Saturday, November 30, 2013

အပြောင်းအလဲများနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ DVB ခေါ် ဒီမိုကရက်တစ် မြန်မာ့အသံဟာ နော်ဝေနိုင်ငံကနေ ရုတ်သိမ်းပြီး မြန်မာနိုင်ငံအတွင်းမှာ အဓိက အခြေစိုက်တော့မှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရပါသလဲ။ ရှေ့ အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲဆိုတာကို DVB တွဲဖက်အမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်း နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ကိုခင်မောင်ဝင်းတို့ရဲ့ DVB ဒီမိုကရက်တစ်မြန်မာ့အသံဟာ နော်ဝေနိုင်ငံမှာ ရုံးပိတ်ပြီးတော့ မြန်မာနိုင်ငံကို အပြီးပြောင်းရွှေ့တော့မယ်လို့ ကြားရပါတယ်။ အဲဒါ ဟုတ်ပါသလား။ 

ဦးခင်မောင်ဝင်း ။ ။ နော်ဝေမှာ ရုံးပိတ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် မြန်မာပြည် အပြီးရွှေ့တာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းတွေ ချဲ့ထွင်တာတော့ရှိတယ်။ အထူးသဖြင့် ပရိုဂရမ် (program) အစီအစဉ် ထုတ်လုပ်ရေးအပိုင်းတွေပေါ့။ အသံလွှင့်လုပ်ငန်းတော့ အပြင်ကလည်း လုပ်မှာဖြစ်ပါတယ်။ 

ဦးကျော်ဇံသာ ။ ။ အသံလွှင့်တဲ့လုပ်ငန်းကို ဘယ်ကလုပ်မှာလဲ။ 

ဦးခင်မောင်ဝင်း ။ ။ လောလောဆယ် ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီးတော့ လုပ်ဖို့ရှိပါတယ်။ ထိုင်းနိုင်ငံမှာ အခုဆိုရင် တရားဝင်အလုပ်လုပ်ခွင့်ရှိတဲ့သဘောရှိတော့ ထိုင်းကနေလုပ်ဖို့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ စီမံခန့်ခွဲအုပ်ချုပ်တဲ့အပိုင်းကတော့ ထိုင်းနဲ့ မြန်မာပြည်တွင်းကနေ တာဝန်ရှိတဲ့လူတွေက ခွပြီးတော့သွားနေမယ်ဆိုတော့ ထိုင်းနဲ့ မြန်မာပြည် နှစ်ခုစလုံးက တန်တူအရေးပါတယ်လို့ ပြောရမှာပေါ့။ 

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပြောင်းလဲလာတယ်လို့ သုံးသပ်ပြီးတော့ အဲဒီဘက်ကို ရွှေ့ဖို့ဖြစ်လာခဲ့သလဲ။ 


ကြိုကန်ထားမှ ... (ကာတွန်း စောငို)


Friday, November 29, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၈ (မင်းကျော်ခိုင်)

ကျနော် ကံကောင်းတယ်ပဲပြောကြပါစို့။ နယ်စပ်ကအထွက် ရဲဂိတ်မှာ ကားပေါ်က တခြားခရီးသည်တွေကို စစ်ကြပေမယ့် ကျနော် အစစ်မခံရဘူး၊ လွတ်လွတ်ကျွတ်ကျွတ်ပဲ ဘန်ကောက်ကိုရောက်သွားခဲ့တယ်။ ဘန်ကောက်ရောက်တော့ အဝေးပြေးကားဂိတ်တွေက မတူကြဘူး၊ ထိုင်းနိုင်ငံတောင်ပိုင်းဆိုရင် တနေရာမှာ၊ ထိုင်းနိုင်ငံမြောက်ပိုင်းဆိုရင် တနေရာ။ ဘယ်သူ့မှလည်း မမေးရဲဘူး၊ မဲဆောက်ကားဂိတ်ဘယ်မှာလဲဆိုတာ။ ရဲတွေ အဖမ်းကြမ်းတယ်ဆိုတာ စမ်ခက သူငယ်ချင်းတွေပြောတာ သတိရပြီး လန့်တာလည်း ပါတာပေါ့။ 

အဖမ်းခံရမှာမကြောက်ပေမယ့် လောလောဆယ်ဘာတခုမှ အဆက်အသွယ်မရသေးခင် လုပ်ငန်းကိစ္စမပြီးသေးခင် အဖမ်းခံလို့မဖြစ်သေးဘူးလေ။ အဲဒီလိုနဲ့ ထိုင်းစကားမတတ်တဲ့ ကျနော်၊ ဘာလက်မှတ်၊ ဘာပတ်စ်ပို့မှမရှိတဲ့ ကျနော် ယောင်လည်လည်နဲ့ တွေ့ရာဘတ်စ်ကားစီးပြီး အလွန်ကျယ်တဲ့ ကွင်းကြီးတခုကို ရောက်သွားတယ်။ ကွင်းကြီးနားမှာ ကျနော်တို့ဆီက ရွှေရောင်စေတီတွေလိုမျိုးတွေ (ထီးတော်မပါတာကလွဲလို့) အုတ်တံတိုင်းအမြင့်ကြီးတခုနောက်ကွယ်မှာတွေ့ရတော့ ဘုန်းကြီးကျောင်းလား၊ ဘာလားပေါ့။ နောက်မှ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မြဘုရားနေရာဆိုတာ သိရတယ်၊ 

အဲဒီမြဘုရားရဲ့အနီးမှာက တော်တော်ကျယ်ပြီး သန့်ပြန့်တဲ့ ထိုင်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတခု တွေ့တယ်၊ ကျောင်းနာမည်က ဝပ်ဖို (WAT PO)၊ ဒါတွေက နောက်မှသိရတာပါ။ မနက်ပိုင်း ဘန်ကောက်ကိုရောက်ပြီး ဘတ်စ်ကားစီးလာခဲ့တာဆိုတော့ ဒီကွင်းကြီးထဲရောက်တော့ နေ့လည် ၁၂ နာရီကျော်နေပြီ။

သာမန်ပြည်သူတယောက် (သစ်ကောင်းအိမ်)

ဘယ်သူ့ဂရုစိုက်ရမှာလဲ 
ငါတို့အခုရောက်နေတာ 
အရက်သောက်ဖို့နဲ့ စိတ်အချဉ်ပေါက်ဖို့ပဲကောင်းတဲ့ 
ခေတ်ကြီး အခါကြီး သမယကြီး 
ဆင်ဖြူများရှင်ဖြစ်ရတာလည်း ဒုက္ခ
နိုဗယ်လ်ဆုရှင်ဖြစ်ရတာလည်း ဒုက္ခ 

အတွင်းမှာ အပြောင်းအလဲတခုတော့ လိုအပ်နေပြီဗျ … 
အဲဒါတော့ မင်းပြောမှလား နွားရဲ့ 
ဒီမှာလည်း အရေးတကြီး 
ပေါင်းလက်စမယားကို အသစ်လဲဖို့ လိုနေတယ် 
စီးလက်စ,ကားကို အသစ်လဲဖို့ လိုနေတယ် 
လေပါတယ် 


Thursday, November 28, 2013

လက်သည် တရားခံ ... (ကာတွန်း စောငို)


ကျနော်နဲ့ ခရီးကြမ်းလမ်း - ၇ (မင်းကျော်ခိုင်)

သူတို့စာဖတ်ပြီး ကျနော်တို့ရဲ့ရည်မှန်းချက် မပြောင်းကြပါဘူး။ ဒါပေမယ့် ကျနော်တို့ အုပ်စုထဲက ကျောင်းသူနှစ်ယောက်နဲ့ အကသ ကျောင်းသားညီငယ်တွေကို ပြတ်ပြတ်သားသားမေးရတယ်။ ခုချိန်မှာ ပြန်မယ်ဆိုရင်ပြန်နိုင်တဲ့အကြောင်း၊ ရှေ့မှာ ဘယ်လိုဒုက္ခတွေကိုရင်ဆိုင်ရမယ်ဆိုတာ ဘာမှပြောလို့မရသေးတဲ့အကြောင်းတွေ ရှင်းပြတယ်။ သူတို့ကလည်း မပြန်ဘူး၊ အကိုတို့နဲ့ပဲ တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ပြီးသားဆိုပြီး ကျနော်တို့နဲ့ ရှေ့ခရီးဆက်ဖို့လိုက်မယ်လို့ အားလုံးကပြောတော့ ကျနော်တို့ ရှေ့ခရီးဆက်ဖြစ်ကြတယ်။ 

(အဲဒီအချိန်တုန်းက ကျနော်တို့အားလုံးရဲ့ရည်ရွယ်ချက်က မြန်မာပြည်မှာ စစ်အာဏာရှင်စံနစ်ဆိုးကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ပြည်မှာ စစ်ပညာသွားသင်ကြပြီး မြန်မာ့တပ်မတော်ဖွဲ့၊ ပြီးတော့ ဖက်ဆစ်ဂျပန်နဲ့ ဗြိတိသျှနယ်ချဲ့တို့ကိုတော်လှန်ကြသလို ကျနော်တို့လည်း နယ်စပ်မှာ စစ်ပညာသင်၊ ပြီးရင် ပြည်တွင်းပြန်ဝင်ပြီး ပြည်သူထူထုနဲ့အတူ လက်နက်ကိုင်တိုက်ပွဲဝင်ကြမယ်၊ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာကြတာပါ။) 

ကျွန် (ဆောင်းလူ)

ကျွံဆင်းသွားပြီ ... မရည်ရွယ်ပါဘဲ ... ဥနှောက်ကိုဖောက်စားသူတို့ထံမှာမှ ... ကျွန်ခံဖြစ်သွားတဲ့အဖြစ် ...။ ဆိုးလှသည် ...။ အိုင်ဒီယာမရှိ ...။ အနုပညာမရှိ ...။ ဖြစ်သလိုနှင့် ... ကြုံသလိုလောကကြီးတွင် ... ကျွန်အဖြစ်သို့ ... ဖြစ်သလိုရောက်ရှိသွားသလို ခံစားရသည်။ 

ဗိုက်ပူ နံကား ... ကျွန်လည်းမဟုတ် ..သခင်လည်းမဟုတ်သော ကျွန်တို့သည် တဟီးဟီး တဟားဟားဖြင့် ...။ သူတို့သည် မည်သူ့အတွက် ကျွန်ဘဝတွင်းသို့ သက်ဆင်းနေကြလေသနည်း ...။ ကျွန်ုပ်တို့သည်ကား ... ဟုတ်ကဲ့ ... ဟုတ်ကဲ့နှင့် ဘဝနှင့်ဝါသနာကို စတေးအပ်နှံကာ ပုတ်သင်ညို အရှုံးပေးရလောက်အောင် ခေါင်းညိတ်တတ်လွန်းသော ချိတုံချတုံ တွေဝေသောစိတ်ရှိသည့် ကျွန်များသာ ဖြစ်ပေသည်တကား ..။ 

ကျွန်တို့သည် သူတို့အောက်က ကျွန်များအား .. ဟိန်းဟောက်ကြ၏ ... 
သူတို့အထက်က ကျွန်များအား ဖား ယား ကြ ၏ ... 


Wednesday, November 27, 2013

ခေတ်သစ် သံချပ်ယိမ်း (ကာတွန်း စောငို)


အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ် (သစ်ကောင်းအိမ်)

လောက 
အမှိုက်သရိုက် 
အန်ဖတ် 
ဒိုက်သရောတွေကို တိုက်စား 
ဟိုး… ရေပြင်နက်နက်ဆီယူဆောင်သွားဖို့ 
မိုးမည်းမည်းတွေ 
သည်းသည်းမဲမဲရွာစမ်းပါ 

ပြည်သူလက်မဲ့အစိုးရ 
နပုန်းပဏ္ဍုက်၊ ဘိန်းပွဲစား၊ ရိုဟင်ဂျာ 
အားလုံးသတင်းဖြစ်နေတဲ့ခေတ်ကြီးမှာ 
ငါ မင်းကိုချစ်တာရော သတင်းမဖြစ်သင့်ဘူးလား 


အမေရိကရောက် ကျနော် ဒုက္ခသည် - ၄ (ထက်ရာဇာ)

ကျနော်ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာက နေ့စဉ်နဲ့အမျှ ကျနော့်စိတ်ကို ဖိစီးထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ နိစ္စဓူဝ နှင်းတောထဲကို ဖြတ်သန်းခဲ့ရတဲ့ ဘယ်တော့မှမေ့မရနိုင်တဲ့ အမေရိကန်ရောက် ဒုက္ခသည်တဦးရဲ့ အဆင်းရဲဆုံးသော စတင်ဖြတ်သန်းမှုတွေလို့လည်း ဆိုနိုင်ပါတယ်။

ဒီလိုနဲ့ တရက်မှာတော့ ကျနော့်ဆီကို ဖုန်းတလုံးဝင်လာပါတယ်။ ကျနော်နဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကွဲသွားခဲ့တဲ့ ကျနော်တို့ရပ်ကွက်ထဲက ကျနော့်ငယ်သူငယ်ချင်း သူရိန်နေမင်းဦး(ခ)မင်းမင်း (သူလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ပါ။ ၁၉၉၆ ခုနှစ်က ကွန်လွယ်သွားခဲ့ပါတယ်။)ရဲ့အကို ကိုမိုးကျော်ဦးပါ။ ကျနော် အရမ်းအံ့သြသွားသလို အမေရိကမှာ မိတ်ဆွေတယောက်ရပြီဆိုတဲ့စိတ်က ကျနော့်ကို အားရှိစေခဲ့ပါတယ်။ သူက ဆူရှီသင်ချင်ရင်လာခဲ့ သူ ချီကာဂိုမှာရှိတယ်လို့ပြောပြီး ကျနော့်အတွက် ချီကာဂိုကိုလာမယ့် လေယာဉ်စရိတ်နဲ့ အသုံးစရိတ်ပါ စာတိုက်က ပို့ပေးလိုက်ပါတယ်။


Tuesday, November 26, 2013

လက်မှတ်လေးတွေ ... ထိုးရအောင် (ကာတွန်း စောငို)


တစ္ဆေနှစ်ကောင်ရဲ့အမှောင် (သစ်ကောင်းအိမ်)

မင်းက 
ညတွေမှာ သွပ်မိုးပေါ်လမ်းလျှောက်တဲ့ကြောင်တကောင် 
ငါက 
ညရောက်မှ အသက်ဝင်ခွင့်ရတဲ့ ဖုတ်ကောင်တကောင် 
အမှောင်မှာပဲတွေ့ကြတယ် 

မင်းက 
သင်္ဘောပျက်ပြီးမျောလာတဲ့ လူတယောက် 
ငါက 
သင်္ဘောပျက်ပြီးမျောလာတဲ့ ပျဉ်တချပ် 
မုန်တိုင်းဖြတ်တုန်းမှာပဲတွေ့ကြတယ် 

မင်းက 
မင်းအခန်းတံခါးကိုလာခေါက်မယ့် 
ဧည့်သည်တွေရဲ့တံခါးခေါက်သံကိုနားစွင့်တယ် 
ငါက 
ငါတို့ ခေတ်ကိုခေါင်းနဲ့ တိုက်ဖွင့်မယ့် 
တံခါးခေါက်သံတွေကို နားစွင့်တယ် 


ကျနော်နဲ့ ခရီးကြမ်းလမ်း - ၆ (မင်းကျော်ခိုင်)

ကျနော်တို့ မွန်ဗဟိုစခန်းမှာ သိပ်မကြာခဲ့ပါဘူး၊ ဒါပေမယ့် ရန်ကုန်က စထွက်ခဲ့ကြတဲ့ရက်တွက်လိုက်ရင် ရက် ၂၀ ကျော်ပြီ။ နောက်ဘယ်နှစ်ရက် ဆက်လျှောက်ရမယ်ဆိုတာ မသိကြဘူး။ ဗဟိုစခန်းကနေထွက်တော့လည်း တတောင်တက် တတောင်ဆင်းနဲ့ပါပဲ။ ဒီတခေါက် လမ်းပြတွေကတော့ မွန်ပြည်သစ်ရဲ့ တခြားတပ်စိတ်တစိတ်ပါ။ အားလုံး ကျနော်တို့အပေါ် ဂရုစိုက်ကြပါတယ်၊ လမ်းသွားရင်းနားကြတဲ့အခါ ကျနော်မေးကြည့်တယ် မွန်ရဲဘော်လေးကို။ နောက်ဘယ်နှစ်တောင်တက်ရဦးမလဲလို့။ ဟာ... အကိုရာ ဟိုမှာမြင်နေရတဲ့တောင်ကို ကျော်လိုက်ရင်ရောက်ပြီ ဘုရားသုံးဆူကို တဲ့။ ဒါနဲ့ တောင်ကြီးဖဝါးအောက်ပေါ့ကွာဆိုပြီး စိတ်တင်းထားရတာပေါ့။

အမှန်ပြောရရင်အားလုံးဟာ တော်တော်တော့ ပန်းနေကြပြီ။ မှောင်ရီပျိုးပျ နေဝင်ရီတရောမှာ တောင်ခြေတခုက ရွာတရွာကို ရောက်ကြတယ်။ တောင်ယာလုပ်ကိုင်စားသောက်ကြတဲ့သူတွေ နေကြတာ၊ ရွာနာမည်တော့ မမှတ်မိတော့ဘူး။ တောင်ယာဆိုတာ တောင်တွေပေါ်မှာ စပါးတို့ ပဲတို့ စိုက်ကြတာ။ တချို့တောင်စောင်းတွေမှာ လှေခါးထစ်စိုက်ခင်းတွေလုပ်ထားပြီး စိုက်ကြတာ လမ်းမှာတွေ့ခဲ့သေးတယ်။ 

ရွာထဲဝင်ကြတော့ ရွာသူရွာသားတယောက်မှ မတွေ့ရဘူး။ အိမ်တွေအားလုံးကတော့ တဲကြီးတဲငယ်တွေပါပဲ။ ကျနော်တို့လည်း ထူးခြားလှချေလားပေါ့၊ နေ့လည်နေ့ခင်းလည်းမဟုတ်ဘဲ ညဘက်အိပ်ချိန်ရောက်ခါနီးမှာမှ ရွာသားတယောက်မှ မရှိတဲ့အိမ်တွေတွေ့ရလို့ပါ။ ဒါနဲ့ပဲ ကြုံရာအိမ်တွေပေါ် ကိုယ့်အုပ်စုနဲ့ကိုယ်တက်ပြီး ညစခန်းချဖို့ ပြင်ကြတာပေါ့။ အိမ်တွေအားလုံးမှာ အိမ်ရှေ့တံခါးပေါက်ရယ်လို့ မရှိကြဘူး၊ အခန်းရယ်လို့လည်း မရှိဘူး၊ အိမ်ရှေ့နဲ့ အိမ်နောက် ဒိုးယိုပေါက်ချည်းပါပဲ။ 


ဧည့် စာ ရ င်း မ တို င် တဲ့ က ဗျာ ( မိုး သီး ဇွန် )

ငါမွေးခဲ့တဲ့ နိုင်ငံကို ငါ တပတ်လှည့်ကြည့်မယ် 
ဘယ်နေ့သွားမယ် 
ဘယ်မှာတည်းမယ် 
ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာ 
ဘယ် ခွေးတကောင် ကြောင်တမြီးကိုမှ ပြောနေစရာ မလိုဘူး။ 

ဒီမြေက ငါ့မြေ 
ဒီလူတွေက ငါ့လူတွေ 
ဒီရေက င့ါရေ 
ဒီသစ်ပင်က ငါ့သစ်ပင် 
ဒီကျွဲက ငါ့ကျွဲ 
ကဲ ...။ 

ငါ့အမျိုးတွေလည်း
ဒီမြေပေါ်မှာနေ 
ဒီမြေပေါ်မှာပဲ ပျော်ပျော်ပဲ 
သေပွဲဆင်ခဲ့ကြရဲ့။ 


အမေရိကရောက် ကျနော် ဒုက္ခသည် - ၃ (ထက်ရာဇာ)

ဒီလိုနဲ့ အိပ်လိုက်စားလိုက်နဲ့ တလလောက်နေအပြီးမှာတော့ အိုင်အာစီလို့ခေါ်တဲ့ ဒုက္ခသည်ကူညီတဲ့ရုံးက ကျနော့်ကို ဖုန်းဆက်လာပါတယ်။ (အဲဒီအချိန်အထိ ကျနော့်မှာ ဟမ်းဖုန်းမရှိသေးပါဘူး၊ အစိုးရက အလကားပေးထားတဲ့ အိမ်ဖုန်းသာရှိပါသေးတယ်။) နောက် ၃ ရက်ကြာရင် စက်ရုံတခုကို အလုပ်ဝင်ဖို့ အင်တာဗျူးသွားရဖို့နဲ့ သူတို့ အိမ်ကို ကားနဲ့လာကြိုပြီး စက်ရုံကိုပို့ပေးမှာဖြစ်ကြောင်း အကြောင်းကြားလာတာပါ။

၃ ရက်မြောက်တဲ့နေ့မှာတော့ ဒုက္ခသည်ကူညီရေးရုံးက ကားရောက်လာပြီး ၄၅ မိနစ်လောက်မောင်းရတဲ့ တခြားမြို့ကို စတင်ထွက်ခွာလာခဲ့ကြပါတယ်။ ကားပေါ်မှာ ဒုက္ခသည်ရုံးက အမေရိကန်မ ၂ ယောက်၊ ကျနော်နဲ့ အီရတ် အီရန်နဲ့ ဆိုမားလီးယားက ဒုက္ခသည် စုစုပေါင်း ၁၁ ယောက်ပါပါတယ်။ ကားမောင်းပြီး ၁၅ မိနစ်လောက်အကြာကြမှ အေဂျင်စီက အမေရိကန်မက စပြီး စကားစပါတယ်။ အခုသွားနေတဲ့စက်ရုံဟာ ကြက်သွန်နီတွေကို စည်သွပ်ဗူးသွပ်တဲ့စက်ရုံဖြစ်ပြီး အခုခေါ်လာတဲ့လူအားလုံး အလုပ်ရမှာဖြစ်ကြောင်းနဲ့ တနာရီကို ၈ ဒေါ်လာခွဲကနေ အမြင့်ဆုံး ၁၄ ဒေါ်လာထိရမှာဖြစ်ကြောင်းပြောတော့ ကျနော် အပါအဝင် ဒုက္ခသည်တွေရဲ့ အနာဂတ်စိတ်ကူးက ရွှေရောင်တောက်လာရပြန်ပါတယ်။ (အဲဒီတုန်းက ၈ ဒေါ်လာခွဲကိုသာမြင်ပြီး အမေရိကမှာ ၈ ဒေါ်လာခွဲဟာ အနိမ့်ဆုံးလစာဖြစ်ကြောင်းကိုလည်း မသိသေးတဲ့အချိန်ဖြစ်ပါတယ်။)


Monday, November 25, 2013

ကြုံတောင့်ကြုံခဲ (စိုးနေလင်း)

နွားကွဲရင် ကျားဆွဲခံရတော့မယ်ဆိုတာ သူတို့သိတယ်
ဘယ်အကွဲခံရဲပါ့မလဲ စားရမှာလည်း
သဲနဲ့ရှပ်ရှပ်… ပစ်ရမှာလည်း အဆီနဲ့ဝင်းဝင်း
နင်ပြီး... နင်ဆင်း ပုတီးစိတ်နည်းကို ကျင့်သုံး
အားလုံးမြှုံးထဲရောက်နေပါပြီ ခင်ဗျား... လို့ပြောနေပြီ။

အသားထဲကလောက်တွေကတော့
တကျော့... နှစ်ကျော့တေးကိုသီ ငှက်ကျားနှုတ်ပလီ တေးသွားနဲ့
အရှက်မဲ့ကခုန်လို့ ...
ယုန်ရုပ်ရေးပြသော်လည်း …။

ကဲ… အဲဒီပွဲကို ဘယ်လိုဇာတ်သိမ်းကြမှာလဲ
ငရဲခွေးတွေကတော့
လွတ်နေပြန်ပြီ။ ။

စိုးနေလင်း


 

ဂေါက်သီး (ဆောင်းလူ)

ခုတလော .. ဂေါက်သီး ..ဂေါက်နေသည် ...။ အိမ်တွင်ရှိသော .. ဂီတာလေးအား တသသလုပ်ကာ.. ဟိုကဒေါင် ဒီဂယောင်ဖြင့် .. ဂေါက်သီးတယောက် ဂဏှာမငြိမ် ...။

ခုနောက်ပိုင်း ပိုပို၍ဂေါက်လာသည်ဟု ဂေါက်သီး ထင်မိသည် ...။ ဂေါက်သီးလက်က နာရီတို့သည် .. သံပတ်ပေးမှ သွားသည် ...။ ပင်နယံတို့သည် .. အချောထည်တိုင်းမဟုတ်တော့ ...။ ခွေးသွားစိတ်တွေမှာ စိတ်တွေပဲ့နေသည်လို့ ဂေါက်သီး ထင်မိသည်။

ဂေါက်သီးရင်ဘတ်က နှလုံးသားတို့တွင် ချောဆီမရှိသည့်အတွက် .. တကျီကျီဖြင့် အော်သံအား နေ့စဉ်နှင့်အမျှ ကြားနေရသည် ...။ ဂေါက်သီး ချောဆီ ထည့်လိုလှသည် ..။ ချောဆီဖိုးကား ဈေးကြီးလှသည် ...။


Sunday, November 24, 2013

အိုးက မပူ ... စလောင်းက ပူ (ကာတွန်း စောငို)


ကျနော်နဲ့ ခရီးကြမ်းလမ်း - ၅ (မင်းကျော်ခိုင်)

ခရီးဆက်ကြရင်း တောထဲမှာ ရွာလည်နေတဲ့ လူ ၃ဝဝ ကျော်အုပ်စုကြီးနဲ့ သွားဆုံကြတယ်၊ အဲဒီနေရာက ရွာနဲ့ သိပ်မဝေးဘူး သူတို့နဲ့ပါလာတဲ့လမ်းပြက လမ်းမှားပြီး လည်နေတာလေ။ ဒါနဲ့ အုပ်စုကြီး ၂ စု ပေါင်းလိုက်ကြပြီး အနီးဆုံးရွာကို ဆက်အတူသွားကြတယ်။ ရွာရောက်တော့မှ အဲဒီ လမ်းမှာလည်နေတဲ့အုပ်စုထဲက ကျနော်နဲ့မတွေ့တာ အတော်ကြာပြီဖြစ်တဲ့ (သူ အဆိုတော်ဖြစ်ကတည်းက ဆိုပါတော့) ကျော်မြင့်လွင် (ခ) ထူးအိမ်သင်ပါ။ သူနဲ့ ပြန်တွေ့တွေ့ချင်း သူက ဟေ့ရောင် ဒါပဲ ... ဒါပဲလိုတယ် လို့ပြောရင်း သူ့လက်ညှိုးကို ကွေးပြတယ်။ 

ဒါနဲ့ ကျနော်လည်း သူ့ကြည့်ပြီး ဟုတ်ပါပြီ ငါ သိပါတယ် အားလုံးက ဒါပဲလိုတယ်ဆိုပြီးထွက်လာကြတာ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး... အဆိုတော် မပြောရဘူး ဝတ်လာတာက အင်္ကျီဖြူ ဘောင်းဘီဖြူ နဲ့၊ ဒို့ အခုသွားနေကြတာ သီချင်းသွားဆိုဖို့မဟုတ်ဘူးလို့ပြောတော့ သူက ရှက်ကိုးရှက်ကန်းနဲ့ မင်းကလည်းကွာ ငါလည်း ကြုံသလိုကြံဖန်ပြီး ထွက်လာရတာလေ လို့ပြောတယ်။ အမှန်က သူ့ကို အားလုံးကသိနေတော့ သီချင်းဆိုဖို့ဆိုပြီး မလိမ့်တပတ်နဲ့ စစ်ထောက်လှမ်းရေးကနေလွတ်အောင် ကြံဖန်ထွက်လာခဲ့တာလို့ သူပြောပါတယ်။ 

ရွာထဲမှာ ၂ ရက်နေရတယ်၊ ရွာနာမည်တော့ ကျနော် မမှတ်မိတော့ဘူး။ ရွာကနေဆက်ထွက်ကြတော့ လမ်းခုလတ်မှာ အသားလတ်လတ် အသက် ၂ဝ ကျော်လူငယ်တယောက်က ကျနော်တို့ကို ဆီးကြိုတယ်။ သူက ရွာအဝင်ဘုန်းကြီးကျောင်းကို ကျနော်တို့ကိုခေါ်သွားပြီး သူဟာ CRDB ဦးတင်မောင်ဝင်းရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အကြောင်း၊ ကျနော်တို့အားလုံးကို ထိုင်း-မြန်မာနယ်စပ်မှာ လိုအပ်တဲ့ အကူအညီအားလုံးပေးဖို့ အဆင်သင့်ရှိနေပါကြောင်း ပြောပါတော့တယ်။ 


တောင်းပန်ပါတယ် ဝန်မင်းရယ် ... (ကာတွန်း အောင်မော်)



တော်လှန်ရေး သဘောတရားတွေက ခုထိ မမှားသေးဘူး (စိုးနေလင်း)

ဒီဆောင်းပါးကိုရေးဖို့ အတော် ချင့်ချိန်ရတယ်။ ဒါပေမယ့် ရှိနေတဲ့ ပကတိ အခြေအနေအရ ရေးသင့်တယ် ရေးမှဖြစ်မယ်လို့ဆုံးဖြတ်ပြီး ရေးလိုက်တာပါပဲ။ တော်လှန်ရေးတခုကို တိုးတက်တဲ့ ပညာတတ်လူတန်းစားတွေ ဦးမဆောင်ဘဲ မအောင်မြင်နိုင်ဘူးလို့ အဖိနှိပ်ခံပြည်သူလူထုဘက်က အစဉ်အမြဲရပ်တည်သွားခဲ့ကြတဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ သဘောတရားမှာ ပြဆိုထားတယ်။ တပြိုင်နက်ထဲမှာပဲ ပညာတတ်လူတန်းစားဟာ ဖောက်ပြန်တတ်တယ် လို့လည်း ဆိုထားပြန်တယ်။ အဲဒီ သဘောတရားတွေက ခေါင်းထဲကကနေ အလိုလိုပေါ်လာတာ မဟုတ်ပါဘူး၊ ခေတ် အဆက်ဆက် လူ့သမိုင်းထဲကဖြစ်စဉ်တွေ တော်လှန်ရေးတွေ၊ အပြောင်းအလဲတွေထဲကရတဲ့ အတွေ့အကြုံ၊ အစုအပုံတွေထဲက ခေါင်းဆောင်တွေက ထုတ်နုတ် သဘောတရားလုပ်ခဲ့ကြတာပါ။ 

ကျနော်တို့မြန်မာနိုင်ငံရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲစဉ်တွေမှာ အဲဒီလို တော်လှန်တိုးတက်တဲ့ ပညာတတ်လူတန်းစားတွေကဦးဆောင်ဦးရွက် ပြုခဲ့ကြတာကို သမိုင်းစာမျက်နှာတွေမှာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ဖောက်ပြန်တဲ့ ပညာတတ်တွေရဲ့ အမျိုးသားအကျိုးစီးပွား ဆန့်ကျင်ရေးလုပ်ရပ်တွေကိုကိုလည်း တွေ့နိုင်ပါတယ်။ အဲဒီအကျိုးဆက်ကိုလည်း ကျနော်တို့ပြည်သူလူထုတွေ ခုထိ ခါးစီးခံနေကြရဆဲ ဖြစ်ပါတယ်။ ဘယ်သူတွေ တော်လှန်တိုးတက်ပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့သလဲ။ ဘယ်သူတွေ ဖောက်ပြန်ကိုယ်ကျိုးရှာခဲ့ကြသလဲ။ သမိုင်းစာမျက်နှာတွေကိုပြန်ဖတ်ရင် အထင်အရှား တွေ့နိုင်ပါတယ်။ ပြီးသွားကြပြီ… သမိုင်းမှာ တင်ကျန်ခဲ့သူတွေကို ဒီကနေ့ ကျနော်တို့ အလေးပြုနေရဆဲ။ စင်ကျန် မြောင်းထဲရောက်သွားသူတွေအတွက်လည်း ပြည်သူလူထုက ဝမ်းနည်းမျက်ရည်မကျ သာဓု… အခေါ်ခံခဲ့ကြသူတွေကိုလည်း တွေ့ခဲ့ရပါပြီ။ 


Saturday, November 23, 2013

နယ်စပ်က ပို့တဲ့ ထောင်ဝင်ကဗျာ (မောင်လွမ်းဏီ)

ထောင်မှာအကျဉ်းထား 
လ ရက် လား တူမောင်။ 

ပုဒ်မ ၁၈ 
ကျုပ်တို့ခေတ်မှာ 
ပြာစ လွင့်ပျံ စေရမယ်။ 

အဖွား 
ကြားပါစေ 
ပေပေါ်တင်ထု ထုချင် ထု 
မီးပေါ်တင်ရှို့ ရှို့ချင် ရှို့။ 

ဒီငြိမ်းလင်း ဓား
ကြေမသွားဘူး၊ 
ဘုရားစူး စေ့ ကျိန်ရတယ်။    ။ 

မောင်လွမ်းဏီ 
၂၃ - ၁၁ - ၂၀၁၃


 

နာဂစ်ကို လာဆစ်မနေနဲ့ ... (ကာတွန်း စောငို)


နှလုံးသားဒိုင်ယာရီ (၁၇) - အုပ်ကြီးဖေ

၂၅-၂-၂၀၀၂ 

ဘဝတွင် ဝမ်းအကျင့်၊ နှုတ်အကျင့်ကိုဖျောက်ရန် ခက်ခဲသည်ဟုဆိုရမည်။ တော်လှန်ရေးနယ်မြေ ကျင်လည်နေထိုင်စဉ်ကာလ ထမင်းကိုသာ အားပြုစားသောက်တတ်ကြသည်။ နံနက် ၄ နာရီထိုးသည်နှင့် အိပ်ယာမှထကာ ချက်ပြုတ်ကြပြီး ၆ နာရီထိုးသည်နှင့် နံနက်စာကိုစားသောက်တတ်ကြသည်။ ညနေစာကိုတော့ ၃ နာရီထိုးသည်နှင့်စားသောက်ပြီးဖြစ်သည်။ ထိုမှာ နိစ္စဓူဝဖြေရှင်းရသော ဝမ်းရေးဖြစ်သည်။ 

သာစည်ဘူတာအနီး ရွှေဝတ်မှုံတည်းခိုခန်းရောက်တော့လည်း နံနက် ၆ နာရီထိုးသည်နှင့် ဝမ်းမီးက ပူလောင်ထကြွသောင်းကျန်းနေတော့သည်။ မုန့်ပဲသရေစာ မစားတတ်၊ မတင်းတိမ်၍ဖြစ်မည်။ ဝမ်းမီးငြိမ်းစေရန်အတွက် ထမင်းဆိုင်ရှာတော်ပုံဖွင့်ရသည်။ ဘူတာနှင့်မနီးမဝေးနေရာတွင် ထမင်းဆိုင်ကိုရှာတွေ့လိုက်သည်။ “မခိုင်” မြန်မာထမင်းဆိုင်ဟူ၍ ဖြစ်သည်။ 

ကျနော်လည်း ထမင်းဆိုင်ထဲသို့ဝင်ရောက်သွားပြီး “အစ်မရေ အမဲသားဟင်းနဲ့ ထမင်းတစ်ပွဲချပေးပါ” ဟုဆိုတော့ ဆိုင်ရှင်က အံ့သြနေပုံရသည်။ ခဏအကြာ “မောင်လေးရေ ထမင်းက အခုမှချက်တုန်းရယ်” ဟုဆိုလာသည်။ ကျနော်ကလည်း “အစ်မရေ ထမင်းကြမ်းရှိရင်လည်း ဖြစ်ပါတယ်ဗျာ” ဟု ထပ်မံတောင်းဆိုလိုက်သောကြောင့် မနေ့ညကကျန်သော ထမင်းကြမ်းနှင့် အမဲသားဟင်းတစ်ပွဲ လာရောက်ချပေးသည်။ မျက်နှာရှေ့ကျရောက်လာသော ထမင်းနှင့်ဟင်းကို မြိန်ယှက်စွာ စားသောက်လိုက်ရမှ မီးကိုရေနှင့်ငြှိမ်းသကဲ့သို့ ဝမ်းသည်လည်း ငြိမ်သက်သွားရလေတော့သည်။ 


မမှန်မကန် လုပ်ကြံရေးတယ်ဆို... ကျနော့်ကို တရားစွဲ (ကိုညို)

ကိုယ့်ဖေ့စ်ဘွတ်ခ်စာမျက်နှာဆိုပေမယ့် မဟုတ်မမှန်တာတွေနဲ့ ကိုယ့်အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ အကျိုးမရှိတဲ့ အကြောင်းအရာတွေ မရေးဘူး။ သတင်းဌာနတချို့က ပုံမှန်သတင်းထောက်အဖြစ် သတင်းနဲ့ သတင်းဆောင်းပါးတွေ၊ ကွန်မင်ထရီ သတင်းတွေ ရေးပို့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကိုယ့်အကြောင်းနဲ့ကိုယ် မရေးဖြစ်ဘူး။ ဖရီးလင့်စ် အလွတ်သတင်းထောက်အနေနဲ့ပဲ စိတ်ပါရင် ရေးတယ်၊ ကိုယ့်ဖေ့စ်ဘွတ်မှာ ကိုယ်ရေးတယ်ဆိုပေမယ့် ချင့်ချိန်စဉ်းစားပြီးရေးသလို ကိုယ့်အမြင်နဲ့ ခံစားမှုကို ချိန်ဆရေးတာဖြစ်တယ်။ ရမ်းသန်း မရေးဘူး၊ စည်းမဲ့ကမ်းမဲ့ ရေးနေရင် ကိုယ့်ကိုလည်း ဘယ်သူမှ ဆေးဖော်ကြောဖက်လုပ်မှာ မဟုတ်ဘူး...။ 

မနေ့က သတင်းဌာနတခုရဲ့ နော်ဝေးမီဒီယာတွေနဲ့တွေ့ဆုံပွဲတခုမှာ ကိုယ်လည်းတတ်ပြီး ဆောင်းပါးရေးသူတယောက်၊ အလွတ်သတင်းထောက်တယောက်အနေနဲ့ သိလိုတဲ့မေးခွန်းတချို့ သွားမေးတယ်။ တယောက်က ကိုယ်မေးတဲ့ မေးခွန်းကို မဖြေခင် ခင်ဗျားဖေ့စ်ဘွတ်မှာ အဲဒီ မေးခွန်းတွေ ဖတ်ရတယ်၊ ခင်ဗျားရေးထားတာ အမှားတွေလို့ အရင်ဆုံးပြောပြီး ကိုယ်မေးတာကို ဝေ့လည်ကြောင်ပတ်နဲ့ မဖြေသွားဘူး။ နောက်တယောက်က ဖေ့စ်ဘွတ်မှာရေးတာ အသိအမှတ်မပြုဘူး၊ ဘယ်သတင်းဌာနကို ကိုယ်စားပြုသလဲလို့ မျက်စိမျက်နှာတွေပျက်ပြီး မေးပြန်တယ်။ 


ကျနော်နဲ့ ခရီးကြမ်းလမ်း - ၄ (မင်းကျော်ခိုင်)

တကယ်တမ်း ကျနော်တို့အုပ်စုကြီး ဓနိတောရွာကနေ ခရီးဆက်ကြတုန်းက ခြေလျှင်ခရီး မဟုတ်ခဲ့ပါဘူး၊ ကုန်တင်စက်လှေတွေနဲ့ပါ။ မွန်ပြည်သစ်တပ်ဖွဲ့က ပင်လယ်ပြင် ကုန်သည်တွေဆီကနေ ချောဆွဲလာတဲ့ ကုန်တင်စက်လှေ ၆ စီးနဲ့ပါ။ စက်လှေတွေက တော်တော်ကြီးပါတယ်။ ကျနော်က သင်္ဘောစီးဖူးတယ်ဆိုတာ ရန်ကုန်နဲ့ ဓနုဖြူ သင်္ဘောပဲ စီးခဲ့ဖူးတာ။ ခုဟာက ကုန်တင်တဲ့စက်လှေတွေဆိုတော့ သင်္ဘောဝမ်းဗိုက်ထဲ ကုန်တွေထားတဲ့နေရာမှာ ကျနော်တို့လူတွေထိုင်ပြီး လိုက်ခဲ့ရတာဆိုတော့ သက်တောင့်သက်သာရှိလှတာတော့ မဟုတ်ဘူး။ ကုန်ပစ္စည်းတွေဆိုရင်တော့ ကုန်တွေ အထပ်ထပ်ဆင့်တင်ပြီး အလေးချိန်စီးပေမယ့် ခု လူတွေဆိုတော့ အလေးချိန်တွေက ကုန်တွေလောက် မများတော့ဘူးလေ၊ အဲဒီတော့ စက်လှေက ပင်လယ်ပြင်လှိုင်းလုံးတွေကြားမှာ အနည်းနဲ့အများတော့ လူးပြီပေါ့။ ဒါတောင် ရာသီဥတုကောင်းမယ့်အချိန်စောင့်ပြီး ထွက်ကြတာပါ။ 

ကျနော်တို့ လှိုင်းမူးပြီးအန်လိုက်ကြတာ ပြောရရင် တချို့များ မစင်(ချီး) ပါအန်ထွက်တဲ့အထိပါပဲ။ တသက်နဲ့တကိုယ် အဲလောက်အထိ ပင်လယ်လှိုင်းမူးပြီးအန်ခဲ့တာ တသက်မမေ့နိုင်အောင်ဖြစ်ခဲ့ရတယ်။ စက်လှေ ၆ စီးမှာ တစီးကို လူ ၅ဝ စီတင်ပြီး သွားခဲ့ရတဲ့ ပင်လယ်ခရီးကြမ်းပါပဲ။ ဓနိတောရွာကနေ ညဥ့်နက်သန်းခေါင်ကျော်မှာ စထွက်ခဲ့ကြတာ ၇ နာရီလောက် ပင်လယ်လှိုင်းမူးပြီး စီးခဲ့ကြပြီးမှ ဒူးယားရွာကိုသွားလို့ရမယ့် ပင်လယ်ကမ်းစပ်ကိုရောက်ကြတယ်၊။ ကျနော်တို့အားလုံးက သင်္ဘောဝမ်းဗိုက်ထဲကနေ မူးလိုက် အန်လိုက်နဲ့လိုက်ခဲ့ရတာဆိုတော့ ဖြတ်ခဲ့ရတဲ့ ပင်လယ်လမ်းခရီးတလျှောက် ရှုခင်းတွေကြည့်ဖို့ဆိုတာတော့ စဉ်းစားသာကြည့်ပါတော့...။ ဘယ်နေရာတွေကနေဖြတ်ပြီး ဘယ်နေရာကိုရောက်တယ်ဆိုတာလဲ မသိခဲ့ရတဲ့ မမေ့နိုင်တဲ့ ပင်လယ်ခရီးကြမ်းပါပဲ။ 


Friday, November 22, 2013

ရန်ကုန်နှင့် စကားပြောခြင်း (ဒီလက်မျိုး)

ရန်ကုန် 
မင်းနဲ့ငါနဲ့ ဝေးခဲ့တာ ဆယ်စုနှစ်တစုကြာခဲ့ပေါ့။ 
ငါ သတိရတယ် ရန်ကုန်။ 

ရန်တွေကုန်ခဲ့လို့ 
ရန်ကုန်လို့အမည်ရခဲ့တဲ့ မင်းဟာ 
ခုတော့လည်း ရန်တွေပတ်လည်ဝိုင်းနေပါပေါ့ ရန်ကုန်။ 

မင်းရဲ့ ဒဏ်ရာအမာရွတ်တွေပေပွနေတဲ့ ကျောကုန်းပေါ်မှာ
ငါတို့မညှာမတာ ဖြတ်လျှောက်ခဲ့ဖူးတာကိုလည်း 
သိပ်သတိရတာပဲ ရန်ကုန်။ 

ခုတော့ မင်းက သားသားနားနားများရှိမလားလို့ 
တကယ်တမ်းကြတော့ 
နေပြည်တော်ဆိုတဲ့မြို့ကို ထမီနားခိုစားနေတာတွေ့ရတော့ 
ငါ မင်းကို သနားတယ် ရန်ကုန်။ 

ရန်ကုန် 
မင်းဟာ
ရေပေါ်ဆီလူတန်းစားတွေကို မွေးဖွားပေးခဲ့သလို 
အနုပညာသမားတွေကိုလည်း နေရာပေးခဲ့တယ် ရန်ကုန်။ 


ကမ္ဘာက သိပါတယ် ... (ကာတွန်း စောငို)




Thursday, November 21, 2013

ဟန့်တားပိတ်ပင်ခံနေရသေးတဲ့ သတင်းမီဒီယာ

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရှိလာပြီလို့ ပြောနေကြပေမယ့် သတင်းထောက်တွေ သတင်းရယူတဲ့အခါ ဟန့်တားပိတ်ပင်ခံရတာတွေ ရှိနေသေးပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းက လက်ပံတောင်းတောင်ကိစ္စမှာ ဖြစ်ပျက်ခဲ့တာဟာ အဓိက သာဓကတခု ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟန့်တားပိတ်ပင်ခံရသူ သတင်းထောက် ကိုကျော်နိုင်၊ မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုမြင့်ကျော်တို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။ 

ကိုကျော်နိုင် ။ ။ ဒီကနေ ယာခင်းတွေကိုသွားတဲ့ ပင်မလှည်းလမ်းမကြီးကို လုံထိန်းတွေက ရဲကင်းတဲဆောက်ပြီးတော့ ပိတ်ထားလိုက်တယ်။ ဆူးဒေါက်တိုင်တွေခတ်ပြီးတော့ ပိတ်ထားတဲ့အတွက် သွားရေးလာရေးလမ်းတွေ ခက်ခဲတဲ့အတွက်ကို သူတို့ဆန္ဒတွေ ထုတ်ဖော်တယ်။ အဲဒီနေ့မှာ ဆန္ဒထုတ်ဖော်မှုတွေက တအားပြင်းထန်လာပြီးတော့ ဒေသခံတွေဘက်က လုံထိန်းရဲတွေ တခုခုလုပ်ရင် သူတို့ဘက်ကလည်း ပြန်ပြီးခုခံမယ်ဆိုတဲ့ အတိုင်းအတာတွေ ဖြစ်ခဲ့တယ်။ 

အဲဒီနောက်ပိုင်းမှာ မနက်ပိုင်းကဖြစ်ခဲ့တဲ့အရှိန်တွေကြောင့် ညဘက်ပိုင်းတွေမှာ လုံထိန်းရဲတွေက ရွာထဲကိုဝင်ဖို့ ကြိုးစားတယ်။ အဲဒီလုံထိန်းရဲတွေ ရွာထဲကိုဝင်ဖို့ ဒေသခံတွေက အဝင်မခံဘဲနဲ့ ရွာထိပ်ကပိတ်ပြီးတော့ တားဆီးချိန်မှာ လုံထိန်းရဲ နဲ့ ရွာသားတွေ ည ၇ နာရီလောက် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အပြန်အလှန် လေးခွတွေနဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်။ ကျနော်တို့ဆီ သတင်းရောက်တာတော့ ၇ နာရီ ၁၅ လောက်မှာ သတင်းရတယ်။ ကျနော်က အဲဒီ အင်းကြင်တောင် သပိတ်စခန်းကိုသွားပြီးတော့ သတင်းရယူဖို့ သွားနေတဲ့အချိန်ပဲ ရှိသေးတယ်။ 


Wednesday, November 20, 2013

ကမ္ဘာနဲ့ ငါရဲ့ဒုက္ခများ (သစ်ကောင်းအိမ်)

မြန်မာပြည်မှာ ကြပ်ပြေး ကဒါဖီ ကြောက်ရ 
ထိုင်းရောက်တော့ ထိုင်းရဲ ကြောက်ရ 
နယူးယောက်ရောက်ပြန်တော့ 
အသေခံလေယာဉ်ပျံကြီးတွေ ကြောက်ရ 

တို့သာကီနွယ်မျိုးတွေရဲ့ထိုးဇာတ်မှာ 
မနှစ်က သင်္ကြန်မဏ္ဍပ်ဗုံးပေါက်တော့ 
ငိုယိုကြ ရင်ထုကြ 
ရန်တွေ့ကြ ဒေါသထွက်ကြ 
မတရားစွပ်စွဲခံ ဗုံးခွဲတရားခံတွေကို ထောင်ချတော့ 
လင်မယားဖက်အိပ်မပျက်ကြ 


အမေရိကရောက် ကျနော် ဒုက္ခသည် - ၂ (ထက်ရာဇာ)

ဒီလို နေ့နဲ့ည မှားတဲ့ဒဏ်ကိုခံပြီးတော့ စတင်ဒုက္ခရောက်တာကတော့ အစားအသောက်ပြဿနာပဲဖြစ်ပါတယ်။ ရောက်တာကလည်း ရက်ပိုင်းပဲရှိသေးတော့ ဘယ်မှ မသွားတတ် မလာတတ်။ နောက်တချက်က ကျနော်တို့ရောက်တဲ့အချိန်က ဘိုအိုင်စီးမြို့မှာ နှင်းက သဲသဲမဲမဲကြနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အနည်းဆုံး ၄ လက်မလောက်ကနေ ၈ လက်မနီးပါးရှိတဲ့ နှင်းတောထဲမှာ ဘယ်မှာ ဘာဆိုင်ရှိမှန်းမသိဘဲ ကျနော်လည်း မသွားရဲတာ အမှန်ပါပဲ။ 

အဲဒီတုန်းက ဒီလောက်အေးနေတဲ့အတွက် အရက်ဝယ်ချင်ရင်တောင် ကျနော့်မှာ အိုင်ဒီကတ်ပြား မရသေးတဲ့အတွက် အရက်က ဝယ်မရ။ (အမေရိကမှာက အရက်ဝယ်ဝယ် ဆေးလိပ်ဝယ်ဝယ် အသက်ပြည့်ကြောင်း မိမိ အိုင်ဒီကတ်ပြားကိုပြပြီးမှ ဝယ်လို့ရပါတယ်။) အစားအသောက်ကလည်း သူတို့ ရေခဲသတ္တာထဲမှာထည့်ပေးထားတဲ့ အမဲသားအစိမ်းတွေကို ပြုတ်လိုက် ကျော်လိုက်နဲ့ပဲ စခန်းသွားခဲ့ရတဲ့နေ့တွေလည်း ဖြစ်ပါတယ်။


Tuesday, November 19, 2013

ဘယ်ကလာပြီး ဘာတွေလုပ်လို့ ဘယ်သွားမှာလဲ ဒီဗွီဘီ ... (ကိုညို)

အခုရက်ပိုင်းအတွင်း အော်စလိုမှာ DVB အသံလွှင့်ဌာန ပိတ်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားလုပ်ဖို့ တာစူနေကြတယ်။ ပြည်တွင်းနဲ့ ချင်းမိုင်၊ မဲဆောက် အခြေစိုက် DVB ဝန်ထမ်းတချို့ရယ်၊ ဟိုးအစောပိုင်း DVB တည်ထောင်စ ပါဝင်ခဲ့တဲ့ လူဟောင်းတွေကိုရော သတိတရ ဖိတ်ကြားပြီး မနက်ကိုးနာရီခွဲကနေ ညနေ လေးနာရီထိ ရှေ့ကြောင်းနောက်ကြောင်းတွေ ပြန်သုံးသပ်တင်ပြကြမယ်လို့ ကြားတယ်။ 

နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စကားနည်းနည်းပြောမယ် ကြားတယ်။ ဒီပိတ်ပွဲကို မြန်မာပြည်က စာရေးဆရာ ဂျာနယ်လစ်တချို့ကိုလည်း ဖိတ်တယ်...။ သတင်းထောက်တွေရောဆို လူ ၂၀ ကျော်မယ် ထင်တယ်။ ပြည်တွင်း ဂျာနယ်လစ်စ်တွေကတော့ နော်ဝေးအပြင် ဆွီဒင်၊ ပြင်သစ် စတဲ့ ဥရောပနိုင်ငံတချို့ ခရီးဆက်မယ် သိရတယ်။ ဒီပွဲကြီးတခုလုံးအတွက် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ Open Society Foundation ရယ်၊ နော်ဝေးအခြေစိုက် Fritt Ord Foundation အဖွဲ့တွေက ငွေကုန်ကြေးကျခံတယ်လို့ စုံစမ်းသိရတယ်။ တကယ်တော့ DVB ဟာ လာခြင်း ကောင်းခဲ့ပေမယ့် ပြန်ခြင်းမလှရှာဘူး။ ပေါ်ပေါက်စက ပြည်သူ့သြဘာသံ တညံညံရခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ပြည်သူရဲ့ ထွီ... ထွမ်... အခြေစိုက်ဖို့ဖြစ်သွားပြီလို့ပဲ မထောက်မညှာ ပြောရတော့မယ်။ 


အုံးပြန့် (သစ်ကောင်းအိမ်)

တထစ်ချင်း… 
တထစ်ချင်း… 
သွေးချင်းချင်းနဲ့ 
ဆင်းခဲ့ရာ တက်ခဲ့ရာ 
မိုးကြမ်းထဲလဲနေတဲ့ တောင်တက်လမ်းများ 

တလှမ်းချင်း… 
တလှမ်းချင်း… 
အလွမ်းချင်းချင်းနဲ့ 
ပွေ့ခဲ့ရာ ပိုက်ခဲ့ရာ 
မျက်ရည်နဲ့ချောနေတဲ့ တောင်တက်လမ်းများ 

ကိုယ်တိုင်က ‘တောမီး’ ဖြစ်ပြီး 
တငွေ့ငွေ့လောင်ကျွမ်းကြရတဲ့အခါ 


စကားလုံး ... (ကာတွန်း အောင်မော်)


ဗိုလ်မှူးကြီးက ဘယ်ညာဘယ်ညာနင်း၊ ပွဲခင်းပရိသတ်က တဝါးဝါးဟား (ဟံသာဝတီ ဦးဝင်းတင်)

ဆောင်းကလေး ဝင်လာလို့များလား မသိပါဘူးဗျာ။ အိပ်မက်တွေက ကယောက်ကယက်။ တယ်ပြီးတော့ အနေမသာလှဘူးဗျို့။ ကျုပ်က ရှစ်ဆယ်ကျော် သူငယ်ပြန်တဲ့အရွယ်။ ဒီလိုပဲ ဖြစ်မှာပေါ့။ ကျုပ်ကတော့ အသာနေနိုင်အောင် ကြိုးစားပါတယ်ဗျာ။ နိုင်ငံရေးလေးစိတ်ဝင်စားတာ တစ်ခုပါပဲ။ ကျုပ်ရဲ့ အိမ်နီးချင်း ဟိုအဘိုးကြီးလိုပေါ့ဗျာ။ ဟဲဟဲဟဲ။ 

မနေ့ညကတော့ ဗိုလ်မှူးကြီး လှအောင်ကို သွားသတိရတယ်။ ဗိုလ်မှူးကြီးက ခြေလျင်တောင်တက်အသင်း ဥက္ကဋ္ဌတို့၊ ဘာတို့လုပ်တယ်။ ကျောင်းသားလူငယ်တွေကို ရေခဲတောင်တက်ခိုင်းတယ်။ မီးပင်လယ် မဖြတ်ခိုင်းရုံတစ်မယ်။ တိရစ္ဆာန်ရုံ ဥက္ကဋ္ဌလည်း လုပ်တယ်။ တစ်နေ့တော့ တိရစ္ဆာန် ယဉ်ကျေးလိမ္မာ ပြပွဲကြီး လုပ်တယ်ဗျာ။ 

ဗိုလ်မှူးကြီးက ရှေ့ဆုံးက ရင်ကော့ချီလာတယ်။ ဘောင်းဘီတိုနဲ့။ ဂျိမ်းတုတ်တုတ်၊ ဂျိမ်းတုတ်တုတ် ဂျိမ်းဆိုင်းချက်နဲ့။ သူ့နောက်က ဝက်ဝံလေးတွေ၊ ကျားပေါက်လေးတွေ၊ မျောက်ကလေးတွေ၊ ငန်းကလေးတွေ ချီလာကြတယ်။ အစီအစဉ်ကြေညာသူက `ဧည့်သည်တော်များ ခင်ဗျာ။ ဗိုလ်မှူးကြီးလှအောင်ဟာ အဟိတ် တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်း´ … (နောက်တစ်ကျော့) …`ဖြစ်ငြားသော်လည်း..´။ (နောက်တစ်ကျော့)။ နှစ်ကျော့၊ သုံးကျော့ အော်နေတယ်။ ပရိသတ်က တဝါးဝါး။ တဟားဟား။ ဗိုလ်မှူးကြီးက ဘယ်ညာဘယ်ညာ။ ဆိုင်းချက်က ဂျိမ်းတုတ် ဂျိမ်းတုတ်။ … အတော်ကြီးကြာမှ `ယဉ်ကျေးလိမ္မာအောင် သင်ပြပေးနိုင်ပါတယ်ခင်ဗျား´လို့ စကားဆက်တယ်။ ပရိသတ်ကတော့ တဝါးဝါး။ ဗိုလ်ချုပ်ကြီးကလည်း ဘယ်ညာ ဘယ်ညာ။ ဆိုင်းချက်ကလည်း ဂျိမ်းတုတ်ဂျိမ်းတုတ်။ ဟဲ့… ဟဲ့ တိရစ္ဆာန်က ဘယ်သူလဲ။ 


Monday, November 18, 2013

၂ ဆတိုး ... (ကာတွန်း အောင်မော်)


ကျနော်နဲ့ ခရီးကြမ်းလမ်း - ၃ (မင်းကျော်ခိုင်)

ကျနော်တို့လည်း ကျောင်းသူနှစ်ယောက်ကို သူတို့ထမီ ယောင်္ကျားလေးတွေပုဆိုး ကတောင်းကျိုက်သလို ကျိုက်ခိုင်းပြီး ရှေ့က သူများတွေဖြတ်သလိုသာ ဖြတ်တော့ဆိုပြီးပြောတော့ သူတို့လည်း ကွိကွိကွကွ အိအိအအ အော်သံတွေနဲ့ မျှော့တောကြီး ဖြတ်ကြတာပေါ့။ ဟိုဘက်ကမ်းရောက်မှ ကျနော်တို့က ပါလာတဲ့ မီးခြစ်နဲ့ မျှော့ကြီးတွေကို အပူမြိုက်ပြီး ခွာချပေးကြရတယ်။ 

အားလုံး အိုကေပြီ။ မျှော့ကွင်းကြီးကျော်ခဲ့ပြီးမှ ကားလမ်းဖြတ်ဖို့ တဖက်လမ်းကနေ လမ်းကြောင်းရှင်း အချက်ပြမယ့် မွန်ပြည်သစ်ကရဲဘော်ရဲ့ အချက်ပေးသံကို မျှော်ရတယ်။ နာရီဝက်လောက်အကြာ ရဲဘော်ရဲ့ အချက်ပေး လက်ခေါက်မှုတ်သံကြားတော့ ကျနော်တို့ရန်ကုန်အုပ်စုက ရှေ့ဆုံးကနေ ပြေးကူးကြတယ်။ ကျနော်တို့နောက်က ကျန်အုပ်စုတွေကလည်း တန်းစီပြီး လိုက်ကူးကြတာပေါ့။ ဖြစ်ချင်တော့ လူအုပ်ကြီး ၃ ပုံ ၁ ပုံ ကူးပြီးတော့မှ ရဲဘော်လေးရဲ့ဟာ လမ်းမှားသွားပြီ၊ ဒီလမ်းက ရွာအဝင်လမ်း မဟုတ်ဘူး၊ တောထဲဝင်တဲ့လမ်းဆိုလို့ နောက်ထပ် ကိုက်တရာသာသာလောက်ဝေးတဲ့ လမ်းအမှန်ရောက်အောင် ဝရုန်းသုံးကား ပြေးကြရပြန်တယ်။ 


Saturday, November 16, 2013

အဆောင်အယောင် (ကာတွန်း အောင်မော်)




ကျနော်နဲ့ ခရီးကြမ်းလမ်း - ၂ (မင်းကျော်ခိုင်)

မွန်ပြည်သစ်ရဲ့ ဗိုလ်မှူးဆိုသူက ကျနော်တို့တယောက်ချင်းစီရဲ့မျက်နှာတွေကို သူ့လက်နှိပ်ဓာတ်မီးနဲ့ထိုးကြည့်ရင်း ကျနော့်ဘေးမှာထိုင်နေတဲ့ ရဲလွင်ရဲ့မျက်နှာကိုလည်း မြင်လိုက်ရော ဟာ... ဆရာပါလား၊ ဆရာ ကျနော့်ကို မမှတ်မိဘူးလား... ကျနော် ထွန်းအောင်လေ ဆရာ... ဆိုပြီး အံ့သြဝမ်းသာသွားတဲ့အသံ ကြားလိုက်ရတယ်။ ကျနော်လည်း ရဲလွင်ကို တံတောင်နဲ့တွတ်ပြီး မင်း ကြည့်ရှင်းလိုက်ဆိုတဲ့အထာပေးလိုက်တယ်။ 

ရဲလွင်က ဟာဗျာ... ခင်ဗျားမျက်နှာ ကျနော်မြင်မှမမြင်ရတာ ဘယ်လိုလုပ်မှတ်မိမှာလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီမှာတင် ဗိုလ်မှူးထွန်းအောင်ဆိုတဲ့သူက သူ့မျက်နှာသူ သူ့ဓာတ်မီးနဲ့ပြန်ထိုးပြီး ဆရာ ကျနော် ဆရာ့ဆီမှာ တနင်္ဂနွေအပါတ်တိုင်း စာလာလာမေးခဲ့တာလေ၊ အဲဒီတုန်းက ကျနော်က ဘုန်းကြီးဝတ်ကြီးနဲ့ပါဆရာ... ဆရာ ဒါ ဆရာ့သူငယ်ချင်းတွေ မဟုတ်လား၊ ဘာမှမပူနဲ့ဆရာ၊ ကျနော် အားလုံးတာဝန်ယူတယ်ဆိုပြီး သူ့တပည့်ရဲဘော်တွေကို ဟေ့ ဒါ ငါ့ဆရာကွ၊ ငါ တက္ကသိုလ်မှာ စာပေးစာယူကျောင်းတက်တုန်းက ငါ့ကို စာအမြဲပြပေးတဲ့ ငါ့ဆရာပဲ...လို့ ပြောပြီးသကာလ ကျနော်တို့အုပ်စု ဓနိတောရွာထဲ ရင်ကော့ဝင်နိုင်ခဲ့ကြပါတယ်။ 


မဲဆောက်တောင်ခြေ (သစ်ကောင်းအိမ်)

ရွှေ့ပြောင်းအလုပ်သမား 
ရွှေ့ပြောင်းအစိုးရ 
ရွှေ့ပြောင်းကဗျာဆရာ 
မိုဘိုင်းဖုန်းသံတွေနဲ့ ဆူညံနေတဲ့ကမ္ဘာ 

ဂျနီဗာ ကတိကဝတ်တွေထက် 
ဂျနီဖာလိုပက်(ဇ်)ရဲ့အတွင်းခံ ပစ္စည်းတွေက 
ပိုပြီးအရေးပါခဲ့ 

စစ်ပွဲကြီးတွေအလယ်မှာ 
မျက်စိသူငယ်နဲ့ 
မူးနော်လေး ‘ကိုဖီအာနန်’ ကိုလည်း 
ရွာကိုသာ ပြန်ပို့လိုက်ပါတော့ 

ဖတ်မိတဲ့သတင်းတပုဒ်မှာ 
သူ့ကိုကိုက်တဲ့ခွေးကိုပြန်ရိုက်မိလို့ 
ကံဆိုးမ တိုင်းပြည်က 
အမျိုးကောင်းသားလေးတယောက် 
မီးရှို့အလောင်းဖျောက်ခံလိုက်ရ 


Friday, November 15, 2013

ခင်မောင်တိုး ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အလွမ်း (ကာတွန်း ဝင်းအောင်)

ကိုတိုးကြီး ခွဲခွာသွားတာ တနှစ် တင်းတင်းပြည့်ပြီ် ... 

နောက်ဆုတ်လို့ပေးတိုင်းသာ 
အရှုံးလို့ သတ်မှတ်ခဲ့ရင်လေ 
အရှုံးတွေများပြီ နေပစေလေ 
အနိုင်နဲ့အရှုံး အဆုံးအဖြတ်ဟာ 
အမှန်နဲ့အမှား။ 

(လောင်စာအချစ်မီး သီချင်း ... မှ)


 

တုံး မောင်း ခေါက် သံ ( မိုး သီး ဇွန် )

( ၁ ) 

ကုန်သည်လေ တိုက်ချိန်ကြမှ 
ငါတို့ဟာ လက်ဗလာနဲ့ 
အိမ်ကို ပြန်လာကြ ... 
လယ်တွေကို တို့ မပိုင်ကြတော့ဘူးလေ .... ။ 

ဒါ .. မြေကို သိမ်းတာမဟုတ် ... 
ဘဝတွေကို ဖျက်သိမ်းလိုက်တာလေ .... ။ 

မြေတွေကို ယူသွားတာ မဟုတ် ... 
ရွှေတွေကို ယူသွားတာ .... ။ 
တောင်တွေကို ယူသွားတာ မဟုတ် ... 
အပြုံးတွေကို ယူသွားတာ .... ။ 
ထန်းတောကို ယူသွားတာ မဟုတ် ... 
ယဉ်ကျေးမှုကို ယူသွားကြတာလေ .... ။ 
သူတို့တံခါးတွေ ဖွင့် 
တို့တံခါးတွေကို ပိတ်လိုက်တာ .... ။ 


ခေတ်ပြောင်းပြီ (ကာတွန်း ဝင်းအောင်)


Thursday, November 14, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၁ (မင်းကျော်ခိုင်)

ကျနော်တို့ ရန်ကုန်ကနေ ထိုင်းနိုင်ငံနယ်စပ်ကိုထွက်ခဲ့ကြတာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၄ ရက်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့ပါ။ ကျနော် အပါအဝင် ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနက ကျူတာ ရဲလွင်၊ နောက် မောင်တူး၊ တခြားဌာနတွေက ကျူတာ ၄ ယောက်အပါအဝင် ပေါင်း ၇ ယောက်။ 

ရန်ကုန်က မထွက်ခွာခင်ညက ကျနော့်အိမ်နောက်ဘက်က အမျိုးသားဘော်ဒါဆောင်မှာ လူခွဲအိပ်ကြပြီး မနက်လင်းအားကြီး ၄ နာရီခွဲမှာထ၊ ကျနော့် အဖေနဲ့အမေကို အားလုံးကန်တော့ကြပြီး အမေထုတ်ပေးတဲ့ ကျပ်ငွေ ငါးထောင်နဲ့ ကျနော်တို့အိမ်ရှိတဲ့ ၆ မိုင်ခွဲကနေ အောင်ဆန်းကွင်းမှာရှိတဲ့ မော်လမြိုင်-မုဒုံ ကားဂိတ်ကိုထွက်ခဲ့ကြတယ်။ 

ရန်ကုန်-မုဒုံ ဟိုင်းလပ်ကားစီးပြီး မုဒုံရောက်တဲ့အထိဘာမှ ပြဿနာမရှိဘဲ ရောက်ခဲ့ကြတယ်။ ဟိုင်းလပ်ကားပေါ်မှာ သူငယ်ချင်း အဆိုတော်မွန်းအောင်နဲ့ ဆုံကြသေးတယ်။ သူက သူ့အစီအစဉ်နဲ့သူသွားမှာဆိုတော့ မုဒုံမှာပဲ သူနဲ့ကျနော် လမ်းခွဲကြတယ်။ ကျနော်တို့က မွန်ပြည်သစ်ပါတီနဲ့ ချိတ်ထားပြီးမို့ပါ။


အမေရိကရောက် ကျနော် ဒုက္ခသည် (ထက်ရာဇာ)

ထိုင်း-မြန်မာနယ်စပ်မှာ ၅ နှစ်လောက်နေပြီးတော့ ၂၀၀၉ နှစ်စပိုင်းလောက်မှာ အမေရိကနိုင်ငံမှာ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ အခြေချနေထိုင်ခွင့်ပြုကြောင်းကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ အမေရိကန်သံရုံးကနေ ကျနော့်ဆီကို စာပို့လာခဲ့ပါတယ်။ တဆက်တည်းမှာပဲ အမေရိကကိုထွက်ရမယ့် ရက်စွဲနဲ့ အမေရိကကိုစီးရမယ့် လေယာဉ်လက်မှတ်လည်း တခါတည်း ပါလာပါတယ်။ 

ဒီလိုနဲ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလလည်လောက်မှာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းနဲ့ အုံးပြန့် ဒုက္ခသည်စခန်းမှာရှိတဲ့ ကျနော် အပါအဝင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ပြုတဲ့ အယောက် ၁၀၀ နီးပါးကို စခန်းတွေကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘုံမိလေဆိပ်ကို ဘတ်စ်ကားယာဉ်တန်းတွေနဲ့ ပို့ဆောင်ခဲ့ပါတယ်။ လမ်းတလျှောက်လုံး ဒုက္ခသည်တွေအားလုံးဟာ တယောက်နဲ့တယောက် နောက်လိုက် ပြောင်လိုက်နဲ့ ဘန်ကောက်လေဆိပ်ကို ရောက်လာကြပါတော့တယ်။ 

ဘန်ကောက်လေဆိပ်ကနေ လေယာဉ်ပေါ်ကိုတက်ခါနီးမှာတော့ ဒုက္ခသည်တွေရဲ့ အမူအယာတွေက ပြောင်းလဲသွားခဲ့ပါပြီ။ ကိုယ့်မြေကိုယ့်ရေကို ထားခဲ့ရခဲ့တဲ့အပြင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ထိုင်းနိုင်ငံကိုစွန့်ခွာပြီး တခါမှမသိတဲ့ အမေရိကဆိုတဲ့ တိုင်းပြည်ကို သွားကြရတော့မယ်လေ။ ကျနော်ကိုယ်တိုင်လည်း စိတ်ထဲမှာ ယောက်ယက်ခတ်နေတယ်ဆိုတာ ဝန်ခံပါတယ်။ အမေရိကဆိုတာက ရုပ်ရှင်ထဲမှာမြင်ဖူးတယ် စာအုပ်ထဲမှာ ဖတ်ဖူးတယ် ဒါပဲ။ ခုတော့ ဘာမှန်းမသိတဲ့တိုင်းပြည်တခုကို အပြီးသွားရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားတာတော့ အမှန်ပဲ။ 


ဒုံးဝေးတဲ့ကောင် (မောင်အောင်ပွင့်)

တွေးခေါ်တယ်၊ ယူဆတယ်၊ ယုံကြည်တယ်
အဲဒီ လှေကားထစ်တွေ ကျော်နင်းပြီးရင်
ကြည်လင်ခိုင်မြဲတဲ့ ကိုယ်ပိုင်အဘိဓမ္မာရပြီ။

စစ်ပွဲမှာ အစွမ်းထက်ဖို့ ဒုံးကိုထွင်တယ်
အဲဒီဒုံးကိုခွင်းဖို့ ဒုံးခွင်းဒုံးကို ထွင်တယ်
အဲဒီ ဒုံးခွင်းဒုံးကို ခွင်းဖို့ ဒုံးခွင်းဒုံးခွင်းဒုံးခွင်း
တခွင်းခွင်း တဒုံးဒုံး မဆုံးတော့ဘူး။


Wednesday, November 13, 2013

နို့ဖိုးပျို - ၄ (အောင်ဦး)

ကလေးကျောင်း ထွက်ရတယ် 

အိမ်ကလေးတွေက ထိလုထိခင် ဘေးချင်းယှဉ်လို့နေလေတော့ ဟိုဘက်အိမ်က သက်ပြင်းချသံကို ဒီဘက်အိမ်က အတိုင်းသား ကြားနေရတတ်တယ်။ ဒီကြားထဲ အသံမစဲတဲ့ ရန်ပွဲလေးတွေလည်း မကြာမကြာနွှဲတတ်ပြန်တော့ စာဖတ်ရတာနဲ့၊ စာဖတ်ဖို့ အာရုံစုစည်းရတာ အတော့်ကို ခက်ပေတာပေါ့။ 

လက်တဝါးစာလောက် မှတ်စုစာအုပ်ကလေးတအုပ်နဲ့ ဘောပင်လေးတချောင်းလောက် ဆောင်ထားမယ်ဆိုရင်တော့ ဇာတ်လမ်းတိုလေးတွေ မှတ်တမ်းအဖြစ် ကျန်ရစ်ပေမပေါ့။ လူအမျိုးမျိုး ဘဝအထွေထွေဆိုတော့ကာ အသုံးအနှုန်းအမျိုးမျိုး၊ အတိုင်းအထွာအမျိုးမျိုး၊ တက်သံ၊ မြင့်သံ အပြင်းအထန်ပေါ့ဗျာ။ 

ထူးခြားတာတခုက ဘိုးစဉ်ဘောင်ဆက်နဲ့ချီလို့ စီကာပတ်ကုံးနဲ့ စိမ်ပြေနပြေရန်ဖြစ်တတ်တဲ့ စုံတွဲမျိုးတွေကို နောက်တကြိမ် ပြန်မတွေ့နိုင်တော့ဘူးဆိုပြီး ယူကြုံးမရဖြစ်မယ်ဆိုရင် ခင်ဗျားဟာ ပရိတ်သတ်ကောင်း (အိမ်နီးချင်းကောင်း) တယောက်ဖြစ်နိုင်ပါလိမ့်မယ်။ 

တကယ်ပါ အဲဒီမှာ လေးငါးနာရီလောက်ကြာတဲ့ ဇာတ်လမ်းအရှည်ကြီး (ရန်ပွဲကြီး) ကို (တစုံတွဲတည်း၊ တကြိမ်တည်း၊ တမျိုးတည်းမဟုတ်) ထိုင်နားထောင်ခဲ့ရဖူးပါတယ်။ အားရပါးရပြော၊ အားရပါးရဖြစ်ပြီးတော့ ဘာမှမဖြစ်ခဲ့ကြသလို မောင်ရေ၊ ခင်ရေနဲ့ အိုကေသွားကြပုံဟာ ကျနော့်တသက်နဲ့တကိုယ် ပထမဆုံး အတွေ့အကြုံပါ။ ခုတောင် ပြန်မြင်ယောင်မိသေးတယ်။ 


ငြိမ်းချမ်းရေးအတွက် ဒေါက်တာတူးဂျာရဲ့ အမြင်ခံယူချက်

မြန်မာအစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကြား လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် သူ့ကို ဖိတ်ကြားလာရင် တတ်နိုင်သလောက် ပါဝင်လုပ်ဆောင်သွားမယ်ဖြစ်တယ်လို့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာတူးဂျာ က ပြောဆိုလိုက်ပါတယ်။ ဒေါက်တာတူးဂျာ တည်ထောင်ထားတဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဟာ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းကမှ မှတ်ပုံတင်ခွင့်ကျခဲ့တာပါ။ သူက တချိန်က ကေအိုင်အိုနဲ့ မြန်မာတပ်ဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က ဒေါက်တာတူးဂျာ ကို မြစ်ကြီးနားမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သွားရောက် တွေ့ဆုံမေးမြန်းထားတာပါ။ 

ကိုဇော်ဝင်းလှိုင် ။ ။ ပူပူနွေးနွေးလေး အခုဖြစ်သွားတဲ့ ဆရာပါတီ ဖွဲ့စည်းခွင့်ကို ပြည်ထောင်စုရွေးကောက်ရေးကော်မရှင်က ခွင့်ပြုလိုက်ပြီ။ ဒီပါတီ တရားဝင်မှတ်ပုံတင်ခွင့်ကိုလည်း ဆရာ တော်တော်လေး ကြိုးစားယူခဲ့ရတယ်။ ဆိုတော့ ဘယ်လို အခက်အခဲတွေကြောင့်များ ဒီလောက်အထိ ဆရာကို ပါတီမှတ်ပုံတင်ဖို့အတွက် သူတို့ဘက်ကနေ အချိန်ဒီလောက်ယူရတာလဲ။ 

ဒေါက်တာ တူးဂျာ ။ ။ ဒီဟာကတော့ ပြောမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ စနစ်အပြောင်းအလဲကြောင့်ပေါ့။ အရင်က စနစ်ဟောင်းမှာဆိုတော့ ၂၀၁၀ တုန်းကတော့ စနစ်ဟောင်း။ နောက် အစိုးရကလည်းဟောင်း။ ဆိုတော့ အဲဒီအချိန်အခါတုန်းကတော့ ဒီလောက်အထိ ဒီမိုကရေစီ အစိုးရလည်း မဟုတ်တဲ့အခါကြတော့ ဒီလောက်လဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်မရှိခဲ့ဘူးလို့ ပြောရမှာပေါ့။ စပ်ကူးမပ်ကူးကာလ ဖြစ်တာကိုး။ အစိုးရဟောင်းကနေ အသစ်ကိုပြောင်းဖို့ အချိန်အခါ စိုင်းပြင်းနေတဲ့ အချိန်အခါဖြစ်တဲ့အတွက်ကြောင့် အဲဒါ အကြောင်းကြောင်းကြောင့် ကျနော်တို့ ပါတီဟာ မှတ်ပုံတင်မရခဲ့ဘူး။ 



အော်ပီကျယ်ရဲ့ ကာတွန်းတချို့


Monday, November 11, 2013

နို့ဖိုးပျို - ၃ (အောင်ဦး)

အိုးပိုင်အိမ်ပိုင် ဖြစ်ရပြီ 

မဲဆောက်မှာကြားခဲ့တာတွေနဲ့တော့ အဲဒီကတည်းကစလွဲတယ်လို့ ပြောရမလားပဲ။ မဲဆောက်မှာတုန်းက ကျနော်တို့ကို နို့ဖိုးနဲ့ မည်ရွေ့မည်မျဝေးတဲ့ တောကြီးမျက်မည်းထဲမှာ ရွက်ဖျင်တဲတွေနဲ့ ဖြစ်ရုံထားမယ်လို့ ဆိုကြတာမဟုတ်လား။ အဲဒီအချိန်တုန်းကလွှင့်တဲ့ ရေဒီယိုသတင်းတွေထဲမှာ နို့ဖိုးက လူခံတွေပြောတာလေး တခွန်းလောက်ထည့်လွှင့်ရင် ဘယ်လိုများနေလေမလဲပေါ့လို့ ရယ်ဖော့ပြီး စဉ်းစားခဲ့ဖူးသေးတယ်။ 

သူတို့ဘာပြောကြသလဲဆိုတော့ “အေးဗျာ ... ကျနော်တို့ဒီမှာနေလာတာ ကြာလှရော့မယ်။ ကိုယ့်အိမ် ကိုယ့်ဘာသာ ကိုယ်ဆောက်နေကြရတာဗျ။ အခု ခင်ဗျားတို့ (ပီအိုစီ) (POC- Person of Concern) တွေကြတော့ အဆင့်မြင့်တယ်ဗျို့၊ သူများဆောက်ပြီးသားအိမ် အဆင်သင့် တက်နေရုံပဲ” တဲ့။ 

ဟုတ်ပါရဲ့။ အိမ်သစ်တက်တဲ့နေ့က ကျနော်တို့ဇနီးမောင်နှံတောင် ပြောဖြစ်ကြသေးတယ်။ “ဘဝမှာ ကိုယ်ပိုင်အိမ်နဲ့ စပြီးနေရတာ ဒါ ပထမဆုံးအကြိမ်ပဲ”ပေါ့။ ဒါပေမယ့် အိမ်ကြီးတအိမ်စောင်းသွားလို့ ကြိုးနဲ့ဆွဲသူကဆွဲ၊ ကုတ်နဲ့ကော်သူကကော်၊ တွန်းသူကတွန်းနဲ့ ညာသံပေးပြီး မနည်းပြန်တည့်ယူရတာကိုတော့ အဓမ္မလုပ်အားခိုင်းစေမှုထဲထည့်တွက်ရင် ဝိုင်းကူကြသူတွေ စိတ်မကောင်းဖြစ်ကုန်မှာပေါ့ဗျာ မဟုတ်ဘူးလား။