တိုက်ပွဲဝင်ရက်တွေထဲက ဝေဒနာ
ပထမပတ် …
အစာအိမ်ရဲ့ တောင်းဆိုမှု၊ ဆန္ဒမှလာတဲ့အသိအရ မျက်စိထဲမှာ ထမင်းနဲ့ အသားဟင်း ဆီပျံချက် အတုံးကြီးတွေချည်း မြင်ယောင်နေမိတယ်။ အလှူအိမ်မှာ ချက်ထားတဲ့ ဝက်သား တဒယ်အိုးချက်လောက်ကို တယောက်တည်း ကုန်အောင် စားပစ်ချင်နေတယ်။ ဥပုသ်စောင့်စဉ်ကခံစားရတဲ့ ဆာလောင်မွတ်သိပ်မှု ဝေဒနာဟာ တရက်ထက်တရက် ပြင်းထန်သည်ထက် ပြင်းထန်လာပါတယ်။
အရှိန်တညီးညီး တောင်လောင်လာရာမှ ၇ ရက်လောက်အရှိမှာ အထွဋ်အထိပ် ရောက်ပါတယ်။ မခံမရပ်နိုင်အောင် ဆာတာပါ။ အိပ်မက်ထဲအထိ အစားအသောက်တွေ တတန်းလန်းလန်း လိုက်ပါလာလေ့ရှိတယ်။ ပထမပတ် ဝေဒနာကို စားချင်သောက်ချင်တဲ့ အာသာဆန္ဒတို့ရဲ့ တောင့်တမှု သီတင်းပတ်လို့ နာမည်ပေးချင်ပါတယ်။ ဒီတောင့်တမှုဟာ ဒုတိယပတ် အစပိုင်းရက်တွေအထိ (စုစုပေါင်း ၁ဝ ရက်ခန့်) ပေါ်နေတာပါ။
ဆာတာတော့ အမှန်ပဲပေါ့။ ဒါပေမယ့် ဒီကြားထဲက ကျနော်တို့တတွေဟာ တော်လှန်တဲ့ သူရဲကောင်း အာဇာနည်တွေရဲ့အကြောင်း ပြုစုချက်တွေကို လေ့လာနေနိုင်ခဲ့ကြတယ်။ စာသမား၊ ပေသမားဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ အေးဆေးငြိမ်သက်စွာနေရင်း စာတွေဖတ်နေကြတာလည်း မြင်နေရတယ်။
ဆရာ ရာဂျန်ရဲ့ အတွေ့အကြုံကြောင့် ကျနော်တို့က လူကြီးတွေဖြစ်တဲ့ အဆီအသား မရှိတဲ့ စာသမားပေသမား သူတို့နှစ်ယောက်အတွက် ပိုစိုးရိမ်မိကြတယ်။ ပို အလေးထားကြတယ်။ ဒါကို သူတို့က သိပ်ဂရုထားပုံ မရ၊ တိုက်ပွဲ မှာ နှလုံးမတုန် ရင်မခုန်ဘဲ စနစ်တကျ ပါဝင် ဆင်နွှဲနေကြတာကိုသာ တွေ့ရတယ်။
သူတို့ဟာ ဆီးသွားခန်းလုပ်ထားတဲ့ စတိုခန်းဘက်ကို ဖြည်းဖြည်းချင်း ထ လျှောက်လာတတ်ကြတယ်။ စတိုခန်းက ကျနော့်ခြေရင်းဘက်မှာရှိတာမို့ သူတို့အပါအဝင် အစာငတ်ခံသူအားလုံးရဲ့ အခြေအနေ ခွန်အားဗလ ကျန် မကျန်ကို ကျနော်က မြင်နေရတယ်။ သူတို့ကို စတိုခန်းနဲ့ နီးတဲ့နေရာမှာ မထားကြတာ မှားသလားပဲလို့ တွေးမိတာလည်း ရှိတယ်။ ဒါပေမယ့် အနံ့ကတော့ သက်သာနိုင်ပါတယ်။ ဒါတောင် လူနည်းတဲ့အခန်းမို့။
စတိုခန်းအထွက်မှာတော့ ပထမဆုံးတွေ့ရတဲ့ ကျနော့်ကိုရော ကျန် Striker များကိုပါ ပြုံးပြ နှုတ်ဆက်တတ်ကြတယ်။ များသောအားဖြင့်ကတော့ ပြုစုသူ ရဲဘော်တွေနဲ့ တခါတရံ အပျင်းပြေအောင် လာရောက်စကားစမြည် ပြောကြတဲ့ ရဲဘော်တွေနဲ့ အချိန်ကုန်ကြတာပါ။
ဒါပေမယ့် ပြုစုသူ ရဲဘော်တွေရော အပြင်ရဲဘော်တွေရော Striker အချင်းချင်းပါ ခံစားနေကြရတဲ့ ဝေဒနာအကြောင်း ‘ယောင်’လို့မှ စကားမစပ်မိကြ။ ဒါကို ပြန်စဉ်းစားကြည့်တော့ ပြောစရာမလိုတဲ့ကိစ္စ။ Striker ရဲ့ မာနကိုထိခိုက်စေမယ့် ကိစ္စလို့ အလိုလိုခံယူထားကြသလားမသိပါ။
ဒီအထဲက ကျနော်က တဦးချင်းအနေနဲ့ ထုတ်မပြောသော်လည်း စိုးရိမ်နေတဲ့ ကိစ္စတခုတော့ ရှိပါတယ်။ အထူးသဖြင့် ဦးတင်အောင်မှာ အစားအိမ်ရောဂါ ရှိတယ်လို့ ကြားဖူးထားလေတော့ ဒီဒဏ်ကြောင့် ပိုခံရခက်မလားဆိုတဲ့ စိုးရိမ်စိတ်ပါ။
ရှည်လျားလှတဲ့ နေ့တာတွေကို တနေ့ပြီးတနေ့ ဖြတ်သန်းနေကြရပါတယ်။ ဘယ်သူတွေ အိပ်ယာပေါ်လှဲနေနေ၊ ထူးထူးခြားခြား ရဲဘော် အောင်ထီ တယောက်ကတော့ အလယ်အူကြော တမံတလင်းလမ်းအတိုင်း တဖျပ်ဖျပ်နဲ့ လမ်းလျှောက်နေလေ့ရှိပါတယ်။ အိပ်ယာပေါ် လှဲနေချိန် အနည်းဆုံးလူပါ။ ဒီကြားထဲ ရေဒီယိုသတင်းတွေ ကူဖမ်းပေးနေတတ်ပါသေးတယ်။
ထမင်းအသက် ၇ ရက်ဆိုတဲ့ ပထမပတ်ပြီးဆုံးချိန်မှာ တိုက်ပွဲကော်မတီက တိုက်ပွဲအရှိန်ရရေး အားသစ်လောင်းရေးအတွက် ပြင်ဆင်ကြပါတယ်။ အလားတူ အုပ်စိုးသူများဘက်ကလည်း ခြေလှမ်းသစ်များ စတင်လှမ်းလာပါတယ်။ ထောင်မင်းကြီး ဦးငြိမ်းလှိုင် ရန်ကုန်က ဆင်းချလာပါတယ်။ ဖိနှိပ်ရေးကိစ္စမှာ ထုံးစံအတိုင်း သူတို့က ရိုက်ရတဲ့ တုတ်အဆင့်သာပါ။ ရန်ကုန် ထောက်လှမ်းရေး ရယ်၊ ကျွန်းပေါ်ရှိ ရေတပ်က တာဝန်ရှိသူတွေရယ် ညှိနှိုင်းပြီးပေးတဲ့ အမိန့်ကို သူတို့က အကောင်အထည်ဖော်ဆောင်ရခြင်းသာ ဖြစ်ပါတယ်။
ဒုတိယပတ် ၈ ရက်မြောက်နေ့
အလောင်းလုပွဲ …
ဒုတိယအသုတ် တိုက်ပွဲဝင်မယ့်သူ ၃ဝ ဟာ ဆားခါးတွေသောက်ပြီး အဆောင် နံပါတ် ၁ဝ (တိုက် ပွဲဆောင်-၂)မှာ နေရာယူလိုက်ကြပါပြီ။ ကျနော်တို့ ရဲဘော်တွေ ထဲက လူကြီးပိုင်းအနေနဲ့ ဦးခင်မောင်မြင့်၊ ဦးတင်ရီတို့ ပါဝင် လာပါတယ်။
တခြားထင်ရှားသူ ကျောင်းသားများထဲမှာ ကိုဉာဏ်ဝင်း၊ ကိုလှကြည်၊ ဖိုးသံချောင်း၊ ကိုအောင်ဘော်၊ ကိုသက်ဝင်း၊ ကိုညွန့်ခေါင် စသူတို့ကို မှတ်မိနေပါတယ်။ စစ်တပ်မှ ကိုအုန်းမော်၊ တပ်ကြပ်ကြီး မြတ်ဆွေ၊ တပ်ကြပ်ကြီး တင်ဝင်း တို့ပါ ပါတယ်။
လုပ်ရိုးလုပ်စဉ် ကြွေးကြော်သံများတိုင်ပြီးတဲ့နောက် မကြာလိုက်ပါ။ ထောင်မင်းကြီး ဦးငြိမ်းလှိုင် ခေါင်းဆောင်တဲ့ ထောင်အမှုထမ်းတွေ ဟာ အလောင်းနဲ့အနီးဆုံး တံခါးပေါက်ဖြစ်တဲ့ စခန်းအရှေ့ တောင်ဘက်ထောင့် နောက်ဘေး တံခါးပေါက်မှာ ဖြန့်ပြီးနေရာယူပါတယ်။
ပထမဆုံး အလောင်းကို တောင်းပါတယ်။ ကျနော်တို့က မပေးပါ။ ဒီတော့ တံခါးကိုဖွင့်ပြီး အတင်း ဝင်လုပါတော့တယ်။ သူတို့မှာ အင်အား တရာခန့် ရှိလေတော့ အဆိုင်းနဲ့ အလှည့်ကျဝင်လုတာကို ကြံ့ကြံ့ခံ တောင့်ထားရပါတယ်။
သူတို့က အားကုန်သုံးတဲ့အခါ ကျနော်တို့ဘက်က မနိုင်မနင်းဖြစ်ပြီး ဒုတိယအသုတ် တိုက်ပွဲဝင်သူတွေပါ ဝင်တားရပါတယ်။ အပြန်အလှန် တွန်းကြ၊ ကိုယ်လုံးချင်း တိုက်ကြ၊ နင်းကြပါပဲ။ ဒုတိယအသုတ် Striker တွေမှာ ဆားခါးဒဏ်ကြောင့် အိမ်သာ ပြေးရ၊ ဝင်ကူရနဲ့ ဖတ်ဖတ်မောနေပါတယ်။ ပထမ အသုတ် Striker တွေကတော့ ဘာမှမတတ်နိုင်ပါ။ ပွဲကြည့်ပရိသတ်အဖြစ် ထင်မြင်ချက်ပေးရုံ အားပေးရုံသာ တတ်နိုင်ပါတယ်။
ဝါဒါတွေ လက်ပန်းကျသွားတဲ့အခါ တပ်ခေါက်ပြီး သစ်ပင်တွေအောက် ထိုင်သူထိုင်၊ လှဲသူ လှဲပြီး အနားယူပါတယ်။ အာဏာပိုင်တွေက အရက်ကိုးမောင်းတိုက်ပြီး မောင်းတင်လိုက်၊ ထွက်လုလိုက်၊ ပမ်းတဲ့အခါ ပြန်နားလိုက် လုပ်နေပါတယ်။
ပြောဖို့ရာတခုကျန်သွားတာက အလောင်း စမလုခင် သူ့တပ် ကိုယ့်တပ် ပြင်နေစဉ် ဦးငြိမ်းလှိုင်က ဒီဘက်မှာ လိုက်လံဦးစီးကြီး ကြပ်နေသူ ဆရာ ရာဂျန်ကို “ဆရာ ဆရာ့အတွက် ဆရာကတော်ပေးလိုက်တဲ့ စာနဲ့ အစားအသောက်လေးတွေ ကျနော်နဲ့ပါလာတယ်။ အပို့လွှတ်လိုက်ရမလား”လို့ သံဆူးကြိုးအပြင်ဘက်က အော်ပြောပါတယ်။
ဆရာ ရာဂျန် စိတ်တိုစိတ်ရှုပ်သွားပုံရပြီး “ထားလိုက်စမ်းပါဗျာ။ အရေးထဲမှာ တိုက်ပွဲပြီးမှ စကားပြောမယ်လို့” တုံ့ပြန်လိုက်တာကို ဦးတင်အောင် အကြီးအကျယ် သဘောကျသွားပြီး အသံထွက်အောင် ရယ်ပါတယ်။ အားလုံးကလည်း ဒီအကွက် ကို သဘောကျပြီး ရယ်သူရယ်၊ ပြုံးသူပြုံး ဖြစ်ကုန်ကြပါတယ်။
မွန်းတည့်သွားပါပြီ။ ထောင်ဝါဒါတွေ ဝင်ဝင်လုတဲ့ တံခါးပေါက်လည်း ပြန်ပိတ် သွားပါပြီ။ သူတို့လည်း ထမင်းစားကြ၊ သစ်ပင်အောက် အိပ်ပြီး နားသူနားကြ၊ ကျနော်တို့ကလည်း အဆောင်ထဲ ပြန်ဝင်သူ ဝင်၊ လုပ်စရာရှိတာလုပ်သူ လုပ်၊ ကင်းစောင့်သူက စောင့်နဲ့ အချီကြီး နားလိုက်ကြပါတယ်။
ဒါပေမယ့် အကောက်ဉာဏ်များလှတဲ့ ထောင်အမှုထမ်းတွေက အလစ်မှာ အကွယ်တခုမှ သံဆူးကြိုးတွေကိုဖြတ်ကာ တဟုန်ထိုး ပြေးဝင်လာကြတယ်။ နောက်တော့ အလွယ်တကူ ခေါင်းကို သယ်မသွားနိုင်ခဲ့တယ်။
ပိုပြီး ယုတ်မာပက်စက်တာကတော့ အလောင်းကို လေတင်ကနေ မီးတင်ရှို့လိုက် ခြင်းပါ။ အနံ့ဆိုးကြီးကြောင့် တစခန်းလုံး အော်ဂလီ ဆန်သွားပါတော့တယ်။ ပြေးရှောင်စရာလည်း မြေကမရှိ။ တိုက်ပွဲကတော့ အရှိန်မပျက်ဆက်လက်ချီတက် ဆဲပါ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment