ပြန်ကြတော့ ကျနော်တို့ကို လာကြိုတာက အလာတုန်းက ‘ပြည်တော်ညွန့်’ သင်္ဘောပဲ။ ပြန်မယ့်နေ့ မနက်အစောကြီးမှာ ကျနော်တို့ မိုးတောင် မလင်းသေးဘူး။ အာဇာနည်တွေကိုသွားပြီး အသုတ်လိုက် အလေးပြုကြတယ်။ ဘာနဲမှမတူတဲ့ ခံစားမှုပဲလေ၊ ကျနော်တဦးချင်းမှာတော့ အဲဒီနားမှာတင် ကျနော့်ဘဝအတွက် ဆုံးဖြတ်ချက်ကျသွားတယ်လို့ ထင်တယ်။ ငါရှေ့မှာ ဘာဆက်လုပ်မယ်ဆိုတာ အဲဒီမှာ ဆုံးဖြတ်လိုက်တဲ့သဘောပဲ။

အဲဒီလိုပဲ ကျနော်တို့ လာတဲ့နေရာဘက်ကပဲ ပြည်တော်ညွန့် သင်္ဘောပေါ် ပြန်တက်ကြတယ်။ ဒါပေမယ့် ကျနော်တို့အလာတုန်းက သင်္ဘောကြီးက အဖြူရောင်ကြီး၊ အခုတော့ သူတို့ ဆေးပြောင်းသုတ်ထားတယ်။ အနက်ရောင်ကြီး၊ ဒါပဲကွာတယ်။ သင်္ဘောဝမ်းထဲမှာ ကျနော်တို့အလာတုန်းက ဘာမှမရှိဘူး။ ဒီ အောက်ခံ ရိုးရိုးသံကြမ်းပြင်ပေါ်မှာ ဖင်ချထိုင်ရတာ။ အခု အပြန်ကြ သင်္ဘောဝမ်းထဲမှာ နှစ်ထပ်အိပ်စင် အပြည့်လုပ်ထားတာ။ ကြည့်ရတာသူတို့ ခရီးသည်တွေဆွဲတဲ့ သဘောပဲ။ နောက်ပြီး အိပ်စင်တိုင်းမှာလည်း အသက်ကယ်ဘော အင်္ကျီလေးတွေ ချိတ်ထားတာ တွေ့ရတယ်။

ကျနော်တို့ကို သင်္ဘောဆိပ်ကဆင်း ရန်ကုန်ဆိပ်ကမ်းတက်တော့ ညပိုင်း ၈ နာရီ၊ ၉ နာရီလောက်ရှိပြီ ထင်တယ်။ အလာတုန်းကလိုပဲ ကျနော်တို့ကို ကားကြီးတွေပေါ်တင်ပြီး အင်းစိန်ထောင်ကို တန်းမောင်းသွားတယ်။

မှန်ပြူတင်းပေါက်မှာတော့ အလာတုန်းကလို စက္ကူအဖြူတွေ ကပ်မထားတော့ဘူး။ ကျနော်တို့ကို အင်းစိန်ထောင်မကြီးထဲကို အကုန်လုံး သွင်းလိုက်တယ်။ ထောင်ဘူးထဲရောက်တော့ နာမည်နဲ့လူစစ်ပြီး ခေါင်းပေါ်စောင်အုပ်ပြီး ခေါ်သွားတာပဲ။ အသုတ်လိုက် အသုတ်လိုက် ခေါ်သွားတာ။

ဘူးခန်းထဲကနေပြီး ကျနော်တို့ ကြက်တူရွေး လှောင်အိမ်ကိုဖြတ်၊ ဟိုဘက်ရောက်တာနဲ့ ကျနော်တို့ကို ပုံစံထိုင်ခိုင်းတာပဲ။ ကျနော်တို့က မထိုင်တက်တော့ မထိုင်ကြဘူး။ မထိုင်တော့ အသင့်စောင့်နေတဲ့ ကောင်တွေက ဝိုင်းရိုက်တာပဲ။ ခေါင်းကိုအုပ်ထားတော့ ဘာမှမမြင်ရဘူး။ လဲကျသွားပြီးနောက်ကျတော့ ထိုင်လိုက်ရတာပဲ။

အဲဒီနောက်မှာ ကျနော့်ကိုကျတော့ ၄ တိုက်ကို ခေါ်သွားတယ်။ ကျနော်တို့ ကျွန်းပြန်တွေအားလုံးကို တခြား ဘယ်အကျဉ်းသားနဲ့မှ မရောဘူး။ ကျနော်တို့ ကျွန်းပြန်တွေချည်းပဲ သပ်သပ်ထားတယ်။ ကျနော်နေတဲ့ ၄ တိုက်မှာလည်း အားလုံး ကျွန်းပြန်တွေချည်းပဲ။

ကျနော်နဲ့ တခန်းထဲနေရတာက မန္တလေးဘက်ကလာတဲ့လူ။ လူငယ့်တပ်ဦးက ကိုအောင်မြင့် တဲ့၊ သူက ရွှေဘိုသား။ အရင်က မန္တလေးပန်တျာကျောင်းက ပန်းချီကျောင်းသား။ မန္တလေးထောင်မှာလည်း နေဖူးတယ်။ ကျနော်ရဲ့ညာဘက်အခန်းမှာက စာရေးဆရာ ဦးလေး ဦးမြသန်းတင့်။ ဦးလေး ဦးမြသန်းတင့်နဲ့ အတူနေတာက (တလောက NLD က ကျသွားတဲ့ အုတ်ဖိုက ကိုနီအောင်မေသုပေါ့။ မျက်နှာက ပြုံးပြုံး ပြုံးပြုံးနဲ့၊ အင်းစိန်ထောင် အာဏာပိုင်တွေကြားမှာ အလွန်ခေါင်းမာတယ်လို့ နာမည်ကြီးတဲ့လူ။)

ကျနော့်ဘယ်ဘက်အခန်းမှာက ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂက ကိုထွန်းအောင်ကျော်၊ ကျနော်တို့က ကိုထွန်းအောင်ကျော်(အဖြူ) လို့ ခေါ်တယ်။ ကိုထွန်းအောင်ကျော် ၂ ယောက်ရှိတာမိုလို့ သူက ရန်ကုန် ရေကျော်က။ သူနဲ့အတူနေရတာက ခုနက ကိုအောင်မြင့်နဲ့ အမှုတွဲတခုတည်းဖြစ်တဲ့ လူငယ့်တပ်ဦးက ကိုခင်မောင်သန်း၊ သူလည်းပဲ ရွှေဘိုကပဲ။

ထောင်ထဲသွင်းလိုက်ပြီဆိုကတည်းက အားလုံးစောင်အုပ်ပြီး ခေါ်သွင်းလာတာ။ ဘေးခန်းတွေနဲ့ မဆက်သွယ်ရဘူး။ စကားမပြောရဘူး။ ပြောရင်အသေပဲ ဆိုတာမျိုးပြောပြီး အထဲကို ကန်ထည့်လိုက်တာ။ ကျနော်တို့လည်း ရောက်ရောက်ချင်းဆိုတော့ အရိပ်အခြေ ကြည့်နေရတာ။ နောက်ကျမှ ဘေးခန်းနံရံကို ခေါက်ပြီးဆက်သွယ်ရတယ်။ ‘ဒေါက်ဒေါက် ဒေါက်ဒေါက်’ ပေါ့လေ။

ပထမဆုံး အဲဒီဘက်အခန်းမှာ ဘယ်သူရှိလည်းဆိုတာပဲ မေးကြရတာ။ ဒါ အလွယ်ဆုံးနည်းပဲ။ အဲဒါကတော့ … A B C D စကားလုံးတွေကို A ဆိုရင် ၁ ချက်၊ B ဆိုရင် ၂ ချက်၊ C ဆိုရင် ၃ ချက်၊ Z ဆိုရင် ၂၆ ချက်။ အဲဒီလိုခေါက်ပြီး ဆက်ကြရတာ။ အတော်လက်ဝင်တဲ့ ကိစ္စ။ ထောင်ထဲမှာကတော့ အချိန်ကလည်း ပေါတာကိုး။ အဲဒီတော့ လက်ဝင်ပေမယ့်လည်း ကြာကြာကြီး အလုပ်လုပ်လို့ ရတယ်။ ဒါပေမယ့် နားထောင်တဲ့လူကလည်း နားဝင်တယ်။ သိပ်လွယ်တာ မဟုတ်ဘူး။

စရိုက်တာကတော့ ထုံးစံအတိုင်း Who ဘယ်သူလဲပေါ့ ဗျာ။ ဒီတော့မှ တဖက်က နာမည်ကို ပြန်ရိုက်ပြတယ်။ ကိုထွန်းအောင်ကျော်ကလည်း သူ့နာမည် ကျနော့်ကို အတို TAK လို့ ရိုက်ပြတယ်။ ပြဿနာက ကျနော်တို့အထဲမှာက ကိုထွန်းအောင်ကျော်ဆိုတာ နှစ်ယောက်ရှိတယ်။ ဒီ ကိုထွန်းအောင်ကျော်ကို ကျနော်တို့က လိပ်ကလေးလို့ ခေါ်တယ်။

အဲဒီတော့ ကျနော်က ‘လိပ်ကလေးလား’ လို့ မေးချင်တာနဲ့ ကျနော်က အင်္ဂလိပ်စာလုံး လိပ်(tortoise) ဆိုတဲ့ စကားလုံးကို ရိုက်ပြတယ်။ ဒါပေမယ့် အဲ့ဒီစာလုံးက t o r t o i s e ရှစ်လုံးတောင်၊ ရိုက်ရတာ အရှည်ကြီး။ အဲဒီတော့ သူက စိတ်မရှည်ဘူး၊ နံရံကို ဂျစ်ဂျစ် ဂျစ်ဂျစ် ဆိုပြီး ဆွဲခြစ်ပစ်လိုက်တယ်။ ပြီးတော့မှ သူက ရိုက်တယ်။ l a k e လိပ် တဲ့။ အဲဒီလိုဆိုတော့ ပွဲက ပြတ်သွားရော။ ရယ်လည်း ရယ်ရတယ်။

ဆက်လက်ဖော်ပြပါမယ်။

Thursday, March 11, 2010

မြားခ ည (နေဇော်နိုင်)


လတစင်း
ရေဆင်းသောက်။

သစ်ရွက်ကြွေ
ရေပြင်ဝဲ

အသည်းပေါက်။ ။

နေဇော်နိုင်

ကလျာ
အောက်တိုဘာ ၁၉၉၄


Arrow – hit night

Night –
the moon, going down
for a drink of water,
was shot by an arrow.
A leaf
falls and whirls
on the water surface –
pieces through the heart
of the moon.

Nay Zaw Naing

ဗမိုး အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်။
စာပေဂျာနယ် ကဗျာများ
၁၉၉၈ ခုနှစ် မတ်လ

သရုပ်ဖော်ပုံ - အောင်ထက်

Wednesday, March 10, 2010

အမြီးနှန့်နေကြသူများ (ကာတွန်း စောငို)


မြင်းစီးနေရသော လှေထိုးသား (သို့မဟုတ်) ဝံပုလွေကြီး၏ ဘဝနှင့်စာပေ ( နိဂုံးပိုင်း )

‘Black Cat’ မဂ္ဂဇင်းက အမေရိကန်တနိုင်ငံလုံးသို့ ထုတ်ဝေဖြန့်ချိသည့် မဂ္ဂဇင်းဖြစ်သည်။ အောင်မြင်ထင်ရှားသည့် မဂ္ဂဇင်းတခုဟု ဆိုရမည်။ အမေရိကန်ပညာရပ်ဝန်းမှ စောင့်ဖတ်ရသည့် မဂ္ဂဇင်း …။ ဤမဂ္ဂဇင်းကြီးမှ ဂျက်လန်ဒန်၏ ‘သေမင်းတထောင်’ ဝတ္ထုတိုအား ပထမဦးစွာ ထည့်သွင်းဖော်ပြ၏။ စာမူခအား ဒေါ်လာ ၄၀ ပေး၏။

ယခင်ကမူ စာမူတပုဒ်အား ၅ ဒေါ်လာသာ ရ၏။ စာရေးခြင်းဖြင့် ဝမ်းမီးအားငြိမ်းစေနိုင်ရာ၏ဟု ဂျက်သည် တွေးထင်မိလာ၏။ မကြာ …။ ‘မြောက်အရပ်ရှာပုံတော်ခရီး’ ဝတ္ထုတိုအား ‘အတ္တလန်တိတ်’ အမည်ရှိ မဂ္ဂဇင်း၌ ဖော်ပြပါရှိပြန်သည်။ အတ္တလန်တိတ် မဂ္ဂဇင်းက အမေရိကန်ပြည်ထောင်စုတွင်သာမက ဥရောပသို့တိုင် လက်တန်ရှည်၏။ မြောက်အရပ်ရှာပုံတော်ခရီး ဝတ္ထုတိုအတွက် ဂျက်သည် စာမူခ ဒေါ်လာ ၁၂၀ ရ၏။

ထိုစဉ်က… ဂျက်၏အသက်သည် ၂၃၊ ၂၄နှစ်ခန့် ရှိပြီ။ သတင်းစာများက … ‘စာရေးဆရာကြီး မစ္စတာဂျက်လန်ဒန်’ ဟူ၍ ဖော်ပြညွှန်းလာကြ၏။

ဂျက်သည် … တနေ့လျှင် စာလုံးရေ ၂၀၀၀ ပြီးအောင် ရေး၏။ တပတ်လျှင် … တရက်သာ အနားယူပြီး ၆ ရက်တိတိ စာရေး၏။

‘Black Cat’ အတ္တလန်တိတ် မဂ္ဂဇင်းများကဲ့သို့ပင် အမေရိကန်၌ သြဇာကြီးကြသည့် ‘မက်ကလူး’၊ ‘ကော့စမိုပိုလီကန်’၊ ‘မီရာဆင်’၊ ‘ဟာပါး’ မဂ္ဂဇင်းတို့ကလည်း ဂျက်၏စာမူများအား အလုအယက် ဝယ်ယူ ဖော်ပြလာကြ၏။ ဂျက်၏ စာရေး၍ရသည့် ဝင်ငွေက တလလျှင် ဒေါ်လာ ၃၀၀ ထက် မနည်းတော့ … …။ ဂျက်၏ စာဖတ်ပရိသတ်သည်လည်း အမေရိကန်ပြည်ထောင်စုကိုကျော်လွန်ကာ ဥရောပအထိ ကျယ်ပြန့်၍နေလေပြီ။

ထုတ်ဝေသူများက ဂျက်၏ဝတ္ထုတိုများအားစု၍ စာအုပ်ထုတ်၏။ ဂျက်အား တနင့်တပိုးသော စာမူခအား ပေး၏။

‘မိဘရိုးရာ နှင့် နှင်းမုန်တိုင်း၏သားမြေးများ’ ဟူ၍ ဝတ္ထုတိုစုအား ထုတ်၏။ ရောင်း၍မလောက်…။ ထုတ်၍ မလောက် …။

ဂျက်၏ပထမဆုံး လုံးချင်းဝတ္ထုရှည်က … …‘နှင်းကမ္ဘာ၏ သမီးပျို’ ဖြစ်သည်။ နှင်းကမ္ဘာ၏သမီးပျို က လူဖြူ၊ လူမဲခွဲခြားရေးဝါဒများပါသော စာအုပ်ဖြစ်သည်။ ထုတ်ဝေသူတို့ မှန်းဆသလောက် … ရောင်းမလောက် မဖြစ်ခဲ့…။

တောင်အာဖရိကတွင် ‘ဘိုးဝါး’ စစ်ကြီးဖြစ်သည်။ AP သတင်းဌာနက ဘိုးဝါး စစ်ပွဲသတင်း လိုချင်၏။ ဂျက်အား စစ်မြေပြင်သတင်းထောက်လှမ်းရယူပေးရန် ဂျက်အား ကမ်းလှမ်း၏။ ကုန်ကျစရိတ်အားလုံးအား ကျခံပြီး အသားတင် ရက်သတ္တပတ်လျှင် ဒေါ်လာ ၃၀၀ ပေးမည်ဟူ၍ ဖြစ်သည်။

မိခင်နှင့်ဇနီးကြား မပြေလည်သည့်အကြားမှ အဝေးသို့ပြေးချင်နေသော ဂျက်သည် AP ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်၏။

ဂျက်အင်္ဂလန်သို့ ရောက်သည်။ အင်္ဂလန်မှတဆင့် တောင်အာဖရိကသို့ …။ ခရီးစဉ်က … လန်ဒန်သို့ ရောက်သည်တွင် ဘာကြောင့်ရယ်မသိ … AP မှ ကမ်းလှမ်းခဲ့သည့် စစ်သတင်းထောက် အလုပ်အား ဖျက်လိုက်သည်။

ဂျက်လန်ဒန် … လန်ဒန်တွင် ရောက်နေခိုက် … လန်ဒန်အရှေ့ပိုင်းရပ်ကွက်သို့ သွားသည်။ လန်ဒန် အရှေ့ပိုင်းရပ်ကွက်က … သူခိုးဂျပိုး … အောက်တန်းစား ကလေကချေများနေသော ရပ်ကွက် … ကျူးကျော်ကွက်သစ်။ ထိုရပ်ကွက်တွင် အခန်းငယ်လေးငှားပြီး ဂျက်သည် ၂ လခန့် နေ၏။ ကြီးမြတ်သော ဗြိတိန်နိုင်ငံသား လူ့အောက်တန်းစားများနှင့် ရောရောထွေးထွေး …။ ထိပ်ပုတ် ခေါင်းပုတ် ပေါင်းသင်း၏။ သူတို့၏ဘဝများအတွင်းသို့ ဂျက်သည် နက်နက်ရှိုင်းရှိုင်း စီးမျှောပျော်ဝင်ခွင့်ရခဲ့၏။

ပြီးလျှင် … အမေရိကန်သို့ ပြန်လာပြီး စာအုပ်တအုပ် ရေး၏။ ‘အရှင်လတ်လတ် ငရဲကျနေသူများ’ …။ အရှင်လတ်လတ်ငရဲကျနေသူများက နေမဝင်အင်ပါယာ၏ အာဏာပိုင်များ ၊ လူချမ်းသာများအဖို့ အနာပေါ်တုတ်ကျဖြစ်စေခဲ့၏။ ဗြိတိသျှနိုင်ငံခြားရေးဌာနက အမေရိကန်အစိုးရထံသို့ စာတို စာရှည်များရေး၍ အကြိမ်ကြိမ် ကန့်ကွက်၏။ အင်္ဂလိပ်စာပေနှင့် ဝေဖန်ရေးသမားများကမူ ဂျက်၏စာအုပ်အား လက်ခံကြိုဆိုကြ၏။

အရှင်လတ်လတ်ငရဲကျနေသူများ ပြီးနောက် ‘အရိုင်း၏ခေါ်သံ’ …။ ‘ပင်လယ်ဝံပုလွေ’…။ ၁၉၀၃ ခုနှစ် … ၁၉၀၄ ဆက်တိုက် ထွက်လာ၏။ အကြိမ်ကြိမ် ထုတ်ရ၏။ အထပ်ထပ် ပိုက်ဆံရ၏။ ပင်လယ်ဝံပုလွေနှင့် ဂျက်သည် ဒေါ်လာ တသိန်းခွဲအထိ ရရှိခဲ့သည်ဟုဆို၏။

၁၉၀၅ ခုနှစ်တွင် ရုရှား-ဂျပန် စစ်ဖြစ်ပွားရာ စစ်မြေပြင်သို့ စွန့်စွန့်စားစားသွားပြန်သည်။ စစ်မြေပြင်မှ အမေရိကန်သို့ပြန်ရောက်ပြီး ဂျက်သည် … ‘သံဖနောင့်’ ဝတ္တုရှည်ကြီးအား ရေး၏။

သံဖနောင့်တွင် … …“အထွေထွေ အရင်းရှင်စနစ်ကြီး၏ အနာဂတ်အလာအလားနှင့် ရက်စက် ကြမ်းကြုတ်မှုများကို ဟောကိန်းထုတ် ဝေဖန်ခြင်းမျှမက အမေရိကန် အပါအဝင် နိုင်ငံတကာ အလုပ်သမား လူတန်းစား လှုပ်ရှားမှုကြီးအတွင်း ရန်သူလူတန်းစားအပေါ် လျော့လျော့ပေါ့ပေါ့ တွက်ချက်တတ်သော ရွှေပြည်အေးဝါဒနှင့် အချောင်သမားဝါဒ၏ အန္တရယ်ကိုပါ တပ်လှန့်လိုက်သော နိုင်ငံရေးကြေညာချက်ကြီး” ဟု ဆိုကြသည်။

‘မက်မီလန်’ စာအုပ်ထုတ်ဝေရေးက သံဖနောင့်အား ၁၉၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ပြီးလျှင် … အကြိမ်ကြိမ် ထပ်၍ … ထပ်၍ ထုတ်ဝေရပြန်သည်။ ‘သံဖနောင့်’ နောက်ပိုင်းထွက်လာသော ဂျက်လန်ဒန်၏ စာများက သံဖနောင့်အရင် ဂျက်လန်ဒန်၏စာများကို စိန်ခေါ်၍မနိုင်တော့ …။ ဂျက်လန်ဒန်၏စာပေဝိဉာဉ်သည် စာရေးသူနှင့် ကွေကွင်းခဲ့လေပြီလား…။

ဂျက်၌စာရေးရန် အကြောင်းအရာက ခမ်းခြောက်၍နေလေပြီ။ အတတ်ပညာ၌ မည်မျှ လိမ္မာတတ်ကျွမ်းသော်လည်း အကြောင်းအရာချိုတဲ့သော စာသည် မည်သို့သော ဂျက်လန်ဒန်၏စာမျိုး ဖြစ်လေမည်နည်း …။

‘ဂျွန်ဘာလီကွန်း’ က ဂျက်၏ နောက်ဆုံးကျည်ဆံဟု ဆိုရမည်။ ဂျွန်ဘာလီကွန်းက သူ၏ ဖျက်ခနဲတွေ့ရသော ဂျက်လန်ဒန် အတ္ထုပ္ပတ္တိဟု ဆိုရမည်။ ဂျွန်ဘာလီကွန်းတွင် သူပြုတ်ကျခဲ့ရသည့် အရက်သမားဘဝ တွင်းနက်ကြီးအတွင်း အတွေ့အကြုံများအား ပွင့်ပွင့်လင်းလင်းဖွင့်ချပြရန် ကြိုးစား၏။ သို့သော် … အချို့ အချို့သော သူ၏မှားယွင်းမှုများက ကလောင်ဖျားသို့ ထွက်ကျမလာရဲခဲ့ … ဟု ဂျက်က ဂျွန်ဘာလီကွန်းတွင် ဝန်ခံခဲ့၏။ ထိုစဉ်က သူ့အသက်သည် ၃၆ နှစ်သာ ရှိသေး၏။ ၃၆ နှစ်အလွန်နှစ်များက ဂျက်လန်ဒန်၏ နောက်ဆုံးနေ့ နေဝင်ရက်များဟု ဆိုရမည် …။

“စာရေးဆရာဘဝနှင့် စာရေးသားခြင်းအလုပ်အကိုင်များကို ငွေကြေးရရှိရေးတခုတည်းအတွက် ကျွန်ုပ်သည် တွဲကပ်လုပ်ကိုင်နေရခြင်းမျှသာ ဖြစ်သည်။ သည်းညည်းခံ လုပ်ကိုင်နေရခြင်းလည်း ဖြစ်သည်။ တကယ်တော့မူ ထိုဘဝနှင့် ထိုအလုပ်အကိုင်ကို ကျွန်ုပ်သည် အလွန်တရာ စိတ်ကုန်ခမ်းလျှက်ရှိသည်။ အလွန်တရာ စိတ်ပျက် ငြီးငွေ့၍လည်း နေသည်။ ယခုအခါ စာရေးသားရခြင်းအလုပ်သည် ကျွန်ုပ်အဖို့ အလွန်တရာ ဝန်လေးပင်ပန်းသော အလုပ်တခုလို ဖြစ်လာသည်။ သို့ရာတွင် ထိုလုပ်ငန်းကိုမလုပ်လျှင် မဖြစ်သောကြောင့်သာ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျွန်ုပ်သည် ဝဋ်ကြွေးကြီးတခုလို လုပ်ကိုင်နေရခြင်းသာ ဖြစ်သည်”

(ဂျက်လန်ဒန်)
စာရေးဆရာ အပ္ပတန်စင်ကလဲရားထံသို့ ပေးစာမှ


ကိုးကား
- ဂျက်လန်ဒန်၏ဝတ္တုတိုများ (နတ်နွယ် မြန်မာပြန်သည်)
- ပင်လယ်ဝံပုလွေ (ညွန့်ကြူး မြန်မာပြန်သည်)
- ဗန်းမော်တင်အောင်၏ ဂျက်လန်ဒန်၊ သူ့ဘဝ၊ သူ့စာပေ

Tuesday, March 9, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၁)

မိုးကျလာပါပြီ။ အိမ်ဟောင်းတွေတဝိုက်က သွပ်ပြား ၃ ချပ်ကိုခွာပါတယ်။ ဆပ်သွားဖူးချုံထဲကိုသွင်းပြီးတော့ အနိမ့် အမြင့် ခပ်စောင်းစောင်းလေးလုပ်ပြီး လှေကိုမိုးထားလိုက်တယ်။ သွပ်မိုးအနိမ့်ကကျလာတဲ့ မိုးရေတွေကို ရေတံလျှောက်တခုလုပ်ပြီး မိုးရေတွေကို မန်းဝင်းမြင့် ရိုက်ပေးလိုက်တဲ့ ရေပုံးခြောက်ပုံးထဲကို ကျလာတဲ့ မိုးရေတွေကို ထည့်လိုက်တယ်။ ရေပြည့်တော့ အဖုံးနဲ့ပြန်ဖုံးပြီး ပွဲညက်နဲ့ဖာလိုက်တော့ ရေလုံပုံးတွေဖြစ်ပြီး စိတ်ချသွားရတယ်။

ရွက်တိုင်နေရာကို လှေဦးရဲ့အလယ်လောက်နေရာမှာ သစ်သား (၄x၂) ၄ ချောင်းကို ကြက်ခြေခတ် ရိုက်လိုက်တယ်။ ကြက်ခြေခတ်ဆုံတဲ့နေရာမှာ ရွက်တိုင်အပေါက်ကို ဖောက်တယ်။ လှေဝမ်းမှာ ပျဉ်ထုတခုခံတဲ့ ပျဉ်အပေါ်မှာ နောက်ထပ် (၄x၂) ချောင်း ၄ ချောင်းကို ကြက်ခြေခတ်လုပ်၊ ရွက်တိုင်အပေါက်တခု ထပ်ပြီးဖောက်လိုက်တော့ ရွက်တိုင်ကို လှေဝမ်းမှာ တချက်၊ လှေပေါ်မှာ တချက် ချုပ်ပြီးသားဖြစ်သွားတယ်။

သိပ်ကိုခိုင်ပြီး စိတ်ချရတဲ့ ရွက်တိုင်ပေါက် ဖြစ်သွားတယ်။ ရွက်တိုင်ကိစ္စပြီးသွားတော့ ရွက်ကိစ္စပဲ ကျန်တော့တယ်။ ဆရာဦးအောင်ငွေကလည်း ဖထီးမန်းကို လှေအခြေအနေ စကား စ ကာ မေးတယ်။ ဖထီးမန်းက ပြောတယ်။

“ခင်ဗျား ကျန်းမာရေး ကောင်းကောင်း ဂရုစိုက်ပါ”

ဒါပဲ ပြန်ပြောတယ်။ ဦးအောင်ငွေ လိုက်ရေး မလိုက်ရေး ပြဿနာက သူ့ကိုယ်ပိုင်ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာတယ်။ ကျနော်တို့က လိုက်ပါလို့ မဆွဲဆောင်ကောင်းသလို မလိုက်ပါနဲ့လို့လည်း မတားမြစ်ကောင်းဘူးလို့ပဲ သဘောထားတယ်။

တကယ်တော့ ဦးအောင်ငွေက စိတ်ကသာ ထက်သန်နေတာ လူက ဟန်သေးတာမဟုတ်ဘူး။ ရက် ၄၀ တိုက်ပွဲ ဒုတိယအသုတ် တိုက်ပွဲဝင်သူတွေထဲမှာ သူပါခဲ့တာ။ သူလည်း ချိတဲ့အထဲမှာ တယောက်ပါတယ်။ လမ်းလျှောက်ရင် ဆန့်တန့် ဆန့်တန့်နဲ့ ခြေကဆွဲပြီး တွဲနေတာ။ သူလည်း ကျန်းမာရေးကို ဂရုစိုက်ပြီး အတော်ပြင်ပါတယ်။ နောက်တော့ အတော်လေး သွားနိုင် လာနိုင်ဖြစ်လာတယ်။ ဦးအောင်ငွေက ကျနော်နဲ့ ဘယ်တော့ကမှ တိုက်ရိုက်ဆက်ဆံမှု မရှိဘူး။ ဖထီးမန်းနဲ့ပဲ ရှိတယ်။

ရွက်ကိစ္စကို ဖထီးမန်းနဲ့ ဦးအောင်ငွေပဲ စီစဉ်တယ်။ ဦးအောင်ငွေက စိတ်ရှည်တယ်၊ စေ့စပ်တယ်၊ ထီတွင်တတ်တယ်၊ အနုစိတ် လုပ်တတ်တယ်။ ၄ ထောင့်ရွက်ကြီးက တဖုံ၊ အနောက်တိုင်း ၂ နားညီ တြိဂံပုံ စွန်တောင်ရွက် အကြီးတခု၊ အသေးတခု၊ ရွက် ၃ ဖုံ။ ပြီးတော့ လိုအပ်တဲ့ ရွက်ကြိုးတွေကိုတော့ ဂုံနီအိတ်က ဂုံနီကြီးတွေကို စိတ်ရှည်ရှည်ဖြုတ်ပြီးတော့ ရွက်ကြိုး ကျစ်တယ်။ ဦးအောင်ငွေ ကြိုးစားလိုက်တာ အားလုံး ချောမောစွာနဲ့ ကိစ္စပြီးသွားတယ်။

ကျွန်းမှာ ထုတ်ပေးတဲ့ အဝတ်အစားတွေက အဖြူခံပေါ်မှာ အပြာစင်းနဲ့။ အဲဒါတွေကို အုံးခေါက်နဲ့ ပြုတ်။ စိတ်ကြိုက်ရပြီဆိုတော့မှ ဆားခပ်ပြီး အရောင်ချုပ်လိုက်တော့ နီညိုရောင် ယောဂီရောင် ရလာတယ်။ ကျနော်တို့ အကျဉ်းသား အတော်များများဟာ ဒီလိုပဲ အုန်းခေါက်ပြုတ်ဆိုးပြီး ဝတ်တာ များတယ်။ ရွက်တွေအားလုံးကိုလည်း အုန်းခေါက်ပြုတ်ပြီး ဆိုးထားတယ်။

လွန်ခဲ့တဲ့ ဆောင်းပေါက်က ကျနော်တို့လုပ်ထားတဲ့ လိပ်သားကျပ်တိုက်ခြောက်ဟာလည်း မိုးတွင်းရောက်လာတော့ မိုးငွေ့ရိုက်တာ ထင်ပါတယ်။ မှိုတွေတက်တာနဲ့ ချက်ပြီးစားပစ် ပေးပစ်လိုက်တာ ကုန်သွားတယ်။ အသစ်ထပ်ရှာရမယ်။

စောစောပိုင်းက ကျနော်တင်ပြခဲ့သလိုပဲ လိပ်သောင်ကို ဦးစွာသွားခဲ့သူများဟာ ဖထီးမန်းနဲ့ ကျနော်ပဲ။ နောက်တော့ ဒီလိုပဲ တိုးတိုးတိတ်တိတ် စွန့်စားရင် ရတယ်ဆိုတာ သိလာကြတော့ တောင်ဘက်ဖိုက ဘဝတူတွေလည်း လိပ်သောင်ကိုသွား၊ လိပ်တွေဖမ်း။ မြောက်ဘက်ဖိုက မောင်ကျောင်းသားတွေလည်း လိပ်သောင်ကိုသွား၊ လိပ်တွေဖမ်းနဲ့ လိပ်သောင်က လိပ်တွေ အကောင် ၃၀ ကျော်လောက် ချောသွားပြီ။ လိပ်သောင်ဟာ လိပ်သောင်မဟုတ်တော့ဘဲ တဖြည်းဖြည်းနဲ့ လိပ်သင်္ချိုင်းလို ဖြစ်လာတယ်။

ဟိုး … ဦးစွာမဆွ ပထမဆုံး လိပ်သောင်ကို ဖထီးမန်းနဲ့ ကျနော်သွားခဲ့စဉ်တုန်းက လိပ်အကောင် သုံးလေးဆယ်ဟာ သောင်ပြင်မှာ တရှူးရှူး တရှဲရှဲနဲ့ တင့်ကားတပ်ကြီး ချီတက်လာသလို ဧရာမ လိပ်ခြေရာ စွတ်ကြောင်းကြီးတွေကလည်း တင့်ကားချိန်းကြိုးရာနဲ့ လွန်စွာပဲတူပါတယ်။

အခုတော့ လိပ်တွေလည်း သူတို့ကိုယ်သူတို့ သိလာကြတယ်ထင်တယ်။ လိပ်တွေဟာ အတက်သာရှိပြီး ပြန်အဆင်းမရှိကြတော့ လိပ်သောင်ဟာ လိပ်တွေမတက်တော့သလောက် ဖြစ်သွားတယ်။ ၄ ခါလောက် သွားစောင့်မှ တခါလောက်ပဲရတာမျိုး ဖြစ်လာတယ်။

လိပ်တကောင်ပြန်ရဖို့ အတော့်ကို ကြိုးစားနေရတယ်။ လိပ်သောင်ဟာ စစ်တပ်ဧရိယာအဖြစ် သတ်မှတ်ထားတယ်။ လိပ်သောင်ကိုသွားချင်ရင် ညနေစောင်း ၃ နာရီလောက်အရောက်သွားပြီး ကင်းပုန်း ဝပ်နေရတယ်။ ညနေ ၅ နာရီလောက်ဆိုရင် လိပ်သောင်ရဲ့မြောက်ဘက်ပိုင်းမှာ ကျောက်ညီနောင်ဆိုတဲ့ ကျောက်တုံးကြီး ၂ တုံးက ကမ်းခြေကို ပိတ်ထားသလို ရှိနေတယ်။ (ဆရာဦးမြသန်းတင့်ရဲ့ ‘ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ဆိုတဲ့အထဲက ကျောက်ညီနောင်ဟာ ဒီ ကျောက်ညီနောင်ကို ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်)။

တကယ်လို့ ကျွန်းရဲ့မြောက်ပိုင်းက ခပ်ပြာပြာ အဝတ်အစားနဲ့ ငတိတွေလာရင် အဲဒီကျောက်ညီနောင်ပေါ်ကပဲ ကျော်ပြီး ဆင်းလာရတယ်။ တခြားဘယ်ကမှ ကွေ့ပတ်ပြီး ကျော်ဆင်းလို့မရဘူး။ အဲဒါကို မိုးကုပ်စက်ဝိုင်းနောက်ခံ (စကိုင်းလိုင်း)နဲ့ ကင်းပုန်းဝပ်နေရာက လှမ်းပြီးမြင်ရတယ်။

အဲဒါဆို ဆုတ်ခဲ့တော့ ဒီညအဖို့ ပြာပြာဝတ်သော ငတိများ လိပ်သောင်ကို ပိုင်သွားပြီ။ တကယ်လို့ ကျောက်ညီနောင်ပေါ်က သူတို့တွေ ပေါ်မလာရင်တော့ ဒီညအဖို့ လိပ်သောင်ကို အပိုင်စားစေဗျား။

နောက်တခုကလည်း ကျနော်တို့ဘဝတူ အချင်းချင်းတွေက တောင်ဘက်ဖို့နဲ့ မြောက်ဘက်ဖို ရှိတယ် မဟုတ်လား။ တောင်ဘက်ဖိုက ဘဝတူတွေက လိပ်သောင်ကို အရင်ရောက်နေနှင့်ရင် မြောက်ဘက်ဖိုက မောင်ကျောင်းသားများ နောက်မှရောက်လာရင်တော့ ဒီညအဖို နောက်မှရောက်တဲ့ လူက ဆန်ပြုတ်ပေတော့။ အဲဒီလိုကလည်း ရှိသေးတယ်။ အိုးစားကွဲသွားကြပြီဆိုတော့ ဒီလိုပဲရှိပေတော့မပေါ့။

ဒီကြားထဲ အကြံသမား ကျနော်တို့ကလည်း အရိပ် ၃ ပါးကိုကြည့်ပြီး အငိုက်ဖမ်းပြီး လိပ်သောင်ကို သွားလာရတာဆိုတော့ လိပ် တကောင်ရဖို့ရာ အတော်ခက်ခဲလာတဲ့ အခြေအနေမှာ ရှိလာတော့တာပေါ့။

ကျနော်တို့က လှေကကွဲသွားတဲ့ ပျဉ်တွေပြန်ခွာ၊ အစားပြန်ပြီးရိုက်တာလည်း ပြီးသွားပြီ။ လှေရဲ့ပျဉ် ၂ ခုကြားက အချပ်တွေမှာ ပွဲညက် ထေးဖို့ ဖာဖို့ လုပ်ရဦးမယ်။ အုန်းဆံခွံကိုထုလိုက်တော့ အုန်းဆံကြိုးလေးတွေရတယ်။ အဲဒီ အုန်းဆံကြိုးလေးတွေကိုကျစ်ပြီး လှေရဲ့ပျဉ် ၂ ခုကြားထဲကို ဓားဦးနဲ့ဖိပြီး သွင်းပြီးတော့မှ ပွဲညက်နဲ့ ဖာလိုက်တယ်။ လှေကို ပွဲညက်ဖာတဲ့ ကိစ္စပြီးသွားပြီ။ လှေကို ရေနံသုတ်ဖို့ ကျန်သေးတယ်။ လှေသမ္ဗာန်ဆိုတာ ရေနံကို အပြန်ပြန်သုတ်နိုင်မှ ရေနံဝလေ ကောင်းလေ မဟုတ်လား။

ဒီကျွန်းခေါင်ခေါင်ကြီးမှာ ဘယ်ကလာပြီး ရေနံကရမှာလည်း ကြံရတာပေါ့။ ဒီလိုပဲ ကြံရတာပေါ့။ ဖထီးမန်းရဲ့ သီအိုရီက ဘာမှမဖြစ်တာမရှိဘူး။ အကုန်လုံးဖြစ်တာချည်းပဲ။ ဖထီးမန်းပြောလိုက်ရင် အတော်အားရှိစရာ ကောင်းတယ်။ ဝါဒါတွေထဲမှာ နှစ်ရစ်နဲ့ ကရင်အမျိုးသား ဆရာကြီးတယောက်ရှိတယ်။ သူက ဗျူကယ် မှုတ်တယ်။ ကျွန်းကိုရောက်ခါစ မီးစက်မောင်းပြီး မီးတွေပေးသေးတယ်။ နောက်ပိုင်းမှာ မီးတွေမပေးတော့ဘူး။ သူက မီးစက်တွေကိုင်ရတယ်။ သူ့ကို ဟိုအစောပိုင်းကတည်းက ပုဂ္ဂိုလ်ရေးရင်းနှီးမှု တည်ဆောက်ထားတယ်။ တခါတလေ သွေးစကားပြောမျိုးလည်း ရှိတာပေါ့။

ဆက်လက်ဖော်ပြပါမည်။

Friday, March 5, 2010

အချစ်ရေ ... မီးတွေလောင် (ကာတွန်း စောငို)


နာတာရှည် (မောင်သာပို)


အစာအိမ်ပိန်ပိန်
အကြိမ်ကြိမ် လှုပ်။

ခြေလှုပ်
လက်လှုပ်
ခန္ဓာလှုပ်
ပါးစပ် သိပ်မလှုပ်။ ။

မောင်သာပို
စာပေဂျာနယ်
အမှတ် ၉ ၁၉၉၀


LINGERING DISEASE

Stomach slender
in tremor many a time
while
the mouth does not
as the feet
the hand
the body
Often move.

Maung Tha Po

ဗမိုး အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်။
စာပေဂျာနယ် ကဗျာများ
၁၉၉၈ ခုနှစ် မတ်လ

Thursday, March 4, 2010

မြင်းစီးနေရသော လှေထိုးသား (သို့မဟုတ်) ဝံပုလွေကြီး၏ ဘဝနှင့်စာပေ ( ၂ )

ရုရှားမှ ‘ဘာကူနင်’ ၏ အနာကစ်ဝါဒသဘောတရားနှင့် ဗြိတိန်ရှိ ‘ဖေဘီယန်း’ ဆိုရှယ်လစ်ဝါဒတို့ကိုမူ ဂျက်က သဘောမတူ …။

ကားလ်မက်နှင့် ပရဲဒရစ်အိန်ဂျယ်တို့ ပြုစုသည့် ‘ကွန်မြူနစ်ကြေညာစာတမ်း’ ကိုမူ ဂျက်သည် နှစ်နှစ်ကာကာ သဘောကျ၏။ စွဲစွဲနှစ်နှစ် ယုံကြည်၏။

“ဆိုရှယ်လစ်ဝါဒီများအတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့်သဘောထားများကို ဖုံးကွယ်ထားရန် ဘာအကြောင်းမှ မရှိချေ။ တည်ရှိဆဲဖြစ်သော လူမှုရေးစနစ် အဆောက်အအုံကြီးတရပ်လုံးကို အကြမ်းဖက်သောနည်းဖြင့်သာ မှောက်လှန်ပယ်ရှားနိုင်သော ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ကြေညာဝံ့ရမည်ဖြစ်၏။ ယင်းကြေညာချက်ဖြင့် အုပ်စိုးသူလူတန်းစားတရပ်လုံး သွေးပျက်ချောက်ချားသွားပါစေ၊ နှောင်တည်းထားသော အနှောင်အဖွဲ့များမှလွဲ၍ အရင်းမဲ့များတွင် ဆုံးရှုံးစရာ အခြားဘာမျှမရှိ၊ ကမ္ဘာမြေတခုလုံးကို အောင်နိုင်စရာသာရှိ၏။ ထို့ကြောင့် နိုင်ငံတကာမှ အလုပ်သမားများများ စည်းလုံးညီညွတ်ခြင်း ရှိကြလော့ … …”

ဤအပိုဒ်အား ဖတ်တိုင်း ဂျက်သည် ကြက်သီးဖျန်းဖျန်းထသည်ဟု ဆိုသည်။ သဘောတရားရေးအရ လေ့လာသကဲ့သို့ လက်တွေ့တွင်လည်း ဂျက်သည် လုပ်ဆောင်သည်။

ပထမ ဥက္ကလန် အလုပ်သမားအသင်းအဖွဲ့များတွင် ပါဝင်၏။ ဆွေးနွေးပွဲများ၊ တရားပွဲများတွင် တတ်တတ်ကြွကြွ…။ ထိုမှတဆင့်… ဂျက်သည် ဥက္ကလန် ဆိုရှယ်လစ်အလုပ်သမားပါတီနှင့် နီးစပ်ယဉ်ပါးခဲ့၏။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားပါတ်ီရပ် ပီပီပြင်ပြင်… ခိုင်ခိုင်ခံ့ခံ့တည်ဆောက်နိုင်ရန် ဂျက်သည် လှုံ့ဆော် စည်းရုံး၏။ ပါတီအစည်းအဝေးများတွင် အလုပ်သမားလူတန်းစားပါတီတရပ်တွင် အယူဝါဒ သန့်ရှင်းစင်ကြယ်စေဖို့ … ခိုင်ခန့်ဖို့အရေးကြီးကြောင်း ရပ်ခံတင်ပြ၏။ ပစ္စည်းမဲ့တော်လှန်ရေးကြီးတရပ်၏ သွားရာလမ်းသည် မဲပုံးထောင်သော လမ်းမဟုတ် … ဟု ဂျက်က ခိုင်ခိုင်မာမာ ယုံကြည်၏။

ယုံကြည်သည့်အတိုင်းလည်း လှုံ့ဆော်သည်။ လူထုတရားပွဲများ၌ လူထုအား အရင်းအတိုင်း ပွင့်ပွင့်လင်းလင်း ချပြ၏။ ဟောပြော၏။ ရှင်းလင်းပြ၏။ ဟောပြောပွဲများ၌ ဂျက်သည် … …

“… … ကြိုးကိုင်ချယ်လှယ်နေကြသူများကို အမြန်ဆုံးရှင်းလင်းဖယ်ရှားရမည်။ ပြီးတော့… အမေရိကန် လူ့အဖွဲ့အစည်းကို အသစ်တဖန်ဖွဲ့စည်းရမယ်… …” ဟူ၍ အမြဲနိဂုံးချုပ် ပြောတတ်၏။ သူ၏ ရဲရဲတောက် ဟောပြောချက်များကြောင့် ဥက္ကလန်ရှိ ပုဂ္ဂိုလ်များက ပြည်ထောင်စုငြိမ်ဝပ်ပိပြားရေးကို ပျက်စီးရာပျက်စီးကြောင်း လှုံ့ဆော်မှုနှင့် ဖမ်း၏။ ရုံးတင် တရားစွဲ၏။

သတင်းစာများက ဂျက်နှင့်ပတ်သတ်၍ စာလုံးမည်းကြီးများနှင့် သတင်းဖော်ပြကြသည်။ ခေါင်းစီးထိုးကြ၏။

“အမေရိကန်ပြည်ထောင်စုကို မှောက်လှန်ရန်ဟောပြောသည့် ချာတိတ်ဆိုရှယ်လစ်တဦး”

ဂျက်လန်ဒန်

ထိုစဉ်က … ဂျက်သည် ဆန်ဖရန်စစ္စကို ကမ်းလွန်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ပြင်များတွင် သဘောရှိ စီးချင်းထိုးပြီး၍ ဥက္ကလန်အိမ်သို့ ပြန်ရောက်နေသည့်အချိန် ဖြစ်သည်။

ပါးစပ်လှုပ်ဖို့အတွက် ဂျက်သည် ဥက္ကလန်ရှိ ဂုန်လျော်စက်ရုံတရုံတွင် အလုပ်ကြမ်းသမားတဦးအဖြစ် လုပ်အားကို တနေ့ ၁၀ နာရီမျှထုတ်၍ ရောင်းချနေရ၏။ တနေ့ … ဆန်ဖရန်စစ္စကိုမြို့မှလစဉ်ထုတ်ဝေသည့် ‘ခေါ်သံ’ အမည်ရှိ မဂ္ဂဇင်းဝတ္ထုတို ဖိတ်ခေါ်ပြိုင်ပွဲတခု ပြုလုပ်၏။ ထူးခြားသော ကိုယ်တွေ့အဖြစ်အပျက်တခုအား ရေးသားရန်ဟူ၍ မှတ်ချက်နှင့်ဖြစ်သည်။ စာမူခအတွက် ဆုချီးမြှင့်မည်က ၂၅ ဒေါ်လာ …။ ဂျက် ထိုမဂ္ဂဇင်းသို့ စာမူတပုဒ် ရေး၍ပို့သည်။

“တရုတ်ကမ်းလွန်ပင်လယ်ပြင်မှ လေပြင်းမုန်တိုင်း” ဟူသည့် ဝတ္ထုတိုဖြစ်သည်။ ‘ဆူသာလင်’ သင်္ဘောတွင် သင်္ဘောသားဘဝ သူ့၏အတွေ့အကြုံအချို့ …။ လူသားနှင့် သဘာဝအရိုင်း၏ စီးချင်းထိုးပွဲ …။ ဂျက်၏ဝတ္ထုတိုအား ‘ခေါ်သံ’မဂ္ဂဇင်းက ရွေးချယ်၍ ဖော်ပြခဲ့သည်။ ထိုစာမူက ဂျက်၏ပထမဆုံး ပုံနှိပ်ဖော်ပြခံရသော စာမူ …။ ပုံနှိပ်စာလုံးနှင့် သူ၏စာမူအား တွေ့မြင်ရပြီးနောက် ဂျက်သည် ဝတ္ထုတိုများအား တပုဒ်ပြီးတပုဒ် ရေးတော့၏။ တဖက်က တနေ့ ၁၀ နာရီ အလုပ်လုပ်ရင်း … ရသမျှအချိန်အတွင်း လုံ့လထုတ်၍ ရေးသားခဲ့ရခြင်းဖြစ်၏။ တပုဒ်ပြီး … တပုဒ်မဂ္ဂဇင်းတိုက်သို့ ပို့၏။ တပုဒ်ပြီးတပုဒ် မဂ္ဂဇင်းတိုက်မှလည်း ပယ်၏။ ၅ ပုဒ်ခန့် ဆက်တိုက်ပယ်ခံရပြီးသောအခါ ဂျက်သည် ဆက်မပို့တော့ …။ စာရေးခြင်းကိုမူ မဖျက် … …။ ဆက်၍ ရေးသည်သာ …။

အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်းခြေအနှံ့ ခြေသလုံးအိမ်တိုင်ကူးခဲ့ပြီးနောက် … ဂျက်သည် ဥက္ကလန်သို့ ပြန်လာပြန်၏။

၁၈၉၅ ခုနှစ် …။

ဥက္ကလန်အထက်တန်းကျောင်းတွင် ကျောင်းကူလုပ်ရင်း အထက်တန်းပညာအား သင်၏။ ထိုစဉ်က … ဂျက် အသက်သည် ၁၉ နှစ်ခန့် ရှိပြီ။ ဥက္ကလန်အထက်တန်းကျောင်းမှ ‘ခေတ်’ အမည်နှင့် စာပေမဂ္ဂဇင်းတစောင်အား လစဉ်ထုတ်၏။

ဂျက်သည် ခေတ်မဂ္ဂဇင်းတွင် ဆောင်းပါးနှင့် ဝတ္ထုတိုများ ရေး၏။ ခေတ်မှလည်း ဖော်ပြသည်။ ခေတ်တွင် ဖော်ပြပါရှိသည့် ဝတ္ထုတိုများက … ခြေသလုံးအိမ်တိုင် ကလေကချေတို့၏ ဘဝများ …။ အမောများ …။ အားမာန်များ … …။ ရင်ခုန်သံများ …။

ဆောင်းပါးတပုဒ်၌ ဂျက်သည် ဆိုရှယ်လစ်ဝါဒသဘောတရား အကြောင်းဖော်ပြ၏။ ပညာရေးအား ဝေဖန်၏။ ဒီမိုကရေစီပညာရေးစနစ်လိုအပ်ကြောင်း ထောက်ပြ၏။ ထိုဆောင်းပါးကြောင့် ဥက္ကလန်ရှိ ပညာရေး အာဏာပိုင်တို့က မျက်လုံးပြူးကုန်ကြရ၏။ တုန်လှုပ်ချောက်ခြားကြရ၏။ ပြီးလျှင် … … မခံမရပ်နိုင်ဖြစ်ကြ၏။

ရလဒ်ကား … ဂျက်၏စာမူများအား ခေတ် တွင် ဖော်ပြပါရှိခြင်း မရှိတော့ …။ မကြာ … ဂျက်ကိုလည်း အကြောင်းရှာ၍ ဥက္ကလန်အထက်တန်းကျောင်းမှ ထုတ်ပစ်လိုက်တော့၏။

ခေတ်မဂ္ဂဇင်းက ဂျက်၏စာမူများကို မဖော်ပြတော့သော်လည်း သူသည် စာရေးမပျက် … ။ ရေး၏။ သူ့တွင် ရေးပြီးသား ဝတ္ထုတို ပုဒ်ရေ ၅၀ ခန့် နှင့် ဆောင်းပါးပုဒ်ရေ ၃၀ ခန့်ရှိသည်။ ထိုသို့သော စာမူများအား ဂျက်သည် တံဆိပ်ခေါင်းဖိုးရှာပြီး အမေရိကန်ပြည်ထောင်စုရှိ လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများသို့ ပို့၏။ ပို့သော်လည်း … ဖော်ပြခံရခြင်းကား မရှိ …။ သူ၏ ထိုထိုသော စာမူများက … အမေရိကန် အလုပ်သမား လူတန်းစားနှင့် အဖိနှိပ်ခံပြည်သူများ၏ဘဝအားဖွဲ့သည့် ဘဝသရုပ်ဖော်ဝတ္ထုတိုများနှင့် ဆိုရှယ်လစ် သဘောတရား၊ အလုပ်သမားလှုပ်ရှားမှု အကြောင်းအရာတို့ကို ရေးသားသည့် ဆောင်းပါးများသာ ဖြစ်၏။

အခြေအနေကား … ထုတ်ဝေသူ၊ အယ်ဒီတာတို့က ဂျက်၏စာမူပါ အကြောင်းအရာနောက် လိုက်၍မမှီ …။ ကွာဟနေသကဲ့သို့ …။ မဂ္ဂဇင်းများတွင် သူ၏စာမူများအား ဖော်ပြခြင်းမရှိသည့်အရေးအပေါ် … ဤသို့ ဂျက် ဆင်ခြင်မိ၏။ ဤတွင် … လူတန်းစားအဖွဲ့အစည်းအတွင်း လူတန်းစားတိုက်ပွဲအကြောင်းအရာမှ … လူသားနှင့် သဘာဝအရိုင်း တိုက်ပွဲများဆီသို့ ဦးလှည့်၍ ‘ချ’ ရေးရတော့၏။

‘ခရီးလမ်းကြမ်း’ ဝတ္ထုတိုအား ရေး၏။ ခရီးလမ်းကြမ်းက ရေခဲပြင်၊ ဆီးနှင်း၊ မုန်တိုင်း၊ အမှောင်ထု၊ စွပ်ဖားဆွဲသည့် ခွေးများနှင့် ရွှေတူးသမား၏ တိုက်ပွဲ …။ သက်ရှိနှင့် သက်မဲ့၏ ပဋိပက္ခ … …။ ခရီးလမ်းကြမ်းအား အမေရိကန်နိုင်ငံထုတ် မဂ္ဂဇင်းတစောင်က ရွေးချယ်ဖော်ပြ၏။ စာမူခအဖြစ် ၅ ဒေါ်လာ ချီးမြှင့်မည့်အကြောင်း သူထံသို့ အကြောင်းကြား၏။

မဂ္ဂဇင်းတွင် ခရီးလမ်းကြမ်းအား ဖော်ပြပါရှိခဲ့ပြီး ၂ လကြာသည့်တိုင် စာမူခ ၅ ဒေါ်လာက ဂျက်ထံသို့ ရောက်မလာ …။ သည်းညည်းမခံနိုင်တော့ …။ မီးရထားခိုးစီးပြီး မဂ္ဂဇင်းတိုက်ရှိရာမြို့သို့ သွားသည်။ ပြီးလျှင် … အယ်ဒီတာများအား ရိုက်ပုတ်ပြီး သူ၏စာမူခ ၅ ဒေါ်လာအား ထုတ်ယူခဲ့သည်ဟု ဆို၏။ ဂျက်လန်ဒန်က အမေရိကန်စာရေးဆရာများအနက် အယ်ဒီတာများအား ရိုက်ပုတ်၍ စာမူခတောင်းသူဟူ၍ ဆိုစမတ်ပြုရ၏။ သို့သော်လည်း … ရိုက်ပုတ်ခံရသည့် အယ်ဒီတာများနှင့် ရိုက်ပုတ်ခဲ့သည့် စာရေးဆရာတို့က နားလည်သင့်မြတ်ပြီး ‘နှင်းကမ္ဘာ’၊ ‘မိုင်လေးဆယ်ခရီး’၊ ‘ဝံပုလွေ့သားတော်’ စသည့်တို့ တပုဒ်ပြီးတပုဒ် ဖော်ပြခဲ့၏။

အမေရိကန်မဂ္ဂဇင်း သုံးလေးစောင်မှလည်း ဂျက်၏စာမူများအား ထည့်သွင်းဖော်ပြလာကြရာ … ဂျက်၏ စာပေအရေးအသားအပေါ် အမေရိကန် စာပေအသိုင်းအဝိုင်းသည် တစတစနှင့် ဂရုစိုက်လာကြတော့သည်။ ‘ချာတိတ်ဆိုရှယ်လစ်’ ဟု ကင်ပွန်းတပ်ခဲ့သည့် ဥက္ကလန်သတင်းစာများမှလည်း … ‘အလာအလားရှိသော လူငယ်စာရေးဆရာ ဂျက်လန်ဒန်’ ဟူ၍ ပြောင်းလဲညွှန်းလာကြ၏။

ဆက်လက်ဖော်ပြပါမည်။

Wednesday, March 3, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၁)

ဒီလိုနဲ့ ‘ပြည်သူ့သူရဲကောင်းများရဲ့ဈာပန’ ကို ကျနော်တို့ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပတယ်။ ခေါင်းတလုံးကို လူ ၈ ယောက်စီ ထမ်းကြတယ်။ ကျနော်တို့ ရဲဘော်တွေတင်မကဘူး။ မဟာမိတ် ပါတီအဖွဲ့တွေက ရဲဘော်တွေလည်း ဝင်ထမ်းကြတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ သာယာကောင်းမွန်ပါတယ်။ မုန်တိုင်းလည်း စဲသွားပြီ။

အာဇာနည်တွေကိုမြှုပ်ဖို့ ကျနော်တို့ရွေးလိုက်တဲ့နေရာကတော့ ကင်းစခန်းရဲ့အရှေ့ဘက်ထောင့်၊ ပင်လယ်ကမ်းကနေ တက်လာမယ်ဆိုရင် မီတာ ၇ဝ-၈ဝ လောက် တက်ရမယ်ထင်တယ်။ အဲ့ဒီမှာ အုန်းပင် ၃ ပင် ဖိုခနောက်ဆိုင် ပေါက်နေတဲ့နေရာရှိတယ်။ အဲဒီ အုန်းပင် ၃ ပင်ရဲ့အလယ်မှာပဲ ဆိုကြပါစို့။ အဲ့ဒီမှာပဲ ကျနော်တို့ သူတို့ကို မြှုပ်ပါတယ်။

အဲ … ခပ်လှမ်းလှမ်းမှာကတော့ အိုနာဆစ်သင်္ဘောပျက်ကြီးကို လှမ်းမြင်နေရတယ်။ သင်္ဘောပျက်ကြီးကတော့ လှိုင်းတွေထဲမှာ ယိမ်းထိုးနေတယ်။ ကျနော်တို့ ခေါင်းတွေထမ်းသွားတဲ့အခါမှာ လေပြေလေးက တသုန်သုန် ဖြူးနေတယ်။ အုန်းပင် ၃ ပင်ရဲ့အလယ်မှာ ကျင်းအကျယ်ကြီး၊ အနက်ကြီးတခု ကျနော်တို့ တူးထားတယ်။ အာဇာနည်တွေရဲ့ခေါင်းတွေကိုမပိတ်မီမှာ သူတို့ရဲ့နာမည်နှင့်တကွ အသက်၊ သူတို့ရဲ့ဆောင်ပုဒ်၊ စတာတွေကို ရေးထားတဲ့ ကြေးပြားလေးတွေကို အထဲမှာထည့်ပြီးမှ ခေါင်းပိတ်ပါတယ်။

အာဇာနည် သုသာန်နေရာမှာ ခေါင်း ၈ လုံးစုံပြီဆိုတဲ့အခါကျတော့ ကျနော်တို့ရဲ့တူရိယာဝိုင်းကနေပြီးတော့ ‘အင်တာနေရှင်နယ်’ လို့ ခေါ်တဲ့ နိုင်ငံတကာသီချင်းကို တယော ၈ လက်နဲ့ အခြားတူရိယာအစုံနဲ့ တီးမှုတ် ဂုဏ်ပြုကြတယ်။

ပြီးတော့ ရဲဘော်တယောက်စီကို သူတို့အတွက် ဂုဏ်ပြုတဲ့သီချင်းတွေသီဆိုပြီး ခေါင်းတခေါင်းစီ မြေချပါတယ်။ သူတို့ ကျဆုံးတဲ့အစဉ်အတိုင်း တယောက်ပြီးတယောက် ဂုဏ်ပြုပြီးတော့ မြေချတာပါ။ ခေါင်း ၈ လုံး မြေကျပြီးပြီဆိုတော့ သူတို့ ၈ ယောက်စလုံးအတွက် ဂုဏ်ပြုစပ်ထားတဲ့ ‘ပြည်သူ့သူရဲကောင်းများသို့’ ဆိုတဲ့ ဂုဏ်ပြုသီချင်းကို တီးမှုတ်သီဆိုပါတယ်။ အဲဒီနောက် မြေဖို့ကြတာပါပဲ။

မြေဖို့ပြီးပြီဆိုတဲ့အခါမှာ လွမ်းသူ့ပန်းခွေတွေ ချကြပါတယ်။ ပထမဆုံးချတာက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပန်းခွေပါ။ ပန်းခွေချပြီးတော့ အဲ့ဒီအဖွဲ့အစည်းရဲ့ သက်ဆိုင်ရာရဲဘော်တွေက ဦးညွတ်အလေးပြုကြပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ပန်းခွေချပြီးတဲ့အခါမှာ ကျန် ပါတီအဖွဲ့အစည်းတွေက ပန်းခွေတွေ အသီးသီးချကြပါတယ်။

ထူးထူးခြားခြားပြောရမှာက မန္တလေးက နိုင်ငံရေးသမားဟောင်းကြီး သခင် ရန်ချွေ။ သူက သူ့ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ကို ပန်းခွေချ သီးသန့်အလေးပြုပါတယ်။

ကျနော်တို့နဲ့ အတူတိုက်ပွဲဝင်လာကြတဲ့ ရဲဘော်တွေရဲ့ခန္ဓာကိုယ်များဟာ ပထဝီမြေကြီးအောက်ကို ရောက်သွားပါပြီ။ ဒါပေမယ့် သူတို့ရဲ့စိတ်ဓာတ်ဝိဉာဉ်ကတော့ ကျနော်တို့နဲ့ အခုအထိအတူ ဆက်ချီတက်နေပါတယ်။ ကျနော် တဦးချင်းအနေနဲ့ပြောရမယ်ဆိုရင် ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အကွေ့အချိုးတိုင်း၊ ဆုံးဖြတ်မှုတိုင်းမှာ သူတို့ကို သတိရပါတယ်။ သူတို့ကို ပြန်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကိုယ် မောင်းတင်ရ၊ သံပတ်တင်းရတာမျိုးတွေလည်း မကြာခဏ ကြုံရဖူးပါတယ်။

အာဇာနည် သူရဲကောင်းတွေသာမရှိရင် တော်လှန်ရေးအောင်ဖို့ မပြောနဲ့။ တော်လှန်ရေးတခုလုံးကို သယ်ဆောင်ဖို့တောင်မှ မဖြစ်နိုင်ပါဘူး။ အခု ကိုကိုးကျွန်းသမိုင်းဟာ အနှစ် ၃ဝ ကျော်သွားပါပြီ။ ဘယ်သူတွေ ဘယ်လိုပဲပြောနေနေ။ ကိုကိုးကျွန်းသမိုင်းကြောင်း အာဇာနည်များရဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့စွန်လွှတ်မှု၊ သူတို့ကြောင့်ရရှိတဲ့ အောင်ပွဲကိုတော့ အသိအမှတ်မပြုလို့ မနေနိုင်ပါဘူး။


အမေ့ခေါ်သံ

ကျနော်တို့အနေနဲ့ ကိုယ်ထူကိုယ်ထလုပ်ဖို့ မလိုတော့ဘူးဆိုတဲ့အခါကျတော့ အချိန်တွေက အများကြီးရတယ်။ အချိန်တွေ ပိုလာတယ်။ စာဖတ်လို့ရတာပေါ့လေ။ ဒါပေမယ့် ကျနော်တို့ အားကစားတွေ ဘာတွေ လုပ်ချင်စိတ်လည်း မရှိတော့ဘူး။ အဲ့ဒီ ရဲဘော်တွေမရှိတော့တဲ့အခါမှာ သူတို့ကိုပဲ သတိရနေတယ်။

အဲ့တော့ ကျနော်တို့လူစုမိတိုင်း သူတို့အကြောင်းတွေကိုပဲ ပြောကြတယ်။ တခါတခါ သူတို့ကိုဂုဏ်ပြုတဲ့ တေးတွေ စုပြီး သီချင်း ဆိုကြ၊ တီးကြ၊ မှုတ်ကြတယ်။ ရေကြည်သောက်တိုင်း ရေတွင်းတူးတဲ့သူတွေကို မမေ့ကြတာပေါ့လေ။ အဲ့လို ဈာပနပြီးတဲ့နောက် တလအကြာမှာ သူတို့ကိုဂုဏ်ပြုတဲ့ ကဗျာစာအုပ်တအုပ် ထုတ်ခဲ့ကြတယ်။

ဒီလိုနဲ့ မုတ်သုန်လွန်တဲ့အခါမှာ ထောင်အာဏာပိုင်တွေက ကျနော်တို့ကို ပြည်မ ပြန်ပို့တယ်။ သူတို့က လာကြိုတဲ့သင်္ဘော ရောက်လာတဲ့အခါမှာ ကျနော်တို့ကိုလာပြီးတော့ အကြောင်းကြားတယ်။

“နောက် ၂ ရက်နေရင် ထွက်ခွာရမယ်။ ခင်ဗျားတို့ ပြင်ဆင်ကြပါ”

လို့ လာပြီးပြောတယ်။

ဒါနဲ့ ကျနော်တို့ ပြင်ဆင်ကြပါတယ်။ ပြည်မ ပြန်ရမယ်ဆိုပေမယ့် ကျနော်တို့ စိတ်ထဲမှာ ပျော်လှတယ်လို့ မရှိပါဘူး။ ပြည်မကထောင်တွေ (အထူးသဖြင့် အင်းစိန်ထောင်)အကြောင်းကို ကောင်းကောင်း သိထားတော့ ကျွန်းကပြန်ရတယ်ဆိုတာဟာ ဒယ်အိုးထဲကနေ မီးတောက်ထဲကို ခုန်ချရတာဖြစ်နိုင်တယ်လို့ တွက်ထားကြတယ်။ ဟိုရောက်ရင် ကျွန်းမှာလို လွတ်လွတ်လပ်လပ် အားလုံးအတူတူ မနေရမှာကလည်း သေချာနေတယ်။ ဘာပဲပြောပြော ကျနော်တို့ ပြင်ကြတယ်။

ပြင်ကြတယ်ဆိုတာ ဘာပြင်လဲဆိုတော့ အဓိကအားဖြင့် ကျနော်တို့ရှိတဲ့ စာရွက်စာတမ်းတွေ အကုန်လုံး ဖျက်ဆီးကြ၊ မြေမြှုပ်တန်တာ မြှုပ်ကြပေါ့လေ။ ပြီးတော့မှ ကိုယ်ပိုင်ပစ္စည်းလေးတွေ ထုပ်ကြပိုးကြတာ။ ကိုယ်ပိုင်ပစ္စည်းကတော့ များများ မရှိပါဘူး။ ကျနော်လို လူသာ အိမ်ကပို့တဲ့ စာအုပ်တွေ များနေတာ။ (အဲဒီစာအုပ်တွေလည်း အင်းစိန်ထောင် ရောက်ပြီးတဲ့နောက် ဘယ်ရောက်သွားမှန်းကို မသိတော့ဘူး၊ ပြန်မတွေ့တော့ဘူး။)

နောက်တခုက ကျနော်တို့မှာ စုထားတဲ့ စားစရာ၊ သောက်စရာတွေရှိတယ်။ ဥပမာ … အမဲသားဘူးတို့၊ လိပ်သားခြောက်တို့၊ နို့ဆီဗူး အပါအဝင်ပေါ့လေ၊ ကျနော်တို့ ရိက္ခာတွေ ပိုနေတဲ့ဟာတွေ ရှိတယ်။ တမင်စုထားတာ၊ ကျနော်တို့ အခမ်းအနားတွေ၊ ပွဲတွေလမ်းတွေကြရင် စားရ သောက်ရအောင်ဆိုပြီးတော့။ အခုတော့ အဲဒါတွေ ကျနော်တို့ အပြတ်ရှင်းကြတယ်။

ကျနော်တို့ရိက္ခာရုံမှာရှိတဲ့ နို့ဆီတွေ၊ လိပ်သား ခြောက်တွေ၊ အမဲဗူးတွေကို အနပ်တိုင်း စားကြတာပဲ။ အမဲဗူးထဲက အမဲသားတွေဆိုရင် အခြောက်ကြော်ပြီး ဗန်းကြီးတွေနဲ့ စားပွဲပေါ်မှာ တင်ထားတယ်။ စားလို့လည်း မကုန်တော့ဘူး။ ကျနော်တို့လည်း စားချင် သောက်ချင်စိတ် မရှိတော့ဘူး။

ဆက်လက်ဖော်ပြပါမယ်။