Tuesday, September 4, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၀

လန့်ဖျားလား ကြောက်ဖျားလား မသိ၊ ပျားတုတ်ဒဏ်ရာမှ အနာရှိန်တက်သည်ဆိုရမလား၊ ထိုညတွင် သူ ဖျားတော့သည်။ ထိုအခါ ညိုက သင်တန်းဆင်းကာစ သူနာပြုဆရာမ အိုက်တင်ဖြင့် ဆေးဝါးများ အပါအဝင် တောက်တိုမည်ရများပွေ့ကာ ရောက်ချလာပြန်သည်။

“တပူပေါ် နှစ်ပူဆင့်ပြန်ပြီပေါ့၊ အနေအစား ဆင်းရဲရတဲ့အထဲ” ဟု ဒေါ်တင်တင် ဝေဖန်ရင်း ဆရာတော်ကျောင်းအောက် ကွပ်ပစ်တလုံးဖြင့် ဖြစ်သလိုနေရသော သူ့အနေအထားကို အလိုမကျကြည့်ကာ “မာလကာသီးတလုံးရဲ့ ဆွဲဆောင်မှုနဲ့ နင်တို့ ဒုက္ခကိုကြုံရတယ်။ ဘာမှ စူးစမ်းဆင်ခြင်ဖို့သတိမရှိကြဘူး” ဟု မြည်တွန်တောက်တီးနေပြန်သည်။

ဆရာတော်ကား စင်္ကြန်လျှောက်ရင်း လာကြည့်၍ “ဆေးခန်းသွားပြလိုက်တာ အကောင်းဆုံးပဲ၊ ယောင်ဝါးဝါးလုပ်မနေကြနဲ့ ငါ့မှာ တာဝန်ရှိတယ်” ဟု မိန့်သည်။ ညနေ ဆေးခန်းမသွားမီ သူအဖျားတက်ပြီး အမေ့ကို သတိရတယ်ဟု ယောင်ယမ်းသလို တမ်းတမိ၏။ ဒေါ်တင်တင် မျက်နှာညှိုး၍ “ဟယ် ... ငါတို့ရှိတာပဲ ဘာအားငယ်စရာရှိလဲ” ဟု နှစ်သိမ့်ရသည်။

သူ စိတ်ချမ်းသာသွားဟန်ဖြင့် ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ခေါင်းညိတ်ပြသည်။ ပိန္နဲသီး ထုံးတို့ထားသည်နှင့် တူလှသော သူ့မျက်နှာကိုကြည့်၍ ညိုမှာ သနားသည့်ကြားက ရယ်ချင်စိတ်ကို ဇွတ်မျိုသိပ်ထားရသည်မှာ ဗိုက်ကြောပင် အောင့်မတတ်။ နောက်ဆုံးတွင် “ညရေးညတာ ကြည့်ရှုဖို့ ခက်မယ်၊ ငါ့အိမ်မှာပဲ ဒီည နားလိုက်” ဟုပြောရင်း ဆရာတော်အား လျှောက်ရန် ဒေါ်တင်တင် ထသွား၏။


ညိုက သူ့အား ကျေနပ်စွာ ပြုံးပြလျှက် “အမေက သဘောကောင်းတယ်။ ဆူစရာရှိရင်တော့ မြုံမနေဘဲ ဆူတတ်တာ တခုပဲ သားလည်းမရှိတော့ ကိုဖေသောင်းကို သံယောဇဉ်ဖြစ်မိတယ် ထင်တယ်” ဟု ခပ်တိုးတိုးပြော၏ ။

“အင်း ... ပျားတခါတုပ်လို့ ဒီလိုမိသားစုမျိုးတခါရရင် ခဏခဏ အတုပ်ခံချင်ပါတယ်” ဟု သူ တိုးတိုးပြန်ပြောသည်။ ညို ကြည်သာစွာ ပြုံးနေ၏။

xxxxx xxxxx xxxxx 

ဘက်ထရီ မီးချောင်းအောက် ခေါင်းလေးလုံး ဆိုင်နေကြသည်။ သူက ညိုတို့အိပ်ခန်းကြမ်ပြင်ပေါ် ဖျာခင်းလှဲလျောင်းရာမှ … ဒါက ကျနော်တို့မိသားစုပုံ အဖေက ခရီးထွက်နေလို့ မပါလိုက်ရဘူး၊ ဒီမှာလေ … အဖေနဲ့ အမေ အမှတ်တရ ရိုက်ထားတာ၊ ဒါက ကျနော့်အမ မရီနွယ် … ဒါက ကျနော့်အိမ်က ခွေးမနဲ့ အမှတ်တရ ဒီမှာ စသဖြင့် ဓာတ်ပုံများ လက်ထောက်၍ ပြနေသည်။

သူ့အဝတ်အစား အိတ်ပါဆွဲယူခဲ့၍ အိမ်အရောက် လျှော်စရာရှိတာလျှော်ရန် ဆွဲထုတ်ရင်း ထွက်လာသည့်ပုံများကို သူ ပြနေခြင်းဖြစ်သည်။ “ဒါတွေ ဘာလို့ယူလာရတာလဲ မိသားစုကို ဒီလောက်သံယောဇဉ်ကြီးနေရင် ဒါတွေ ဘာလို့လုပ်သလဲ” ဟု ညိုက မေးသည်။

“ယူလာတာ မဟုတ်ဘူး၊ ဦးလေအောင် သတင်းမေးဖို့ တောရကျောင်းလာတုန်းက အမ ရီနွယ်က ထည့်ပေးလိုက်တာ အလွမ်းပြေကြည့်ဖို့တဲ့” ... ဟု သူဖြေရင်း ဒေါ်တင်တင်က ဘွဲ့ဝတ်စုံနှင့်ပုံအားကြည့်၍ “ဒါက အမကြီးလား သူကကော မင်းကို မချစ်ဘူးလား” ဟု မေးသည်။ “ချစ်တော့ချစ်တယ် ဒါပေမယ့် အစိုးရိမ်ကြီးပြီး အဒေါ့်လိုပဲ သိပ်ဆူပူတတ်တယ်” ဟု သူ ဖြေသည်။

သူ ပွင့်ပွင့်လင်းလင်း ဝေဖန်သလိုပြော၍ ဒေါ်တင်တင် ကျေနပ်သော်လည်း ... ဟဲ့ နင်တို့သဘာဝကိုက ဟန့်တားနိုင်မှ တန်ကာကျတာ ငါတို့လို ပါးစပ်အမြုပ်ထွက်အောင် ဆူပူတဲ့လူမရှိရင် တလောကလုံးဟာ မျောက်တွေလက်ချက်နဲ့ အပင်တွေမှာ ဘာအသီးမှ မကျန်ဘဲဖြစ်မယ်။ နင်တို့မျောက်တွေက ဘယ်အခါ အငြိမ်နေကြလို့လဲ ဘာမှလည်း နားလည်တာ မဟုတ်ဘူး၊ ဒါကြောင့် တောထဲမှာ မျောက်ဖမ်းတဲ့မုဆိုးတွေက ပုလင်းထဲကရေတွေ ငှဲ့သောက်ပြပြီး ထားခဲ့တယ်။ မျောက်တွေက ချောင်းကြည့်ပြီး လူလုပ်သလိုလိုက်လုပ်တော့ ပုလင်းထဲက အရက်တွေသောက်မိပြီး မူးလဲ ဒါနဲ့ မုဆိုးကပြန်လာပြီး အသာဖမ်းသွားတာပေါ့ ဟု ပြောတော့သည်။

ဒါ ရယ်စရာကောင်းသည်ဟု ဦးနှောက်ကဆုံးဖြတ်ပြီးသည်နှင့် ရယ်ချလိုက်ရန် တဆက်တည်း အမိန့်ပေး၏။ ထိုအမိန့်ကို ညို ကျေပွန်စွာထမ်းလိုက်သည်။ အမေက ဒါ ရယ်စရာပြောတာ မဟုတ်ဘူး။ နင်တို့မျောက်တွေ ဒုက္ခကိုစပ်ဆော့ပြီး ရှာတတ်လွန်းလို့ ဟု ငေါ့၏။

ဦးခင်ရွှေက အိမ်တံခါးကိုထပိတ်ပြီး “မင်းတို့မိဘတွေက ဘယ်လိုသဘောရှိလဲ မင်းတို့ ကျောင်းမှာလုပ်ခဲ့တဲ့ကိစ္စအပေါ်” ဟု မေးသည်။ သူ ဟုတ်ကဲ့ ဟုပြောပြီး သူတို့လည်း အရင်ခေတ်နှစ်ခုစလုံးကို မီလိုက်တာပဲ၊ ကျနော်တို့နဲ့ ဆန္ဒချင်းတော့ တိုက်ပါတယ်။ ဒါပေမယ့် မင်းတို့လုပ်တိုင်း အခံဘက်ကချည်းပဲလို့ ပြောတယ်။ ဦးသန့်တို့၊ မှိုင်းရာပြည့်တို့တုန်းက ကျောင်းသားတွေ ကျနော်တို့ပတ်ဝန်းမှာရှိခဲ့တော့ ကျနော်တို့ကိုလည်း စိုးရိမ်ပူပန်တယ်ဟု သူ ဖြေသည်။

