Friday, June 26, 2009

မိုက်ကယ်လ်ဂျက်ဆင် အမှတ်တရ

ကာတွန်း စောငို


ရဲဘော်ကြီး ကာတွန်းစောငို ရဲ့ မေတ္တာနဲ့ ရေးဆွဲပေးတဲ့ လက်ရာတခုပါ။ သူဟာ အခုအခါမှာ မြန်မာပြည် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိုင်ပေါင်း ၉၀၀ ကျော် ခရီးရှည်ချီတက်ပွဲမှာ ပါဝင်ချီတက်တိုက်ပွဲဝင်နေရင်းက ဒီကာတွန်းလေးကို ရေးဆွဲပေးခဲ့တာပါ။


သူတို့ရဲ့ ခရီးရှည် ချီတက်ပွဲအကြောင်း သိချင်တယ်ဆိုရင်ဖြင့် ဒီ ဘလော့ဂ် လိပ်စာအတိုင်း http://longmarchforburma.blogspot.com/ သွားရောက်လည်ပတ် အားပေးနိုင်ကြပါတယ်။


ကာတွန်းစောငို ဟာ သူရေးဆွဲထားတဲ့ ကာတွန်းလက်ရာများကို မှတ်မှတ်ရရ စာအုပ်လေးတအုပ်အဖြစ် ဖန်တီးချင်နေတဲ့ အာသီသရှိနေပြီး စာအုပ်လေးဖြစ်မြောက်ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေပါတယ်။


ဒါပေမယ့် ထုတ်ဝေရေးအတွက် ငွေကြေး အခက်အခဲကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေပြီး စာအုပ်ထုတ်ဝေနိုင်ရေးအတွက် မိတ်ဆွေတို့မှာ အကြံပြုလိုတာများရှိခဲ့မယ်ဆိုရင် oothandar2010@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။


ဒီဓာတ်ပုံလေးတွေကတော့ သူတို့ခရီးရှည်ချီတက်ပွဲရဲ့ တစိတ်တဒေသကို သူကိုယ်တိုင် ရိုက်ကူးပြီး အမှတ်တရ ပို့ပေးခဲ့တာပါ။









လူ့ဘောင်ကို ဘယ်လိုသစ်မလဲ (၂)

ထိုအစည်းအဝေး၌ ရန်ကုန်တိုင်းမှ ကိုမြင့်ဇော်သည် ဥက္ကဋ္ဌတာဝန်ယူလာခဲ့၏။ ပဲခူးတိုင်းအနောက်ခြမ်းမှ ကိုအောင်မိုးဇော်သည် အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့၏။ ဒု ဥက္ကဋ္ဌ ကျော်ဝင်းသိန်း (ယခုထောင်ထဲ) နှင့် ကိုဇေယျသည် တွဲဘက်အတွင်းရေးမှူး ဖြစ်လာခဲ့၏။ ဗဟိုကော်မတီသစ်ကို ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့လေသည်။


ထို့ကြောင့် လူ့ဘောင်သစ်ပါတီသို့ လယ်သမားလူငယ်၊ အလုပ်သမားလူငယ်များ ဝင်လာနေကြသည်။ လက်နက်ကိုင်ဖို့ ပြင်ဆင်ခြင်းသည် လူ့ဘောင်သစ်အင်အားကြီးမားရခြင်း အကြောင်းပေါင်းများစွာအနက် အဓိကအကျဆုံးဖြစ်၏။


မြန်မာပြည်တော်လှန်ရေးအား အဆုံးအဖြတ်ပေးသည့်လမ်းသည် လက်နက်ကိုင်လမ်းသာလျှင်ဖြစ်၏။ ဤသည်ကို လူထုကြီးက သိ၏။

သိသောကြောင့် လူ့ဘောင်သစ်သည် တဟုန်ထိုးကြီးထွားလာနေခဲ့လေသည်။ စသည်ဖြင့် လက်ရှိ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးက ရှင်းပြလေသည်။



လူ့ဘောင်သစ်ဟူသည့် အမည်နာမ၏ ခန်းနားကြီးမားမှုကလည်း သူတို့ကို မေးခွန်းများစွာ မေးလာပေလိမ့်ဦးမည်။


(၂)


လက်နက်ကိုင်လမ်းကြောင်းပေါ်သို့ ယတိပြတ်တက်လှမ်းလိုက်သည့် အထူးအစည်းအဝေး


စာရေးသူက ၉ဝ/ဇူလိုင် ၁၇/၁၈ အထူးအစည်းအဝေးကို ထိုသို့အမည်ပေးလိုက်ပါသည်။ ၎င်းကို ကွန်ဂရက်ဟု မှတ်တမ်း မတင်ခဲ့ကြဘဲ (လူ့ဘောင်သစ်နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေး)ဟု ၎င်းတို့ ပါတီသမိုင်း၌ မှတ်တမ်း တင်ထားခဲ့လေသည်။


သို့ရာတွင် ထိုအစည်းအဝေး၏ ထူးခြားချက်မှာ ယာယီဥက္ကဋ္ဌသဖွယ်ဖြစ်နေသည့် ရန်သူခင်းပေးသည့် လမ်းကြောင်းအတိုင်း နာခံရေးသမားဖြစ်သွားသူ ကိုသက်ထွန်းနှင့် အပေါင်းအပါ ၂ ဦးကို နှုတ်ထွက်ခွင့်ပေးကာ ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်လေသည်။


ထိုအစည်းအဝေး၌ ရန်ကုန်တိုင်းမှ ကိုမြင့်ဇော်သည် ဥက္ကဋ္ဌတာဝန်ယူလာခဲ့၏။ ပဲခူးတိုင်းအနောက်ခြမ်းမှ ကိုအောင်မိုးဇော်သည် အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့၏။ ဒု ဥက္ကဋ္ဌ ကျော်ဝင်းသိန်း (ယခုထောင်ထဲ) နှင့် ကိုဇေယျသည် တွဲဘက်အတွင်းရေးမှူး ဖြစ်လာခဲ့၏။


ဗဟိုကော်မတီသစ်ကို ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့လေသည်။

ထိုအစည်းအဝေး၏ ထူးခြားချက်မှာ ဗဟိုကော်မတီအတွင်း၌ ဗဟိုကော်မတီ ၃ ဦးကိုသာ အသိမပေးဘဲ ကျန်ဗဟိုကော်မတီများဖြင့် အလံရွှေ့ပြောင်းရေးကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။


ထို့နောက် ပါတီသည် တဖက်မှလည်း ဂန္ဓီကြေငြာစာတမ်းထောက်ခံရေးနှင့် လွှတ်တော်အမြန်ခေါ်ယူရေး တိုက်ပွဲများကို အခြားပါတီ အဖွဲ့အစည်းများ၊ ကျောင်းသားများ၊ သံဃာတော်များဖြင့် တိုက်ပွဲဖော်ထုတ်သည်။ တဖက်မှလည်း တာဝန်ပေးကာ တောတွင်းနှင့်ဆက်သွယ်ရေးလုပ်ကာ အလံပြောင်းရွှေ့ရေး ကြိုးပမ်းသည်။


အလံပြောင်းရွှေ့ရေး ဆက်သွယ်တာဝန်ပေးအပ်လိုက်သည့် တသုတ်သည် မာနယ်ပလောသို့ရောက်ရှိလေသည်။

ထို့နောက် အထွေထွေအတွင်းရေးမှူးကိုလွှတ်ကာ အလံပြောင်းရွှေ့စိုက်ထူရေးကို ပြင်ဆင်လေသည်။ ယခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့၌ ဥက္ကဋ္ဌ ကိုမြင့်ဇော် ရှောင်တိမ်းလာနိုင်ခဲ့သည်။


အောက်တိုဘာ ၂၅ ရက်နေ့၌ သူတို့မာနယ်ပလောသို့ ရောက်လာကြလေသည်။ ယခုရောက်ရှိလာသူများမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုကော်မတီဝင် ၄ ဦးဖြစ်သည်။ တိုင်းခေါင်းဆောင်များမှာ ရန်ကုန်တိုင်းမှ ၁ ဦး၊ ပဲခူးတိုင်းမှ ၁ ဦး၊ စစ်ကိုင်းတိုင်းမှ ၂ ဦး နှင့် မန္တလေးတိုင်းမှ ၂ ဦးဖြစ်၏။


မန္တလေးတိုင်းမှ တဦးသည် လူ့ဘောင်သစ် ခေါင်းဆောင်လည်းဖြစ်လျှက်(ဗလသ)ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဥက္ကဋ္ဌလည်းဖြစ်သူ ကိုမင်းမင်းဦး ဖြစ်သည်။


ဥက္ကဋ္ဌတို့ အလံပြောင်းရွှေ့မှုဟာ ပါတီတရပ်လုံး လက္ခဏာဆောင်ပါသလား။ ဆိုလိုတာက အောက်ခြေထုတခုလုံး သိပါသလားဟု စာရေးသူက မေးသည်။


ဤမေးခွန်းကို စာရေးသူက အရေးကြီးသည်ဟုမြင်သည်။ လူ့ဘောင်သစ်အနာဂတ်ကို မှန်းဆကြည့်နိုင်ရန် အခြေခံကျပါသည်။ ဥက္ကဋ္ဌက ဖြေသည်။ ‘သိတယ်’ ။


ဘာကြောင့်လဲဆိုတော့ လူ့ဘောင်သစ်ဟာ ပါတီ။ ပါတီဖွဲ့တာဟာ နည်းပရိယာယ်အရသာဖြစ်တယ်ဆိုတာ ပါတီဝင်ထုတရပ်လုံးအမြဲတမ်း သဘောပေါက်နေအောင် အဲဒီသဘောဆောင်တဲ့ ထုတ်ပြန်ကြေငြာချက်တွေ ပါတီက လုပ်နေခဲ့လို့ပဲ။


ဒုတိယအချက်ကတော့ ၂၁ ထဲမှာ ၆ ဦးနှုတ်ထွက်၊ ဒု ဥက္ကဋ္ဌ ပါတဲ့ ၃ ဦး အဖမ်းခံနေရတယ်။ ၂ ဦးက ပျောက်ဆုံးနေတယ်။ ရန်သူဖမ်းထားတယ်ဆိုတဲ့သတင်း ရထားတယ်။ ထောင်ထဲမှာလည်း မရှိဘူး။ ရန်သူ သတ်ပစ်တာဖြစ်နိုင်တယ်လို့ ထင်တယ်။


၂ ယောက်ကတော့ တိမ်းရှောင်နေတယ်၊ သူတို့နဲ့ ကျနော်တို့ ခုရက်ပိုင်းမှာပဲ ပြန်ဆုံမိတော့မယ်။ ၂ ယောက် ကတော့ မန္တလေးမှာ အကျယ်ချုပ်ကျနေတယ်။ ရန်ကုန်ဗဟိုမှာ မရှိဘူး။ ဒါကြောင့် ဗဟိုခေါင်းဆောင်ဆိုလို့ ဗဟိုမှာတယောက်မှ မရှိတော့ဘူး။ ခု ကျနော်တို့ ဒီကိုရွှေ့လာတာ ပါတီဗဟိုတခုလုံးပဲ။


နောက်တခုက လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက မြို့နယ်အဆင့်ထိ ပါတီဆိုင်းဘုတ်တွေကို ဖြုတ်ချချင်ရင် ချခွင့်ပြုထားခဲ့တယ်။ ပါတီထုတရပ်လုံးဟာ ပါတီစပြီး တည်ထောင်ကတည်းက နည်းပရိယာယ်အရ ပါတီ တည်ထောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိနေကြပါတယ် ဟု ဥက္ကဋ္ဌက ရှင်းပြလေသည်။


ဆက်လက်ဖော်ပြပါမယ်။


Wednesday, June 17, 2009

လူ့ဘောင်ကို ဘယ်လိုသစ်မလဲ


လူ့ဘောင်သစ်ကမူ ကြားဖြတ်အစိုးရဖော်ဆောင်ရေး တောင်းဆိုချက်များကို နောက်ဆုံး တပါတီတည်း ကျန်ရစ်သည်အထိ ဖိအား အပြင်းအထန်ဆုံးအချိန်အထိ ရပ်တည်နေသည်။

ရန်သူ၏ ဖမ်းဆီးနှိပ်စက်မှုများအောက်တွင် ဒု ဥက္ကဋ္ဌ ကိုသက်ထွန်းသည် ရန်သူ့လမ်းကြောင်းအတိုင်းလိုက်ရေး ဝင်လာလေသည် …


(၁)


ထိုအိမ်ခြံကို တောင်ပေါ်ကျ မယ်တုကွီစမ်းချောင်းလေးက ရစ်ဝိုက်ခွေနေ၏။ စမ်းရေညိုတို့စီးသံကို တရံမလပ် ကြားနေရသည်။ အတက်တောင်ကုန်းထက်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ ကျောင်းတော်မှ ဆွမ်းစားကြေးစည်သံ။ ခပ်လှမ်းလှမ်းမှ မီးစက်မောင်းသံ။ ကားများဖြတ်သွားသံများ မပြတ်မလပ် ကြားနေရတတ်သည်။


မယ်တုကွီချောင်း၏ အခြားတဖက်ကမ်း၌မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆောက်အဦများ။ မကြာမတင်ကမှ အမည်သစ်ပေးထားသည့် ဒေါ်အောင်ဆန်းစုကြည်လမ်း။ လမ်းအဝင်၌ ထူရာစိုး (မြန်မာပြန်လျှင် အဓိပတိ အာဇာနည်) ကော်ဖီဆိုင် ရှိသည်။ လမ်းအထက်၌ ဒီအေဘီ ကုန်းမြင့်ရှိသည်။ လမ်းအဆုံးပိုင်း၌ နိုဘယ်လ် ငြိမ်းချမ်းရေးလက်ဘက်ရည်ဆိုင် ရှိသည်။ မာနယ်ပလောကား မြို့ပြဆန်လာခဲ့လေပြီ။


မာနယ်ပလော တော်လှန်ရေးမြို့ကလေးမှ သတင်းများသည် မြန်မာပြည်ကို လှုပ်ကိုင်နေသည်။ ကမ္ဘာ့အသံများထံ ပေါက်ရောက်နေသည်။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုဂုဏ်ပြုပွဲအခမ်းအနား သတင်း။ ကျောင်းသားများ၏ တတိယညီလာခံ သတင်း။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အလံအား ရန်ကုန် ကျောက်ကုန်း ဗဟိုဌာနချုပ်မှဖြုတ်ယူ၍ မာနယ်ပလောတော်လှန်ရေးမြို့တော်၌ ပြောင်းရွှေ့စိုက်ထူလိုက်ခြင်း သတင်း။


“ ဥပဒေဘောင်တွင်းတိုက်ပွဲမှ

လက်နက်ကိုင်တော်လှန်ရေးသို့ … ”


ဤသတင်းသည် မြန်မာပြည်တဝှမ်းလုံးအတွက် အရေးကြီးလှပေသည်။ မယ်တုကွီချောင်းက ကွေ့ဝိုက်ခွေထားသည့် ခြံကလေးထဲမှ အိမ်ပေါ်တွင် စာရေးသူက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရဲဘော်မြင့်ဇော်၊ အတွင်းရေးမှူး ရဲဘော်အောင်မိုးဇော်တို့နှင့် တွေ့ဆုံကာ လူ့ဘောင်သစ်ပါတီ၏သတင်းကို ယူနေသည်။ အခြား ဗဟိုကော်မတီဝင်များနှင့် တိုင်းကော်မတီများလည်း အိမ်ပေါ်ရောက်နေသည်။


သူတို့သည် အသက် ၃၀ ကျော်ဟန် မတူသေးသည့်လူငယ်များဖြစ်၏။ လူလတ်အရွယ်သို့ နီးကပ်နေသူ တဦးတလေမျှ မပါ။

ဤလူငယ်များသည် မြန်မာပြည် လူ့ဘောင်ကြီးတရပ်လုံးကို အသစ်တည်ဆောက်မည်ဟူသော … အဓိပ္ပာယ်ရှိသော ပါတီအလံကို ကိုင်ထားကြ၏။


လူ့ဘောင်သစ်ပါတီဟာ ဥပဒေအတွင်းပါတီတွေထဲမှာ ဒုတိယအင်အားအကြီးဆုံးပါတီလို့ ကျနော်တို့ သိထားပါတယ်။ အန်အယ်လ်ဒီပြီးရင် ... လူ့ဘောင်သစ်ဟာ ဒုတိယပါတီကြီးပဲ။ ပါတီဝင် ၆ သိန်းကျော်တယ်။ ဘာကြောင့် လူ့ဘောင်သစ်ပါတီဟာ ဒုတိယ အင်အားအကြီးမားဆုံး ပါတီကြီးဖြစ်လာရပါသလဲ။


စာရေးသူ၏ မေးခွန်းမှာ ထိုမျှသာဖြစ်၏။ သူတို့ကမူ တရက်နီးပါးမျှ ဖြေနေရ၏။


ဤဖြေဆိုမှုများကို ပြန်၍အနှစ်ချုပ်လိုက်လျှင် ဖြေကြားမှုထဲတွင် အချက်ကြီး ၂ ရပ်ကို ပင်မအဖြစ် မြင်ရသည်။ ပထမအချက်၌ ၎င်းတို့သည် ကျောင်းသားထုကိုအခြေခံပြီး တပြည်လုံးရှိ လယ်သမား၊ အလုပ်သမားနှင့် ဆင်းရဲသားပြည်သူလူထုများထဲမှ လူငယ်ထုကြီးတရပ်လုံးကို စည်းရုံးမိခြင်းဖြစ်၏။


ဒုတိယအချက်၌ ၎င်းတို့သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ဥပဒေအတွင်း၌ အပြတ်သားဆုံးတိုက်နေခြင်းနှင့် … ထိုကဲ့သို့ တိုက်နေချိန်၌ပင် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် အတွင်းပိုင်း၌ ဆုံးဖြတ်ချက်ချ အသင့်ပြင်မှုများ ရှိခဲ့ခြင်းဖြစ်၏။

ရှစ်လေးလုံး အရေးတော်ပုံကြီး၌ ဗကသကို ပြန်လည်ဖော်ထုတ်သောအခါ မင်းကိုနိုင်သည် ဥက္ကဋ္ဌဖြစ်လာခဲ့၏။ မိုးသီးဇွန်က အတွင်းရေးမှူးဖြစ်လာခဲ့သည်။


ဖက်ဆစ်များက အရေးတော်ပုံကြီးကို စစ်တပ်ဖြင့် ထပ်မံ ပစ်သတ် အာဏာသိမ်းသောအခါ ဗကသသည် စစ်ကြောင်းကြီး ၃ ကြောင်းကို ခွဲဖြန့်လိုက်လေသည်။


ပထမစစ်ကြောင်းမှာ ဥပဒေအတွင်း နေမရသူများဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲသို့ ကူးပြောင်းသွားရန် ဖြစ်၏။ ၎င်းစစ်ကြောင်း၏ တပ်မှူးကြီးများအဖြစ်ဖြင့် မောင်မောင်ကျော်၊ ဝင်းမိုး၊ အောင်နိုင် တို့က တာဝန်ယူခဲ့ရလေသည်။


ဒုတိယ စစ်ကြောင်းမှာ ဗကသ အဖြစ် ဆက်လုပ်ရေးဖြစ်၏။ ဥက္ကဋ္ဌ မင်းကိုနိုင်၊ ဒု ဥက္ကဋ္ဌ ကိုကိုကြီး၊ အောင်ဒင်၊ အထွေထွေအတွင်းရေးမှူး ကိုညိုထွန်းတို့ တာဝန်ယူခဲ့သည်။ ဒုတိယစစ်ကြောင်းသည် ရန်သူက အကြမ်းဖက် ဖမ်းဆီးအဖြိုခွဲခံခဲ့ရသည်။


တတိယစစ်ကြောင်းသည် ဥပဒေအတွင်း ပါတီတည်ထောင်ရေး ဖြစ်၏။ မိုးသီးဇွန် ခေါင်းဆောင်သည့် စစ်ကြောင်း ဖြစ်၏။ ပါတီဖွဲ့သောအခါ ဥက္ကဋ္ဌ မိုးသီးဇွန်၊ ဒု ဥက္ကဋ္ဌ ကိုသက်ထွန်း၊ အထွေထွေအတွင်းရေးမှူး မိုးဟိန်း နှင့် တွဲဘက် ရဲနိုင်အောင် ဖြစ်လာလေသည်။


ဒါကြောင့် ဒေါ်ခင်ကြည် ဈာပနမှာတုန်းက ကျနော်တို့ ကြွေးကြော်သံထုတ်ခဲ့ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်တိုင်းသည် ဗကသ ဖြစ်ရမည်လို့ ကျနော်တို့ ကြွေးကြော်သံထုတ်ခဲ့ပါတယ်ဟူ၍ လက်ရှိဥက္ကဋ္ဌ ရဲဘော်မြင့်ဇော် က ပြောပြလေသည်။


ဒုတိယအချက်မှာ ဥပဒေတွင်းတိုက်ပွဲ၌ ထိပ်တိုက်ရင်ဆိုင်မှုများကို ပြတ်သားစွာ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာအာဏာမသိမ်းမီအထိ ဥပဒေအတွင်းလှုပ်ရှားသော နိုင်ငံရေးခေါင်းဆောင်တိုင်း အဖွဲ့အစည်းတိုင်းသည် ကြားဖြတ်အစိုးရ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။


ဗကသသည်လည်း ထိုတောင်းဆိုချက်အတိုင်းလျှောက်ခဲ့သည်။ သို့ရာတွင် စက်တင်ဘာလုပ်ကြံမှုကြီးအပြီး ဖက်ဆစ်စစ်တပ်က တင်းကြပ်စွာချုပ်ကိုင်လိုက်သောအခါ ဖက်ဆစ်များချမှတ်ပေးသည့် ၎င်းတို့၏ မဲကော်မရှင်အောက်တွင် ရွေးကောက်ပွဲဝင်ရေးသို့ အရောင်ပြောင်းကုန်ကြသည်။ ဖက်ဆစ်များကလည်း အတင်းအကျပ် ဖိအားပေးသည်။


လူ့ဘောင်သစ်ကမူ ကြားဖြတ်အစိုးရဖော်ဆောင်ရေး တောင်းဆိုချက်များကို နောက်ဆုံးတပါတီတည်း ကျန်ရစ်သည်အထိ ဖိအား အပြင်းအထန်ဆုံးအချိန်အထိ ရပ်တည်နေသည်။ ရန်သူ၏ ဖမ်းဆီးနှိပ်စက်မှုများအောက်တွင် ဒု ဥက္ကဋ္ဌ ကိုသက်ထွန်းသည် ရန်သူ့လမ်းကြောင်းအတိုင်းလိုက်ရေး ဝင်လာလေသည်။


ထို့ကြောင့် တပြည်လုံး၌ အရွေးမခံရေးဖြစ်သော်လည်း ကိုသက်ထွန်း ခေါင်းဆောင်မှုအောက်တွင် ၁၁ နေရာ ဝင်ရောက် အရွေးခံသွားကြသည်။ သို့ရာတွင် ပြည်သူလူထုကြီးနှင့် လူငယ်ထုကြီးကမူ လူ့ဘောင်သစ်သည် ကြားဖြတ်အစိုးရ ရပ်တည်ချက်၌ပင် ရပ်တည်နေသည်ကို သိလေသည်။


ကြားဖြတ်အစိုးရ တောင်းဆိုမှုသည် ဖက်ဆစ်အား ထိပ်တိုက်အန်တုခြင်းဖြစ်၏။ ထို့ကြောင့် တပြည်လုံး လူငယ်ထုကြီးသည် လူ့ဘောင်သစ်အပေါ်၌ ယုံကြည်ကိုးစားလာကြလေသည်။


ဒုတိယအချက်မှာ အန်အယ်လ်ဒီ၏ ဂန္ဓီကြေငြာချက်ကို လက်ခံအတည်ပြုပြီး … လွှတ်တော်ခေါ်ယူရေးအတွက် ဗကသ၊ ဗလသ များနှင့် ပေါင်းစည်းကာ တိုက်ပွဲဝင်ခြင်းဖြစ်၏။ ဖက်ဆစ်များ၏ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းပစ်ရေးနှင့် ဖက်ဆစ်ဖွဲ့စည်းပုံရေးဆွဲရေး လုပ်ဆောင်ချက်ဖြစ်သည့် ၁/၉ဝ ကို နောက်ဆုံး တပါတီတည်း ကျန်နေရစ်သည်အထိ လက်မှတ်မထိုးဘဲ ရပ်တည်နေခြင်းဖြစ်၏။


ထို့ကြောင့် ကမ္ဘာ့သတင်းများ၌ပင် ၁/၉ဝ ကို ငြင်းဆန်အန်တုနေသည့် တခုတည်းသောပါတီအဖြစ် ဖော်ပြခဲ့ကြရသည်။ နောက်ဆုံး၌ ရန်သူက ၁/၉ဝ လက်မှတ်မထိုးသဖြင့် အမှုဆောင်တဖွဲ့လုံး ဖမ်းသည်။ ဖက်ဆစ်များက လက်မှတ်မထိုးလျှင် ပါတီဖျက်သိမ်းမည်။ ဖမ်းဆီးထောင်ချမည်ဟု ဗြောင်အတိအလင်း ထုတ်ပြန်ချက်လုပ်လာသည့်အခါ၌ လက်မှတ်ထိုးခဲ့သည်။ သို့ရာတွင် ဖက်ဆစ်များကို အန်အတုဆုံးပါတီအဖြစ်ဖြင့် ပိုမိုပေါ်လွင် ထင်ရှားလာလေသည်။


နောက်တချက်မှာ ပါတီသည် ထုတ်ပြန်ချက်များ ကြေငြာချက်များ ဗဟိုမှ၎င်း၊ တိုင်းအသီးသီးမှ၎င်း၊ မြို့နယ်အဆင့်ထိမှ၎င်း ထုတ်ပြန်ကြေငြာကာ ပြည်သူအပေါ် ဖိနှိပ်မှု၊ လယ်သမားအပေါ် လုယက် သွေးစုတ်မှုများကို အဆက်မပြတ် လှုပ်ရှားတိုက်ပွဲဝင်နေခဲ့ခြင်း ဖြစ်၏။


ဖက်ဆစ်များကို ဖွင့်ချတိုက်ပွဲဝင်နေသဖြင့် အလုပ်သမား၊ လယ်သမားနှင့် ပြည်သူများ၏ တိုင်တန်းရာကြီးတခုအဖြစ် ဖြစ်တည်လာခဲ့လေသည်။ ဤသည်မှာ ပါတီသည် ဒုတိယ အင်အားအကြီးမားဆုံးဖြစ်လာခြင်း၌ အလွန်အရေးကြီးသည့် အချက်ကြီးတခု ဖြစ်သည်။


နောက်တချက်မှာ ပါတီတည်ထောင်တာဟာ နည်းပရိယာယ်အရသာဖြစ်တယ်။ နောက်ဆုံးတိုက်ပွဲကြီးအတွက် ပြင်ဆင်ချက်သာဖြစ်တယ်ဆိုသည်ကို ပါတီတရပ်လုံး သိနေရန် အနည်းနည်းအဖုံဖုံဖြင့် ထုတ်ပြန်ချက်များဖြင့် ရိပ်မိနေစေခဲ့ခြင်း ဖြစ်၏။


၎င်းမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းအတိုင်းလိုက်ရေးဖြစ်၏။ ထို့ကြောင့် လူ့ဘောင်သစ်သည် ရန်သူ ဖြိုဖျက်မရအောင် ကြီးထွားနေရခြင်းဖြစ်၏။



ဆက်လက်ဖော်ပြပါမယ်။


Saturday, June 13, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့(၂၀)


ကျနော်က တိုတိုရှင်းရှင်း ပြတ်ပြတ်ဖြေချလိုက်ပြီး အခန်းထဲ ပြန်ဝင်လာပါတယ်။ AB ကတော့ ဂုဏ်ထူးတွေ ထွက်အောင်များဖြေနေသလား မသိ။ တော်တော်နဲ့ မပြီး။ တခြား အဖွဲ့အစည်းတွေက အသက်ကြီးကြီး လူကြီးတွေလည်း လက်တွေ့နေကြဟန်တူတယ်။ အတွေ့အကြုံကများတော့ ပြောစရာတွေ များပုံပဲ။ အချိန်ကလည်း ကန့်သတ်မထား။
နောက်မှ တယောက်ပြီးတယောက် ပြန်ဝင်လာကြတယ်။ သူ့အစု ကိုယ့်အစု ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ပြောကြရပြန်တယ်။ အပြန်အလှန် စိစစ်ကြပါတယ်။ အားရမိတာလည်း ရှိ၊ ဆင်ဝှေ့ရန်ရှောင် ဖြေခဲ့ကြတာတွေ လည်း တွေ့ရတယ်။
တချို့က မျက်စိထဲကြည့်မရတဲ့ တခြားပါတီတွေအပေါ် ဖိရေးလာတာရှိခဲ့တယ်။ ဦးနုကျတော့ သူ အစိုးရ ဖြစ်စဉ်ကလည်း တလျှောက်လုံးခံလာကြရလို့ နှိပ်နှိပ်နယ်နယ် ဖြေလာခဲ့ကြတယ်။ ဒါတွေကို တခန်းနဲ့တခန်း ဖလှယ်ကြည့်ကြတယ်။ နောက်ပိုင်း တခြားအခန်းမှ ကိုဉာဏ်ဝင်း (ရကသ)ဆီက ဝေဖန်ရေး ရောက်လာတယ်။
ရန်သူကိုပဲ တိုက်ရမယ်။ မိတ်ဆွေမရှိ တပ်ပေါင်းစုမရှိ ဖြစ်သွားအောင် ဘဝတူပါတီတွေကို ကိုယ်က ဦးဆောင်ဖွင့်ချရင် မှားတယ်”တဲ့။ ကျနော်က မဆလ ကို ခပ်ပြတ်ပြတ်တိုက်ခဲ့တာအတွက် ဂုဏ်ယူမိတယ်။
ဦးနုကျတော့ ဖောက်ပြန်တဲ့ လက်ယာအစိုးရတခုကို ကိုယ်စားပြုဖူးသူ၊ ယခု နယ်ချဲ့ နောက်လိုက်ဖြစ်သွားပြီလို့ ဖြေခဲ့တာမှန်တယ်ထင်ကြောင်း။ အလံနီပါတီဟာ ဗကပ ကို ပခုံးချင်းယှဉ်ပြီး ပစ္စည်းမဲ့ပါတီလို့ သူ့ကိုယ်သူ သတ်မှတ်ထားပေမယ့် တကယ်က ဓနရှင်ပေါက်စ ပါတီပဲလို့ ဖြေလာခဲ့တာတော့ မှားတယ်ဆိုရင်လည်း မှားတယ်ပေါ့ဗျာ လို့ သတင်းပို့လိုက်ပါတယ်။
စာမေးပွဲဖြေအပြီး မကြာမီ ပထမ အသုတ် လူတော်တော်များများ လွှတ်ပေးလိုက်ပါတယ်။ ကျနော်တို့အထဲက လူကြီးပိုင်းတချို့ (ဆရာ ရာဂျန်၊ ဦးမြသန်းတင့် စသည်) ပါ သွားပါတယ်။ သတင်းစာလာပြလို့ သိရတာပါ။ ဖြတ်သန်းမှုကိုယ်စီ ရှိခဲ့ကြပြီဖြစ်လို့ ရန်သူ့အထာကို သိကြပါတယ်။ ထွက်သွားတဲ့ ရဲဘော်တွေအပေါ် ဘာမှ သံသယ မရှိကြ။
အချိန်တချို့ ဖြတ်သန်းကြပြီးတဲ့နောက်
ခု ကျနော်တို့ အစုခေါင်းဆောင်ကို ခေါ်ထုတ်သွားကြပြန်ပြီ။ ဆန်းတော့ ဆန်းတယ်၊ တနေကုန် စိတ်တွေက ဒီအပေါ်မှာပဲ ရောက်နေမိတယ်။
ကျနော်တို့ ထမင်းစားအပြီး ညနေစောင်းမှ ကိုယ်တော်ချောက ပေါ်လာပါတော့တယ်။ စောင်ကို အဆောင် မဝင်ခင်ကတည်းက ဖြုတ်ပေးလိုက်ပုံရတယ်။ စီးကရက် ပါးစပ်မှာခဲလို့၊ ပါးစပ်ကလည်း ကွမ်းလေးမြုံ့လို့
ကဲ ဆိုစမ်းပါဦး၊ ကိစ္စက? ”
ဦးမြတို့ ကိုဘခက်တို့က ခေါ်တွေ့တာလေ၊ ရှေးဟောင်းနှောင်းဖြစ်တွေလည်းပါတယ်။ ဖြုတ် ထုတ် သတ် ကိစ္စ၊ တရုတ်ပြည်ထဲမှာ သခင်သန်းမြိုင်ကို သခင်ဗသိန်းတင်တို့က အရေးယူလိုက်တဲ့ ကိစ္စ၊ အရှေ့မြောက် စစ်ဒေသ ဆိုတာလည်း တရုတ်တွေဝင်တိုက်ပေးနေလို့ ဒီလောက် ကြီးကျယ်လာတာလို့လည်း ပြောတယ်”
ဒီတော့ ခင်ဗျား ဘယ်လို တုံ့ပြန်ခဲ့သလဲ
ဟင့်အင်း နားပဲ ထောင်နေလိုက်တယ်၊ သိချင်တာပေါ်ရင် မေးကြည့်တာတော့ ရှိတယ်။ သူတို့ ၃ ယောက်က တယောက်ပြီးတယောက် အဆက်မပြတ် ပြောနေကြတာဗျ
ဒေါပွနေပြီဖြစ်တဲ့ ကျနော်တို့တတွေက တယောက်တပေါက် ဝိုင်းဝေဖန်ကြပါတယ်။
ဒီ သစ္စာဖောက်တွေက ကျွေးတာတွေ ခင်ဗျား စားလာတယ်။ ဆေးလိပ်သောက် ကွမ်းစားလာတယ်။ ခင်ဗျား မရှက်ဘူးလား”စသည်။
တကယ်က သူဟာ ရဲဘော်ကောင်း တယောက်ပါ။ မြို့နေဆင်းရဲသား လက်လုပ်လက်စား အလုပ်သမား တယောက် ဖြစ်တယ်။ မြစ်ဖျားတိုင်းနဲ့ အဆက်ရခဲ့ပြီး ပါတီဝင်ဖြစ်ခဲ့တယ်။ သူ့အား နည်းချက်က နိုင်ငံရေးရေချိန်နဲ့ စာပေယဉ်ကျေးမှုရေချိန်နိမ့်တာ ဖြစ်တယ်။ ရိုးရိုးအအ ဆိုတော့ တုံ့ပြန်နိုင်စွမ်းမရှိ ဖြစ်သွားပုံရပါတယ်။
သူ့အကိုက အာဇာနည် ရဲဘော်တဦးဖြစ်လို့ ရဲဘော်တွေက ချစ်ကြခင်ကြပါတယ်။ ပျော်တတ်ရွှင်တတ်သူမို့ သူ့နာမည်ရှေ့မှာ ‘စိန်’ တပ် ခေါ်ကြတာပါ။ ဒါပေမယ့် ဒီတချီမှာတော့ မညှာနိုင်ကြတော့ပါဘူး။ သူလည်း အတော်စိတ်ညစ်သွားပြီး သူ မှားကြောင်း ဝန်ခံပါတယ်။
နောက် သူက ပွင့်ပွင့်လင်းလင်း တင်ပြတောင်းဆိုလာပါတယ်။ သူဟာ အခန်းအစုခေါင်းဆောင်နေရာနဲ့ မတန်ပါ။ ခေါင်းမဆောင်နိုင်ပါ၊ ဒါကြောင့် ခင်ဗျားခေါင်းဆောင်ပါလို့ သူ့တာဝန်ကို ထိုးအပ်ပါတယ်။ ကျနော်က ငြင်းပါတယ်။ “ဆက်လုပ်၊ ဝန်းရံမယ်”ပေါ့။
ဒါပေမယ့် ကျန်ရဲဘော်တွေကလည်း “စိန်-- နဲ့ မဖြစ်ပါဘူး၊ ခင်ဗျားပဲ ခေါင်းဆောင်ပါ” လို့ ဝိုင်းတောင်းဆိုတာနဲ့ လက်ခံလိုက်ရပါတယ်။
သူက ဆက်ပြောပါတယ်။ “သူတို့က ခင်ဗျားတို့ အခန်းထဲမှာ ကျနော်တို့ရဲဘော်တွေ ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်သူတွေလဲမေးတာနဲ့ တယောက်စီအကြောင်း မိတ်ဆက်ပေးခဲ့ရတယ်။ ခင်ဗျား အကြောင်း အားကြီး မေးတယ်။ နက်ဖန် ခင်ဗျားကို ခေါ်တွေ့လိမ့်မယ် ထင်တယ်”တဲ့။
နက်ဖန် လာခေါ်ရင် ငါ ဘာပြောမလဲ? ဘယ်လိုထိုးနှက်တိုက်ခိုက်ရမလဲ?ဒီ မေးခွန်းတွေက ကျနော့်ကို တရစပ် လမ်းလျှောက်ခိုင်းထားခြင်း ဖြစ်ပါတယ်။
ဟေ့ မင်းမအိပ်သေးဘူးလား? ဘယ်အချိန်ရှိပြီလဲ? အိပ်တော့ …”
ဝါဒါ အေးသိန်း ဘယ်အချိန်က သံတန်းနား ရောက်နေတယ် မသိ။
ဆက်လက်ဖော်ပြပါမယ်။

Monday, June 8, 2009

နိုင်ငံရေးလက်ဦးမှု လက်မလွတ်ရေး

မောင်ချစ်ခင်


ဒေါ်အောင်ဆန်းစုကြည်ကို ကြံဖန်အမှုဆင်ပြီး ရုံးတင်ခြင်းသည် ဤကာလ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒီပဲယင်း အရေးအခင်းနှင့် တတန်းတည်းထားရမည့် အဖြစ်အပျက်တခုဖြစ်သည်။ နအဖ၏ လက္ခဏာမှာ ၁၉၈၈ ခုနှစ်က စလို့ ဒီနေ့အထိ ဘာမှပြောင်းလဲခြင်းမရှိကြောင်းကို ဤကိစ္စက ဖော်ပြနေပေသည်။


၈၈ မှာ လူသတ်သည်၊ ဒီပဲယင်းမှာ လူသတ်သည်၊ စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာကိုသတ်သည်၊ ယခု ၂ဝဝ၉ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသေသတ်ရန် လုပ်နေပြန်သည်။


နအဖနှင့်ပတ်သက်၍ အကောင်းမြင်စရာ တကွက်မှမရှိ၊ စိတ်ကူးယဉ်စရာ နည်းနည်းမှမရှိ၊ ပြည်သူတွေအတွက် ဗလာနတ္ထိ။


၂ဝ၁ဝ ရွေးကောက်ပွဲနှင့် နီးလာလေလေ နအဖ၏ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို တွေ့ရလေလေ ဖြစ်နေ သည်။ ဤသည်မှာ တိုက်ဆိုင်မှု လုံးဝ မဟုတ်။ သူတို့တတွေ စိတ်ကို ဒုံးဒုံးချပြီး အပြတ်လုပ်နေခြင်းဖြစ်သည်။


ဤသည်မှာ သူတို့လက်ထဲတွင် အာဏာဆက်လက်တည်ရှိရေး၊ အသက်ရှင်ရပ်တည်ရေးတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ထို့ကြောင့် ဤအတွက် ဘာကိုမဆို သူတို့လုပ်မည်။


လိုအပ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို တသက်ပတ်လုံး ထောင်ထဲမှာထားမည်။ သတ်စရာလိုလျှင် ဘယ်သူ့ကိုမဆို ဖမ်းမည်၊ သတ်မည်။


ဒီလိုအချိန်မှာ ပြည်သူတွေဖက်က ဘာလုပ်မလဲ။ နအဖ၏ ရွေးကောက်ပွဲကိုဝင်၍ ရောယိမ်းလိုက် ဘသားယိမ်း လိုက် လုပ်မည်လော။ မီးစင်ကြည့်ရုံပဲဟု ဆုံးဖြတ်မည်လော။


သေချာသည်မှာ ဗမာပြည်ကို အုပ်စိုးမှု၏ အနှစ်လက္ခဏာမှာ ဤရွေးကောက်ပွဲကိုကျင်းပသဖြင့် ပြောင်းလဲသွား မည်မဟုတ်သလို အုပ်စိုးသူများ၏ သဘောထား၊ ပေါ်လစီများမှာလည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးသည့်နောက် ဘာမျှ ခြားနားမည်မဟုတ်ဆိုသည်ကို သဘောပေါက်ကြရမည်။


အာဏာကိုသာ ကိုင်ထားနိုင်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဖျက်ပစ်နိုင်သည်၊ ရေးဆွဲ နိုင်သည်၊ အတည်ပြု နိုင်သည်။ နောက်ပြီး ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကြိုက်သလို ကျင်းပနိုင်သည်။ ရလဒ်ကိုမကျေနပ် လျှင် အာဏာကိုလွှဲမပေးဘဲ နေနိုင်သည်။


ဗမာပြည်က စစ်အာဏာရှင်များအနေဖြင့် ဒါတွေအားလုံးကို လုပ်ခဲ့ဖူးပြီ။ အာဏာရှိသရွေ့ လုပ်နေဦးမည်။ သင်းတို့၏ တည်ကြည်ဖြောင့်မတ်မှုကိုလည်း ကမ္ဘာနှင့်အဝှမ်း မည်သူကမျှ မယုံကြည်ကြ။


ဤသို့သော အနေအထားတွင် “တသက်တော့ အမတ်ဖြစ်ဖူးတယ်ရှိအောင် ရွေးကောက်ပွဲ ဝင်လိုက်ဦးမည်” လို့ ဆိုသူတွေ၊ “အာဏာကလေးများ၊ တပြားတမူးဖိုးလောက်ရှိလျှင် အင်မတိ အင်မတန် စံချင်တိုင်းစံရမည်” ဟု စိတ်ကူးယဉ်နေသူတွေနှင့် အချီအချ အခြေအတင် ပြောနေစရာ မလို။


သူတို့လမ်းကိုသူတို့ လျှောက်ခွင့်ပြုလိုက်ရုံသာရှိ၏။ ကိုယ့်အလုပ်က သူတို့နှင့် အချိန်ဖြုန်းနေစရာမဟုတ်။ ကိုယ့်အလုပ်က ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအတွက်၊ တနည်း ရွေးကောက်ပွဲ နောက်ပိုင်း တိုက်ပွဲတွေ အတွက် အခုကတည်းက ပြင်ဖို့ဖြစ်သည်။


၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် နအဖ စစ်ဗိုလ်ချုပ်တွေ ပိုပြီး ဘဝင်မြင့်၊ စိတ်ကြီးဝင်လာမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ စကားတွေ၊ ဥပဒေစကားတွေ တွင်တွင်ပြောကာ ပိုရမ်းကားလာမည်။ “ဖွဲ့စည်း အုပ်ချုပ်ပုံနှင့်အညီ အချိန်မရွေး အာဏာသိမ်းခံရမည့်” အန္တရာယ်၏ ခြိမ်းခြောက်ခြင်းကို တလျှောက်လုံး ခံနေရမည်။


ထို့ကြောင့် ၂ဝ၁ဝ မတိုင်မီ နိုင်ငံရေးနှင့် ၂ဝ၁ဝ လွန် နိုင်ငံရေးတို့၏ အဓိကခြားနားချက်မှာ ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေးစစ်အုပ်စုက ဖွဲ့စည်းပုံဥပဒေမရှိဘဲ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းသာဖြစ်ပေမည်။ သဏ္ဍာန်အားဖြင့် ထူးခြားချက်အချို့ရှိနိုင်သော်လည်း အနှစ်သာရမှာ ဘာမှပြောင်းမည်မဟုတ်သည်ကို သံသယဖြစ်စရာ မလိုပေ။


တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေအဖို့ ပြောရလျှင်လည်း မိမိတို့၏ တိုက်ပွဲဦးတည်ချက်၊ အဓိကကြွေးကြော်သံ၊ မဟာမိတ်အခင်းအကျင်း စသည်တို့မှာ ၂ဝ၁ဝ ရွေး ကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ပိုင်း ဘာမှခြားနားသွားမည်မဟုတ်ဆိုသည်ကို သတိပြုရပေမည်။


ထို့ကြောင့် ဆန့်ကျင်မြဲအတိုင်း ဆန့်ကျင်ရမည်။ တောင်းဆိုမြဲတိုင်း တောင်းဆိုရမည်။


သို့သော် တိုက်နည်း၊ တောင်းဆိုနည်းများကိုတော့ တိုးချဲ့ရမည်။ စွန့်ပစ်တန်တာ စွန့်ပစ်၊ တီထွင်သင့်တာ တီထွင်ရမည်။ နောက်ပြီး ပိုကျယ်ပြန့်အောင်လည်း ဖြန့်ကျက်ရမည်။ အင်းစိန်ထောင် ပတ်ဝန်းကျင်ကနေ တပြည်လုံးကို ဖြန့်ပစ်ရမည်။ အဖွဲ့ချုပ်တဦးတည်း လုပ်လို့မရ။ ဒီချုပ်ကို အထောက်အကူပေးကြရမည်။ တွဲလုပ်တာတွေလည်း ရှိမည်၊ ခွဲလုပ်တာတွေလည်း ရှိမည်။


တိုက်ပွဲသဏ္ဍာန်ကို အသေထားလို့မဖြစ်၊ လုပ်သင့်လျှင် တဦးမလုပ်နိုင်က နောက်တဦးက လုပ်ရမည်။ ဆက်သွယ်ရေးကွန်ယက်တွေ တည်ဆောက်ရမည်။ လမ်းကြောင်းတွေ ဖောက်လုပ်ရမည်။ ပြောင်လည်းရှိမည်၊ လျှို့ဝှက်လည်းရှိမည်။


လူထုလူတန်းစား၊ လူ့အလွှာအမျိုးမျိုးထဲတွင် ဖြစ်နိုင်လျှင် ပြောင်၊ မဖြစ်နိုင်လျှင် လျှို့ဝှက် အဖွဲ့အစည်းတွေ ဖွဲ့ကြရမည်။ ကျောင်းသား၊ သံဃာ၊ စာရေးစာချီ၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ ဆင်းရဲသား၊ စစ်သားနဲ့ ရဲထဲပါ မကျန် စည်းရုံးတည်ဆောက်ရမည်။ ဘာသာ၊ လူမျိုး စတာတွေ ခွဲခြားနေလို့မဖြစ်။


ဒါကြောင့် ဖွဲ့စည်းမှု၊ စည်းရုံးမှုမှာ ကာလတခုတော့ မြေအောက် သဏ္ဍာန်ဖြစ်ဖို့ များသည်။ လျှို့ဝှက်ရမည်။ မြေအောက်လုပ်ငန်းကို မောင်းတီးလုပ်လို့မရ။ ပေါ်ပြူလာ ဖြစ်ချင်လို့မရ။


တပါတည်းတွင် ပြည်သူတွင်းရော ကိုယ့်အတွင်းမှာပါ စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်တို့ကို ပြတ်သားခိုင်မာစွာ ဆန့်ကျင်သည့် အတွေးခေါ်ကို မြဲမြဲမြံမြံ စိုက်ထူရမည်။ ကိုယ့် ပြည်သူကို ယုံကြည်မှုနှင့် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်တို့ကိုလည်း စွဲမြဲစေရမည်။



နအဖပြောလျှင် ဘာမှ မျက်စေ့လည်စရာ မရှိ။ မိုးခါးရေသောက်စေလိုသူများ၊ မြေခွေးအမြီးပြတ်များက ပြော လျှင်လည်း လက်ခံကြမည်မဟုတ်။


သို့သော် တတိယအင်အားစုဆိုသူတွေ၊ ပညာရှင်ဆိုသူတွေက နားချကြ၊ “ရှင်းပြကြ” ဦးမည်။ မျက်စေ့လည်၊ နားယောင်စရာတွေ ဖန်တီးလာကြဦးမည်။ ထို့ကြောင့် အတွေးအခေါ်တည်ဆောက်ရေး၊ ကာကွယ်ရေးကို တာဝန်တရပ်အနေနှင့် လုပ်ရမည်။


ဒါကို တက်ကြွသူများအကြားမှာသာမဟုတ်၊ ပြည်သူလူထုအကြားမှာပါ လုပ်ရမည်။ ပေါ့ဆလို့မရ။ သတိ ရှိရပါမည်။ သူတို့က ရာထူးတွေ၊ အခွင့်အရေးတွေနှင့် မြှူလာကြမှာ သေချာသည်။


ထို့ကြောင့် ဤနေ့ဤအခါတွင် နိုင်ငံရေးလက်ဦးမှုကို ပြည်သူတွေဖက်က ရယူထားရန်မှာ အရေးကြီးလှသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်မှာ ဤသို့ လက်ဦးမှုရ ယူရန် လုံးပမ်းခြင်းဖြစ်သည်။ နအဖကို တကယ်ပဲ လက်ဦးမှုမဲ့စေခဲ့သည်။


ထို့ကြောင့် နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခြင်းဖြင့် သူတို့ဆုံးရှုံးနေသော နိုင်ငံရေးလက်ဦးမှုကို ရယူရန် လုံးပမ်းနေခြင်းဖြစ်သည်။ အခြားနည်းလမ်းရှာမတွေ့သဖြင့် ခါးပိုက်အောက်ကို ထိုးသည့်နည်းကို သုံးလာခြင်းဖြစ်သည်။ ဤသည် နအဖစစ်ဗိုလ်များ၏ အကျင့်ဖြစ်သည်။ သူတို့ခံရလျှင် ဘာမှ မရှက် မကြောက်တော့။


လောလောဆယ်တော့ နိုင်ငံတကာနယ်ပယ်တွင် နအဖအဖို့ ပို၍ပင် ခံစစ် အနေအထားကို ရောက်သွားသည်။ အခုအထိ စစ်အာဏာရှင်များအနေဖြင့် တချက်မှ ပြန်ပစ်နိုင်သည်ကို မတွေ့ရသေးပေ။ ထန်းလက်ဖြင့် ကာရုံမျှ သာ လုပ်နိုင်သည်။


ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုကို အမြန်ပြီးဆုံးသွားအောင် တွန်းစစ်နေသည်။ သူတို့အဖို့ ဤကိစ္စမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ကြောင့်လေး ဖြစ်နေသည်။


ဤအနေအထားကို အတတ်နိုင်ဆုံး အသုံးချရန်လိုသည်။ ကိုယ့်ဖက်က နိုင်ငံရေး၊ အတွေးအခေါ်ရေး ထိုးစစ်တွေ ဆက်တိုက်ဆင်နေရမည်။ လူသေဦးတော့ အသံမသေစေရဆိုသည့် သဘောထားမျိုး ထားရမည်။ ကိုယ်သေလျှင် ကျန်တဲ့လူများကို အဲဒီအသံက သတိပေးအကျိုးပြုမည်မှာ မုချဖြစ်ပါသည်။


*****

မောင်ချစ်ခင်


Saturday, June 6, 2009

ဗိုလ်ချုပ်တစုနဲ့ ဒီအမှု

(ဗသြ)


တိုက်ဆိုင်တာပဲဆိုဆို၊ နှိုင်းယှဉ်တာပဲပြောပြော

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီတခါ အမှုဆင်ပုံဟာ

သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတုန်းက အင်္ဂလိပ်အစိုးရက

လုပ်ပုံတွေနဲ့ တူနေတဲ့အချက်တွေဟာ စဉ်းစားစရာတွေရှိနေပါတယ် ...


နအဖဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဒီပဲယင်းလူသတ်ပွဲကြီးကို လုပ်ကြံခဲ့ရာမှာ ဘာမှ အမှုမဖွင့်၊ ဘယ်သူ့ကိုမှ မစစ်ဆေး အရေးမယူတဲ့အပြင် မသေကောင်း မပျောက်ကောင်း ရှင်ကျန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို ချုပ်နှောင်ခဲ့ပါတယ်။ တရားလိုကို တရားခံလုပ်ပစ်တဲ့ ဖြစ်ရပ်ပါ။


အခုလည်းပဲ အိမ်ဖောက်ထွင်းတဲ့ကိစ္စမှာ လုံခြုံရေးတာဝန်ရှိသူတွေကိုတော့ ဘာမှအရေးမယူဘဲ ဖောက်ထွင်းခံရတဲ့အိမ်ရှင်ကို အရေးယူအပြစ်ပေးဖို့ စီစဉ်နေတာဟာ ဒီနေ့ခေတ် ဗမာပြည်နိုင်ငံရေးရဲ့ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်တခုလို့ဆိုရင် မမှားပါဘူး။


ဒီအမှုအပေါ် လူအားလုံးက သံသယဖြစ်ရတဲ့ အကြောင်းရင်းပေါင်းများစွာထဲမှာ အချက်တချက်ကတော့ အမှုကို ထူးထူးခြားခြား တက်သုတ်ရိုက် စစ်ဆေးနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အမှုကို ဒီလိုစိတ်ဝင်တစား စောင့်ကြည့်နေတုန်းမှာပဲ အားလုံးကို အံ့သြသွားစေတဲ့ကိစ္စရပ်တရပ် ပေါ်လာခဲ့ပါတယ်။


အဲဒါကတော့ နှစ်ဖက်သက်သေတွေကို စစ်ပြီးတယ်ဆိုတာနဲ့ နအဖရဲ့အစီအစဉ်တခုလုံး တန့်သွားတာပါပဲ။ စီရင်ချက်ချမယ့်ရက်ကို နောက်ရွှေ့လိုက်တာဟာ သာမန်ကိစ္စမဟုတ်မှန်း လူတိုင်း သတိထားမိပါတယ်။


နအဖရဲ့တရားရုံးဟာ အကြောင်းပြချက်မခိုင်လုံဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြတဲ့ သက်သေတွေထဲက တယောက်ထဲကိုသာ အစစ်ခံခွင့်ပေးတယ်ဆိုတာလည်း အားလုံးအသိပါ။ ဒါတောင်မှပဲ နအဖရဲ့တရားရုံးဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော အပါ နှစ်ဖက်သက်သေများရဲ့ထွက်ချက်ဟာ သူတို့ကို ကြိုတင်ချမှတ်ခိုင်းထားတဲ့ အပြစ်ဒဏ်နဲ့ ပဋိပက္ခဖြစ်နေလို့ နောက်တလှမ်း ဆုတ်သွားခဲ့ပါတယ်။


သူတို့ချင်း ပြန်ပြီး လက်ဝါးရိုက်ကြဦးမယ့်သဘောပါပဲ။ နောက်တနည်း ပြန်စဉ်းစားကြည့်လိုက်တော့ လက်ရှိ ထွက်ချက်တွေနဲ့ဆိုရင် သူ့တပ်ထဲကလူတွေ၊ သူတို့ထိပ်ပိုင်းက လူတွေတောင် လက်ခံမှာမဟုတ်ဘူးလို့ သဘောပေါက်လာကြလို့လား၊ ဒါမှမဟုတ် လက်တွေ့ကိုပဲ တပ်ထဲနဲ့ခေါင်းဆောင်အပိုင်းထဲမှာ ဆန့်ကျင်ပြောဆိုမှုတွေ ရှိနေလို့လားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။


အခုတော့ ဒီအမှုတခုလုံးကိုက ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ တိုက်ဆိုင်တာပဲဆိုဆို၊ နှိုင်းယှဉ်တာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒီတခါ အမှုဆင်ပုံဟာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံတုန်းက အင်္ဂလိပ်အစိုးရက လုပ်ပုံတွေနဲ့ တူနေတဲ့အချက်တွေဟာ စဉ်းစားစရာတွေရှိနေပါတယ်။


ဒေါက်တာတင်မျိုးဝင်းကို တရားရုံးအရိပ်နားတောင် မသီနိုင်အောင် နအဖ က ဘယ်လိုပဲ ဖိနှိပ်ထား၊ ခြိမ်းခြောက်ထားပေမယ့် ဂျွန်ယက်တောကို နအဖ က တမင်သွင်းလွှတ်လိုက်တယ်ဆိုတဲ့အချက်ဟာ ထင်ရှားသထက် ထင်ရှားလာပါတယ်။


ဒီအမေရိကန်လူမျိုး ဂျွန်ယက်တောကို ဒုတိယအကြိမ် ဝင်ခွင့်ပြုလိုက်တာဟာ ၁၉၄၇ ခုနှစ်တုန်းက ဗြိတိသျှ ကိုလိုနီအစိုးရက ဂဠုန်ဦးစောကို ဘရင်းဂန်း အလက် ၂၀၀ နဲ့ တခြားလက်နက်ကျည်ဆံတွေ ထုတ်ပေးလိုက်တာကို သတိရစေပါတယ်။

အဲဒီတုန်းက ဦးစောလိုလူရဲ့လက်ထဲကို ဒီလို လက်နက်တွေ အမြောက်အများ ရောက်သွားရင် ဘာဖြစ်မယ်ဆိုတာ နိုင်ငံရေးပါး နည်းနည်းလေး ဝသူတောင် သိပါတယ်။


အဲဒီခေတ် အဲဒီအခါက အနေအထားနဲ့ဆိုရင် ပြည်တွင်းစစ်တောင် ထဖြစ်နိုင်တဲ့ လက်နက်အမျိုးအစားနဲ့ အရေအတွက်ပါ။ ဒါကို ကိုလိုနီပါး အင်မတန်ဝတဲ့ အင်္ဂလိပ်အစိုးရက အသိဆုံးဖြစ်ပါတယ်။ (ဆရာစံတို့ဟာ ဓား၊ လှံ၊ အလွန်ဆုံး တူမီးလောက်နဲ့ ပုန်ကန်ခြားနားခဲ့ကြတာပါ။)


အခုလည်းပဲ အင်္ဂလိပ်တွေလုပ်ခဲ့သလို ဂျွန်ယက်တောနဲ့ ဘိန်းပစ်ဖမ်းတယ်ဆိုတာ ပိုပိုထင်ရှားလာနေပါတယ်။ နအဖ က ဒီအမှုကို စဖော်တုန်းကတော့ ဂျွန်ယက်တောဟာ ရေကူးလာတယ်ဆိုပြီး ရေသန့်ဗူးခွံတွေ၊ ဘဲခြေထောက်တွေကို ဓာတ်ပုံရိုက်ပြပြီး ကမ္ဘာကို ဝါဒဖြန့်ခဲ့ပါတယ်။


အခုတော့ ဂျွန်ယက်တောဟာ နအဖရဲ့အစောင့်တွေနဲ့တောင် စကားစမြည်ပြောပြီး သဲဖြူခင်း ရာဇမတ်ကာလို့ မပြောရုံတမယ် လမ်းပေါ်က မားမားလျှောက်လာတာ ဖြစ်နေပါတယ်။


အင်္ဂလိပ်တွေဟာ ဘယ်လောက်တောင် နိုင်ငံရေးပါးဝလိုက်သလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံပြီးတဲ့နောက် ဗမာပြည်တွင်းမှာ သူတို့ဆက်လုပ်ပုံကို ကြည့်ရင် ထင်ရှားပါတယ်။


အဲဒီတုန်းက ကွန်မြူနစ်ပါတီက အာဇာနည်တွေကို သတ်တာဟာ ဗြိတိသျှအစိုးရဖြစ်တယ်လို့ ကြေညာထားပါတယ်။ ပြည်သူလူထုထဲမှာလည်း တအုံနွေးနွေးနဲ့ ပေါက်ကွဲလုလု ဖြစ်နေပါတယ်။ ဝမ်းနည်းမှုကနေ ဒေါသ ပေါက်ကွဲတော့မယ့် အခြေအနေဖြစ်ပါတယ်။


ဒီတော့ ဘုရင်ခံဟာ သခင်နုကို ခေါ်ပြီး ဝန်ကြီးချုပ် ခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ အဲဒီအကြပ်အတည်းကြီးကို ကျော်လွှားသွားနိုင်ပါတယ်။ အခု ဒီ နအဖ အစိုးရဟာ ဗြိတိသျှတွေလို ပါးနပ်လိမ္မာမလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ်ချမှတ်တာရဲ့ အကျိုးဆက်တွေကို သူတို့ မစဉ်းစား မပြင်ဆင်လို့ မဖြစ်ပါဘူး။


ဒီအခြေအနေတွေကနေ ဆက်ပြီးဖြစ်လာတာကတော့ ဗမာ့နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးတံခါးကို နအဖ က အပြီးအပိုင် ပိတ်ပစ်လိုက်ပြီဆိုတဲ့ကိစ္စပါပဲ။


အာဏာနိုင်ငံရေးသာသိတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ တွေ့ဆုံဆွေးနွေးပွဲ တံခါးကို တင်းတင်းပိတ်ထားရင် သူတို့အတွက် လုံခြုံမယ်လို့ ယူဆနေကြပါတယ်။ တနည်း - အာဏာမြဲမယ်လို့ ယူဆနေကြတယ်။ နားပိတ်ထား၊ မျက်စိပိတ်ထားလို့ မကြားရ၊ မမြင်ရရင် ဘာမှမဖြစ်ဘူးလို့ စဉ်းစားတာမျိုး စဉ်းစားနေကြပါတယ်။


တကယ်က ဗမာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဖက် တွေ့ဆုံဆွေးနွေးပါလို့ ပြောနေတာဟာ ပြည်တွင်းရေးကို စွက်ဖက်ချင်တဲ့ တခြားနိုင်ငံတွေက ပြောနေတာမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းထဲက အလိုလိုထွက်လာတာလည်း မဟုတ်ပါဘူး။ ဒါဟာ ဗမာပြည်ပြည်သူတွေရဲ့ လိုလားချက် ဖြစ်ပါတယ်။ အဲဒီလိုလားချက်ကို သူတို့က ထင်ဟပ်ကြတာပါ။


ဗိုလ်သန်းရွှေလိုပဲ အာဏာဂုဏ်နဲ့ မောက်မာလှတဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၃ ခုနှစ်မှာ တွေ့ဆုံဆွေးနွေးရေး မျက်လှည့်ပြပြီးတဲ့နောက် ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ အပြတ်ပဲ ချတော့မယ်ဆိုပြီး လုပ်ခဲ့တာပါ။


ဒါပေမယ့် ၁၉၆၀-၇၀ ကနေ ၁၉၇၆ ခုနှစ်အထိ လူထုဆန္ဒပြပွဲတွေ အမျိုးမျိုးဆက်ဖြစ်လာတော့ ဗိုလ်နေဝင်း ပိုင်လှပါတယ်ဆိုတဲ့ တပ်ထဲမှာ သူ့ကိုမကျေနပ်တာတွေ ပေါ်လာတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ကိစ္စလို သူ့ကို သတ်မယ့်ကိစ္စတောင် ပေါ်လာတာပဲမဟုတ်လား။


နောက်တော့ ၁၉၈၀ ခုနှစ်မှာ ဗကပ၊ ကေအိုင်အေတို့နဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့ရပါတယ်။ အဲဒီကနေဆက်ပြီး ရှစ်လေးလုံးလှုပ်ရှားမှုကြီး ပေါက်ကွဲထွက်လာတာ၊ ဗိုလ်နေဝင်း မျက်ရည်ကျရတာ၊ နန်းပေါ်က ဆင်းပေးရတာ၊ မဆလ ပါတီကို ဖျက်သိမ်းပေးရတာ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးရတာ စတာတွေဟာ တံခါးဖွင့်ပေး ရရုံကလို့လား။


အခုလည်း တွေ့ဆုံဆွေးနွေးပွဲကို တံခါး ဘယ်နှစ်ထပ်ပဲ ပိတ်ထား ပိတ်ထား၊ လူထုက ဖွင့်ရင် မုချပွင့်လာမှာပါ။ တွန်းဖွင့်လို့မရရင် ဆောင့်ဖွင့်တန် ဖွင့်ရပါမယ်။ ဆောင့်ဖွင့်လို့မရရင် ဖောက်ခွဲဖွင့်ရပါမယ်။ လူထုဟာ အခြေအနေတွေကို အကဲခတ် စောင့်ကြည့်နေတာဖြစ်ပါတယ်။


တနေ့ကပဲ လူတယောက်က ဦးဝင်းတင်ကို… နအဖ က အလျှော့ပေးမှာ မဟုတ်တော့ဘူး၊ အံတုမနေနဲ့တော့၊ ရင်မဆိုင်နဲ့တော့၊ ရွေးကောက်ပွဲသာ ဝင်ပေတော့ ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာ ကြားလိုက်ရပါတယ်။ ဒါဟာ နအဖ က တံခါးကြီးကို ဖွင့်မပေးဘဲ တင်းခံထားတဲ့အတွက် သူဖွင့်ပေးထားတဲ့ ခွေးတိုးပေါက်က ဝင်ရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ခြင်္သေ့ဟာ မြက်မစားဘူးဆိုတာ အဲဒီလူ မသိလို့ပါ။


တချို့လူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေရဲ့ခေါင်းထဲမှာ ဘာရှိသလဲ၊ ဘာတွေပြင်ဆင် ထားသလဲဆိုတာသိရအောင် တမင်ပဲ ဆွနေသလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။


ဒါမျိုးတွေကို “စကားဝိုင်း”တွေမှာ မကြာခဏ မြင်တွေ့ရပါတယ်။ တကယ်ကျတော့ အဲဒီလို ဆွတဲ့လူတွေဟာ နအဖ အလိုကျလုပ်တာ မဟုတ်ဘူးဆိုရင် နိုင်ငံရေးအပါးမဝသေးတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။


ဒါဟာ စစ်အုပ်စုရဲ့ ဖက်ဆစ်လုပ်ဟန်ကြောင့် ဗမာပြည်နိုင်ငံရေး၊ နောက်ပြီး စာပေအနုပညာလောကမှာ ခေတ်စားလာနေတဲ့ လုပ်ဟန်တခု ဖြစ်ပါတယ်။ အဲဒါက သခင်အားကိုးနဲ့ သဘောထားမတူသူတွေကို ဆွတာ၊ ရန်တိုက်တာတွေ လုပ်တာပဲဖြစ်တယ်။ သတ္တိကောင်းလှသူတွေလို့ ဆိုနိုင်သပေါ့။


ဒါပေမယ့် ပြန်စဉ်းစားသင့်တာကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အခါကျတော့ သန်းဂဏန်း စာရင်းပြထားတဲ့ မဆလ ပါတီဝင်တွေ ဘာဖြစ်သွားတယ်ဆိုတာပါပဲ။ ။

ဗသြ



Tuesday, June 2, 2009

ကျနော်တို့ရဲ့ စံပယ်ပန်းပွင့်ကလေးများ (မောင်တောက်)

ယခုတော့ဖြင့် တချိန်က အာရှ၏စပါးကျီဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံတွင် လူထု၏ လူမှုဘဝတိုးတက်မှု နတ္ထိ။ လူ့အခွင့်အရေးချိုးဖောက်မှု အဆင့် ၁။ လူထုပညာရေးဘဝ သုံည။ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျ။ တရားဥပဒေစိုးမိုးရေး တဖက်သတ်။ နိုင်ငံရေးစနစ် သေနတ်။


သစ်ရွက်တွေပေါ်မှာ

စံပယ်ပွင့်တွေ ဖွေးဖွေးဝေနေသလိုပဲ

ကလေးတွေ … ကလေးတွေ

ကျောင်းတက်နေကြပြီကွယ် …။


မောင်မောက်(ဥက္ကလာ)ရေးခဲ့ဖူးသည့် အထက်ပါကဗျာလေးတစကို ပြန်လည်သတိရမိတိုင်း အဖြူနှင့်အစိမ်းကြား မှ ခန့်ငြားလှသော မျိုးဆက်သစ်ကလေးများ၏ စာသင်ကျောင်းခရီးကို တဖျပ်ဖျပ် မြင်လာရသည်။


ငယ်စဉ် ရွာကျောင်းတက်စဉ်က မြေနီလမ်းကလေးကိုလည်း သတိရမိသည်။ ရုတ်တရက် မိုးတွေက တဖွဲဖွဲရွာချတော့ လွယ်အိတ်ကိုမပြီး ပြေးခဲ့ရတဲ့အဖြစ်။


တိုက်နယ်၏ တခုတည်းသော အထက်တန်းကျောင်းဖြစ်သဖြင့် ၇ မိုင်၊ ၈ မိုင်ခန့်ဝေးသောအရပ်မှ လွယ်အိတ်တဖက်၊ ထီးတဖက်နှင့် ထမင်းချိုင့်ကိုဆွဲရင်း ချွေးတရွှဲရွှဲ ကျောင်းလာတက်ကြသူတွေကိုလည်း ပြန်လည်အမှတ်ရလာသည်။


ရွာပေါင်း ၁ဝဝ ခန့်မှ ကျောင်းနေဘက်တို့နှင့် ပညာရိပ်ကို အတူခိုလှုံကြ၊ သင်္ချာပုစ္ဆာတွေကို အဖြေတိုက်ကြည့်ကြ၊ အင်္ဂလိပ်စကားလုံးတွေကို အားကျမခံ နှုတ်တက်ဆောင်ကြနှင့် ဘဝကို ရင့်ကျက် လတ်ဆတ်လာအောင် ကြိုးစားခဲ့ကြသည်။


သည့်နောက် အတန်းတွေကြီးလာတော့ အပြောင်းအလဲတွေ ဖြစ်လာသည်။ တချို့သော ကျောင်းနေဘက်သူငယ်ချင်းများ ကျောင်းကို ပြန်မလာကြတော့။ တချို့က စာမေးပွဲကျသဖြင့် လယ်ထဲဆင်းနေကြသည်ဟု ကြားရသည်။ တချို့ကတော့ ပညာရေးအတွက် အချိန်မပေးနိုင်တော့ဟု ဆို၏။


လူတယောက်၏ ငယ်ရွယ်စဉ်အချိန် ကာလများသည် ပညာရေးအတွက်ပင် ဖြစ်ရမည် မဟုတ်လော။


သို့ပေမင့် မိသားစုဘဝအခြေအနေ ယိုင်နဲ့လာသောအဖြစ်အပျက်က ကျနော့် သူငယ်ချင်းတချို့ကို ကျောင်းမှထွက်စေခဲ့တော့သည်။ အိမ်မှလူကြီးတွေ၏ ညည်းညူသံကိုလည်း စတင်ကြားခဲ့ရပေပြီ။


“ခေတ်တွေလည်း ကြပ်လာပါလား ကုန်ဈေးနှုန်းတွေကလည်း ကြီးပါ့”


အလယ်တန်းကျောင်းသားဘဝရောက်နေပြီမို့ အပြောင်းအလဲတွေ ဖြစ်လာသည်ကို ရိပ်မိလာ၏။ မပြောင်းလဲသည်ကိုလည်း မြင်လာ၏။ အခြားမဟုတ်။ နိုင်ငံရေးပင်တည်း။


ခေတ်က ပြောင်းလဲလာပြီး လူမှုဘဝအချို့ကို ထိပါးနေသော်လည်း နိုင်ငံရေးစနစ်ကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့်သာ ချီတက်နေဆဲ။ လူတွေ၏ ရပ်တည်ရှင်သန်ရေး ကျပ်တည်းလာသော်လည်း နိုင်ငံရေးကတော့ မကျပ်တည်း။ ချောင်လိုက်သမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တခုတည်းသာရှိသည်။


သို့နှင့် အဝေးသင်ပညာရေးစနစ် ပေါ်လာပြန်၏။ အလုပ်တဖက်နှင့် ပညာရေးဘက် ဆက်လိုက်ချင်သူများအတွက် ရည်ရွယ်ရင်းရှိသော်လည်း တဖြည်းဖြည်းနှင့် အဆိုပါ အဝေးသင်ပညာရေးစရိတ်ရရှိရန်ပင် ရရာအလုပ်ဝင်လုပ်ရင်း အိမ်ထောင်ရေးဘဝထဲ နစ်မြုပ်သွားသောလူငယ်တွေကို မြင်လာရသည်။


တရွေ့ရွေ့ပြောင်းလဲဆုတ်ယုတ်ခြင်းကား အရှိန်ရလာပြီဖြစ်သော်လည်း နိုင်ငံရေးကတော့ မတုန်မလှုပ် ကျောက်ရုပ်။


သည့်နောက် ဆင်းရဲချမ်းသာကွာဟမှုက ကြီးမားသထက် ကြီးမားလာသည်။ ဆင်းရဲသူတွေက ဆက်ပြီး တွင်းတူးဖို့သာရှိသည်။ ချမ်းသာသူများမှာကား ခြေချော်လက်ချော် ကံမကောင်းဖြစ်ဦးတော့။ အာဏာပါဝါတွေက ကာလာရောင်စုံ ထွက်နေပြန်သေးသည်။


ဟော … မပြောမဆို ရွာချလိုက်သော မိုးကဲ့သို့၊ ကျောင်းသားဦးဆောင် လူထုအုံကြွမှု၊ ဒီမိုကရေစီ တောင်းဆိုရေး လှိုင်းတံပိုး၊ အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းမှု၊ စစ်တပ်အာဏာသိမ်းခြင်း၊ ပါတီစုံ ဒီမို ကရေစီ ရွေးကောက်ပွဲ၊ ကတိကဝတ် ပျက်ပြားခြင်း … စသည်ဖြင့် မထောင်းတာလှသော ကာလအတွင်းမှာပင် မိုးကြီးလည်း ရွာချသည်။ လေပြင်းလည်းတိုက်၏။ မိုးသီးတွေလည်းကြွေ၍ လျှပ်စီးတွေကလည်း တလက်လက်။


နိုင်ငံရေးအခြေအနေက ရှေ့တလှမ်းတိုးဖို့ အမျိုးမျိုးကြံဆနေရ၏။ နောက်ဆုတ်ရန်တော့ စိတ်ကူးမျှပင် မရှိ။


သည်ကြားထဲ စစ်အာဏာရှင်အသိုင်းအဝိုင်းနှင့် အလိုတော်ရိများကိုသာ တံခါးဖွင့်ပေးသော စစ်ကွက်စီးပွားရေးစနစ် လက်ဝါးကြီးက ကျယ်ပြန့်ထွားကျိုင်းလာသည်။


ပညာရေးကတော့ မသင်မနေရ ပညာရေးစနစ် ထွန်းကားလာဖို့မပြောနှင့်။ ပညာသင်နေဆဲ ကျောင်းသားတွေပင် ကျောင်းအရိပ်ကို မနင်းနိုင်ကြတော့။ ရှိသေး၏။ ကျောင်းစရိတ်။


အသက်မွေးဝမ်းကျောင်း ပညာရပ်တခုတတ်မြောက်ပြီး လူ့ဘဝခရီးကို ရွက်လွှင့်ကြရမည့်အစား လူမှုဘဝရပ်တည် ရှင်သန်ရေးဝဲသြဃထဲ အပြိုပြိုအလဲလဲ ဖြတ်သန်းရင်း ပညာရေးစခန်းဆီ ခက်ခက်ခဲခဲ လှမ်းနေကြရ၏။


သို့နှင့် အပြောင်းအလဲခေတ်ကြီးကို ခါးသီးစွာခံစားနေကြရသော မိဘတချို့က ကျောင်းဆိုလျှင် ဆလံသလာကြတော့သည်။


အရပ်သားပညာရေးနှင့် စစ်ဘက်ပညာရေးစနစ်ကလည်း အာဏာရှင်စစ်အုပ်စုလက်ထဲမှ ခွဲထွက်လာပြန်ချေ၏။ လက်လုပ်လက်စား ကျေးလက်ဒေသနေ လူထုများမပြောနှင့်။ မြို့ကြီးပြကြီးတွင် နေထိုင်သူများပင် မိမိရင်သွေး ကျောင်းဝင်ခွင့်ရရှိရေးအတွက် မြန်မာကျပ်ငွေ ၁ သိန်း မှ ၅ သိန်းအထိ ပေးနေကြရသည်။


စစ်ဘက်ပညာရေးကျောင်းများမှာတော့ ထိုသို့ငွေပေးရခြင်းမရှိ။ လက်ဆောင် ပစ္စည်းများကိုတော့ မဖြစ်မနေပေးကြရသည် တဲ့။ ဘာထူးသနည်း။


ယခုတော့ဖြင့် တချိန်က အာရှ၏စပါးကျီဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံတွင် လူထု၏ လူမှုဘဝတိုးတက်မှု နတ္ထိ။ လူ့အခွင့်အရေးချိုးဖောက်မှု အဆင့် ၁။ လူထုပညာရေးဘဝ သုံည။ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျ။ တရားဥပဒေစိုးမိုးရေး တဖက်သတ်။ နိုင်ငံရေးစနစ် သေနတ်။


သြော် … …


သစ်ရွက်ပေါ်မှာ စံပယ်ပွင့်တွေ ဖွေးဖွေးမဝေနိုင်တဲ့အပြင် တိုင်းပြည်ရဲ့ အညွန့်အဖူး ကျနော်တို့ရဲ့ စံပယ်ပွင့်ကလေးများ ဖျားနာနေကြပါပကော …။



ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၀

သြဂုတ် ၁၆ ရက် ၂၀၀၁ ခုနှစ်