Sunday, February 28, 2010

မြင်းစီးနေရသော လှေထိုးသား (သို့မဟုတ်) ဝံပုလွေကြီး၏ ဘဝနှင့်စာပေ ( ၁)

ဘုံလယ်တခွင်

ဥက္ကလန်အနောက်ပိုင်း … သံပုံးစက်ရုံတွင် အလုပ်ရ၏။ ၁၃ နှစ်သား ကလေးအလုပ်သမားလေး ဂျက်၏ လုပ်ခက … တနာရီလျှင် ၁၀ ဆင့် ရ၏။ ပထမတွင် ဂျက်သည် တနေ့ ၁၀ နာရီ အလုပ်ဆင်း၏။ ဂျက်၏လုပ်ခတနေ့ တဒေါ်လာက မိသားစု၏မီးဖိုချောင်အား မီးခိုးမှန်မှန် မထွက်နိုင် …။ အိမ်စားရိတ်အား မရ …။ ဤတွင် ဂျက်သည် သူ့အလုပ်ချိန်အား တနေ့လျှင် … ၁၈ နာရီအထိ တိုးလုပ်ခဲ့၏။

အလုပ်သွားရာတွင် ဘတ်(စ်)ကားကို မစီးနိုင် …။ လမ်းလျှောက်၍ပင် အလုပ်သို့သွားရ၏။ အပြန်တွင်မူ ဂျက်သည် ခြေကုန်လက်ပမ်းကျစွာနှင့် ယိုင်ထိုး၍နေလေပြီ … …။ ကြာလာသောအခါ ဂျက်သည် အလုပ်၏ ဒဏ်အားမခံနိုင်တော့ …။ မျက်တွင်းများက ဟောက်ပက် …။ နားထင်များက ချိုင့်ဝင်နေပြီး၊ အသားအရည်က ညိုခြောက်၍နေပြီ။ ငယ်ရွယ်သော ဂျက်၏အသွေးအသားတို့အား သံပုံးစက်ရုံက ဝါးမြို၍ သွားခဲ့လေပြီ။

ဤအတိုင်းဆက်သွားပါက ဂျက်သည် လူမဖြစ်မီမှာပင် လူဘဝအား အဆုံးသတ်ရလေမည်လား …။ စဉ်းစားရင်း … ဂျက်သည် သူ့ဘဝနှင့် သူ့အလုပ်အပေါ် နာကြည်းလာ၏။ စက်ရုံ၏ကျေးကျွန်တယောက်အဖြစ်နှင့် သူ့ဘဝသည် လုံးပါး ပါးရတော့မည်လား …။ ဂျက် ဆုံးဖြတ်လိုက်၏။ ပြီးလျှင် … သံပုံးစက်ရုံအလုပ်သမားအဖြစ်မှ ထွက်ခဲ့၏။

အလုပ်မှထွက်ပြီး … ဂျက်၏ခြေလှမ်းများက အိမ်သို့မပြန် …။ ဥက္ကလန်ဆိမ်ကမ်းဆီသို့ …။ ဥက္ကလန် ဆိမ်ကမ်းက ‘ဂျက်’ ကျောင်းသားဘဝ အထီးကျန် ဝံပုလွေငယ်တကောင်အဖြစ်နှင့်ရှိစဉ်ကပင် ရောက်ခဲ့ ကျင်လည်ခဲ့ဖူးသည့် နေရာ …။ ဂျက်အတွက် မစိမ်း …။ ဥက္ကလန်ဆိပ်ကမ်းက လူပေါင်းစုံ၏။ ဝေလငါးဖမ်းသည့် ရေမုဆိုးကြီးများ … ပင်လယ်ဓားပြများ …၊ ဘိန်းကုန်သည်များ …၊ ပင်လယ်ကူးသဘောင်္သားများ …၊ တံငါးသည်များ …၊ ငါးသူခိုးများ …၊ ပြည်တန်ဆာများ … ရှုပ်သည်။ ပွေသည်။ ရက်စက်သည်။ ကောက်ကျစ်သည်။ ဥပဒေအပြင်မှ စီးပွားရှာစားကြသည့် သူတို့ကျက်စားရာ စားကျက် …။ တောနက်ကြီး၏ သားရဲတွင်း …။

ဤစားကျက် … သားရဲတွင်းသို့ ဂျက်သည် ၁၀ နှစ်သားအရွယ်ကတည်းက ရောက်ခဲ့ … ခိုသီခဲ့ဖူး၏။

ဥက္ကလန်ဆိပ်ကမ်းတွင် ဂျက်အတွက် အလုပ်သစ်က အဆင်သင့် …။ အလုပ်က ဆန်ဖရန်စစ္စကို ကမ်းလွန်ပင်လယ်အတွင်း ‘ကမာ’ ခိုးဖမ်းသည့်အလုပ် …။ တည … တည ၅ နာရီ၊ ၆ နာရီလုပ်ရုံမျှနှင့် အနည်းဆုံး ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာ ရသည်။ ယခင်သံပုံးစက်ရုံတွင် ၁၈ နာရီလုံးလုံး ပင်ပင်ပမ်းပမ်းလုပ်၍မှ ၂ ဒေါ်လာပင် မပြည့်ချင်သည့်လုပ်ခနှင့်စာလျှင်မူ …‘ကမာ’ ခိုးဖမ်းသည့်အလုပ်က လုပ်ခများစွာသာ၏။ မတတ်နိုင် …။ ဥပဒေဘောင်အတွင်းလုပ်ကိုင်သည့်အလုပ်နှင့် ဝမ်းမီးအား မငြိမ်းသတ်နိုင်သည့်အခါ၌ ဥပဒေအပြင်မှအလုပ်အား ရွေးချယ်ရန်မှတပါး အခြားရွေးလမ်းက မရှိတော့ …။

ဤသို့နှင့် … ဂျက်သည် ဥက္ကလန်ကမ်းခြေနှင့် ဆန်ဖရန်စစ္စကို ကမ်းလွန်ပင်လယ်ပြင်တွင် ကျင်လည်ရင်း … … ပင်လယ်ဝံပုလွေတကောင် ဖြစ်လာခဲ့တော့၏။ ပင်လယ်ပြင်လှိုင်းလေအကြား ရွက်လွှင့်ရင်း စီးချင်းထိုးလား … ထိုး၏။ ကမ်းခြေစောင့်ရဲနှင့်ပေါင်း၍ ဓားပြဂိုဏ်များအား ဖမ်းလား … ဖမ်းခဲ့၏။ နောက် … ‘ဆူသာလင်’ အမည်ရှိ ငါးဖမ်းသဘောင်္တွင် သဘောင်္သားအဖြစ်နှင့် တောင်တရုတ်ပင်လယ်ပြင်သို့ ထွက်ခဲ့ပြန်လေ၏။ ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ပြင်၌ သဘာဝအရိုင်းနှင့် အသက်လုတိုက်ပွဲများ …။

ဘဝတက္ကသိုလ်

‘ဂျက်’ … ပထမဆုံးဖတ်ခဲ့ရသည့်စာအုပ်က စာရေးဆရာကြီး ‘ဝါရှင်တန်အိုင်ဗင်’ ရေးသည့် ‘အာလတ်ဆရာ’ ဟူသည့် စာအုပ်ဖြစ်သည်။ အာလတ်ဆရာမှစပြီး ဂျက်သည် စာဖတ်သည့်အလေ့ … ရသွားခြင်း ဖြစ်သည်။ တအုပ်ပြီး တအုပ်ဖတ်တော့၏။ အထီးကျန်ဆန်သော ဂျက်၏ဘဝတွင် စာအုပ်စာပေဟူသည့် မိတ်ဆွေ ရောင်းရင်းကောင်းလေး ရှာတွေ့သွားခြင်းဖြစ်၏။ ဤသို့ဂျက်အား မိတ်ဆွေကောင်းနှင့် ပေါင်းဖက်မိစေရန် မိတ်ဆက်ပေးသူအောင်သွယ်က ဥက္ကလန်သဒ္ဒါကျောင်းမှ ဂျက်၏အတန်းပိုင်ဆရာမတဦးပင်ဖြစ်သည်။

ဂျက်သည် … သဒ္ဒါကျောင်းစာကြည့်တိုက်မှ စာအုပ်များအား တအုပ်ပြီးတအုပ် လောဘတကြီးနှင့် ဖတ်တော့၏။ စာ … စားပိုးနင့်အောင် ဖတ်၏။ ဆယ်နှစ်သားအရွယ်တွင်ပင် … သူနေသည့် ကျောင်းစာကြည့်တိုက်ရှိ စာအုပ်များအားလုံးအား သူသည် ဖတ်၍ ကုန်လေပြီ။ ကျောင်းစာကြည့်တိုက်၌ ဖတ်စရာ စာအုပ်မရှိတော့ …။

ဤတွင် … ဂျက်သည် ဥက္ကလန်မြို့ရှိ ပြည်သူ့စာကြည့်တိုက်ဆီသို့ ခြေဦးလှည့်ပြန်၏။ ဂျက်၏ အသိဉာဏ် မိုးကောင်းကင်က ကျောင်းဝင်းအတွင်းမှ ပျံ့ထွက်ခဲ့ပြီ။ ဥက္ကလန်ပြည်သူ့စာကြည့်တိုက်ရှိ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထုအားလုံးအား ဖတ်သည်။ စာရေးဆရာကြီးများဖြစ်သည့် ကွန်ရက်၊ ကစ်ပလင်း၊ တော်လ်စတွိုင်း …၊ ဖလောဘတ်ဇိုလာ၊ ရှိတ်စပီးယာ၊ ဂါတေး …၊ ဘောဘဇက်၊ ဒေါ့တော့ယက်စကီး … တို့၏ စာများနှင့် ဂျက်သည် ဥက္ကလန်ပြည်သူ့စာကြည့်တိုက်မှတဆင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုမြို့ကြီးများအနှံ့ ခြေသလုံးအိမ်တိုင်ထူပြီး လှည့်လည်သွားလာနေထိုင်ရင်း… အချိန်ရသည်နှင့်ဂျက်သည် စာကိုသာဖတ်၏။ စာအုပ်အဟောင်းဆိုင်များသည် သူ၏စားကျက်…။ သူစာဖတ်ရာနေရာက … အများပြည်သူတို့အပန်းဖြေရာ ပန်းခြံများ… …။

ဂျက်က … စာကိုမရွေး…။ အကုန်ဖတ်သည်။ အပေါစား စိတ်ကူးယဉ်ဝတ္ထုများလည်း ဖတ်၏။ အဘိဓမ္မာ၊ သိပ္ပံ၊ လူမှုရေး၊ သမိုင်း စသည့် ဘာသာရပ်ဆိုင်ရာ စာပေကြီးများကိုလည်း နှိုက်နှိုက်ချွတ်ချွတ် ဖတ်သည်။ ဤသို့ ခြေသလုံးအိမ်တိုင်ဘဝနှင့်ပင် ဂျက်သည် ကားလ်မာ့က္ခ(စ်)၏ အရင်းကျမ်း၊ ဒါဝင်၏ လူ၏မူလအစ၊ မီ(လ်)တန်၏ နိဗ္ဖာန်ဘုံပျောက်ဆုံးခန်း၊ ဟာဘတ်စပင်စာ၏ အဘိဓမ္မာကျမ်းများနှင့် သြဂုတ်တပ်၊ ကွက်ဘီ၊ နီရှေး၊ ဗော်တိုင်ယာ၊ လိုင်လာ၊ အဒမ်စမစ်၊ ဒေးဗစ်ရီကာဒို…တို့၏စာများအား ကျေညက်ခဲ့၏။

ချာတိတ် ဆိုရှစ်လစ်

ပြည်တွင်းစစ်အပြီး တည်ငြိမ်မှုရှိခဲ့သော အမေရိကန်သည် ဆယ်နှစ်တကြိမ် ဆိုက်ကပ်လေသော စီးပွားရေးကပ်ကြောင့် စက်ရုံ၊ အလုပ်ရုံပေါင်းများစွာအား ပိတ်လိုက်ရ၏။ ဘဏ်တိုက်ကြီးများ ဒေဝါလီခံကြရ၏။ အလုပ်လက်မဲ့တို့က တနေ့တခြားလမ်းပေါ်တွင် များလာ၏။ သန်းနှင့်ချီသည်။ အိမ်ဖြူတော်နှင့် ကွန်ကရက်သည် ထိုပြဿနာအား မည်သို့ကိုင်ရမည်မသိ…..။ စမ်းတဝါးဝါးဖြစ်နေသည်။

ဤတွင် … အိုဟိုင်အိုးပြည်နယ်မှ မစ္စတာ ‘ကိုစီ’ ဆိုသူက အလုပ်လက်မဲ့တပ်မတော်ကြီး ဖွဲ့စည်းပြီး ဝါရှင်တန်သို့ ချီမည်။ ဝါရှင်တန်တွင် အိမ်ဖြူတော်နှင့် တွေ့မည်။ လွှတ်တော်အာဏာပိုင်တို့နှင့် တွေ့မည်။ တွေ့ပြီး … အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုမည်။ အလုပ်လက်မဲ့တပ်မတော်၏ ဗိုလ်ချုပ်ကြီးကို စီးဦးဆောင်သည့် တပ်မကြီးသည် ဤသို့နှင့် အိုဟိုင်အိုးမှ ဝါရှင်တန်သို့ ခရီးရှည်ချီတတ်ကြတော့၏။

ဤသို့နှင့်… ကိုစီလမ်းစဉ်အတိုင်း ဥက္ကလန်မြို့တွင်လည်း အလုပ်လက်မဲ့တပ်ဗိုလ်… ဗိုလ်ချုပ်ကြီး ကယ်လီဦးဆောင်သည့် အလုပ်လက်မဲ့တပ်မတော်ကြီးသည်လည်း ဝါရှင်တန်သို့ ချီပြန်လေ၏။

ဗိုလ်ချုပ်ကြီးကယ်လီ၏ အလုပ်လက်မဲ့တပ်မတော်တွင် ဂျက်သည် တပ်သားတယောက်အဖြစ် ဝင်၏။ ဝါရှင်တန်သို့ချီရာတွင် လိုက်ပါခဲ့၏။ ဤသို့နှင့်… ဂျက်သည် အလုပ်သမားလှုပ်ရှားမှုနှင့်စပြီး နိုင်ငံရေးအား စတင်လှုပ်ရှားခဲ့သည်ဟု ဆိုရမည်။

အလုပ်သမားလှုပ်ရှားမှုများအတွင်း ခြေချပါဝင်ခဲ့သော ဂျက်သည် တိကျမှန်ကန်သည့် နိုင်ငံရေးဝါဒနှင့် သဘောတရားများကို ရှာဖွေလေ့လာခဲ့၏။

စိန့်ဆိုင်မွန်၊ ဘေးရီးယား၊ ပရိုဒွန်တို့၏သဘောတရားများကို အကြိမ်ကြိမ်ဖတ်၏။ မှတ်၏ တွေးတော၏။ ‘ပဲရစ်ကွန်ဗြွန်း’ အရေးတော်ပုံကြီးနှင့်ပတ်သတ်၍ ယျထာဘူတ ပညာရှင်များ၏ ကျမ်းများကိုလည်း ရှာဖတ်၏။ နိုင်ငံရေးအာဏာသိမ်းပိုက်ပြီးပါမှ အရေးနိမ့်သွားရသော တော်လှန်ရေးကြီးကို မကျေမချမ်းဖြစ်ရ၏။ မချိတင်ကဲဖြစ်ရ၏။ သင်္ခန်းစာလည်း ထုတ်မိ၏။

ဆက်လက်ဖော်ပြပါမည်။

Friday, February 26, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၀)

အချိန်ပြောင်းလိုက်ရပြီ

ကျနော်တို့အစီအစဉ်မှာ ပြောင်းလိုက်ရပြီဖြစ်ရာ အချိန်ယူရဦးမည်။ အချိန်ကြာဦးမည်ဖြစ်သည့်အတွက်ကြောင့် အနေအထိုင်၊ အသွားအလာ လှုပ်ရှားမှုကို ပိုပြီးသတိထားလာရပါသည်။

ကျနော်သတင်းနားထောင်ပြီး ကျွန်း၏တောင်ဘက် ဂျယ်ရီကျွန်းဘက်သို့ တိုက်ရိုက်တန်းသွားခြင်းကို နောက်ပိုင်းတွင် မလုပ်တော့ပါ။ စခန်း၏မြောက်ဘက် ဗိုလ်တင့်တယ်တို့၏ တောင်ယာဘက်သို့ ထွက်လာပါသည်။ ဗိုလ်တင့်တယ်တို့၏ တောင်ယာရောက်ခါနီးတွင် အုန်းပင်ပျိုတစု ရှိသည်။ လက်ခုပ်တဖောင်ကျော်ကျော်သာ ရှိသည်။ အသီးများစ၍ သီးနေပြီဖြစ်သည်။

၎င်းအုန်းပင်နိမ့်နိမ့်ကလေးများကို ထန်းရေခံသကဲ့သို့ အုန်းဖူးများကိုစည်း၍ လှီးပါသည်။ တပတ်လောက် ညမနက် လှီးလျှင် အုန်းဖူးရည်ထွက်လာပါသည်။ အလွန်ချိုပြီး အာဟာရလည်း ဖြစ်ပါသည်။ အချဉ်နှင့်ခံလျှင် ချဉ်ချဉ်ရှိန်းရှိန်းနှင့် အသောက်များလျှင် မူးပါသည်။ ကျနော်ခံသည့်အုန်းရည်မှာ အချိုဖြစ်သည်။ အချိုမှာ ရှတတ အနေလောက်သာ ရှိပါသည်။ သောက်သော်လည်း မမူးပါ။

ကျနော့်မှာ အုန်းရည်သောက်ပြီး မူးချင်ယောင်ဆောင်ရပါသည်။ စိတ်ဓာတ်တက်ကြွသည့် အမူအယာမျိုး မပြမိအောင် သတိထားရပါသည်။ တခါတရံ ကျနော်နှင့်ခင်သည့် ကိုဇော်လွင် အုန်းဖူးရည် လိုက်သောက်ပါသည်။ ပြီးတော့မှ တောလိုက်မည့်အကြောင်းပြပြီး တောထဲသို့ဝင်ခဲ့သည်။ လူရိပ်လူခြည် ကြည့်ပြီးမှ ကျွန်း၏တောင်ဘက် ဂျယ်ရီကျွန်းဘက်သို့ ကူးခဲ့ပါသည်။

ဂျယ်ရီကျွန်းဘက်သို့ကူးရာတွင်လည်း နေ့တိုင်းကူး၍ရသည် မဟုတ်ပါ။ ရေတက်ရေကျချိန်သည် အမြဲ ပြောင်းလဲမှုရှိသည်။ တခါတရံတွင် မနက်ဖက် ရေလက်ကြားသည် ရေပြည့်ချိန်မျိုးတွင် ကူး၍မရပါ။ ကူး၍ရဖို့ဆိုလျှင် ၆ နာရီခန့် ကြာတတ်ပါသည်။

ဤလိုနေ့မျိုးတွင် လုပ်ရကိုင်ရသည်မှာ အချိန်နည်းပါးလှသည်။ တခါတရံ ကူးခတ်၍ရသော်လည်း လူသွားလူလာနေလျှင် ကူး၍မရပြန်ပါ။ ဂျယ်ရီကျွန်းဘက်သို့ နေတိုင်းကူးသွားခြင်းကို လူမြင်ခံ၍မရတော့ပါ။ တကယ်ကလည်း နေ့တိုင်း ကူး၍ရသည်မဟုတ်ပါ။

ရုပ်ပြတောင်ယာလည်း ဟုတ်၊ တကယ့်တောင်ယာလည်း ဟုတ်

မိုးဦးကာကိုဖြတ်သန်းရမည်ဆိုလျှင် တောင်ယာတခင်းလုပ်ဖို့ စီစဉ်ပါတော့သည်။ အိမ်ဟောင်းများနှင့် မနီးမဝေး အနောက်ဘက်တောင်ခြေ တောစပ်တွင် တောင်ယာတခင်းလုပ်ဖို့ စီစဉ်ပါသည်။ မိုးလည်းကျလာပါပြီ။ ကျနော်တို့ တောင်ယာမှာ ရုပ်ပြတောင်ယာလည်း ဖြစ်သည်။ တကယ့် တောင်ယာလည်း ဖြစ်သည်။

အချိန်ကလေးရကာမှတော့ ဗိုလ်တင့်တယ်တို့ တောင်ယာက ကန်စွန်းဥကို ဘာလုပ်ပြီး တူးဆွစရာလိုသေးလဲ။ ကိုယ်တိုင်ကိုယ်ကျ စိုက်တော့မှာပေါ့။ ကန်စွန်းဥစိုက်ဖို့ ၁၅ ပေလောက်ရှည်တဲ့ မြောင်း ၅ မြောင်း ဘောင်ဖော်တယ်။ သစ်ဆွေး၊ မြေဆွေးတွေရော၊ ဘီးစပ်ပင်တွေလည်းထည့် လုပ်ပါတယ်။ ဗိုလ်တင့်တယ်တောင်ယာက ကန်စွန်းဥ မယူတော့ပေမယ့် ကန်စွန်းညွန့်တော့ မျိုးအဖြစ် တောင်းယူခဲ့ရသေးသည်။

ပြီးတော့ သခွား။ သခွားကလည်း ပေါ်လစီနဲ့ ခန့်ခွဲတဲ့ကိစ္စအောက်က စိုက်တာပါ။ သခွားသီးက ရေငတ်ပြေမယ်၊ အေးလည်း အေးတယ်၊ ဗိုက်လည်း ပြည့်မယ်၊ အာဟာရလည်း ဖြစ်တယ်။ ဒါတင်မကသေးပါ။ ‘ဗူး၊ ဖရုံ၊ ငရုတ်၊ ပဲ တို့ပါ အမြဲလုပ် ကိုင်ခါ’ ဆိုတဲ့ သီချင်းထဲကလိုပဲ ရှာလို့ဖွေလို့ရတဲ့ မျိုးစေ့တွေ အကုန်ထည့်ထားတယ်။

ဖထီးမန်းနဲ့ ကျနော်တို့ ၂ ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်စရာရှိရင် ယာထဲမှာထိုင်ပြီး ပေါင်းရှင်းရင်းနဲ့ ခေါင်းချင်းဆိုင် ပြောဆိုတိုင်ပင်ကြပါတယ်။ အဝေးကနေကြည့်ရင် ပေါင်းရှင်း ပေါင်းနှုတ်တယ်ပေါ့။

ကွန်တီတီက ကျေးဇူးပြုခဲ့တယ်

ကျနော်တို့တိုက်ပွဲမှာ ကြီးမားစွာ ကျေးဇူးပြုခဲ့ကိစ္စတခုကလည်း ရှိပါသေးတယ်။ မြဝတီ မဂ္ဂဇင်းမှာလား၊ ငွေတာရီ မှာလား ကောင်းကောင်းမမှတ်မိတော့ဘူး၊ အဲဒီမဂ္ဂဇင်းထဲမှာ ဒဂုန်ရွှေမျှား ဘာသာပြန်တဲ့ “သမုဒ္ဒရာ ရေဖောင်ခရီး” ဆိုတဲ့ ဆောင်းပါး ဖြစ်တယ်။

ဟိုအရင်တုန်းက တက္ကသိုလ်မှာ ပြဌာန်းခဲ့သေးတယ်။ အဲဒီအထဲက အကြောင်းအရာက ပီရူးကမ်းခြေကနေ ပစ္စိဖိတ်သမုဒ္ဒရာ မိုင် ၄ ထောင်ခရီးကို ဖောင်နဲ့ဖြတ်ပြီး ပေါ်လီနီးရှန်းကျွန်းစုကိုဖြတ်တဲ့ သုတေသန အတွေ့အကြုံပါ။ ပီရူးကမ်းခြေမှာရှိတဲ့ ကွန်တီတီ နေနတ်သား ဘုရားရုပ်ထုဟာ ပေါ်လီနီးရှန်းကျွန်းစုမှာလည်း အဲဒီလိုပဲ နေနတ်ဘုရား ရုပ်ထုရှိတယ်။ ပေ လေးငါးဆယ် အမြင့်ရှိတယ်။

ဒီယဉ်ကျေးမှု ၂ ခုဟာ မိုင် ၄ ထောင်ကျော်ကွာဝေးတဲ့ သမုဒ္ဒရာကြီးတခုလုံးခြားပြီး ဘာဖြစ်လို့ လာရောက် တူညီနေသလဲဆိုတဲ့ကိစ္စကို သမိုင်းပြတိုက်တွေ၊ စာကြည့်တိုက်တွေကနေရတဲ့ အထောက်အထားနဲ့ သူက လက်တွေ့စမ်းသပ်တာ ဖြစ်တယ်။ သူက နော်ဝေးနိုင်ငံသား သောဟီလ်ဒါ ဆိုတဲ့ပုဂ္ဂိုလ်။ စိတ်တူ သဘောတူ သင်္ဘောသားဟောင်း အပေါင်းအဖော် ၅ ယောက်နဲ့ မိုင် ၄ ထောင်ကျော် ပစ္စိဖိတ်သမုဒ္ဒရာကြီးကို အောင်မြင်စွာ ဖောင်နဲ့ဖြတ်ကူးခဲ့တဲ့ အတွေ့အကြုံပါပဲ။

သူ့အတွေ့အကြုံက ကျနော်တို့တိုက်ပွဲအတွက် လွန်စွာပဲတန်ဖိုးရှိပြီး ကျေးဇူးများပါတယ်။ ပင်လယ်ပြင်ရဲ့ သဘာဝ၊ ပင်လယ်ပြင်မှာ တွေ့ကြုံရတဲ့ကိစ္စတွေ ဘယ်လို ကြိုတင်စီစဉ် လုပ်ဆောင် ကာကွယ်ရမယ်ဆိုတဲ့ အတွေ့အကြုံပါ။ ကျနော် ၃ ခေါက် ဖတ်တယ်။ ဖထီးမန်းကလည်း ၃ ခေါက်လောက် ဖတ်တယ်။

ဥပမာ … သူတို့အတွေ့အကြုံထဲက အသက်ကယ်ကြိုးတချောင်းကို ကိုယ်နဲ့အမြဲမကွာ ချည်ထားပြီးတော့ ကြိုးစကို ဖောင်မှာချည်ထားရမယ်။ အမိန့်မရဘဲ မဖြုတ်ရဘူး။ ပင်လယ်ပြင်မှာ လှိုင်းဟာ ဗြုန်းဒိုင်း ဗြုန်းစား လှိုင်းထပြီး လှိုင်းက လူကိုရိုက်ချပြီး ဆွဲချသွားတတ်တယ်ဆိုတဲ့ ဟာမျိုးပေါ့။ ဦးထွန်းရှိန် လှိုင်းရိုက်ပြီး ပင်လယ်ထဲကို ဆွဲချသွားတယ်ဆိုတာ အဲဒါမျိုးဖြစ်ပါတယ်။

အဲဒီ နော်ဝေးနိုင်ငံသား သောဟီလ်ဒါဟာ လူစွန့်စားပါ။ ဒုတိယ သုတေသန စွန့်စားခန်းက မော်ရိုကိုကမ်းခြေ ကနေ တောင်အာဖရိကအငူကို ကျူရိုးလှေ (ယား)နဲ့ဖြတ်တဲ့ အတွေ့အကြုံပါ။

သူ့အတွေ့အကြုံကိုလေ့လာပြီး ကျနော်တို့နဲ့ ကိုက်ညီမယ့်ဟာကို ယူပါတယ်။ မီးဝိုင်ယာကြိုးတွေကို စုထားတယ်။ ပြီးတော့ ကမ်းခြေကနေမျောလာတဲ့ ၁၅ တောင်လောက်ရှည်တဲ့ ဝါးလုံးခြောက် ၆ လုံးလောက်ကို စုထားတယ်။ ပေ ၃၀ လောက်ရှည်မယ့် ကြိမ်ကြိုး ၅ ချောင်းလောက်ကို ဆက်ရက်ချည်ထားပြီးတော့ ခွေထားတယ်။ မတော်တဆ လူကျသွားရင် ပေ ၁၅၀ လောက်ရှည်တဲ့ ကြိမ်ကြိုးကို ပစ်ချပေးမယ်။ ဝါးလုံးခြောက်တွေ ပစ်ချပေးမယ်။ အဲဒီလို စီစဉ်ထားတယ်။

ဆက်လက်ဖော်ပြပါမည်။

Wednesday, February 24, 2010

မြင်းစီးနေရသော လှေထိုးသား (သို့မဟုတ်) ဝံပုလွေကြီး၏ ဘဝနှင့်စာပေ

ဒိဋ္ဌိကြီး၏ ဈာပန

‘တစ္ဆေ’ အမည်ရှိ သင်္ဘောသည် ဆန်ဖရန်စစ္စကိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် ရွက်လွှင့်၍နေသည်။ လေသည် ပြင်းပြင်းထန်ထန် တိုက်ခတ်၍နေ၏။ သင်္ဘောပဲ့ပိုင်းသည် တိမ်းစောင်း၍သွားသည်။ ရေများ ပဲ့ပိုင်းလက်ရန်းကို ကျော်ဖြတ်ပြီး ကုန်းပတ်ပေါ်အထိ ဝင်လာသည်။ `အလောင်းကောင်’ ပေါ်သို့ ရေများ ဖြတ်သွား၏။

`… … အသုဘအခမ်းအနား လုပ်ထုံးလုပ်စဉ်နဲ့ ပတ်သတ်ပြီး ငါ တပိုင်းတစပဲ မှတ်မိတယ်။ ဒါကတော့ ရုပ်အလောင်းကို ပင်လယ်ထဲပစ်ချရမယ်ဆိုတဲ့ အပိုင်းပဲ၊ ဒါကြောင့် ပင်လယ်ထဲပစ်ချလိုက်တော့ … …’

အလောင်းကောင်၏ထိပ်မှရပ်၍ ‘တစ္ဆေ’ သင်္ဘောကပ္ပတိန် လာဆင်သည် ဈာပနအခမ်းအနားအား ကျင်းပနေ၏။ စကားက ဤမျှနှင့်ရပ်သွား၍ အလောင်းထည့်ထားသောအိပ်ကို ကိုင်ထားသူများ အူကြောင်ကြောင် ဖြစ်နေကြသည်။

‘ဟေ့ကောင်တွေ ဘာဖြစ်နေတာလဲ၊ ပစ်ချလိုက်ဆိုတာ မကြားဘူးလား …’

ဝံပုလွေကြီးသည် … သူ၏အကျော်ကြားဆုံး ဝတ္ထုဖြစ်သည့် ပင်လယ်ဝံပုလွေ (Sea Wolf) အား ပင်လယ်ပြင် သင်္ဘောပေါ်မှ ဈာပနအခမ်းအနားတခု၏ မြင်ကွင်းနှင့်ဖွင့်ခဲ့၏။ ယခုမူ … …။

၁၉၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် … နေ့တွင် ဝံပုလွေကြီး ကွယ်လွန်ခဲ့၏။ ကွယ်လွန်ခဲ့သည်ဆိုသော်လည်း … သူကိုယ်သူ သတ်သေခဲ့ခြင်းဖြစ်၏။ မော်ဖင်းနှင့်အစထရိုဖင်း ဆေးများအားသောက်၍ သူ့ဘဝ သူ့ဇာတ်အား သူ့ဖာသာသူ သိမ်းပစ်ခဲ့ခြင်း … …။

ဆန်ဖရန်စစ္စကိုမြို့ရှိ ဝတ်ကျောင်းတခုအတွင်း ဝံပုလွေကြီး၏ ရုပ်အလောင်းအား သရဏဂုံတင်၏။ တိတ်တိတ်ဆိတ်ဆိတ် …။ ငြိမ်ငြိမ်သက်သက် …။ ခြောက်ခြောက်ကပ်ကပ် … …။

သရဏဂုံတင်ပေးသည့် ဘုန်းတော်ကြီးတပါး …။ သူ၏မိခင်၊ သူ့ဇနီး၊ သူ့သမီးငယ်နှစ်ဦးနှင့် သူ့ပထွေးဘက်မှ ပါသည့် သူ့အမကြီး … …။ ဤမျှသာ …။

ဝံပုလွေကြီးကား … … သူ့ဈာပနနှင့်ပတ်သတ်၍ သူ့အမကြီးအား မှာခဲ့၏။

‘သူသေသည့်အခါ … သူ့အလောင်းကိုပြာချပြီး သူ့ခြံထဲမှာပဲ မြုပ်နှံပေးပါ…’

ဝံပုလွေကြီးက ကွယ်လွန်ခဲ့လေပြီ။ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ဆိုလျှင် … … သူကွယ်လွန်ခဲ့သည်မှာ ၉၂ နှစ် ရှိခဲ့ပြီ။ သို့သော် … သူရေးခဲ့သည့် စာများက ယနေ့တိုင် ကျနော်တို့ စွဲစွဲမြဲမြဲ ဖတ်နေကြရဆဲ …။ တခုတ်တရ သိမ်းထားကြရမြဲ …။

နှင်းကမ္ဘာ၏သမီးပျို၊ အရှင်လတ်လတ်ငရဲကျနေကြရသူများ၊ အရိုင်း၏ခေါ်သံ၊ ပင်လယ်ဝံပုလွေ၊ သံဖနောင့်၊ ဂျွန်ဘာလီကွန်း (သို့မဟုတ်) အရက်သမားတဦး၏မှတ်တမ်း … … စသည့် … စသည့် စာအုပ်များရေးခဲ့သည့် အမေရိကန်ပြည်မှ ကလောင်နီဟု ဝိဂြိုဟ်ပြုရမည့် သတင်းစာဆရာ၊ စာရေးဆရာကြီး ဂျက်လန်ဒန် … …။

ဘုံသား

‘ဂျက်’ အား ၁၈၇၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကယ်လီးဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၌ မွေးဖွားခဲ့၏။

မိခင်က ‘ဖလော်ရာဝဲ(လ်)မင်း’ ဖြစ်သည်။ `ဖလော်ရာ’ က စန္ဒရားဆရာမတဦးအဖြစ်နှင့် ဆန်ဖရန်စစ္စကိုမြို့တွင် တဦးတည်းနေ၏။ အိမ်းငှားနေထိုင်ရင်း … … အခန်းချင်းနီးကပ်သည့် အခန်းဖော် ပါမောက္ခ ချင်းနီ နှင့် အနေနီးစပ်ကြ၏။ ‘ဖလော်ရာ’ နှင့် ‘ပါမောက္ခချင်းနီ’ တို့ ရောရောနှောနှော … ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်ရင်း … ဂျက်အား သန္ဓေတည်ခဲ့ကြမည်။ ဖလော်ရာသည် ပေါ့ပေါ့ပါးပါး မဟုတ်တော့ …။ ကိုယ်လေးလက်ဝန်ရှိလာလေပြီ။

ဤအရေးအတွက် ဖလော်ရာအတွက်ရှင်းရန် ထွေထွေထူးထူး မရှိ …။ ဤကိုယ်ဝန်မှာ ပါမောက္ခချင်းနီနှင့် ရခဲ့သည့် ကိုယ်ဝန်သာဖြစ်၍ ပါမောက္ခ ချင်းနီနှင့် တွေ့ပြီးရှင်းပြ၍ သူတို့တရားဝင်လက်ထပ်ကြရန်သာ …။ ဤသို့ပင် … ဖလော်ရာ ထင်ထားခဲ့၏။

သို့သော် … ဖလော်ရာ ထင်ထားသကဲ့သို့ ‘ချင်းနီ’ နှင့် တွေ့ကြရာတွင် ဖြစ်မလာခဲ့ …။ ‘ချင်းနီ’ က သူနှင့်ရသော ကိုယ်ဝန်မဟုတ်ဟု ခါးခါးသီးသီး ငြင်း၏။ လက်မထပ်နိုင် …။ အဖေအဖြစ် အဖော်မခံနိုင်ဟု ခေါင်းခါခါ၊ လည်ခါခါငြင်း၏။ အဆုံး၌ … ဖလော်ရာသည် သူ့ကိုယ်သူ ပစ္စတိုသေနတ်နှင့်ပစ်၍ သေကြောင်း ကြံခဲ့၏။ ကံကောင်း၍ သေလောက်သည့် ဒဏ်ရာ မရခဲ့ …။

ဤသို့နှင့် … ‘ဂျက်’သည် လူဖြစ်လာခဲ့ရခြင်းဖြစ်၏။ ထိုသတင်းသည် ထိုစဉ်က ဆန်ဖရန်စစ္စကိုမြို့ထုတ် ‘ခရောနီကယ်’သတင်းစာကြီး၌ မျက်နှာဖုံးသတင်းတပုဒ် ဖြစ်ခဲ့ရ၏။ ‘ဖလော်ရာ’ သည် ‘ဂျက်’ အား မွေးဖွားခဲ့ပြီး … မွေးစာရင်းတွင် … သူမကိုယ်သူမ မစ္စစ် ဖလော်ရာချင်းနီ နှင့် သူမ၏သားငယ်အား ‘ဂျက်ချင်းနီ’ ဟူ၍လည်းကောင်း စာရင်းသွင်းခဲ့၏။

အရွယ်မတိုင်မီ

‘ဂျက်’ ရှစ်လသားအရွယ်တွင် ‘ဖလော်ရာ’ သည် ‘ဂျွန်လန်ဒန်’ ဆိုသူနှင့် တရားဝင် အိမ်ထောင်ပြုလိုက်၏။ ဤတွင် … မစ္စစ်ဖလော်ရာချင်းနီသည် မစ္စစ်ဖလော်ရာလန်ဒန်ဖြစ်ပြီး၊ ‘ဂျက်ချင်းနီ’ သည်လည်း ‘ဂျက်လန်ဒန်’ ဟူ၍ ဖြစ်ခဲ့ရတော့၏။

‘ဂျွန်လန်ဒန်’ က အိုဟိုင်ယိုပြည်နယ်က လယ်သမားကြီးတဦး ဖြစ်သည်။ စီးပွားရေးပျက်ကပ်ကြီးများ၏ဒဏ်အား ကြိမ်ဖန်များစွာခံရပြီးနောက် … … လယ်ယာလုပ်ငန်းအား စွန့်လွှတ်ရတော့သည်။ တရွာပြီးတရွာပြောင်းရင်း ဆန်ဖရန်စစ္စကိုသို့ရောက်ခဲ့ပြီး ‘ဂျက်’ မိခင်နှင့် အိမ်ထောင်ကျခြင်းဖြစ်၏။

‘ဂျက်လန်ဒန်’ လူဖြစ်ကြီးပြင်းခဲ့ရသည့် အချိန်ကာလက … အမေရိကန်လက်ဝါးကြီးအုပ် အရင်းရှင်စံနစ်အတွင်း လူနေမှုစံနစ်များ ဖောက်လွဲဖောက်ပြန်နှင့် ဝရုန်းသုန်းကားဖြစ်ပွားနေသောကာလ … …။

‘ဘဏ္ဍာအရင်း’ နှင့် ‘လုပ်အား’ တို့၏ပဋိပက္ခသည် အထွတ်အထိပ်သို့ တတ်နေသည့်အချိန် … …၊ ဆင်ဒီကိတ်၊ ထရပ်(စ်)၊ ကာတဲ(လ်)တို့က အမြတ်ရရေးတခုတည်းအပေါ်ကြည့်ပြီး အရာရာကို လည်မျိုညှစ် ဝါးမျိုနေသည့် ခေတ် … …။ ဤသို့သော … … လူမှုဒုက္ခ ဝဲကယက်ကြီးအတွင်း ဂျက်လန်ဒန်တို့ မိသားစုသည်လည်း မြုပ်ချီ … ပေါ်ချီနှင့် စီးမျော၍နေခဲ့ကြရမည်။

‘ဂျက်လန်ဒန်’ သည် ဆန်ဖရန်စစ္စကိုမြို့အနီးရှိ ဥက္ကလန် သဒ္ဒါကျောင်း၌ အတန်းပညာအားစ၍ သင်ကြားခဲ့၏။ ‘ဂျက်’ ၏ ထမင်းဗူးတွင် ‘အသား’ ဟင်းလျာဟူ၍ မည်သည့်အခါမျှမပါ … ပေါင်မုန့်နှင့် အားလူးပြုတ်သည် သာ ‘ဂျက်’ ၏ နေ့စဉ်မှီဝဲရသည့် အာဟာရ …။ နေ့ခင်းထမင်းစားလျှင် ‘ဂျက်’ သည် အတန်းတူ အခြားကလေးများနှင့် ရောနှော၍ ထမင်းမစားဝံ့ …။

အသား၊ ငါးဟင်းအမယ်များနှင့် ဖွယ်ဖွယ်ရာရာ ထမင်းဗူးများအကြား၌ ‘ဂျက်’ ၏ ထမင်းဗူးသည် သိမ်ငယ်၍ … …။ လူကြားမတိုး …။ ဝတ်ဆင်ရာတွင်လည်း ‘ဂျက်’ ၌ ကျောင်းဝတ်စုံ နှစ်စုံသာရှိ၏။ နှစ်စုံသော ဝတ်စုံသည်လည်း အရောင်မပေါ် … မွဲမွဲခြောက်ခြောက် …။ သစ်သစ်လွင်လွင်နှင့် တောက်တောက်ပြောင်ပြောင် ကလေးငယ်များအကြားတွင် ဂျက်သည် ခွေးဖြူတော မတိုးဝံ့ … ဖြစ်နေခဲ့ရမည်။

စာမေးပွဲတခုတွင် ‘ဂျက်’ သည် ပထမတန်းဂုဏ်ထူးနှင့် အောင်မြင်ခဲ့၏။ သို့သော် … ဆုပေးပွဲအခမ်းအနားသို့ ‘ဂျက်’ မသွားရောက်ခဲ့ …။ အခမ်းအနားသို့ တတ်ရောက်ရန် သူ့တွင် အဝတ်အစားမရှိ၍ ဖြစ်သည်။

‘ဂျက်’ ၁၀ နှစ်သားအရွယ်တွင် သတင်းစာပို့သည့်အလုပ်အား လုပ်ကိုင်ခဲ့ရ၏။ တဖက်က ကျောင်းတတ်ရင်း သတင်းစာပို့ခဲ့ခြင်းဖြစ်သည်။ မနက် ၃ နာရီတွင် အိပ်ယာမှထရပြီး တလမ်းဝင် တလမ်းထွက် သတင်းစာ ပို့ခဲ့ရသည်။ ကျောင်းချိန်အမှီ ကတိုက်ကရိုက်နှင့် ကျောင်းတတ် …။ ကျောင်းကပြန်လာလျှင်လည်း … ကတိုက်ကရိုက်ပင် …။ အဆာပြေ တခုခုစားရန်က ပေါပေါနှင့် အမြဲရှိသည့် ‘ရေ’ …။ ရေတဝသောက်ပြီး ညနေပိုင်း သတင်းစာအား ပို့ရပြန်၏။ နေဝင်မိုးချုပ်မှ အိမ်သို့ပြန်ရောက်ရ၏။

၁၃ နှစ်သားအရွယ်တွင် ဂျက်သည် ဥက္ကလန် သဒ္ဒါကျောင်းမှ နောက်ဆုံးအတန်းအား ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။ အထက်တန်းပညာ ဆက်သင်ကြားနိုင်ရန် သူ့တွင် အခြေအနေက မပေး …။ ညစောင့် အလုပ်နှင့် မိသားစုဝန်အား ထမ်းနေခဲ့သည့် ‘ဂျက်’ ၏ပထွေးသည် မီးရထားတိုက်ခံရပြီး ဒုက္ခိတအဖြစ်နှင့် အိပ်ယာပေါ် လဲနေရတော့၏။ ဤတွင် … ၁၃ နှစ်သား ‘ဂျက်’ အဖို့ မိသားစုဝန်တခုလုံးသည် … သူ့ ပခုံးပေါ်သို့ ရောက်၍လာတော့၏။

ဆက်လက်ဖော်ပြပါမည်။

ဆရာ နိုင်ဝင်းဆွေ ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် အမှတ်တရ

ငွေ ရွှေ ရတု

*
အရွယ်
ပြည့်ဝန်းတဲ့ နှစ်လေးဆယ်မှာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့။

အဲသည်တုန်းက
ပီးတော့လည်း အမှတ်တမဲ့နဲ့ပဲ
ပျောက်လည်း ပျောက်ကွယ်သွားဦးမယ့်
အချစ်မီးလေးတခဲ
ရင်ထဲမှာ စွဲငြိဆဲလေ … …

အချစ်ကိုချစ်
အလှကိုချစ်
အနုပညာကို ချစ်သူရဲ့
အချစ်တွေအုံဖွဲ့လို့။

‘အမြဲတမ်းမြူနှင်းတွေ
မှိုင်းပြပေနေတဲ့ ကာဝိုင်းတောင်မကြီးထိပ်က
ဝ,ဒိုင်နယ်ရုံးကလေး ရှေ့မှာ
က,မြူး ခုန်ပေါက်နေတဲ့
အမွှေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ … ’

‘အနုပညာကို ချစ်
ယုံကြည်ချက်ကို ချစ်
သစ္စာတရားကို ချစ်
လောကကို ငါချစ်တယ်
အချစ်ကြောင့်ပဲ ကွန်မြူနစ်လည်း ဖြစ်လာတယ်။’

အဲသည် တေးလေးတဖဲ့
ကျနော် ရေးဖွဲ့ခဲ့ဖူးရဲ့။

*
၁၉၈၆
ကလောင်နှစ် နှစ်နှစ်ဆယ်
ပထမအရွယ်နေ့
ကျနော့်ရွှံ့အိမ်ဖြူလေးရဲ့ နံရံထက်မှာ
ကျနော်က

*
ဟင်အင်း … ညီအကိုတို့
‘အာဏာ
ငွေ
ကျော်ဇောခြင်း နှင့်
ရောင်းဝယ်ခြင်း မပြုမှသာ
‘အနုပညာရဲ့ တြိသီလတရား လို့
ကျနော် ကိုးကွယ်ထားတယ် ။

*
ဟုတ်တယ် … ညီအကိုတို့
တဂိုးရဲ့တရား တဂိုးရဲ့စကား တဂိုးရဲ့ အနုပညာနှလုံးသား
ကျနော် ကိုးကွယ်ထားတယ်။
‘ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူး တဲ့

*
‘ဟုတ်တယ် … ညီအကိုတို့
တကယ်လို့ နောင်ဘဝမှာ
လူပြန်လာဖြစ်ခဲ့ရင်လည်း
ကျနော်လည်းလေ …
လုံမလေးတွေ ထောပတ်မွှေရာ
ဘရိန္တာ တောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ
ပုလွေကြူအေး
လောကအတွက်တေး
သီကုံးပေးနေတဲ့
နွားကျောင်းသားလေးပဲ ဖြစ်ချင်တယ်။

*
မနှစ်ကတော့
ဖလံတောင်ဝှေးများ ဖြစ်ထွန်းရာ တိုင်းပြည်မှာ
မာနယ်ပလောရဲ့သောင်ရင်းမြစ်ကမ်းမှာ
နွားကျောင်းသားလေးများ ဖွားသန့်စင်ရာ
စာသဘင်တေးကို သီကျွေးတဲ့အခါ
တေးလေးတပိုဒ်
ကျနော် ရေးလိုက်ဖူးရဲ့။

သဲကန္တာရ မုန်တိုင်းထဲမှာ
နိုင်ငံရေးသမားအိုဟာ
တောင်ဝှေးကို ထောက်ကိုင်လို့
ဖယိုဖရဲ အပြိုပြို အကွဲကွဲ လူအုပ်ကြီးကို

(တချို့က နောက်ပြန်ပြေးနေရဲ့
တချို့က လူးလှိမ့် ငိုကျွေးရင်း မြေပြင်ပေါ်မှာ
တချို့က ခိုလို ညည်းတွားလို့
တချို့က မျက်စိစုံ မှိတ်ရင်း
အားတင်း သီချင်းအော်ဟစ်လို့
တချို့က ဒေါသ ပေါက်ကွဲနေ
တချို့က တချို့ကို အတွင်းဆွဲထူ
တချို့က တချို့ကို အားပေး
ကိုယ့်ကိုကိုယ်လည်း အားပေးလို့
တည်ငြိမ်ရင့်ကျက်တဲ့
သူရဲကောင်းတွေလည်း များစွာပါရဲ့။)
သူတို့ကို တဖြည်းဖြည်း စောင့်ခေါ်ရင်း
အဖိုးအိုဟာ မောပန်း နွမ်းလျနေလေရဲ့
မုန်တိုင်းထဲမှာ …

*
အဲသည်အခိုက်မှာ
ဓားဝင့်လိုက်တဲ့ တကိုယ်တော်သမားဟာ
လျှပ်စစ်မီးများနဲ့ ရောထွေးယှက်နေတဲ့ မုန်တိုင်းထဲမှာ
သူ့မြင်းကို ဇက်ကုန်လွှတ် ကဆုန်စိုင်းလို့
လူတွေ မမြင်တွေ့နိုင်သေးတဲ့
ဟိုးအဝေးက အနာဂတ်ဆီ
ဖြတ်ချီသွားလေရဲ့ …
ရှေ့ဆုံးများရဲ့ ရှေ့ဆုံးကလူ
သူ အနုပညာသမား ပေါ့။

*
အနုပညာဘုံမှာ
သောခြင်းကင်းစွာ ဇရာမရှိ
ထာဝရနုပျို
စိမ်းစိုနေတဲ့ အလှနဲ့သစ္စာ
ပရမတ္တအချစ် နဲ့ ရွှန်းသစ်မှု …

*
အော် … ….
ကျနော်ရဲ့ အနုပညာတောင်မှ ငွေရတုမြောက်ခဲ့ရပါပေါ့ …
သည်နေ့မှာ …
‘သန်းဆွေ၊ ခင်နှင်းယု
မင်းသုဝဏ်၊ မင်းဏီ
မမလေး(ဂျာနယ်ကျော်)
ကျနော့်ရဲ့ တေးသမားဘဝကို
မွေးဖွားသန့်စင်ပေးခဲ့သူ
ဆရာအဆူဆူ နဲ့ ဟဲမင်းဝေး အား
နှလုံးသားမှ မြတ်နိုး
ရိုကျိုး မာန်လျှော့ ဖြေလျှော့
ကျနော် ကန်တော့၏။

*
အော် …
ကျနော်တောင်မှပဲလေ
ရတုမြစ်ရဲ့ ပျိုမြစ်စိမ်းလန်းမှု
ငွေသားထု ပြင်ကျယ်ထက်မှာ
(ဘယ်လောက်များ လှပ တောက်ပနေလိုက်ပါသလဲ။)
အရွယ်ရဲ့ ငြိမ်သက်မြဲမြံမှု
ရွှေနေခြည်များ ဆွတ်ဖျန်းထားလိုက်ပေါ့။

နိုင်ဝင်းဆွေ
ကလောင်ငွေရတုသဘင်

Tuesday, February 23, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၀)

အဲ့လို သီချင်းဆိုပြီးလို့ ကိုဖေအောင်ကနေ “သက်သာ” လို့ အမိန့်မပေးခင် တိုက်ပွဲဝင်ရဲဘော်တယောက် ရပ်နေရာကနေ ယိုင်ကျသွားတာ တွေ့လိုက်ရတယ်။ ရဲဘော် ထွန်းဝင်း။ သူအဲ့လို့ ယိုင်ကျသွားတော့ သူ့ဘေးမှာရှိနေတဲ့ ရဲဘော်တေဇက သူ့ကို လက်မောင်းကနေဖေးပြီးတော့ ထိန်းထားလိုက်တယ်။

ဒါပေမယ့် … သူ ကျဆုံးသွားတယ်။ သူဟာ နံပါတ် ၈၊ အဌမမြောက် နောက်ဆုံး အာဇာနည်ပေါ့။ အင်မတန် ဝမ်းနည်းစရာ၊ အသည်းနာစရာ ကောင်းပါတယ်။ တိုက်ပွဲအောင်ပွဲရပြီးမှ ကျသွားရှာတယ်။ အဲ့တော့ ကျနော်တို့အားလုံး ခုနက ထောင်မှူးကြီးနဲ့အဖွဲ့ကို ပြန်ထွက်ခွင့်မပေးသေးဘဲနဲ့ ကျနော်တို့ သူတို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းပြီးတော့ …

“ရဲဘော်ထွန်းဝင်းကို သတ်တာ … စစ်အစိုးရ၊ စစ်အစိုးရ”

“ရဲဘော် ၈ ယောက်ကို သတ်တာ … စစ်အစိုးရ၊ စစ်အစိုးရ”

“ဖိနှိပ်ချုပ်ချယ်မှု … အလိုမရှိ၊ အလိုမရှိ”

“ကိုယ်ထူကိုယ်ထစနစ် … ဖျက်သိမ်းပစ်၊ ဖျက်သိမ်းပစ်”

လို့ ဝိုင်းကြွေးကြော်ကြတယ်။ ဒါဟာ ကိုကိုးကျွန်းပေါ်မှာကြားရတဲ့ နောက်ဆုံးကြွေးကြော်သံပဲ။

ရဲဘော် ထွန်းဝင်းဆိုတာက ကျွန်းပေါ်မှာ ကျနော်နဲ့ အဆောင်တဆောင်တည်းနေတာ။ သူဟာ မြစ်ဝကျွန်းပေါ်သား၊ အစိုးရလေတပ်က။ ပဲခူးရိုးမ UG အဖြစ်နဲ့ အလုပ်လုပ်ရင်း အဖမ်းခံရတာ။ (သူတို့လေတပ်က အဲဒီတုန်းကဖမ်းတာ လူတွေ အများကြီးပဲ)

သူက လေတပ်သားဆိုပေမယ့် အင်မတန် အနုပညာဘက်မှာလည်း ထူးချွန်၊ အားကစားဘက်မှာလည်း ထူးချွန်၊ လက်မှုပညာမှာလည်း ထူးချွန်၊ ပေါင်းသင်းဆက်ဆံရေးမှာလည်း ထူးချွန်တဲ့သူဖြစ်တယ်။ ဒုံမင်းတွေ၊ ဂစ်တာတွေ သူလုပ်တာ အများကြီး။ တယောလည်း သူ လုပ်တတ်တယ်။ ဆေးလည်း ထိုးတတ်တယ်။ အားကစားမှာ ဘောလုံးကန်၊ ဘောလီဘော ရတယ်။ အပြေး ရတယ်။ အလေးမ ရတယ်၊ ခြင်းခတ် ရတယ်။ အင်မတန် ချစ်စရာကောင်းတဲ့ လူတယောက်။

ကျနော်တို့က လွတ်တဲ့ငါး ကြီးတာမဟုတ်ဘူး။ ဒီအာဇာနည် ၈ ယောက်ဟာ တဦးချင်းအရကော အင်မတန် တန်ဖိုးရှိတဲ့သူတွေ။ အာဇာနည်ဖြစ်မှ တန်ဖိုးရှိတာ မဟုတ်ဘူး။ ရှင်နေရင်လည်း အင်မတန် တန်ဖိုးကြီးတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ကျနော် အာမခံရဲတယ်။

ကျနော်တို့ တိုက်ပွဲပြီးသွားပြီဆိုတော့ တိုက်ပွဲနောက်ပိုင်းအလုပ်တွေ ဆက်လုပ်ရသေးတယ်။ ဒီတိုက်ပွဲမှာ အရင်တိုက်ပွဲတွေနဲ့ မတူတဲ့ကိစ္စတခုက ဒီ အာဇာနည်တွေရဲ့ကိစ္စပဲ။ အရင်တိုက်ပွဲတွေတုန်းက တိုက်ပွဲပြီးတယ်ဆိုလိုရှိရင် တိုက်ပွဲဝင် ရဲဘော်တွေရဲ့ ကျန်းမာရေးပြန်ပြီး နာလန်ထူအောင် လုပ်ရကိုင်ရတယ်။ အဲဒီအလုပ်ပဲ ရှိတယ်။ ခုကျတော့ ကျသွားတဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေ ရှိသေးတယ်။ သူတို့ကို ဂုဏ်ပြုဖို့ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုဖို့၊ သင်္ဂြိုလ်ဖို့ကိစ္စတွေ ဆက်ပြီး စဉ်းစားဖြေရှင်းကြရတယ်။

ပထမဆုံးအနေနဲ့ ကိုကိုးကျွန်း ပါတီကော်မတီကနေပြီးတော့ ဇူလိုင် ၃၁ ရက်နေ့ကို ‘ပြည်သူ့သူရဲကောင်းများနေ့’ လို့ သတ်မှတ်လိုက်တယ်။ ကျနော်တို့ ပထမဆုံးပြင်ဆင်ကြတာကတော့ သူတို့ကို ဂုဏ်ပြုရေး၊ အမှတ်တရ ကျောက်တိုင်တတိုင် စိုက်ထူရေးဖြစ်တယ်။

ကျဆုံးသွားတဲ့သူတွေကို တဦးချင်းကို ဂုဏ်ပြုတဲ့သီချင်းတွေ စပ်ကြတယ်။ သီချင်းစပ်တဲ့ အဖွဲ့တွေဖွဲ့ပြီး အဖွဲ့လိုက်၊ အဖွဲ့လိုက် စပ်ကြတယ်။ တီးလုံးတွေလည်း တိုက်ကြတယ်။ နောက်တခါ ၈ ယောက်စလုံးကို ဂုဏ်ပြုတဲ့ သီချင်းလည်း တပုဒ်ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ (ကျနော့် အထင်) အဓိကအကျဆုံးကတော့ အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရေးပဲလို့ ထင်တယ်လေ။

အဲ့ဒီအချိန်မှာ ကျနော်တို့အနေနဲ့ ကိုယ်ထူကိုယ်ထ လုပ်ဖို့မလိုတော့ဘူး။ ထောင်အာဏာပိုင်တွေက ဆန်တို့၊ ထင်းတို့၊ ဆီ၊ ဆား၊ ငါးပိ၊ ငရုပ်သီး အဲဒါတွေကို ကျနော်တို့ဆီကိုအရောက် သူတို့က လာပို့ပေးနေရပြီ။ အရင်တုန်းကတော့ ကျနော်တို့ ကိုယ်တိုင် သွားပြီးတော့ သယ်ရတယ်။ ထမ်းရတယ်။ ထင်းလည်း ရှာရတယ်။ ရေလည်း ထမ်းရတယ်။ အခုတော့ သူတို့ကုန်လုံး လာပို့ပေးတယ်။ ကျနော်တို့ဘာသာလုပ်တာဆိုလို့ ထမင်း၊ ဟင်းချက်တာပဲ ရှိတော့တယ်။ ဒါကတော့ ကျနော်တို့ ကိုယ့်ဟာကိုယ်ပဲ ချက်စားကြတယ်။

ဒီတော့ အထိမ်းအမှတ်ကျောက်တိုင်ကို ကျနော်ဘာသာပဲ ဆွဲကြတော့တယ်။ ကျောက်တိုင်အတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ အုတ် စတာတွေကို ထောင်အာဏာပိုင်တွေဆီက တောင်းယူတယ်။ လုပ်တဲ့အခါကြတော့ ကျနော်တို့ ရဲဘော်တွေပဲ ကိုယ်ဟာကိုယ် လုပ်ကြတယ်။ ကျောက်တိုင်ရဲ့တည်နေရာဟာ အာဇာနည်ဗိမာန်ရဲ့ အရှေ့တည့်တည့်။ တိုက်ပွဲဝင်အဓိက အဆောင်ဖြစ်တဲ့ အဆောင် ၉ ရဲ့အရှေ့တည့်တည့်။

တိုက်ပွဲဝင်အာဇာနည်တွေရဲ့ဗိမာန်နဲ့ဆိုရင် ၃/၄ ကိုက်ပဲ ကွာမယ် ထင်တယ်။ သဏ္ဍာန်က ၈ မြှောင့်သဏ္ဍာန်။ အောက်ခြေကနေ ကျောက်တိုင်ထိပ် ကြယ်နီရဲ့ ထိပ်ဖျားကနေဆိုလို့ရှိရင် ၈ ပေ၊ ၈ လက်မ တိတိမြင့်တယ်။ အဲ့ဒီကျောက်တိုင်ရဲ့အခြေမှာ အုတ်ခုံအသေးလေးတွေ ရှိတယ်။ အဲဒီ အုတ်ခုံလေးတွေရဲ့ပေါ်မှာ ကျဆုံးသူတွေရဲ့ တဦးချင်းနာမည်။ အသက် စတာတွေ ရေးထားတယ်။

သူ့အထက်က ကျောက်တိုင်မျက်နှာပြင်ပေါ်မှာကြတော့ သူ့ရဲ့ဆောင်ပုဒ်ကို ရေးထားတယ်။ ဥပမာ … ရဲဘော် ထွန်းဝင်းဆိုလို့ရှိရင် အုတ်ခုံပေါ်မှာ ‘ရဲဘော် ထွန်းဝင်း၊ အသက် ၂၈ နှစ်’ ကျောက်တိုင်မျက်နှာပြင်ပေါ်မှာက မျက်တောင်အဖွင့်အပိတ်နဲ့ ...

“ကွန်မြူနစ်တယောက်ဟာ
ကိုယ့်ကိုကိုယ် လေထီးတပ်သားလိုသဘောထားပြီး

ရောက်ရာအရပ်မှာ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရမယ်”

အဲဒါကို ဘိလပ်မြေထဲမှာ ထွင်းပြီး ကျနော်တို့ ရေးထားတယ်။

အဲ့တော့ အရှေ့ဘက်ဆုံးမျက်နှာ ပထမဆုံးကျဆုံးသွားတဲ့ ရဲဘော် သိန်းကြည်ကို အထိမ်းအမှတ်ပြုတယ်။ ကျန်တဲ့ရဲဘော်တွေကို သူတို့ကျတဲ့ အစီအစဉ်အတိုင်း တယောက်ပြီးတယောက် မျက်နှာစာ တခုစီ တခုစီ အထိမ်းအမှတ်ပြုသွားတယ်။ အဲဒီကျောက်တိုင်ကို ‘ပါတီနေ့’ ဖြစ်တဲ့ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့အထိ ပြီးအောင်လုပ်ကြတယ်။ ဈာပနအခမ်းအနားကို အဲ့ဒီနေ့မှာကျင်းပဖို့ သတ်မှတ်ထားလိုက်တယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အခေါင်းတွေရှေ့မှာ သူတို့ရဲ့ရုပ်ပုံတွေကို ပုံတူပန်းချီကားကြီးတွေ ထောင်ထားတယ်။ ခုနက ကျနော်ပြောတဲ့ ရဲဘော်မြအောင်က ပန်းချီဆွဲကောင်းတယ်။ အထူးသဖြင့် ပုံတူဆွဲ ကောင်းတယ်။ တိုက်ပွဲစလို့ ရက် အတော်လေးရလာတော့ သူဆန္ဒနဲ့ သူပဲ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ပုံတွေကို Sketch ခေါ်တဲ့ ပုံကြမ်းလေးတွေ လိုက်ဆွဲတယ်။

ရဲဘော်တွေကျဆုံးသွားတဲ့အခါကြတော့ သူက အဲဒီပုံကြမ်းလေးတွေကို ပုံချောအဖြစ် Sepia အရောင် ဆွဲတယ်။ ပန်းချီကားတွေက အလျား ၁ ပေခွဲ၊ အမြင့် ၂ ပေလောက် ရှိမယ်ထင်တယ်။ အောက်ခံက မျက်နှာကျက်လုပ်တဲ့ ကွန်ကရစ်ပြား။ တချို့ရဲဘော်တွေရဲ့ပုံက ကျဆုံးပြီးမှ အလောင်းကိုကြည့်ဆွဲရတဲ့ ပုံတွေပါ။

ဆက်လက်ဖော်ပြပါမယ်။

ဆရာ နိုင်ဝင်းဆွေ ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် အမှတ်တရ

နိုင်ဝင်းဆွေ (၁၉၄၀-၁၉၉၅)

စာရေးဆရာ နိုင်ဝင်းဆွေသည် မဟူရာမေတ္တာ ဝတ္ထုဖြင့် ၁၉၆၀ ပတ်ဝန်းကျင်းခန့်က မြန်မာစာပေလောကတွင် ထင်ရှား ကျော်ကြားလာခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် သူ၏ကဗျာနှင့် ဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေပြီးနောက် စစ်အစိုးရမှ လိုက်လံဖမ်းဆီးမှုကြောင့် တိမ်းရှောင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီသို့ လွတ်မြောက်ရေးတိုက်ပွဲများ ဆင်နွှဲရန်ရောက်ရှိခဲ့သည်။

၁၉၉၁ ခုနှစ်တွင် မာနယ်ပလော တော်လှန်ရေးဗဟိုဌာနချုပ်သို့ ရောက်ရှိလာသည်။ ၁၉၉၁ ခုနှစ်တွင် စာပေနှင့် အနုပညာ ကလပ် (လွတ်မြောက်နယ်မြေ) ဒု ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စာပေနှင့်အနုပညာကလပ်မှ ထုတ်ဝေသော သစ္စာရီဗျူး (အမှတ် ၁၊ ၂၊ ၃) အား အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သည်။

သစ္စာရီဗျူး၊ သနူထူး၊ ဒေါင်းအိုးဝေ၊ လူ့ဘောင်သစ် စာစောင်များတွင် ကဗျာများ၊ ဝတ္ထုများ၊ ဆောင်းပါးများ၊ နိုင်ငံရေးစစ်တမ်းများ၊ တော်လှန်ရေးအဖွဲ့အစည်း မိတ်ဆက်များ၊ ဆောင်းပါး ၄ စောင် နှင့် သုံးဖက်မြင် အနုပညာစစ်တမ်းကြီးကို ရေးသားခဲ့သည်။

၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလတွင် မာနယ်ပလောဌာနချုပ်အနီး ဟွေးဖောလူရွာတွင် သူချစ်သော လွတ်မြောက်နယ်မြေ၊ တော်လှန်စာပေ အနုပညာလောနှင့် ရဲဘော်ရဲဘက်များကို ခွဲခွာသွားခဲ့သည်။ ကျဆုံးစဉ်တွင် ဇနီး ဒေါ်ကျုံ (ဝ တိုင်းရင်းသူလေး) နှင့် သား မောင်ဆန်းတို့ ကျန်ရစ်ခဲ့ပါသည်။


အချစ်ညနေရီ

*
မိုးမှုန်
နှင်းငွေ့
တိမ်
အလင်းပြေး ကလေးတွေ
သူတို့ နိမ့်ဆင်းလို့လာလိုက်
သူတို့ ပြန့်ကျဲလို့ ပျယ်လွင့်သွားလိုက်
ကာဝိုင်းတောင်မကြီးထိပ်ပေါ်မှာ
တိမ်ထဲက ဒိုင်နယ်ရုံးကလေးရှေ့မှာ

အဲဒီတုန်းကပေါ့
ရင်ထဲမှာတော့
နောက်တော့လည်း ပျောက်ပျယ်လွင့်သွားအုံးမယ့်
အချစ်မီးလေးတခဲ
တွဲလွဲခိုလို့

သည်အချစ်ကလည်း
ငါ့ကိုနှောင်ဖွဲ့ဆဲလေ …

*
ဟုတ်ပါတယ်
အချစ်ကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
အလှတရားကို ချစ်တယ်
အနုပညာကို ချစ်တယ်၊

*
ဟုတ်တာပေါ့
မုန်တိုင်းနီကို ချစ်
တိုက်ပွဲမီးပြင်းကို ချစ်
မီးရှို့ဖျက်ဆီးခြင်းများကို ချစ်
သူရသတ္တိရဲ့အလင်းရောင်ကို ချစ်
ယုံကြည်ချက် ပြင်းပြသူတွေကို ချစ်

ဓားတစင်း မြင်းတစီးနဲ့
တကိုယ်တော် ခရီးသည်ကို ချစ်တယ်။

သူဟာ
မုန်တိုင်းကို ဖောက်ထွက်လို

သူက
လောကအတွက်
ခွန်အားတွေ ပေးဆက်သွားတယ်။

*
ဟုတ်တာပေါ့
ဝေဝေ ဆိုတဲ့ ကောင်မလေးကို
ကျနော် ချစ်ခဲ့တာပေါ့။

ကွန်မြူနစ်လောကရဲ့ ကုန်ရောင်းဈေးကွက်မှာတော့
အနာဂတ်မဲ့ အနုပညာသမား
တနေ့မှာ သေဒဏ်အပေးခံရမယ့် အတိုက်အခံသမား
ခြောက်ချားစရာလူ
အပစ်ပယ်ခံလူ

ယမ်းငွေ့ထဲမှာ
လမ်းကွေ့ထဲမှာ
မြူထဲမှာ
အမှောင်ထဲမှာလေ …

*
မှန်ပါတယ်လေ …
အချစ်ရဲ့ ချစ်သူ
အမှန်တရားရဲ့ ချစ်သူ
အလှတရားရဲ့ ချစ်သူ
အနုပညာရဲ့ ချစ်သူ
လူမိုက်များရဲ့ ချစ်သူ။ ချစ်တဲ့လူ

ကျနော့်ရှေ့က
နေခြည်အလင်းကွက်ကလေးထဲမှာ
ခွေးသူငယ်လေးတကောင်ဟာ
ခုန်ပေါက်ရောက်လာ ကနေတယ်
ကျနော့်ကို တိုးလိုက် ဝှေ့လိုက် မြူးလို့ …

ကျနော်လေ
ဒီခွေးသူငယ်လေးကိုလည်း ချစ်တယ်။

အချစ်ကို ချစ်
အမှန်တရားကို ချစ်
အလှတရားကို ချစ်
အနုပညာကို ချစ်
ခွေးကလေးရဲ့ မြူးတူးကနေတဲ့
သန့်ရှင်းတဲ့ ပျော်ရွှင်မှုကလေးကိုလည်း ချစ်
အချစ်ကြောင့်ပဲ
ကွန်မြူနစ်လည်း ဖြစ်လာတယ်။


နိုင်ဝင်းဆွေ

၁၉၈၂၊ ဇွန်လ ဝ တောင်ခရိုင် ပန်ဆန်း အထူးမြို့နယ် ကာဝိုင်းဒိုင်နယ်၊ ဒိုင်နယ်ရုံးတွင် ရေးခဲ့သည်။

Sunday, February 21, 2010

ပြောသားပဲ ... ခံလာရပြန်ပြီ မဟုတ်လား !!!


ဆရာ နိုင်ဝင်းဆွေ ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် အမှတ်တရ

ဒါ ကဗျာမဟုတ်ဘူး (နိုင်ဝင်းဆွေ)

(၁)

ဒါ ကဗျာမဟုတ်ပါဘူး
ဝ နယ်ရဲ့ အမှောင်ထုထဲမှာ
ကွန်မြူနစ်ခန်းမကြီးထဲက
စားပွဲပေါ်မှာ စီးကျနေတဲ့
ငါ့ရဲ့မျက်ရည်ပါ။
ကဗျာလို မလှဘူး
ကဗျာလို မဝင်းပဘူး။

(၂)

ညဥ့်ဦးယံတုန်းကပေါ့
သံလိုက်စက်ကွင်းတွေ ရှုတ်ထွေးနေတဲ့
ရေဒီယို အသံလှိုင်းတွေထဲမှာ …

ရန်ကုန် ညနေခင်းရဲ့
ဆေးရုံကြီးရှေ့ လူသတ်ကွင်းထဲမှာ
ဂျင်မခါနာ
သားဖွားခန်းလေးတခုရဲ့
စပရိန် သံကုတင်ပေါ်မှာ
အမေက တတိယ သားသားလေးကို
မီးရှူးသန့်စင်အပြီးမှာ လူသားငယ်လေးရဲ့ ဘဝတေးသံဟာ
ဆေးရုံနံရံအဖြူကို အသာအယာ လှုပ်နိုးလို့
အဲဒီအချိန်တိုကလေးထဲမှာပေါ့
ကိုးနှစ်အရွယ်သားကြီးဟာ
ပုဆိုးစိမ်းစိမ်း အင်္ကျီဖြူဖြူကလေးနဲ့
အမေနဲ့ မဝေးကွာလှတဲ့ ဆေးရုံကြီးရှေ့ ပလက်ဖောင်းပေါ်မှာ
ရင်အုံပွင့်ထွက် လဲကျသွားလေရဲ့
သွေးအိုင်ထဲမှာ

ပီးတော့
မဟာ ဗန္ဓုလ ပန်းခြံထောင့်မှာ

ပီးတော့
ရွှေဂုံတိုင် အဝိုင်းကြီးရှေ့မှာ

ပီးတော့
မြေနီကုန်း ရုံးအဆင်း ပြည်ရန်ကုန် ကားလမ်းမကြီးပေါ်မှာ
မိုးရေစက်တွေအောက်မှာ
ဘရင်းကယ်ရီယာ ကားဘီးတွေရဲ့အောက်မှာ
ပုဆိုးစိမ်းစိမ်း အင်္ကျီဖြူဖြူ သားသားလေးတွေ

(၃)

ဒီလိုအချိန်မှာပဲ
ကျုပ်လို လူမိုက်ကြီးတွေရဲ့ ရင်ထဲ
ဒေါသပေါက်ကွဲနေတဲ့ ဆင်ရိုင်းကြီးတွေ အောင်းလို့၊

ပစ်လိုက်စမ်းဟေ့ … ဖက်ဆစ်တွေ
မီးရှို့လိုက်ကြ
ပစ်လိုက်စမ်းဟေ့ …

သတ်သာ ပစ်လိုက်
ပစ်လိုက်စမ်းဟေ့ …
မွေးတနေ့
သေတနေ့
ပစ်လိုက်စမ်းဟေ့

ဆင်ရိုင်းကြီးတွေဟာ
မုန်တိုင်းလို မွှေ့ယမ်းလို့၊

ရေဒီယိုထဲက
သံလိုက်လျှပ်စစ်လှိုင်းတွေထဲမှာ
ကျုပ်ကြားနေပါတယ်။ နားထောင်စမ်း

မြောက်ဥက္ကလာပ ဝင်္ကဘာလမ်းမှာ
ပုလိပ်သား ခေါင်းပြတ် ခန္ဓာကိုယ်ကြီးရဲ့
သွေးစက်တွေဟာ ကတ္တရာလမ်းပေါ်မှာ
သူမရပ်ဘူး
ငရဲဆီကို ပြေးနေ …

တာမွေမှာ
သူလျှိုတယောက်ရဲ့ခေါင်း
ရေပုပ်မြောင်းထဲ လိမ့်ဆင်းသွားနေ …
အပုပ်နံ့တွေ လှိုင်သွားပေါ့၊

ကြည့်လိုက်စမ်းဟေ့
လူမိုက်တသန့်ရဲ့
ကြမ်းရမ်းတဲ့ ပွဲခင်းရဲ့ဗဟိုမှာ

(၄)

ရေဒီယိုထဲမှာတော့
သားသားတို့ မေမေလေးရဲ့အသံဟာ
ဆို့နစ်စွာ တိုးတိတ် တိမ်ဝင်သွားလေရဲ့

လူကလေးတို့ရေ
ဘဘ နိုင်ဝင်းဆွေလေ
စားပွဲပေါ်မှာ မျက်နှာမှောက်ချ
မှောင်မဲနေတဲ့ ကွန်မြူနစ်ခန်းမကြီးရဲ့ အလယ်မှာ
ကတ္တရာလမ်းမပေါ်က ဂျူလိုင်ညနေ မိုးရေစက်တွေထဲမှာ
လူကလေးတို့ရဲ့ ဝိညာဉ်မဲ့ ခန္ဓာကိုယ်ကလေးတွေ

သင်တို့ရဲ့
မျက်တောင်ခတ်နေတဲ့ စကားပြောနေတဲ့
ရှင်နေတဲ့
ကမ္ဘာ့နှလုံးသားကို ကိုင်လှုပ်နေတဲ့
မသေတဲ့ ကျောက်ရုပ်ကြွင်း အလောင်းတွေပေါ်မှာ
ဝဲကာ ဝေ့ကာ ကျလာနေတယ်လေ …
ဘဘပို့သလိုက်တဲ့ ပန်းခွေ
မျက်ရည်တွေဟာ လွမ်းသူပန်းခွေဖြစ်လို့
ကဗျာလိုတော့ မလှဘူး
ကဗျာလိုတော့ မဝင်းပဘူး။

မူရင်းနှင့် အတိမ်းအပါး ရှိပေလိမ့်မည်။

၁၉၈၈၊ ဇူလိုင်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အရှေ့မြောက်စစ်ဒေသ
“တပ်မဟာအဆင့် နိုင်ငံရေး၊ စစ်ရေးကေဒါ” ကျောင်းမှ
ကျော်ဇောဦး ဦးစီးထုတ်ဝေသော ကဗျာစာအုပ်တွင် ရေးသားခဲ့သည်။
ထိုကဗျာစာအုပ်သည် ၁၉၈၈ လူထုတိုက်ပွဲကြီးအား ကြိုဆိုဂုဏ်ပြုဖွဲ့ဆိုခဲ့သည်။ ထိုကဗျာစာအုပ်အမည်သည်လည်း မေ့ကျန်နေခဲ့ပြီ။ မူရင်းကဗျာလည်း မပါရှိတော့ပေ။
ထို့ကြောင့် ပြန်လည် ရေးဖွဲ့ဖော်ရခြင်းဖြစ်သဖြင့် မူရင်းနှင့် အနည်းအပါး အတိမ်းအငဲ့ ရှိပေလိမ့်မည်။


နိုင်ဝင်းဆွေ

Saturday, February 20, 2010

ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာဆိုတဲ့ လက္ခဏာ သုံးရပ် (မောင်စွမ်းရည်)

“ခေတ်ပေါ်ကဗျာသည် တသီးပုဂ္ဂလသဘော (Individuality) အတွင်းခံစားမှု (Inner Feeling) လွတ်လပ်စွာ ဖော်ထုတ်ချက် (Freedom of Expression) တို့၏ ကဗျာဖြစ်ကြောင်း အစဉ်တစိုက် ဆိုခဲ့ပါသည်”
စာ-၁၆၉ ချယ်ရီမဂ္ဂဇင်း (၂၀၀၂ ဖေဖော်ဝါရီ)။

“ခေတ်ပေါ်ကဗျာသည်” လို့ အစချီထားတဲ့အတွက် ဒါဟာ ခေတ်ပေါ်ကဗျာကို ဖွင့်ဆိုထားတာလို့ ဆိုရပါမယ်။ ရေးသူက အမည်တပ်မထားဘူး ‘လူငယ်ကဗျာရှင်များ’ လို့ ဖော်ပြထားတဲ့အတွက် တဦးတည်းရေးတာ မဟုတ်ဘူးလို့ ဆိုလို့ရပါတယ်။

ဒါပေမယ့် တဦးထက်များတာကြောင့် နှစ်ဆယ် သုံးဆယ်လည်းဖြစ်နိုင်သလို နှစ်ဦး သုံးဦးလည်း ဖြစ်နိုင်တယ်။ လူငယ်ကဗျာဆရာ ဘယ်နှယောက်ကို ကိုယ်စားပြုလဲသလဲ မသိနိုင်။ ဆောင်းပါးအမည်က ‘ယနေ့ ကဗျာယဉ်ကျေးမှု’ တဲ့။

ကဗျာရေးဖွဲ့သူတဦးအဖို့ကတော့ ခေတ်ပေါ်ကဗျာဟာ ဘယ်လိုလက္ခဏာတွေရှိတယ်ဆိုတာ ထုတ်ဖော်ဖို့ထက် ကိုယ့်ခံစားမှုကို ကိုယ်ရိုးရိုးသားသား ဖွဲ့ပြဖို့ပဲ အရေးကြီးပါတယ်။ ကဲ - အထက်ကဖော်ပြထားတဲ့ အချက်သုံးချက်ကို ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာ ဟုတ်မဟုတ် စိစစ်ကြည့်ရအောင်။

၁။ တသီးပုဂ္ဂလသဘော (Individuality)

ခေတ်ပေါ်ကဗျာဟာ တသီးပုဂ္ဂလသဘောရဲ့ ကဗျာဖြစ်တယ်ဆိုတာ ဟုတ်ပါသလား။ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ် ခေတ်ပေါ်လဲ။ ဒီခေတ်ပေါ်လား။ ခေတ်ပြိုင်လား။ ဒီခေတ်ပေါ်ဆိုလည်း ဟုတ်၊ ခေတ်ပြိုင်ဆိုလည်း ဟုတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်ခေတ်မှာပဲပေါ်ပေါ်၊ တသီးပုဂ္ဂလသဘောချည်းပါပဲ။ နောက်ပြီး ဘယ်အနုပညာပဲဖြစ်ဖြစ် ပန်းချီ၊ ပန်းပု၊ ဂီတ၊ ကဗျာ … စတဲ့ အနုပညာအားလုံးဟာ တသီးပုဂ္ဂလသဘောချည်းပါပဲ။ အနုပညာရှင်တဦးချင်းစီရဲ့ ပုဂ္ဂလိက အတွေ့အကြုံ၊ ပုဂ္ဂလိက ခံစားမှုကနေပြီး ပုဂ္ဂလိက အနုပညာစွမ်းရည်နဲ့ ဖော်ထုတ်အပ်တဲ့ အနုပညာဖြစ်တာကြောင့် အားလုံး အနုပညာများ၊ ခေတ်အဆက်ဆက် အနုပညာများဟာ တသီးပုဂ္ဂလိကသဘောကို ဆောင်တာချည်းပါပဲ။ ဣတိ တသမာ - ထို့ကြောင့် ခေတ်ပေါ်ကဗျာများသည် တသီးပုဂ္ဂလသဘော၏ ကဗျာများဖြစ်သည် ဆိုရင် မှားတယ်။ သီးခြားလက္ခဏာ မဟုတ်၊ ခေတ်လက္ခဏာ မဟုတ်။

“ကဗျာရေးဖွဲ့သူတဦးအဖို့ကတော့ ခေတ်ပေါ်ကဗျာဟာ ဘယ်လိုလက္ခဏာတွေရှိတယ်ဆိုတာ ထုတ်ဖော်ဖို့ထက် ကိုယ့်ခံစားမှုကို ကိုယ်ရိုးရိုးသားသား ဖွဲ့ပြဖို့ပဲ အရေးကြီးပါတယ်”

၂။ ခေတ်ပေါ်ကဗျာသည် အတွင်းခံစားမှု (Inner Feeling)၏ ကဗျာများဖြစ်သည်လို့ နောက်တချက် ပြောတယ်။ အတွင်းခံစားမှုလို့ပြောရင် ဆန့်ကျင်ဘက်သဘောအရ အပြင်ခံစားမှု (Outer Feeling) ဆိုတာလည်း ရှိသလားမသိ။ ထားပါတော့၊ အတွင်းခံစားမှုသဘောပဲထားပါ။

ဒါပေမယ့် ဘယ်ခေတ်က ဘယ်အနုပညာပဲဖြစ်ဖြစ် အတွင်းခံစားမှု ဆိုတာနဲ့ချည်း ဖွဲ့တာပဲမဟုတ်လား။ ကဗျာ၊ ဂီတ၊ ပန်းချီ၊ ပန်းပု စတဲ့ ခေတ်အဆက်ဆက် အနုပညာအားလုံးဟာ အတွင်းခံစားမှုနဲ့ချည်း ရေးဖွဲ့ဖော်ထုတ်ကြတာချည်းပဲပေါ့။ ဒါကြောင့် အတွင်းခံစားမှုဆိုတာလည်း ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာ မဟုတ်ပြန်။ ဒါလည်း မှားတယ်။

၃။ လွတ်လပ်စွာ ဖော်ထုတ်ချက် (Freedom of Expression) ၏ ကဗျာလို့ ပြောပါတယ်။ ကွင်းထဲမှာ အင်္ဂလိပ်စာလုံး သုံးကြိမ်၊ သုံးခါ၊ သုံးမျိုးပါလာတာက ကျွန်တော် (ဝေဖန်သူ)ရဲ့ အင်္ဂလိပ်စာ မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာဘာသာ စကားလုံးနဲ့ သုံးလို့ရရင် အင်္ဂလိပ်စာလုံးကို အတတ်နိုင်ဆုံး ရှောင်ပါတယ်။ ခုလည်း ကျနော် မသုံး။

ခုသုံးပြထားတဲ့ သုံးလုံး ထဲမှာ (Freedom of Expression) ကို ‘လွတ်လပ်စွာ ဖော်ထုတ်ချက်’ လို့ ဘာသာပြန်ရင် တိကျ မှန်ကန်မှု မရှိပါဘူး။ ဖော်ထုတ်မှု လွတ်လပ်ခြင်း သို့မဟုတ် လွတ်လပ်စွာ ဖော်ထုတ်ခွင့် ဖြစ်ပါတယ်။ ဒါဟာ စာပေရဲ့လက္ခဏာတရပ် မဟုတ်ပါဘူး။ အခွင့်အရေးတရပ်သာ ဖြစ်ပါတယ်။ အကယ်၍ မြန်မာလိုဖော်ပြထားတဲ့အတိုင်း လွတ်လပ်စွာ ဖော်ထုတ်ချက် လို့ဆိုရင်လည်း ဘာဆိုလိုသလဲ မပေါ်လွင်ပါ။

တကယ်တော့ ဘယ်အနုပညာမဆို ခံစားမှုကိုရော၊ ဖန်တီးမှုကိုရော အတတ်ပညာနဲ့ ထိန်းသိမ်း ပဲ့ကိုင် ဖော်ထုတ်ရတာချည်း ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် လွှတ်ပေးလိုက်တာမျိုး မရှိပါဘူး။ ခံစားမှုတရပ်ကို ဘယ်နိမိတ်ပုံ၊ ဘယ်အလင်္ကာနဲ့ ဘယ်စာလုံးတွေသုံးပြီး ဖော်ထုတ်ရမလဲဆိုတာ ဆင်ခြင် နှိုင်းချိန်ရပါတယ်။

ဒါကြောင့် ခေတ်ပေါ်ကဗျာသည် ပုဂ္ဂလိကသဘော၊ အတွင်းခံစားမှု၊ လွတ်လပ်စွာ ဖော်ထုတ်ချက်သဘောတို့၏ ကဗျာဖြစ်သည်ဆိုတာ စာပေသဘောတရားဆန်တဲ့ စကားလုံးတွေနဲ့ (အင်္ဂလိပ်စကားလုံးတွေနဲ့) ရေးထားလို့ ရုတ်တရက်ကြည့်ရင် အထင်ကြီးရတော့မလိုလို အဟုတ်ကြီးလိုလို ထင်ရပေမယ့် ဘာမှ မဟုတ်ပါဘူး။ အဟုတ်မှတ်မနေနဲ့။ ။

မောင်စွမ်းရည် (၁၉-၃-၀၂)

စံပယ်ဖြူ အမှတ် ၇၊ ဇူလိုင်လ၊ ၂၀၀၂

Friday, February 19, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၉)

ကျွန်းကိုရောက်ခါစအချိန်တွင် ရေဒီယိုသတင်းကို ဆရာဗန်းမော်တင်အောင် အမြဲနားထောင်ပါသည်။ သတင်းထူးလျှင် မျက်နှာကျက် ဘိလပ်မြေကျောက်ပြားအကွဲပေါ်တွင် မြေဖြူခဲနှင့် သတင်းရေးသားထားပြီး စားရိပ်သာတွင် ထောင်ထားပါသည်။ ဆရာဗန်းမော်တင်အောင် ထုတ်ပြန်သည့်သတင်းကို ‘လင်းယုန် သတင်းစာ’ ဟု ကျနော်တို့က တင်စားခေါ်ဝေါ်ပါသည်။

တခါတရံတွင် ပထဝီနိုင်ငံရေးအမြင်ဖြင့် ကမ္ဘာ့မြေပုံပေါ်တွင် နိုင်ငံတကာတော်လှန်ရေး အခြေအနေအပေါ်ကို ဖော်ပြမှု ပြုလုပ်ပါသည်။ ဤပုဂ္ဂိုလ်မှာ ဗကသ ကျောင်းသားခေါင်းဆောင် ကိုစိန်ဝင်း ဖြစ်ပါသည်။ အခြားတယောက်မှာ လူထုသတင်းစာ အယ်ဒီတာ ကိုစိန်ဝင်းဖြစ်ပြီး သူ့ကို အားလုံးက လူထု ကိုစိန်ဝင်းဟု ခေါ်ပါသည်။

ကျနော်တို့ ကျွန်းပို့ခံရပြီးနောက် ၆၉ ခုနှစ်၊ မိုးတွင်းဘက်တွင် လူထုစိန်ဝင်းမှာ စားဖိုဆောင်တွင် ဦးစီးပြီး ရဲဘော်များ စားရေးသောက်ရေးအတွက် ကိုယ်တိုင်ကိုကျ စီစဉ်ချက်ပြုတ်ကျွေးပါသည်။ လူထုစိန်ဝင်းမှာ ကျန်းမာရေးသိပ်ကောင်းသူ မဟုတ်ပါ။ ခန္ဓာကိုယ်အရလည်း တောင့်တင်းသူ မဟုတ်ပါ။

တညနေတွင် ဖိုကြီးမှ ချက်ပြုတ်ပြီး မောမောပမ်းပမ်းနှင့် ၎င်းနေထိုင်ရာ အဆောင် အမှတ် ၈ သို့ ပြန်လာခဲ့ပါသည်။ အိပ်စင်အစွန်းတွင် ထိုင်နေရာမှ မူးမေ့ပြီး အောက်သို့ပြုတ်ကျပါသည်။ ဒေါက်တာ ဖေစိန်၊ ဒေါက်တာ ကူးမား၊ ဒေါက်တာ ကျီးတို့ ကြိုးစားပြီးကုသော်လည်း ကျန်းမာရေးအခြေအနေ တိုးတက်မှု မရှိပါ။

မိုးတွင်းကာလ ပြည်မသို့ ပြန်ပို့လိုက်ရပါသည်။ ပြည်မသို့ပြန်ပို့ပြီးနောက် ကောင်းမွန်လုံလောက်သည့် ဆေးဝါးကုသမှုကို မရခဲ့ပါ။ တိုက်သို့ ပြန်ပို့ခံခဲ့ရပါသည်။ တိုက်ထဲတွင် တလျှောက်လုံးနေခဲ့ရပြီး ၁၉၇၃ ခုနှစ်၊ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ကျွန်းပြန်ရဲဘော်များအား လွှတ်ပေးသည့် တတိယအသုတ် ရဲဘော် ၁၃ ယောက်နှင့်အတူ လွတ်မြောက်ပါသည်။

လူထု ဦးစိန်ဝင်းမှ ၁၉၇၆ ခုနှစ်တွင် မဆလ၏ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် ချိနဲ့သွားခဲ့သည်။ ယခုအချိန်အထိ ချိုင်းထောက် ၂ ဖက်နှင့် လမ်းလျှောက်နေရပါသည်။ ခရီးဝေးဝေး မလျှောက်နိုင်တော့ပါ။

ဗကသ ကျောင်းသားခေါင်းဆောင် ကိုစိန်ဝင်းမှာ ၁၉၅၈ ခုနှစ် ကျောင်းသားဆန္ဒပြပွဲတွင် ပုလိပ်က နံပတ်တုတ်ဖြင့်ရိုက်သောကြောင့် ခါးရိုးကျိုးသွားပြီး ခါးမှာ မသန်စွမ်းတော့ပါ။ သူ၏ခါးကို ထိန်းထားသည့် ခါးပတ်ပြားကြီးတခုကို အမြဲဆောင်ထားရပါသည်။ သည့်အတွက် သူ့ကို ခါးကြီးကိုစိန်ဝင်းဟု ခေါ်ကြပါသည်။ (၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ လူထုအုံကြွမှုတိုက်ပွဲကြီးတွင် ခေါင်းဆောင်ခဲ့မှုကြောင့် နဝတ၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး အင်းစိန်ထောင်တွင် ညှဉ်းပန်းသတ်ဖြတ်ခံခဲ့ရသည်)

ကျွန်းမှပြန်လွတ်လာပြီးနောက် သူ၏ဇာတိ တညင်တွင် ကျူရှင်ဆရာ လုပ်ခဲ့ပါသည်။ ၈၈ ခုနှစ် ကျောင်းသား လူငယ်များ တော်လှန်ရေးနယ်မြေသို့ရောက်ရှိလာခဲ့ရာ ဦးစိန်ဝင်း၏တပည့် ကျောင်းသားလူငယ်များ အတော်များများကို တွေ့ရှိခဲ့ရပါသည်။

ကွယ်လွန်သွားခဲ့သည့် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်လည်း ဇာတိရပ်တူဖြစ်ပါသည်။ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်လည်း အတော်ရင်းနှီးကြောင်း ဦးမြင့်ဇော် ပြန်လည်ပြောပြပါသည်။ ၈၈ ခုနှစ် အရေးတော်ပုံတွင် ဦးမြင့်ဇော်တို့နှင့် အတူတကွ လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြောင်း သိရပါသည်။

ကျနော် ထောင်မှပြန်လွတ်လာပြီးနောက် တော်လှန်ရေးနယ်မြေသို့ ထွက်ခါနီးဆဲဆဲ ရက်ပိုင်းတွင် ခါးကြီး ကိုစိန်ဝင်းနှင့် မမျှော်လင့်ဘဲ ရန်ကုန်တနေရာတွင် ပြန်တွေ့ကြရာ တဦးနှင့်တဦး ဝမ်းသာအားရ ပွေ့ဖက် နှုတ်ဆက်ကြပါသည်။ သူ့ခါးကိုဖက်ရင်း သူသွားမည့်နေရာသို့ ဖြည်းဖြည်း လမ်းလျှောက်ခဲ့ကြပါသည်။

“ကိုစိန်ဝင်းရေ၊ ကျနော်တို့ နောက်ကို တယောက်နဲ့တယောက် ပြန်တွေ့ကြဖို့ မလွယ်တော့ဘူး ထင်တယ်၊ ကျနော် ခရီးရှည်တခု ထွက်စရာရှိတယ်။ ကျနော် နှုတ်ဆက်ခဲ့တယ်ဗျာ၊ ကျွန်းမှာတုန်းက ကျနော်နဲ့ပတ်သက်ပြီး စိတ်မသက်မသာဖြစ်ခဲ့တာရှိရင်လည်း ကျနော် တောင်းပန်ပါတယ်ဗျာ”

သူက ...

“ကျနော် နားလည်ပါတယ်ဗျာ၊ ကျနော်တို့ဟာ ရဲဘော်ရဲဘက်တွေပဲ။ ခင်ဗျားရဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်ကို ဖော်ပြခဲ့တဲ့သူပဲ”

ကျနော်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြပါသည်။ သူနှင့်နောက်ဆုံးအကြိမ် တွေ့ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။
တော်လှန်ရေးနယ်မြေသို့ထွက်ခါနီး မတွေ့မဖြစ်တွေ့ရမည့် ပုဂ္ဂိုလ်တဦးလည်း ရှိပါသေးသည်။ ကျနော် အလွန်လေးစား ကြည်ညိုသည့် ဆရာဗန်းမော် ဖြစ်ပါသည်။ သူ့စာပေ၊ သူ့သြဇာ၊ သူ့အရိပ်ဖြင့် တော်လှန်ရေး လမ်းကြောင်းပေါ်သို့ ကျနော် ရောက်လာခဲ့သည်။ ကျေးဇူးကြီးမားသူ ဖြစ်သည်။ ဆရာအနေများသည့် ဘားလမ်းမှ ပင်းယစာပေတိုက်တွင် ဖြစ်သည်။

ဆရာ့ကိုသွားတွေ့ပြီး အရိပ်အမြွက်ပြော၍ ကန်တော့နှုတ်ဆက်ခဲ့သည်။ ဆရာ့အပေါ် ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကြောင့် မဟုတ်ပါ။ ဆရာသည် အလွန်သိမ်မွေ့ ဖော်ရွေသူ၊ ကြီးငယ်မဟူ လေးလေးစားစား ဆက်ဆံတတ်သူ၊ ကျနော်တို့မှာ သူ့တူ သူ့သား အရွယ်လောက်သာ ရှိပါသည်။

ကျနော်တို့လူငယ်များ မရှင်းလင်းသည်များကို သိချင်သည်များရှိပါက ဆရာ့ကိုမေးမြန်းလျှင် အမြဲပင် တလေးတစား ဂရုတစိုက် ရှင်းလင်းဖြေကြားတတ်ပါသည်။ ဥပဓိရုပ်လည်း ကြည်လင်သန့်ရှင်း ခန့်ညားသူ ဖြစ်သည်။

တော်လှန်ရေးနယ်မြေသို့ရောက်ပြီး လေးငါးနှစ်အကြာ ညတညတွင် မဖြစ်စဖူး ဆရာဗန်းမော့်ကို အိပ်မက်ပါသည်။ အိပ်မက်ထဲတွင် …

“ဆရာ … ကျွန်းမှာတုန်းက ကျနော်တို့က လူငယ်တွေဖြစ်တော့ တက်ကြွတာပဲရှိတယ် ဆရာ၊ အတွေ့အကြုံ နုနယ်သေးတယ်။ ဆရာအပေါ်မှာ ဆက်ဆံခဲ့တာ အပြစ်ကြီး အပြစ်ငယ်ရှိရင် ကျနော့်ကို ခွင့်လွှတ်ပါဆရာ”

ကျနော်ပြောပြီး လန့်နိုးလာပါသည်။ အိပ်ရာမှနိုးသောအခါ မျက်ရည်ဝဲနေပါသည်။ ဆရာ့ကို တမ်းတမ်းတတ သတိရမိသည်။

၁၉၈၈ ဒီဘက်နောက်ပိုင်း ဆရာဦးလှဖေတို့၊ ကိုအောင်စောဦးတို့ကို မေးကြည့်သောအခါ ကျနော် အိပ်မက်သည့်ကာလနှင့် ဆရာဗန်းမော်တင်အောင် ကွယ်လွန်သည့်ကာလမှာ တလတည်းဖြစ်ပြီး တိုက်ဆိုင်နေပါသည်။

ဆက်လက်ဖော်ပြပါမည်။

Thursday, February 18, 2010

ဒီ ကျွဲလေးကို ဘယ် စောင်းနဲ့တီးပြရပါ့ ... (ကာတွန်း စောငို)


ဆရာ မြသန်းတင့် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အမှတ်တရ (နိဂုံးပိုင်း)

ပြီးတော့ ဦးမြသန်းနဲ့ ကျနော်နဲ့ ပထမဆုံး စတွေ့ဖူးတာက ကိုကိုးကျွန်းမှာ တွေ့ဖူးတာပါ။ သူ့နာမည် သိနေတာ၊ သူ့စာတွေဖတ်ဖူးနေတာတော့ ဒိမတိုင်ခင် အစောကြီးကတည်းကပေါ့။

ဒါပေမယ့် တကယ့်တကယ် တွေ့ဖူးတာက ကျနော်တို့ ကိုးကိုးကျွန်းကိုပို့တဲ့ည ပြည်တော်ညွန့်သင်္ဘောပေါ်မှာ သင်္ဘောရဲ့ရှေ့က ဝမ်းခန်းထဲမှာ စပြီးတွေ့ဖူးတာ။ သူရယ်၊ ဦးလေး ဗန်းမော် တင်အောင်ရယ်က သင်္ဘောနံရံကိုမှီပြီး ဖင်ချထိုင်နေကြတယ်။

အဲ … ကျနော်က ဦးတင်အောင်ကိုတော့ မြင်တာနဲ့ မှတ်မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးတင်အောင်က ကျနော်တို့အိမ်ကို မကြာခဏ ရောက်နေလို့၊ ဒါပေမယ့် သူ့ကိုတော့ ကျနော်က သိပ်မမှတ်မိဘူး။ သူ့ကို သူများပြောပြမှ သြော် … အဲဒါ ဦးမြသန်းလို့ သိရတယ်။ နောက်ပြီး သူက မျက်မှန်ထူထူကြီးနဲ့ ထိုင်နေတာ။ အဲဒါနဲ့ပဲ ကျနော်က သူတို့ကို ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး စ,သိတာ။

အဲဒီနောက် ကျနော်တို့ ကျွန်းပေါ်ရောက်တဲ့အခါကျတော့ ဦးမြသန်းနဲ့ကျနော်နဲ့ အဆောင်တဆောင်တည်း နေရတယ်။ ခုနက သင်္ဘောပေါ်မှာတော့ စကားများများ မပြောခဲ့ရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးက ရှေ့ရေးကိုပဲ စဉ်းစားနေကြတဲ့အခါကျတော့ စကားများများ ပြောချင်စိတ်လည်း မရှိကြဘူး။

အဲ … ကျွန်းပေါ်ရောက်တဲ့အခါကျတော့ တဆောင်တည်းလည်း ဖြစ်တယ်။ ကွပ်ပျစ်အရှည်ကြီးပေါ်မှာ ကျနော်တို့ ၅ ယောက် အိပ်ကျတာ၊ သူနဲ့ ကျနော်နဲ့ကြားမှာ ပျဉ်းမနားက ကိုခင်မောင်ဇော် (ဇော်ဝင်းကို ပျဉ်းမနား) သူတယောက်ပဲ ရှိတယ်။ အဲဒီလို ဆက်ပြီး အိပ်ကျတယ်။

အဲဒီတော့ စကားတွေလည်း အများကြီးပြောဖြစ်ကြတာပေါ့။ အဲဒီလို ကိုကိုးကျွန်းကို ဦးမြသန်းတို့၊ ဦးတင်အောင်တို့ ပါလာတာဟာ ကျနော်တို့အတွက်တော့ အဘိဓာန်ကြီးတွေ ပါလာသလိုပဲ။ အင်္ဂလိပ်စာ အဘိဓာန်၊ နိုင်ငံရေးအဘိဓာန်၊ အတွေ့အကြုံဆည်းပူးဖို့ မေးစရာ၊ ဆည်းပူးစရာတွေက နှိုက်လို့မကုန်နိုင်ဘူး။

အဲ … သူတို့အနားမှာ အမြဲတမ်းလူ ရှိတယ်။ သူတို့နဲ့ စကားပြောချင်ကြတယ်။ သူတို့နဲ့ မေးချင်မြန်းချင်ကြတယ်။ ဦးမြသန်းဟာ ကိုကိုးကျွန်းပေါ်မှာ အင်္ဂလိပ်စာ မဖတ်နိုင်တဲ့ ရဲဘော်တွေအတွက် စာအုပ်တွေ ဘာသာပြန်ပေးတာတွေရှိတယ်။ ဟို … ကျမ်းကြီးရခိုင်တွေကို ဘာသာပြန်ပေးတာလည်း ရှိတယ်။ သူက ဖတ်ပြီး တောက်လျောက်ပြောချသွားတာ၊ အဲ့ဒါကို ဘေးက တယောက်က လိုက်ပြီးရေးရတယ်။ အရမ်းမြန်တယ်။ သူ့မျက်စိက အင်မတန်မှုန်တဲ့အခါကျတော့ စာအုပ်နဲ့မျက်စိနဲ့က တမိုက်လောက်တောင် မကွာဘူးထင်တယ်၊ ကပ်ကြည့်ရတာ။

အဲဒီလို ဦးမြသန်းက လူတိုင်းနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး လက်ပွန်းတတီးနေတတ်တယ်။ သူ့ကိုယ်သူ အလုပ်ကြမ်းတွေမှာ လုပ်ချင်တယ်။ သူများတွေလုပ်တာမှာ သူလည်း လုပ်နိုင်ရမယ်ဆိုပြီး လုပ်တယ်။ ထင်းလုပ်တဲ့အဆိုင်းတွေမှာလည်း ပါတယ်။ တောင်ယာလုပ်တဲ့အဆိုင်းတွေမှာလည်း ပါတယ်။ ဟိုဟာ သယ်၊ ဒီဟာသယ်ဆိုလည်း သူက လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုတဲ့နေရာမှာ အင်မတန် တင်းတင်းကျပ်ကျပ် တောင်းဆိုတယ်။

ရေကူးလေ့ကျင့်တယ်။ သူ တနေ့တနေ့ကို မီတာရာပေါင်းများစွာ ရေကူးတာ။ လူကတော့ မျက်စိက မှုန်လိုက်တာ မပြောနဲ့၊ သူ့မျက်မှန်က ဟို ဘိလပ်ရည်ပုလင်းဖင် မှန်ကိုတပ်ထားသလိုပဲ။ သူနဲ့ကျနော်နဲ့ တခါ ထမင်းစားရုံကနေ ထမင်းစားပြန်လာကြတဲ့အခါကျတော့ ရဲနီတွေရဲ့အဆောင်ရှေ့က ဖြတ်လာတယ်။ အဲဒီအခါကျတော့ ရဲနီတွေကနေပြီး ...

“ဦးမြသန်း ထမင်းစားခဲ့ပြီလား”

လို့ လှမ်းပြီး နှုတ်ဆက်တယ်။

သူက “ဟုတ်ကဲ့၊ စားခဲ့ပြီဗျာ”

လို့ ပြောတယ်။

ပြီးတော့ နည်းနည်းလွန်တော့မှ ...

“ကိုဖိုးသံ … ခုနက ကျနော့်ကို နှုတ်ဆက်တာဘယ်သူလဲဗျ”

လို့ မေးတယ်။ သူ့ခမျာ မြင်တာ မဟုတ်ဘူး၊ ရမ်းဖြေလိုက်ရတာ။ မျက်စိက အဲဒီလောက်ကို မွဲတာ။

ဒါပေမယ့် သူက အဲဒီလို မျက်စိသာမွဲတာ၊ ကျန်တဲ့ရဲဘော်တွေ တောတိုးကြပြီဆိုတဲ့အခါ သူလည်း တောတိုးမယ်ဆိုပြီး လိုက်တာပဲ။ ဓားရှည်ကြီးတလက်နဲ့၊ ကျနော်တို့ ကိုယ့်ဟာကိုယ်လုပ်ကြတဲ့ လက်နက်ကိရိယာတွေထဲမှာ ဓားတွေအများဆုံးပဲလို့ ထင်တယ်။ လူတိုင်းလိုလို ဓားရှိတယ်။ ဦးမြသန်းရဲ့ဓားကတော့ တံတောင့်ထွာလောက် ရှိမယ်၊ ဓားရှည်။ သူက အဲဒါနဲ့ တောတိုးတာ။

အာဏာပိုင်တွေက မသွားရလို့ ပိတ်ပင်ထားတဲ့နေရာတွေကို တခြား ရဲဘော်တွေက ခိုးသွားတယ်။ သူလည်း လိုက်တယ်။ အဲဒီကနေ အုန်းသီး ထမ်းတယ်။ ဟင်းရှာတာ လုပ်တယ်။ တမင်တကာ ကျနော်တို့ အရွဲ့တိုက်ပြီးတော့ အဲဒီဒေသကို စည်းကမ်းချိုးဖောက်ပြီးတော့ သွားနေကြတာ။

အဲဒီအထဲမှာ ဦးမြသန်းလည်း ပါတာပဲ။ အဲလိုအခါမျိုးမှာ သူဟာ မျက်မှန်သာ တပ်မထားရင် သူ့ရုပ်က အညာက လယ်သမားရုပ်ပဲ။ ချွေးတလုံးလုံးနဲ့၊ ဝတ်ထားတာကလည်း ထောင်ကပေးတဲ့ ပုံစံအဝတ်အစား၊ အဲဒါကို အုန်းခွံရောင်တွေ ဆိုးထားတာ။

သူ့ကို ပဲခူးရိုးမမှာကျသွားတဲ့ ရဲဘော်အောင်နိုင်က ဦးထုပ်လေးတလုံး ချုပ်ပေးထားတယ်။ အဲဒီ ဦးထုပ်ကလည်း ခုနက အုန်းခွံရောင်ဆိုးထားတာ၊ သူက အဲဒီဦးထုပ်လေးနဲ့ သူ့ကိုယ်သူ ယပ်ခပ်နေတာ၊ မောရှာလို့။ ပူကလည်း ပူကိုးဗျ။ ဦးမြသန်းက အဲဒီလို ရဲဘော်တွေနဲ့လည်း တသားတည်းနေတာ၊ နောက် ထင်းလုပ်ရင်လည်း အဲဒီလို ချွေးတလုံးလုံးနဲ့ ထင်းဆွဲတာပဲ၊ လွှဆွဲတာ။

ကိုကိုးကျွန်းရဲ့ ရက် ၄ဝ တိုက်ပွဲမှာ သူရယ်၊ ဦးလေး ဦးတင်အောင်ရယ် သူတို့နှစ်ယောက် ပထမ အသုတ်က ပါခဲ့တာ။ အဲဒီတိုက်ပွဲကို အလေးထားတဲ့အနေနဲ့ အဲဒီတိုက်ပွဲက ရဲနီတယောက် ကျဆုံးသွားတာကနေပြီးတော့ ကျနော်တို့ တိုက်ပွဲ စတိုက်ကြတာ။

ဒီတိုက်ပွဲကို ကျနော်တို့ ပေါ့ပေါ့တန်တန် မလုပ်ဘူး၊ အလေးထားတယ်ဆိုတာကို ဖော်ပြချင်တဲ့အတွက် ဦးမြသန်းရော၊ ဦးတင်အောင်ရော ပထမအသုတ်ကနေ ပါဝင်တာ။ အဲဒီတိုက်ပွဲမှာ သူတို့နှစ်ယောက်စလုံးက အင်မတန် တည်တည်ငြိမ်ငြိမ်နဲ့ ဣနြေ္ဒရရနဲ့ ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်ခဲ့တာ။ အဲဒါဟာ ကျနော်တို့ ကျန်တဲ့ ရဲဘော်တွေအားလုံးကို အားရ၊ အားတက်စေတယ်။

တပါတည်းမှာပဲ ကျနော်တို့ရဲဘော်တွေဟာ သူတို့နှစ်ယောက်ရဲ့ကျန်းမာရေးအတွက်လည်း အများကြီး စိုးရိမ်ပူပန်မိကြတယ်။ စိတ်လည်း မကောင်းကြပါဘူး။ အထူးသဖြင့် ဦးလေးဦးတင်အောင်၊ ဦးလေး ဦးတင်အောင်ဟာ နဂိုကတည်းက အစာအိမ်ကောင်းတာ မဟုတ်ဘူး။ ဦးလေးဦးတင်အောင်ဟာ အဲဒီ တိုက်ပွဲဒဏ်တွေ၊ သူ့ရဲ့ အင်မတန် ရှည်ကြာလှတဲ့ ထောင်ဒဏ်တွေ၊ အဲဒီ ဒဏ်တွေနဲ့ အစာအိမ်ကင်ဆာဖြစ်ပြီး အစောကြီး ကွယ်လွန်သွားတာ ဖြစ်တယ်။

အဲတော့ ကိုကိုးကျွန်းတလျောက်လုံးမှာ ဦးမြသန်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အားလုံး စွဲလန်းနေတာတခုက ဦးမြသန်းက အခက်အခဲ မကြောက်ဘူး။ ကျနော်တို့နဲ့အတူတူ ဒိုးတူဘောင်ဖက် လုပ်နိုင် ကိုင်နိုင်တယ်။ မာန မရှိဘူး။ ရဲဘော် ကြီးသည်၊ ငယ်သည်ဖြစ်စေ သူက ရို့ရို့ကျိုးကျိုး ဆက်ဆံတယ်။ စာတွေ အများကြီး ဖတ်ပြီးတော့ ကျနော်တို့ရဲဘော်တွေကို အသိဉာဏ်တွေကို ခွဲဝေပေးနိုင်တယ်ပေါ့ဗျာ။ ကျနော်တို့လိုအပ်တဲ့ အကူအညီအများကြီး၊ အထူးသဖြင့် ဉာဏပိုင်းနဲ့ ပတ်သက်တဲ့ အကူအညီတွေအများကြီး သူ့ဆီက ရခဲ့တယ်။

ကိုကိုးကျွန်းက ပြန်လာတဲ့အခါကျတော့ သူနဲ့ကျနော်နဲ့က အင်းစိန်ထောင် ၄ တိုက်မှာ အခန်းချင်းကပ်လျက် နေရတယ်။ အခန်းချင်းကပ်နေတယ်ဆိုတော့ ကျနော်တို့ စကားပြောချင်တယ်။ ညမှာပဲ အများဆုံး ပြောရတယ်။ ထောင်အစောင့်တွေ အလစ်မှာပေါ့။ စာဖတ်စရာ မရှိဘူး၊ အဲဒီမှာက အဲ … စာဖတ်စရာမရှိတဲ့အခါကျတော့ သူနဲ့စကားပြောရတာဟာ၊ သူ့ဆီကနေပြီး ကျနော်တို့ သိချင်တာတွေ မေးရတာဟာ ဆိုလို့ရှိရင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို ဖတ်နေရသလိုပဲ။

ဒါကြောင့်မို့ ကျနော် ညရောက်ပါစေလို့ပဲ မျှော်လင့်တယ်။ အဲ သူကလည်း ပြောတယ်။ ပြောတယ်ဆိုတာက ကိုကိုးကျွန်းမှာနေတုန်းက သူ့အနေနဲ့ စာရေးဖို့သားဖို့ သိပ်မစဉ်းစားနိုင်ဘူး။ အချိန်က မရှိဘူး။ ကျွန်းကိစ္စတွေနဲ့ ခေါင်းထဲမှာ အကုန်လုံး အဲဒါတွေနဲ့ပဲ လွှမ်းမိုးနေတယ်။

အခုအခါကျတော့ ထောင်ထဲမှာ ရောက်လာတဲ့အခါကျတော့ အချိန်ရတဲ့အခါကျတော့ သူ စာရေးဖို့သားဖို့တွေ စဉ်းစားတယ်။ သူက အဲဒီဟာတွေအကုန်လုံး ကျနော့်ကို ပြောပြတယ်။

အဲဒီတော့ သူ့ဆီက ကျနော်ကြားနေရတာတွေဟာ စာအုပ်တွေဖတ်နေရသလိုပဲ။ တက္ကသိုလ်မှာ သင်တန်းတွေ တက်နေရသလိုပဲ၊ ကျနော်နဲ့ အတူနေသူတွေ၊ သူနဲ့အတူနေသူတွေ၊ အခန်းနီးနားချင်းတွေကပါ နားထောင်ပြီးတော့ အကျိုးရှိသွားတာပဲ။

ပြန်ပြီး ချုပ်လိုက်မယ်ဆိုလို့ရှိရင်ပေါ့ဗျာ။ ဦးမြသန်းတင့်ဟာ ငယ်ငယ်လေးကထဲက လူထုတိုက်ပွဲတွေထဲမှာ ဖြတ်သန်းလာရတာ၊ နောက်ပြီး ကွန်မြူနစ်ပါတီနဲ့ နီးနီးကပ်ကပ်နေခဲ့ရပြီးတော့ လေ့ကျင့်ပေးတာလည်း အရယူခဲ့တယ်။ လွတ်လပ်ရေးရပြီးတော့လည်း ပြည်သူလူထုဘက်မှာ တလျောက်လုံး ရပ်တည်ခဲ့တယ်။ စာပေဇွဲလုံ့လ သိပ်ကြီးမားတယ်။ အင်မတန် စိတ်ဓာတ်အရ၊ သဘောထားအရ သိပ်ပြည့်ဝတဲ့သူတယောက် ဖြစ်တယ်။

အဲဒီလို ပြီးပြည့်စုံတဲ့ လူတယောက်ဖြစ်အောင် စာတွေ ဘယ်လောက် ဖတ်ရတယ်။ ဘယ်လောက် ကြိုးစားရတယ်၊ ဘယ်လောက် လုံးပမ်းရတယ်ဆိုတာ ဦးမြသန်းဟာ ကျနော်တို့ အားလုံးအတွက် လေးစားစရာ၊ အတုယူစရာပုဂ္ဂိုလ် တယောက်ပဲလို့ ကျနော်တော့ တသက်လုံး မှတ်ယူနေမှာ။

၁၈-၂-၂၀၀၄ ရက်နေ့ ဒီဗွီဘီ အသံလွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သရုပ်ဖော်ပုံ - နေထွန်း


Wednesday, February 17, 2010

သိမ်းထားမိတဲ့ ပန်းချီကားများ (၁)

ကရင်တိုင်းရင်းသားလေး ပန်းချီ ပိုးထူးရဲ့ ပန်းချီလက်ရာတချို့ပါ။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၉)

ကိုလေးမောင်က ကျနော့်ထက် အသက် ၆ နှစ်လောက် ကြီးပါတယ်။ တက္ကသိုလ်ရောက်တာလည်း အများကြီး စောတယ်။ ကျနော် တက္ကသိုလ်ရောက်လို့ ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ စပြီးပါတော့ အခြေအနေတွေဟာ အရင်ကာလတွေနဲ့ မတူတော့ဘူး။

အထူးအဖြင့် ၁၉၆၂ ခုနှစ် ဇူလိုင်၇ ရက်နောက်ပိုင်းမှာ ကျောင်းသားလှုပ်ရှားမှု လှုပ်ရှားရတဲ့ပုံသဏ္ဍာန်ဟာ လုံးဝပြောင်းသွားပြီ။ အဲ့ဒီအချိန်မှာ သမဂ္ဂကို အဓိက တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေဟာ အဖမ်းခံသူ ခံရ၊ တိမ်းရှောင်သူ ရှောင်ရ အဲဒီလိုဖြစ်နေတဲ့ အချိန်။

အဲ့တော့ ကျောင်းထဲမှာရှိနေတဲ့ ကျန်ရစ်တဲ့ အစိုးရက မဖမ်းသေးတဲ့အထဲက အားလုံးရှိသမျှ အင်အားစုပြီးတော့ လုပ်ငန်းကို ပြန်ဆက်ထူထောင်နေကြတဲ့အချိန်၊ အဲ့ဒီမတိုင်ခင်အချိန် ကိုလေးမောင်ဟာ ကဗျာဆရာအဖြစ်နဲ့ပဲ အဓိက ရပ်တည်နေတာ။ သူဟာ နာမည်ကြီးတဲ့ ကဗျာဆရာတယောက် ဖြစ်နေပြီ။ အဲ့တော့ အခုလို လူနည်းလာတဲ့အခါကျတော့ သူလည်း ပြန်ပါဝင်လာတယ်။

အဲ့ဒီအချိန် သမဂ္ဂအဆောက်အဦဟာ မန္တလေးမှာ မရှိတော့ဘူး။ အဖျက်ခံလိုက်ရပြီ။ နောက် ကျနော်တို့စုနေကြ ဗောဓိကုန်းက ‘သပြေ’ ဆိုတဲ့ အိမ်လေးမှာ ကိုအောင်သူတို့က မရှိတော့ဘူး။ ဒါကြောင့် လူမစုနိုင်တော့ဘူး။ ဒါကြောင့် အဲ့ဒီတုန်းက အများအားဖြင့် လူစုကြတယ်ဆိုလို့ရှိရင် လဘက်ရည်ဆိုင်ထိုင်ရင် ရေနီမြောင်းထိပ်က ကိုကံရဲ့ လက်ဘက်ရည်ဆိုင်။ စကားပြောစရာရှိရင် အဲ့ဒီဗောဓိကုန်းထဲက ကိုလေးမောင်တို့အိမ်မှာ ပြောတယ်။ သူနေတဲ့အိမ်က ထုံးဖြူသုတ်ထားတဲ့ ဝါးကပ်တဲ။

ဒါကြောင့် ကျနော်တို့ အားလုံးက အဲ့ဒီ ဝါးကပ်တဲကြီးကို ‘အိမ်ဖြူတော်’လို့ ရယ်စရာ မောစရာ ပြောကြတယ်။ တကယ်တော့က အိမ်တအိမ်လုံးမှ ဝါရှင်တန်က အိမ်ဖြူတော်ရဲ့ စားပွဲတလုံးလောက်တောင် တန်ဖိုးရှိမှာ မဟုတ်ပါဘူး။

အဲ့ဒီနောက် ၆၃ ခုနှစ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပျက် ဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန်လုပ်လာတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ကျောင်းသားသမဂ္ဂလုပ်ရှားမှုကို မြေအောက်လုပ်ရတယ်။ အဲ့ဒီတုန်းကလည်း ကိုလေးမောင်နဲ့ ကျနော်နဲ့ အတူတူ လှုပ်ရှားရတာပဲ။ ဒီအချိန်မှာ သူနေတာက မန္တလေး၊ မလွန်ရပ်က ၈၅ လမ်းပေါ့။ အဲ့ဒီမှာ ကွယ်လွန်သွားတဲ့ စာရေးဆရာ ကိုတောလူ (ကိုစောလွင်)ရဲ့ တိုက်ကလေးတလုံး ရှိတယ်။ ကိုစောလွင်က မန်းတက္ကသိုလ်သမဂ္ဂမှာ ဥက္ကဋ္ဌ လုပ်ဖူးတယ်။

အဲ့ဒီတိုက်ဝန်းနောက်က တိုက်ခန်းထဲမှာ ကိုလေးမောင် နေတယ်။ ကိုလေးမောင်နဲ့ ကိုသာနိုးနဲ့ အတူတူနေကြတယ်။ အဲ့ဒီတုန်းက ကျနော်တို့ရဲ့လှုပ်ရှားမှုဟာ အဲ့ဒီနေရာမှာ အတော်များများ အခြေခံတာ။ (ကိုသာနိုးကတော့ မပါတော့ပါဘူး) ကိုလေးမောင်ရှိတဲ့ဆီမှာပဲ ကျနော်တို့က အခြေခံလုပ်ကြတာများတယ်။

မအေးစန်း ခေါ် မစိမ်းပင်တို့နဲ့အတူ ခွပ်ဒေါင်းစာစောင် ထုတ်ကြတော့လည်း အဲဒီနေရာမှာပဲ။ ကျနော်တို့ အတူတူ စာအုပ်ထုတ်ကြ။ စာအုပ်အဖုံး ဖုံးကြ။ နောက် ဖြန့်ဝေကြ။ ကိုလေးမောင်နေတဲ့နေရာမှာပဲ ကျနော်တို့ လုပ်ခဲ့ကြတယ်။ ကိုလေးမောင်တို့နေတဲ့နေရာမှာပဲ ကျနော်တို့လုပ်ခဲ့ကြတယ်။ အဲ့ဒီက ဆက်ပြီးတော့ ၆၆ ခုနှစ်မှာ အဖမ်းခံရတော့လည်း အတူတူ။ မန္တလေးထောင်ထဲမှာ ၁ တိုက်၊ ၄ တိုက်၊ ၂ တိုက်၊ စစ်ထောင်တွေကို သူနဲ့ကျနော်နဲ့ တနေ့တည်း အမြဲအတူပြောင်းရတာချည်းပဲ။

မန္တလေးထောင်ထဲမှာ ကျနော်တို့ လှုပ်ရှားမှုရဲ့အဓိက တာဝန်ခံလို့ဆိုရမယ့် ကိုဌေးလှ ကျဆုံးပြီးတဲ့နောက်ပိုင်းမှာ ကျနော်အဖို့ အစစအရာရာ ကိုလေးမောင်ကိုပဲ အဓိက တိုင်ပင်ခဲ့ရတယ်။ လူဆိုတာ ထောင်ထဲမှာ ဖြတ်သန်းတဲ့အခါမှာ (အထူးသဖြင့် ကျနော်တို့လို အဲ့ဒီတုန်းက အသက်ငယ်ငယ်နဲ့ လူတွေအဖို့မှာ ဆိုလို့ရှိရင်) အတွေးအခေါ် အတက်အကျ၊ ခေါင်းထဲမှာ ရှုပ်ထွေးမှုတွေအမျိုးမျိုး ကြုံတွေ့ရတယ်။

အဲ့တော့ ကိုယ့်တယောက်တည်း ဖြေရှင်းလို့မရဘူး။ တိုင်ပင်စရာ အမြဲလိုတယ်။ အဲဒီအခါမှာ ကိုလေးမောင်ဟာ ကျနော့်အတွက် အင်မတန် အဖိုးတန်တဲ့ အကူအညီတွေ ပေးနိုင်ခဲ့တယ်။

ပြောရမယ်ဆိုရင် ကျနော့်ဘဝမှာ သာမန် ကျောင်းသားလှုပ်ရှားမှုလုပ်နေရာကနေ တော်လှန်ရေးသမား ဖြစ်လာအောင် အတွေးခေါ်အရ၊ နိုင်ငံရေးအရ အပြောင်းလဲကြီးပြောင်းလဲတဲ့နေရာမှာ ကိုလေးမောင်ရဲ့ သြဇာတွေ အများကြီးပါနိုင်တယ်လို့ ပြောနိုင်တယ်။

အဲတော့ သူနဲ့ကျနော်နဲ့ ခုနကပြောသလို တိုက်တွေမှာလည်း အတူတူ။ တလျှောက်လုံး အတူတူပေါ့လေ။ ကျွန်းရောက်လာတော့လည်း အတူတူပေါ့လေ။ ကျွန်းရောက်တော့ သူဟာ အများရဲ့ ချစ်ခင်လေးစားမှုလည်း ခံရတယ်။ လူက စကားနည်းတယ်။ ပြောရင် တိတိကျကျနဲ့ စကားကိုတန်ဖိုးထားပြီး ပြောတယ်။ နောက် ရိုးသားတယ်။ ပွင့်လင်းတယ်။ နှိမ့်ချတယ်။ အနစ်နာခံတယ်။ ဒါကြောင့် လူချစ်လူခင်သိပ်များတယ်။

ခုပြောခဲ့တဲ့ အကြောင်းရင်းတွေကြောင့် သူ ကျဆုံးတယ်ဆိုတဲ့အခါကျတော့ ကျနော်ဟာ မျက်ရည်ကျရုံတင် မကဘူး။ ကျနော်နဲ့ ကုတင်ချင်းကပ်လျက်အိပ်တဲ့ ရဲဘော်အောင်ဘော်ရဲ့ပုခုံးပေါ်မှာ ကျနော် ရှိုက်ကြီးတငင် ငိုခဲ့မိတယ်။ ဒါ ကျနော့်ဘဝမှာ ပထဆုံးအကြိမ် ဒီလိုငိုတာပဲ။

ဒီမှာစပ်မိလို့ ကိုအောင်ဘော်ဆိုတာက ကျနော်တို့နဲ့ အမှုတွဲအတူတူ၊ တလျှောက်လုံး မန္တလေးထောင်မှာလည်း အတူတူ၊ နောက် ကျွန်းမှာလည်း အတူတူ။ သူက ကျောက်ပန်းတောင်းသား၊ မန္တလေးတက္ကသိုလ်က။ သူက ကျွန်းကပြန်လာ၊ ထောင်ကလွတ်လာပြီးတဲ့နောက် ၁၉၇၅ ခုနှစ်လောက်မှာ အခြားကျွန်းပြန်တွေဖြစ်တဲ့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဉာဏ်ဝင်း၊ ကိုဉာဏ်ဝင်းရဲ့ညီ ကိုတင်မောင်ဝင်းတို့နဲ့အတူတူ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ပဲခူးရိုးမကို ရောက်သွားခဲ့တယ်။ နောက်တော့ ပဲခူးရိုးမမှာပဲ ကျဆုံးသွားခဲ့တယ်။

ကိုလေးမောင်ကျဆုံးတာက နေ့လည် ၂ နာရီလောက် ထင်တယ်။ သူရဲ့တိုက်ပွဲဝင်ဆောင်ပုဒ်အဖြစ်ကတော့ သူ့ကဗျာ တပုဒ်ထဲက သူလုပ်ခဲ့တဲ့ UG လုပ်ငန်းရဲ့ နိမိတ်ပုံဖြစ်တဲ့ …

‘ရန်သူ့နှလုံးအိမ်တွင်း စိုက်သွင်းထားတဲ့ ဓားမြှောင်နီ’

ဆိုတာကို ရွေးထားခဲ့တယ်။

အဲ့ဒီလို သူကျဆုံးပြီးတဲ့နောက် ၂ နာရီ ၃ နာရီလောက်ကြာတော့ ထောင်မှူးကြီးနဲ့ ထောင်မှူးတွေ စာရွက်လေးတရွက်ကိုင်ပြီး ကျနော်တို့ စခန်းထဲကို ရောက်လာကြတယ်။ သူတို့က တိုက်ပွဲဆောင်တွေထဲဆီ ရောက်လာပြီး ကျနော်တို့ တောင်းဆိုတဲ့အတိုင်း ‘ကိုယ်ထူကိုယ်ထစနစ်ကို ဖျက်သိမ်းပါပြီ’ ဆိုတဲ့အကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးပေးတယ်။

အဲ့ဒီတော့မှ ကျနော်တို့လည်း အောင်ပွဲခံပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ တိုက်ပွဲသိမ်းပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ အင်တာနေရှင်နယ် (နိုင်ငံတကာသီချင်း)ကို အားလုံးသံပြိုင်ဝိုင်းဆိုကြတယ်။ သီချင်းဆိုရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို မြင်ယောင်နေတယ်။ ဒါကြောင့်မို့ သီချင်းဆိုတဲ့နေရာမှာ နာနာကျည်းကျည်းဆိုနေကြတာ။ ရင်ပွင့်မတတ်ပဲ။ ဝမ်းသာတယ်ဆိုတဲ့ ခံစားမှုမရှိဘူးဆိုတာ အဲဒီတုန်းက အမှန်ပဲ။

ဆက်လက်ဖော်ပြပါမယ်။

Tuesday, February 16, 2010

ဆရာ မြသန်းတင့် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အမှတ်တရ

ဦးမြသန်းတင့်ကို ကျနော်က ‘ဦးလေး ဦးမြသန်း’ လို့ အမြဲတမ်းခေါ်တယ်။ အဲ့တော့ ကျနော် အခုပြောရင်လည်း အဲ့ဒီ နာမည်နဲ့ပဲ ပြောတော့မယ်။ ကျနော်ပြောတဲ့အခါမှာ သူနဲ့ကျနော်နဲ့ ကိုကိုးကျွန်းမှာ ဖြတ်သန်းခဲ့တာတင်မကဘဲနဲ့ သူနဲ့ပတ်သက်ပြီး တခြားပုဂ္ဂိုလ်တွေဆီက ကြားဖူးတာ၊ ကျနော့်မိဘများဆီက ကြားဖူးတာ အဲ့ဒါတွေပါ ဒီမှာ ထည့်ပြီးပြောပြချင်တယ်။ ဒီလို …။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးခါနီး ဂျပန်တော်လှန်ရေးဟာ အထက်ဗမာပြည်ဘက်မှာ စပြီးတော့ အောင်ပွဲတွေ ရတယ်ဗျ။ အဲ့တော့ အထက်ဗမာပြည်ဟာ အောက်ဗမာပြည်ထက် အရင်လွတ်မြောက်တယ်လို့ ပြောလို့ရတယ်။ ဗမာပြည်မှာ ဗြောင် နိုင်ငံရေးလှုပ်ရှားမှုတွေဟာ အဲ့ဒီအချိန်က အဓိကအားဖြင့် အထက်ဗမာပြည် မန္တလေးကို ဗဟိုပြုပြီး ပေါ်ပေါက်လာတယ်။

ဒါကြောင့်မို့ မန္တလေးမှာ အထက်ဗမာပြည်က နိုင်ငံရေးသမားပေါင်းစုံ (အထူးသဖြင့်တော့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုတွေပေါ့) အကုန် မန္တလေးမှာ လာပြီးစုကြတယ်။ မန္တလေးပတ်ဝန်းကျင်က စစ်ကိုင်းတို့ဘာတို့က လာတာရှိသလို၊ ပခုက္ကူ ရေစကြိုဘက်ကလူတွေလည်း အများကြီး ပါလာတယ်။

ဥပမာဆိုလို့ရှိရင် နောင်မှာ အလံနီဖြစ်သွားတဲ့ ကိုကျော်သန်း၊ စာရေးဆရာဖြစ်လာတဲ့ ဦးမြသန်းတို့၊ ဦးကျော်အောင်တို့၊ နောက်တခါ မနှစ်ကမှ ကွယ်လွန်သွားတဲ့ ရေစကြို ဦးညွန့်အောင်၊ အဲဒီ လူတွေ ရောက်လာကြတယ်။ ဦးမြသန်းတင့်လည်း အဲဒီမှာ တခါတည်း ပါလာတာပဲ။

အဲဒါအပြင် မန္တလေးမှာ ဘယ်သူတွေ လာစုသေးလဲဆိုတော့ ကျနော်တို့ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ကရက်မှာ ဗဟိုကော်မတီဖြစ်လာတဲ့ ပါမောက္ခ ဦးကျော်ရင်တို့လို လူတွေလည်း အထက်ဗမာပြည်မှာ ရှိနေကြတယ်။ ကျနော်ကလည်း အဲဒီအချိန်ကြမှ မွေးတာ။ ကျနော့်ကိုမွေးတုန်းက ဦးကျော်ရင်က ကျနော့်အဖေနဲ့အတူ ကျနော့်အမေကို ဆေးရုံလိုက်ပို့ရတာ။ ညကြီးမှာ။ အဲဒါကြောင့်မို့လို့ ကျနော်က ဦးကျော်ရင်ကို မှတ်မှတ်ရရ ဖြစ်နေတာ။

အဲတော့ ဦးမြသန်းဟာလည်း အဲဒီလိုနဲ့ မန္တလေးရောက်လာတော့ အဲဒီတုန်းက ကွန်မြူနစ်ပါတီက ရဲဘော်တွေအားလုံးဟာ မန္တလေး ပိုက်ကျုံးမှာရှိတဲ့ ‘ပါတီဘုံရိပ်သာ’ မှာ စုပြီးနေကြတယ်။ ဦးမြသန်းက အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်ပဲ။ အသက် ၂ဝ မပြည့်သေးဘူး။

အဲဒီအချိန်တုန်းက အထက်ဗမာနိုင်ငံမှာ ‘ဖဆပလ၊ ဖဆပလ’ ဆိုပြီး လှုပ်ရှားတဲ့အခါမှာ အဓိက လှုပ်ရှားနေတာက ကွန်မြူနစ်တွေပဲ။ အပေါ်မှာကတော့ မန္တလေးမြို့မိမြို့ဖတွေဖြစ်တဲ့ ဆရာကြီး ဦးရာဇတ်တို့၊ ဘယ်သူတို့လို ပုဂ္ဂိုလ်တွေလည်း ပါတာပေါ့။ ကျနော်အဖေက အဲဒီတုန်းက အထက်ဗမာပြည် ဖဆပလ မှာ အတွင်းရေးမှူး။ ဦးမြသန်းတို့၊ ဦးညွန့်အောင်တို့ ကိုကျော်သန်းတို့နဲ့ သူတို့နဲ့က အဲဒီအချိန်မှာ ရင်းနှီးတာ။ စာပေဝါသနာချင်းကလည်း တူကြတာကိုး။ ဦးကျော်ရင်နဲ့ကတော့ အရမ်းကို ရင်း၊ ပြောစရာ မလိုဘူး။

အဲဒီလိုကာလဟာ ဒုတိယ ကမ္ဘာစစ်ကြီးကလည်း ပြီးခါနီးပြီ။ ကမ္ဘာအရပ်ရပ်မှာ မဟာမိတ်တွေ ဖက်ဆစ် ဆန့်ကျင်ရေး အင်အားစုတွေက အောင်ပွဲတွေပြန်ရနေတဲ့အချိန်၊ ထိုးစစ်တွေ ပြန်စနေတဲ့အချိန်။ ကျနော်တို့ ဗမာပြည်မှာဆိုလို့ရှိရင်လည်း ဂျပန်ဖက်ဆစ်တွေ ဆုတ်နေရတဲ့အချိန်။ အောင်ပွဲရဲ့အလားအလာတွေ မြင်နေရတဲ့အချိန်။ တနိုင်ငံလုံး ပြည်သူတွေ၊ ရဟန်းရှင်လူတွေအားလုံး အားတက်နေကြတဲ့အချိန်။

အဲလိုအချိန်မျိုးမှာ မှန်ကန်တဲ့ ဦးဆောင်မှုလည်း ရှိတယ်။ အောင်ပွဲစိတ်ဓာတ်တွေလည်း ရှိနေတဲ့အခါကျတော့ လူတိုင်းဟာ တက်ကြွနေကြတယ်။ ကျနော်တို့ ကွန်မြူနစ်ပါတီရဲ့ဘုံရိပ်သာဆိုလို့ရှိရင် အင်မတန် စည်ကားတာ။ အဲ့ဒီတုန်းက အင်္ဂလိပ် တပ်တွေထဲမှာပါတဲ့ ကွန်မြူနစ်ပါတီဝင်တွေ (အဲဒီတုန်းက ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ညွန်ကြားချက်ကလည်း ရှိနေတော့) သူတို့က ဘုံအဖွဲ့ကို လာကြတယ်။

ကျနော်တို့ ပါတီကရဲဘော်တွေ ဆင်းဆင်းရဲရဲ စားနေရတာကြည့်ပြီးတော့ သူတို့က သူတို့ရာရှင်ရတဲ့ စားစရာ သောက်စရာတွေ စီးကရက်တွေ လာလာပြီး ပေးတယ်။ နောက်ပြီးကျတော့ သူတို့ရဲ့ ပါတီဝင်ကြေးကိုလည်း ဗမာပြည်က ကွန်မြူနစ်ပါတီဆီမှာ လာပြီးပေးသွင်းတယ်။ ဒီက ကလပ်စည်းတွေထဲမှာ ကလပ်စည်း ဖြတ်သန်းမှု လုပ်တယ်။

အဲ့လိုအခြေအနေတွေနဲ့ဆိုတော့ အားလုံးက တက်ကြွနေတဲ့အခါမှာ အထက်ဗမာပြည်က ကွန်မြူနစ်တွေကို ဦးကျော်ရင်က သီချင်းတွေ သင်ပေးတယ်။ အင်တာနေရှင်နယ် သီချင်းကို ဦးကျော်ရင်က ပထမဆုံး သင်ပေးတာပဲ။

တခါ ဦးကျော်ရင်က ယူဂိုဆလပ် စစ်ချီသီချင်း၊ ပြင်သစ် စစ်ချီသီချင်း စတာတွေလည်း သင်ပေးတယ်။ အဲ့ဒါအပြင် ရခိုင်သီချင်းတွေလည်း သူက သင်ပေးတယ်။ အဲ့ဒါကြောင့်မို့လို့ အထက်ဗမာပြည်က ကွန်မြူနစ်ပါတီဝင် အတော်များများဟာ ရခိုင်သီချင်းတွေကို ဆိုတတ်နေကြတယ်။

အဲဒီတုန်းက ပါတီဝင်တွေကို (ဘုံရိပ်သာမှာနေတဲ့သူတွေကို) တောင်းဆိုတာ ရှိတယ်။ ဒါ မန္တလေးက ဘုံရိပ်သာတင် မကဘူး။ အိန္ဒိယရောက်သွားတဲ့ လူတွေရဲ့ဘုံရိပ်သာမှာလည်း ဒီအတိုင်းပဲလို့ သိရတယ်။ အဲ့ဒီမှာ တောင်းဆိုတာက အချက်(၃)ချက်။

ရဲဘော်တိုင်း …

(၁) အလှူခံရင် လိုက်ပါရတယ်။ အလှူခံတယ်ဆိုတာ မြို့ထဲမှာဖြစ်မယ်။ ဈေးထဲမှာ ဖြစ်မယ်၊ ဘယ်ကိုပဲ သွားသွား အလှူခံတဲ့နေရာမှာ လိုက်ရတယ်။

(၂) တရားဟောရတယ်။ လူထုကို တရားဟောရတယ်။ အဲလို တရားဟောတာ လေ့ကျင့်ဖို့အတွက် ဘုံရိပ်သာတွေမှာ စကားရည်လုပွဲတွေ လုပ်ပေးတယ်။ မကြာမကြာ ကျင်းပ ပေးတယ်။ အကြောင်းအရာတော့ ပြောင်းပြောင်းပေးတာပေါ့။

နောက် တတိယအချက်က နံရံကပ်စာစောင်မှာ ဝင်ရေး ရတာ။ မရေးတတ်လို့ရှိရင် သူများက သင်ပေးတယ်။ ဦးကျော်ရင်လို ပုဂ္ဂိုလ်တွေက ပြင်ပေး၊ သင်ပေးတဲ့သူတွေပေါ့။

အဲ့တော့ ဆယ်ကျော်သက်အရွယ် ဦးမြသန်းဟာ အဲ့ဒီလို နံရံကပ်စာစောင်မှာ ကလောင်သွေးခွင့်ရတာပဲ။ ကလောင်သွေးခွင့်၊ လက်သွေးခွင့် ရတယ်။ ကျန်တဲ့ရဲဘော်တွေက ဝိုင်းဖတ်ပြီးတော့ အကူအညီပေးကြ၊ ထောက်ပြကြ၊ ဝေဖန်ကြ အဲ့ဒီလိုနဲ့ တိုးတက်လာတာပဲ။ ဒါကြောင့်မို့လို့ ဦးမြသန်းရဲ့ စာပေ ရေခံမြေခံဟာ ပြင်းထန်လှတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး လှိုင်းလုံးကြီးတွေထဲမှာ အစပြုတယ်လို့ပြောရင် ရမယ်လို့ထင်တယ်။

ခုနက အထက်မှာပြောခဲ့တဲ့ တရားဟောတာနဲ့ပတ်သက်လို့ ဦးမြသန်းပြောပြခဲ့ဖူးတာ တခု။ အဲ့ဒါက ကျွန်းပေါ်မှာတုန်းက ကျနော့်ကို သူ ပြောပြတာ။ အဲ့ဒီခေတ်တုန်းက သူတို့ရေစကြိုဘက်မှာ အင်မတန် နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်း ဆိုတာ ရှိတယ်။ ဓားပြဂိုဏ်းခေါင်းဆောင်က ရှင်မတောင် ခင်မောင်။

ဓားပြဂိုဏ်းဆိုလို့ နှယ်နှယ်ရရ မထင်နဲ့။ အင်အားက တထောင်လောက် ရှိတယ်။ သူတို့က ရွာလုံးကျွတ် ရွာအလိုက် ပါကြတာ။ တိုက်စရာရှိရင်လည်း ရွာလုံးကျွတ် ထွက်တိုက်တာ။ အဲ့ဒီလို ဓားပြဂိုဏ်းကြီးကို သွားပြီးတော့ ပါတီက ဆွေးနွေးခိုင်းတယ်။ သူတို့ ပခုက္ကူ ရေစကြိုက လူတွေကို လွှတ်တာပေါ့။

အဲ့ဒီတုန်းက ဦးမြသန်းလည်း ပါသွားတယ်။ သွားပြောရတာက … ခင်ဗျားတို့ ဓားပြစားတယ်ဆိုတာက စနစ်ကြောင့် ဖြစ်ပါတယ်၊ ကျနော်တို့ နားလည်နိုင်ပါတယ်၊ ဘာညာပေါ့။ အဓိက,ကတော့ နားချတာတမျိုးပါပဲ။ အဲတော့ ဟိုက ကောင်းကောင်းမွန်မွန် လက်ခံနားထောင်တယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ပြန်ခွင့်ပြုတယ်။ သူတို့တရားပွဲက အောင်မြင်တယ်လို့ ပြောနိုင်တယ်။

ဆိုလိုတာက ဦးမြသန်းဟာ သူ့စာပေဘဝ စတင်ကတည်းက အဲ့ဒီလို လူထုနဲ့ နီးနီးကပ်ကပ် လူထုလှုပ်ရှားမှုတွေထဲမှာ ကိုယ်ရောစိတ်ပါ ပါဝင်ပြီး လုပ်ရင်းကိုင်ရင်းကနေပြီးတော့ ကလောင်တဖက်၊ အော်လံတခွက်လိုဟာမျိုးကို ကိုင်ပြီးတော့ လုပ်ခဲ့ရတာ။

လွတ်လပ်ရေးရပြီးတယ်ဆိုတော့လည်း သူဟာ ဗမာပြည် ပြည်သူတွေရဲ့ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုထဲမှာ ထက်ထက်သန်သန် ပါဝင်ခဲ့တာ အဲဒီလှုပ်ရှားမှုတွေနဲ့ သူ နိုင်ငံခြားသွားရတာ ရှိတယ်။ ကိုကိုးကျွန်းကို ၂ ခါရောက်ရတာလည်း ရှိတယ်။

သူ့ဘဝတလျောက်လုံးမှာ အုပ်စိုးသူတွေရဲ့ငြိုငြင်ခံရတဲ့ စာပေသမား တယောက်အဖြစ်နဲ့ ရပ်ခဲ့ရတယ်။ သူ့ရဲ့စာပေထွန်းပြောင်ခဲ့တာဟာ အဲဒီလို ရေခံမြေခံ၊ အဲဒီလို ဖြတ်သန်းမှုတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်၊ ခွဲမရဘူးလို့ ကျနော်ထင်တယ်။

ကျနော်တို့ဗမာပြည်ရဲ့စာပေသမိုင်းမှာ စာပေလောကမှာ နာမည်ကြီးတဲ့ လူချစ်လူခင်များတဲ့၊ သိက္ခာရှိတဲ့လူတွေ မနည်းပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာ အစိုးရအငြိုငြင်ခံပြီးတော့ စာပေလောကမှာ အကျိုးပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အခုထက်ထိ ပြည်သူလူထုက သူရဲကောင်းလို့ ထင်မှတ်နေကြတာပါပဲ။

ဆက်လက်ဖော်ပြပါမယ်။

Monday, February 15, 2010

သားသတ်ရုံသာ ပို့လိုက်ပါတော့ .... (ကာတွန်း စောငို)


သိမ်းထားမိတဲ့ ပန်းချီကားများ

သိမ်းထားမိတဲ့ ပန်းချီ မောင်မောင်တင်ရဲ့ ကားတချို့ပါ။


No Name

I don't have to worry about finding a snack

Where is the future?

Please, wait for him to grow up !

Each morning we wake up to the foul smell of garbage

They will always remember the day of his landmine injury. His wife, then eight months pregnant, carrying him back to the village to find help

They live on the road, they eat on the road and they sleep on the road

Can it be healed?

He has gone

Let me take a rest ... for a while, please

Please ... a safe place

(အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မတောင်းခံနိုင်ခဲ့ပါ။)

Saturday, February 13, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၈)

ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်။ ကျွန်းဘဝကိုရေးနေတဲ့အချိန် မနေ့က ဦးမြသန်းတင့်နဲ့ပတ်သက်တဲ့ အခန်းလေးတခုကို ရေးခဲ့သေးတယ်။ ဒီမနက် ဘီဘီစီမှာ ဆရာကွယ်လွန်တဲ့သတင်းကို ကြားလိုက်ရလို့ ဝမ်းနည်းတုန်လှုပ်စွာ ခံစားရပါတယ်။

ဆရာဦးမြသန်းတင့်ဟာ ကျနော်တို့လူငယ်တွေအပေါ်မှာ ကျေးဇူးများခဲ့တဲ့ ဆရာကြီးတဦးဖြစ်ပါတယ်။ ဒီမှတ်တမ်းရဲ့အစပိုင်းမှာ ကျနော်ဖော်ပြခဲ့သလိုပဲ တောင့်တင်းသန်မာတဲ့ ကျနော်တို့လူငယ်တွေ ထင်းခွေ၊ ထင်းဖြတ်လို အလုပ်မျိုးကို ကျနော်တို့နဲ့အတူ လိုက်ပါလုပ်ဆောင်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ဖွဲ့စည်းမှုက ဒီလို ပင်ပန်းကြမ်းတမ်းတဲ့အလုပ်နဲ့ လိုက်ဖက်သည် မဟုတ်ပါ။

သူ့မျက်မှန်အထူကြီးနဲ့ တပ်ထားတာကိုက သူဟာ ပညာရှင်တယောက်၊ ပညာတတ်တယောက်ရဲ့ ရုပ်သွင် လက္ခဏာမျိုးပါ။ ကျနော်တို့လူငယ်တွေက ထင်းဖြတ်တဲ့အခါတိုင်း လူလဲတဲ့အခါမျိုးမှာ ဆရာက ...

“ကျနော် တလှည့်ဝင်မယ်”

သူကပြောပြီး အတင်းလွှဝင်ဆွဲဖို့လုပ်ပါတယ်။

“ဟာ … ဆရာ၊ နေပါစေ မလုပ်နဲ့”

ပြောလည်းမရပါ။ လွှကို သူနိုင်သလောက် ဝင်ပြီးဆွဲပါသည်။ ကျနော်တို့နဲ့ဆရာလိုက်လာတာ ကျနော်တို့ ပျော်ပါသည်။ လူငယ်တွေထဲမှာ လူကြီးတယောက်ပါတော့ အားရှိတာပေါ့။ လူငယ်တွေထဲမှာ မိဘလို၊ ဆရာသမားလို၊ ခေါင်းဆောင်လို ပုဂ္ဂိုလ်တယောက်ပါတော့ ပိုပြီးအားရှိ အားကိုး ကြတာပေါ့။

ကျနော်တို့ထင်းဖြတ်ပြီး ခဏတဖြုတ်နားကြသည့်အခါမျိုးတွင် ၅ နှစ်၊ ၆ နှစ်သားသမီးလေးများ လောကကို စူးစမ်းသကဲ့သို့ ကျနော်တို့တတွေ သိချင်တာတွေ မေးကြတာပဲ။ ဆရာကလည်း ဖြေပါသည်။ ဆရာကလည်း တက်ကြွထက်သန်သော ကျနော်တို့ လူငယ်ရဲဘော်လေးများနှင့် လိုက်ရသည်မှာ ကျနော်တို့၏တက်ကြွမှုပါ သူ့ကို ဓာတ်ကူးပုံရပါသည်။

ဆရာဦးမြသန်းတင့် ကွယ်လွန်ချိန်နှင့် သူ့အကြောင်းရေးသည့်အချိန် တိုက်ဆိုင်နေပါသည်။ ဆရာ ဗန်းမော်တင်အောင်ကို အိပ်မက်မက်ခဲ့စဉ်က ဆရာ ကွယ်လွန်တာနဲ့ တိုက်ဆိုင်ခဲ့သည်။

ကျနော်၏ ကျွန်းဘဝတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသော အတိတ်ပုံရိပ်လွှာကို မှတ်တမ်းပြန်လည်ရေးသားသော အချိန်မှာ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ပြီးရေးသားပါသည်။ KNU ၏ ရှေ့တန်း ပြောက်ကျား ဒေသတနေရာတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် အားလပ်သည့်အချိန်ကလေးတွင် ရေးသားခဲ့ပါသည်။

ကျနော်ရေးသား သည့်ပတ်ဝန်းကျင်မှာ ဒေါနတောင်ခြေ၏တနေရာဖြစ်ပြီး ယာယီစခန်းချထားသည့်နေရာမှာ ရေတံခွန်တခုရှိပါသည်။ ရေတံခွန်၏ ‘တဝေါဝေါ’ ကျနေသည့်အသံမှာ ကိုကိုးကျွန်းဘဝများက ပင်လယ်ပြင်၏ လေသံ၊ လှိုင်းသံနှင့် အတော်တူပါသည်။

ကျနော်တို့၏အဖြစ်အပျက်များကို ပြန်လည်မှတ်တမ်းတင်ရန် ကွယ်လွန်သူ ဥက္ကဋ္ဌကြီး မန်းဘဇန်၊ ကွယ်လွန်သူ ဗိုလ်ချုပ် မြမောင်၊ ကွယ်လွန်သူ ဆရာကြီး စကောလယ်တော၊ ကွယ်လွန်သူ မန်းဒါဝိတ်နှင့် ရဲဘော်ရဲဘက်များ၊ မဟာမိတ် ခေါင်းဆောင်များက အကြောင်းဆုံတိုင်း ကျနော့်ကို တိုက်တွန်းကြပါသည်။ “ရေးတာပေါ့ဗျာ” လို့သာ ကတိပေးခဲ့သည်။

ယခုနှစ်ပေါင်း ၃၀ နီးပါးကြာမှပင် ရေးဖြစ်ပါတော့သည်။ အချို့အဖြစ်အပျက်ကလေးများပင် ပမာဒလေခ မေ့လျော့၍ နေခဲ့ပါပြီ။

မနေ့က ၁၈-၂-၉၈ ရက်နေ့ ဘီဘီစီ နံနက်ခင်းသတင်းကို ကျနော့်ယာယီတဲကလေးတွင် နားထောင်နေရာ ဆရာဦးမြသန်းတင့် ကွယ်လွန်ကြောင်း ဒေါ်ယဉ်ယဉ်မေ ကြေညာသွားခဲ့သည်။ ကျနော် စိတ်ထိခိုက် တုန်လှုပ်စွာ ခံစားနေရပါသည်။ ဘီဘီစီသတင်းကြေညာပြီးပြီးချင်း ယခုမှတ်တမ်းကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည် စစ်အာဏာရှင်တိုက်ဖျက်ရေးတိုက်ပွဲတွင် လက်တွဲတိုက်ခဲ့ကြသော ရဲဘော်ရဲဘက်များ၊ ခေါင်းဆောင်များ၊ ဘဝတူများတို့သည် တဖျောက်ဖျောက်နှင့် ကြွေလွင့်ခဲ့ရလေပြီ။

သူတို့၏မွန်မြတ်သော အသက်ဝိဉာဉ်များ ကို ပြည်သူတို့၏ဘဝလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးအတွက် ပေးလှူခဲ့ကြလေပြီ။ ကိုယ်ကျိုးမဖက် အသက်စွန့်ခဲ့ကြသည့် ဤရဲဘော်များသည် ကျနော်တို့၏ အသည်းပြင်မှာ သူတို့၏ နှလုံးသွေး၏ နှလုံးသွေးများနဲ့ ရေးသွားခဲ့ကြလေပြီ။

ကျနော်တို့၏ရှေ့မှ ကိုယ်ကျိုးစွန့်ခဲ့ကြသည့် ရဲဘော်များ၊ ခေါင်းဆောင်များ၊ ဘဝတူများ၏ ရဲရင့်ပြတ်သားစွာ အသက်ပေး၍ ညွှန်ပြခဲ့သည့် လမ်းကြောင်းအတိုင်း ကျနော်တို့သည် ဖဝါးခြေထပ် ထပ်ချပ်မကွာ လိုက်ပါမည်ဟု ရဲဝံ့စွာ ကတိပြုပါသည်။

ကျနော် ထောင်မှပြန်လွတ်လာပြီးနောက် ရန်ကုန်အရှေ့ပိုင်း ဆေးရုံတွင် ဗိုလ်ချုပ်ကျော်ဇော၏သမီး ဒေါက်တာ လှကျော်ဇောက ဆေးရုံတင်ပေးခဲ့ပြီး ကုသကူညီစောင့်ရှောက်ပေးခဲ့ပါသည်။ ဆေးရုံတွင်တက်ရောက်စဉ် ဆရာဦးမြသန်းတင့်က သူ့ ဓားတောင်ကိုကျော်၍ ဝတ္ထုကို ကျနော့်ကိုပေးဖတ်ပါသည်။

ဓားတောင်သည် ကျနော့်ဘဝ တစိတ်တပိုင်း ပါဝင်ပါသည်။ ဓားတောင်ကိုဖတ်ပြီး ကျနော် လွန်စွာခံစားခဲ့ရပါသည်။ ဆရာပေးဖတ်သည့် ဓားတောင်ကိုကျော်၍ ဝတ္ထုစာရွက် အလွတ်ထဲတွင် ကျနော့်ခံစားမှုနှင့် အမြင်ကို ရေးထားခဲ့ပါသည်။

ဆရာ့စာအုပ်ကိုပြန်ပေးသောအခါ ကျနော်ရေးထားသော ခံစားချက်ကို ဆရာဖတ်ပြီး ...

“ခင်ဗျားရေးထားတဲ့ ဒီစာလေးကို ဒီ စစ်အစိုးရကျဆုံးတဲ့နေ့မှာ ကျနော် ပူးတွဲထုတ်ဝေမယ်”

လို့ ဆရာပြောခဲ့ပါသည်။ ဆရာက ဆက်ပြောခဲ့သေးသည်။

“ကျနော့်ဓားတောင်ထဲက သံချောင်းဟာ ကျွန်းက ရဲဘော် ၄ ယောက်ရဲ့ စရိုက်၊ ဟန်ပန်၊ စိတ်နေစိတ်ထားကို စုပေါင်းပြီး သံချောင်းအဖြစ် ဖန်တီးထားတာ၊ ကိုချစ်ဆွေ (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုအုံးမော်( ကျွန်းဖျက်သိမ်းရေး ၅၂ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ ကိုလတ် (ကျွန်ဖျက်သိမ်းရေး ၅၂ ရက်ကြာအစာငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ နောက်ဆုံးတယောက်ကတော့ ကျနော်”

လို့ ဆရာက ပြောခဲ့ပါသည်။

ပြည်သူတို့၏ ဘဝလွတ်မြောက်ရေးအတွက် စာပေအနုပညာဖြင့် အလုပ်အကျွေးပြုခဲ့သော ဆရာဦးမြသန်းတင့်အား KNU ကရင့်လက်နက်ကိုင် တော်လှန်ရေး ဒေသတနေရာမှနေ၍ ဂရုဂရဝ နိဝါတ နိမာနဖြင့် ရိုသေစွာ ဦးညွတ်ကန်တော့ လိုက်ပါသည် ဆရာခင်ဗျား။

အောင်ပွဲသို့

သင့်ရဲဘော်
ရဲဘော်ရှောင်း

ဆက်လက်ဖော်ပြပါမည်။