Thursday, October 31, 2013

ပြင်ဆင်ရေးဆွဲဖို့ ခက်ခဲနေတဲ့ အခြေခံဥပဒေ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ့် ဒီမိုကရေစီနှင့် ကိုက်ညီအောင် ပြုပြင်မယ့်အရေးကို စစ်တပ်က လိုလားမှာ မဟုတ်ဘူးဆိုတာ ဘယ်လောက်ဖြစ်နိုင်ပါသလဲ။ ဘာကြောင့်လဲဆိုတာတွေကို မြန်မာနိုင်ငံ စစ်တပ်အရေးကို လေ့လာစောင့်ကြည့်နေတဲ့ ဦးဌေးအောင် နှင့် ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင်ခင်ဗျာ - အခု မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံကို ပြင်ကြမယ် အဲဒီလိုစကားတွေ အများကြီးပြောလာကြပါတယ်။ ပထမဦးဆုံးဆို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်၌က ဒီစကားကို စပြောလာတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ စစ်တပ်က သိပ်လိုလိုလားလားရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ သံသယစိတ်တွေကလည်း ပိုမိုကြီးထွားလာနေပါတယ်။ ဆိုတော့ တကယ်တမ်းပဲ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို စစ်တပ်က အဟန့်အတားလုပ်နိုင်တဲ့ အလားအလာ ရှိပါသလား။ ဘယ်လောက်များ ကြီးကြီးမားမားရှိနေသလဲ ဒီ အလားအလာ။ 

ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ အခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြောလာတာကလည်းပဲ အခု ဒီဘက်ကပေါ့ အများပြည်သူလူထုက လိုလားနေတဲ့ အဆင့်အတန်းထိ ပြင်ဖို့ကိုတော့ သူတို့ စိတ်ကူးရှိဟန် မတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုရရှိဖို့အတွက် သူတို့ ဆယ်နှစ်ဆယ်မိုး သူတို့ အခက်အခဲတွေ အမျိုးစုံကြားထဲက ကြိုးစားခဲ့ကြတယ်။ နောက်ဆုံး ဒါကို အတည်ပြုတာတောင်မှပဲ ကျနော်တို့ နာဂစ်ပေါ့ ပြည်သူလူထုတွေ သိန်းနဲ့ချီပြီး သေနေတဲ့အချိန်မှာ ဒါကြီးကို ဦးစားပေးပြီးတော့လုပ်ခဲ့တဲ့ သာဓကတွေကိုကြည့်ရင် သူတို့အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အခုလက်ရှိ ထည့်သွင်းရေးဆွဲထားတဲ့ အချက်တွေအားလုံးကို ပြင်ပေးဖို့ဆန္ဒရှိလိမ့်မယ်လို့ ကျနော်တော့ မထင်ဘူး။


Tuesday, October 29, 2013

တစ်ကောင့် ငါးထောင် (မင်းသိုက်)

ကျွန်တော်တို့တွေကသာ မြို့ကြီးပြကြီးနေပြီး မြန်မာ့ဆက်သွယ်ရေးကို ဘာဖြစ်တယ် ညာဖြစ်တယ် ဖားခရုတွေ ဘာတွေ ကလော်နေကြတာ ... ... ... ကျွန်တော် မနေ့တစ်နေက ရောက်ခဲ့တဲ့ ရန်ကုန်ကနေ ကီလို ၂၀၀ လောက်သာဝေးတဲ့ မွန်ပြည်နယ်က ရွာငယ်လေးတွေထဲ လူငယ်လူရွယ်တွေ အင်တာနက်သုံးတာတွေ့ရင် လေ သွားမယ်။ 

GSM လား ... မမိ တမိ၊ (ဖုန်းလိုင်းပြောတာနော် ဒေတာလိုင်းကတော့ လုံးဝကို မမိတာ၊ ဂျီ နဲ့ အင်တာနက်သုံးဖို့ မစဉ်းစားနဲ့၊ စစ်ကနယ် အပြည့်မိတောင် ဒေတာလိုင်း လုံးဝ မရဘူး)၊ စီဒီအမ်အေ 800 Hz ၇၃ အစ နံပတ်တွေ လုံးဝ ဘာမှကို သုံးမရဘူး။ အကယ်၍ C 800 73 နံပတ်တွေကို ထိုရွာတွေမှာ ဖုန်းလိုင်းမိချင်ရင် ဆင်းကဒ်ကိုဖြုတ် CDMA 450 Hz ဟန်းဆက်ထဲ ထည့်သုံး မိတယ် ပြည့်တယ် (ဖုန်းလိုင်းမိတာနော် အင်တာနက်တော့ မရဘူး) အဆန်းကြီး။ 


အရေးတော်ပုံ တမ်းချင်း (စောငို)

ရဂုံနန်း
သူပုန်လမ်းကို
မလွမ်းဘယ်မှာ
နေရာလော။

ဟိုတောင်ကြော့ခါးပန်း
ဒေါင်းတို့စခန်းကို
မြူခိုးတွေဖြန်းရင်
ချမ်းရှာပြီထင့်။

စီးဆင်းလျက်ပါ
ခရီးပြင်းထွက်ခွာ
တသက်တာ
ဝေဒနာအိမ်ဆောက်
လျှောက်သောလမ်းကား
မခမ်းနားသည်ဖြစ်စေ
ပရိယေသန သက်သက်တော့
တပ်မက်စရာ မဟုတ်တုံ။


Sunday, October 27, 2013

တည်ငြိမ်အာမခံရှိမယ့် ဘဏ်စနစ် ပေါ်ပေါက်ရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာသေးခင်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ နှစ်ပတ်လည် ညီလာခံမှာ နိုင်ငံတကာ ဆင်းရဲမွဲတေမှုပပျောက်ရေး လုပ်ငန်းစဉ်အဖြစ် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံမျိုးတွေမှာ အသေးစား ချေးငွေလုပ်ငန်းလေးတွေ မတည်ပြီးဆောင်ရွက်သွားရေးကို နည်းလမ်းတရပ်အနေနဲ့ တိုးချဲ့လုပ်ဆောင်ဖို့ နှီးနှောဆွေးနွေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပုဂ္ဂလိကကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားပါတယ်။ VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ 

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ ဘဏ်တိုးနှုန်းတွေ အိမ်နီးချင်းနိုင်ငံတွေထက် မြင့်မားနေရတဲ့အကြောင်းရင်းဟာ ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းထား မြင့်မားနေမှုကြောင့်ဖြစ်ပြီး မြန်မာ့ဘဏ်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးမှုအတွက် ဗဟိုဘဏ်ရဲ့ လွတ်လပ်တဲ့ စီမံခန့်ခွဲနိုင်မှုအပြင်၊ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေကနေ ပြည်တွင်းလုပ်ငန်းနဲ့ ဝင်ငွေအရင်းအမြစ်တွေအပေါ် ပိုမိုခိုင်မာလာစေရေး အရေးကြီးတယ်လို့ ပုဂ္ဂလိကပိုင် ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင် က ပြောဆိုပါတယ်။ 

ဦးသန်းလွင် ။ ။ အတိုးနှုန်းက ဘာလဲဆိုတော့ သဘောတရားက အတိုးနှုန်းကို ဘဏ်ကပေးတယ့် deposit rate အပ်နှံတဲ့ငွေပေါ်ပေးတဲ့ အတိုးနှုန်းက စီးပွားရေးအခြေခံ သဘောတရားအရဆိုရင် ငွေကြေးဖောင်းပွမှုအောက်ကို မရောက်စေရဘူး။ အဲဒီ သဘောတရားတော့ ရှိတယ်။ ဥပမာ inflation rate က ၅% ရှိမယ်။ အတိုးနှုန်းက ၃% ဆိုရင် မသင့်တော့ဘူး။ Negative interest rate ဒါက minus အနှုတ်ဖြစ်သွားပြီ။ 


Saturday, October 26, 2013

အရာရာဟာ “ယွင်း” (မင်းသိုက်)

မနေ့ညနေကတော့ သံပိတို့ဆိုင်မှာ ဂီယာဝိုင်သွားလဲလိုက်တယ်။ သံပိတို့ဆိုင်က သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ တောင်ဥက္ကလာ၊ ရတနာလမ်းမကြီးပေါ်က ကားပစ္စည်းအဟောင်းဆိုင်လေး။ ရေဆေး ဆီလိုက် ပေါလစ်ရှိုင်းခြင်းကိစ္စပါ ရောဖွင့်ထားတာ။ “ဝါရ်နာကွန်း” လုပ်ပြီး ကားအပ်ထားလိုက်ရင်အားလုံး စိတ်ချရတယ်။ ဈေးလဲသက်သာတယ်။ မနေ့က တစ်ခါထဲ အင်ဂျင်ဝိုင်ပါလဲချင်တာ၊ ဒင်္ဂါးကလည်း မလောက်မငှ ပြီးတော့ အင်ဂျင်ဝိုင်ကလည်း တိုယိုတာဆိုပေမယ့် ... ၅ လီတာ ပလတ်စတစ်ပုံးအနီဆိုတော့ သံပိတို့တော့ ယုံတယ်၊ သူတို့ပါ အင်မိထားတဲ့ ပုံးတွေဆို ကိုယ်ပါ ဂိ နေမယ်။ ဒါနဲ့ အင်ဂျင်ဝိုင်မလဲဖြစ်တော့ဘူး။ 

ဂနေ့တော့ မဖြစ်ချေဘူး၊ ရှေ့လထဲလည်း ခရီးဝေးသွားခြင်းကိစ္စတွေပေါ်လာဖို့ရှိတာရယ်၊ အင်ဂျင်ဝိုင်က ကီလို တစ်သောင်းမကျော်သေးပေမယ့် လဲထားတာ ၉ လကျော်ပြီဆိုတော့ ပါဝါကျနေပုံရမယ်ဆိုတာနဲ့ လဲလိုက်အုန်းမှပါဆို သံပိတို့ဆိုင်လစ်တော့ ကားတွေများနေတာတွေ့တာနဲ့ ဟိုဒီလျှောက်ပတ်လှည့်ရှာရင်း နိပွန်မာစတာတွေ ထရိန်းလုပ်ပေးထားတယ်ဆိုတဲ့ အော်တိုဆားဗစ်ကြီး အကြီးကြီး တစ်ခုတွေ့လိုက်တယ်။ ဒါနဲ့ အဲဒီမှာပဲ လဲမယ်ပေါ့၊ ဆိုင်ကြီးကလည်း ခန့်ညားထည်ဝါလိုက်ထာ၊ ဆိုင်သစ်ကြီး အကျယ်ကြီးပဲ။ ကားတွေကလည်း အကောင်းစားတွေချည့်ပဲ တန်းစီလို့။ အထဲမဝင်သေးဘဲ ထွက်လာတဲ့ဝန်ထမ်းလေးကို လှမ်းမေးတော့ အင်ဂျင်ဝိုင်လဲ နာရီဝက်ပဲကြာမယ်ဆိုတော့ ဟန်ကျတာပေါ့။ 


Friday, October 25, 2013

ရှမ်းတိုင်းရင်းသားများရဲ့ ရပ်တည်မျှော်လင့်ချက်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နဲ့ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများရဲ့ သဘောထား၊ ရပ်တည်ချက်၊ မျှော်လင့်ချက်များကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင် နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလတ်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ စိုင်းညွန့်လွင် ခင်ဗျာ။ အခုလောလောဆယ် ထွက်ပေါ်လာတဲ့သတင်းအရ ရှမ်းတိုင်းရင်းသားပါတီတွေဆိုတာထက် နိုင်ငံရေးအင်အားစုတွေအားလုံး ပေါင်းစည်းဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရတယ်။ ဟုတ်ပါသလား။ 

စိုင်းညွန့်လွင် ။ ။ ဟုတ်ပါတယ်ခင်ဗျာ။ ကျနော်တို့ ၁၅၊ ၁၆၊ ၁၇ မှာ ညှိနှိုင်းပြီးတော့ ရှမ်းပြည်ငြိမ်းချမ်းရေး ကော်မတီပေါ့ အဲဒါကို ဖွဲ့လိုက်ပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လောလောဆယ်က ညီညွတ်ရေးကော်မတီဆိုတော့ ပေါင်းစည်းဖို့အတွက် စီစဉ်ပေးရမယ့်သဘောပဲ ရှိသေးတာပေါ့။ တပေါင်းတစည်းထဲဖြစ်ပြီလို့တော့ မပြောနိုင်သေးဘူးလား။ 


Thursday, October 24, 2013

အပြောင်းအလဲဆီကို ဦးတည်နေတဲ့ အင်ဒိုနီးရှား (ညီစောလွင်)

အခုတခေါက် ဂျာကာတာမှာတွေ့ရတဲ့ လူတွေရဲ့မျက်နှာကို ဖတ်ကြည့်ရသလောက်၊ သူတို့ စကားတွေကို နားထောင်ကြည့်ရသလောက် သူတို့တွေ အပြောင်းအလဲတခုအတွက် ဆန္ဒပြင်းပြနေကြတယ်။ မီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေရဲ့စကားတွေထဲမှာ သူတို့တွေ နောက်တဆင့် အပြောင်းအလဲအတွက် ဘယ်လောက်အထိ စိတ်အားဓာတ်သန်နေသလဲဆိုတာ ပေါ်လွင်နေတယ်။ ရွေးကောက်ပွဲက လပိုင်းလောက်ပဲ လိုတော့တာနဲ့လည်း ဆိုင်ပါတယ်။ 

အင်ဒိုနီးရှားမှာ ရှေ့နှစ် ဧပြီလထဲမှာ ပါလီမန် ရွေးကောက်ပွဲတွေကျင်းပပြီး နောက်ထပ်နှစ်လကြာရင် သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတယ်။ သမ္မတ ရွေးပွဲအတွက် ထိပ်ဆုံးကပြေးနေတဲ့လူတွေစာရင်းမှာ ဗိုလ်ချုပ်ဟောင်း ဝရန်တို အပါအဝင် ဆူဟာတိုခေတ်က လူဟောင်းတွေက အများစုဖြစ်နေတယ်။ အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက ၁၅ နှစ်ရှိလာပေမယ့် အခုအထိ သမ္မတကနေ၊ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေအထိ ဆူဟာတိုခေတ်ကလူတွေက လွှမ်းမိုးနေတုန်းပါပဲ။ ထူးခြားတာက အာဏာရှင်စနစ်က လူဟောင်းတွေဟာ ဒီမိုကရေစီ၊ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုတာတွေကို တွင်တွင်ပြောကြနေကြတယ်။ တကယ်တမ်း Transparency International ရဲ့ အဂတိလိုက်စားမှု အညွန်းကိန်းမှာ အင်ဒိုနီးရှားရဲ့အမှတ်စဉ်က ၁၇၄ နိုင်ငံမှာ အမှတ်စဉ် ၁၁၈ နေရာမှာပဲ ရှိပါတယ်။ 


စိုးရိမ်ပါတယ် ... (ကာတွန်း အောင်မော်)



Wednesday, October 23, 2013

ဆောင့် (မင်းသိုက်)

တစ်နေ့ကပဲ စတေးတပ် အတိုလေး ရေးလိုက်မိသေးတယ်။ ကိုယ်တွေနေတဲ့ ရပ်ကွက်တစ်ခုထဲပဲ ကွက်ဖြစ်နေတယ်ထင်တာနဲ့ ရေးကြီးခွင်ကျယ် သိပ်မလုပ်ချင်တာလည်းပါတယ်။

သတိထားမိနေတာတော့ ၂ လကျော်ကျော်ရှိပြီ။ အချို့ပြောတာတော့ ၂ လတောင် မကတော့ဘူးတဲ့ … ဘယ်သူတွေ ဘယ်လောက် တိတ်တိတ်ပုန်း ကျိတ်ပုန်းခံနေရပြီလဲ ဆုံးရှုံးနေပြီလဲတော့ မမှန်းတတ်တော့ဘူး။ တစ်ရပ်လုံးကုန်မှ ဆိုင်ရာလူကြီးမင်းအပေါင်း ဝရုန်းသုန်းကား “ဆပ်ပြာသည် မယားငယ်ပျောက်” ဖြစ်ကြအုန်းမလား မသိဘူး။

ညသန်းခေါင်ကျော်ပြီဟေ့ဆိုတာနဲ့ တရိပ်ရိပ်တက်လာပြီ။ ဆေ့ဂတ်တွေလဲ ရဲတွတ်လို့၊ မီးအားမြှင့်စက်တွေဆို အောက်ဆုံးဆင့်ချထားတာတောင် ၂၄၀ - ၂၆၀ - ၂၇၀ အဲသလိုကြီးကို ထိုးတက်လာတော့တာပဲ။ ဘုရားစင်မီးသီးတောင် လဲရတာ ဘယ်နှခါရှိမှန်း မရေမတွက်နိုင်တော့ဘူး။ နောက်ဆုံးတော့ ... သီးခံတော်မူပါ့ဘုရား၊ ကန်တော့ ကန်တော့ပါဘုရား၊ မူလလက်ဟောင်း ဖယောင်းတိုင်မီးနဲ့သာ သီတင်းသုံးတော်မူပါ့ဘုရား၊ ရန်သူငါးပါးထဲမှာ မီးဘေးတော့ အနည်းဆုံး လွတ်အောင် ကင်းအောင် စောင့်လျှောက်တော်မူပါ့ဘုရား ... ဆို ဘုရားလည်း နားပူနားဆာ ကပ်ရတော့တာပဲ။ ဘယ်တတ်နိုင်မလဲ၊ ဆိုင်ရာငနာတွေ သူတို့ အမွေဆိုင် မအေ့အိမ်လောင်တာမှ မဟုတ်ထာ။


Tuesday, October 22, 2013

ဂါရဝနောက်က အဆိပ် (ကိုညို)

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်အလွန် အင်တာနက် သတင်းမီဒီယာတွေကတဆင့် မြန်မာစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇနီးမောင်နှံကို မိသားစုဝင်တချို့ လက်အုပ်ချီကန်တော့တဲ့ပုံ မြင်လိုက်ရတယ်။ လာရောက်ကန်တော့သူတွေဟာ ဆွေမျိုးမိသားစုဝင်တွေလည်း ဖြစ်ချင်ဖြစ်မယ်၊ တပည့်တပန်းလည်း ပါချင်ပါမယ်၊ စီးပွားရေးသမား မိတ်ဆွေတွေလည်း ဖြစ်ချင်ဖြစ်မယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲ ဒီလို ဂါရဝတရားတွေက သိပ်တော့မထူးဆန်းပါ။ 

ထူးခြားတာက ကိုယ့်မိသားစုလည်း မဟုတ်၊ အကျိုးတူစီးပွားဘက်လည်း မဟုတ်၊ တပည့်တပန်းလည်းမဖြစ်ခဲ့တဲ့ ဝန်ထမ်းတွေ၊ ကျောင်းဆရာဆရာမတွေ၊ သံအမှုထမ်းတွေကပါ စစ်ခေါင်းဆောင်တွေ၊ အထက်အရာရှိတွေကို လက်အုပ်ချီ ကန်တော့ရတာပဲဖြစ်တယ်။ စစ်အာဏာရှင်ခေတ် လွှမ်းမိုးစဉ်တချိန်က နိုင်ငံခြားရောက် မြန်မာသံရုံးဝန်ထမ်းမိသားစုတွေ အခုလို ထိုင်ကန်တော့တာ၊ မတ်တပ်ရပ် လက်အုပ်ချီကန်တော့တာတွေကို သတင်းစာတွေမှာ မျက်နှာဖုံးအဖြစ်မြင်ရရုံမက ဝန်ကြီးဌာန ပညာတတ် အကြီးအကဲဝန်ထမ်းတွေနဲ့ အန္တနောအနန္တငါးပါးဂိုဏ်းဝင် ဆရာ ဆရာမတွေ၊ တက္ကသိုလ်ကောလိပ်က ကထိက၊ ပါမောက္ခဆရာကြီးတွေအဆုံး လက်အုပ်ချီ အရိုအသေပေးနေလေတော့ စိတ်ပါလက်ပါမှ ဟုတ်ပါလေစ။ ဘယာ၊ နာဘ၊ ကုလ တရားဆိုတဲ့ ကြောက်ခြင်း၊ အမျိုးမြတ်ခြင်း၊ လဘ်လာဘမျှော်ကိုးခြင်းကို အခြေခံပြီး လက်အုပ်ချီရသလားဆိုတာ မကွဲပြားတော့ပါဘူး။ 


အဘိုးကြီးမြေး ... (ကာတွန်း အောင်မော်)



ဘောင့်စ် (မင်းသိုက်)

၁၉၉၀ လွန်အချိန်များတုန်းက ဘန်ကောက်မှာ ကပ်သပ်ခိုကပ်နေရတဲ့ အိမ်တစ်အိမ်ရှိတယ်။ ရန်ကုန်မှာကတည်းက အစ်ကိုတစ်ယောက်လို ရင်းနှီးတဲ့သူတစ်ယောက် ဖွင့်ထားတဲ့အိမ် ...။

ထိုစဉ်က အပေါစား အစုတ်အပြတ် ဇာတ်ရှုတ် တည်းခိုခန်းတွေတောင် တစ်နေ့ ဘတ် ၃၀၀ ရှိတော့ ဗမာတွေ အိမ်ဖွင့်စားကြတယ်။ ၂ ထပ်တိုက် ကျယ်ကျယ်ကြီးတွေငှားပြီး ဗမာပြေက ထွက်လာသမျှ ဗမာတွေအကုန် လေဆိပ်မှာသွား ကဒတ်ဖမ်းပြီး ကိုယ့်အိတ်ကိုယ် ခေါင်းအုံးလုပ်အိပ် တစ်နေ့ ဘတ် ၁၀၀၊ ညမနက် ထမင်းပါကျွေးတော့ အိမ်မှာ တစ်နေ့ တစ်နေ့ အနည်းဆုံး လူ ၃၀ လောက် စည်ကားနေတာ။ ဂျပန်ဒိုးမယ့်လူ၊ သမောတက်ချင်သူ၊ အမရီးကံ စတိုးဝေးနဲ့လိုက်ချင်သူ၊ မလေးဝင်မယ့်သူ၊ စင်္ကာပူ အီးပီစောင့်သူ၊ စလုံးအဝင် ရီဂျက်လို့ ထိုင်လေ ပေတေနေသူ အစုံပဲ။ လာသမျှ မတစ်ထောင်သားတွေချည့်ပဲ၊ ကိုယ်က အဲဒီအိမ်မှာ တောက်တိုမယ်ရ။ 

.............................

တရားဝင်ဖွင့်ထားတာ မဟုတ်ဘူး။ သက်ဆိုင်ရာနယ်ထိန်းကို တစ်လလျှင် ရီဂျင်ဆီ အကြီးတစ်လုံး ဘတ်ငွေက ငါးထောင် ဂါပြီး ညှိဖွင့်ထားတာ။ 

.............................


Monday, October 21, 2013

ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင် (ကျော်သူ)

ကျွန်တော်သည် စာရေးဆရာတစ်ဦး မဟုတ်။ လွန်ခဲ့ပြီးသော အချိန်ကာလများတုန်းက ရုပ်ရှင်သရုပ်ဆောင်ဘဝဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန်တွင် ကျွန်တော်၏သမီးငယ် မြင့်မိုရ်ဦး လူ့လောကထဲသို့ရောက်ရှိသည့် ၂ ရက်မြောက်နေ့တွင် နိုင်ငံတော်၏ တပ်မတော်နေ့ ဇာတ်ကားအဖြစ် ထိုအချိန်က အနက်ရောင်နယ်မြေဟု သတ်မှတ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လုံးခင်း ဒေသများသို့ ရုပ်မြင်သံကြား သွားရောက်ရိုက်ကူးရန်အတွက် ဖြစ်ပေါ်လာသည်။ အနုပညာသမားတစ်ယောက် မငြိမ်းချမ်းသော ပြည်နယ်တစ်ခုတွင် လက်နက်ဆွဲကိုင်ကာ ကျည်ဆံ၊ ဗုံးဆံများကြားထဲ၌ ရုန်ကန်လှုပ်ရှားပေးဆပ်ခဲ့ရသည်။ အချိန်ကာလအားဖြင့် တစ်လနီးပါးကြာခဲ့သည်။ 

ရိုက်ကူးရေးပြီးဆုံးသွား၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသောအချိန်တွင် ကျွန်တော်သည် တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလို စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျွန်တော့်၏ နေအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသောအခါ ပုခက်ငယ်အတွင်း၌ ကျွန်တော်၏ ချစ်စရာသမီးငယ်လေးအား မြင်တွေ့မိသောအခါတွင် ကျွန်တော်၏ စိတ်ရိုင်း စရိုက်ကြမ်းများ လျော့ပါးသွားမှုကို ပေါ့ပါးစွာဖြင့် ခံစားမိတော့သည်။ 


အော်ပီကျယ်ရဲ့ ကာတွန်းတချို့

Saturday, October 19, 2013

သီတင်းကျွတ် ဝေဒနာ (ညီစောလွင်)

"သီတင်းကျွတ်"ဆိုတဲ့ စကားလုံး နုတ်က ရေရွတ်မိတယ်ဆိုရင် ကျနော် အမြဲတမ်း သတိရတဲ့ လူတယောက်ရှိတယ်... ကျနော့် ဦးရီးတယောက်ကိုပါ... သူက ဟာသပြောတယ်။ ပျော်ပျော်နေတယ်။ တခါမှာ သူပြောတဲ့အကြောင်းက မူလတန်းမှာ သင်ရတဲ့ အလင်္ကာလေးတပုဒ်နဲ့ပတ်သက်ပါတယ်။ 

သီ- တင်း- ကျွတ်- ပြီ ... 
မိုး- လေ- ကင်း- လွတ်- တော့မည် ... 
မီး- ပုံး- ပျံ- လွှတ်- ကြ- ရအောင် 
မီး-စာ ကို ရေနံဆွတ်ပါ ... 
မှိုင်း- ဝ- မှ- လွှတ်- ပါ ... ဆိုတဲ့ အလင်္ကာလေးပါ။ 

အဲဒီ အလင်္ကာထဲက "သီ-တင်း-ကျွတ်-ပြီ" ဆိုတာ "သီ-တင်း-ကျွတ်-ပြီ" ဆိုတဲ့ အသံထွက်အတိုင်းပဲဆိုခဲ့ပေမယ့် ဘာမှ နားမလည်ခဲ့ဘူးတဲ့။ ကြီးလာတော့မှ "သီ-တင်း-ကျွတ်-ပြီ" ဆိုတာ "သဒင်းဂျွတ်" ကိုပြောမှန်း နားလည်သွားတယ်လို့ ပြောရင်း ရယ်နေတယ်။

ပြန်စဉ်းစားကြည့်တော့ ကျနော်လည်း ကျနော့် ဦးရီးနဲ့ အတူတူပါပဲ။


ခံတပ် (မောင်လွမ်းဏီ)

ခံတပ် 
ရန်သတ်ဖို့၊ ရန်ပြတ်ဖို့  
ရင်နဲ့ ဖြတ်တဲ့ နှောင်ကြိုး။ 

ခံတပ်
သွေးနဲ့သား၊ ကပ်ထားရတဲ့ 
သင်္ချိုင်းတု။ 

ခံတပ် 
အနိုင်အရှုံးကို 
အကျအဆုံးနဲ့ တိုင်းတဲ့ 
သမိုင်းမှတ်တိုင်။ 


Friday, October 18, 2013

နှလုံးသား ဒိုင်ယာယီ (၁၆) - အုပ်ကြီးဖေ

၂၁-၂-၂၀၀၂ 

ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှု(ဝါ) ဆုတ်ယုတ်မှုတို့ကို လေ့လာကြည့်ခြင်းအားဖြင့် တိုင်းပြည်၏ အခြေအနေတို့ကို အကဲခတ်နိုင်သည်ဟု ဆိုရမည်။ ကျနော် ရွှေလင်အင်း ရွာသို့ရောက်ရှိပြီး နောက်တရက် ကျေးရွာလေးအတွင်း လှည့်ပတ်ကြည့်ရှုလေ့လာမိသည်။ 

လေ့လာတွေ့ရှိရသလောက် တူညီသောအချက် နှစ်ချက်ကိုတွေ့လိုက်ရသည်။ ဆင်းရဲမွဲတေခြင်းနှင့် ပညာရည် နိမ့်ပါးခြင်းပင်ဖြစ်သည်။ အများစုမှာ စားဝတ်နေရေး တံပိုးအောက်က ရုန်းမထွက်နိုင်ကြ။ ထို့ကြောင့် ပညာနို့ချိုကို ကောင်းစွာ သောက်သုံးခွင့်မရကြပေ။ မိဘဘိုးဘွား လက်ငုတ်လက်ရင်းဖြစ်သော လယ်နှင့်ကိုင်းများကိုသာအားပြု၍ လုပ်ကိုင်စားသောက်နေကြရသည်။ အနီးဝန်းကျင်ရှိ ဆိတ်ဖူးသာနှင့် အခြားရွာများမှာလည်း ထိုနည်းအတိုင်းပင်။ ရွှေလင်အင်းရွာတွင် နှစ်ရက်ခန့်နေပြီးနောက် သာစည်သို့ဆင်းရန်အတွက် တောင်ငူဘူတာသို့ ထွက်ခွာလာခဲ့သည်။ တောင်ငူဘူတာရောက်သည်နှင့် ရထားလက်မှတ်ရရန်အတွက် တန်းစီစောင့်ဆိုင်းရသည်။ ကျနော့်ရှေ့ လူတော်တော်များများ လက်မှတ်ဖြတ်ပြီးသွားသော်လည်း ကျနော့်အလှည့်သို့ရောက်သောအခါ လက်မှတ်ကုန်သွားပြီဖြစ်သောကြောင့် လက်မှတ်အရောင်းကောင်တာကို ပိတ်လိုက်တော့သည်။ 


လူသားဆန်လို့ ... (ကာတွန်း အောင်မော်)


Thursday, October 17, 2013

သုံးနားညီ (ဆောင်းလူ)

စိတ်နဲ့အတူ ဘဝကို အညှိုးအတေးကြီးကြီး ထားလိုက်တယ် ...။ ပဉ္စလက်ဆန်တယ် ...။ လောဂျစ်ဆန်တယ် ...။ ရေဘဝဲကောင်လို လက် ခြောက်ဖက်မှမရှိတာ ..။ ဒါပေမယ့် ကြိုးခြောက်ချက်ကိုတော့ လက်နှစ်ဖက်နဲ့ ကောင်းကောင်း ရုန်းရင်းဆန်ခတ်တတ်တယ် ...။ ကြိုးတွေက ကဗျာမပီ... စာမမီ ...။ စိတ်တွေက ကဗျာမပီ ... စာမမီ ...။ 

တညလုံး ဒီကွင်းထဲမှာပဲ လှည့်ပတ် လှော်ခတ်နေလိုက်တာ ...။ မနက်ရောက်မှ တက်ကျိုးနေမှန်းသိတယ် ...။ ကျိုးတဲ့တက်ကို စိတ်နဲ့ ပြန်ဆက်လိုက်တော့ ... ခြေတဖက်မှာ အကြောတွေသေနေလို့ ...။ တွန့်ဆုတ် တွန့်ဆုတ်နဲ့ ... သွားရ လာရတာက ...။ 


ကျနော်နှင့် ဖိုးအောင် - ကိုမာကီ (၈၈ မျိုးဆက်)

ကျနော်နဲ့ စတင်ဆုံဆည်းစဉ်က သူက ကျောင်းဆရာပေါက်စ။ ကျောင်းဆရာမျိုးရိုးလို့ ပြောရလောက်အောင် အဖေ ကျောင်းဆရာ၊ အမေ ကျောင်းဆရာ၊ ညီမကလည်း ကျောင်းဆရာ။ ကျောင်းဆရာဘဝထဲကနေ ရှားရှားပါးပါး တော်လှန်ရေးသမားအဖြစ် ဖောက်ထွက်လာတဲ့သူ။ သူ့နာမည်ရင်းက အောင်အောင်ကျော်။ 

ဖိုးအောင်က ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်က လေးမျက်နှာ၊ အိုင်သပြုသား။ မိဘနှစ်ပါးစလုံးက ကျောင်းဆရာ၊ ဆရာမတွေမို့ သူ ကြီးပြင်းကျင်လည်ရာပတ်ဝန်းကျင်နဲ့ သူ့ရဲ့စံပြထားမှုတွေက ပညာရေးလောကပဲ ဖြစ်ခဲ့တယ်။ ဒီတော့ သူ့ဘဝရဲ့ရည်မှန်းချက်နဲ့ လူငယ်တစ်ယောက်ရဲ့အိပ်မက်ကလည်း ကျောင်းဆရာတစ်ယောက်ပဲဖြစ်ခဲ့တယ်။ ကျောင်းဆရာဝိဉာဉ်က သူ့ရဲ့အသွေးအသားထဲမှာကို ပါလာပြီးသားလို့ သူယုံကြည်ခဲ့တယ်။ ဒါ့ကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ချိန်မှာ အခြားကျောင်းသားတွေလို ဟိုဟာရွေးချယ်ရကောင်းနိုး၊ ဒီဟာရွေးချယ်ရကောင်းနိုး တွေဝေနေစရာမလိုခဲ့ဘူး။ ပညာရေးကောလိပ်တက်ဖို့ကိုပဲ ပြတ်ပြတ်သားသား သူ ရွေးချယ်နိုင်ခဲ့တယ်။ 


လူသားခြင်းစာနာထောက်ထားတတ်သော ဗုံးများမပေါက်ကွဲမီ … … (သစ်ကောင်းအိမ်)

မာယာကော့ဖ်စကီးက
နောက်ဆုတ်ရန်ချန်ထားတဲ့ 
တံတားကို မီးရှို့ပစ်ရမယ်လို့ပြောသော်ငြား 
ကိုယ့်သေနတ်ထဲမှာ 
ကျည်ဆံတတောင့်နဲ့ 
ကိုယ့်ပုလင်းထဲမှာ 
မနက်ဖြန်အတွက် အရက်တခွက်စာနဲ့ 
ကိုယ့်နှလုံးသားထဲမှာ 
မိန်းမတယောက်အတွက် အချစ်တချစ်စာ 
အမြဲချန်ထားသင့်တယ်။     ။ 

သစ်ကောင်းအိမ်
(၁၅ အောက်တိုဘာ၊ ၂၀၁၃)


 

ဗုံးတွေနဲ့ ဝေ... (ကာတွန်း စောငို)


မုန်တိုင်းမီးလျှံကြားက မြန်မာ့ဒီမိုကရေစီ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တ္တလေးနဲ့ မြန်မာနိုင်ငံနေရာအတော်တော်များမှာ ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်၊ ခံယူချက်တွေနဲ့ လုပ်ဆောင်နေသလဲဆိုတာကို မြန်မာသတင်းသမား မောင်သွေးသစ် နဲ့ ကိုသီဟသွယ်တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်။ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေပါတယ်ဆိုတာကို လူထု တကယ်ယုံကြည်လာအောင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလာအောင် တာဝန်ရှိသူများအနေနဲ့ ကြိုးစားနေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာတာဟာ တိုင်းပြည်ရဲ့ပုံရိပ်ကို ထိခိုက်နိုင်တယ်လို့ လူတကာက သုံးသပ်ယူဆနေကြတာပါ။ ဒါကို ပြည်သူတွေရဲ့သဘောထားကိုထင်ဟပ်တဲ့ သတင်းသမားနှစ်ဦးရဲ့ အမြင်သုံးသပ်ချက်ကို ကြည့်ကြရအောင်ပါ။ ပထမဦးဆုံးတဦးကတော့ မြန်မာ့တိုမ်စ် သတင်းစာ သတင်းစာဆရာ မောင်သွေးသစ် ဖြစ်ပါတယ်။ 


Wednesday, October 16, 2013

သမ္မတဂျီး ကိုင်တွယ်နေတဲ့ ဗုံး... (ကာတွန်း စောငို)


အပေါင်ဆိုင် (ဆောင်းလူ)

နံနက်စောစောစီးစီးပင် ... လုံလုံခြုံခြုံထုပ်ပိုးထားသည့် နှလုံးသားတစုံကို အပေါင်ဆိုင်တွင် ... ပါးစပ်နှစ်ပေါက်နှင့် အလဲအထပ်လုပ်လိုက်သည်။ ရလာသည့် ပါးစပ်နှစ်ပေါက်အတွက် အတိုးအနေအဖြင့် လျှာတဖက် တိုးလာသည် ...။ ပါးစပ်ပေါက်တို့သည်ကား အကောင်းပတိ မဟုတ် ...။ ဝါးစရာ သွားတို့သည် ပဲ့သည့်နေရာ ပဲ့ ...ရွဲ့သည့်နေရာ ရွဲ့နှင့် ...။ 

လျှာတဖက်ကို အပေါင်ထားခဲ့ရသည့်အတွက် ... ပါးစပ်တပေါက်အတွက် ... အရသာခံစရာ လျှာမရှိတော့ ...။ မတတ်နိုင် ... သူ ခဏ .... ကိုယ် ခဏ အသုံးပြုမှရမည် ...။ ထို့ထက် အရေးကြီးသည်ကား နှလုံးသားတစုံ အပေါင်မဆုံးရန် ဖြစ်သည်။ လျှာမရှိပေမယ့် နှလုံးသားဖြင့်ခံစား၍ ရနိုင်သေးသည် ...။ 


Tuesday, October 15, 2013

ပျောက်သောသူ ရှာရင်တွေ့... (ကာတွန်း စောငို)



နိုဘယ်လ်ဆုဒဏ်... တည့်တည့်မှန်တဲ့သမ္မတ (ကိုညို)

သမ္မတအတွက် ဒဏ်ရာနှစ်ချက် 

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းနိုဘယ်လ်ဆုဟာ မြန်မာသမ္မတကြီးကို ဒဏ်ရာနှစ်ချက်ရစေတယ်။ တချက်က သူ့နှလုံးသားတည့်တည့်ဖြစ်ပြီး နောက်တချက်က ခေါင်းတည့်တည့်ဖြစ်တယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီးနဲ့လွဲသွားလို့ နှလုံးသားကို ထိမှန်တဲ့ဒဏ် သမ္မတကြီး ခံနိုင်ရည် ရှိကောင်းရှိမှာပါ။ ဒါပေမယ့် နယ်သာလန်အခြေစိုက် ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့ (Organisation for theProhibition of Chemical Weapons- OPCW) အဖွဲ့ နိုဘယ်လ်ဆုဆွတ်ခူးသွားတာကတော့ သမ္မတဦးခေါင်း မိုးကြိုးပစ်ခံရတာနဲ့ တူကောင်းတူနိုင်ပါတယ်။ တနည်းပြောရရင် သမ္မတကြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုမရတာထက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရသွားတဲ့အဖွဲ့နဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မယ့်အခြေအနေက သမ္မတ ဦးသိန်းစိန်အတွက် ပြဿနာပါ။ 


ဒီအတိုင်းပဲလား ... (ကာတွန်း အော်ပီကျယ်)


နိုး ... ဘရာဒေးလ် (No Bras Day) အလွန်က စိတ်ကစဥ့်ကလျား (ဆောင်းလူ)

မရည်ရွယ်ခဲ့တဲ့ ဘဝတခု ... ခုတော့ လားရာတွေ လားလားမှမတူ ...။ စွန့်ဦးတီထွင်သူတွေအကြောင်း တွေးမိသည် ...။ ဦးနှောက်နည်းတဲ့ ပုဇွန်တွေ ဈေးကောင်းရနေသည်။ လေးဘက်တိုက် ဒေါင်လိုက် လမ်းလျှောက်တဲ့ ပြူးကြောင်ကြောင် ကဏန်းကောင်တွေ ဈေးကောင်းရနေသည် ...။ လက်သည်မပေါ်တဲ့ လေနဲ့ဥတဲ့ ကြက်ဥ ... အကောင်ပေါက်ရင် ဘယ်လိုနေမလဲ ...။ ကြက်တပိုင်း .... လေတပိုင်းလား ..။ ဒါမှမဟုတ် ... လေတပိုင်း ကြက်တပိုင်းလား ...။ 

မနေ့က ၁၃ မှာ ... ကင်ဆာကိုကြောက်လို့ ... အမျိုးသမီးတွေ ရင်သားကိုလှစ်လှပြဖို့ တိုက်တွန်းကြသည် ...။ အယူသီးသူတွေနဲ့ ... ၁၃ ဂဏန်း ... နိုး ဘရာဒေးလ်မှာ ... ဗုံးတွေ ခဏခဏ ပေါက်သည်။ အမဲလိုက်သလို ချောင်းမြောင်းနေသည့်စိတ်မှာ ... ဘရာတွေအပြည့်နဲ့ ဖုံးအုပ်ထားသည်။ 


Sunday, October 13, 2013

ပရိုက်ဗိတ် ဟော်စပီတယ် (မင်းသိုက်)

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြဿနာ သိသိသာသာ ချာတူးလန်လာတာ “၁၉၈၈” နောက်ပိုင်းလို့ပဲ အကြမ်းဖျဉ်းပြောရမလိုပဲ၊ လူတိုင်းသိနေတာပဲဥစ္စာ၊ ကြာလေချာလေပဲ၊ လက်ရှိ နိုင်ငံတော်အစိုးရမင်းများကလဲ ဒမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စကြီး ဇယားရှုတ်နေတော့ ဒီကိစ္စတွေ ထည့်မတွက်အားရှာပါဘူး၊ သူတို့ခမျာလဲ လှည်းကျိုးကြီးထမ်းနေရတာ ညောင်းလှရော့မယ်။ 

အဲတော့ ပြည်သူပြည်သားတွေဟာ မမာမကျန်းဖြစ်ပြီဟေ့ဆိုတာနဲ့ ရှိတာလေး ပေါင်နှံရောင်းချ ရောင်းစရာမရှိ ချေးငှားပြီး ခေတ်ပေါ် ပရိုက်ဗိတ် ဟော်စပီတယ်တွေ လစ်ကြရတာပဲ၊ နည်းနည်း ဝက်ထောတဲ့သူတွေကတော့ ဘန်ကောက်တို့ အင်္ဂလန်တို့လစ်ပြီး ကုကြတာပဲ ဟိုမှာက ပိုသေချာတယ်။ 

ကိုယ်က ကိုယ်တိုင်သာခုထိ ဆေးရုံမတက်ဖူးသေးတာ၊ (ဘယ်တော့တက်ရမယ်တော့ မသိ) ... ညာတကာနင်းစ ဆွေမျိုးသားချင်း သင်္ဂဟမမာမကျန်းကိစ္စ သွားရင်းပြုရင်း မဟာရန်ကုန်ရွှေမြို့တော်ကြီးတစ်ဝှမ်းက အနှီ ပရိုက်ဗိတ် ဟော်စပီတယ်တွေ အကုန် အစုံအစေ့ရောက်ဖူးတယ်။ 


ဥပဒေမှ မဟုတ်သေးတာပဲ ... (ကာတွန်း အော်ပီကျယ်)


စိတ်အား လပေးဖြင့် အနားပေးခြင်း (ဆောင်းလူ)

မနက်ကတည်းက ... စိတ်တို့သည် ကျီးကြည့် ကြောင်ကြည့် ...။ ဝါကျမပါတဲ့ စာတွေကို ပြူးပြူကြောင်ကြောင်နှင့် ရွတ်နေသည်။ သတ်ပုံတို့သည် ဟိုတစ သည်တစ ...။ မှန်သည်လည်း မဟုတ် ...။ မှားသည်လည်း မဟုတ် ...။ 

ဟိုးခပ်ဝေးဝေးက မြင်နေရသည့် မိုးဒဏ် လေဒဏ်ခံ ဂြိုလ်တု ဂြိုလ်ပဲ့တို့သည် ဘဝကိုနာခံရပါ့မလားဟု လှမ်းလှောင်ပြောင်နေသည်။ ဂြိုလ်တုတလုံးသည် အငြိမ်မနေ ...။ သံကြေးကိုက်နေသည့် ရီစီဗာ ကျီကျီကြောင်ကြောင်အသံဖြင့် လတ်တလောတိုက်ခတ်နေသည့် မုန်တိုင်းတလုံးကို တကုတ်ကုတ် အပ်ဒိတ်လုပ်နေလေသည်။ 

သီအိုရီအရ မှားနေသလား ...။ ဥက္ကာခဲတွေ မြေပေါ်ကြွေကျလာရင် ကောင်းမလား ...။ သက်ရှိတွေ စကြာဝဠာထဲ ကြွေကျသွားရင်ကောင်းမလား ...။ ငှက်တွေမှာ ပါးဟက်တွေ ... ရေယက်တွေနဲ့ .. ငါးတွေမှာ နှုတ်သီးတွေ ... အတောင်တွေနဲ့ ...။ ခြေထောက်တပ်ထားတဲ့ မြွေက ... အကြေးခွံတွေနဲ့ လမ်းသလားနေတဲ့ ကင်းခြေများကို ဖေးမလို့ ...။ ဒိုင်မင်းရှင်းအရ အကုန်ဖြစ်နိုင်သည် ...။ အိပ်မက်သည် မကောင်း။ သောက်လက်စ အရက်ခွက်ထဲ ရေခဲတွေ ... ရေတိမ်နစ်နေရတဲ့ ဇာတ်လမ်း ...။ 


ကွာရေးချကွာ... သခင်နဲ့ ကျွန်ဇာတာ (ရဲဘော်ကျော်သန်း)

အကြောင်းကြောင်းတွေကြောင့် မပြောသေးပါဘူးလို့ ချုပ်တည်းထားတာ၊ နာကျင်ခံပြင်းလွန်းလို့ နည်းနည်းတော့ ပြောပါအုံးမယ်။ အမျိုးသားသစ္စာဖောက် စစ်အာဏာရှင်တွေ တိုင်းပြည်နဲ့လူမျိုးကို ကျွန်ဇာတ်သွင်းရောင်းစာပုံတွေနဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေ အမြော်အမြင်မဲ့ တာဝန်မဲ့ပုံတွေ။ ဟိုတလောကလည်း ဒီအကြောင်းကို အမျိုးသားပျက်သုဉ်းမှုရဲ့အစလား အဆုံးလား ဆိုတဲ့ ခေါင်းစဉ်နဲ့ အမြွက်တင်ပြခဲ့ပြီးပါပြီ။ 

ဒီနေ့ဗမာပြည်အခြေအနေတွေနဲ့ပတ်သက်ရင် ထိပ်တန်းရောက်နေတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရင် လက်ပတောင်းတောင်နဲ့ လယ်တီသိမ် ကာကွယ်ရေး လက်ပတောင်းတောင်ဝန်းကျင်က ကျေးလက်ပြည်သူတွေနဲ့ တခြား အမြင်ရှင်းလင်းပြတ်သားတဲ့ မျိုးချစ်တွေရဲ့ ခုခံကာကွယ်ရေးတိုက်ပွဲတွေ၊ စစ်တပ်ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ဆိုတဲ့ ယဉ်ကျေးမှုဖျက် သာသနာဖျက်တွေရဲ့ လက်နက်အားကိုးနဲ့ ကတိဖျက် အယုတ်တမာ ကောက်ကျစ်ဗိုလ်ကျတာတွေ၊ သောက်ရှက်အမဲ့ဆုံး မယ်ရွေးပွဲလုပ်ပွဲအပေါ် ငြင်းခုံနေတာတွေ၊ အဲဒီမတူတဲ့ မနီးစပ်တဲ့အခြေအနေ နှစ်ခုကိုဆွဲစပ်နေကြတဲ့ ပယောဂတွေကို မြင်တွေ့နေရတယ်။ အဲဒါတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ကျွန်ဇာတာ ကျွန်စရိုက်တွေလို့ပဲ မြင်မိတယ်။ 


ဈေးပေါပါတယ်နော် ... (ကာတွန်း အောင်မော်)


Saturday, October 12, 2013

သူတို့လည်း အရေးကြီးတော့ သွေးစည်းကြပြီပေါ့ - ဖိုးသံ (လူထု)

two-monkeys-sitting-back-to-back

ဘယ်တိုင်းပြည်မဆို ဒီလိုပဲဖြစ်လိမ့်မယ်ထင်ပါတယ်။ တိုင်းပြည်တခုရဲ့ နိုင်ငံရေးမှာအပေါ်မှာ ပေါ်လွင်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ အလွယ်တကူမမြင်သာတဲ့ နိုင်ငံရေးအခြေအနဆိုပြီး တည်ရှိနေတတ်ပါတယ်။ တကယ် နိုင်ငံရေးလုပ်သူ၊ နိုင်ငံရေးအကဲခတ် လေ့လာသူတွေဟာ အဲဒီကွယ်ဝှက်နေတဲ့ နိုင်ငံရေးကို ရှာဖွေကြည့်တတ်ဖို့နဲ့ မပြတ်စောင့်ကြည့်နေဖို့ လိုပါတယ်။ အကြောင်းက တိုင်းပြည်ရဲ့ နိုင်ငံရေးကို တကယ်အဆုံးအဖြတ်ပေးတာဟာ အဲဒီအပေါ်လွှာအောက်က တကယ့် နိုင်ငံရေးအနှစ်၊ နိုင်ငံရေးပဋိပက္ခဖြစ်နေတတ်လို့ ပါပဲ။ တချိန်ထဲမှာ ထောက်ပြသင့်တာတခုက တချို့သော အာဏာရအစိုးရတွေဟာ တကယ့်နိုင်ငံရေးကို ဖုံးကွယ်ထားတာ၊ အားလုံးက အပေါ်ယံနိုင်ငံရေးဆီကို အာရုံရောက်နေအောင် အခြေအနေတွေဖန်တီးထားတာတွေ လုပ်လေ့ရှိတယ်ဆိုတာပါပဲ။ 

အခုလို အစပျိုးနေတာက ဒီနေ့ဗမာပြည်မှာ အကြိတ်အနယ်ဖြစ်နေတဲ့ အားပြိုင်ပွဲကြီးတခုကို ထောက်ပြချင်လို့ ဖြစ်ပါတယ်။ ဒါကို သတိထားမိသူလည်းရှိ၊ သတိမထားမိသူလည်း ရှိပါမယ်။ ဒါပေမယ့် အာဏာရအစိုးရအတွက်တော့ ဒီကိစ္စဟာ သေရေးရှင်ရေး၊ အသက်တမျှ အရေးကြီးနေပါတယ်။ 


ကမ္ဘာကြီးနှင့် ငါတို့ ချိတ်လု ချိတ်ခင် (ညီစောလွင်)

လာအိုကို လွန်ခဲ့တဲ့ သုံးလေးနှစ်က နှစ်ခေါက်ရောက်ခဲ့တယ်၊ ဒီတခေါက် ပြန်ရောက်တော့ ဘာထူးလဲဆိုတော့ မြန်မာတွေ ဗီဇာမလိုတော့တာပါပဲ၊ အနောက်တိုင်းသားတွေ ဗီဇာဖောင်ဖြည့်၊ ဓာတ်ပုံကပ်နေတဲ့အချိန်မှာ ကိုယ်တို့ကတော့ ခေါင်းမော့ရင်ကော့လို့ပေါ့။ ကိုယ်တို့က အာဆီယံနိုင်ငံက လူတွေလေ၊ မြန်မာဖြစ်ရတာ ဒီတခါတော့ ဂုဏ်ယူလိုက်မိတယ်။ အာဆီယံအဖွဲ့ဝင်ဖြစ်ရတာ လာအိုသွားတဲ့ ခရီးမှာတော့ ဂုဏ်ယူနေမိတယ်။

ကိုယ့်လိုပဲ ဂုဏ်ယူနေတဲ့ နောက်တယောက်ကတော့ ဖိလစ်ပိုင်က ချာတိတ်တယောက်။ သူက အသက် ၉ နှစ်ကတည်းက ထိုင်းကို မိဘတွေနဲ့ ရောက်နေတယ်။ အခု အသက် ၂၄ နှစ်၊ ထိုင်းစကားကို ရေရေလည်လည်ပြောတယ်။ အင်္ဂလိပ်စကားကိုလည်း ကရားရေလွှတ်ပြောတယ်။ ချင်းမိုင် မယ်ကျို့တက္ကသိုလ်က ကျောင်းပြီးတယ်။ သူ့အဖေဆီက အင်္ဂလိပ်စာကို သင်တယ်တဲ့၊ သူ့အဖေက အင်္ဂလိပ်စာ ဆရာ၊ ထိုင်းမှာက ဖိလစ်ပိုင်က အင်္ဂလိပ်စာဆရာတွေ အတော်များသကိုး။ ဖိလစ်ပိုင်ဆရာတွေက အနောက်တိုင်းသားတွေထက်စာရင် ဈေးပေါတယ်လေ၊ မြန်မာတွေလိုပဲ အောက်ခြေသိမ်း အလုပ်လုပ်တဲ့ ဖိလစ်ပိုင်တွေလည်း ရှိပါတယ်။ ရွှေမြန်မာတွေကတော့ ထိုင်းမှာ သန်းနဲ့ ချီသလို၊ ဖိလစ်ပိုင်တွေကတော့ သောင်းဂဏန်း၊ အလွန်ဆုံး သိန်းဂဏန်းလောက် ရှိပါလိမ့်မယ်။ အာဆီယံနိုင်ငံအချင်းချင်း လူတွေ၊ ကုန်စည်တွေ၊ ပညာတွေ ကူးလူးဆက်ဆံနေကြတာ ကြာခဲ့ပါပြီ။ လာအိုခရီးမှာ အံ့သြသွားတာက တယ်လီဖုန်းကိစ္စဗျ၊ အရင်က ကျနော်တို့ လာအိုရောက်လို့ ထိုင်းဘက်ကို ဖုန်းခေါ်ချင်ရင် မြစ်ဘေးကို သွားရတယ်။ ဖုန်းက မိတချက် မမိတချက်ပေါ့၊ အခု အဲ့လို မဟုတ်တော့ပါဘူး၊ ထိုင်းဘက်ကနေ လာအိုဘက်ကို ကူးသွားတာနဲ့ ကိုယ့်ဖုန်းက Dtac ဖုန်းဆိုရင် မက်ဆေ့ဝင်လာမယ်။


Friday, October 11, 2013

ရုန်းရင်း ဆန်ခတ် (ဆောင်းလူ)

လွဲတာမှ ... မနက်ကတည်းက ...။ ဘာစကားမှမပေါက်လို့ ... ထမင်းမှာစားတာ ... ကောက်ညှင်း ကြက်ဥပဲ လွေးလိုက်ရတယ် ...။ ပန်းကန်ထဲက ကြက်ဥကြော် ... ခြောက်ကပ်ကပ် ...။ လမ်းဘေးဆိုင်ဆိုတော့ သဲတရှပ်ရှပ်နှင့် ...။ 

စိတ်နဲ့ကိုယ်နဲ့ မကပ် ...။ မကြေညာဘဲ ကုန်ဈေးနှုန်းကို တက်ပစ်လိုက်သည်။ ကြေညာလည်း သိမည်မဟုတ် ...။ သူများနိုင်ငံထဲ ခိုးကြောင်ခိုးဝှက် ဝင်နေသည်ကိုး ...။ အခွန်မပေးရသည်ကိုက ကံကောင်းလှသည်ပင်။ 

သောက်နေကျအရက်တွေ ဈေးတက်လာတော့ အရက်မသောက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ် ... မှားနေပြီ ...။ ထမင်းတနပ် လျှော့လိုက်တာ ပိုအဆင်ပြေမည်။ 


ဝိုင်ခါးခါးလောက်နဲ့ မမှောက်မှားစေလို (ရဲဘော်ကျော်သန်း)

ခုနှစ်သက္ကရာဇ်တော့ မမှတ်မိတော့ဘူး၊ သေချာတာကတော့ အိန္ဒိယမှာ လူပျိုကြီး မစ္စတာ အဗ္ဗဒူကာလမ် (Mr. A.P.J. Abdul Kalam) က သမ္မတဖြစ်ပြီး နောက်လူပျိုကြီးတယောက်ဖြစ်တဲ့ မစ္စတာ ဗာ့ခ်ျပါယီး (Mr.Atal Bihari Vajpayee) က ဝန်ကြီးချုပ်ဖြစ်နေချိန်မှာ အိန္ဒိယအလှမယ်နှစ်ယောက် တယောက်က မယ်ကမ္ဘာဖြစ်ပြီး နောက်တယောက်က မယ်စကြာဝဠာ ဖြစ်လာတယ်။ ဒီတော့ အိန္ဒိယသားကုလားတွေ အုတ်အော်သောင်းသဲ ချီးမွမ်းကြဂုဏ်ပြုကြ ဝမ်းမြောက် သဝဏ်တွေပို့ကြနဲ့ သမ္မတကော ဝန်ကြီးချုပ်၊ ဝန်ကြီး ဝန်ကလေးမကျန် သဲသဲလှုပ်နေကြတယ်။

အဲဒီအချိန်မှာ သတင်းသမားတယောက်က အနောက်ဘင်္ဂလားနယ် ဝန်ကြီးချုပ်ဖြစ်တဲ့ မာ့က္ခဝါဒီ မစ္စတာ ဂျိုတီဘာဆူး (Mr. Jyoti Basu) ကို သွားဆွတယ်။ သူက ဘာမှမပြောဘဲ ငြိမ်နေတာကိုး၊ အလှမယ်တယောက်ကဆို သူ့ပြည်နယ်က ဘင်္ဂါလီမလေး။ ဒီတော့ မစ္စတာ ဘာဆူးက “ဖောက်ပြန်တဲ့ အရင်းရှင်တွေရဲ့ ပြည့်တန်ဆာ အိမ်ထောင်ရေးစနစ်ထဲက ဗန်းပြ သားစပ်လုပ်ငန်းမှာ ဆုရတာ ဘာဂုဏ်ယူစရာရှိလို့လဲ” လို့ ပြန်ဖြေလိုက်တာ အိန္ဒိယတပြည်လုံး ငြိမ်သွားရော၊ သမ္မတတို့ ဝန်ကြီးချုပ်တို့လည်း ရှက်ကိုးရှက်ကန်းတွေဖြစ်ကျန်ခဲ့ရော။


Thursday, October 10, 2013

ကက်ဝပ်ခ် လှလှလေး လျှောက်ပြပါ မိုးစက်Y (ကိုညို)

အခုတလော မယ်စင်္ကြဝဠာအလှမယ် မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး အင်တာနက်အွန်လိုင်းတွေမှာ ဗွက်ထနေအောင် ကိုယ့်အမြင် သူ့အမြင် အလုအယက်ဝေဖန်နေကြတာတွေ့တော့ ကျနော်လည်း ကိုယ့်အယူအဆလေး ပြောချင်လာတာကို သည်းခံပေးပါ။ တကယ်တော့ မိုးစက်Y ရဲ့အလှအပနဲ့ တိုင်းပြည်ဂုဏ်ဆောင်မယ့်လုပ်ရပ်ကို အငြင်းပွားစရာမရှိပါ။ ပြောစရာတွေက မရှင်းမရှင်း နိုင်ငံရေးနဲ့ ရပ်တည်မှုကိစ္စ၊ အကျိုးစီးပွားကိစ္စ၊ လူမျိုး ဘာသာခွဲခြားမှုကိစ္စနဲ့ အမျိုးသားရေးကိစ္စနဲ့ သွယ်ဝိုက်လို့ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပတ်သက်နေတာပဲဖြစ်တယ်။ 

မြန်မာပြည်ဟာ တိုင်းရင်းသားအစုံ လူမျိုးစုံနေထိုင်ရာ တိုင်းပြည်တခုလည်းဖြစ်တယ်။ အသားအရောင်၊ အမျိုးဘာသာအစုံမို့ ယဉ်ကျေးမှုစုံ ဖွံ့ဖြိုးရာ နေရာပဲ၊ လူမျိုး ဇာတိ ဘယ်လိုကွဲကွဲ ကိုယ့်နိုင်ငံသားတိုင်း တစိတ်တဝမ်းတည်းဖြစ်ရမယ့် အယူအဆကိုလည်း ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်းနဲ့ ဥရောပတိုင်းတွေကပါ လက်ခံကျင့်သုံးနေတာပဲ။ နော်ဝေးမှာဆို လူမျိုးစုံ၊ နိုင်ငံစုံ၊ အသားအရောင် ယဉ်ကျေးမှုအစုံကို လက်ခံထားသလို ဒါကိုက ဂုဏ်ယူစရာတခုဖြစ်တယ်။ တခုတော့ရှိတယ်၊ ဒီနိုင်ငံမှာနေထိုင်ရင်၊ ဒီနိုင်ငံသားဆိုရင် ဒီနိုင်ငံရဲ့ ဘာသာစကားနဲ့ စာပေကိုသာ အသုံးပြုရမယ်၊ တတ်ကျွမ်းရမယ်၊ သက်ဆိုင်ရာ မိခင်ဘာသာစကားတွေ သင်ကြားခွင့် သီးသန့်ရှိတယ်၊ တပါးနိုင်ငံကပြောင်းလာတာဆိုပြီး ခွဲခြားမဆက်ဆံဘူး၊ ဒါပေမယ့် ဒီက နော်ဝေးစကားနဲ့ နော်ဝေးစာ မတတ်ရင် ဒီနိုင်ငံမှာ ပညာသင်ခွင့်မရှိ၊ အလုပ်လုပ်ခွင့်မရ၊ လူမှုဆက်ဆံရေးမှာ အဆင်မပြေဖြစ်မယ်။ ဥရောပနိုင်ငံတိုင်း အဲလိုချည်းပဲ။ 


Wednesday, October 9, 2013

ကျနော်နှင့် ကိုသက်နိုင် - ကိုမာကီ (၈၈ မျိုးဆက်)

ပညာသင်ကြားရေးနဲ့ သင်ယူရေးမှာ အတော်ကို အထုံဝါသနာကြီးတဲ့လူ။ စိတ်သဘောထား ရိုးသားဖြူစင်ပွင့်လင်းသလောက်၊ စိတ်ခံစားမှု ပြင်းထန်တဲ့သူ။ ဒီမိုကရေးစီရေးအတွက် မိသားစုဘဝနဲ့ အနာဂတ်တစ်ခုလုံး ပေးဆပ်ခဲ့တဲ့သူ။ ကျနော်တို့ မြစ်ကြီးနား အကျဉ်းထောင်ရောက်ပြီး တစ်နှစ်လောက်နေမှ ကိုသက်နိုင်တို့ ထောင်ပြောင်းအုပ်စု ရောက်လာကြတာပါ။ ဦးစိန်လှဦး(NLD)၊ ကိုမျိုးအောင်သန့်(Trade Union)၊ ဦးဉာဏ်သောင်း (မရမ်းကုန်း)၊ ကိုကြည်လင်(တောင်ဒဂုံ)၊ ကိုပြည်စိုး(ကြည့်မြင်တိုင်)တို့နဲ့အတူ ၁၉၉၈ ခုနှစ်၊ မေလလောက်မှာ ပြောင်းလာတာ။ သူတို့ပြောင်းလာတာလည်း ကျနော်တို့လိုပဲ ဆယ့်နှစ်ယောက်လောက်ရှိမယ်။ 

ကိုသက်နိုင်က ပဲခူးသား။ ၁၉၉၆ ခုနှစ်ကတည်းက သင်္ချာအဓိကနဲ့ ဘွဲ့ရနေပြီ။ ပဲခူးမြို့နယ်ထဲက ရွာလေးတစ်ရွာမှာပဲ မူလတန်းပြဆရာလေးအဖြစ် အေးအေးချမ်းချမ်းရှိနေချိန်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးက ကိုသက်နိုင်ကို ဆွဲလှုပ်နှိုးခဲ့တယ်။ ပဲခူးမြို့မှာ ဦးဆောင် သပိတ်မှောက်သူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်လာတယ်။ ပဲခူးမြို့မှာ သြဂုတ်လ ၄ ရက်နဲ့ ၆ ရက်နေ့လှုပ်ရှားမှုအတွင်း တက္ကသိုလ်ကျောင်းသားတွေကို ဦးဆောင်ခဲ့တယ်။ ပဲခူးတိုင်းအရှေ့ခြမ်း ကျောင်းသားများသမဂ္ဂ (ယာယီ) ဖွဲ့စည်းနိုင်ဖို့ စည်းရုံး လှုပ်ရှားခဲ့တယ်။ သွေးစွန်းကျောင်းသားများနှင့် မျိုးချစ်ရဲဘော်များအဖွဲ့ကို ဖွဲ့စည်းတယ်။ ပဲခူးမြို့လယ်မှာ ဒီမိုကရေစီကျောက်တိုင်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့တယ်။(ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အဖြိုဖျက်ခံလိုက်ရတယ်)။ ကိုသက်နိုင်လည်း သူ့ရဲ့မူလ ကျောင်းဆရာလေးဘဝကို ပြန်ရောက်သွားခဲ့ရတယ်။ 


အော်ပီကျယ်ရဲ့ ကာတွန်းတချို့



ပင့်ကူများနဲ့နေထိုင်ခြင်း (သစ်ကောင်းအိမ်)

ကောင်းကင်မှာ ကြယ်တွေ 
တပွင့်ပြီးတပွင့် ကျဆုံးချိန်
မြေပြင်ပေါ်က 
ရုပ်တုတွေ တဆူပြီးတဆူ 
ပြိုလဲကုန်နေတော့ 
အရူးတွေကို ပူဇော်မယ် 
အရက်ဖိုးပေးသူကို လေးစားမယ် 
ကိုယ့်မယားကိုယ် ကြည်ညိုမယ် 


၂၀၀၈ အခြေခံဥပဒေ ... (ကာတွန်း အောင်မော်)


Tuesday, October 8, 2013

နှလုံးသား ဒိုင်ယာယီ (၁၅) - အုပ်ကြီးဖေ

၁၈-၂-၂၀၀၂ 
ပြည်တော်ပြန်ခရီး 

စပ်စပ်စုစုနှင့် မေးမြန်း၍ ခရီးသွားခြင်းသည်လည်း ပညာရပ်တမျိုးဟု ဆိုရမည်။ မြန်မာပြည်အတွင်းပိုင်းသို့ ထိုဒေသမှ တခါတရံမှ မသွားဘူးသောကြောင့် သွေးတိုးစမ်း၍ သွားရခြင်းဖြစ်သည်။ ဆီးဘူးဈေးသို့ရောက်ပြီး မကြာမီ “တောင်ငူသွားမယ့် ခရီးသည်တွေ ကားပေါ်တက်လို့ရပြီ” ဟု ကားသမား အော်ဟစ်သတိပေးသံကြောင့် ကျနော်တို့ ၃ ဦး ကားပေါ်တက်ရောက် နေရာယူကြသည်။ ကျနော့်ဘေးတဖက်တချက်စီတွင် အေးအေးမြင့် နှင့် မေရီ တို့က နေရာယူထားသည်။ 

ကားပေါ်တက်ပြီး ၁၀ မိနစ်ခန့်အကြာ ကားမှာစတင်ထွက်ခွာလာတော့သည်။ ကားပေါ်တွင် ခရီးသည် ၁၅ ဦးခန့်သာရှိသည်။ ဆီးဘူးနှင့် တောင်ငူမှာ ကားဖြင့် ၁၀ နာရီကျော်ကျော် မောင်းနှင်ရကြောင်း သိရသည်။ ကားလမ်းမှာ ဖြောင်းဖြူးကောင်းမွန်သော လမ်းကားမဟုတ်။ အကွေ့အကောက် အတက်အဆင်း ခပ်ကြမ်းကြမ်း မောင်းနှင်ရသောခရီးလမ်းဖြစ်သည်။ လမ်းခရီးတလျှောက် တပ်မတော်မှ အခြေပြုတပ်စွဲထားသော စခန်းများ တွေ့ရသလို ရံဖန်ရံခါ ငြိမ်းချမ်းရေးအဖွဲ့ပိုင် ဂိတ်များကိုလည်း တွေ့ရသည်။ ဂိတ်တိုင်းနီးပါး အစစ်အဆေး အမေးအမြန်း အနည်းနှင့်အများ ကြုံတွေ့ခဲ့ရသည်။ အခက်အခဲကား မရှိ။ ကောင်းမွန်စွာ ကျော်လွှားနိုင်ခဲ့သည်သာ။ လမ်းခရီးတလျှောက်တွေ့မြင်ရသော မြို့ရွာ အခြေအနေများကိုပင် မေးမြန်းလေ့လာကြည့်ခဲ့သည်။ တချို့ကို မှတ်မိသော်လည်း တချို့ကား ဝေဝါးနေသည်။