Tuesday, September 11, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၁

“လူတွေကို ဘာကြောင့်လုပ်ရမယ်ဆိုပြီး စည်းရုံးဖို့မလိုလှဘူးကွ၊ ဘယ်လိုလုပ်ကြမလဲဆိုတာပဲ ငါတို့ကို မေးနေကြတယ်”

ထွန်းသက် စကားကို သူရ ခေါင်းညိမ့်ထောက်ခံရင်း ...

“အေး ငါတို့ဘက်က နောက်တပွဲ ဒီထက်ပိုပြီး ကျယ်ပြန့်အောင် ဆင်နွဲနိုင်ဖို့ပဲ” ဟု သုံးသပ်၏။ သူတို့ သုံးယောက် လေးခွ ကိုယ်စီဖြင့် ငှက်ပစ်ယောင်ဆောင်ရင်း သစ်ပင်အုပ်အုပ်ရှိရာ တဖြည်းဖြည်းရွှေ့လျှက် ပြောလာကြခြင်း ဖြစ်သည်။ သရက်ပင်ပေါ်မှ ဇရက်ကို သူရ ခွနှင့်လှမ်းပစ်ပြီး …

“ဟေ့ကောင် မင်းနာမည် ‘ဖေသောင်း’ လို့ ပြောင်းထားတာ ကောင်းတယ်၊ ငါတို့လည်း ဒီလို နာမည်ဝှက်တွေ ထားရမယ် ဟု ပြော၏။

“ငါလည်း ပါးစပ်ထဲတွေ့ရာ ထားလိုက်တာကွ၊ ရုံပိုင်ကြီး မိသားစုကလည်း ဒီနာမည်ခေါ်တော့တယ်။ ဒါမှ ငါ့နောက်ကြောင်းကို တခြားသူတွေ မျက်ချေပြတ်မှာ”

သရက်ပင်ခြေရင်း သုံးယောက်ဝိုင်းထိုင်ရင်း ထွန်းသက် မှ ...


“မိုးဦးကျရင်တော့ ကျောင်းပြန်ဖွင့်မှာပဲ ငါတို့ ဒီအတောအတွင်း ရသလောက် လိုက်ချိတ်ထားရမယ်၊ ဟေ့ကောင် … ဖေသောင်း မင်းတော့ ပြန်လို့မဖြစ်သေးဘူးကွ မင်းတို့အရပ်လူကြီးက သိပ်မဟန်ဘူး”

“ဒါဆိုလည်း ငါ ဒီကပဲ စည်းရုံးလှုံ့ဆော်စာတွေ ရေးနေမယ်ကွာ၊ ဒီမှာ အကြမ်းရေးထားတာ ဖတ်ကြည့်ကြဦး”

သူရနှင့် ထွန်းသက်တို့ဖတ်ကြည့်ပြီး ...

“အေး ဒါကို ပြင်စရာရှိရင် ပြင်မယ် ပြီးရင် ဖယောင်းလှည့်ပြီး ဖြန့်မယ်” ဟု တက်ကြွနေကြသည်။

စာရွက်ကို သေချာခေါက်သိမ်းရင်း သူရက ...

“ကဗျာလည်း ရေးလေကွာ၊ ဗျောင်ကျကျရေးကွာ ရွှေကျောင်းက ဖေသောင်း ဆိုပြီး ကလောင်နာမည်တပ်” ဟု အကြံပေး၏။

သူ ရယ်ကာ “အေးပါ ကဲ မင်းတို့ ပြန်ဖို့လုပ်တော့ ရထားလာကာနီးပြီ၊ မင်းတို့ဖာသာ လက်မှတ်ဝယ်ပြီးပြန်၊ ငါနဲ့တွဲတာ လူတွေ မတွေ့တာ အကောင်းဆုံးပဲ။ သင်္ကြန်ရက်ကျော်ရင် နောက်တခေါက်ဆုံကြမယ်” ဟု နှိုးဆော်သည်။

ပြိုင်တူထရပ်ကြရင်း ပုဆိုးမှဖုံများခါလျက် ထွန်းသက်က ဟေ့ကောင်ဖေသောင်း ရုံပိုင်ကြီးသမီးလေးက အတော် ပြေပြစ်ပါလား ဟု စကားစသည်။ ကလေးသာသာရှိပါသေးတယ်ကွာ ချမ်းသာပေးပါဟု တောင်းပန်နေသည့်ကြားက ချမ်းသာပဲပေးမှာပါကွာ ဆင်းရဲမပေးပါဘူးဟု ထွန်းသက် ကြေညာသွားသေး၏။

xxxxx xxxxx xxxxx 

အုန်းသိန်းရင်ထဲ နှလုံးသားသည် ခေါင်းနှင့်ဆောင့်မိသော ဗူးသီးနှယ် လှုပ်ယမ်းသွား၏ သူ ဗူးစင်အောက်မှ ဗြုန်းခနဲ ထရပ်လိုက်ရာ အမှတ်မထင် ဆောင့်မိသည်။ ဗူးသီးအား လက်ဖြင့်ပြန်ထိမ်းရင်း ညို တယောက် ထူးခြားနေသည်ကို မကျေမချမ်းတွေးမိ၏။

ကြည့်လေ။ စတုဒီသာမဏ္ဍပ်မှာ မုန့်လုံးရေပေါ်လုံးပြီးသည်နှင့် ညိုပြန်မယ်ဆိုကာ မခင်အေးကိုနှုတ်ဆက်ပြီး ထွက်ခွာသွားသည်မှာ ဘယ်သူ့ကိုမှပင် နှုတ်မဆက်။ သူမ မျက်နှာလေးကြည့်ရင်း အကြံအစည်ပေါင်းစုံကို အစီအစဉ်ချထားသည့် အုန်းသိန်းအတွက် မျှော်လင့်ချက်မဲ့ရတော့မှာလား ... ညိုနဲ့အတူ ရေပက်မယ်၊ ညို ပက်သမျှ ကုန်တဲ့ရေကို သူ့အိမ်ကမီးစက်နဲ့မောင်းပြီး ပိုက်နဲ့တင်ပေးမယ်၊ ပြီးတော့ ခါတိုင်းနှစ်တွေလို နေ့လည်ပိုင်းမှာ ကက်ဆက်ဖွင့်ပြီး ကကြမယ်။ မြို့ကအဖေ ဝယ်လာတဲ့ ကင်မရာနဲ့ ညို့ကို ဓာတ်ပုံခိုးရိုက်မယ်။

ဒါတွေကြံထားတာ သွားပြီပေါ့ ... ဟုတ်လား။

မခင်အေးက ငါလိုက်ပို့မယ် ဟုဆိုကာ ရေပေါ်ကာစ မုန့်လုံးဗန်းထဲက တဆုပ်ထည့်ယူပြီး ဖက်နဲ့ထုပ်ကာ ညိုနှင့်အတူ ထွက်သွားသည်။ အုန်းသိန်း အသည်းနှလုံးကို နှိုက်ပြီးယူသွားသလို အုန်းသိန်း ထင်မှတ်လိုက်၏။

ဒီလောက် ပျော်စရာကောင်းတဲ့အချိန်မှာ ပျော်ရမယ့်နေရာမှာမနေဘဲ ဘာလို့အိမ်ပြန်ရမှာလဲ၊ တောဘူတာနံဘေးမှာ အိမ်နီးချင်းတောင်မရှိ၊ ငုတ်တုတ်ကြီး ပျင်းစရာကောင်းတဲ့နေရာ ဘယ်လို သင်္ကြန်ကျမှာလဲ။ ဘူတာရှေ့မှာ အိပ်နေတဲ့ ခွေးဝဲစားတွေကို ရေပက်လို့ ပျော်ရမှာလား ... အုန်းသိန်း ဘယ်လိုမှ တွေးမရ။

ညိုကတော့ မခင်အေးလိုက်ပို့ရာ ရယ်ကာမောကာ ထွက်သွားချေပြီ။

‘သူများပျော်လို့မပျော်နိုင်’ ဆိုသော သံချပ်ထိုးသံမှာ အုန်းသိန်းအတွက် ဖြစ်သွား၏။

xxxxx xxxxx xxxxx 

 ‘ဒါန်ပေါက်စားသံ ... ပလွပ်ပလွပ်’

‘ကြက်ပေါင်ကိုက်သံ ... ဂျွတ်ဂျွတ်’

‘ယမကာပုလင်းတွေ ... ပြွတ်ပြွတ်’

‘အစည်းအဝေးပွဲကြီး ... ဂွဒ်ဂွဒ်’

‘တို့ပြည်သူတွေ ... ဖွတ် တဖွတ်’

ပလပ်စတစ်ပုံးကို သူ့ဖာသာ ဗုံလိုခေါက်၍ သံချပ်ထိုးပြနေသော ဖေသောင်းအား ကြည့်ရယ်ရင်း ညိုက စလောင်းဖုံးကို တချွမ်းချွမ်းမြည် လိုက်တီးပေးနေသည်။ ဦးခင်ရွှေသည် မီးဖိုခန်းတွင် နှစ်ယောက်ထဲ သံချပ်ရေသဘင် နွဲနေသည့် သူတို့နှစ်ဦးအားရပ်ကြည့်ရင်း “အဲဒါ ဘယ်က သံချပ်လဲ” ဟုမေး၏။ ညိုက “တောသားကြီး သံချပ်အဖွဲ့ပေါ့” ဟု ရယ်မောမပျက် ဖြေသည်။

ဖေသောင်းမှာ နဖူးတွင်စည်းထားသော ပိတ်စနီနှင့် နောက်ကျောတွင် ပုဆိုးဟောင်းတထည် ဝတ်ရုံလိုခြုံထားသည်တို့ တလှုပ်လှုပ်ရမ်းအောင် ကရင်း အဖြေကို သံချပ်လို ထိုး၍ပေးသည်။

“ဟိုးခေတ်ဟောင်းက သံချပ်ပါ ခုခေတ် ဒါတွေ ထိုးလို့မရဘူး”

ဦးရွှေခင် အိပ်ကပ်ထဲ စမ်းကြည့်ပြီး ငွေစက္ကူအချို့ထွက်လာ၍ ...

“ရော့ ဆုချတယ်”

ညိုက ဆတ်ခနဲ ဖြတ်ယူကာ ထပြေးသည်။

ဒေါ်တင်တင်မှာ အာလူးများကို လှီးချွတ်နေရာမှ ... “မျောက်တွေကို ငှက်ပျောသီးပေးပြန်ပြီ၊ ပိုအားရှိပြီး တနေ့လုံး အိပ်မရအောင် ကျွမ်းထိုးပြနေတော့မယ်” ဟု ဝင်ပြော၏။

“အရက်ရေထိုးပက်ချင်သူဆို … သင်္ဘောနစ်ပါစေ”

“ဟဲ့ နမိတ်မရှိ၊ နမာမရှိ”

ဖေသောင်း၏သံချပ်ကို ဒေါ်တင်တင် အထိတ်တလန့် ဝင်တား၏။

“ပထမဆုပေး တို့ဦးလေး သိန်းဆုပေါက်ပါစေ” ဟု ဖေသောင်းက ဆုတောင်း၏။

“ဆုမချသူ ဒေါ်ဆူပူ ဝဲထူပျောက်ပါစေ” ဟု ညိုက ဝင်အော်၏။

“မိုးကြိုးပစ်ခံချင်လို့ ငါ့ကို” ... ဟု ဒေါ်တင်တင် မကျေမချမ်း ဆူသည်။

ညိုက “အမေ့မှာ ဝဲရှိရင်တောင် ပျောက်ပါစေလို့ ဆုတောင်းတာပဲ” ဟု ဆင်ခြေပေးပြီး ဖေသောင်းရင်ဘတ်သို့ ငွေစက္ကူများ ချိတ်နှင့်တွယ်ပေး၏။ ဖေသောင်းက ဇာတ်မင်းသားဟန်ဖြင့် “မြို့မေတ္တာခံယူမယ့် တောသားကြီးပေမို့ ... အာခေါင်နှစ်ခြမ်း ဗြန်းဗြန်းကွဲအောင် အော်ရပါဦးမယ်” ဟု ဆိုနေသည်။

သြော် ... မီးတွင်းမှာတင် အဖတ်မတင်ခဲ့တဲ့ ငါ့သားကြီးသာရှိရင် မောင်ဖေသောင်း အရွယ်လောက်ရောက်နေမှာပဲ။ ကျွဲမညိုနဲ့ပေါင်းပြီး ခုလို ပျော်စရာတွေလုပ်နေမှာပဲ ဟုတွေးရင်း ဒေါ်တင်တင် ငေးငိုင်ကြည့်နေမိသည်။

ဦးရွှေခင်က ရွှေဘုံနိဒါန်းအဖွဲ့က သံချပ်တွေ မရဘူးလား ဟု မုတ်ဆိတ်မွှေးညှပ်ရင်း မေး၏။ ညိုက ကြားဖြတ်၍ နေ့လည်က သံချပ်ဟာသ အဖေ့ကိုလုပ်ပြလိုက်လေ၊ အဖေ မကြည့်ရသေးဘူး ... ကိုဖေသောင်း က ရှင်ဘုရင်လုပ် ညိုက ထီးတော်မိုး လုပ်မယ် … ဟိုဟာလေး ကပြလိုက်ပါလား ... ဒီဟာလေးဆိုပြလိုက်ပါလား စသဖြင့် လူတတ်ဝင်လုပ်နေ၏။

သင်္ကြန်ရေမစို သင်္ကြန်မိုးမရွာဘဲ ဤဂေဟာလေး စိုပြေနေသည်ကို အားလုံးကြည်နူးစွာ နှစ်သစ်ကြိုခံစားနေကြ၏။

xxxxx xxxxx xxxxx 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: