Tuesday, September 18, 2012

မြင်း (ကမာပုလဲ)

မြင်း ...
မြင်းဟာ မွေးလာတုန်းက ကုန်းနှီးပါမလာဘူး။

မြင်း ...
မြင်းဟာ မွေးဖွားလာစဉ်က
ပါးချပ်ပါမလာဘူး။

မြင်း
မြင်းဟာ ...
သံခွာပါမလာဘူး။

မြင်း
မြင်းရဲ့ကျောမှာ ကြိမ်လုံးကြာပွတ် ရိုက်ချက်ဒဏ်ရာ
ပါမလာခဲ့ဘူး။


မြင်း ...
မြင်းဟာ
သူ့အတွက်
စားကျက်မြက်ခင်းစိမ်း လိုတယ် ...၊
သောက်စရာ ရေအနည်းငယ် လိုမယ် ...၊
ကြိုတင် သတ်မှတ်မထားတဲ့ ဘဝပြေးလမ်းတွေ လိုမယ် ...။

မြင်း ...
မြင်းဟာ ...
လရောင်အောက်မှာ ကဆုန်ပေါက် ပြေးလွှားမယ် ...
သူ့လည်ဆံမွှေးမှာ သူ့မာနရဲ့ ပကတိအလှ တည်ရှိမယ်
သူ့ပါးစပ်က ဟီသံနဲ့ နှာမှုတ်သံမှာ
ရန်သူရဲ့ အနံ့ဟာ ဖျားနာစေလိမ့်မယ် ...။

မြင်းတကောင်ပဲ
မြင်းတွေ အကောင်ကောင်ပဲ
မြင်းတွေထဲက မြင်းတကောင်ပဲ ...။

မြေကမ္ဘာဟာ စကတည်းက ပြေးလမ်းတွေ အသင့်ပြင် ခင်းကျင်းထားပြီးသား
ခွာလိပ်သွားတာလည်း ရှိ
ဂျွမ်းပစ်လဲကျသွားတာလည်း ရှိ
သခင့်အလိုကျ ယဉ်ပါးသွားတာလည်း ရှိ ...။

အက်ကွဲနေတဲ့ နှလုံးအိမ်နဲ့ ပန်းဝင်ခဲ့သူများ
မြင်းတွေ သက်ရှင်နေထိုင်ကြပုံများ ပြောပါတယ်။ ။

ကမာပုလဲ 
၁၇၀၉၂၀၁၂


No comments: