Friday, December 31, 2010

ကာတွန်း ကျော်သူရိန်



ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၃

သာသနာရေးဌာနက ကားနဲ့ ထောင်ဝင်စာသွားလျှောက်ရာက ကျွန်းပြန်များထဲတွင် ပထမဆုံး(ထင်သည်) အိမ်နဲ့ တွေ့ခွင့်ရခဲ့ဖူးတယ်။ ထောက်လှမ်းရေးက ကားမောင်းသူ ဦးကျော်ညွန့်သားကို လိုက် ‘ဂျစ်’ တာရှိပေမယ့် ပြဿနာမတက်ခဲ့ပါ။

အခုလည်း ဒီရွာကျောင်းမှာ ဒွေးလေးမျက်နှာနဲ့ ဘာမှမပူရပါ။ စားရေးသောက်ရေး၊ လုံခြုံရေး အာမခံချက်ရှိပေမယ့် ဆက်စရာခရီးက ရှိနေသေးတယ်ဆိုတော့ ဦးဇင်းတွေက အန္တရာယ်ကင်းအောင်ဆိုပြီး သင်္ကန်းစည်းပေးလိုက်ကြပါတယ်။ သွားမှာက … ရန်ကုန်။

ကားတတန် ရထားတတန်နဲ့ထွက်လာခဲ့ရာ ဝေလီဝေလင်းအချိန် တက္ကစီတစီးငှားပြီး တိပိဋက ဆရာတော်ကြီးတပါးရဲ့ ကျောင်းတိုက်ကို ရောက်ပါတယ်။ အရုဏ်ဆွမ်းစားချိန်ရောက်သွားတာမို့ ကပ္ပိယတွေက သံဃာစင်ပေါ် တင်ပေးလိုက်ပါတယ်။

သိကျွမ်းထားသူ ကိုယ်တော်က ဒွေးလေးရဲ့တူဖြစ်ကြောင်း လျှောက်ထားပေးတယ်။ “ဂရုစိုက်လိုက်ပါ” လို့ ဆရာတော်က မိန့်တော်မူရင်း “သင်္ကန်းကြီး ဖိုးရိုးဖားရားနဲ့ တောထွက်ကြီးနဲ့တူတယ်။ ဘယ်နှဝါ ရပြီလဲ” လို့ မေးပြန်တယ်။ ညာမပြောလိုတာနဲ့ “၃ ရက်ပဲ ရှိပါသေးတယ်ဘုရား” လို့ လျှောက်လိုက်ရတယ်။

“အေး … အေး အာရုဏ်ဆွမ်း စားချေ” လို့ ခိုင်းပါတယ်။ ဝါကနုသေးတော့ သံဃာ ရာချီရှိတဲ့ကျောင်းတော်ကြီးမှာ တဆင့်ပြီးတဆင့် နိမ့်သွားလိုက်တာ နောက်ဆုံးတော့ ကိုရင်ကြီးဝိုင်းမှာ ဝင်ဘုဉ်းပေးလိုက်ရပါတယ်။

ဒီကျောင်းမှာ တလကျော်လောက်နေပါတယ်။ သံဃာစင်တက်ပြီး ဆွမ်းမစားတော့ပါ။ တိုက်အုပ်ကိုယ်တော်နဲ့ ရင်းနှီးပြီးသားဆိုတော့ အခန်းထဲမှာပဲ ဆွမ်းယူစားပါတယ်။ တိပိဋကဆရာ့ကျောင်းဆိုတော့ စည်ကားပါတယ်။ မင်းကွန်း တိပိဋက ဆရာတော်ကလည်း ဒီကျောင်းမှာ လာတည်းတာ ရှိတယ်။ သူ့စာသင်တိုက်က သံဃာအပါး ၂ဝဝ ကျော် စာမေးပွဲလာဖြေရာမှာ ပါလာတာ ဖြစ်တယ်။

ကျနော်တို့ရွာ ဘကြီးတယောက်က သူ့ကျောင်းမှာ ကပ္ပိယ လုပ်နေပါတယ်။ ဒါ့ကြောင့် မင်းကွန်းရောက်စဉ် ဆရာတော့်ဆီခေါ်သွားပြီး မြေးအဖြစ် မိတ်ဆက်ထားတာမို့ ရှောင်နေမိတယ်။

နာမည်ကြီး ကျောင်းတိုက်တတိုက်ဖြစ်တာမို့ လှူသူတန်းသူတွေက များတယ်။ ကျောက်သင်ပုန်းကြီးတွေပေါ်မှာ ဘယ်အလှူရှင်၊ ဘယ်ရက်၊ ဘယ်အချိန်၊ ဘာကျွေးမယ် (အရုဏ်ဆွမ်း၊ နေ့လည်ဆွမ်း၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး) … ဆိုတဲ့ စာရင်းကြီးက တလစာ နှစ်လစာ အမြဲပြည့်နေတာ တွေ့ရတယ်။

ဥပုသ်နေ့တွေမှာ မဆလ ထိပ်သီးတွေ၊ ဝန်ကြီး တွေရဲ့အိမ်တွေက ကားတွေလွှတ်ပြီး ဆွမ်းစား(မပြတ်) ပင့်ပါတယ်။ ခွဲတမ်းနဲ့ ၅ ပါး၊ ၁ဝ ပါး စသည်ခွဲပြီး ဆွမ်းစားကြရပါတယ်။ ဒါကြောင့် ထောက်လှမ်းရေး အပါ လူဝင်လူထွက်များပြီး ကျောမလုံဖြစ်လာမိတယ်။ သူတို့က ဝတ်ချရင်တောင် ယားကျိယားကျိ ဖြစ်နေမိတယ်။

ဆရာတော်ကလည်း နေ့ခင်းနေ့လည် ကျနော့်ကို အခေါ်လွှတ်ပြီး စကားစမြည်ပြောပါတယ်။ ၃ ထပ်တိုက်ပေါ်မှာ သူ့ကို ဆက်ကပ်ထားတဲ့ ဘွဲ့တံဆိပ်တွေ ဖူးတွေ့ခွင့်ရပါတယ်။ ဆရာတော်က သာရေး နာရေးကိစ္စ၊ မြင်းခြံမှာ သီတင်းသုံးနေတဲ့ ဆရာတော်များအကြောင်း၊ စာသင်တိုက်တွေရဲ့ဆွမ်းဝတ် အခြေအနေ၊ တောင်သူတွေရဲ့ စားဝတ်နေရေး … စုံအောင် မေးပါတယ်။ ကျနော်ကလည်း မြို့နဲ့ခွာလာတာမကြာသေးတော့ ဆရာတော် ကျေနပ်အောင် တင်လျှောက်နိုင်ပါတယ်။

တရက်မှာ အပြင်ထွက်ပြီး ရဲဘော်ဟောင်းတယောက်နဲ့ တွေ့ပါတယ်။ သူက ကျနော် ရှောင်နေတယ်ဆိုတာ ဆရာ (ရာဂျန်)ကြားလို့ ခင်ဗျားသတင်း စနည်းနာနေတယ်။ တနင်္သာရီဘက် ပို့ပေးနိုင်တယ်တဲ့။ (လမ်းမြို့ပေါ်မှာ ဝင်တွေ့ခဲ့တဲ့ ရဲဘော်ဆီ က သတင်းပေါက်တာဖြစ်နိုင်) ဆရာ့ကို ဘာပြောပေးရမလဲ မေးပါတယ်။

ကျနော်က ဆရာ့ကို ဒုက္ခမပေးချင်ကြောင်း ပြောပါ။ တခြားလူဟောင်းတွေနဲ့လည်း ဆက်ဖို့သဘောထား မရှိ။ သံယောဇဉ်နဲ့ တနွယ်ငင် တစင်ပါကုန်နိုင်တယ်။ သတင်းတွေ ပေါက်ကြားကုန်နိုင်တယ်။ ကျနော်တယောက်တည်း အတွက်ဆို ကိစ္စမရှိ။ နောက်ထပ် ၄/၅ ယောက်အတွက်ပါ စဉ်းစားရမှာဆိုတော့ “စိတ်ချရတဲ့ လူသစ်တယောက် ရှာမပေးနိုင်ဘူးလား” လို့ပဲ မေးလိုက်ရတယ်။

ဆက်လက်ဖော်ပြပါမည်။

၂၀၁၀ လက်ကျန်များ ရောင်းရန်ရှိသည် (ကာတွန်း စောငို)

သုဝဏ္ဏမှာ ကျင်းပတဲ့ ဂီရိ ရန်ပုံငွေပွဲ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန် သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဂီရိ မုန်တိုင်းသင့်ဒေသကို ကူညီဖို့ ရန်ပုံငွေရှာပွဲတခုမှ ရခိုင်ရိုးရာအက မြင်ကွင်းတချို့ပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေက ဂီရိနဲ့ နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်ထူထောင်ရေးအတွက် အကူအညီတွေ ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။

Photos : AP


ဒေါ်စုနဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံ

NDF ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ အိမ်က ထွက်လာတဲ့ ဒေါ်စု

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က NLD ပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ခွဲထွက်သွားခဲ့တဲ့ NDF ပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေနဲ့  ဒေါက်တာဝင်းနိုင်တို့ကို ဒေါ်စုက NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

သတင်းထောက်တွေနဲ့ စကားပြောနေတဲ့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ

အခုတွေ့ဆုံမှုဟာ နိုင်ငံရေးအရ တွေ့ဆုံမှုမျိုးမဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက်ဟောင်းများ ပုဂ္ဂိုလ်ရေး တွေ့ဆုံခြင်းသာ ဖြစ်တယ်လို့ နှစ်ဖက်လုံးက ဆိုပါတယ်။

တွေ့ဆုံပွဲအပြီးမှာ သတင်းထောက်တွေကို ရှင်းပြနေတဲ့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန် နှင့် အန်ဒီအက် ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်း

Photos : Getty Images, AP

ကာတွန်း လုံးကြီးတင်

Thursday, December 30, 2010

ပြဿနာကို မကြောက်နဲ့ ရင်ဆိုင်ပါ (လူထုစိန်ဝင်း)

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်း ကံကိုယုံတယ်။ ဘဝအဆက်ဆက်က ကုသိုလ်ကံ၊ အကုသိုလ်ကံများရဲ့ အကျိုးပေးကြောင့် ကောင်းတာတွေ ဆိုးတာတွေ ဖြစ်လာကြရတယ်လို့ ယေဘုယျ နားလည်ထားကြတယ်။ စိတ်ဆင်းရဲစရာတွေ၊ မနှစ်မြို့စရာတွေ ကြုံတွေ့ရတဲ့အခါမှာ ‘ကံ အကြောင်းတရားပဲလေ’ ဆိုပြီး လွယ်လွယ်ကူကူ ဖြေသိမ့်နိုင်ကြလို့ တော်ရုံတန်ရုံ ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိကြတယ်။

ကောင်းတာလုပ်ရင် လူကောင်းဖြစ်တယ်

မြန်မာဗုဒ္ဓဘာသာဝင်တွေ ကံကိုယုံသလို တခြားလူမျိုးတွေလည်း သူတို့ဘာသာ စရိုက်အလိုက် ဖြေသိမ့်စရာ ယုံကြည်မှုတခုတော့ ရှိမြဲဖြစ်တယ်။ အရှေ့တိုင်းသားတွေက ဘာမဆို မိုးနတ်မင်းအလိုကျ စီရင်ဖန်တီးတာလို့ ယုံတယ်။ ‘မိုးနတ်မင်း စီရင်တာကို လူသားများက ပြောင်းလဲမပစ်နိုင်ဘူး’ လို့ ပြောလေ့ရှိတယ်။

အနောက်တိုင်းသားများကလည်း အရာရာဟာ ကောင်းကင်ဘုံက အဖ ဘုရားသခင် အလိုတော်အရဖြစ်ရတာပဲလို့ ပြောကြတယ်။ ဘာကိုပဲယုံယုံ ဖြေသိမ့်မှု ရတာကတော့ အတူတူပါပဲ။ ယုံကြည်မှုနက်နဲရင် နက်နဲသလောက် ကောင်းကျိုးပြုပါတယ်။ မိုးနတ်မင်းပဲပြောပြော၊ အဖဘုရားသခင်ပဲဆိုဆို၊ သူတို့အလိုကျ မကောင်းတာတွေ ရှောင်ပြီး ကောင်းတာတွေလုပ်ရင် လူကောင်းဖြစ်တာပါပဲ။

လူတွေ မကောင်းလို့

ကမ္ဘာပေါ်မှာရှိသမျှ ကိုးကွယ်ရာဘာသာအားလုံးဟာ ကောင်းတာတွေကိုပဲ ညွှန်ပြကြတာချည်းပါ။ လူသတ်တာ ကောင်းတယ်။ ဓားပြတိုက်တာ ကောင်းတယ်။ သူတပါးကို လိမ်ညာလှည့်ဖြားတာ ကောင်းတယ်လို့ သင်ကြားပေးတဲ့ ဘာသာတခုမှ မရှိပါဘူး။

ဘာသာတခုကို နက်နက်နဲနဲ ယုံကြည်ပြီး ယုံတဲ့အတိုင်း လိုက်နာကျင့်ကြံကြရင် လူ့လောကမှာ လူဆိုးရယ်လို့ ရှိမှာမဟုတ်ဘူး။ လူတွေက မကောင်းလို့သာ လူ့လောကကြီးတခုလုံး ဒုစရိုက်မှုတွေ ထူပြောပြီး စိတ်ပျက်စရာကြီး ဖြစ်နေတာပါ။ လူတိုင်းဟာ ‘ခလုတ်ထိမှ အမိတ’ ဆိုသလို ဒုက္ခကြုံတွေ့ရမှ ဘာသာတရားကို သတိရကြပြီး တခြားအချိန်တွေမှာ ဆိုရင်တော့ ခလုတ်တွေကို ကိုယ်တိုင်လိုက်ပြီး ထောင်နေကြတာပါပဲ။

လူကို ပြောင်းလို့ရတယ်

မြန်မာတွေ ကံကိုယုံတယ်ဆိုပေမယ့် ဘယ်သူမှတော့ ဆူးပုံမနင်းပါဘူး။ အသိဉာဏ်ရှိပါတယ်။ ဒါပေမယ့် ဆူးပုံကြီးကို ဖယ်ရှားပစ်ဖို့ မကြိုးစားဘဲ ငုတ်တုတ်ထိုင်ကြည့်နေတတတ်တဲ့ စရိုက်ရှိတာတော့ မကောင်းပါဘူး။ ကံတရားကို ပြောင်းလဲမပစ်နိုင်ပေမယ့် လူ့စရိုက်ကိုတော့ ပြုပြင်ပြောင်းလဲပစ်လို့ ရပါတယ်။

ဆူးပုံကြီးကို မိုးနတ်မင်းက လာချထားတာ မဟုတ်ပါဘူး။ သဘာဝတရားကြောင့် ဖြစ်တည်ပေါ်ပေါက်လာတာပါ။ ကိုယ့်ခရီးလမ်းမှာ အတားအဆီး အနှောက်အယှက် ဖြစ်တယ်ဆိုရင် ခုတ်ထွင်ရှင်းလင်းပစ်လိုက်ရုံပါပဲ။ ဒီအတိုင်းကြည့်နေရင် ဆူးချုံကြီးက ကြီးသထက် ကြီးထွားသွားဖို့ပဲ ရှိတယ်။ သူ့အလိုလိုတော့ ရှင်းသွားမှာ မဟုတ်တာ သေချာတယ်။

ပြဿနာကို ကြောက်တယ်

လူ့ရဲ့စရိုက်ဗီဇက အေးအေးဆေးဆေး သက်သက်သာသာ နေချင်တယ်။ ပြဿနာကို ရှုပ်ရှုပ်ယှက်ယှက်ဖြစ်ရမှာ ကြောက်တယ်။ ရှောင်နေလို့ရသမျှ ပြဿနာမဖြစ်အောင် ရှောင်တယ်။ မလွှဲမရှောင်သာ ကြုံတွေ့ရတဲ့ ပြဿနာဆိုရင်လည်း ရှောင်ကွင်းသွားလို့ရရင် ရှောင်ကွင်းသွားတယ်။ ရှောင်ကွင်းသွားလို့မရရင် ရင်ဆိုင်ဖြေရှင်းဖို့ အားမထုတ်ဘဲ နောက်ပြန်ဆုတ်တယ်။ နောက်ပြန်ဆုတ်လို့မရအောင် ညှပ်ပူးညှပ်ပိတ် ဖြစ်နေပြီဆိုရင်တော့ ကုသိုလ်ကံပဲလေလို့ သဘောထားပြီး လည်စင်းပေးထားလိုက်တော့တယ်။

ပြဿနာဆိုတာက ကြောက်လို့ရှောင်လေ ကြီးထွားလေပဲ။ ပြဿနာကို ကြောက်စရာလို့ မြင်လို့ ကြောက်နေတာဖြစ်တယ်။ ပြဿနာကို ကြောက်စရာလို့ မမြင်ဘဲ လူစွမ်းလူစကို စမ်းသပ်တဲ့ စိန်ခေါ်ချက်တခုအဖြစ် သဘောထားလိုက်ရင် ပျော်စရာတောင် ကောင်းသေးတယ်။ သင်္ချာဝါသနာရှင်ဟာ ခက်ခဲရှုပ်ထွေးတဲ့ ပုစ္ဆာကိုတွေ့လေ ပျော်လေဖြစ်တယ် မဟုတ်လား။

ရိုးစင်းလွယ်ကူတဲ့ အမှုတခုဟာ တခါတရံမှာ ဖြေရှင်းဖို့ အင်မတန် ခက်ခဲတတ်ပြီး ရှုပ်ထွေးခက်ခဲလှတယ် ဆိုတဲ့ အမှုမျိုးက ဖြေရှင်းဖို့ အလွယ်ကူဆုံးဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတဲ့ စုံထောက်ကြီး ဦးစံရှားရဲ့ စကားကို ပြန်ပြီး သတိရသင့်တယ်။

ဓားတစင်းနဲ့ ရှင်းပစ်

ပြဿနာဆိုတဲ့ စိန်ခေါ်ချက်ကြီးမားလေလေ လူရဲ့အစွမ်းအစတွေ တိုးတက်လေလေ ဖြစ်တယ်ဆိုတာ နယူတန်ရဲ့ သိပ္ပံနိယာမနဲ့လည်း ကိုက်ညီတယ်။ ‘လှုပ်ရှားမှုတိုင်းမှာ တူညီတဲ့ တန်ပြန်အကျိုး သက်ရောက်မှုရှိတယ်’ လို့ ဆိုထားတယ် မဟုတ်လား။

ပြဿနာကြီးတော့ အားထုတ်မှုကြီးရတယ်။ အားထုတ်မှုကြီးတဲ့အတွက် လူရဲ့စွမ်းအားတွေလည်း တိုးတက် ကြီးမားလာတယ်။ ဒါကြောင့် ပြဿနာကို ကြောက်စရာလို့ မမြင်ဘဲ စိန်ခေါ်ချက်လို့ မြင်ပါ။ ပြဿနာကို ရှောင်ကွင်းမသွားဘဲ ရင်ဆိုင်ဖြေရှင်းပါ။ ပြဿနာရှေ့မှာလည်း စင်းမခံဘဲ ဆူးချုံကို ခုတ်ထွင်ရှင်းလင်းသလို ဓားတစင်းနဲ့ ရှင်းပစ်လိုက်ပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။

Envoy ဂျာနယ် - ဒီဇင်ဘာ ၂၃၊ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။

ကာတွန်း ကိုငယ်

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Tuesday, December 28, 2010

ရွှေကလောင် (SKL) ဘွဲ့ပေးချင်တယ် (လူထုစိန်ဝင်း)

''ပြည်သူတွေ တာဝန်ကျေဖို့ လိုတယ်'' နိုင်ငံရေးသမားတွေ ဟောတာပြောတာ နားထောင်ရတဲ့အခါ ဖြစ်စေ၊ ခေတ်ပေါ် ဒီမိုကရေစီ မဟာပညာကျော်တွေ ရေးတဲ့ စာတို စာရှည်တွေကို ဖတ်ရတဲ့အခါ ဖြစ်စေ၊ ပြည်သူတွေ တာဝန်ကျေပါ။ ကိုယ့်တာဝန် ကိုယ်သိပါ ဆိုတဲ့ စကားတွေကို ထပ်ခါထပ်ခါ ကြားရတယ်။


ကြားရတဲ့အခါတိုင်း နားကလောပြီး ဖတ်ရတဲ့အခါတိုင်း မျက်စိနောက်မိတယ်။ 'ငပြူးကများ ပြဲရတယ်ရှိသေး'လို့ အမြဲပါးစပ်က ထွက်လာလေ့ရှိတယ်။ တကယ်တမ်း ကိုယ့်တာဝန်ကိုယ်သိပြီး တာဝန်ကျေရမှာက သူတို့လေ။ ခေတ်တိုင်း ခေတ်တိုင်းမှာ မြန်မာပြည်သူလူထုက တာဝန်မကျေခဲ့တာ ဘယ်မှာရှိလို့လဲ။

နယ်ချဲ့တပ်တွေ ရတနာပုံနေပြည်တော်ကို သိမ်းဖို့ ကြည်းကြောင်း၊ ရေကြောင်း ချီလာတော့ လမ်းတလျှောက်လုံးမှာရှိတဲ့ ရွာတိုင်း ရွာတိုင်းက ရရာလက်နက် ဆွဲကိုင်ပြီး ခုခံတိုက်ခိုက်ခဲ့ကြတယ်။ မြင်းခြံ၊ သပြေတန်း၊ အင်းဝခံတပ်တွေက ရဲမက်အပေါင်းကလည်း အသေခံပြီး တိုက်ဖို့ အသင့်ရှိနေခဲ့ကြတယ်။ ကင်းဝန်မင်းကြီးက 'အင်္ဂလိပ်တွေကို မခုခံရ၊ ခုခံလျှင် သူပုန်' ဆိုတဲ့ ကြေးနန်းရိုက် အမိန့်ထုတ်လို့သာ မတိုက်ကြရတာ ဖြစ်တယ်။

လက်နက်ချ အညံ့ခံခိုင်း

နေပြည်တော်ကို သိမ်းပိုက်ပြီး ဘုရင်နဲ့မိဖုရားကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်မှာလည်း မြန်မာ မျိုးချစ်တွေက အနယ်နယ် အရပ်ရပ်မှာ နယ်ချဲ့တပ်တွေကို ဆန့်ကျင်တိုက်ခိုက်မြဲ တိုက်ခိုက်ကြတယ်။ အဲဒီအခါ ကင်းဝန်မင်းကြီးနဲ့ အပေါင်းပါများက နယ်ချဲ့တပ်တွေနဲ့အတူ နယ်တကာလိုက်ပါပြီး မြန်မာမျိုးချစ်တွေကို လက်နက်ချ အညံ့ခံဖို့ လှုံ့ဆော်စည်းရုံးခဲ့ကြတယ်။ လက်နက်ချသူတွေကို တိုက်သူကြီး၊ ရွာသူကြီးရာထူးတွေ ပေးမယ်ဆိုပြီး နားချခဲ့တယ်။ လစာ ရိက္ခာတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးပြီး ဆွယ်ခဲ့ကြတယ်။

ဒီလိုနဲ့ပဲ စစ်ကဲတော်မင်းတို့ သမာဓိမြို့ဝန်မင်းတို့ ဆိုတဲ့ နယ်ချဲ့လက်ပါးစေအဖြစ် ရောက်သူတွေ ရောက်သွားကြတယ်။ ကျက်သရေဆောင် ရွှေစလွယ်ရမင်း (KSM)၊ အမှုထမ်းကောင်းမင်း (ATM)၊ တိုင်းကျိုးပြည်ကျိုးဆောင် (TPS)ဆိုတဲ့ ဘွဲ့ခံတွေလည်း ပေါ်ထွက်လာခဲ့တယ်။ နှစ်လုံးပြူး ဆုချခံရသူ၊ ရွှေဓား ချီးမြှင့်ခံရသူတွေလည်း အများအပြား ရှိလာခဲ့ကြတယ်။

ဆာဘွဲ့အထိ ရခဲ့ကြ

အဲဒီ ဘွဲ့ထူးဂုဏ်ထူးတွေဟာ နယ်ချဲ့အစိုးရက သူတို့အကျိုးကို သစ္စာရှိစွာ ထမ်းဆောင်တဲ့ လက်ပါးစေတွေကို ချီးမြှင့်တာ ဖြစ်တယ်။ နောက်ပိုင်း မြန်မာလူထုရဲ့ လွတ်လပ်ရေး တိုက်ပွဲတွေ အရှိန်အဟုန် ကြီးမားပြင်းထန်လာတဲ့အခါကျတော့ ဘိလပ် ရွှေမြို့တော်ကြီးရှိ 'ဂျော့ဘုရင် ရွှေဘုန်းနေကနှုန်းပမာ' ကိုယ်တိုင်က ချီးမြှင့်တယ်ဆိုတဲ့ 'ဆာ' ဘွဲ့ပေးခံရသူများတောင် ရှိလာခဲ့တယ်။

ဂဠုန် ဆရာစံနဲ့ အပေါင်းအပါ မျိုးချစ် လယ်သမားတွေကိုတော့ ကြိုးစင်ကို ပို့ခဲ့ကြတယ်။ ကိုနုတို့၊ ကိုအောင်ဆန်း တို့လို ကျောင်းသားတွေကို တက္ကသိုလ်က ထုတ်ပစ်ခဲ့တယ်။ သခင်ကိုယ်တော်မှိုင်းကို ရန်သူတော် နံပါတ်တစ်လို့ ကြေညာပြီး ကိုအောင်ဆန်းကို ဆုတော်ငွေ ငါးကျပ် အထုတ်ခံ ဝရမ်းပြေးအဖြစ် သတ်မှတ်ခဲ့တယ်။

အမျိုးသားကျောင်းတွေ

ကိုနု၊ ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရလို့ တက္ကသိုလ် ကျောင်းသားတွေက သပိတ်မှောက်ကြတော့လည်း မိဘပြည်သူတရပ်လုံးက တခဲနက် ထောက်ခံကြတယ်။ နောက်တော့ အင်္ဂလိပ်ရဲ့ ကျွန်ပညာအစား သခင်ပညာ သင်ကြားနိုင်ဖို့ အမျိုးသားကျောင်းတွေ တနိုင်ငံလုံးအနှံ့ ထူထောင်ပေးခဲ့ကြတယ်။ ပြည်သူတွေကိုယ်တိုင် ငွေကြေးစိုက်ထုတ်ပြီး ကျောင်းတွေ ထောင်ပေးခဲ့ကြတာ ဖြစ်တယ်။ သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကစပြီး အခကြေးငွေ လုံးဝမယူဘဲ စေတနာဆရာအဖြစ် လုပ်ကိုင်ခဲ့ကြတယ်။

အမျိုးသမီးတွေလည်း တိုက်ခဲ့ကြ

အဲဒီနောက် ကိုအောင်ဆန်းတို့ လူငယ်တစု ဘီအိုင်အေ ဖွဲ့စည်းထူထောင်ပြီး ဂျပန်တွေနဲ့အတူ ဝင်ရောက်လာတော့လည်း တပြည်လုံးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ယောက်ျားမှန်သမျှ ဘီအိုင်အေတပ်ထဲ ဝင်ခဲ့ကြတယ်။

တခါ ဗိုလ်ချုပ်အောင်ဆန်းတို့က ဂျပန်ကိုပြန်ပြီး တော်လှန်ကြဆိုတော့လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာလက်နက် စွဲကိုင်ပြီး တော်လှန်ရေး ဆင်နွှဲခဲ့ကြတယ်။ အမျိုးသမီးတွေလည်း ယောက်ျားတွေနဲ့ တန်းတူရင်ပေါင်တန်းပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီအချိန်က အင်္ဂလိပ်၊ အမေရိကန် စစ်တပ်တွေတောင် စစ်မြေပြင်မှာ လက်နက်ကိုင် တိုက်ခိုက်တဲ့ အမျိုးသမီး တပ်ဖွဲ့တွေ မရှိသေးပါဘူး။

တိုက်ပွဲခေါ်သံ ပေးသမျှ

စစ်ပြီးခေတ် လွတ်လပ်ရေးအတွက် နိုင်ငံရေးတိုက်ပွဲတွေ ဆင်နွှဲရာမှာလည်း ဗိုလ်ချုပ်တို့ ဖဆပလက တိုက်ပွဲခေါ်သံပေးသမျှ တခဲနက် လိုက်ပါ ထောက်ခံခဲ့ကြတာချည်း ဖြစ်တယ်။ နေသူရိန် အစည်းအဝေးကြီး တက်ကြဆိုလည်း အိမ်ရှိလူကုန် လာတက်ကြတယ်။ ပြည်လုံးကျွတ် သပိတ်တိုက်ပွဲခေါ်သံ ပေးလိုက်တော့လည်း အစိုးရဝန်ထမ်းအားလုံး၊ နယ်ချဲ့လက်အောက်က ပုလိပ်တွေပါမကျန် သပိတ်မှောက်ခဲ့ကြတယ်။

ပင်လုံညီလာခံ လုပ်မယ်ဆိုတော့လည်း တိုင်းရင်းသားတွေပါ စုစည်းပါဝင်ခဲ့ကြတယ်။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်မှာ ပြည်သူလူထုဘက်က တာဝန်ကျေခဲ့ကြတာချည်း ဖြစ်တယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ နောက်က အရိုးကြေကြေ အရေခန်းခန်း တာဝန်သိသိနဲ့ လိုက်ပါလာခဲ့ကြတာချည်း ဖြစ်တယ်။

ခေါင်းဆောင်ပိုင်းရဲ့ တာဝန်

လွတ်လပ်ရေးရပြီးနောက်ပိုင်း အမျိုးသား တပ်ပေါင်းစုကြီး ဖြစ်တဲ့ ဖဆပလကြီး ပြိုကွဲသွားတာ၊ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တာ။ ဖွံ့ဖြိုးဆဲနိုင်ငံ ဆိုတဲ့အဆင့်က တက်မလာတာ အားလုံးဟာ ပြည်သူတွေကြောင့် လုံးဝ မဟုတ်ဘူး။

မြန်မာပြည်သူလူထုဟာ နယ်ချဲ့လက်အောက်လည်း ကျွန်ဖြစ်ခဲ့ဖူး၊ ဖက်ဆစ်လက်အောက်လည်း ရောက်ခဲ့ဖူး၊ တော်လှန်ရေးတိုက်ပွဲ အလီလီလည်း ဆင်နွှဲခဲ့ဖူး၊ ဖဆပလရဲ့ ပြည်တော်သာခေတ်နဲ့ ပြူစောထီးကိုလည်း ကြုံခဲ့ဖူး၊ ၁၉၆၂ ခုနှစ် အာဏာသိမ်း ကောင်စီအောက်လည်း ရောက်ခဲ့ဖူး၊ မြန်မာ့ဆိုရှယ်လစ် ဆိုတာလည်း ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေ၊ စစ်ရေးရော၊ နိုင်ငံရေးပါ ကြွယ်ဝနေပါတယ်။

ဒါကြောင့် မြန်မာလူမျိုးတိုင်း ကိုယ့်တာဝန်ကိုယ် သိပ်သိပါတယ်။ ရှေးက တာဝန်ကျေခဲ့သလို နောင်လည်း တာဝန်ကျေဖို့ အသင့်ရှိပါတယ်။

ရွှေကလောင်ဘွဲ့ပေးချင်

နိုင်ငံရေးသမားတွေက သူတို့ တာဝန်မကျေခဲ့ကြတာတွေကိုတော့ ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြပြီး ပြည်သူလူထုကိုသာ တာဝန်ကျေကြပါ။ တာဝန်သိကြပါလို့ ထပ်ခါတလဲလဲ ပြောနေတာတွေ ကြားရတဲ့အခါတိုင်း ပါးစပ်ယားလွန်းလို့ မနည်းချုပ်တီးထားရတယ်။

အလားတူပဲ ခေတ်ပေါ် မဟာပညာကျော်တွေက နိုင်ငံကြီးသား ပီသကြပါလို့ လျှာအရိုးမရှိတိုင်း တောပြော၊ တောင်ပြော ပြောနေတာတွေ ကြားရတိုင်းလည်း၊ KSM တွေ ATM တွေ TPS တွေကို ပြေးပြေးပြီး သတိရလိုက်မိတယ်။ SKL (Shwe Ka Laung ရွှေကလောင်) ဆိုတဲ့ ဘွဲ့ထူးတခုထွင်ပြီး ပေးလိုက်ချင်စိတ်တောင် ပေါက်မိတယ်။

မပြုံးဘဲနဲ့ ဝါးလုံးကွဲရယ်ချင်

သူတို့ပြောပြောနေတဲ့ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေက နိုင်ငံကြီးသား ပီသတဲ့ ပြည်သူတွေ တာဝန်သိလို့၊ တာဝန်ကျေလို့ သူတို့နိုင်ငံကြီးတွေ ချမ်းသာနေတာဆိုတဲ့ အသံတွေကြားရတိုင်း 'မပြုံးဘဲနဲ့ ဝါးလုံးကွဲ' ရယ်ချင်လာရတယ်။

နယူးယောက် ကုလသမဂ္ဂ အဆောက်အအုံကြီး ပတ်ဝန်းကျင်က လမ်းတွေမှာ ညနေ ၆ နာရီကျော်ရင် တယောက်ထဲ လမ်းမလျှောက်ပါနဲ့လို့ ကုလသမဂ္ဂ လုံခြုံရေး အစောင့်တွေ ညီလာခံ လာတက်သူတွေကို မပြတ်သတိပေးနေရတာ၊ ငြိမ်းချမ်းသာယာနေတဲ့ နိုင်ငံကြီးရဲ့ ပြယုဂ်လား။

ဘရွတ်ကလင် ရပ်ကွက်က လမ်းတွေမှာ ဟီးထနေတဲ့ အမှိုက်ပုံကြီးတွေ၊ မိလ္လာပိုက်ပေါက်က လျှံထွက်ပြီး လမ်းပေါ်မှာ အိုင်ထွန်းနေတာတွေ၊ ကလေးလေးတွေက မူးယစ်ဆေး လိုက်ရောင်းနေတာတွေ၊ လူငယ်ဒုစရိုက်ဂိုဏ်းတွေ အချင်းချင်း ရိုက်ပွဲသတ်ပွဲကြီးတွေ နေ့စဉ် ဆူညံနေတာတွေကရော ဒီမိုကရေစီရဲ့ သင်္ကေတတွေလား။

သစ်ပင်လူသားများ

သမ္မတ အိုဘားမားရဲ့မြို့ ချီကာဂို ပန်းခြံကြီးအတွင်းက နှစ်ပေါင်းရာချီ ရှိနေပြီဖြစ်တဲ့ ဧရာမ သစ်ပင်ကြီးအောက်မှာ နေထိုင်ကြတဲ့ အိုးမဲ့အိမ်မဲ့တွေ ထောင်ချီရှိနေတဲ့အတွက် အဲဒီ 'Tree People' လို့ ခေါ်တဲ့ 'သစ်ပင်လူသား' များအတွက် မြူနီစပါယ်က စာတိုက်သင်္ကေတတခု သတ်မှတ်ပြီး စာတိုက်ပုံး ထားပေးရပါတယ်။

အဲဒီနိုင်ငံက သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါတိုင်း မဲလာပေးသူ ငါးဆယ်ရာခိုင်နှုန်း ရှိအောင် ပါတီကြီးတွေက သူတို့ ပါတီဝင်တွေကို မနည်းကြီး ဆော်သြပေးရပါတယ်၊ အဲဒါ တာဝန်သိတာလား၊ တာဝန်ကျေတာလား။

သနားစရာ

ခေတ်ပေါ် မဟာပညာကျော် (SKL) တွေ ခဏခဏ ချီးမွမ်းပြနေကြတဲ့ အာရှနိုင်ငံသေးသေးလေးမှာ အိမ်ဖော်မိန်းကလေးတွေကို ရေနွေးပူလောင်းတာ၊ အပ်တွေရိုက်သွင်းပြီး ဆုံးမတာ၊ ဓားနဲ့အသားကိုမွှန်းပြီး နှိပ်စက်တာတွေ သူတို့ဆီက သတင်းစာတွေမှာ နေ့စဉ်လိုလို ပါနေပါတယ်။ နိုင်ငံကြီးသား စိတ်ဓာတ်၊ နိုင်ငံကြီးသား ပီသမှုဆိုတာ အဲဒါမျိုးတွေလား။

မြေအောက်ဘူတာရုံမှာ ဓာတ်ငွေ့တွေလွှတ်ပြီး လူရာပေါင်းများစွာ ဒုက္ခရောက်အောင်လုပ်တာ နိုင်ငံကြီးသား ပီသမှုလား။ မူလတန်းကျောင်းကလေးထဲ မောင်းပြန်သေနတ်ကြီးနဲ့ ဒလကြမ်း ဝင်မွှေတာ နိုင်ငံကြီးသား စိတ်ဓာတ်လား၊ နိုင်ငံတော်သမ္မတကြီးက အိမ်ဖြူတော်မှာ လုပ်အားလာပေးတဲ့ သူလေးကို မတော်မလျော်ပြုတာ နိုင်ငံကြီးသား အပြုအမူလား၊ ခေတ်ပေါ် မဟာပညာကျော်(SKL) များ ဒါတွေကို မသိဘူးလား။ တော်တော်သနားစရာ ကောင်းတယ်။

လမင်းထိန်ထိန်သာ

မှန်တံခါးတွေ အလုံပိတ်ပြီး လေအေးပေးစက် ဖွင့်ထားတဲ့ အခန်းကြီးထဲက မထွက်ဘဲ မြန်မာပြည်မှာ လမသာဘူးလို့ ညည်းပြပြီး ဒီမိုကရေစီနိုင်ငံကြီးတွေက လကို လွမ်းနေလို့ကတော့ ပြည်သူတွေက 'သနားတယ်' လို့ ဟားတိုက် ရယ်သွမ်းသွေးလိုက်ကြမှာ သေချာတယ်။

မနေ့က ဘိလပ်မှာ လမသာဘူး။ နှင်းတွေကျလို့ ဘောလုံးပွဲတွေတောင် ရွှေ့လိုက်ရတယ်။ ရန်ကုန်မြို့မှာတော့ လမင်းကြီး ထိန်ထိန်သာလို့။

KSM: Kyet thaye Saung Shwe Salwe Ya Min.
ATM: Ahmu Htan Kaung Min.
TPS: Taing Kyo Pyi Kyo Saung

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Monday, December 27, 2010

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၂

ဒီအချိန်ကစပြီး အဖေက ငွေရှာတာထက် ငွေဖြုန်းတာ များလာတယ်။ ဒွေးလေးရှိသမျှ လက်ဝတ်လက်စားလေးတွေ တစတစ ကုန်ခန်းလာပါတယ်။

စစ်ကြီးပြီးသွားပြီး ကျနော်တို့ရွာ အောက်ကျင်းမှာ ဗြိတိသျှ လူနာတင် လေယာဉ်ကလေးတွေ ဆင်းလာတာ တွေ့ရတယ်။ သားသမီးတွေကို အမျိုးတွေဆီအပ်ခဲ့ပြီး မောင်နှစ်မ ၂ ယောက် မြို့ပေါ်တက် ဈေးရောင်းပါတယ်။

နောက်မှ ကလေးတွေကို မြို့ပေါ် ခေါ်ပါတယ်။ စီးပွားလေးဖြစ်လာလိုက် အဖေက သုံးဖြုန်းပစ်လိုက်နဲ့ နာလန်မထူခဲ့ပါ။ ဒွေးလေးက ဆူတဲ့အခါ “သိန်းမြ … နင် တော်” လို့ ငေါက်လိုက်ရင် အသံတိတ်သွားတာကို ကြုံခဲ့ရတယ်။

အဒေါ် …

ကျနော်တို့ မောင်နှမကို လူစိမ်းတွေနဲ့ မိတ်ဆက်ပေးရင် တူ - တူမလို့ ဘယ်တော့မှ မပြော။ မန္တလေး ကျောင်းသွားတက်တုန်းကလည်း သူ ကုန်ဝယ်နေကျ ပွဲရုံတွေကမေးရင် ‘သား’ လို့ပဲ ပြောတာ။ သူ့သားအကြီးက အသုံးအဖြုန်းကြီးလို့ဆိုပြီး စိတ်မချ။ “အကြီးကောင်လာပြီး ငွေသုံးတောင်းလာရင် ဘယ်အထိပဲပေး။ အငယ်ကောင် တောင်းရင် တောင်းသလောက်ပေး” လို့ မိတ်ဆက်ပေးထားတာပါ။ သူ့တူ ကျနော်ကလည်း သူထင်သလောက် ကောင်းလှတာ မဟုတ်။

ကျနော့်သံယောဇဉ်က ဒီအဖေနဲ့ ဒီအဒေါ်ပဲ ရှိပါတယ်။ ကျန် ညီအစ်ကိုမောင်နှစ်မတွေက အရွယ်ရောက်နေကြပါပြီ။

စိတ်ဒုန်းဒုန်းချပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီးတဲ့နောက် ညပိုင်းရောက်တာနဲ့ အဖေ့ကိုခွင့်ပန်ကာ သူငယ်ချင်း တယောက်အိမ် သွားအိပ်ပါတယ်။ သူက ငယ်ပေါင်းမို့ ကျနော့်အကြောင်း သိပြီးသား …။ ကျနော် ထောင်ထဲရောက်နေစဉ် အိမ်ကိုစောင့်ရှောက်သူ…။ နိုင်ငံရေး သိပ်စိတ်မဝင်စား။ စီးပွားရေးသမား၊ ထုံးစံအတိုင်း မဆလတော့ မကြိုက် …။ စီးပွားရေးသမားဖြစ်ပေမယ့် ကျနော့်အတွက် ဂုဏ်ယူသူ။ ကျနော် ဖတ်ချင်တဲ့ စာအုပ်မှန်သမျှ အကုန် အကျခံရှာပေး … ဝယ်ပေးသူ …။

ခုလည်း ကျနော်ဘာဖြစ်နေတယ်ဆိုတာ အကဲခတ်မိပေမယ့် ဘာမှမမေး။ “ဆရာသွားပင့်မယ်” လို့ပြောတာ လွယ်လွယ်ပဲ လက်ခံလိုက်တယ်။ သူ ဝယ်ပြီးကာစ အိမ်အသစ်မှာ သိပ်ပါတယ်။ အတော်ကြာကြာ စကားပြောပြီးမှ ပြန်ပါတယ်။

နံနက်မလင်းခင် အိပ်ရာက ထ၊ အိမ်တံခါး ဝင်းတံခါးသော့ခတ်၊ သော့ကို ဝင်းထဲပစ်ထည့်ခဲ့ပြီး ဘူတာရုံ ပြေးပါတယ်။ ရထားလက်မှတ်ဝယ်ဖို့ အပေါ်အင်္ကျီထဲက ငွေကိုနှိုက်ထုတ်လိုက်တော့ ငွေတွေက ရှိတာထက်များနေတယ်။ အင်း … ဒီကောင့် လက်ချက်ပဲ။

ဘာပဲဖြစ်ဖြစ် အိမ်ကတော့ ထွက်ခဲ့ပြီ။ ၁၉၆၆ ခု ပထမအကြိမ် အဖမ်းခံရစဉ် လွတ်အောင်ပြေးလျှင် ရနိုင်တဲ့ အခြေအနေရှိပါလျှက် “ငါဘာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ရသေးတာ မဟုတ်ဘူး။ ထောင်ထဲနေရလှ ၆ လ၊ ၁ နှစ်ပေါ့ကွာ” ဆိုပြီး အမိခံလိုက်တယ်။ ဒါတောင် ၇ နှစ် ကြာသွားခဲ့တယ်။ ဒီတခါတော့ မဖြစ်ဘူး။ လွတ်အောင် ပြေးမယ်၊ ဒုတိယံပိ မဖြစ်စေရ။

လက်လှမ်းမီတဲ့ မြို့တမြို့ကနေ အခြေအနေကို စောင့်ကြည့်နေမိတယ်။ ၂ ရက်ခြား ၃ ရက်ခြား အိမ်ဘက် လူလွှတ်ပြီး စနည်းနာခဲ့တယ်။ တပတ်လောက်အထိ ဖမ်းတာဆီးတာ မရှိသေး။

အဖေက “ဟိုကောင် ဆရာပင့်သွားတာ ကြာလှချည့်လား။ ခုအထိ မရောက်လာသေးဘူး” လို့ ခဏခဏ ညည်းနေတာနဲ့ ထုတ်ပြောလိုက်ရတဲ့အကြောင်း သိရတယ်။

မကြာလိုက်ပါဘူး။ ချန်ထားခဲ့တဲ့ရဲဘော်တွေ မြို့ပေါ်ကနေ အလျှိုအလျှို ပျောက်သွားကြောင်း ကြားရတော့တယ်။ မိသားစု သံယောဇဉ်နဲ့ ထွက်မပြေးဘဲ ကျန်နေတဲ့ ရဲဘော် ၂ ယောက် အဖမ်းခံရတယ်။ (တယောက်က တော်တော်ကြာကြာ ရှောင်နေပြီး ပြန်သွားရာမှ အဖမ်းခံရတယ်) ရှင်းပြီ။ ပြေးပေတော့ …။

မြို့တမြို့ဆီ ကူးလိုက်တယ်။ ရဲဘော်တယောက်အိမ်ဝင်ပြီး တွေ့ဖို့ကြိုးစားတယ်။ တိုက်ကြီးက တခမ်းတနား …။ တွေ့ရပါမယ့်အကြောင်း ဝင်းတံခါးမှာ တခါအမေးခံရ။ (ဘာလို့တွေ့ချင်တာလဲ တဲ့) အိမ်ပေါက်ဝမှာ။

တယောက်က (နေမကောင်းလို့ အိပ်နေတယ်တဲ့) ဧည့်ခန်းမှာ။ အကြာကြီး ထိုင်စောင့်ရ။ ဒီအချိန်မှာ တယောက်ပြီးတယောက် လာအကဲခတ် … အိမ်ပေါ်တက်လိုက် … အောက်ဆင်းလိုက် … ဆိုတော့ အနေရ အထိုင်ရ ခက်နေမိတယ်။ ကလေးမ တယောက်ထပ်ပြီး “နာမည် ဘယ်လိုခေါ်ပါသလဲ” မေးပြန်တယ်။

စိတ်မရှည်နိုင်တော့ပါ။ အပေါ်မှာ ဒါရိုက်တာတယောက် ရှိနေပြီ။ တခြားလူ မဖြစ်နိုင်။ တွေ့ချင်တဲ့လူပဲ ဖြစ်ရမယ်။
“ပြောလိုက် ငါ့နာမည် … ၅ မိနစ်အတွင်း ဆင်းမတွေ့ရင် ချက်ချင်းပြန်မယ်” လို့ … ဆိုကာ ကျနော်တို့ချင်းသာ သိတဲ့ နာမည်ကို ပြောလိုက်ပါတယ်။

ဝုန်းဒိုင်း ဝုန်းဒိုင်းနဲ့ စောင်ကြီးပတ်ပြီး ကျနော့်ရဲဘော် ဆင်းလာပါတယ်။ ရောက်ရောက်ချင်း “ခင်ဗျားတို့ ညီအကို ၂ ယောက်စလုံး ဖမ်းသွားပြီဆို။ အခု ဘာလို့လာတာလဲ?” လို့ တန်းမေးပါတယ်။

“အဖမ်းမခံရသေးလို့ ခင်ဗျား တွေ့နေရတာပေါ့။ ဖမ်းမှာသိလို့ ရှောင်ထွက်လာတာ၊ အခုလာတာ တောခိုရတော့မှာမို့ ခင်ဗျားကို လာခေါ်တာ၊ လိုက်မယ် မဟုတ်လား”

သူ မျက်လုံးပြူးသွားပါတယ်။ အိုး,အိုး အ,အ ဖြစ်နေပါတယ်။ စ,နေ နောက်နေကျမို့ စမိနောက်မိတာပါ။ သူ့တိုက်ထဲဝင်ပြီး ကျဉ်းကျပ်နေရတာတွေ ကျေပြီ။

“ရန်ကုန် အဖမ်းအဆီးအခြေအနေတွေ သိချင်လို့လာတာ” ဆိုတော့မှ “ခင်ဗျားခေါ်ရင် လိုက်ပါတယ်ဗျာ”လို့ အရှက်ပြေ ပြောပါတယ်။ “ဟိုမှာလည်း အဖမ်းအဆီးတချို့ရှိလို့ ကိုယ်နဲ့မဆိုင်ပေမယ့် ခဏရှောင်လာတာပဲ” … တဲ့။

အထက်ဗမာပြည် (UB) အဖမ်းအဆီး တော်တော်များများကို ကျနော်သိထားပြီး ဖြစ်ပါတယ်။ သူပြောတဲ့ အောက်ဗမာပြည် (LB)အဖမ်းအဆီးက (UB)နဲ့ သွားဆက်စပ်မိတဲ့ သူတွေပဲဆိုတာ တွက်လို့ရပြီ။ UB သမားက LB မှာ သွားရှောင်နေသင့်တယ်လို့ စဉ်းစားလိုက်တယ်။

လတ်တလော ခြေရာဖျောက်တဲ့အနေနဲ့ ရွာတရွာရှိ ဘုန်းကြီးကျောင်းမှာ လဝက်လောက်သွားနေပါတယ်။ ဘုန်းကြီးက ကျနော့်သတင်းကြားပြီးသား။ လိုလိုလားလား လက်ခံထားပါတယ်။ ကျနော့်အဒေါ်က ကုသိုလ်ရေး လှူရေးတန်းရေးမှာ စိတ်အားထက်သန်သူမို့ အိမ်မှာ ဆွမ်းခံကိုယ်တော် များပါတယ်။ နယ်အထိ သူ့သတင်းမွှေးပါတယ်။ မြို့ပေါ်မှာ မီးလောင်ပြီ ဆိုတာနဲ့ အိမ်ရှေ့မှာ လာကူသယ်ပေးတဲ့ ဘုန်းကြီးတွေ ဝါဝါဝင်းနေတတ်တယ်။

ကျနော် ကျွန်းကပြန်လာပြီး အင်းစိန်ထောင်ရောက်နေတဲ့ သတင်းကြားရပြီးတဲ့နောက် ကိုးဆောင်ဆရာတော် (ယခု သံဃာ့ မဟာနာယကဥက္ကဋ္ဌ ဦးသောဘိတ)ကို သွားကပ်ပါတယ်။ ဆရာတော်က သာသနာရေးအရာရှိ ဦးကျော်ညွန့်ဆီ စာရေးပေး လိုက်ပါတယ်။

“ယခုလာသူ ဒါယိကာမကြီးသည် သာသနာ၏အကျိုးကို မပြတ်ဆောင်ရွက်နေသူဖြစ်သဖြင့် တတ်စွမ်းသမျှ အကူအညီပေးလိုက်ပါရန် မေတ္တာရပ်ခံပါသည်” … တဲ့။

ဆက်လက်ဖော်ပြပါမည်။

ခွေးကတက် က ခစားလိုကြသူများ (ကာတွန်း စောငို)

Thursday, December 23, 2010

Daw Aung San Suu Kyi: At the Crossroads (Al Jazeera- English)

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၁

ဒီသတင်းတွေကို မန္တလေးဘက် ကုန်ဝယ်လိုက်နေတဲ့ ဒွေးလေးပဲ သယ်သယ်လာတာ ဖြစ်တယ်။ သူကလည်း သားလက်ထက်၊ တူလက်ထက် အတွေ့ကြုံတွေက များပြီ။ ဘာလုပ်သင့်တယ်ဆိုတာ ရှင်းရှင်းကြီး မြင်ပြီးသား။

ကျနော်ကတော့ အဖေက တဖက်၊ မြင်းခြံအစုကို ဖော်ချင်မှဖော်မှာပါလို့ ဆန္ဒစွဲနဲ့ တွက်ချက်နေတာက တချက်ကြောင့် တုံ့ဆိုင်းနေမိတယ်။ သူ တကယ်ချစ်တာကလည်း သားဖြစ်သူ ကျနော့်ကိုပါ။ လုပ်ကိုင်ကျွေးနေတဲ့ သမီးကြီးကို ကျနော့်လောက် မချစ် …။

အဲဒီညကို ကျနော်ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါ။ အနာမှသွေးတွေ တပေါက်ချင်း ထွေးခံထဲကျနေတယ်။ “တောက် တောက်” နဲ့ ထုံ့ပိုင်း ထုံ့ပိုင်းအသံတွေကြောင့် သန်းခေါင်ကျော်မှာ ကျနော်အိပ်ရာက လန့်နိုးလာခဲ့တယ်။ မှန်အိမ်မီးဇာကို မြှင့်ကြည့်လိုက်တော့ အဖေရယ်လေ မှောက်လျှက်အနေအထားနဲ့ ငြိမ်နေတာတွေ့ရတယ်။ သားကိုမနှိုးရက်လို့ သူ့ဘာသာ ကျိတ်ဖြေရှင်းနေတာပါ။

နောက်တနေ့မနက် ဒွေးလေးက “မင်းစဉ်းစားကြည့်၊ သူ့ရှေ့မှာ မင်းကိုဖမ်းတာတွေ့ရင် တခါတည်း အသက်ထွက် သွားမှာပဲ” တဲ့။ လက်တွေ့ကျပါပေ့။

အဖေ့ကို ပြောရတော့တယ်။ “ကျနော် လွိုင်ကော်သွားပြီး ဆရာပင့်ချေဦးမယ်” ပေါ့။ ရဲဘော်တွေကိုလည်း ဆွေးနွေးထားပြီးသား။ “ဖော်ပြီဆိုရင် ကျနော့်ဆီ ဦးတည်လာမှာပဲ။ ကျနော် ခရီးထွက်နေတယ်ဆိုရင် ပြန်အလာ စောင့်မယ်။ လိုက်ဖမ်းချင် ဖမ်းမယ်။ ခင်ဗျားတို့အချိန်ရနိုင်တယ်။ ရန်သူ စ,လှုပ်ရှားပြီဆိုတာနဲ့ ရှောင်ကြဖို့ပဲ။ ကျနော် မလှမ်းမကမ်းမှာ ရှိမယ်။ သိတာ နဲ့ အချက်ပေးမယ်”

ဒီလိုစီစဉ်ခဲ့တာကလည်း မြင်းခြံအစုကိုမဖော်ရင် အခြေအနေမပျက် ဆက်အလုပ် လုပ်ဖို့ပါ။ အားလုံးကလည်း ပါတီ စိတ်ဓာတ် ဘာဆိုတာ သိပြီးသား … ။

သံယောဇဉ်အကြောင်း ကြားညှပ်ပြောပါရစေ။ လူတိုင်းမှာ ယေဘုယျတူညီတဲ့ သံယောဇဉ်နဲ့ ကွဲပြားခြားနားတဲ့ သံယောဇဉ် ကိုယ်စီရှိကြပါတယ်။ မြင်းခြံမှာ သံယောဇဉ်ဖြတ်နိုင်တဲ့ ၅ ယောက် လွတ်ပါတယ်။ မဖြတ်နိုင်တဲ့ ၃ ယောက် အဖမ်းခံရပါ တယ်။ ကျနော့် သံယောဇဉ်ကိုပဲ ပြောပါ့မယ်။

အဖေ …

ကျနော် နို့စို့အရွယ် အမေ ဆုံးပါးသွားခဲ့တယ်။ အဖေက သွားလေရာ သားကို ချီပိုးသွားလေ့ရှိတယ်။ ယစ်ထုပ်ကြီး ဖြစ်နေတာမို့ အရက်ဝိုင်းတွေအထိ ခေါ်ပါတယ်။ အမြည်းစားရလို့ ကျနော်ကလည်း လိုက်ပါတယ်။ ၄/၅ နှစ် သားအထိပဲ။ နောက်တော့ ဒွေးလေးက ‘တုတ်’ ပြထားလို့ မလိုက်ရဲတော့ပါ။ ဒါကို အဖေက မကြိုက်။ သားအဖကလည်း ချစ်လိုက်ကြတာ အရက်စော် ဘယ်လောက်ပဲနံနံ တအိပ်ရာတည်း အိပ်ကြတာ။ ဆယ်တန်းရောက်တဲ့အထိပဲ။

အဖေ မူးမူးပြန်လေ့ရှိတာကို ဒွေးလေးကပြောမိရင် “ငါ ၁၆ နှစ်သားကတည်းက သောက်လာတာ နင်မပြောနဲ့” လို့ ပယ်ချလေ့ရှိတယ်။ အသက်အားဖြင့် ၅ နှစ်လောက်ကြီးတဲ့အကိုမို့ ဒွေးလေးက ဆက်မပြောရဲ။ ကျနော့်ကိုပဲ ဖိပါတယ်။ “အရက်သမား နှမပဲ အဖြစ်ခံမယ်၊ အရက်သမားအဒေါ်လို့ ဘယ်တော့မှ အခေါ်မခံဘူး။ လူပျိုလူရွယ်မို့ ကာလသားရောဂါ ဖြစ်လာတောင် မပြောဘူး ဆေးကုပေးမယ်” … တဲ့။

အဖေ အရက်ကြိုက်လိုက်ပုံများကတော့ ကျနော် ထောင်ကထွက်လာ တော့လည်း သောက်မြဲပဲ။ “မသောက်နဲ့တော့ အဖေရာ”လို့ ပြောကြည့်မိတယ်။ နောက်နေ့ကစပြီး သူ မသောက်တော့ပါ။ ဒါပေမယ့် အစားအသောက်က လျော့လျော့လိုက်လာတယ်။ မကြာခဏ ဖျားတာနာတာတွေ ဖြစ်လာတယ်။ ဒီတော့ ဒွေးလေး မနေနိုင်တော့ပါ။ “သူကြိုက်တာလေး လုပ်ပါစေကွာ” လို့ ကျနော့်ကို တောင်းပန်တယ်။ ဒါကြောင့် မီးစိမ်းပြပေး လိုက်ရပါတယ်။

“ဒီကောင်က နိုင်ငံရေးသမားဖြစ်လာတော့ ရှက်လာတယ်နဲ့ တူတယ်။ ငါဆိုင်မှာပဲ သွားအိပ်ပါ့မယ်” လို့ သူ့နှမကို ပြောပြီး ဈေးဘက် ထွက်သွားပါတယ်။ နေ့ခင်းမှာပဲ အိမ်မှာနေပါတယ်။ ခုတော့ သူလည်း နောက်ဆုံးခရီးကို လှမ်းနေရချိန် …။

ကျနော်တို့မိသားစုတွေအကြောင်း စဉ်းစားမိတယ်။ အဖေနဲ့ ဒွေးလေးက မောင်နှမအရင်းဆိုလို့ သူတို့ ၂ ယောက်ပဲ ရှိပါတယ်။ ကျနော်တို့အဖိုးက အိမ်ထောင်ဆုံးပါးတဲ့အခါ သမီးတယောက်ထားခဲ့ပြီး အောက်ပြည်ဘက် လွင့်သွားတယ်။ ခရမ်းဘက်မှာ သူရင်းငှား ဝင်လုပ်တယ်။ သားကြီး သမီးကြီးတွေရှိတဲ့ လယ်ပိုင်ရှင်သမီး မုဆိုးမနဲ့ အိမ်ထောင်ပြုတယ်။ ဒီ ဇနီးဆုံးပြန်တော့ အဖေနဲ့ ဒွေးလေးခေါ်ပြီး အညာပြန်လာပါတယ်။

အဖေနဲ့ ဒွေးလေးက အညာမှာပဲ အိမ်ထောင်အသီးသီး ကျတယ်။ ဒွေးလေး ခင်ပွန်းက ပုပ္ပားသား၊ မြင်းခြံမှာ နာရီပြင်ဆိုင်ဖွင့် တပည့်လက်သား ၃ ဦးနဲ့ စီးပွားရေး ကောင်းပါတယ်။ ဒွေးလေးက မြို့လိုက်နေရပါတယ်။

အဖေက တောမှာပဲ တောင်သူ လုပ်တယ်။ ဂျပန်တွေ အထက်ဗမာပြည်ဘက် တက်မလာခင် ကျနော့်အမေ ဆုံးပါတယ်။ သားသမီးကို ထောက်ထားပြီး (လိုချင်သူတွေရှိသော်လည်း) အဖေက နောက်အိမ်ထောင်မပြု၊ တောင်သူဆက်လုပ်ပေမယ့် အသောက်အစားအပြင် တချီတချီ လောင်းကစားဖက်လာလို့ ဒွေးလေးကပဲ လှမ်းထောက်ပံ့နေရပါတယ်။

ဂျပန်တွေ ကျနော်တို့မြို့ဆီရောက်လာတော့ နာရီလုပ်ငန်းနဲ့ ဒွေးလေးတို့က စီးပွားရေး ပိုကောင်းလာပါတယ်။ မြို့လယ် လမ်းမကြီးပေါ်က ဒွေးလေးတို့ဆိုင်မှာ ဂျပန်တွေ စည်ကားလှတယ်လို့ ဆိုပါတယ်။ ဒွေးလေးခင်ပွန်းက ကမ္ဘာစစ် အခြေအနေ တွက်ချက်မိပြီး နာရီနဲ့ နာရီပစ္စည်းတွေ ကြိုဝယ်ယူ စုဆောင်းထားတာမို့ စီးပွားတက်တာ မြန်ပါတယ်။

အင်္ဂလိပ်တွေ ပြန်ဝင်လာပြီး မန္တလေးကို ဗုံးစကြဲတော့ မြို့ပေါ်မှာ မနေဝံ့လို့ ဒွေးလေးတို့မိသားစု ရွာပြန်နေပါတယ်။ မမျှော်လင့်ဘဲ ဒွေးလေးခင်ပွန်း ဖျားနာပြီး ရွာမှာပဲ ဆုံးပါတယ်။ အဖေက လှေတစင်းနဲ့ ဧရာဝတီမြစ်ရိုးအတိုင်း အောက်ပြည် စုံပြီး အညာကုန် ရောင်း။ အောက်ကုန်ဝယ်လာကာ အတူနေ ၂ အိမ်ထောင်ကို လုပ်ကျွေးပါတယ်။

တချီမှာတော့ ကျွဲညီနောင် (အင်္ဂလိပ်လေယာဉ် ၂ စီး) နဲ့ဆုံမိကာ ဗုံးကြဲစက်သေနတ်နဲ့ အပစ်ခံရလို့ လှေမြုပ်ပြီး လက်လွတ် ပြန်လာခဲ့ရတယ်။ ဒွေးလေးက သူ့အကိုကို စိတ်မချတာနဲ့ နောက်ထပ် အရင်းအနှီး ထပ်မထုတ်တော့ဘဲ ရှိတာပဲ ထုခွဲရောင်းချပြီး စားနေပါတယ်။

ဂျပန်တွေက နာရီပစ္စည်းတွေကို ရွာအထိလိုက်ဝယ်လို့ တဖက်တလမ်း ဝင်ငွေရှိခဲ့တယ်။ မြို့ပေါ်နေ ဦးလေးရဲ့ တပည့်တွေကလည်း လိုတဲ့နာရီပစ္စည်းတွေ လာဝယ်ပါတယ်။ ဗုံးခိုကျင်းထဲ ထည့်ထားတဲ့ နာရီပစ္စည်း သေတ္တာတွေ ဗုံးတည့်တည့်ကျမှ အတော်ပြောင်သွားတာပါ။ ကျနော်တို့အတွက်တော့ ကစားစရာ အတော်များများ ရလိုက်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။


Monday, December 20, 2010

ဒုတိယ ပင်လုံ - ၁ (ကာတွန်း စောငို)

ဝီကီလိခ်ဆိုတာ မိတ်ဆွေပါ (လူထုစိန်ဝင်း)

အခုတလော ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတွေနဲ့ မီဒီယာလောကကြီးတခုလုံး ရင်တမမနဲ့ စောင့်ကြည့်နေကြရတဲ့ ဖြစ်ရပ်ကြီးတခု ပေါ်ထွက်လာခဲ့တယ်။ အမေရိကန်အစိုးရရဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေကို ‘ဝီကီလိခ်’ ဆိုတဲ့ အွန်လိုင်း မီဒီယာတခုက ဖွင့်ချဖော်ထုတ်နေတဲ့ကိစ္စ ဖြစ်တယ်။

ရမ်းတုတ်တွေလည်းပါလိမ့်မယ်

အခုလောလောဆယ် ဖော်ထုတ်ထားတာတွေထဲမှာ နိုင်ငံခြားတိုင်းပြည်တချို့မှာရှိတဲ့ အမေရိကန်သံရုံးတွေက သူတို့ နိုင်ငံအစိုးရဆီကို လျှို့ဝှက်ပေးပို့တဲ့စာတွေ ဖြစ်တယ်။ သံရုံးတွေက သူတို့ရောက်ရှိနေတဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လျှို့ဝှက်တင်ပြထားတာမျိုးတွေ ဖြစ်တဲ့အတွက် နိုင်ငံတိုင်းလိုလိုက သူတို့အကြောင်း ဘာတွေများ ရေးထားမလဲဆိုတာကို နေ့စဉ် ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရတယ်။ အဖြစ်မှန်ကို တင်ပြထားတာတွေပါရှိသလို အမေရိကန်သံအရာရှိတွေ ထင်ကြေးနဲ့ ရမ်းတုတ်ထားတာတွေလည်း ပါနေပါလိမ့်မယ်။

အနာပေါ်တုတ်ကျဖြစ်

မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကမ္ဘာတလုံးကိုတော့ လှုပ်ခတ်သွားစေခဲ့တယ်။ တချို့က လူမသိအောင် ခိုးကြောင်ခိုးဝှက်လုပ်ထားတာတွေကို လူသိရှင်ကြားဖြစ်အောင် ဖော်ထုတ်လိုက်လို့ အနာပေါ်တုတ်ကျ ဖြစ်သွားကြတယ်။ တချို့ကတော့ မမှန်မကန် လုပ်ကြံစွပ်စွဲပုတ်ခတ်ထားတာခံရလို့ သက်ဆိုင်သူ အမေရိကန်သံအရာရှိတွေကို စိတ်ဆိုးကြတယ်။ အမေရိကန်အစိုးရလည်း ခုတလော တော်တော် ကသိကအောက် ဖြစ်နေရတယ်။ ဝီကီလိခ်ကို ဆက်ပြီးဖော် ထုတ်တာမလုပ်ဖို့ ဖိအားအမျိုးမျိုးပေးကြတယ်။ နည်းပညာစွမ်းသုံးပြီး ပိတ်ပစ်ဖို့လည်း ကြိုးစားကြတယ်။ ဒါပေမယ့် ဝီကီလိခ်တည်ထောင်သူတွေကလည်း ကွန်ပျူတာပညာရပ်မှာ ထူးချွန်တဲ့ပညာရှင်တွေဖြစ်တဲ့အတွက် တားဆီးပိတ်ပင်လို့ မရနိုင်ခဲ့ဘူး။

အောက်တန်းကျတဲ့နည်း

အဲဒီတော့ နိုင်ငံရေး၊ စီးပွားရေးလောကမှာ လုပ်နေကျအတိုင်း ပုဂ္ဂိုလ်ရေး သိက္ခာကျအောင် Character Assassination လို့ခေါ်တဲ့ ညစ်ပတ် အောက်တန်းကျတဲ့နည်းကိုသုံးပြီး ဝီကီလိခ်အဖွဲ့ကို ဦးဆောင်ဦးရွက် ပြုနေသူကို လိင်မှုကိစ္စနဲ့ တန်ပြန်စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့တယ်။ နိုင်ငံတကာ ပုလိပ်အဖွဲ့ (အင်တာပို) ကိုတောင်သုံးပြီး နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ခဲ့တယ်။

စွပ်စွဲခံရသူပုဂ္ဂိုလ်က အင်္ဂလန်နိုင်ငံမှာ ကိုယ်တိုင်သွားပြီး အဖမ်းခံတော့လည်း အာမခံမပေးဘဲ ထားတယ်။ လူကိုဖမ်းထားပြီး ခြိမ်းခြောက် အကျပ်ကိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။ ဝီကီလိခ်အဖွဲ့ကတော့ သူတို့လုပ်ရပ်ကို ရပ်မပစ်ဘဲ ဆက်လုပ်သွားမယ်လို့ လူသိရှင်ကြား ထုတ်ဖော်ကြေညာထားတယ်။

မှန်၊ မမှန်သာ အဓိက

ဝီကီလိခ်တည်ထောင်သူဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာက သိပ်ပြီးအဓိက မကျပါဘူး။ သူတို့ ဖော်ထုတ်ချက်တွေ ဘယ်လောက်အထိ မှန်ကန်မှုရှိသလဲဆိုတဲ့အချက်ကသာ အခရာကျပါတယ်။ အခုထိ ဒီဖော်ထုတ်ချက်တွေဟာ လုံးဝ မမှန်ကန်ပါဘူးလို့ အမေရိကန်အစိုးရက တရားဝင်ငြင်းဆိုတာ မရှိပါဘူး။ ဒီဖော်ထုတ်ချက်တွေဟာ နိုင်ငံတကာ ဆက်ဆံရေး ထိခိုက်ပျက်ပြားစေနိုင်တယ်။

နိုင်ငံအချင်းချင်းအကြားမှာ တင်းမာမှုတွေဖြစ်စေနိုင်တယ်။ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုကို ထိခိုက်စေနိုင်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ပဲ ကန့်ကွက်ရှုတ်ချနေကြတယ်။ ဝီကီလိခ် ဆက်လက်မတည်ရှိနိုင်အောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်ကြမှာလည်း သေချာတယ်။

သဘောထားလာမေးကြ

ဝီကီလိခ်ရဲ့ ဖော်ထုတ်ဖွင့်ချချက်တွေကို သတင်းစာတချို့နဲ့ အသံလွှင့်ဌာနတချို့က တဆင့်ပြန်ပြီး တင်ပြကြတယ်။ သတင်းသမားဆိုတာ သတင်းတွေဖော်ထုတ်တာမှန်သမျှ သဘောကျရမှာပဲ မဟုတ်ဘူးလား။
ပြည်သူလူထု သိသင့်သိထိုက်တဲ့ အရာမှန်သမျှရှာဖွေဖော်ထုတ်ရေးသားရမှာ သတင်းသမားရဲ့ အခြေခံအကျဆုံး တာဝန်ဖြစ်လေတော့ သတင်းဖော်ထုတ်ပြောကြားမှုမှန်သမျှ ဝမ်းသာအားရ ကြိုဆိုရမှာဖြစ်တယ်။

သိခွင့် မေးခွင့်ရှိ

ဒီမိုကရေစီခေတ်မှာ ပြည်သူလူထုကလည်း သူတို့ရွေးကောက်တင်မြှောက်ပြီး သူတို့ရဲ့အခွန်အတုတ်တွေထဲက လစာရိက္ခာကိုရယူနေကြတဲ့ အစိုးရတွေဘာလုပ်နေကြသလဲဆိုတာ သိချင်ကြမှာပဲ။ သိခွင့်၊ မေးမြန်းခွင့်လည်း ရှိတယ်။ သတင်းသမားတွေက ပြည်သူလူထု သိချင်တာတွေကို သိအောင်လုပ်ပေးရတဲ့ တာဝန်ကိုယူထားသူများ ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီခေတ်မှာ သတင်းသမားတိုင်း လွတ်လပ်စွာ မေးခွင့်၊ ရေးခွင့် ပြုကြရတယ်။ နိုင်ငံတိုင်းရဲ့ အခြေခံဥပဒေတွေမှာ ထည့်သွင်း ပြဋ္ဌာန်းပေးထားကြရတယ်။

တိုင်းပြည်ကို လိမ်ညာခဲ့ကြ

နာမည်ကျော် ဝါးတားဂိတ်တို့၊ အီရန်ဂိတ်တို့ဆိုတာတွေဟာ သမ္မတတွေကိုယ်တိုင်က တိုင်းပြည်ကို လိမ်ညာပြီး အာဏာ အလွဲသုံးစားလုပ်ခဲ့ကြတဲ့ကိစ္စတွေ ဖြစ်တယ်။ သတင်းစာတွေက မရမက ရှာဖွေဖော်ထုတ်လို့ နောက်ဆုံးမှာ ဘူးပေါ်သလိုပေါ်ပြီး ဝါးတားဂိတ် ကာယကံရှင် သမ္မတနစ်ဆင်ရော၊ အီရန်ဂိတ် ဖန်တီးသူ သမ္မတ ရေဂန်ရော၊ ရာထူးက ဖြုတ်ချခံရမယ့်အရေးက သီသီလေးလွတ်သွားခဲ့ကြရတာဖြစ်တယ်။

၅၀ ခုနှစ်များနဲ့ ၆၀ ခုနှစ်များအတွင်းကဆိုရင် စီအိုင်အေတို့၊ ကေဂျီဘီတို့လို ထောက်လှမ်းရေး အဖွဲ့အစည်းကြီးများဟာ လွှတ်တော်က မသိအောင် တိုင်းပြည်က မသိအောင် ထင်ရာစိုင်းပြီး လုပ်ချင်တာတွေ လုပ်ခဲ့ကြတာပဲ။ လူသတ်ခွင့်လိုင်စင် ရထားတဲ့အဖွဲ့တွေလို့တောင် ပြောကြရတယ်။

လူသတ်လိုင်စင်ရအဖွဲ့

သမ္မတ ကနေဒီလက်ထက်က နာမည်ကျော် ဝက်ပင်လယ်ကွေ့ (Bay of Pigs) ဆိုတဲ့ ကျူးဘားနိုင်ငံကို ကျူးကျော် တိုက်ခိုက်မှုဆိုရင် လွှတ်တော်က လုံးလုံးမသိဘဲ စီအိုင်အေက စီစဉ်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ကျူးကျော်တပ်တွေ အကုန်လုံး ချေမှုန်းခံရပြီးမှ လူတွေက သိခဲ့ကြရတယ်။ အဲဒီနောက်လည်း ကက်စထရိုကိုသတ်ဖို့ စီအိုင်အေက အကြိမ်ကြိမ် ကြိုးစားကြံစည်ခဲ့တယ်။

သမ္မတ ကနေဒီကိုယ်တိုင် လုပ်ကြံခံလိုက်ရတော့လည်း အစစ်အမှန်အဖြစ်မှန်ကို ဘယ်သူမှ မသိခဲ့ရဘူး။ ဝါရင်းကော်မရှင်ဆိုတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာ အများအပြားကိုလည်း နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ ဒါကြောင့် ဒီနေ့အထိ ကနေဒီ လုပ်ကြံမှုရဲ့ တရားခံအစစ် ဘယ်သူလဲဆိုတာကို ကမ္ဘာက မသိနိုင်ခဲ့ကြပါဘူး။

ထောပနာပြု

အင်တာနက်ခေတ်ထဲမှာတောင် ပါးစပ်က ပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှုဆိုတဲ့ စကားတွေ အမြှုပ်တစီစီထွက်အောင် ပြောနေပေမယ့် . . . ရိုးရိုးသာမန် တိုင်းသူပြည်သားများအတွက်တော့ ဝီကီလိခ်ဟာ မိတ်ဆွေပါ။ ခုခေတ်မှာ အပြောများတဲ့ ‘လူထုသတင်းသမား’ (Citizen Journalist) လို့ပြောရင်လည်း ရတယ်လို့ပဲ ထောပနာပြုလိုက်ပါတယ်။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Saturday, December 18, 2010

ဒုတိယ ပင်လုံ (ကာတွန်း စောငို)

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ

(၁)

တာဝန်က တဖက်၊ သံယောဇဉ်က တဖက်

ထောင်ကထွက်လာပြီး လိုအပ်တဲ့ဆေးဝါးကုသမှုခံယူရင်း အကိုဖွင့်ထားတဲ့ ကျူရှင်ကျောင်းမှာ တတ်နိုင်သမျှ ကူညီလုပ် ကိုင်ပေးနေခဲ့တယ်။ တနေ့ ကျနော် အင်မတန်ချစ်သော ရဲဘော်အောင်ဘော်ဆီမှ စာတစောင်နဲ့ ကဗျာတပုဒ် စာတိုက်ကနေ ရောက်လာပါတယ်။

“AN ရေ အချိန်မရလို့ မခေါ်နိုင်တော့ပါ။ အမြဲသတိရပြီး စောင့်မျှော်နေပါ့မယ်။ လိုက်လာမယ်လို့လည်း ယုံကြည်တယ်။ ကဗျာတပုဒ် ထားခဲ့တယ်။ ကျနော် သာရေး နာရေး ကော်မတီက လွတ်ထွက်သွားပြီ”

လိုရင်းကတော့ အဲဒီလောက်ပါပဲ။ ကျနော် ရန်ကုန်တက် ဆေးကုစဉ် သူ့အိမ်မှာ ထမင်းလိုက်စားရင်း စကားတခွန်း ပြောခဲ့ဖူးတယ်။

“ဒီမှာ ခင်ဗျားတို့နဲ့ တွေ့ရဆုံရ ဆွေးနွေးရတာတွေ တကယ်ကောင်းပါတယ်။ အားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အများစုက နေ့စဉ်နေထိုင်မှုဘဝမှာ နစ်နေတယ်။ ကျနော့်လို နယ်က ရဲဘော်တယောက် တက်လာရင် ဝိုင်းဝန်း အကူအညီပေးကြတာလည်း အားရစရာပဲ။ ဒါပေမယ့် ဒီလို သာရေး၊ နာရေး၊ လူမှုကူညီရေးလောက်နဲ့တော့ ကျေနပ်မနေသင့်ဘူး”

လို့ ထောက်ပြခဲ့ဖူးတယ်။ ဒါကို ရည်စူးပြီး ရေးသွားတာပါ။

ကဗျာထဲမှာတော့ တော်လှန်ရေးမျှော်လင့်ချက်၊ ရဲဘော်တွေရဲ့ သွေးခင်းလမ်းနဲ့ စွန့်လွှတ်မှုတွေအကြောင်း ပါတယ်လို့ ရေးရေး မှတ်မိတယ်။ ရဲဘော်ဖိုးသံကို လှမ်းအကြောင်းကြားတော့ သူ့ဆီလည်း စာနဲ့ ထိုကဗျာ ရောက်လာတယ်လို့ အကြောင်းပြန်ပါတယ်။ ကိုဉာဏ်ဝင်း၊ ကိုတင်မောင်ဝင်း ညီအကိုနဲ့အတူ တောခိုသွားခဲ့ကြတာ ဖြစ်တယ်။

သူတို့ဆင်းသွားပြီးမကြာမီ ကျနော်လည်း အရှေ့မြောက်စစ်ဒေသနဲ့ အဆက်အသွယ်ရခဲ့လို့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရာမှာ တတပ်တအားပါဝင်လိုကြောင်း တင်ပြလိုက်ပါတယ်။ မောင်လှဝင်း(မြင်းခြံ)က သူလည်း လိုက်ချင်တယ်။ ၇ဝ-ခုနှစ်မှာ အင်းစိန်ထောင်ကလွတ်နှင့်တဲ့ မြင့်မြင့်ကလည်း သွားကြရင် သူ့ကိုလည်း ချန်မထားဖို့ တောင်းဆိုတယ်။

ပါတီက ပြန်ကြားတာကတော့ “အရှေ့မြောက်စစ်ဒေသမှာ လက်နက်ကိုင်တိုက်မယ့်သူတွေ တပုံကြီးရှိတယ်။ အဲဒီမှာပဲ နေရသရွေ့နေကြပါ။ ခင်ဗျားတို့ကို တပ်မတခုလောက် အားထားပါတယ်” ဆိုတဲ့ အမိန့်သံပါပဲ။ နေပေဦးတော့ပေါ့။ ဘာတတ်နိုင်မှာလဲ။

ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းက မိမိဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ တနေ့ ဖခင်ဖြစ်သူ ပါးစပ်ထဲအနာပေါက် အစားအသောက်ပျက် နေထိုင်မကောင်း ဖြစ်နေတာကြာလာလို့ ဒေါက်တာဝင်းဝင်း (ကျနော်တို့ဆရာ ပမညတ အမတ်ဟောင်း ဦးမောင်ကိုရဲ့သမီး)ဆီ သွားပြမိတယ်။ သူက ပါးစပ်ဟခိုင်းပြီး ကြည့်ပါတယ်။ မျက်နှာပျက်သွားပြီး ဆေးတချို့ ပေးလိုက်ပါတယ်။ နောက်မှ ကျနော့်ကို တခေါက်အခေါ်လွှတ်ပြီး ပြောပါတော့တယ်။

“ခင်ဗျားအဖေရဲ့ အနာက ကင်ဆာဖြစ်ဖို့ များတယ်။ Cauliflower type ပဲ။ ပါရဂူနဲ့ပြမှ ဖြစ်မယ်။ ဦးတင်အောင်ဆွေဆီ ကျမ စာရေးပေးလိုက်မယ်။ မြန်မြန်သွားပါ” လို့ ခိုင်းပါတယ်။

မန္တလေးဆရာဝန်ကြီး ဦးတင်အောင်ဆွေက ကြည့်ရှုစစ်ဆေးပြီး (ဝင်းဝင်းလိုပဲ) တယောက်ချင်းကျမှ အခြေအနေမှန်ကို ပြောပြတယ်။

“ ၆ လပဲ ခံမယ်။ ကုထုံးအရ ဓာတ်ကင်ရမယ်” … တဲ့။ ပျောက်မလားမေးတော့ … မပျောက်နိုင်ပါလို့ အဖြေပေးတယ်။

ဒါနဲ့ ပြန်ခေါ်လာခဲ့ရတယ်။ ဗမာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း အပျောက်များတယ်လို့ နာမည်ရတဲ့ မြို့ခံဘုန်းကြီးဆီအပ်ပြီး ကုကြည့်တယ်။ ငွေလည်း မယူ။ နို့၊ အသား စသည် အရှောင်ခိုင်းတယ်။ စားဆေးသောက်ဆေး ပေးတယ်။ အနာနေရာကို ဆေးစိမ်ထားတဲ့ (သွားကြားထိုးတံလို) သစ်သားချောင်းလေးနဲ့ ထိုးထိုးဖောက်ပြီး ဆေးဖြူး၊ ထွေးထုတ်၊ အလုပ်ခိုင်းတယ်။

နေ့စဉ် မန်ကျည်း၊ ရှောက် စတဲ့ အသီးတွေ စိမ်ထားတဲ့ရေနဲ့ အချိုးခိုင်းတယ်။ တွေ့ရတာက အသားအရေ ခြောက်ခန်းမသွားဘဲ စိုဝင်းနေပေမယ့် ရောဂါက မသက်သာလာပါ။ သားအဖ ၂ ယောက် တခန်းထဲအိပ်၊ တတ်စွမ်းသမျှ ပြုစုခဲ့တယ်။ သူကလည်း ကျိတ်မှိတ်ခံပါတယ်။

တခြားနာမည်ကြီး ဗမာဗိန္ဓောဆရာတွေရဲ့ သတင်းဆက်လည်း လိုက်ကြည့်တယ်။ ဒီလိုနဲ့ သြဠာရိကကုထုံးနဲ့ နာမည်ကြီးနေတဲ့ လွိုင်ကော်က ဗိန္ဓောဆရာတယောက်ကို ပင့်ရမလားလို့ တွက်ဆနေဆဲ သတင်းဆိုးတခု ကြားလိုက်ရတယ်။

ရန်သူက အစတစ ရသွားပြီး အဖမ်းအဆီးတချို့လုပ်နေတယ် တဲ့။ မန္တလေးတာဝန်ခံလုပ်နေသူ ရှောင်နေတဲ့သတင်း။ နောက် … အဖမ်းခံလိုက်ရပြီဆိုတဲ့သတင်း (တကယ်က ထွက်အဖမ်းခံလိုက်ခြင်းဖြစ်)။

ဒီနောက်မှာတော့ အဖမ်းအဆီးတွေ ဆက်တိုက်လိုက်လာတဲ့သတင်းတွေ ကြားလာရတယ်။ ဒီတော့ ဖော်နေပြီဆိုတာ တွက်လို့ရပြီပေါ့။ မြင်းခြံအစုကိုတော့ မဖော်သေး။ (ဖမ်းရတာတွေများပြီး လက်မအားသေးတာလားတော့ မသိ၊ ထိုစဉ်က ထောက်လှမ်းရေးအင်အားက အသေးလေးပဲ ရှိသေးတယ်)

ဆက်လက်ဖော်ပြပါမယ်။

Sunday, December 12, 2010

ဦးနှောက်ယိုစီးမှုလား၊ ဦးနှောက်ဖွံ့ဖြိုးမှုလား (လူထုစိန်ဝင်း)

ပြည်တွင်းက ပညာတတ်တွေ နိုင်ငံခြားထွက်သွားပြီး အလုပ်လုပ်ကြတာနဲ့ ပတ်သက်ပြီး အပြင် အယူအဆ အမျိုးမျိုး ရှိကြတယ်။ တချို့က ဒါဟာ ဦးနှောက်ယိုစီးမှု (brain drain) ဖြစ်တယ်။ ပညာသင်ကြားပေးခဲ့ရတဲ့ မိခင်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဘောထားကြတယ်။

ပိုဆိုးတဲ့ ပြဿနာ

ဦးနှောက်ယိုစီးမှုထက်ဆိုးတဲ့ ဦးနှောက်ခြောက်ခန်းမှု (braindry) ပြဿနာလည်း ရှိသေးတယ်လို့ ကိုယ်တိုင်လည်း ရေးခဲ့ဖူးတယ်။ ဆရာဝန်ဖြစ်ပြီး ဆရာဝန်မလုပ်ဘဲ ကုမ္ပဏီထောင် စီးပွားရေးလုပ်တဲ့အခါ၊ အထည်အလိပ် အင်ဂျင်နီယာဘွဲ့ရက သင်္ဘောသား သွားလုပ်တဲ့အခါ၊ ဘူမိဗေဒဘွဲ့ရက ဆေးကုမ္ပဏီရဲ့ ဆေးရောင်းသမား သွားလုပ်တဲ့အခါ သူတို့ သင်ယူခဲ့တဲ့ပညာတွေ မေ့လျော့ ခြောက်ခန်းသွားပြီး အဟောသိကံ ဖြစ်ရတယ်လို့ ရေးခဲ့တာ ဖြစ်တယ်။

ဒီပြဿနာမျိုးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုပြီး အဖြစ်များတဲ့အတွက် တိုးတက်မှု နောက်ကျမှုဟာ တနေ့ထက်တနေ့ ပိုပြီး ဆိုးလာတယ်လို့ ယူဆကြတယ်။ ကုလသမဂ္ဂ ညီလာခံကြီးတွေမှာ ဒီပြဿနာ ဖြေရှင်းရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် ဒီနေ့အထိ အဖြေရှာမတွေ့နိုင်ကြဘူး။ ချမ်းသာတဲ့ နိုင်ငံတွေက နိုင်ငံပေါင်းစုံရဲ့ အထက်မြက်ဆုံး ဦးနှောက်တွေကို အချောင်ရနေတဲ့အတွက် မှိန်းပြီး မသိချင်ယောင် ဆောင်နေကြတယ်လို့ စွပ်စွဲသံတွေလည်း ကြားရတယ်။

လွယ်လွယ်နဲ့ ထွက်ခွင့်မပေး

ဒီနိုင်ငံမှာ ဘွဲ့ရတဲ့အထိ ပညာသင်ယူခဲ့ပြီးမှ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် နိုင်ငံမှာ နစ်နာတယ်လို့ မြန်မာဆိုရှယ်လစ်ခေတ်က ယူဆခဲ့တယ်။ အဲဒီယူဆချက်ကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားထွက်ခွင့် လွယ်လွယ်နဲ့ မပေးခဲ့ဘူး။ FRC ကိုင်ထားပြီး အပြီးပြန်တော့မယ့် ‘ဖော်ဂွတ်’ (For Good) သမားတွေပဲ အသွားများတယ်။ မြန်မာလူမျိုးများအတွက်တော့ လွယ်လွယ်နဲ့မထွက်နိုင်အောင် ဘွဲ့နဲ့ ဒီပလိုမာအတွက် ပညာရေးလျော်ကြေး ကောက်ခံတဲ့စနစ် စတင်တီထွင် လုပ်ဆောင်ခဲ့တယ်။ ဒီနေ့အထိ ဒီစနစ် ရှိနေသေးတယ်။ အဲဒီခေတ်မှာ အစိုးရကလွှတ်တဲ့ ပညာတော်သင်နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တွေလောက်ပဲ နိုင်ငံခြား အသွားအလာ ရှိကြတယ်။ ဒီခေတ်လို ရှော့ပင်းထွက်တယ်ဆိုတာ ကြားတောင် မကြားဖူးကြဘူး။

ဝါးလုံးခေါင်းထဲက ထွက်ကြ

ပညာတတ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်တာဟာ နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှု မဟုတ်ဘူး။ အမြတ်တောင် ထွက်သေးတယ်လို့ ယူဆသူတွေလည်း ရှိတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတခုအတွက် အထူးလိုအပ်တဲ့ နိုင်ငံခြားငွေ ရှာပေးတာဖြစ်လို့ တားဆီးပိတ်ပင် မလုပ်သင့်ဘူးလို့ သူတို့က ဆိုတယ်။ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာ နိုင်ငံခြားသွား နိုင်ငံခြားက ပြန်ပို့တဲ့ နိုင်ငံခြားငွေ နှစ်စဉ် ဒေါ်လာ သန်းရာပေါင်းများစွာ ရရှိနေတာကို ထောက်ပြကြတယ်။ ကမ္ဘာရွာခေတ်မှာ ဝါးလုံးခေါင်းထဲက ထွက်ကြပါလို့လည်း သူတို့က တိုက်တွန်းနှိုးဆော်ကြတယ်။

အရေးကြီးလိုလို

မကြာမီလေးကပဲ မန္တလေးက စာတစောင် ရတယ်။ အငြိမ်းစားဘီအီး (စက်မှု) အင်ဂျင်နီယာကြီး တယောက်ဆီကပါ။ သူမြင်တဲ့ ‘ဘရိန်းဒရိန်း’ ကတော့ တမျိုးဖြစ်တယ်။ အင်ဂျင်နီယာဘွဲ့ရပြီး အင်ဂျင်နီယာဆိုတဲ့ ရာထူးကြီး ယူထားပေမယ့် တကယ်လက်တွေ့ကျတော့ စာရင်းအင်းတွေ စာရွက်တွေ၊ အစီရင်ခံစာတွေနဲ့ပဲ အလုပ်ရှုပ်နေရတဲ့ စာရင်းကိုင်လိုလို၊ ရုံးအုပ်စာရေးကြီးလိုလို ဖြစ်နေတာကမှ အမှန်တကယ် ‘ဘရိန်းဒရိန်း’ ဖြစ်တာပါ တဲ့။

ဘရိန်းဂိန်း

နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် ပိုပြီး မျက်စိပွင့်နားပွင့် ဖြစ်လို့ ‘ဘရိန်းဂိန်း’ (brain gain) ဖြစ်တယ်လို့ ပြောချင်ပါတယ် တဲ့။ ဆက်ပြီးသူက တိန့်ရှောင်ဖိန်ရဲ့လုပ်ရပ် ဆိုတဲ့ အကြောင်းတခု ပြောထားသေးတယ်။ တိန့်ရှောင်ဖိန် အာဏာပြန်ရတဲ့အခါမှာ ပညာထူးချွန်တဲ့ လူငယ်တွေကို အမေရိကနဲ့ ဥရောပနိုင်ငံတွေဆီ ပညာသင်လွှတ်တယ်။ တခြားသူတွေက ဒီလူတွေပြန်မလာရင် ဘယ်လိုလုပ်မလဲလို့မေးတော့ ကိစ္စမရှိပါဘူးလို့ ပြန်ဖြေတယ်။ လက်တွေ့မှာလည်း အတော်များများ ပြန်မလာဘဲ ဟိုနိုင်ငံတွေမှာ အလုပ်လုပ်နေကြပြီး တချို့က ဟိုနိုင်ငံသားအဖြစ်တောင် ခံယူလိုက်ကြတယ်။

ပါရဂူတွေ အများကြီး

ဒါပေမယ့် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလိုက်လို့ စီးပွားရေး တရှိန်ထိုး တိုးတက်သွားတဲ့အခါကျတော့ အဲဒီလူတွေ အများကြီး ပြန်လာကြတယ် တဲ့။ အဲဒီထဲမှာ ပါရဂူဘွဲ့ရ ပညာရှင်တွေလည်း အများကြီး ပါလာတယ်။ တချို့ဆိုရင် နိုင်ငံခြားသားပညာရှင် (expatriate) အဖြစ် တရုတ်ကုမ္ပဏီကြီးတွေမှာ လခကောင်းကောင်းနဲ့ ဝင်လုပ်ကြသတဲ့။ ဒါတော့ ဟုတ်တယ်။ ရှစ်ဆယ်ခုနှစ်တွေအတွင်းက FRC တပည့်တွေ အများကြီး အဲဒီအချိန်က တရုတ် (တိုင်ပေ) ကို ဖော်ဂွတ်ပြန်သွားကြတယ်။ အခု ဒီဘက်ပိုင်း နှစ်တွေကျတော့ သူတို့ထဲကတချို့ဟာ ပေကျင်းတို့ ရှန်ဟိုင်းတို့မှာ ပြောင်းရွှေ့နေထိုင်ကြတာ တွေ့ရတယ်။

ယုံကြည်စိတ်ချမှု အပြည့်

မန္တလေးက အငြိမ်းစား အင်ဂျင်နီယာကြီးကတော့ ပညာတတ်တွေ နိုင်ငံခြား ထွက်သွားတဲ့အတွက် (၁) အတွေ့အကြုံနဲ့ ပညာအရည်အချင်း တိုးတက်တယ်။ (၂) မိသားစု စားဝတ်နေရေး ပြေလည်စေတယ်။ (၃)တိုင်းပြည်အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရစေတယ်။(၄) ထွက်သွားသူတွေနေရာမှာ နောက်လူတွေ အလုပ်ရလို့ အလုပ်လက်မဲ့ လျော့နည်းစေတယ်လို့ နံပါတ်စဉ်ထိုးပြီး ထောက်ခံ အားပေးသွားပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်အိုးကိုယ့်အိမ်ကို အင်မတန် ခင်တွယ်တတ်သူတွေ ဖြစ်လို့၊ တနေ့နေ့ကျရင် မြန်မာပြည်ကို ပြန်မလာဘဲ မနေပါဘူးလို့လည်း သူက ယုံကြည်စိတ်ချမှု အပြည့်ရှိပါတယ်။ နိုင်ငံခြားထွက်သွားတဲ့ တပည့်တွေ ရာပေါင်းများစွာနဲ့ အဆက်အသွယ် မပြတ်တာကြောင့် ဒီအချက်ကိုတော့ သဘောတူတယ်။ တနေ့မှာ သူတို့အားလုံး ပြန်လာကြမယ်ဆိုတာ စိတ်ချယုံကြည်တယ်။

နယ်ပယ်ကျဉ်းလွန်းလို့

နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာ လုပ်ခဲ့ရာမှာ ကျောင်းသူ ကျောင်းသား အများစုက မြန်မာပြည်ပေါက် တရုတ်လူမျိုး ဖြစ်ကြတယ်။ တချို့ဆို တရုတ်စကားတောင် မတတ်ကြဘူး။ ဆိုရှယ်လစ် စကားလုံးတွေ လူတိုင်းရွတ်နေတဲ့ ခေတ်မှာ လုပ်ကိုင်စားစရာ နယ်ပယ်ကျဉ်းမြောင်းလွန်းလို့သာ သူတို့သွားကြတာ၊ ဘယ်သူမှတော့ သွားချင်ကြတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးစစ်စစ်တွေ မဆိုထားနဲ့ သူတို့လို မြန်မာပြည်ပေါက် တရုတ်တွေနဲ့ အိန္ဒိယသားတွေတောင် မြန်မာပြည်အကြောင်းပြောရင် မျက်ရည်မဝဲဘဲ မနေနိုင်ကြပါဘူး။ အခွင့်သာတဲ့တနေ့မှာ သူတို့ ပြန်လာကြမှာပါ။

ဘာကြောင့် သေချာတာလဲ

၉၀ ရာခိုင်နှုန်းလောက်ကို ပြန်လာမှာပါလို့တောင် ပြောရဲတယ်။ ဘာကြောင့် ဒါလောက် သေချာနေရတာလဲလို့ မေးရင် မြန်မာစကား မတတ်တဲ့လူတွေတောင် ပျော်လွန်းလို့ ကုတ်နဲ့ကော်ထုတ်တောင် မပြန်ချင်တော့တာတွေကို လက်ညှိုးထိုးပြလိုက်ချင်တယ်။ မြန်မာပြည် မွေး၊ မြန်မာပြည်မှာကြီးပြီး မြန်မာစကား တမျိုးတည်းသာ ပြောတတ်သူတွေ ပြန်မလာဘဲ မနေနိုင်ပါဘူး။ ပြန်လာတဲ့အခါ တချို့ စုမိဆောင်းမိတာလေးတွေ ပိုက်ပြီး ပြန်လာကြမယ်။ တချို့က ပညာရှင်တွေ ပါရဂူတွေ ဖြစ်ပြီး ပြန်လာကြမယ်။ တချို့ ကျွမ်းကျင်လုပ်သားတွေအဖြစ် ပြန်လာကြမယ်။ လက်ချည်းသက်သက် ပြန်လာဖူးသူလည်း ရှိနိုင်ပါတယ်။

ကူးလူးယှက်နွှယ်

ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ပဲ ပြန်လာလာ၊ တိုင်းပြည်အတွက်ကတော့ အကျိုးရှိတာပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်းစုံက အမျိုးမျိုးအဖုံဖုံ ပညာရပ်တွေ၊ အတွေ့အကြုံ ဗဟုသုတတွေ လုပ်နည်းလုပ်ဟန်တွေ ဖြည့်ဆည်း ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အမြတ်တနိုး ဂုဏ်ယူဝင့်ကြွားနေရတဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များဟာလည်း ယိုးဒယား၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ယဉ်ကျေးမှု အနုပညာတွေနဲ့ ကူးလူးယှက်နွှယ်နေခဲ့ကြတာပဲ မဟုတ်လား။ ကမ္ဘာကြီးတခုလုံးဟာ ရွာကြီးတရွာလို ဖြစ်နေတဲ့ ဒီခေတ်ဒီအခါမှာ ကျွန်တော်တို့ချည်း သက်သက် တံခါးပိတ်နေလို့ မဖြစ်ပါဘူး။ တံခါးတွေ ဖွင့်ထားမှ အခန်းထဲက လေဆိုးလေပုပ်တွေ လွင့်စင်ထွက်သွားပြီး ပြင်ပက လေကောင်းလေသန့်တွေ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Saturday, December 11, 2010

ဗမာလား၊ မြန်မာလား

နေ့စဉ်ပြောဆို သုံးနှုန်းနေတဲ့ စကားလုံးတွေထဲမှာ အနက်အဓိပ္ပာယ် မထင်ရှားတာ၊ အသိရခက်ခဲ နက်နဲတာတွေ၊ ဝိဝါဒ ကွဲပြား အငြင်းပွားစရာတွေ အများအပြားရှိကြတဲ့အနက် အလွန်အရေးကြီးတဲ့ အလွန်အရေးကြီးတဲ့ အငြင်းပွားစရာ စကားလုံးတလုံးအကြောင်းကို ဒီကနေ့ ပြောကြရအောင်ပါ။

ကဲ … ပထမဆုံးတော့ သမိုင်းဝင် တေးသီချင်းတပုဒ်ကို နားဆင်ကြည့်ကြပါစို့။

နောင်ဥဒါန်း ××× ဘယ်မပြေစရာ ××× ရာဇဝင်တင်ထား ××× မျိုးရိုးနွယ်သာ ××× ကမ္ဘာတခွင်မှာဖြင့် ××× ဗမာထင်ရှား ××× ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေလေ့သလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ - ငါတို့ဗမာ) ၂

နယ်ချဲ့တော်လှန်ရေးကို ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ သမိုင်းဝင် အမျိုးသားရေး လှုံ့ဆော် တေးသီချင်းကြီးပါ။ ဒီသီချင်းမှာ ဆိုသွားတဲ့ ဒို့ဗမာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့ အများစု လူမျိုးတမျိုးတည်းကို ပြောတာလား။ ဒါမှမဟုတ် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း အပါအဝင် နိုင်ငံတခုလုံး အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးကို ဆိုလိုတာပါလား။ သောတရှင်တို့ ဘယ်လိုထင်ပါသလဲ။

ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေလေ့သလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ - ငါတို့ဗမာ) ၂

ဒို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ဒို့မြန်မာ အစည်းအရုံး လို့ မခေါ်ဘဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလဲကို ရှင်းလင်း ဖွင့်ဆိုထားပါတယ်။ မြန်မာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့လူမျိုးကိုသာခေါ်တာ ဖြစ်တယ်။ မြန်မာပဒေသရာဇ်တွေ ပေးထားတဲ့နာမည် ဖြစ်တယ်။ လူမျိုးကြီးဝါဒသဘော ပါဝင်တယ်။ ဒါ့ကြောင့် လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်းအပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန်ကန်ဘူး။ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံ လို့ခေါ်မှသာ ညီညွတ်မှန်ကန်မယ်လို့ အတိအလင်း ဖွင့်ဆိုထားခဲ့ပါတယ်။

ကဲ ... ဒီတော့ ပညာရှင်တွေကရော ဘယ်လိုမြင်ပါသလဲ။ ဘာသာဗေဒပညာရှင် ဆရာ မောင်သာနိုးရဲ့ အမြင်ကတော့ …

“ဗမာက မူလဗျ၊ ဗြဟ္မာ က လာတာကိုး။ ဗထက်ချိုက် ဟရစ် ဟ မ ဆင့်၊ ဗြဟ္မာ က လာတာကိုး။ ဗြဟ္မာ ကနေပြီးတော့ ဗမာ ဖြစ်သွားတာ။ အဲဒါကိုမှထပ်ပြီးတော့ ဗမာ ကို ဗထက်ချိုက်နဲ့ မ နဲ့ ပြောင်းပြီးတော့ မြန်မာ ဖြစ်သွားတာ။ အဲတော့ မြန်မာက ဒုတိယ၊ ဗြဟ္မာ ဆိုတဲ့ ဗမာက အဓိက ပင်မဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိတွေ ယူဆကြတယ်။ နောက်တခါ အဲဒီ ဗမာနဲ့ မြန်မာ မှာက အင်္ဂလိပ်ခေတ်က ဝံသာနုခေတ်က ဒို့ဗမာအစည်းအရုံးခေတ်က သူတို့က ဗထက်ချိုက် မ ရေးချ မာကို ချင်းကော၊ ကချင်ကော၊ ကရင်ကော၊ မြန်မာကော အားလုံးအတွက် သတ်မှတ်တယ်။

မြန်မာကိုတော့ မြန်မာလူမျိုး ကျနော်တို့၊ ခင်ဗျားတို့ပေါ့လေ အတွက်ပဲ သတ်မှတ်တယ်။ အဲဒီလို အယူအဆရှိတယ်လို့ ကျနော့်ကို တလောဆီက သေဆုံးသွားတဲ့ သခင် ခင်ညွန့်က ရေနံချောင်း သခင် ခင်ညွန့်က ပြောဖူးတယ်ဗျ။ အခု ပြောင်းပြန်ဖြစ်နေပြီတဲ့ မြန်မာက ကချင်ရော၊ ကရင်ရော၊ ရှမ်းကောကို ခေါ်တာ။ ဗမာကမှ ဒီလူမျိုးလေးကို ခေါ်တာလို့ ဖြစ်နေတယ်။ ဒါဟာ ငါတို့ ဝံသာနုခေတ်ကဟာနဲ့ ပြောင်းပြန်လို့ သခင် ခင်ညွန့်က ပြောတယ်ဗျ။ ဒီခေတ်ကျမှ ဘယ်လိုလုပ်ပြီးတော့ ပြောင်းပြန်ဖြစ်သွားသလဲ မသိဘူး”

ဒါတွေကို ပြောင်းပြန်လှန်ပစ်သူအဖြစ် အများနားလည်ထားကြတာကတော့ သွားလေသူ ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဗမာစာ ဗမာစကားမှာ ဝင်ရောက်စွက်ဖက် ပါဝင်မှုတွေအနက်က တခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဒီအမွေကို သူ့ရဲ့လက်ရင်းတပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့ သုံးရမယ်ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ကို လူမျိုးစု တစုတည်းရဲ့အဖွဲ့အဖြစ် သေးသိမ်အောင်လုပ်ပြီး ကျောင်းသားတွေကိုလည်း သဘောထားကွဲလွဲမှုဖြစ်အောင် သွေးခွဲခဲ့တဲ့လုပ်ရပ်အဖြစ် အဲဒီအချိန်က လူသိများခဲ့ပါတယ်။

“ကျနော်ကတော့ ဒို့ဗမာအစည်းအရုံးကို ထောက်ခံတယ်၊ စာပေရေးအရတော့ ထောက်ခံတယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ ခုနပြောသလိုပဲ ဗမာဆိုတဲ့ ဗထက်ချိုက် မာ က ဗြဟ္မာ က လာတာ။ ဗြဟ္မာ ဆိုတာက ပါဠိပေါ့ဗျာ။ အိန္ဒိယမှာလည်း ခုထက်ထိပဲ မြန်မာကို ဗြမ္မာ ခေါ်ကြတာပဲ။ ဗမာစာကို ဘာရမီ လို့ခေါ်တယ်။ မြန်မာစကားဆိုရင် ဘာရမီဘာသာ လို့ ခေါ်တယ်ဗျ။ ဗမာ ကသာလျှင် တပြည်လုံးကို ခြုံတဲ့အမြင် ဖြစ်တယ်။ မြန်မာက ခင်ဗျားတို့၊ ကျနော်တို့ အပါအဝင် ရန်ကုန်၊ မန္တလေးက လူတစုကို ခေါ်တာ။ ရှမ်း၊ ကချင် မပါဘူး”

အီလွီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာ ဦးစောထွန်းကတော့ ထိုင်းငံမှာလည်း ဗမာလူမျိုးကို ဖမာ လို့ ခေါ်တာကိုလည်း စဉ်းစားစရာအဖြစ် ထောက်ပြပါတယ်။ ဒါ့အပြင် ...

“မြန်မာပြည်ကိုပဲ ပါဠိရှိတဲ့အခါကျတော့ ပါဠိအဘိဓာန်ထဲမှာဆိုရင် မြန်မာပြည်ဆိုတာကို ဗြဟ္မာ ဒေသ ဆိုပြီးတော့ ဗြဟ္မာ ဆိုပြီးတော့ ပြတာရှိတယ်။ နောက် ဆရာတော်ကြီးတွေက ဗြဟ္မာ လို့ ရေးကြတာတွေ ရှိတယ်။ အဲဒီကနေပြီးတော့ အသံပြောင်းပြီးတော့ ဗမာ လို့ ဖြစ်မယ်ဆိုလည်းပဲ ဖြစ်ခွင့်တော့ ရှိတာပဲ”

ပုဂံခေတ်မှာတော့ မြေပြန့်နေလူမျိုးကို မြန်မာ အဖြစ် ကျောက်စာရေးထွင်းခဲ့တဲ့ အထောက်အထားတွေ တွေ့ခဲ့ရတာကိုလည်း ဆရာ ဦးစောထွန်းက အခုလို ပြောပြပါတယ်။

“မွန်တွေက သူတို့ ကျောက်စာတွေ ထိုးတာ ရှိတယ်။ မွန်ကျောက်စာထဲမှာ ကျန်စစ်သားလက်ထက်က လူတွေအကြောင်း ပြောတော့ ဗမာတွေကို သူတို့က မရမာ လို့ ပဲ သူတို့ ပြောတာပါပဲ”

- ဟုတ်ကဲ့ဆရာ၊ တိုင်းရင်းသားလူမျိုးအားလုံးကို မြန်မာလို့ သုံးခဲ့တာမျိုးရော အထောက်အထား တွေ့မိခဲ့သလားဆရာ။

“သမိုင်းကြောင်းအရကတော့ မြန်မာဆိုတာလည်း ဗမာ၊ ဗမာဆိုတာလည်း မြန်မာ ဖြစ်ခဲ့တော့ တိုင်းရင်းသားအားလုံးကို ခြုံပြီးတော့ မြန်မာလို့ ခေါ်တာမျိုးတော့ ရှိတယ်လို့ မပြောနိုင်ဘူးလေ။ ဒါကတော့ နောက်မှ နိုင်ငံရေးအရ သတ်မှတ်ချက် တခုပေါ့လေ”

ကဲ ... ဒီတော့ ဗမာ၊ မြန်မာ ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရေး ပရောဂကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရတယ်ဆိုတာ ရှင်းလင်းပြီ ထင်ပါရဲ့နော်။ နောင်တချိန်မှာ နိုင်ငံရေးပရောဂကင်းကင်းနဲ့ ပညာရှင်တွေ စုဝေးတိုင်ပင်ပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ပါ ရယူဆုံးဖြတ်သင့်တဲ့ ကိစ္စမျိုးလို့ ထင်မိပါတယ်။

အော် ကျနော်တို့ အလင်္ကာ ပုလဲပန်းမှာတော့ မြေပြန့်နေ လူမျိုးရဲ့စာပေအဖြစ်ရော၊ တနိုင်ငံလုံးရဲ့ ရုံးသုံးစာအဖြစ်ပါ သုံးနှုန်းပြောဆိုတာဖြစ်တဲ့အတွက် ဗမာစာရော၊ မြန်မာစာရော သုံးနှုန်းလို့ ရတန်ကောင်းပါရဲ့နော်။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ဘီဘီစီ (မနက်ပိုင်း အစီအစဉ်) မှ ဗမာ ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ တင်ပြထားတဲ့ ကိုသိန်းမြတ်ရဲ့ အလင်္ကာပုလဲပန်း အစီအစဉ်ကို ကောက်နုတ်ဖော်ပြပါတယ်။


Wednesday, December 8, 2010

အလုအယက်ကို ကျေးဇူးတင်ပါတယ် … (ကာတွန်း စောငို)

Venues Protection အကြောင်း သိကောင်းစရာ

အရေးပါပုဂ္ဂိုလ်တွေနဲ့ ခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အခါ venues protection အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။

venues ဆိုတာမှာ နေထိုင်ရာ အဆောက်အဦ၊ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ညစာစားပွဲ၊ လူထုအစည်းအဝေး၊ အခမ်းအနား စတာတွေ ပါဝင်ပါတယ်။

venues ပေါ်မှာ အခြေပြုပြီး သက်ရောက်လာနိုင်တဲ့ အန္တရာယ်တွေကတော့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း၊ လူချင်းဝင်လုံးပြီး ဓားဖြင့်ထိုးခြင်း၊ စနိုက်ပါတပ်ဆင်ထားသော သေနတ်ဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ခြင်း၊ ဇီဝပိုးမွှားများဖြင့် တိုက်ခိုက်ခြင်း၊ လူထုအစည်းအဝေးပွဲများတွင် အဓိကရုဏ်းဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။

အဓိကရုဏ်းဖြစ်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေဆိုတာ ခေါင်းဆောင်ရဲ့အသက်ကို ရန်ရှာခံနိုင်ရမှု ရာခိုင်နှုန်း အမြင့်မားဆုံး အခြေအနေ ဖြစ်ပါတယ်။

ဒီအချိန်မှာ ခေါင်းဆောင်ရဲ့ close protection အဖွဲ့ဟာ ဘေးကင်းရာကို ခေါင်းဆောင်ကို အမြန်ဆုံး ဆွဲထုတ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လူထုခေါင်းဆောင်တွေဟာ အခင်းဖြစ်ပွားရာနေရာဒေသကို မစွန့်ခွာလိုကြပါဘူး။ ဒါကြောင့် close protection အဖွဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာဖို့ထက် ခေါင်းဆောင်ရဲ့ အသက်အန္တရာယ်ကို ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။

venues protection ဆိုင်ရာ အခြေခံအချက်များ

• စနစ်တကျ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမည်
• သွားရောက်မည့် နေရာ၏ အနီးဝန်းကျင် လုံခြုံရေးကို လေ့လာစုံစမ်းရမည်
• လူထုအစည်းအဝေးများ၊ အဖွဲ့အစည်း အခမ်းအနားများတွင် ဝင်ပေါက်၊ ထွက်ပေါက်များကို စနစ်တကျ သတ်မှတ်ရမည်
• close protection အဖွဲ့ဝင်မဟုတ်သော မည်သူမဆို ခေါင်းဆောင်အနီးသို့ ကပ်လာပါက သတိထားရမည်။
• close protection အဖွဲ့ဝင် အချင်းချင်းသာ သိနိုင်သော သင်္ကေတများ ထားရှိရမည်
• သတ်မှတ်ဝတ်စုံဝတ်ထားသော close protection အဖွဲ့ဝင်များအပြင် undercover အဖွဲ့ဝင်များလည်း ထားရှိရမည်
• မည်သည့်နေရာသို့သွားသည်ဖြစ်စေ အရေးပေါ်အခြေအနေအတွက် ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည်
• close protection အဖွဲ့ဝင်များ အချင်းချင်း အရေးပေါ်အခြေအနေ ထွက်ပေါက်ကို သတ်မှတ်ထားရှိရမည်
• အရေးပါပုဂ္ဂိုလ်နှင့် ခေါင်းဆောင်များအား ဖရိုဖရဲအခြေအနေများကြားမှ ဆွဲထုတ်ခေါ်သွားနိုင်မည့် safe haven သတ်မှတ်ချက် ရှိရမည်။

Outer perimeter protection

venues protection မှာ နေရာသတ်မှတ်ချက် နှစ်ခုရှိပါတယ်။ ပထမတခုက သက်ဆိုင်ရာနေရာရဲ့ ပြင်ပ နဲ့ ဝင်ပေါက်နေရာ (outer perimeter) ဖြစ်ပြီး၊ ဒုတိယတခုက သက်ဆိုင်ရာ နေရာ၊ အဆောက်အဦအတွင်း (inner perimeter) မှာ ဖြစ်ပါတယ်။

Outer perimeter protection ကို များသောအားဖြင့် advanced team ကို တာဝန်ယူခိုင်းလေ့ရှိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်တဲ့ အဖွဲ့ဝင်များအနေနဲ့

• အရေးပါပုဂ္ဂိုလ်သွားမယ့်နေရာကို ကြိုတင်ရောက်ရှိပြီး ဝန်းကျင်အနေအထားကို လေ့လာရပါမယ်

• ကားရပ်မည့်နေရာကို သေချာကြည့်ရှုဖို့ လိုအပ်ပါတယ်

• အရေးပါပုဂ္ဂိုလ် စီးနင်းလိုက်ပါတဲ့ကားရဲ့ ယာဉ်မောင်းကို ကားအနီးမှာ အချိန်ပြည့်ရှိစေရပါမယ်။ ယာဉ်မောင်းက တခြားတနေရာကို သွားဖို့လိုလာရင် တခြားအဖွဲ့ဝင်တယောက်ယောက်က ကားအနီးမှာ သွားနေရပါမယ်

• လူအဝင်အထွက်ကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရပါမယ်

• စောင့်ကြည့်လေ့လာတဲ့နေရာ (observation posts) များ သတ်မှတ်ရပါမယ်

• အရေးပါပုဂ္ဂိုလ် ပြန်လည်ထွက်ခွာမယ့် ထွက်ပေါက်နဲ့ အနီးဝန်းကျင်လုံခြုံရေးကို သတိပြုရမယ်

• မီဒီယာ သတင်းထောက်တွေရဲ့ သတင်းထောက် အိုင်ဒီကတ်တွေကို စစ်ဆေးရပါမယ်

• ကင်မင်ရာ၊ ဗွီဒီယို စတဲ့ media equipment တွေကို လိုအပ်ရင် ကြည့်ရှုစစ်ဆေးရပါမယ်

• အရေးကြီးတဲ့ strategic points တွေအားလုံးမှာ ကိုယ့်ဘက်တော်သားတွေပဲ ရှိနေဖို့ ပြင်ဆင်တာဝန်ပေးရပါမယ်။

Inner perimeter protection

Inner perimeter protection နဲ့ ပတ်သက်ပြီး personal escort အဖွဲ့ငယ်ကို တာဝန်ပေးလေ့ရှိပါတယ်။

တာဝန်ရှိသူများဟာ

• အိမ်၊ ရုံး အဆောက်အဦ (သို့မဟုတ်) အခမ်းအနားကျင်းပရာ ကွင်းပြင်အတွင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ်

• အရေးပါပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရပါမယ်။ သို့ပေမယ့် တကောက်ကောက် ဘေးမှာ လိုက်နေရမှာကို ဆိုလိုတာ မဟုတ်ပါ။ အရေးပါပုဂ္ဂိုလ်နဲ့ မိတ်ဆွေများရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုကို အနှောင့်အယှက်ပေးသည်အထိ မပြုလုပ်ရပါ

• undercover (covert) လုံခြုံရေးတာဝန်ယူသူများကို တာဝန်ပေးဖို့ လိုအပ်ပါတယ်

• အဆောက်အဦအတွင်းမှာ safe haven နေရာ သတ်မှတ်ချက် ရှိရပါမယ်

အဆောက်အဦအား ရှာဖွေခြင်း

လုံခြုံရေးအတွက် အဆောက်အဦကို ရှာဖွေတဲ့အခါမှာ အပြင်မှ အတွင်းသို့ ရှာဖွေခြင်း၊ အောက်မှ အထက်သို့ ရှာဖွေခြင်း၊ ပုန်းအောင်းနိုင်ဖွယ်ရာ နေရာများအား ရှာဖွေခြင်းဆိုပြီး နည်းလမ်း သုံးမျိုး ရှိပါတယ်။

ဒီလိုရှာဖွေတဲ့အခါမှာ ရှာဖွေရေးအဖွဲ့ရဲ့ လူအင်အား လေးပုံတပုံက ပြင်ပမှာ ရှာဖွေရပါမယ်၊ လူအင်အား လေးပုံတပုံက အများပြည်သူတွေ ဝင်ထွက်သွားလာလေ့ရှိတဲ့ နေရာတွေကို ရှာဖွေပြီး၊ ကျန်အင်အားတဝက်က အဆောက်အဦမှာရှိတဲ့ အခန်းများကို ပိုတ်စိပ်တိုက် ရှာဖွေရပါမယ်။

ပြင်ပရှာဖွေခြင်း (external searching) ပြုလုပ်တဲ့အခါ အဆောက်အဦရဲ့ ၂၅ မီတာဝန်းကျင်ကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေတဲ့အခါ ground level အနေနဲ့ အမှိုက်စွန့်ပစ်ရာ နေရာများ၊ ပန်းအိုးများ၊ ရေပန်းများ၊ ရေပိုက်များနဲ့အနီးမှာ ရပ်ထားတဲ့ ကားများကိုပါ စောင့်ကြည့်ရပါမယ်။

ပြီးတဲ့အခါ ground to roof level အနေနဲ့ ပြတင်းပေါက်ဘောင်များ၊ လေအေးပေးစက်များ၊ မီးကြိုးများနဲ့ ခေါင်းမိုးကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေပြီးတာနဲ့ အရေးကြီးနေရာများမှာ လူအဝင်အထွက် ထပ်မံပြုလုပ်ခြင်းကို တားဆီးခြင်း၊ အစောင့်ချထားခြင်း ပြုလုပ်ရပါမယ်။

အများပြည်သူ ဝင်ထွက်သွားလာမယ့် နေရာများအား ရှာဖွေခြင်း (searching for public places) ကို ပြုလုပ်တဲ့အခါ ဧည့်ခန်းဆောင်၊ လျှပ်စီးမီး၊ ပန်းအိုး၊ ကုလားထိုင်၊ စားပွဲ၊ မီးသတ်ဗူး၊ ဓာတ်လှေကား၊ ရေအိမ်များ၊ ဗွီဒိုများ၊ စတိုခန်းနဲ့ လျှပ်စစ်သုံးစက်ကိရိယာများကို ရှာဖွေရပါမယ်။

တခန်းဝင်တခန်းထွက် ရှာဖွေခြင်း (room to room searching) ကို ပြုလုပ်တဲ့အခါ ပထမဦးဆုံး အမြင်အာရုံကို အသုံးပြုပြီး လှည့်ပတ်ကြည့်ရပါမယ်။ ပြီးတဲ့အခါ အခန်းထဲမှာ လျှောက်ကြည့်ပြီး ခေတ္တခဏရပ်ခြင်းကို အခါခါ ပြုလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မူမှန်မဟုတ်တဲ့ အသံတွေကို ကြားရနိုင်ပါတယ်။

အခန်းကို ရှာဖွေတဲ့အခါ searching level လေးဆင့် ရှိပါတယ်။ ပထမ တဆင့်က floor to hip level ပါ။ ဒီအဆင့်မှာ ကော်ဇော၊ ကုလားထိုင်၊ စားပွဲ၊ ဗွီဒိုအသေး၊ မီးခလုတ် စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်က hip to eye levelပါ။

ဒီအဆင့်မှာ ဗွီဒိုကြီး၊ မီးခလုတ်၊ လေအေးပေးစက်၊ မီးခလုတ်နဲ့ စာအုပ်စင်စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်ကတော့ eye level to the ceiling ဖြစ်ပါတယ်။ ဒီအဆင့်မှာ အမြင့်မှာတပ်ဆင်ထားတဲ့ လေအေးပေးစက်၊ အသံချဲ့စက်၊ ပန်ကာ၊ မီးကြိုးများ စတာတွေ ပါဝင်ပါတယ်။ နောက်ဆုံးတဆင့်ကတော့ ceiling ဖြစ်ပါတယ်။ ceiling မှာ ရေးထားတဲ့ စာတွေ အပါအဝင် ရှိသမျှကို ကြည့်ရှုစစ်ဆေးရပါမယ်။

ရုံးခန်း လုံခြုံရေး

venues protection မှာ အရေးပါပုဂ္ဂိုလ် ရုံးထိုင်တဲ့ ရုံးခန်းဟာလည်း အလွန်အရေးကြီးပါတယ်။ ရုံးခန်းဟာ အောက်ဆုံး အထပ်မှာ မရှိသင့်ပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ ရုံးခန်းကိုသွားမယ်ဆိုရင် အခြားရုံးခန်းတွေရှေ့က (သို့မဟုတ်) ရုံးသူ ရုံးသား အများရှိနေသော စားပွဲများရှေ့က ဖြတ်သွားမှသာ ရောက်နိုင်ရပါမယ်။ ရုံးခန်းမှာ ပြတင်းပေါက်တွေရှိရင် ခန်းဆီးများ တပ်ရပါမယ်။ အရေးပါပုဂ္ဂိုလ် ရုံးထိုင်နေတာကို ပြင်ပကနေ အလွယ်တကူ မြင်နိုင်ခြင်း မရှိစေရပါဘူး။

ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ကြိုတင်ပြီး appointment ယူခိုင်းရပါမယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ရုံးခန်းအတွင်းကို ဝင်ရောက်စေတာထက် အများနဲ့တွေ့ဆုံရမယ့် outside office ဖန်တီးထားသင့်ပါတယ်။ အဲဒီမှာ အရေးပေါ်ခေါင်းလောင်း တပ်ဆင်ထားသင့်ပါတယ်။ ရုံး အဝင်အထွက်နေရာများနဲ့ ရုံးတွင်းက အရေးကြီးတဲ့နေရာများ၊ အချိုးအကွေ့နေရာများမှာ CCTV များ တပ်ဆင်ထားသင့်ပါတယ်။

ရုံးခန်းတံခါးတွေမှာ အမည်များ၊ ရာထူးများ သတ်မှတ်ရေးသားထားတာရှိရင် ဖယ်ရှားပြီး နံပါတ်များနဲ့ အစားထိုးရပါမယ်။ စတိုခန်းနဲ့ ရေအိမ်များမှာ လုံခြုံရေး ခလုတ်များနဲ့ဖွင့်ရမယ့် တံခါးများ ရှိသင့်ပါတယ်။ ဧည့်သည်များနဲ့ အများပြည်သူသုံး ရေအိမ်ကို သီးခြားထားသင့်ပါတယ်။ ရုံးအတွင်းမှာ အရေးပေါ်အချိန်မှာ နေထိုင်ရမယ့် safe room ထားရှိပြီး ဆက်သွယ်ရေးကိရိယာများ၊ အစားအစာနဲ့ ဆေးဝါးများကို အဆင်သင့်ထားရှိပါမယ်။

နိဂုံး

ကမ္ဘာတဝှမ်းက အရေးပါပုဂ္ဂိုလ်တွေကို လုပ်ကြံခံရမှုတွေမှာ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အစည်းအဝေးခန်းမ၊ လူထု အစည်းအဝေးတွေရဲ့ လုံခြုံရေးအခြေအနေ အားနည်းချက်တွေက အဓိက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် venues protection ဆိုင်ရာ အခြေခံအချက်အလက်များကို အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့်သူများနဲ့ အခြေအနေက တောင်းဆိုလို့ အရေးပေါ်တာဝန် ယူလိုက်ရမယ့်သူများအနေနဲ့ သိရှိနားလည်ထားဖို့ လိုအပ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၈၊ ၁၂၊ ၂၀၁၀)

ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်တင်ပြချက်

Review on the Flawed Election_Bur

Monday, December 6, 2010

ဒုတိယ ပင်လုံ သို့

အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းက
ပထမ အကြိမ် ပင်လုံညီလာခံနဲ့
နယ်ချဲ့လက်အောက်က လွတ်မြောက်စေခဲ့။

လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု
ဒုတိယ ပင်လုံညီလာခံရဲ့ အကျိုးဆက်
စစ်အာဏာရှင်လက်အောက်က
လွတ်မြောက်ဖို့ရန်
အမျိုးသားပြန်လည်သင့်မြတ်ရေး
တန်းတူရေးနဲ့
သွေးစည်းခိုင်မာရေးကို ရည်သန်ရဲ့။

တိုင်းရင်းသားစုံ ပြည်သူလူထုအားနဲ့
အလုပ်သမား လယ်သမား
ကျောင်းသားများစုံညီ
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်
ဒုတိယပင်လုံသို့ ချီတက်လှည့်။ ။

(ဒုတိယ ပင်လုံမှ ဒုတိယ လွတ်လပ်ရေးဆီသို့)

၁၂၊ ၄၊ ၂၀၁၀ (စနေနေ့)

သရုပ်ဖော် - အောင်ထက်

Friday, December 3, 2010

အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း


နိဒါန်း

ပဋိပက္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတွေမှာ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမ တမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။

လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီးကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့်လည်း VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ် သုံးနှုန်းပါတယ်။

ယေဘုယျအားဖြင့် လူသားတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက်လေ့ ရှိကြပါတယ်။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလည်း ခံယူလေ့ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံတနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေကျတော့ ကိုယ့်ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ရုံနဲ့တင် မလုံလောက်ပါဘူး။

အသက်အန္တရာယ် လုံခြုံရေးကို အနီးကပ်ကာကွယ် စောင့်ရှောက်ပေးနိုင်သူတွေ၊ သက်တော်စောင့်တွေကို အနီးမှာထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေကတော့ အုပ်ချုပ်ရေး ယန္တရားတွင်းမှာရှိတဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကို အသုံးပြုတတ်ကြပါတယ်။

အစိုးရအဖွဲ့ဝင်မဟုတ်တဲ့ ထင်ပေါ်ကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကကျတော့ နီးစပ်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်တွေကိုပဲ ဖြစ်ဖြစ်၊ ပရိုက်ဗိတ် လုံခြုံရေး အရာရှိများကို ငှားရမ်းပြီးပဲဖြစ်ဖြစ် တာဝန်ပေးအပ်ရပါတယ်။ ဒီလိုတာဝန်ပေးအပ်လို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်များက မိမိတို့ဘာသာ အသိစိတ်နဲ့ပဲဖြစ်ဖြစ် အနီးကပ် ကာကွယ်စောင့်ရှောက်မှုကို ပြုလုပ်တဲ့အခါ VIP/ Close Protection နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်လေးတွေ ရှိပါတယ်။

လုပ်ကြံမှု သီအိုရီ

လူတယောက်ကို အခြားလူတယောက်ကဖြစ်စေ၊ လူတစုကဖြစ်စေ သေစေလိုသော ရည်ရွယ်ချက်နဲ့ သတ်ဖြတ်လိုက်တဲ့အခါ ဒါကို သတ်ဖြတ်မှု (murder) လို့ ခေါ်ပါတယ်။ သားကောင်ဟာ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ဖြစ်နေခဲ့ရင်တော့ ဒါကို လုပ်ကြံမှု (assassination) လို့ ခေါ်ပါတယ်။

ဒီလိုလုပ်ကြံတဲ့အခါမှာ လုပ်ကြံသူတွေအနေနဲ့ ပထမဦးစွာ ပစ်မှတ်ကို ရွေးချယ်သတ်မှတ်ကြပါတယ် (subject selection)။ ပြီးရင် ပစ်မှတ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာပါတယ် (surveillance)။ ပစ်မှတ် သွားလာလေ့ရှိတဲ့ နေရာဒေသတွေရဲ့ ဝန်းကျင်အနေအထားတွေကို သုံးသပ်ပါတယ်။ ပစ်မှတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပါတယ် (intelligence gathering)။ ဒီအချက်တွေ ရပြီးတဲ့အခါမှာ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို ချမှတ်ပါတယ် (planning)။ ဒါတွေအားလုံးပြီးမှ အမှန်တကယ် လုပ်ကြံမှုကို ပြုလုပ်ပါတယ် (execution)။

ဒီလုပ်ကြံမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို နားလည်ပြီးမှ လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့ risk ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် contra measures တွေကို ချမှတ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ရဲ့ လုံခြုံရေးတာဝန်ယူထားသူများဟာ …

(၁) ခေါင်းဆောင်ရဲ့ ဝန်းကျင်အခြေအနေကို သိရပါမယ်။

(၂) ခေါင်းဆောင်ကို အန္တရာယ်ပြုနိုင်မယ့် ရန်သူအခြေအနေကို သိရပါမယ်။

(၃) အန္တရာယ်အဆင့်ကို သိရပါမယ်။ (အသက်အန္တရာယ်၊ ထိခိုက်အနာတရ ဖြစ်စေမှုအန္တရာယ်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု အန္တရာယ်)

(၄) အန္တရာယ်ပြုနိုင်မယ့် လူ (သို့) အဖွဲ့အစည်းတွေကို ခွဲခြား သတ်မှတ်ရပါမယ်။

(၅) လုပ်ကြံသတ်ဖြတ်မှုပြုလုပ်နိုင်တဲ့ အလားအလာရှိသူများ ခေါင်းဆောင်အနီးကို ရောက်မလာစေဖို့ သတိပြုရပါမယ်။ အလားအလာရှိသူတွေထဲမှာ အထီးကျန်သမားတွေ၊ ပြိုင်ဘက်တွေ၊ စိတ်ဖောက်ပြန်နေသူတွေ၊ အစွန်းရောက်တွေ ပါဝင်ပါတယ်။

ဒီလုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် အရေးပါသော ခေါင်းဆောင်ရဲ့ လုံခြုံရေးကို အနီးကပ် ကာကွယ်စောင့်ရှောက်ပေးရမယ့် close protection အဖွဲ့တခု ဖွဲ့စည်းထားရှိဖို့ လိုပါတယ်။

Close Protection အဖွဲ့

ဒီအဖွဲ့မှာ ယေဘုယျအားဖြင့် အဖွဲ့ငယ် ငါးမျိုးထပ်ခွဲလေ့ရှိပါတယ်။

(၁) personal escort team

(၂) advance team

(၃) ယာဉ်မောင်းအဖွဲ့

(၄) mobile support team

(၅) Command team


(၁) personal escort team

ဒီအဖွဲ့ငယ်ဟာ အရေးပါပုဂ္ဂိုလ်က နေရာ ‘အေ’ ကနေ နေရာ ‘ဘီ’ ကို သွားတဲ့အခါ နေရာ ‘အေ’ ကို ပြန်ရောက်ချိန်အထိ အရေးပါပုဂ္ဂိုလ်မှာ ဘယ်လိုထိခိုက်မှုမှ မရှိအောင် တာဝန်ယူရမယ့် အဖွဲ့ငယ် ဖြစ်ပါတယ်။

ဒီအဖွဲ့ငယ်မှာ အဖွဲ့ခေါင်းဆောင်၊ သက်တော်စောင့်၊ ရှေ့ကနေသွားရမယ့်သူ (point), နောက်မှလိုက်ပါမည့်သူ (tail), ဘယ်တောင်ပံလူ (left flank), ညာတောင်ပံလူ ( right flank) ပါဝင်ပါတယ်။

ဒီအဖွဲ့မှာပါတဲ့ အဖွဲ့ခေါင်းဆောင် (Team Leader) ဟာ တာဝန်အရှိဆုံးလူ ဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အရာအားလုံးကို နားရှင်ရှင်၊ မျက်စိရှင်ရှင်နဲ့ သုံးသပ်နိုင်ပြီး၊ လိုအပ်သလို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ သက်တော်စောင့် (Body Guard) ဟာ အရေးပါပုဂ္ဂိုလ် အနီးမှာ အချိန်ပြည့်ရှိနေရမယ့်သူ ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးခေါင်းဆောင်ဖြစ်ခဲ့ရင် အမျိုးသမီး သက်တော်စောင့် ထားရှိသင့်ပါတယ်။ ပွိုင့်၊ တေးလ်၊ ဘယ်တောင်ပံ၊ ညာတောင်ပံ လူတွေပါ ထပ်ထည့်လိုက်ရင် ခြောက်ယောက် ဖြစ်ပါတယ်။ အရံလူတယောက်ပါ ထပ်ထည့်ပြီး များသောအားဖြင့် ခုနစ်ယောက်ပါတဲ့ အဖွဲ့ငယ်လေးတွေကို ဖွဲ့လေ့ရှိပါတယ်။

(၂) advance team

အရေးပါပုဂ္ဂိုလ် မရောက်ခင်မှာ သူသွားမယ့်နေရာဒေသကို ကြိုတင်ရှင်းလင်းရေးလုပ်တဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ များသောအားဖြင့် အဖွဲ့ဝင် ခြောက်ယောက်ခန့် ပါဝင်လေ့ရှိပါတယ်။ အရေးပါပုဂ္ဂိုလ်က ဟိုတယ်တခုမှာ ညစာစားပွဲ သွားတဲ့အခါ ဒီအဖွဲ့ငယ်ဟာ ဟိုတယ်ရဲ့ ဝင်ပေါက်ထွက်ပေါက်၊ ဧည့်ကြိုနေရာ၊ လှေကား၊ ဓာတ်လှေကား၊ ဟိုတယ်ဝန်းကျင် စတာတွေမှာ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြိုတင်လေ့လာ ရှင်းလင်းရေးလုပ်ဖို့ ဖြစ်ပါတယ်။

အရေးပါပုဂ္ဂိုလ် ရောက်လာချိန်မှာ ဝန်းကျင်လုံခြုံရေး၊ လူ အဝင်အထွက် အခြေအနေ၊ သတင်းထောက်တွေရဲ့ လှုပ်ရှားမှု စတာတွေကို အကဲခတ်ပြီး၊ personal escort team နဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

(၃) ယာဉ်မောင်းအဖွဲ့

အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းတွေမှာပါဝင်တဲ့ ကားတွေကို မောင်းနှင်သူများ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်သူများ၊ အသောက်အစား ကင်းသူများ ဖြစ်ရပါမယ်။ ယာဉ်တန်းကို တိုက်ခိုက်ခံရတဲ့အခါ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို အဓိကထားပြီး၊ အန္တရာယ်ကြားကနေ ဆွဲထုတ်ရမယ့် အရေးကြီးဆုံး လူဖြစ်ပါတယ်။

အရေးပါပုဂ္ဂိုလ်မှာ ကားအရေအတွက် များများ သုံးနိုင်ခဲ့ရင် အသွား၊ အပြန်မှာ ရှေ့ကား၊ နောက်ကားတွေ ပြောင်းလဲ စီးသင့်ပါတယ်။ အသွားမှာ ဘယ်ဘက်ထိုင်ရင် အပြန်မှာ ညာဘက်ထိုင်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဒီလို လုံခြုံရေးလှည့်စားမှုတွေမှာ ယာဉ်မောင်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကိုယ့်ကားပေါ်မှာ အရေးပါပုဂ္ဂိုလ် အမှန်တကယ် မပါဘဲ ပါသယောင် မောင်းထွက်ပြီး၊ ရန်သူ့အာရုံကို လှည့်စားရတာတွေလည်း ရှိတတ်တာကြောင့် ယာဉ်မောင်းအဖွဲ့မှာ ပါမယ့်သူများကို စနစ်တကျ ရွေးချယ်ဖွဲ့စည်းရပါမယ်။

(၄) mobile support team

တိုက်ခိုက်ခံရမှုမှာ လက်နက်ပစ္စည်းနဲ့ စက်ကိရိယာ ပံ့ပိုးပေးတဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ များသောအားဖြင့် အစိုးရအဖွဲ့ဝင်တွေကို ကာကွယ်စောင့်ရှောက်ရေးမှာပဲ အသုံးပြုလေ့ရှိပါတယ်။ ပရိုက်ဗစ်လုံခြုံရေးမှာတော့ အသုံးပြုလေ့ မရှိပါ။

(၅) Operation Commander and administrative team

ဒီအဖွဲ့ငယ်မှာတော့ အနီးကပ်လုံခြုံရေး အဖွဲ့တခုလုံးကို ကွပ်ကဲရတဲ့ ကွယ်ကဲရေးမှူးနဲ့ နည်းပညာအရ၊ လုပ်ထုံးလုပ်နည်းအရ သူ့ကို ပံ့ပိုးပေးရမယ့် အုပ်ချုပ်ရေး လက်ထောက်များ ပါဝင်ပါတယ်။

Close Protection အဖွဲ့ဝင်

အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ လုံခြုံရေးကို အနီးကပ်တာဝန်ယူရတဲ့ လုံခြုံရေးအဖွဲ့ဝင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ အနီးကပ်လုံခြုံရေး အဖွဲ့ဝင်တွေဟာ သူတို့တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်နဲ့အတူ အများပြည်သူအကြားကို ဝင်ထွက်သွားလာရမယ့်သူများ ဖြစ်ပါတယ်။

တနည်းဆိုရင် သူတို့ဟာ အရေးပါ ပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ ဒါကြောင့် ဝတ်စားဆင်ယင်မှု၊ လူအများနဲ့ ဆက်ဆံမှုတွေမှာ သတိရှိဖို့ လိုအပ်ပါတယ်။ သူတို့တတွေဟာ လူအများနဲ့ ဆက်ဆံရေးမှာ ရည်ရည်မွန်မွန် ဆက်ဆံတတ်သူများ ဖြစ်ရပါမယ်။ အရေးပါပုဂ္ဂိုလ်ဟာ လူအများရဲ့ ဝန်းရံမှုကိုခံနေရတဲ့အခါ (သို့မဟုတ်) သတင်းသမားတွေရဲ့ ဓာတ်ပုံဝိုင်းရိုက်နေခြင်းကို ခံရတဲ့အခါ ရှေ့ဆက်သွားဖို့ လမ်းပိတ်နေတယ် ဆိုရင် လူထုကို အေးဆေးစွာနဲ့ဘဲ ဖယ်ရှားခိုင်းဖို့ ကြိုးပမ်းရပါမယ်။ လူထုကို တွန်းထုတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုပါတယ်။

နိုင်ငံတကာလုံခြုံရေးနဲ့ သံတမန် အသိုင်းအဝိုင်းမှာတော့ close protection အဖွဲ့ဝင်တယောက်မှာ PPSS ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

(၁) P- Personal

close protection အဖွဲ့ဝင်တယောက်ရဲ့ သွင်ပြင်လက္ခဏာဟာ ထက်မြက်တက်ကြွမှု ရှိရပါမယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။ အပြုသဘောနဲ့ ရှုမြင်တတ်မှု လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထိန်းချုပ်နိုင်သူ ဖြစ်ရပါမယ်။ စူးစမ်းလေ့လာတတ်သူဖြစ်ပြီး၊ တာဝန်ယူတတ်သူ ဖြစ်ရပါမယ်။ ဘယ်လောက်ပဲ စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူ ဖြစ်ရပါမယ်။

(၂) P- Physical


close protection အဖွဲ့ဝင်တယောက်ဟာ ကျန်းမာသန်စွမ်းသူ ဖြစ်ရပါမယ်။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ဝတ်စားနေထိုင်တတ်သူ ဖြစ်ရပါမယ်။ သက်တော်စောင့်ဟာ အရေးပါပုဂ္ဂိုလ်နဲ့ အလုံးအရပ်တူသူ ဖြစ်သင့်ပါတယ်။

(၃) S- Social

close protection အဖွဲ့ဝင်တယောက်ဟာ အရေးပါပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ လူအများကြားမှာ သွားလာ လှုပ်ရှားရမယ့်သူ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေး ဗဟုသုတ ရှိသူဖြစ်သင့်ပါတယ်။ စကားကို ရှင်းရှင်းလင်းလင်း ပြောတတ်ပြီး၊ လူအများနဲ့ ပြေလည်အောင် ဆက်ဆံနေထိုင်တတ်သူတွေ ဖြစ်ရပါမယ်။ အချိန်တိကျပြီး၊ ယုံကြည်စိတ်ချသင့်တဲ့ လူတွေ ဖြစ်ရပါမယ်။ လူအများနဲ့ ဆက်ဆံရာမှာ လမ်းဘေးစကားများ၊ ရိုင်းပျသောစကားများကို အသုံးပြုမှုမှ ရှောင်ကြဉ်ခြင်း၊ အပြုံးနှင့် ဆက်ဆံခြင်း၊ ကျေးဇူးတင်စကားပြောခြင်း စတဲ့ Professional Courtesy ကို ကျင့်သုံးနိုင်သူများ ဖြစ်ရပါမယ်။

အရေးပါတဲ့ ဘယ်ပုဂ္ဂိုလ်က ဘယ်အချိန်မှာ အစည်းအဝေးတက်ရမှာလို့ ရှေ့ကနေ လမ်းဖယ်ပေးပါဆိုတာထက် လမ်းဖယ်ပေးလို့ ရနိုင်မလား ခင်ဗျာ ဆိုတဲ့ စကားလုံးက လူအများနဲ့ ဆက်ဆံရေးကို ပိုကောင်းမွန်စေတတ်ပါတယ်။

(၄) S- Skills

ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများအား ခွဲခြားသိမြင်နိုင်မှု၊ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အခြေအနေများကို သိမြင်နိုင်မှု၊ အချိန်အခါနှင့် အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားတတ်မှု၊ ရှေးဦးသူနာ ပြူစုမှု၊ လိုအပ်ပါက အသုံးပြုနိုင်ရန် ကိုယ်လုံပညာများ တတ်ကျွမ်းမှု စတာတွေ ဖြစ်ပါတယ်။

နိဂုံး

ယခုဆောင်းပါးမှာ အရေးပါသော ပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ အဖွဲ့ဝင်များကို တိကျသော တာဝန်ပေးအပ်မှုများ လိုအပ်ကြောင်းနှင့် အဖွဲ့ဝင်များတွင် ရှိသင့်သည့် အရည်အချင်း လိုအပ်ချက်များကို ဖော်ပြထားခြင်း ဖြစ်ပါသည်။

VIP/ Close Protection နဲ့ပတ်သက်ပြီး အခြားသိသင့်သိထိုက်တဲ့ venue protection၊ foot protection၊ motorcades protection လမ်းကြောင်းတွင် တိုက်ခိုက်ခံရပါက လုပ်ဆောင်ရမည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် အန္တရာယ် အငွေ့အသက်များ စသည်တို့ကို သီးခြားဆောင်းပါးများဖြင့် ရေးသားဖော်ပြပါမည်။

ခင်မမမျိုး
(၃၊ ၁၂၊ ၂၀၁၀)

စနစ်တကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပါ (လူထုစိန်ဝင်း)

ကွယ်လွန်သူ စာရေးဆရာ ကဗျာဆရာများအကြောင်း လွမ်းစာတွေရေးကြတဲ့အခါမှာ အရက်ဆိုင်ထဲ အရက်သောက်ရင်း ပြောကြဆိုကြတာတွေ အရေးများနေတဲ့အကြောင်း မကြာမီက ရေးလိုက်ပါတယ်။

စုတုပြု

ကွယ်လွန်သူတွေရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေရုံသာမက စာကဗျာဝါသနာပါတဲ့ လူငယ်လေးတွေ အတုယူမှားဖွယ် ဖြစ်စေတာကြောင့် ရေးလိုက်တာပါ။ လူ့ဦးနှောက်ဆိုတာ 'စုတုပြု' ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဖြည်းဖြည်းချင်းနှင့် တဆင့်ပြီး တဆင့် ဖွံ့ဖြိုးလာတာ ဖြစ်တယ်။ ရှေ့ကပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို နောက်လူတွေက အတုယူကြတယ်ဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ ဖြစ်တယ်။

ကျွန်တော်တို့ခေတ်က စာပေသမားမှန်ရင် လက်ဖက်ရည်ကျကျကို တနေ့ ကိုးခွက်၊ ၁၀ ခွက် သောက်လေ့ရှိတယ်။ အများစုက ဆရာဗန်းမော်တင်အောင်ရဲ့ ဇာတ်လိုက်တွေကို အားကျအတုယူခဲ့ကြတာ ဖြစ်တယ်။ တချို့ကျတော့ သူတို့ကြိုက်တဲ့ စာရေးဆရာတွေ ထိုင်တယ်ဆိုတဲ့ 'တာဝှာ'ဘား တို့ 'ကျုံဝှာ'ဘား တို့မှာ သွားထိုင်ကြတယ်။ နောက်ပိုင်းလူငယ်တွေကျတော့ ကဗျာဆရာတွေ အထိုင်များတယ်ဆိုတဲ့ ရေကျော်နဲ့ ၄၂ လမ်းက အရက်ဆိုင်တွေမှာ ကြက်ရိုးသုပ်နဲ့ ပျော်ကြတယ်။

သစ္စာရှိပြီး မေတ္တာကြီးမား

တချို့စာရေးဆရာ ကဗျာဆရာတွေ အရက်ကြိုက်လို့ သောက်ကြတယ်။ တချိန်တည်းမှာ သူတို့ဟာ စာရေးဆရာကောင်း၊ ကဗျာဆရာကောင်းတွေ ဖြစ်ကြတယ်။ စားဝတ်နေရေး ပြည့်စုံအောင် တာဝန်မယူနိုင်ပေမယ့် အများစုဟာ သစ္စာရှိပြီး မေတ္တာကြီးမားတဲ့ လင်ယောက်ျားနဲ့ ဖခင်တွေ ဖြစ်ကြတယ်။

သူတို့သားသမီးတွေရဲ့ စိတ်ထဲမှာ သူတို့အဖေဟာ အရက်သမားကြီးပါလားဆိုတဲ့ အရိပ်မည်းကြီး လွှမ်းမိုးနေအောင် မလုပ်သင့်ကြပါဘူး။ သူတို့အဖေများဟာ ဘယ်လောက် ကောင်းတဲ့စာတွေ၊ ကဗျာတွေ ရေးခဲ့ကြသူတွေဖြစ်တယ်ဆိုတဲ့ ဂုဏ်ယူစိတ်နဲ့ ကြီးပြင်းလာစေသင့်ပါတယ်။ သိမ်ငယ်စိတ်နဲ့ ကြီးပြင်းလာရတဲ့ ကလေးများဟာ တသက်လုံး ကြောက်စိတ်ကြီးမားနေတတ်ပြီး လူတောမတိုး ဖြစ်သွားတတ်ပါတယ်။

လွမ်းစာ အရေးကောင်းသူ

အမေ လူထုဒေါ်အမာဟာ ကွယ်လွန်သူများရဲ့ အကြောင်းရေးတဲ့နေရာမှာ အင်မတန် ကောင်းလှတယ်လို့ အမေ့ ဆရာတွေဖြစ်ခဲ့တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကိုယ်တိုင် မှတ်ချက်ချခဲ့ကြပါတယ်။ ဒါတောင်မှ တချို့က ကွယ်လွန်သူများရဲ့ ဘဝအစိတ်အပိုင်းတချို့ကို ချန်လှပ်ရေးသားမှုနဲ့ပတ်သက်ပြီး သဘောမတူနိုင်ခဲ့ကြဘူး။ ဘယ်သူက အရက်သမားဖြစ်ပြီး ဘယ်သူက ဘိန်းစွဲသူဖြစ်တယ်။ ဘယ်သူက မိန်းမ ဘယ်နှယောက်ယူပြီး၊ ဘယ်သူက ယောက်ျား ဘယ်နှယောက်နဲ့ ညားခဲ့တယ် ဆိုတာမျိုးတွေကိုပါ အမှန်အတိုင်း ထည့်ရေးသင့်တယ်လို့ ဆိုသူက ဆိုခဲ့ကြတယ်။

အမေ လူထုဒေါ်အမာကတော့ ပြည်သူချစ်သော အနုပညာရှင်တွေရဲ့ အနုပညာအစွမ်းထက်ပုံနဲ့ ကြိုးစားအားထုတ်ပုံတွေ အကြောင်းရေးမှ နှောင်းလူတွေအတွက် အကျိုးရှိစေတယ်။ ဘယ်သူ ဘယ်လောက် အရက်သောက်ပြီး ဘယ်လောက် ဖဲကစားကြောင်း၊ မိန်းမ ဘယ်နှယောက်ယူကြောင်း ဇွတ်တွေရေးလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ပြောလေ့ ရှိပါတယ်။

လူထုကျောင်းထွက်

စာရေးဆရာတိုင်းဟာ ကိုယ့်ခံယူချက်နဲ့ကိုယ် ရေးကြတာ ဖြစ်တယ်။ အမေမာကတော့ သူ့ခံယူချက်အတိုင်း ပြည်သူချစ်သော အနုပညာသည်များအကြောင်း ရေးခဲ့တယ်။ သူ့ဆရာတွေက ချီးကျူးစကားဆိုခဲ့သလို စာဖတ်ပရိသတ်များကလည်း နှစ်သက်ကြတယ်။ ကိုယ်တိုင်ကလည်း 'လူထု ကျောင်းထွက်' ဖြစ်တာကြောင့် အနုပညာသမားတွေအကြောင်း လွမ်းစာရေးကြတဲ့အခါမှာ သူတို့ရဲ့အနုပညာတွေအကြောင်းပဲ မီးမောင်းထိုးပြသင့်တယ်လို့ ယူဆသူ ဖြစ်တယ်။

သီချင်းတပုဒ်အကြောင်းရေးတဲ့အခါမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီသီချင်းရေးဖြစ်တဲ့အကြောင်း၊ သီချင်းရဲ့ သံစဉ်တွေကို ဘယ်လိုရှာတဲ့အကြောင်း၊ စာသားနဲ့ စကားလုံးတွေရအောင် ဘယ်နည်း ဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတဲ့အကြောင်း စတာမျိုးတွေက ဘယ်အချိန်မှာ ဘယ်သူနဲ့ ဘယ်လိုအရက်မျိုးသောက်ပြီး ရေးတယ် ဆိုတာမျိုးတွေထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ယူဆတယ်။

ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်တာ မကောင်း

ဘယ်နေရာမှာဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကို သိပ်ပြီးရှေ့တန်းတင်တာ မကောင်းဘူး ထင်တယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ အာဏာရှင်စနစ်ဆိုတာ ပုဂ္ဂိုလ်ကိုးကွယ်မှုလွန်ကဲရာက ပေါ်ပေါက်လာတာ ဖြစ်တယ်။ မြို့မငြိမ်း အကြောင်း ရေးမယ်ဆိုရင် မြို့မငြိမ်းရဲ့ အနုပညာအတိမ်အနက်ကို စနစ်တကျ လေ့လာ သုတေသနပြုပြီး သီချင်းတပုဒ်ချင်းစီရဲ့ သံစဉ်တွေဟာ ဘယ်လိုသံစဉ်တွေဖြစ်ပြီး ဘယ်လို ရှာယူခဲ့ရကြောင်း၊ စာသားတွေကိုလည်း ဘယ်လို ရှာခဲ့ကြောင်း ခွဲခြမ်းစိတ်ဖြာ ရေးပြမယ်ဆိုရင် နောင်လာနောက်သား ဂီတဝါသနာရှင်တွေအတွက် အများကြီး အကျိုးရှိစေနိုင်ပါလိမ့်မယ်။

မြို့မငြိမ်းရဲ့ ပုံရိပ်

မြို့မငြိမ်းအကြောင်း ရေးတဲ့စာတွေ အများကြီး ဖတ်ခဲ့ဖူးတယ်။ မြို့မငြိမ်းရဲ့ သားတွေကိုယ်တိုင်ရေးတဲ့ စာတွေလည်း ဖတ်ခဲ့တယ်။ မှန်တာပြောရရင် ဒီနေ့ထိ အားရကျေနပ်လောက်တဲ့ စာမျိုးမတွေ့သေးဘူးလို့ပဲ ပြောချင်တယ်။ စာတွေထဲမှာ ဖတ်ရတဲ့ မြို့မငြိမ်းက သေးနေ ငယ်နေတယ်။ အားလုံးရဲ့အရေးအသားတွေက မြို့မငြိမ်းရဲ့ စကားလုံးနဲ့ စာသားတွေ ဘယ်လောက်နူးညံ့လှပပြီး ဘယ်လောက် ကဗျာဆန်ကြောင်း၊ မြို့မငြိမ်း သီချင်းအရေး ဘယ်လောက်ကောင်းကြောင်း ညွှန်းဖွဲ့တာတွေပဲ များတယ်။

အားလုံးခြုံ နိဂုံးချုပ်လိုက်တော့ မြို့မငြိမ်းဆိုတာ စာသားနဲ့ စကားလုံးလှလှလေးတွေ ရွေးချယ် သီကုံးတတ်တဲ့ သီချင်းရေးဆရာတယောက်ဖြစ်တယ် ဆိုတဲ့ပုံရိပ်ပဲ ပေါ်လွင်ထင်ရှားလာခဲ့တယ်။

အဆပေါင်းများစွာမြင့်တဲ့

သီချင်းအရေးကောင်းတဲ့ သီချင်းရေးဆရာဆိုတဲ့ ပုံရိပ်ဟာ မြို့မငြိမ်းကို ဂုဏ်ပြုရာမရောက်ဘဲ သေးသိမ်အောင် နှိမ့်ချပြောဆိုလိုက်တာလို့ ခံစားရတယ်။ တကယ်တော့ မြို့မငြိမ်းဟာ သာမန်စကားလုံးလှလှလေးတွေ ရေးတတ်တဲ့ သီချင်းရေးဆရာ သက်သက်ထက် အဆပေါင်းများစွာ မြင့်မားတဲ့ ဂီတပညာရှင်ကြီးတယောက် ဖြစ်တယ်လို့ ဆိုချင်တယ်။ စိန်ဗေဒါကြီးဟာ သာမန် ဆိုင်းဆရာတယောက်မဟုတ်တဲ့ ဂီတအနုပညာရှင်ကြီးတယောက် ဖြစ်သလို ဆရာငြိမ်းဟာလည်း သာမန် သီချင်းရေးဆရာတယောက်မျှသာ မဟုတ်ပါဘူး။ ဂီတ အနုပညာရှင်ကြီးတယောက်ပါ။

သရီးဒီ သံစဉ်တွေ

မြို့မငြိမ်းရေးခဲ့တဲ့ သီချင်းတိုင်းလိုလိုမှာ စကားလုံး စာသားအလှတင်မက တေးသွားသံစဉ်တွေပါ ရောင်စုံဖြာယှက်ပြီး လှနေတယ်၊ ကြွနေတယ်၊ ခေတ်စကားနဲ့ပြောရရင် သရီးဒီသံစဉ်တွေလို့ ပြောနိုင်တဲ့ သီချင်းတွေ အများကြီး တွေ့နိုင်တယ်။ အတော်များများဟာ ရှေးရိုးမြန်မာသံစဉ်မျိုးတွေနဲ့ မတူကွဲပြားခြားနားနေတာကိုလည်း ဂီတနားရှိသူတိုင်း သိနိုင်ကြတယ်။

တချို့သီချင်းတွေမှာ ဘီသိုဗင်ရဲ့သံစဉ်နဲ့ ဆင်နေတာတွေ တွေ့ရသလို တချို့သီချင်းကြတော့ မိုးဇက်ရဲ့ တီးလုံးလိုလို ထင်ရတာမျိုးတွေ တွေ့နိုင်တယ်။ ဆရာငြိမ်းဟာ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်ထိရောက်အောင် ဆွဲတင်ဖို့ ကြိုးစားနေသူ ဖြစ်တယ်။ သာမန် သီချင်းရေးဆရာတယောက် သက်သက်မဟုတ်ဘူး။ ဂီတဗေဒပညာရှင် (Musicologist) ဖြစ်တယ်။

မဏ္ဍပ်တိုင် တက်ပြကြတာ

စိန်ဗေဒါကိုသွားပြီး ဆိုင်းတီးကောင်းတယ်လို့ပြောလိုက်တာဟာ ချီးကျူးရာ မရောက်ဘဲ စော်ကားသလို ဖြစ်စေတယ်ဆိုတာ သိဖို့ ကောင်းတယ်။ စာရေးသူအတော်များများက သူတို့ရေးတဲ့ ပုဂ္ဂိုလ်အကြောင်း ရေးချင်တာထက် သူတို့အကြောင်း မဏ္ဍပ်တိုင်တက်ပြချင်ကြတာ များကြတယ်။

အဲဒီအကြောင်းကို 'ဆင်ဖြူတော်မှီ ကြံစုပ်တဲ့စာတွေ' ဆိုတဲ့ခေါင်းစဉ်နဲ့ မဂ္ဂဇင်းတစောင်မှာ ရေးခဲ့ဖူးသေးတယ်။ ဆင်ဖြူတော်မှီ ကြံစုပ်တာလည်း လူ့သဘာဝ၊ မဏ္ဍပ်တိုင်တက်ပြချင်တာလည်း လူ့သဘာဝမို့ အပြစ်မပြောချင်ပါဘူ့း။ ဒါပေမယ့် အရေးခံပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်သင့်ကြတယ်။

လူကို စိတ်မဝင်စားပါနဲ့

လူငယ်တွေကို အထူးသဖြင့် ပြောချင်တာက လူပုဂ္ဂိုလ်ကို စိတ်ဝင်စားတာထက် သူတို့ရဲ့လုပ်ရပ်တွေကို ပိုပြီး စိတ်ဝင်စားလေ့လာပါဆိုတာ ဖြစ်တယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ အရက်သောက်တဲ့စာတွေသာ ဖတ်နေရပြီး သူတို့ရေးခဲ့တဲ့ ကဗျာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ပြတဲ့စာမျိုးတွေတော့ အတွေ့ရ အင်မတန် နည်းပါတယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ဟာ သာမန် ကဗျာဆရာဆိုတဲ့အဆင့်ကို လွန်မြောက်ခဲ့သူတွေပါ။ သေးသိမ်အောင် မလုပ်ကြစေချင်ဘူး။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Wednesday, December 1, 2010

အငတ်စာ (နိဂုံးပိုင်း)

“အကြောင်းတွေ အများကြီး ရှိမှာပါ … ဒါပေမယ့် ငတ်တာလည်း အကြောင်းတခုပဲ အဘရဲ့။ သမီးလည်း မျောက်ကလေးတွေကို သနားတယ် … ဒါ့ထက်များများ ကျွေးချင်တယ်။ မျောက်စာထဲမှာ ဒါ့ထက်များများ ပိုထည့်နိုင်ရင် ကောင်းမှာပဲလို့ ထင်တယ်။ ဒါပေမယ့် သမီးက မျောက်စာထုပ်တောင် ကိုယ့်ဖာသာ ထုပ်နိုင်တဲ့သူ မဟုတ်ဘူး။ သူများ ထုပ်ပေးတဲ့ အထုပ်တွေကိုယူပြီး ပြန်ရောင်းစားရတဲ့ဘဝပါ။

ကိုယ့်ဖာသာ မျောက်စာထုပ်နိုင်အောင် သမီး မြေပဲ များများ ဝယ်မထားနိုင်ဘူး။ ပြောင်းဖူးစေ့များများ ပဲများများ ဝယ်မထားနိုင်ဘူး။ နောက်ပြီး မျောက်ကလေးတွေကမှ မြေပဲ စားရသေးတယ် … သမီး မြေပဲမစားရတာ ကြာလှပြီ အဘရယ် … ဈေးနှုန်းတွေ ဘယ်လောက်တက်နေတယ် ဆိုတာ အဘတို့အသိ … လူတွေ ဘယ်လောက်ကျပ်တည်းတည်းတယ်ဆိုတာ အဘတို့အသိ … ကျပ်တည်းတဲ့ဘဝမှာ သမီးဆို အလယ်တန်းအောင်ပြီး စာတော်လျက်နဲ့ ကျောင်းကထွက်ပြီး မျောက်စာ ရောင်းနေရတယ်”

မိန်းကလေးက ခဏနားပြီးမှ ဆက်ပြောပါသည်။

“တချို့ မျောက်စာ ကိုယ့်ဖာသာ ထုပ်ရောင်းသူလည်း ရှိတယ် … တချို့လည်း သမီးလိုပဲ သူများဆီက ယူရောင်း၊ ရောင်းပြီးမှ ငွေပြန်သွင်းရတယ်။ မျောက်စာထုပ်တန်ဖိုးထဲမှာ မျောက်စာအတွက်လည်းပါ … မျောက်စာအတွက် ရင်းနှီးပြီး အထုပ်ထုပ်တဲ့သူတွေရဲ့အမြတ်လည်း ပါ … မျောက်စာထုပ်တဲ့သူတွေကလည်း သူတို့မြေပဲတွေ ပြောင်းဖူးစေ့တွေ အခြောက် လှမ်းထားတုန်း မျောက်တွေ အတင်းဝင်လုစားကြလို့ ဘယ်လောက်တောင် ပါသွားတယ်၊ ကုန်ဈေးနှုန်းတွေက ဘယ်လောက်တောင် ကြီးနေတယ်ဆိုပြီး အဘတို့ကို ငိုမပြရင် ကံကောင်း …

သမီးတို့လို အရောင်းသမတွေကတော့ တချို့လည်း ဒီတောင် ကလပ်ရွာက … တချို့က ပုပ္ပားရွာမကြီးက … အဲဒီကနေ တောင်ကလပ်အထိ အထုပ်အထမ်းတွေနဲ့ မိနစ်လေးဆယ်၊ တနာရီလောက် လမ်းလျှောက်လာ … ဒီမှာလည်း တနေကုန် တမတ်တတ်တတ် အာကွဲမတတ် တစာစာနဲ့ ဈေးခေါ်ရ … ဒီမျောက်စာထုပ်ရဲ့ တန်ဖိုးထဲမှာ သမီးတို့ရဲ့လုပ်အားခလူစာလည်း ပါရမှာပေါ့ … ဒါလေးရမှ သမီးတို့ မငတ်မှာ … မဟုတ်ဘူးလား အဘရယ်”

သူ့အမေးကို မဖြေနိုင်ရုံမက သူ့မျက်နှာကို မကြည့်ရဲအောင် အားနာနေမိသည်။

“မျောက်ကလေးတွေ အသက်မသေအောင် ကျွေးမွေးလှူဒါန်းနိုင်သူ ရှားပါးလာတာ လူတွေရဲ့သဒ္ဓါတရား နည်းပါး သွားကြလို့လား၊ သမီးတော့ စဉ်းစားကြည့်မိတယ် … လူတွေ တိုးတိုးပြီး ငတ်လာကြသလားလို့ … သမီးပတ်ဝန်းကျင်က အခြေအနေတွေကြည့်ပြီး ဒီလို စဉ်းစားမိတာပါ … မိုးကလည်း ခေါင်တယ်၊ ခွေးကလည်း ဟောင်တယ်၊ မြက်တွေ ပိုပိုပြီး ခြောက်လာတယ်၊ နွားတွေ ပိုပိုပြီး ငတ်လာတယ် …

လူတွေကကော … တောင်ကလပ်မှာသာ အဆောက်အဦသစ်တွေ တိုးလာတာပါ … သမီးတို့ အခြေအနေမှန်ကို သိချင်ရင် သမီးတို့ရွာ မီးတို့အိမ်ကို လာကြည့်မှသိမယ် … စကားဝါပန်း တက်ချိုးရင်း သစ်ပင်ပေါ်က ပြုတ်ကျသေသူတွေ … အငတ်ဒဏ်မခံနိုင်လို့ လွင့်သွားရသူတွေ … ကိုယ့်ကိုယ်ကို သတ်သေသွားသူတွေ …”

မိန်းကလေးက သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်က မိန်းကလေးကိုကြည့်ရင်း ဒါလောက် ရင်ဖွင့်စကားတွေ ပြောတတ်အောင် သင်ပေးလိုက်သည့် သူ့ဘဝအကြောင်းကို တွေးနေမိသည်။

“သမီးပြောချင်တာကတော့ မျောက်တွေလည်း ငတ်နေတယ် … သမီးတို့လိုလူတွေလည်း ငတ်နေတယ် … အဘတို့ ဝယ်လိုက်တဲ့ မျောက်စာထုပ်တန်ဖိုးထဲမှာ မျောက်စာအတွက်လည်း ပါတယ် … လူစာအတွက်လည်း ပါတယ် …

အဘတို့ အလှူဒါနဟာ မျောက်စာအတွက်လည်း ကုသိုလ်ရသလို လူစာအတွက်လည်းကုသိုလ်ရပါတယ် … ကိုယ်တတ်စွမ်းသမျှ အငတ်ဘေးကျနေသူတွေအတွက် အလှူဒါနပြုလိုက်ရတယ်လို့ပဲ သဘောထားလိုက်ပါ အဘရယ်” တဲ့။

ဦးဖြူမင်းလည်း ဘာမှ မပြောနိုင်ဘဲ ငေးငိုင်နေပါသည်။ ကျွန်တော်လည်း ထို့အတူ။ တောင်ခြေမှာလည်း မြူမင်များ ဆိုင်းလာသည်ဟု ထင်လိုက်မိပါသည်။

သရုပ်ဖော် - အောင်ထက်

အရေးတော်ပုံ ဂျာနယ် အတွဲ ၁၊ အမှတ် ၁ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

ကာလဝိပါက် နောက်ပိုးတက် (ကာတွန်း စောငို)

Tuesday, November 30, 2010

အငတ် - ဆောင်းလူ

SungLuu

အငတ်စာ (အပိုင်း - ၂)

“ဒီမှာ ကိုဘညွန့် … ကြည့်စမ်းပါဦးဗျာ”

ဦးဖြူမင်းက လှမ်းပြောသဖြင့် ကျွန်တော်သူ့ဘက်သို့ လှည့်လိုက်ရသည်။

“မျောက်စာထုပ်တဲ့ … ဘာတွေပါသလဲလို့ ကျုပ် ဖြေကြည့်လိုက်တာ … ကြည့်စမ်းပါဦးဗျာ၊ ပြောင်းဖူးစေ့ ဆယ်စေ့လောက်၊ မြေပဲစေ့က ခုနစ်စေ့ ရှစ်စေ့လောက်နဲ့ ကျန်တာက အဖိုးမတန်တဲ့ ပဲကလေးတွေ ကတော့ထိုးပြီး ထည့်ထားတာ … ကျုပ် ရှစ်ထောင် တသောင်း ဖိုးဝယ်တာ ဘယ်လောက်မှလည်း များများမရဘူး … မျောက်စာတထုပ်မှာ ပါတဲ့ ပဲစေ့ ပဲဆန်တွေကလည်း နည်းနည်းလေးပါတာ၊ ကျုပ်နည်းနည်းမှ မကျေနပ်ဘူးဗျာ … ကျုပ်ပိုက်ဆံတွေ မျောက်စာအတွက် ပေးလိုက်ရတာ မဟုတ်ဘူး၊ လူစာအတွက် ပေးလိုက်ရတာဗျ … သိလား … လူစာအတွက်”

ဦးဖြူမင်းက အတော်အသုံးမကျတဲ့သူတွေ၊ တကိုယ်ကောင်းသမားတွေ၊ လူလိမ်တွေဆိုပြီး ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲ ရေရွတ်နေသည်။ ရော … ကိုဖြူမင်းတယောက် ကုသိုလ်တပဲ ငရဲတပိဿာ ဖြစ်နေပါရော့လား။

သူ့ဘဝတလျှောက်လုံး တကိုယ်ကောင်းသမားလုပ်လာတာကျ ကိုယ်ကိုယ်ကို ပြန်မမြင်နိုင်ပါလား။

“အေးဗျာ … မျောက်စာထုပ်တွေက သိပ်တော့ မတန်လှဘူး ထင်ရပါတယ်။ ဒါပေမဲ့ ကိုဖြူမင်းရယ် … သူတို့မှာလည်း သူတို့အကြောင်းနဲ့သူတို့ ရှိကြမှာပေါ့ဗျာ”

“ဘာအကြောင်းရှိရှိဗျာ … မျောက်စာအတွက်ဆိုပြီး လူစာအတွက် ဒီလိုလိမ်မယူသင့်ဘူးဗျ … ကျုပ်တော့ မကျေနပ်ဘူး … အလကား အောက်တန်းစားတွေ၊ အောက်တန်းစားပီပီ စိတ်ထား ညံ့တယ်”

ဒီစကားကိုတော့ ကျွန်တော်က မကျေနပ်လှပါ။ ဒါပေမယ့် သူ့ကို ဖြေသိမ့်ပေးရမယ့်အချိန်မို့ …

“ဘုရားဖူးလာတဲ့အချိန်မှာ ဒီကိစ္စကို ဒါလောက်လည်း စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့ ကိုဖြူမင်းရာ … ဒါပေမယ့် ခင်ဗျား ဘဝင်မရှင်းရင် ဒီမျောက်စာရောင်းတဲ့ကလေးမကို တောင်ခြေကျ အကျိုးအကြောင်း ကျုပ် မေးပေးပါ့မယ်”

ဦးဖြူမင်း ခပ်တွေတွေ ဖြစ်နေချိန်တွင် ပြန်ဆင်းကြစို့ ဟုပြောပြီး ကျွန်တော်တို့နှစ်ယောက် တောင်ကလပ်ထိပ်မှ ဖြည်းဖြည်းချင်း ဆင်းလာသည်။ တောင်ခြေရောက်တော့ မောလည်းမော၊ ညောင်းလည်း ညောင်းနေသဖြင့် ဦးဖြူမင်း၏ ဒေါသစိတ်များ အတော်အတန် လွင့်ပါးသွားပုံရသည်။

တောင်ခြေတွင် ကျွန်တော်တို့ကို မျောက်စာရောင်းလိုက်သည့် ကလေးမကို အဆင့်သင့်ပင် တွေ့ရပါသည်။

သူကလည်း ကျွန်တော်တို့နှစ်ယောက်ကို ဂရုပြုမိဟန်ဖြင့် “အဘတို့ မောလာကြပြီထင်တယ်” ဟုဆိုကာ သူ့ဘေးရှိ သောက်ရေအိုးငယ်ကလေးမှ ရေတခွက် ခပ်ကာ ကမ်းပေးလာပါသည်။ “ကျေးဇူးပါပဲ သမီးရယ်” ဟု ဆိုကာ ကျွန်တော်က သူ့စေတနာ ရေတခွက်ကို လက်ခံလိုက်ပြီး အုတ်ခုံပေါ် ထိုင်ချလိုက်သည်။ ဦးဖြူမင်းလည်း မောမောနှင့် ကျွန်တော့်ဘေးတွင် ဝင်ထိုင်သည်။

“သမီးကို အဘတို့ မသိလို့မေးရဦးမယ် … စိတ်မဆိုးနဲ့နော်… သမီးတို့ မျောက်စာထုပ်ကလေးတွေက မျောက်စာပါတာ နည်းသလားလို့ ထင်နေမိတယ်”

မိန်းကလေးက အတော် သွက်သွက်လက်လက် ချက်ချက်ချာရှိပြီး ရည်မွန် အကင်းပါးပုံရပါသည်။

“အမှန်ပဲ နည်းပါတယ် အဘရယ်”

ကျွန်တော်တို့နှစ်ယောက်စလုံး ဟင်ခနဲ ဖြစ်သွားမိသည်။

“နောက်ပြီး ဒီက အဘကလည်း မျောက်စာထုပ်ရဲ့တန်ဖိုးငွေဟာ မျောက်စာအတွက် ပေးရုံတင်မက လူစာအတွက်ပါ ယူထားတယ်လို့ ထင်နေတယ်ကွဲ့”

“ဒါလည်း အမှန်ပါပဲ အဘရယ်”

ကျွန်တော်တို့နှစ်ယောက် ဘာဆက်မေးရမှန်းမသိ ဖြစ်သွားကြပါသည်။

“သမီးပြောပြပါမယ် … မျောက်ကလေးတွေ သိပ်ငတ်နေကြတာ အဘတို့အမြင်ပဲ။ ကျွေးတာကို မစောင့်နိုင်ဘဲ အတင်းဝင်လုနေတာကိုပဲကြည့်။ လူတွေကလည်း အရင်ကလောက် လှူဒါန်းနိုင်တဲ့သူတွေ သိပ်မများတော့ဘူး။ မျောက်တွေလည်း တဖြည်းဖြည်း နည်းလာတယ်။ ဘာကြောင့် နည်းသွားတယ်လို့ အဘတို့ ထင်သလဲ”

ကျွန်တော်တို့နှစ်ယောက် မဖြေနိုင်။

ဆက်လက်ဖော်ပြပါမယ်။