Saturday, December 31, 2011

သမီးကလေးအတွက် ... နှစ်သစ်မှာ ဆိုဖို့သီချင်း (ကမာပုလဲ)

သမီး ...
ပြတ်တောက်မသွားနိုင်တဲ့ သံယောဇဉ်တွေက
ဒီသီချင်းကို
သမီးကလေးဆိုဖို့ ရေးခိုင်းတယ် ...။

သမီး ငယ်ငယ်
ညအိပ်ယာဝင်တိုင်း
ပြောပြောခိုင်းခဲ့တဲ့ ပုံပြင်တွေထဲ
တိုင်းပြည် နိုင်ငံတော်တွေဆိုတာ
သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေနဲ့
တည်ဆောက်ခဲ့ကြတယ် ...
ညစဉ် ... ညတိုင်း
ပုံပြင်ကလေးတွေဟာ
သမီးအိပ်ပျော်သွားမှ
သူတို့လည်း အိပ်ခွင့်ရခဲ့တယ်လေ ...။


နှစ်သစ်မှာ (ကာတွန်း အောင်မော်)

သက္ကရာဇ်တစ်ခုကို ကျော်ဖြတ်ခြင်း (ထိန်လင်း)

နှစ်ဟောင်းတစ်ခုကနေ နှစ်သစ်တစ်ခုကို ကူးပြောင်းတဲ့အခါ သက္ကရာဇ်တစ်ခုကိုလည်း ကျော်ဖြတ်ကြရတာ ဖြစ်ပါတယ်။ အဲဒီလို ကျော်ဖြတ်တဲ့အခါ အချိန်ကာလတွေနဲ့အတူ တခြားသောအရာတွေကိုလည်း ကျော်ဖြတ်ကြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နှစ်တစ်ခု ကုန်ဆုံးလိုက်ရပြီဆိုတာနဲ့ တခြားသောအရာတွေကိုပါ ကုန်ဆုံးလိုက်ရတဲ့သဘော ရှိနေပါတယ်။
 
ကျနော်စဉ်းစားလိုက်မိတဲ့အကြောင်းကတော့ အချိန်တွေနဲ့အတူ ဆုံးရှုံးသွားရတဲ့အရာတွေအကြောင်းပါ။ ဒါက အများကြီးပါပဲ။ အဲဒီအထဲမှာ ပထမဆုံး ကျနော်တို့ဆုံးရှုံးလိုက်ရတာက ကျနော်တို့တွေရဲ့ အရွယ်တွေဖြစ်ပါတယ်။ သက္ကရာဇ်တစ်ခုကို ကျော်ဖြတ်လိုက်တာနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ကိုယ်က ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမှုတွေ ဘယ်လောက်ပဲရှိရှိ ကျနော်တို့အသက်တွေက ၁ နှစ် အိုမင်းသွားကြပါပြီ။ ငယ်တုန်းမှာ အသက် ၁ နှစ်ကြီးတာက အရွယ်ပိုရောက်လာတယ်လို့ ဆိုလို့ရပေမယ့် အသက်အရွယ် တစုံတရာကြီးရင့်လာတဲ့အခါကျတော့ အိုမင်းလာပြီ၊ ကြီးရင့်လာပြီဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးကြရမှာဖြစ်ပါတယ်။ ဒါကတော့ အသက်အရွယ်နဲ့ပတ်သက်လို့ ဆုံးရှုံးမှုဖြစ်ပါတယ်။

ရေနစ်နေတဲ့ နတ် (ယောဟန်အောင်)

ဘုရင့်ကို မုန်းလို့သာ
ပန်းပဲမောင်တင့်တယ် နတ် ဘုန်းကြီးခဲ့ရ ..
တကယ်သာ မောင်တင့်တယ် ‘မင်း’ ဖြစ်ခဲ့တယ်ဆိုပါစို့။
သူတို့ပဲ ပြန်ဆွဲချကြမှာ ...
အဲဒီ ကိုးကွယ်နေတဲ့ လူတွေပဲပေါ့။

ရပ်နိုင်ပေ့ ... ရပ်နိုင်ပေ့နဲ့
ကြီးခဲ့တဲ့ကောင်လေး
မြှောက်ပေးရင် ကြိုက်တဲ့သူ
ကြီးတော့လည်း သူတို့အကြိုက်တွေချည်း လုပ်ပြပါ
ချီးယားလီဒါတွေနဲ့ပဲ တွေ့ခဲ့ရ။


လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား

 


၂၀၁၂ မျှော်လင့်ချက် (ကာတွန်း ကျော်သူရိန်)

နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့ (မောင်ဝံသ)

ကြောက်စိတ်ဟာ လူသားရဲ့ မွေးရာပါပစ္စည်းတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်တွေက ဆိုတယ်ဗျ။ အားလုံးသိကြတဲ့ အတိုင်း ခွန်အား အင်မတန် ကြီးမားတဲ့ ဒိုင်နိုဆောတို့လို သတ္တဝါကြီးတွေ၊ ရှည်လျားတဲ့ အစွယ်ရှိတဲ့ ဆင်လိုသတ္တဝါကြီးတွေ၊ ခွန်အားရော၊ လျင်မြန်ဖျတ်လတ်မှုပါရှိတဲ့ ကျားတွေ၊ ခြင်္သေ့တွေလို သတ္တဝါတွေ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေလို၊ ကင်းလို သတ္တဝါတွေအလယ်မှာ အဲဒီစွမ်းပကားတွေ တစ်ခုမှမပါဘဲ မွေးဖွားပေါ်ပေါက်လာရတဲ့ လူသားတွေအဖို့ ပတ်ဝန်းကျင်မှာ မြင်မြင်သမျှဟာ ကြောက်စရာတွေချည်း ဖြစ်ခဲ့မှာအမှန်ပဲဗျာ။

အဲဒီ သတ္တဝါကြီးတွေအပြင် မြေငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ မိုးကြိုး ပစ်တာ၊ ရေကြီးတာ၊ တောမီးလောင်တာ စတဲ့ သဘာဝဘေးဆိုးတွေကိုပါ ကြုံတွေ့ရပြန်တော့ ကြောက်စိတ်ဟာ လူသားတွေစိတ်ထဲ စွဲစွဲမြဲမြဲ မြစ်တွယ်လာခဲ့ပြီး ကြောက်စိတ်ဗီဇဟာ မျိုးဆက်တစ်ခုကတစ်ခုကို လက်ဆင့်ကမ်းခဲ့တဲ့အရာ ဖြစ်လာခဲ့တယ်ဗျ။ ဒီကနေ့ သိပ္ပံပညာ အတော်ကလေးမြင့်မားတိုးတက်တဲ့ ခေတ်ကာလ ရောက်နေတာတောင်မှ လူအတော်များများ အမှောင်ကိုကြောက်တာ၊ မိုး သဲကြီးမဲကြီး ရွာရင် ကြောက်တာ၊ မြွေကိုမြင်ရင် ကြောက်တာစတဲ့ ကြောက်စိတ်တွေဟာ လူသားဘိုးဘေးဘီဘင်တွေရဲ့ မျိုးဗီဇတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆကြောင်း ကျွန်တော် ဖတ်ခဲ့ရဖူးတယ်ဗျ။