“အေး ... ဒါမျိုးက တနွယ်ငင် တခင်ပါဆိုသလိုကွာ၊ ပတ်သက်မိတဲ့လူတွေပါ ထိခိုက်နိုင်တယ်။ မှန်တာပြောရရင် ငါတို့လည်း ခပ်လန့်လန့်၊ ဝန်ထမ်းဖြစ်နေတော့ ပိုဆင်ခြင်ရတယ်”

“ဟုတ်ပါတယ် ဦလေး၊ တခုတော့ စိတ်ချပါ တခုခုဖြစ်လာရင် ဦးလေးတို့ကို မထိခိုက်စေရပါဘူး။ ကျနော့်ကို တောသား ဖေသောင်းအဖြစ်ပဲ ဦးလေးတို့သိကြတယ်လို့ ကျနော် ပြောမှာပါ”

“အေးလေ၊ ငါတို့စိတ်ထဲရှိတာတော့ မင်းသိမှာပါ၊ အားပေးနိုင်သလောက် အားပေးတာပဲ၊ ဒီကနေ မင်းတို့နောက်က လိုက်နိုင်ကြမယ့် အခြေအနေ အရေးကြီးတယ်။ မင်ဘယ်လို သုံးသပ်ထားသလဲ”

“ကျနော်တို့အဖွဲ့တွေ ပတ်ဝန်းကျင်မှာလည်း အားလုံးကြိတ်ပြီး အာရုံစိုက်နေကြတာပါပဲ။ အပြောင်းအလဲတခုကို အာသာပြင်းပြင်း မျှော်လင့်နေကြတယ်လို့ ကောက်ချက်ချထားကြတယ်”

ဦးခင်ရွှေ ခေါင်းတဆတ်ဆတ်ညိမ့်သည်။ ပြီးမှ ...

မွန်းကျပ်ညောင်းညာနေတာကြာတော့ ဒီလိုပါပဲ ဟု ရေရွတ်၏။

“ကျနော့်သဘောကတော့ မျှော်လင့်နေတာထက် ယုံကြည်ဖို့ လိုတယ်။ အားပေးတာထက် ဝင်ပါဖို့လိုတယ်လို့ မြင်ပါတယ်”

“ဒါကတော့ မင်းတို့အစွမ်းအစပေါ်လည်း မူတည်တာပေါ့ကွာ ရအောင်ဆွဲခေါ်ကြည့်ပေါ့။ တို့လူတွေ အခြေအနေက မောင်ခေါ်ရာ အထုပ်လေးပိုက်လို့ လိုက်ချင်နေတာပဲ” ဟုပြောကာ ပြုံးနေသည်။

“အတော်အားရှိမိတယ် ဦးလေး” ဟု သူ ဝမ်းပန်းတသာ ပြော၏။

ဒေါ်တင်တင်ကား သူ့မျက်နှာကို ဆေးလိမ်းပေးရန်ပြင်ရင်း ကြည့်လည်းလုပ်ဦး၊ မာလကာသီးခူးတာတောင် မမြင်တဲ့ မျောက်တွေ ငါ နောက်က ထုံးတဗူးနဲ့ မလိုက်ပါရစေနဲ့ ဟု သတိပေး၏။

ညို့မျက်စိထဲတွင်ကား ... ပုံရိပ်တခု ရေးရေးထင်မြင်လာသည်။ ထိုပုံရိပ်သည် အမှောင်ကိုဖောက်လာသော အလင်းနှင့်အတူ ပေါ်လာခြင်းပင်။ လမ်းကြောင်းတခုပေါ်ထွန်းရာ တက်လာသော အစုအဝေး အစိုင်အခဲများ မှိန်နေရာမှ တောက်ပလာပုံလည်းပေါ်၏။

ဖေသောင်းက ညောင်သီးလည်း စား၊ လေးညို့သံလည်း နားထောင် ဆိုတဲ့စကားလိုလား အဒေါ် ဟု မေးသည်။

အဲဒါက ငှက်အတွက်ပဲ နင်တို့မျောက်တွေအတွက် မာလကာသီးခူးရင် ပျားအုံလည်းကြည့်ဟု ဒေါ်တင်တင်က စကားပုံကို ပြုပြင်ပေးလိုက်၏။

xxxxx xxxxx xxxxx 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: