Friday, September 30, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၃၉)

သတင်းပတ်မှာတော့ မြန်မာနိုင်ငံလွှတ်တော်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါဝင်တာမျိုး အခြားနိုင်ငံတွေမှာရော ထည့်သွင်းတာ ရှိပါသလား၊ မြန်မာနိုင်ငံမှာ တယ်လီဖုံးဆင်းကဒ်တွေ အလွန်ဈေးကြီးတဲ့ကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုများကူညီဆောင်ရွက်ပေးနိုင်မလဲ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးကြပေမယ့် မတည်တံ့နိုင်ဘဲ ပြန်လည်ပြိုကွဲသွားကြတာ ဘာလိုအပ်ချက်ကြောင့်လဲ၊ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြမယ်ဆိုရင် မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ဘယ်လို သဘောထားရှိသလဲ စသဖြင့် ဗွီအိုအေ သောတရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။

အရင်ဆုံး ကျော်အေးသိန်းဆိုတဲ့ သောတရှင်က ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းမေးထားပါတယ်။ လွှတ်တော်တွေထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုအလျောက်ပါဝင်တဲ့ကိစ္စက အခြားနိုင်ငံက ဖွဲ့စည်းပုံတွေမှာရော ရှိပါသလား ကြားဖူးပါသလား ဆိုပြီး မေးမြန်းထားတာပါ။

မေး။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံများနှင့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ချီတတ်နေသော နိုင်ငံများတွင်း စစ်တပ်က မည်သည့်အခန်းက ပါဝင်ကြပါသလဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စစ်တပ်သည် လွှတ်တော်တွင်း အလိုအလျှောက် ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ရနေသော အချက်ကို ပယ်ဖျက်နိုင်မယ့် အခြေအနေရှိပါသလား။ ဒီမိုကရေစီစနစ် ကျင့်သုံးနေသော နိုင်ငံများတွင်း စစ်တပ်သည် ပါလီမန်တွင်း ရာခိုင်နှုန်းဘယ်လောက်ပါဝင်ရမည်ဆိုသောအချက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိပါသလား ဖြေကြားပေးပါ အမေစု ခင်ဗျား။

ဧရာဝတီ ရပ်သွားပြီတဲ့လား … (ကာတွန်း စောငို)

Wednesday, September 28, 2011

မိုးကြိုး သတင်းစဉ် (အမှတ်စဉ် ၁၁၉)

MOJO-119

ငါးသေတ္တာဘူး (ကာတွန်း အော်ပီကျယ်)

Tuesday, September 27, 2011

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures 5


ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာ ဟောပြောချက် နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အခု အစီအစဉ်မှာတော့ အစိုးရဝါဒ သဘောမတူခြင်းအကြောင်း ဟောပြောချက် ပဉ္စမပိုင်းကို နားဆင်နိုင်ကြပါတယ်။

Reith Lectures ဟောပြောချက်ကို ဟောပြောဖို့ စိတ်ထဲ အတော်လှုပ်လှုပ်ရှားရှားနဲ့ ကျွန်မ သဘောတူလိုက်တဲ့အခါမှာ အခြေခံဆန္ဒက ရိုးရိုးကလေးပါ။

ကျွန်မတို့ရဲ့ အခန်းကဏ္ဍဟာ ဘာလဲဆိုတာကို ဖော်ထုတ်ချင်တဲ့ဆန္ဒ ဖြစ်ပါတယ်။ ကျွန်မတို့ဆိုရာမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ကျွန်မ ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် စည်းရုံး လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ တခြား အစုအဖွဲ့တွေရဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ကျွန်မ ဆိုလိုပါတယ်။
ကျွန်မတို့ဟာ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းအားထုတ်မှုမှာ ပါဝင်နေတာ နှစ်ပေါင်း ၂ဝ ကျော်ခဲ့ပါပြီ။ အဲဒီတော့ ကျွန်မတို့ရဲ့အခန်းကဏ္ဍဟာ ဘာလဲဆိုတာကို ကျွန်မတို့ သိသင့်တယ်လို့ မိတ်ဆွေတို့က ထင်နိုင်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်မတို့ရဲ့ အခန်းကဏ္ဍဟာဘာလဲဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒါပေမယ့် သိတန်သလောက်မျှသာ သိပါတယ်။ ကျွန်မတို့ဟာလို တခုသော ပါတီ သို့မဟုတ် တခုသော အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်လို့ ပြောရတာက အလွယ်ကလေးပါ။ ဒါပေမယ့် အဲဒါကို ကျော်လွန်ပြီးကြည့်လိုက်တဲ့အခါကျတော့ နည်းနည်းလေး မှုန်မှုန်ဝါးဝါး ဖြစ်လာတက်ပါတယ်။

ယမန်နှစ် နိုဝင်ဘာလအတွင်းက တတိယ အကြိမ်မြောက် နေအိမ် အကျယ်ချုပ်ကာလကနေပြီး ကျွန်မ လွတ်မြောက်လာတဲ့အချိန်မှာ ဒီအချက်ကို ကျွန်မ အသေအချာ သတိပြုမိခဲ့ပါတယ်။

ကျွန်မ ရှင်းပြရရင် ကောင်းမှာပါ။

ကိုကိုးကျွန်းကခွာခဲ့တာ အနှစ် ၄၀ ပြည့်ပြီ (ရဲဘော်ဖိုးသံချောင်း)

ဒီနှစ် ဇူလိုင် ၃၁ ရက်ဆိုရင် ကိုကိုးကျွန်းပေါ်က ၅၃ ရက် အစာငတ်ခံတိုက်ပွဲကြီးဟာ အနှစ် ၄ဝ တိတိပြည့်ပါပြီ။ 

ဒီလိုအခါမှာ ညံ့ဖျင်းလှတဲ့ ကိုယ့်မှတ်ဉာဏ်ထဲက ကိန်းဂဏန်းတချို့ကို ပြန်စီနေမိပါတယ်။ ကိုကိုးကျွန်းကို ပို့လိုက်တာက ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်။ ပြန်ပို့တာက ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလထဲမှာ (ရက်အတိအကျ မမှတ်မိတော့)၊ စုစုပေါင်း ၂ နှစ် နဲ့ ၉ လ။ တနည်း ၃၃ လ၊ ရက်ပေါင်း ၁ဝဝဝ လောက်ပါ။

ညကြီးသန်းခေါင် အင်းစိန်ထောင်ထဲကထုတ်၊ နံဘေးမှန်တွေကို စက္ကူဖြူတွေ ကပ်ထားတဲ့ ဟီးနိုးဘတ်စ်ကားကြီးတွေနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းကိုပို့၊ ဂျီသရီးသေနတ်တွေ ချိန်ရွယ်ထားတဲ့ မဆလစစ်သားတွေအကြား၊ ထိန်လင်းနေတဲ့မီးမောင်းကြီးတွေအောက်မှာ ပြည်တော်ညွန့်သင်္ဘောပေါ်တက်၊ နာရီပေါင်း ၃ဝ ကျော်လောက် ပင်လယ်ကိုဖြတ် -

“အဲဒါ ကိုကိုးကျွန်းပဲ၊ လာကြည့်ကြ။ ကိုကိုးကျွန်းကို မြင်နေရပြီ” လို့ ပြည်တော်ညွန့်သင်္ဘော ဝမ်းဗိုက်ရဲ့ အပေါက်ဝိုင်း လေးထဲကို ကြည့်နေသူတဦးကလှမ်းခေါ်လိုက်တော့ သူများနည်းတူ ကျွန်တော်လည်း ပြေးသွားပြီး ခေါင်းပြူကြည့်ခဲ့ပါတယ်။ သဲသောင်က ဖွေးဖွေး၊ အုန်းပင်လေးတွေက အစီအရီ၊ ကိုင်းတာက ကိုင်း၊ မတ်တာက မတ်နဲ့။ လိင်းကလေးတွေ ပြေးတက်နေတာကိုလည်း အထင်းသားမြင်ရပါတယ်။ လှလိုက်တဲ့ ကျွန်းတကျွန်းပဲလို့ ခေါင်းထဲမှာပေါ်လာမိခဲ့တာကို ဝန်ခံရမှာပါ။ ပထမအမြင်၊ အပေါ်ယံ စဉ်းစားချက်ပါ။ နောက်ကျတော့ မုန်တိုင်းတွေကိုလည်း ဖြတ်သန်းရ၊ အုန်းပင်ပေါ်က လိမ့်ကျလို့ သေဆုံးတာလည်းကြုံရ၊ လှိုင်းပုတ်ချသွားလိုက်တာ အလောင်းတောင် ပြန်ရှာမရတာလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အစာငတ်ခံတိုက်ပွဲဝင်တဲ့လူတွေ တဦးပြီးတဦး၊ တမျှဉ်းမျှဉ်း သေဆုံးနေတာကို သွေးအေးအေးနဲ့ လက်ပိုက်ကြည့်နေတာတွေလည်း တွေ့ရပါတယ်။

အလှနဲ့ ရက်စက်မှု ပြွမ်းတီးနေတဲ့ ကိုကိုးကျွန်းလေ။

Sunday, September 25, 2011

ပြည်သူက ဒဏ်ခတ်လိမ့်မယ် (လူထုစိန်ဝင်း)


“လွတ်လပ်ရေးရပြီး နောက်ပိုင်းနှစ်တွေကို ပြန်ကြည့်၊ ပြည်သူတွေဘက်က တာဝန်ကျေခဲ့ကြတာချည်းပဲ။ ဦးဆောင်ဦးရွက်ပြုခဲ့ကြသူတွေသာ တာဝန်မကျေခဲ့တာ။ 
“ဒီမိုကရေစီလိုချင်ရင် လူတိုင်း ပါဝင်လုပ်ဆောင်ဖို့ လိုတယ်” ဆိုတဲ့စကားက ခေါင်းဆောင်တွေ ခေါင်းရှောင်ဖို့ ပြောတဲ့စကားဖြစ်တယ် …”

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဒီမိုကရေစီ ဆိုတဲ့စကား ရေပန်းစားလာခဲ့တယ်။ စကားဝိုင်းတွေမှာလည်း ဒီမိုကရေစီ၊ စာအုပ်တွေ၊ စာစောင်တွေထဲမှာလည်း ဒီမိုကရေစီ ဖြစ်နေကြတော့တယ်။

လျှပ်တပြက် SSA

 
ပြီးခဲ့တဲ့ သြဂုတ်လပိုင်းက ရှမ်းပြည်တပ်မတော်(SSA) ရဲ့ဌာနချုပ် လွိုင်တိုင်းလန်းစခန်းအနီးမှာ တွေ့ရတဲ့ SSA ရဲဘော်တွေရဲ့ ပုံရိပ်တချို့ပါ။

ဧရာဝတီအတွက် မေးခွန်း ၂၀


ရွှေဝါရောင် (၄) နှစ်ပြည့် ကြေညာချက်

The Statment No-3-2011 of ABMA

အမျိုးသားအကျိုးစီးပွား … ဟုတ်စ !!! (ကာတွန်း စောငို)

Saturday, September 24, 2011

ဧရာဝတီကို ထာဝရ ကာကွယ်ရေး

The Statement of Irrawaddy Forever(23!09!2011)

Friday, September 23, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၃၈)

ပြည်ပရောက် ဘွဲ့ရ ပညာတတ်လူငယ်တွေ အခုအချိန် မြန်မာပြည်အတွက် ဘာတွေ လုပ်ပေးနိုင်မလဲမေးခွန်း အပါအဝင် မေးခွန်း ၅ ခု ဖြေကြားထားပါတယ်။ 

အခု သတင်းပတ်မှာတော့ ကျေးရွာအဆင့် ပညာရေးတိုးတက်မှုတွေအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ မေးမြန်းချက်၊ မြန်မာ့တောင်သူလယ်သမားတွေရဲ့ဘဝ ဆွေးနွေးချက်၊ တမျိုးသားလုံး လူတိုင်းလူတိုင်း တိုင်းပြည်အတွက် ဘာလုပ်နိုင်မလဲဆိုပြီး အပတ်စဉ်ပုံမှန်လိုလို လမ်းညွှန်ပြပေးဖို့ဆိုတဲ့ ဆွေးနွေးချက်နဲ့ ပြည်ပရောက် မြန်မာဘွဲ့ရ ပညာတတ်တွေ အခုအချိန်မှာ ဘာတွေလုပ်ကြနိုင်မလဲ မေးမြန်းချက်တွေကို ဗွီအိုအေ သောတရှင်တွေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။

တောင်ဥက္ကလာပမြို့က အရပ်ဖက်ဝန်ထမ်းပင်စင်စား ဆိုတဲ့ သောတရှင်တဦးကတော့ တောင်သူလယ်သမားတွေ နင်းပြားဘဝရောက်နေကြရပါတယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားလာပါတယ်။

Thursday, September 22, 2011

ဧရာဝတီ၊ မြန်မာပြည် နဲ့ လိမ်ညာနေတဲ့ နဂါးအနီ (အောင်ဒင်)

မြန်မာနိုင်ငံရဲ့မြောက်ဘက်ဖျား၊ ကချင်ပြည်နယ်က ဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကျွက်ကျွက် ကန့်ကွက်နေကြပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ။ 

တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ။ အခုအချိန်ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲတခုဆီ ရွေ့လျားရမည့် အချိန်ပါပဲ။ သူတို့ ဘယ်လို ရပ်တည်ကြမလဲ၊ ပြည်သူလူထုရဲ့အသံကို နားထောင်၊ ပြည်သူလူထုရဲ့ဆန္ဒကိုလက်ခံပြီး ဒီ မကောင်းဆိုးဝါးစီမံကိန်းကြီးကို ရပ်တန့်ဖို့ကြိုးစားမှာလား? 

ဒါမှမဟုတ် တရုတ်အစိုးရရဲ့အကျိုးစီးပွားကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက်ဆောက်စေမှာလား?

ပြည်သူလူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ပို၍ သိချင်နေချိန်မှာ တွေ့နေရတာကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များရဲ့ မစားရ ဝခမန်း ပြောနေတဲ့ ဆည်ကြီးကြောင့်ရရှိမည့် အကျိုးစီးပွားတွေအကြောင်း လိမ်ညာမှုတွေပါပဲ။ သမ္မတ ဦးသိန်းစိန် အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့လက်အောက်ခံ ဖြစ်စေတော့မှာလား?

Tuesday, September 20, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ Reith Lectures 4

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာ ဟောပြောချက် နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အခု အစီအစဉ်မှာတော့ လွတ်လပ်ခွင့်အကြောင်း ဟောပြောချက် စတုတ္ထပိုင်းကို နားဆင်နိုင်ကြပါတယ်။
ကမ္ဘာတဝှမ်း လူသားတွေရဲ့ လွတ်လပ်ချင်တဲ့ လိုအင်ဆန္ဒကို အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်တဲ့ စိတ်လှုပ်ရှားဖွယ်ရာ အခြေအနေတွေက ကျွန်မတို့ကို ပြလိုက်ပါပြီ။

မြန်မာပြည်သူတွေပါ တခြား တိုင်းပြည်တွေက ပြည်သူတွေလိုပဲ ဒီအခြေအနေ အဖြစ်အပျက်တွေကြောင့် စိတ်လှုပ်ရှားကြပါတယ်။

ကျွန်မတို့ရဲ့စိတ်ဝင်စားမှုက အထူးသဖြင့် ထက်သန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Tunisia နိုင်ငံမှာဖြစ်ခဲ့တဲ့ ၂ဝ၁ဝ ဒီဇင်ဘာ တော်လှန်ရေးနဲ့ ကျွန်မတို့ရဲ့ ၁၉၈၈ အုံကြွမှု ဒီနှစ်ခုမှာ မှတ်သားလောက်စရာ တူညီချက်တွေရှိနေလို့ ဖြစ်ပါတယ်။ နှစ်ခုစလုံးဟာဖြစ်တဲ့အချိန်မှာ အသေးအဖွဲ အရေးမကြီးလို့ထင်ရတဲ့ အဖြစ်အပျက်တွေက စခဲ့ပါတယ်။

Tunisia နိုင်ငံက မြို့တမြို့မှာ သစ်သီးရောင်းတဲ့ဈေးသည်တယောက်ဟာ အခြေခံ လူ့အခွင့်အရေးတွေရဲ့ အရေးကြီးပုံကို မေ့နိုင်လောက်စရာမရှိအောင် ပြသခဲ့တာ ကမ္ဘာတဝှမ်းက မသိခဲ့ပါဘူး။ သာမန် ယောက်ျားတစ်ယောက်ကလည်းပဲ သူ့ရဲ့ လူ့ဂုဏ်သိက္ခာ ပိုင်ဆိုင်ခွင့်ဟာ သူ့အဖို့ အသက်ထက်ပင်လျှင် ပိုပြီး တန်ဖိုးရှိကြောင်းကို တလောကလုံး သိအောင် ပြသခဲ့ပါတယ်။

ဒီကိစ္စဟာ တော်လှန်ရေးကြီးတခုလုံး ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။

Monday, September 19, 2011

ဘယ်သူ အာဏာပိုင်လဲ (လူထုစိန်ဝင်း)

အာဏာပိုင်များ၊ အာဏာပိုင်အဖွဲ့အစည်းများဆိုတဲ့ စကားဟာ မြန်မာစကားမှာ အတော်တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတဲ့ စကားများဖြစ်တယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို ရည်ညွှန်းပြောဆိုကြတာပါ။

တစ်ချက်လွှတ်အမိန့်

တစ်ပါတီတစ်ဖွဲ့တစ်စည်းက အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်ထားပြီး တစ်ချက်လွှတ်အမိန့်ပြန်တမ်းများနဲ့ အုပ်ချုပ်တဲ့ အာဏာရှင်စနစ် အောက်မှာတော့ ဒီအသုံးအနှုန်းများဟာ လျော်ကန်သင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေလို ဒီမိုကရေစီပြယုဂ်တွေ အစုံအလင်နဲ့ အစိုးရမျိုးလက်ထက်မှာတော့ ဒီအသုံးအနှုန်းတွေဟာ ဆီလျော်အပ်စပ်ခြင်းမရှိတော့လို့ မသုံးသင့်တော့ဘူး။ သက်ဆိုင်ရာဌာနများ၊ အစိုးရဝန်ထမ်းများဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးသုံးစွဲသင့်ကြတယ်။


အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ ဒေါ်စု ထပ်ပြော

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမယ့် အရိပ်လက္ခဏာတွေ ရှိလာနေပြီ ဖြစ်တယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနနဲ့ ဒီကနေ့ တွေ့ဆုံ မေးမြန်းခန်းမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မြန်မာပြည်သူတွေအတွက် တကယ့် လွတ်လပ်မှုကတော့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောသွားပါတယ်။


ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် - အပိုင်း (၃၇)

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းမှုအပေါ် အမြင်၊ ဘွဲ့ရလူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေကြတဲ့အပေါ် ဆွေးနွေးချက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား ဆွေးနွေးပွဲလုပ်နေချိန်မှာ အခြားလှုပ်ရှားမှုတွေ ဖြစ်လာရင် ထိခိုက်စေမလားဆိုတဲ့ မေးမြန်းချက်နဲ့ ဖွံဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဗွီအိုအေ သောတရှင်တွက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။ 

လူ့အခွင့်အရေးကော်မရှင်ဟာ ဘယ်လောက်လွတ်လပ်တယ်လို့ ထင်မြင်မိသလဲဆိုပြီး ရွှေညာသား ဆိုတဲ့ သောတရှင်က ဒေါ်အောင်ဆန်းစုကြည်အမြင် တောင်းခံမေးမြန်းထားပါတယ်။ 

မေး။ အန်တီရဲ့အမြင်တွေ အန်တီရဲ့ အယူအဆတွေ ရေဒီယိုကနေ ကြားကြားနေရတာ တအားတတ်ရပါတယ်။ အခုဆို အမျိုးသားလူ့အခွင့်ရေးကော်မရှင်ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါပြီ။ ကြည့်လိုက်တော့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုမရှိပါဘူးလို့ ခုခံပြောခဲ့ကြတဲ့ သံအမတ်တွေက ဦးဆောင်နေပြန်ပါတယ်။ ဘယ်လောက် ယုံကြည်ရပါမလဲ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာက ဝေဖန်လာရင်၊ ကာကွယ်နိုင်မယ့်အဖွဲ့လားလို့ပဲ သံသယဖြစ်ရပါတယ်။ ဒီလိုလူတွေကို လူ့အခွင့်အရေးအဖွဲ့မှာ ထည့်သင့်သလား မေးချင်ပါတယ်။ ဒီလို လူတွေပါတဲ့ ဒီအဖွဲ့ဟာ လွတ်လပ်မှုရှိရဲ့လားဆိုတာလည်း အန်တီ အမြင်သိချင်ပါတယ်။ အန်တီ ကျန်းမာပျော်ရွှင်ပါစေ။

Sunday, September 18, 2011

မြန်မာနိုင်ငံမှာ အင်တာနက် ပိုလွတ်လပ်လာ

  
မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူတွေဟာ အရင်က ပိတ်ပင်ထားတဲ့ အင်တာနက် ဝက်ဆိုက်တွေကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ် ပြန်ကြည့်ခွင့်ရနေပါတယ်။

ဝါကျွတ်ရင် ခင်ဗျားတို့ရော ဘယ်ဝတ်စုံတွေနဲ့ လက်ထပ်ကြမှာလဲ …


စက်တင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မှာပြုလုပ်တဲ့ Wedding Fair 2011 ပြပွဲမှာ မင်္ဂလာမောင်နှံဝတ်စုံ ဆင်မြန်းပြသနေသော မိုဒယ်တွေပါ။

ဗွီအိုအေသတင်းထောက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းချက်များ

ဦးသန်းလွင်ထွန်း
တနင်္ဂနွေ, 18 စက်တင်ဘာ 2011

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ သိသာတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို မြင်တွေ့နေရပါတယ်။ ပြည်ပရောက် မြန်မာတွေကို ပြန်လာနိုင်ရေး အစိုးရက တံခါးဖွင့်ပေးခဲ့သလို စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုရေးရာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာမှု၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တွေ့ဆုံခဲ့အပြီး တခြား အစိုးရဝန်ကြီးတွေနဲ့ပါ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးလာမှု။ အစိုးရရဲ့  လက်ဝေခံ စီးပွားရေးသမားကြီးတွေ လူသိများတဲ့ ဦးအောင်သက်မန်း၊ ဦးဇော်ဇော် စသူတွေကလည်း တရင်းတနှီး လူသိရှင်ကြား နှုတ်ခွန်းဆက် ဆက်ဆံလာမှု စတာတွေဟာ ထူးခြားပါတယ်။

သတင်းလွတ်လပ်ခွင့်အပိုင်းမှာလည်း ပြည်တွင်းမီဒီယာတွေမှာ ဒေါ်စုရဲ့ ဆောင်းပါး၊ အင်တာဗျူးတချို့ ပါလာတဲ့အပြင် ဗွီအိုအေ၊ ဘီဘီစီ၊ အာဖက်အေ စတဲ့ နိုင်ငံရပ်ခြား သတင်းဌာနတွေကို ရှုတ်ချတိုက်ခိုက်တဲ့ ကြော်ငြာတွေပါ ရပ်သွားခဲ့ပါပြီ။ ဗွီအိုအေ မြန်မာသတင်းဌာနရဲ့ အယ်ဒီတာ သတင်းထောက် တဦးဖြစ်တဲ့ ဒေါ်ခင်စိုးဝင်းကလည်း ရန်ကုန်နဲ့ နေပြည်တော်တို့ကို တရားဝင် သတင်းသွားရောက်ယူခွင့် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် ရန်ကုန်မြို့မှာ ရောက်ရှိနေတုန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကို ဒီတပတ် ဒီမိုကရေစီရေးရာအစီအစဉ်အဖြစ် တင်ပြပေးပါမယ်။

မြန်မာ့ဒီမိုကရေစီရေးမှာ အဓိကအကျဆုံးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု မေးခွန်းနဲ့ ဒေါ်ခင်စိုးဝင်း က စတင်မေးမြန်းခဲ့ပါတယ်။

ပိုလျှံနေရင် ဈေးကွက်စီးပွားရေးအရ ရောင်းရပါ့မယ် … (ကာတွန်း အောင်မော်)



 

ထလော့ မြစ်မင်းဧရာ (ဒဂုန်တာရာ)

မြပင်လယ်မှရေတွေ ဘယ်ရောက်နေပြီလဲ
မလိခမှ ရေခဲပွင့်တွေ ဘယ်ရောက်နေပြီလဲ
ရှမ်းရဌမှ စိမ့်စမ်းရေတွေ ဘယ်ရောက်နေပြီလဲ
ထင်းရှူးတောင်မှ မွှေးမြရီဝေတွေ ဘယ်ရောက်နေပြီလဲ
စစ်ကိုင်းတောင်မှ ပိတောက်ရနံ့တွေ ဘယ်ရောက်နေပြီလဲ

မြစ်မင်းဧရာဝတီ ထလော့ လှလော့ ကလော့
ထလော့ ဧရာဝတီ ရေတွေစီးလော့။

ဒဂုန်တာရာ
၁၀၊ ၅၊ ၂၀၁၁

ပိတောက်ပွင့်သစ် စာပေ အနုပညာ မဂ္ဂဇင်း
အမှတ် (၄၀) ဇွန်လ ၂၀၁၁ ခုနှစ်


 

Saturday, September 17, 2011

သက်ရှိမြစ် ဧရာဝတီ သီချင်းအက်ဆေး ၂၀၁၁ (မြင့်မိုးအောင်)

ရာဇဝင်များရဲ့သတို့သမီး - (ဆို) Gitameit (ရေး) ထူးအိမ်သင်
မျှော်လင့်ချက်ကမ်းခြေ - (ဆို) ဇော်ဝင်းထွဋ်၊ (ရေး) မြင့်မိုးအောင်
သက်ရှိမြစ် - (ဆို)လေးဖြု၊ (ရေး) မြင့်မိုးအောင်


ကိုယ်ပြောထားတဲ့ စကား (ထိန်လင်း)

ဒီတခါတော့ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို အများက သတိပြုမိပေမယ့် ကိုယ်ကိုယ်တိုင်က သတိမပြုမိတတ်တဲ့ သဘောသဘာဝနဲ့ပတ်သက်လို့ စဉ်းစားမိတာလေးတစ်ခုကို ဆွေးနွေးကြည့်ချင်ပါတယ်။

ဒီအတွေးဖြစ်အောင် နှိုးဆော်လိုက်တဲ့အရာကတော့ တချိန်က ဖတ်ဖူးခဲ့တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့အကြောင်း စဉ်းစားလိုက်မိလို့ဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း အသံတိတ်ရုပ်ရှင်ခေတ်က ထင်ရှားခဲ့တဲ့ ချာလီချက်ပလင်ဟာ တခြားသရုပ်ဆောင်တွေနဲ့မတူဘဲ ထူးခြားတဲ့ အသွင်အပြင်၊ ထူးခြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ကမ္ဘာကျော်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ပညာထွန်းကားတဲ့ကာလရဲ့ အစောပိုင်းမှာ ထွက်ပေါ်လာခဲ့သူဖြစ်ပေမယ့် သူ့ခေတ်သူ့အခါမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေ၊ လူတွေရဲ့ စရိုက်သဘာဝ စတဲ့ အနေအထားတွေကို ထင်ဟပ်အောင် တင်ပြနိုင်ခဲ့ပါတယ်။ အဲဒီလို သူ့ရဲ့ သရုပ်ဆောင်မှုတွေ ကောင်းလွန်းတဲ့အတွက်လည်း ကနေ့အထိ လူကြိုက်များနေဆဲဖြစ်ပါတယ်။

ဖက်နဲ့ထုပ်ထားရတဲ့ ဘဝတွေ ... (ကာတွန်း တင်ကိုကိုဦး)

Thursday, September 15, 2011

ကျနော်တို့ သေကြည့်ကြရအောင် (ထိန်လင်း)

လူတစ်ယောက်ရဲ့တန်ဖိုးကို သူသေသွားမှ သိကြလိမ့်မယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ တချို့က “ငါမရှိမှ ငါ့တန်ဖိုးကို သိလိမ့်မယ်”၊ “ငါသေမှ ငါ့တန်ဖိုးကို သိလိမ့်မယ်” စသဖြင့် ပြောဆိုလေ့ရှိကြပါတယ်။ ဒါဟာ အသက်ရှင်စဉ် တန်ဖိုးထားရကောင်းမှန်း မသိကြသူတွေအတွက် သတိပေးတဲ့စကားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီရည်ရွယ်ချက်ထက် ကိုယ်ရည်သွေးချင်လို့ ပြောဆိုကြတာက ပိုများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားရပ်ကိုတော့ လူအများက ပြောဆိုနေကြတာပါပဲ။

တကယ်ကျတော့ ကိုယ်ကိုယ်တိုင်က သူတပါးရဲ့တန်ဖိုးကို စောစောစီးစီးသိဖို့ ကြိုးစားရမှာထက် ကိုယ့်တန်ဖိုးကိုယ်သိအောင် ကြိုးစားဖို့က ပိုပြီးအရေးကြီးပါတယ်။ အထူးသဖြင့် မသေခင် စောနိုင်သမျှစောစော ကိုယ့်တန်ဖိုးကိုယ် သိဖို့လိုအပ်ပါတယ်။ သေခြင်းတရားနဲ့ဆက်စပ်ပြီး ကျနော့်ကို အတွေးဝင်သွားစေတာကတော့ စာတန်းကလေးတစ်ခုဖြစ်ပါတယ်။ အဲဒီ စာတန်းကလေးကတော့ “မိတ်ဆွေ ... သေခြင်းရဲ့အရသာကို အသင်တစ်ခါလောက် မြည်းစမ်းကြည့်စမ်းပါ” တဲ့။ ဒီစာကို တွေ့ခဲ့ရတာက ရန်ကုန် ကန်တော်ကလေးရပ်က မွတ်ဆလင်သုသာန်မှာ ဖြစ်ပါတယ်။ အကျဉ်းကျစဉ်ကွယ်လွန်ခဲ့ရတဲ့ စာရေးဆရာ မောင်သော်ကရဲ့ ဈာပနကို လိုက်ပို့စဉ်က တွေ့ခဲ့ရတာပါ။

ကမ္ဘာ့ဒီမိုကရေစီနေ့ (ကာတွန်း စောငို)



 

အမေရိကန်မှာ ဆင်းရဲမှုမြင့်တက်

dollar

လွန်ခဲ့တဲ့လ အနည်းငယ် လောက်ကစပြီး အမေရိကန် စီးပွားရေးနဲ့ပတ်သက်ပြီး သတင်းဆိုးတွေ မှန်မှန် ထွက်လာနေတာ ခုထိ အတောသတ်ပုံ မရသေးပါဘူး။

အကြွးတွေများလွန်းလို့ ကြွေးပြန်ဆပ်နိုင်ခြေ အဆင့်ချခံရသလို အလုပ်လက်မဲ့ဦးရေဟာလည်း ကိုးရာခိုင်နှုန်းကနေ ကျကို မကျနှိုင် ဖြစ်နေပါတယ်။

ဘူးလေးရာ ဖရုံဆင့်ဆိုသလို မနေ့က ထပ်ထွက်လာတဲ့ ကိန်းဂဏန်းတွေက အမေရိကန် စီးပွားရေးကို ပိုပြီး အဆိုးမြင်ဖို့ ညွှန်ပြနေပါတယ်။

မိသားစုတွေရဲ့ ဝင်ငွေကျလာသလို ဆင်းရဲမှုနှုန်းဟာ နှစ်နှစ်ဆယ်အတွင်းမှာ အမြင့်ဆုံးကို ရောက်လာခဲ့ပါတယ်။

အမေရိကန်မှာ ဆင်းရဲမှုကို တရားဝင် သတ်မှတ်ပုံက လူလေးယောက်ရှိတဲ့ မိသားစုတစုရဲ့ တနှစ် ဝင်ငွေဒေါ်လာ နှစ်သောင်း နှစ်ထောင်အောက်မှာပဲရှိရင် သူတို့ကို ဆင်းရဲတယ်လို့ သတ်မှတ်ပါတယ်။

မြစ်ဆုံရေကာတာမှ ရရှိမယ့် အကျိုးဆက်များ


ဗုဒ္ဓဟူး, 14 စက်တင်ဘာ 2011
ဦးကျော်ဇံသာ (ဗွီအိုအေ)

ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေကာတာများရဲ့ အကျိုးဆက်ဆိုင်ရာများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးညိုမောင်၊ ကာတွန်းဆရာအော်ပီကျယ်တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ နိုင်ငံထဲက အထင်ကရ ပုဂ္ဂိုလ်တွေ၊ ပြည်သူတွေ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုသံတွေ ကြားလာရတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးတပါးက ဒီကိစ္စကို သူတို့ဘာပဲဖြစ်ဖြစ် ကန့်ကွက်တဲ့ကြားက ဆက်လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

သူက ဒါကို ဧရာဝတီရောဂါ လို့တောင် ခေါ်လိုက်ပါသေးတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေရဲ့ စိုးရိမ်မှု၊ စာနယ်ဇင်းသမားတွေရဲ့ ရေးသားမှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးရဲ့ ကန့်ကွက်သံကို ကြားရတော့ ပထမဦးဆုံး ကာတွန်းဆရာ အော်ပီကျယ်ကို မေးချင်ပါတယ် ဘယ်လိုများ စဉ်းစားမိပါသလဲ။

Tuesday, September 13, 2011

အမျိုးသား အကျိုးစီးပွားတဲ့လား …


“ဧရာဝတီ ရောဂါသည်များ”, “ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများ” ဆိုပြီး မရှက် မကြောက် ပြောသွားတဲ့ ငါသိ ငါတတ် ထမီ ပြောင်းဝတ်ထားတဲ့ စစ်သားဟောင်းကြီး ဗိုလ်ဇော်မင်း
ပြောသွားတဲ့ မိန့်ခွန်းပါ။ နားထောင်ကြည့်ကြပါအုံး …

Monday, September 12, 2011

ဒီမိုကရေစီရပြီလား . . . (လူထုစိန်ဝင်း )

“ဒီမိုကရေစီရပြီလား”

နယ်က စာဖတ်ပရိသတ်မိန်းကလေးတွေနဲ့ လူငယ်လေးတွေ ရောက်လာတဲ့အခါတိုင်း ဒီမေးခွန်းကိုမေးတတ်ကြတယ်။ စာစုံအောင်ဖတ်လေ့ရှိတဲ့ လူငယ်တချို့ကတော့ “ရွှေပြည်ကြီးကို ရောက်ပြီလားအဘ” လို့ မေးကြတယ်။

မှန်ရာကိုသာ ပြောချင်

တခါက လောကပါလတရားနဲ့ ပြည့်စုံတဲ့ရွှေပြည်ကြီးကို ရောက်ဖို့မဝေးတော့ပါဘူးလို့ ရေးခဲ့ဖူးတာကို ရည်ညွှန်းပြီး ‘ရွှေပြည်ကြီး’ ရောက်ပြီလားလို့ မေးတာပါ။ သူတို့ဒီလိုမေးတာဟာ တကယ်သိချင်လို့ မေးကြတာဖြစ်တယ်။ ခနဲ့ပြီး၊ ကလိပြီး မေးတာ မဟုတ်ပါဘူး။ အသက်အရွယ် ငယ်ကြသေးပြီး အတွေ့အကြုံနုနယ်ကြလေတော့ ဝေဖန်ပိုင်းခြားမှုမှာ အားနည်းကြတယ်။ ဒါကြောင့် သူတို့ယုံကြည်လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်တယောက်အဖြစ် သဘောထားပြီး လာရောက် မေးမြန်းကြတာဖြစ်တယ်။ ဒီလိုလူငယ်လေးတွေကို မှားယွင်းတဲ့ မျှော်လင့်ချက်တွေ မပေးချင်ဘူး။ အလိမ္မာဖက်ပြီး အဓိပ္ပာယ်နှစ်ခွထွက်တဲ့ ယောင်ဝါးဝါးစကားမျိုးလည်း မပြောချင်ဘူး။ မျက်မှန်စိမ်းတပ်ပြီး ကြည့်တဲ့အဆိုးမြင်သက်သက် စကားတွေပြောပြီး သူရဲကောင်းလည်း မလုပ်ချင်ဘူး။ သူတို့လေးတွေရဲ့ ယုံကြည်လေးစားမှုကို တန်ဖိုးထားပြီး ကိုယ်မြင်တဲ့အတိုင်း မှန်ရာကိုသာပြောချင်တယ်။

Sunday, September 11, 2011

ပြုပြင်ပြောင်းလဲနေတယ် … (ကာတွန်း စောငို)




ဘဝဆိုတာ ခဲတံပါ (ထိန်လင်း)

I am a Pencil အမည်ရှိ စာအုပ်ရဲ့ အစမှာ ဂျက်စီကာ ဆိုတဲ့ ၄ တန်း ကျောင်းသူလေးတစ်ယောက်ရဲ့ ကဗျာကို ဖော်ပြထားပါတယ်။ ကဗျာလေးက ၃ ကြောင်းတည်းပါ။

“ငါဟာ ခဲတံတစ်ချောင်းပါ၊
ရေးဖို့လည်း အသင့်ပ
ငါ့ဘဝ အတွက်ပါ” တဲ့။

ဒီကဗျာလေးကို ဖတ်ပြီးတော့ ကျနော်က ကျနော်တို့ဘဝတွေအကြောင်း တွေးလိုက်မိပါတယ်။ အထူးသဖြင့် ကျနော်တို့ဘဝတွေက သူပြောသလို ခဲတံတစ်ချောင်းနဲ့ တူနေသလား ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဘဝတစ်ခုကို ခဲတံတစ်ချောင်းနဲ့ ပုံခိုင်းပြီး တွေးလိုက်မယ်ဆိုပါစို့၊ ကျနော်တို့ ဘဝ အသက်တာက ခဲတံတစ်ချောင်းရဲ့ အလျားဖြစ်သွားပါလိမ့်မယ်။ ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာ ဖန်တီးလုပ်ဆောင်နိုင်တဲ့ လူ့အဖြစ်နဲ့ တပါးသူ ရေးမှ ထင်ရမယ့် ခဲတံရဲ့ အခြေခံသဘာဝတို့ကိုဖယ်ပြီး စဉ်းစားမယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့ ဥပမာဖြစ်သွားပါလိမ့်မယ်။


Friday, September 9, 2011

ဗွီအိုအေ ပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ကြာသပတေး, 08 စက်တင်ဘာ 2011

ဒီတပတ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်လိုတဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားနဲ့ ပြည်ပရောက်မြန်မာတွေ ပြန်လာဖို့အတွက် သမ္မတဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက်အပေါ် သဘောထားအမြင်တွေ ဗွီအိုအေ သောတရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေး မေးမြန်းထားပါတယ်။ 

ထိုင်းနိုင်ငံ မဲဆောက်မြို့က ကရင်လူငယ်တဦးဖြစ်တဲ့ စောနေဒါဝေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဖြစ်လာရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် မေးမြန်းထားပါတယ်။ 

Thursday, September 8, 2011

မြန်မာကဗျာ ဖွဲ့နည်း (ကဗျာဆရာ တင်မိုး)

U Tin Moe How to Compose the Poems

ဗုဒ္ဓဓမ္မနဲ့ ပရဟိတ (ရွှေဇီးကွက်)

လောကမှာ လူရယ်လို့ဖြစ်လာကြရင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး အစရှိတဲ့ အရေးတွေကို လူသားတိုင်း မလွှဲမရှောင်သာ ရင်ဆိုင်ကြရမှာပါ။ ဒီအရေးတွေအားလုံးထဲမှာ ဘာသာရေးကလွဲရင် ကျန်အရေးတွေအားလုံးဟာ နှစ်ဦးနှစ်ဖက်အများနဲ့ ဆက်ဆံလုပ်ကိုင်ကြရတဲ့ အရာတွေပါ။ ဘာသာရေး (ဗုဒ္ဓဘာသာ)ကတော့ ကိုယ့်ရဲ့စိတ်ကို ဖြူစင်သန့်ရှင်းတည်ငြိမ် အေးချမ်းပြီး ပရမတ်တို့ရဲ့ သဘောသဘာဝအမှန်ကို အမှန်အတိုင်းသိမြင်အောင် အဲဒီ ရုပ်၊ နာမ်၊ ခန္ဓာ၊ ပရမတ်တို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ ၃ ပါးမှတဆင့် သစ္စာ ၄ ပါးကို ထိုးထွင်းသိမြင်အောင် ကျင့်ကြံရတာဖြစ်လေတော့ ကိုယ့်စိတ်ကို ကိုယ့်ဘာသာကိုယ် တဦးတည်းကျင့်ကြံရတဲ့အလုပ်ပါ။

ကြံ့ဖွံ့အစိုးရရဲ့ ငြိမ်းချမ်းရေးဆိုတာ … (ကာတွန်းတင်ကိုကိုဦး)

Wednesday, September 7, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ Reith Lectures 3

ကဗျာဟာ လူသားတွေကို အညီအညွတ်ဖြစ်အောင် ဖန်တီးနိုင်တဲ့ စွမ်းပကားကြီးတခု ဖြစ်ပါတယ်။ 

သူ့မှာ ဒေသ နယ်နမိတ်သော်လည်းကောင်း၊ ကာလ နယ်နမိတ်သော်လည်းကောင်း မရှိပါဘူး။

ထောင်ဝတ်စုံ အပြာရောင် ရှပ်အင်္ကျီကို ဝတ်လေ့ရှိတဲ့ ဦးဝင်းတင်ဟာ သူရင်ဆိုင်ခဲ့ရတဲ့ အစစ်အဆေး အမေးအမြန်း ဒဏ်တွေကို ခံနိုင်ရည်ရှိဖို့အတွက် Henley ရဲ့ (Invictus) ကဗျာကို အားကိုးခဲ့ပါတယ်။
ဒီကဗျာဟာ လွတ်လပ်ရေး တိုက်ပွဲ ကာလအတွင်းထဲတုန်းက ကျွန်မရဲ့ဖခင်နဲ့ သူတို့ခေတ် ခေါင်းဆောင်တွေကို စိတ်ဓာတ်အင်အား ဖြည့်တင်းပေးခဲ့ပါတယ်။ အလားတူစွာပဲ ဒီကဗျာဟာ တခြားခေတ်တွေမှာ တခြားနိုင်ငံတွေမှာ လွတ်လပ်ရေး တိုက်ပွဲဝင်သူတွေကိုလည်း စိတ်ဓာတ်အင်အား ဖြည့်တင်းပေးခဲ့တဲ့ လက္ခဏာ ရှိပါတယ်။

‘တိုက်ပွဲဝင်ခြင်းနဲ့ ပင်ပန်းဆင်းရဲခြင်း၊ သွေးသံရဲရဲကျလျက်နဲ့ ဦးခေါင်းမညွတ်ခြင်း၊ အသက်ပင်လျှင် သေဆုံးရခြင်း၊ ဒါတွေ အားလုံးဟာ လွတ်လပ်မှုအတွက် ဖြစ်ပါတယ်’

တိုင်းပြည်ချစ်သူတွေ စဉ်းစားဖို့ (ထိန်လင်း)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အမေရိကန်ပြည်ထောင်စုက အခမ်းအနားလေးတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီအခမ်းအနားက ပြည်ပရောက် ချင်းတိုင်းရင်းသားတွေတချို့ရဲ့ အခမ်းအနားဖြစ်ပါတယ်။ သာမန်ကျင်းပတဲ့ ပွဲကလေး ဖြစ်ပေမယ့် အခမ်းအနားအတွင်းမှာ ပြောကြဆိုကြတာတွေကို နားထောင်ပြီးတဲ့နောက် စဉ်းစားစရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

အဲဒါကတော့ ပြည်ပရောက် မြန်မာတွေအကြားမှာရှိနေတဲ့ ကွဲပြားတဲ့အမြင်တွေပဲဖြစ်ပါတယ်။

အရင်ဆုံး သတိထားလိုက်မိတာကတော့ အခမ်းအနားကျင်းပတဲ့ တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောစကားပါ။ သူက ချင်းတိုင်းရင်းသားတွေအနေနဲ့ ဘယ်နေရာရောက်ရောက်၊ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် တတ်စွမ်းသမျှ လုပ်ကိုင်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ အခမ်းအနားကို သူ့အစီအစဉ်အတိုင်း ကျင်းပကြတာပေါ့။ ဒါပေမယ့်လည်း အဲဒီ အခမ်းအနားက ဆွေးနွေးပွဲပုံသဏ္ဌာန်ဖြစ်သွားတဲ့အခါ တစ်ယောက်က သူ့ရဲ့အမြင်သဘောထားကို ပြောလိုက်ပါတယ်။ သူကတော့ ဘာသာရေးက နံပါတ်တစ်၊ အမေရိကန်နိုင်ငံသား ခံယူထားတဲ့အတွက် အမေရိကန်လူမျိုးအဖြစ်က နံပါတ် ၂၊ မြန်မာလူမျိုးဆိုတာကတော့ နံပါတ် ၃ ဖြစ်ပြီး ချင်းတိုင်းရင်းသားဆိုတာက နံပါတ် ၄ ဖြစ်တယ်လို့ ဆိုပါတယ်။

Monday, September 5, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၈)

အမျိုးသားစာဆိုကြီး မင်းသုဝဏ်
ထိန်လင်း

တိုင်းပြည်ရဲ့ ဆိုးဝါးတဲ့အခြေအနေတစ်ခုကို ဖြတ်သန်းရတဲ့အခါ လူတွေရဲ့ဝါသနာတွေ၊ ကျွမ်းကျင်တဲ့ ပညာရပ်တွေကို ခဏဘေးဖယ်ထားပြီး လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို လုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဒီအခါ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေက ပျောက်ပျက်မသွားပေမယ့် ကိုယ့်စိတ်တိုင်းကျ မလုပ်နိုင်တဲ့သဘောတော့ ရှိတတ်ပါတယ်။ ဒီလိုပဲ ကိုယ်ရွေးချယ်လိုက်တဲ့အရာကြောင့် ဆုံးရှုံးတဲ့အရာတွေရှိသလို အဲဒီလိုဆုံးရှုံးအောင် တမင်လုပ်တာကိုလည်း ခံရတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ပတ်သက်လို့ စာပေအနုပညာသမားတွေ ဘယ်လို အရင်းအနှီး ပေးရတတ်တယ်ဆိုတာကို စဉ်းစားမိပါတယ်။

Saturday, September 3, 2011

ဘွဲ့ဖြူလက်နက်အန္တရာယ် (လူထုစိန်ဝင်း)

အကျင့်ပျက်ခြစားမှုပပျောက်ရေးနဲ့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ခြင်းမပြုဘဲနဲ့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်မှုမရနိုင်ကြောင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်များက နေ့စဉ်နှင့်အမျှ ထုတ်ဖော်ပြောကြားနေကြတာများကို စာနယ်ဇင်းတွေမှာ အခုတလော မပြတ်ဖတ်ရှုနေရတယ်။

ကြောက်စရာချောက်ကြီး

ဒီပြောကြားချက်များဟာ သွေးထွက်အောင်မှန်တဲ့ စကားများဖြစ်တယ်။ တပါတီ တဖွဲ့တစည်း အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ခဲ့လေတော့ နိုင်ငံအိမ်ကြီးကို ထောက်မထားတဲ့ တိုင်ကြီးလေးလုံး မဏ္ဍိုင်ကြီးလေးခုစလုံးဟာ အတွင်းလှိုက်စားတဲ့ ခြပုန်းတွေလက်ချက်ကြောင့် မြင်မကောင်း ရှုမကောင်းဖြစ်အောင်ကို ယိုင်နဲ့နေတာ တွေ့ရတယ်။ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ဆူပူအုံကြွမှုတွေရဲ့ ရေခံမြေခံဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှု ဒါမှမဟုတ် အပယ်ခံနဲ့ အခွင့်ထူးခံ ကွာဟမှုချောက်ကြီးကလည်း ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းလာခဲ့တယ်။ အင်မတန်အန္တရာယ်ကြီးတဲ့ ချောက်ကြီးဖြစ်တယ်။

တောမီးလောင်သလို

အခုတလော တောမီးလောင်သလို တနေရာက တနေရာကို ရုတ်တရက် ချက်ချင်း ကူးစက်ပျံ့နှံ့သွားတဲ့ အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးမုန်တိုင်းကြီးကို ကြည့်ပြီး ကောင်းကောင်းကြီး သင်ခန်းစာယူသင့်တယ်။ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအားလုံးလိုလိုဟာ မူလက အင်မတန်ဆင်းရဲကြတယ်။ စာတတ်မြောက်မှုရာနှုန်းလည်း အင်မတန်နိမ့်ကျတယ်။ ခြောက်ဆယ်ခုနှစ်များအတွင်းရောက်မှ ရေနံတွင်းတွေ ရှာဖွေတွေ့ရှိပြီး လူရာဝင်လာကြတာ မြန်တယ်။ လူချမ်းသာတွေ အများကြီး ပေါ်ထွက်လာခဲ့တယ်။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်က အာဏာရှင်စနစ်ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ ဘုရင်တွေ၊ ပဒေသရာဇ်တွေ အုပ်ချုပ်ပြီး တချို့နိုင်ငံတွေကျတော့ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေကြတာ ဖြစ်တယ်။ ဒေသတခုလုံးမှာ ဒီမိုကရေစီနိုင်ငံလို့ လက်ညှိုးထိုးပြစရာဆိုလို့ အစ္စရေးနိုင်ငံ တခုပဲရှိတယ်။

ရန်ကုန် ဗဟိုငါးဈေးနဲ့ ကာယလုပ်သားများ

 
 
 ယနေ့ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရတဲ့ ရန်ကုန် ဗဟိုငါးဈေးမြင်ကွင်း နဲ့ ရန်ကုန်ဆိပ်ကမ်း ကုန်တင်ကုန်ချ ကာယလုပ်သားတချို့ပါ။

ဘဝကိုအရှုံးမပေးသူ မစုပုံချစ်နှင့် တွေ့ဆုံခြင်း

ကိုယ်အင်္ဂါ မသန်သော်လည်း စွမ်းဆောင်နိုင်သူ၊ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ပညာရေးကို တစိုက်မတ်မတ် လေ့လာသင်ယူနေဆဲ၊ မွေးရာပါ လက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ စာပေပညာများ လေ့လာသင်ယူသူ မစုပုံချစ်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - ညီမလေး အခု ကျောင်းပြီးသွားပြီလား။ တခြား ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ - ကျောင်းကတော့ မပြီးသေးပါဘူး။ လက်ရှိမှာတော့ M.E (IT) ဘွဲ့အတွက် ကျောင်းတက်နေပါတယ်။ ပထမနှစ် second semester တက်နေပါတယ်။ ကျောင်းအပြင် IT နဲ့ ပတ်သက်တဲ့ သင်တန်းတွေ အင်္ဂလိပ် စာသင်တန်းတွေ တက်နေပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ Reith Lectures 2

မိတ်ဆွေတို့ဟာ ကျွန်မတို့ရဲ့ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာ ဗမာတွေက အရွယ်ကောင်းလို့ ပြောကြမယ့် အမျိုးသမီးတွေနဲ့ အမျိုးသားတွေကိုလည်း တွေ့ကြရပါလိမ့်မယ်။
ဆိုလိုတာက သူတို့ဟာ အသက် ၄၀ ကျော် အရွယ်ပိုင်းတွေဖြစ်တယ်လို့ ဆိုလိုတာပါ။ သူတို့ဒီမိုကရေစီရေး လှုပ်ရှားမှုထဲ ဝင်ရောက်လာချိန်က သူတို့ဟာ အသက် ၂၀ ကျော်အရွယ်ပိုင်း ဒါမှမဟုတ် ဆယ်ကျော်သက် အနှောင်းပိုင်းအရွယ်မှာ ရှိနေဆဲတောင် ဖြစ်တဲ့သူတွေပါ။ နုပျိုလန်းဆန်းတဲ့ မျက်နှာ ကြည်လင်တောက်ပတဲ့ မျက်လုံးရှိကြပြီး ဒီမိုကရေစီအရေးကို စိတ်ဓာတ် ပြင်းပြင်းထန်ထန်နဲ့ ဝင်ရောက် လုပ်ကိုင်နေသူတွေပါ။

အခု သူတို့ဟာ အရင်ကလောက် စကားအများကြီးမပြောဘဲ အရင်ကထက် ပိုပြီး ရင့်ကျက်လာပါတယ်။ ပိုပြီး ဆုံးဖြတ်ချက်ခိုင်မာလာပါတယ်။ သူတို့ရဲ့စိတ်ဓာတ်ပြင်းထန်မှုဟာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ဘဝ ဒဏ်ရာဒဏ်ချက်တွေကြောင့် အရည်အသွေး မြင့်တက်လာပါတယ်။ သူတို့ကို ထောင်ကျဖူးသလားလို့ သွားမမေးပါနဲ့။ ဘယ်နှကြိမ် ထောင်ကျဖူးသလဲလို့ မေးကြည့်ပါ။


Friday, September 2, 2011

စုပုံချစ်

 
 
စက်တင်ဘာ ၁ ရက်နေ့က ရန်ကုန်မှာ တွေ့ရတဲ့ အသက် ၂၂ နှစ်အရွယ် မစုပုံချစ်ရဲ့ ပုံရိပ်တချို့ပါ။

Thursday, September 1, 2011

တိမ်းမှောက်သွားတဲ့ မြို့ပတ်ရထား

စက်တင်ဘာ ၁ ရက်နေ့က ရန်ကုန်မှာ တိမ်းမှောက်ခဲ့တဲ့ မြို့ပတ်ရထား။ ဒီရထားတိမ်းမှောက်မှုကြောင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။