Tuesday, September 25, 2012

ချင်းမိုင် (မောင်လွမ်းဏီ)

ထနောင်းပင် ညီနောင် မြင်မတွေ့ပေမဲ့
ချိုးကူသံ လွမ်းအောင်ချွဲလေတဲ့ မြို့ကိုး။

ကျုံး မြို့ရိုး မုခ်ဦး
အုတ်ကျိုး နီညို နဲ့ နန်းတော်ရာဟောင်းဆိုပေမဲ့
ပဒေသရာဇ်စနစ်ကို ခေတ်မီအောင် မွန်းမံထားပုံ။

ဘန်ကောက်ပုဆိုး
ပိုးသားလုံချည်၊ ဂျင်းဘောင်းဘီ၊ တီရှပ်
ရှပ်နီ ရှပ်ဝါ၊ ပြည်ထဲရေးအခင်းအကျင်း
ဇင်းမယ်လည်း ရာဇဝင်နဲ့မို့၊ ကာချင်း ဖြိုင်ဖြိုင်။

ရိုးရာဓလေ့ အရေပြားပါးလွှာ
ခေတ်မှီပုံရိပ် ဆေးသားထူလပစ်
ဂျစ်ပစီဖိနပ်သဲကြိုးများ၊ နားနေပျော်မွေ့ 
တံခါးစေ့ရုံ စေ့ထားရတဲ့ ည။


အညာမြို့ဟောင်းဆိုတော့လည်း
တရံ တထောက် ရောက်တဲ့အခါ
ပုဂံမြို့အကြောင်းကိုလည်း တွေးဆမိ
နှစ်ပရိစေဒကိုလည်း လက်ချိုးမိ
ကတိတလုံးအရ ပြည်ဖုံးကား မချနိုင်ခင်။

ဟာ
မြို့ကို ချဉ်းကပ်၊ ယပ်ခပ်နေသူ
ရွာကလူတွေနဲ့ အတူသား။ ။

မောင်လွမ်းဏီ 
၂၄ - ၈ - ၂၀၁၂

ခေတ်မောင်း အတွဲ - ၁၊ အမှတ် - ၄။ 


 

No comments: