Showing posts with label ဖြန့်ဝေခြင်း. Show all posts
Showing posts with label ဖြန့်ဝေခြင်း. Show all posts

Saturday, January 21, 2012

၈၈ မျိုးဆက် ကျောင်းသားများ၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သော ကိုမင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကား

“ရှေးဟောင်း မာယာလူမျိုးတွေရဲ့ပြက္ခဒိန်အရ ကမ္ဘာပျက်မယ့်နှစ်မှာ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှ နိုင်ငံသစ်ပြန်တည်ရမယ့်ဘဝဖြစ်နေပါတယ်။ ကျွန်တော်တို့က ဒါပေမယ့် ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ တကယ်တန်းသာ ညီညွတ်မယ်ဆိုရင် ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ်တစ်ခု မကဘူး။ ကမ္ဘာသစ်တစ်ခုပါ တည်လို့ရမယ်လို့ …”

ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်သလို ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအိမ် အပြန်လမ်းမှာ ဒီကနေ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကျော်က ကျွန်တော်တို့ ကြွေးကြော်ခဲ့သမျှ ပဲ့တင်သံတွေ ပြန်ထပ်တဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေ ယိမ်းကတဲ့နေ့ပါ။ လောကဓမ္မတာ မိခင်ဟာ ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ ရလဒ်ကို ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။ 

ဆိုလိုတာကတော့ အခုလို သတင်းမီဒီယာသမားတွေရဲ့ရှေ့မှာ တစ်ဖျတ်ဖျတ် တောက်နေတဲ့ ဓာတ်ပုံမီးတွေရဲ့အောက်မှာ ကျွန်တော်တို့ ရပ်နိုင်တာ၊ စကားပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ ကျန်ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိ၊ သူမသိဘဝနဲ့ အသက်စွန့်ခဲ့ရတဲ့ ကျောင်းသား ပြည်သူတွေ ဘဝရဲ့ အစိတ်အပိုင်းများစွာကို ဖဲ့ကျွေး၊ ချကျွေးခဲ့ရပြီးတော့ လူ့လောကကို နှုတ်ဆက်သွားကြရတဲ့ ကျောင်းသား ပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော်တို့ မတ်တပ်ရပ်နိုင်သေးတဲ့သူတွေ ဒီနေ့ ဒီအချိန် ဒီအခင်းအကျင်းမျိုးမှာ ပြောနိုင်တာပါ။

Friday, January 13, 2012

၂၀၁၂ ခုနှစ်အတွက် ဗေဒင်နက္ခတ်ပညာရှင်တို့၏ အမြင်

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့်အချိန်တွင် ကူးပြောင်းသည့် အနာဂတ်နှစ်သစ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး အစရှိသည်တို့သည် မည်သို့သော အခြေအနေများ ဖြစ်ပေါ်နိုင်ခြေ ရှိသည်ဆိုသည်ကို လူအများ စိတ်ဝင်စားမှု ရှိကြသည်။ 

ထို့အတွက် လက်ရှိအချိန် ကာလသည်လည်း ၂၀၁၁ခုနှစ်ကုန်ဆုံး၍ ၂၀၁၂ ခုနှစ်၏ နှစ်စကာလသို့ ကူးပြောင်းချိန်ဖြစ်သည့်အတွက် ၂၀၁၂ ခုနှစ်ကာလအတွင်းတွင် အနာဂတ် နှစ်သစ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးအခြေအနေများ မည်သို့မည်ပုံ ဖြစ်ပေါ်လာနိုင်ခြေရှိသည်ကို ဗေဒင်ပညာ၊ နက္ခတ်ပညာရပ်တို့ဖြင့် တွက်ချက်သုံးသပ်သည့် ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုနှင့် နက္ခတ်သိပ္ပံ နည်းပညာရပ်အား အသုံးပြု၍ တွက်ချက်သော နက္ခတ်ပညာရှင် ဦးဇေယျာကိုတို့အား တွေ့ဆုံမေးမြန်းခဲ့ရာ . . .

Sunday, May 8, 2011

လက်မှတ်ထိုးလှုပ်ရှားမှုကြီးကို ဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ (ဒေါ်အောင်ဆန်းစုကြည်)

လောလောဆယ် ဒီမိုကရေစီကွန်ယက်အထဲက ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး၊ ပြည်ပကို ရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြားနိုင်ငံသူ နိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ရေး စသည်တို့ကို တောင်းဆိုထားတဲ့ လက်မှတ်ထိုးလှုပ်ရှားမှု အောင်မြင်ရေးအတွက် သမီးတို့ ဝိုင်းပြီး ကူညီပေးစေချင်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မဟုတ်တဲ့သူတွေလည်း သွေးစည်းညီညွတ်မှုကို ပြသောအားဖြင့် လက်မှတ်ထိုးနိုင်ပါတယ်။ ဒီလိုပဲ အခါအားလျော်စွာ ပြည်တွင်း ပြည်ပ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ လှုပ်ရှားသူတွေကို ဗြိတိန်နိုင်ငံသူ နိုင်ငံသားတွေ အားတက်သရော ထောက်ခံစေဖို့ ဆော်ဩပေးစေချင်ပါတယ်။

အမေ ထပ်ပြီးတော့ ပြောချင်ပါတယ်။ အမေတို့လုပ်နေတဲ့ လက်မှတ်ထိုးလှုပ်ရှားမှုကြီးကို သမီးတို့ ပြင်ပက ဒီမိုကရေစီလိုလားသူတွေအားလုံး ဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ။ အင်တာနက်ကနေ တဆင့် လက်မှတ်တွေကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။


(မတ် ၆၊ ၂၀၁၁ အာရ်အက်ဖ်အေ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အသံလွှင့်အစီအစဉ် မှ ကောက်နုတ်ဖော်ပြပါတယ်)


 

Thursday, May 5, 2011

အကြမ်းမဖက်လှုပ်ရှားမှုများနဲ့ အာဏာရှင်စနစ် (နိဂုံးပိုင်း) - ကိုမင်းထက် (ဘီဘီစီ)

“ကြောက်ရင် တော်လှန်ရေး မအောင်မြင်ဘူးဗျ၊ ဖိနှိပ်မှုနဲ့ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးရင်လည်း ရည်မှန်းချက် မအောင်မြင်နိုင်ပါဘူး။ နောက်ပြီးတော့ ကိုယ့်မှာ စနစ်တကျ အစီအစဉ်ရှိဖို့လည်း လိုပါတယ်။ လှုပ်ရှားမှုကို ဘယ်လိုအရှိန် မြှင့်မလဲ၊ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဒါမျိုးကို သေသေချာချာ ပြင်ထားတာမရှိရင် အောင်မြင်ဖို့ခက်ပါတယ် ..."

- ကဲ အကြမ်းမဖက်လှုပ်ရှားမှုကို အာဏာရှင်က အကြမ်းဖက်တုံ့ပြန်ပြီ ဆိုပါစို့။ လူထုပဲ ခံရတာပဲ။ ကိုယ်လိုချင်တဲ့ ကိုယ့်လိုရင်းကို မရောက်ဘဲဖြစ်ကုန်ကြရော မဟုတ်လားဗျ။

“သိပ်တော့ မအနဲ့ပေါ့ဗျာ။ အာဏာရှင်ဆိုတာက အကြမ်းဖက်လို့သာ အာဏာရှင်ဖြစ်နေတာပေါ့။ မဟုတ်ဘူးလား၊ ဒီလိုလူတွေက အကြမ်းနည်းမသုံးဘဲ ဘယ်နေပါ့မလဲ။ ဒီလို အာဏာရှင်တွေကို လူထုက အင်နဲ့အားနဲ့ စုဝေးထွက်လာပြီးတော့ နည်းမျိုးစုံနဲ့ အာခံကြရတာပေါ့။

Friday, April 29, 2011

အကြမ်းမဖက်လှုပ်ရှားမှုများနဲ့ အာဏာရှင်စနစ် - ကိုမင်းထက် (ဘီဘီစီ)

"ဒီလိုရင်ဆိုင်ရတဲ့နေရာမှာ ပါးရိုက်ခံရရင် ကိုယ်က နောက် ပါးတဖက်ကို လှည့်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ လူတဦးချင်းစီက ခေါင်းမာမာနဲ့ သူတို့ကို လုပ်ခိုင်းနေတာတွေကို မလုပ်ဘူးလို့ ငြင်းတာမျိုးပါ။ နောက်ပြီးတော့ မလုပ်ရဘူးလို့ ပြောတာတွေကို ဖြစ်အောင်လုပ်ကြတာပါ။ ဒီနည်းက သိပ်အားကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဆိုတာက သူတို့အုပ်ချုပ်တဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ခိုင်းတာကို လိုက်နာ လုပ်ဆောင်မှုတွေအပေါ်မှာ လုံးဝတည်နေလို့ပါ”

မော်ရိုကိုမှာ၊ ဘာရိန်းမှာ၊ အီဂျစ်မှာ၊ တူနီးရှားမှာနဲ့ အခုနောက်ဆုံး လစ်ဗျားမှာ အာဏာရှင်ဆန့်ကျင်ရေး လှိုင်းတံပိုးကြီးဟာ ကြီးကြီးမားမား ဆက်ပြီး ရိုက်ခတ်နေပါပြီ။ အီဂျစ်နဲ့ တူနီးရှားမှာတော့ သမ္မတတွေက လူထုအားကို မခံနိုင်တော့တဲ့အဆုံး ရာထူးက ဆင်းပေးလိုက်ကြပါတယ်။

အာဏာရှင်တချို့ကတော့ ဆက်ပြီးတင်းခံနေကြဆဲပါ။ တင်းခံရုံမကဘဲ လူထုကို အကြမ်းနည်းနဲ့ ဖိနှိပ်တာတွေလည်း လုပ်ခဲ့ပါတယ်။

Saturday, January 8, 2011

မင်းကျော်ခိုင်ရဲ့ ဘလော့ဂ်

ပန်းချီ၊ ဒီဇိုင်း၊ ပုံတူကောက်ကြောင်း ဆရာမင်းကျော်ခိုင်ရဲ့ ဘလော့ဂ်ပါ။ သွားလည်ကြမယ်ဆိုရင်တော့ ဒီလိပ်စာ ကိုသာ နှိပ်လိုက်ပေရော့ …။

Tuesday, October 12, 2010

ဒီဗွီဘီရဲ့ “၂၀၁၀ ရွေးကောက်ပွဲ အထူး စာမျက်နှာ”

ဒီဗွီဘီရဲ့ “၂၀၁၀ ရွေးကောက်ပွဲ အထူး စာမျက်နှာ” ပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာ ဖော်ပြပေးထားတာ တွေ့ရပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာ မှာ သွားဖတ်နိုင်ပါတယ်။

Thursday, August 12, 2010

သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာတခု မဟုတ်ပါ

ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးမှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို ကျောင်းသား တော်တော်များများက စိတ်ပျက်ကြတယ်။ အထူးသဖြင့် ၁၉၉၆ ကာလ ရန်ကုန်စက်မှုတက္ကသိုလ် မှာ စာသင်ကြားခဲ့ဖူးတဲ့ ကျောင်းသားတွေ၊ သူတို့က ပြန်လည် တုံ့ပြန်ငြင်းခုန်စေ ချင်တယ်။ ထောက်ပြနိုင်တဲ့ အဖြစ်အပျက်တွေကို ကျနော်တို့ အာရုံမှာ ပြန်ဖော်ကြည့်ကြတယ်။ အသေးအဖွဲကိစ္စတွေလို့ ထင်ရပေမယ့် ဂန္ထဝင်တွေ တာဝန်ရှိရှိပြောစေချင်လို့ ပြန်ရေးရတာပါလို့ ဆိုပါရစေ။ ဆရာဦးဝင်းဖေ အတွက်ပါ။

ပေဖူးလွှာ မဂ္ဂဇင်းမှာ ‘တသသ’ ဆိုတဲ့ကဏ္ဍတခုကို မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ ကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ တယောက်ဖြစ်တဲ့ ‘ပိုင်သ’ က အဲ့ဒီကဏ္ဍလေးမှာ သူ ဖြတ်သန်းကျင်လည်နေရတဲ့ ဘဝနှစ်ခုကို ဆွေးမြေ့မှု တသမှုတွေနဲ့ စိတ်ဝင်စားဖွယ် တင်ပြထားတယ်။

သူက ကဗျာဆရာအဖြစ် ကျင်လည်ရတဲ့ဘဝကို ပြောပြတဲ့အခါ ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ဘဝတွေက မပြေလည်ရှာဘူး။ လူမှုအကြပ်အတည်းတွေနဲ့ ပြည့်နေပေမယ့် ယုံကြည်ချက်နဲ့ ပတ်သက်ရင်၊ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ရင် မာနမလျော့ဘူး။ ခိုင်ခိုင်မာမာ ရပ်တည်တယ်။ ဒါရိုက်တာအဖြစ် ကျင်လည်ရတဲ့လောကမှာ မင်းသမီး၊ မင်းသားတွေက နုရွလတ်ဆတ်နေတယ်။ အဆင်ပြေကြတယ်။ ဒါပေမယ့် သူတို့က ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို အရာအားလုံးကိုလဲပစ်ဖို့ ဝန်မလေးဘူး။ ဒူးထောက်ဖို့ ဝန်မလေးဘူး။ မာန မရှိဘူး။ ကိုယ်လိုချင်တဲ့အရာတွေ အတွက် ဂုဏ်သိက္ခာကို ရောင်းစားဖို့လည်း ဝန်မလေးဘူး။

ပိုင်သက ဒါရိုက်တာအဖြစ် ကျင်လည်နေရတဲ့ဘဝတွေထဲက ရုပ်ပုံတွေကို တသသမဖြစ်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်ကြပေမယ့် ကိုယ့်ရဲ့ယုံကြည်ချက်ကို မာန်မလျော့ပဲ ဆက်လက်တူးဖော်နေကြတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ စုဝေးရာနေရာလေးကို လွမ်းဆွတ်မှုအပြည့်နဲ့ တသသဖြစ်နေခဲ့တယ်လို့ ဆိုတယ်။ ပိုင်သ ကို ကျနော် မရင်းနှီးပါဘူး။ ဒါပေမယ့် တသသထဲမှာ ပွင့်လင်းစွာ ရင်ဖွင့်ထားတဲ့ သူ့ရဲ့အမြင်ကို သဘောကျခဲ့တယ်။

(၁)

ရော့ဂ်ဂီတအဆိုတော် ဇော်ဝင်းထွဋ် ရဲ့ ‘မဟာ’ စီးရီးကို မှတ်မိကြမလား မသိဘူး။ စစ်အစိုးရက ၁၉၉၆ မှာ သူ့ကို အသုံးချပြီး ဝါဒဖြန့် သီချင်းခွေထုတ်ခဲ့တယ်။ တက္ကသိုလ်နယ်မြေအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို မဟာ စီးရီးခွေကိုဖွင့်ရမယ်လို့ အစိုးရက တိုးတိုးတိတ်တိတ် ထုတ်ပြန်ထားခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန်အားစမ်းခဲ့ပါတယ်။ “ဇော်ဝင်းထွဋ်ရဲ့ မဟာ သီချင်းဖွင့်တဲ့ဆိုင် မီးရှို့ခံရမယ်” လို့။

ဖြစ်ချင်တော့ တရက်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းအဝင်မှာ ဖွင့်ထားတဲ့ ‘ဟယ်လို’ လ္ဘက်ရည်ဆိုင်မှာ ဇော်ဝင်းထွဋ်ရဲ့ မဟာသီချင်း ဖွင့်နေသံကို ကြားလိုက်ရတယ်။ အီးဆောင်နဲ့ ဒီဆောင်မှာ ရှိတဲ့ကျောင်းသားတွေ အောက်ကို ဆင်းလာကြတယ်။ နောက် ဆိုင်ရှင်ကို မေးတယ်။ ဒီသီချင်းခွေကို ဘယ်သူ ယူလာတာလဲလို့။ ဆိုင်ရှင်က ဝိုင်းတဝိုင်းကို လက်ညှိုးထိုးပြတယ်။ ကြည့်လိုက်တော့ အင်ပါယာ တေးဂီတမှာ တီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်တို့တတွေ အဲ့ဒီ ဇော်ဝင်းထွဋ်ခွေကို အုတ်နီခဲကျိုးနဲ့ထု၊ ရိုက်ခွဲပစ်လိုက်ပြီး လ္ဘက်ရည်ဆိုင်ထဲ ကနေထွက်သွားပေးဖို့ ပြောခဲ့ကြတယ်။ တကယ်တော့ သူတို့နဲ့ ကျနော်တို့တတွေ တယောက်ကိုတယောက် သိကြတာပဲ။ ကျနော်တို့လည်း ရန်ကုန် စက်မှုတက္ကသိုလ်နဲ့ ကပ်တည်ရှိနေတဲ့ ဆရာစောဘွဲ့မှူးအဖွဲ့ အခြေစိုက်ရာ ဘုရားကျောင်းမှာ ဂစ်တာသင်ကြားနေသူတွေ။ ဒါပေမယ့် မူ ကိုတော့ အလျော့ပေးလို့ မရဘူး။ ဇော်ဝင်းထွဋ်ရဲ့ မဟာခွေကိုဖွင့်တဲ့ဆိုင် ပြဿနာတက်မယ်လို့ ရာဇသံပေးထားပြီးပြီ။

ဒီ ရပ်တည်ချက်ကို ချိုးဖောက်လာသူတွေအားလုံးကို တုံ့ပြန်ရမယ်ဆိုတာ အားလုံး ဆုံးဖြတ်ပြီးသား။ သူတို့ကလည်း အစိုးရခိုင်းလို့ ထုတ်ရတယ်ဆိုတာ သိပေမယ့် ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ခံစားချက်၊ မူဝါဒကို နားလည်ပေးဖို့လိုမယ်။ သူတို့ နားလည်ပါတယ်။ ကျနော်တို့တတွေ၊ သူတို့ကို လ္ဘက်ရည်ဆိုင်ထဲက မောင်းထုတ်ခဲ့ပေမယ့် သူတို့နဲ့ ကျနော်တို့ကြားက ဆက်ဆံရေး ပျက်မသွားခဲ့ပါဘူး။ ကင်န်တင်းမှာ ကိုမွန်းအောင်ရဲ့ သီချင်းတွေ နေရာယူလာခဲ့ဖူးတယ်။

(၂)

စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုး ပေါင်းထုတ်တဲ့ စီးရီးခွေလေး ရှိပါတယ်။ အဲ့ဒီတုန်းက တက္ကသိုလ်ကျောင်းသားတွေ အားလုံးက ကိုခင်မောင်တိုးရဲ့အခြမ်းကိုသာ နားထောင်ပြီး ကိုထီးရဲ့အခြမ်းကို သပိတ်မှောက်ခဲ့ကြတယ်။ အဲ့ဒီကာလမှာ ဆရာ စိုင်းခမ်းလိတ်က စိုင်းထီးဆိုင်ကို သီချင်းမပေးတော့ပါဘူး။ အစိုးရဝါဒဖြန့် သီချင်းတွေ ရေးနေတဲ့ မြသန်းစံရဲ့သီချင်းကို စိုင်းထီးဆိုင် ဆိုလိုက်မိလို့ အဲ့သလို သပိတ်မှောက်တဲ့ပြဿနာတွေ ပေါ်လာတာပါ။ စိုင်းထီးဆိုင်ရဲ့ အားနည်းချက်ကို စစ်အစိုးရကကိုင်ထားပြီး ဝါဒဖြန့်သီချင်းတွေ ဆိုခိုင်းခဲ့တယ် ဆိုတာသိပေမယ့်၊ ကိုထီး ကို ချစ်ခင်မြတ်နိုးကြပေမယ့် ကျနော်တို့မှာလည်း လုပ်စရာရှိတာကို လုပ်ရပါတယ်။

(၃)

ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အကြီးအကျယ် ဆက်ဆံရေး ပျက်ခဲ့သူက ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာ ပါ။

စိုးမြတ်သူဇာ က နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆွတ်ခူးပြီးခါစ။ ရန်ကုန် စက်မှုတက္ကသိုလ်ဆီကို ရုပ်ရှင်ကား ရိုက်ဖို့ရောက်လာခဲ့တယ်။ မေတ္တာပေါင်းကူး လက်ဘက်ရည်ဆိုင်ရှေ့မှာ ရောက်လာတဲ့ စိုးမြတ်သူဇာ ကို ကျောင်းသားတယောက်က “အစိုးရကိုဖားလို့ အကယ်ဒမီဆွတ်ခူးခဲ့တဲ့ စုံးမသူဇာ လာပါပြီခင်ဗျာ”လို့ အော်ပြီး လက်ခုပ်တီးလိုက်တယ်။

စိုးမြတ်သူဇာ ကလည်း အင်မတန် မောက်မာသူလို့ နာမည်ကြီးသူလေ။ ဘယ်ငြိမ်ခံနေမလဲ။

“ကျောင်းသားက ကျောင်းသားလိုမနေဘူး။ ထောက်လှမ်းရေးနဲ့ကို တိုင်ပစ်အုံးမယ်” ဆိုပြီး ထွီ ထွမ် လုပ်သွားခဲ့တယ်။ လ္ဘက်ရည်ဆိုင်ထဲက ရေနွေးခရား တီးသံတွေ၊ ဒေါသသံတွေ လျှံကျလာတယ်။ ကင်န်တင်းမှာထိုင်နေတဲ့ ကျောင်းသူတွေက အစ၊ ရိုက်ကွင်းဆီကို လိုက်သွားကြတယ်။ ရိုက်ကွင်းကို ချက်ချင်းသိမ်းပစ်ဖို့ ကျောင်းသားတွေက အမိန့်ပေးလိုက်တယ်။ ဆက်နေရင် ပြဿနာက များလာတော့မှာဆိုတော့ သူတို့တတွေ ရိုက်ကွင်းသိမ်း ပြန်သွားရတယ်။

ပြဿနာက မပြီးသေးပါဘူး။ စိုးမြတ်သူဇာ က စစ်ထောက်လှမ်းရေးကို တိုင်ခဲ့တဲ့အတွက် ပါမောက္ခချုပ် ဦးကြင်စိုးက ကျနော့် သူငယ်ချင်းကို ကျောင်းထုတ်ဖို့ ကြိုးစားပါတယ်။ ကျနော်တို့ကလည်း ဘယ်ရမလဲ။ ကြို့ကုန်းဆောင်အတွင်းက ယောင်္ကျားလေးဆောင် ၆ ဆောင်နဲ့ ဂျီဟောဆောင်က ကျောင်းသူတွေအားလုံးရဲ့ လက်မှတ်ကိုတောင်းယူလိုက်ပြီး ဦးကြင်စိုး ကို သတိပေးလိုက်တယ်။ ထောက်လှမ်းရေးကို ပရောပရီသွားလုပ်တဲ့ ဖက်ခွက်စားကို အရေးမယူပဲ ကျနော်တို့ သူငယ်ချင်းကို ကျောင်းထုတ်မယ်ဆိုရင် ကျနော်တို့အားလုံး တိုက်ပွဲကို ရင်ဆိုင်ဖို့အတွက် အားလုံးအသင့်ပြင်ထားပါပြီလို့။ ကျောင်းအာဏာပိုင်တွေက ကျနော့်တို့ကို ထိပ်တိုက် ရင်မဆိုင်ရဲပါဘူး။ ဒီသတင်းကို မဂ္ဂဇင်းတိုက်တွေမှာ ဖော်ပြခြင်း မပြုရဘူးလို့ စစ်ထောက်လှမ်းရေးက အမိန့်ပေးထားခဲ့တယ်။

တကယ်တော့ ၁၉၉၆ ကာလ၊ ရန်ကုန် စက်မှုတက္ကသိုလ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက ကျောင်းသားတွေကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးလိုက် သလိုဖြစ်သွားတယ်။ ကျောင်းသားတွေဟာ စစ်အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်နေသူတွေကို ဖိအားပေးရင်း လှုပ်ရှားမှုကို ပြန်မြှင့်ရတော့မယ် ဆိုတာ သဘောပေါက်နေကြ တယ်။ ဒီလိုနဲ့ … မတ်လ ၁၃ ရက် အခမ်းအနားတွေ အကြီးအကျယ် ပေါ်လာတယ်။ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတွေ တက်တက်ကြွကြွ ဖောက်ခွဲကြတော့တယ်။

(၄)

အနုပညာသည်တွေဘက်က အလွန်အကျွံ ကာကွယ်ပြောဆိုပြီး ပြည်ပနိုင်ငံရေး သမားတွေကို အပေါ်စီးက လူတတ်လုပ်၊ ဝေဖန်တိုက်ခိုက်နေတဲ့ အသံတွေ ကြားနေရတယ်။ ဆင်းရဲကြပ်တည်းမှုတွေနဲ့ ဒုက္ခတွေအောက်မှာ ရပ်တည်နေရတဲ့သူတွေရဲ့ ခံစားချက်တွေ၊ ဘဝကိုဖျက်လာရသူတွေရဲ့စိတ်ဒဏ်ရာတွေကို တစက်မှထည့် စဉ်းစားမပေးဘဲ တလျောက်လုံး အခွင့်အရေးတွေရနေသူတွေဘက်က ဆတ်ဆတ်ခါ နာနေသူတွေကိုတော့ နားမလည်နိုင်အောင်ပါပဲ။

“ပြန်ပေးဆွဲခံရတဲ့ အနုပညာသည်တွေကို အစိုးရ ဝါဒဖြန့်ချိရေးဇာတ်ကား ရိုက်ရကောင်းလားလို့ အပြစ်တင်နေကြမလား။ အနုပညာသည်တွေကို ဆန္ဒပြရင် အကုသိုလ်ရမယ်” ဆိုတော့ ဗိုလ်အောင်ကြီးရဲ့ စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားကြနဲ့ ဆိုတဲ့စကားကို သွားသတိရမိတယ်။

သေချာစဉ်းစားပါဦး ဆရာတို့ရယ်။ တချို့အနုပညာသမားတွေက ဟိုဘက်ကသာရင် ဟိုဘက်ကို ပေါင်းမယ်။ ဒီဘက်ကသာရင် ဒီဘက် ပေါင်းမယ်။ ပြီးရင် ရတဲ့အခွင့်အရေးကို ယူ။ ကိုယ့်အောင်မြင်မှုအတွက် ခန္ဓာကိုယ်ကိုပါ လိုအပ်ရင် ရင်းပစ်လိုက်မယ်ဆိုတာ လူဗြိန်းတောင်နားလည်တဲ့ အဲ့ဒီလောကသား အများစုရဲ့ အဖြစ်အပျက်တွေ ပါ။ အထူးအဆန်းတွေ မဟုတ်ပါဘူး။ သိပ်လည်း ခံစားနေစရာမလိုပါဘူး။ နိုင်ငံရေးလုပ်နေတဲ့သူတွေကို “သူတို့က အစိုးရ ဖိအားပေးလို့ လုပ်ရတာပါ” ဆိုတာတွေကိုလည်း ရှင်းပြနေစရာမလိုပါဘူး။

“သူတို့ကို စည်းရုံးရေးလုပ်ချင်ရင် ငွေများများ သုံးဖြုန်းပြလိုက်” ဆိုတဲ့ ခပ်ညံ့ညံ့ သီအိုရီတွေလည်း ကျနော်တို့ နားလည်ပါတယ်။ တိုင်းပြည်မှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာသိလို့ပဲ သူများတွေ သီချင်းတအေးအေးနဲ့ လွမ်းနေချိန်၊ ဘွဲ့ရဖို့ကြိုးစားနေချိန်မှာ စာသင်ခန်းတွေပစ်ပြီး သူပုန်ဘဝရောက်ခဲ့ကြ သူတွေပါ။ ဘလောက်ကလေး တခုနှစ်ခု ဖွင့်၊ နိုင်ငံရေးကို ဧည့်ခန်းဆောင်မှာ အခန့်သားထိုင် အညွှန့်ခူးစား လူပေါ်လူဇော် လုပ်မယ့် မျိုးဆက်သစ်အမည်ခံ စိတ်ကူးတွေလိုမျိုး တယောက်မှမရှိခဲ့တဲ့သူတွေပါ။

(၅)

ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားပိုးနဲ့ အသက်လုနေရချိန်၊ ‘ပါပီမ’ ရုပ်ရှင် ထွက်လာတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်းတုန်းက စစ်တပ်ကို အောက်တန်းကျကျ ဆဲခဲ့တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဝုန်းခနဲ ဘက်ပြောင်း ကုန်တယ်။ မာနယ်ပလောတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခဲ့တဲ့ ဗမာစစ်တပ်ကို ဘယ်လို ချစ်မြတ်နိုးကြောင်း … သဝဏ်လွှာတွေ၊ သတင်းစာတွေမှာ ပလူပျံလာတယ်။ တချို့က ကိုယ်ကိုယ်တိုင်က အားရဝမ်းသာ လှိုက်လှိုက်လှဲလှဲ ပေါင်းစည်းခဲ့တာ။ ဒါတွေက ဒါရိုက်တာ ပိုင်သ ပြောခဲ့သလိုပဲ “အောင်မြင်မှုအတွက်ဆို မာန ကအစ ဈေးလျော့ပစ်ဖို့၊ အောက်ကနေ တိုးဝင်ဖို့ ဝန်မလေးတဲ့ လောကတခု” အဖြစ် နားလည်ပေးလိုက်ပါတယ်။

မဆန်းကြယ်တဲ့လောကကို မြင့်မြတ်တဲ့ဘုံလို သိပ်မညွှန်းဖို့လည်း လိုပါတယ်။ ပြည်ပမှာရောက်နေတဲ့သူတွေက ဆန္ဒပြလို့၊ ရန်သူ့ဘက် ပေါင်းသွားမယ်၊ စည်းရုံးယူရမယ်ဆိုတဲ့သူတွေကို တခုပဲ အကြံပေးချင်ပါတယ်။ သူတို့ကို စည်းရုံးချင်ရင် ဗိုလ်ချုပ်တွေလို၊ ဘိန်းရာဇာတွေလိုသာ ချမ်းသာအောင်လုပ်ပါ မိတ်ဆွေတို့။

(၆)

ဂျိမ်းဖောင်ဒါ လို မင်းသမီးတွေကြောင့် ဗီယက်နမ်စစ်ပွဲ ရပ်တန့်စေမယ့် လှုပ်ရှားမှုတွေ ပိုမိုအားကောင်း လာခဲ့တယ်။ မင်းသားကြီး ထွန်းဝေ၊ ဦးမြတ်လေး၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ နှုတ်ခမ်းမွှေး လူရွှင်တော်ညီအကိုတို့ရဲ့ မွန်မြတ်တဲ့ လုပ်ငန်းတွေကြောင့်ပဲ ပြည်သူတွေက သူတို့ကို ချစ်ခဲ့တယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ဘီဘီစီမှာ ပြောနေတဲ့ ဆရာဦးဝင်းဖေရဲ့ “ဝင်းဖေလွယ်အိတ်” လို ကြုံရာလျှောက်ပြောနေတဲ့ ဇာတ်လမ်းတွေနဲ့တော့ မတူနိုင်ဘူး။ ပစ်မှတ်ကို တဆင့်ချင်း လွှတ်ရတယ်ဆိုတာ လူတွေသိပါတယ်။ ဟတ်ဒ် (Heart) ကိုထိအောင် ပစ်ရတယ်ဆိုတာ ဒီကနေ့ လူငယ်တွေပြောနေတဲ့ စကားပါ။

“ချစ်သူသည်သာ ငြိမ်းချမ်းရာမြေ၊ အိပ်မက်ဆန်သော … ငြိမ်းချမ်းသာယာသော နယ်မြေ …” ဆိုတဲ့ ဒေါ်မာမာအေးလို သီချင်းဆိုပြီး ဇာတ်သိမ်းသွားမယ့် အဝေးရောက် ‘ဂန္ထဝင်’ အဖြစ် ကျန်မနေရစ်ချင်ပါဘူး။

ဆန္ဒပြတယ်ဆိုတာ ဟဒ် ကိုထိအောင် ပစ်ကြည့်တာပါ။ ရုပ်ရှင်မင်းသား မင်းသမီးတွေကို ဆန္ဒပြတဲ့သူတွေက သူတို့ကိုမုန်းလို့ မဟုတ်ပါဘူး။ “ပြည်တွင်းက ရဲဘော်တွေ ပြောခွင့်မရတဲ့အရာတွေကို ကျမတို့က ပြောနေရတာပါ” တဲ့။ ပြည်တော် မပြန်ခင်မှာ စဉ်းစားစရာတွေ ပါသွားအောင်၊ နှလုံးသားကို လှမ်းပစ်ကြည့်တဲ့ သဘောလောက်ပါ။ တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ခေတ်ကြီးမှာ မေ့မေ့လျော့လျော့နေချင်သူတွေကို ဒီလောက်တော့ သတိပေးသင့်တယ်လို့ ထင်ပါတယ်။

တောင်ပြိုနေတာပါ။ လက်ဖဝါးနဲ့ သွားကာမနေကြပါနဲ့။

အရှိန်နဲ့လှုပ်နေသူတွေသာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်သူတွေဖြစ်တယ် လို့ ယုံတယ်။ ဟာ့ဒ် ကိုသာ ထိအောင်ပစ်ပါ မိတ်ဆွေတို့။

အောင်မိုးဝင်း

ရှင်းလင်းချက် … ဂန္ထဝင် ဆိုတာ Classic ကို ပြောခြင်းဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး မဟုတ်ပါ။ ဘီဘီစီ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’ မှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို လုံးဝ မကြိုက်ပါ။ တကယ်ဆို အနုပညာအရ ဝါရင့်သော၊ သြဇာကြီးမားသောသူများက ပြောသင့်သည်မှာ “ပြည်သူတွေကတော့ အစိုးရကိုတအား မုန်းနေတယ်၊ ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ ကြားမညပ်စေနဲ့။ သတိထားကြအုံး” ဟူသော စကားမျိုးဖြင့် ဆုံးမသင့်ပါတယ်။ တာဝန်ရှိရှိ ပြောစေချင်ပါတယ် ဆရာ။


Friday, April 30, 2010

နှစ် (၁၂၀) ပြည့် မေဒေးနေ့ အထိမ်းအမှတ် ပို့စကဒ်


နှစ် (၁၂၀) ပြည့် မေဒေးနေ့ အထိမ်းအမှတ် ပို့စကဒ်

ဒီဇိုင်း - အောင်ထက်


Wednesday, December 2, 2009

သခင်မျိုးဟေ့ တို့ မပါ

ရန်ကုန်မြို့လယ်လမ်းများအတွင်းရှိ မွတ်ဆလင်ဘာသာဝင်တို့၏ အစ် နေ့တွင် စွန့်ပစ်သော အမဲရိုးများအား ရန်ကုန်မြို့ အနီးအနားရှိ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ ရွှေပြည်သာ အစရှိသည့် မြို့နယ်များမှ မရှိဆင်းရဲသားများမှာ အလုအယက် လာရောက်တောင်းယူနေကြပြီး ရရှိလာသော အမဲရိုးများ၊ ခေါင်းခွံများတွင် ကပ်လျှက်ကျန်ရစ်နေသော အသား အနည်းငယ်အား ခြစ်ယူနေကြသည်ကို ယနေ့ တွေ့မြင်ကြရပါသည်။

အချို့မှာ မိသားစုလိုက် လာရောက်ကြသည်။ ထိုသို့လာရောက်ကြသ
ူများတွင် မြန်မာ အများစုပါဝင်ကြပြီး ကျောင်းနေအရွယ် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ပါဝင်ကြသည်ကို မြင်တွေ့ကြရပါသည်။ ယခုနှစ်တွင် လာရောက်ယူငင်သူများမှာ ယခင်နှစ်များထက် ပိုမိုများပြားလာသည်ကို ကြည့်ခြင်းအားဖြင့် အောက်ခြေလူတန်းစား ပြည်သူများမှာ ပိုမိုငတ်မွတ်ခေါင်းပါး လာသည်ကို မြင်တွေ့နိုင်ပါသည်။

ရန်ကုန်မြို့တွင်း နေရာစုံမှ ပုံများ


ရဲဘော်တယောက် အီးမေးလ်က မျှဝေပေးတာကို ပြန်လည်ဖော်ပြပါတယ်။

Thursday, July 2, 2009

ဘန်ကီမွန်း ဘာစွမ်းသလဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

သုတေသနနှင့် လေ့လာရေးဋ္ဌာန


ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၇/၂၀၀၉)


ဘန်ကီမွန်း ဘာစွမ်းသလဲ


(၂၀၀၉ ခုနှစ်၊ ဇွန် ၃၀ ရက် )


ကုလအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက လာမယ့် ဇူလိုင် ၃ ရက်နဲ့ ၄ ရက်နေ့များမှာ မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုတာကို ကြားရပါတယ်။


ဒါ့အပြင်လည်း အခုလို ထုတ်ဖော်ပြောကြားပါတယ်။ အနာဂတ်အတွက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့ လမ်းဆုံလမ်းခွမှာ မဖြေရှင်းဘဲထားခဲ့လို့မဖြစ်တဲ့ အရေးကြီးဆုံး အချက် ၃ ချက်ရှိတယ်လို့ ကုလအတွင်းရေးမှူး ချုပ်က ယူဆကြောင်း၊ အဲဒါတွေကတော့ …


- ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊


- အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ မရှိမဖြစ် အစိတ်အပိုင်းတရပ်အနေနဲ့ (နအဖ) စစ်အစိုးရနဲ့ အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စရေး၊


- အများကလက်ခံယုံကြည်တဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်မယ့် အခြေအနေကောင်း တွေဖန်တီးရေး စတာတွေ ဖြစ်ပါတယ်။


အတွင်းရေးမှူးချုပ်ပြောတဲ့ “မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ မဖြေရှင်းဘဲထားခဲ့လို့ မဖြစ်တဲ့အရေးအကြီးဆုံး အချက် ၃ ချက်” ဆိုတာနဲ့ပတ်သက်လို့ ကျနော်တို့ အပြည့်အဝ သဘောတူပါတယ်။

သို့သော်လည်း ယခုလာမယ့် အတွင်းရေးမှူးချုပ်ခရီးစဉ်အတွင်း ဒီအချက်အလက်တွေဖြစ်ထွန်းလာလိမ့် မယ်လို့တော့ ကျနော်တို့ မမျှော်လင့်ပါဘူး။ ဘယ်သူတွေနဲ့တွေ့ပြီး ဘာတွေ ဘယ်လိုပြောကြဆိုကြမှာလဲဆိုတာ ကိုတော့ စိတ်ဝင်စားပါတယ်။

အထူးသဖြင့် “ဂျွန်ယက်တောအမှု” ကို ဘယ်လို အဆုံးသတ်မလဲ။

အကယ်၍ မစ္စတာဘန်ကီမွန်းအနေနဲ့ တိုတောင်းလှတဲ့ သူ့ခရီးစဉ်အတွင်း ဘာဆိုဘာမှ မဖြစ်လာဘူး ဆိုရင်လည်း စာရေးဆရာကြီးလူထုစိန်ဝင်း က ဂမ်ဘာရီခရီးစဉ်ကို သုံးသပ်ပြခဲ့သလို “ဂုဏ်ထူးဆောင် စာရေးတော်ကြီးနဲ့ (toothless tiger) ကုလသမဂ္ဂ ဘာမျှ မစွမ်းဆောင်နိုင်ကြောင်း” ထင်ရှားတဲ့ သက်သေပြချက် တခုအဖြစ် ကျနော်တို့ မှတ်ယူပါမယ်။

“မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ မဖြေရှင်းဘဲထားခဲ့လို့ မဖြစ်တဲ့အရေးအကြီးဆုံး အချက် ၃ ချက်” ဆိုတာဟာ (နအဖ) စစ်အစိုးရကဆောင်ရွက်ဖို့ သဘောထားရှိလာမှသာ ဖြစ်မြောက်လာနိုင်မှာပါ။

(နအဖ)စစ်အစိုးရဲ့လက်ရှိသဘောထားကတော့ ရဲချုပ်ခင်ရီကနေတဆင့်ပြောသွားတဲ့ မက်ဆေ့ခ်ျထဲမှာ “ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ချပစ်ဖို့ပဲ” ဆိုတာ ရှင်းနေပါတယ်။

မစ္စတာဘန်ကီမွန်း ဘာစွမ်းသလဲ။ ကျနော်တို့ စောင့်ကြည့်ကြပါစို့။


Friday, June 26, 2009

ကာတွန်း စောငို


ရဲဘော်ကြီး ကာတွန်းစောငို ရဲ့ မေတ္တာနဲ့ ရေးဆွဲပေးတဲ့ လက်ရာတခုပါ။ သူဟာ အခုအခါမှာ မြန်မာပြည် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိုင်ပေါင်း ၉၀၀ ကျော် ခရီးရှည်ချီတက်ပွဲမှာ ပါဝင်ချီတက်တိုက်ပွဲဝင်နေရင်းက ဒီကာတွန်းလေးကို ရေးဆွဲပေးခဲ့တာပါ။


သူတို့ရဲ့ ခရီးရှည် ချီတက်ပွဲအကြောင်း သိချင်တယ်ဆိုရင်ဖြင့် ဒီ ဘလော့ဂ် လိပ်စာအတိုင်း http://longmarchforburma.blogspot.com/ သွားရောက်လည်ပတ် အားပေးနိုင်ကြပါတယ်။


ကာတွန်းစောငို ဟာ သူရေးဆွဲထားတဲ့ ကာတွန်းလက်ရာများကို မှတ်မှတ်ရရ စာအုပ်လေးတအုပ်အဖြစ် ဖန်တီးချင်နေတဲ့ အာသီသရှိနေပြီး စာအုပ်လေးဖြစ်မြောက်ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေပါတယ်။


ဒါပေမယ့် ထုတ်ဝေရေးအတွက် ငွေကြေး အခက်အခဲကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေပြီး စာအုပ်ထုတ်ဝေနိုင်ရေးအတွက် မိတ်ဆွေတို့မှာ အကြံပြုလိုတာများရှိခဲ့မယ်ဆိုရင် oothandar2010@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။


ဒီဓာတ်ပုံလေးတွေကတော့ သူတို့ခရီးရှည်ချီတက်ပွဲရဲ့ တစိတ်တဒေသကို သူကိုယ်တိုင် ရိုက်ကူးပြီး အမှတ်တရ ပို့ပေးခဲ့တာပါ။









Monday, June 8, 2009

နိုင်ငံရေးလက်ဦးမှု လက်မလွတ်ရေး

မောင်ချစ်ခင်


ဒေါ်အောင်ဆန်းစုကြည်ကို ကြံဖန်အမှုဆင်ပြီး ရုံးတင်ခြင်းသည် ဤကာလ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒီပဲယင်း အရေးအခင်းနှင့် တတန်းတည်းထားရမည့် အဖြစ်အပျက်တခုဖြစ်သည်။ နအဖ၏ လက္ခဏာမှာ ၁၉၈၈ ခုနှစ်က စလို့ ဒီနေ့အထိ ဘာမှပြောင်းလဲခြင်းမရှိကြောင်းကို ဤကိစ္စက ဖော်ပြနေပေသည်။


၈၈ မှာ လူသတ်သည်၊ ဒီပဲယင်းမှာ လူသတ်သည်၊ စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာကိုသတ်သည်၊ ယခု ၂ဝဝ၉ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသေသတ်ရန် လုပ်နေပြန်သည်။


နအဖနှင့်ပတ်သက်၍ အကောင်းမြင်စရာ တကွက်မှမရှိ၊ စိတ်ကူးယဉ်စရာ နည်းနည်းမှမရှိ၊ ပြည်သူတွေအတွက် ဗလာနတ္ထိ။


၂ဝ၁ဝ ရွေးကောက်ပွဲနှင့် နီးလာလေလေ နအဖ၏ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို တွေ့ရလေလေ ဖြစ်နေ သည်။ ဤသည်မှာ တိုက်ဆိုင်မှု လုံးဝ မဟုတ်။ သူတို့တတွေ စိတ်ကို ဒုံးဒုံးချပြီး အပြတ်လုပ်နေခြင်းဖြစ်သည်။


ဤသည်မှာ သူတို့လက်ထဲတွင် အာဏာဆက်လက်တည်ရှိရေး၊ အသက်ရှင်ရပ်တည်ရေးတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ထို့ကြောင့် ဤအတွက် ဘာကိုမဆို သူတို့လုပ်မည်။


လိုအပ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို တသက်ပတ်လုံး ထောင်ထဲမှာထားမည်။ သတ်စရာလိုလျှင် ဘယ်သူ့ကိုမဆို ဖမ်းမည်၊ သတ်မည်။


ဒီလိုအချိန်မှာ ပြည်သူတွေဖက်က ဘာလုပ်မလဲ။ နအဖ၏ ရွေးကောက်ပွဲကိုဝင်၍ ရောယိမ်းလိုက် ဘသားယိမ်း လိုက် လုပ်မည်လော။ မီးစင်ကြည့်ရုံပဲဟု ဆုံးဖြတ်မည်လော။


သေချာသည်မှာ ဗမာပြည်ကို အုပ်စိုးမှု၏ အနှစ်လက္ခဏာမှာ ဤရွေးကောက်ပွဲကိုကျင်းပသဖြင့် ပြောင်းလဲသွား မည်မဟုတ်သလို အုပ်စိုးသူများ၏ သဘောထား၊ ပေါ်လစီများမှာလည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးသည့်နောက် ဘာမျှ ခြားနားမည်မဟုတ်ဆိုသည်ကို သဘောပေါက်ကြရမည်။


အာဏာကိုသာ ကိုင်ထားနိုင်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဖျက်ပစ်နိုင်သည်၊ ရေးဆွဲ နိုင်သည်၊ အတည်ပြု နိုင်သည်။ နောက်ပြီး ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကြိုက်သလို ကျင်းပနိုင်သည်။ ရလဒ်ကိုမကျေနပ် လျှင် အာဏာကိုလွှဲမပေးဘဲ နေနိုင်သည်။


ဗမာပြည်က စစ်အာဏာရှင်များအနေဖြင့် ဒါတွေအားလုံးကို လုပ်ခဲ့ဖူးပြီ။ အာဏာရှိသရွေ့ လုပ်နေဦးမည်။ သင်းတို့၏ တည်ကြည်ဖြောင့်မတ်မှုကိုလည်း ကမ္ဘာနှင့်အဝှမ်း မည်သူကမျှ မယုံကြည်ကြ။


ဤသို့သော အနေအထားတွင် “တသက်တော့ အမတ်ဖြစ်ဖူးတယ်ရှိအောင် ရွေးကောက်ပွဲ ဝင်လိုက်ဦးမည်” လို့ ဆိုသူတွေ၊ “အာဏာကလေးများ၊ တပြားတမူးဖိုးလောက်ရှိလျှင် အင်မတိ အင်မတန် စံချင်တိုင်းစံရမည်” ဟု စိတ်ကူးယဉ်နေသူတွေနှင့် အချီအချ အခြေအတင် ပြောနေစရာ မလို။


သူတို့လမ်းကိုသူတို့ လျှောက်ခွင့်ပြုလိုက်ရုံသာရှိ၏။ ကိုယ့်အလုပ်က သူတို့နှင့် အချိန်ဖြုန်းနေစရာမဟုတ်။ ကိုယ့်အလုပ်က ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအတွက်၊ တနည်း ရွေးကောက်ပွဲ နောက်ပိုင်း တိုက်ပွဲတွေ အတွက် အခုကတည်းက ပြင်ဖို့ဖြစ်သည်။


၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် နအဖ စစ်ဗိုလ်ချုပ်တွေ ပိုပြီး ဘဝင်မြင့်၊ စိတ်ကြီးဝင်လာမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ စကားတွေ၊ ဥပဒေစကားတွေ တွင်တွင်ပြောကာ ပိုရမ်းကားလာမည်။ “ဖွဲ့စည်း အုပ်ချုပ်ပုံနှင့်အညီ အချိန်မရွေး အာဏာသိမ်းခံရမည့်” အန္တရာယ်၏ ခြိမ်းခြောက်ခြင်းကို တလျှောက်လုံး ခံနေရမည်။


ထို့ကြောင့် ၂ဝ၁ဝ မတိုင်မီ နိုင်ငံရေးနှင့် ၂ဝ၁ဝ လွန် နိုင်ငံရေးတို့၏ အဓိကခြားနားချက်မှာ ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေးစစ်အုပ်စုက ဖွဲ့စည်းပုံဥပဒေမရှိဘဲ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းသာဖြစ်ပေမည်။ သဏ္ဍာန်အားဖြင့် ထူးခြားချက်အချို့ရှိနိုင်သော်လည်း အနှစ်သာရမှာ ဘာမှပြောင်းမည်မဟုတ်သည်ကို သံသယဖြစ်စရာ မလိုပေ။


တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေအဖို့ ပြောရလျှင်လည်း မိမိတို့၏ တိုက်ပွဲဦးတည်ချက်၊ အဓိကကြွေးကြော်သံ၊ မဟာမိတ်အခင်းအကျင်း စသည်တို့မှာ ၂ဝ၁ဝ ရွေး ကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ပိုင်း ဘာမှခြားနားသွားမည်မဟုတ်ဆိုသည်ကို သတိပြုရပေမည်။


ထို့ကြောင့် ဆန့်ကျင်မြဲအတိုင်း ဆန့်ကျင်ရမည်။ တောင်းဆိုမြဲတိုင်း တောင်းဆိုရမည်။


သို့သော် တိုက်နည်း၊ တောင်းဆိုနည်းများကိုတော့ တိုးချဲ့ရမည်။ စွန့်ပစ်တန်တာ စွန့်ပစ်၊ တီထွင်သင့်တာ တီထွင်ရမည်။ နောက်ပြီး ပိုကျယ်ပြန့်အောင်လည်း ဖြန့်ကျက်ရမည်။ အင်းစိန်ထောင် ပတ်ဝန်းကျင်ကနေ တပြည်လုံးကို ဖြန့်ပစ်ရမည်။ အဖွဲ့ချုပ်တဦးတည်း လုပ်လို့မရ။ ဒီချုပ်ကို အထောက်အကူပေးကြရမည်။ တွဲလုပ်တာတွေလည်း ရှိမည်၊ ခွဲလုပ်တာတွေလည်း ရှိမည်။


တိုက်ပွဲသဏ္ဍာန်ကို အသေထားလို့မဖြစ်၊ လုပ်သင့်လျှင် တဦးမလုပ်နိုင်က နောက်တဦးက လုပ်ရမည်။ ဆက်သွယ်ရေးကွန်ယက်တွေ တည်ဆောက်ရမည်။ လမ်းကြောင်းတွေ ဖောက်လုပ်ရမည်။ ပြောင်လည်းရှိမည်၊ လျှို့ဝှက်လည်းရှိမည်။


လူထုလူတန်းစား၊ လူ့အလွှာအမျိုးမျိုးထဲတွင် ဖြစ်နိုင်လျှင် ပြောင်၊ မဖြစ်နိုင်လျှင် လျှို့ဝှက် အဖွဲ့အစည်းတွေ ဖွဲ့ကြရမည်။ ကျောင်းသား၊ သံဃာ၊ စာရေးစာချီ၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ ဆင်းရဲသား၊ စစ်သားနဲ့ ရဲထဲပါ မကျန် စည်းရုံးတည်ဆောက်ရမည်။ ဘာသာ၊ လူမျိုး စတာတွေ ခွဲခြားနေလို့မဖြစ်။


ဒါကြောင့် ဖွဲ့စည်းမှု၊ စည်းရုံးမှုမှာ ကာလတခုတော့ မြေအောက် သဏ္ဍာန်ဖြစ်ဖို့ များသည်။ လျှို့ဝှက်ရမည်။ မြေအောက်လုပ်ငန်းကို မောင်းတီးလုပ်လို့မရ။ ပေါ်ပြူလာ ဖြစ်ချင်လို့မရ။


တပါတည်းတွင် ပြည်သူတွင်းရော ကိုယ့်အတွင်းမှာပါ စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်တို့ကို ပြတ်သားခိုင်မာစွာ ဆန့်ကျင်သည့် အတွေးခေါ်ကို မြဲမြဲမြံမြံ စိုက်ထူရမည်။ ကိုယ့် ပြည်သူကို ယုံကြည်မှုနှင့် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်တို့ကိုလည်း စွဲမြဲစေရမည်။



နအဖပြောလျှင် ဘာမှ မျက်စေ့လည်စရာ မရှိ။ မိုးခါးရေသောက်စေလိုသူများ၊ မြေခွေးအမြီးပြတ်များက ပြော လျှင်လည်း လက်ခံကြမည်မဟုတ်။


သို့သော် တတိယအင်အားစုဆိုသူတွေ၊ ပညာရှင်ဆိုသူတွေက နားချကြ၊ “ရှင်းပြကြ” ဦးမည်။ မျက်စေ့လည်၊ နားယောင်စရာတွေ ဖန်တီးလာကြဦးမည်။ ထို့ကြောင့် အတွေးအခေါ်တည်ဆောက်ရေး၊ ကာကွယ်ရေးကို တာဝန်တရပ်အနေနှင့် လုပ်ရမည်။


ဒါကို တက်ကြွသူများအကြားမှာသာမဟုတ်၊ ပြည်သူလူထုအကြားမှာပါ လုပ်ရမည်။ ပေါ့ဆလို့မရ။ သတိ ရှိရပါမည်။ သူတို့က ရာထူးတွေ၊ အခွင့်အရေးတွေနှင့် မြှူလာကြမှာ သေချာသည်။


ထို့ကြောင့် ဤနေ့ဤအခါတွင် နိုင်ငံရေးလက်ဦးမှုကို ပြည်သူတွေဖက်က ရယူထားရန်မှာ အရေးကြီးလှသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်မှာ ဤသို့ လက်ဦးမှုရ ယူရန် လုံးပမ်းခြင်းဖြစ်သည်။ နအဖကို တကယ်ပဲ လက်ဦးမှုမဲ့စေခဲ့သည်။


ထို့ကြောင့် နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခြင်းဖြင့် သူတို့ဆုံးရှုံးနေသော နိုင်ငံရေးလက်ဦးမှုကို ရယူရန် လုံးပမ်းနေခြင်းဖြစ်သည်။ အခြားနည်းလမ်းရှာမတွေ့သဖြင့် ခါးပိုက်အောက်ကို ထိုးသည့်နည်းကို သုံးလာခြင်းဖြစ်သည်။ ဤသည် နအဖစစ်ဗိုလ်များ၏ အကျင့်ဖြစ်သည်။ သူတို့ခံရလျှင် ဘာမှ မရှက် မကြောက်တော့။


လောလောဆယ်တော့ နိုင်ငံတကာနယ်ပယ်တွင် နအဖအဖို့ ပို၍ပင် ခံစစ် အနေအထားကို ရောက်သွားသည်။ အခုအထိ စစ်အာဏာရှင်များအနေဖြင့် တချက်မှ ပြန်ပစ်နိုင်သည်ကို မတွေ့ရသေးပေ။ ထန်းလက်ဖြင့် ကာရုံမျှ သာ လုပ်နိုင်သည်။


ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုကို အမြန်ပြီးဆုံးသွားအောင် တွန်းစစ်နေသည်။ သူတို့အဖို့ ဤကိစ္စမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ကြောင့်လေး ဖြစ်နေသည်။


ဤအနေအထားကို အတတ်နိုင်ဆုံး အသုံးချရန်လိုသည်။ ကိုယ့်ဖက်က နိုင်ငံရေး၊ အတွေးအခေါ်ရေး ထိုးစစ်တွေ ဆက်တိုက်ဆင်နေရမည်။ လူသေဦးတော့ အသံမသေစေရဆိုသည့် သဘောထားမျိုး ထားရမည်။ ကိုယ်သေလျှင် ကျန်တဲ့လူများကို အဲဒီအသံက သတိပေးအကျိုးပြုမည်မှာ မုချဖြစ်ပါသည်။


*****

မောင်ချစ်ခင်


Saturday, June 6, 2009

ဗိုလ်ချုပ်တစုနဲ့ ဒီအမှု

(ဗသြ)


တိုက်ဆိုင်တာပဲဆိုဆို၊ နှိုင်းယှဉ်တာပဲပြောပြော

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီတခါ အမှုဆင်ပုံဟာ

သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတုန်းက အင်္ဂလိပ်အစိုးရက

လုပ်ပုံတွေနဲ့ တူနေတဲ့အချက်တွေဟာ စဉ်းစားစရာတွေရှိနေပါတယ် ...


နအဖဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဒီပဲယင်းလူသတ်ပွဲကြီးကို လုပ်ကြံခဲ့ရာမှာ ဘာမှ အမှုမဖွင့်၊ ဘယ်သူ့ကိုမှ မစစ်ဆေး အရေးမယူတဲ့အပြင် မသေကောင်း မပျောက်ကောင်း ရှင်ကျန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို ချုပ်နှောင်ခဲ့ပါတယ်။ တရားလိုကို တရားခံလုပ်ပစ်တဲ့ ဖြစ်ရပ်ပါ။


အခုလည်းပဲ အိမ်ဖောက်ထွင်းတဲ့ကိစ္စမှာ လုံခြုံရေးတာဝန်ရှိသူတွေကိုတော့ ဘာမှအရေးမယူဘဲ ဖောက်ထွင်းခံရတဲ့အိမ်ရှင်ကို အရေးယူအပြစ်ပေးဖို့ စီစဉ်နေတာဟာ ဒီနေ့ခေတ် ဗမာပြည်နိုင်ငံရေးရဲ့ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်တခုလို့ဆိုရင် မမှားပါဘူး။


ဒီအမှုအပေါ် လူအားလုံးက သံသယဖြစ်ရတဲ့ အကြောင်းရင်းပေါင်းများစွာထဲမှာ အချက်တချက်ကတော့ အမှုကို ထူးထူးခြားခြား တက်သုတ်ရိုက် စစ်ဆေးနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အမှုကို ဒီလိုစိတ်ဝင်တစား စောင့်ကြည့်နေတုန်းမှာပဲ အားလုံးကို အံ့သြသွားစေတဲ့ကိစ္စရပ်တရပ် ပေါ်လာခဲ့ပါတယ်။


အဲဒါကတော့ နှစ်ဖက်သက်သေတွေကို စစ်ပြီးတယ်ဆိုတာနဲ့ နအဖရဲ့အစီအစဉ်တခုလုံး တန့်သွားတာပါပဲ။ စီရင်ချက်ချမယ့်ရက်ကို နောက်ရွှေ့လိုက်တာဟာ သာမန်ကိစ္စမဟုတ်မှန်း လူတိုင်း သတိထားမိပါတယ်။


နအဖရဲ့တရားရုံးဟာ အကြောင်းပြချက်မခိုင်လုံဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြတဲ့ သက်သေတွေထဲက တယောက်ထဲကိုသာ အစစ်ခံခွင့်ပေးတယ်ဆိုတာလည်း အားလုံးအသိပါ။ ဒါတောင်မှပဲ နအဖရဲ့တရားရုံးဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော အပါ နှစ်ဖက်သက်သေများရဲ့ထွက်ချက်ဟာ သူတို့ကို ကြိုတင်ချမှတ်ခိုင်းထားတဲ့ အပြစ်ဒဏ်နဲ့ ပဋိပက္ခဖြစ်နေလို့ နောက်တလှမ်း ဆုတ်သွားခဲ့ပါတယ်။


သူတို့ချင်း ပြန်ပြီး လက်ဝါးရိုက်ကြဦးမယ့်သဘောပါပဲ။ နောက်တနည်း ပြန်စဉ်းစားကြည့်လိုက်တော့ လက်ရှိ ထွက်ချက်တွေနဲ့ဆိုရင် သူ့တပ်ထဲကလူတွေ၊ သူတို့ထိပ်ပိုင်းက လူတွေတောင် လက်ခံမှာမဟုတ်ဘူးလို့ သဘောပေါက်လာကြလို့လား၊ ဒါမှမဟုတ် လက်တွေ့ကိုပဲ တပ်ထဲနဲ့ခေါင်းဆောင်အပိုင်းထဲမှာ ဆန့်ကျင်ပြောဆိုမှုတွေ ရှိနေလို့လားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။


အခုတော့ ဒီအမှုတခုလုံးကိုက ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ တိုက်ဆိုင်တာပဲဆိုဆို၊ နှိုင်းယှဉ်တာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒီတခါ အမှုဆင်ပုံဟာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံတုန်းက အင်္ဂလိပ်အစိုးရက လုပ်ပုံတွေနဲ့ တူနေတဲ့အချက်တွေဟာ စဉ်းစားစရာတွေရှိနေပါတယ်။


ဒေါက်တာတင်မျိုးဝင်းကို တရားရုံးအရိပ်နားတောင် မသီနိုင်အောင် နအဖ က ဘယ်လိုပဲ ဖိနှိပ်ထား၊ ခြိမ်းခြောက်ထားပေမယ့် ဂျွန်ယက်တောကို နအဖ က တမင်သွင်းလွှတ်လိုက်တယ်ဆိုတဲ့အချက်ဟာ ထင်ရှားသထက် ထင်ရှားလာပါတယ်။


ဒီအမေရိကန်လူမျိုး ဂျွန်ယက်တောကို ဒုတိယအကြိမ် ဝင်ခွင့်ပြုလိုက်တာဟာ ၁၉၄၇ ခုနှစ်တုန်းက ဗြိတိသျှ ကိုလိုနီအစိုးရက ဂဠုန်ဦးစောကို ဘရင်းဂန်း အလက် ၂၀၀ နဲ့ တခြားလက်နက်ကျည်ဆံတွေ ထုတ်ပေးလိုက်တာကို သတိရစေပါတယ်။

အဲဒီတုန်းက ဦးစောလိုလူရဲ့လက်ထဲကို ဒီလို လက်နက်တွေ အမြောက်အများ ရောက်သွားရင် ဘာဖြစ်မယ်ဆိုတာ နိုင်ငံရေးပါး နည်းနည်းလေး ဝသူတောင် သိပါတယ်။


အဲဒီခေတ် အဲဒီအခါက အနေအထားနဲ့ဆိုရင် ပြည်တွင်းစစ်တောင် ထဖြစ်နိုင်တဲ့ လက်နက်အမျိုးအစားနဲ့ အရေအတွက်ပါ။ ဒါကို ကိုလိုနီပါး အင်မတန်ဝတဲ့ အင်္ဂလိပ်အစိုးရက အသိဆုံးဖြစ်ပါတယ်။ (ဆရာစံတို့ဟာ ဓား၊ လှံ၊ အလွန်ဆုံး တူမီးလောက်နဲ့ ပုန်ကန်ခြားနားခဲ့ကြတာပါ။)


အခုလည်းပဲ အင်္ဂလိပ်တွေလုပ်ခဲ့သလို ဂျွန်ယက်တောနဲ့ ဘိန်းပစ်ဖမ်းတယ်ဆိုတာ ပိုပိုထင်ရှားလာနေပါတယ်။ နအဖ က ဒီအမှုကို စဖော်တုန်းကတော့ ဂျွန်ယက်တောဟာ ရေကူးလာတယ်ဆိုပြီး ရေသန့်ဗူးခွံတွေ၊ ဘဲခြေထောက်တွေကို ဓာတ်ပုံရိုက်ပြပြီး ကမ္ဘာကို ဝါဒဖြန့်ခဲ့ပါတယ်။


အခုတော့ ဂျွန်ယက်တောဟာ နအဖရဲ့အစောင့်တွေနဲ့တောင် စကားစမြည်ပြောပြီး သဲဖြူခင်း ရာဇမတ်ကာလို့ မပြောရုံတမယ် လမ်းပေါ်က မားမားလျှောက်လာတာ ဖြစ်နေပါတယ်။


အင်္ဂလိပ်တွေဟာ ဘယ်လောက်တောင် နိုင်ငံရေးပါးဝလိုက်သလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံပြီးတဲ့နောက် ဗမာပြည်တွင်းမှာ သူတို့ဆက်လုပ်ပုံကို ကြည့်ရင် ထင်ရှားပါတယ်။


အဲဒီတုန်းက ကွန်မြူနစ်ပါတီက အာဇာနည်တွေကို သတ်တာဟာ ဗြိတိသျှအစိုးရဖြစ်တယ်လို့ ကြေညာထားပါတယ်။ ပြည်သူလူထုထဲမှာလည်း တအုံနွေးနွေးနဲ့ ပေါက်ကွဲလုလု ဖြစ်နေပါတယ်။ ဝမ်းနည်းမှုကနေ ဒေါသ ပေါက်ကွဲတော့မယ့် အခြေအနေဖြစ်ပါတယ်။


ဒီတော့ ဘုရင်ခံဟာ သခင်နုကို ခေါ်ပြီး ဝန်ကြီးချုပ် ခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ အဲဒီအကြပ်အတည်းကြီးကို ကျော်လွှားသွားနိုင်ပါတယ်။ အခု ဒီ နအဖ အစိုးရဟာ ဗြိတိသျှတွေလို ပါးနပ်လိမ္မာမလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ်ချမှတ်တာရဲ့ အကျိုးဆက်တွေကို သူတို့ မစဉ်းစား မပြင်ဆင်လို့ မဖြစ်ပါဘူး။


ဒီအခြေအနေတွေကနေ ဆက်ပြီးဖြစ်လာတာကတော့ ဗမာ့နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးတံခါးကို နအဖ က အပြီးအပိုင် ပိတ်ပစ်လိုက်ပြီဆိုတဲ့ကိစ္စပါပဲ။


အာဏာနိုင်ငံရေးသာသိတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ တွေ့ဆုံဆွေးနွေးပွဲ တံခါးကို တင်းတင်းပိတ်ထားရင် သူတို့အတွက် လုံခြုံမယ်လို့ ယူဆနေကြပါတယ်။ တနည်း - အာဏာမြဲမယ်လို့ ယူဆနေကြတယ်။ နားပိတ်ထား၊ မျက်စိပိတ်ထားလို့ မကြားရ၊ မမြင်ရရင် ဘာမှမဖြစ်ဘူးလို့ စဉ်းစားတာမျိုး စဉ်းစားနေကြပါတယ်။


တကယ်က ဗမာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဖက် တွေ့ဆုံဆွေးနွေးပါလို့ ပြောနေတာဟာ ပြည်တွင်းရေးကို စွက်ဖက်ချင်တဲ့ တခြားနိုင်ငံတွေက ပြောနေတာမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းထဲက အလိုလိုထွက်လာတာလည်း မဟုတ်ပါဘူး။ ဒါဟာ ဗမာပြည်ပြည်သူတွေရဲ့ လိုလားချက် ဖြစ်ပါတယ်။ အဲဒီလိုလားချက်ကို သူတို့က ထင်ဟပ်ကြတာပါ။


ဗိုလ်သန်းရွှေလိုပဲ အာဏာဂုဏ်နဲ့ မောက်မာလှတဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၃ ခုနှစ်မှာ တွေ့ဆုံဆွေးနွေးရေး မျက်လှည့်ပြပြီးတဲ့နောက် ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ အပြတ်ပဲ ချတော့မယ်ဆိုပြီး လုပ်ခဲ့တာပါ။


ဒါပေမယ့် ၁၉၆၀-၇၀ ကနေ ၁၉၇၆ ခုနှစ်အထိ လူထုဆန္ဒပြပွဲတွေ အမျိုးမျိုးဆက်ဖြစ်လာတော့ ဗိုလ်နေဝင်း ပိုင်လှပါတယ်ဆိုတဲ့ တပ်ထဲမှာ သူ့ကိုမကျေနပ်တာတွေ ပေါ်လာတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ကိစ္စလို သူ့ကို သတ်မယ့်ကိစ္စတောင် ပေါ်လာတာပဲမဟုတ်လား။


နောက်တော့ ၁၉၈၀ ခုနှစ်မှာ ဗကပ၊ ကေအိုင်အေတို့နဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့ရပါတယ်။ အဲဒီကနေဆက်ပြီး ရှစ်လေးလုံးလှုပ်ရှားမှုကြီး ပေါက်ကွဲထွက်လာတာ၊ ဗိုလ်နေဝင်း မျက်ရည်ကျရတာ၊ နန်းပေါ်က ဆင်းပေးရတာ၊ မဆလ ပါတီကို ဖျက်သိမ်းပေးရတာ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးရတာ စတာတွေဟာ တံခါးဖွင့်ပေး ရရုံကလို့လား။


အခုလည်း တွေ့ဆုံဆွေးနွေးပွဲကို တံခါး ဘယ်နှစ်ထပ်ပဲ ပိတ်ထား ပိတ်ထား၊ လူထုက ဖွင့်ရင် မုချပွင့်လာမှာပါ။ တွန်းဖွင့်လို့မရရင် ဆောင့်ဖွင့်တန် ဖွင့်ရပါမယ်။ ဆောင့်ဖွင့်လို့မရရင် ဖောက်ခွဲဖွင့်ရပါမယ်။ လူထုဟာ အခြေအနေတွေကို အကဲခတ် စောင့်ကြည့်နေတာဖြစ်ပါတယ်။


တနေ့ကပဲ လူတယောက်က ဦးဝင်းတင်ကို… နအဖ က အလျှော့ပေးမှာ မဟုတ်တော့ဘူး၊ အံတုမနေနဲ့တော့၊ ရင်မဆိုင်နဲ့တော့၊ ရွေးကောက်ပွဲသာ ဝင်ပေတော့ ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာ ကြားလိုက်ရပါတယ်။ ဒါဟာ နအဖ က တံခါးကြီးကို ဖွင့်မပေးဘဲ တင်းခံထားတဲ့အတွက် သူဖွင့်ပေးထားတဲ့ ခွေးတိုးပေါက်က ဝင်ရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ခြင်္သေ့ဟာ မြက်မစားဘူးဆိုတာ အဲဒီလူ မသိလို့ပါ။


တချို့လူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေရဲ့ခေါင်းထဲမှာ ဘာရှိသလဲ၊ ဘာတွေပြင်ဆင် ထားသလဲဆိုတာသိရအောင် တမင်ပဲ ဆွနေသလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။


ဒါမျိုးတွေကို “စကားဝိုင်း”တွေမှာ မကြာခဏ မြင်တွေ့ရပါတယ်။ တကယ်ကျတော့ အဲဒီလို ဆွတဲ့လူတွေဟာ နအဖ အလိုကျလုပ်တာ မဟုတ်ဘူးဆိုရင် နိုင်ငံရေးအပါးမဝသေးတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။


ဒါဟာ စစ်အုပ်စုရဲ့ ဖက်ဆစ်လုပ်ဟန်ကြောင့် ဗမာပြည်နိုင်ငံရေး၊ နောက်ပြီး စာပေအနုပညာလောကမှာ ခေတ်စားလာနေတဲ့ လုပ်ဟန်တခု ဖြစ်ပါတယ်။ အဲဒါက သခင်အားကိုးနဲ့ သဘောထားမတူသူတွေကို ဆွတာ၊ ရန်တိုက်တာတွေ လုပ်တာပဲဖြစ်တယ်။ သတ္တိကောင်းလှသူတွေလို့ ဆိုနိုင်သပေါ့။


ဒါပေမယ့် ပြန်စဉ်းစားသင့်တာကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အခါကျတော့ သန်းဂဏန်း စာရင်းပြထားတဲ့ မဆလ ပါတီဝင်တွေ ဘာဖြစ်သွားတယ်ဆိုတာပါပဲ။ ။

ဗသြ



Wednesday, May 27, 2009

ရဲရဲလုပ်ကြပါစို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ


သုတေသနနှင့်လေ့လာရေးဌာန


ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၆/၂၀၀၉)


ရဲရဲလုပ်ကြပါစို့


(၂၀၀၉ ခုနှစ်၊ မေလ ၂၇ ရက် )


ပုဒ်မ ၁၀(က)၊ ပုဒ်မ ၁၀(ခ) တို့နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း မဟုတ်။


ပုဒ်မ ၁၀(က) ကို ပုဒ်မ ၁၀(ခ) သို့၊ ပုဒ်မ ၁၀(ခ) ကို ပုဒ်မ ၁၀(က)သို့ လိုသလို ကုလားဖန်ထိုးနိုင် ကြောင်းနှင့် မထင်ရင်မထင်သလို [ပုဒ်မ ၁၀(က) အရ] ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားနိုင်သလို [ပုဒ်မ ၁၀(ခ)] အရလည်း ဆက်လက်၍ တားဆီးထားနိုင်ကြောင်း(နအဖ) စစ်အစိုးရက သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်း ကို သုံးပြီး ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် (၆) လ ဆက်လက်ဖမ်းဆီးထားနိုင်သေးသလို၊ နောက်ထပ်(၅) နှစ်သက်တမ်း (တည်ဆဲဥပဒေအရ) ထပ်တိုးနိုင်ကြောင်းပြောလိုက်ခြင်းဖြစ်သည်။


ထို့အပြင် “ယက်တော” ခိုးဝင်လာမှုဖြင့် ဆက်စပ်ခြိမ်းခြောက်ထား သေးသည်။


(နအဖ)စစ်အစိုးရ၏ တည်ဆဲဥပဒေဆိုသည်မှာ မတရားဖိနှိပ်အနိုင်ကျင့်ထားသည့် အမိန့်ဥပဒေများသာ ဖြစ်သည်။


သို့အတွက် အင်းစိန်ထောင်တရားရုံးအတွင်း ရင်ဆိုင်နေသည့်နည်းလမ်းမျှဖြင့် မလုံလောက်နိုင်ပါ။


ပြည်သူလူထု၏စာနာထောက်ခံမှုအင်အားဖြင့်ဝန်းရံဖေးကူလာနိုင်မှသာလျှင် (နအဖ)စစ်အစိုးရ၏ မတရား အနိုင်ကျင့်ဖိနှိပ်မှုကို ရင်ဆိုင်နိုင်ပါလိမ့်မည်။


သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူလူထုထံ တချိန်တခါကတင်ပြခဲ့ဖူးသည့် “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဟူသည့် လမ်းအတိုင်းလိုက်မှဖြစ်တော့မည်။


ယင်းသို့မဟုတ်လျှင် စင့်နှီးတုန်းပေါ် လည်စင်းပေးရသည့် သိုးငယ်များပမာဖြစ်လိမ့်မည်။


ဒေါ်အောင်ဆန်းစုကြည်က ရဲရဲလုပ်ဖို့ပြောထားပြီးဖြစ်သည်။


သို့အတွက် အင်အားစု အားလုံးက ရဲရဲလုပ်ကြရမည်။


ပြည်သူလူထုပါဝင်လာအောင် စည်းရုံးကြရမည်။