Thursday, September 20, 2012

ကျား နဲ့ ယုန် (သော်ဇင်အုန်း)

ခေတ်မီတဲ့ ကျားတစ်ကောင်ဟာ အမဲကောင်ကိုချောင်းပြီး အလစ်ဖမ်းစားရတာကြာတော့ ပျင်းလာတယ်။ အချောင်သက်သက်သာသာနဲ့ စားချင်လာတယ်။ ဒါနဲ့ ကျားဟာ အကြံထုတ်တယ်။ ကျားဆိုတော့ သိပ်ကြာကြာ မစဉ်းစားရပါဘူး၊ အကြံရတာပေါ့။ ဒါနဲ့ ကျားဟာ သူ့အကြံကို အကောင်အထည်ဖော်တော့တယ်။ ပထမဆုံး သမင်တစ်ကောင်ကို ဖမ်းလိုက်တယ်။ ပြီးတော့ မစားဘဲ ဒီလိုပြောပြီး ပြန်လွှတ်လိုက်တယ်။

“ငါ မင်းကို စတာပါကွာ၊ ဒီနေ့ကစပြီး အသားမစားတော့ဘူး၊ သက်သတ်လွတ် အသီးအနှံစားပြီး ဥပုသ်ရက်ရှည်စောင့် အဓိဌာန်ဝင်မလို့ကွ” တဲ့။

ကျားပါးစပ်ထဲက ထွက်လာတဲ့သမင်ဟာ ဝမ်းသာအားရပြေးလာပြီး တစ်တောလုံးကို ဒီအကြောင်း လျှောက်ပြောပြတယ်။ ဒါပေမယ့် ဘယ်သူမှ မယုံပါဘူး။ သမင်က ကျိန်တွယ်ပြောတော့ ပညာရှိယုန်က စဉ်းစားတယ်။


“ခဏနေကြအုန်း၊ ငါကိုယ်တိုင် စမ်းမယ်”

ဆိုပြီး ကျားဆီကို ထွက်သွားတယ်။

ကျားဆီရောက်တော့ …

“သမင်ပြောတာ ဟုတ်လား၊ ကျုပ် မယုံဘူး၊ မြက်စားပြမှ ယုံမယ်” လို့ပြောတယ်။

ကျားပဲ … ဒါမျိုးစမ်းလို့ ဘယ်ရမလဲ။ မြက်တွေကို ချက်ချင်းကောက်စားပြတာပေါ့။ ဒီတော့ ပညာရှိယုန်အတည်ပြုလိုက်ပြီး တစ်တောလုံး ယုံသွားကြပြီပေါ့။

နေ့တိုင်း ကျားရဲ့ဂူမှာ အသီးအနှံလာပို့သူတွေနဲ့ ကြက်ပျံမကျ စည်ကားနေတာပေါ့။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက တိရိစ္ဆာန်တွေထဲက အားအရှိဆုံး၊ အသားအများဆုံး သတ္တဝါတွေဟာ ကျားဂူသွားရင်း ထူးဆန်းစွာ ပျောက်ဆုံးသွားကြတယ်။

ဒီလိုဖြစ်ပေမယ့် ကျားကိုတော့ မယုံသင်္ကာ မဖြစ်ကြပါဘူး။ တခြားအကြောင်းကြောင့်လို့ပဲ ထင်နေကြတယ်။ ကျားရဲ့ပုံစံကလည်း မထင်ရက်စရာ၊ မျက်နှာလေးက အမြဲချိုပြီး စကားသံလေးက ခပ်အေးအေး၊ အမြဲတမ်း အိနြေ္ဒအပြည့်။ ဒါပေမယ့် ပျောက်သူများလာတော့ မနေသာကြတော့ဘူး။ ပညာရှိယုန်ကိုပဲ အကျိုးအကြောင်းပြောဆိုပြီး စုံစမ်းခိုင်းကြတယ်။ အကူအညီတောင်းကြတယ်။

ယုန်လည်း စုံစမ်းဖို့ ကျားဆီထွက်လာခဲ့တယ်။ ကျားဟာ ယုန်လာတာကိုမြင်တာနဲ့ ပျာပျာသလဲ ကြိုဆိုတယ်။ လိုလေသေးမရှိ ဧည့်ခံတယ်။ ယုန်လည်းလာရင်း ကိစ္စမေ့သွားတယ်။

အနံ့တစ်ခုရတော့မှ သတိပြန်ရတယ်။ သေချာတယ် … ကျားရဲ့ပါးစပ်က နံတာ။ ပညာရှိယုန်ပဲ သိပြီပေါ့။

ကျားကလည်း သိပ်လျင်တော့ ယုန်အခြေအနေကို သဘောပေါက်သွားတယ်။ ကျားပဲ … ဘယ်ရမလဲ။

“ငါ့အကြောင်းကို မင်း သိပြီမဟုတ်လား၊ သူများတွေကို မင်းလျှောက်မပြောနဲ့ ပြောရင် မင်းကို ငါ သတ်စားမယ်၊ မပြောရင် လူအများရှေ့မှာ မင်းကို ဆရာခေါ်မယ်” လို့ ညှိတယ်။

ဘာကောင်ဖြစ်ဖြစ် ကိုယ့်အသက်တော့ ကိုယ်မြတ်နိုးတာပဲ မဟုတ်လား၊ ပြေလည်သွားတာပေါ့။

ဒီလိုနဲ့ နှစ်တွေသာကြာသွားတယ်။ ဒီကိစ္စ စုံစမ်းမရတော့ဘူး၊ ကျားဂူမှာ စည်ကားဆဲ၊ ကျားကလည်း သက်သတ်လွတ်စား ဥပုသ်စောင့်မြဲ၊ တိရိစ္ဆာန်တွေကလည်း ပျောက်မြဲပေါ့လေ ...

ဒါပေမယ့် ယုန်ကတော့ ကျားရဲ့ဆရာ ဖြစ် သွား ပြီ လေ … …

သော်ဇင်အုန်း 
ဟန်သစ် မဂ္ဂဇင်း (ဇူလိုင်လ၊ ၁၉၉၂)


 

No comments: