Tuesday, January 31, 2012

ကမ္ဘာ့သက်တမ်းအရှည်ဆုံး သူပုန်အဖွဲ့ (သို့မဟုတ်) ၆၃ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့

 
 
 
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် အူးကလေးခီး စခန်းမှာ KNLA တပ်ရင်း (၁၀၃) က ဒီကနေ့ ပြုလုပ်တဲ့ ၆၃ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားက ပုံရိပ်တွေပါ။


ဝီယောဓိ နှင်းဆီ (ငြိမ်းဝေ)

 ကဗျာဆရာ တိုက်မောင်း

၁။

၁၉၉၄-ခု၊ ဇူလိုင်လ ... ။

‘ထူးရာစိုး’ လ္ဘက်ရည်ဆိုင်၊ ဒေါ်အောင်ဆန်းစုကြည် လမ်းဆုံ၊ မာနယ်ပလော။

“ကိုငြိမ်းဝေဆိုတာ ခင်ဗျားလား”

မေးမြန်းနှုတ်ဆက်သူကို ကျနော် ကြည့်သည်။ ကောင်းဘွိုင်ဦးထုပ်၊ ပြောက်ကျားစစ်အင်္ကျီ၊ စစ်ဘောင်းဘီ၊ ရာဘာညှပ်ဖိနပ်။ အသားဖြူဖြူ၊ ပါးရိုးနားရိုး ကျကျ၊ ခန္ဓာကိုယ် ခပ်ပါးပါး။

“ဟုတ်ပါတယ်၊ ခင်ဗျားက ကိုတိုက်မောင်းလား”

သူက ကျနော်၏အမေးကို ပြန်မဖြေဘဲ ကျနော့်လက်ကို ဆွဲကိုင်ဖြစ်ညှစ်ကာ စားပွဲဘေးတွင် ဝင်ထိုင်လိုက်သည်။ ကျနော်တို့နှစ်ယောက် နာရီဝက်နီးပါး စကားထိုင်ပြောကြ၏။ ပတ်ဝန်းကျင်တွင် ဘယ်သူတွေရှိနေသည်ဖြစ်စေ သတိမထားနိုင်။ သူ့ကဗျာတချို့ကို ကျနော် ဝေဖန်တော့ သူက အပြုံးနှင့်နားထောင်။ ရုတ်တရက် ပြောလက်စ စကားကိုရပ်ပြီး သတိတချက်ဝင်တော့ သူ့လက်ထဲတွင် ပစ္စတိုသေနတ်တလက် ရောက်နေသည်ကို ကျနော် သတိပြုမိသွားရ၏။ သူက မောင်းကွင်းထဲ လက်ညှိုးထည့်ကာ သေနတ်ကိုချာချာလည်အောင် လှည့်ကစားရင်း ကျနော့်စကားကို နားထောင်၏။ ကျနော်က ရပ်ထားသည့်စကားကို ဆက်ပြီးမပြောနိုင်။ သူ့လက်ထဲက သေနတ်ကို ကြည့်သည်။ သူ့မျက်နှာကို ကြည့်သည်။

“ခင်ဗျားကလည်း သေနတ်ကြီး ထည့်ထားလိုက်စမ်းပါဗျာ၊ စကားပြောရတာ မဖြောင့်ဘူး၊ တော်ကြာ မတော်တဆ ကျည်ဆံထွက်သွားမှဖြင့်”

Monday, January 30, 2012

လာလမ်း (ဆောင်းလူ)

ခြေရာတွေ ထပ်ဖူးတဲ့
လာလမ်းဟာ
ဆွံ့အခဲ့ရတာ ကြာလှပြီ ...

လေထဲတလူလူနဲ့
ကမ္ဘာကျော် ပြဇာတ်အတွက်
လာလမ်းပေါ်
ဇာတ်တိုက်နေလိုက်ကြတာများ ...။


ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၈)


ကြက်လည်းတိုက် ဖဲလည်းရိုက်

အဖိုးက ကြက်ကောင်းကောင်း တိုက်တတ်တယ်။ အဖိုးမှာ တိုက်ကြက် ၃-၄ ကောင် ရှိတယ်။

ကြက်ဝိုင်းတွေမှာတော့ အဖိုးက ဘယ်တော့မှ ရန်မဖြစ်ဘူး။

ကြက်ဝိုင်းမှာ သွားပြီးရန်ဖြစ်နေရင် အလကား သိက္ခာကျတယ်။

အဖိုးက ဖဲလည်း ရိုက်တယ်။ အဖွားက မသိဘူး။ ခိုးရိုက်တာ။

ခိုးရိုက်တော့ မန္တလေးလုံချည် ဆိုတာ ဟိုတုန်းက လေးကျပ်ခွဲတောင် ပေးရတယ်။ ဖဲရှုံးတာကိုး။ ပုဆိုးကို ပေါင်တာတောင် မဟုတ်ဘူး။ တခါတည်း ရောင်းစားခဲ့တယ်။

ပေါင်ဟယ် ရွေးဟယ်။ အလကား စာရင်းရှုပ်တယ်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်က လုပ်သားများ

 
 
ဇန်နဝါရီလ ၂၄ ရက်နေ့ကတွေ့ရတဲ့ ရန်ကုန် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားတွေရဲ့ ပုံရိပ်တချို့ပါ။ (ဓာတ်ပုံ - ရိုက်တာ)

Sunday, January 29, 2012

အမ်စတာဒမ်မှာ ဆုံကြမယ့် နိုင်ငံတကာရောက် ရဲဘော်များ (ကိုမင်းကိုနိုင်)

ကျနော်တို့ဟာ
မုန်တိုင်းကိုဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ

ပိတောက်နံ့သင်းတဲ့ လေပြေအေး
ဂေဟာဟောင်းကို တံခါးဖွင့်ဝင်
တူးပို့ တူးပို့ ဗုံသံလေး
ညီမလေးကို ထ, က, အောင်
ပြိုင်တူ လက်ခုပ်တီးမယ်လို့
ပြန်ဆုံမယ့်နေ့ အမေ့အိမ်မှာ


ထိ ... သိ ... သတိ (ကမာပုလဲ)

ဆောင်ရန်
=
ငယ်အိပ်မက်တွေအပေါ် သစ္စာမြဲကြ (ရှီလာ)


ရှောင်ရန်
=
ရန်သူမျိုးငါးပါး


တွဲဖက်မစားသင့်သော အစားအစာ
=
ငါးစာ နှင့် ငါးမျှားချိတ်


ကမာပုလဲ
၂၉၊ ၁၊ ၂၀၁၂။


 

ပြည်တော်သာစီမံကိန်းကြီးလို ရေစုန်မျောမသွားစေဖို့ (လူထုစိန်ဝင်း)

နိုင်ငံခြားဧည့်သည်တွေ တစ်ယောက်ဝင် တစ်ယောက်ထွက် ဝင်လာမစဲ တဖွဲဖွဲဖြစ်နေတာကိုကြည့်ပြီး မြန်မာနိုင်ငံသားအားလုံး ဝမ်းသာအား ရဖြစ်ကြတယ်။ အထူးသဖြင့် နှစ်ပေါင်း ငါးဆယ်ကျော် ခပ်စိမ်းစိမ်းနေခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်စတဲ့ အနောက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကိုယ်တိုင် ရောက်လာကြတာကို ပိုပြီး သဘောတွေ့ကြတယ်။

ကိုယ်ထူကိုယ်ထ ပင်ပန်းလှပြီ

ရောက်လာသမျှ ဧည့်သည်တိုင်းကလည်း အားတက်စရာစကားတွေ ပြောသွားကြတယ်။ စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းဖို့ နီးစပ်လာပြီ၊ ကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေလည်း ပြန်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း လာကြမယ်စတဲ့ စတဲ့ စကားတွေကို မစားရဝခမန်း ပြောကြတယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး အရာရာတိုင်း ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထချည်း လုပ်နေကြရလို့ ပင်ပန်းလှပြီဖြစ်တဲ့ တိုင်းသူပြည်သားများအဖို့တော့ ကူညီထောက်ပံ့မှုတွေ လာတော့မယ်ဆိုတဲ့စကားဟာ မင်္ဂလာအရှိဆုံး ဖြစ်နေပါတော့တယ်။

ဟိုတစဒီတစ ပြုပြင်ပြနေရုံမျှနှင့်တော့ … (ဇွန်မှိုင်း)

ကျနော်တို့အနေနှင့် အပြောင်းအလဲတွေကို တကယ်မြင်ချင်ပါတယ်။

နောက်ပြန်မလှည့်တော့မယ့်၊ ဒီမိုကရေစီဆိုင်ရာအာမခံမှုတွေရှိတဲ့ အပြောင်းအလဲမျိုးတွေကို အမှန်တကယ်မြင်ချင် ပါတယ်။ လုံးဝ နောက်ပြန်မလှည့်တော့မယ့် အပြောင်းအလဲမျိုးနှင့် ကျနော်တို့နိုင်ငံ ရှေ့ကို တရွေ့ရွေ့တက်လှမ်းနေပြီ ဆိုတာမျိုး တကယ်ကြားချင် မြင်ချင်ပါတယ်။

ဒါပေမယ့် အဲဒီလို အပြောင်းအလဲမျိုးနှင့် ပြောင်းလဲနေတဲ့အနေအထား ဒီနေ့ ကျနော်တို့နိုင်ငံ ရောက်နေပြီလား။

လူတိုင်း၊ နိုင်ငံသားတိုင်း၊ နိုင်ငံရေးသမားတိုင်းက စိတ်ချလက်ချ တိုင်းပြည်ကို ချစ်လို့ရတဲ့အနေအထား၊ ချစ်ခွင့်ရတဲ့ အနေအထားရနေပြီလားဆိုတဲ့ မေးခွန်းတွေ သေချာပေါက်ရှိနေသေးတယ်။

တချို့ကိစ္စတွေမှာ ပြောင်းလဲမှုတွေ ဟိုတစဒီတစတွေ့နေရပေမယ့် တချို့ကိစ္စတွေမှာကျ ပြောင်းလဲနေပြီလို့ ပြောရ အတော်ကိုပဲ ခက်ခဲနေသေးတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်လှမ်းနေပြီ ပြောင်းလဲနေပြီလို့ ထင်မြင်ချင်စရာ အချို့
ဒီအချက်ကလေးတွေကို ကြည့်ကြည့်ပါ။ အထိုက်အလျောက်တော့ ကြည့်လို့ကောင်းသားလို့ ပြောနိုင်ပါလိမ့်မယ်။


Saturday, January 28, 2012

အောက်လမ်း (ခင်လွန်း)

မြို့ကိုသိမ်းလိုက်ပြီးတဲ့နောက်
မျိုသိပ်ထားတာတွေကို
မြွေအလမ္မာယ်ဆရာ ပလွေနဲ့ညှို့သလို
မြို့ကိုညှို့လို့ရပြီလား
ညီမလေး မင်းအတွေးက ကလေးလေးလို
ကလေးတွေအရေးပါတယ်လို့ ရေးတေးတေးပြောလို့ပြော
ပြောပြော ...
ဒီမြို့ကိုပြောရင်းဆိုရင်း သိမ်းပိုက်လိုက်ပြီးနောက်
မြို့ဟာ ပလွေသံတွေအောက်မှာ
ညှို့ကွင်းထဲ ပြားပြားမှောက်ခဲ့ပြီ။


အမေရိကန်တွေဆီက ရသမျှ . . . (ချိုတူးဇော်)

အမေရိကားနဲ့ ဆက်ဆံရေးအသစ် ထူထောင်လိုက်ပြီ၊ တံခါးတွေဖွင့်လို့ အမေရိကန်တွေဆီက ဘာတွေရမလဲလို့ ကျနော်တို့ မျှော်လင့်ခြင်းကြီးစွာနဲ့ ပေါင်းသင်းဆက်ဆံကြတဲ့အခါ သတိလေးတခုကပ်ဖို့ လိုတယ်။ အမေရိကားမှာ ပြီးပြည့်စုံတဲ့ စနစ်မရှိသေးဘူး ဆိုတာပါ။
 
ဒါပေမယ့် အဲဒီပြီးပြည့်စုံမှုမရှိတဲ့စနစ်ကိုက ဆင်ပိန် ကျွဲလောက်သာမက မြန်မာပြည်ထက်တော့ ကြီးထွားသန်မာတယ်ဆိုတာကိုလည်း ကြိုပြောပါရစေဦး။ နှိုင်းစရာလားလို့လည်း တချို့က ဘုတောကြပါဦးမယ်။ အမေရိကန်မှ အမေရိကန် အထင်ကြီးကြတဲ့သူတွေက အမေရိကန် မကောင်းကြောင်းဆို ဘာမှပြောတာ မကြိုက်ကြပြန်ဘူး။ ကျနော်က အမေရိကန်တွေ ကောင်းကြောင်းပဲပြော၊ မကောင်းကြောင်းပြောရင် အမေရိကန်လို့ ညာပြီး တခြားတိုင်းပြည်တပြည် အပို့ခံထားရတာလားမှ မသိတာလို့ ဝေဖန်တဲ့သူလည်း ရှိသမို့ပါဗျာ။ 
 

အမိန့်အမှတ် ၂၀၀၈ ... ဝိဘစ္ဆ ဇာတ် (ကမာပုလဲ)

ရွှေပြည်တော် အပြန်လမ်းတွေကလည်း
ကြောက်မက်ဖွယ်ရာတွေနဲ့ အတိပြီးတယ် ...။

မချစ်မနှစ်သက်သူတွေ အချင်းချင်း
ရင် ရင်ချင်း အပ်ကြတဲ့အခါ
သစ္စာမြဲသူတွေအားလုံး
ရှေးရိုး ခေါင်းမာသူတွေ အဖြစ်
ခေတ်က မြင်သတဲ့ ...။


အစိုးရ နဲ့ ကေအန်ယူ အပစ်အခတ်ရပ်စဲရေး

“မြန်မာ့နိုင်ငံရေးမှာ မူဝါဒသဘောတရားအပေါ်မှာ အခြေမခံဘဲ လူပုဂ္ဂိုလ်ပေါ်မှာ အခြေခံတဲ့ဓလေ့က ကြီးစိုးတတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့အခါမှာ သူရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်တာဟာ ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။ စစ်မြေပြင်ဖြစ်ခဲ့တဲ့ ကရင်တို့ဌာနေကို ပြန်လည်ထူထောင်ရေးဟာ အချိန်ကြာညောင်းနိုင်ပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန် လက်ထက်မှာ ကရင်တိုင်းရင်းသားအရေးကို အလုံအလောက် ဖြေရှင်းနိုင်ပါ့မလားဆိုတာ …”

အနှစ် ၆၀ ကျော် လက်နက်ကိုင်တော်လှန်နေတဲ့ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးနဲ့ ဦးသိန်းစိန် အစိုးရတို့ အပစ်အခတ်ရပ်စဲဖို့ ဇန်နဝါရီလ ၁၂ ရက်နေ့က သဘောတူလိုက်တဲ့သတင်းကို အပြည်ပြည်ဆိုင်ရာက ကြိုဆို ထောက်ခံကြတာ တွေ့ရပါတယ်။ အရင်ကလည်း ကေအန်ယူ နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးပြီး ယာယီအပစ်အခတ် ရပ်စဲနိုင်တာမျိုး ရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အစောပိုင်းက ဗိုလ်ချုပ်ကြီးစောဗိုလ်မြ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သွားပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ခဲ့ပါတယ်။

Friday, January 27, 2012

အရွဲ့တိုက်နေတဲ့ဆောင်း၊ ယုံကြည်မှု ပျက်ပြယ်ရခြင်းအကြောင်းနှင့် ငါးကလေးများ (ကမာပုလဲ)


မနှစ်တုန်းဆီက ဆောင်းသည် ရောက်ရှိမလာနိုင်ခဲ့။ နှင်းသည် စိတ်လက်ကောက်ကာ အရိပ်အယောင်ကလေးပင် မမြင်ရ။ မတွေ့ရ။ မခံစားခဲ့ရ။ အရှေ့လေတို့၊ မြောက်ပြန်လေတို့သည် ဝေလာဝေးခဲ့။ ရာသီပျက်ကာလကြီးနှင့် မချစ်မနှစ်သက်ဘဲ ပေါင်းသင်းနေထိုင်ခဲ့ရလေသည်။

ကောင်းကင်တခုလုံး မည်းမည်းမှောင်။ ထစ်ချုန်း လျှပ်စစ် လက်သည်းကုတ်ရာများ။ အနောက် တောင်ဘက်ဆီက မုတ်သုံလေနှင့် အငြိုးတကြီး ရွာသွန်းနေသော မိုးများ။ ရာသီ အစဉ်လိုက် အလွမ်းတို့ သည်လည်း ကယောင်ကတမ်း၊ ကတိမ်းကပါး။

ဂျပန်ပြည်မှာ အင်အားကြီး ငလျင်လှုပ်ခဲ့သည်။ ဆူနာမီ ဧရာမ ရေလှိုင်းလုံးကြီးတွေရဲ့ ရှေ့တော်ပြေး အင်အားပြင်းထန် ငလျင်ကြီး လှုပ်ခဲ့သည်။ နြူကလီးယား စက်ရုံတွေ ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ဂျပန်ပြည်သူများအဖို့ သဘာဝဘေးအန္တရာယ်ကြီးအောက်မှာ။ နွေခေါင်ခေါင်ကြီး။

တကူးတက ထမ်းပိုး ခပ်ယူထားသော အတာရေများကား မည်သို့သော ရေပက်ခံ သင်္ကြန်ပျော်သူတွေကို ပက်လောင်းရမည် မသိ။ သင်္ကြန်မဏ္ဍပ်တို့ခမျာ ရာသီပျက် မိုးကြီးအောက်မှာ ရေနစ်လျက်။ လမ်းဈေးမှာ ချရောင်းနေသော တခက်စ၊ နှစ်ခက်စ ပိတောက်ပွင့်ရွှေဝါများ။ ဇာတိရပ်မြေ အနောက်ဟိုမှာ ဘက်ကမ်းဆီမှ တကူးတက ရောက်ရှိ မွှေးမြနေသည်ကို။

အော်လ်တာနေးတစ် ငြိမ်းဝေ (ငြိမ်းဝေ)

မနက်မိုးလင်း
ကျနော် အိပ်ယာကနိုးတော့
ငြိမ်းဝေက မရှိတော့ဘူး။

ကျနော် ပြောတယ်
မင်း ဘယ်မှ မသွားရဘူး
မင်း ဘာမှ မလုပ်ရဘူး ပေါ့
ဒါ မအိပ်ခင်
သူ့ကို ထိန်းချုပ်စက်ခလုပ်ကို ပြ
မှာထားတဲ့ စကား။

ဒီကောင့်အကြောင်း
ကျနော် ကောင်းကောင်း သိတာပေါ့
ပထမ
လက်ဘက်ရည်ဆိုင်
ဒုတိယ
ကြောင်နှစ်ကောင် စာအုပ်ဆိုင်
တတိယ
ပန်းချီဆရာမလေး စိန်စိန်လင်း
စတုတ္ထ
မာနယ်ပလော ...။


တမတ်သား ကိုယ်စားလှယ်များ

ကျပ်ပြေးနေပြည်တော် ပြည်သူ့လွှတ်တော်ထဲမှာ ဒီနေ့ တွေ့ရတဲ့ အခွင့်ထူးခံ တမတ်သား ကိုယ်စားလှယ်တွေပါ။

(ဓာတ်ပုံ - အေပီ)

 

အစိုးရ နဲ့ အတိုက်အခံ တန်းတူအခွင့်အရေးရဖို့က အဓိက

မြန်မာနိုင်ငံမှာ ပါလီမန်အတိုက်အခံတွေကို အစိုးရက တန်တူအခွင့်အရေးပေးပြီး လေးလေးစားစား ဆက်ဆံရေး ပေါ်ထွန်းရေးစနစ်ဟာ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက စံတရပ်ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ Dr. Josef Silverstein က ပြောဆိုလိုက်ပါတယ်။ ဦးကျော်ဇံသာ က ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ Dr. Josef Silverstein ကို ဆက်သွယ် ဆွေးနွေးထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံဟာ အခုအခါမှာ ဒီမိုကရေစီဖြစ်ထွန်းရေးဆီကို ဦးတည်ရွေ့လျားနေတယ်လို့ အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများက ယူဆနေကြပါတယ်။ ဒီကိစ္စအပေါ် ဆရာကြီးရဲ့သဘောထားကို သိချင်ပါတယ်။

Dr. Josef Silverstein ။ ။ ကျနော်တို့ နားလည်းထားရမယ့် ကိစ္စ နှစ်ခု ရှိပါတယ်။ ပထမတချက်က မြန်မာအစိုးရဟာ အရေးကြီးတဲ့ အတိုက်အခံအင်အားစုဖြစ်တဲ့ ကရင် ကေအန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နေပါတယ်။ ရှမ်း အပါအဝင် တခြား တိုင်းရင်းသားအင်အားစုတွေနဲ့လည်း အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမယ့် ကချင်နဲ့တော့ သိပ်တိုးတက်မှု မရှိသေးပါဘူး။ ဒါကတော့ ကျနော် သိရှိထားတဲ့ အခြေအနေပါ။

Thursday, January 26, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၇)


တရွာလုံးကို လိုက်ပြောမယ်

မိုးလင်းတော့ အေးရှင် အဖိုးအိမ်ကို ရောက်ချလာတာပဲ။

“ဟေ့ ကျော်သောင်း။ တင်တင်က နင့်ကို ပြောခိုင်းလိုက်တယ်။ နင့်ကို သူ မကြိုက်တော့ဘူး တဲ့”

အဖိုးက သိတယ်။ “အေး အေး သူ မကြိုက်ရင် နေပါစေ။ နင် မတင်တင်ကို ပြန်ပြောလိုက်။ သူ ငါ့ကို မကြိုက်ရင် သူ့ပါးကို ငါနမ်းတာကို တရွာလုံး ငါလိုက်ပြောမယ်” လို့။

အေးရှင်ကလည်း ပြန်ပြောတာပေါ့။


အတ္ထုပ္ပတ္တိ ... အစိမ်း (ကမာပုလဲ)


လမ်း
ဆုံချက် ရောက်မှ
ခွဲခွာသွားတဲ့ အမှတ်တရများ ...။

နေကွယ်ကုန်းက
အမုန်း တစ္ဆေ ...။

ရာဇဝင် တောခြောက်သံတွေနဲ့
လရောင်ပျောက်တဲ့ ည ...။


သမိုင်းထဲက မိခင်များ (ထိန်လင်း)

“သား .. အမေ့ကို ကန်တော့သွား”

ရုတ်တရက်ဆိုရင်တော့ ဒီစကားရပ်က ခရီးသွားမယ့် သားတစ်ဦးကို မိခင်ဖြစ်သူ ပြောလိုက်တဲ့စကားလို့ ယူဆစရာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်အဖို့တော့ ကိုယ်သွားလိုရာ သွားခါနီး နှုတ်ဆက်ချိန် မဟုတ်ခဲ့ပါဘူး။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မြန်မာစစ်ထောက်လှမ်းရေးက လာရောက်ဖမ်းဆီးတာကို ခံခဲ့ရတဲ့အချိန်သာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သူ့ရင်ထဲမှာရှိနေတဲ့ စိုးရိမ်သောကတွေ၊ ပူလောင်မှုတွေကို ဖုံးကွယ်ရင်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အသံကိုထိန်းရင်း ပြောလိုက်တဲ့စကား ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်း စစ်တပ်က ပြည်သူလူထုကို ပစ်နေခတ်နေတဲ့အချိန်မှာ အိမ်ကို တစ်ည ပြန်မရောက်လာတာနဲ့ အိပ်ရာထဲလဲခဲ့တဲ့ အမေက ထောက်လှမ်းရေးများခေါ်ဆောင်ရာကိုလိုက်မယ့် သားအတွက် ပူဆွေးသောက မဖြစ်ဘူးလို့ ကျနော် မယူဆဖြစ်ခဲ့ပါ။ မမြင်ရပေမယ့် အမေ့စိတ်အတွင်းထဲက စကားလုံးတွေကို ကြားနေရပါတယ်။


Wednesday, January 25, 2012

အပုပ် မဖော်ကြေးနော် ... (ကာတွန်း ဂေါ်ပြား)

သတိ စာမျက်နှာ (ဒေါင်းနီ)


အချိန် နဲ့ နေရာ
သေချာ ရွေးချယ်
မရည်ရွယ်တာ ဘေးဖယ်ပါ၊

အစစ်နဲ့ အတု
လုယူ လှည့်စား
ဆုံးရှုံးထားတာ မှတ်ထားပါ၊


ဟုတ်ပါ့မလား IMF ရယ် …

 
 မြန်မာ့စီးပွားရေး တိုးတက်မှုကို မြန်မာနိုင်ငံမှာ စီးပွားရေး မူဝါဒတွေကို ပြင်ဆင်လာတဲ့အတွက် တိုးတက်မှု လက္ခဏာတွေကို တွေ့မြင်လာနေရပြီလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောလိုက်တဲ့အကြောင်း ဗွီအိုအေ သတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။

သံတိုင်ကြားက မိန်းမသားများ (ထိန်လင်း)

A woman is like a tea bag - you can't tell how strong she is until you put her in hot water.

အမျိုးသမီးဆိုတာ လက်ဖက်ခြောက်ထုပ်ကလေးနဲ့ တူပါတယ်။ ရေနွေးပူထဲကို ထည့်လိုက်တဲ့အချိန်ကျမှ သူ့ရဲ့ ခွန်အား ဘယ်လောက်ရှိတယ်ဆိုတာ သိရမှာပါ။

အထက်ပါ အဆိုအမိန့်ကလေးက အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ရုစ်ဗဲ့ရဲ့ဇနီး အီလန်နို ရုစ်ဗဲ့ (Eleanor Roosevelt) ပြောဆိုခဲ့တဲ့ စကားရပ်ကလေးပါ။ တစ်ခွက်စာ လက်ဖက်ရည်ထုပ်ကလေးတွေကို ဘယ်လောက်ပူတဲ့ ရေနွေးထဲပဲထည့်ထည့် အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်သလိုပဲ မိန်းမသားတွေဟာလည်း တကယ့်အရေးကြုံလာတဲ့အခါ ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်တွေ ရှိနေတယ်လို့ ဆိုချင်ပုံရပါတယ်။ ဒါဟာ မလွဲမသွေ သဘောတူရမယ့်အယူအဆဖြစ်ပါတယ်။

မြို့တော်ဟောင်းက တရုတ်နှစ်ကူး

 
မြို့တော်ဟောင်း ရန်ကုန်က တရုတ်နှစ်သစ်ကူး ပုံရိပ်တချို့ပါ။


Tuesday, January 24, 2012

မင်းကိုနိုင်တို့ ရပ်တည်ချက်ကို ကြိုဆိုတယ် (လူထုစိန်ဝင်း)

“လမ်းပေါ်နိုင်ငံရေးခေတ်ကုန်သွားပြီလို့ သူပြောလိုက်တာကလည်း သူများယောင်လို့လိုက်ယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိဆိုသလို ကိုယ်ပြောတဲ့စကား ဘယ်အဓိပ္ပာယ်ရောက်သွားတယ်ဆိုတာမသိဘဲ၊ သူများပြောတဲ့အတိုင်း လိုက်ပြောနေတာ ဖြစ်တယ်။ ဒီစကားဟာ ပြည်သူတွေကို နှိမ်တဲ့စကားဖြစ်တယ်။ မြို့နေပညာတတ် ရေပေါ်ဆီလူတန်းစား (အီလစ်)တွေက ဆင်စွယ်ရဲတိုက်ကြီးတွေပေါ်ကနေပြီး လမ်းပေါ်ပြည်သူတွေကို ငုံ့ကြည့်ရင်းပြောခဲ့တာ ဖြစ်တယ်။ ဒါကို သူက သံယောင်လိုက်ပြောနေတာ။ တကယ်တော့ လမ်းပေါ်က ပြည်သူတွေဟာ ဒီမိုကရေစီရဲ့အသက်သွေးကြော ဖြစ်တယ်။ ပြည်သူတွေရဲ့ လမ်းပေါ်နိုင်ငံရေးကြောင့် …”

မင်းကိုနိုင်တို့လွတ်လာပြီးနောက်တစ်ရက်မှာ မိတ်ဆွေတစ်ဦးရောက်လာပြီး စကားပြောပါတယ်။ ဒီအချိန်ဟာ မင်းကိုနိုင်တို့ အားလုံးအတွက် တစ်ဘဝစာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု မဖြစ်မနေချရတော့မယ့် အချိန်ဖြစ်တယ်လို့ ယူဆကြောင်း စပြောပါတယ်။

ပြောချင်တာ မရပ်မနားပြော

သူတို့အားလုံးဟာ ကျောင်းသားလူငယ်လေးများအရွယ်ကို ကျော်လွန်ခဲ့ပြီး၊ လူလတ်ပိုင်းအရွယ်တွေ ဖြစ်နေကြပြီ။ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်မယ် မပါဝင်ဘူးဆိုတာကို ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ရတော့မယ်။ မပါတော့ဘဲ အေးအေးပဲနေတော့မယ်ဆိုရင် ပြောစရာမရှိပေမယ့်၊ နိုင်ငံရေးဆက်လုပ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီမှာ ပါဝင်ပူးပေါင်းမလား၊ ဒါမှမဟုတ် ကိုယ်တိုင်ပါတီထောင်မလား စဉ်းစားရတော့မယ်။ ဒီအတိုင်း ၈၈ မျိုးဆက်ဆိုပြီး လုပ်နေလို့မရတော့ဘူး။ အခင်းအကျင်းက ပြောင်းသွားပြီ။ လွှတ်တော် နိုင်ငံရေးခေတ် ဖြစ်နေပြီ။ လမ်းပေါ်နိုင်ငံရေးခေတ် ကုန်သွားပြီ။ ဒါကို နားမလည်ရင် မြောင်းထဲရောက်သွားလိမ့်မယ်။ သူ ပြောချင်တာတွေ အကြာကြီး မရပ်မနားပြောပြီးမှ စကားရပ်သွားတယ်။

Monday, January 23, 2012

ဆရာ အောင်ဝေ သို့မဟုတ် ရဲဘော် ရဲအောင် (ဗတိုးရှိန်) - နိဂုံးပိုင်း

ဦးရင်မောင်က လူတွေကို အရမ်းမယုံဖို့ မှာကြောင်း၊ ကိုယ့်အတွင်းလူ သတိထားရန် သတိပေးလိုက်ကြောင်း ကျွန်တော်က ပြောပြလိုက်သည်။

“သတိတော့ ထားရမှာပေါ့ ကိုယ့်ထိလာရင် ပြန်ချရမှာပဲ။ စိုးရိမ်ပြီး အလုပ်မလုပ်ဘဲ နေလို့မဖြစ်ဘူး” … တဲ့။

တရက် ညနေမှာ ရဲဘော် ရဲအောင်နှင့် ကျွန်တော်တို့ ရွာထဲသွားကြသည်။ လမ်းမှာတွေ့သည့် ရွာသူရွာသားတွေက ရဲဘော် ရဲအောင်ကို ခရီးဦးကြို ခင်ခင်မင်မင် နှုတ်ဆက်ကြတာ တွေ့သည်။ “ဆရာ … လူထုတွေနဲ့ အတော်ရင်းနှီးတာပဲ” လို့ ကျွန်တော်က ပြောတော့ …

“ရင်းနှီးမှ ဖြစ်မှာပေါ့။ အခုလို သွားလာနိုင်တာ ပြည်သူလူထု အကာအကွယ်ကြောင့် ရန်သူသတင်းကြားတာနဲ့ ပြောကြတယ်။ ဒါကြောင့် ခေါင်းဆောင်ကြီးတွေ ပြောကြတာ။ ပြည်သူဟာ သံမဏိတံတိုင်းအစစ် ဆိုတယ် မဟုတ်လား” တဲ့။


သမိုင်း ဂစ်တာ (ကမာပုလဲ)

အစိတ်အပိုင်းပေါင်းများစွာ
ပေးဆပ် ပြတ်တောက်သွားရတဲ့
အနှောင်အဖွဲ့ ကြိုးစကလေးများ ...။

လက်သည်းဆိတ်တော့
လက်ထိပ်ဖျားက နာကျင်မယ်
သွေးစက်ခေါ်ရာ
ကမ္ဘာမကြေ တေးတပုဒ် ...။


အိပ်မက်တွေ တချွင်ချွင် မြည်လွန်းနေတယ် (ငြိမ်းဝေ)

ဒီရက်တွေအတွင်း
ငါ့ အိပ်ခတ်ထဲ
အိပ်မက်တွေ တချွင်ချွင် မြည်လွန်းနေတယ်။

ကုလားထိုင်တစ်လုံး ဘတ် ၅၀
စားပွဲတစ်လုံး ဘတ် တစ်ရာ
ထမင်းပေါင်းအိုးက ဘတ် တစ်ရာ့ငါးဆယ်
အဲသလိုနဲ့
ရွာပြန်စရိတ် ကွက်တိ ဘတ် လေးထောင်
ဒါပေမယ့်
ဒီရက်တွေအတွင်း
ငါ့အိပ်ခတ်ထဲ
အိပ်မက်တွေ တချွင်ချွင် မြည်လွန်းနေတယ်။


မြန်မာ့အပြောင်းအလဲ ဂငယ်ကွေ့ ပြန်သွားနိုင်မယ့် အခြေအနေ ရှိ မရှိ

“လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်အသစ်တွေ အကုန်လုံးကို အကာအကွယ်ပေးထားတဲ့ ဥပဒေဖြစ်နေတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ကို ဆက်လက် တည်တံ့စေမယ့် ဥပဒေဖြစ်နေတယ်။ အဲဒီ ဥပဒေကို နည်းနည်းသွားထိလိုက်တာနဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို သွားထိန်းချုပ်ဖို့ ကြိုးစားလိုက်တာနဲ့ သူတို့က အချိန်မရွေး အကြောင်းပြပြီး နိုင်ငံတော်ရဲ့  အရေးပေါ်အခြေအနေတခုခုကို ဖန်တီးပြီးတော့ တရားဝင်အာဏာ သိမ်းပိုင်ခွင့်ရှိနေတဲ့အတွက်ကြောင့် အဲဒီလို အခြေအနေမျိုးကို ရောက်လာရင်တော့ …”

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ လက်ရှိ မြန်မာပြည်ရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အခြေအနေရှိမရှိဆိုတာနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုမှ သုတေသီ ဦးဌေးအောင် နဲ့ ဦးစံမိုးဝေ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်က ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါသလို။ အမိန့်မနာခံမှု၊ အာဂတိလိုက်စားမှု ပြစ်မှုတွေနဲ့ ရာထူးက ဖယ်ရှားခံရပြီးနောက် နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ဝန်ကြီးချုပ်ဟောင်း၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင် ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း ပါဝင်ပါတယ်။ အခုဆိုရင် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ပတ်သက်တဲ့အကြောင်း သတင်းတွေ၊ ဆောင်းပါးတွေဟာ ပြည်တွင်းပြည်ပ ဂျာနယ်တွေ၊ အွန်လိုင်းမီဒီယာတွေမှာ ဆက်တိုက်ဆိုသလို တွေ့နေရပါတယ်။ အစိုးရက ဦးခင်ညွန့်ကို ပြန်လွှတ်ပေးလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ စိတ်ဝင်စားမှုအရှိန် လျော့သွားအောင် ထိန်းညှိလိုတဲ့သဘောနဲ့ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ခန့်မှန်းတွက်ဆချက်နဲ့ပတ်သက်ပြီး ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုရဲ့  သုတေသန ဌာနမှူးတဦးဖြစ်သလို၊ မြန်မာတပ်မတော်ရေးရာတွေကို စောင့်ကြည့်လေ့လာနေသူ ဦးဌေးအောင် ကို မေးကြည့်ပါတယ်။


Sunday, January 22, 2012

ဆရာတင်မိုး၏ ဗုဒ္ဓွနှင့်တွေ့ဆုံခြင်း ကဗျာများ (ထိန်လင်း)

လူတစ်ယောက်ရဲ့ ရပ်တည်ချက်ကို ဆုံးဖြတ်တဲ့အခါ အချိန်တိုခဏလေး အပေါ်မှာ ကြည့်ရှုပြီး ကောက်ချက်ချလို့မရပါဘူး။ အချိန်ကာလ အပိုင်းအခြား တစုံတရာ ဒါမှမဟုတ် သက်ဆိုင်ရာလူပုဂ္ဂိုလ်ရဲ့ ဘဝတလျှောက်လုံးကို ကြည့်ရှုပြီး ဆုံးဖြတ်ရမှာပါ။ ဆရာတင်မိုးကတော့ သူ့ရဲ့ရပ်တည်ချက်အပေါ်မှာ ကွယ်လွန်သည်အထိ မယိမ်းမယိုင် ရပ်တည်သွားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ရပ်တည်ချက်ကတော့ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ပြည်သူ့ဘက်က ပါဝင်ခြင်းဖြစ်ပါတယ်။

ဆရာတင်မိုးဟာ စကားပြေဆောင်းပါးတွေ အများအပြား ရေးသားခဲ့ပေမယ့် ကဗျာတွေကိုတော့ မနားတမ်း ရေးဖွဲ့ခဲ့သူဖြစ်ပါတယ်။ မကွယ်လွန်ခင် နောက်ဆုံးညအထိ ကဗျာရေးဖွဲ့ခဲ့သူ ဖြစ်တဲ့အတွက် ဆရာ့ကဗျာတွေ ထောင်ချီအောင် ကျန်ရစ်ခဲ့ပါတယ်။ ကဗျာတွေကလည်း အမျိုးအစား စုံလင်လှပါတယ်။ ကလေးကဗျာ၊ အချစ်ကဗျာ၊ ဘဝသရုပ်ဖော်ကဗျာ၊ နိုင်ငံရေးကဗျာ စသဖြင့် အများအပြားရေးခဲ့ပြီး ရောက်တဲ့နေရာတိုင်းမှာ အမှတ်တရ ရေးသားခဲ့တာတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ ဆရာ့လွယ်အိတ်ထဲမှာ သွားလေရာ ဗလာစာအုပ်တစ်အုပ် ဘောလ်ပင်တစ်ချောင်း အမြဲတမ်းပါလေ့ရှိပါတယ်။ ခရီးသွားရင်း ပျောက်သွားတဲ့ လက်ရေးစာမူ ကဗျာစာအုပ်တွေလည်း ရှိတယ်လို့ ပြောပြဖူးပါတယ်။


တင်မိုး အမှတ်တရ (ကမာပုလဲ)

ကိုဘဂျမ်း သေတယ်
(သူ မပျော်တဲ့ အမေရိကားမှာ)
ခေတ်ကိုက မကောင်းတာပါ
အိုကြီးအိုမနဲ့ လူထုဒေါ်အမာက လွမ်းတယ်
သူ့ကို ပို့ချင်၊ မြင်ချင်၊ သဂြုင်္ိဟ်ချင်လို့
သူချစ်တဲ့ဇာတိမြေမှာပဲ သေစေချင်သတဲ့
ဖိုးသံကလည်း သူရှစ်တန်းကျောင်းသားဘဝ
ကိုတင်မိုးနဲ့ ကြုံတွေ့ရပုံကို လွမ်းတယ်။


ဒီမိုကရေစီကို အရိပ်တကြည့်ကြည့် (မောင်ဝံသ)

“ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ အရေးကြီးတဲ့တာဝန်တစ်ခုကတော့ မိမိတို့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ လုပ်ရပ်များကို မျက်ခြည်မပြတ် သတိနဲ့ စောင့်ကြည့်နေဖို့ပဲ ဖြစ်တယ်ဗျ။ အကြောင်းကတော့ အဲသလို မလုပ်ရင် အစိုးရတွေဟာ တဖြည်းဖြည်းချင်း အောက်ခြေလွတ်လာပြီး ရွေးကောက်ခံ အာဏာရှင်စနစ် အဲဒီကမှတစ်ဆင့် ပြောင်ပြောင်တင်းတင်း အာဏာရှင်စနစ်ဆီသို့ လျှောကျသွားနိုင်တာကြောင့်ပဲ ဖြစ်တယ်ဗျ …” 

ဒီမိုကရေစီဆိုတာ အင်္ဂလိပ်ဝေါဟာရတစ်ခုဖြစ်ပေမယ့် အခုအချိန်မှာ ရေဒီယိုတို့၊ ကက်ဆက်တို့၊ မော်တော်ဆိုင်ကယ်တို့၊ မော်တော်ပီကယ်တို့ကို မွေးစား စကားလုံးတစ်လုံးအဖြစ် မြန်မာ့ဝေါဟာရဘဏ်တိုက်ထဲသို့ တရွေ့ရွေ့ သက်ဆင်းရောက်ရှိလာနေပြီ ဖြစ်တယ်ဗျ။ ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ အင်္ဂလိပ်စာ မပြောနဲ့ မြန်မာစာတောင်မတတ်တဲ့ ကျေးလက်ဒေသက တောသူတောင်သားတွေကတောင် ‘အရေးကိစ္စမှန်သမျှမှာ ပြည်သူလူထု အများစုကြီးရဲ့ဆန္ဒက အခရာဖြစ်တဲ့စနစ်’ ဆိုတာကို သိနေကြပါပြီ။

နားရည်ဝနေပါပြီ 

အထူးသဖြင့် မကြာမီလပိုင်းတွေအတွင်း ဒီမိုကရေစီဆိုတဲ့စကားလုံးဟာ ကျွန်တော်တို့နိုင်ငံမှာ ကြားရလွန်း ဖတ်ရလွန်းလို့ လူတိုင်း လူတိုင်း ကိုယ့်အိမ်ထောင်စုဝင်တစ်ယောက်ရဲ့နာမည်ကို သိသလိုမျိုး သိနေကြတဲ့အမည် (household name) တစ်ခုဖြစ်နေပါပြီ။ ရုပ်သံလွှင့်မီဒီယာတွေ၊ ပုံနှိပ်မီဒီယာတွေကတစ်ဆင့် နားလည်တတ်ကျွမ်းသူတွေရဲ့ ဖွင့်ဆိုရှင်းလင်း ပညာပေးမှုတွေကြောင့်လည်း ပြည်သူတွေ၊ အထူးသဖြင့် ဂျာနယ်တွေ အရောက်အပေါက်ရှိတဲ့ မြို့နေပြည်သူတွေဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အတော်ကလေး နားရည်ဝနေကြပြီဖြစ်တယ်လို့ ယူဆနိုင်တယ်ဗျ။

ပြည်သူချစ်တဲ့သူတွေ ပြည်သူနဲ့အတူ အမြဲရှိပါစေ (လူထုစိန်ဝင်း)

“နိုင်ငံရေးပါတီဆိုတာက လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းကျင့်ဝတ်တွေရှိတယ်။ ဒစ်ပလိုမေစီ ကျင့်သုံးရတာတွေ ရှိတယ်။ မှန်တိုင်းပြောမဖြစ်ဘဲ ထိန်းချုပ်ရတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အချိန်မရွေး သူတို့ရှေ့က မားမားမတ်မတ်ရပ်ပြီး ပြောဆိုလုပ်ကိုင်ပေးမယ့် အဖွဲ့အစည်းမျိုး လိုအပ်တယ်။ ဒီမိုကရေစီခေတ်ရောက်ရင် နိုင်ငံသားအားလုံးရဲ့ အရေးကိစ္စအမျိုးမျိုးကို ဆောင်ရွက်ဖို့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေလည်း အများကြီးရှိလာဖို့ လိုအပ်လိမ့်မယ်။ ၈၈ မျိုးဆက်လူငယ်တွေက နဂိုကတည်းက ပြည်သူချစ်တဲ့အဖွဲ့ဖြစ်တော့ ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထု အားကိုးအားထားပြုနိုင်မယ့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း …”

၁၃-၁-၂၀၁၂ နေ့ဟာ အင်မတန် ဝမ်းမြောက်ပျော်ရွှင်စရာကောင်းတဲ့နေ့ ဖြစ်တယ်။ နိုင်ငံတစ်ဝန်းလုံးက ပြည်သူအားလုံးလည်း အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ပျော်ကြတယ်။ ဒီလိုပျော်စရာကောင်းတာမျိုး ကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုးမှ ခံစားဖူးလိမ့်မယ်မဟုတ်ဘူးလို့ တွေးကြည့်မိတယ်။

တစ်နိုင်ငံလုံးပျော်

အင်းစိန်ထောင်ကြီးရှေ့မှာ လူတွေထောင်နဲ့ချီ စုဝေးရောက်ရှိနေပြီး ထောင်ထဲကထွက်လာသူတွေကို လက်ခုပ်သံတွေ ညံနေတဲ့ကြားက ပြေးဖက်သူက ဖက်၊ ပန်းစည်းပေးသူက ပေး၊ ပြုံးမျက်ရည်တွေနဲ့ ငေးသူက ငေးဖြစ်နေကြတဲ့ မြင်ကွင်းမျိုးလည်း ဘယ်နိုင်ငံမှ ကြုံဖူးကြမယ်မထင်ပါဘူး။ မြန်မာလူမျိုးတွေအဖို့တော့ တစ်ကြိမ်တစ်ခါသာ မဟုတ်ဘူး ဒီလိုပျော်စရာနေ့မျိုးတွေ ခဏခဏကို ကြုံတွေ့ခဲ့ကြဖူးတယ်။ ရှည်လျားတဲ့ နှစ်ငါးဆယ်ကာလကို ထည့်မပြောတော့ပါဘူး။ ဒီသုံးနှစ်လောက်အတွင်းမှာကို အကြိမ်တွေ မနည်းလှဘူး။ မှတ်မှတ်ရရဆို ဦးဝင်းတင်လွတ်တုန်းက တစ်ကြိမ် ဒီလိုပျော်ခဲ့ကြရတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်တုန်းကလည်း တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် အပျော်ကြီးပျော်ခဲ့ကြတယ်။

Saturday, January 21, 2012

နိမိတ်ပုံ ... ကိစ္စ (သို့မဟုတ်) ကြယ်စင်တို့၏ ... နေရာ (ကမာပုလဲ)

နိမိတ်ပုံ ဆိုတာ
ကဗျာဆရာ၏
ပုလဲဖြစ်သွားတဲ့ ခံစားမှု မျက်ရည်
မှော်ဝင်နေတဲ့
နှလုံးသား ရုပ်ပုံလွှာဖြစ်တယ် ...။

အနန္ဒသူရိယ အမတ်ရဲ့
သမုဒ္ဒရာပြင်ထက်
တခဏ တက်တဲ့
ရေပွက်ပမာ
ဘဝ နိမိတ်ပုံ ...။

စလေ ဦးပုညက
အစွယ်လိုသူ မိဖုရား
စေခိုင်းသူ မင်းဧကရာဇ်
လေးပစ်သူက ကျနော်ရယ်ပါတဲ့
မိန်းမလှတဦးရဲ့
အမုန်း နိမိတ်ပုံ ...။


၈၈ မျိုးဆက် ကျောင်းသားများ၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သော ကိုမင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကား

“ရှေးဟောင်း မာယာလူမျိုးတွေရဲ့ပြက္ခဒိန်အရ ကမ္ဘာပျက်မယ့်နှစ်မှာ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှ နိုင်ငံသစ်ပြန်တည်ရမယ့်ဘဝဖြစ်နေပါတယ်။ ကျွန်တော်တို့က ဒါပေမယ့် ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ တကယ်တန်းသာ ညီညွတ်မယ်ဆိုရင် ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ်တစ်ခု မကဘူး။ ကမ္ဘာသစ်တစ်ခုပါ တည်လို့ရမယ်လို့ …”

ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်သလို ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအိမ် အပြန်လမ်းမှာ ဒီကနေ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကျော်က ကျွန်တော်တို့ ကြွေးကြော်ခဲ့သမျှ ပဲ့တင်သံတွေ ပြန်ထပ်တဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေ ယိမ်းကတဲ့နေ့ပါ။ လောကဓမ္မတာ မိခင်ဟာ ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ ရလဒ်ကို ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။ 

ဆိုလိုတာကတော့ အခုလို သတင်းမီဒီယာသမားတွေရဲ့ရှေ့မှာ တစ်ဖျတ်ဖျတ် တောက်နေတဲ့ ဓာတ်ပုံမီးတွေရဲ့အောက်မှာ ကျွန်တော်တို့ ရပ်နိုင်တာ၊ စကားပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ ကျန်ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိ၊ သူမသိဘဝနဲ့ အသက်စွန့်ခဲ့ရတဲ့ ကျောင်းသား ပြည်သူတွေ ဘဝရဲ့ အစိတ်အပိုင်းများစွာကို ဖဲ့ကျွေး၊ ချကျွေးခဲ့ရပြီးတော့ လူ့လောကကို နှုတ်ဆက်သွားကြရတဲ့ ကျောင်းသား ပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော်တို့ မတ်တပ်ရပ်နိုင်သေးတဲ့သူတွေ ဒီနေ့ ဒီအချိန် ဒီအခင်းအကျင်းမျိုးမှာ ပြောနိုင်တာပါ။

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

၁။ ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှစတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။

၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အဝဝကို ဆယ်စုနှစ် ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့်အချိန်ဖြစ်သည်ဟု ယုံကြည်သည်။


၈၈ မျိုးဆက်တွေ ပါတီထောင်ဖို့ မဆုံးဖြတ်

 

ပြီးခဲ့တဲ့ ရက်ပိုင်းက အကျဉ်းထောင်တွေကနေ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ရန်ကုန်မြို့ တော်ဝင်စင်တာမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သူတို့ရဲ့ အချက် ၉ ချက်ပါ သဘောထားကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်ချက်တွေကို ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ ပံ့ပိုးကူညီဆောင်ရွက်သွားမယ် လို့ ဖော်ပြထားပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားအင်အားစုအားလုံးနဲ့ လက်တွဲသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

Friday, January 20, 2012

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး (ထိန်လင်း)

အခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ဆိုရင် ကဗျာတွေရေးရင်း တိုင်းပြည်ကို လွမ်းခဲ့တဲ့၊ ကဗျာတွေသီရင်း တိုင်းပြည် လွတ်လပ်ရေး လှုပ်ရှားမှုထဲမှာပါဝင်ခဲ့တဲ့ ဆရာ တင်မိုး ကွယ်လွန်ခဲ့တာ ၅ နှစ် ပြည့်ပါပြီ။ နှစ်ပေါင်း ၅ဝ ကျော် ကဗျာတွေ အပုဒ်ရေ ထောင်ချီအောင် ရေးဖွဲ့ခဲ့တဲ့ ဆရာဟာ တိုင်းပြည်နဲ့ လူမျိုးကို အသက်သေသည်အထိ ချစ်မြတ်နိုးခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုလို တိုင်းပြည်မှာ အမြဲတမ်း ပုဆိုးနဲ့ သွားလာနေထိုင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာတွေ ကောင်းစားတယ်ဆိုတဲ့ သတင်းတွေကြားရရင် မုဒိတာပွား ကြည်နူးတတ်သလို၊ မြန်မာတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်လိုသူလည်း ဖြစ်ပါတယ်။


ဒါပေမယ့် ပြည်သူအပေါ် မတရား ဖိနှိပ်အုပ်ချုပ်သူတွေကိုတော့ ရွံရှာမုန်းတီးသလို၊ အဖိနှိပ်ခံ ပြည်သူဘက်က ရပ်တည်ခဲ့ပါတယ်။ ဆရာ့ရဲ့ ကဗျာဆရာ သက်တမ်းအတွင်း စစ်အာဏာသိမ်းမှု ၂ ကြိမ် ကြုံခဲ့ရပြီး ၂ ကြိမ်စလုံး အာဏာရှင်တွေကို စာပေနဲ့ တော်လှန်ခဲ့ပါတယ်။ အာဏာရှင်ကို ဘယ်လိုဆန့်ကျင်တယ်၊ ပြည်သူဘက်က ဘယ်လိုရပ်တည်တယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေဖို့ ဆရာရေးခဲ့တဲ့ ကဗျာတချို့အကြောင်း ပြောပြလိုပါတယ်။


မြန်မာ့အရေး နဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး

တိုင်းရင်းသားများ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အစဉ်တစိုက် တင်ပြတောင်းဆိုနေခဲ့တဲ့ SNLD ရဲ့  ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဟာ နှစ်ရှည်ထောင်ဒဏ်ခံထားရမှ မကြာခင်က လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းပြောင်းလဲလာမှုအပေါ် သူ့အမြင် နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်၊ ရှေ့ခရီးတွေအကြောင်းကို ဦးကျော်ဇံသာ နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။
 
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ ဦးခွန်ထွန်းဦး အခုလို ကျန်းကျန်းမာမာနဲ့ ပြန်လည်လွတ်မြောက်လာလို့ အထူးဝမ်းမြောက်ပါတယ်။ အစတုန်းကတော့ ကျန်းမာရေးသတင်းတွေ တော်တော်လေးကြားသိခဲ့ရလို့။ အခုကတော့ ကျန်းကျန်းမာမာ ရှိတယ်ဆိုလို့ အထူးဝမ်းသာပါတယ် ခင်ဗျား။ အခု မေးချင်တာကတော့ အခုလွတ်မြောက်လာပြီးနောက် ဦးခွန်ထွန်းဦးအတွက် နဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနာဂတ်ကို မေးချင်ပါတယ်။ SNLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပြီးရင် ဒုတိယမဲအများဆုံးရရှိ အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အခုရလဒ်ကို ပစ်ပယ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လက်ခံပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုပြီး လုပ်နေပါတယ်။ SNLD ရဲ့  အနာဂတ်ကိုလည်း သိပါရစေ။