Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Thursday, September 20, 2012

ကျား နဲ့ ယုန် (သော်ဇင်အုန်း)

ခေတ်မီတဲ့ ကျားတစ်ကောင်ဟာ အမဲကောင်ကိုချောင်းပြီး အလစ်ဖမ်းစားရတာကြာတော့ ပျင်းလာတယ်။ အချောင်သက်သက်သာသာနဲ့ စားချင်လာတယ်။ ဒါနဲ့ ကျားဟာ အကြံထုတ်တယ်။ ကျားဆိုတော့ သိပ်ကြာကြာ မစဉ်းစားရပါဘူး၊ အကြံရတာပေါ့။ ဒါနဲ့ ကျားဟာ သူ့အကြံကို အကောင်အထည်ဖော်တော့တယ်။ ပထမဆုံး သမင်တစ်ကောင်ကို ဖမ်းလိုက်တယ်။ ပြီးတော့ မစားဘဲ ဒီလိုပြောပြီး ပြန်လွှတ်လိုက်တယ်။

“ငါ မင်းကို စတာပါကွာ၊ ဒီနေ့ကစပြီး အသားမစားတော့ဘူး၊ သက်သတ်လွတ် အသီးအနှံစားပြီး ဥပုသ်ရက်ရှည်စောင့် အဓိဌာန်ဝင်မလို့ကွ” တဲ့။

ကျားပါးစပ်ထဲက ထွက်လာတဲ့သမင်ဟာ ဝမ်းသာအားရပြေးလာပြီး တစ်တောလုံးကို ဒီအကြောင်း လျှောက်ပြောပြတယ်။ ဒါပေမယ့် ဘယ်သူမှ မယုံပါဘူး။ သမင်က ကျိန်တွယ်ပြောတော့ ပညာရှိယုန်က စဉ်းစားတယ်။


Saturday, December 11, 2010

ဗမာလား၊ မြန်မာလား

နေ့စဉ်ပြောဆို သုံးနှုန်းနေတဲ့ စကားလုံးတွေထဲမှာ အနက်အဓိပ္ပာယ် မထင်ရှားတာ၊ အသိရခက်ခဲ နက်နဲတာတွေ၊ ဝိဝါဒ ကွဲပြား အငြင်းပွားစရာတွေ အများအပြားရှိကြတဲ့အနက် အလွန်အရေးကြီးတဲ့ အလွန်အရေးကြီးတဲ့ အငြင်းပွားစရာ စကားလုံးတလုံးအကြောင်းကို ဒီကနေ့ ပြောကြရအောင်ပါ။

ကဲ … ပထမဆုံးတော့ သမိုင်းဝင် တေးသီချင်းတပုဒ်ကို နားဆင်ကြည့်ကြပါစို့။

နောင်ဥဒါန်း ××× ဘယ်မပြေစရာ ××× ရာဇဝင်တင်ထား ××× မျိုးရိုးနွယ်သာ ××× ကမ္ဘာတခွင်မှာဖြင့် ××× ဗမာထင်ရှား ××× ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေလေ့သလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ - ငါတို့ဗမာ) ၂

နယ်ချဲ့တော်လှန်ရေးကို ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ သမိုင်းဝင် အမျိုးသားရေး လှုံ့ဆော် တေးသီချင်းကြီးပါ။ ဒီသီချင်းမှာ ဆိုသွားတဲ့ ဒို့ဗမာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့ အများစု လူမျိုးတမျိုးတည်းကို ပြောတာလား။ ဒါမှမဟုတ် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း အပါအဝင် နိုင်ငံတခုလုံး အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးကို ဆိုလိုတာပါလား။ သောတရှင်တို့ ဘယ်လိုထင်ပါသလဲ။

ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေလေ့သလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ - ငါတို့ဗမာ) ၂

ဒို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ဒို့မြန်မာ အစည်းအရုံး လို့ မခေါ်ဘဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလဲကို ရှင်းလင်း ဖွင့်ဆိုထားပါတယ်။ မြန်မာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့လူမျိုးကိုသာခေါ်တာ ဖြစ်တယ်။ မြန်မာပဒေသရာဇ်တွေ ပေးထားတဲ့နာမည် ဖြစ်တယ်။ လူမျိုးကြီးဝါဒသဘော ပါဝင်တယ်။ ဒါ့ကြောင့် လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်းအပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန်ကန်ဘူး။ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံ လို့ခေါ်မှသာ ညီညွတ်မှန်ကန်မယ်လို့ အတိအလင်း ဖွင့်ဆိုထားခဲ့ပါတယ်။

ကဲ ... ဒီတော့ ပညာရှင်တွေကရော ဘယ်လိုမြင်ပါသလဲ။ ဘာသာဗေဒပညာရှင် ဆရာ မောင်သာနိုးရဲ့ အမြင်ကတော့ …

“ဗမာက မူလဗျ၊ ဗြဟ္မာ က လာတာကိုး။ ဗထက်ချိုက် ဟရစ် ဟ မ ဆင့်၊ ဗြဟ္မာ က လာတာကိုး။ ဗြဟ္မာ ကနေပြီးတော့ ဗမာ ဖြစ်သွားတာ။ အဲဒါကိုမှထပ်ပြီးတော့ ဗမာ ကို ဗထက်ချိုက်နဲ့ မ နဲ့ ပြောင်းပြီးတော့ မြန်မာ ဖြစ်သွားတာ။ အဲတော့ မြန်မာက ဒုတိယ၊ ဗြဟ္မာ ဆိုတဲ့ ဗမာက အဓိက ပင်မဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိတွေ ယူဆကြတယ်။ နောက်တခါ အဲဒီ ဗမာနဲ့ မြန်မာ မှာက အင်္ဂလိပ်ခေတ်က ဝံသာနုခေတ်က ဒို့ဗမာအစည်းအရုံးခေတ်က သူတို့က ဗထက်ချိုက် မ ရေးချ မာကို ချင်းကော၊ ကချင်ကော၊ ကရင်ကော၊ မြန်မာကော အားလုံးအတွက် သတ်မှတ်တယ်။

မြန်မာကိုတော့ မြန်မာလူမျိုး ကျနော်တို့၊ ခင်ဗျားတို့ပေါ့လေ အတွက်ပဲ သတ်မှတ်တယ်။ အဲဒီလို အယူအဆရှိတယ်လို့ ကျနော့်ကို တလောဆီက သေဆုံးသွားတဲ့ သခင် ခင်ညွန့်က ရေနံချောင်း သခင် ခင်ညွန့်က ပြောဖူးတယ်ဗျ။ အခု ပြောင်းပြန်ဖြစ်နေပြီတဲ့ မြန်မာက ကချင်ရော၊ ကရင်ရော၊ ရှမ်းကောကို ခေါ်တာ။ ဗမာကမှ ဒီလူမျိုးလေးကို ခေါ်တာလို့ ဖြစ်နေတယ်။ ဒါဟာ ငါတို့ ဝံသာနုခေတ်ကဟာနဲ့ ပြောင်းပြန်လို့ သခင် ခင်ညွန့်က ပြောတယ်ဗျ။ ဒီခေတ်ကျမှ ဘယ်လိုလုပ်ပြီးတော့ ပြောင်းပြန်ဖြစ်သွားသလဲ မသိဘူး”

ဒါတွေကို ပြောင်းပြန်လှန်ပစ်သူအဖြစ် အများနားလည်ထားကြတာကတော့ သွားလေသူ ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဗမာစာ ဗမာစကားမှာ ဝင်ရောက်စွက်ဖက် ပါဝင်မှုတွေအနက်က တခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဒီအမွေကို သူ့ရဲ့လက်ရင်းတပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့ သုံးရမယ်ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ကို လူမျိုးစု တစုတည်းရဲ့အဖွဲ့အဖြစ် သေးသိမ်အောင်လုပ်ပြီး ကျောင်းသားတွေကိုလည်း သဘောထားကွဲလွဲမှုဖြစ်အောင် သွေးခွဲခဲ့တဲ့လုပ်ရပ်အဖြစ် အဲဒီအချိန်က လူသိများခဲ့ပါတယ်။

“ကျနော်ကတော့ ဒို့ဗမာအစည်းအရုံးကို ထောက်ခံတယ်၊ စာပေရေးအရတော့ ထောက်ခံတယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ ခုနပြောသလိုပဲ ဗမာဆိုတဲ့ ဗထက်ချိုက် မာ က ဗြဟ္မာ က လာတာ။ ဗြဟ္မာ ဆိုတာက ပါဠိပေါ့ဗျာ။ အိန္ဒိယမှာလည်း ခုထက်ထိပဲ မြန်မာကို ဗြမ္မာ ခေါ်ကြတာပဲ။ ဗမာစာကို ဘာရမီ လို့ခေါ်တယ်။ မြန်မာစကားဆိုရင် ဘာရမီဘာသာ လို့ ခေါ်တယ်ဗျ။ ဗမာ ကသာလျှင် တပြည်လုံးကို ခြုံတဲ့အမြင် ဖြစ်တယ်။ မြန်မာက ခင်ဗျားတို့၊ ကျနော်တို့ အပါအဝင် ရန်ကုန်၊ မန္တလေးက လူတစုကို ခေါ်တာ။ ရှမ်း၊ ကချင် မပါဘူး”

အီလွီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာ ဦးစောထွန်းကတော့ ထိုင်းငံမှာလည်း ဗမာလူမျိုးကို ဖမာ လို့ ခေါ်တာကိုလည်း စဉ်းစားစရာအဖြစ် ထောက်ပြပါတယ်။ ဒါ့အပြင် ...

“မြန်မာပြည်ကိုပဲ ပါဠိရှိတဲ့အခါကျတော့ ပါဠိအဘိဓာန်ထဲမှာဆိုရင် မြန်မာပြည်ဆိုတာကို ဗြဟ္မာ ဒေသ ဆိုပြီးတော့ ဗြဟ္မာ ဆိုပြီးတော့ ပြတာရှိတယ်။ နောက် ဆရာတော်ကြီးတွေက ဗြဟ္မာ လို့ ရေးကြတာတွေ ရှိတယ်။ အဲဒီကနေပြီးတော့ အသံပြောင်းပြီးတော့ ဗမာ လို့ ဖြစ်မယ်ဆိုလည်းပဲ ဖြစ်ခွင့်တော့ ရှိတာပဲ”

ပုဂံခေတ်မှာတော့ မြေပြန့်နေလူမျိုးကို မြန်မာ အဖြစ် ကျောက်စာရေးထွင်းခဲ့တဲ့ အထောက်အထားတွေ တွေ့ခဲ့ရတာကိုလည်း ဆရာ ဦးစောထွန်းက အခုလို ပြောပြပါတယ်။

“မွန်တွေက သူတို့ ကျောက်စာတွေ ထိုးတာ ရှိတယ်။ မွန်ကျောက်စာထဲမှာ ကျန်စစ်သားလက်ထက်က လူတွေအကြောင်း ပြောတော့ ဗမာတွေကို သူတို့က မရမာ လို့ ပဲ သူတို့ ပြောတာပါပဲ”

- ဟုတ်ကဲ့ဆရာ၊ တိုင်းရင်းသားလူမျိုးအားလုံးကို မြန်မာလို့ သုံးခဲ့တာမျိုးရော အထောက်အထား တွေ့မိခဲ့သလားဆရာ။

“သမိုင်းကြောင်းအရကတော့ မြန်မာဆိုတာလည်း ဗမာ၊ ဗမာဆိုတာလည်း မြန်မာ ဖြစ်ခဲ့တော့ တိုင်းရင်းသားအားလုံးကို ခြုံပြီးတော့ မြန်မာလို့ ခေါ်တာမျိုးတော့ ရှိတယ်လို့ မပြောနိုင်ဘူးလေ။ ဒါကတော့ နောက်မှ နိုင်ငံရေးအရ သတ်မှတ်ချက် တခုပေါ့လေ”

ကဲ ... ဒီတော့ ဗမာ၊ မြန်မာ ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရေး ပရောဂကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရတယ်ဆိုတာ ရှင်းလင်းပြီ ထင်ပါရဲ့နော်။ နောင်တချိန်မှာ နိုင်ငံရေးပရောဂကင်းကင်းနဲ့ ပညာရှင်တွေ စုဝေးတိုင်ပင်ပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ပါ ရယူဆုံးဖြတ်သင့်တဲ့ ကိစ္စမျိုးလို့ ထင်မိပါတယ်။

အော် ကျနော်တို့ အလင်္ကာ ပုလဲပန်းမှာတော့ မြေပြန့်နေ လူမျိုးရဲ့စာပေအဖြစ်ရော၊ တနိုင်ငံလုံးရဲ့ ရုံးသုံးစာအဖြစ်ပါ သုံးနှုန်းပြောဆိုတာဖြစ်တဲ့အတွက် ဗမာစာရော၊ မြန်မာစာရော သုံးနှုန်းလို့ ရတန်ကောင်းပါရဲ့နော်။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ဘီဘီစီ (မနက်ပိုင်း အစီအစဉ်) မှ ဗမာ ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ တင်ပြထားတဲ့ ကိုသိန်းမြတ်ရဲ့ အလင်္ကာပုလဲပန်း အစီအစဉ်ကို ကောက်နုတ်ဖော်ပြပါတယ်။


Thursday, September 16, 2010

နှလုံးအထူးကုဆေးရုံတက်ရတော့မယ့် ဘန်ကီမွန်း

“မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ”

မြန်မာ့အရေးနဲ့ပတ်သက်လာရင် စိုးရိမ်တယ်ဆိုတဲ့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အပြောမျိုးတွေအပေါ် စက်တင်ဘာလ ၁၆ ရက်နေ့က ဗွီအိုအေနဲ့ဆက်သွယ်မေးမြန်းချက်တခုမှာ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင် တုံ့ပြန်ပြောဆိုသွားတာကို ကောက်နုတ်ဖော်ပြပါတယ်။

Photo : AP


Thursday, May 13, 2010

ဝင်းယော်မှာ မိုးတွေသည်းနေပြီ … ကိုငြိမ်း

(က)

တန်ခူးနွေက ပူ၏။ အပူလှိုင်းကြောင့် … တန်ခူးနွေသည် ပို၍ပူပြင်းလွန်းနေသည်။ နေပူပြင်းပြင်းအောက်တွင်ပင်၊ သူ … ကျနော့်အိမ်သို့ ရောက်လာ၏။ ကျနော်က အိမ်တွင် မရှိ …။ သူ စတင်တည်ထောင်ထားခဲ့သည့် စာကြည့်တိုက်လေးတွင် ရောက်နေသည်။ အိမ်နှင့်စာကြည့်တိုက်က မဝေး …။ သူ … စာကြည့်တိုက်သို့ လိုက်လာ၏။

“အိမ်ရောက်သွားသေးတယ် … ခင်ဗျား စာကြည့်တိုက်မှာဆိုလို့ လိုက်လာတာ …”

ကျနော့်အနားတွင် ဝင်ထိုင်ရင်း စကားဆို၏။ ပြီးလျှင် … သူ၏ နှုတ်ခမ်းထူထူမဲမဲကြီးအားစူ၍ လေပူတချက်အား မှုတ်ထုတ်ရင်း …

“ပူလိုက်တာ …” ဟု မဟတဟ ညည်း၏။

အပူဒဏ်ကြောင့် သူ့မျက်နှာက ချွေးတို့နှင့် သီးနေ၏။ ကြိုးကျဲကျဲ … မုတ်ဆိတ်မွှေး ထိုးထိုးထောင်ထောင်များတွင် ချွေးဥတို့က တွဲလွဲခို၍နေသည်။

သူထံမှ ချဉ်စူးစူးအနံ့ ရ၏။

ခဲပြာရောင်ညို့မှိုင်းမှိုင်း ရှပ်အင်္ကျီလက်တိုနှင့် ဂျင်းဘောင်းဘီ နက်ပြာရောင်၏အောက်တွင် သူ၏ ကိုယ်ခန္ဓာသည် သေးသွယ်ပိန်လှီလွန်း၍နေသည်။ ခဲပြာရောင်ညို့မှိုင်းမှိုင်း ရှပ်အင်္ကျီက ဆေးလိပ်မီးပေါက်ရာများနှင့် …။

“ခင်ဗျားကို ကဗျာလာပေးတာ …”

ဟု ပြောရင်း … သူလွယ်ထားသည့် ကရင်လွယ်အိတ်အတွင်းသို့ လက်နှိုက်၍ ရှာနေသည်။

ကျနော်က …

“ဟေ့ လူ … ခေါင်းစဉ်ရော ပါရဲ့လား” ဟု ပြောတော့ …

သူ … ဟက်ဟက်ပက်ပက်ရယ်၏။ ကျယ်ကျယ်လောင်လောင် …။ ရယ်ရင်း …

“ဒီတခါတော့ ပါတယ် … ပါတယ်” ဟု ပြော၏။

စကားသံနှင့် ရယ်မောသံက လုံးလုံးထွေးထွေး။ သူ … ထိုသို့ရယ်ပြီးဆိုလျှင် …၊ နေပူခံဝမ်းစာအား ပြည့်ပြည့်ဝဝ၊ သူ … ရထားပြီးဖြစ်သည်ကို ကျနော် သိ၏။

လွန်ခဲ့သည့် ၃ လ ခန့်က သူ … ကျနော်အား ကဗျာတပုဒ် လာပေး၏။ ကျနော် စီစဉ်လုပ်ကိုင်နေသည့် လစဉ်ထုတ်ဂျာနယ်အတွက် ဖြစ်သည်။

နှစ်နှစ်ကာကာပေါ့
စုန်းစုန်း
အသုံးမကျတဲ့ နှင်းဆီ ပန်မိတယ်။

ညတွေကို မတွေ့ချင်တော့ဘူး
အရေးရယ် အကြောင်းရယ် ပေါင်းတော့မှ
လှမှာပေါ့
အခုလေ…။

အရှေ့လေတွေ ပေါက်နေတယ်
ဒါပေမယ့်
ရယ်စရာ စကားတလုံးကို
ဖုံးလို့ ဖိလို့ထားလိုက်တယ်
ဆောင်း …။

မင်းလာတာ နောက်ကျတယ်
ပေါင်းမသင်ရတဲ့ မြက်တွေ
ခပ်ရှည်ရှည်ပဲ လွမ်းကြမယ်
ကောင်းကင်က ငှက်တွေ
ပျံသန်းကြဦးမှာ။ ။

ငြိမ်းလူ

ကဗျာက လှ၏။ သို့သော် … ခေါင်းစဉ်က မပါ။

“ဟေ့လူ … ခင်ဗျာ့ကဗျာက ခေါင်းစဉ်လည်း မပါဘူး။ ဘယ်လိုလုပ်မလဲ …”

ကျနော့်စကားကြောင့် … သူ့ကဗျာအား သူပြန်ကြည့်၏။ ခေါင်းစဉ်က မပါ …။ နောက်ပိုင်းတွင်မှ သူ့ကဗျာ၏ ခေါင်းစဉ်အား တယ်လီဖုန်းနှင့် ကျနော့်အား ပြော၏။

‘သို့ … ဖန်သီကျူရင်’

ဤအတွက် … ခင်ဗျာ့ကဗျာက ခေါင်းစဉ်ပါရဲ့လားဟု ကျနော့်အပြောအား သူရယ်မောခြင်း ဖြစ်၏။
သူ့လွယ်အိတ်အတွင်းမှ ကွန်ပြူတာနှင့် ရိုက်ထားသည် ကဗျာစာရွက် ၃ ရွက်အား ထုတ်ပေး၏။

‘ပြောင်းခင်းထဲကနေ (သို့) ရင့်မည့်စေသော စာမျက်နှာ’

ထားခဲ့ညနဲ့
သွားမယ့်ည
မှောင်တာတူတာပဲလား။

ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား။

သူ၏ ကဗျာစာရွက်အား ကျနော့်ကိုပေးပြီး သူ အပြင်သို့ထွက်သွား၏။ ကဗျာအား ကျနော်ဖတ်နေစဉ်မှာပင်၊ သူ … ပြန်ရောက်လာ၏။ လက်ထဲတွင်က နေပူခံပေါင်းခံအရည်နှင့် တုတ်ထိုးသီးထားသည့် မရမ်းကင် တထုပ် ….။

သူ … တန်ခူးနွေအား အံတု၍နေ၏။

(ခ)

ကျနော် သူနှင့် စတင်သိကျွမ်းပြီး တွဲခဲ့ကြရသည့် အချိန်ကာလများစွာက …. ကြောပိုးအိတ်တလုံး၊ သေနတ်တလက်စီနှင့် နေခဲ့ကြရသည့်အချိန်များက များသည်။ ၁၉၉၆ ခုနှစ်တွင် စခန်းသစ်၌ သူနှင့် ကျနော် စတင်၍ တွေ့ဆုံသိကျွမ်းခဲ့ကြ၏။

ထိုစဉ်က … သူသည် စစ်အုပ်စု၏ ရေး-ထားဝယ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်နေသည့် စီမံကိန်းနှင့် ပတ်သက်၍ ‘လျှို့ဝှက်အော်ပရေးရှင်း’ တခုအား ဆောင်ရွက်နေသည်။ သူ၏ ‘အော်ပရေးရှင်း’ အား လျှို့ဝှက်ရေးမူအရ ကျနော် မမေး …။ သူကလည်း မပြော …။ သူလိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းအချို့ကိုသာလျှင် …. တတ်နိုင်သ၍ ဆက်စပ်၍ ရှာဖွေ စုဆောင်းပေးခဲ့၏။

အလုပ်ကိစ္စကြောင့် သူသည် စခန်းသစ်နှင့် မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်ခရီးအား ခြေလျင်လွန်းထိုး၍ သူ အလုပ်များနေခဲ့၏။

ထိုစဉ်က … သူသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F) မှ တပ်ဖွဲ့ဝင်တပ်မှူးတဦး ဖြစ်သော်လည်း … မဟောသဓာဇာတ်တော်လာ ‘သားလုခန်း’ မှ မိခင်ရင်းဘဝနှင့် နေရသည့်ကာလ …။ (P.D.F) မှန်နန်းဆောင်၏ အပြင်တွင်ရောက်နေသည့် အချိန် …။

(ဂ)

ကျနော်က … သူ့အား ကဗျာဆရာတဦးအဖြစ်နှင့် မကျွမ်းဝင် … မမြင်မိ။ စစ်သား … လက်နက်ကိုင် တော်လှန်ရေးသမားတဦးအဖြစ်နှင့်သာ မြင်မိ၏။ သူက … ‘ဒေါင်းအိုးဝေ’ တွင် ကဗျာများ ရေးနေပြီဖြစ်သည်။ ကျနော်က သူ့ကဗျာများအား ‘ဒေါင်းအိုးဝေ’ တွင်ရှာပြီး တခုတ်တရလည်း မဖတ်ဖြစ်ခဲ့ …။ သူကလည်း သူ့ကဗျာ ဖော်ပြပါရှိသည့် ‘ဒေါင်းအိုးဝေ’ စာစောင်များအား မှတ်မှတ်ရရ သိမ်းဆည်းမထား …။

စစ်အေး၍ ရွာအနီး ဆေးကိုင်းတဲလေးတတဲထဲတွင် အေးအေးလူလူ နားနေနိုင်ပြီး စကားကောင်းကြသည့် ဆည်းဆာများတွင် ကျနော်တို့ ကဗျာအား အမြည်းလုပ်မိကြသည့်အခါများတွင် သူသည် … ဆရာမောင်သာနိုး၏ ‘ထင်းရှုးပင်ရိပ်’ အား မကြာ၊ မကြာ ကောက်၊ ကောက်ကိုင်တတ်၏။ ပြီးလျှင် … ‘မာယာကော့စကီး’ ၏ ကဗျာများအား တပုဒ်ပြီးတပုဒ် သူ ရွတ်ပြတတ်၏။

ဤတွင် …. ကျနော်တို့အထဲမှ ကျောင်းသားတပ်မတော်မှ တပ်မှူးတဦးက …

“ဟေ့လူ … ခင်ဗျား … ရုရှားကဗျာတွေကလွဲပြီး တခြားကဗျာတွေအကြောင်းလည်း ပြောအုံးဗျာ” ဟု နောက်လျှင် … သူသည် မကျေမနပ်နှင့် …။

“ခင်ဗျားတို့ ကျနော့်ကို ဝိုင်းမြည်းကြတာပေါ့လေ” ဟု မကျေမနပ်နှင့်ပြောပြီး …. ကွမ်းသီးဖပ်၊ ဖက်ဖြူလိပ်တိုအား မီးညှိ၍ တွင်တွင်ဖွာနေတတ်၏။

(ဃ)

၁၉၉၇ ခုနှစ် …။

ရန်သူ့ထိုးစစ်ကြောင့် KNU ဒူးပလာယာခရိုင်၏ အခြေခံဒေသကြီးတခုလုံး ကျဆုံးခဲ့ရ၏။ KNLA တပ်မဟာ ၆ တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်မှူးသမူဟဲနှင့် တပ်ခွဲမှူးအချို့ ရန်သူ့ထံ၌ လက်နက်ချ အညံ့ခံလိုက်ကြ၏။ တပ်မဟာ အထူးတပ်မှ တပ်ခွဲမှူး ဗိုလ်လေးဝါးသည်လည်း ရန်သူနှင့် ပေါင်းလိုက်၏။ KNLA တပ်ရင်း ၁၆ နှင့် ဗိုလ်လေးဝါး၏ တပ်ခွဲလှုပ်ရှားမှုဒေသက … KNU ဒူးပလာယာခရိုင်၏ ဝင်းယော်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း၌ ဖြစ်သည်။

ပြီးလျှင် … ဝင်းယော်မြို့နယ် ဥက္ကဋ္ဌ မန်းတင်ငြိမ်းချမ်းနှင့် မန်းအောင်တင်မြင့်တို့ DKBA နှင့် ပူးပေါင်းလိုက်ကြပြန်၏။ မန်းအောင်တင်မြင့်က KNU ဒူးပလာယာခရိုင်၏ ခရိုင်အလုပ်မှုဆောင်အဖွဲ့ဝင် တဦးဖြစ်ပြီး ဝင်းယော်နှင့် ကြာအင်းမြို့နယ်အတွင်း စည်းရုံးရေး၊ နိုင်ငံရေးအရ သြဇာရှိခဲ့သည့်သူ ဖြစ်သည်။

လက်နက်ချ အညံ့ခံမှုများကြောင့် ဝင်းယော်မြို့နယ်အတွင်း KNU ၏ အုပ်ချုပ်ရေး၊ စည်းရုံးရေးအခြေအနေသည် လူထုအတွင်း ယိမ်းယိုင်၍သွား၏။ လူထုက ဝေဝါး၍နေ၏။ စစ်ရေးတွင်လည်း KNLA တပ်ရင်း ၁၆ မှ စောသမူနှင့် မပါသွားသည့် ဗိုလ်တင်လှိုင်၏ တပ်ခွဲ ၅ နှင့် ဗိုလ်ဒေါင်းညို၏ တပ်ခွဲ ၃ နှစ်ခွဲသာ ကျန်ရှိ၏။ တပ်ခွဲဟုသာ ဆိုရသည်။ အင်အားက ၂ဝ မျှပင် မပြည့်ချင် …။

မဟာမိတ်ဟူ၍က … ကျနော်တို့အဖွဲ့နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့သာ ရှိ၏။ ကျနော်တို့ အဖွဲ့များကလည်း စစ်ရေးအရ ပံ့ပိုးပေးနိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့ဟူ၍ မရှိ …။ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဝါဒဖြန့်ချိရေးအရသာ ဝင်းယော်မြို့နယ် KNU အုပ်ချုပ်ရေးအဖွဲ့အား ပံ့ပိုးနိုင်၏။

ထိုအခြေအနေတွင် … သူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တဖွဲ့လုံး … လက်နက်အင်အား၊ ကျည်အင်အား အပြည့်အစုံနှင့် ဝင်းယော်ဒေသအတွင်းသို့ ဆင်းလာ၏။ ဗိုလ်တင်လှိုင်၊ ဗိုလ်ဒေါင်းညိုတို့နှင့်တွဲပြီး စစ်ရေးအရ တိုက်ပွဲများဆင်နွှဲပြီး … အခြေခံဒေသအား ပြန်တည်ဆောက်ကြ၏။ လူထု၏ ယုံကြည်မှုအား ပြန်တည်ဆောက်ကြ၏။

(င)

ချောင်းနှစ်ခွနှင့် မုဒုံ ကားလမ်းအပိုင်းတွင် စခန်းမှူး ဒုရဲအုပ် ဦးစီးသည့် ကဒါ ရဲစခန်း ရှိသည်။ ရဲတပ်သားအင်အား ၁၅ ဦး ခန့်ရှိသည့် စခန်းဖြစ်သည်။ ကဒါ ရဲစခန်းက နာမည်ဆိုးနှင့် ကျော်ကြား၏။ ခရီးသည်များအား အစစ်အဆေး ကြမ်း၏။ အတောင်းအရမ်း ဆိုး၏။ ထိုင်းနိုင်ငံမှ အလုပ်လုပ်ကိုင်ပြီး ပြန်ဆင်းလာသည့် ခရီးသည်များဟု ယူဆရသူဟုထင်လျှင် … ကားပေါ်မှ ဆွဲချထား၏။ ပြီးလျှင် … နင့်နင့်ပိုးပိုးရမှ ပြန်လွှတ်ပေး၏။ ပိုက်ဆံမပါလျှင်လည်း … ရွှေငွေ၊ ပစ္စည်းများအား ချွတ်၍ယူ၏။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြပြီး နေရပ်သို့ပြန်ကြသည့်သူများက … မိုးအခါတွင် စံခရဘူရီ၊ ဘုရားသုံးဆူမှ ဇမိမြစ်ကြောင်းအတိုင်း ချောင်းနှစ်ခွသို့စုန်ဆင်းပြီး … ချောင်းနှစ်ခွမှ မုဒုံသို့ မော်တော်ယာဉ်နှင့် တဆင့်ခရီးဆက်ကြရ၏။ ဤတွင် … ကဒါ ရဲစခန်းသည် ‘ကတွက်ပေါက်’ မှစောင့်နေသည့် ဗျိုင်းပမာ …။

သို့နှင့် … လူထုသည် မခံနိုင်တော့ …။ ကဒါ ရဲစခန်းအား တိုက်ခိုက်ပါရန် တောင်လှန်ရေးတပ်သားတို့အား တောင်းဆိုလာကြ၏။ ဤတွင် … ကဒါ ရဲစခန်းအား တိုက်ခိုက်ရန် သူ … စီမံတော့၏။

ပထမ … ကဒါ ရဲစခန်းနှင့်ပတ်သတ်သည့် သတင်းများအား စုံစမ်း၏။ အဝင်အထွက် လှုပ်ရှားမှုအား လေ့လာ၏။ စစ်ကူလာနိုင်မည့် တပ်အခြေအနေအား အကဲဖြတ်၏။ ပြီးလျှင် … စခန်းသိမ်းတိုက်ခိုက်မည့် တပ်ဖွဲ့အား ဖွဲ့စည်း၏။ စခန်းသိမ်းတိုက်ခိုက်မည့်တပ်ဖွဲ့၏ ဝင်လမ်း-ဆုတ်လမ်းအား ရွေးချယ်၏။ မိမိဘက်မှ စစ်ကူပေးနိုင်မည့် တပ်ဖွဲ့၏ အင်အားနှင့် လှုပ်ရှားနယ်မြေအား သတ်မှတ်၏။ အားလုံးပြီးပြည့်စုံသည်နှင့် … သူ၏ ကဒါ ရဲစခန်းသိမ်းပိုက်ရေး စစ်ဆင်ရေးအား စတင်သည်။

မိုးရေများအောက်၌ သူ၏စစ်ကြောင်း ခရီးထွက်သွား၏။ ဇမိမြစ်ရေနှင့် ဝင်းယော်ချောင်းရေတို့က လျှံ၍နေသည်။ လယ်ကွင်းများက ရေပင်လယ်ကြီးအလား …။ ရင်စို့မျှရှိသည့် ရေပြင်အား တရွေ့ရွေ့နှင့်ဖြတ်၍ ကဒါ ရဲစခန်းဆီသို့ ချီကြရ၏။ ကဒါ ရဲစခန်းအား သူ၏ဦးဆောင်မှုနှင့် သိမ်းပိုက်နိုင်ခဲ့သည်။

လက်နက်ငယ်မျိုးစုံ၊ ကျည်မျိုးစုံအား သိမ်းပိုက်ပြီး သူတို့ ပြန်ဆုတ်လာခဲ့ကြသည်။ ကဒါ ရဲစခန်းမှ သိမ်းယူရရှိခဲ့သည့် လက်နက်ငယ်မျိုးစုံတွင် … ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် ‘ဘရင်းဂန်း’ ကြီး တလက်လည်း ပါ၏။

ကျနော်တို့က … ‘ဘရင်းဂန်း’ ကြီးအား ကြည့်ပြီး …

“ခင်ဗျား … ဗျာ ရဲတွေကို အနိုင်ကျင့်ပြီး … စစ်သမိုင်းပြတိုက်မှာထားရမယ့် …. ရှေ့ဟောင်းပစ္စည်းကြီးကို မိုးထဲ၊ ရေထဲ အလေးခံပြီး ယူလာတယ်”

ဟု သူ့အား ဝိုင်းနောက်ကြ၏။ သူကား … ကောက်ညှင်းနံ့သင်းသည့် ပေါင်းခံရည်အား ကျိုက်ရင်း …

“ခင်ဗျားတို့ နိုင်ငံရေးသမားတွေက ပြောပေါ့ …။ အခုတော့ … မြည်းစရာက … ဘရင်းဂန်းရယ်၊ မောင်ငြိမ်းရယ် ရသွားပြီပေါ့…”

ဟု သူ့ … နှုတ်ခမ်းမဲမဲထူထူကြီးအား လှုပ်၍ ဗလုံးဗထွေးနှင့် ပြော၏။

ဝင်းယော်ချောင်းရေက … အတီးထော်ဒီ … ၏ တဲခြေရင်းအထိ လျှံ၍တက်နေသည်။ ဝင်းယော်ရေစီးအောက်၌ မိုးမခပင်တို့က ယိမ်း၍နေ၏။ ခဏငယ်အတွင်း ရေပြင်အောက်သို့ မြုပ်သွားလိုက် … ခဏငယ်အတွင်း ရေပြင်ပေါ်သို့ ပြန်၍ပေါ်လာလိုက်နှင့် ….။ သည်းနေသော မိုးက လျှပ်ပန်းလျှပ်နွယ်တို့နှင့် ဝင်းဝင်းပြက်ပြက် …။ လေအဝှေ့ကြောင့် အတီးထော်ဒီတဲအတွင်းသို့ မိုးရေစက်တို့ တိုးဝင်လာသည်။ တဲကြမ်းပြင်တခုလုံး စိုစိုရွဲသွား၏။

ဝင်းယော်မှာ မိုးတွေသည်းနေပြီ … ကိုငြိမ်း ….။


မဇ္ဈိမ ဝက်ဘ်ဆိုဒ် မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

Wednesday, November 19, 2008

သလော့ဂါ မြင့်ဇေ (ခေါ်) ဂုရု အတွက် ဝမ်းနည်းခြင်း မှတ်တမ်း

ဝမ်းနည်းခြင်းမှတ်တမ်း

Thursday, November 20, 2008


တကယ်ဆိုရင် ဒီလိုစာမျိုးမရေးချင်ခဲ့ပါဘူး။ ရေးရလိမ့်မယ်လို့လဲ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ မတွေးမိခဲ့ပါဘူး။
ခုတော့ ရေးဖြစ်နေပြန်တယ်။ တကယ်တော့........

ကျောင်းသားတပ်မတော် တပ်ရင်း(၈) ရဲ့ အမာခံ ရဲဘော်တဦး၊ စာလည်းအရေးကောင်းတဲ့ ဘလော်ဂါတဦး၊ နောက်ပိုင်း ဒီမိုကရက်တစ်အင်အားစု(မြန်မာနိုင်ငံ) ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် လုပ်တော့ ဘလော့ဖက် ခြေဦး မလှည့်နိုင်လောက်အောင် အလုပ်ပိ ၊ ဒီကြားထဲ ၀င်ငွေလေး ရအောင် ဘာသာပြန်အလုပ်ကလဲ လုပ်ရသေး ၊ ဒီလိုအလုပ်တွေ ရှုပ်နေတဲ့ ကြားကပဲ သေရည်သေရက်ကို ပေါင်းခံရည်လို့ ပြောပြီး ကြိုက်ခဲ့ကြ။ သိပ်မကြာသေးခင်ကပဲ ချစ်တဲ့ ကရင်မလေးနဲ့ လက်ထပ်ပွဲ ကျင်းပခဲ့သေးတာ။

ခုတော့ နေလလို့ အမေက မှည့်ပေးထားတဲ့ မြင့်အောင်တဖြစ်လဲ၊ မြင့်ဇေ ဖြစ်ခဲ့ဘူးပြီး ကဗျာရေးတော့ ပွင့်သစ်(ကရိန်ကန်) ။အပေါင်းအသင်းတွေ ခေါ်တော့ ဂုရု ဆိုတဲ့ ရဲဘော်တယောက် တော်လှန်ရေးခရီး မဆုံးခင် ကွယ်လွန်ခဲ့လေပြီ။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် မနက် ၁ နာရီ ၂၀ ကတဲ့။

သူရှော်တာတွေ ရှိသလို တော်တာတွေလဲ များပါပေ့။ စာအုပ်တအုပ်ကိုဘာသာပြန်ရင် ပေါင်ပေါ်မှာ ဘာသာပြန်ရမယ့် အင်္ဂလိပ်စာအုပ်ကိုတင် ပြီးဖတ်ရင်း လက်က ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ ဗမာလို ရိုက်နေတာများ စာသားတွေကချောမွေ့လို့ ။ ပြီးတော့ ဗမာစာကို ဘာသာပြန်တာ ဗမာတွေ ဖတ်လို့နားမလည်တတ်တဲ့ ဘာသာပြန်သူမဟုတ်ခဲ့ဘူး။ သူဘာသာပြန်ရင် ဖတ်နေတဲ့သူ သိပ်ကို နားလည်လွယ်အောင် ပြန်တတ်တယ်။

တကယ်က ၈၈ ဖြစ်တော့ သူက ၁၀ တန်းကျောင်းသားဘ၀ပဲ ရှိသေးတာတဲ့။ သူဆယ်တန်းကို မဖြေလိုက်ရရှာဘူး။ ဒါပေမယ့်တောထဲက ကျောင်းသားတပ်မတော်ကို ခပ်ငယ်ငယ်လေး နဲ့ ရောက်လာပြီး တော်ရုံလူတွေတောင် မဖြတ်သန်းနိုင်တဲ့ ဘ၀ကို ဖြတ်သန်းခဲ့တယ်။ မညည်းမညူ ဖြတ်သန်းခဲ့တာကို သူရေးခဲ့တဲ့ ဘလော့ပေါ်က စာတွေက သက်သေတည်နေပါတယ်။

သူ့မွေ့နေ့တခုမှာ ကြာဇံဟင်းခါးကို သူကိုယ်တိုင်ချက်ပြီး အိုးလိုက် မလာပြီး ကျွေးခဲ့တာတွေလဲ သတိရသေးတယ်။ ယောက်ျားလေးပေမယ့် မုန့်ဟင်းခါးချက် ကောင်းတာ စံတင်လောက်ရဲ့။ အိမ်ကို ရောက်လာရင် အမဘာချက်လဲ ဆိုပြီး ဟင်းကြိုက်ရင် ၀င်စားတတ်တာ။ သူ အရက်သောက်လို့ဆူရင် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ လို့ ခေါင်းညိတ်နေတတ်တာ။ သူ့ရဲ့ ဘ၀အကောင်းအဆိုးတွေကို လာလာ တိုင်ပင်တတ်တာတွေ ရည်းစားထားရင်တောင် လာတိုင်ပင်တတ်ပေမယ့် မိန်းမယူတော့ ဗြုန်းစားကြီး ယူချလာခဲ့တာ။


မင်္ဂလာဆောင်တော့ သူကို လက်ဖွဲ့မယ့်လူတွေက သူလိုချင်တာကိုပဲ တောင်းခိုင်းကြတော့ သူ့မှာ ဘာတောင်းရမယ်မသိ။ အိမ်ထောင်တခုမှာ လိုအပ်တာ ဘာဆိုတာ မသိလို့ လက်ဖွဲ့ရမယ့်လူတွေက အားလုံးတိုင်ပင်ပြီး နင်ကဘာ ငါက ဘာနဲ့ သူ့တို့ အိမ်ပြောင်းတော့ ပစ္စည်းစုံစုံလင်လင်နဲ့ ချမ်းမြေ့တဲ့ မိသားစု ဘ၀ကို တည်ဆောက်မယ်ကြံခါမှ ဘယ်တုန်းက ရှိနေလဲ မသိတဲ့ သွေးတိုးကြောင့် ဦးနှောက်သွေးကြောပြတ်သွား သတဲ့။ တကယ်က အဲဒီညနေက သူအရက်တောင် မသောက်ရသေးဘူးတဲ့။ ညနေ ၅ နာရီမှာ မူးလဲပြီး မနက် ၁ နာရီ ၂၀ မှာ ကွယ်လွန်သွားပြီတဲ့။ မမြန်လွန်းဘူးလား ။

သူ့ကျမှ ဘာလို့ စောစော သေရတာလဲ .. မတရားလိုက်တာနော်။

တကယ်ဆိုရင် … ထောင်က လွတ်လာတာ မကြာသေးတဲ့ အဖေ့အတွက် သူ့သားကြီး အသက်ရှင်ခွင့်လေး ပေးစေချင်သေးတယ်။


တကယ်ဆိုရင်… လက်ထပ်ပေါင်းသင်းခဲ့တာ မကြာသေးတဲ့သူ့ဇနီး ရိုးသားတဲ့ ကရင်မလေးအတွက် ပျော်ရွှင်ခွင့် ပေးစေချင်သေးတယ်။


တကယ်ဆိုရင်… မိစ္ဆာ စစ်အုပ်စုကိုပြုတ်ကျတဲ့ ထိ သူ့ကို ရှိနေစေချင်သေးတယ်။


တကယ်ဆိုရင်.. သူယုံကြည်တဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ သူလုပ်နိုင်တာတွေ အများကြီး လုပ်ပေးဖို့ အသက်ရှင်စေချင်သေးတယ်။


တကယ်ဆိုရင်… အညတရ ရဲဘော်တယောက်ပေမယ့် သူ ခေတ်ကြီးကို သူနိုင်သလောက် ကူထမ်း ပေးခဲ့ပါတယ်။ ဒီ့အတွက် အသက်ရှည် ခွင့်လေး ပေးစေချင်သေးတယ်။


ရဲဘော်ဂုရုရေ.. အမဖြင့် သတင်းကြားရတော့ ၀မ်းနည်းလိုက်တာ။ တကယ်ဆို မသေစေချင်သေးပါဘူး။ အမတို့ ရွှေပြည်ကြီးကို ပျော်ပျော်ပါးပါးပြန်ကြမယ်လို့ ပြောခဲ့ကြသေးတာပဲ။


အင်းလေ.. သွားရမယ့်လူချည်းပါပဲ.. ရှေ့နောက် ကွာတာပဲ ရှိတဲ့ လမ်းမဟုတ်လား…
ဒါပေမယ့်လဲ … စိတ်မကောင်းခြင်းများစွာနဲ့ နှမြောနေမိသေးတယ်။


သူ့ဘလော့လေးက ဒီမှာလေ…
သူ့ဘ၀လေးကို သူချယ်မှုန်းသွားခဲ့သေးတယ်။ ဖတ်ကြည့် လေ့လာကြည့်ပါဦး ၊ သူဘယ်လိုလူဆိုတာကို။
ဂုရုတယောက်ကောင်းရာသုဂတိ လားပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်



(မခင်မင်းဇော် ဘလော့မှ ကူးယူဖော်ပြသည်။)