Friday, September 14, 2012

ဒီမိုကရေစီကို ဈေးပေါအောင်မလုပ်ကြပါနဲ့ (မောင်ဝံသ)

စိုးရိမ်မိတယ် 

၁၉၈၈ ခု စက်တင်ဘာလ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေ ဖွင့်ကြ၊ ကာရာအိုကေတွေ ဆိုကြ၊ လူမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊ သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကို ဟန့်တားနှိပ်ကွပ်ရမယ့်အစား ဒေသတာဝန်ရှိသူတချို့က “လိုချင်ဦးလေ ဒီမိုကရေစီ၊ တွေ့တယ် မဟုတ်လား၊ ဒီမိုကရေစီရရင် ဒီလို ဖြစ်ကုန်မှာပဲဆိုတာ အကြောင်းသိအောင် ကျုပ်တို့ကတော့ လက်ပိုက်ကြည့်နေလိုက်တယ်” လို့ ပြောတာကို ကျွန်တော့်နားနဲ့ ဆတ်ဆတ် ကြားဖူးလိုက်ရပါသဗျ။

ဟောခုလည်း ဟိုနေရာ ဒီနေရာတွေမှာ ဆန္ဒပြကြ၊ ပိုစတာထောင်ကြ လုပ်ကြတာကို အဲသလို စိတ်အချဉ်ပေါက်ပြီး ပြောသူတွေ ရှိလာပြန်ပြီ။ ဒါတင်မက ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေါပေါလောလော သုံးလာကြတာ သတိထားမိတယ်ဗျာ။ တမင်တကာများ ဒီမိုကရေစီကို ဈေးပေါအောင် လုပ်နေရော့သလားလို့ စိုးရိမ်မိတယ်ဗျ။

စစ်အာဏာရှင် ခိုင်မြဲရေးလား 

ကျွန်တော်တို့ တိုင်းပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ ကမ္ပည်းထိုးခဲ့ရတဲ့ ဒီမိုကရေစီတောင်းဆိုသော ပြည်သူ့လှုပ်ရှားမှုကြီး ဖြိုခွင်းခံလိုက်ရပြီး ဒီမိုကရေစီလမ်းကြောင်းနဲ့ ဝေးရာဆီသို့ ရွေ့မျောနေခဲ့ရာက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်မလာခင်အထိ အစိုးရနဲ့ပတ်သက်ပြီး အထင်ရှား အပေါ်လွင်ဆုံး ရှုမြင်သုံးသပ်ချက်တစ်ခုပဲ ရှိခဲ့တယ်ဗျ။


အဲဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ထွက်လာမယ့်အစိုးရဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကတည်းက တည်ရှိလာခဲ့တဲ့ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးကို (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရတုန်းကလိုပဲ) ခါတော်မီ ပုံသဏ္ဌာန်သစ်တစ်ခုခုနဲ့ ကြိုးပမ်းလုပ်ဆောင်သွားမယ့် အစိုးရမျိုးပဲဖြစ်မှာပါဆိုတဲ့ ရှုမြင် သုံးသပ်ချက် ဖြစ်တယ်ဗျ။

စဉ်းစားပုံ စဉ်းစားနည်း 

၁၉၉၀ ရွေးကောက်ပွဲအပြီး မကြာမီ ပေါ်ထွက်လာခဲ့တဲ့ နဝတရဲ့ ၁/၉၀ ကြေညာချက် အစ ၁၉၉၃ မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံနဲ့ ၂၀၀၈ မေလမှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အလယ်၊ ၂၀၁၀ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပုံအဆုံး အမှန်တကယ် တည်ရှိ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဆိုင်ရာ ပေးထားချက်တွေကို ထည့်သွင်းစဉ်းစားပြီး အဲသလို ရှုမြင်သုံးသပ်ခဲ့ကြတာ ဖြစ်တယ်ဗျ။ အဆိုးမြင်ဝါဒီတွေရဲ့ လောကအမြင်လို့ ဆိုချင်လည်း ဆိုပေါ့ဗျာ။ ကျွန်တော်ကတော့ အခုလို အတန်အသင့် လင်းပွင့်လာနေတဲ့ကာလမှာ အစိုးရနဲ့ သဘောထား ကွဲပြားခဲ့သူတွေရဲ့ စဉ်းစားပုံ စဉ်းစားနည်း ဘယ်လို ရှိတတ်တယ်ဆိုတာ လက်ရှိ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ အပါအဝင် စိတ်ဝင်စားသူတွေ လေ့လာအကဲခတ်နိုင်အောင် ပွင့်ပွင့်လင်းလင်း မခြွင်းမချန် တင်ပြနေတာပဲ ဖြစ်တယ်ဗျာ။

သမ္မတရာထူး လက်ခံမိန့်ခွန်းနဲ့ အဲဒီနောက် ဆက်တိုက်လိုလို လိုက်ပါလာတဲ့ မြန်မာပြည်သူတွေကိုရော နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ အံ့သြတကြီး စောင့်ကြည့်စေခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာချိန်မှာတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အသိုင်းအဝိုင်းအကြား အစိုးရနဲ့ပတ်သက်ပြီး ရှုမြင်သုံးသပ်ပုံ နောက်ထပ် ၃ မျိုး ပေါ်ထွက်လာခဲ့ပြန်တယ်ဗျ။

မဟာ သေနင်္ဂဗျူဟာလား 

ပထမတစ်မျိုးက စစ်အစိုးရဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးအတွက် မှန်ကန်ရိုးဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပေမယ့် အတော်ကလေးကြီးမားတဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေ ပေးပြီး ကြိုးပမ်းတဲ့ ‘မဟာ သေနင်္ဂဗျူဟာ’ (Grand Strategy) တစ်ခုကို ချမှတ်ကျင့်သုံးနေတာလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံ ဖြစ်တယ်ဗျ။

နွေဦးကို ရှောင်ဖို့လား 

ဒုတိယတစ်ခုက အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်တွေကို ‘အာရပ်နွေဦး’ နဲ့ ဆက်စပ် စဉ်းစားတာ ဖြစ်တယ်ဗျ။ အာရပ်ကမ္ဘာမှာ တိုက်ခတ်နေတဲ့ ဒီမိုကရေစီ လေပြင်းလိုမျိုး ဒီမှာလည်း ဖြစ်ပေါ်လာလေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုအပေါ် အခြေခံပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လက်ဦးအောင်ပြုလုပ်ခဲ့လေသလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံ ဖြစ်တယ်ဗျ။

မြန်မြန်လား နှေးနှေးလား 

တတိယ ရှုမြင်သုံးသပ်ပုံကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရရဲ့ ခေါင်းဆောင်အားလုံးလိုလိုဟာ သူ့အရင်ကရှိခဲ့တဲ့ စစ်အစိုးရရဲ့ ခေါင်းဆောင်ဟောင်းတွေဖြစ်ကြပေမယ့် သူတို့အားလုံး သို့မဟုတ် အားလုံးနီးပါး သို့မဟုတ် လုပ်ပိုင်ခွင့် အရှိဆုံးနေရာတွေမှာ ရောက်ရှိနေကြသူတွေဟာ တိုင်းပြည်ရဲ့ ပကတိအခြေအနေကို သဘောပေါက် နားလည် လက်ခံကြသူတွေ ဖြစ်တယ်။ ကမ္ဘာကြီး တူရူပြုနေတဲ့လမ်းကြောင်းကို ကောင်းကောင်းကြီး ဆဝါးမိကြသူတွေ ဖြစ်တယ်။ ဒါကြောင့် အခု အဲဒီခေါင်းဆောင်တွေ ဦးဆောင်ပြုလုပ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ စစ်မှန်တဲ့ အပြောင်းအလဲတွေသာ ဖြစ်တယ်။ ဒီကနေ့ နိုင်ငံ့ခေါင်းဆောင်တွရဲ့ ခေါင်းထဲမှာရှိနေတာ ‘ဒီမိုကရေစီသို့ ဦးတည်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မလား၊ မလုပ်ဘူးလား’ ဆိုတဲ့ ပြဿနာ မဟုတ်ဘူး။ ‘ပြုပြင်ပြောင်းလဲမှုတွေကို မြန်မြန် လုပ်မလား၊ နှေးနှေးလုပ်မလား’ ဆိုတဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက် ဖြစ်တယ်ဗျ။

ရှော့သုံးခုနဲ့ ဖျံကြောင်ငါး 

ပွင့်ပွင့်လင်းလင်း ပြောရရင် သမ္မတရာထူး လက်ခံမိန့်ခွန်းထွက်ပေါ်လာခဲ့အပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့အပြီး၊ ယုံကြည်ချက် အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ကြအပြီး၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့အပြီးမှာတောင်မှ အစိုးရရဲ့ ပြောဆို ပြုမူပုံတချို့က အဲဒီရှုမြင်စဉ်းစားပုံ သုံးမျိုးစလုံးကို ဆက်ပြီး လောင်စာဖြည့်ပေးနေခဲ့သေးတာ ဖြစ်တယ်ဗျ။

အဲဒီ အခြေအနေတွေကြောင့်လည်း ကျွန်တော် အပါအဝင် နိုင်ငံရေး ဝေဖန်သူ အများအပြားကရော လွှတ်တော်တွင်း လွှတ်တော်ပက နိုင်ငံရေးသမား အများအပြားကပါ အစိုးရနဲ့ပတ်သက်ပြီး ‘ရှော့ခ်သုံးခုနဲ့ ဖျံကြောင်ငါး’ အတွေးတွေ ဝင်နေမိခဲ့ကြတာ ဖြစ်တယ်ဗျ။ (ရှော့သုံးခုနဲ့ ဖျံကြောင်ငါး - Messenger ဂျာနယ်မှာ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစဉ်ပါ။ ရေထဲက ဖျံတစ်ကောင် ပိုက်ထဲပါလာတော့ ဖျံကို မမြင်ဖူးတဲ့ တံငါသည်က ကြောင်လည်း မဟုတ်၊ ငါးလည်း မဟုတ်၊ နင် ဘာကောင်လဲဝေ့လို့ မေးတာနဲ့ နှိုင်းယှဉ်ပြီး အစိုးရကို ဝေခွဲမရ အကဲဖြတ်လို့မရ ဖြစ်နေပုံရေးခဲ့တာ ဖြစ်ပါတယ်)

အားလုံး အံ့သြဝမ်းသာ 

ဒါပေမယ့် တိတိကျကျပြောရရင် ၁၃ ဇန်န၀ါရီ ၂၀၁၂ နေ့က စတုတ အကြိမ်အဖြစ် ယုံကြည်ချက် အကျဉ်းသားတွေ လွတ်လာတဲ့ဖြစ်ရပ်အပြီးမှာတော့ အစိုးရနဲ့ပတ်သက်ပြီး ပထမနဲ့ ဒုတိယ ရှုမြင်သုံးသပ်ပုံတွေဟာ အတော်ကြီးကို မှေးမှိန် အားနည်းသွားခဲ့ပြီး တတိယ ရှုမြင်သုံးသပ်ပုံက ခိုင်မာပီပြင် အားကောင်းလာခဲ့ပြီ ဖြစ်တယ်ဗျာ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ‘အိုင်းအနာ’ လိုဖြစ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာဘက်ကိုကြည့်ရင်လည်း နှစ်ပေါင်း ၆၀ ကာလအတွင်း မမြင်တွေ့ခဲ့ရဖူးတဲ့ အားတက်စရာ မြင်ကွင်းတွေကို အားလုံး မြင်တွေ့နေကြရတာ အထင်အရှား ဖြစ်တယ်ဗျာ။ နိုင်ငံရေးအကျဉ်းသား ပြဿနာနဲ့ ငြိမ်းချမ်းရေး ပြဿနာဆိုတဲ့ နိုင်ငံရဲ့ သော့ချက်ကျ အကြောင်းခြင်းရာနှစ်ခုမှာ မြင်တွေ့နေရတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကြောင့် ဒီမိုကရေစီ လိုလားသူအားလုံး အံ့သြဝမ်းသာ ဖြစ်နေကြတယ်ဗျာ။ ဒီအချက်က နိုင်ငံတကာရဲ့ တုံ့ပြန်မှုနဲ့ ပြည်တွင်း နယ်ပယ်ပေါင်းစုံက ဦးစီးဦးဆောင် ပုဂ္ဂိုလ်တွေရဲ့ ပြောစကားတွေမှာ ထင်ဟပ်နေတယ်ဗျ။

ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ 

ဒီတော့ ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းဆိုတာ ဘယ်တော့မှပြီးဆုံးသွားမယ့် လုပ်ငန်းမျိုးမဟုတ်တာကြောင့် ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ပြီလားလို့ မေးရင်မဖြစ်သေးဘူးလို့ ဖြေရမှာဖြစ်ပေမယ့် “ဒီမိုကရေစီ ရပြီလား” ဆိုတဲ့ မေးခွန်းကိုတော့ “ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းပေါ်မှာတော့ ရောက်နေပါပြီ” လို့ ဖြေနိုင်လိမ့်မယ် ထင်တယ်ဗျ။

အပုပ်ချဖို့ ကြိုးစားနေကြတုန်း 

ဒီလိုအချိန်မျိုးအထိ ဒီမိုကရေစီကို မလိုလား မရှုဆိတ်နိုင်သူတွေကတော့ အခွင့်သာတာနဲ့ ဒီမိုကရေစီကို အပုပ်ချဖို့ ကြိုးစားနေကြတုန်းပဲဗျာ။

ဒီမိုကရေစီဆိုတာ ညီညွတ်မှုမရှိဘူး။ တစ်ယောက် တစ်ပေါက်၊ အင်မတန် စကားများတယ်။ ဒီမိုကရေစီဆိုတာ လူများစုနဲ့ အနိုင်ကျင့်တာ၊ ဒီမိုကရေစီကျင့်သုံးရင် အလုပ်မတွင်ဘူးစတဲ့ လေသံတွေ ပစ်ပစ်လာပြီး နောက်ဆုံးကျတော့မှ တိုင်းပြည်ကို တကယ်တမ်း ဇိကုပ်ပြီး နတ်ပြည်ပို့နိုင်တာ တစ်မိန့် တစ်အာဏာစနစ်ပဲ၊ တစ်သွေး တစ်သံစနစ်ပဲလို့ ကောက်ချက်ချ ဆွဲခေါ်သွားချင်နေကြတာကိုး။

၅၊ ၉၊ ၂၀၁၂

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၁၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၃) 


 

No comments: