Saturday, June 30, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၃

“သော်တာဆွေ ရေးဖူးတာလေဗျာ … ကြာလှပြီ။ သူ့ခြံထဲကထွက်တဲ့ ဒန့်သလွန်သီးတွေ ခုလိုပဲပွေ့ပြီး ဈေးမှာသွားရောင်းဖို့ အိမ်က ထွက်လာတယ်။ အဲဒါ ...”

သူ အိပ်ကပ်ထဲနှိုက်၍ သစ်သားအခေါင်းထဲမှ ဆေးလိပ်တိုကို ထုတ်ပြန်သည်။ သူ အလုပ်ရှုပ်နေခိုက် သူ့ဘေးမှ လျှောက်လာသော ညိုက ဒီ ဦးထုပ်ပျော့ အစုတ်ကြီးပဲ ဆယ့်နှစ်ရာသီ သူ ဆောင်းနေတာပဲ၊ နှုတ်ခမ်းမွှေး ထူလပျစ်ကြီးနဲ့ အဖိုးကြီးရုပ် သူဖမ်းထားရတာ အတော်ကျေနပ်နေတယ် ထင်တယ်ဟု တွေးနေမိ၏။

“အဲဒါ ... သူအိမ်ဘေးက မိန်းမတယောက်ကတွေ့တော့ မေးပြီးဝယ်ရောဗျာ ... သူက ဆိုပါတော့ အဲ ... တကျပ်ဖိုး လေးတောင့်ဆိုတော့ ဟိုမိန်းမက ကိုဆွေရယ် အချင်းချင်းတွေပဲ မရဘူး ငါးတောင့်ထား ဆိုပြီး ဆစ်တယ်။ သူလည်း အားနာပြီး ပေးလိုက်တယ်။ တခါ နောက်တယောက်တွေ့ပြန်တော့ အားပေးဦးမယ်ဆိုပြီး ဝယ်မယ်လုပ်၊ ဈေးမေးတော့ တကျပ်ဖိုးလေးတောင့်ကို ငါးတောင့်ရအောင် ဟိုတယောက်က ဆစ်သွားတာပဲ။ ကဲ .. ခင်ဗျားလည်း ငါးတောင့်ပဲ ယူဆိုတော့ ဒုတိယအမျိုးသမီးက ဟာ ... ဘယ်ရမလဲ ကျမနဲ့ရှင်က ဒီလောက်ရင်းနှီးတာ ခြောက်တောင့်ပေးရမယ်ဆိုပြီး အနိုင်ကျင့်ရော”

သူ့စကားကြောင့် ညိုမှာ ဒန့်သလွန်သီးများပွေ့လာရင်း ပြုံးမိသည်။ စာပို့ရထား သူမတို့ နံဘေးမှဖြတ်သွားသည်အထိ ခေတ္တစကားတိတ် လျှောက်လာပြီးမှ သူ ဆက်သည်။

“ဒါနဲ့ တတိယ တယောက်နဲ့ လမ်းထဲတွင် တွေ့ပြန်ရော ... ဝယ်မယ်ဆိုတော့ ...” သူ စကားမဆက်ဘဲ သံလမ်းကို ဖြတ်ကူးရန် ဇလီဖားတုံးများကို နင်းကျော်နေခိုက် …


စာလုံးတလုံးတောင် မထိစေနဲ့ (ကာတွန်း စောငို)

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၉)

သာယာဝတီ ရထားလမ်း၊ ကားလမ်းကို ကူးကြပြီ 

အဲဒီညက အဖိုးတို့အဖွဲ့ သာယာဝတီက ရထားလမ်း၊ ကားလမ်းကို ကူးရတယ်။ ရထားလမ်းနဲ့ ကားလမ်းက အပြိုင်ပဲ။ ရထားလမ်း၊ ကားလမ်းနဲ့ နည်းနည်းနီးလာတော့ ဗိုလ်ချုပ်မြမောင်နဲ့ ဗိုလ်မှူးမောင်ချစ်က အဖိုးကို ခေါ်တယ်။

“တို့ ရထားလမ်းနဲ့ ကားလမ်းကို ဖြတ်မယ်။ ဖြတ်မယ်ဆိုရင် အနားကို ချဉ်းကပ်သွားရမယ်။ မင်း တပ်စိပ်ကို ရထားလမ်း၊ ဟိုဘက်ကမ်းရောက်အောင်ပို့” တဲ့။

သူတို့ ဟိုဘက်ကမ်းရောက်ပြီး အသင့်စောင့်ဆိုတော့ အဖိုးတို့က ဟိုဘက်ဒီဘက် ကြည့်ပြီးတော့ ကူးတာပေါ့။ အဲဒီအချိန်မှာ မော်တော်ကားတစင်း လာတယ်။

မီးရောင်မြင်တော့ “မြန်မြန်ကူး။ မြန်မြန်ကူး” ဆိုပြီးတော့ ကူးကြတာပေါ့။

အဘိုးတို့ကူးတဲ့နေရာနဲ့ သိပ်မကွာဘူး။ ဖြတ်ပြီးတာနဲ့ ကိုင်းတောထဲ မြန်မြန်တိုးရတယ်။ ကိုင်းတောကို လွန်သွားတော့ အဖိုးတို့ လူပြန်စစ်တယ်။

“တို့လူတွေ ကုန်ပြီလား”

“ကုန်ပြီ” တဲ့။

“ကိုယ့်လူကိုယ် ကြည့်ကြစမ်း”

လူတယောက်ကျန်ခဲ့လို့ ဖမ်းမိပြီးဆိုရင် အရိုက်လည်းခံရမယ်။ အကုန်လုံးလည်း ဒုက္ခရောက်မယ်။ အဖိုးတို့ လူပြန်စစ်တော့ ပြည့်တယ်။

နောက်တဖွဲ့ကူးဖို့ ဒီဘက်ကနေ အချက်ပြန်ပြရတာပေါ့။

ဒီလိုနဲ့ တဖွဲ့ပြီးတဖွဲ့ ကူးကြ။ ကိုယ့်လူကိုယ်ပြန်စစ်ကြနဲ့။


မင်းကိုနိုင်ရဲ့ ‘နောက်ကြည့်မှန်’ လုံးချင်းဝတ္ထု ပြည်တွင်းမှာ ထုတ်ဝေတော့မည်

ကိုမင်းကိုနိုင်၏ ‘နောက်ကြည့်မှန်’ လုံးချင်းဝတ္ထုစာအုပ်ကို ဇူလိုင်လ ဒုတိယပတ်အတွင်းတွင် အရှေ့ကြယ်စာပေတိုက်မှ ထုတ်ဝေဖြန့်ချိတော့မည်ဖြစ်ကြောင်း သိရသည်။

စာအုပ်မျက်နှာဖုံးမှာ ကိုမင်းကိုနိုင် ကိုယ်တိုင်ရေးဆွဲထားသော ပန်းချီလက်ရာဖြစ်ပြီး ကိုမင်းကိုနိုင် ရေးသားသည့် နှင်းဆီနီဥဒါန်းကဗျာလည်း အချပ်ပိုအဖြစ် ထည့်သွင်းပါရှိသည်။


Thursday, June 28, 2012

ရန်ကုန် တက္ကသိုလ်

 
ဒီနေ့တွေ့ရတဲ့ ရန်ကုန်တက္ကသိုလ်မြင်ကွင်း။ 
(ဓာတ်ပုံ - အေပီ) 

Wednesday, June 27, 2012

ဖြစ်တည်နေဆဲ အကြောင်းအရာများ (ခင်ငြိမ်းသစ်)

ကျမတို့ အိမ်သစ်ကိုပြောင်းဖြစ်တော့ ကျမတို့ရဲ့ဘေးအိမ်မှာ မိန်းကလေး ၃ ယောက် နေကြပါတယ်။ ၂ ယောက်က စက်ရုံတွေမှာ အလုပ်လုပ်ပေမယ့် တယောက်ကတော့ ရွေ့ပြောင်းကျောင်းလေးမှာ ဆရာမလုပ်တယ် တဲ့။

သူတို့ ၃ ယောက်ရဲ့ ပုံစံကိုကြည့်ရင်းနဲ့တောင် သူတို့ဟာ အမျိုးကောင်းသမီးလေးတွေမှန်း သိသာပါတယ်။ ဆရာမလေးကတော့ တခါတရံ ထိုင်းအမျိုးသားတဦးနဲ့ ပြန်ပြန်လာတတ်ပါတယ်။ အမြဲလိုလိုတွေ့မြင်နေရတော့ ကျမအတွက် သူတို့ဟာ မြန်မာမလေးတွေအဖြစ်ကလွဲရင် ဘာမှ ထူးခြားမှုမရှိပါဘူး။

တခါတရံ သူတို့နဲ့ စကားပြောဖြစ်ရင်တော့ သူတို့ဟာ မြန်မာပြည်မှာကျန်ရစ်တဲ့ သူတို့မိသားစုတွေကို လုပ်ကိုင်ကျွေးနေတဲ့ သူတွေတဲ့ လေ။ အဲဒီအထဲမှာ မေမိုးဆိုတဲ့ ဆရာမလေးက သူတို့တအိမ်လုံးကို သူတယောက်ထဲလုပ်စာနဲ့ ထိမ်းထားရတယ်လို့ ပြောပါတယ်။

တရက်တော့ မေမိုးတို့အိမ်ထဲကို ထိုင်းအမျိုးသမီးတဦးက ဝင်လာပါတယ်။ ထိုင်းလိုပြောနေလို့ ကျမ နားမလည်ပေမယ့် ဒေါသနဲ့ပြောနေတာကတော့ သေချာပါတယ်။ မေမိုးအေးက ထိုင်းလို ပြန်ပြောတတ်ပေမယ့် ဘာမှ ပြန်မပြောဘဲ ငြိမ်ခံနေပါတယ်။ ဒါပေမယ့် မေမိုး မျက်လုံးလေးတွေမှာ မျက်ရည်ဥတွေ ခိုတွဲနေပါတယ်။


Tuesday, June 26, 2012

ရိုးရာ ဝတ်စုံပြပွဲ

ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာပြုလုပ်တဲ့ ရိုးရာဝတ်စုံပြပွဲက ပုံရိပ်တချို့။

Saturday, June 23, 2012

ကာယကြံ့ခိုင်မှု ပြိုင်ပွဲ

 
ရန်ကုန် ကွန်ဗန်းရှင်းစင်တာမှာ ဇွန် ၂၃ ရက်နေ့က ကျင်းပတဲ့ ကာယကြံ့ခိုင်မှု ပြိုင်ပွဲမှ ပုံရိပ်တချို့။
(ဓာတ်ပုံ - အေပီ)

Wednesday, June 20, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၂

ဘာမှလုပ်စရာလည်း မရှိ၊ ဖတ်စရာစာအုပ်လည်း ကင်းမဲ့ခြင်းလောက် ဒေါသဖြစ်စရာ လောလောဆည် သူ စဉ်းစားမရ။ ဆရာတော့် မှန်ဘီရိုထဲမှ ဓမ္မကျမ်းထူကြီးများယူကြည့်ပြီး “တပည့်တော် ဉာဏ်မမီပါဖူးဘုရား” ဟု သူ ဝန်ခံခဲ့သည်။ ဆရာတော်က “ဒါ မဆန်းပါဘူး၊ လောကုတ္တရာကို လောကီပျော်တယောက်က စူးစမ်းဖို့ ဝန်လေးနေတတ်တာ သဘာဝပဲ။ မစင်ထဲမှာ လောက်ဟာ ပျော်တယ်။ ရွှေပန်းကန်ပေါ် ရေဆေးပြီးတင်ပေးရင် သူ သေမှာ” ဟု မိန့်သည်။

“မှန်ပါ့ဘုရား ... တပည့်တော်က လောကီမှာ ရှုပ်နေတော့ လောမကုတ်နိုင်သေးပါ”

“အေး ... ကီမှာရှုပ်ရင်း မနေနိုင်လောက်အောင် ယားယံလာရင်တော့ ကုတ်ပေါ့”

သို့နှင့်ပင် သူ ကျမ်းစာအုပ်များကို လက်မြှောက်အရှုံးပေးပြီး အကြံသစ်ထုတ်ရသည်။ တကယ်တော့ သူ့အနေဖြင့် အပြင်ထွက်ဖို့ မသင့်လှ၊ လူသူရှင်း၍ သစ်ကြီးဝါးကြီးတို့ဖြင့် အုပ်မိုးထားသော ဘုန်းကြီးကျောင်းဝင်းထဲ ရှည့်တကောင်လို လုံခြုံစွာ နေသင့်မှန်းသိပါလျက် တွင်းအောင်းရက်ကျော် ပုဇွန်လုံးတကောင်လို ပြူတစ်ပြူတစ် လုပ်နေမိသည်။

လယ်ကွက်ကို ဖြတ်ကျော်ရောက်နိုင်သော ကြားဘူတာကလေးကို သူ စွဲလမ်းနေပြီ။ အထူးသဖြင့် ညနေ နေခြည်စောင်းချိန် အနောက်ကောင်းကင် ပန်းနုရင့်ရောင်သမ်းချိန် အမောဆို့လာသော မြင်းနက်တကောင်လို ဘူတာထဲဝင်လာသော စာပို့ရထားဆိုက်ချိန် အကြော်အလှော် သွားရည်စာနှင့် စာစောင်အချို့ လက်ပွေ့ရောင်းသူများ တရေးနိုး လှုပ်ရှားချိန်ကို သူ တမက်တမောကြည့်ရန် သူဖတ်ချင်သည့် စာအုပ် စာစောင်ရှာဝယ်ရန် ရောက်ခဲ့သည်မှ အစပြု၍ ရေချမ်းစင် အလှူရှင် ဒေါ်ကျွဲမကြီးအကြောင်း ပြောပြတတ်သည့် ညိုစိမ့်စိမ့်ကလေးကိုလည်း မမြင်ရလျှင် ဟာတာတာဖြစ်နေတတ်၏။

သူ မနေနိုင်သည့်အဆုံး ရောက်လာပြန်၏။


ဗိုလ်ချုပ်အောင်ဆန်း မင်ဒဲလားနှင့် ကျပ်တစ်သောင်းတန် (မောင်ဝံသ)

တစ်သောင်းတန်နဲ့ ဗိုလ်ချုပ်ပုံ 

ကျပ်တစ်သောင်းတန် ငွေစက္ကူထုတ်တဲ့သတင်းကြေညာပြီလို့ ကြားကြားချင်း မေးမိတာက ငွေစက္ကူဒီဇိုင်းမှာ ဘယ်လို ရုပ်ပုံပါသလဲဆိုတာပဲဗျ။ ကျွန်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ ငွေစက္ကူအပေါ်က ရုပ်ပုံတွေအကြောင်းဆောင်းပါး ရေးခဲ့သေးတာကိုး။ သည်တော့ အခု တန်ဖိုးအကြီးဆုံး (လို့ ယူဆရတဲ့) တစ်သောင်းတန် ငွေစက္ကူ ထုတ်မယ်ဆိုတော့ အများမျှော်လင့်နေသလို အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်လိုက်လေမလားလို့ ထင်မိခဲ့တာဗျ။ ခုတော့ ဆင်ဖြူတော်နှစ်ကောင်ပုံနဲ့ ထုတ်လိုက်တာဆိုတော့ ငွေစက္ကူတွေပေါ်မှာ တိရစ္ဆာန်တစ်မျိုး ထပ်မံတိုးပွားလာတာပဲပေါ့ဗျာ။

ဒေါက်တာသန်းထွန်းစကား 

ဆင်ဖြူဆိုလို့ ဆရာကြီး ဒေါက်တာသန်းထွန်းကို ပြေးသတိရလိုက်သဗျ။ ဆင်ဖြူတော်တွေကို တခမ်းတနား ဗိမာန်တွေနဲ့ထားပြီး အမွှန်းတင်ခဲ့တဲ့ တချိန်တခါတုန်းကပေါ့ဗျာ။ အချို့အချို့သော လူတွေက ဆင်ဖြူတော်တွေကို အထူးအဆန်းအဖြစ်လာကြည့်ရုံမက ထိုင်ပြီးရှိခိုးတာတွေ ရှိခဲ့သတဲ့။ အဲဒီတော့ ဆရာသန်းထွန်းက တိရစ္ဆာန်ကို ရှိခိုးတယ်ဆိုတော့ ရှိခိုးတဲ့လူဟာ တိရစ္ဆာန်အောက် နိမ့်တဲ့လူပဲပေါ့လို့ မှတ်ချက်ချပါသတဲ့။ ကျွန်တော် အဲဒီစကားကြားတော့ မှတ်ပလားဟေ့လို့ ပြောမိပါတယ်ဗျ။

“ပြန်လာပြီဗျို့” (လူထုစိန်ဝင်း)

မြို့ကြီးသားတွေ နားဝင်ချိုအောင် ကိုရီးယားကားတွေထဲက တစ်နေ့လုံးအိမ်ပြင်ထွက်ပြီး အလုပ်သွား၊ ကျောင်းသွားလုပ်ကြတဲ့သူတွေ အိမ်ပြန်ရောက်ကြတဲ့အခါ အိမ်ထဲရောက်တာနဲ့ လူတွေ့တွေ့၊ မတွေ့တွေ့ ‘ပြန်လာပါပြီ’ လို့ နှုတ်ဆက်လေ့ရှိကြတယ်။ အဲဒီလိုနှုတ်ဆက်ဖို့ ပါးစပ်က ရွတ်ကြည့်တယ်။ ပါးစပ်ဖျားက ဝတ္တရားအရထွက်လာတဲ့အသံမို့ ပေါ့ရွှတ်ရွှတ်နဲ့ အားမရှိဘူး။ အဲဒါကြောင့် အညာသားပီပီ အားရှိပါးရှိ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ‘ပြန်လာပြီဗျို့’ လို့ပဲ ပွဲဦးထွက် နှုတ်ဆက်လိုက်ပါရစေ။

ကိုကိုးကျွန်းက ပြန်ရောက်စ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ‘အလံမလှဲစတမ်း’ ဆိုတဲ့စာအုပ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခွင့်ရတော့ ‘ဝင်းဇော် ပြန်လာပြီ။ ချောအိမာန် ပြန်လာပြီ’ လို့ သတင်းစာမှာ ကြော်ငြာခဲ့တယ်။ နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ထုတ်ဝေခွင့်မရခဲ့တဲ့ ‘အလံမလှဲစတမ်း’ တတိယအကြိမ် ပြန်လည် ထုတ်ဝေခွင့်ရတာနဲ့ မရှေးမနှောင်း လူထုစိန်ဝင်းလည်း နာလန်ထူစပြုလာပြီမို့ တိုက်ဆိုင်စွာ ‘ပြန်လာပြီဗျို့’ လို့ နှုတ်ဆက်လိုက်ရတာ ဖြစ်ပါတယ်။


စတုတ္ထမဏ္ဍိုင်ရဲ့  တာဝန်ဝတ္တရား

ဒီတပတ် မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် အဓိကရုဏ်းတွေနှင့် ပတ်သက်ပြီးတော့ သတင်းမီဒီယာတွေရဲ့ တင်ပြထုတ်လွှင့်နိုင်မှု အခြေအနေတွေကို သတင်းစာဆရာကြီး ဦးဝင်းတင်၊ ပြည်သူ့ခေတ်ဂျာနယ်အတိုင်ပင်ခံ ဦးဝံသ တို့နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထဦးဆုံး အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အဓိကရုဏ်းတွေ အစတုန်းက ရာဇဝတ်မှုလို့ စခဲ့တယ်လို့ လတ်တလော အကြောင်းရင်းအားဖြင့်လို့ဆိုနိုင်ပေမယ့် အခုလောလောဆယ်မှာတော့ လူမျိုးရေး၊ ဘာသာရေးတွေ ပရောဂတွေ အများကြီးပါလာတယ်လို့ထင်ပါတယ် ဆရာ။ ဒီအချိန်မှာ မီဒီယာသမားတွေ ရေးရသားရတာလည်းပဲ အတော်လေး ဘေးကျပ်နံကျပ် ဖြစ်ပါတယ်။ နှစ်ဖက်ကွဲနေတဲ့ကြားထဲမှာ မှန်မှန်ကန်ကန်ရေးတဲ့သူဟာ နှစ်ဖက်လုံးရဲ့ ဝေဖန်ပုတ်ခတ်မှုတွေ၊ ပြောဆိုမှုတွေ အများကြီးခံရပါတယ် ဆရာ။


Thursday, June 14, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၈)

ပဲခူးရိုးမကို မြင်ရတဲ့ အမလွတ်ရွာ 

မြစ်ဝကျွန်းပေါ်ကနေ ပဲခူးရိုးမကို တို့သွားတာ ဗိုလ်ချုပ်မြမောင်နဲ့ အဖိုးတို့အတူတူပဲ။ အဖိုးတို့ အင်အား ၁ဝဝ ကျော်လောက် ရှိတယ်။ မိန်းကလေး ၃-၄ ယောက်လည်း ပါတယ်။ မန်းရှာ မိန်းမ နမ့်ကျင်ရွှေတို့လည်း ပါတာပေါ့။ နမ့်ကျင်ရွှေကတော့ အဖိုးသမီးလို ဖြစ်နေတာ။ တော်တော်ဒုက္ခခံတယ်။ စိတ်ဓာတ်ကလည်း တော်တော်မာတယ်။ ပဲခူးရိုးမ တောင်ညိုစခန်းမှာ အဖိုး နိုင်ငံရေးသင်တန်းပေးတုန်းက သူလည်း ပါတာပေါ့။ မင်းတို့အဖွားနဲ့လည်း အမေလို သမီးလိုနေကြတာ။

မြစ်ဝကျွန်းပေါ်ကနေ ပဲခူးရိုးမကို အဖိုးတို့သွားတော့ လှိုင်မြစ်ကို ကူးကြတယ်။ ပြီးတော့ တောလမ်းကနေ ဖြတ်သွားကြတာ လမ်းခရီးမှာ ရေနစ်လို့သေတဲ့လူတွေလည်း ရှိတယ်။ ညဘက်တွေမှာပဲ အဖိုးတို့ သွားကြတာကိုး။ နေ့ဘက်ဆို အဖိုးတို့ မသွားဘူး။ နေ့ဘက်ဆိုရင် ပုန်းနေတာပဲ။


သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများပေါ်ထွန်းပါစေ (မောင်ဝံသ)

ခေါင်းဆောင်တွေရဲ့ အားသာချက် အားနည်းချက် 

ခုတစ်လော ကျွန်တော် အချိန်ပေးပြီး လုပ်နေတဲ့ အလုပ်တွေထဲမှာ ဟောပြောပို့ချမှုတချို့လည်း ပါဝင်တယ်ဗျ။ အထူးသဖြင့် မြန်မာနိုင်ငံရေးအကြောင်း (အဓိကအားဖြင့် ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ မျက်မှောက်ကာလအထိ) ဆွေးနွေးဖလှယ်တာပါပဲဗျာ။

ကျွန်တော်က နိုင်ငံရေးအဖြစ်အပျက်များကို အချက်အလက်တွေအပေါ် သုံးသပ်တင်ပြတဲ့ချဉ်းကပ်မှုအပြင် နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်ကပြခဲ့ကြတဲ့ အဓိက ပုဂ္ဂိုလ်တွေရဲ့ ထူးခြားချက်၊ အားသာချက်၊ အားနည်းချက်၊ ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကိုလည်း ထုတ်နှုတ်တင်ပြဖို့ ကြိုးစားတယ်ဗျ။ ဘယ်သူက စမလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကပဲ စရတာပေါ့။ အဲဒီမှာ သတိထားမိတာက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျွန်တော် ဆွေးနွေးတင်ပြတာတွေ အတော်များများကို သင်တန်းသားတွေက သိနေတာ ဖြစ်တယ်ဗျ။ ကျွန်တော့် သင်တန်းပို့ချနည်းက ဆရာတစ်ယောက်တည်းက တစ်ဖက်သတ် ပြောသွားတာမျိုးမဟုတ်ဘဲ သင်တန်းသားတွေကို များများ ပါဝင်ဆွေးနွေးခိုင်းတာဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ပြီး သူတို့ ဘယ်လောက် ဖတ်ရှုလေ့လာထားတယ် ဆိုတာ သိရတာပေါ့။

Sunday, June 10, 2012

ဘင်္ဂါလီ ရိုဟင်ဂျာ (ကာတွန်း စောငို)

တကသ ပြန်ဆောက်ကြမယ်ဆိုရင် (မောင်ဝံသ)

ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြဖို့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါးအဖြစ် တင်ခဲ့ပေမယ့် နှစ်ကြိမ်တိုင်တိုင် ဆိုင်းငံ့ဖြစ်ခဲ့ရပါတယ်။ ပုံနှိပ်ဖော်ပြခွင့် မရခဲ့ပါဘူး။ သည်ဆောင်းပါးဟာ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းထွက်လာပြီး ကျွန်တော့် သဘောထားအဖြစ် မောင်ဝံသ Face book မှာ အကျဉ်းမျှ တင်ပြီးသားပါ။ အခု ထပ်မံဖြည့်စွက်ပြီး ပြည်သူ့ခေတ် ပရိသတ်အတွက် တင်ဆက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ မရတဲ့အဆုံးတော့ Face book မိတ်ဆွေများကတစ်ဆင့်ပဲ ကျွန်တော့်ဆန္ဒများကို ဝေမျှလိုက်ရပါတယ်။

ဒေါက်တာဦးမြင့်ရဲ့ အိတ်ဖွင့်ပေးစာ 

မေ ၁၉ ရက်နေ့က ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာပြုလုပ်တဲ့ အမျိုးသား စိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြားပွဲမှာ စာတမ်းရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူထံ အိတ်ဖွင့်ပေးစာကို ဖြန့်ဝေလိုက်ပါတယ်။ ဒေါက်တာဦးမြင့်ရဲ့ ပြည်သူထံအိတ်ဖွင့်ပေးစာ စာတမ်းကိုဖတ်ပြီး ကျေနပ်ပီတိဖြစ်လွန်းလို့ ကျွန်တော့်မှာ မျက်ရည်တောင်လည်မိပါတယ်။

လက်မလွန်သေးပါဘူး 

ဆရာမြင့် ပြောထားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး သုံးသပ် တင်ပြချက်အားလုံးကို အပြည့်အဝ ထောက်ခံပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးကို တန်ဖိုးထားရကောင်းမှန်းမသိသူတွေက ဖျက်ဆီးဖို့ကြိုးစားခဲ့ပေမယ့် အမိတက္ကသိုလ်ကြီးဟာ လုံးလုံးလျားလျားတော့ မပျက်စီးသွားသေးပါဘူး။ ပြန်လည်တည်ဆောက်ရင် ရနိုင်သေးတယ်လို့ ယူဆပါတယ်။

ရခိုင်ပြည်တွင်း ပဋိပက္ခ

 
 
 
 လတ်တလော ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် စစ်တွေက ပုံရိပ်တချို့ကို ဇွန်လ ၉ ရက်နေ့က တွေ့ရတာပါ။

တခုတည်းသော သမဂ္ဂ၊ ကျောင်းသားတွေရဲ့ တခုတည်းသောဗဟို (ရဲဘော် ဖိုးသံချောင်း)

တခေတ်တချိန်က ဗမာပြည်မှာ တစည်းတလုံးနဲ့ ကျောက်ဆောင်ကျောက်သားပမာ ကြံ့ခိုင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို အပြိုင်အဆိုင်တွေ၊ အကွဲအပြဲတွေနဲ့ တွေ့ရတော့မလိုလို အခြေအနေတွေ တွေ့မြင်နေရတာ စိုးရိမ်စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တချိန်က ကျောင်းသားသမဂ္ဂရယ်လို့ ဗမာနိုင်ငံမှာ ထီးထီးမားမား တည်ရှိပြီး ကျောင်းသားအရေး၊ မိဘပြည်သူများအရေးကို ဆောင်ရွက်ခဲ့တာတွေကို တွေ့မြင်သိရှိသူတွေအဖို့ အသဲနင့်မျှ ခံစားရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဆိုတာဟာ တိုက်ပွဲတွင်းမှာ မွေးဖွား၊ တိုက်ပွဲတွင်းမှာ ရှင်သန်၊ တိုက်ပွဲထဲမှာ ကြီးထွားခဲ့တာပါ။ ကိုလိုနီခေတ်ကစလို့ ကနေ့အထိ တိုင်းပြည်ကို ဖိနှိပ်သူတွေကအုပ်စိုးနေတဲ့ နှစ်ပေါင်း ၆ဝ ကျော်ကြာ ကာလတလျှောက်မှာ ကျောင်းသားသမဂ္ဂတိုက်ပွဲလို့ ဆိုရမလိုတောင် ဖြစ်နေခဲ့ပါတယ်။ သမဂ္ဂခေါင်းဆောင်တဖြစ်လဲ သခင်တွေဟာ သခင်ပေါက်စ ထောင် ခြောက်လခေတ်မှာ ထောင်ထဲဝင်ခဲ့ကြရသလို လွတ်လပ်ရေးခေတ် နောက်ပိုင်းမှာကျတော့ သမဂ္ဂခေါင်းဆောင်တွေအဖို့ ထောင်နဲ့ အိမ်ဟာ အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်ခဲ့ရပါတယ်။ မလိုသူတွေက ကွယ်ရာမှာ သူတို့ကို “ထောင်စာလေးတွေ” လို့ခေါ်တာတောင် ရှိခဲ့ပါတယ်။


Saturday, June 9, 2012

တံတွေးခွက်ထဲ မမျောရလေအောင် … (ကာတွန်း စောငို)

သံလမ်းမဲ့ ရထား (နေဇော်နိုင်)

အတိတ်ဟာ
မေ့ပြီး မသုံးဘဲထားထား
ဒါမှမဟုတ်
မုန်းပြီး လွှင့်ပစ်ထားထား
အသွားထက်နေတဲ့ ဓားတလက်ပါပဲ။

အရိပ်ဆိုတာ
အဲဒီ အတိတ်က လာတာဖြစ်ပြီး
စိတ်နဲ့ အနာဂတ်ထဲ
ခိုတွဲနေတဲ့ အရာလေ
တို့အကြောင်း
တို့ထက် ပိုသိသူလည်း ဖြစ်နေပြန်ရဲ့။

ငါကတော့
ရည်းစားနဲ့ ကွဲရင်
စာတွေ မီးရှို့ပစ်သလိုမျိုး
ကိုယ့်အရိပ်ကိုယ်
အသုံးမလိုတော့ဘူး ထင်တာနဲ့
အဆုံးစီရင်ပစ်ခဲ့တယ်။

ဒါပေမယ့်
ဟိုး … ဝေးဝေးမှာ
ငါထားခဲ့တဲ့ အရိပ်တို့
တစ္ဆေလို လွင့်မျောလာကြရင်
ပလတ်စတစ်ကောက် သံချွန်လို အတွေးနဲ့
ဖြည်းဖြည်းချင်း ပေါက်ယူပြီး
ရင်အုံထဲ
ပစ် … ပစ် ထည့်မိတာပဲကွယ်။
ရထားရေ …
ငါ့ကို သယ်သွားပါတော့။

Friday, June 8, 2012

မျက်ဖြူဆိုက်လေ ... ဆရာ ဘာဆိုလားပဲ (ကာတွန်း အောင်မော်)

သတင်းစကား ပါးလိုက်ပါရစေ (ခင်ငြိမ်းသစ်)

၁၉၈၈ ခုနှစ်ရဲ့ အစောပိုင်းက ရန်ကုန်မှာ မီးပြတ်တယ်ဆိုတာ ရှားပါးပါတယ်။ နွေရာသီလိုအချိန်မျိုးမှာ ၂ ရက်၊ ၃ ရက် လောက်တော့ ပြတ်သွားတတ်ပေမယ့် အခုလိုမျိုးကြီး တောက်လျှောက်ပြတ်တယ်ဆိုတာ မကြုံဖူးပါဘူး။ နယ်ဘက်မှာတော့ လျှပ်စစ်မီးက ရက်ခြားလာသလို၊ ညဘက်မှလာတဲ့ နေရာတွေလည်း ရှိပါတယ်။ ကျမ ၁၉၉၅- ၂၀၀၁ အတွင်း ကျမ အပြင်လောကနဲ့ အဆက်ပြတ်နေတာကြောင့် အပြင်လောကမှာ မီးလာတာ၊ မလာတာ စိတ်မဝင်စားနိုင်ခဲ့ပါ။ျမတို့နေရတဲ့ နေရာလေးမှာတော့ ညတိုင်ကြရင် နီကျင်ကျင်မီးလုံးရဲ့ အလင်းဒဏ်ကြောင့် မျက်နှာသုတ်ပုဝါ မျက်လုံးစည်း အိပ်ခဲ့ရတာ မှတ်မှတ်ရရ ဖြစ်နေပါတယ်။ ကျမရဲ့ ထောင်ဝင်စာမှာ မေမေ့ဆီက မီးပြတ်တဲ့အကြောင်း ညည်းညူတာ ကြားခဲ့ဖူးပေမယ့် ကျမ အများကြီး သတိမထားမိခဲ့ပါဘူး။

ကျမ ထောင်ကနေလွတ်ပြီး အိမ်ပြန်ရောက်တဲ့ညက အိမ်မှာမီးလာပါတယ်။ နောက်နေ့မှ သေချာသိရတာက နေ့လည် ၂ နာရီကနေ နောက်နေ့နေ့လည် ၂ နာရီအထိပဲမီးရပြီး တညလုံးနဲ့ နောက်နေ့တမနက်လုံး မီးမလာပါဘူး။ နေ့လည် ၂ နာရီမှ မီးပြန်လာပါတယ်။ ထူးပေစွပေါ့။ အဲဒီ့နှစ်ကနေစလို့ အလှည့်နဲ့မီးပေးတယ်ဆိုတာကို ကိုယ်တိုင်တွေ့ကြုံရပါတယ်။ အဲဒီ့ကာလတွေမှာ မိုးတွင်းတော့ မီးမှန်သလောက်ရှိပါတယ်။ အဲမိုးကုန်ပြီဆိုတာနဲ့ လျှပ်စစ်မီးက အလှည့်နဲ့လာပါတယ်။ ၂၀၀၃ ခုနှစ်ကနေစလို့ ရန်ကုန်မြို့တော်ရဲ့ နေရာတော်တော်များများမှာ အလှည့်နဲ့မီးပေးတယ်လို့ ပြောနေကြပေမယ့် မီးမလာတာက များပါတယ်။


Thursday, June 7, 2012

စုံစမ်းစစ်ဆေးရေးအဖွဲ့တဲ့လား … (ကာတွန်း စောငို)

တားမရတဲ့ ဒီလှိုင်းလုံးများ (ရဲဘော်ဖိုးသံချောင်း)

ဗမာပြည်မှာ အလုပ်သမားသပိတ်၊ လယ်သမားတိုက်ပွဲနဲ့ လျှပ်စစ်ရရှိရေး မြို့နေလူထုလှုပ်ရှားမှုများ တခုပြီးတခု၊ တနေရာပြီး တနေရာ ပေါ်ပေါက်နေပါတယ်။ တားမနိုင်ဆီးမရဆိုရင် မမှားပါဘူး။ ဒါ့အပြင် ဖျောင်းဖျလို့လည်း မရဆိုတဲ့ စကားကိုတောင် ထပ်ဖြည့်လိုက်ဖို့ ကောင်းပါတယ်။ (လုပ်ငန်းရှင်တွေကို မဖျောင်းဖျဘဲ အလုပ်သမားတွေကိုပဲ ဖျောင်းဖျနေသူတွေ ရှိနေလို့ပါ)။

ဒါပေမယ့် တကယ့်အခြေအနေက ကြည့်သောသူမြင်၏ လို့ ပြောရမလိုဖြစ်နေပါတယ်။ ဗိုလ်ချုပ်သိန်းစိန်အစိုးရက မျက်နှာလွှဲနေပါတယ် (သူတို့နှင့်မဆိုင်လေဟန်)။ မကြည့်လို့ မမြင်ဘူးပေါ့။ တချို့ကတော့ မြင်ပါတယ်။ ဒါကြောင့် အဝေးက ရှောင်ကြပါတယ်။ တချို့ရဲ့မျက်စိထဲမှာ မြင် မမြင်တော့ မသိရပါ။ သူတို့ ပြောတဲ့အထဲမှာတော့ ဒီအကြောင်းတွေ တခွန်းမှ မပါပါ၊ တချို့က မြင်လည်းမြင် ခေါင်းထဲမှာလည်း လက်ခနဲ အကြံပေါ်လာပါတယ်။ ထမင်းထုတ်ပေး၊ ရေသန့်ဘူးပေး ပရောဂျက် အမြတ်ထုတ်ကွက်လို့ တန်းမြင်တယ်။ အားလုံးနဲ့မတူ တချို့ကတော့ ဒီလှုပ်ရှားမှုတွေကို ဗမာပြည်ရဲ့ပစ္စုပ္ပန်၊ အနာဂတ်အဖြစ် ကြည့်မြင်ကြပါတယ်။ အားတက်ကြပါတယ်။ အားပေးကြပါတယ်။


၁၀၀၀၀ ကျပ်တန် (ကာတွန်း အောင်မော်)

Wednesday, June 6, 2012

လယ်သမားတွေရဲ့ လက်ငင်းဒုက္ခ (မောင်ဝံသ)

လယ်သိမ်း မြေသိမ်းတာတွေ

စီးပွားရေးလုပ်ငန်းရှင်အချို့က နေရာအတော်များများမှာ လယ်ယာမြေတွေကို နည်းမျိုးစုံနဲ့ မောင်ပိုင်စီးဖို့ကြိုးစားခဲ့ကြတဲ့ သတင်းတွေ ကြားသိနေရတယ်ဗျာ။ တစ်ချိုဆိုရင် နိုင်ငံတော်က သိမ်းသလိုလိုနဲ့ နှစ်ပေါက်တစ်ပေါက်ရိုက်ခဲ့တယ်လို့ဆိုကာ လယ်သမားက တရားပြန်စွဲမယ့် အခြေအနေမျိုးတောင် ဖြစ်ပေါ်ခဲ့တယ်ဗျ။ ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ အနုပညာသည်ကြီး ကွယ်လွန်သူ ကိုမြတ်လေးရဲ့ ထောင့်သုံးရာပြည့် အရေးတော်ပုံ သီချင်းထဲက လယ်သမား သရုပ်ဖော် စာသားတချို့ကို သတိရမိတယ်ဗျာ။ “လယ်သမားဆိုတာ ___ မွဲတေနုံချာ ___ ဂုဏ်အသပြာ မစုံလှသမို့ ___ သုညမှာတောင်မှ အနုတ်လက္ခဏာပြတဲ့ ဘဝသာသာ ___ စားရတော့လည်း ဝမ်းမဝပါ ___ ဝတ်ရတော့လည်း ခါးမလှပါ ___ အဖြည့်ခံသက်သက်တွေပါခင်ဗျာ ___”

ဝေါမြို့နယ်က ညည်းသံ ညူသံတွေ 

သုညမှာတောင် အနုတ်လက္ခဏာပြတဲ့ လယ်သမားတွေရဲ့ဘဝဟာ ဒီနေ့ထိ မပြောင်းလဲသေးပါဘူး။ အချိန်ကာလတစ်ခုမှာ လယ်သမားတွေ ငွေစကြေးစ ရွှင်ခဲ့ဖူးပါရဲ့။ ဒေါ်လာဈေး ၁၂၀၀ ကျော်ခဲ့ချိန်က လယ်ယာထွက် သီးနှံတွေ ဈေးကောင်းကောင်းရလို့ ရွာတွေမှာ သွပ်မိုးတစ်ဖွေးဖွေးနဲ့ ဖြစ်ခဲ့ကြတာ အမှန်ပါပဲ။ သို့ပေမယ့် ခုတော့ တစ်နိုင်ငံလုံး လယ်သမားအများစု ကပ်ဆိုက်နေကြပြီ။ သီးနှံတွေ ပျက်တာ၊ ဆုံးရှုံးတာ၊ အောက်ဈေးနဲ့ ရောင်းရတာ၊ အရင်းတောင် ပြန်မပေါ်တာ သုံးလေးနှစ် ဆက်တိုက်လိုဖြစ်ခဲ့၊ ကျွန်တော့် ဇာတိ ဝေါမြို့နယ်က ဆွေမျိုးသားချင်းတွေရဲ့ ညည်းသံညူသံတွေကို ကျွန်တော့်မှာ သက်ပြင်းပူကြီးတွေ မှုတ်ထုတ်လို့သာပဲ နားထောင်ခဲ့ရတယ်ဗျာ။

Tuesday, June 5, 2012

ဒုတိယကမ္ဘာစစ်ကာလ မဟာမိတ်တို့၏ ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းတက်တိုက်ပွဲ (ဒေါက်တာ ဇင်ထွန်းတင်)

ဒုတိယကမ္ဘာစစ်ကာလတွင် နာဇီ ဂျာမန်တို့ သိမ်းပိုက်ထားသော ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံများ ပါဝင်သည့် ဥရောပတိုက် အနောက်မြောက်ခြမ်းကို မဟာမိတ်တို့က ထိုးစစ်ဆင်တိုက်ခိုက်ရန် စကားဝှက် (Code Name) ကို အိုဗာလော့ စစ်ဆင်ရေး (Operation Overlord) ဟု အမည်ပေးခဲ့သည်။

အိုဗာလော့ စစ်ဆင်ရေး၏ အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နော်မန်ဒီ ကမ်းတက်တိုက်ပွဲကိုလည်း နက်(ပ်)ကျွန်းစစ်ဆင်ရေး (Operation Neptune) ဟူ၍ (Code Name) ပေးခဲ့သည်။ ၎င်းစစ်ဆင်ရေးကို စတင်သည့် ၆ ဇွန်၊ ၁၉၄၄ (အင်္ဂါနေ့) ကို ရ ရက် (D Day) ဟု သတ်မှတ်ခဲ့၍ ကမ္ဘာ့သမိုင်းတွင် (D Day the 6th of June) ဟုလည်းခေါ်ဆိုခဲ့ကြသည်။ စစ်ဆင်ရေးတွင် ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေ အရှေ့မှ အနောက်သို့ ထိုးစစ်ဆင်ကမ်းတက်မည့် ကမ်းခြေ ၅ ခုကို (Sword Beach, Juno Beach, Gold Beach, Omaha Beach, Utah Beach) ဟူ၍ ခွဲခြားသတ်မှတ်ခဲ့သည်။

နော်မန်ဒီ ကမ်းတက်စစ်ဆင်ရေးကြီး ဖြစ်ပေါ်လာရသည့်အကြောင်းရင်းကို ဆန်းစစ်ကြည့်လျှင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ နှစ်နှစ်ကျော်အကြာ ၇ ဒီဇင်ဘာ၊ ၁၉၄၁ တွင် ဂျပန်သည် ပစိဖိတ်သမုဒ္ဒရာ၊ ဟာဝိုင်အီကျွန်းရှိ အမေရိကန်တို့၏ ရေတပ် စခန်းဖြစ်သော ပုလဲဆိပ်ကမ်းကို ရုတ်တရက် ဝင်တိုက်ခြင်းဖြင့် အမေရိကန်နိုင်ငံသည်လည်း ဂျပန်ကိုစစ်ကြေညာ၍ ဒုတိယကမ္ဘာစစ်ထဲ ဝင်ရောက်လာခဲ့သည်။


မြို့ကြောင် (ကာတွန်း အောင်မော်)

Monday, June 4, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁

ညကအိပ်ရာဝင်သည့်တိုင် လူတယောက် ရွှင်ပျအားရ သောက်သုံးခွင့်ရခဲ့သော သူမ၏ ဒါနအတွက် ညိုမှာ ကြည်နူးမဆုံး၊ ဘုရားရှစ်ခိုးပြီး ခေါင်းအုံးပေါ်ခေါင်းချအိပ်ပြီးသည့်တိုင် အမျှမျှဟူ၍ ပေး၍မပြီးနှိုင်သေး။ ဒန်အိုးထဲမှရေကို သတ္တုစော်နံသည်ဟု ညည်းတွားရှုံ့မဲ့သောက်ခဲ့ရသော ဒေါ်တင်တင်ကား “သာဓုပါတော် သာဓုပါ အလှူ့အမကြီးရဲ့” ဟု ခပ်ရွဲ့ရွဲ့ ပြန်အော်နေ၏။ ညို ရယ်မောလျက် နှစ်ခြိုက်စွာအိပ်ပျော်ခဲ့သည်။

မနက်မလင်းမီပင် သူမ ချမ်းသာစွာနိုးနေပြီ၊ တံမျက်စည်းကိုဆွဲ၍ မြူတွေဆိုင်းနေသော ခြံအပြင်ထွက်ခဲ့သည်။ ကုက္ကိုပင်ခြေတဝိုက် တဂျွမ်းဂျွမ်းမြည်အောင် သူမ တံမျက်စည်းလှည်းသံကြောင့် ငှက်ကလေးတို့ စောစောနိုးသွားပြီး ပကျစ်ပကျစ်နှင့် အော်ကြသည်။ ဘာလဲဟဲ့ စောစောထတာ မင်္ဂလာရှိတယ်။ ကျန်းမာရေးကောင်းစေတယ် နင်တို့ ဘာသိလဲဟု ညိုတယောက်တည်း ငှက်ကလေးတွေကို ပြန်၍ရန်လုပ်နေ၏။

ဝေလီဝေလင်းအချိန်တွင် သံလမ်းပေါ်မှ ရထားဖြတ်မောင်းသည်ကိုကြည့်ရင်း သူမ ရေအိုးကိုလှယ်နေရာမှ ငါတော့ အတန်းတင်စာမေးပွဲပြီးလို့ ယောင်နေတာ အခုမှ အလုပ်ရတယ်ဟုတွေးကာ ကျေနပ်နေသည်။ နေမြင့်လာသည်နှင့်အမျှ ဘူတာလေးတဝိုက် ရောက်လာသူတို့ ရေငတ်ပြေသောက်ကြသည်ကိုလည်း သူမ သတိပြုမိရင်း ကျေနပ်မဆုံး။


ဒေါက်တာသာလှရဲ့ မကြောက်တရား (မောင်ဝံသ)

‘လူတွေ သိပ်မကြောက်တတ်ကြတော့ဘူးဆိုရင်' ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၁ခု အောက်တိုဘာလက ကျွန်တော် ဆောင်းပါး ရေးခဲ့ဖူးတယ်ဗျ။ ထိုစဉ်ကာလတစ်ဝိုက် ပြည်သူအလွှာအသီးသီးမှာ ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ ရှိလာကြတာကို ကျေနပ်ပီတိဖြစ်လျက် အဆိုပါဆောင်းပါးကို ဂျာနယ်တစ်စောင်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ မရှက်သင့်တဲ့နေရာမှာ ရှက်၊ ရှက်ရမယ့်နေရာမှာ မရှက်ဘဲ မျက်နှာပြောင်တိုက်ရဲသူတွေ များပြားခဲ့တာကို တွေ့နေမြင်နေခဲ့ရတာ စိတ်မချမ်းသာဘူးဗျာ။ အဲဒီထက်ဆိုးတာက မြင်မြင်ကရာကို ကြောက်နေခဲ့ကြတာကို စိတ်ထဲ မကျေမနပ်ဖြစ်နေခဲ့တယ်ဗျ။

လောကပါလတရား နှစ်ပါး 

အရှက်နဲ့ အကြောက်ဆိုတဲ့ ဟီရိနဲ့သြတ္တပ္ပတရားနှစ်ပါးဟာ လောကကြီး ပျက်စီးမသွားအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ လောကပါလတရားနှစ်ပါးဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံး သိကြပါတယ်ဗျာ။


Sunday, June 3, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၇)

ခေါင်းဆောင်မှာ အဓိက တာဝန်ရှိတယ် 

နောက်တိုက်ပွဲတပွဲက ဝါးခယ်မ ရုံးထောင့်တိုက်ပွဲပဲ။ အဲဒီပွဲမှာတော့ အဖိုးတို့ဘက်က အထိနာတယ်။ ဝါးခယ်မမြို့မှာ အဖိုးတို့နေတာ သုံးလလောက်ကြာသွားတယ်။ တိုက်ပွဲတွေဖြစ်တာ ဆက်တိုက်ပဲ။ အဲဒီမှာ ဗိုလ်မှူးချစ်လေးမောင်နဲ့ အဖိုး တွေ့တယ်။ သူကလည်း တချက်တကောင် ချစ်လေးမောင်ဆိုပြီး နာမည်ကြီးပဲ။ အဖိုး သူ့ကိုမှာတော့ သူ ရောက်လာတယ်။

“ဗိုလ်ချုပ် ကျနော့်ကို မှာတယ်ဆို”

“အေးကွ။ ဟင်းစားရှိလို့ မင်းကိုမှာတာ”

“ဟာ ဟုတ်လား”

ဗိုလ်မှူးချစ်လေးမောင်နေရာက ဝါးခယ်မနဲ့ဆိုရင် ၄ နာရီလောက် လမ်းလျှောက်ရတယ်။ ချစ်လေးမောင်ဟာ အကောင်ငယ်ငယ်ပဲ။ အကောင်သာငယ်တာ သူက ဘရင်းဂမ်းမှ ကိုင်တာ။ အဖိုးနဲ့ဆို ၁ဝ နှစ်လောက်ငယ်တယ်။


Saturday, June 2, 2012

ရေးချိန်တန်က ရေးရမှာပဲ (လူထု စိန်ဝင်း)

အမေရိကန်သုံး ဘန်းစကားတွေထဲမှာ မကြာခဏတွေ့ရတတ်တဲ့ Manimal (Man+animal) ဆိုတဲ့ စကားလုံးကို လူတိရစ္ဆာန်လို့ ဘာသာပြန်ပြီး မကြာခဏ ရေးခဲ့ဖူးတယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေလို့ လူလို့ခေါ်နေကြရပေမယ့် စိတ်ဓာတ်နဲ့ အကျင့်စရိုက်က တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ ချွတ်စွပ်တူနေတဲ့ လူမျိုးတွေကို လူလို့ မခေါ်ထိုက်ကြောင်း ရေးတာ ဖြစ်ပါတယ်။

နဖူးလက်တင် စဉ်းစားဖို့မလို 

တချို့က လူပဲ ဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတတ်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ထွန်းကားတဲ့အဆင့်မျိုးကို မရောက်သေးတာ တစ်ကြောင်း၊ ဗြဟ္မစိုရ်တရားလေးပါးကို အလေးထားတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းမှာ နေထိုင်ခြင်းပြုရတာက တစ်ကြောင်းကြောင့် သူ့ပတ်ဝန်းကျင်မှာ တိရစ္ဆာန် အကျင့်စရိုက်နဲ့ ပြုမူကျင့်ကြံတာတွေ သိပ်ပြီး မမြင်မတွေ့ရလို့ လူပဲ ဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ပြောတာ ဖြစ်တယ်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားစရာတောင် မလိုပါဘူး။


အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ပ ပို့ကုန် (ကာတွန်း စောငို)

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ထိုင်းနိုင်ငံခရီး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ပထမအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့အပေါ် မြန်မာ့အရေး သုံးသပ်သူတွေဖြစ်ကြတဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က သုတေသနမှူး ဦးအောင်သူငြိမ်း၊ ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်နေသူ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရေးသားနေသူ ဦးဇော်မင်း တို့နဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်း တွေ့ဆုံပြီး ဆွေးနွေး သုံးသပ်ထားပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ကျနော်တို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ထိုင်းနိုင်ငံခရီးစဉ် ၂၄ နှစ်အတွင်း မြန်မာနိုင်ငံပြင်ပ ပထမဦးဆုံးခရီးစဉ်နဲ့ပတ်သက်ပြီး ကိုအောင်သူငြိမ်း နဲ့ ကိုဇော်မင်းတို့ရဲ့ အမြင်သဘောထားတွေ ကျနော်တို့ ဆွေးနွေးကြပါမယ်။ ဆိုတော့ ကိုအောင်သူငြိမ်းနဲ့ စပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလိုမျိုး ပြည်ပခရီးစဉ်ထွက်မယ် ဆိုတဲ့ အသံတွေ၊ သတင်းတွေ ကျနော်တို့ကြားရတယ်။ ပထမတော့ ဥရောပကိုသွားမယ်။ အဲဒီကနေ ရုတ်တရက်ဆိုပဲ ထိုင်းနိုင်ငံခရီးစဉ်က ပထမဦးဆုံး ဖြစ်လာတယ်။ အဲဒီလို ကြားရတဲ့အချိန်မှာ ကိုအောင်သူငြိမ်း ခေါင်းထဲကအတွေး ဘယ်လိုဖြစ်သွားသလဲ။


Friday, June 1, 2012

တိုက်ပွဲခေါ်သံ (ကာတွန်း စောငို)

နောက်ကြည့်မှန် (မင်းကိုနိုင်)


ပုံနှိပ်မှတ်တမ်း 

ထုတ်ဝေသူ ။ ။ နိုင်ငံအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)


ထုတ်ဝေခြင်း ။ ။ ပထမအကြိမ်၊ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ


မျက်နှာဖုံးနှင့် အတွင်းဒီဇိုင်း ။ ။ သီဟမောင်မောင်


ဆက်သွယ်ရန် ။ ။ P.O Box 93, Maesod, Tak, 63110, Thailand
Tel: 66 (0)55 545 495


e.mail: info@aappb.org, website: www.aappb.org


သည်ပန်းချီကားတချပ်တွင် တစုံတရာ ဖြည့်စွက်ရန်လိုနေသည်ဟု သူမအနေဖြင့် တောင့်တမိသည်မှာ ကြာပြီ။ ခုလိုနွေဦးတွင် ပို၍ထင်ရှားသည်မှာ နောက်ခံကွင်းပြင်နှင့် မှုန်ပျပျကားလမ်း ပြီးတော့ ဟိုတပုံသည်တပုံ စုထားသည့် သံလမ်းတိုရှည်များနှင့် ဇလီဖားတုံးအပုံတို့ရှေ့မှာ ထီးတည်း ကုက္ကိုပင်ကြီးက ခါးနွဲ့နွဲ့နှင့် ထီးဆောင်းထားသော မိန်းမနှယ်။

တံလှပ်တွေကြွယ်သည့် နေ့လည်ခင်းမှာ ညိုတယောက်ထဲ ထိုမြင်ကွင်းကိုကြည့်ရင်း လက်တွေ့ကျသော အလုပ်ကို လုပ်ဖြစ်ခဲ့သည်၊ ထွေထွေထူးထူး စဉ်းစားမနေတော့ အိမ်ဘေးရှိ သစ်တိုသစ်စများဆွဲထုတ်ကာ လက်သမားကိရိယာများပါ ယူခဲ့သည်။

“ဘာလဲ မိန်းကလေး ... ကျုပ်ကို ဘာခိုင်းဦးမှာလဲ”

အဘမောင်သည် ဆရာသမားဖြစ်သူ၏သမီးမို့ အလိုလိုက်ရသည်ထက် ပျော်စရာကောင်းသော ကစားနည်းတခုကို မကြီးမငယ်အရွယ်မှာ ပျင်းပျင်းရှိတိုင်း ကစားခွင့်ရသူနှယ် ခံစားတတ်ရ၍ ထိုသို့အမေးကို မဲ့ရှုံ့ရှုံ့ဟန်လုပ်ကာ မေးရင်း ကွမ်းတယာ ဝါးသည်။ ညိုက ဒါကို ဒီလောက်ဖြတ်ပေး၊ ဒါကို သံနဲ့ရိုက်မယ်၊ ဒီလိုပုံဟု အဆောက်အအုံကြီး တခမ်းတနား ဆောက်လိုသူနှယ် ညွှန်ပြနေ၏။ စိတ်လိုလက်ရရှိသည်နှင့် အဘမောင် ဇိုးဇိုးဇတ်ဇတ် လုပ်ပေးလိုက်ပြီ။ သူမ ညွှန်ကြားရာနေရာမှာ တတ်ဆင်ပေးခဲ့ပြီ။

ညိုတယောက် အိမ်ထဲဝင်ပြီး ရေအိုးတလုံးသယ်လာကာ နေရာချပြီးတွင် ကုက္ကိုပင်ခါးပန်း၌ ရေချမ်းစင်တခုအဖြစ် ကျက်သရေရှိရှိ တည်ပြီးဖြစ်တော့သည်။

“အလှူရှင် ကမ္ပည်းထိုးဦးလေ” ဟု အဘမောင်က တိုက်တွန်းပြီး မြေဖြူတခဲယူလာကာ ရေချမ်းစင်အခြေ သစ်တန်းတွင် မည်သို့ရေးရန်မည်ကို အမူအယာဖြင့် မေးသည်။