Friday, December 30, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၄)

အကိုခေါင်းကို ရိုက်ပြီ

အဖိုးငယ်ငယ်က တော်တော်ဆိုးတယ်။ သူများတွေကို ရိုက်တာလည်း ခဏခဏပဲ။

ငယ်ငယ်ကတည်းက မဟုတ်တာလုပ်ရင် မခံချင်ဘူး။

မဟုတ်တာလုပ်တဲ့လူကို အဖိုးက ရိုက်တာပဲ။

ညီအစ်ကိုအချင်းချင်းလည်း ရိုက်တာပဲ။

အဖိုးတို့ ညီအစ်ကိုဝမ်းကွဲတွေ လောက်စာလုံး လိမ့်တမ်းကစားကြတာ။

အဖိုးရှုံးတော့ သူ့ကို အဖိုး ပေးရတယ်။ အလှည့်တိုင်း ဒီကောင်ပဲ နိုင်တာများတယ်။ အဖိုးက ချောင်းထဲ ရွံ့စေးတွေ နှိုက်နှိုက်ပြီး လုံးရတယ်။ ကိုယ်က ရှုံးတော့ သူ့ကို ပေးရတာပေါ့။ သူ ရှုံးတဲ့အလှည့်ကျတော့ အဖိုးကို မပေးဘူး။ အဖိုးက စိတ်တိုတာပေါ့။

ရာပြည့်မွေးနေ့ရှင် စံပြသတင်းစာဆရာ ဂျာနယ်ကျော် ဦးချစ်မောင်

သက္ကရာဇ် ၂ဝဝ၂ ခုနှစ် ဧပြီလ ၆ ရက်နဲ့ ၇ ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ‘ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၉ဝ မြောက် မွေးနှစ်၊ ဂျာနယ်ကျော်မမလေး နှစ် ၂ဝ မြောက် ကွယ်လွန်နေ့ နှင့် ဂျာနယ်ကျော် စီးဆင်းမှု အထိမ်းအမှတ်ပြပွဲ’ ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၆ ရက်နေ့မှာ အခမ်းအနားသဘာပတိ ဆရာပါရဂူက ဂျာနယ်ကျော်မိသားစုနဲ့ပတ်သက်လို့ အမှာစကား ပြောကြားခဲ့ပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင်ဆီမှာ ဆန့်ကျင်ဘက် ခြေလှမ်း ၂ ခု ပေါင်းဆုံနေတာ မြင်တွေ့ကြောင်း အထူးသဖြင့် ရိုးသားခြင်းနဲ့ ဆန်းပြားခြင်း၊ ရှေးဆန်ခြင်းနဲ့ ခေတ်မီခြင်းတို့ဖြစ်ကြောင်း ဆရာပါရဂူက ရှင်းပြသွားပါတယ်။

အမှတ်ရစရာ အဖြစ်အပျက်များနဲ့ပတ်သက်လို့လည်း စိတ်ဝင်စားစရာတချို့ကို ပြောပြပါတယ်။ တနေ့ ဦးချစ်မောင်က ရန်ကုန်ဘူတာကြီးသွားပြီးတော့ လူတွေ လှုပ်ရှားသွားလာနေတာကို ထိုင်ကြည့်နေတုန်း ရထားတစ်စီး ဆိုက်လာပြီး အဖော်မပါဘဲ အထုပ်အပိုးတွေအများကြီးနဲ့ မနိုင်မနင်းဖြစ်နေတဲ့ မိန်းမကြီးတစ်ယောက်ကို တွေ့သတဲ့။ ဒါကြောင့် ဦးချစ်မောင်က မနေနိုင်တော့ဘဲ အထုပ်အပိုးတွေ ကူသယ်ပေးတယ်၊ ပစ္စည်းတွေ သယ်ပေးရင်း မျက်မှန်တောင် ကျွတ်ကျပြီး မှန်ကွဲသွားပါတယ်။ မိန်းမကြီးက ဦးချစ်မောင်ကို ကူလီလို့တောင် ထင်သွားသတဲ့။ ဒါက ဦးချစ်မောင်ရဲ့ လူအထင်ကြီးအောင်မနေဘဲ သူတပါးကို ကူညီတတ်ပုံဖြစ်ပါတယ်။

အဖွဲ့ချုပ်က ကျင်းပတဲ့ ပညာရေးရန်ပုံငွေ ပွဲတော်

 
 
 
 
 ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး ပထမဆုံးကျင်းပတဲ့ တိုင်းရင်းသားဒေသများအတွက် ပညာရေးရန်ပုံငွေ စင်တင်တေးဂီတ ပွဲတော် က ပုံရိပ်တချို့ပါ။

ယုန် (ကိုရင် ဂျာဝိုင်း)

မီးဘေးဒုက္ခသည်တွေကို ဒေါ်စု သွားရောက်တွေ့ဆုံ အားပေး

 
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်က မီးဘေးဒုက္ခသည်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က သွားရောက်တွေ့ဆုံ အားပေးနေတဲ့ ပုံရိပ်တချို့ပါ။ 



နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင် … ၅ – အောင်သာ (ပီသုံးလုံး)

မိမိဟာ ၁၉၅၃ / ၅၄ ခုနှစ် သတ္တမတန်း ကျောင်းသားဘဝမှာကတည်းက ကျောင်းသားလှုပ်ရှားမှုထဲမှာ စတင်ပါဝင်ခဲ့ပြီး မိမိရဲ့ နိုင်ငံရေးဘဝကို စတင်ခဲ့ကြောင်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီကာလက လွတ်လပ်ရေးခေတ်ဦးကာလ (၁၉၄၈/၅၃) ဖြစ်ပါတယ်။ ကျောင်းသားအဖွဲ့အစည်းများ လွတ်လွတ်လပ်လပ် ရပ်တည်လှုပ်ရှားခွင့် ရရှိနေချိန်လည်းဖြစ်ပါတယ်။ တခု ထူးခြားတာက ကျနော်တို့ရဲ့ဆရာများဟာ အမျိုးသားကျောင်းများက ထွက်လာတဲ့သူများ ဖြစ်ပါတယ်။ ဒီကျောင်းဆရာ မျိုးဆက်များက မိမိတို့ကို နယ်ချဲ့ဆန့်ကျင်ရေးနဲ့ မျိုးချစ်စိတ်ရှိကြဖို့အကြောင်း ဆုံစည်းတိုင်း လှုံ့ဆော်ပေးခဲ့ကြပါတယ်။

ကျောင်းသားသမဂ္ဂများဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားပညာရေး လှုပ်ရှားမှုအတွင်းက ပေါ်ထွက်လာခဲ့တာဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့ကြပါတယ်။ ၁၈၂၀ နဲ့ ၁၉၃၆ ကျောင်းသားသပိတ်ကြီးများက (တကသ/၁၉၃၁) နဲ့ ဗကသများ အဖွဲ့ချုပ်/၁၉၃၆ တို့ကို ဖော်ထုတ်ပေးခဲ့ကြောင်း၊ ဦးနု (သခင်နု)၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေတို့ဟာ ကျောင်းသားခေါင်းဆောင်နဲ့ တို့ဗမာအစည်းအရုံးနဲ့ ဂျပန်တော်လှန်ရေး၊ စစ်ပြီးခေတ် လွတ်လပ်ရေး တိုက်ပွဲခေါင်းဆောင်များဖြစ်ခဲ့ကြောင်း မိတ်ဆက်ပေးခဲ့ကြပါတယ်။ ဒီ ဗီဇစိတ်များဟာ မိမိတို့အတွက် အထက်တန်းကျောင်းသား တက္ကသိုလ်ကျောင်းသား တက္ကသိုလ်ပြင်ပ လူမှုဘဝများအထိ စိုးမိုးခိုင်မြဲခဲ့ပါတယ်။ ကျောင်းဆရာအဖြစ် အသက်မွေးကျောင်းရတဲ့အခါ မိမိတို့ကို မိမိတို့ဆရာများက မိတ်ဆက်ပေးခဲ့တဲ့ အသိတရားများကို မိမိတို့ကတဆင့် နောက် မျိုးဆက်တဆက်ကို မိတ်ဆက်ပေးခဲ့ကြပါတယ်။ မျိုးဆက်ဆိုတာ ဒီလိုပါပဲ။

Thursday, December 29, 2011

ငယ်ချစ်များ ... သို့ (ကမာပုလဲ)

အသက်က ငါးဆယ်ထဲ ဝင်ခဲ့ပြီ
အရပ်က ပိုရှည်မလာတော့ဘူး
သံသရာက
ခံနိုင်ရည်ထက် ပိုနေတယ် ...။

လမ်းတွေက ကွေ့ကွေ့ကောက်ကောက်
(ကိုယ့်အတ္တ အတွက် ကိုယ်မကွေ့တတ်ခဲ့ဘူး)
အမြင့်မို့
တက်ရရင်လည်း အူလျားဖားလျား
အဆင်းမို့
သက်ရရင်လည်း ဒလိမ့်ခေါက်ကွေး ...။


ငှက်ကြီး ဝန်ပို (၁) - မင်းသုဝဏ်

ညအိပ်ယာဝင် ပုံပြင်၊ ကဗျာတွေ ပြောခိုင်းတတ်တဲ့ တပြည်တရွာမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ ကျနော့်သားတွေ အပါအဝင် ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး ဒီစာမျက်နှာလေးကို ဖွင့်ချင်တာပါ။

လောလောဆယ်တော့ ပေဖူးလွှာက ကဏ္ဍလေးတွေကို ဖော်ပြပေးသွားပါ့မယ်။ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်တော့ မတောင်းနိုင်ခဲ့ပါ။

ကလေးငယ်တွေအတွက် စာ၊ ကဗျာလေးတွေရှိရင် ဝေမျှပေးဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။


 

အပြောင်းအလဲ သတင်းထူးများနဲ့ ၂၀၁၁ မြန်မာပြည်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ ဦးကျော်ဇံသာ မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် သတင်းကောင်းတွေနဲ့ လာမယ့် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ထွန်းလာနိုင်တဲ့ အခြေအနေတွေကို Weekly Eleven News ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုး နဲ့ ဧရာဝတီသတင်း အယ်ဒီတာချုပ် ကိုအောင်ဇော် တို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ သတင်းသမားတွေအနေနဲ့ ၂၀၁၁ သတင်းတွေထဲမှာ ဘယ်လိုသတင်းတွေက သတင်းကောင်းတွေအဖြစ် ရေးသားခဲ့ကြရတယ်။ သတင်းကောင်းဆိုတာလည်း ကျနော်တို့ သတင်းရှုထောင့်ကနေ ကြည့်ပြီးတော့ သတင်းအင်္ဂါရပ်တွေဘာတွေနဲ့ ညီတာကိုပြောတာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့သတင်းလို့ ယူဆနိုင်သလဲဆိုတာကို စပြီးကြည့်ကြရပါစို့ ခင်ဗျား။ ပထမဦးဆုံး ဆရာ ကိုဝေဖြိုးအနေနဲ့ ဘယ်သတင်းတွေက သတင်းကောင်းလို့ဆိုချင်ပါသလဲ အကြမ်းဖျဉ်း သုံးသပ်ပေးပါ။

ကိုဝေဖြိုး ။ ။ ၂၀၁၁ ခုနှစ်ကတော့ ကျနော်တို့ နိုင်ငံအတွက်ကော၊ ကျနော်တို့ မီဒီယာအတွက်ကော အများပြည်သူကို ဖော်ပြပေးနိုင်တဲ့ အများပြည်သူသိချင်တဲ့ အကြောင်းအရာတွေ အများဆုံးနှစ်ထဲမှာ ပါဝင်တဲ့နှစ်တနှစ်ပါ။ အထူးသဖြင့် ကျနော်တို့ အကောင်းဆုံးလို့ ပြောနိုင်တဲ့သတင်းကတော့ မြစ်ဆုံအရေးနဲ့ ပတ်သက်တဲ့သတင်းပါ။ ပြည်တွင်းအနေနဲ့ဆိုရင်တော့ ပြည်တွင်းမှာရှိတဲ့ တနိုင်ငံလုံးပြည်သူတွေက မြစ်ဆုံမှာ ဆောက်မယ့်ရေကာတာကိစ္စနဲ့ ပတ်သက်လို့ တော်တော်များများက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အများအပြားပြောဆိုခဲ့တဲ့အချိန်မှာ နိုင်ငံတော်သမ္မတက မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး သူ့သမ္မတ သက်တမ်းတလျှောက်မှာ ရပ်နားထားမယ်ဆိုတဲ့သတင်းက တခြားသတင်းတွေထဲက အကောင်းဆုံးထဲမှာ အပါအဝင်တခုလို့ ပြောလို့ရပါတယ်။ တခြား အပြောင်းအလဲတွေမှာလည်း နိုင်ငံရေးအနေနဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့သတင်း။ နောက်တခါ ဒီဘက် အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာပြီးနောက်မှာ ကျနော်တို့ နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းထဲကို ပြန်လည်ခြေချလာတဲ့ အကြောင်းအရာတွေက ကောင်းမွန်တဲ့သတင်းအဖြစ် ဖော်ပြနိုင်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။

မင်္ဂလာတောင်ညွန့် မီး

 
 

ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက် ၂ နာရီလောက်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်မှာ လောင်ကျွမ်းတဲ့ မီးပါ။

Tuesday, December 27, 2011

အရေးတော်ပုံကြီး ... လူများ၊ အဖြစ်အပျက်များ (၇) - ကမာပုလဲ

“လက်နက်ကိုင် တော်လှန်ရေးဟာ ဗမာပြည် ဒီမိုကရေစီနိုင်ငံရေးမှာ မလိုအပ်တော့ပြီလား။ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးအရ တကယ့်ကို ငြိမ်းချမ်းသွား၊ ငြိမ်းချမ်းတော့မယ်လား။ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ တနေ့ပြီးတနေ့ တိုးတိုးလာနေတယ်။ အစဉ်အလာကြီးတဲ့၊ ရပ်တည်ချက် ခိုင်မာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တယောက်ပြီးတယောက် ကျဆုံးနေပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်က ဘယ်မှာလဲ။ ပြည်သူ့လွှတ်တော်က ဘယ်တော့ခေါ်မှာလဲ။ လူထုက တိုက်ပွဲဝင်ရွေးချယ်ခဲ့တဲ့ လူထုရဲ့ ဒီမိုကရေစီအစိုးရက ဘယ်မှာလဲ ...”
နိုင်ငံရေးအရ ခံစစ်အနေအထားကနေ အသက်ငင်နေတဲ့ နဝတ စစ်အုပ်စုဟာ ၉၊ ၁၊ ၁၉၉၃ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ညီလာခံ အခင်းအကျင်းမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ဂန္ဓီခမ်းမ တောင်းဆိုချက်တို့ကို ဗြောင်ကျကျ ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စု နဝတဟာ အရှေ့တောင်အာရှရဲ့ အာဆီယံ အသင်းဝင်နိုင်ငံ ဖြစ်လာခဲ့တယ်။ ဗမာပြည် လွတ်လပ်ရေးနဲ့အတူ အမွှာမွေးခဲ့တဲ့ ပြည်တွင်းစစ်ကို ဖဲသုံးချပ်သမားရဲ့ အပစ်ရပ် အတုအယောင် ငြိမ်းချမ်းရေးနဲ့ အစားထိုးကုသဖို့ ကြိုးစားခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကျော်ကျော် အပစ်အခတ်တွေ ရပ်စဲခဲ့တယ်။ နိုင်ငံရေးအရ ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ တိုင်းပြည်ကိုရော၊ ကမ္ဘာကိုပါ ဗြောင်လိမ်ညာနေတဲ့ ကစားကွက်ဆိုတာ သမိုင်းသက်သေတည်ပါတယ်။

စစ်မှန်သော မြန်မာပြည် ငြိမ်းချမ်းရေးအတွက်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာခင်က မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ကေအန်ယူအဖွဲ့က ဗဒို စောဒေးဗစ်ထော နဲ့ မွန်ပြည်သစ်ပါတီရဲ့ အတွင်းရေးမှူး နိုင်ဟံသာတို့ကို ဦးစံမိုးဝေ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

 ဦးစံမိုးဝေ ။ ။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့လို့ခေါ်တဲ့ အဖွဲ့တဖွဲ့ကို လက်ရှိ မီးရထားဝန်ကြီး အရင် စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်း ခေါင်းဆောင်ပြီး ထိုင်း-မြန်မာ နယ်စပ်မှာ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ လိုက်ပြီး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေကို ပြုလုပ်နေပါတယ်။ အဲဒီအထဲမှာ မြန်မာအစိုးရကို သက်တမ်းအရှည်ကြာဆုံး လက်နက်ကိုင် ဆင်နွှဲနေတဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင့်အမျိုးသားအစည်းအရုံး (KNU – Karen National Union) နဲ့ NMSP (New Mon State Party) လို့ခေါ်တဲ့ မွန်ပြည်သစ်ပါတီတို့လည်း ပါဝင်ပါတယ်။

ကေအန်ယူ အဖွဲ့ဟာ အရင်ကလည်း အစိုးရအဆက်ဆက်နဲ့ အပစ်ရပ်ရေး ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ဖူးပါတယ်။ သဘောတူညီမှုမရဘဲ တစိုက်မတ်မတ် လက်နက်စွဲကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ အရင်က အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့ အနေအထားနဲ့ အခု ဆွေးနွေးခဲ့တဲ့ မြန်မာအစိုးရဘက်ကအဖွဲ့တွေ ဘာများကွာခြားမှုရှိပါသလဲ ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ကေအန်ယူ ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုစောဒေးဗစ်ထော ကို မေးကြည့်တဲ့အခါမှာတော့ …

နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင် … ၄ – အောင်သာ (ပီသုံးလုံး)

မြန်မာ့လွတ်လပ်ရေးရဲ့ ပထမ ဆယ်စုနှစ်အတွင်းလောက်မှာ မိမိတို့မျိုးဆက်ဟာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ပရဝဏ်ထဲ ခြေချခွင့်ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားရေးဝါဒရဲ့ ဘူမိနက်သန် နယ်မြေနဲ့ လောကပါလတရားများ မျိုးစေ့ချရာ နယ်မြေပါ။ မိမိတို့မျိုးဆက်ဟာ မာ့က်စ်ဝါဒကို ရန်ကုန်တက္ကသိုလ်နယ်မြေမှာ စတင် ထိတွေ့ခဲ့ရပါတယ်။ 
 
အဲဒီစဉ်က မာ့က်စ်ဝါဒဆိုတာ နယ်ချဲ့ဆန့်ကျင်ရေးပါပဲ။ မာ့က်စ်ဝါဒဟာ နိုင်ငံခြားရောက်၊ မြန်မာ အင်္ဂလိပ်စာတတ်များနဲ့အတူ ပထမကမ္ဘာစစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း စတင်ရောက်ရှိလာပြီး နဂါးနီ စာအုပ်အသင်း ၄. ၁၁. ၃၇ က စနစ်တကျ ဖြန့်ချိခဲ့တယ်လို့ ဆိုပါတယ်။ နဂါးနီစာအုပ်အသင်းဟာ အင်္ဂလန်က Left Book Club ဆက်သွယ်ပြီး၊ မြန်မာနိုင်ငံနဲ့သင်လျော်မယ့် စာအုပ်များ တင်သွင်း၊ ဘာသာပြန်ပေးခဲ့တယ် ဆိုပါတယ်။ မာ့က်စ်ဝါဒ အခြေခံမူနဲ့ အနိုင်နိုင်ငံတော်လှန်ရေးသမိုင်း စာအုပ်များ အပါအဝင် စာအုပ်ပေါင်း ၆၆ အုပ် ဘာသာပြန် ဖြန့်ချိပေးခဲ့ပါတယ်။
 

Monday, December 26, 2011

ဆရာ အောင်ဝေ သို့မဟုတ် ရဲဘော် ရဲအောင် (ဗတိုးရှိန်) - ၃

“ခင်ဗျားတို့ဘက် တော်တော်နဲ့ အဆက်အသွယ် မလုပ်နိုင်တာ ကျွန်တော် ဗဟိုကို သွားနေလို့ဗျ၊ နောက် ရန်သူကလည်း ဒီဘက်ကို အငြိုးထား ထိုးစစ်ဆင်တာ အတော်ကိုပြင်းတယ်။ ၄၈ ခုနှစ်က စလို့ ဒီလောက်ပြင်းထန်တဲ့ ထိုးစစ်တွေ မကြုံဖူးလောက်အောင်လို့ပဲ ပြောရမလားတောင် မသိဘူး။ ဗဟိုဘက်ထိုးတဲ့အချိန် ဗဟိုကင်းတပ်က ဖိချပြန်တိုက်နဲ့၊ အခု အဲဒီ ဘက်ငြိမ်နေပြန်တယ်။ ရဲဘော်တွေ ကျဆုံးတာလည်း မနည်းတော့ဘူး၊ ခင်ဗျားတို့အဖွဲ့ကို စိတ်ဝင်စားနေတဲ့ ရဲဘော်တင်မြကြီးလည်း ဒီထိုးစစ်မှာ ကျသွားရှာပြီ။ ကျွန်တော်တို့လည်း ရိက္ခာတွေပြတ် ဘာတွေပြတ်နဲ့ ငှက်ပျောသီးစိမ်း ပြုတ်စားရတဲ့ အခြေအနေ ဖြစ်သွားသေးတယ်။ 

ဗဟိုကို ကျွန်တော်တို့ ဒီဘက်က (တောင်ငူအရှေ့ခြမ်း ထန်းတပင်နယ်) တပ်စုနှစ်စု ပို့ထားခဲ့တယ်။ ကျွန်တော်တို့အရှေ့ခြမ်းကို ထိုးစစ်ဖိထိုးတော့ ကျဆုံးသူ ကျဆုံးတဲ့အပြင် လက်နက်ချသူတွေလည်း ရှိ၊ ဖောက်တဲ့သူလည်း ဖောက်ပေါ့ဗျာ။ ဒုတပ်မှူးတယောက် ဖောက်တာ သိပ်ဆိုးတယ်။ ပါတီ အမာခံတချို့ အဖမ်းခံရ အသတ်ခံရတာတွေအထိ ဖြစ်ကုန်တယ်၊ သတင်းတခုက ဒီဘက်မှာ တနင်္သာရီဘက်က ဆေးမှူး ရဲဘော်ကြီး ဦးဘချစ်လှဆိုတာ ရှိတယ်။ သူက အဘိုးကြီး၊ ခေါင်းဖြူနဲ့ဆိုတော့ ရန်သူက ပါတီအထွေထွေအတွင်းရေးမှူး သခင်ချစ်လို့ ထင်ပြီး ဖိလိုက်တာလို့လည်း ယူဆရတယ်” … စသည်ဖြင့် ရဲဘော် ရဲအောင်က ကျွန်တော့်အား အခြေအနေ တချို့ကို ပြောပြမိတ်ဆက်ပေးနေသည်။ နောက် ဆက်လက်ပြီး …

နိုင်ငံရေး ဖြစ်နိုင်ခြေများ တွက်ဆခဲ့စဉ်က (မောင်ဝံသ)

၂၀၁၁ ခုနှစ် ကုန်ဆုံးပါတော့မယ်။ လူတစ်ဦးချင်းအနေနဲ့ပြောရရင် သည်နှစ်ဟာ ကျွန်တော့်အဖို့ ပျော်စရာ ရွှင်စရာ ကျေနပ်စရာတွေများများနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုနိုင်တယ်ဗျာ။ စိတ်ညစ်စရာ စိတ်မချမ်းသာစရာလေးတွေလည်း ရှိခဲ့ပါရဲ့။ သို့သော် ရာခိုင်နှုန်းနဲ့ပြောရရင် ကျေနပ်စရာက သုံးမတ်သား၊ စိတ်ညစ်စရာက တစ်မတ်သားပဲ ရှိမယ်ဗျ။ 
 
သည်နှစ်ထဲမှာ ကျွန်တော့်ကျန်းမာရေးကလည်း ဆေးရုံဆေးခန်း သွားစရာမလိုအောင် ကောင်းခဲ့တယ်ဗျာ။ ဝမ်းနာ ခေါင်းကိုက်လောက်ကလွဲပြီး အိပ်ရာထဲ လဲနေလောက်တဲ့ အနေအထားမျိုး မရှိခဲ့ဘူးဗျ။

ကျွန်တော့် အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ယုံကြည်ချက်အလုပ်ဖြစ်တဲ့ စာနယ်ဇင်းအလုပ်မှာလည်း သည်နှစ်အတွင်း ကျွန်တော် အများကြီး နှစ်မြှုပ်ပြီးလုပ်နိုင်ခဲ့တယ်လို့ မိမိဘာသာ ကျေနပ်နေမိတယ်ဗျ။

တချို့လူတွေဆိုရင် မိမိလုပ်နေတဲ့အလုပ်ဟာ ကိုယ့်အတွက်လည်း ကျေနပ်လောက်စရာမရှိ၊ တိုင်းပြည်အတွက်လည်း ဆိုဖွယ်ရာမရှိလို့တွေးမိပြီး မချင့်မရဲဖြစ်နေတတ်ကြတယ် မဟုတ်လားဗျာ။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာနိုင်ငံအတွက် အကူအညီ

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအိချီရို ဂမ်ဘာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး မြန်မာနိုင်ငံကို အကူအညီတွေပြန်ပေးရေးနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးခဲ့ပါတယ်။


နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင် … ၃ – အောင်သာ (ပီသုံးလုံး)

ခေါင်းဆောင် လူနည်းစု

မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း (၁၉၀၀၊ ၁၉၄၈) နှစ် ၅၀ အတွင်းမှာ ပေါ်တွက်လာတဲ့ ရှေ့တန်းရောက် ခေါင်းဆောင်များကို စာရင်းချကြည့်ရင် လူ ၅၀ ထက် မပိုနိုင်ပါဘူး။ (၁၉၄၈၊ ၁၉၈၈) နှစ်လေးဆယ်အတွင်း ပေါ်ထွက်တာတဲ့ နိုးကြားတဲ့ လူမှုအစုများရဲ့ ကိန်းဂဏန်းဟာလည်း အကန့်အသတ်ရှိမှာ သေချာပါတယ်။

Sunday, December 25, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၃)

ပထမတန်းနေတာ နှစ်ဝက်လောက်တောင် မကုန်ဘူး။ အဖိုးကို တခါတည်း ဒုတိယတန်းကို တင်ပေးတယ်။ အဖိုးက စာတွေ အကုန်ရနေတာကိုး။ ဘုန်းကြီးကျောင်းမှာနေတုန်းက သင်္ချာလည်းသင်တော့ အဖိုးက သင်္ချာဆိုရင်လည်း ကောင်းကောင်းရတယ်။ အဒေါ်က အဖိုးကို ချီးမွမ်းတယ်။

“ငါ့တူက စာတော်တယ်” တဲ့။

အဲဒီနှစ်မှာ စာမေးပွဲစစ်တော့ အဖိုး ပထမရတယ်။ အရင်တုန်းက ပထမရတဲ့ မိန်းကလေးရှိတယ်။ သူ့နာမည်က နမ့်ရွှေရည် လို့ ခေါ်တယ်။ အဖိုး ပထမရတော့ နမ့်ရွှေရည်က အဖိုးကို မကျေနပ်ဘူး။

အဖိုးရောက်လာတော့ သူ ပထမ မရတော့ဘူး။ ဒါကို သူငယ်ချင်းတွေက ပြန်ပြောပြတာပေါ့။ “နမ့်ရွှေရည်က နင့်ကို မကျေနပ်ဘူး။ အရင်က အတန်းထဲမှာ သူက အမြဲ ပထမ ရနေတာ နင်လာတော့ သူ မရတော့ နင့်ကို သူက မကျေနပ်ဘူး” သူငယ်ချင်းတွေက ဒီလိုပြောတော့ အဖိုးကလည်း ပြန်ပြောတာပေါ့။

ပေါက္ခရဝသ ဒီမိုကရေစီ (လူထုစိန်ဝင်း)

"တာဝန်ကျေအောင် ကြိုးစားရင်း ထောင်ထဲလည်း ရောက်ခဲ့တယ်။ ကိုကိုးကျွန်းလည်း ရောက်ခဲ့တယ်။ ဝမ်းမနည်းပါဘူး။ နောင်တလည်း မရပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ။ သူတို့လည်း သူတို့အလုပ် သူတို့လုပ်ပြီး ထောင်ထဲပို့တာပဲလို့ သဘောထားလိုက်ပါတယ်။ ငြိုးတာ တေးတာတွေလည်း မရှိပါဘူး ..."

လွတ်လပ်တဲ့ပုဂ္ဂလိက စာနယ်ဇင်းတွေပေါ်ထွက်လာတာ ဆယ်စုနှစ်တစ်ခုသာသာပဲရှိသေးတာကြောင့် သိပ်ပြီး အသားမကျလှသေးဘူး။ လူငယ်တွေအနေနဲ့ မုဆိုးစိုင်သင်၊ စမ်းတဝါးဝါးလုပ်နေရလို့ ချွတ်ချော် တိမ်းစောင်းတာတွေ ရှိသေးတယ်။ အထူးသဖြင့် လူထုစိတ်ဝင်စားတဲ့သတင်း(Public interest) နဲ့ သည်းခြေခိုက်(Seusa-tional)သတင်း မခွဲခြားနိုင်လို့ အဝါရောင်သမ်းသွားတတ်တယ်။

ဒူးပေါ်ပေါင်ပေါ်ကိစ္စတွေ

ဂျာနယ်တွေ ပေါ်ထွက်လာကတည်းက စာတွေအဆက်မပြတ် ရေးလာခဲ့တယ်။ အဲဒီထဲမှာ စာနယ်ဇင်းကျင့်ဝတ်နဲ့ဆိုင်တဲ့ စာတွေအများဆုံး ရေးဖြစ်တယ်။ စာနယ်ဇင်းမဏ္ဍိုင် ခြစားပြီး ယိုင်နဲ့မသွားစေချင်တာကြောင့်ပါ။ နိုင်ငံ့ဝန်ကိုထမ်းထားတဲ့ မဏ္ဍိုင်ကြီးလေးခုမှာ ဘယ်တစ်ခုက ခြစား ခြစား နိုင်ငံဆိုတဲ့အိမ်ကြီး ယိုင်နဲ့သွားမှာဖြစ်တယ်။ ကိုယ့်တာ ကိုယ်လုံအောင်ကာတဲ့အနေနဲ့ ကျင့်ဝတ်နီတိတွေအကြောင်း အဓိကထားပြီး ရေးနေတာပါ။ ကြီးကျယ်တဲ့ ကိစ္စကြီးတွေမှ မဟုတ်ပါဘူး။ ဒူးပေါ်ပေါင် ပေါ်ကိစ္စတွေ ရင်ရှားဝတ်တာတွေ၊ ကံစမ်းမဲနှိုက်တာတွေမျိုးတွေက အစ ရေးပါတယ်။ ရေးလွန်းအားကြီးလို့ နေရာတကာ ဝင်ပါနေတာပဲလို့တောင် ပြောသူတွေက ပြောကြတယ်။

ကောလာဟလတွေနဲ့ ပျော်ချင်တဲ့ကောင် (ယောဟန်အောင်)

ရေသန့်ဗူးမှာ
စွယ်တော်ဓာတ်ကူးတယ်ဆိုတော့လည်း
ဖူးလိုက်ရတာအမော။

အာရပ်နွေဦးဆိုတော့လည်း
စိတ်ကူး မီးတောက် ကတောင်ချောက်ချား
ဗျာများနတ်ပူး တုန်ရီရီ။

အမေရိကန် စီးပွားရေးနာလံထပါပြီ
ဥရောပ နာလံထပါပြီ ..
မြန်မာပြည်လည်း နှင်းခဲတွေပျော်နေဆိုတာ လှည့်ဖွေရှာမိ
မိခင်မျက်ရည်တွေ ပေါင်းပင်မြက်ရိုင်းထဲ သည်းနေဆဲလေ ..
ဒါပေမယ့်လည်း .. သူက .. ယုံချင်ချင်။


ရန်ကုန်က ကရင်နှစ်သစ်ကူးနေ့ နဲ့ ခရစ်စမတ်နေ့

 
ရန်ကုန်တနေရာက ဘုန်းကြီးကျောင်းတခုမှာ ဒီနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ဆင်နွှဲနေကြတဲ့ ကရင်တိုင်းရင်းသားများ။


Saturday, December 24, 2011

သခင်စိတ်မွေးလျှင် လူတိုင်းသခင် (ထိန်လင်း)

မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြန်လည်လေ့လာမယ်ဆိုရင် စာပေနဲ့ အနုပညာရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထားလို့ မရပါဘူး။ အထူးသဖြင့် ခေတ်အလိုက် ထွက်ပေါ်ခဲ့တဲ့ စာပေအနုပညာတွေက အဲဒီခေတ်ရဲ့ သရုပ်သကန်တွေကို ဖော်ပြနေသလို တခြားသောအချိန်ကာလများရဲ့ ပုံရိပ်တွေကိုလည်း ရှာဖွေနိုင်ကြမှာဖြစ်ပါတယ်။
 
ဒီလို လေ့လာမှုတွေကနေရရှိတဲ့ အတိတ်က အဖြစ်အပျက် အကြောင်းအရာတွေဟာ သက်ဆိုင်ရာ အချိန်ကာလတွေမှာ ရှင်သန်လှုပ်ရှားခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာ မှီတွယ်ပြီး ဖြစ်ပျက်နေခဲ့တယ်ဆိုတာကတော့ အလွယ်တကူ ကောက်ချက်ချနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လို အဖြစ်အပျက်တွေကို ဘယ်လို ပုဂ္ဂိုလ်တွေက လုပ်ဆောင်ခဲ့တယ်၊ ဘယ်လုပ်ဆောင်မှုတွေဟာဖြင့် ခေတ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်ဆိုတာကို အဲဒီ လူပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိတွေကနေ ချဉ်းကပ်ရှာဖွေမှ ရရှိနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် သူတို့တွေရဲ့ စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေကသာ သမိုင်းကို ပြောင်းလဲပစ်ကြတာဖြစ်ပါတယ်။

ကိုယ်စား ... ရေးလိုက်တဲ့ကဗျာ (ကမာပုလဲ)

သံစို့နဲ့ အရိုက်ခံကာ
လက်ဝါးကပ်တိုင်နဲ့
ဆူးခက်သရဖူကို ... ဆုအဖြစ်
လက်မခံရဲခဲ့ရင်
ကမ္ဘာလောကကို ချစ်တယ်လို့
ပြောဖို့ မကြိုးစားပါနဲ့ ...
သင့်ကိုသင် လိမ်ညာနေတဲ့ ပြစ်မှုကို
သင့်လိပ်ပြာက
ကြေကြေကွဲကွဲ ရယ်မောနေလိမ့်မယ် ...။

အညံ့ခံမှုမှာ
ထွေထွေထူးထူး
သင်ကြားနေဖို့ မလိုပါဘူး ...
နောက်ကျောထိုးမယ့် ဓားတစင်းကို
သင်ကိုယ်တိုင်
စိတ်လိုလက်ရ
အားကိုးတကြီး သွေးပေးနေခဲ့မယ်ဆိုရင် ...။


လူငယ်ဂျာနယ်လစ်တွေ ခြေမကျွံစေချင်လို့ (လူထုစိန်ဝင်း)

လောကမှာ တူသလိုနဲ့မတူတာတွေ ရှိသလို၊ မတူသလိုနဲ့ တူနေတာမျိုတွေလည်း ရှိတယ်။ သတင်းစာဆရာနဲ့ စာရေးဆရာဟာ စာတွေရေးနေကြတာချင်းတူပေမယ့် သဘော သဘာဝကျတော့ အခြေခံကစပြီး မတူကြဘူး။ အတော်လေး ကွဲပြားခြားနားတယ်။

ခံစားမှုကို အခြေခံ

စာရေးဆရာက အဖြစ်အပျက်တစ်ခု အကြောင်းအရာတစ်ခု မြင်တွေ့လိုက်ရတဲ့အခါမှာ ရုတ်တရက် သူ့ရင်မှာ ဖျိုးခနဲ ဖျတ်ခနဲဖြစ်ပေါ်လာတဲ့ ခံစားမှုကိုအခြေခံပြီး စာဖတ်သူများကို သူခံစားရသလို ခံစားစေလိုတဲ့ဆန္ဒနဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်အောင် ရေးသားတယ်။ အဲ့ဒီလိုရေးသားရာမှာ အဖြစ်အပျက် အကြောင်းအရာကို စာပန်းချီ ချယ်မှုန်းသလို အရောင်အသွေး စုံအောင် ထည့်ရတယ်။ အလင်းအမှောင် ညီညွတ်မျှတအောင်လည်း ဂရုစိုက်ရတယ်။ အကျယ်ချဲ့သင့်တဲ့နေရာမှာ ချဲ့ပြီး ချုံ့သင့်တဲ့နေရာမှာ ချုံ့ရတယ်။ ဝတ္ထုတစ်ပုဒ် ကောင်းမကောင်းဆိုတာ ဇာတ်လမ်း အဖြစ်အပျက် ကောင်းမကောင်း ဆိုတာထက် ဝတ္ထုရေးဆရာရဲ့ခံစားမှု စူးရှထက်မြက်မှု ရှိမရှိဆိုတာအပေါ် ပိုပြီး တည်တယ်။ ဇာတ်လမ်း ဘယ်လောက် ကောင်းကောင်း စာရေးဆရာရဲ့ ခံစားမှု စူးရှထက်မြက်မှု မရှိရင် ဝတ္ထုကောင်းတစ်ခု ဖြစ်မလာနိုင်တော့ဘူး။ ဝတ္ထုရေးဆရာကောင်းတစ်ယောက် ဖြစ်ဖို့အတွက် နက်နက်ရှိုင်းရှိုင်း ခံစားတတ်တဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။

နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင် … ၂ – အောင်သာ (ပီသုံးလုံး)

‘နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင်’ ဆိုတဲ့စာစုမှာ မိမိဖြတ်သန်းခဲ့ရတဲ့ စာတွေနဲ့ လက်တွေ့ အတွေ့အကြုံများအရ ‘နိုင်ငံရေးသမား တယောက်ဖြစ်ချင်တယ်’ ဆိုရင် လိုအပ်တဲ့ အချက် ၅ ချက် ရှိကြောင်း၊ အကျဉ်းချုပ် မိတ်ဆက်ပေးခဲ့ပါတယ်။ အချက် ၅ ချက်က …
၁။ ကိုယ့် ပုဂ္ဂိုလ်ဘဝ ကိုယ်တိုင်က နိုင်ငံရေးလုပ်ဖို့ တောင်းဆိုမှုရှိရမယ်။

၂။ ခေတ်ပြိုင်ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ နိုင်ငံရေး အိုင်ဒီယိုလိုဂျီတခုကို ယုံကြည်ကိုင်စွဲရပါမယ်။

၃။ နိုင်ငံရေဆိုတာ အစုအစည်း အသင်းအပင်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းမျိုးဖြစ်တာကြောင့် နိုင်ငံရေးလုပ်ဖို့ အမှန်တကယ် ကြံရွယ်တယ်ဆိုရင် နိုင်ငံရေးပါတီတခုခုအတွင်း ပါဝင်ဆောင်ရွက်ရပါမယ်။

၎။ မိမိကိုယ်ကို အတွေးအခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ လုပ်ဟန်အရ၊ လေ့ကျင့်ပျိုးထောင်ရပါမယ်။ အဖွဲ့အစည်းရဲ့လေ့ကျင့်ပျိုးထောင်မှုကိုလည်း ခံယူလေ့ကျင့်ရပါမယ်။

၅။ သမိုင်း ဗဟုသုတရှိရပါမယ်။ ‘သမိုင်းခေတ်’ သမိုင်းခေတ်ဆိုတာဟာ သံကြိုးကွင်းဆက်လို ချိုဆက်နေတာကြောင့် သမိုင်းဗဟုသုတ မရှိလို့ (လုံးဝ) လုံးဝ မဖြစ်ပါဘူး ဆိုတဲ့အချက် ၅ ချက်ပဲ ရှိတယ်။

Thursday, December 22, 2011

ဝေါလမ်းမ … မဟုတ် ငါတို့ရဲ့လမ်းမ (ကြည်ဝင်း)

"လူထုကို လမ်းပေါ်ထွက်ပါလို့ပြောတိုင်း ထွက်လာမှာ မဟုတ်သလို မထွက်ပါနဲ့တားလို့လည်း မရပါဘူး။ သူတို့ဘဝအရ သူတို့ပဲဆုံးဖြတ် လုပ်ဆောင်ကြမှာ ဖြစ်ပါတယ် ..."


ကမ္ဘာပတ်သွားတဲ့ လမ်းပေါ်နိုင်ငံရေး

အောက်တိုဘာလ ၁၆ ရက်နေ့က လမ်းပေါ်နိုင်ငံရေးဟာ ကမ္ဘာပတ်သွားပြန်ပါတယ်။ အာရပ်နွေဦးလိုမျိုးနဲ့ မတူတာက ဒီတခါ စဖြစ်တဲ့နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံ မဟုတ်တာပါပဲ။ ဆင်းရဲတဲ့နိုင်ငံ မဟုတ်ရုံတင်မကပါဘူး။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံက စတင်ပေါက်ဖွားလာတာပဲ ဖြစ်ပါတယ်။

ဝေါလမ်းမကို သိမ်းပိုက်ကြဆိုတဲ့လှုပ်ရှားမှုဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ ကော်ပိုရေးရှင်းကြီးတွေရဲ့ လောဘရမ္မက်ကြီးမှု၊ လူမှုတရားမျှတမှု ကင်းမဲ့မှု၊ ဝင်ငွေကွာဟမှုနဲ့ ဘဏ်ကြီးတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေက အစိုးရအဖွဲ့အပေါ် လွှမ်းမိုးချယ်လှယ်နေမှုတွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ပဲ ဖြစ်ပါတယ်။ စတင်ပြီး မကြာခင်မှာပဲ အမေရိကန်နိုင်ငံက မြို့ကြီး တော်တော်များများဆီ ပြန့်သွားပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ နိုင်ငံအများအပြားက မြို့ကြီးတွေမှာပါ အလားတူ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ပွားသွားပါတယ်။ နိုင်ငံပေါင်း ၈၂ နိုင်ငံက မြို့ကြီးပေါင်း ၉၅၁ မြို့မှာ ကန့်ကွက်ချီတက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁% သာရှိတဲ့ အချမ်းသာဆုံး လူတစုကို ရည်ညွှန်းတဲ့အနေနဲ့ ‘ငါတို့ဟာ ၉၉%’ ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကန့်ကွက်ဆန္ဒပြသူတွေက ကိုင်ဆောင်ကြပါတယ်။ ဒါ့အပြင် ‘အရင်းရှင်စနစ်ကို အဆုံးသတ်လော့’ ‘အရင်းရှင်စနစ် ကျဆုံးပါစေ၊ ပြည်သူတွေကို လွတ်လပ်ခွင့်ပေး’ စတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်လာကြတာကို တွေ့ရပါတယ်။ 


ဥပေက္ခာတရား (ရွှေဇီးကွက်)

ကမ္ဘာလောကကြီးကို သာယာလှပနေအောင်၊ ဘဝတွေအားလုံး တရားမျှတနေအောင်၊ လူသားတွေအားလုံး ငြိမ်းချမ်းနေအောင် ကမ္ဘာလောကကြီးနှင့်တကွ လူသားဘဝတွေအားလုံးကို ကူညီစောင့်ရှောက်လိုကြတဲ့လူတွေ ကျင့်ကြံအားထုတ် စောင့်ထိန်းရမယ့် ဗြဟ္မစိုရ်တရားမှာ - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုပြီး ၄ ပါး ရှိပါတယ်။ အဲ့ဒီတရား ၄ ပါးရဲ့အနက်အဓိပ္ပာယ်တွေကို - 
 
မေတ္တာဆိုတာ - လူတိုင်းကို ချမ်းသာစေလိုခြင်း။

ကရုဏာဆိုတာ - ဆင်းရဲဒုက္ခရောက်နေသူအားလုံးကို ဆင်းရဲဒုက္ခမှ ကင်းလွတ်စေလိုခြင်း။

မုဒိတာဆိုတာ - ချမ်းသာသုခရရှိနေသူအားလုံးကို ချမ်းသာသုခမြဲစေလိုခြင်းလို့ ရှင်းရှင်းလင်းလင်း နားလည်ကြပေမယ့် ဥပေက္ခာကို နားလည်သဘောပေါက်မှုမှာတော့ ဝိဝါဒတွေ ကွဲပြားလို့ နေပါတယ်။ အချို့က ဥပေက္ခာကို လစ်လျှူရှုခြင်းလို့ နားလည်သလို၊ အချို့ကျတော့ ဥပေက္ခာကို မျှတခြင်း၊ ဘက်မလိုက်ခြင်းရယ်လို့ နားလည်ကြပြန်ပါတယ်။ အချို့ကျတော့လည်း ချစ်ခြင်း မုန်းခြင်းကင်းတဲ့သဘောလို့ နားလည်ထားပြန်ပါတယ်။ တကယ်တော့ အဲဒီလို သဘောပေါက်နားလည်မှုတွေဟာ လုံးလုံးလျားလျား မှားနေတာမဟုတ်သလို၊ အပြည့်အဝ မှန်ကန်နေတာလည်း မဟုတ်သေးပြန်ပါဘူး တဲ့။