Showing posts with label အောင်သူငြိမ်း. Show all posts
Showing posts with label အောင်သူငြိမ်း. Show all posts

Tuesday, March 31, 2015

ဒေါက်တာဇော်မင်းနဲ့ ကျနော် - ၃ (အောင်သူငြိမ်း)

(၃) 

ကိုဇော်မင်းဟာ ကွန်မြူနစ်လား

ဒေါက်တာဇော်မင်းဟာ ကွန်မြူနစ်လား။ သူဟာ ကျနော့်ကိုရော စည်းရုံးဖို့ ကြိုးစားဖူးသေးသလား။ ကျနော့်ကို ကျနော် ဒီမေးခွန်း ပြန်မေးကြည့်တယ်။ ပထမမေးခွန်းကို အမှန်အတိုင်းဖြေရရင် ကျနော် မသိဘူး။ ကျနော်တို့ သူငယ်ချင်းလို ပေါင်းသင်းနေစဉ်ကာလမှာ ရောက်တတ်ရာရာ ခေတ်အကြောင်းပြောတယ်။ စာအကြောင်း ပေအကြောင်း ပြောတယ်။

ဒါပေမယ့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြိုခွင်းခံရလို့ နောက်ပိုင်း ကျနော်လည်း တောထဲရောက်၊ သူ့ကိုလည်း ဖမ်းပြီး ၄၈၂၈ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ယူဂျီ အဖွဲ့ဝင်အဖြစ် စွပ်စွဲတာ သတင်းစာရှင်းလင်းပွဲမှာ ဖတ်ရတယ်။ ဖတ်ရတဲ့အချိန်မှာ ကျနော် တောထဲရောက်နေပြီ။ (နောက်တော့ စာအုပ်နီက ကွန်မြူနစ်တွေအတွဲ၊ စာအုပ်စိမ်းက လက်ျာ အင်အားစုတွေအတွဲ ဆိုပြီး ထွက်လာတယ်)။

ကျနော်မြင်တာတော့ ကျနော်တို့ခေတ်က ခေတ်ကျပ်ကြီး။ လူတွေက အစိုးရကိုမကျေနပ်တာ အကျယ်အပြန့်ရှိနေတာပဲ။ ဒါကြောင့်လည်း ၁၉၈၈ မှာ တစ်နိုင်ငံလုံး တစ်ပါတီဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တယ်ဆိုပြီး အုံးအုံးကြွကြွ ထွက်လာကြတာပဲ။ ဒေါက်တာဇော်မင်းက အစိုးရကို မကျေနပ်တာ၊ မုန်းနေတာ ရှိနိုင်တာပဲ။ ကျနော်လည်း ကျနော့်အတိုင်းတာနဲ့ မကျေနပ်တာ ရှိနေတာပဲ။ ဒါပေမယ့်လည်း ကိုယ့်ခေတ်က ဒီလောက် အောက်ကျ နောက်ကျ နိုင်နေမှန်းတော့ မသိခဲ့ဘူး။

Sunday, March 8, 2015

ဒေါက်တာဇော်မင်းနဲ့ ကျနော် - ၂ (အောင်သူငြိမ်း)

(၂) 

RIT, နေဝန်းနှင်းဆီ၊ စိုက်ပျိုးရေး သုတေသနဝင်း 

ကျနော်က အင်းစိန် ပိန္နဲကုန်းလမ်းထဲမှာ နေတယ်။ အခု ဘုရင့်နောင်လမ်းမကြီးနဲ့ မဝေးလှဘူး။ အဲဒီအချိန်တုန်းက ဘုရင့်နောင် လမ်းမကြီးရယ်လို့ ပီပီပြင်ပြင် မရှိသေးဘူး။ မြေလမ်းကြမ်းပဲ ပြီးသေးတယ်။ ကျနော်တို့ လမ်းတစ်ဖက်ကျော်သွားရင် မြို့သစ်ဆိုပြီး၊ ဆိုးတယ် ကြမ်းတယ်လို့ပြောတဲ့ ရပ်ကွက်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပိန္နဲကုန်းလမ်းကနေ ဘီပီအိုင် (BPI) ဘက်ကိုသွားတဲ့ ဖြတ်လမ်းရှိတယ်။ လယ်ကွင်းကလေးကို ခဏဖြတ်ရတယ်။ 

ပြီးတော့ ဘီပီအိုင် အပိုင် ထင်တယ်၊ အောက်ဆီဂျင်စက်ရုံကို ရောက်တယ်။ နောက်တော့ ကွန်ကရစ်လမ်းကလေး ဖြတ်၊ ရထားလမ်းကိုဖြတ်ရင် ကြို့ကုန်း ရပ်ကွက်ထဲရောက်သွားပြီ။ လျှောက်သွားရင် ကိုဇော်မင်းတို့က စက်မှုတက္ကသိုလ် (RIT) ရှေ့က စိုက်ပျိုးရေးဌာန၊ သုတေသနဝင်းထဲမှာ နေတယ်။ သူ့အဖေက စိုက်ပျိုးရေးဌာနက အရာရှိတစ်ဦးပဲ။ အင်းစိန်လမ်းမကြီး RIT ရှေ့မှာပဲ စာအုပ်အငှားဆိုင်ကလေး ရှိတယ်။ ‘နေဝန်းနှင်းဆီ’ လို့ အမည်ရတယ်။

Wednesday, March 4, 2015

ဒေါက်တာဇော်မင်းနဲ့ ကျနော် - ၁ (အောင်သူငြိမ်း)

(၁)

ဆေး-၂ စာပေအုပ်စု

ဒေါက်တာဇော်မင်းနဲ့ ကျနော့်အကြောင်းပြောရရင် သူတို့မိသားစုအကြောင်းလည်း နောက်ပိုင်း ပတ်သက်လာလိမ့်မယ်။ အကြောင်းက သူ့ညီ ကိုဇော်ထွန်း၊ ကိုဇော်ခိုင်ပါ ကျနော်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်ခဲ့ရတယ်။ ကျနော်တို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်ဆိုးကြီးမှာ သူတို့မိသားစုတွေ ဘယ်လောက်အထိ နစ်နာဆုံးရှုံးခဲ့ရတယ်ဆိုတာ ပြောပြသင့်တယ်တော့ ထင်တယ်။ သူရဲကောင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ စွန့်လွှတ်ခဲ့ကြသူချည်း၊ နစ်နာခဲ့ကြသူချည်း၊ ခေတ်တစ်ခေတ် လှိုင်းကြီးလေထန် ခလောက်ဆန်ခဲ့တဲ့ ကာလဆိုးကြီးမှာ အများထက်ပိုပြီး နစ်နာခံစားခဲ့ကြရသူများပါ။ 

ကျနော်နဲ့ ကိုဇော်မင်း စတင်ရင်းနှီးပုံအကြောင်းပြောရင် ဆေးတက္ကသိုလ်-၂ မဂ္ဂဇင်းအကြောင်းက စရလိမ့်မယ်။ ကျနော်တို့ ဆေး-၂ က မဂ္ဂဇင်းတွေက နာမည်ရတယ်။ စာပေလောကထဲမှာ သြဇာရှိတယ်။ ဆေး-၂ မဂ္ဂဇင်းထွက်လာရင် စောင့်လို့ ဖတ်ကြရတယ်။ ကျနော်တို့အရင်နှစ်တွေတုန်းက အစ်ကိုတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်နဲ့ ကျနော်တို့ ၁၉၈၂ ခုနှစ်မှာ ကျောင်းရောက်တော့ မဂ္ဂဇင်းထွက်လာခဲ့တယ်။ စိန်ပန်းပုံ အဖုံးနဲ့ ထင်တယ်။ နောက်တော့ အဖြူနောက်ခံမှာ နားကျပ်ပုံလေးနဲ့ ထင်တယ်။ ကျနော်သေချာတော့ မမှတ်မိတော့ဘူး။ 


Sunday, November 23, 2008

အောင်သူငြိမ်း (ရေသာခို လှေကြုံစီး)-နိဂုံးပိုင်း


လမ်းဖောက်လုပ်ရန် လုပ်အားပေး သူ ထွက်လာနိုးနိုး၊ ကိုယ် ထွက်လာနိုးနိုး အားလုံးက မျှော်နေကြမည် ဆိုပါက လမ်းမဖြစ်နိုင်ပါ။ ဤကဲ့သို့သော အများကောင်းကျိုးလုပ်ငန်းများတွင် (ရလျှင်ရ၊ မရလျှင် အကုန်မရ) (ဖြစ်လျှင်ဖြစ်-မဖြစ်လျှင်အကုန်မဖြစ်) (All or Nothing) ဟူသော သဘောတရားရှိတတ်ပါသည်။


ပါမောက္ခ ဒဲန်နစ်ချောင်ကတော့ အနောက်တိုင်းလစ်ဘရယ်ဝါဒအယူအဆအရ လက်ခံသောလူဆိုသည်မှာ ကျိုးကြောင်းဆီလျော်စွာ ရွေးချယ်တတ်သူ (Human beings are rational actors) ဟူသောအယူအဆကို အခြေခံ၍ ရှင်းပါသည်။


ဆိုလိုသည်မှာ လူအများသည် မိမိအကျိုးစီးပွားကို အခြေခံ၍လှုပ်ရှားတတ်သော သဘောဖြစ်ပါသည်။ မိမိ အကျိုးစီးပွားရှိလျှင် လှုပ်ရှားမည်၊ မိမိအကျိုးစီးပွားမရှိလျှင် မလှုပ်ရှားဟူသော သဘောအခြေခံဖြစ်ပါသည်။


ပါမောက္ခချောင်က သူလေ့လာခဲ့ရာတွင် လူအများအနေဖြင့် သပိတ်များအတွင်းမှ၊ လူထုလှုပ်ရှားမှုများအတွင်းမှ မထွက်ခွာ၊ မစွန့်ခွာသွားကြခြင်းမှာ သူတို့၏ လူမှုရေးအရ ရည်မှန်းချက်များဖြစ်သော ဂုဏ်သိက္ခာ၊ ကျော်ကြားမှု၊ အာဏာ၊ အသိအမှတ်ပြုခံရမှု စသည်တို့ကြောင့်ဖြစ်သည်ဟု ဆိုပါသည်။


သို့သော် ထိုလူအများအနေဖြင့် ဤပုဂ္ဂလိကရည်မှန်းချက်များအတွက် သက်သက်စေ့ဆော်မှုကြောင့် လှုပ်ရှားမှု တွင် ပါဝင်ကြခြင်းမဟုတ်ဘဲ၊ တချိန်တွင် ဤလှုပ်ရှားမှုကိုအခြေခံ၍သူတို့၏ ပုဂ္ဂလိကရည်မှန်းချက်များအတွက် ဆောင်ရွက်နိုင်ဖွယ်ရှိသော အခြေအနေကြောင့်လည်း ဖြစ်ပါသည်။


ချောင်ကရှင်းပြရာ၌ လူအများအနေဖြင့် လှုပ်ရှားမှုတွင်ပါဝင်တော့မည်ဆိုလျှင် ပေးဆပ်ရမည့်တန်ဖိုးနှင့် ရရှိလာ မည့်အကျိုးအမြတ်ကို ချိန်ဆလေ့ရှိကြပါသည်။ အကျိုးအမြတ်က နည်း၊ ပါဝင်လှုပ်ရှားမှုအတွက် ပေးဆပ်ရမည့် တန်ဖိုးကများမည်ဆိုလျှင် ချို၍နေလိုက်ကြပါသည်။


သို့သော် လူအများက မိမိအကျိုးစီးပွားအတွက် သက်သက်စေ့ဆော်မှုဖြင့် လှုပ်ရှားကြသည်ဟူသော အယူအဆ တွင်လည်း အားနည်းချက်များရှိကြောင်း ချောင်က ဆွေးနွေးပြပါသည်။


လူဆိုသည်က ထူးဆန်းပါသည်။ တခါတရံ အချို့သော အရေးကြီးသည်ဟု ထင်မှတ်ယုံကြည်သော ကိစ္စများတွင် ပေးဆပ်ရမည့်တန်ဖိုး မည်မျှများများ ပါဝင်လှုပ်ရှားတတ်သောသဘောကိုလည်း တွေ့ရပါသည်။ အကြောင်းမှာ သူ ကိုယ်တိုင်က ပါဝင်ချင်၍ဖြစ်ပါသည်။ သမိုင်းဝင်မည့်အဖြစ်အပျက်မျိုး၊ လှုပ်ရှားမှုမျိုးတွင် လူအများက ပါဝင်လာ လေ့ရှိကြပါသည်။


ဥပမာအားဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံမျိုး နှင့် ၁၉၉၄ မာနာပလော တိုက်ပွဲကာလမျိုးဖြစ် ပါသည်။


လူအများက အန္တရာယ်ရှိမှန်းသိလျှက်နှင့် ပါဝင်ခဲ့ကြပါသည်။ မာနာပလောခုခံစစ်တိုက်ပွဲကာလကလည်း မဟာ မိတ် တပ်ဖွဲ့အများအပြား စစ်ကူစေလွှတ်ပါဝင်ခဲ့ကြဖူးပါသည်။ အကြောင်းမှာ အခြားမဟုတ်။ ဤဖြစ်စဉ်တွင် ပါဝင်လိုသောကြောင့်သာဖြစ်ပါသည်။ ထို့အတွက်ကြောင့်ပင်ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုကာလ ဒီမိုကရေစီလှုပ်ရှားမှုကို ဒုတိယအကြိမ် လွတ်လပ်ရေးလှုပ်ရှားမှုနှင့် တင်စားနှိုင်းယှဉ်ဖော်ပြခဲ့ခြင်း ဖြစ်ပါလိမ့်မည်။


ထို့အပြင် ဖရီးရိုက်ဒါလျော့နည်းသွားအောင် ဆောင်ရွက်နိုင်သော အခြားသောနည်းလမ်းများကိုလည်း ချောင်က ဆွေးနွေးခဲ့ပါသည်။ ၄င်းမှာ တပ်ပေါင်းစုကဲ့သို့သော၊ အဖွဲ့အများအပြားနှင့် လှုပ်ရှားသောကိစ္စများတွင် အဖွဲ့ငယ် အသီးသီး၏ အကျိုးစီးပွားများကို အသိအမှတ်ပြု၍ စဉ်းစားပေးခြင်းဖြစ်ပါသည်။


ထို့အပြင် မိမိတို့ဦးတည်ထားသော ရည်မှန်းချက်ကြီးကို၊ အောင်မြင်မှုတိုင်းတာနိုင်ရန် အသေးစိတ်ကျသော၊ လုပ်ငန်းငယ်များ၊ ရည်မှန်းချက်ငယ်များဖြင့် ခွဲခြမ်းစိတ်ဖြာပေးခြင်းပင် ဖြစ်ပါသည်။ ဤအချက်သည် လှုပ်ရှားမှုကို ဦးဆောင်နေသော ခေါင်းဆောင်များအတွက် အရေးကြီးသောအချက်ဖြစ်ပါသည်။


ဗီယက်နမ်စစ်ပွဲကာလက ဗီယက်နမ်ပြောက်ကျားများက မိမိတို့တော်လှန်ရေး စစ်ပွဲဦးတည်ချက်ကို အဆင့်ငယ်များခွဲခြမ်း၍ တာဝန်ခွဲဝေ နေရာချထားပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဤသို့ဖြင့် လူအများက အောင်မြင်မှုကို အသိအမှတ်ပြုလာပြီး၊ မိမိပါဝင်ဆောင်ရွက် ရမှုအတွက်လည်း တန်ဖိုးထားကြောင်း ချောင်က ဖော်ပြခဲ့ပါသည်။


ထို့အပြင် အသိအမှတ်ပြုမှုနှင့် ဆုလာဒ်များသည်လည်း များစွာထိရောက်ပါသည်။ ဤသည်မှာ လူအများအတွက် သီးသန့်မက်လုံးတခုဖြစ်စေပါသည်။ ဆုပေးရာ၌ ရုပ်ဝတ္ထုပစ္စည်း၊ လူမှုရေးအရ၊ စိတ်ပိုင်းဆိုင်ရာအရ တခုခုဖြစ်နိုင် ပါသည်။ ထိုအခါ လူအများ၏ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်နေရမှုအတွက် စိတ်ဓာတ်ရေးရာအရ တွန်းအားဖြစ် လာစေပါသည်။


ထို့အပြင် လူအများနှင့် ဆောင်ရွက်ရသောလုပ်ငန်းတွင် အချို့ကအကန့်အသတ်ဖြင့်သာ ပါဝင်ဆောင်ရွက်တတ်ရာ လုပ်ငန်းအောင်မြင်မှု အတွက် ကြီးကြပ်စစ်ဆေးမှုလည်း လိုအပ်ပါလိမ့်မည်။ ထိုအပြင် လူအများက မိမိတို့ အသံကို ဖော်ထုတ်ခွင့်ရစေရန် အငယ်စားနှင့် အကြီးစားတွေ့ဆုံဆွေးနွေးပွဲများ (ညီလာခံများ) လည်း လိုအပ်ပါ လိမ့်မည်။ ထို့အပြင် လှုပ်ရှားမှု၏ စံထားသတ်မှတ်ချက်များ (Ethos) ကို မည်သို့ထိန်းသိမ်းကြမည်ဆိုသော ကိစ္စ လည်း ရှိပါသေးသည်။


ယနေ့မိမိတို့လှုပ်ရှားမှုနှင့် တပ်ပေါင်းစုတွင်ရော ဖရီးရိုက်ဒါ များနေပါသလား။ များလွန်းလျှင် ဘာအလုပ်မှ မဖြစ်နိုင်တော့ပါ။ လူအများပါဝင် လှုပ်ရှားလာစေရန် မည်သို့ဆောင်ရွက်ကြမည်နည်း။ စဉ်းစားရန်သင့်ပြီ ဖြစ်ပါ သည်။


အကိုးအကား

Dennis Chong, Collective Action and Civil Rights Movement, University of Chicago Press, Chicago,1991.


Friday, November 21, 2008

အောင်သူငြိမ်း (ရေသာခို လှေကြုံစီး)


စီးပွားရေးပညာတွင် စကားရပ်တခုရှိပါသည်။ ၄င်းမှာ (Free rider) ဖြစ်ပြီး မြန်မာလိုဘာသာပြန်မည်ဆိုလျှင် ရေသာခိုလှေကြုံစီးဟု ဘာသာပြန်၍ ရမည်ထင်ပါသည်။ အဓိပ္ပာယ်မှာ ကိစ္စတခုခုအတွက် ကြိုးပမ်းအားထုတ် မှုမပြုဘဲ၊ အရင်းအနှီးမထည့်ဝင်ဘဲ အကျိုးခံစားခွင့်ရသူဟု ဆိုရမည် ဖြစ်ပါသည်။


ဥပမာပေးရလျှင် … လမ်းဖောက်လုပ်ရေးအတွက် တအိမ်တယောက် လုပ်အားပေးခေါ်မည်ဆိုပါစို့။


လုပ်အားပေး သူလည်း ရှိနိုင်သည်။ ရေသာခိုနေသူများလည်း ရှိနိုင်ပါသည်။ သို့သော် လမ်းပြီးစီးသွားသောအခါ လမ်းဖောက် စဉ်ကမပါသောကြောင့် မလျှောက်ရဟု တားမြစ်၍မရနိုင်ပါ။ အခြားဤလမ်းပေါ်လျှောက်သော ခရီးသွားကြသော သူများကလည်း ဤအကျိုးကျေးဇူးကို ခံစားခွင့်ရကြပါသည်။


ထို့အတူ လွတ်လပ်ရေးနေ့မျိုးတွင် မီးရှူးမီးပန်းဖောက်သည် ဆိုပါစို့။ လူအများက ထိုမီးပန်းအလှကို ပိုက်ဆံ မကုန်ဘဲ ခံစားကြည့်ရှုနိုင် ခွင့် ရှိပါသည်။ ထိုသူများကို ပိုက်ဆံမထည့်ဝင်ထားသောကြောင့် မခံစားရဟု တားမြစ်၍ မရနိုင်ပါ။ ဤသူများကို စီးပွားရေးဘာသာရပ် စကားအားဖြင့် ဖရီးရိုက်ဒါဟု ခေါ်ပါသည်။


ဖရီးရိုက်ဒါလို ပြဿနာမျိုးက အထူးသဖြင့် (Public goods) ဟုခေါ်သော အများကောင်းကျိုးအတွက် ဆောင်ရွက်ကြသော လုပ်ငန်းမျိုး၌ ပို၍ကြုံတွေ့ရလေ့ရှိသည်ဟု ဆိုပါသည်။


အများကောင်းကျိုးလုပ်ငန်း (Publish goods) ဟုဆိုရာ၌ လက္ခဏာ ၃ ရပ်ဖြင့် ပြည့်စုံရမည်ဖြစ်ပါသည်။


ပထမတချက်မှာ ဤလုပ်ငန်းအတွက် အများက ပူးပေါင်းဆောင်ရွက်ပြီး ဖြည့်ဆည်းရမည်ဖြစ်ပါသည်။


ဒုတိယတချက်မှာ ဤလုပ်ငန်းကို အကောင်အထည်ပေါ် အထမြောက်အောင် ဖြည့်ဆည်းလုပ်ဆောင်ခဲ့စဉ်ကာလ က မပါဝင်ခဲ့သူများကို မခံစားရဟု ချန်လှပ်ထား၍ မရပါ။


တတိယ တချက်မှာ ဤအများကောင်းကျိုးကို လူမည်မျှ စားသုံးစားသုံး ကုန်ခမ်းသွားသည်ဟူ၍မရှိဆိုသော အရည်အချင်းနှင့် ပြည့်စုံရမည်ဖြစ်ပါသည်။


(ဆိုလိုသည်မှာ မီးပန်းအလှကို လူတထောင်သာ ကြည့်နိုင်သည်။ ကုန်သွားသည်ဟူ၍ မရှိ။ လူတသန်းကြည့်ရှု ခံစားလျှင်လည်း အလားတူဖြစ်နိုင်သော အရည်အချင်းမျိုးကို ဆိုပါသည်။)


ဤအချက်ကို နိုင်ငံရေးနယ်ပယ်တွင်လည်း ထည့်သွင်းစဉ်းစားစရာဖြစ်လာပါသည်။


ဒီမိုကရေစီ၊ လူ့အခွင့်အရေးစသည်များသည် အထက်ကဖော်ပြခဲ့သော အများကောင်းကျိုး (Public goods) ဆိုသော စံလက္ခဏာသတ်မှတ်ချက် ၃ ခုဖြင့် ပြည့်စုံနေပါသည်။


ဤနေရာတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲတွင် ရေသာခိုလှေကြုံစီးနေသူများ၊ သို့မဟုတ်လျှင်တောင်မှ ဘေးတွင် ဘာမျှမလုပ်ဘဲ ထိုင်နေသူများရှိကြောင်း အသိအမှတ်ပြုရမည်ဖြစ်ပါသည်။


တနည်းအားဖြင့်ဖော်ပြရလျှင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတိုက်ပွဲတွင် (Free rider) များစွာ ရှိနေပါသည်။


တော်လှန်ရေးလှုပ်ရှားမှုတွင် တက်ကြွစွာဆောင်ရွက်သူက နည်း၊ ဖရီး ရိုက်ဒါ က များနေလျှင် ဒီမိုကရေစီတိုက်ပွဲ မအောင်မြင်နိုင်ပါ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စများသည် အများကစုပေါင်းကျိုးစားမှ အကောင်အထည် ပေါ်မည့်ကိစ္စဖြစ်ပါသည်။


ဤကိစ္စအတွက်လှုပ်ရှားမှုတွင် မပါဝင်ခဲ့သူများ (နောက်ဆုံးဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုကို ဖိနှိပ်ခဲ့ သူများကိုတောင်) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိလာပါက မခံစားရဟု တားမြစ်ရန် မဖြစ်စကောင်းပါ။


ထို့အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လူမည်မျှခံစား၊ ခံစားကုန်ခမ်းသွားသည်ဟူသော သဘောမရှိပါ။


ဤနေရာတွင် ပြဿနာရှိလာသည်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွင် ရေသာခိုလှေကြုံစီးနေသူ များပျောက်သွားအောင်၊ သို့မဟုတ် လျော့နည်းသွားအောင်၊ အများက ဤအကျိုးအတွက် ပူးပေါင်းလုပ်ဆောင် လာစေရန် မည်သို့လုပ်ဆောင်ကြမည်နည်းဟူသော ပြဿနာပင်ဖြစ်ပါသည်။


ဤပြဿနာကို လှုပ်ရှားမှုဦးဆောင် နေသူများစဉ်းစားရမည့် ပေါ်လစီပြဿနာဖြစ်လာပါသည်။


ဤပြဿနာသည် မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုတခုတည်းတွင်မှ ကြုံရသောပြဿနာ မဟုတ်ပါ။ နိုင်ငံတကာ လှုပ်ရှားမှုအသီးသီးတွင်လည်း ကြုံခဲ့ကြရဖူးပါသည်။


ဤကိစ္စနှင့်ပတ်သက်၍ နော့သ်ဝက်စတင်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံတွဲဖက် ပေါမောက္ခ ဒဲန်းနစ် ချောင်က အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့ဖူးသော လူမှုအခွင့်အရေးလှုပ်ရှားမှု (Civil Rights Movement) ကိုအခြေခံ၍ စာတမ်းတစောင်ရေးခဲ့ဖူးပါသည်။


သူ၏ စာတမ်းတွင် ဤပြဿနာများကို ဆွေးနွေးထားပါသည်။ အမေရိကန်တွင် လူမှုအခွင့်အရေးလှုပ်ရှားစဉ် ကာလက လူအများ လမ်းမပေါ်ထွက်လာရန် စည်းရုံးရသောပြဿနာရှိပါသည်။ ထို့အပြင် လူမဲများ လူဖြူများ ရောင်းချသောဆိုင်များထံမှ ပစ္စည်းများမဝယ်ယူရေးသပိတ်တွင် ရေရှည် ဆက်လက်ထိန်းသိမ်းရေးပြဿနာ ရှိခဲ့ပါသည်။


သပိတ်တခုဖြစ်လာပါကလည်း လူအများဆက်လက်ပါဝင်နေစေရန် မည်သို့ဆက်လက်ထိန်း သိမ်းကြမည်နည်း ဟူသော ပြဿနာရှိပါသည်။ ထို့အတူ လူအများနှင့်ဆက်ဆံပူးပေါင်းလုပ်ကိုင်ရသောလုပ်ငန်းတိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုပြဿနာလည်းရှိပါသည်။


အလားတူ တပ်ပေါင်းစုလုပ်ငန်းများ ဆောင်ရွက်ကြရာတွင်လည်း ဤပြဿနာရှိပါသည်။


တပ်ပေါင်းစုတွင်ပါဝင်သော အဖွဲ့အစည်းတခုနှင့်တခု အကျိုးစီးပွားချင်း မတူကြပါ။ တပ်ပေါင်းစုမှဆုံးဖြတ်သော လုပ်ငန်းသည်အဖွဲ့ငယ် တခုအတွက် တိုက်ရိုက်အကျိုးရှိချင်မှ ရှိပါလိမ့်မည်။


အလားတူ တိုက်ပွဲတခု၊ လှုပ်ရှားမှုတခုဆောင်ရွက်ရာတွင်လည်း အဖွဲ့တခုနှင့်တခု ရင်းနှီးပေးဆပ်ရပုံခြင်း မတူကြပါ။


အချို့သောအဖွဲ့များက မိမိရရှိလာမည့် အကျိုးထက်၊ မိမိပေးဆပ်ရမည့် အရင်းအနှီးမည်မျှရှိမည်ကို တွက်ဆတတ်ကြပါသည်။

လုပ်ငန်းတခုတွင် ပါဝင်ဆောင်ရွက်ရေး နှောင့်နှေးနေတတ်ပါသည်။ အခါများစွာတွင် ဖရီးရိုက်ဒါသဖွယ် ဆောင်ရွက်နေလေ့ ရှိတတ်ပါသည်။


ထိုအခါ တပ်ပေါင်းစုလုပ်ငန်းများလည်း မအောင်မြင်၊ ရည်ရွယ်ချက်လည်း အထမမြောက် ဖြစ်တတ်ပါသည်။



ဆက်လက်ဖော်ပြပါမယ်။