ဆံပင်ညှပ်တော့ ဆံပင်ညှပ်ဆိုင်က တိုတိုညှပ်မယ်မလားလို့ မေးပါတယ်။ အင်း ပေါ့။ ဆံပင်ညှပ်ရင်း ငယ်က ဆံပင်ညှပ်တဲ့ အကြောင်းကို သတိရလာတယ်။ အိမ်က တလတခါ ဆံပင်ညှပ်ခိုင်းတယ်။ လူက ဟိုရင်ခုန် ... ဒီရင်ခုန် ... အရွယ်ရောက်စဆိုတော့ ဆံပင်ကို တိုတို မညှပ်ချင်ဘူး။ ဘိုကေကို ဒေါက်ရှည်ရှည်နဲ့ ညှပ်လိုက်တယ်။ သွေးတိုးစမ်းတာ။ အိမ်ရောက်တော့ အိမ်ရိပ်တောင် မနင်းရသေးဘူး အမေက ပြန်ညှပ်ခိုင်းတယ်။
ဒီတော့ အတုမြင် အတတ်သင်လို အိမ်က ထွက်ပြေးတယ်။ ဝေးဝေးမဟုတ်ဘူး။ အမ အကြီးဆုံးရဲ့ အိမ်။ သက်တူ ရွယ်တူ ကျောင်းနေဖက် တူမဖြစ်သူကိုလည်း “ငါ အိမ်ကနေ ထွက်ပြေးမယ်” လို့ မက်ဆေ့ပေးလိုက်သေးတယ်။ “နင် ဘယ်အထိပြေးမှာလဲ” လို့ မေးတော့ ... “ဟို ... အင်း ... ဟိုလေ” ဆိုပြီး မအူမလည်ဖြစ်နေခဲ့တယ်။ တူမက သူ့အမေကို တိုင်ပြောတယ်။ အမက “ဟဲ့ကောင်လေး ပြန်တော့” ဆိုပြီး နှင်တယ်။
တမိုင်ပတ်လည်ရှိတဲ့ မြို့ကလေးမှာ အိမ်မပြန်ဘဲ တနေ့လုံး လျှောက်သွားနေလိုက်တယ်။ နေစောင်းတော့ လူက ငိုချင်လာတယ်။ ဒါနဲ့ အိမ်ရှိရာလမ်းဘက် ပြန်လျှောက်လာတယ်။ ရုပ်ရှင်ရုံလမ်းဆိုတော့ လူတွေနဲ့ သွားလာ စည်ကားလို့ပေါ့။ အဲဒီမှာ တုတ်ကိုင်ထားတဲ့ အမေနဲ့ တိုးတော့တာပါပဲ။ အမေက လာခဲ့ဆိုပြီး အိမ်ပြန်ခေါ်သွားတယ်။ အမေ့ပါးပြင်မှာ အဲဒီအချိန်ဆို မြင်နေကျ သနပ်ခါး မတွေ့ရဘူး။
နောက်တနေ့ကျတော့ အမဖြစ်သူကို လိုက်ပို့ခိုင်းပြီး ဆံပင်ကို အတိုပြန်ညှပ်စေတယ်။ ဆိုင်ရှင်က ဆံပင်ညှပ်ရင်း “မင်းရဲ့ စွန့်စားခန်းကလည်းကွာ မဟန်ပါဘူး” လို့ ပြောတယ်။ အမက မျက်ရည်တွေကျပြီး ဆံပင်ညှပ်ခံနေရတဲ့ ကျနော့်ကို ကြည့်ပြီး ရယ်တယ်။ ကျနော် အံကြိတ်ပြတော့ သူက ပိုရယ်ပြတယ်။ မနေ့ညက အမေကျွေးတဲ့ ကြိမ်လုံးရာတွေက တင်ပါး အပြည့်။ ဆံပင်ညှပ်ဆိုင် ထိုင်ခုံက ဆိုဖာဆိုပေမယ့် အထိအတွေ့မှာ မနူးညံ့ဘူး။ နာလိုက်တာ။
ဇာတိစွန့်ခွာ ကျောင်းသွားနေဖြစ်တော့ ဆံပင်အရှည် ထားခွင့်ရတယ်။ ဂုတ်ထောက်ပြီး ကျောစပ်အထိ ရှည်တယ်။ အဲဒီအခါကျတော့ အမေ ဘာမှ မပြောတော့ဘူး။ မှတ်မိသေးတယ်။ ဆံပင်ရှည်တဲ့အခါ အဖျားက ကောက်တော့ သူငယ်ချင်းတွေက “မင်းပုံ မိုက်တယ်” ဆိုပြီး နောက်တယ်။ “ဘာမိုက်တာလဲ” လို့ ပြန်မေးတော့ “မင်းဆံပင်ပုံက ကိုလေးပွ (ကာတွန်း တင်အောင်နီရဲ့ ဇာတ်လိုက်) ပုံပဲ” တဲ့။
အဲဒီကစပြီး ဆံပင်ကို တိုတိုပဲ ညှပ်တော့တယ်။ အတိုခေတ်ကိုလည်း ပြန်ရောက်နေတယ်။
ဘာရယ် မဟုတ်ပါဘူး။ သားတွေ ဆံပင်တိုတိုနဲ့နေတာကို အမေတွေ ကြိုက်တာ ... ဘာ့ကြောင့်လဲလို့ဆိုတာ သိပ်မသိဘူး။ သူများတွေ ပြောတော့ ငယ်ရုပ်ပေါ်လာလို့ ဆိုတာပဲ။ ငယ်ရုပ်ဆိုတာ ဘယ်လိုရုပ်မျိုးလဲဆိုတာ ကိုယ့်ငယ်ရုပ် ကိုယ် မမှတ်မိတော့ ဘယ်သိပါလိမ့်မလဲ။ ခုနေ အမေများ သင်္ချိုင်းကုန်းက ထကြည့်နိုင်ရင် ဆံပင်တို ညှပ်ထားတဲ့ ကျနော့်ကို ကျနော်အကြိုက်ဆုံးဖြစ်တဲ့ ‘ဝက်သားဟင်း’ ချက်ကျွေးလေမလား မသိဘူး။ ခုခေတ် ခုနေခါမျိုးမှာ အမဖြစ်သူကလည်း ကျနော့်ကို လှောင်ပြောင် ရယ်မောနိုင်လိမ့်မယ် မထင်ဘူး။
ခုဆို ကျနော်လည်း ငယ်ငယ်တုန်းကလို အိမ်က ထွက်ပြေးစရာ မလိုတော့ဘူး။ အမေကလည်း လိုက်ရိုက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုပုံ ဒီလိုအချိုးမျိုးနဲ့လည်း ကျနော် အိမ်ပြန်ဖြစ်မှာ မဟုတ်တော့ဘူး။ ။
ကမာပုလဲ
၀၅၀၈၂၀၁၂
Mother and Child by Picasso
No comments:
Post a Comment