Friday, November 6, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁)



ငါ့သွေး တစက်
ငါ့အသက် တချောင်း
ငါ့အလောင်းမှ
ထောင်သောင်းမြောက်များ
သွေးသစ်ပွားအံ့
ငါကားဘယ်မှာ သေမည်နည်း။ ။

ကိုလေးမောင်
(ကိုကိုးကျွန်း အာဇာနည်သူရဲကောင်းတဦး)


မိုးသောက်သောအခါ

မိုးသောက်သစ်တိုင်း
ခွန်အားတွေဟာ ပြည့်လာမြဲပါပဲ။

ပြည့်တဲ့ခွန်အား ပြည်သူများအတွက်
လုပ်ကြွေးဆပ်ရန် သံဓိဋ္ဌာန်ကို
ခိုင်ခိုင်မာမာ ချခဲ့တယ်။

ကြိုးတိုက်ထဲမှာတုန်းက ကျနော့်ရင်မှာ ရေးထားခဲ့တဲ့ ကဗျာများမှ-
(၁၉၇၁ ခုနှစ် အင်းစိန်ထောင်)

ကျနော့်ခေါင်းထဲတွင် မူးဝေနောက်ကျိနေပါသည်။ ကျနော် လဲလျောင်းနေသော ၁၀ ပေပတ်လည် ကြိုးတိုက်ခန်းကျဉ်းသည် ကျနော့်ရင်ကို ပို၍ မွန်းကြပ်စေသည်။ လွန်ခဲ့သည့် တပါတ်ခန့်က ဝိုင်းဝန်းထုရိုက် ထိုးကြိတ် ကန်ကျောက်ခံထားရသည့် ဒဏ်ရာများနှင့် သွေးထွက်လွန်ထားမှုကြောင့် အားနည်းမောပမ်းနေသည်။

ကျနော် ရောက်နေသော ပတ်ဝန်းကျင်ကို သိလိုစိတ်ဖြင့် အားယူ၍ဖြည်းဖြည်းထိုင်လိုက်ပြီး အုတ်နံရံကိုမှီ၍ အမောဖြေနေသည်။ မျက်စေ့မှိတ်ပြီး မှိန်း၍ အမောဖြေရာ မှ မျက်လုံးဖွင့်၍ သမံတလင်းကြမ်းပြင်ကို လျှောက်ကြည့်သည်။ တိုက်ခန်း၏ဒေါင့်ကျဉ်းတွင် သံချေးတက်နေသော သံချောင်းလေးတချောင်းကို တွေ့ရသည်။ ကျနော် ကုန်း၍အသာလှမ်းယူလိုက်ပါသည်။ ဖြူကျင့်ကျင့် အုတ်နံရံတွင် သံချောင်းလေးနှင့် ရေးခြစ်လိုက်သည်။

“သံဓိဋ္ဌာန်ချ အသက်စွန့်ရန် မကြောက်၊ အခက်အခဲဖယ်ရှား အောင်ပွဲအရယူ …”

၁၀၊ ၁၀၊ ၁၉၇၁ ခုနှစ်

“တော်လှန်ရေးသမားတိုင်း တော်လှန်ရေး ဆက်လုပ်ကြ …”

(အာနက်စ်တို ချေဂွေဗားရား)

ကျနော် အပေါက်သံတံခါးဘက်သို့ တရွေ့ရွေ့တိုးသွားသည်။ သံတိုင်တံခါးသို့ရောက်သွားသောအခါ သံတိုင်ကို လက် ၂ ဖက်နှင့်ကိုင်၍အားယူက ဖြည်းဖြည်း ထလိုက်သည်။ ကျနော့်ခေါင်းထဲတွင် မိုက်ခနဲဖြစ်ပြီး မျက်စေ့ အမြင်အာရုံသည် ပြာဝေသွားသည်။ မျက်လုံးကိုအသာမှိတ်ထားရသည်။ ရင်ထဲမှာလည်း တုန်တုန်ယင်ယင် ဖြစ်လှသည့်အတွက်ကြောင့် သံတံခါးကိုဆုတ်ကိုင်ပြီး အသာလေးပြန်ထိုင်လိုက်ရသည်။ ကျနော့်တကိုယ်လုံး ကိုက်ခဲနာကျင်မှုဝေဒနာကို ပိုမိုပြီးခံစားလာရတယ်။

ကျနော့်ဘယ်ဖက်မျက်လုံးသည် ပတ်တီးစည်းထားလျက် ညာဖက်မျက်လုံးသည် သွေးခြည်ဥပြီး မျက်ကွင်းညိုမဲကာ ဖူးရောင်ပိတ်နေသည်။ ကျနော့်ခေါင်းနောက်စေ့မှာလည်း ကွဲပြီး ပတ်တီးနှင့်ပင်ဖြစ်သည်။ ဦးခေါင်းနောက်စေ့မှ ဒဏ်ရာကြောင့် ဆိုးဝါးခံခက်သည့် ခေါင်းကိုက်ဝေဒနာ ခံစားနေရသည်။

လွန်ခဲ့သည့်ရက်များက ဖြတ်သန်းခဲ့ရသည့် အဖြစ်အပျက်များက ကျနော့်အတွေးအာရုံတွင် ပြန်ပေါ်လာသည်။ ကျနော်မခံစားနိုင်ပါ။ ခံစားနိုင်စွမ်းမရှိပါ။ ကြိတ်၍မနိုင် ခဲ၍မရ ကျနော်ရင်မှာ တင်းကြပ်ဆို့နင့်လှပါသည်။

“ဖထီး မန်းအောင်ကြည်၊ ဆရာ ဦးအောင်ငွေ … သူတို့လွတ်မြောက်ကြရဲ့လား၊ တိုက်ပွဲဟာ အဆုံးအရှုံး သိပ်များတယ်”

ကျနော်ဆက်ပြီးမတွေးချင်တော့ပါ။ မတွေးချင်သောလည်းပဲ အောက်တိုဘာ ၃ ရက်နေ့က ကြမ်းတမ်းပြင်းထန်လှသည့် အဖြစ်အပျက်များက ကျနော့်အတွေးအာရုံမှ ထွက်ခွာသွားခြင်းမရှိပါ။ ကျနော်ခံစားနိုင်သည့် ခွန်အားတို့သည် အားနည်းလှပါသည်။ အပေါက်ဝသံတိုင်တွင် နုံးခွေမောဟိုက်စွာ မှီထိုင်ရင်း အပြင်လောက ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

အောက်တိုဘာ သီတင်းကျွတ်လဆန်း. ကောင်းကင်ယံသည် ပြာလဲ့ပြီး ကြည်လင်လှပနေပေသည်။ မိုးငွေ့နည်းလာပြီဖြစ်သော တိမ်တောင်တိမ်လိပ်တို့သည် ဖြူဖွေးတောက်ပသောအဆင်းကို ဆောင်ယူကြလျက် ဂွမ်းပုံဂွမ်းလိပ်ကြီးများပမာ အားနည်းလာပြီဖြစ်သော အနောက်တောင်လေကို ယီးလေးခိုကာ အုပ်စုဖွဲ့၍ တအိအိ ရွေ့ရှားကြလေကုန်၏။

ကျနော့်စိတ်အာရုံတို့သည် ဤဂွမ်းပုံဂွမ်းလိပ်ကြီးများနှင့်အတူ ယီးလေးခိုလျက် လဲလျောင်းမှီခိုကာ လိုက်ပါသွားလေတော့သည်။


အတိတ်မြင်ကွင်း

၁၉၆၇ ခုနှစ် ဇွန်လဆန်းပိုင်းရက်များတွင် အလွှာအသီးသီးမှ ရန်ကုန်လူထုကြီးသည်လည်းကောင်း၊ ရုံးအသီးသီးမှ ဝန်ထမ်းများသည်လည်းကောင်း ရန်ကုန်မြို့တော် ဆင်ခြေဖုံးအရပ်ဒေသများဖြစ်ကြသည့် လှည်းကူး၊ ထောက်ကြံ့၊ မှော်ဘီ၊ တညင်၊ ခရမ်း၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး စသည့် အရပ်ဒေသအသီးသီးသို့ သွားရောက်ကြလေကုန်၏။ နေပြည်တော်ကြီးမှ ဤလူထုကြီးသည် အပျော်ခရီးအလိုငှာ ထွက်ခွာလာကြခြင်း တော့ မဟုတ်ကြလေကုန်၊ တထွာမည်သော သမုဒ္ဒရာဝမ်း၏ကိစ္စကို ချောက်ချောက်ချားချား ခြိမ်းခြောက်ခံနေရ သော အဖြစ်ဆိုးကြောင့် နေပြည်တော်၏ အရပ်မျက်နှာအသီးသီးသို့ ရှေးရှုထွက်ခွာလာခဲ့ကြခြင်းဖြစ်လေသည်။ နေပြည်တော်ကြီးတွင် နေထိုင်ကြကုန်သော မြို့တော်သူ မြို့တော်သားတို့၏ မနက်စာ ညစာ အရေးကိစ္စကို ဖြေရှင်းခြင်းငှာ အဓိကကျသော ဆန်အိုးထဲမှ ဆန်သည် တစလောင်း တစလယ်လောက်မျှသာ ကျန်တော့သည့် အဖြစ်ဆိုးနှင့် တိုးကြရလေသောကြောင့် ဆန်ရှာဖွေခြင်းအလိုငှာ နေပြည်တော်၏ အရပ်မျက်နှာအသီးသီးသို့ အလုအယက်ဖြင့် ရှေးရှုထွက်ခွာလာခဲ့ကြရခြင်း ဖြစ်လေသည်။

ဤဆန်ပြတ်လပ်ရှားပါးသော အရေးကိစ္စကြီးနှင့်အတူ ထူးဆန်းတိုက်ဆိုင်သော ကောလာဟလ သတင်းဆိုးတခု သည်လည်း နေပြည်တော်ကြီးနှင့်တကွ ဆင်ခြေဖုံး အရပ်အသီးသီးသို့လည်းကောင်း၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ ပဲခူး စသည့် အနယ်နယ်အရပ်ရပ်သို့လည်းကောင်း ဤသတင်းဆိုးသည် ပြန့်နှံ့သွားလေသည်။

ကြည့်မြင်တိုင် ဟွာကြုံး တရုတ်အမျိုးသား အထက်တန်းကျောင်းမှ မြန်မာအမျိုးသမီးဆရာမလေးတဦးအား တရုတ်အထက် တန်းကျောင်းသားများက အဓမ္မပြုကျင့်ပြီး ရက်စက်စွာသတ်ဖြတ်ပစ်လိုက်သည့်အပြင် အလောင်းအား အပိုင်းပိုင်းဖြတ်တောက်လျက် လွှင့်ပစ်လိုက်သည်ဟူသော သတင်းပင်ဖြစ်သည်။

ဤသတင်းဆိုး ပြန့်နှံ့လောင်မြိုက်သွားခြင်းနှင့်အတူ နေပြည်တော်ကြီး၏ လမ်းမများပေါ်တွင် တရုတ် ဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွားသွားလေတော့သည်။ ဤအဖြစ်ဆိုးသည်လည်း မြန်မာပြည်၏ မြို့ကြီးအသီးသီးသို့ ကူးစက်ပြန့်နှံ့သွားခဲ့လေသည်။ ပို၍ဆိုးဝါးသည့်ဖြစ်ရပ်မှာ တရုတ်အမျိုးသား အမျိုးသမီးများအား သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းစသည့် အနိဋ္ဌာရုံများ ဖြစ်လေသည်။

တရုတ်-ဗမာ လူမျိုးရေးအဓိကရုဏ်းတွင်း ထူးဆန်းသည့်ဖြစ်ရပ်မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြသူများသည် ပြည်ထောင်စု မြန်မာနိုင်ငံအလံအား ကိုင်ဆောင်ချီတက် ဆန္ဒပြကြရင်း တရုတ်ပြည်ကြီးအားလည်းကောင်း၊ တရုတ်ခေါင်းဆောင် မော်စီတုန်းအားလည်းကောင်း ရုန့်ရင်းရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာခြင်း၊ မော်စီတုန်း၏ ပုံတူရုပ်အလောင်းအား မီးရှို့ဆန္ဒပြ ခြင်းကို ပြုလုပ်ကြလေသည်။ ဤဆန္ဒပြသူများသည် လမ်းဘေးပလက်ဖောင်း တဖက်တချက်တွင် စစ်သားများက မောင်းပြန်သေနတ်လွယ်လျက် အသင့်အနေအထားဖြင့် လိုက်ပါလာခဲ့ကြပေ သည်။ အဆိုပါ စစ်သားများသည် လုယက် ဖျက်ဆီးနေကြသော အဓမ္မလူရမ်းကားများ၏ တရားလက်လွတ် လုပ်ရပ်များကို ဟန့်တားရပ်တန့်သွားအောင် မပြုခြင်းသည်ပင်လျှင် လူရမ်းကား အုပ်စုကြီးအား လိုက်ပါ ကာကွယ်စောင့်ရှောက်သည့်သဘောကို ထင်ရှားစွာဖော်ပြနေပေသည်။

တရုတ်ပြည်မကြီးရှိ ပီကင်းလေဒီယိုမှလည်း ကျယ်လောင်စွာ အော်ဟစ်ကြိမ်းမောင်းလေတော့သည်။

“ဖောက်ပြန်တဲ့ နေဝင်း၊ စန်းယု စစ်အစိုးရဟာ မနိုင်တဲ့ကျောက်တုံးကိုမပြီး ကိုယ့်ခြေထောက် ကိုယ်ပြန်ထုနေ တယ်။ တရုတ်-ဗမာ အဓိကရုဏ်းဖန်တီးတာဟာ တရုတ်ပြည်သူ သန်း ၈၀၀ ကို စော်ကားတာဖြစ်တယ်။ ဒီလုပ်ရပ်ဟာ ကိုယ့်ခြေထောက် ကိုယ်ပြန်ထုတာဖြစ်တယ်။ တရုတ်-ဗမာ အဓိကရုဏ်းကို ဖန်တီးပြီး တရုတ်ပြည်သူတွေကို စော်ကားတာ ကြီးမြတ်တဲ့ ဥက္ကဋ္ဌကြီး မော်စီတုန်းကို စော်ကားတဲ့ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကို ဖောက်ပြန်တဲ့ နေဝင်း၊ စန်းယု စစ်အုပ်စုက တာဝန်ယူမှာဖြစ်တယ်”

ဇွန်လဆန်းပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ဆန်ရှားပါးမှုပြဿနာသည် တရုတ်-ဗမာ အဓိကရုဏ်းပြဿနာကြီးက လွှမ်းမိုးလိုက် သည့်အတွက် မှေးမှိန်ငုတ်လျှိုးသွားခဲ့ရလေသည်။


ဆက်လက်ဖော်ပြပါမယ်။




No comments: