မင်းမင်းလတ် ဆိုတာ စတီရီယိုဂီတရဲ့ ဘိုးအေကြီးတယောက်ပါ။ အဆိုတော်အနဂ္ဂ အဖေပေါ့။ ဂေါ်လီကျချက်က ဒီခေတ်လူတွေလောက်တော့ ပျင်းတယ်။ တခေတ်တခါက အိုးဂေါ်လီကြီးတွေပေါ့ဗျာ။ ခုခေတ်အခေါ်ကတော့ ဘီးကျဲကြီးတွေပေါ့ ။ သူက ၁၉၇၀ တဝိုက်မှာ လျှမ်းလျှမ်းတောက်ခဲ့တာလေ။ ကျွန်တော် သူတို့ခေတ်ကိုတော့ မမီပါဘူး။ ဒါပေမယ့် သူ့ခေတ်ကိုမီတဲ့သူတွေဆီကနေ သိရ ကြားရတာပေါ့လေ။ ကျွန်တော့်အဖေ ထောင်ကလွတ်လာတော့ တရက် သူက ဂျစ်ကားနဲ့အိမ်ရောက်လာပြီး အဖေ့ကို ရန်ကုန်အနှံ့ လိုက်ပြတယ်တဲ့။ ထောင်ထဲရောက်နေတဲ့ ဆယ်နှစ်အတွင်း အဆက်ပြတ်ခဲ့တဲ့ ရန်ကုန်လူငယ်တွေရဲ့သဘာဝကို လေ့လာစေချင်လို့ ထင်ပါတယ်။
ကြီးမှစဉ်းစားမိတာ ဓားတောင် ဝထ္တုရေးရာမှာ အဲဒါလည်း ပါဝင်နိုင်တယ်လို့ ထင်လာတယ်။ သေတော့မသေချာဘူးပေါ့။ အဲတုန်းက ဆံပင်ရှည်ထားတာလည်း ခေတ်စားနေတာကိုး။ လမ်းသူရဲခေတ်ပေါ့လေ။ ဆံပင်ရှည်ထားတိုင်း လမ်းသူရဲ မဟုတ်ကြောင်းနဲ့ လူကြီးတွေအနေနဲ့ လူငယ်တွေကို နားလည်ဖို့လိုကြောင်း ဝထ္တုထဲမှာ ထည့်ရေးထားတာကိုး။ နောက်ပိုင်း ဟောပြောပွဲတွေမှာလည်း ထည့်ဟောခဲ့တာပဲလေ။ အဆိုတော်ကြီး မင်းမင်းလတ်ဟာ အဲတုန်းက အနောက်နိုင်ငံတွေမှာ ခေတ်စားနေတဲ့ သီချင်းသံစဉ်တွေကို မြန်မာဂီတပရိသတ်နဲ့ မိတ်ဆက်ပေးသူတွေထဲမှာ တယောက်အပါအဝင်ဆိုတာ ဘယ်သူမှ ငြင်းကြမယ် မထင်ပါဘူး။ သူ့ကို သီချင်းရေးပေးသူတွေကလည်း တကယ့်ခေါင်ဆိုတဲ့ လူတွေ။
မောင်ကျော့မှူး၊ ကိုလေးလွင်၊ ပုသိမ် မောင်စိမ်းသူ စတဲ့ ဂုရုကြီးတွေပါ။
သူက သီချင်းဆိုရုံတင် မကဘူး။ စာအုပ်တအုပ်လည်း ရေးသားပြုစုခဲ့ပါတယ်။ ဂန္တဝင်မဟုတ်ပေမယ့် အဲခေတ်က လူငယ်တွေကြားထဲ အတော်ပြန့်နှံ့ခဲ့တယ်လို့ သိရပါတယ်။ တနေ့ ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝ မြို့ထဲသွားရင်း အဲစာအုပ်ကိုတွေ့လို့ ဝယ်လာမိတယ်။ စာအုပ်နာမည်ကတော့ လမ်းပေါ်မှ ဝေါဟာရများ တဲ့။ ကျွန်တော် ခိုက်သွားတယ်။ အဲခေတ်က လူငယ်တွေသုံးတဲ့ စကားတွေပေါ့ဗျာ။ ထုတ်တာက သူပဲ။ စာအုပ်တိုက်နာမည်ကြည့်ပြီး ကျွန်တော် အတော် စဉ်းစားရတယ်။ တိုက်နာမည်က စောင်းဖြောင့်တဲ့။
ကျွန်တော် စာအုပ်တိုက်နာမည်ကို အတော်စဉ်းစားတာမပေါ်လို့ အထဲတွေ လှန်ဖတ်ကြည့်နေမိတယ်။ အဲတော့မှ စောင်းဖြောင့် ဆိုတာ ဂစ်တာကိုခေါ်တာပဲဆိုတာ သိရတယ်။ မြန်မာဂီတမှာ စောင်းကောက်ဆိုတဲ့ တူရိယာရှိတော့ သူက စောင်းဖြောင့် တဲ့လေ။ ဟုတ်တာပေါ့၊ စောင်းလို တီးရတယ်။ ဒါပေမယ့် အကောက် မဟုတ်ဘူးလေ။
ဒီစာအုပ်ပြုစုရတဲ့အကြောင်းက ချက်ကိုစလိုဗက်ကီးယားမှ မြန်မာနိုင်ငံရောက် မြန်မာစာပညာရှင် ဒေါက်တာ ယန်းဗယ်ရှကားက သူ မပြန်ခင် လမ်းပေါ်ကစကားလုံးတွေ စုစည်းထုတ်ဝေထားတဲ့ စာအုပ်ရှာပေးပါလို့ဆိုတယ် တဲ့။ ဒီစာအုပ်မျိုး မြန်မာပြည်မှာမရှိသေးတဲ့အတွက် သူပဲ လိုက်လံစုစည်းခဲ့တာလို့ အဆိုတော်ကြီးက ရှင်းပြထားပါတယ်။
စာအုပ်ထဲမှာ သုံးတဲ့ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ၊ သုံးပုံ သုံးနည်းတွေပါတယ်။
ဒီလိုရှိပါတယ်။
ကာတစ် = တင်ပဆုံ
ကွိ = ပြည့်တန်ဆာ
ကျောင်းတော်ကြီး = အကျဉ်းထောင်
ဂူသရဖန် = တင်ပါးကြီးသော မိန်းကလေး
ဒီလိုသုံးပါတယ်။
သူ့ညီမကျတော့ ကာတစ်ကောင်းပါတယ်။
ကွိတွေနဲ့ ကျွန်တော် မပတ်သက်ဘူး။
ဟိုခါးပိုက်နှိုက်တော့ ကျောင်းတော်ကြီးမှာ တက်နေတယ်။
သူ့ခယ်မက ဂူသရဖန်ကြီးတဲ့ကွ။
ပြောရရင် တကယ်ခေတ်အမြင်ရှိတဲ့သူပါ။ ဒါတွေကို မလိုအပ်ဘူးလို့ထင်ရပေမယ့် ကျွန်တော်ကြီးတော့ ဥရောပတိုက်သွားလည်မှ သူတို့မှာလည်း ဒီလိုစာအုပ်တွေရှိတာပဲဆိုတာ သိလာတယ်။
အမေရိကန်တွေအခေါ်က slang ပေါ့လေ။ ပြင်သစ်မှာလည်း ရှိတာပဲခင်ဗျ။ သူတို့က ပိုတောင် ဆိုးသေး၊ Gros Mots လို့ ခေါ်ကြတယ်။ ညစ်ညစ်ပတ်ပတ်တွေလည်း ပါတယ်။
ဘယ်လိုပဲပြောပြောပေါ့လေ၊ သူ့ခေတ် လူ့အဖွဲ့အစည်းက နိစ္စဓူဝကိစ္စတွေမှာ သုံးလာရင် ဘယ်လိုအပြစ်ပြောရမှာလဲ။ မသုံးရင်ခေတ်နဲ့ အဆက်ပြတ်မှာပေါ့။ ဒီဘက်ခေတ်သုံးသလို ဒီဘဲ ပလတ်ကျွတ်နေတယ်တို့၊ သူငယ်ဖမ်းတယ်၊ သူငယ်ထောင်တယ်၊ ဝုန်းတယ်၊ အမွှေဇယား၊ အလန်းဇယား ဆိုတာမျိုးတွေပေါ့။
စကားလုံးတွေစသုံးတဲ့ ဝန်းကျင်ကနေ လူအများကြားထဲ ရောက်လာတာကိုး။ တချို့က အင်တာနက်သုံးသူတွေ၊ လိင်တူ ဆက်ဆံသူတွေစတဲ့ အသိုင်းအဝိုင်းအမျိုးမျိုးက လာတာပေါ့။ စကားလုံးတွေကိုကြည့်ပြီး ခေတ်ကိုလည်း မှန်းလို့ရတာပေါ့။ ခုရေးနေတာနဲ့တော့ မဆိုင်ပါဘူး။ စပါယ်ယာတွေထွင်တဲ့ အခေါ်အဝေါ်တွေလည်း ပြောချင်သေးတယ်။
ကျွန်တော်တို့ခေတ်တုန်းက စပါယ်ယာတွေသုံးတဲ့ အခေါ်အဝေါ်တွေကိုကြည့်ပြီး ခုတောင် ရယ်ချင်မိတယ်။ ၃၃ ဘတ်စ်ကားကြီးစီးလို့ ဂျင်မခါနာမှတ်တိုင်ရောက်ရင် “ဆရာရေ၊ ချစ်ဒုက္ခ မှတ်တိုင်ပါတယ်ဗျို့” ဆိုရင် ဗိုက်ကြီးသည်တွေခမျာ စပါယ်ယာကို ပွစိပွစိနဲ့ မေတ္တာပို့တာကို ရယ်ချင်လိုက်တာ။
အဲကလွန်တော့ သခင်မြပန်းခြံဆိုရင် ရင်ခွင်နန်းတော် တဲ့ဗျ။ စိတ်ရောဂါ အထူးကုမှတ်တိုင် (အဲတုန်းက ၈ မိုင်မှာ ဆေးရုံ) ဆိုရင် စိတ်ကူးယဉ် မှတ်တိုင်၊ အမယ် ... သာကေတဘက်မှာဆိုရင် သောက်သောက်လဲ မှတ်တိုင်ဆိုတာတောင်ရှိသေး။ မှတ်တိုင်ဘေးမှာ ဘီအီးအရက်ဆိုင်လေးတွေရှိပြီး ဗွက်ကလည်းပေါတော့ သောက်ပြီးထွက်လာတဲ့သူတွေဆိုတာ ရေချိန်ကလည်း မှန်နေ၊ ဗွက်ကလေးတွေနဲ့ဆိုတော့ တဘိုင်းဘိုင်း လဲနေကျနေရာလေ။ ဒါကြောင့် စပါယ်ယာတွေက သူတို့ဘာသူတို့ မှည့်ထားတာ။
တခါမတော့ စပယ်ရာ အခေါ်ကောင်းတာ RC 3 (ရန်ကုန်တက္ကသိုလ်၊ ကြည့်မြင်နယ်မြေ၊ ယခု အထက ၃ ကြည့်မြင်တိုင်)မှာ ကောင်မလေးတယောက်နဲ့ စကားများပါလေရော။ ကောင်မလေးက ဝဝ လေးဗျ၊ ကားကလည်းထွက်တော့မှာမို့ သူက အပြေးလာတာ။ အဲဒါကိုစပယ်ရာက “ဟိုးထား ဆရာရေ၊ အုန်းမွှေးလုံး လိုက်မယ်” လို့ အော်လိုက်ပါလေရာ။ တကယ်ပဲဗျာ၊ သူလာပုံလေးက အုန်းမွှေးလုံး ရေခဲချောင်းလေး လိမ့်လာသလို။ ကောင်မလေးကလည်း သူ့ကို အဲလိုခေါ်လို့ဆိုပြီး ဖြဲပါလေရော။ စပါယ်ယာကတော့ ရယ်ရယ်မောမောပါပဲ။ အမလေးရာ…၊ ဘာညာနဲ့ ပြီးသွားပါတယ်။
ဒါပေသိ ကိုယ်တွေ့ စပါယ်ယာကို မကျေနပ်တာလည်း ပြောရဦးမှပါပဲ။ တခါမတော့ ကျွန်တော် ကောင်မလေးတယောက်ကို လိုက်ပါလေရော။ မျက်လုံးချင်းစကားပြောတာတော့ အိုကေနေပါပြီ။ (ကျွန်တော့် အထင်ပေါ့လေ)။ ကောင်မလေးက သူ့ဘော်ဒါတွေနဲ့ တဆိုင်ပြီးတဆိုင် ဝင်စားလိုက်၊ ကျွန်တော်ကလည်း နောက်တခုံမှာ ဝင်ထိုင်ရင်း မှာလိုက်နဲ့ပေါ့။ သူတို့က ဘော်ဒါအုပ်တောင့်တော့ ကျွန်တော် ရှိန်နေပေမယ့် သူ့ဘော်ဒါတွေကလည်း သိပါတယ်။ ဒါပေသိ လူပျိုပေါက်လေးဆိုတော့ ရှက်တာပေါ့ဗျာ။ ဗိုင်းတာမလေးတွေကလည်း တဆိုင်ပြီးတဆိုင် ဝင်စား၊ ကျွန်တော်ကလည်း နောက်ကလိုက်ဝင်ဆိုတော့ အိမ်ပြန်မယ်လည်းဆိုရော ကားခ မကျန်တော့ဘူး။
ဒါပေမယ့် ကြာကြာမစဉ်းစားရပါဘူး။ သူတို့စီးမယ့် ၃၃ ဗိုက်ပူကားလာတာနဲ့ ကျွန်တော်ပါ လိုက်တက်လိုက်တယ်။ ရန်ကုန်သားပဲဗျာ၊ ပြေလည်ရင် ရွှေတောင် အကြွေးရသေးတာပဲ။ ကားကလည်း ထိုင်ခုံမရတော့ပေမယ့် လူက ချောင်ပါတယ်။ ကားစပါယ်ယာက သူတို့ကို ကားခကောက်ပြီးတာနဲ့ နောက်နားမှာရှိတဲ့ ကျွန်တော့်နားရောက်လာပြီး ကားခတောင်းတယ်။ ကျွန်တော်ကလည်း စပါယ်ယာနားကပ်ပြီး ကားခ မပါကြောင်း တိုးတိုးလေးပြောလိုက်တယ်။ စပါယ်ယာက အေးဆေးပါပဲ။ ပြီးမှ အသံကျယ်ကြီးနဲ့ ။
“ဟာ... ရတယ် အကိုလေး၊ အလကား စီးသွား၊ တွေ့လား ဒီအကိုလေးလို မရှိရင် မရှိဘူးပြောစီး၊ အေးဆေးပဲ၊ တချို့တွေက ကားခတောင်းရင် ရှိသလို မရှိသလိုနဲ့၊ ဒီအကိုလေးလို ရိုးရိုးသားသား မရှိဘူးပြောစီးရင် ဘာဖြစ်မှာမို့လို့လဲ မသိဘူး” ဆိုပြီး ခရီးသည်တွေကို ပြောပါလေရော။ ကောင်မလေးတွေဆီက ခွိ ခွိ ရယ်သံတွေထွက်လာသလို ခရီးသည်တွေကလည်း ပြုံးစိစိနဲ့ ကျွန်တော့်ကိုကြည့်နေတော့ ရှက်လိုက်တာဗျာ။ ဆရာကြီးရွှေဥဒေါင်းလေနဲ့ပြောရင် ကျွန်တော့်မျက်နှာဟာ အဲအချိန်က ပူတီထက်ကြီးတော့မယ် မထင်ဘူး။ ကျွန်တော့မှာ ပြန်ပြောရလည်းခက်၊ ဆင်းပြေးရအောင်လည်း ကားက မောင်းနေဆိုတော့။
နောက်တခုကတော့ ကျောက်မြောင်းလက်ကို တက္ကသိုလ်ကျောင်းသားဘဝက သူငယ်ချင်းနှစ်ယောက်သွားရင်း အရက်ဆိုင်တဆိုင် တွေ့ရော။ အရက်ဆိုင်က မဆန်းပေမယ့်နာမည်က ဆန်းတယ်ဗျ။ ဆိုင်နာမည်က Dacoli shellbuck တဲ့။ အဲတုန်းက ကျွန်တော်တို့နှစ်ယောက် ဘဝသစ် ဦးအောင်ကျော်မှာ အမေရိကန် အီဒီယမ် စကားပြောတက်နေတာဆိုတော့ အီဒီယမ်းထင်ပြီး မှန်းကြည့်သေးတယ်။ အဖြေမထွက်တော့ ဆိုင်ထဲ တယောက် တပက် ဝင်သောက်ပြီး ဆိုင်ရှင်မေးကြည့်တော့မှ ဆိုင်နာမည်က “ဒီကိုလာ ရှပ်ဘဲ” တဲ့။
မဆိုင်တာတွေ ရောက်ကုန်ပြီထင်ပါရဲ့။ ပြောချင်တာက ခေတ်အဆက်ဆက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တဲ့ ဝေါဟာရတွေ စာရင်းပြုစုထားသင့်တယ် ထင်လို့ပါ။ အကြောင်းတိုက်ဆိုင်လို့ပြောရရင် နိုင်ငံတကာက အဘိဓာန်တွေမှာ Thesaurus ဆိုတဲ့ အဘိဓာန်တမျိုးရှိတယ်ဗျ။ ဝေါဟာရ ဒီပနီ လို့ မြန်မာပြန်ရမလားပဲ။ သံတူကြောင်းကွဲ၊ သံကွဲအကြောင်းတူတွေကို စုပြီး ဖော်ပြထားတာပေါ့ဗျာ။ အလွန်အသုံးဝင်ပါတယ်။ မြန်မာပြည်မှာတော့ တအုပ်လား တွေ့ဖူးတယ် ။ နာမည်တော့ မမှတ်မိတော့ပါဘူး။
တကယ့် စာအုပ်ကြီးတွေ မလုပ်နိုင်သေးရင်တောင် အဆိုတော်ကြီးလို ခေတ်လူငယ်တွေသုံးတဲ့ အသုံးအနှုန်းတွေ ပြုစုနိုင်ရင်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ကျွန်တော်တော့ မလုပ်နိုင်ပါဘူး။ ဆေးထိုးပေးတာပါ။ ။
ဖိုးသော်တာ
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment