Showing posts with label ဒေါင်းနီ. Show all posts
Showing posts with label ဒေါင်းနီ. Show all posts

Friday, February 13, 2015

မြေလတ်သား လောဘ (မောင်လွမ်းဏီ)

ရရင်ရ
မရရင်ချ ဆိုတဲ့ ကျောင်းသားခေါင်းဆောင်။

အနီးကပ်ဆုံး
ရန်သူကို ရှာပြီး တိုက်ကြ ဆိုတဲ့ စစ်သေနာပတိ။

တစ်နှစ်အတွင်း
လွတ်လပ်ရေး ရစေရမယ် ဆိုတဲ့
ကတိကို ပေးရဲတဲ့ အမျိုးသားခေါင်းဆောင်။


Saturday, August 23, 2014

ဒေါင်းနီ (သို့မဟုတ်) သံလွင်ကမ်းက ပဉ္စလက် တော်လှန်ကဗျာမှော်ပန်းချီ (သုအိုင်စံ)

၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်အာဏာသိမ်းပြီးမှ တပြည်လုံးက ကျောင်းသားတွေဟာ အသုတ်လိုက် အသုတ်လိုက် အလျှိုလျှို ချိတ်ဆက်ပြီး တောခိုတော့တာပဲ။ အဲဒီမတိုင်ခင်တည်းက ကြိုတွက်ပြီး ကြိုထွက်သွားကြနှင့်သူတွေလည်း အတော်များပါတယ်။ ကျနော်တို့ ကရင်သူပုန်နယ် ဖာပွန်ခရိုင်မှာတော့ ၁၉၈၈ အောက်တိုဘာ တတိယပတ်နဲ့ နောက်ဆုံးပတ်အတွင်းမှာ တပတ်ကျော်ကျော် တောင်တန်းတွေကို ကျော်တက် လျှောက်ဖြတ်ခဲ့ရတဲ့ KNU တပ်မဟာ ၁ နယ်မြေကတဆင့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပဲခူး၊ ရန်ကုန်၊ ပုသိမ် စတဲ့ အနယ်နယ်က တောခိုလာတဲ့ ကျောင်းသားပေါင်းစုံ လူတန်းစားအသီးသီးဟာ မာနယ်ပလောနဲ့ စက်လှေ တနာရီလောက်မောင်းရတဲ့ သံလွင်မြစ်ကမ်းပေါ်က မယ်လဲထ ဆိုတဲ့ နွားမှောင်ခိုဂိတ်လေးမှာ လာစုဆုံရောက်ကြတယ်။ 

၂၅ ဧကလောက်ပဲကျယ်တဲ့ ဒီမှောင်ခိုဈေးတန်းရွာလေးမှာ တောခိုကျောင်းသား ၂၀၀၀ ကျော်လောက်ဟာ ပြည့်ကြပ်နေတာပေါ့။ အဲဒီတော့ နယ်မြေခံ KNU လူကြီးတွေက သံလွင်မြစ်တလျှောက်မှာ Camp 1၊ Camp 2၊ Camp 3 ဆိုပြီး စခန်း ၃ ခု ခွဲပို့ နေရာချလိုက်တယ်။ Camp 1 က သံလွင်မြစ်ကြီး ဒေါင်လိုက်စီးနေတဲ့ မသာတံခါး လို့ခေါ်တဲ့နေရာအနားမှာ... နယ်မြေ အကြမ်းဆုံးပဲ။ Camp 3 က သေ့လောထ သစ်စက်နားမှာ။ Camp 2 က မယ်ပေါမူထ သစ်စက်နားမှာ။ 

အဲဒီအချိန်မှာ ကျောင်းသားတွေ ငှက်ဖျားဖြစ်ပြီး စ သေနေပြီ၊ စစ်သင်တန်းတွေလည်း စ တက်နေပြီ၊ ဖောက်ခွဲရေးသင်တန်းတွေ တဝုန်းဝုန်းနဲ့ ပေးနေပြီ... ဆိုးတာက နယ်မြေ ကြမ်း၊ အစား ရှား၊ သင်တန်းက ကြမ်းတာပဲ... ကျောင်းသားတချို့ စတင် အိမ်ပြန်နေကြပြီ... အိမ်ပြန်မရောက်ဘဲ လမ်းတဝက်မှာပဲ ပျောက် ပျောက်သွားကြပြီ (ကျနော် နာမည်တွေမှတ်မိနေတဲ့ ရှေ့နေနဲ့ DENTAL ကျောင်းသား ၂၁ ယောက်အုပ်စု လုံးဝ အိမ်ပြန်မရောက်ခဲ့ဘူး၊ ဒီအကြောင်းတွေကို... နောက်မှ ရာဇဝင်ကြွေး ရှင်းမယ်ဗျာ... ပြန်ပြောရင် ပြန်တွေးရင် ရင်မှာ သိပ် ဒေါသတင်းတယ်... ရင်နာတယ်... 


Friday, August 22, 2014

Last Fightting Field (Down Ni)

I have come to the last war, to fight, to win.
I desire to win the war within.
I wore a bright toga (long coat).
My religion and five percepts like flowing soda.
My hair flowing in unison with the wind and it's bright.


Thursday, August 21, 2014

သူငယ်ချင်း ရဲဘော်ဒေါင်းနီ (မင်းကျော်ခိုင်)

သူငယ်ချင်း ရဲဘော်ဒေါင်းနီအတွက် အမှတ်တရပါ...  
(မင်းကျော်ခိုင်)

 

Friday, February 10, 2012

အကြွေးဟောင်းကို ပြန်ဝိုင်းဆပ်ခြင်း (ဒေါင်းနီ)


မြောက်ဘက်တောင်ကုန်းထက် အရိုးတံပိုးမှုတ်သံ သိမ့်သိမ့်ခါဟီးထ

သွေးနံစွဲတဲ့ ထင်းရူးတောတွေ ငြီးငြူလက်ခမောင်းခတ် တောက်ခေါက်

ကြောက်မက်ထိတ်လန့်ဖွယ် ခွပ်ဒေါင်းကျိန်စာ မိုးအောက်မြေပြင် စွဲခါလှုပ်နှိုး

သူရဲကောင်းဝိဉာဉ်တွေ ဒုန်းစိုင်းစီးဆင်း လောကတံတိုင်းလဲပြိုပွင့်

တရားခံမိစ္ဆာယုတ်တွေ တည်ရာမဲ့ ခန္ဓာ သိက္ခာ စည်းစိမ် တစ်စစီ ပျက်သုန်းကြ၊

ဇာတ်မသိမ်းသေးတဲ့ ဒဏ်ရာများနဲ့ ငါတို့ လူထုအောင်ပွဲ ခရီးကြမ်းရှည်မှာ


Wednesday, January 25, 2012

သတိ စာမျက်နှာ (ဒေါင်းနီ)


အချိန် နဲ့ နေရာ
သေချာ ရွေးချယ်
မရည်ရွယ်တာ ဘေးဖယ်ပါ၊

အစစ်နဲ့ အတု
လုယူ လှည့်စား
ဆုံးရှုံးထားတာ မှတ်ထားပါ၊


Wednesday, January 18, 2012

အာရုံတည်ရာ (ဒေါင်းနီ)


ငရဲနံရံတစ်ချို့ကျိုးကြေ ချစ်သူတစ်စုပျံသန်း
အဲ့ဒီ မိုးမြေသိမ့်ခါ တိုက်ငှက်တောင်ပံခတ်သံ
အဲ့ဒါ သွေးသားအရိုးထဲက လေဆန်ကျူးရင့်ချက်
တိတ်ဆိတ်ဆွံ့အတဲ့ အဝေးအိပ်မက်တွေ ရှင်ပြန်နိုးထ
အမေ့မျက်ရည်အိမ် မျှော်လင့်ချက်တွေ ဖူးပွင့်သင်းဝေ
အဓမ္မ ခြွေချခံသားတွေအတွက် အမျှဝေခက် အံကြိတ်နေသတဲ့။


Wednesday, January 5, 2011

ဆုတောင်း (ဒေါင်းနီ)

အဟောင်းထဲက အကောင်းတွေ အသစ်မှာပေါင်း
ငြိမ်းချမ်းတဲ့ အပြောင်းအလဲ ဝိုင်းစုဖြည့်ထပ်လောင်း
ခုနှစ်များစွာ တသသ တောင်းတခဲ့ ပြည်သူ့ဆန္ဒတွေ
နှစ်သစ်မင်္ဂလာမှာ လောကပါလတရားနှင့် မွေးဖွားစေ။

ဝ၁-ဝ၁-၂ဝ၁၁

သရုပ်ဖော် - ဒေါင်းနီ


Saturday, September 18, 2010

အာဇာနည် (ဒေါင်းနီ)

နှစ်များစွာ နေ့ညမပြတ် တုံ့ပြန်
တောက်ခေါက်သံ လျှံဝေနေတဲ့
လူထုရင်ထဲ တိုးလျှိုး ဝင်ကြည့်စမ်းပ၊
သောကသင့် နှလုံးသားနံရံမှာ
ဖျောက် မပျောက်
ဖျက် မပျက်
ဖယ် မပြယ်
ချေ မကြေ
ခြောက် မကြောက်
ကျည်ဆံမိုးပေါက် ဒလစပ်အောက်
လွတ်လပ်ရေးဖခင် ရုပ်လွှာ
မြေမကျအောင် ရဲရဲမြောက်မ
ရင်အုံနဲ့ ပေါင် ကျည်တိုးခ
သွေးပွက်စက်စက် လမ်းမထက်မှာ
နောက်မဆုတ် အသေခံ
အာဏာရှင်ကို အာခံရဲသူ
ကျောင်းသူလေး အမည်နာမ
ထာဝရ ဝင်းပ တည်တံ့ ထင်ရစ်မြဲပ။

ဝ၉-၁၅-၁ဝ

(စစ်အာဏာရှင်ကို လက်နက်မဲ့ အာခံဆန့်ကျင် တိုက်ပွဲဝင်ရင်း ဝ၉-၁၉-၁၉၈၈ နေ့တွင် သက်စွန့်ပေးဆပ်ခဲ့သော အဌမတန်း ကျောင်းသူလေး မဝင်းမော်ဦး၏ ၂၂ နှစ်မြောက် နှစ်ပတ်လည် ဂုဏ်ပြုအမှတ်တရ)

သရုပ်ဖော် - ဒေါင်းနီ


Tuesday, July 6, 2010

သမဂ္ဂအိပ်မက်ကျိန်စာ

ဆူညံပေါက်ကွဲ ညည်းတွားကြိမ်းဝါးသံလျှံတဲ့ နေ့လည် အာဂအိပ်မက်
ဝါဝါရွှေသွေး ဂုဏ်သိက္ခာကြီးမြတ်တင့်တယ်မှု အခါသမယ
စိမ်းရွက်ပျိုတွေ လေရိုင်းခလို့ တဝုန်းဝုန်းကြွေ
နီနီရဲရဲဖူးသစ်တွေက ပြန်အာခံရင်း တဝေဝေ မွှေးပွင့်
အိုးဝေတေးသံ မိုးလုံးလျှံ၍ နောင်တော်အပေါင်း နိုးထကြ၊

ပြိုကျကာလကြာရှည် နာကျည်းမှုဝေဒနာတွေ
စုစည်းရင့်လာ မာသထက် ကျစ်လစ်ခိုင်တင်း
လင်းလက်စူးရှ အချုပ်အမှောင် ထွင်းဖောက်ကြ၊

ဒီမှာ …
စစ်ဖိနပ် တချက်ပေါက်တိုင်း
ပြည်သူ့ရင်ပြင် မီးဟုန်းဟုန်းထတောက်
လူထု ကျောင်းသား ထောင် သေခြင်းတရား မှောက်လှန်နေ၊

အတိတ် ဗားကရာချောက်ရင်ခွင်မှ
ဒီနေ့ ကမ္ဘာ့ရိုးမကျောထက်ထိ
ဒဏ်ရာ အမာရွတ်ဗလပွ အရေပြား အလံလုပ်
အရိုးတံပိုးတွန်သံ ဆက်ခါမှုတ်
ရာဇဝင်သွေးစာရင်းကျိန်စာ သံပြိုင်သီကျူးကြ၊

ဒီ ကာလ …
အမြင်အကြား ရင်စကားများ သန္ဓေတည်စပင် ထိန်းချုပ်ပိတ်လှန့်ခံရ
ဝင်သက်ထွက်သက်တိုင်း နာကျင်မှုလှိုင်း တနင့်နင့်တိုး
ယုံကြည်မှုဝိဉာဉ်တွေနဲ့ ချီတက်မှုအဆုံး ရဲရင့်အောင်မြင်ခြင်းများ
သောင်တင်နေတဲ့ ဖြစ်သင့်တာတွေ တွန်းကန်မျှောချ
ကဒေါင်းအိပ်မက်တွေ မျှော်လင့်တမ်းတမှုအပြည့်နဲ့
အမေ့အိမ်ဂေဟာ တံခါးဝ သပြေညိုတွေနဲ့ ဝေနေစေ၊

ဒီ ဝသုန်မြေလွှာ …
အိမ်တိုင်း မေတ္တာရှင်အမေရှိတယ်
အမေတိုင်း အမှန်တရားချစ်တဲ့ ကျောင်းသားရှိတယ်
ကျောင်းသားတိုင်းမှာ ရဲရင့်ဖြူစင်တဲ့ အတွေးအခေါ်ရှိတယ်၊
အတွေးအခေါ်တိုင်းမှာ ဦးညွတ်စံထားတဲ့ သမဂ္ဂရှိတယ်
သမဂ္ဂတိုင်းမှာ တောက်ပတဲ့ သွေးမှော်ကွန်းရှိတယ်၊
စီးဆင်းသွေးရဲ့ဂုဏ်ရောင်ပြောင်မှုအလီလီကို
ဖြန့်ခင်းခြယ်သရင် ကမ္ဘာကုန်ကျယ်သရွေ့  နီမြန်းခနေမယ်၊

ဒီ ကျောင်းသားသမိုင်းမှာ …
အာဇာနည်သူရဲကောင်းများ သွန်းလောင်းမွေးဖွား
သခင်စိတ်နဲ့ ယူနီဗာစီတီ သပိတ်
အောင်ကျော်၊ ရာကျော်၊ ရာပြည့်အရိပ်
အဓမ္မလုပ်ကြံခံရတဲ့ သမဂ္ဂ
ဦးသန့် ဈာပန
ရှစ်လေးလုံးကာလ
ကိုးဆယ့်ခြောက်ညနေ
စစ်မိစ္ဆာနဲ့ ကျောင်းသားသူပုန် ရင်ဆိုင်အလံလု
အဓိပတိနဲ့ ဘွဲ့နှင်းသဘင် အပူမီးခ မျက်ရည်ကျ
ကံ့ကော်နဲ့ ရေတမာ သောက ဒေါသ ပွင့်ဝေကြ၊

သထုံနဲ့ သဟာယ ရာဇဝင်ကြွေးပြန်တူးဆွ
ပြာပုံထဲက အငြိုးမာန သက်ဝင်ရုန်းထ
ခွပ်ဒေါင်းမှန်သမျှ တက်လက်ညီစွာ
စစ်အရေခွံတွေ ခွပ်ခွာချွတ်ချေ စီရင်ချက်ချကြ၊

ဒီ သစ္စာခရီးကြမ်းရှည်လမ်းထဲ …
တချို့ မြို့ကန္တာရထဲ နှစ်မြုပ်ပျောက်ကွယ်
တချို့ စုံမြိုင်ဂနိုင်ရိုင်းထဲ ကြွေလွင့်ကျိုးကျေ
တချို့ အလင်းမဲ့နံရံထဲ ပိတ်လှောင်ပျက်စီး
တချို့ လေလွင့်လွင်ပြင်ထဲ ဝေးကွာစီးမျော
တချို့ ဘဝအရုဏ် အာဃာတနဲ့ မျက်နှာသစ် တောက်ခေါက်
တချို့ ရင်ခုန်သံ ကောက်သင်းကောက် တွဲသီကာ
ကာလ ရာသီ တရံမလပ် သင်ပုန်းမချေ မပြေမောဟ
နံရံထက်က သွေးနဲ့ရေးတဲ့ မမေ့ကြေး ချီမ တသားတည်းကပ်
မရပ်မနား ဥဒါန်းမကြေ သမဂ္ဂတေးနဲ့ ကမ်းဆင့် လှမ်းတက်လာနေကြ။ ။

ဒေါင်းနီ
ဝ၇-ဝ၃-၂ဝ၁ဝ

ဆဲဗင်းဂျူလိုင် အမှတ်တရ တမ်းတမှု

မှတ်ချက်။ ။ ရာသီစာ ကြွေးကြော်သံရေးဖွဲ့မှု မဟုတ်၊ သဲတပွင့်မျှ ပေးဆပ် အလုပ်ကျွေးပြုခြင်းဖြစ်သည်။

သရုပ်ဖော် - အောင်ထက်


ဆဲဗင်းဂျူလိုင် အမှတ်တရ (ဒေါင်းနီ)

Thursday, November 19, 2009

ထာဝရ ခရီးသည် ရဲ့ အန္တိမ ဆုတောင်းခန်း (ဒေါင်းနီ)


ခရီးသည်

မြို့ပျောက်
တောမှောက်
နောက်ကျသော အိပ်မက်လမ်း
ဇရာလမ်းမှာ ကျန်နေ …၊

ကြက် မမော
ယာ မညက်
အပြန်ခက်သော အိမ်လွမ်းခန်း
လက်ကျန်ရက်တွေ နည်းနေ …၊

ဆေး မပေး
မီး မယူ
ဖော်မဲ့ အပူ ကျွမ်းလောင်စမ်း
ပျံသန်း ထိုးဖောက် ရင့်မာနေ။ ။

ဒေါင်းနီ
ဝ၉-ဝ၁-ဝ၉


ထာဝရ

ငါ တော်လှန်လမ်းကို အလျားလိုက်ကူး
နိုင်ငံကိုလည်း ရင်ထဲဆွဲသွင်းချင်
နောင်တမဲ့ တောင်ပံဖွင့်လွင့်လို့ 
အမနာပလေထန်လည်း
အညံခံပြန်လှည့်ရိုး မရှိ …၊

ငါ့ရဲ့ပြာမှုန် လေဟုန်ထိုးဖောက်
အာကာယံထက် ကပ်ငြိတွဲ
ကြိုပြီးလမ်းခွဲ လွင့်ခဲ့လည်း
ဖြစ်တည်ရာ နေရာတိုင်း
သမိုင်းကြွေးကို မှတ်ထားမိ …၊

ငါ့ တိုက်ပွဲဖော် အမှောင်ရိုက်ချိုး
နံရံတွေတောင် ရိုကျိုးဝပ်တွား
သွေးအောင်လံ တလွင့်လွင့်တိုး
ကမ္ဘာတရိုး မျိုးဆက်စိုက်ကာ
ဝိညာဉ်ရှိသရွေ့ အာခံနေပါ၏။

ဒေါင်းနီ
ဝ၉-ဝ၉-ဝ၉

အန္တိမ ဆုတောင်းခန်း

ဘဝ ဆက်တိုင်း
လွတ်လပ်ခြင်း
တရားမျှတခြင်း
တန်းတူညီမျှခြင်း
ငါ့မြေ ငါ့ရွာ
ငါ့တိုင်းပြည်မှာ
နှစ်ခြိုက်ပီတိဖြစ်စွာ ရလို၏၊

လူပြန်ဖြစ်တိုင်း
တာဝန်ကျေခြင်း
သစ္စာတည်ခြင်း
သိက္ခာမြဲခြင်း
ငါ့သွေးသောက်များ
အမိနိုင်ငံတော်မှာ
နှစ်ထောင်းအားရ ပိုင်လို၏၊

ခန္ဓာရှိတိုင်း
စွန့်လွှတ်ခြင်း
ပေးဆပ်ခြင်း
ပံ့ပိုးခြင်းများ
တမြေတည်းဖွား
တရေတည်သောက်
တမိုးအောက်ထဲ
နွေးထွေး ဝေမျှ ပေးလို၏၊

သွေးလည်ပတ်တိုင်း
ကျေးဇူးသိတတ်ခြင်း
ဦးညွတ် ဂါရဝပြုခြင်း
စောင့်ရှောက် ကူညီခြင်း
ဒို့မိ ဒို့ဖ
ဒို့ဆရာတို့အား
ကြည်နူး ဝမ်းမြောက် အပ်လို၏၊

အတွေးဝေတိုင်း
တွဲလက်ခိုင်ခြင်း
ဖေးမစာနာခြင်း
ပြန်လှန် ပေးဆက်
ငါ့သက်ထား
ငါ့ရောင်းရင်း
ငါ့မိတ်ဆွေတို့အား
ယုံကြည် လေးစား သွားချင်ပါ၏။

ဒေါင်းနီ
ဝ၉-၁၉-ဝ၉

ဆန္ဒနှင့် ဖြစ်တည်မှု (ဒေါင်းနီ)


သမိုင်း ...

ထပ်တူ ပြုစရာ ဘာဆိုဘာမှမရှိ

အကြိမ်ကြိမ်သာ တသဂုဏ်ပြုရ

ဘဝက တခါသာ ကခွင့်ပေးပေမယ့်

မျက်ရည်မခန်း လွမ်းခဲ့နှစ်တာရှည်ခဲ့၊


ပြကွက် …

အတ္တပြည့်လျှံ မိစ္ဆာလမ်းမရိုင်းတွေ

ပြည်တော်သာအလင်း မှိန်ဖျော့မှုန်ဝါး

ဓားသွားထက်ပျားရည် ခိုးလုလျှက်လျှာများ

စည်းတား ယုံကြည်ချက် ဖိသွေးလက်များရှိနေ၊


နမိတ် …

ကျေးလက်ရင်ဘတ်က ရုန်းကန်နိုးထ

ဖြတ်ကနဲ ကြွေခတဲ့ နောင်ရိုးရဲဘော်တွေ

သံလွင် ဒေါနရင်ငွေ့နဲ့ ရှင်ပြန်တောက်ခေါက်

ကျည်သစ်ပေါက်သံ ကမ်းဆင့်ဆက်ဝေ၊


မှတ်တမ်း …

ရဲဘော်တို့ရဲ့ ကျေးဇူးတော်နေ့ 

တမြေ့မြေ့ ကြေကွဲစွာလာခဲ့

နိုင်ငံတော် ဂုဏ်သိက္ခာ စည်းကမ်း

စို့နင့်ကြိတ်ရှိုက် ပုံရိပ်တွေတွဲအိပြိုလာ

သစ္စာဆို အလေးပြု အမျှဝေရင်းကြွေ၊


မှတ်ချက် …

သောကဒဏ်ရာစုံနဲ့ လက်ကျန် အာခံငှက်များ

မျိုးဆက်တောင်ပံ မိုးလုံးသိမ့်သိမ့်ခတ်

မပြီးပြတ်ကြွေးဟောင်း တိုးရင်းပေါင်းတောင်း

နှောင်ကြိုးမဲ့ စွန့်လွတ်ခြင်းတွေ လင်းလက်နေ။


ဒေါင်းနီ

၁၁-၁၅-ဝ၉

(မ က ဒ တ တပ်ရင်း ၂၁ဝ-၂၁၄ (စောထစခန်း) မှ စွန့်လွှတ်အနစ်နာခံ ကျဆုံးသွားသော သူရဲကောင်းရဲဘော်များနှင့် ဒီမိုကရေစီတော်လှန်ရေးတွင် ကြွေလွင့်သွားကြသော အာဇာနည်ရဲဘော်အပေါင်းတို့အား ရည်စူးပါ၏၊)

သရုပ်ဖော်-ကာတွန်းစောငို