ရွှေသမင်ညိုက အရိပ်အယောင်ပင် မပြ။ အိမ်ဘေးက ပတ်လည်း မမြင်၊ နောက်ဆုံး ညိုတို့နောက်ဖေး ခြံစည်ရိုးဘက်မှ လှည့်ချောင်းရန်ကြံသည်။ ဆူးခြုံပေါသော စည်းရိုးဘေး ကုပ်ကတ်သွားပြီး ညိုတို့နောက်ဖေးဘက်ကို သူ ကြည့်သည်။
နောက်ဖေး ရေကပြင်တွင် ပက်လက်ကုလားထိုင်ဖြင့် ငိုက်မြည်းနေသူတဦးကို ညိုက နောက်မှသိုင်း၍ မျက်နှာအိုးမည်းသုတ်လိုက်သည်ကို အုန်းသိန်း မြင်လိုက်၏။ ထိုသူ လန့်နိုးပြီး ရယ်မောကာ မျက်နှာကိုပွတ် လက်မှာပေလာသော အိုးမည်းဖြင့် ညို့လက်မောင်းကို လှမ်းသုတ်သည်ကိုလည်း အုန်းသိန်း တွေ့လိုက်သည်။ မသက်မသာမျက်နှာဖြင့် ထွက်ခွာသွားသော အုန်းသိန်းကို အဘမောင် နှီးထိုင်ဖျာနေရာမှ လှမ်းမြင်လိုက်ပြီ။ ဒီကောင် ဆူးခြုံကြားထဲအထိ လာချောင်းနေပါကလားဟု သတိပြုမိလိုက်သည်။
xxxxx xxxxx xxxxx
တကယ်တမ်းကျတော့ မခင်အေး ကြိုတင်စီစဉ်ထားသလို မှင်မသေနိုင်။ အုန်းသိန်း၏အမေးကို အေးဆေးစွာ ဖြေရမည့်အစား ရင်ထဲ ထိတ်ပျာသွားသေးသည်။ ဒါကို ဂရုတစိုက်ရှိမိသော အုန်းသိန်း ပို၍ ဘဝင်မကျ။
“တောကလာတာပါဟာ၊ တကယ့်ကို ကားမမြင်ဘူး ရထားမမြင်ဘူးတဲ့နေရာက”
မခင်အေး အဖြေကြောင့် တောဘူတာရုံ မနီးမဝေးနေပြီး အိမ်မှာ မီးစက်နဲ့နေနိုင်တဲ့ ငါ့လောက်တော့ ဘယ်မီမလဲဟု အုန်းသိန်း တွေးမိသည်။
“အလကားပါဟာ … သိပ်ပြီး ကျပ်ပြည့်တာတောင် မဟုတ်ဘူး”
အုန်းသိန်း စိတ်ဝင်စားမှုလျှော့ပါးအောင် မခင်အေး ပါးစပ်ထဲတွေ့ကရာ ပြောလိုက်သည်။ စိတ်တော့ မချရသေး။ ညို့အနီး ရောက်လာသော ယောင်္ကျားသားမှန်သမျှ အုန်းသိန်း မျက်စေ့မွှေးစူးမည်ကို မခင်အေး သဘောပေါက်နေ၍ နွေအပူက သူမရင်ထဲ တိတ်တဆိတ် ရောက်လာရပြီဖြစ်သည်။
xxxxx xxxxxx xxxxx
ကက်ဆက်ဇာတ်လမ်း နားထောင်ကောင်းတုန်း အိမ်ကလာခေါ်၍ မကြည်မလင်ဖြစ်သွားတတ်သည့် မိန်းမတို့ မျက်နှာမျိုးဖြင့် ညို အိမ်ရှေ့ထွက်လာသည်ကိုမြင်၍ အုန်းသိန်း မကျေနပ်ချက် အစိုင်အခဲမှာ ပိုကြီးမားလာပြီး ရင်တွင်း ကျပ်လာသည်။
“ဘာလဲဟာ … နေပူရတဲ့အထဲ”
ကြည့်စမ်း ခါတိုင်းသင်္ကြန်ဆို တနေကုန် မဏ္ဍပ်မှာရှိနေတတ်တဲ့ ညိုက ဒီလိုခုတော့ ပြောရသလား။
“နင့်ကို ရေပက်မလို့ဟေ့ ... နင်က ဘာလို့ အိမ်ထဲအောင်းနေရတာလဲ”
“ဘာမှ မဟုတ်ပါဘူးဟာ ... ပျင်းလို့”
အုန်းသိန်း ရယ်သည်။ ငါ သိပါတယ် ဟူသော မျက်နှာကို ညိုမြင်၍ ပိုမလုံမလဲရှိလှသည်။
“ကဲ ... လောင်းဟာ” ဟုဆိုကာ အိမ်ပေါ်မှဆင်းလာ၍ ရေလောင်းလိုက်ရသည့်တိုင် အုန်းသိန်းရင်ထဲ မကျေနပ်မှုက ပျောက်မသွားသေး။
xxxxx xxxxx xxxxx
“ဟာ ဟုတ်တယ် ... ညို ၊ ဒီမှာကြည့်စမ်း အသီးအကင်းတွေ တန်းပြီးထွက်လာတာ ငါးလုံး၊ ခြောက်လုံး ခုနှစ်လုံး ဟာ ... ခွေးမကြီး ခွေးလေးတွေ ပေါက်တာထက်တောင် များသေးတယ်”
ဖေသောင်း တအံ့တသြ ဗူးစင်အောက်မှ မော့ကာ ရေတွက်နေသည်။ ညိုကား ... ညို မပြောဘူးလားဟု အလွန်ကျေနပ်သော မျက်နှာဖြင့် တုံ့ပြန်၏။ ဖေသောင်းသည် ဗူးစင်တွင် ဆွဲထားသော အမဲရိုးကိုလက်ဖြင့်တို့ကာ ...
“အမဲရိုး ချိတ်ဆွဲထားလိုက်တာနဲ့ မြုံနေတဲ့ဗူးစင်က ဒီလိုပဲ အသီးတွေထွက်လာရောလား ... လေး ... ငါး .. ရက်ပဲ ရှိသေးတယ်။ ချက်ချင်း သတ္တိပြတာပဲ” ဟု အံ့သြမပြေ ထရွတ်နေ၏။
“အံမယ် ... ဒါတောင် တချို့ ရေထုပ်တွေ ဆွဲကြသေးတယ်”
ညို ထိုသို့အဖြေ ဖေသောင်းက “အတော်ဆန်းကြယ်တဲ့ သဘာဝဓာတ်ပြုမှုပဲ” ဟု မှတ်ချက်ချ၏။
ခြံနောက်ဘက်စည်းရိုးတွင် ကပ်၍ချောင်းနေသော အုန်းသိန်း ဘဝင်မကျ စဉ်းစားနေသည်။ ဘယ့်နှယ့်လဲ တောသားစစ်စစ်လည်းဆိုသေးရဲ့ ဗူးပင်သဘာဝတောင် နားမလည်ဘူး ဆိုပါလားဟု တွေးမိ၏။
“ဟို အလုံး” ... ဟုဆိုကာ ဖေသောင်းလက်ညှိုးညွှန်သည်။ ညိုက အထိတ်တလန့် သူ့လက်ကိုဆွဲ၍ “ဟာ ... လက်ညှိုးနဲ့မထိုးရဘူး ... ပုပ်ကုန်မယ်” ဟု တား၏။ ဖေသောင်း ဟက်ဟက်ပက်ပက်ရယ်ကာ “လာပြန်ပြီ၊ ဒါတော့ မဖြစ်နိုင်ပါဘူး၊ လက်နဲ့ထိတယ်ဆို ဟုတ်တုတ်တုတ်” ဟု မယုံသလို လုပ်ပြန်၏။
ညိုက “မယုံရင် နောက်နေ့တွေကြည့်” ဟု ပြောကာ သူ့လက်ကို ဆွဲထားဆဲ။
ဖေသောင်း အငြိမ်မနေဘဲ “နောက်တလုံး ညို့လက်နဲ့ထိုးကြည့်စမ်း” ဟုခိုင်းပြီး ညို့လက်တဖက်ကိုပြန်ကိုင်၍ ဗူးကင်းကို လက်ညှိုးညွှန်ခိုင်းသည်။ “ဟင့်အင်း” ဟုငြင်းရင်း ရယ်ကာမောကာ ပုတ်ကုန်မယ်ဟု ပြော၊ မပုတ်နိုင်ဘူးဟု ငြင်းရင်း နှစ်ယောက်သား တွန်းတိုက်နေကြ၏။
စည်းရိုးအပေါက်ကွယ်သွား၍ နေရာထပ်အရွှေ့ အုန်းသိန်းခြေမှာ မျက်ခနဲ ခံစားလိုက်ရ၏။ ခရာဆူးတချောင်း စိုက်သွားခြင်းပင်။ နောက်ဆုံးတချောင်းကလည်း မျက်ခနဲ အုန်းသိန်းရင်ထဲ ဆူးသွားသည်။ အဲဒါ ဘာဆူးဟု ခေါ်ရမည်လဲ။ အုန်းသိန်း မသိ။
“နင်တို့မပေါ့နဲ့နော် ငါ ရင်ပူတယ်။ အုန်းသိန်းက ...” ဟုဆိုကာ နောက်ယောင်ခံစုံစမ်းသည်ဟု အဓိပ္ပာယ်ရှိသည့် အင်္ဂလိပ်စကားဖြင့် မခင်အေး သတိပေးသည်။
သောက်ရေအိုးမှ ခပ်သောက်မိသောရေသည် သူမတို့ရောက်နေရာ တောရကျောင်း နောက်စီးနေသည့် ချောင်းရေပမာ နောက်ကျိသွားပြီဟု ညို ခံစားလိုက်ရ၏။ ဖေသောင်းမှာ ဟာ ... ဟုရေရွတ်ရင်း တောသား ဖေသောင်းလို့ပဲ သိမှာပဲ ပူစရာလိုသေးလား ဟု ဈေးဆစ်သည်။
မခင်အေးမှာ ချောင်းကမ်းပါးရွှံ့နှစ်များထဲ ခဲလုံးတလုံး ကန်ချလိုက်ရင်း “မထင်နဲ့ … လျော့မတွက်နဲ့ ... ကိုယ့်ဘဝကိုယ်သိ အနေအထိုင် မတတ်တာနဲ့ မီးခိုးကြွက်လျှောက် ပေါ်ကုန်မယ်” ဟု စိုးရိမ်တကြီး ပြောနေသည်။
ညိုနှင့်ဖေသောင်း တယောက်မျက်နှာ တယောက်ကြည့်ကြသည်။
“နင့် အဖေတို့ပါ စိတ်ပူသွားရင် ပိုဆိုးမယ်ညို၊ ငါပြောတာ စဉ်းစားကြည့်”
ထိုသို့သာပြောခဲ့ပြီး မခင်အေး ဘုရားပန်းအိုးများ ရေသွားဆေးနေသည်။ တောရကျောင်းတဝင်းလုံး ကျေးငှက်သံနှင့် ရေစီးသံသာ ကြည်နူးဖွယ်ကြားနေရသော်လည်း သူတို့မသာယာနိုင်။ တို့ ပျော်မယ်တောင် မကြံရသေးဘူးဟု ဖေသောင်း ရေရွတ်မိသည်။ သန့်စင်နေခဲ့သော ညို့မျက်နှာမှာ သောကအပူကြောင့် နွမ်းကျသွားသော ကြာဖြူတပွင့်နှယ်။ အုန်းသိန်း အဖေက အရပ်လူကြီး ပေါက်ရောက်တယ်။ ပြီးတော့ ပါဝါလဲသိပ်ပြချင်တာဟု ညို မသက်မသာ ရေရွတ်နေ၏။ မခင်အေးက “ငါတို့တောင် ကျောင်းမှာ ဖြစ်ကြတုန်းကပါသလား … မပါနဲ့နော် အလကားနေရင်း ဒုက္ခရောက်မယ်လို့ ခြိမ်းခြောက်သေးတယ်” ဟု လှမ်းပြော၏။
ဘယ်လိုလုပ်ကြမလဲ ဟု စကားသံမထွက်ဘဲမေးနေသော ညို့ မျက်ဝန်းများအတွက် သူ့မှာ အဖြေမရှိ။ အဲဒီ မောင်အုန်းသိန်းက ကျောင်းသားမဟုတ်ဘူးလား။ လက်တွဲလို့မရဘူးလားဟု သူ ပြန်မေးမိသည်။
“ဟာ လေးတန်းတောင် မအောင်လို့ ကျောင်းထွက်ထားရတာ၊ သူ့မိဘ တောသူဌေးဆိုပြီး ဘာမှလည်း လုပ်တာမဟုတ်ဘူး၊ သွားစည်းရုံးဖို့ မစဉ်းစားနဲ့၊ အဲဒါမှ ဒုက္ခအထုပ် ဖြည်ကြည့်တာ အစစ်။
ညို၏ စိတ်ပျက်လက်ပျက်ဖြေစကားကြောင့် သည်နည်းလမ်းကို သူ စွန့်လိုက်ရသည်။
“ငါ အုန်းသိန်းကို ပြောထားတာလဲ မမေ့နဲ့ဦး၊ တောသား ဖေသောင်းက ကျပ်လည်း ပြည့်တာမဟုတ်ဘူးလို့ လှိမ့်ထားရတာ မရှောင်သာလို့တွေ့ရင် ရူးပေါပေါ လုပ်နေလိုက်”
မခင်အေး စကားကြောင့် သူတို့ ခါတိုင်းလို မပြုံးမရယ်နိုင်။ ညိုတို့အိမ်ကို မလာတာ အကောင်းဆုံးပဲ ဟု မခင်အေး စကားဆက်ခြင်းကြောင့် ဖြစ်သည်။ အခြေအနေမှန်ကို သဘောပေါက်နေကြသူများပီပီ ဈေးမဆစ်ဝံ့ကြတော့။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment