Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts

Friday, May 31, 2013

မြို့သူကြီးနှင့် ကံကြီးမောင် (ဇော်မင်း)

ဟိုတုန်းက တောမြို့လေးတွေဆိုတာ မြို့သူကြီးများက အုပ်ချုပ်ခဲ့ကြသည်။ ဗမာဘုရင်လက်ထက်ကတည်းကရှိခဲ့သော အခေါ်အဝေါ်နှင့် အုပ်ချုပ်ပုံ စနစ်ဖြစ်သည်။ တောမြို့လေးများဟာ သာမန်ရွာတွေထက် ကြီးသော်ငြားလည်း မြို့ကြီးတခုလောက်လည်း မကြီးမားသောကြောင့် ထိုတောမြို့လေးများကို အုပ်ချုပ်ရသော သူကြီးများကို မြို့သူကြီးဟု ခေါ်ဝေါ်ခဲ့ကြခြင်းလည်း ဖြစ်သည်။ မန္တလေး၊ ရန်ကုန်လိုမြိုကြီးများတွင် တာဝန်ယူ အုပ်ချုပ်ရသူများကိုတော့ မြို့သူကြီးဟု မခေါ်ဘဲ မြို့တော်ဝန်ဟုသာ ခေါ်ကြသည်။ ဗမာဘုရင် လက်ထက်က မြို့သူကြီးများကို ဘုရင်က တိုက်ရိုက်ခန့်ထားသည်။ သို့သော် အင်္ဂလိပ်လက်အောက်ရောက်ပြီးနောက်ပိုင်းတွင် မြို့သူကြီး ခန့်ထားမှုကို ရွေးကောက်ပွဲ မဲစနစ်ဖြင့် စတင်ရွေးချယ်လာခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလအတန်ကြာသည်အထိ မြန်မာပြည်တွင် မြို့သူကြီးစနစ် ရှိခဲ့ဖူးသည်။ 

တောင်စိမ်းမြို့ကလးသည်လည်း အလားတူ တောမြို့ငယ်ငယ်လေး ဖြစ်သည်။ အပူပိုင်းဒေသဖြစ်သည်မို့ တောင်စိမ်းတွင် စပါးမထွက်။ ပဲ၊ နှမ်း၊ ကြက်သွန်၊ ထန်းလျှက် စတာတွေပဲ ထွက်ရှိသည်။ ဤမြို့လေးတွင် ထူးခြားသည်က မြို့သူကြီးများ ကြာကြာမမြဲခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တောင်စိမ်းကား ရေကြမ်း မြေကြမ်းသော အရပ်ဖြစ်သောကြောင့်ပင်။ အခြားသော တောမြို့လေးများတွင် မြို့သူကြီးဖြစ်လိုသူတွေ ရိုက်သတ်လို့မကုန်အောင် ပေါလှသော်လည်း တောင်စိမ်း၌ မြို့သူကြီးလုပ်လိုသူက ရွှေထက်ပင် ရှားလေသည်။ မြို့ကလေးသည် ရာသီဥတုပူပြင်းသည့်ဒဏ်နှင့် နိုင်ငံရေးပူပြင်းသည့်ဒဏ်ကို တပြိုင်တည်း ခံနေရသည်ဟု ဆိုနိုင်သည်။ 


Wednesday, May 22, 2013

စစ်တောင်း နှစ်လီ (မောင်သာချို)

တစ် 

အမြှောက်အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ အလွတ်ဆိုနိုင်သလဲ လို့ ကျွန်တော်မေးခဲ့ရင် ခင်ဗျား ဘယ်လိုများ အဖြေပေးလိမ့်မယ်ဆိုတာ ကျွန်တော် တကယ်မသိဘူး။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ စကားကို ကတ်သီးကတ်သတ်တော့ မပြောကြေးပေါ့။ ဥပမာ တစ်ရာအလီရတယ် ဘာညာဆိုတာမျိုးပေါ့။ အဲလိုမျိုးသာ ပြောကြကြေးဆိုရင်ဖြင့် ကျွန်တော်ကလည်း ပြောလို့ သိပ်တတ်တာပေါ့။ ဟုတ်တယ်လေ။ တစ်သိန်းတစ်လီ တစ်သိန်း၊ တစ်သိန်းနှစ်လီ နှစ်သိန်း၊ တစ်သိန်းသုံးလီ သုံးသိန်း၊ တစ်သိန်းလေးလီ လေးသိန်း။ ကဲ ကျွန်တော် တစ်သိန်းအလီ ရပါတယ်လို့ပြောခဲ့ရင် ခင်ဗျား ဘယ်လိုငြင်းမလဲ။ ဒါကြောင့် စကားကို ကတ်သီးကတ်သတ်တော့ မပြောကြေးဗျာလို့ ကျွန်တော်က ခင်ဗျားကို စကားပလ္လင် ခံထားခဲ့ရတာပါ။ 

ကဲဗျာ ... ကျွန်တော့်မေးခွန်းကလေးဆီ ပြန်သွားရအောင်ပါ။ အမြှောက်အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ ခင်ဗျား ရသလဲဆိုတာပါ။ ပြောလေ။ ကျွန်တော်ကတော့ ဆယ့်နှစ်အလီအထိလောက်ပဲဗျ။ ဆယ့်သုံးအလီတို့၊ ဆယ့်လေးအလီတို့ကို ကျော်ပြီးရင် ဆယ့်ငါးအလီကလေးလည်း နည်းနည်းရသေးတယ်။ ဆယ့်ငါးတစ်လီ ဆယ့်ငါး၊ ဆယ့်ငါးနှစ်လီ သုံးဆယ်၊ ဆယ့်ငါး သုံးလီ လေးဆယ့်ငါး၊ ဆယ့်ငါးလေးလီ ခြောက်ဆယ်၊ ဆယ့်ငါးငါးလီ ခုနစ်ဆယ့်ငါး။ လွယ်တယ်ဗျ။ ဆယ့်သုံးအလီကျတော့ ဘယ်လိုကြီးမှန်း မသိပါဘူးဗျာ။ ဆယ့်သုံးတစ်လီ ဆယ့်သုံး၊ ဆယ့်သုံးနှစ်လီ နှစ်ဆယ့်ခြောက်၊ ဆယ့်သုံးသုံးလီ သုံးဆယ့်ကိုး။ အဲ ရှေ့ကျတော့ နည်းနည်းခက်သွားပြီ။ ကျွန်တော့်အတွက် ပြောတာပါ။ ခင်ဗျားကတော့ ရရင်ရမှာပေါ့။ 


Sunday, March 3, 2013

အသံတော့ စမ်းနေပြီ (ကျော်ရင်မြင့်)

ကမ္ဘာပျက်ခါနီးမှာ နေဆယ်စင်း ထွက်တယ်ဆိုတာ တော်တော် ပူမှာပဲလို့ ဝင်းဝင်းတောက်နေတဲ့ နေလုံးကြီးကို လက်ဖဝါးနဲ့ကာပြီးကြည့်ရင်း ကိုငွေတိုး တွေးနေတယ်။ 

ကိုငွေတိုး တ်ထားတဲ့ ဖျင်အင်္ကျီကီးလည်း ချွေးတွေနဲ့ နစ်နေပြီ။ အင်္ကျီကိုချွတ်ပြီး ညှစ်ရင် ရေစိမ်ထားသလို ချွေးတွေ ထွက်လာမှာပဲ။ ကောင်းကင်မှာတော့ တိမ်တစ်စ တစ်မျှင်မျှ မရှိ။ မီးလုံးကြီးနဲ့တူတဲ့ နေမင်းက ရှိသမျှ အပူဓာတ်တွကို အားရပါးရ လွှတ်ထုတ်ပးနေတယ်။ နေပူတော့ မိုးတိမ်တွေလည်း အငွေပန်ပြီး ပျောက်ကုန်ပြီ ထင်ပါရဲ့။ မိုးတစ်ပေါက်တာင်မှ မရွာတာ ကြာလှပြီ။ မိုးမရွာတာ ကြာတော့ ဝါပင်တွေလည်း သံချေး တက်နေပြီ။ “ဝါပင်တွေက သံချေးတက်၊ အိမ်က မိန်းမ ဆန်ချေးထွက်” လို့ မြောက်ဘက်အိမ်က ဖိုးတော အပြောင်အပြက်ပြောတဲ့စကားကို နားထဲမှာ ကြားယောင်လာတယ်။


Tuesday, February 26, 2013

အိမ်ဆီသွားတဲ့လမ်း (မေငြိမ်း)

အဲဒီနေ့က ကျွန်မ မော်လမြိုင်-သံဖြူ ဇရပ်လမ်းပေါ် ခဏ ပြန်ရောက်သွားတယ်။ ပြီး ခဏကြာတော့ ပင်းတယ-တောင်ကြီး ကားလမ်းပေါ် ရောက်သွားပြန်ရော။ 

ဟော ဟိုးမှာ တောင်တန်း အလွှာတွေလား၊ သစ်ပင် တောအုပ် အဆင့်ဆင့်တွေလား။ အစိမ်းရင့်၊ အစိမ်းနု၊ အညိုရင့်၊ အညိုနု၊ မီးခိုးရင့်၊ မီးခိုးနု။ တချို့နေရာတွေမှာ လိမ္မော်တွေ၊ အနီတွေ ကျန်နေသေးတယ်။ Fall တုန်းက လက်ကျန်တွေလား၊ ဒါမှမဟုတ် သူ့ရဲ့ ရွက်သစ်လဲတဲ့ ရာသီကိုက Spring လား။ ဘာပဲဖြစ်ဖြစ် သဘာဝကဖန်ဆင်းတဲ့ ရှုခင်းပန်းချီထဲ အရောင်စုံအောင် ထည့်ပေးထားသလို။ ဒီနေ့ကျကာမှ နည်းနည်း အအေးပိုပေမယ့် ကောင်းကင်ကတော့ ကြည်စင်လို့။ တိမ်တွေကလည်း အရုပ်တွေထင်လောက်အောင် အထူသားနဲ့။ ငယ်ငယ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နားမှာရှိတဲ့ ကျွန်မချစ်တဲ့ နမ့်ဟူးတောင်းရွာမှာ မော့ကြည့်ခဲ့ရတဲ့ တိမ်တွေလိုပါပဲ။ ဟော ကျွန်မ နမ့်ဟူးတောင်းလည်း ရောက်သွားပြန်ပြီ။ တစ်ချက်တစ်ချက်မှာ ကားက တောင်မြင့်မြင့်တွေပေါ်တက်ရင်း ဘေးမှာ ချောက်တွေနဲ့။ ချောက်တွေအောက် ခပ်လှမ်းလှမ်းမှာ ချောင်းတွေ၊ မြစ်တွေ ပတ်စီးနေတာကို လှမ်းတွေ့ပါတယ်။ ဟော အဲဒါ လားရှိုးသွားရင်ဖြတ်ရတဲ့ ဂုတ်တွင်းပေါ့။ ဂုတ်ထိပ်တံတားကို တွေ့ချင်ရင်တော့ Shenandoah River ပေါ်က တံတားကြီးကို တွေ့မှာ။ ဂုတ်ထိပ်တံတားနဲ့ ခပ်ဆင်ဆင်ပေါ့။ 


Monday, February 25, 2013

လေကြမ်းထဲက ရွက်နု (ခက်မာ)

လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ယောက် စာသင်ခန်းရှ့မှာ ဘွားခနဲ ပေါ်လာပြီး ဆရာမ ဧည့်သည် ရောက်နတယ် ဟု ပြောလာတာ့ သင်ခန်းစာထဲ စိတ်င်စားနချိန်မို့ ဘယ်သူမှန်း မသိသေးသော ဧည့်သည်ဆိုသူအပေါ် ငြိုငြင်စိတ်ပင်င်သွားမိသည်။ ကလေးတွေကို မြန်မာစာ သဒ္ဒါ လေ့ကျင့်ခန်းတချို့ လုပ်ခိုင်းထားပြီး ဧည့်သည် ဆရာ ဆရာမများ နားနေခန်းဆီ ထွက်ခဲ့သည်။ 

ဧည့်သည်ဆိုသူက မြင့်မြင့်စန်း အမေ ထင်ပါရဲ့။ တမြန်နေ့က ချောင်းထဲမှာ ရေချိုးနရင်း မြင့်မြင့်စန်းအမေ လှေလှော်လာတာတွေ့တော့ အတန်းထဲမှာ ခဏခဏ မူးလဲသော မြင့်မြင့်စန်း၏ ကျန်းမာရေးကိစ္စ ဆွေးနွေးရအာင် ကျွန်မနဲ့ လာတွေ့ပါဦးဟု ပြောမိသည်။ တကယ်တော့ မြင့်မြင့်စန်း အမေက နေ့လယ် ကျောင်းဆင်းချိန်လိုမျိုး လာရမှာ။ အဲဒါဆို စာသင် မပျက်တာ့ဘူးပေါ့။ 

ဆရာ ဆရာမများ နားနေခန်း င်ပေါက်မရောက်ခင်လးမှာ လှမ်းမြင်လိုက်ရသော မြင်ကွင်းတစွန်းတစလေးက ဖြူဖြူ့ခြေလှမ်းတွကို တုန့်ခနဲ ရပ်သွားစေသည်။ 

နားထဲမှာပါ ဆူညံလာအောင် ရင်ခုန်သံတွကို မြန်လာစေသည်။ ပါးစပ်ကို လက်ဝါးနှင့်အုပ်ရင်း ခြေစုံရပ်နမိပမယ့် ဒူးတွေ တဆတ်ဆတ်တုန်နသည်။ နားနေခန်းပတင်းပါက်ဘေးမှာရပ်၍ ရေတွေ ဖွေးဖွေးလှုပ်နေသာ ကျောင်းရှေ့ မြင်ကွင်းကိုငးကြည့်နေ သူ၏ နောက်ကျောကိုသာ လှမ်းမြင်လိုက်ရပမယ့် အဲဒီ လူက ဖိုးသိုက် ဆိုတာ သူမ သိလိုက်သည်။ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ ဖြူစိတ် စွဲလို့များလား။ ကမ္ဘာတစ်ခြမ်းစာ ဝေခဲ့ပီးသားသူက ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာဖို့ဆိုတာ ရုပ်ရှင်ဆန်လိုက်တာ။ 


Sunday, February 24, 2013

bob & barbara (မောင်သာရ)

လူများ ဟန်ကျချင်တော့၊ မုတ်ဆိတ်ပျားစွဲဆိုသလို... ဝတ္ထုရေးဖို့ ကုန်ကြမ်းက အိမ်နီးချင်း လာဖြစ်တယ်။ ကျုပ်နဲ့ ခြံချင်းကပ်ရက် အိမ်ကလေးမှာ လူတယောက်နဲ့ က်တကောင် ပြောင်းရောက်လာကြတယ်။ 

လူကတော့ ပုံပန်းကြည့်ရတာ အဖြူ၊ american ပါ။ hispanic ပုံ မပေါက်ပါဘူး။ ၃၀ အရွယ် နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးမှ အလှမထားတာပဲ။ ပြီး အရပ်က တံခါးပေါက် ခေါင်းငုံ့င်ရလောက်အောင် မြင့်လို့သာပေါ့။ မတရား တယ်။ သိတယ်နော်..၊ ကျုပ်ကိုယ်ထက် နှစ်ဆလောက် တယ်ဆိုတော့.. အနည်းဆုံးပေါင် ၃၆၀ လောက် ကျော်မှာပေါ့။ 

ရယ်ရတယ်။ သူနဲ့အတူပါလာတဲ့ သူ့ရဲ့ pet က်ကလည်း သခင်နဲ့အတူ ဘယ်လောက် အပြိုင်စားထားကြတယ် မသိဘူး။ သူတို့အိမ်အင် တံခါးပေါက်မှာ ပြိုင်တူလုင်ရင် တစ်နေကြရော။ ပြီး သူ့က်ကလည်း နေ့စဉ် ရေချိုး သန့်စင်ပးထားလို့ပဲလား၊ ကျုပ်တို့ ဒေသရဲ့ င်ရိုးစွန်း ရာသီဥတုကြောင့်ပဲလား မသိ၊ alaska က်ဝံလို ဖြူဆွတ်နေတာပဲ။ ကျုပ်တို့ ရှမ်းပြည်တောင် ပိုင်း“ကလော”နားမှာလည်း “က်ဖြူရေတောင်”ဆိုတာ ရှိတယ် မဟုတ်လား။ က်ကလည်း အဖြူ၊ သူ့သခင်ကလည်း အဖြူ၊ တာချင်းကလည်း တူကြတော့ လိုက်ဖက်တယ်။ 

ပြောရအုံးမယ်။ ကျုပ်နတဲ့ဒသ မြောက်ဖျားပည်နယ်တွေမှာက သန်းကွယ်သူဌေးပိုင် အိမ်ကြီး ရခိုင် mansion တွေသာ မဟုတ်လို့ကတော့ သာမန်အိမ်တိုင်းမှာ လူတကိုယ်စာင်သာ ထွက်သာရုံ နှစ်ပေခွဲ သုံးပေကျယ် တံခါးပေါက်ကလး တပေါက်ပဲ ရှိတတ် ထားတတ်ကြတယ်။ ရာသီဥတု အေးတဲ့ဒဏ်ကြောင့် တံခါးရွက်လဲ တဖက်ဖွင့်ပဲ တပ်လေ့ရှိကြပြီး၊ ပိတ်လိုက်ရင် လေလည်း လုံကြရတယ်။ ဒါကြောင့် သူတို့ နှစ်ကာင် ပြိုင်တူယှဉ်င်လို့ မရကြဘူး ပြောတာပေါ့။ 


Monday, October 22, 2012

ကျွန်တော်နှင့် သတ္တဝါတစ်ခု (မင်းလူ)

ညမှု ညလူ သူခိုးများပူသဖြင့် နိုးနိုးကြားကြား အိပ်ရသည်။ သို့တိုင်အောင် အိပ်ပြီဆိုမှတော့ ပျော်သွားသည်ချည်းပင် ဖြစ်သည်။ တစ်ရေးနိုးသည့်အချိန်ကျမှသာ နားစွင့်နိုင်သည်။ ခုတစ်လော ရပ်ကွက်ထဲမှာ ဟိုအိမ် သည်အိမ်တို့မှ စိန်တံချူမိသွားကြောင်း၊ လူကပ်ကြောင်း စသည်တို့ ကြားနေရသည်။

ကိုယ့်အိမ်မှာ ခိုးစရာပစ္စည်း ကြီးကြီးကျယ်ကျယ်ရှိသည်တော့ မဟုတ်ချေ။ သို့ရာတွင် ဆင်းရဲသားနှင့် လူလတ်တန်းစားကပြားတို့များသော ရပ်ကွက်တွင် လူလတ်တန်းစားအစစ်ဖြစ်သော ကျွန်တော်တို့အိမ်ကို မျက်စိကျကောင်း ကျနိုင်သည်ဟု တွက်ရသည်။ ပုဆိုးတစ်ထည်၊ ထဘီတစ်ကွင်း စိန်တံချူမိသွားလည်း နည်းတာမဟုတ်။

* * * 

တစ်ညသ၌ တစ်ရေးနိုးနေတုန်း အိမ်နောက်ဖေးဘက်မှ အသံတစ်သံကြားရသည်။ ထရံကို တစ်စုံတစ်ခုနှင့်ခြစ်သလိုလို၊ သစ်သားကို လှီးဖြတ်နေသလိုလို တတောက်တောက်၊ တဂျီဂျီအသံ။ ကုတင်ပေါ်မှ အသာလျှောဆင်းသည်။ နံရံမှာ ကပ်ထောင်ထားသော ပျဉ်းကတိုးသားတုတ်ကို ယူသည်။ မီးဖိုဘက်သို့ ခြေသံမကြားအောင် သွားသည်။ သွားရင်းက တစ်ခုစဉ်းစားမိ၏။ သူခိုးကိုတွေ့ပြီဆိုလျှင် တုတ်နှင့်ရိုက်ရတော့မည်။ မတော်တဆ လက်လွန်သွားနိုင်သည်။ နောက်တစ်ခုက သူခိုးဆိုသည်မှာ မှောင်ထဲ၌ မျက်စိကျင့်ရပြီးသား။ ကိုယ်က မမြင်မီ သူက ကိုယ့်ကို အရင်မြင်နိုင်သည်။ ဒါဆို သူက အရင်ဦးအောင်လုပ်ထည့်လိုက်လျှင်။


Saturday, November 12, 2011

ဘူစတာ - ၁ (ဘိုကြည်)

"သမီးကတော့ ကျနော်တို့ရဲ့အလွမ်းတွေ၊ ကျနော်တို့ရဲ့ဆန္ဒတွေကို သိနိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ မိုးကောင်းကင်မှာ ပျော်ပျော်ရွှင်ရွှင် ပျံသန်းနေမယ့် သမီးလေးအကြောင်းကိုတွေးရင်း ပီတိဖြစ်နေတဲ့ လူ ၃ ယောက်ကတော့ သမီး ခေတ္တနားခိုခဲ့ဖူးရာ လှောင်အိမ်ကလေးထဲမှာပဲ ရှိနေပါသေးတယ်။ ပျံသန်းနေတဲ့ ခိုကလေးတွေကိုတွေ့တိုင်း သူတို့သမီးလေး ‘ဘူစတာ’ လားလို့ လိုက်ရှာကြည့်နေရင်း သူတို့လည်း သူတို့သမီးလေးလို လိုရာပျံသန်းခွင့် ရနိုင်မယ့်ရက်ကို ဆက်စောင့်နေကြလေရဲ့ ..."

စူးစမ်းတဲ့အကြည့်နဲ့တော့ ကြည့်နေလေရဲ့။ အဲဒီလိုပဲ အခြား ခိုတွေကလည်း သူ့ကို စူးစမ်းတဲ့အကြည့်တွေနဲ့ ပြန်ကြည့်နေတာကို ကျနော်တို့ သတိထားမိခဲ့ကြတယ်။ ခိုတွေကြားထဲမှာလည်း သူတို့အချင်းချင်း မေးခွန်းတွေမေးရင်း တွတ်ထိုးနေကြတာနေမယ် ထင်ပါတယ်။

‘ဒီကောင်မ ခိုဖြစ်ပြီး လူတွေနဲ့ဘာလို့နေနေတာလဲ မသိဘူး။ လူဆိုတာက ငါတို့ရဲ့အသားကိုစားဖို့ အမြဲကြိုးစားနေတာ။ ဒီလိုလူတွေနဲ့ အတူတူနေနေတဲ့ ခိုမကို ယုံလို့ရမယ် မထင်ဘူး။ သူ့ကိုငါတို့ဆီ အလာခံလို့ မဖြစ်နိုင်ဘူး’ အစရှိသဖြင့် ဆွေးနွေးဝေဖန်နေကြမှာပေါ့။

သူတို့ထဲက အကောင်းမြင်တတ်တဲ့ ခိုအချို့ကလည်း-

Friday, November 11, 2011

ဘူစတာ (ဘိုကြည်)

“သမီးရေ ... ငှက်ဆိုတာ ဟိုး လွတ်လပ်တဲ့ ကောင်းကင်ပြင်ကြီးမှာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရှိတယ်။ ပျံသန်းနိုင်တဲ့စွမ်းရည်လည်း ရှိကြတယ်သမီးရဲ့။ ဒါကြောင့် ပျံနိုင်အောင် ကြိုးစားပါ သမီးရေ။ သမီး ပျံသန်းနိုင်အောင် အဖေတို့ ဝိုင်းကြိုးစားပေးကြမယ် ...”

၁၉၉၈ ခုနှစ်၊ နွေဦးပေါက် တရက်၊ သာယာဝတီထောင်ရဲ့ တိုက် ၃၊ အခန်းနံပါတ် ၅ မှာ ဟောဒီ မေတ္တာဇာတ်လမ်းလေး စခဲ့တယ်။ အဲဒီအချိန်က ကျနော့်အခန်းမှာ ကျနော်ရယ်၊ ဟန်ဝင်းအောင်ရယ်၊ ဝတုတ် (ခ) ခင်မောင်ဦးရယ် ၃ ယောက် နေထိုင်ကြပါတယ်။ တနေ့မှာ ဟန်ဝင်းအောင်က အပျံသင်ခါစ ခိုလေးတကောင် မပျံနိုင်ဘဲ ပြုတ်ကျလာလို့ ကောက်လာတယ်။ အဲဒီခိုလေးမှာ ဝဲတွေပေါက်နေတယ်။ တကိုယ်လုံး အဖုလေးတွေနဲ့ပေါ့။

ဟန်ဝင်းအောင်က ခိုလေးကို အခန်းထဲမှာမွေးဖို့ အတူနေ ကျနော်တို့ကို ညှိတယ်။ အတောင် မဖြတ်ရဘူး။ ပျံနိုင်တဲ့အချိန်ကျရင် ပျံခွင့်ပေးရမယ်ဆိုတဲ့ ကျနော့်ညှိနှိုင်းချက်ကို သူလည်း သဘောတူတာနဲ့ ကျနော်တို့ ခိုကလေးကို မွေးဖြစ်သွားကြတယ်။ အဲဒီအချိန်တုန်းက ခိုလေးကို အထီးလား၊ အမလား ကျနော်တို့ မခွဲခြားနိုင်ကြပါဘူး။ ဒါပေမယ့် နာမည်ရှိဖို့တော့လိုတယ်ဆိုပြီး နာမည် စဉ်းစားကြတယ်။ နောက်ဆုံး ကျနော် အဆိုပြုတဲ့ ‘ဘူစတာ’ ဆိုတဲ့ နာမည်လေးကို သဘောတူလိုက်ကြတယ်။ ကျနော်က အဲဒီနာမည်လေးကို ထောင်မကျခင်က အိမ်တွေမှာ အမြဲသုံးနေတဲ့ လျှပ်စစ်မီးအား တိုးမြှင့်တဲ့ စက်ကလေးကို အစွဲပြုပြီး ပေးလိုက်တာပါ။ တဖက်က အဓိပ္ပာယ်ကလည်း ကျနော်တို့ အထီးကျန်နေတဲ့အချိန်မှာ ကျနော်တို့ကို ကြည်နူးမှုလေးတချို့ ပေးစွမ်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လေးပေါ့။

Friday, November 4, 2011

ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (မောင်သာရ)

ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို စီးတယ်လို့ပဲ ကြားဖူးပါတယ်။ ဒါပေမဲ့ သည်နေရာမှာတော့ငါလည်း မရေမရာ ဖြစ်နေတာနဲ့ မင်းကိုပဲ အားကိုးတကြီးနဲ့ ပြန်မေးရဦးမယ်။

၅၅ နှစ်ဆိုတဲ့အရွယ်ဟာ သူငယ်ပြန်ပြီလား၊ ပြန်နိုင်ပြီလား၊ ပြန်တတ်ပြီလား။

အေးပါ ... ၅၅ နှစ်နဲ့ သူငယ်ပြန်တယ်လို့တော့ ငါလည်း မကြားဖူးပါဘူး။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ငါ့အသက်က အခုလာမယ့် အောက်တိုဘာလကျမှ ၅၅ နှစ် ပြည့်မယ်။ သူငယ်ပြန်တတ်တဲ့အရွယ် ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော် မဟုတ်သေးဘူး။ ပြီးတော့လည်း အထူးသန်တုန်း၊ မြန်တုန်း။

ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ သူငယ်ပြန်စပြုနေပြီ။ သူငယ်ပြန်ချင်နေပြီ။ တစ်ခါတလေ ငါ့စိတ်ကို ငါမနည်းထိန်းရတယ်။ ဒါတောင် မရချင်တဲ့အခါ မရဘူး။ လွတ်ချင်တဲ့အခါ လွတ်သွားတယ်။ မင်းက မိန်းမငယ်ငယ်ကလေးတွေကို ယူချင်တဲ့စိတ် ပေါက်ရမှာလား။ တော်လောက်ပါပြီ မောင်ရာ၊ ကြောက်လှပါပြီ။ သည်မယ်ဟေ့ကောင်၊ မနောက်နဲ့။ ငါ အတည်ပြောတာ၊ အဲဒါ ငါပြောပြမယ်၊ မင်းရေး။ ရေးတတ်ရင် ဝတ္ထုဖြစ်တယ်၊ ကဗျာလည်း ဖြစ်တယ်။ စာတစ်ပုဒ် ဖြစ်တယ်ပေါ့ကွာ။

Saturday, February 19, 2011

ခင်မောင်ရင်ကို မီရဲ့လား (မိုးချိုသင်း)

တနေ့က အဖေ ကက်ဆက်ခွေတွေ ငှားလာသည်။ အမှတ်တမဲ့ကြည့်မိတော့ ခင်မောင်ရင်၏ သီချင်းများ။ အမှန်ပြောရလျှင် သိပ်စိတ်မဝင်စားမိပါ။ ဖွင့်ပြီး နားမထောင်မိပါ။ အဖေ နားထောင်ဖို့ ငှားလာတာပဲလို့ ထင်မိပါသည်။ မနေ့ကတော့ ကျွန်မ ဇော်ဝင်းထွဋ် သီချင်းများ နားထောင်နေတုန်း ကျွန်မအနား အဖေရောက်လာသည်။ “ခင်မောင်ရင် သီချင်းတွေ နားထောင် ကြည့်ရအောင်” ဆို၍ ဖွင့်လက်စကိုပိတ်ကာ ခင်မောင်ရင်ကို ဖွင့်ပေးလိုက်ရ၏။

မောင်မောင်ကြီး၏ ဆိုသံက ပျံ့လွင့်လာသည်။ “အင်းကို ဟင်္သာဆင်းမည်။ ဆင်းရင်လေးနဲ့ ခွင်းမည်။ ထိုမုဆိုးကို ထီးရိုးရိုက်သည်။ ထီးရိုးကို မိုးကြိုးပစ်မတဲ့ စာရှိပါသည်။ ၁၃၀၀ ပြည့်မှ စ၍ မြန်မာပြည်သည် လိုတာရနိုင်မည်” တဲ့။ “စကြာ သိုက်သီချင်း”၊ ကျွန်မက ထိုအပိုဒ်လေးကို စိတ်ထဲမှာ ကြားဖူးသလိုပဲဟု ထင်မိ၏။ အဓိပ္ပာယ်ကို နားမလည်၍ အဖေ့ကို ရှင်းပြခိုင်းတော့ အဖေက အသေအချာ ရှင်းပြသည်။ ဒီသီချင်းသည် အင်္ဂလိပ်လက်ထက် အင်္ဂလိပ် အာဏာပိုင်တွေ အကြီးအကျယ် စိတ်ဆိုးပြီး ပိတ်ပစ်ခဲ့ရသည့် သီချင်းပါလား။ အဖေရှင်းပြမှ သီချင်းအရသာ ပိုပီပြင်လာသည်။

Wednesday, January 12, 2011

ပေါင် နှင့် မုန့် (မောင်ဝဏ္ဏ)

၁။
အဲဒီတုန်းက ကျွန်တော်ဟာ အယ်ဒီတာ တပိုင်း၊ စာပြင်ဆရာ တပိုင်းပေါ့။ အယ်ဒီတာ အဖွဲ့ထဲမှာ ကျွန်တော့် နာမည်တောင် မပါသေးပါဘူး။ အများအားဖြင့်တော့ ကျွန်တော်က စာပြင်တဲ့အလုပ် လုပ်ရတာပါ။
စာမူ တချို့တော့ ဖတ်ရပါရဲ့။ ဒါပေမယ့် စာမူရွေးတာ ကျွန်တော့် အလုပ် မဟုတ်ဘူးလိုပဲ။ မှတ်ချက်ကလေး ရေးပြီး ကျွန်တော့် ဆရာသမားဆီ ပို့ပေးရတာပေါ့။ ကျွန်တော် ရွေးလေ့ရှိတဲ့ မှတ်ချက်ကတော့ "သင့်" ဆိုတာပါပဲ။ ကျွန်တော်တို့ အလုပ်ခန်းက မြို့လယ် လမ်းကျဉ်းတခုမှာပါ။ အယ်ဒီတာ ရုံးခန်းသာ ဆိုရတယ်။ တကယ်တော့ ပုံနှိပ်တိုက်နဲ့ တွဲလျက်။ ပုံနှိပ်စက်က နောက်ခန်းမှာ တဂျုံးဂျုံး၊ တဂျိုင်းဂျိုင်း မြည်အောင် ရိုက်နေတာ။ ထပ်ခိုးပေါ်မှာက ခဲစာလုံး စာစီဆရာတွေ။ စာစီ ဆရာတွေက စီတဲ့ စာမူ ကုန်ခါနီးရင် "ကော်ပီ ဆရာရေ" လို့ လှမ်းအော် တတ်တယ်။ "ကော်ပီ" ဆိုတာ စီရမယ့် စာမူကို စာစီဆရာ၊ အယ်ဒီတာတွေ အဲဒီတုန်းက ခေါ်တဲ့ စကားလုံးပါ။ ကျွန်တော်ကလည်း ကိုယ့်ဆရာသမား ချပေးထားတဲ့ စာမူတွေကို သတ်ပုံပြင်၊ ပုဒ်ဖြတ်၊ အပိုဒ်ခွဲ၊ စာချဲ စသဖြင့် သင်္ကေတတွေ ရေးပြီး စာစီဆရာတွေဆီ ညှပ်ချိတ် ကြိုးလေးနဲ့ တင်ပေးရတယ်။ ကြိုးတချောင်းထိပ်မှာ ကလစ်ညှပ်တခု ချည်ထားတာပါပဲ။ အဲဒီ ညှပ်ချိတ်ကြိုးနဲ့ စာစီခန်းကို စာမူ တင်ပေးတယ်။ စာစီပြီး ဂယ်လီပရုက စပြီး စက်တင် ပုံနှိပ်တော့မယ့် စက်တင်ဖောင်ပရုထိ စာစီ ဆရာတွေက ပြန်ချပေးတယ်။ ပြန်ဆွဲတင်တယ်။

ပုံနှိပ်မင်နံ့၊ ခဲစားလုံးနံ့၊ လက်ဆေးတဲ့ ရေနံဆီနံ့၊ စက္ကူနံ့၊ ချွေးနံ့ စတဲ့ အနံ့မျိုးစုံကိုလည်း ရှူရှိုက်နေရတယ်။ ဒါပေမယ့် ကိုယ် ဝါသနာ ပါတဲ့အလုပ်ဆိုတော့ မညည်းမညူ လုပ်တာပါပဲ။ သို့သော် ကြာတော့ ငြီးငွေ့လာတာပေါ့ဗျာ။ အဲသလို ငြီးငွေ့တဲ့အချိန်မှာ ကျွန်တော်တို့ အပန်းဖြေတဲ့ နည်းလေးတခုရှိတယ်။ အဲဒီနည်းကိုလည်း ကျွန်တော်တို့ရဲ့ ဆရာသမားက ပြပေးထားတာပါ။ လက်ထပ်သင်တဲ့ သဘောတော့ မဟုတ်ဘူးပေါ့ဗျာ။ အရိပ်ပြ အကောင်ထင် သဘောနဲ့ နည်းပေး လမ်းပြ လုပ်တာပါ။
၂။

ဒီလို ခင်ဗျ။
ကျွန်တော်တို့ အလုပ်တိုက်လို့ ခေါ်တဲ့ အခန်းကျဉ်းလေးထဲမှာ စားပွဲသုံးလုံး ရှိတယ်။ ဝင်ဝင်ချင်း အပေါက်ဝ စားပွဲမှာ ကျွန်တော် ထိုင်ရတယ်။ ကျွန်တော်နဲ့ ကပ်လျက် စားပွဲမှာ ဒုတိယအဆင့် အယ်ဒီတာဆရာ ထိုင်တယ်။ ဟိုနောက်ဆုံး စားပွဲမှာကျမှ ဆရာသမားက ထိုင်တယ်။ အလုပ်ခန်းက ကျဉ်းလေတော့ ဆရာသမားခမျာလည်း တခမ်းတနား အခန်းတခန်း နဲ့ မနေနိုင်ရှာဘူးပေါ့။ အဲ အဲဒီတော့ ဆရာ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့က မြင်နေရသပေါ့ဗျာ။
ဆရာသမားက အသက်အရွယ်ရပေမယ့် ရုပ်က ဖြောင့်တယ် ခင်ဗျာ။ လူပုံကလည်း ခပ်နွဲ့နွဲ့ပါပဲ။ ဒါပေမယ့် အထင်တော့ မသေးလိုက်နဲ့ဗျို့။ ဆရာက စွံတယ်။ ဆရာသမား ချိတ်လိုက်ပြီ ဆိုတဲ့ မြာဟာ အဖြောင့်စား၊ အတောင့်စားတွေချည်းပဲ ခင်ဗျ။ ဆရာသမားက တခုတော့ ထိန်းတယ်။ အိမ်ထောင်ရှင်ဆို ထိတောင် မထိဘူး။ အဲဒါကိုလည်း နည်းယူရတယ်။ ထိန်းရတယ်။ စာပေသမားတွေရဲ့ လောကကလည်း ဘာသားထုထား သမို့တုံးဗျာ။ ခပ်ရှုပ်ရှုပ်ကိစ္စတွေ ရှိတာပါပဲ။ အားလုံး မဟုတ်ပေမယ့် တချို့ကတော့ တခြားလောကတွေလိုပဲ ထုံးစံအတိုင်း ခပ်ထွေးထွေးပေါ့ဗျာ။ ဆရာသမားက အဲသလို "မြာ" မျိုးဆိုရင် ကြိုကြိုတင်တင် မှန်းဆပြီး သိလေ့ရှိတယ် ခင်ဗျ။ ပါရမီ ခေါ်မလား မသိ။ အမျိုးသမီး တချို့ကလည်း စာပေ အကြောင်းပြပြီး ဟိုဒင်း၊ ဒီဒင်းလေး ဖြစ်ကြတာကိုး။ ယောက်ျား ဆိုတာကလည်း ယောက်ျားပဲ ဆိုတော့ အဲသလို မစွမ်းရင်း ကလည်းရှိရင် ကန်စွန်းခင်းလည်း ငြိတော့တာပေါ့ဗျာ။

အဲသလို ငြိဖို့ ဆိုတဲ့ ဖြစ်တန်စွမ်း (ဖြစ်တန်ရာအခြေ) ကတော့ တော်တော့်ကို နည်းတယ် ခင်ဗျာ။ စာပေ ဝါသနာပါတယ် ဆိုတဲ့ အမျိုးသမီးတွေထဲမှာ အဲသလိုမျိုးက ရာခိုင်နှုန်းနဲ့ ပြောရရင် ဒသမ တစ်ရာနှုန်းတောင် မရှိဘူး။ ပြီးတော့ စာပေဝါသနာရှင် အမျိုးသမီး အများစုဟာ မမှည့်ဘူးဗျာ။ မတောင့်ဘူး။ မဖြောင့်ဘူး။ မချောဘူးဗျ။ မယုံ စာရေးဆရာမတွေ ကြည့်။ ချောတောတောရယ် လို့ ကျွန်တော့် မျက်စိထဲတော့ တယောက်မှ မတွေ့ဘူး။

ဘုတ်ထိုင်းကြီးတွေ၊ ပိန်ကပ်ကပ်တွေ၊ မျက်မှန်ထူတွေ၊ တဖြောင့်တည်း ဝါးခြမ်းပြားတွေ၊ တိုင်ကီပုံတွေ၊ စဥ့်အိုးရှိပ်တွေ၊ ပေမမီ ဒေါက်မမီ ပုတုတုတွေ၊ ဂလန်ဂလား ရှည်မျောမျောတွေ၊ မီးသွေးအိတ်ကို ကတ္တရာ သုတ်ထားတဲ့ ပုံတွေ၊ ပိုးဟပ်ကို ထုံးသုတ်ထားပုံတွေ၊ ဓာတ်တိုင်ကို မိတ်ကပ် ခြယ်ထားပုံတွေ ... စတာတွေပဲ များတယ်။ ဒါပေါ့လေ ရုပ်ရည်အဆင်း ပြေပြစ်တင့်တယ်မှတော့ စာရေးဆရာမ ဘယ်လုပ်တော့ မတုံး။ ရုပ်ရှင်မင်းသမီးတို့၊ မော်ဒယ်လ်တို့ လုပ်တော့မှာပေါ့။ (မင်းသမီးတွေ၊ အဆိုတော်တွေ စာရေးတာ သူတို့ကိစ္စပဲလေ)

စာရေးဆရာမကြီးတွေ ငယ်ငယ်ကတော့ ချောသားဗျ။ ဥပမာ ဒေါ်ဒဂုန်ခင်ခင်လေး၊ ဂျင်းဖောမယ်(ဒေါ်) ခင်ဖုန်းတင့်၊ ဆရာမကြီး (ဒေါ်) ခင်ဆွေဦး၊ (ဒေါ်) ပတ္တမြားခင် စသဖြင့်ပေါ့။ ဆရာမကြီးတွေ ငယ်ငယ်က ဓာတ်ပုံတွေ တွေ့ဖူးမှာပေါ့။ သူတို့ ငယ်ငယ်က လှသဗျ။

ကျွန်တော်တို့နဲ့ မတိမ်းမယိမ်း စာရေးဆရာမတွေကတော့ ပြောမပြောချင် ပေါင်ဗျာ။ (စာရေးဆရာ ငနဲတွေက ပိုဆိုးသေး၊ မယုံ ကျွန်တော့် ကြည့်)
အဲဒီထဲကမှ စာပေ ဝါသနာပါတယ် ဆိုပြီး စာပေသမားတွေနဲ့ ရင်းနှီးကြတဲ့ အမျိုးသမီးတချို့ကတော့ တကယ်တမ်းလည်း စာပေ ဝါသနာပါတာ မဟုတ်။ စာပေ ရေးနိုင်တဲ့ အရည်အချင်းလည်း သိပ်မရှိ။ ဟိုလို ဒီလိုနဲ့ စာသမားတွေကြားထဲ ရောက်လာလေ့ ရှိတာကိုး။ အဲသလိုတွေထဲက တချို့ရဲ့ တချို့ကိုလည်း ကျွန်တော်တို့ရဲ့ ဆရာသမားက ကျူတယ်ဗျ။

အစပိုင်းတော့ မရိပ်မိပါဘူးဗျာ။ ဆရာသမားက သိပ်ကို မင်မောင်း ကောင်းတာဗျ။ မျက်နှာကလည်း ခပ်တည်တည်။ စကားပြောပုံကလည်း ဣနြေ္ဒရရ။ သူ ဘာမှ မဘာသလိုပဲ။ ဒါပေတဲ့ အဲသလို အမျိုးသမီးတယောက်နဲ့ စကားပြောပြီးရင် စာရွက် တရွက်ပေါ် မှတ်ချက်လိုလို ရေးတယ်ဗျ။ ခဏလည်းနေရော အမျိုးသမီးက ထွက်သွားတယ်။ သိပ်မကြာခင် ကျွန်တော်တို့ ဆရာသမားက တိုက်ပုံလေး ကောက်စွပ်ပြီး ထွက်သွားတယ်။ ကြာတော့ ကျွန်တော်တို့က သိပ်မသင်္ကာတာနဲ့ နောက်ယောင်ခံ လိုက်ချောင်း ကြည့်တယ်။ မြို့ထဲ ချောင်ကျကျ တရုတ်ဆိုင်မှာ ဖြစ်ဖြစ်၊ ကုလားဆိုင်မှာ ဖြစ်ဖြစ် ချိန်းတာကိုး။ ကျွန်တော်တို့က ဒီဆရာ ဘယ်လိုများ စွံပါလိမ့်လို့ အရိပ်အကဲနဲ့ နည်းပညာတွေကို ကြည့်တော့မှ သဘောပေါက်လာတယ်။

ဆရာသမားက ဟတ္ထ ပါဒပရာမာသ (လက်ခြေထိ ပါခြင်း) နည်းကို သုံးတာကိုး။ အဲဒါ ဟိုးရှေးရှေးတုန်းကတည်းက အိန္ဒိယမှာ သုံးခဲ့တဲ့ နည်းခင်ဗျာ။ (မဟောသဓ ဇာတ်တော်ထဲမှာ မဟောသဓ ပညာရှိက အမရာဒေဝီကို လက်သီး ဆုပ်ပြပြီး အိမ်ထောင် ရှိလား သင်္ကေတနဲ့ မေးတယ်။ အမရာဒေဝီက လက်ဝါး ဖြန့်ပြပြီး အိမ်ထောင် မရှိဘူးလို့ သင်္ကေတ ပြတယ်လေ) ခုထိလည်း ကမ္ဘာအနှံ့သုံးတုန်းပါပဲ။

သင်္ကေတပြုတဲ့နည်း လို့လည်း ဆိုသဗျ။ လက်ယပ် ခေါ်ရင် လာပါလို့ ပြောတာမျိုး။ လက်ခါပြရင် သဘောမကျဘူး၊ သဘောမတူဘူးလို့ ပြောတာမျိုးပေါ့ဗျာ။ ဆရာသမား လှုပ်ရှားပုံက သိပ်ညင်သာတယ် ခင်ဗျ။ သူလှုပ်ရှားတာက ခြေဖဝါး။ ခြေဖဝါးမှာမှ ခြေမနဲ့ ခြေညှိုး နှစ်ချောင်းတည်း။ ခပ်ပျံပျံ အမျိုးသမီးလို့ သူက သိလိုက်ပြီဆိုရင် စားပွဲအောက်က အမျိုးသမီးရဲ့ ခြေဖမိုးကို သူ့ခြေဖဝါးနဲ့ အသာထိတာ။ အမျိုးသမီးက စချင်ရင်လည်း ဒီနည်းပဲတဲ့။ (ရှေးအိန္ဒိယနည်းတဲ့။ အမျိုးသမီးတွေကတော့ မသုံးပါဘူး) အဲဒီက စလို့ သင်္ကေတပြရင်း အဓိပ္ပာယ်ပါတာတွေ ပြောတာပေါ့ဗျာ။

အမျိုးသမီးကလည်း အိုကေတယ် ဆိုရင် အေးဆေးပဲပေါ့။ ဒီအခါကျတော့မှ ဆရာသမားက စာရွက်ပေါ်မှာ မှတ်ချက်ရေး သလိုလို ဘာလိုလိုနဲ့ ချိန်းတဲ့နေရာကို ရေးပြလိုက်တာပါပဲ။ အစပိုင်းမှာ ကျွန်တော်တို့က လုံးဝ မရိပ်မိဘူး။ နောက်တော့ ဆရာသမားကို နောက်ယောင်ခံ လိုက်ကြည့်။ တိုက်မှာ ဆရာလှုပ်ရှားပုံ အကဲခတ်ပြီးမှ ဒီနည်းကို သဘောပေါက်လာတာပါ။

၃။

ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုတဲ့ စကားအရ ကျွန်တော်လည်း အဲသလို နည်းမျိုးနဲ့ ကြိုးစားကြည့်ချင်စိတ် ပေါ်လာတယ်။
တနေ့တော့ ဆရာသမားက တိုက်မှာမရှိဘူး။ ကိစ္စတခုနဲ့ အပြင်သွားနေတယ်။ ဒုတိယ ဆရာသမားကလည်း စာမူ ပရုဖတ်ရင်း အလုပ်ရှုပ်နေတယ်။
အဲဒီအချိန်မှာ အမျိုးသမီးတယောက် အလုပ်တိုက်ထဲ ဝင်လာတယ်။ ကျွန်တော်တို့တိုက်ကို သူဝင်ထွက်နေတာ ကြာပြီ။ စာရေးလည်း မကောင်းပါဘူး။ ပုံကလည်း မလာလှပါဘူး။ ကျွန်တော်တို့ရဲ့ ဆရာသမားကလည်း သူ့ကို သိပ်ဂရုမစိုက်ဘူး။

ဒီတော့ ကျွန်တော့် အလှည့်ကျပြီ ထင်တာပေါ့လေ။
အမျိုးသမီးက တခုလပ် ဆိုလား ပြောသံကြားတယ်။ ကျွန်တော်ကလည်း အဲဒီအမျိုးသမီးကို မကြိုက်လှပါဘူး။ သို့သော် အစကပြောသလို ပုံနှိပ်စက်သံက ဆူညံ။ စာသမား၊ ပေးသမား ဆိုတဲ့ ငနဲတွေကလည်း ရူးကြောင်၊ မူးကြောင်တွေက များသား၊ ပြောတော့ မိုးလား ကဲလား၊ လုပ်တော့တလွဲတွေ။
အဲ စက္ကူနံ့၊ မင်နံ့၊ ရေနံ ဆီနံ့တွေကလည်း လှိုင်နေ။ အခန်းကကျဉ်း။ စိတ်ကအိုက်။ ဒီတော့ ကျွန်တော်လည်း အပျင်းပြေ သဘောထားပြီး ဆရာသမားရဲ့နည်းကို အသုံးချ စမ်းသပ် အကောင်အထည်ဖော်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

၎။

အမျိုးသမီးက "ဆရာကော" တဲ့။

ကျွန်တော်က ဆရာ့ဂိုက်ဖမ်းပြီး ခေါင်းငုံ့လျက် ခပ်တည်တည်။

"အပြင်သွားပါတယ်။ ခဏ ထိုင်စောင့်ပါ"

သူက ကျွန်တော့်ရှေ့က ခုံမှာ ဝင်ထိုင်တယ်။ ဘေးက ခုံပုမှာ သူဝယ်လာတယ် ထင်ရတဲ့ အထုပ်တွေချထားတယ်။ အခန်းက ကျဉ်းလေတော့ သူ့နောက်က ဖြတ်သွားသူ ဝင်သာ ထွက်သာအောင် ထိုင်ခုံကို ရှေ့နားတိုးထားတယ်။ သူ့ခြေထောက်က ကျွန်တော့် ခြေထောက်နဲ့ ကပ်လျက်လောက် ရှိနေတယ်။

ကျွန်တော်က အလုပ်များတဲ့ဟန်နဲ့ စာမူတပုဒ်ကိုဖတ်ရင်း ပုဒ်ခွဲ၊ ပိုဒ်ခွဲ၊ စာခြားမျဉ်းတွေ တားနေရင်း "ဘာကိစ္စများ ရှိပါလိမ့်" လို့ ခေါင်းငုံ့လျက် ပြောတယ်။ (ဆရာသမားရဲ့ ဂိုက်မျိုးပေါ့ဗျာ) သူက "လမ်းကြုံလို့ ဝင်လာတာပါ။ ကျွန်မ စာမူပေးပို့ ထားတာလည်း ကြာပြီမို့ စုံစမ်းရင်းပါ"

"အဲဒါတော့ ဆရာပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဆရာ့ဆီ တင်ထားပါတယ်။ ဆရာ့ကိုပဲ မေးပါ"

ကျွန်တော် သိတာပေါ့ဗျာ။ ဒီအမျိုးသမီး စာရေးမှမကောင်းတာ။ ကပေါက်ချိ ကပေါက်ချာတွေ လျှောက်ရေးတတ်တာ။ ဝါကျတောင် ဖြောင့်အောင် မရေးတတ်ဘူး။ သတ်ပုံလည်း မမှန်ဘူး။ ကတ္တားတွေ၊ ကံတွေလည်း မှားတယ်။ ဘယ်တော့မှ စာရေးဆရာမ ဖြစ်လာမှာ မဟုတ်ပါဘူး။ (တကယ်လည်း ဖြစ်မလာပါဘူး)

ဒါပေတဲ့ ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ အဲဒီ အမျိုးသမီးကို စောင့်ခိုင်းထားလိုက်ပါတယ်။ တအောင့်နေတော့ ကျွန်တော့် ဆရာသမားရဲ့ နည်းအတိုင်း "ဟတ္ထပါဒ" ကိစ္စ စကြည့်တာပေါ့ဗျာ။

ကျွန်တော့် ခြေမနဲ့ သူ့ ခြေဖမိုးလို့ ထင်ရတဲ့နေရာကို ထိကြည့်တယ်။သူက အေးဆေးပဲ။ ဒီလိုနဲ့။ ခြေဖဝါးကို အပေါ်ဘက် နည်းနည်းရွှေ့တယ်။ ထိကြည့်တယ်။ အေးဆေးပဲ။ ထိရတာက ပျော့ပျော့အိအိမို့ ကျွန်တော့် စိတ်ထဲ ဒီ အမျိုးသမီးက ပုံသာ သိပ်မလာတာ အသားက နူးညံ့သားပဲလို့ ထင်မိတယ်။ နောက်တော့ တဆင့်တက်ပြီး ကျွန်တော့်ခြေမနဲ့ အဲဒီ ပျော့အိအိကို ကုတ်တယ်။ အမျိုးသမီးက ဘာမှမဖြစ်သလို အေးဆေးပဲ။ သိတောင် မသိဘူးဆိုတာမျိုး။
ကျွန်တော့် စိတ်ထဲမှာ ဒီအမျိုးသမီးလည်း "ဟတ္ထပါဒ ပရာမာသ" သိနေပါကလား လို့ ယူဆလိုက်တယ်။

နည်းနည်း ထပ်ကဲပြီး အဲဒီ ပျော့အိအိကို ခြေဖဝါးနဲ့ ကုတ်ပြီး ဖိလိုက်တယ်။ ဒီတခါ အိုကေရင် ဆရာသမားနည်းအတိုင်း ချိန်းဆိုချင်တဲ့နေရာကို စာရွက်ပေါ်ရေးပြီး သူ့ကို ပြလိုက်ရုံပေါ့။ (ကျွန်တော့်စိတ်ထဲ ၄၄ လမ်းထိပ်က ကျောက်စားပွဲ တရုတ် လက်ဖက်ရည်ဆိုင်ကို ချိန်းမယ် စိတ်ကူးသေး) တယ်ဟုတ်ပါလား။ တယ်ဟုတ်တဲ့ ငါ ပါလားလို့ ပီတိတွေများ နေမိသပေါ့။

ခြေမကို နောက်ထပ် နည်းနည်းထပ်ပြီး ရှေ့တိုးတယ်။ ပျော့အိအိက နောက် နည်းနည်း ဆုတ်သွားသလိုပဲ။
သူ့ကို ကြည့်လိုက်တော့ အေးဆေးပဲ။ ဘာမှ မဖြစ်သလို။ ဟန်ပြီအထင်နဲ့ ခြေမကို ရှေ့ထပ်တိုးတယ်။ ဖိတယ်။ နည်းနည်း ထပ်ရွေ့သွားတယ်။ ရှေ့ထပ် တိုးတယ်။ ခြေမနဲ့ ဖိတယ်။ ပျော့အိအိ။ အဲဒီအချိန်မှာ ...

"ဟင် ဆရာ။ ကျွန်မ ပေါင်မုန့်ကို ဘာလို့ ခြေထောက်နဲ့ နင်းနေတာလဲ" တဲ့။

ဒီတော့မှ ကျွန်တော့် ခြေထောက် ရောက်နေတာကို ငုံ့ကြည့်မိတယ်။ ဟုတ်ကဲ့ပါ ခင်ဗျာ။

ကျွန်တော့် ခြေမဟာ သူဝယ်လာတဲ့ ပြည်သူ့မုန့်တိုက်က ပြင်သစ်ပေါင်မုန့်လို့ ခေါ်တဲ့ ပေါင်မုန့်ရှည်ရှည် ချွန်ချွန်ကြီးကို နင်းထားမိသလို ကြီး ဖြစ်နေတာကိုးဗျ။
ကျွန်တော် ရှက်ကိုး ရှက်ကန်းနဲ့ "ဆောဒီး" လို့ ပြောလိုက်ရတယ်။

အဲဒီတုန်းက ပြည်သူ့ မုန့်တိုက်က ပေါင်မုန့်ဝယ်ရင် စက္ကူအိတ်ထဲ ထည့်ပေးတယ်။ စက္ကူအိတ်က သေးလေတော့ ပေါင်မုန့်သားက အပြင်ထွက်နေတယ်။
သူက မုန့်တိုက်က ပေါင်မုန့်တို့၊ ဘာတို့ဝယ်ပြီး အပြန် ကျွန်တော်တို့ တိုက်ကို ခရီးကြုံဝင်လာတာကိုး။ ပေါင်မုန့်ထုပ်ကို သူ့ဘေးနား ကပ်လျက် ချထားတာကိုး။
ကျွန်တော်က အဲဒီ ပေါင်မုန့်ကြီးကို သူ့ခြေသလုံး မှတ်ပြီး ခြေဖမိုးနဲ့ "ဟတ္ထ ပါဒ ပရာမာသ" (လက်ခြေတို့ ထိပါးခြင်းအမှု) ပြုနေမိတာကိုး။ လွဲပါ့ဗျာ။ တိတိကျကျ အမှန်အကန်လွဲပဲ။

ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ မှတ်တာ။ လက်စသတ်တော့ ပေါင်မုန့်ကြီးကို ဟတ္ထ ပါဒ။ အဲဒီကတည်းက အဲဒီ "ဟတ္ထပါဒ" နည်း မသုံးရဲတော့တာ ခုထိပါပဲဗျာ။
အဲဒီ အမျိုးသမီးလည်း ဘယ်ဆီ ဘယ်ဝယ် ရောက်နေမှန်းတောင် မသိရပါဘူး။ စာရေးဆရာမလည်း ဖြစ်မလာပါဘူး။ ဆိုးလိုက်တဲ့ အဖြစ်ဗျာ။ ကျွန်တော့်ထက် အဖြစ်ဆိုးတာတောင် ကျွန်တော့်လောက် အဖြစ်ဆိုးမယ် မထင်ဘူးဗျာ။ ပေါင်မုန့်မှန်း၊ ပေါင်မုန့်မှန်း မသိတဲ့ အဖြစ်။

http://shweamyutay.com/ မှ ကူးယူဖော်ပြပါတယ်။

သရုပ်ဖော် - မြင့်မောင်ကျော်


Wednesday, December 1, 2010

အငတ်စာ (နိဂုံးပိုင်း)

“အကြောင်းတွေ အများကြီး ရှိမှာပါ … ဒါပေမယ့် ငတ်တာလည်း အကြောင်းတခုပဲ အဘရဲ့။ သမီးလည်း မျောက်ကလေးတွေကို သနားတယ် … ဒါ့ထက်များများ ကျွေးချင်တယ်။ မျောက်စာထဲမှာ ဒါ့ထက်များများ ပိုထည့်နိုင်ရင် ကောင်းမှာပဲလို့ ထင်တယ်။ ဒါပေမယ့် သမီးက မျောက်စာထုပ်တောင် ကိုယ့်ဖာသာ ထုပ်နိုင်တဲ့သူ မဟုတ်ဘူး။ သူများ ထုပ်ပေးတဲ့ အထုပ်တွေကိုယူပြီး ပြန်ရောင်းစားရတဲ့ဘဝပါ။

ကိုယ့်ဖာသာ မျောက်စာထုပ်နိုင်အောင် သမီး မြေပဲ များများ ဝယ်မထားနိုင်ဘူး။ ပြောင်းဖူးစေ့များများ ပဲများများ ဝယ်မထားနိုင်ဘူး။ နောက်ပြီး မျောက်ကလေးတွေကမှ မြေပဲ စားရသေးတယ် … သမီး မြေပဲမစားရတာ ကြာလှပြီ အဘရယ် … ဈေးနှုန်းတွေ ဘယ်လောက်တက်နေတယ် ဆိုတာ အဘတို့အသိ … လူတွေ ဘယ်လောက်ကျပ်တည်းတည်းတယ်ဆိုတာ အဘတို့အသိ … ကျပ်တည်းတဲ့ဘဝမှာ သမီးဆို အလယ်တန်းအောင်ပြီး စာတော်လျက်နဲ့ ကျောင်းကထွက်ပြီး မျောက်စာ ရောင်းနေရတယ်”

မိန်းကလေးက ခဏနားပြီးမှ ဆက်ပြောပါသည်။

“တချို့ မျောက်စာ ကိုယ့်ဖာသာ ထုပ်ရောင်းသူလည်း ရှိတယ် … တချို့လည်း သမီးလိုပဲ သူများဆီက ယူရောင်း၊ ရောင်းပြီးမှ ငွေပြန်သွင်းရတယ်။ မျောက်စာထုပ်တန်ဖိုးထဲမှာ မျောက်စာအတွက်လည်းပါ … မျောက်စာအတွက် ရင်းနှီးပြီး အထုပ်ထုပ်တဲ့သူတွေရဲ့အမြတ်လည်း ပါ … မျောက်စာထုပ်တဲ့သူတွေကလည်း သူတို့မြေပဲတွေ ပြောင်းဖူးစေ့တွေ အခြောက် လှမ်းထားတုန်း မျောက်တွေ အတင်းဝင်လုစားကြလို့ ဘယ်လောက်တောင် ပါသွားတယ်၊ ကုန်ဈေးနှုန်းတွေက ဘယ်လောက်တောင် ကြီးနေတယ်ဆိုပြီး အဘတို့ကို ငိုမပြရင် ကံကောင်း …

သမီးတို့လို အရောင်းသမတွေကတော့ တချို့လည်း ဒီတောင် ကလပ်ရွာက … တချို့က ပုပ္ပားရွာမကြီးက … အဲဒီကနေ တောင်ကလပ်အထိ အထုပ်အထမ်းတွေနဲ့ မိနစ်လေးဆယ်၊ တနာရီလောက် လမ်းလျှောက်လာ … ဒီမှာလည်း တနေကုန် တမတ်တတ်တတ် အာကွဲမတတ် တစာစာနဲ့ ဈေးခေါ်ရ … ဒီမျောက်စာထုပ်ရဲ့ တန်ဖိုးထဲမှာ သမီးတို့ရဲ့လုပ်အားခလူစာလည်း ပါရမှာပေါ့ … ဒါလေးရမှ သမီးတို့ မငတ်မှာ … မဟုတ်ဘူးလား အဘရယ်”

သူ့အမေးကို မဖြေနိုင်ရုံမက သူ့မျက်နှာကို မကြည့်ရဲအောင် အားနာနေမိသည်။

“မျောက်ကလေးတွေ အသက်မသေအောင် ကျွေးမွေးလှူဒါန်းနိုင်သူ ရှားပါးလာတာ လူတွေရဲ့သဒ္ဓါတရား နည်းပါး သွားကြလို့လား၊ သမီးတော့ စဉ်းစားကြည့်မိတယ် … လူတွေ တိုးတိုးပြီး ငတ်လာကြသလားလို့ … သမီးပတ်ဝန်းကျင်က အခြေအနေတွေကြည့်ပြီး ဒီလို စဉ်းစားမိတာပါ … မိုးကလည်း ခေါင်တယ်၊ ခွေးကလည်း ဟောင်တယ်၊ မြက်တွေ ပိုပိုပြီး ခြောက်လာတယ်၊ နွားတွေ ပိုပိုပြီး ငတ်လာတယ် …

လူတွေကကော … တောင်ကလပ်မှာသာ အဆောက်အဦသစ်တွေ တိုးလာတာပါ … သမီးတို့ အခြေအနေမှန်ကို သိချင်ရင် သမီးတို့ရွာ မီးတို့အိမ်ကို လာကြည့်မှသိမယ် … စကားဝါပန်း တက်ချိုးရင်း သစ်ပင်ပေါ်က ပြုတ်ကျသေသူတွေ … အငတ်ဒဏ်မခံနိုင်လို့ လွင့်သွားရသူတွေ … ကိုယ့်ကိုယ်ကို သတ်သေသွားသူတွေ …”

မိန်းကလေးက သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်က မိန်းကလေးကိုကြည့်ရင်း ဒါလောက် ရင်ဖွင့်စကားတွေ ပြောတတ်အောင် သင်ပေးလိုက်သည့် သူ့ဘဝအကြောင်းကို တွေးနေမိသည်။

“သမီးပြောချင်တာကတော့ မျောက်တွေလည်း ငတ်နေတယ် … သမီးတို့လိုလူတွေလည်း ငတ်နေတယ် … အဘတို့ ဝယ်လိုက်တဲ့ မျောက်စာထုပ်တန်ဖိုးထဲမှာ မျောက်စာအတွက်လည်း ပါတယ် … လူစာအတွက်လည်း ပါတယ် …

အဘတို့ အလှူဒါနဟာ မျောက်စာအတွက်လည်း ကုသိုလ်ရသလို လူစာအတွက်လည်းကုသိုလ်ရပါတယ် … ကိုယ်တတ်စွမ်းသမျှ အငတ်ဘေးကျနေသူတွေအတွက် အလှူဒါနပြုလိုက်ရတယ်လို့ပဲ သဘောထားလိုက်ပါ အဘရယ်” တဲ့။

ဦးဖြူမင်းလည်း ဘာမှ မပြောနိုင်ဘဲ ငေးငိုင်နေပါသည်။ ကျွန်တော်လည်း ထို့အတူ။ တောင်ခြေမှာလည်း မြူမင်များ ဆိုင်းလာသည်ဟု ထင်လိုက်မိပါသည်။

သရုပ်ဖော် - အောင်ထက်

အရေးတော်ပုံ ဂျာနယ် အတွဲ ၁၊ အမှတ် ၁ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

Tuesday, November 30, 2010

အငတ်စာ (အပိုင်း - ၂)

“ဒီမှာ ကိုဘညွန့် … ကြည့်စမ်းပါဦးဗျာ”

ဦးဖြူမင်းက လှမ်းပြောသဖြင့် ကျွန်တော်သူ့ဘက်သို့ လှည့်လိုက်ရသည်။

“မျောက်စာထုပ်တဲ့ … ဘာတွေပါသလဲလို့ ကျုပ် ဖြေကြည့်လိုက်တာ … ကြည့်စမ်းပါဦးဗျာ၊ ပြောင်းဖူးစေ့ ဆယ်စေ့လောက်၊ မြေပဲစေ့က ခုနစ်စေ့ ရှစ်စေ့လောက်နဲ့ ကျန်တာက အဖိုးမတန်တဲ့ ပဲကလေးတွေ ကတော့ထိုးပြီး ထည့်ထားတာ … ကျုပ် ရှစ်ထောင် တသောင်း ဖိုးဝယ်တာ ဘယ်လောက်မှလည်း များများမရဘူး … မျောက်စာတထုပ်မှာ ပါတဲ့ ပဲစေ့ ပဲဆန်တွေကလည်း နည်းနည်းလေးပါတာ၊ ကျုပ်နည်းနည်းမှ မကျေနပ်ဘူးဗျာ … ကျုပ်ပိုက်ဆံတွေ မျောက်စာအတွက် ပေးလိုက်ရတာ မဟုတ်ဘူး၊ လူစာအတွက် ပေးလိုက်ရတာဗျ … သိလား … လူစာအတွက်”

ဦးဖြူမင်းက အတော်အသုံးမကျတဲ့သူတွေ၊ တကိုယ်ကောင်းသမားတွေ၊ လူလိမ်တွေဆိုပြီး ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲ ရေရွတ်နေသည်။ ရော … ကိုဖြူမင်းတယောက် ကုသိုလ်တပဲ ငရဲတပိဿာ ဖြစ်နေပါရော့လား။

သူ့ဘဝတလျှောက်လုံး တကိုယ်ကောင်းသမားလုပ်လာတာကျ ကိုယ်ကိုယ်ကို ပြန်မမြင်နိုင်ပါလား။

“အေးဗျာ … မျောက်စာထုပ်တွေက သိပ်တော့ မတန်လှဘူး ထင်ရပါတယ်။ ဒါပေမဲ့ ကိုဖြူမင်းရယ် … သူတို့မှာလည်း သူတို့အကြောင်းနဲ့သူတို့ ရှိကြမှာပေါ့ဗျာ”

“ဘာအကြောင်းရှိရှိဗျာ … မျောက်စာအတွက်ဆိုပြီး လူစာအတွက် ဒီလိုလိမ်မယူသင့်ဘူးဗျ … ကျုပ်တော့ မကျေနပ်ဘူး … အလကား အောက်တန်းစားတွေ၊ အောက်တန်းစားပီပီ စိတ်ထား ညံ့တယ်”

ဒီစကားကိုတော့ ကျွန်တော်က မကျေနပ်လှပါ။ ဒါပေမယ့် သူ့ကို ဖြေသိမ့်ပေးရမယ့်အချိန်မို့ …

“ဘုရားဖူးလာတဲ့အချိန်မှာ ဒီကိစ္စကို ဒါလောက်လည်း စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့ ကိုဖြူမင်းရာ … ဒါပေမယ့် ခင်ဗျား ဘဝင်မရှင်းရင် ဒီမျောက်စာရောင်းတဲ့ကလေးမကို တောင်ခြေကျ အကျိုးအကြောင်း ကျုပ် မေးပေးပါ့မယ်”

ဦးဖြူမင်း ခပ်တွေတွေ ဖြစ်နေချိန်တွင် ပြန်ဆင်းကြစို့ ဟုပြောပြီး ကျွန်တော်တို့နှစ်ယောက် တောင်ကလပ်ထိပ်မှ ဖြည်းဖြည်းချင်း ဆင်းလာသည်။ တောင်ခြေရောက်တော့ မောလည်းမော၊ ညောင်းလည်း ညောင်းနေသဖြင့် ဦးဖြူမင်း၏ ဒေါသစိတ်များ အတော်အတန် လွင့်ပါးသွားပုံရသည်။

တောင်ခြေတွင် ကျွန်တော်တို့ကို မျောက်စာရောင်းလိုက်သည့် ကလေးမကို အဆင့်သင့်ပင် တွေ့ရပါသည်။

သူကလည်း ကျွန်တော်တို့နှစ်ယောက်ကို ဂရုပြုမိဟန်ဖြင့် “အဘတို့ မောလာကြပြီထင်တယ်” ဟုဆိုကာ သူ့ဘေးရှိ သောက်ရေအိုးငယ်ကလေးမှ ရေတခွက် ခပ်ကာ ကမ်းပေးလာပါသည်။ “ကျေးဇူးပါပဲ သမီးရယ်” ဟု ဆိုကာ ကျွန်တော်က သူ့စေတနာ ရေတခွက်ကို လက်ခံလိုက်ပြီး အုတ်ခုံပေါ် ထိုင်ချလိုက်သည်။ ဦးဖြူမင်းလည်း မောမောနှင့် ကျွန်တော့်ဘေးတွင် ဝင်ထိုင်သည်။

“သမီးကို အဘတို့ မသိလို့မေးရဦးမယ် … စိတ်မဆိုးနဲ့နော်… သမီးတို့ မျောက်စာထုပ်ကလေးတွေက မျောက်စာပါတာ နည်းသလားလို့ ထင်နေမိတယ်”

မိန်းကလေးက အတော် သွက်သွက်လက်လက် ချက်ချက်ချာရှိပြီး ရည်မွန် အကင်းပါးပုံရပါသည်။

“အမှန်ပဲ နည်းပါတယ် အဘရယ်”

ကျွန်တော်တို့နှစ်ယောက်စလုံး ဟင်ခနဲ ဖြစ်သွားမိသည်။

“နောက်ပြီး ဒီက အဘကလည်း မျောက်စာထုပ်ရဲ့တန်ဖိုးငွေဟာ မျောက်စာအတွက် ပေးရုံတင်မက လူစာအတွက်ပါ ယူထားတယ်လို့ ထင်နေတယ်ကွဲ့”

“ဒါလည်း အမှန်ပါပဲ အဘရယ်”

ကျွန်တော်တို့နှစ်ယောက် ဘာဆက်မေးရမှန်းမသိ ဖြစ်သွားကြပါသည်။

“သမီးပြောပြပါမယ် … မျောက်ကလေးတွေ သိပ်ငတ်နေကြတာ အဘတို့အမြင်ပဲ။ ကျွေးတာကို မစောင့်နိုင်ဘဲ အတင်းဝင်လုနေတာကိုပဲကြည့်။ လူတွေကလည်း အရင်ကလောက် လှူဒါန်းနိုင်တဲ့သူတွေ သိပ်မများတော့ဘူး။ မျောက်တွေလည်း တဖြည်းဖြည်း နည်းလာတယ်။ ဘာကြောင့် နည်းသွားတယ်လို့ အဘတို့ ထင်သလဲ”

ကျွန်တော်တို့နှစ်ယောက် မဖြေနိုင်။

ဆက်လက်ဖော်ပြပါမယ်။

Friday, November 26, 2010

အငတ်စာ (အပိုင်း - ၁)

“ခင်ဗျားရဲ့ ပုဂံပြတိုက်က ဝန်ထမ်းအမျိုးသမီးတွေကတော့ VIP တွေလာရင် ရှင်းပြဖို့ အတွက်ခန့်ထားတာ ထင်ပါရဲ့ဗျာ … လူကြီးတွေလာမှ ‘ပဲများပြီး’ ပျာယာခတ်နေကြတာ၊ ရုပ်သံလွှင့်တဲ့ မင်းသမီးတွေလို သမိုင်းကြောင်းကို ဟန်လုပ် ရှင်းပြတတ်တာ။ သာမန်ပြည်သူတွေ လာရင်တော့ မဂ္ဂဇင်း အဖတ်မပျက်၊ အတင်းတုတ်တာ မပျက် … နည်းနည်းလေးမှ အရေးမလုပ်ဘူး၊ ပြည်သူတွေ အရုပ်တွေ လျှောက်ကြည့်ရုံကလွဲပြီး ဘာအသိအမြင်မှ မရပါဘူးဗျာ”

ဟု ဝင်ပြောလိုက်သောအခါ သူလည်း မြင်တွေ့ခဲ့ရသည်ဖြစ်သဖြင့် ငြိမ်သွားသည်။

ပုပ္ပားသို့လာသောလမ်းတွင် တောရိပ်တောင်ရိပ်နှင့် သစ်ပင်စိမ်းစိမ်းစိုစိုတို့ကို မြင်တွေ့ရသဖြင့် ရင်ထဲမှာ အေးမြ လန်းဆန်းသွားသည်။ ဒါပေမယ့် ကျေးလက်နေ တောသူတောင်သားတွေ၏ ဘဝအခြေအနေတွေကို မြင်တွေ့ကြား သိရသောအခါတွင်မူ စိတ်မကောင်း။

x x x

ပုပ္ပားတောင်ကလပ် ခြေရင်းသို့ ဘုရားဖူးကားနှစ်စီး ထိုးရပ်လိုက်သည်နှင့် ဘုရားပန်း၊ နတ်ပန်းရောင်းသည့် ပန်းသည်တွေနှင့် မျောက်စာရောင်းသည့် ဈေးသည်တွေ အပြေးအလွှား အလုအယက် ရောက်လာကြသည်။

ဘုရားဖူးကားနှစ်စီးပေါ်မှ ငယ်ရွယ်သူတွေက ပေါ့ပေါ့ပါးပါးနှင့် ဘုရားပန်းတွေဝယ်၊ မျောက်စာတွေကိုဝယ်ကာ တောင်ကလပ်သို့ ခပ်သွက်သွက် တက်သွားကြသည်။ ကျွန်တော်နှင့် ဦးဖြူမင်းတို့ ဇရာအိုနှစ်ဦးသာ အထိုင်အထ နှေးသဖြင့်နောက်မှာ ကျန်ခဲ့ကြသည်။

“ကုသိုလ်ယူဖို့ ဘုရားပန်းတွေ နတ်ပန်းတွေ ဝယ်သွားကြပါဦးအဘတို့ရယ် … ဘုရားပန်းလေးတွေ လတ်ပါတယ် … ပုပ္ပားမယ်တော်ကြီး နတ်ကွန်းမှာလည်း သည်ပန်းတွေနဲ့ နတ်တင်နိုင်ပါတယ် … တောင်ပေါ်မှာလည်း ဘုရားပန်း ကပ်နိုင်ပါတယ်”

“မျောက်တွေကို မျောက်စာကျွေးပြီးတော့လည်း ကုသိုလ်ယူနိုင်ပါတယ်ရှင် … မျောက်ကလေးတွေက သနားစရာတွေပါ အဘတို့ရယ် ... မျောက်ကလေးတွေ အတွက် မျောက်စာထုပ်ကလေးတွေ ဝယ်ပြီး ကုသိုလ်ယူကြပါဦးရှင်”

မျောက်စာသည် ကလေးမ အများကြီး ပြောပြနေစရာ မလိုပါ။ မျောက်စာဝယ်နေတုန်းမှာပဲ မျောက်တွေက မျောက်စာ ဝင်လုနေသဖြင့် ဈေးသည်ကလေးတွေက မနည်းကြီး ခြောက်လှန့် မောင်းထုတ်နေရပါသည်။ ကျွန်တော်က ဘုရားပန်း သုံးထောင်ဖိုးနှင့် မျောက်စာ သုံးထောင်ဖိုး ဝယ်လိုက်ပါသည်။ ကလေးမက ထပ်ဝယ်ဖို့ တိုက်တွန်းနေသဖြင့် …

“အဘ ဒါလောက်ပဲ တတ်နိုင်လို့ပါ မိန်းကလေးရယ်” ဟု တောင်းပန်လိုက်သောအခါ အလိုက်သိစွာ ထပ်မတိုက်တွန်းတော့ပါ။ ကိုဖြူမင်းကတော့ ဘုရားပန်းတပွေ့တပိုက်သာမက မျောက်စာထုပ်တွေ ငါးထောင်ဖိုးမက တသောင်းဖိုးနီးပါး ဝယ်ယူလိုက်သည်ကို တွေ့ရသည်။ မျောက်တွေက အလုအယက်တောင်းယူ စားသောက်နေကြသဖြင့် ဘယ်လောက်ဖိုးဝယ်ဝယ် လောက်မည့်ပုံမပေါ်ပါ။

ကျွန်တော်ကတော့ တောင်ကလပ်အတက် ခရီးတလျှောက် မျောက်သားသမီးငယ်လေးများကို ကျောလွယ်၊ ပွေ့ပိုက်ထားကြသည့် မျောက်မိခင်များကိုသာ ရွေးပြီး ချွေချွေတာတာ ကျွေးလာရသည်။ ကိုယ်က သည်လောက်ပဲ တတ်နိုင်တာကိုး။

လူအိုလူကြီးဆို၍ ကျွန်တော်တို့နှစ်ယောက်သာပါပြီး သက်တူရွယ်တူချင်းလည်း ဖြစ်သဖြင့် အဝလွန်ဆူဖြိုးနေသော ဦးလူမင်းကိုစာနာကာ ကျွန်တော်က စောင့်ခေါ်ပြီး တောင်ကလပ်ထိပ်သို့ ခပ်ဖြည်းဖြည်း တက်လာကြပါသည်။ ကျွန်တော်တို့နှစ်ယောက် တောင်ကလပ်ထိပ်သို့ ရောက်ပြီးဘုရားကို ပန်းကပ်ကာ ဝတ်ပြုနေကြသောအချိန်တွင် ကျွန်တော်တို့ ရပ်ကွက်သူရပ်ကွက်သား ဆွေမျိုးသားချင်းများက တောင်အောက် ပြန်ဆင်းဖို့ပင် ပြင်နေကြပြီ။

“အဘတို့ အေးအေးဆေးဆေး ဘုရားဝတ်ပြုပြီးမှ ဆင်းလာနော် … ကျွန်တော်တို့က တောင်ခြေမှာ လျှောက်လည်ရင်း စောင့်နေမယ်” ဟု ရပ်ကွက်လူငယ်လေးတွေက မှာကြားပြီး ဆင်းသွားကြသဖြင့် ကျွန်တော်တို့လည်း စိတ်အေးလက်အေး ဘုရားကန်တော့ပြီး တောင်ထိပ်မှာ စိမ်ပြေနပြေနားနေမိပါသည်။

တောင်ကလပ်ထိပ် ဘုရားရင်ပြင်မှ လှမ်းမျှော်ကြည့်လျှင် ပုပ္ပားတောင်ခြေရှုခင်းကို မြူမင်ပြာများကြားမှ မှုန်မှုန်ရီရီ မြင်တွေ့ရပါသည်။ တောင်ကလပ်မှ တောင်အောက်တောတန်းနှင့် ကားလမ်းဘက် လှမ်းကြည့်ရသည်မှာ ကြည်နူးစရာကောင်းသလို လွမ်းဆွတ်စရာလည်း ကောင်းပါသည်။

အေးသောရာသီ မဟုတ်ပါဘဲလျက် တောင်ကလပ်ထိပ်တွင် မြူခိုးမင်ပြာ ယှက်သန်း ရစ်သိုင်း အုံ့ဆိုင်းနေသည်ကိုလည်း သဘောကျနေမိသည်။ ကျွန်တော်က သဘာဝရှုခင်းတွင် နစ်မျောနေစဉ် ဦးဖြူမင်းကတော့ သူ့လက်ထဲ ကျန်နေသေးသည့် မျောက်စာထုပ်လေးငါးထုပ်နှင့် အလုပ်ရှုပ်နေပါသည်။

ဆက်လက်ဖော်ပြပါမယ်။

Wednesday, November 24, 2010

အငတ်စာ - မောင်လှဝင်း (မြင်းခြံ)

တရပ်တည်းသားပေမယ့် ကျွန်တော်နှင့် ဦးဖြူမင်းကတော့ နည်းနည်းမှ အစေးမကပ်။ သူက အဖြူဆို ကျွန်တော်က အမည်း။ ကျွန်တော်က အရှေ့ဆို သူက အနောက်။ ကျွန်တော်နဲ့သာ မဟုတ်၊ သူက ဘယ်သူနဲ့မှ သိပ်အစေးမကပ် လှတဲ့ လူ့ဂွ(ခွ)စာကြီး။ သူများတွေက ‘ဝ’ လုံး ရေးထားလျှင်တောင်မှ သူက လမင်းကြီးနဲ့ တူတယ်ဆိုပြီး ‘လ’ လို့ ဖတ်တတ်သည့် သူ။

ငယ်ငယ်ကတည်းက တရပ်တည်းနေလာကြသူတွေမို့ တယောက်အကြောင်း တယောက် အူမချေးခါးမကျန် သိကြသည်။ ရပ်ကွက်ဘောလုံးသင်းမှာဆိုလျှင် သူက ‘လူညစ်’ တွေနဲ့သာ ပေါင်းသင်းတတ်သူ။

ကျောင်းသားဘဝရောက်တော့ သူက ဒီအက်စ်အို။ ကျွန်တော်က ကျောင်းသား သမဂ္ဂအဖွဲ့ဝင်။ ကျွန်တော်က နိုင်ငံရေးမှုနဲ့ ထောင်ကျနေချိန်မှာသူက ဖဆပလ၏ သမဝါယမ အသင်းတွင် စားပေါက်ချောင်သော နေရာတနေရာ ရထားပြီးပြီ။ ကျွန်တော့်ညီတယောက် နိုင်ငံရေးမှုနဲ့ ကိုကိုးကျွန်းရောက်သွား ချိန်တွင် သူက မဆလခေတ် ရပ်ကွက်ကောင်စီ အတွင်းရေးမှူး ဖြစ်နေပြန်ပြီ။

သူ့သမီးတွေက စစ်ဗိုလ်တွေ၊ အစိုးရအရာရှိတွေနဲ့သာ ယူကြသည်။ ယခုအချိန်မှာပင် သူ့သားတယောက်က ကျွန်တော်တို့မြို့မှ ကြံ့ဖွံ့အသင်းမှာ လူကြီးတနေရာ ရထားနေပြီ။ ကျွန်တော့်သားတွေ တူတွေကတော့ ရှစ်လေးလုံး အရေးတော်ပုံပြီးကတည်းက ထောင်နဲ့အိမ် ကူးချည်သန်းချည် လုပ်နေရသည်။

ကျွန်တော် ကံဆိုးသည်ကတော့ ကျွန်တော့်မြေးတယောက်က သူ့မြေးမ တယောက်ကို ခိုးယူသွားခြင်းပင် ဖြစ်သည်။ တောင်းတောင်းပန်ပန်နှင့် သူတို့လက်ခံအောင် ပြောပြီး သူ့မြေးမလေးကို ပြန်အပ်ရသည်။ ကျွန်တော်တို့ တတ်နိုင်သမျှ ဖျစ်ညှစ်ငွေထုတ်ပြီး ကလေးများ တင့်တောင့်တင့်တယ်ဖြစ်အောင် မင်္ဂလာဆောင်ပေးရသည်။ ဒါ့ထက် ပို စိတ်ညစ်မိတာကတော့ သူနဲ့ မပတ်သက်လျှင် မဖြစ်သောကိစ္စတွေ ပေါ်လာတတ်ခြင်းပင် ဖြစ်သည်။

ဟော … အခုပဲ ကြည့်လေ။ ရပ်ကွက်ဘုရားဖူးကားပေါ်မှာ သူနဲ့အတူ လိုက်ပါ နေရပြန်ပြီ။ ရပ်ကွက် ဆွေမျိုးသားချင်းတွေစုပြီး ဘုရားဖူးထွက်မည်ဆိုတော့ သူ့အမျိုးတွေလည်းပါ ကိုယ့်အမျိုးတွေလည်း ပါပေါ့။ ခရီးသည်တင် ကားနှစ်စီးနှင့် ဘုရားဖူးထွက်မည့်အခါ လူကြီးသူမတွေ ပါအောင်ဆိုပြီး ကျွန်တော်တို့နှစ်ယောက် ကို လေးလေးစားစားဖိတ်ခေါ်တော့ ငြင်းလို့က မကောင်း။

မိတ္ထီလာမြို့ကို ဖြတ်ပြီး ပုဂံညောင်ဦးဘက်ထွက်လာသောလမ်းတွင် သူက ဘာမဟုတ်သည့်ကိစ္စလေးတွေကို အကြောင်းပြုပြီး မိတ္ထီလာမြို့၏ တိုးတက်မှုတွေဆိုကာ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်နေ၏။ ကျွန်တော်က လမ်းတလျှောက် ယာခင်းများမှ ခေါင်းငိုက်ကျကာ ညှိုးရော်ရော်ဖြစ်နေသည့် နှမ်းပင်လေးတွေကိုကြည့်ကာ ကျောက်ပန်းတောင်း၊ ပုဂံညောင်ဦးဘက်မှ တောင်သူလယ်သမားဘဝတွေအကြောင်း တွေးတော စိတ်မကောင်း ဖြစ်နေမိသည်။

တပြည်လုံး ဒုက္ခဆင်းရဲတွေ ပင်လယ်ဝေနေချိန်တွင် သူက သူ့သား ကြံ့ဖွံ့ ခေါင်းဆောင်၏လေသံအတိုင်း ဟိုဟာ တိုးတက်တယ် - ဒီဟာ တိုးတက်တယ် ဆိုပြီး ကားပေါ်တွင် လေလုံးထွား ပြောပြနေသည်။

ညောင်ဦးမြို့အဝင်တွင် လမ်း ဘယ်လိုကောင်းကြောင်း၊ မြို့အဝင်ပသာဒ ဘယ်လိုလှကြောင်း ‘ဘုံခန်း’ ဖွဲ့သလို ဖွဲ့ပြနေသည်ကို နားကြားပြင်း ကတ်လာသဖြင့် …

“မိတ္ထီလာက ထွက်လာခဲ့ကတည်းက ကားလမ်းတွေ တွန့်လိန်ပဲ့ရွဲ့နေတာတွေ သေချာမကြည့်ခဲ့ဘူး ထင်တယ်၊ ကိုဖြူမင်း” ဟု တချက်လောက် ‘ပက်’ခနဲ ပြောပစ်လိုက်သည်။

ပုဂံရောက်တော့ သူက ကားလမ်းတွေ၊ ဟိုတယ်သစ်တွေ၊ ဘုရားပုထိုး အသစ် မွမ်းမံပြုပြင်တာတွေကို ချီးမွမ်းခန်းဖွင့် ပြန်သည်။ ကျွန်တော်က ရှေးဟောင်း အနုပညာလက်ရာတွေကို သူနဂိုလက်ရာပျက်စီးသွားအောင် ပြုပြင်တာတွေကို မကြိုက်၊ ပြုပြင်ထိန်းသိမ်းသည်ဆိုလျှင် မူလအနုပညာတွေ မပျက်စီးအောင် ပြုပြင်ထိန်းသိမ်းတာကို လိုလားသည့်သူ၊ အရိုးကို အရွက် မဖုံးစေချင်သူ။

ရှေးပဒေသရာဇ်မင်းဆက်မှ ဘုရင်တပါးက ဘုရားကို အကျဉ်းချထားသလို ကျပ်ကျပ်တည်းတည်းဖြစ်အောင် တည်ထားတာကိုကြည့်ပြီး ရဟန်းသံဃာနှင့် ပြည်သူလူထုကို အကျဉ်းချထားသော စစ်အစိုးရအကြောင်း ကျွန်တော် တွေးနေစဉ် သူက ပုဂံပြတိုက်ကို အမွှမ်းတင်ပြောဆိုနေပြန်သည်။

ဆက်လက်ဖော်ပြပါမယ်။

Wednesday, November 17, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ (နိဂုံးပိုင်း)

(၆)

တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့ရာ အတော်သွားမိလျှင် ပြန့် ရောက်ခဲ့ကြသည်။ နေ အတော်မြင့်ပေပြီ။ ကားသံလူသံ တညံညံဖြင့် ပွက်လော ရိုက်နေသော မြို့ပြသိုက်မြုံ၌ ကြီးပြင်းခဲ့ရသူတို့သည် ကျေးသံငှက်သံဖြင့် တိတ်ဆိတ်အေးချမ်းသော တောင်ပေါ်တောလမ်းကလေးအတိုင်း လျှောက်လာရသဖြင့် ကြည်နူးလန်းဆန်းမှုကို ဖြစ်ပေါ်စေသည်။ ကြည့်လေရာ သစ်ပင်ဝါးပင်ချုံနွယ်တောပန်းတို့က မျက်စိပသာဒကို ဖမ်းစားနေသည်။

ဟော ရှေ့မှာ ကျွဲရိုင်းတကောင်၊ နှာတဖူးဖူး ခွာတရှပ်ရှပ်ဖြင့် လမ်းကို ကားယားခွကာ သူတို့ကို ဆီးကြိုနေသည်။ ကျွဲရိုင်းတော့ မဟုတ်ပါ။ မောင်းတက် ဝါးကိုင်းဖျားတွင် ကြိုးရှည်ရှည်နှင့်ချည်ကာ လှန်ထားသော ခိုင်းကျွဲကြီးပေပဲ။

ဒီဒေသမှာ ကျွဲတွေကို ရွာနှင့်လှမ်းလှမ်း စားကျက်ကောင်းကောင်းမှာ လှန်ထားတတ်သည်။ အပျောက်အရှ မရှိပေ။ လမ်းကကျဉ်းကျဉ်း ဘေးတဖက်စီ ချုံတွေ ထူထပ်နေသဖြင့် မသွားသာ ဖြစ်နေသည်။ ကျွဲကြီးက ဝဖြိုးတောင့်တင်းသည်။ လူစိမ်းတွေ တွေ့သဖြင့် ရိုင်းချင်နေသည်။

ရှေ့က သွားနှင့်သူတို့မှာ ကျွဲမောင်းမရ၊ ကျွဲက လမ်းဖယ်မပေး။ ပေစောင်းစောင်းဖြင့် ချိုဝင့်နေသည်။ ကျွဲနှင့် လူတို့ ဆိုင်နေကြစဉ် ခပ်လှမ်းလှမ်းမှလိုက်ပါလာသော ဦးအိုက်စံ ရှေ့ကိုတက်ကာ ဘာမပြော ညာမပြော ကျွဲရှေ့မှာ ခြေကော လက်ကော ဖားခုန်ခုန် စုံမြှောက်ကာ ခြောက်လေသည်။ ဦးအိုက်စံ၏ ကိုးရိုးကားရား အမူအရာနှင့် ခြေကားရား လက်ကားရား ဝူးဝူးအော်ကာ ခြောက်လှန့်မှုကြောင့် ရိုင်းချင်သည့်ကျွဲ ချုံကြားသို့ တိုးဝင်ပြေးလေသည်။

သူတို့အားလုံး တဟားဟား ရယ်မောကြသည်။ ဦးအိုက်စံ၏ ဝင်းပသော မျက်နှာသည် စပ်ဖြီးဖြီးဖြင့် ပြုံးလေသည်။ ဦးအိုက်စံ၏ ခုန်ပေါက်မြူးကြွ ကိုးရိုးကားရား အမူအရာက သူတို့ကို ကူးစက်သွားပေသည်။ ကျွဲကိုနိုင်တာ လယ်သမားပေပဲ။

သူတို့ ရွာတွေ ဖြတ်လာကြတော့ ဦးအိုက်စံ ပါမလာတော့ပေ။ မေးကြည့်တော့ တမင်ချန်နေရစ်ခဲ့ကြောင်း သိရသည်။ ဦးအိုက်စံအား နောက်ထပ် မတွေ့ရတော့ပေ။ တခါသာ ရွာဘုန်ကြီးကျောင်းပွဲတခုတွင် လူအုပ်ကြားမှာ လှမ်းတွေ့လိုက်ရသည်။ ဦးအိုက်စံက မသိမသာ ပြုံးပြကာ နှုတ်ဆက်သည်။ လျှို့ဝှက်ရေးကြောင့် သူတို့က ဦးအိုက်စံကို နှုတ်ဆက်ခြင်း မပြုပေ။

နွေမိုးဆောင်း ရာသီတွေ အလီလီပြောင်းခဲ့ပေပြီ။ သူတို့သည် ထိုးစစ်တွေ ဗုံး အမြောက် ကျည်ဆံတွေကြား ဖြတ်သန်းခဲ့ကြသည်။ ဒုဋ္ဌဝတီလိုပင် ကြမ်းသော ရိုင်းသော မြစ်တွေ ချောင်းတွေများစွာကို ဖြတ်သန်းခဲ့ကြသည်။

သံလွင်ကို အခေါက်ခေါက် ကူးခဲ့ကြသည်။ ဝါးဖောင်ကို ကိုယ်တိုင်ဖွဲ့ကာ ကိုယ်တိုင်မျှောခဲ့ကြသည်။

ရေစီးသန်သော မြစ်တွေ ချောင်းတွေမှာ ဖျံတကောင်လို ကူးခဲ့ကြသည်။

တောင်တွေတောင်တွေ၊ တောတွေတောတွေ၊ ခြေရာချင်း ထပ်အောင် သွားခဲ့ကြသည်။ ခြေထောက်တွေ အသားမာတက်၊ လည်ဂုတ်တွေ ကြွက်သားတက်အောင် ခရီးကြမ်းတွေ ဖြတ်သန်းခဲ့ကြသည်။ တောနှင့်တောင်ကို အသားကျခဲ့ကြသည်။

သူတို့သည် ဦးအိုက်စံကို မမေ့။ အကြောင်းတိုက်ဆိုင်တိုင်း သတိရသည်။ ဦးအိုက်စံသည် သူတို့၏ လက်ဦး ဆရာပေပဲ။ ဦးအိုက်စံ၏ စနစ်ကျမှု စေ့စပ်သေချာမှု တာဝန်ယူမှု ဝိရိယရှိမှု ကြံ့ခိုင်မှု ဇွဲ သတ္တိရှိမှု အနစ်နာခံမှု ကိုယ့်အားကိုယ် ကိုးမှုတို့သည် စံနမူနာများ ဖြစ်ခဲ့ပေသည်။

ဧရာဝတီကို အခေါက်ခေါက် လက်ပစ်ကူးခဲ့သော ညောင်ဦးကမ်းပါးက ညောင်ဦးဖီးလို ဒုဋ္ဌဝတီကို အခေါက်ခေါက် ကူးခဲ့သော ဒုဋ္ဌဝတီကမ်းပါးက ဦးအိုက်စံ။ ကျွဲရိုင်းကို ယဉ်ပါးစေသော လယ်သမားကြီး ဦးအိုက်စံ။ ရိုးသား ပျော်ရွှင်တတ်သော တောင်ပေါ်သားကြီး ဦးအိုက်စံ။ သူ အကြိမ်ကြိမ်အလီလီ ပို့ပေးခဲ့သော ဝရမ်းပြေးနှင့် ထောင်ထွက်တွေ ဘယ်လောက်များပြီလဲ။

ဒုဋ္ဌဝတီသည် ရိုင်းတခါ ယဉ်တလှည့် ကြမ်းတခါ ညင်သာတလှည့် နောက်တခါ ကြည်တလှည့် စီးမြဲစီးလျက် ရှိ၏။ နှစ်အတန်ကြာသည့်အခါ တခါ သူတို့ချင်း ပြန်တွေ့စဉ် စိတ်ထိခိုက်ဖွယ်ရာ သတင်းဆိုးတရပ် ကြားလိုက်ရသည်။

စစ်အစိုးရစစ်တပ်က ရွာကို ဝိုင်း ဦးအိုက်စံကို လက်ပြန်ကြိုးတုပ် ရွာပြင်ထုတ်ကာ နှိပ်စက်ညှဉ်းပန်းပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့လေသည်။ အိုက်စံသည် ကွန်မြူနစ် အမာခံဆိုပဲ၊ အမာခံဆိုလျှင် တရားမရှိ ဓားမရှိ လက်လွတ်စပယ် လုပ်ခွင့်ရှိပါသလား။

စစ်ပွဲစစ်မြေပြင်တွင် တဖက်နှင့်တဖက် အသေအကြေ ပစ်ခတ်သတ်ဖြတ်ကြသည်မှာ အဆန်းမဟုတ်သော်လည်း ရပ်ထဲရွာထဲနှင့် မြို့ကြီးပြကြီးတွေပေါ်တွင် ဥပဒေမဲ့ ထင်သလို သတ်ဖြတ်ခွင့် ရှိပါသလား။ သူရဲဘောကြောင်လွန်းလှပေသည်။

စစ်အစိုးရ ကြေးစားစစ်တပ်၏ ဗိုလ်ကျရမ်းကားမှုများကို မကြာခဏ မြင်ရ ကြားရပါများလာသည့်အခါ အမာခံဆိုသည်မှာ အဖိနှိပ်ခံ ပြည်သူလူထုကြီးပင်ဖြစ်သည်ဟု သဘောပေါက်လာမိပေသည်။ ထောင်ထွက် ဝရမ်းပြေးနှင့် အမာခံတို့သည် တသားတည်း ရှိနေခဲ့ပေသည်။ ဒီအထဲတွင် သစ္စာဖောက်များ မပါဝင်ပေ။

သစ္စာဖောက်သူများသည် ကျေးဇူးကန်းသူများ ဖြစ်ကြပေသည်။ တချိန်က သူတို့ကို ကူညီရိုင်းပင်းခဲ့သော သူတို့က မှီခိုအားထားခဲ့သော အမာခံများကို သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် ရောင်းစားကြသူများ ဖြစ်သည်။

စကားတလုံးမျှမပြော လုပ်စရာရှိသည်ကို ရင်စည်း၍ လုပ်ကိုင်တတ်သော ရိုးသားသိမ်မွေ့သည့် တော၏ သမီးပျိုဖြစ်သော ဦးအိုက်စံ၏ ဇနီးကော။ ကြေးစားတပ်က စော်ကားခဲ့လေသလော။ ချစ်စဖွယ် စူးစမ်းတတ်သော နှလုံးသားဖြူစင်သည့် ဦးအိုက်စံ၏ သမီးနှင့်သားငယ်ကော မိမဲ့ဘမဲ့ လွင့်မျောခဲ့ပြီလော။ စိုးရိမ်ပူပန်စွာဖြင့် သတိတရ အောက်မေ့မိလေသည်။

ဦးအိုက်စံတို့ မိသားစုအကြောင်း စဉ်းစားမိတိုင်း သူသည် မလွှဲသာမရှောင်သာ ခွဲခွာလာခဲ့ရသည့် အမေနှင့် ညီငယ် နှမငယ်များကို လွမ်းဆွတ်မိလေသည်။

အောင်ငြိမ်း
(၂ဝဝ၉၊ ဖေဖော်ဝါရီ ၇)


Monday, November 1, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ (၄)

ဦးအိုက်စံက ကြိုတင်ပြုလုပ်ထားသော ဝါးဖောင်တစီးကို ဖွက်ထားရာမှ ယူလာခဲ့သည်။ ဖောင်ပေါ်တွင် ဝါးပိုးကို ထွင်းခုတ်ထားသော လှော်တက်များနှင့် ချိတ်တပ်ထားသော အလုံးသေးသေးတောင့်တောင့် ဝါးကိုင်းရှည်တချောင်း ပါသည်။ သူတို့သည် ပါလာသော ပစ္စည်းများကို ဝါးဖောင်အလယ်တွင် စုချည်ကာ နှီးဖြင့် တုပ်နှောင်လိုက်သည်။

“အားလုံး တချည်တည်း ရမလား”

ဦးအိုက်စံ ခေါင်းညိတ်ပြသည်။ လူခြောက်ယောက် တက်စီးလိုက်သဖြင့် ဝါးဖောင်သည် ရေတွင်ပေါ်ရုံသာ ရှိတော့သည်။

“ကဲ ထွက်မယ်”

သူတို့ထဲတွင် ရေကူးတတ်သူရော မကူးတတ်သူရော ပါသည်။ ရေကူးတတ်သူကလည်း ကန်တော်ကြီး၊ အင်းလျား စသည့် ရေသေတွင်သာ ကူးဖူးသူများဖြစ်သဖြင့် ရေစီးကြမ်းသော ဝါခေါင်လ ဒုဋ္ဌဝတီနဂါးမင်းနှင့် အပြိုင်ကူးဖို့ မဝံ့ချေ။

ဖောင်ကလေးသည် ရေစီးကြောင်းအတိုင်း တဟုန်ထိုး စီးမျောသွားပေပြီ။ ရွှံ့ရေဖြင့် ရိုက်ပုတ်မှုကြောင့် သူတို့အားလုံး စိုရွှဲကုန်ကြပြီ။ ရေကန်သာမှာ လှေအပျော်စီးခြင်းမဟုတ်။ ယောက်ျားဖောင်စီး မိန်းမမီးနေ ဆိုသည့် စကားကို သူတို့ လက်တွေ့ကြုံနေရသည်။

“လှော်ပါဟ လှော်ပါ”

“မျောပြီ မျောပြီ ဖိလှော်ပါဟ ရှေ့မှာ ဝဲရှိတယ်”

ကြောက်ကြောက်ရွံ့ရွံ့နှင့် ငုပ်တုတ်ထိုင်နေသူများသည် ခြေစုံရပ်ကာ တတ်သလောက် မှတ်သလောက် အားကုတ်ထုတ် လှော်ကြတော့၏။ သို့ရာတွင် ဖောင်သည် ရေလယ်မှမခွာ ရေစီးအတိုင်း တဟုန်ထိုး မျောလေသည်။ ဖောင်ဦးမှ လှော်နေသည့် ဦးအိုက်စံကို လှမ်းကြည့်လိုက်တော့ စိုးရိမ်ပူပန်သည့် အရိပ်အယောင်ကို မြင်ရသည်။

“လှော်ဟေ့ လှော်ဟေ့ အားစိုက်လှော်ကြ”

“ဝုန်း”

ဦးအိုက်စံသည် မပြောမဆို ရေထဲခုန်ချကာ ဖောင်ဦးမှနေ၍ အားစိုက်ကာ ဖောင်ကို ရေစီးကြောင်းအတွင်းမှ ဆွဲထုတ်သည်။ ဆွဲရင်း လှော်ရင်း ရုန်းရင်း ကန်ရင်း ဖောင်သည် ကမ်းတဖက်သို့ ကပ်သည်ထက် ကပ်လာခဲ့သည်။

သို့ရာတွင် တဖက်ကမ်းမှ ရေစီးက ပုတ်ထုတ်နေသဖြင့် ဖောင်သည် ကမ်းသို့ တော်တော်နှင့်ကပ်၍မရ၊ ဆက်၍ မျောပြန်သည်။

“ချိတ် ချိတ် ... ချိတ်နဲ့ဆွဲ”

ဦးအိုက်စံသည် အသင့်လုပ်ထားသော ဖောင်ပေါ်ပါလာသည့် ဝါးချိတ်ဖြင့် တယောက်က ကမ်းစပ်နီးရာ သစ်ကိုင်း သစ်ခက်များသို့ ချိတ်ဖြင့် လှမ်းဆွဲသည်။ သုံးလေးချက်မျှ ကြိုးစားလိုက်တော့မှ သစ်ကိုင်းတကိုင်းနှင့် ချိတ်မိပြီး မျောနေသော ဖောင်သည် တုံ့ခနဲ တန့်သွားသည်။ ဝါးကိုင်းကိုဆွဲကာ ဖောင်ကို ကမ်းသို့ကပ်ရသည်။

ခုမှ အားလုံးစိတ်အေးသွားသည်။ ရေထဲမှ ပြန်တက်လာသော ဦးအိုက်စံ၏ မျက်နှာသည် ယခုမှ ပုံမှန်အတိုင်း ဝင်းပလာကာ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ သူ့အပြုံးတွင် တာဝန်ကြီးတရပ် ပြီးဆုံးသွား၍ စိတ်ချလက်ချ ဖြစ်သွားသည့်အသွင် ပေါ်လွင်လှပေသည်။ လွတ်လပ်မှုအပြုံးသည် အားလုံးသို့ ကူးစက်သွား၏။ ရိုးသားသော တာဝန်ယူစိတ်ကြီးသော တောင်ပေါ်သား ရှမ်းအမျိုးသားကြီးအပြုံးကို သူတို့ ဘယ်တော့မှ မေ့နိုင်ကြတော့မည် မဟုတ်ချေ။

“ရှေ့မှာ ကွေ့ရှိတယ်။ ကျောက်ဆောင်လည်း ပေါတယ်။ ဝဲတွေလည်း ပေါတယ်။ ဆက်မျောသွားရင် ဗမာ (စစ်တပ်) တပ်စခန်းလည်း ရှိတယ်”

ဦးအိုက်စံက စိုးရိမ်စွာပြောသည်။ ထိုစဉ်က ကမ်းပါးတလျှောက် ချုံနွယ်များကို တိုးဝှေ့လာသော သစ်ရွက်စိမ်း ယူနီဖောင်းဝတ် ရဲဘော်တယောက် ပေါ်လာသည်။ သူနဲ့အတူ ရဲဘော်တချို့ပါလာသည်။

“စိုးရိမ်လိုက်တာဗျာ။ ခင်ဗျားတို့ တော်တော် မျောသွားသလားလို့”

“ရေစီးတော်တော် ကြမ်းတယ်ဗျို့။ ဦးအိုက်စံ ကောင်းပေလို့”

သူတို့ နှစ်ဖာလုံလောက် မျောခဲ့သည် ထင်သည်။ တဖက်ကမ်း သူတို့ထွက်လာသော နေရာကို လျှပ်ရောင်တွင် အတော်ဝေးဝေးမှာ မြင်ရသည်။ လာကြိုသည့် ရဲဘော်ကြီးမှာ ၁၉၆၂ ဇူလိုင် ၇ အရေးအခင်းကာလက အညာသား ကျောင်းသား ရဲဘော်ဟောင်းကြီး တယောက်ဖြစ်မှန်း နောင်မှသိရသည်။

မြစ်တဖက်ကမ်းသည် ပြောက်ကျားအခြေခံဒေသ၊ တစိတ်တပိုင်း လွတ်မြောက်ဒေသဟု ပြောနိုင်သည်။ သူတို့သည် စကားတပြောပြောနှင့် တောင်ပေါ်လမ်းအတိုင်း တက်ခဲ့ကြသည်။ ယခုမှပဲ စိတ်ချလက်ချ လွတ်မြောက်သွားတော့သည်။ ကချင်က ခုန်ချင်ခုန် အော်ချင်အော် ဟစ်ချင်ဟစ်၊ ဝရမ်းပြေးနှင့် ထောင်ထွက်များသည် ပြည်သူ့တပ်မတော်သား ပြောက်ကျား ရဲဘော်သစ်လွင်များ ဖြစ်သွားကြလေပြီ။

ဆက်လက်ဖော်ပြပါမည်။


Wednesday, October 13, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ (၃)

(၄)

ဦးအိုက်စံကို ယခုမှ သတိထားကြည့်မိသည်။ အသက် လေးဆယ်ပြည့်ပုံ မရသေး။ ဂင်တိုတို ဗလတောင့်တောင့် ကတုံးဆံထောက်နှင့် ဦးခေါင်း လုံးသည်။ လက်ပြင် အတန်ငယ် ကုန်းသလိုရှိသော်လည်း ရင်အုပ်ကျယ်ကျယ် လက်ရုံးလက်ဖျံ တင်းတင်း၊ တကိုယ်လုံး လက်ကောက်ဝတ်အထိ ဆေးမှင်များဖြင့် မဲပြာနေသည်။ တကယ့် တောင်ပေါ်သားစစ်စစ် ဖြစ်သည်။

ဧည့်သည်ရှိ၍သာ အင်္ကျီဝတ်ခြင်းဖြစ်ပြီး ခါတိုင်းဆို အဝတ်ဗလာနှင့် နေပုံရသည်။ ဗမာစကား မတတ်သော်လည်း အရိပ်အကဲကို ကြည့်တတ်သည်။ စူးစမ်းသော သတိရှိသော ရိုးသားသော ခိုင်ကျည်သော အမူအရာသည် မျက်ဝန်းနှင့် မျက်နှာတွင် အထင်းသားပေါ်လွင်နေသည်။

ဧည့်သည်များ စားထားသော မုန့်ထ်ုမှ စက္ကူစများကို လိုက်ကောက်ကာ မီးရှို့ပစ်သည်။ ဧည့်သည်တဦးမှ ပါလာသော လုံချည်အင်္ကျီတစုံ လက်ဆောင်ပေးသည်ကို လက်မခံပေ။

“ဒီအဝတ်အစားတွေက သူတို့အတွက် အန္တရာယ်ရှိတယ်၊ မပေးနဲ့”

ဦးဆောင်လာသော ရဲဘော်က ပြောသည်။

“ဟင်းဖိုးတော့ ပေးမှဖြစ်မယ်”

“မပေးနဲ့တော့ ကျွန်တော် ပေးလိုက်ပြီ”

စားသောက်ပြီးတာနဲ့ အိမ်ပေါ်တွင် ကြာကြာမနေ။ ဦးအိုက်စံ ဦးဆောင်ပြီး ရွာနှင့်အတော်လှမ်းသည် တောင်ယာတဲတလုံးသို့ ရွှေ့ခဲ့ကြသည်။ တောင်ယာတဲပေါ်တွင် ငါးယောက်သား ရယ်လား မောလား စကားကောင်းကြပြန်သည်။ ဦးအိုက်စံသည် မပြန်သေးပေ။ တဲတဝိုက် ကင်းထောက်လျက်ရှိသည်။

နေ့တာသည် တိုတောင်းလေစွ။ အချိန်ကုန် မြန်လှသည်။ မှောင်စပျိုးချိန် ဦးအိုက်စံ တခေါက်ရောက်လာပြန်သည်။ ရေဘူး၊ ကောက်ညှင်းထုပ်နှင့် စောင်စုတ်နှစ်ထည် ပေးသည်။ စကားကျယ်ကျယ် မပြောနဲ့။ မီးမထွန်းနဲ့။ ရှမ်းတပ်တွေ ရှိတယ်။ ဗမာစကားပြောသံကြားရင် ရောက်လာလိမ့်မယ်ဟု သတိပေးစကား ပြောသည်။ ရှမ်းစကား နည်းနည်းပါးပါးတတ်သော ဦးဆောင်ရဲဘော်က ဘာသာပြန်ပေးသည်။

ထို့ကြောင့် စကားပြောချင်စိတ်ကိုမျိုသိပ်ကာ စောစောအိပ်ရာဝင်ကြလေသည်။ ဒုဋ္ဌဝတီမြစ်၏ ဒီဘက်ကမ်းတွင် ရှမ်းတပ်နှင့် ဗမာတပ် (စစ်အစိုးရစစ်တပ်) တို့ရှိကာ၊ ဟိုဘက်ကမ်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၁ဝ၈ ပြောက်ကျားအခြေခံဒေသ ဖြစ်သည်။ မြစ်တဖက်ကမ်းဆီမှ ဘဝ နှစ်ခု။

ဒီဘက်ကမ်းတွင် သူတို့၏ပုံရိပ်သည် ဝရမ်းပြေးနှင့် ထောင်ထွက်၊ ဟိုဘက်ကမ်းတွင် တောခို လူငယ်ကျောင်းသား၊ စိတ်လှုပ်ရှားစွာဖြင့် တိတ်ဆိတ်ငြိမ်သက် အမှောင်ထုကို သူတို့ကျော်ဖြတ်ကြရ၏။

(၅)

နေနှင့်လတို့သည် ကမ္ဘာလောကကြီးကို သူတလှည့် ငါ့တလှည့် စောင့်ရှောက်ကာ သဘာဝတရားသည် သူ့သဘောသူဆောင်ကာ ပုံမှန်လည်ပတ်နေပေသည်။ သူတို့ စောစီးစွာ နိုးကြသည်။ ဦးအိုက်စံ ခေါ်ဆောင်ရာသို့ တန်းစီလိုက်ခဲ့ကြသည်။ အတော်အတန် သွားမိလျှင် ဒုဋ္ဌဝတီမြစ်ကမ်းသို့ ခပ်စောက်စောက် တောင်ပေါ်လမ်းအတိုင်း ထိုးဆင်းသွားပေသည်။

ပြေပြစ်သည့် ကတ္တရာလမ်းများတွင် လျှောက်ခဲ့သော လူငယ်များ၏ ခြေထောက်များသည် မတ်စောက်သော တောင်ပေါ်လမ်းတွင် ကုတ်ကပ်လျှောက်ကြရသည်။ ခြေမခိုင် ဒူးမခိုင်လျှင် ယိုင်လဲနိုင်သည်။ နာရီဝက်ခန့် ဆင်းမိပြီးနောက် သူတို့သည် ကျောက်တုံး ကျောင်ဆောင်တွေကြားသို့ ရောက်သွားသည်။ ကမ်းပါးယံနှင့် သစ်ကြီးဝါးကြီးများကြား ရောက်နေသဖြင့် ပို၍မှောင်သွားသည်ဟု ထင်မိပေသည်။

“ထမင်းချက်စားကြမယ်ဗျို့”

ဦးအိုက်စံသယ်လာသော ဆန်နှင့် အိုးကို အရင်းတည်ကာ ထမင်းစားဖို့ ပြင်သည်။ ကျောက်ဆောင် ကျောက်ခွက်တွေအကြား တင်ကျန်နေသော မိုးရေကို ဆရာဒေ ဖက်ဖြင့်ခပ်ကာ စုဆောင်းဖို့ ပြင်သည်။

“ရေကတော့ တောထဲမှာ ဒီလိုပဲဗျို့။ ရှာကြံသုံးရတာပဲ”

ဆရာဒေက ရေကို ဖက်ဖြင့်ခပ်ကာ စုဆောင်းနေစဉ်မှာပင် ဦးအိုက်စံက မလှမ်းမကမ်း ရေထွက်ပေါက်တခုသို့ ဆန်နှင့် အိုးကိုယူကာ ဆန်ဆေးနှင့်လေပြီ။ ထင်းတိုထင်းခြောက်များဖြင့် ထမင်းတအိုးတည်ကာ ပါလာသည့် ပဲပုပ်ထောင်းနှင့် တို့မြှုပ်ကာ ထမင်းစားလိုက်ကြသည်။ အတန်ငယ် ဆက်လျှောက်လိုက်သည့်အခါ အလင်းရောင်ဖြင့် လက်ပြောင် လှုပ်ရှားနေသော ဒုဋ္ဌဝတီမြစ်ကို ဘွားခနဲ တွေ့လိုက်ရပေသည်။

ရေစီးကားသန်လှ၏။ မုန်ယိုနေသော တောဆင်ရိုင်းတကောင် စွယ်စုံဖွင့်ကာ ထိုးဆင်းလာသည်နှင့် တူလွန်းလှသည်။ ရေမှာ ရွှံ့နှစ်များဖြင့် နီညိုနောက်ကျိလျက်ရှိ၏။ သစ်တုံးသစ်ခက် သစ်ရွက်သစ်ဆွေး ဒိုက်သရိုက်တို့ တဟုန်ထိုး စီးမျောနေသည်။ ရံဖန်ရံခါ အမြစ်မှကျွတ်ကာ တအုန်းအုန်း လှိမ့်ဆင်းမျောပါလာသော သစ်ပင်ကြီးများလည်း ပါသည်။ ဒေါမာန်ပွားနေသော တိမ်ဆုပ်မြူဆုပ်များကို ဖမ်းဆီးစားသောက်နေသော နဂါးမင်း၏ကျောမှ ကျော်ဖြတ်ကာ တဖက်ကမ်းသို့ သူတို့ ကူးကြရပေမည်။

ခရီးစဉ်ကို သူတို့ ကြိုတင်မသိပေ။ စီစဉ်ပေးသူ ရဲဘော်မှလည်း လျှို့ဝှက်ရေးကြောင့်ထင်သည်။ အသေးစိတ် ပြောမထားပေ။ ထောက်လှမ်းရေးကို မျက်ခြေဖြတ်ရမှာဖြစ်သည့်အတွက် ရေဘော၊ မိုးကာစ စသည့် အပိုပစ္စည်းများလည်း ဘာမှ ယူမလာခဲ့ကြချေ။

ဆက်လက်ဖော်ပြပါမည်။


Thursday, September 23, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ (၂)

(၃)

ဘူတာထဲမှ လူငယ်နှစ်ယောက် ထွက်လာသည်။ တောဘူတာရုံကလေးဖြစ်သဖြင့် ဆိုက်ကား၊ မြင်းလှည်း၊ ကား စသည့် ခရီးသည်တင် ယာဉ်တွေ မရှိ။ လမ်းကောင်းကောင်း မရှိ။ မြေလမ်းသာ ဖြစ်သည်။ သူတို့သည် ခပ်လှမ်းလှမ်း နောင်ပိန်ဈေးဘက်သို့ တချက်လှမ်းကြည့်ပြီး ဘူတာရုံတည့်တည့် မြို့ပြင်ထွက်သည့် လမ်းအတိုင်း အိနြေ္ဒမပျက် လျှောက်လာခဲ့သည်။ ဈေးသွားဈေးပြန် တောသူ တောင်သား ရှမ်းအမျိုးသားတချို့တော့ ရှိသည်။ မများပေ။ သူတို့သည် မြေလမ်းအတိုင်း လျှောက်ရင်း မသိမသာ နောက်ပြန်ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းတွင် နောက်ထပ် လူနှစ်ယောက်တွဲ တတွဲကို တွေ့လိုက်သည်။

မြေသားသည် မိုးရေ ရွှဲရွှဲ ဖြန်းထားသဖြင့် တချို့နေရာများတွင် ပျော့အိအိုင်ထွန်း နေသည်။ သူတို့ ခြေရာများ ထင်ကျန်ခဲ့သည်။ လတ်ဆတ်သည့် တောနံ့တောင်နံ့ပါသည့် လေကို ရှူရှိုက်ရသည်။ နှံပြည်စုတ် ငှက်တကောင် ချုံကြားတွင် ဟိုခုန် ဒီခုန် လုပ်လျက်ရှိသည်။ လမ်းခွဲတခုသို့ အရောက်တွင် ရှေ့က အတွဲနှင့် နောက်ကအတွဲ ဆုံမိကြသည်။

“ခင်ဗျားတို့ ဘာနဲ့လာသလဲ”

“ကားနဲ့လာတာ၊ နည်းနည်းစောတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတာ”

“ဘယ်လမ်းသွားမလဲ”

သူတို့နဲ့ မလှမ်းမကမ်းမှ လိုက်လာသော ဦးအိုက်စံက သူတို့ကို မီလာကာ ဝဲဘက်လမ်းခွဲအတိုင်း ဆက် လျှောက်ခဲ့ကြသည်။ အတန်ကြာသွားမိသောအခါ လူခြေတိတ်ဆိတ်သော ရှမ်းရွာကလေးတရွာရှိ ဦးအိုက်စံ နေအိမ်သို့ ဆိုက်ရောက်ခဲ့သည်။

အိမ်ပေါ်တွင် တဦးနှင့်တဦး ဝမ်းသာအားရ စကားတွေဖောင်ဖွဲ့နေသော ဧည့်သည် လူစိမ်း လေးဦးကို ဦးအိုက်စံ၏ ကလေးနှစ်ဦးသည် မျက်စိအဝိုင်းသားနှင့် ကြည့်နေကြပေသည်။ သမီးကြီးက ခြောက်နှစ်၊ သားငယ်ကလေး နှစ်အရွယ်လောက် ရှိမည်။ အကြီးမလေးက ရှင်မီးအင်္ကျီနှင့် ထမီဝတ်ထားသည်။ သားငယ်က သူနှင့် မတန်တဆကြီးသော စွပ်ကျယ်စုတ်တထည်သာ ဝတ်ထားသည်။ ဝိုင်းစက်ကြည်လင်သော ကလေးများ၏ မျက်ဝန်းတွင် အံ့သြထူးဆန်း စိုးထိတ်သော အရိပ်ထင်ဟပ် လျက် ရှိသည်။ ဗမာလူကြီးတွေ အိမ်ပေါ်မှာ ဘာလာလုပ်တာပါလိမ့်။

ဧည့်သည်များသည် တခဏချင်းမှာပင် ကလေးများကို သတိထားမိလာသည်။ ဘာမှလည်း ဝယ်မလာမိဘူး။ ကလေးတွေ ရှိမှန်းလည်း မသိဘူး။ ခရီးလမ်းမှာ ဘာတွေ ကြုံတွေ့ရမည်ဆိုသည်ကိုလည်း ကြိုးစားစဉ်းစားထား တာ မရှိဘူး။ သူတို့တွင် အဝတ်အစား တစုံနှစ်စုံမှလွဲ၍ ဘာမှ ပါမလာပေ။ သူတို့သည် စစ်အစိုးရ၏ အာဏာစက်မှ လွတ်ကင်းရာသို့ တောခိုလာကြသည့် ဝရမ်းပြေးနှင့် ထောင်ထွက်များသာ ဖြစ်ကြပေသည်။

တယောက်က လမ်းမှာ ဘာရယ်မဟုတ်ပဲ ဝယ်လာခဲ့သော မုန့်ထုပ်ကလေးကို သတိရကာ ကလေးများကို ပေးလိုက်သည်။ ဦးအိုက်စံကို မတွေ့ရပေ။ ရွာဝန်းကျင်သို့ စနည်းနာ အရိပ်အကဲကြည့်ရန် ထွက်သွားကြောင်း နောင်မှသိရသည်။ ထမင်းမှာ ရှမ်းဆန်ကို ပေါင်းထားသဖြင့် တမျိုးစားလို့ ကောင်းသည်။

အငွေ့တထောင်းထောင်းနှင့် သင်းနေပေသည်။ ကောက်ညှင်းလိုပျော့၍ ဆန်စေ့များ ကော့နေကြသည်။ ကြက်သားစပ်စပ် ကာလသားချက် ပဲပုပ်ထောင်းနှင့် မုန်ညင်းဟင်းရည်ဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ် စားလိုက်ရ၍ စားလို့ကောင်းကြသည်။ ကလေးများနှင့် အိမ်ရှင်ကို ခေါ်ကျွေးသော်လည်း မစားကြပေ။ ဦးအိုက်စံ၏ဇနီးက ရေနွေးကြမ်းနှင့် လိုအပ်သည်များကို လုပ်ကိုင်ပေးကာ ဧည့်ခံသည်။ ရိုးသားသည့် တော၏ သမီးပျိုသည် စကားတလုံးမျှ မပြောပေ။ ရှမ်းစကားသာ တတ်ပုံရပေသည်။

ထိုအခိုက် တဲအိမ်ထက်သို့ ဦးအိုက်စံနှင့် လူစိမ်းတဦးတို့ ရောက်လာကြပြန်သည်။ လူစိမ်းလက်ထဲတွင် ရန်ကုန် ပြည်သူမုန့်တိုက် (ယခင် ရှာမီး) မှ အဆော့တက် ကိတ်မုန့်ဘူးကြီးတဘူး ဆွဲလာသည်။

“ဟာ ဆရာဒေ ပါလား”

“ဟာ ဧည့်သည်တွေနဲ့ပါလား။ ဟိုဘက်ကမ်းကူးမလို့ ထင်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ပျော်ပျော်ပါးပါးပေါ့”

“ဘယ်လိုဖြစ်လာတာတုန်း”

“ဘယ်လိုမှ မဖြစ်ဘူး။ သွားဆက်သွယ်တဲ့လူက လက်နက်ချသွားလို့ နောက်ကြောင်း ပြန်လှည့်လာတာ”

နောက်ရောက်လာသူနှင့် ပထမရောက်နှင့်သောအသိုက်မှ ဦးဆောင်လာသူတို့ အပြန်အလှန် နှုတ်ဆက် လိုက်ကြသည်။ ကျဉ်းမြောင်းပြီး မှောင်ရိပ်ကျသော တဲငယ်လေးတွင် လူများဖြင့် ပြည့်ကျပ်သွားပေသည်။ လာတဲ့လူလာ သွားတဲ့လူ လည်းသွားပေါ့ဟု စဉ်းစားလိုက်မိသည်။

“မုန့်တွေက ဟန်ဆောင်ပန်ဆောင် ဘုန်းကြီးကန်တော့ဖို့ဆိုပြီး ဝယ်လာတာ။ စားကြဗျာ၊ တပည့်တော်တို့ကို စွန့်ပါဘုရား လို့ ဘုန်းကြီးကို စိတ်ထဲက ကန်တော့လိုက်တော့မယ်၊ လာစားကြဗျာ”

ဆရာဒေ စကားကြောင့် အားလုံးဝိုင်းရယ်လိုက်ကြသည်။ မုန့်တွေကို အိမ်သားတွေနှင့် ကလေးတွေကိုပါ ဝေပေးလိုက်ကြကာ တောခိုလာသည့် ဝရမ်းပြေးနှင့် ထောင်ထွက်တသိုက်တို့၏ ပထမဆုံး အမှတ်တရနေ့သည် စိုပြေသွားပေသည်။

ဆက်လက်ဖော်ပြပါမည်။