Showing posts with label မောင်သာရ. Show all posts
Showing posts with label မောင်သာရ. Show all posts

Sunday, May 12, 2013

ဘာသာ လေ့လာရေး လေ့ကျင့်ရေး တက္ကသိုလ် (မောင်သာရ)

သိတယ်နော်။ ကျုပ် မောင်သာရဆိုတာ စာရေးဆရာ သက်သက်ပါ။ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။

ဘာ ပညာရှင် ပညာရှိမှလည်း မဟုတ်ဘူး။ ကျုပ်သိတာ ကျုပ်မြင်တာပဲ ပြောပြနေတဲ့ ကောင်ပါ။ America မှာ နေနေတဲ့လူ၊ America ကိုရောက်ဖူးတဲ့ မြန်မာတွေ အားလုံးကတော့ သိကြပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြန်ပြောမပြကြတော့ ပြည်တွင်းက ပြည်သူလူထု မသိကြဘူးပေါ့။

အဲ ကျုပ်တို့ မြန်မာနဲ့ America တူတာကတော့ America မှာလည်း လူသတ်မှုတွေ ကျူးလွန်နေလိုက်ကြတာမှ အများကြီးပါပဲ။ လူဆိုး လူမိုက်တွေက သတ်တာရော၊ ယူနီဖောင်းဝတ်တွေက သတ်ကြတာရောပေါ့။ ကျုပ်တို့မြို့မှာ မနှစ်က တစ်နှစ်တည်း သတ်လို့သေကြတဲ့ စာရင်းကို သတင်းစာတစ်စောင်က စာရင်းပြုစုပြီးတင်ပြလိုက်တာ ရဲက ပစ်သတ်လို့ သေရတဲ့ဦးရေက ၄၃.၆ ရာခိုင်နှုန်း ရှိသတဲ့။ အဲဒါအခုတော့ အထက်က စုံစမ်းစစ်ဆေးရေးတွေ ဝင်နေပါပြီ။ အဲဒါ ထားလိုက်ဦး။ ကျုပ်တို့အလုပ် မဟုတ်ဘူး။

ကျုပ်တို့ မြန်မာတွေနဲ့ ဗုဒ္ဓဘာသာတွေနဲ့ဆိုင်တဲ့ သတင်းတစ်ပုဒ်ကို ကျုပ် ပြောပြမယ်။ ဗဟုသုတပေါ့နော်။ ကျုပ် ပြောပြမယ်။ စိတ်ဝင်စားစရာ ကောင်းတယ်။ ယုံ။ America မှာက ကျုပ်တို့ တိုင်းပြည်က ငရဲသားတွေလို ကြုံရာ သားငှက် တိရစ္ဆာန်တွေကို ပစ်ခတ်သတ်ဖြတ် စားကြတာမျိုး လုံးဝ မရှိဘူး။ ဥပဒေတွေနဲ့လည်း ပြဋ္ဌာန်းတားမြစ် ကာကွယ်ထားတယ်။ သီးသန့်ရဲတွေ စောင့်ရှောက်ရေးဂေဟာတွေလည်း ရှိတယ်။ (ငါးကလွဲရင်ပေါ့နော်။ ငါးတောင် များသောအားဖြင့် အပျော်တမ်း ငါးမျှားတဲ့လူတွေကဆိုရင် ဖမ်းမိလို့ မှတ်တမ်းယူပြီးတာနဲ့ တစ်ပြိုင်နက် ပြန်လွှတ်ပေးတယ်) မသတ်ဘူး။ မစားဘူး။ ငှက်ပစ် စားတဲ့လူလည်း မရှိဘူး။ တောပစ်စားတဲ့လူလည်း မရှိဘူး။ ကျုပ်တို့ မြန်မာ့စရိုက်နဲ့ကတော့ ပီဘိ ပြောင်းပြန်ပဲ။ လုံးဝ ခြားနားတယ်။


Sunday, December 4, 2011

မေမေကြီးကြီး (မောင်သာရ) - ၂


ဆိုတော့ကာ … ကွဲကြလေသတည်းပေါ့။ အိမ်မကြီးရဲ့ဘယ်တောင်ပံက အိမ်ထောင်ရေး ကံဇာတာညံ့တယ်လို့ပဲ ပြောရတော့မှာပေါ့။ ညာတောင်ပံ တောင်ညာစံဒေဝီတွေရဲ့ သားမက်တွေကတော့ မဆိုးပါဘူး။ အနည်းဆုံး ထင်းခွဲ ရေခတ် ဟင်းရှာ သီးနှံစိုက်ပေါ့။ ရွာဦးကျောင်း အဝီစိတွင်းက သောက်ရေ သုံးရေကို နေ့စဉ် ဆယ်ထမ်း ဆယ်ခေါက်လောက် ခပ်ရတယ်ဆိုတာကလဲ လွယ်တာမှတ်လို့။ အိမ်နဲ့ကျောင်းနဲ့က တပြခွဲလောက်ဝေးတာ တယောက်တခေါက် အလှည့်နဲ့ ထမ်းကြရတာ။ တွင်းကလဲ ဘယ်လောက်နက်သလဲဆိုရင် ရေကိုငုံ့ကြည့်လို့ မမြင်ရဘူး။ 

ပြီးတော့ အမျိုးသမီးတွေလဲ ခပ်ခွင့် ငင်ခွင့် တွင်းဘောင်ရပ်ခွင့် မရှိဘူး။ ကျုပ်တို့ အမေတွေအုပ်စုကတော့၊ ချက်ပြုတ် လျှော်ဖွပ်တာဝန်တွေအပြင် တတ်တဲ့ပညာ မနေသာဆိုသလို ပါလာသမျှ သိုးမွှေးထည်တွေကို ပြန်ဖြေ ပြန်လုံးပြီး ဝါးသီတံဇာထိုး အပ်တွေနဲ့ အင်္ကျီတွေ ခြုံစောင်တွေ ဦးထုပ်တွေ ပြန်ထိုးရောင်းကြပေါ့။ 

Saturday, December 3, 2011

မေမေကြီးကြီး (မောင်သာရ) - ၁

ဆိုတော့ကာ … ဇာတ်လမ်းကို မြေကြော လေကြောရှုံ့လိုက်ကြစို့ရဲ့ …။ ဒုတိယကမ္ဘာစစ် ဖြစ်ကရောဆိုပါတော့။ ကျုပ်တို့ကို ကျွန်ပြုထားတဲ့ အင်္ဂလိပ်ဘုရင်ခံအစိုးရက အနောက်ဘက် အိန္ဒိယဆုတ်ပြေးပြီလေ။ ‘အာရှ သာတူညီမျှရေး’ ‘နိပွန်-ဘိရုမာ ဘန်ဇိုင်း’ ဆိုတဲ့ ကြွေးကြော်သံလှလှလေးတွေနဲ့ ဂျပန်တွေတက်လာပြီလေ၊ ဘာပဲပြောပြော၊ ‘မင်းပြောင်းမင်းလွဲ’ ကာလ ‘စစ်ဦးဘီလူး’ နဲ့လဲ ရင်မဆိုင်ရဲတော့ ကျုပ်တို့လဲ မြို့လယ်ကောင်မှာ ဘယ်အတင့်ရဲနေလို့ ရတော့မလဲ။ 

ပြီး ‘မဟာမိတ်’ ဆိုတဲ့ လေယာဉ်ပျံကြီးတွေကလဲ ကျုပ်တို့ခေါင်းပေါ်မှာ နေ့စဉ်ရက်ခြားဆိုသလို ငရဲမီးဗုန်းတွေ လာကြဲချ စက်သေနတ်တွေနဲ့ပစ် လူတွေကို သတ်ဖြတ်နှိပ်စက်နေတာကို ...။ အရှေ့တော ပြောင်းပြေးကြရတာပေါ့။ သိတယ်နော် …။ စစ်ကာလက စစ်အုပ်ချုပ်ရေးလေ၊ အစိုးရအုပ်ချုပ်ရေးယန္တရားတွေ အကုန်ရပ်။ ရုံးတွေ ကျောင်းတွေ စက်ရုံ အလုပ်ရုံတွေ ငွေတိုက်ဘဏ်တွေ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ သယ်ယူပို့ဆောင်ရေးတွေလဲ အကုန်ပိတ်၊ သည်တော့ အစိုးရဝန်ထမ်းတွေ ကျောင်းဆရာ ဆရာမတွေလဲ အလုပ်လက်မဲ့ဖြစ်ပေါ့၊ လစာဝင်ငွေလဲ ခြူးတပြားမှ မရကြတော့ဘူးပေါ့။ ဩ … ပြောဖို့တခု ကျန်သွားတယ်။ ခုနက ဇာတ်လမ်းအကျဉ်းရုံးလိုက်တဲ့အထဲမှာ ပါသွားလို့၊ ဒုတိယကမ္ဘာစစ် မဖြစ်ခင်တနှစ်မှာ ကျုပ်တို့အဖိုး ဆုံးသွားတယ်။ ကုသိုလ်ကံကောင်းတယ်လို့ပဲ အောက်မေ့ရတော့မှာပေါ့။ စစ်ရဲ့ အနိဌာရုံတွေနဲ့ မကြုံရ မတွေ့ရတော့ဘူးပေါ့။ နော့မို့ဆို ဒုက္ခ။ 

Friday, December 2, 2011

မေမေကြီးကြီး (မောင်သာရ)

ကျုပ်မှာ ကျုပ်တို့ တူ တူမတွေအားလုံးက ‘မေမေကြီးကြီး’ လို့ခေါ်ရတဲ့ ကြီးဒေါ်ကြီးတယောက် ရှိတယ်။ ကျုပ်ရဲ့အမေ့မှာ မွေးချင်းညီအမ ငါးယောက်ကြီးများတောင်ရှိခဲ့ပေမယ့် ကျုပ်အမေ အပါအဝင် အိမ်ထောင်ရှိတဲ့ ညီအမ သုံးယောက်လုံးကကျတော့ ရှားရှားပါးပါး သားသမီးတယောက်စီပဲ မွေးခဲ့တယ်။ အမေ့အောက်က ကျန်နှစ်ယောက်ဆိုရင် တယောက်က အိမ်ထောင်ရှိရက်နဲ့ သားသမီးလုံးဝ မထွန်းကားဘူး။ အမေ့ညီမအငယ်ဆုံးကျတော့ သက်ဆုံးတိုင် အပျိုကြီးဘဝနဲ့ အရိုးထုတ်တယ်။ မျိုးဆက်ကို ပြတ်ကရော။

ဆိုတော့ကာ ကျုပ်မှာ တဝမ်းကွဲဆိုပါတော့။ ညီမနှစ်ယောက် ရှိတယ်။ ကြုံရပုံက ကျုပ်တို့ မောင်နှမသုံးယောက်ကိုလဲ အမေတွေက ချိန်းဆိုတိုင်ပင်ပြီး မွေးကြလေရော့သလား အောက်မေ့ရတယ်၊ တယောက်နဲ့တယောက်က မီးဝင်မီးထွက်တွေချည့်ပဲ။ ပြီးတော့ အဲဒီခေတ်က အခုခေတ်လို မဟုတ်ဘူး။ ဆွေသံယောဇဉ် မျိုးသံယောဇဉ် အင်မတန်ကြီးကြတော့၊ ကျုပ်တို့ အဖိုးအဖွား မိဘအရိပ်အောက်မှာ သည်တပြုံတမကြီးက ဥမကွဲ သိုက်မပျက်နေကြတယ်။ အတောင်အလက်တွေ စုံ၊ ပညာတွေ တတ်၊ အလုပ်အကိုင်တွေ ရ၊ အိမ်ထောင်တွေကျကြလဲ ရေကြည်ရာ မြက်နုရာ ခွဲခွာမသွားကြဘူး။ ဘိုးဘွားပိုင် အုတ်တံတိုင်းကာ ဧရာမခြံဝန်းကျယ်ကြီးတကွက်ထဲမှာပဲ ကိုယ့်သီးသန့် အိမ်ကလေးတွေနဲ့ ကိုယ်နေကြတယ်။ ကျုပ်အဒေါ်တွေနဲ့ အိမ်ထောင်ကျကြတဲ့ ကျုပ်ဦးဦးတွေကလဲ ကျုပ်အထင် ပြောရရင်တော့ နဖားကြိုးအထိုးခံ ထမ်းပိုးအကျင့် သူတော်ကောင်းတွေချည့်ပါပဲ။ အဲ … ကုသိုလ်ကံညံတဲ့ ကျုပ်တယောက်ပဲ … ကျုပ် မမွေးခင် ကျုပ်အမေနဲ့ ကျုပ်အဖေ ကတောက်ကဆဖြစ်ကြပြီး၊ ကျုပ်အဖေ ဖျာလိပ်ထွက်သွားရတယ်။ ကျန် တဆွေတမျိုးလုံးကတော့ တစည်းတလုံးတည်းပဲ။

Friday, November 25, 2011

တင်မလား၊ ဝင်မလား ... (မောင်သာရ)


"ဘာမှ မပြောပလောက်တဲ့ အမတ် ၄၈ နေရာသာရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကလေးကို မက်လုံးပြ၊ ဥပဒေစကားလုံးတွေ ‘ပြင်’ ပေးပြီး ... ဒူးထောက်ခိုင်း အရှက်ခွဲတဲ့ လူဝတ်လဲ စစ်အစိုးရ၊ ရုပ်ရှင်ထဲက လူဆိုးလူမိုက်တွေစရိုက် ဖြစ်ပါတယ်။ အနိုင်ရနိုင်သမျှ ထပ်အနိုင်ကျင့်တာပါပဲ ..."

ပါတီဌာနချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကလွဲပြီး နိုင်ငံ အနယ်နယ်အရပ်ရပ်က ပါတီခွဲတွေနဲ့ စည်းကော်မတီတွေ စည်းရုံးလှုပ်ရှားဆောင်ရွက်ခွင့် ဖျက်သိမ်းတားမြစ်ပိတ်ပင်ထားတာကို ခုလို အခွင့်အခါကြုံကြိုက်တုန်း ပြန်လည်အသက်ဝင်လာအောင် ... လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကတိပြုရင်းနဲ့ ... ပါတီကို တရားဝင်ရပ်တည်ခွင့်ရအောင်... ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ’ ... မှတ်ပုံတင်မလား...ဆိုတဲ့ တင်မလား ဝင်မလား မေးခွန်းနှစ်ခုက သည်ကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာရော ထောက်ခံနေကြတဲ့ ပြည်သူတွေထဲမှာပါ... အကြီးအကျယ် ပြဿနာဖြစ်နေပါတယ်။

Wednesday, November 23, 2011

ဒေါ်အောင်ဆန်းစုကြည် ... ဘယ်လဲ ..ဘာလဲ ... (မောင်သာရ)


သိတယ်နော် ...၊ အခုလာတော့မယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ ခေါ်ယူပြီး၊ ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ့ ... ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး မယှဉ်ပြိုင်ရေးကို ... ဆုံးဖြတ်မယ် လို့ ကြေညာထားပါတယ်။ သည်အဆုံးအဖြတ်ဟာ နိုင်ငံနဲ့ ပြည်သူရဲ့ ကံကြမ္မာနဲ့ အဓိက ပတ်သက်နေတဲ့အတွက် ... ပြည်သူတရပ်လုံးက အထူးစိတ်ဝင်တစား ပြောဆိုငြင်းခုန် ဆွေးနွေးဝေဖန်နေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။

သည်ကနေ့ ၃ ရက်အလို နိုဝင်ဘာလ ၁၅ ရက်နေ့အထိ သိရတဲ့သတင်းတွေထဲမှာကတော့ ... ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်အုံးလှနဲ့ အဖွဲ့ချုပ်ရဲ့ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်၂ ဦး အပါအဝင် အဖွဲ့ချုပ်ဝင်ပေါင်း ၃၂ ယောက်က ပါတီ မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့ ... လက်မှတ်ရေးထိုး ကန့်ကွက်ထားပါတယ်။


Saturday, November 12, 2011

ဘယ်သူ့ဘက်က ခြေသာသလဲ … (မောင်သာရ)

“သိတယ်နော်...။ သမ္မတ ဦးသိန်းစိန် အစိုးရက ရည်ရွယ်ချက်တွေနဲ့ လွှတ်တော်တွင်းမှာ တည်ဆဲဥပဒေတချို့ကို ပြင်ဆင်ပြဌာန်းပေးနေပါပြီ။ ဥပမာ ... ပါတီမှတ်ပုံတင် ဥပဒေပြင်ဆင်ချက်တို့၊ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ဥပဒေ ပြင်ဆင်ချက်တို့ ... စသည်ပေါ့။ ပြီး ဒေါ်ဆောင်ဆန်းစုကြည်ကို ရာထူးပေး ဖိတ်ခေါ်ကြိုဆိုနေမှု။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုက ယှဉ်ပြိုင်နိုင်ခွင့်။ သည်အခြေအနေတွေနဲ့ သည်ပြုပြင်နေမှုတွေကို ထောက်ချင့်ကြည့်ရခြင်းအားဖြင့် ... ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ‘နတ်’ ကလည်း လို၊ ‘ဂြိုဟ်’ ကလည်း မ ... ဆိုတဲ့ကိန်း ဆိုက်ရောက်နေပါတယ် …”

အမှန်တော့ တော်ဝင်နှင်းဆီခြံမှာကျင်းပခဲ့တဲ့ … လွတ်မြောက်နိုင်ငံရေး အကျဉ်းသားတွေရဲ့ကန်တော့ပွဲက ကျင်းပသင့် ကျင်းပထိုက်တဲ့ ပွဲဖြစ်ပါတယ်။ မိခင်ပါတီရင်းဖြစ်တဲ့ ဒီမိုကရေစီအဖွဲ့ချုပ်က နရသိမ်ပြန် သားသမီးတွေ ထွေးပိုက် ကြိုဆိုရမယ့်ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအဖွဲ့ချုပ်မှာ ကိုယ်ပိုင်ရုံးချုပ် ကိုယ်ပိုင်နေရာဌာန ရှိနေပါရက်ကယ်နဲ့ တခြားနေရာမှာ သွားရောက်အကန်တော့ခံတယ် ဆိုတာကတော့ မသင့်လျော်ရုံမက အမြင်လည်း စောင်းစေခဲ့ပါတယ်။ ပြီး အကန်တော့ခံ လူကြီးအရေအတွက်ကလည်း ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အားလုံး မဟုတ်ဘဲ … ထောင်ပြန်အုပ်စု ဂိုဏ်းဂဏသဘောနဲ့ … ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင် ၃ ဦးတည်းကိုသာ အထူးကွက် ကန်တော့ခြင်းကလည်း … လှေကြီးပေါ် လှေငယ်တင်သလို ဖြစ်စေခဲ့ပါတယ်။

Friday, November 4, 2011

ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (မောင်သာရ)

ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို စီးတယ်လို့ပဲ ကြားဖူးပါတယ်။ ဒါပေမဲ့ သည်နေရာမှာတော့ငါလည်း မရေမရာ ဖြစ်နေတာနဲ့ မင်းကိုပဲ အားကိုးတကြီးနဲ့ ပြန်မေးရဦးမယ်။

၅၅ နှစ်ဆိုတဲ့အရွယ်ဟာ သူငယ်ပြန်ပြီလား၊ ပြန်နိုင်ပြီလား၊ ပြန်တတ်ပြီလား။

အေးပါ ... ၅၅ နှစ်နဲ့ သူငယ်ပြန်တယ်လို့တော့ ငါလည်း မကြားဖူးပါဘူး။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ငါ့အသက်က အခုလာမယ့် အောက်တိုဘာလကျမှ ၅၅ နှစ် ပြည့်မယ်။ သူငယ်ပြန်တတ်တဲ့အရွယ် ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော် မဟုတ်သေးဘူး။ ပြီးတော့လည်း အထူးသန်တုန်း၊ မြန်တုန်း။

ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ သူငယ်ပြန်စပြုနေပြီ။ သူငယ်ပြန်ချင်နေပြီ။ တစ်ခါတလေ ငါ့စိတ်ကို ငါမနည်းထိန်းရတယ်။ ဒါတောင် မရချင်တဲ့အခါ မရဘူး။ လွတ်ချင်တဲ့အခါ လွတ်သွားတယ်။ မင်းက မိန်းမငယ်ငယ်ကလေးတွေကို ယူချင်တဲ့စိတ် ပေါက်ရမှာလား။ တော်လောက်ပါပြီ မောင်ရာ၊ ကြောက်လှပါပြီ။ သည်မယ်ဟေ့ကောင်၊ မနောက်နဲ့။ ငါ အတည်ပြောတာ၊ အဲဒါ ငါပြောပြမယ်၊ မင်းရေး။ ရေးတတ်ရင် ဝတ္ထုဖြစ်တယ်၊ ကဗျာလည်း ဖြစ်တယ်။ စာတစ်ပုဒ် ဖြစ်တယ်ပေါ့ကွာ။