Saturday, September 22, 2012

ဖြစ်နေကြပုံက … (ထွန်းဝင်းငြိမ်း)

“ဟေ့ … ဟေ့
ဘာတွေလုပ်နေကြပြန်ပြီလဲ
ဘီးတွေ နောက်ပြန်လည်ကုန်မှဖြင့် …”
ဒီလို စကားသံတွေ လျှံနေတော့။

ဗားဒေါ့ဘရက်က
ညည်းရှာသတဲ့။

“အမှောင်ခေတ်ကြီးထဲမှာ
မျက်မှောင်မကြုတ်တဲ့သူဟာ
ခေတ်ရဲ့ဒုက္ခတွေကို
မခံစားတတ်လို့” တဲ့။

… … … … … … … …

 “ချစ်သူနဲ့ ချစ်တဲ့အခါတောင်မှ
ဥပက္ခာစိတ်နဲ့
တဝက်ပဲ ချစ်နိုင်ခဲ့သတဲ့”

… … … … … … … …


ပညာခေတ်က ညီလေးရေ
အနောက်လေနဲ့လွင့်လာတဲ့
အပေါစားကျမ်းဂန်တွေက
တမနက်ခံ ဂါထာတွေနဲ့
ငါတို့ခေတ်ကို
မန်းကြမှုတ်ကြပေါ့။

ရှောင်နေ
အေးအေးဆေးဆေးနေ
အကြမ်းမဖက်နဲ့
သူက ဆိုပေမယ့်
ကိုယ်က မတိုးနဲ့။

စိတ်အလိုဆန္ဒကို
ချုပ်တည်းပါ၊
တံခါးတွေကို
စကားတွေနဲ့ဖွင့်ကြ
ဘုရားတွေပါ ပွင့်လာတော့မယ့်ပုံ။

စိတ်တွေကို
ရေလောင်းပေါင်းသင်ပါ။

အတိတ်တွေကို
စိတ်အလိုအရ ဖြီးလိမ်းကြပါ။

မခံချင်စိတ်တွေနဲ့
အပေါင်းအသင်းမလုပ်နဲ့။

ကြေကွဲစရာခံစားမှုတွေနဲ့
မိတ်မဖွဲ့နဲ့။

မရှိမဖြစ် လိုအပ်ချက်တွေကို
မနက်ဖြန် သဘက်ခါ ချိန်းဆိုထားပြီး
မုန်တိုင်းကို သင်းသတ်ခဲ့တာ
ကောင်းကင်က ကြယ်တွေတောင်
ပျော့ဖတ်နေလေရဲ့။ ။

(မဟေသီ မဂ္ဂဇင်း ၂၈ နှစ်ပြည့် အမှတ်တရစာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်) 


 

No comments: