Tuesday, September 25, 2012

တရုတ်နဲ့ ဆက်ဆံရေးကိစ္စ ပြောရပေဦးမယ် (မောင်ဝံသ)

အိမ်နီးချင်းကို ရွေးလို့မရ

ဆွေမျိုးဆိုတာ မခေါ်ရင်ရပေမယ့် မတော်ချင်လို့တော့ မရဘူးဆိုသလို ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံဆိုတာလည်း ရွေးလို့ရတာမျိုး မဟုတ်ဘူးဗျ။ ကိုယ့်အိမ်နီးချင်း ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မဖြစ်မနေ မိတ်ဝတ်မပျက် ဆက်ဆံရမှာပဲ ဖြစ်တယ်ဗျာ။ သိပ်ဆိုးတဲ့ အိမ်နီးချင်းဆိုရင်တော့ အဆက်အဆံမလုပ်ဘဲ ကိုယ့်ခြံစည်းရိုးကို ကိုယ်လုံခြုံအောင် ပိတ်ဆို့ထားဖို့ပဲ ရှိတယ်ဗျ။

ဒါပေမဲ့ ကိုယ့်ထက် အဆပေါင်းများစွာ အင်အား ပိုမိုကြီးထွားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရတဲ့ နိုင်ငံငယ်တစ်ခုရဲ့ ဦးစီးခေါင်းဆောင်တွေအနေနဲ့ကတော့ အင်မတန်ကို ပါးပါးနပ်နပ်နဲ့ သတိတမန် ဉာဏ်မြေကတုတ် လုပ်ကြဖို့တော့ လိုသပေါ့ဗျာ။ ရေတိုအကျိုးထက် ရေရှည်အကျိုးကိုကြည့်ပြီး လျှော့တန်လျှော့ တင်းတန်တင်း နည်းပရိယာယ် ကြွယ်ဝစွာနဲ့ ဆက်ဆံခဲ့ကြတဲ့ အိမ်နီးချင်း ဒစ်ပလိုမေစီတွေကို နမူနာ ယူနိုင်ကြမယ် ထင်တယ်ဗျ။

အမျိုးသားရေး သတိနဲ့ ဆင်ခြင် 

မြန်မာပြည်သူများရဲ့ အကျိုးစီးပွားရှုထောင့်က ရပ်တည်ပြီး ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို နိုင်ငံတော်သမ္မတကြီးက မိမိရဲ့ရာထူးသက်တမ်းအတွင်း ဆက်မလုပ်စေဖို့ရပ်ဆိုင်းခဲ့တာ တစ်နှစ်ကျော်သွားပြီးတဲ့နောက် မနေ့တစ်နေ့က သတင်းတစ်ခု ကြားလိုက်တယ်ဗျာ။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားတာ တဲ့။ ဖျက်သိမ်းပစ်တာ မဟုတ်ဘူးတဲ့။


ကျွန်တော့်ဗျာ၊ နားရင်းပါးရင်းတွေ ထူပူသွားမိပါတယ်။ လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်မိပါတယ်။ တယ် ခံရခက်ပါလားဗျ။ ဟိုတလောကလည်း အသားထဲက လောက်တစ်ယောက်က ပြောလိုက်သေးတယ် မဟုတ်လား။ မြစ်ဆုံ စီမံကိန်းကို တိုင်းပြည်အကျိုးအတွက် ဆက်လုပ်ရမယ်တဲ့ဗျာ။

အင်ဒိုချိုင်းနား ဒေသ 

သည်အကြောင်းတွေ ပြန်လှန်စဉ်းစားရင်း ကိုယ့်နေရာ ကိုယ့်ဒေသအကြောင်း သုံးသပ်မိတယ်ဗျ။

အခု အရှေ့တောင် အာရှဒေသလို့ ခေါ်ခေါ်နေကြတဲ့ ဒေသကြီးတစ်ခုလုံးကို တစ်ချိန်က သမိုင်းပညာရှင်တွေက အင်ဒိုချိုင်းနားဒေသကို ခေါ်ဝေါ်ခဲ့ကြတာ အားလုံးအသိပါ။ နိုင်ငံ အကျယ်အဝန်း ပမာဏအရရော၊ လူဦးရေအရရော၊ ယဉ်ကျေးမှု အစဉ်အလာအရပါ အင်မတန်မှ ကြီးမားရင့်ညောင်း ခိုင်မာလှတဲ့ အိန်္ဒိယနဲ့ တရုတ်ဆိုတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ တည်ရှိနေတာကြောင့် ပထဝီသဘောအရ ကွက်ကွက်ကွင်းကွင်း ထင်းခနဲ လင်းခနဲ ဖြစ်သွားအောင် Indochina လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်တယ်ဗျ။

စိနနဲ့ မဇ္ဈိမတိုင်းသား အချိုး 

အင်ဒိုချိုင်းနားဆိုတဲ့အတိုင်း အဲဒီဒေသနိုင်ငံတွေ နယ်မြေဒေသတွေဟာ အဲဒီနိုင်ငံကြီး နှစ်ခုကလာတဲ့ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး စတဲ့ သက်ရောက်မှုမျိုးစုံကို မလွှဲမရှောင်သာ ခံယူခဲ့ကြရတာ ဖြစ်တယ်ဗျာ။ ကျွန်တော်တို့နိုင်ငံအကြောင်းကိုပဲ သီးခြားရွေးထုတ်ပြောမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လူများစုကြီး ကိုးကွယ်နေကြတဲ့ ဗုဒ္ဓဘာသာဟာ အိန်္ဒိယနိုင်ငံက ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်က အင်မတန်မှ ကျော်ကြား ထင်ရှားခဲ့တဲ့ ပါတီကြီးတစ်ခုဆိုရင် တရုတ်ကွန်မြူနစ် ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ အတွေးအခေါ်ကို လုပ်ငန်း လမ်းညွှန်အဖြစ် သတ်မှတ်ခဲ့ဖူးတာ ဖြစ်တယ်ဗျ။ အဲသလိုပဲ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေမှာလည်း (ဆရာငြိမ်းကျော် အသုံးအနှုန်းနဲ့ ခဏငှားပြီး ပြောရရင်) စိန တိုင်းသားတွေနဲ့ မဇ္ဈိမ တိုင်းသားတွေရဲ့ အချိုးက သိပ်မနည်းလှတဲ့ အတိုင်းအတာနဲ့ ပါဝင်နေတယ်ဗျာ။

အိန္ဒိယ - တရုတ် - ဂျပန်နဲ့ မြန်မာ့ နိုင်ငံရေး 

ကျွန်တော်တို့နိုင်ငံဟာ သမိုင်းတစ်လျှောက် ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ အိန်္ဒိယဘက်ကို ပိုမို တိမ်းညွတ်ခဲ့ပါတယ်။ နိုင်ငံရေးအရလည်း အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတစ်လျှောက် တရုတ်နဲ့ပတ်သက်ခဲ့တာ အလွန်နည်းပါးတယ်။ ထင်ရှားတဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဂန်္ဒီ-နေရူးတို့ ခေါင်းဆောင်တဲ့ အိန်္ဒိယ ကွန်ဂရက်ပါတီနဲ့ အိန်္ဒိယ ကွန်မြူနစ်ပါတီနဲ့ အဆက်အစပ်များခဲ့တယ်။ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ရုန်းကန်လှုပ်ရှားကြရင်း လူငယ်ခေါင်းဆောင်တွေ အတွေးထဲ “အနုနည်းနဲ့တော့ မရတော့ဘူး၊ အကြမ်းနည်းနဲ့မှပဲ ရတော့မယ်” ဆိုတဲ့ အယူအဆ သန္ဓေတည်လာချိန် (၁၉၄၀ တစ်ဝိုက်) ကျတော့မှ တရုတ်တော်လှန်ရေးသမားတွေနဲ့ ဆက်မိအောင် ပထမဆုံး ကြိုးစားခဲ့ကြတယ်။

တရုတ်နိုင်ငံမှာကလည်း ပြည်သူကို ဖိနှိပ်အုပ်စိုးနေပေမယ့် နယ်ချဲ့ဖက်ဆစ်ဂျပန်ကို တွန်းလှန် တိုက်ထုတ်ဖို့ စိတ်ကူးရှိပုံမရတဲ့ ချန်ကေရှိတ် အစိုးရကို မော်စီတုံး ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူတွေရဲ့ အင်အားကိုပါရယူပြီး တော်လှန်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာမို့ သခင်အောင်ဆန်း ဦးဆောင်တဲ့ သခင်လူငယ်တစ်စုဟာ တရုတ် ကွန်မြူနစ်ပါတီဆီအရောက်သွားပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့ကြတဲ့အထိ တရုတ်ပြည် နိုင်ငံရေးက မြန်မာ့နိုင်ငံရေးအပေါ် သြဇာသက်ရောက်မှု ရှိခဲ့တယ်ဗျ။ တချို့သမိုင်းစာ မကျေသူတွေက သခင်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်နဲ့တိုက်ရိုက်ဆက်သွယ်ပြီး စစ်သင်တန်းတက်ခဲ့ကြတာလို့ပဲ သိထားကြတယ်။ တရုတ် ကွန်မြူနစ် အဆက်အသွယ်ကို အမွိုင်ကျွန်းမှာ စောင့်နေတုန်း ဂျပန်ထောက်လှမ်းရေးက လက်ဦးအောင် လာ မ,သွားတယ်ဆိုတာ တချို့ မသိကြဘူး။

ပါတီစုံမှ တစ်ပါတီသို့ 

တရုတ်နိုင်ငံရေးက မြန်မာ့နိုင်ငံရေးအပေါ် သြဇာသက်ရောက်မှုဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ် တစ်ဆစ်ချိုးကွေ့သွားခဲ့တဲ့ ၁၉၆၂ နောက်ပိုင်းမှာ ပိုပြီး ထင်ရှားလာခဲ့တယ်။ အကြောင်းကတော့ အဲဒီနှစ်ထဲမှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ တပ်မတော် ခေါင်းဆောင်စုက နိုင်ငံလွတ်လပ်ရေးရတဲ့အချိန်ကစလို့ ကျင့်သုံးလာခဲ့တဲ့ (အိန်္ဒိယနိုင်ငံရေးစနစ်နဲ့ အနှစ်သာရအားဖြင့် အတူတူဖြစ်တဲ့) ပါတီစုံစနစ်ကို ဖျက်သိမ်းပြီး တရုတ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်နဲ့ ‘ကြောင်းတူ သံကွဲ’ ဖြစ်တဲ့ တစ်ပါတီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြလို့ပဲ ဖြစ်တယ်ဗျ။

အဲဒီအချိန်မှာ တောထဲကနေ အစိုးရကို လက်နက်စွဲကိုင် ပုန်ကန်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတွေထဲက အင်အားအကြီးဆုံးအဖွဲ့ အပါအဝင် အဖွဲ့အချို့ရဲ့ လက်စွဲ သဘောတရားကလည်း တရုတ်ကွန်မြူနစ်ပါတီ ကိုင်စွဲထားတဲ့ လက်ဝဲဝါဒပဲဖြစ်တာမို့ အဲဒီကာလတွေမှာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးဟာ အာဏာရရော အာဏာမဲ့ပါ အိန္ဒိယထက် တရုတ်နဲ့ အများကြီး ပိုနီးစပ်ခဲ့တာ ဖြစ်တယ်ဗျ။

တရုတ်ကို အားထားခဲ့ရချိန် 

ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီး နောက်ပိုင်းမှာတော့ အဲဒီ အခြေအနေမက ပိုပြီး နက်ရှိုင်းသွားခဲ့တယ်ဗျာ။ အကြောင်းကတော့ နိုင်ငံတော်အာဏာကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထဲက လွှဲပြောင်းရယူခဲ့တဲ့ တပ်မတော် ခေါင်းဆောင်တွေက နိုင်ငံရေးစနစ်ကို ပါတီစုံစနစ်သို့ ပြန်လည် ပြောင်းလဲလိုက်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် လက်တွေ့မှာ စစ်တပ်ကသာ အုပ်ချုပ်တဲ့စနစ်ဖြစ်နေတာကြောင့် အနောက် ဒီမိုကရေစီနိုင်ငံကြီးတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ကြတယ်။ ဒီအနေအထားကို ခုခံကာကွယ်နိုင်ဖို့အတွက် မြန်မာ့စစ်ခေါင်းဆောင်တွေဟာ မိမိတို့အပေါ် နိုင်ငံတကာ မျက်နှာစာမှာ ရှေ့နေလုပ်ပြီး အခိုင်အမာ ကာကွယ်ပေးခဲ့တဲ့ ဗီတို အာဏာပိုင် တရုတ်နိုင်ငံနဲ့ သမိုင်းမှာ မကြုံဖူးလောက်အောင် ရင်းနှီး နီးစပ်လာခဲ့တာပဲ ဖြစ်တယ်ဗျ။

ဖိတဲ့ အိတဲ့ ဒဏ် 

နိုင်ငံနှစ်ခု အဲသလောက် နီးနီးကပ်ကပ် နက်နက်ရှိုင်းရှိုင်း ဆက်ဆံလာကြတဲ့ကိစ္စမှာ နှစ်နိုင်ငံစလုံးက ပြည်သူတွေ ရှုထောင့်ကကြည့်ရင် အကျိုးအမြတ်တွေရှိခဲ့ကြလိမ့်မယ်ဆိုတဲ့ အချက်ကတော့ သံသယဖြစ်စရာ မလိုဘူးဗျ။ ဒါပေမဲ့ အင်အားကြီးတဲ့ နိုင်ငံတစ်ခုနဲ့ အင်အားသေးတဲ့ နိုင်ငံတစ်ခု၊ အထူးသဖြင့် ခြံစည်းရိုးချင်းကပ်နေတဲ့ အင်အားကြီးတဲ့ နိုင်ငံတစ်ခုနဲ့ အင်အားသေးတဲ့ နိုင်ငံတစ်ခုတို့ရဲ့ ပုံမှန်ထက် ပိုပြီး နက်ရှိုင်းနီးကပ်တဲ့ ဆက်ဆံရေးမှာ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုဒဏ်ကို နိုင်ငံငယ်က ပိုပြီး ခံရမှာဖြစ်တယ်ဆိုတာ ရှင်းတယ်ဗျ။ နိုင်ငံကြီးရဲ့ ဖိတဲ့ အိတဲ့ဒဏ်ကို နိုင်ငံငယ်က ကြာလေ ပိုခံစားရလေဖြစ်မှာ အသေအချာပါပဲဗျာ။

နယ်စပ်မြို့တွေနဲ့ မန္တလေး 

ဒါကြောင့်လည်း မြန်မာနယ်စပ်မြို့တွေဟာ တရုတ်မြို့တွေနဲ့ တစ်နေ့တခြား ပိုပိုပြီး တူလာနေကြပြီ။ မြန်မာဘုရင် နောက်ဆုံးမင်းစိုက်ခဲ့ရာ မန္တလေးမြို့ရဲ့ အချက်အချာ နေရာအားလုံးလိုလိုကိုတောင် မြန်မာအမည်နဲ့ပေမယ့် မြန်မာစကားမပြောတတ်တဲ့ အသားဖြူနီစပ်စပ် မျက်ပေါက်ကျဉ်းကျဉ်းတွေက စီးနင်းသိမ်းပိုက်ထားကြပြီဆိုတဲ့ အရေးအသားတွေ၊ ကာတွန်းလက်ရာတွေ ဒီဘက်နှစ်ပိုင်းမှာ ကျွန်တော့်ကို ခပ်စိပ်စိပ် ဖတ်လာခဲ့ကြရတာ ဖြစ်တယ်ဗျာ။

မနှစ်က ကျွန်တော် ဖတ်လိုက်ရတဲ့ International Herald Tribune သတင်းစာပါ ဆောင်းပါးတစ်ပုဒ်ကလည်း အမျိုးပျောက်မှာစိုးကြောက်သူ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ သွေးတိုးနှုန်းကို ပိုပြီး မြန်စေမှာ ဖြစ်တယ်ဗျ။ အဲဒီဆောင်းပါးက တရုတ်နိုင်ငံမှာ ကျားမအချိုး အလွန်အမင်း ကွာဟမှုကြောင့် အိမ်ထောင်ဖက် ရှာမတွေ့နိုင်သူ တရုတ်အမျိုးသားတွေ ပိုမိုပြီးများလာနေတဲ့အကြောင်း ဖြစ်တယ်ဗျ။ အမေရိကန်နိုင်ငံမှာ ကျားမအချို့က ၁၀၅း၁၀၀ ရှိနေချိန်မှာ တရုတ်ကျေးလက် ဒေသတွေမှာ ၁၂၀း ၁၀၀ ဖြစ်နေတဲ့အကြောင်း၊ ပြည်နယ် ၉ ခုမှာဆိုရင် ၁၆၀း ၁၀၀ လောက်တောင် ဖြစ်နေတဲ့အကြောင်း ဖော်ပြထားတယ်ဗျ။ ကျွန်တော်တို့ မြန်မာအမျိုးသမီးငယ်လေးတွေ တရုတ်ပြည်မှာ အရောင်းစားခံနေကြရတဲ့ ခပ်စိပ်စိပ် ကြားခဲ့ရတဲ့ သတင်းတွေနဲ့ ဒီဆောင်းပါးကို ဆက်စပ်ကြည့်ပြီး ကျွန်တော်တော့ ရင်မောမိတာ အမှန်ပဲဗျာ။

သံခင်းတမန်ခင်း ဆောင်ရွက်ချက်များ 

အဲဒီတုန်းမှာပဲ မန္တလေးမြို့က ကြော်ငြာဘုတ်ကြီးတွေမှာ မြန်မာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုက လွဲပြီး တခြား ဘာသာစကားတွေ အသုံးမပြုဖို့ တားမြစ်လိုက်တယ်ဆိုတဲ့ သတင်းတစ်ရပ် ကြားလိုက်ရတယ်ဗျ။ ဘယ်လောက် အာဏာတည်သလဲဆိုတာတော့ ကျွန်တော် စစ်တမ်း မကောက်ကြည့်မိဘူးဗျာ။ အဲဒီလုပ်ရပ်ရဲ့ပစ်မှတ်က တရုတ် ဘာသာစကားလို့ ဆိုကြတယ်။

များမကြာခင်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ် သံအမတ်ကြီးက ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနှစ်က လာတွေ့သွားတယ်။ မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်ဟာ ယခု စက်တင်ဘာလအတွင်း တရုတ်ပြည်ကို အလည်အပတ်သွားတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် အလွန်တရာ အရေးကြီးတယ်လို့ပြောနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ နိုင်ငံခေါင်းဆောင်များရဲ့ သံခင်းတမန်ခင်း ဆောင်ရွက်ချက်တွေကို ပြည်သူအများနဲ့အတူ ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်ကလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေမည် ဖြစ်ကြောင်းပါဗျာ။

maungwuntha@gmail.com
၂၃၊ ၀၉၊ ၂၀၁၂


 

No comments: