Friday, August 31, 2012

မသေဆုံးနိုင်သော အချစ် (ကမာပုလဲ)

ရက်အင်ဒီးယန်းမလေးရဲ့
ပါးပြင်ကို နမ်းရှိုက်ချင်ရင်
ရက်အင်ဒီးယန်းသမိုင်းကို သိသင့်တယ် …။

‘Bury my heart at wounded knee´
၁၉ ရာစုနှောင်းပိုင်းကာလ
အမေရိက ဆူးရက်အင်ဒီးယန်းတို့ရဲ့ဘဝ
‘ဆိုးရွားလှတဲ့ ဒူးထောက်အညံ့ခံရမှုမှာ
ငါ့နှလုံးသားကို မြှုပ်နှံလိုက်တယ်’။


Wednesday, August 29, 2012

ခရောင်းလမ်းက ပန်းပွင့်များ (အရှင်ဇဝန - နိုင်ငံရေး အကျဉ်းသားဟောင်း)

မြန်မာပြည်၏ နိုင်ငံရေးခရီးကား ကြမ်းတမ်းလှ၏။ လူအများ ကမ္ဗည်းတပ်ကြသည်ကား မုန်တိုင်းထန်သော ခရီးကြမ်းတဲ့။ အခြား ကြမ်းတမ်းသောလမ်းတွေ မရှိမဟုတ်။ ရှိပင်ရှိငြားသော်လည်း ကိုယ်ကမကျွမ်းဝင်။ ဒီတော့ ကိုယ်ကျွမ်းဝင်ရာကိုသာ ရွေးပြောရတော့မည်။ ကိုယ်ကျင်လည်ခဲ့ဖူးသည်က နံရံလေးဖက်ကြား။ ထိုဒေသမှာတော့ သော့အိမ်တွေ အလီအလီ အထပ်ထပ်နောက်က ငတ်ပြတ်မှု၊ ရောဂါမျိုးစုံ၏ စိမ်ခေါ်မှု၊ ထောင်တွင်း လိုတမျိုး မလိုတမျိုး အုပ်ချုပ်သူတို့ စိမ်ခေါ်မှုက အချိန်နှင့်အမျှ။

ဒီတော့ ကိုယ်လက်လှမ်းမီရာ ခရီးခဲ၏ အနိဋ္ဌာရုံ နေ့ရက်များထဲကသာ ဆွဲထုတ်ပြီး ခရောင်းလမ်းကို ပြောရပါတော့မည်။ ထိုခရီးခဲလမ်းထဲ တွေ့ခဲ့ရသူ အများစုက တိုက်ခိုက်မှုဒဏ် အပြင်းစားတို့နှင့်တွေ့တိုင်း မကြောက်တရားထက် ယုံကြည်ချက်ကို လောကဓံပြီးဆေးအဖြစ် ဝတ်ဆင်ထားကြသူတွေသာ။ ဓားပြီးဆေး တုတ်ပြီးဆေးတို့က တကယ် ဓား တုတ်တို့ကို ရင်ဆိုင်နှိုင်စွမ်း ရှိ မရှိတော့ မသိရ။ လောကဓံပြီးဆေးကတော့ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာတို့တိုင် ရင်ဆိုင်ဝံ့သော စွမ်းအားကိုပြခဲ့ကြသည်။ နိုင်ငံရေးယုံကြည်ချက်အပြင် အနုပညာ ယုံကြည်ချက်ပါ ပူးတွဲပြီးခရီးခဲကို မညည်းဘဲ လျှောက်ပြသူတစ်ယောက်ကို ကိုယ်တိုင် အနီးကပ်တွေ့ဖူးခဲ့သည်။


သူတို့အရေးတွေ မပြီးသေးဘူး ... (ကာတွန်း အောင်မော်)

Tuesday, August 28, 2012

လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့်မပျံနဲ့ (မောင်လွမ်းဏီ)

ဆန်တိုက်ပွဲလေ
စစ်တွေက ပင်မ
ဘဝတူတွေ၊ မျက်ရည်စွန်းထင်း
သွေးနဲ့ရင်းခဲ့တဲ့ ရုပ်တုမြေ။

ဆန်လိုချင်သည်
ကျည်ဆံ
လျှံထွက်တဲ့နေ့
မမေ့နဲ့
တကွေ့တော့ တွေ့ကြဦးမှာပါ။


နှစ်ငါးဆယ် ... ဆောင်းနှင်းမှုန်များ၊ စစ်ပွဲအသစ်များနှင့် ကမ္ဘာကြီး (ကမာပုလဲ)

“အရေးကြီးတာက ကိုယ့်ကို၊ ကိုယ့်ပြည်သူကို အဓမ္မ ဖိနှိပ်နေတဲ့ နိုင်ငံရေးစနစ်ဆိုးကြီးကို သွေးအစားထိုး ကုသပေးနေရာမှာ ကိုယ်တိုင်အလှူကြီး ဝင်မပေးမိလိုက်ဖို့ပါပဲ …” 

ဆောင်း၏ ရနံ့ကို ရနေသည်။ မြောက်ပြန်လေမှ တဆင့် ...။

သြော် ... ဘဝ၏ ငါးဆယ်ကြိမ်မြောက် ဆောင်းသည် ရောက်ရှိလာတော့မည်။ ဆောင်းငါးဆယ် ... နွေငါးဆယ် ... မိုးရာသီ ငါးဆယ် ...။

နှစ်ပေါင်းငါးဆယ်သည် မနေ့တနေ့ကလိုပင် ဖြစ်နေသည်။ တကယ်တော့ နှစ်ပေါင်းငါးဆယ်သည် မနည်းလှသည့် နှစ်ကာလများ ဖြစ်သည်။ ကလေးတယောက်၏ မိုးကောင်းကင်များ၊ ရှက်တတ် ကြောက်တတ်စ ကျောင်းတက် ခေါင်းလောင်းသံများ၊ လိုချင်တောင့်တမှုများနှင့် စိတ်လိုကိုယ်ကျ ဖြစ်ခွင့်မရသော ဆန္ဒ၏ မွန်းကြပ်မှုများ ...။

‘အို ... လှေကလေးရယ် ... မင်း တော်တော်လည်း အမှတ်မရှိပါလားကွယ် ... ကျောက်ဆူးလည်း ချထားရက်နဲ့ ... မင်းဟာ ပင်လယ်ဘက်ကို ခဏ ...ခဏ မျောနေတယ်’


Monday, August 27, 2012

နံရံဆေးမှုတ် အနုပညာ

 
 
ရိုက်တာ သတင်းဌာနကတင်ထားတဲ့ ရန်ကုန်က လမ်းဘေးနံရံမှာ ဆေးမှုတ်ကြသူများ။

ဖီးနစ် (ကမာပုလဲ)

ရင်ဘတ်နဲ့
မီးခတ် ပျံသန်း ...။

ဒဏ်ရာ၊ တိုက်ပွဲ၊ ဘဝ၊ ယုံကြည်ချက် ...။

စုတ်ပြတ်နေတဲ့ တောင်ပံများ
သမိုင်းကို
ဂုဏ်သိက္ခာနဲ့ ရေးခဲ့တယ် ... ။ ။

ကမာပုလဲ 
၂၇၀၈၂၀၁၂


 

မောရတဲ့အထဲ ... (ကာတွန်း အောင်မော်)


မော်ဒန် ဂျာနယ်မှ ...


 

Friday, August 24, 2012

မလှတော့တဲ့တရား တနေရာမှာ နားပါတော့လားကွယ် (သက်ခိုင်)

ဟယ်
ပိုးစိုးပက်စက်
ဒီလို မျိုးရိုးပျက်တဲ့အခင်း
တို့
အရှက်ကိုတင်း
အသက်ကို ရင်းသင့်ရင်းရမယ်။

တကယ်
ဟုတ်တာတွေကို မသမာပြု
ယုတ်တာတွေကို ပမာမပြု
ဒါ
တို့ကို စော်ကား
အော်
မှောက်မှားနေလိုက်ကြတာများကွယ်။


အပြောကတော့ ... ရွှေမန်း (ကာတွန်း အောင်မော်)

Thursday, August 23, 2012

ဈေးပေါင်ကျိုး (မောင်လွမ်းဏီ)

မြေ
သိမ်းတယ်၊

ယာ
သိမ်းတယ်၊

မြစ်
သိမ်းတယ်။

တောင် 
သိမ်းတယ်၊

သယံဇာတ
သဘာဝ သိမ်းတယ်၊


အောင်ဆန်း (သို့မဟုတ်) အရိုင်း ... (ဒဂုန်တာရာ)

(၁) 

သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိပ်အပိုင်းတခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပာယ်ကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်းတခုကိုသာ ရဲဝံ့စွာဆောင်၍ နေသည်။

သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍နေသည်။ သူသည် ဗမာ ပထဝီမြေကြီးမှ ဗမာ ဝါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတယောက်နှင့်လည်း တူ၏။


Wednesday, August 22, 2012

နွေဦး ... အတု (ကမာပုလဲ)

ဒီနွေဦးဟာ
သူရူးတယောက်ရဲ့ ရာဇဝင်ပဲ ...။

ရာဇဝင်ဆိုတော့
ဘုန်းတော်ဘွဲ့တွေ မှိုလိုပေါက်မယ် ...။

ရာဇဝင်ဆိုတော့
အမိန့်တော်တွေ ချမှတ်မယ် ...။

ရာဇဝင်ဆိုတော့
ဆောင်ကြာမြိုင် မှတ်တမ်းတွေ ရှိမယ် ...။

ရာဇဝင်ဆိုတော့
နန်းတွင်းလုပ်ကြံမှုတွေကလည်း သွေးချောင်းစီးလို့ ...။

ဒီနွေဦးဟာ
မင်းဆိုးမင်းညစ်တွေရဲ့ ကောက်ကြောင်းပန်းချီကား၊

ဒီနွေဦးဟာ
မျက်လှည့်ဆရာ လက်ထဲက ထမီစုတ်၊

ဒီနွေဦးဟာ
စုဖုရားက သီပေါကို ဆက်သနေတဲ့
ကွမ်းတယာ နဲ့ ဗျစ်ရည် တမုတ်။


သတင်း အမှန် ... (ကာတွန်း အောင်မော်)


အတိတ်က လူတွေရဲ့အမှားအတွက် ဝန်ချတောင်းပန်မယ်ဆိုရင် (မောင်ဝံသ)

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်က စတင်စုဝေးလှုပ်ရှားခဲ့တာကို အကြောင်းပြုပြီး ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးလို့ သမိုင်းမှတ်တိုင်စိုက်ထူခဲ့တဲ့ အထိမ်းအမှတ်နေ့ကို လက်ရှိ နိုင်ငံတော်အစိုးရက အသိအမှတ်ပြုတဲ့ အရိပ်လက္ခဏာပြလာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရင်း မကြာသေးခင် လအတန်ကြာက ဘီဘီစီ အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖတ်လိုက်ရတဲ့ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကို ပြန်သတိရမိတယ်ဗျ။

သမ္မတ က ဝန်ချတောင်းပန် 

သတင်းက ဂွါတီမာလာနိုင်ငံကလာတဲ့ သတင်းပါ။ သတင်းမှာ ဂွါတီမာလာ သမ္မတ အယ်လ်မာရိုကိုလွမ်က သူ့နိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်နီးပါးလောက်က ရွာတစ်ရွာမှာ အစိုးရတပ်ဖွဲ့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ခံခဲ့ကြရတဲ့ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ နှစ်ရာကျော်ကျော်တို့အတွက် တရားဝင် ဝန်ချတောင်းပန်ခဲ့တယ်လို့ ဖော်ပြထားတယ်ဗျ။


Tuesday, August 21, 2012

လမ်းဘေး ဈေးသည် နဲ့ ဒေါ်လာ ၃,၀၀၀

 

သြဂုတ်လ ၂၀ ရက်နေ့ကတွေ့ရတဲ့ ရန်ကုန်က လမ်းဘေးဈေးသည်တချို့ရဲ့ပုံရိပ်တချို့ပါ။


ဘုရားသခင်ရဲ့ ... သီချင်း (ကမာပုလဲ)

တခါက
ဘုရားသခင်ဟာ
သူတယောက်တည်း ပြင်းပြင်းရှိရှိတာနဲ့
သီချင်းတပုဒ်ကို ဖွဲ့ဆိုသီကျူးတယ် ...။

သူ့သီချင်းမှာ
စကားလုံး အဖွဲ့အနွဲ့တွေ မပါ
တူရိယာ တီးခတ်မှု မရှိ
သံစဉ်တေးသွားဆိုတာလည်း နတ္ထိ ...။


ဘာမသိ၊ ညာမသိ ဥပဒေနဲ့တော့ … (ကာတွန်း အောင်မော်)

ဆိုးမွေတွေကို ငြင်းပယ်ရဲတဲ့သတ္တိ (မောင်ဝံသ)

ဟောကိန်းလွဲခဲ့တာ ဝန်ခံပြီးနောက် 

ပြီးခဲ့တဲ့အပတ် ပြောချင်လွန်းလို့ ဆောင်းပါးမှာ ရှစ်လေးလုံးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ပြည်ထောင်စု ဝန်ကြီး နှစ်ဦးက မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ရှိရာကို သွားရောက်ပြီး ငွေ ၁၀ သိန်း လှူတဲ့အကြောင်း အစချီကာ ‘သည်လို အခြေအနေရောက်ဖို့ နောက်ထပ် လွှတ်တော် သက်တမ်းတစ်ခုလောက် စောင့်ရလိမ့်ဦးမယ်လို့ ကျွန်တော် ထင်နေခဲ့တာကလား’ သည်လောက်မြန်မယ် မထင်ခဲ့ဘူးလို့ ကျွန်တော့်ဟောကိန်း လွဲခဲ့တာကို ဝန်ခံရေးသားခဲ့ပါတယ်။

တခြားကိစ္စတွေမှာလည်း မြန်လာနိုင်တယ် 

ဆောင်းပါးကို ဖတ်မိတဲ့ မိတ်ဆွေရင်းချာအချို့က နေ့ချင်းပဲ ဖုန်းဆက်ပြီး သူတို့လည်း ကျွန်တော့်နည်းတူပါပဲ၊ သည်လောက်မြန်မယ် မထင်ခဲ့ဘူးလို့ပြောကြတော့ ကျွန်တော် အားတက်သွားတယ်ဗျာ။ သူတို့က ဆက်ပြောတယ်။ သည်အတိုင်းဆို တခြားကိစ္စတွေမှာလဲ မျှော်မှန်းတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲလာနိုင်တယ်၊ ခင်ဗျား စပိ speed နည်းနည်းတင်ပြီး စဉ်းစားစမ်းဗျာလို့ အားပေးတယ်ဗျ။ ကျွန်တော်ကလည်း မိတ်ဆွေများနဲ့ သဘောတူပါတယ်။ ဘယ့်နဲ့ဗျာ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးအပေါ်မှာတောင် အရင်လူတွေနဲ့ မတူကွဲပြားခြားနားတဲ့ ရပ်တည်ချက်ရှိလာပြီဆိုရင် ကျန်တဲ့အရေးကိစ္စတွေဟာ အသေးအဖွဲပဲ မဟုတ်လားဗျာ။

ပုံနှိပ်ထုတ်ဝေရေး

 
သြဂုတ် ၂၀ ရက်နေ့ကတွေ့ရတဲ့ ရန်ကုန် ပုံနှိပ်တိုက်တခုက မြင်ကွင်းတချို့ပါ။


Monday, August 20, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၉

“အင်းယားကန် မှတ်လို့လား၊ ဆင်းကူးနေတာ”

တောရကျောင်းအနောက်ရှိ ချောင်းစပ်တွင် စိုက်ထားသော မဒမတိုင်များကြား အုန်းလက်ရှိသမျှ ညှပ်ကာပြီး ရင်ခေါင်းခန့်နက်သည့်ရေထဲ ပြန်ကူးလာသော သူ့အား ကမ်းပေါ်မှ ညိုက လှမ်းအော် နှုတ်ဆက်ခြင်း ဖြစ်သည်။

“မဟုတ်ဘူး ကမ်းပါးပြိုပြိုနေလို့၊ တာဖို့နေတာလေ ဆွမ်းပို့တာ နောက်ကျလှချည်လား ဆရာတော်တော့ မသိဘူး၊ ကျောင်းသားတော့ အတော့်ကို ဆာနေပြီ”

ညိုက ဆွမ်းချိုင့်ကိုမြှောက်ပြရင်း ...

“အများကြီး ဖိထည့်လာတယ်၊ ဟင်းကတော့ မကောင်းလှပါဘူး ဟုပြော၏။

“ဒါ အရေးမကြီးဘူး၊ စေတနာပါရင် ဟင်းကောင်းတာပဲ ကျုပ်က ဘာမဆို ... ..”

သူ့စကားမဆုံးခင် ညိုက “ညို့ကို ကျုပ်ကျုပ်နဲ့ မပြောစမ်းပါနဲ့၊ နားထဲ စိမ်းစိမ်းကြီး ညို့အကိုကြီးအရွယ်လောက်ရှိတာပဲ” ဟု တားမြစ်သည်။


အသေးစိပ် ... လမ်းကလေး (ကမာပုလဲ)

ကမ္ဘာဦးနေ့တွေ အကြောင်း
စိတ်မဝင်စားခဲ့ဘူး ...
အာဒံဖြစ်ဖြစ်
ဧဝ ဖြစ်စေ
ကျနော်တို့ လူဖြစ်ခဲ့ပြီပဲ ...။

ကျနော်က
သိပ်ကို အစွဲအလန်းကြီးတယ်မေမေ ...
ရိုက်ပြီး အိပ်ခိုင်းခံရတဲ့ ညတွေမှာ
တုတ်ကလေးကို ရင်ဘတ်ထဲပိုက်ပြီး
အိပ်ရင်း ရှိုက်ငိုတတ်တဲ့အကောင် ...။


ကျမ္မာကြပါစေ ... (ကာတွန်း အောင်မော်)

သခင်ကိုယ်တော်မှိုင်း (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ (ဒဂုန်တာရာ)

(၁) 
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အမျိုးသားကဗျာဆရာကြီးအဖြစ် စာပေမှစတင်သိသော်လည်း ငြိမ်းချမ်းရေးပိသုကာ ဆရာကြီးအဖြစ်နှင့် ချစ်ကျွမ်းခင်မင်ရခြင်းဖြစ်ပေသည်။

ဒေါင်းဋီကာ၊ မျောက်ဋီကာ၊ စသော စာအုပ်များကို ကျောင်းနေစဉ်က ဖတ်ခဲ့ရ၍ သွက်လက်သော ကာရန်ဖြင့် စကားရွှန်းရွှန်း၊ ဇဝနဉာဏ်ရွှင်ရွှင် ရေးသားသည့် ဆရာကြီး၏ ဟန်တို့၌ စွဲငြိခဲ့၏။

မစ္စတာမောင်မှိုင်း မှာတော်ပုံ ဝတ္ထု၌ ကိုပေါ ညည်းပုံကို …

‘တမယားသေလျှင် တမယားနေစမြဲပေမဲ့၊ စံလျားအခြေ နှစ်ပါးဂဟေမြဲမယ့်သူရဲ့၊ (အမယ်မင်း) မယားအနေရဲရမလားတဲ့လို့၊ အလကား အမေကမဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ၊’ စသော လူ့ သဘာဝသရုပ်ကို လေးချိုးကြီးဖြင့် ခပ်ရွှင်ရွှင် ရေးသားခဲ့၏။


ရခိုင့်အရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

 

ရန်ကုန်မြို့တော်ရှိ ရခိုင်အဖွဲ့အစည်းများမှ ရခိုင်လူငယ် ၁၀၀ နီးပါး ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စာပုလမ်းပေါ်တွင် ယနေ့ နံနက် ၁၁ ခွဲခန့်မှ ၁၂ နာရီအထိ မိနစ်သုံးဆယ်ကြာ UN နှင့် INGOs များ ရခိုင်ပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ တရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပုံရိပ်တချို့။

Sunday, August 19, 2012

အမေ့ ... လက်ဆောင် (ကမာပုလဲ)

မနက်လင်းတာနဲ့
ဂုဏ်တော်ကိုးပါး စိပ်တယ်
မေတ္တာသုတ် ရွတ်တယ်

အရှေ့ ခုနစ်အိမ် အနောက် ခုနစ်အိမ်
အရပ် လေးမျက်နှာ ... ရှစ်မျက်နှာ
ထက်ရပ်ဝန်းကျင်တခုလုံး ကြားကြားသမျှ
အမျှ ... အမျှ ... အမျှ ဝေတယ် ...။


အလိုက်တဲ့ လူတွေ … (ကာတွန်း အောင်မော်)

Friday, August 17, 2012

ရေလွှမ်းခံနေရတဲ့ အသုတ်

 
 
ဒီနေ့တွေ့ရတဲ့ ရန်ကုန်ရဲ့ အနောက်တောင်ပိုင်း မိုင် ၈၀ လောက် အကွာအဝေးမှာရှိတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက အသုတ်မြို့နယ်အတွင်း ရေလွှမ်းမိုးခံနေရတဲ့ဒေသက မြင်ကွင်းတချို့ပါ။

Thursday, August 16, 2012

လွမ်းဆွတ်အမှတ်တရ စနေ (ကမာပုလဲ)

အဲဒီနေ့က
ကမ္ဘာကြီးဟာ စနေနေ့ ဖြစ်သွားတယ်။

စနေနေ့ဟာ
ပန်းသွေးရောင် အနွေးအင်္ကျီတထည်ဖြစ်တယ်
စက်ဘီးကလေးတစီးဖြစ်တယ်
သနပ်ခါး ပါးကွက်ကြားနဲ့
ညိုညိုချောချော ကောင်မလေးလည်းဖြစ်တယ်
(ကျနော့်ဘက်က တဖက်သတ်ချစ်နေလို့ ဖြစ်ချင်ဖြစ်မှာပေါ့)။

အဲဒီစနေနေ့ဟာ
မနက်ဖြန်ကို ချရောင်းနေတဲ့ လူတွေကို ထမ်းပိုး
စကားကြီး စကားကျယ်ပြောနေတဲ့
လူ့လျှောမွေးတွေ အလေ့ကျပျော်ရာ
မြိုင်သာယာလည်းဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ဘဝကို
ရင်းစားစရာ ခန္ဓာကိုယ်ကလွဲလို့
တလွဲဆံပင်ကောင်းနေတဲ့ လူတွေ
တွင်ကျယ်နေတဲ့အရပ်ဖြစ်တယ်။


ရုပ်ပုံလွှာ ... (ဒဂုန်တာရာ)

ဇော်ဂျီ၏ အမှာ 

စာရေးသူ၏ အမှာ

သခင်ကိုယ်တော်မှိုင်း၊ (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ

အောင်ဆန်း (သို့မဟုတ်) အရိုင်း

ကိုဘဟိန်း (သို့မဟုတ်) ကဗျာ

သခင်နု - မုန်တိုင်းထဲက သစ်ရွက်တရွက်

သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်

ကိုဗဆွေ - လျှို့ဝှက်သော အပြုံး

ဂျာနယ်ကျော် မမလေး စာပေဖြန့်ချိရေး
၁၃၆၊ ဘီဂင်ဒက်လမ်း၊ ရန်ကုန်မြို့

ထုတ်ဝေသည့် ခုနှစ် (၁၉၅၅)

နိဒါန်း 

ဇော်ဂျီ အမှာရေးသည် 

စာဖတ်ပရိသတ်အချို့သည် ဤစာအုပ်၌ပါရှိသော ရုပ်ပုံလွှာဆောင်းပါးများကို (ဝါ) စာတန်းများကို အချို့ ချို့သော ဂျာနယ်မဂ္ဂဇင်းတို့၌ ၁၉၄၆ ခုနှစ်မှစ၍ ထုံ့ပိုင်းထုံ့ပိုင်း ဖတ်ရှုခဲ့ပြီးဖြစ်မည်ဟု ထင်ပါသည်။

ဒဂုန်တာရာသည် ဤစာအုပ်ကို ‘ရုပ်ပုံလွှာ’ ဟု အမည်မှည့်ထားရာ၊ ထိုသို့ပင် အမည်မှည့်ထိုက်သည်ဟု ယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆောင်းပါးများတွင် ဒဂုန်တာရာသည် မိမိ တက္ကသိုလ်ကျောင်းသားဘဝက သိကျွမ်းခင်မင်ခဲ့သော ပုဂ္ဂိုလ်များအကြောင်းကို ထိုပုဂ္ဂိုလ်တို့၏ ကိုယ်၊ နှုတ်၊ နှလုံး အမူအယာများမှ၎င်း၊ တစိတ်တစောင်း အကွက်အကောင်းယူ၍ ရေးစီရင်ထားသောကြောင့် ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ်တို့အပေါ်၌ထားရှိခဲ့သော ဒဂုန်တာရာ၏ အချို့အချို့သော အယူအဆ အကြားအမြင်တို့နှင့် စပ်လျဉ်း၍ စာဖတ်ပရိသတ်သည် ဒဂုန်တာရာနှင့် သဘောချင်းတိုက်ဆိုင်ခြင်း ရှိချင်မှရှိပေလိမ့်မည်။ သို့ရာတွင် ဒဂုန်တာရာ၏ စေတနာနှင့် ကလောင်သွေးဆောင်မှုတို့ကိုကား လေးစားကြရမည်သာ ဖြစ်လေသည်။ စင်စစ်မှာ ဒဂုန်တာရာ၏ ဆောင်းပါးများကြောင့် မြန်မာစာပေတွင် လူ့သမိုင်းရေးပုံရေးနည်း အသစ်တမျိုး တိုးလာပြီဟုပင် ဆိုနိုင်လေသည်။


အုပ်ချုပ်သူ အကြိုက် (ကာတွန်း အော်ပီကျယ်)

၂၀၁၂ သြဂုတ် ၁၄ ထုတ်၊ ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ကာတွန်း


 

အဖေကိုတရားစွဲတဲ့ စောဘဦးကြီး (မောင်ကျော်)

နေစရာအိမ်တွေများပါရဲ့နဲ့ အိမ်တစ်ခြမ်းထပ်လိုချင်လို့ ဒေါ်စုကို အောင်ဆန်းဦးက တရားစွဲတယ်ကြားတော့ ဗိုလ်ချုပ်နဲ့ပတ်သက်ရင် အမြီးပါလည်း လေးစားမယ်ဆိုတဲ့ စိတ်ဓာတ်ပျောက်သွားတယ်။ လူတွေဟာ လူတွေပဲလေ ဘုရားနဲ့ ပတ်သက်တဲ့အထဲမှာတောင် ဒေဝဒတ် ပါနေသေးတာပဲ။

ကရင့်ခေါင်းဆောင် စောဘဦးကြီးက သူ့အဖေကို တရားစွဲဖူးတယ်ဆိုတာကြားဖူးတော့ ... သူ့ကို ဘာကြောင့် လေးစားထိုက်တယ်ဆိုတာ သိသွားတယ်။

ကရင့်တော်လှမ်းရေးထဲရောက်ခါစ သူများတွေ စောဘဦးကြီးဆိုလို့သာ လိုက် ‘ဦး’ နေတာ၊ ဘာကြောင့် လေးစားဖို့ကောင်းတယ်ဆိုတာ မသိဘူး။ ပိုဆိုးတာက ပြည်တွင်းမှာနေတုန်း အစိုးရကထုတ်တဲ့ စာအုပ်တစ်ခုမှာ ‘နယ်ချဲ့အင်္ဂလိပ် လက်ကိုင်ဒုတ်’ ဆိုပြီး ဓာတ်ပုံတစ်ပုံ တွေ့ဖူးတယ်။ ဓာတ်ပုံထဲမှာ စောဘဦးကြီးက မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးနဲ့။ ဝတ်ထားတာကလည်း ရွှေဘသရုပ်ဆောင်တဲ့ ‘ဗိုလ်စံဖဲ’ ဇာတ်ကားထဲက နောက်ဆုံးအခန်းမှာ ဗိုလ်စံဖဲကို ကြိုးစင်တင်ဖို့ ဖမ်းခေါ်သွားတဲ့ အင်္ဂလိပ်အလိုတော်ရိ ပန်ချာပီစစ်ပုလိပ်တွေ ယူနီဖောင်းအတိုင်းပဲဆိုတော့ အစိုးရသုံးတဲ့ စကားလုံးကို ယုံသွားတယ်။


Wednesday, August 15, 2012

လစိမ်း (ကမာပုလဲ)

ဒါ
လပြည့်ညရဲ့
စန္ဒယား လက်သံတွေ မဟုတ်ဘူး ...။

မိုးစက် မိုးပေါက်တွေရဲ့
အမောတကော
လွတ်မြောက် ကြွေခသံလည်း မဟုတ်ဘူး ...။


မြစ်ဆုံဆည်နောက်ဆက်တွဲသတင်း နားစွင့်ကြည့်ရအောင် (မောင်ဝံသ)

ခုရက်ပိုင်းအတွင်း ကျွန်တော်တို့ဆီကို ပြည်သူ့ခေတ် ပုံမှန် ပရိသတ်တချို့က အီးမေးလ်တွေ ပို့သူကပို့၊ တယ်လီဖုန်း ဆက်သူကဆက်ပြီး မေးကြမြန်းကြတာ အရင်ကထက် ပိုများလာသလား အောက်မေ့တယ်။ အထူးသဖြင့် မတရား မြေသိမ်းခံရသူတွေ၊ အစိုးရကို မြေနဲ့ အဆောက်အဦငှားရမ်းခဲ့ရာက ပြန်မပေးဘဲ ဘော်လီဘော အပုတ်ခံရသူတွေက ရင်ဖွင့်ကြတယ်။ ဂျာနယ်မှာထည့်ပြီး လူကြီးတွေသိအောင် လုပ်ပေးပါလို့ တောင်းဆိုကြတယ်ဗျာ။ သူတို့ဖြစ်စေချင်တာကို သူတို့ကိုယ်စား မီဒီယာကပြောပေးပါလို့ တောင်းဆိုတာ သဘာဝကျပါတယ်။ ကျွန်တော်တို့ကလည်း အဲသလို ပရိသတ်ရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်လို သဘောထားခြင်းခံရတာကို လွန်စွာမှ ပီတိဖြစ်မိပါသဗျ။

ရေတက် ငါးစင်ရိုင်းတွေ မဟုတ်ပါ 

မေးခွန်းတစ်ခုကတော့ ထူးခြားတယ်ဗျာ။ “ခင်ဗျားတို့ မီဒီယာသမားတွေ ငါးပွက်ရာ ငါးစာချ မလုပ်ကြနဲ့နော်၊ မြစ်ဆုံကိစ္စ ‘ရေကျ’သွားပြီလား၊ ခင်ဗျားတို့ဟာ ရေတက် ငါးစင်ရိုင်းတွေလား၊ နောက်ဆက်တွဲသတင်းတွေ ခင်ဗျားတို့ စာဖတ်ပရိသတ်ကို ဆက်ပြောဖို့ တာဝန်မရှိဘူးလား။ ပွဲပြီးမီးသေ ဖြစ်သွားပြီလား၊ ပွဲကကော ပြီးသေးလို့လား” တဲ့၊ မေးခွန်းတွေ ဆက်တိုက်ထုတ်သဗျ။


Tuesday, August 14, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၈

နောက်တနေ့ ကျောင်းဝင်းထဲ သူရောက်ချိန် မနေ့က အဖမ်းမခံရသူများ ပြန်စုစည်းမိကြပြီး အပမ်းဖြေခန်းမထဲ တိုင်ပင်နေကြသည်။ မနေ့ကလိုပင် အပြင်ပြန်ထွက်ဦးမည်ဟု ကြုံးဝါးသူက ကြုံးဝါး၏။ သူကား ... လက်ကိုင်ပိုစတာ ရေးဆွဲရန် လှည်းတန်းဈေးထဲသွား၍ စက္ကူ၊ ဆေးများဝယ်ရန် ထွက်ခဲ့၏။

ပိုက်ဆံလိုက်အလှူခံရင်း ကြာနေသည်။ တခြားကျောင်းမှ အဖွဲ့များနှင့် အပြန်မှာတိုင်ပင်ရင်း ဈေးထဲမှ သူပြန်လာတော့ ကျောင်းကိုအပြင်က ဝိုင်းပိတ်ပြီးပြီဖြစ်သည်။ ဝင်၍မရတော့။ မကြာမီပင် အထဲမှအဖွဲ့များကို ပိတ်၍ ခေါ်ဆောင်သွားသည်ကို မြင်ခဲ့ရသည်။

သူ မကျေမချမ်းဖြင့် အိမ်ပြန်လာပြီး ရပ်ကွက်ထဲမှ လူငယ်များကို စုသည်။ ထိုစဉ်ပင် သူ့ လှုပ်ရှားမှုများ တရပ်ကွက်လုံး သိကုန်ပြီဟူ၍လည်းကောင်း၊ ကျောင်းမှာ သူ လှုပ်ရှားခဲ့သမျှ တွေ့မြင်ခဲ့သူများ ပြန်ပြော၍ ရပ်ကွက်ရုံးမှာပင် သူ့နာမည်ကို မှတ်သားပြီးပြီဟူ၍လည်းကောင်း သူ ကြားရသည်။

ထိုည အိမ်မှာသူမအိပ်ဘဲ မျက်စောင်းထိုးအိမ်မှာ တိတ်တဆိတ် သူ အိပ်ရန် ကြံသည်။ သူ့မိဘများ ဆောက်တည်ရာမရ ပူပန်ပြီး သင့်တော်ရာပို့ရန် စီမံကြ၏။ မျက်ရည်နှင့် အငိုနှင့် တအိမ်သားလုံးဖြစ်နေကြပြီမို့ သူ မငြင်းဆန်ဘဲ စီမံရာ နာခံလိုက်ရတော့သည်။


အလိုတူ အလိုပါ (ကာတွန်း အောင်မော်)

အလှ ... စစ် (ကမာပုလဲ)

ပန်းကလေးတို့၏ ... သခင်
မတွေ့ မမြင်တာ ကြာခဲ့ပြီ ...။

ပင်လယ်က
သူ့မျက်ရည်တွေ စေလွှတ်လိုက်တယ်။

ကမ္ဘာမြေရဲ့
တည်မြဲသော ချစ်ခြင်းရင်ခွင်မှာ
သူတို့ရနံ့ သင်းပျံ့နေခဲ့ပုံ။ ။

ကမာပုလဲ 
၁၃၀၈၂၀၁၂


 

ကမ္ဘာမကျေဘူးလို့ ပြောလို့ရပြီလား (မောင်ဝံသ)

ဒီရက်ပိုင်းအတွင်း ကြားရတဲ့သတင်းတွေက အကောင်းရော အဆိုးပါ ရောသမမွှေနေပါလားဗျ။ ကောင်းတာတွေက စပြောရရင် ရှစ်လေးလုံးနေ့ အခမ်းအနားတွေ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတယ်ဗျာ။ ပြည်ထောင်စုဝန်ကြီး နှစ်ဦးက ရှစ်လေးလုံး အကြိုနေ့မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ငွေကျပ် ၁၀ သိန်း မန္တလေးမှာ လှူဒါန်းတယ်ဗျာ။ ရှစ်လေးလုံးနေ့ကို သမိုင်းဝင်နေ့အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ ၈၈မျိုးဆက် ကျောင်းသားများက တောင်းဆိုတယ်ဗျာ။

ဒီလောက် မြန်မယ် မထင်ခဲ့ဘူး 

သတင်းဓာတ်ပုံတွေနဲ့ ရုပ်သံသတင်းတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့မှ ဟိုက် ဒါတွေဟာ အိပ်မက်တွေ မဟုတ်ဘူး၊ တကယ်ဟလို့ ကျွန်တော် ယုံတော့တယ်ဗျ။ သည်လို အခြေအနေရောက်ဖို့ နောက်ထပ် လွှတ်တော် သက်တမ်းတစ်ခုလောက် စောင့်ရလိမ့်ဦးမယ်လို့ ကျွန်တော် ထင်နေခဲ့တာကလား။ နိုင်ငံရေးဟောကိန်းတချို့ ကြက်ကန်း ဆန်အိုးတိုးသလို မှန်သွားလို့ ဘယ်သူကမှ အသိအမှတ်မပြုချင်နေပေစေ၊ ကိုယ်တွေးခဲ့ ရေးခဲ့တဲ့ ဆောင်းပါးလေးတွေ လူတကာကို တပြပြလုပ်ပြီး ဂုဏ်ယူနေမိတဲ့ ကျွန်တော့်မှာ သည်တစ်ခါတော့ သည်လိုမြင်ကွင်းတွေ ခုအချိန်မှာ ရုပ်လုံးပေါ်လာမယ်လို့ ထင်ကို မထင်ခဲ့တာဗျ။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်က ကျွန်တော်တို့မမေ့နိုင်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ကို အတားဆီးခံခဲ့ရတယ်လေဗျာ။

၆၂ မျိုးဆက်ရဲ့ ခံစားချက် 

၁၉၈၈ ရှစ်လေးလုံးကာလမှာ ကျောင်းသားတွေ ပြည်သူတွေ အသက်တွေပေးခဲ့ရသလို ၁၉၆၂ ဂျူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ် ကျောင်းသားအရေးအခင်းမှာလဲ ကျောင်းသားတွေ မရှုမလှ ခံခဲ့ကြရတာပဲဗျ။


Sunday, August 12, 2012

ညစ်နေတာ … (ကာတွန်း အောင်မော်)

ကျောင်းသားလှုပ်ရှားမှုသမိုင်း နဲ့ အနာဂတ် အခန်းကဏ္ဍ

“နောင် အသစ်ပေါ်လာမယ့် ကျောင်းသားသမဂ္ဂ အဆောက်အဦကိုတော့ နောင်ပေါ်လာမယ့် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ပုံစံနဲ့ တည်ဆောက်ဖို့။ အရေးကြီးဆုံး နောက်ဆုံးတချက်ကတော့ တကယ်လို့ ကျောင်းသားသမဂ္ဂအဆောက်အဦ တည်ဆောက်ပြီဆိုလို့ရှိရင် ဘယ်စစ်အာဏာရှင် တကောင်တမြီးရဲ့  လက်နဲ့မှ အုတ်မြစ်ချခွင့် မပေးဖို့ဆိုတာကို …” 

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရှစ်ဆယ့်ရှစ် (၈၈) အရေးတော်ပုံကြီး စတင်ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းဟာ အဆစ်အချိုး အပြောင်းအလဲတခုမှာ ရောက်နေပြီလို့ ဆိုနိုင်ပါပြီလား။ ကျောင်းသူကျောင်းသားတွေအနေနဲ့ ငြိမ်းချမ်းလွတ်လပ် ပျော်ရွှင်စွာနဲ့ စာသင်ကျောင်းတွေထဲမှာ ပညာဆက်လက်သင်ကြားနိုင်တဲ့ အခြေအနေကို ရောက်ပါပြီလား။ မှိုင်းရာပြည့်အရေးတော်ပုံ မျိုးဆက်နဲ့ ၈၈ မျိုးဆက်လှုပ်ရှားသူတွေဖြစ်ကြတဲ့ ဦးအောင်စောဦး နဲ့ ဦးမိုးသီးဇွန် တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၊ ၁၉၂၀ ပြည့်လောက်ကတည်းက ကျောင်းသားတွေဟာ ငြိမ်းချမ်းစွာ စာသင်ခန်းထဲမှာ ပညာဆည်းပူးခဲ့ရတယ်ဆိုတာထက် သူတို့ဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ နိုင်ငံရေးတိုက်ပွဲတွေမှာ ပါဝင်ပြီးတော့ ဆင်နွှဲခဲ့ကြတယ်။ အသက်တွေစတေးခဲ့ကြတယ်။ ဘဝဆုံးခဲ့ကြရတယ်။ နည်းမျိုးစုံနဲ့ သွေးမြေကျခဲ့ရတယ်။ ဆိုတော့ ဒီကနေ မြန်မာနိုင်ငံအခြေအနေကို ကြည့်မယ်ဆိုရင် အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလားပါတယ်ဆိုပြီး လုပ်နေတယ်။

Saturday, August 11, 2012

မြန်မာပြည်က လယ်သမားတွေ …

 
 
 
ရန်ကုန်အနီးဝန်းကျင်နဲ့ ကျိုက်လတ်က လယ်သမားတွေရဲ့ ဘဝပုံရိပ်တချို့ပါ။

(ဓာတ်ပုံ - ရိုက်တာ)