Friday, May 31, 2013

ပျဉ်ဖိုး မသိသူများ... (ကာတွန်း စောငို)

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၂၀ (ကိုညို)

(အင်ဖားထောင်ထဲက ဘဝ)

“ပါလီ... ပါလီ... ပါလီ” 

နံနက်နေရောင်နဲ့အတူ စူးစူးဝါးဝါး အော်လိုက်တဲ့အသံကြောင့် အဆောင်အသီးသီးက အကျဉ်းသားတွေ ကမန်းကတန်းနဲ့ပဲ ကသဲ မယ်တော်ကြီး နတ်ကွန်းနားက မြေကြီးတွေနဲ့ ပေကျံမဲညစ်နေတဲ့ အဝတ်စုတ် အပိုင်းအစတွေကို အလုအယက်ပြေးကောက်ကြတယ်။ တချို့ကလည်း ရေပုံးတွေကိုင်ပြီး ထောင်ရဲတွေ ခွဲခြမ်းသတ်မှတ်ပေးတဲ့ မြေကွက်တွေကို ရေစိုအဝတ်နဲ့ ပွတ်တိုက်ရပါတော့တယ်။ 

“ပါလီ” ဆိုတာ မြေကြီးတွေကို ရေစိုအဝတ်နဲ့ပွတ်တိုက်ပြီး မြေကျံတဲ့အလုပ်ကို ပြောတာပါ။ အကျဉ်းဆောင်ပတ်ပတ်လည်နဲ့ နံရံဘေးတလျှောက် မြေကြီးမှန်သမျှ ပါလီ လုပ်ရတယ်။ မနက်တိုင်း မပျက်မကွက် လုပ်ရတယ်။ ထောင်ထဲက မြေမှန်သမျှ ပြောင်ရှင်းညီညာနေတာပဲ။ အကျဉ်းသားတွေ ပုံမှန်အလုပ်ဆိုလို့ နေ့စဉ် မြေကြီးကျံရတာရယ်၊ စားပြီးသား ပန်းကန်ခွက်ယောက်တွေ ဆေးကြောရတာရယ်၊ မိမိတို့အခန်း သမံတလင်းကို အစာမစားခင် တကြိမ်၊ အစားစားပြီး တကြိမ် ရေစိုအဝတ်နဲ့ ပွတ်တိုင်သန့်ရှင်းရတာပဲ ဖြစ်တယ်။ 


ကြိုတင်ပြင်ဆင်နေပါတယ်... (ကာတွန်း အောင်မော်)


မြို့သူကြီးနှင့် ကံကြီးမောင် (ဇော်မင်း)

ဟိုတုန်းက တောမြို့လေးတွေဆိုတာ မြို့သူကြီးများက အုပ်ချုပ်ခဲ့ကြသည်။ ဗမာဘုရင်လက်ထက်ကတည်းကရှိခဲ့သော အခေါ်အဝေါ်နှင့် အုပ်ချုပ်ပုံ စနစ်ဖြစ်သည်။ တောမြို့လေးများဟာ သာမန်ရွာတွေထက် ကြီးသော်ငြားလည်း မြို့ကြီးတခုလောက်လည်း မကြီးမားသောကြောင့် ထိုတောမြို့လေးများကို အုပ်ချုပ်ရသော သူကြီးများကို မြို့သူကြီးဟု ခေါ်ဝေါ်ခဲ့ကြခြင်းလည်း ဖြစ်သည်။ မန္တလေး၊ ရန်ကုန်လိုမြိုကြီးများတွင် တာဝန်ယူ အုပ်ချုပ်ရသူများကိုတော့ မြို့သူကြီးဟု မခေါ်ဘဲ မြို့တော်ဝန်ဟုသာ ခေါ်ကြသည်။ ဗမာဘုရင် လက်ထက်က မြို့သူကြီးများကို ဘုရင်က တိုက်ရိုက်ခန့်ထားသည်။ သို့သော် အင်္ဂလိပ်လက်အောက်ရောက်ပြီးနောက်ပိုင်းတွင် မြို့သူကြီး ခန့်ထားမှုကို ရွေးကောက်ပွဲ မဲစနစ်ဖြင့် စတင်ရွေးချယ်လာခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလအတန်ကြာသည်အထိ မြန်မာပြည်တွင် မြို့သူကြီးစနစ် ရှိခဲ့ဖူးသည်။ 

တောင်စိမ်းမြို့ကလးသည်လည်း အလားတူ တောမြို့ငယ်ငယ်လေး ဖြစ်သည်။ အပူပိုင်းဒေသဖြစ်သည်မို့ တောင်စိမ်းတွင် စပါးမထွက်။ ပဲ၊ နှမ်း၊ ကြက်သွန်၊ ထန်းလျှက် စတာတွေပဲ ထွက်ရှိသည်။ ဤမြို့လေးတွင် ထူးခြားသည်က မြို့သူကြီးများ ကြာကြာမမြဲခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တောင်စိမ်းကား ရေကြမ်း မြေကြမ်းသော အရပ်ဖြစ်သောကြောင့်ပင်။ အခြားသော တောမြို့လေးများတွင် မြို့သူကြီးဖြစ်လိုသူတွေ ရိုက်သတ်လို့မကုန်အောင် ပေါလှသော်လည်း တောင်စိမ်း၌ မြို့သူကြီးလုပ်လိုသူက ရွှေထက်ပင် ရှားလေသည်။ မြို့ကလေးသည် ရာသီဥတုပူပြင်းသည့်ဒဏ်နှင့် နိုင်ငံရေးပူပြင်းသည့်ဒဏ်ကို တပြိုင်တည်း ခံနေရသည်ဟု ဆိုနိုင်သည်။ 


Thursday, May 30, 2013

မီးထိုးပေးနေတဲ့သူ ... (ကာတွန်း အောင်မော်)


ပြင်ဆင်ဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ကြဖို့ စဉ်းစားကြတဲ့အခါ တိုင်းရင်းသားတွေ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်ရေးဟာ အဓိကကျတဲ့အချက်တချက် ဖြစ်တယ်ဆိုတာ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတူးဂျာ က ပြောကြားလိုက်ပါတယ်။ KIO ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ လွှတ်တော်မှာ အဆိုတင်သွင်းလာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကြိုဆိုသလား။ သတိထား ကြိုဆိုသလား စသဖြင့် အကြမ်းဖျဉ်းပြောပါ ဆရာ။

ဒေါက်တာတူးဂျာ ။ ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ဆိုတာကတော့ ကြိုဆိုသင့်ပါတယ်။ ပြင်ဆင်လိုအပ်တဲ့ ပုဒ်မတွေလည်း အများကြီး ရှိပါတယ်။ အဲဒီတော့ ပြင်တယ်ဆိုတဲ့နေရာမှာတော့ ဘယ်အဆင့်အထိ ပြင်မလဲဆိုတဲ့အပိုင်းကို စဉ်းစားကြရမယ်။ ဥပမာ ဒီမိုကရေစီကျကျ ဖြစ်စေချင်တယ်ဆိုချင်တော့ ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့ ပုဒ်မတွေကို ဦးစားပေးပြီးတော့ ပြင်ရမယ်။ ဥပမာဆိုရင် စစ်တပ်က ၂၅ ရာခိုင်နှုန်းပါထားတဲ့ကိစ္စတွေ။ နောက်ပြီး ဖယ်ဒရယ် စံချိန်စံနှုန်းမီအောင် ပြင်ကြမယ်ဆိုလို့ရှိရင်လည်း ဒါက ဖယ်ဒရယ်စနစ်ရဲ့ပုံစံကိုကြည့်ပြီးတော့ လိုအပ်တာတွေကို ပြင်ရင်တော့။ နောက်တခုကတော့ အခြေခံဥပဒေကို လွယ်လွယ်နဲ့ ပြင်နိုင်အောင်လို့ ပြင်တဲ့နေရာမှာ အခက်ကြီးမဖြစ်အောင် ဒါကိုလည်း စဉ်းစားဖို့လိုတယ်။ 


ဝမ်းတွင်းရူး ... (ကာတွန်း စောငို)

Wednesday, May 29, 2013

လက်ခမောင်းခတ်သံ တညံညံ (ကိုညို)

အကြမ်းဖက် လက်တဆုပ်စာတွေက လစဉ်လိုလို ဘာသာရေးပဋိပက္ခတွေ ဖန်တီးနေတာ တကယ့်ကိုအစီအစဉ်ကျကျပါပဲ။ အရင်က နယ်စပ်အရပ်မျက်နှာအသီးသီးက တိုင်းရင်းသားလူမျိုးစုအသီးသီးနဲ့ နှစ် (၆၀) နှစ် (၄၀) နှစ်(၂၀) ပြည်တွင်းစစ်တွေ အမျှင်မပြတ်မွေးထားခဲ့တယ်။ တိုင်းပြည်က မွဲပြာတယ်။ ပြည်သူက ပြောင်ပြောင်ရောင်ရောင် မရှိ၊ အမျှော်အမြင်နည်းတဲ့ စစ်ခေါင်းဆောင် လက်တဆုပ်ကြောင့် တပ်မတော်ဟာ ပြည်သူ့ချဉ်ဖတ်ဖြစ်ခဲ့တယ်။ 

တကမ္ဘာလုံးက သည်းမခံနိုင်ပြီဆိုတဲ့အခါ ဒီမိုကရေစီနိုင်ငံသစ်ထောင်မယ်လို့ ကြွေးကြော်လိုက်တယ်။ နိုင်ငံရေးအပြောင်းလား ဗျူဟာအပြောင်းအလဲလား မရှင်းမလင်းဖြစ်နေချိန်မှာပဲ ရခိုင်ဘက်မှာ မူစလင်ကို စစ်မျက်နှာဖွင့်လိုက်တယ်။ 

ရခိုင်ပြည်နယ်ဟာ အနောက်ဘက်ဒေသ ဘာသာရေးခံတပ်ကြီးလိုဖြစ်နေတာပါ။ ရခိုင်တိုင်းရင်းသားတွေဟာ လူမျိုးကွဲ ဘာသာကွဲတွေနဲ့ ခေတ် ၂ ခေတ်လုံး အေးအတူပူအမျှနေခဲ့တယ်။ လွတ်လပ်ရေးရပြီးကတည်းက အဲဒီလောက်ပြင်းထန်တဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခမျိုး မဖြစ်ဖူးဘူး။ ပဒေသရာဇ်ခေတ်ကအစပြုလို့ စစ်အာဏာရှင်ခေတ်အထိ ဗမာကိုလိုနီဝါဒကို ဆန့်ကျင်တော်လှန်ကြလို့ ကြွေးကြော်နေတဲ့ မျိုးချစ်ရခိုင်တွေလည်း ဒီတခါတော့ ဗုဒ္ဒသာသနာ အလံတော်အောက်မှာ မြန်မာ့တပ်မတော်ကြီးကို ကယ်တင်ရှင်အဖြစ် လက်အုပ်ချီ ဂါရဝပြုလိုက်တယ်။ ဦးသိန်းစိန်အစိုးရ ငါးသလောက်အပြုံးနဲ့ အောင်ပွဲခံခဲ့တယ်။ 


တို့ကတော့ ဒီလိုဘဲ မိုးချုပ်မှာပါကွာ ... (ကာတွန်း အောင်မော်)


ကမ္ဘာမှာလည်း အာဏာရှင် တို့လည်းအာဏာရှင် သံစဉ်သီချင်းနဲ့ ကြီးပြင်းခဲ့ကြတဲ့ တို့လူမျိုး (ဟံသာဝတီ ဦးဝင်းတင်)

ပူလိုက်တာဗျာ။ လူတစ်ကိုယ်လုံးလည်း ငါးဖန်းမကြပ်တိုက်လို ဖြစ်နေပြီ။ ဒီကြားထဲ မိုးသံလေသံတွေ ကြားလာရတယ်။ မုန်တိုင်းသံတောင် ပါသေးသဗျ။ 

ကျုပ်လည်း ပျော်ပြုံးရာက ဝါးလုံးကွဲ ဟားတိုက်လိုက်မိပါသဗျ။ ပျော်ရာကပြုံး၊ ပြုံးရာက ဟားတိုက်မိတာကတော့ ဒီလိုကြောင့်ပါဗျာ။ ရယ်စရာ ရွှင်စရာတွေ ဆိုတာကလည်း ပေါင်းစုံဝေဖြာကြပေသကိုးဗျာ။ 

ကြားလိုက်ကြရဲ့ မဟုတ်လား။ စစ်အာဏာနန်းကျဟောင်းကြီးတစ်ဆူက သူတော့ဖြင့် ပါတီနိုင်ငံရေး လုံးဝ (လုံးဝ) မလုပ်တော့ပါဘူးတဲ့။ သာရေး၊ နာရေး၊ သာသနာရေးပဲ ဆောင်ရွက်ပါတော့မယ်တဲ့။ ဒီလိုစကားမျိုးကြားတော့ ကျုပ် ဝမ်းသာတာပေါ့။ ဝမ်းသာတော့ ဟားတိုက်မိတာပေါ့ဗျာ။ 


ဒီပရင်္ဂ (ကြည်မောင်သန်း)

ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲကရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းကရှိတဲ့ မြို့တမြို့
သမိုင်းဝင် မြို့တမြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။


ပြင်တော့ ပြင်ချင်သား ... (ကာတွန်း စောငို)

ဒီပဲယင်းက ညွှန်ပြခဲ့တဲ့လမ်း (ဗိုလ်ဓား)

မေ ၃ဝ မှာ အစိုးရကလုပ်တဲ့ ကမ္ဘာကျော် အကြမ်းဖက်မှုကြီးတခု မြန်မာပြည်မှာဖြစ်ပွားခဲ့တာ အားလုံးသိကြပြီးပါပြီ။ ကျနော်တို့အမြင်က … ဒီပဲယင်းကိစ္စဟာ သာမန်ရုန်းရင်းဆန်ခတ်မှု မဟုတ်ပါ၊ အသေအချာ စီစဉ်ပြင်ဆင်ပြီးဆောင်ရွက်တဲ့ ရာဇဝတ်မှု၊ လူသတ်မှု ဖြစ်ပါတယ်။ 

ကျနော်တို့ ရထားတဲ့သတင်းတွေအတိုင်း အနီးစပ်ဆုံးမှန်ခဲ့တယ်ဆိုရင် လူအစုလိုက်၊ အပြုံလိုက်သတ်မှု၊ အလောင်းတွေ ဖျောက်ဖျက်မှုဖြစ်တာကြောင့် ၁၉၆၂ ခုနှစ်၊ ကျောင်းသားသမဂ္ဂဖောက်ခွဲခံရတဲ့ကိစ္စလိုပဲ သမိုင်းမှာရှင်းရမယ့် ကိစ္စမျိုးဖြစ်တယ်။ 

နအဖ ဟာ ပြည်သူလူထုချင်း ပဋိပက္ခဖြစ်နေကြတဲ့ အခြေအနေမျိုးလို ဖန်တီးပြီး ဒိုင်လူကြီးယောင်ဆောင်နေတယ်။ ဒါပေမယ့် မအောင်မြင်ဘူး၊ ဘယ်သူမှ မယုံဘူး။ ဗိုလ်ချုပ်သန်းရွှေဟာ NLD ကို သည်ပုံစံမျိုးနဲ့ ရှင်းချင်တာကြာပြီ၊ သူ့ကိုယ်သူ ပိုတွက်နေတယ်ဆိုတဲ့ အချက်အလက်တွေလည်း ကျနော်တို့ ရထားတာ ကြာပြီ၊ အခုချိန်မှာတော့ လုပ်လို့ရပြီ၊ အဲ့သည်လို ယူဆသွားပုံပေါ်တယ်။ 

အောက်ခြေက တိုင်းမှူးတွေနဲ့ ထောက်လှမ်းရေးတွေကလည်း အထက်ကိုလိမ်ပြီး သတင်းပို့တယ်။ သူတို့တိုင်းတွေမှာ ဒေါ်စုကို လူတွေအများကြီး ထောက်ခံတယ်ဆိုရင် သူတို့ သိက္ခာကျတယ်လို့ ယူဆတယ်။ ဒါကြောင့် မြို့တိုင်းမှာ မမြင်ဘူးလို့သွားကြည့်တဲ့လူ ၃ဝဝ၊ ၄ဝဝ လောက်ပဲ ရှိတယ်လို့ တင်ပြတယ်။ ဒါပေမယ့် မိုးကုတ်တို့၊ မုံရွာတို့မှာ ကြုံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံရေး လှုပ်ရှားမှုကြီးကိုကြည့်ပြီး နအဖဟာ သွေးပျက်သွားပုံပေါ်တယ်။ အဲဒီ မနာလို ဝန်တိုစိတ်တွေကနေတဆင့်၊ အခုလို ရုပ်ပျက်ဆင်းပျက် နှိမ်နင်းမှုကြီး ပေါ်လာရတယ်။ 


Tuesday, May 28, 2013

အရေးပေါ် အခြေအနေ (ကာတွန်း စောငို)


တိုင်းပြည်တိုးတက်ရေးမှာ ခေါင်းဆောင်မှုအပိုင်း ဘယ်လောက်အရေးပါသလဲ (မောင်ဝံသ)


ပဓာနကျတဲ့ အကြောင်းအချက် 

တိုင်းပြည်တစ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာ ခေါင်းဆောင်မှုအပိုင်းဟာ ပဓာနကျတဲ့အကြောင်းအချက် (Factor) ဖြစ်တယ်လို့ ပညာရှင်အများက လက်ခံထားကြပါတယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့ သယံဇာတအပိုင်း၊ တိုင်းသူပြည်သားတွေရဲ့ ပညာရေးအပိုင်း၊ တစ်နည်းအားဖြင့် လူသားအရင်းအမြစ်အပိုင်း၊ ပြီးတော့ အရင်းအနှီးအင်အားအပိုင်းတွေကော အရေးမကြီးဘူးလားဆိုတော့ အဲဒါတွေလည်း သူ့ကဏ္ဍအလိုက် အရေးကြီးပါတယ်၊ သို့ပေမယ့် ခေါင်းဆောင်မှုအပိုင်းဟာ အဲဒါတွေ အားလုံးထက်ပိုပြီး ပဓာနကျတယ်ဆိုတဲ့ သင်ခန်းစာတွေကို ဂျပန်နဲ့ စင်ကာပူက လက်တွေ့ပြနေတာ အထင်အရှား တွေ့နေရပါတယ်။

အံ့ဖွယ်ဂျပန် 

အားလုံး သိပြီးကြတဲ့အတိုင်း ဂျပန်နိုင်ငံဟာ မည်မည်ရရ သယံဇာတ ဘာမှ မထွက်ပါဘူး။ သို့ပေမယ့် ဒုတိယကမ္ဘာစစ်ပြီးချိန် စစ်ရှုံးနိုင်ငံဘဝကနေ ပြန်လည် ကုန်းရုန်းထနိုင်ခဲ့တယ်။ ဆယ်စုနှစ်နှစ်ခု ကာလအတွင်း အံ့သြစရာ ကောင်းလောက်အောင် စက်မှုနိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ခေါင်းမော်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၂၅ နှစ်အကြာ၊ ၁၉၇၀ ပြည့်နှစ်လောက်မှာ ကမ္ဘာ့ထိပ်ဆုံးတန်း စီးပွားရေးအင်အားရှင်နိုင်ငံကြီး ဖြစ်လာခဲ့ပါတယ်။


ဗမာ့ရွာမှာ ဘာတွေ ဘာတွေ ပေါ၊ ဆန္ဒပွဲတွေ တပြပြနဲ့ လောင်ဗုံးတွေ ဟုန်းဟုန်းပေါ (ဟံသာဝတီ ဦးဝင်းတင်)

ဟုတ်မှန်တိုင်းရာ ရင်ထဲရှိတာကိုပြောရရင် ကျုပ်က သမ္မတကြီး ဦးသိန်းစိန်ကို ချီးကျူးအားကျတဲ့သူ ခင်ဗျ။ ဘုရားစူး တကယ်ပါဗျာ။ သူနဲ့ကျုပ်က ဘဝတူလေဗျာ။ ကျုပ်က သမ္မတလေးလောက်တောင်မဖြစ်လို့သာ မဖြစ်တာ။ ကျုပ်ရော သူရောက နှလုံးသမားတွေလေ။ နှာခေါင်းမရှုံ့ပါနဲ့ဗျာ။ နှလုံးရောဂါကြောင့် Pace-maker နှလုံးစက်တပ်ထားရလို့ နှလုံးသမားဘဝတူလို့ ပြောတာပါ။ ဟိုနှစ်လုံး၊ သုံးလုံး ဝမ်တီးတိန်သမားတွေလို့ ပြောတာမဟုတ်ပါဘူး။ 

သမ္မတကြီးကို မချီးကျူး မအားကျဘဲ နေနိုင်ပါ့မလားဗျာ။ အမေရိကန်ပြည် ဂျွန်ဟော့ကင်းတက္ကသိုလ်သွား မိန့်ခွန်းပြောရာမှာ သမ္မတကြီးစကားတွေက အဆီတစ်ထပ်၊ အသားတစ်ထပ်ပါလားဗျာ။ အခေါက်တစ်ထပ်တောင် ပါလိုက်သေး။ သမ္မတကြီး မြွက်ကြားပုံက ဒီကနေ့ ကျုပ်တို့နိုင်ငံမှာ ဖော်ဆောင်နေတာဟာ “ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး” တဲ့။ ကိုယ့်လူလည်း ဖတ်လိုက်ရမှာပေါ့။ အစိုးရသတင်းစာ မျက်နှာဖုံးမှာ ထူးထူးကဲကဲ ပြူးတူးပြဲတဲ ဖော်ပြထားတာလေ။ အဲဂလို သတင်းမျိုးဖတ်ရတာနဲ့ကို ကျုပ်ကတော့ သမ္မတကြီးကို အားကျသွားပြီဗျာ။ 

သမ္မတကြီးကတော့ တကယ်ပါပဲဗျာ။ အမေရိကန်သမ္မတနဲ့ သမ္မတချင်း စကားပြောတော့လည်း ဖြူးလို့ဗျ။ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ ဆုံတော့လည်း ဖြောင့်လို့ဗျ။ 


Sunday, May 26, 2013

ယမ်းငွေ့တွေ မွှန်လိုက်တာ... ဟညဲလား (သားဖေ)

အစာလည်းဆေး 
ဆေးလည်းအစာ...  ဆို 
ဘယ်မှာလဲဆေး 
ဘယ်မှာလဲ အစာ 
ယမ်းငွေ့တွေ မွှန်လိုက်တာ...“ဟညဲလား”

“ဟညဲလား” 
“ဟညဲဝူး” တို့လိုချင်တဲ့ “ငြိမ်းချမ်းရေး” ဆိုတာ 
သေနတ်တွေနဲ့ ပစ်ခတ်ပြီးမှ ရမှာလား 
ယမ်းငွေ့တွေ မွှန်လိုက်တာ...“ဟညဲလား”


သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၉ (ကိုညို)

“မင်းက ဘယ်ကလဲ” 
“ဗမာပြည်က” 
“မင်းက သူခိုးပဲ” 
“ကျနော် သူခိုး မဟုတ်ဘူး၊ တော်လှန်ရေးသမား” 
“မင်းဟာ ငါတို့နိုင်ငံကို ခိုးပြီးဝင်လာတာဖြစ်တယ်၊ အဲဒီတော့ သူခိုးပဲ” 
“ခိုးဝင်လာတာ မဟုတ်ဘူး၊ ရာဂျစ်ဂန္ဒီ ခေါ်လို့လာတာ၊ ဒုက္ခသည်စခန်းမှာ နေတာပဲ တနှစ်လောက်ရှိပြီ” 

အင်ဖားထောင်ဘူးဝက ကုလားထိုင်မှာထိုင်နေတဲ့ အသက် ၅၀ ကျော် အသားညိုညို တုတ်တုတ်ခိုင်ခိုင်ထောင်မှူးကြီးနဲ့ ငုတ်တုတ်ထိုင်နေတဲ့ အကျဉ်းသားတွေထိပ် ကျနော်တို့ အင်္ဂလိပ်လို အချီအချပြောကြတာပါ။ ထောင်မှူးကြီးရုပ်က ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ ဂျပန်အက်ရှင်ကားတွေထဲက မင်းသားကြီး ဆန်နီချေးဗားလို မျက်ခုံးထူထူ မေးရိုးကားကား ယောင်္ကျားပီသတဲ့ရုပ်ရည်မျိုးပါ။ ကျနော်က ထောင်မှူးကို နှုတ်လန်ထိုးနေတာ ထောင်မှူးက ခပ်ပြုံးပြုံးပေမယ့် ကျနော့်ရှေ့ နားက မဏိပူရရဲက သိပ်ကြိုက်ဟန်မတူဘူး။ တချက်မာန်ပြီး စကားဆက်မပြောဖို့ လှမ်းဟောက်လိုက်ပါတယ်။ 


လူရိုး ဖရားဒကာကြီး ... (ကာတွန်း စောငို)


Saturday, May 25, 2013

သမ္မတကြီး ထွက်မပြေးနဲ့ (ကိုညို)

ပြီးခဲ့တဲ့စနေနေ့က မြန်မာ့တသွင်ဆန်း ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်ရဲ့ နှစ် (၅၀) အတွင်း ပထမဆုံး အမေရိကန် ခရီးစဉ်မှာ (တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေ နှာခါင်းရှုံ့သွားစေနိုင်လောက်တဲ့) သမိုင်းတွင်မယ့်  စကားတခွန်းပြောသွားပါတယ်။ 

ဒီစကားကြောင့် မြန်မာသမ္မတကြီးဟာ မပြောသင့်တာကိုပြောတယ်၊ အင်မတန် ထုံထိုင်း နလွန်းတဲ့ သနားစရာ သတ္တဝါလေးပါလားလို့လည်း သတင်းစာဖတ် ကမ္ဘာ့ပြည်သူက တထိုင်တည်း မှတ်ချက်ချကြပါ တယ်။ ငါတို့ သမ္မတကြီးကွလို့ မြှောက်ထိုးပင့်ကော် သာကူးတွေရော၊ နိုင်ငံရေးသိက္ခာကို ရသမျှအောက်ထစ်ဈေးနဲ့ အသနားခံ ပြည်တော်ဝင်ပြီး စစ်ရာထူးပြုတ် ခေါင်းပေါင်းတွေဆီ ပါးယက် နားယက်လုပ်နေတဲ့ ဒီမိုကရေစီ ကပ်းပါးပိုးတွေလည်း ကိုယ့်မျက်နှာကိုယ့် ပေါင်ကြားထဲဝှက်ထားရမလိုလို ဖြစ်သွားကြတယ်။ 

သမ္မတကြီး ဘာပြောသွားလဲ စာဖတ်သူတွေ သိထားပြီး ဖြစ်ပါတယ်။ “နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့်မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်။ တပ် မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၂၅% ဆိုတာ က လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်” ဆိုတဲ့ ဒီမိုကရေစီကို ဗြောင်စော်ကားတဲ့စကားလေး၊ ထပ်ပြီးစိန်ခေါ်တဲ့ စကားပါ။ မင်းတို့ဖာသာ ဘာပြောပြော ငါတို့ကတော့ မြန်မာ့နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားမှာပဲလို့ အာဏာရူးတွေရဲ့ ဇာတိရုပ်ကို ဆွဲခွာပြလိုက်တာ ဖြစ်တယ်။ 


ဦးသိန်းစိန် အမေရိကန်ခရီး အကျိုးရလဒ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ သမ္မတဦးသိန်းစိန်နဲ့အတူ အမေရိကန်ကို လိုက်ပါလာတဲ့ အစိုးရတာဝန်ရှိသူတွေဟာ အမေရိကန်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်တွေနှင့် စီးပွားရေး၊ ပညာရေး အပါအဝင် ကိစ္စအဝဝကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ဘယ်လို မျှော်မှန်းချက် ဘယ်လို ရည်ရွယ်ချက်တွေနှင့် ဆွေးနွေးမယ်ဆိုတာကို ဒု-ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမျိုးမြင့်တို့နဲ့အတူ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မနေ့တနေ့က ပြီးဆုံးသွားခဲ့တဲ့ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ် ဒုတိယနေ့မှာ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ပြု လွှတ်တော်ဥပဒေအမတ်တွေနှင့် Capital Hill မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီ သွားရောက်တွေ့ဆုံရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ သမ္မတနှင့်အတူ လိုက်ပါလာတဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က VOA ကို အခုလို ပြောခဲ့ပါတယ်။


Wednesday, May 22, 2013

စစ်တောင်း နှစ်လီ (မောင်သာချို)

တစ် 

အမြှောက်အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ အလွတ်ဆိုနိုင်သလဲ လို့ ကျွန်တော်မေးခဲ့ရင် ခင်ဗျား ဘယ်လိုများ အဖြေပေးလိမ့်မယ်ဆိုတာ ကျွန်တော် တကယ်မသိဘူး။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ စကားကို ကတ်သီးကတ်သတ်တော့ မပြောကြေးပေါ့။ ဥပမာ တစ်ရာအလီရတယ် ဘာညာဆိုတာမျိုးပေါ့။ အဲလိုမျိုးသာ ပြောကြကြေးဆိုရင်ဖြင့် ကျွန်တော်ကလည်း ပြောလို့ သိပ်တတ်တာပေါ့။ ဟုတ်တယ်လေ။ တစ်သိန်းတစ်လီ တစ်သိန်း၊ တစ်သိန်းနှစ်လီ နှစ်သိန်း၊ တစ်သိန်းသုံးလီ သုံးသိန်း၊ တစ်သိန်းလေးလီ လေးသိန်း။ ကဲ ကျွန်တော် တစ်သိန်းအလီ ရပါတယ်လို့ပြောခဲ့ရင် ခင်ဗျား ဘယ်လိုငြင်းမလဲ။ ဒါကြောင့် စကားကို ကတ်သီးကတ်သတ်တော့ မပြောကြေးဗျာလို့ ကျွန်တော်က ခင်ဗျားကို စကားပလ္လင် ခံထားခဲ့ရတာပါ။ 

ကဲဗျာ ... ကျွန်တော့်မေးခွန်းကလေးဆီ ပြန်သွားရအောင်ပါ။ အမြှောက်အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ ခင်ဗျား ရသလဲဆိုတာပါ။ ပြောလေ။ ကျွန်တော်ကတော့ ဆယ့်နှစ်အလီအထိလောက်ပဲဗျ။ ဆယ့်သုံးအလီတို့၊ ဆယ့်လေးအလီတို့ကို ကျော်ပြီးရင် ဆယ့်ငါးအလီကလေးလည်း နည်းနည်းရသေးတယ်။ ဆယ့်ငါးတစ်လီ ဆယ့်ငါး၊ ဆယ့်ငါးနှစ်လီ သုံးဆယ်၊ ဆယ့်ငါး သုံးလီ လေးဆယ့်ငါး၊ ဆယ့်ငါးလေးလီ ခြောက်ဆယ်၊ ဆယ့်ငါးငါးလီ ခုနစ်ဆယ့်ငါး။ လွယ်တယ်ဗျ။ ဆယ့်သုံးအလီကျတော့ ဘယ်လိုကြီးမှန်း မသိပါဘူးဗျာ။ ဆယ့်သုံးတစ်လီ ဆယ့်သုံး၊ ဆယ့်သုံးနှစ်လီ နှစ်ဆယ့်ခြောက်၊ ဆယ့်သုံးသုံးလီ သုံးဆယ့်ကိုး။ အဲ ရှေ့ကျတော့ နည်းနည်းခက်သွားပြီ။ ကျွန်တော့်အတွက် ပြောတာပါ။ ခင်ဗျားကတော့ ရရင်ရမှာပေါ့။ 


ငြိမ်းချမ်းရေးပြဇာတ် - မောင်သန်းစိုး (ချောက်)

ငြိမ်းချမ်းရေးအတွက်
လက်ကမ်းကြရင်း။
“ဒိုင်း ...”

ငြိမ်းချမ်းရေးရင်ခုန်
တွေ့ဆုံကြရင်း။
“ဒိုင်း ...”

ငြိမ်းချမ်းရေးဆန္ဒ
စေ့စပ်ကြရင်း။
“ဒိုင်း ...”

ငြိမ်းချမ်းရေးအသိ
ညှိနှိုင်းကြရင်း။
“ဒိုင်း ...”

ငြိမ်းချမ်းရေးအတွေး
ဆွေးနွေးကြရင်း
“ဒိုင်း ... ဒိုင်း ... ဒိုင်း”



ဘုံအကျိုးအမြတ် ... (ကာတွန်း စောငို)


Tuesday, May 21, 2013

ဘယ်သူတွေက ဘယ်လိုကုသနေမှန်းမသိတဲ့ ဆေးခန်းတွေ (မောင်ဝံသ)

တစ်မျိုးသားလုံးအတွက် အရေးကြီးလို့ပါ

သည်တစ်ပတ်ဖြင့် ပုံမှန်ဆောင်းပါး မရေးတော့ဘဲ အပြည့်အ အနားယူလိုက်မယ်လိုစိတ်ကူးထားတာ မရေးမဖြစ် ရေးချင်စိတ်ပေါ်လာအောင် စေ့ဆော်ပေးတဲ့ အကြောင်းတစ်ခုကြောင့် ရေးဖြစ်သွားပါတယ်ခင်ဗျာ။ 

အကြောင်းက ကျွန်တော် အများဆုံးရးလေ့ရေးထရှိတဲ့ နိုင်ငံရေးအကြောင်းအရာ မဟုတ်ဘဲ ပြည်သူကျန်းမာရေးဖြစ်ပေမယ့် တစ်မျိုးသားလုံးအတွက် အရေးကြီးတယ်လို့ ယုံကြည်တဲ့အတွက် အလေးထားပြီး ရေးသားလိုက်ရပါတယ်။ 

မီဒီယာတွေက ပြောခဲ့ပေါင်းများပြီ 

မီဒီယာတွေမှာ သည်အကြောင်းအရာကို ဖွင့်ချဖော်ထုတ်ရေးခဲ့တာတွလည်း ဖတ်ဖူးပါတယ်။ တစ်ချိန်တည်းမှာ စောင်ရေကောင်းလှသော မီဒီယာကြီးအချို့မှာကို သူတိုရဲ ဆေးခန်းကြော်ငြာကြီးတွေနဲ့ မစားရခမန်း အလိမ်အညာ ရေးသားချက်တွေကို အပတ်တိုင်း တွေ့နေရပါတယ်။ ကြော်ငြာအား ကောင်းကောင်းနဲဆက်တိုက်ဖိထားလေတော့ စောစောက မီဒီယာလေးတွေမှာရေးခဲ့တဲ့ အဲဒီ မသမာဆေးခန်းတွေအကြောင်းက စာဖတ်ပရိသတ်များများ မဖတ်မိလိုက်ဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ပါလေရော။ 


ပြင်လို့ရပါတယ် ... (ကာတွန်း စောငို)

Monday, May 20, 2013

သမ္မတဦးသိန်းစိန်နဲ့ အမေးအဖြေ

ဦးသန်းလွင်ထွန်း ။ ။ မင်္ဂလာပါခင်ဗျ။ အခု ဗွီအိုအေမြန်မာပိုင်း ကနေပြီးတော့ မြန်မာနိုင်ငံကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်မယ့် သမ္မတကြီး ဦးသိန်းစိန်နဲ့ အထူးသဖြင့် ဗွီအိုအေ အပါအင် ဗွီအိုအေကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် ဒီစီ အနီးတ၀ိုက်မှာရှိတဲ့ မြန်မာ အသိုင်းအဝိုင်းကနေပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူငယ်ရေးရာ ဘက်ပေါင်းစုံက အသိုင်းအဝိုင်းက သမ္မတကြီးနဲ့တွေ့ပြီးတော့ မေးချင်တာ၊ နှုတ်ဆက်ချင်တာတွေနဲ့အတူ တွေ့ဆုံပွဲကို စတင်ပါပြီခင်ဗျ။ 

အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာပဲ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ Town Hall meeting လို့ခေါ်တဲ့ မြို့တော်ခန်းမပုံစံမျိုး၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံပွဲကို သမ္မတကြီးအနေနဲ့ လိုလိုလားလားနဲ့ ကျနော်တို့ဆီကို လာပြီးတော့ အခုလို လာပေးတာ ကျေးဇူးတင်ကြောင်း အရင် ပြောပါရစေ။ အလားတူပဲ တက်လာတဲ့ပရိသတ်တွေဆိုရင်လည်း သမ္မတနဲ့ တွေ့ဆုံခွင့်ရပြီးတော့ အားလုံးအနေနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း မေးစရာရှိတာလေးတွေကို မေးပြီးတော့ သမ္မတကြီးဆီကလည်း ပွင့်လင်းရှင်းလင်းတဲ့ အဖြေတွေကိုရနိုင်လိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ 


ဒို့သမဒကြီး လိမ္မာနေပြီ ... (ကာတွန်း စောငို)

Sunday, May 19, 2013

ဝတပ်ဖွဲ့ - တရုတ် - မြန်မာ ဆက်ဆံရေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ က UWSA နဲ့ တရုတ်အစိုးရ ဆက်ဆံရေးက မြန်မာနိုင်ငံအပေါ် ဘယ်လို ဂယက်ရိုက်ခတ်လာနိုင်မလဲဆိုတာကို ဒေသရေးရာ လေ့လာစောင့်ကြည့်နေသူများဖြစ်တဲ့ သတင်းစာဆရာကြီး Bertil Lintner နဲ့ မြန်မာ့အရေး သုံးသပ်လေ့လာနေသူ ဦးအောင်ကျော်ဇော တို့နဲ့ သုံးသပ်ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာ-တရုတ်နယ်စပ်က UWSA လို့ခေါ်တဲ့ ဝ အဖွဲ့ကို တရုတ်အစိုးရက ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းတပုဒ် အခုတလော ပေါ်ထွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒါက အင်ဂျင်မပါတဲ့ ရဟတ်ယာဉ်၊ လေယာဉ်အခွံတွေသာဖြစ်ပြီးတော့ ပြတိုက်မှာထားရှိဖို့ဖြစ်တယ်လို့ UWSA ဘက်က ပြောဆိုပါတယ်။ ဝ တပ်ဖွဲ့နဲ့ အထူးနီးစပ်တဲ့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဦးအောင်ကျော်ဇော ကလည်း ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ အခုလို ချေပပြောဆိုခဲ့ပါတယ်။


ဆင်းရဲသား ခေတ် (ကာတွန်း အောင်မော်)


၁၉၈၈ ဇွန်လ ကျောင်းသားအရေးအခင်း ၂၅ နှစ်ပြည့် အမှတ်တရစာစု (ကျော်ဝဏ္ဏ)

၁၉၈၈ မတ်လ ဖုန်းမော် အရေးအခင်း၊ အင်းလျားကန်ဘောင် တံတားနီ အရေးအခင်းတွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးတွေကြားမှာ အရေးကြီးတဲ့ကွင်းဆက် အဖြစ်အပျက်ကတော့ ဇွန်လ ရန်ကုန်တက္ကသိုလ်ကျာင်းသားသပိတ်ပဲဖစ်ပါတယ်။ 

အဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကဖြစ်ခဲ့တယ်ဆိုပေမယ့် အဲဒီမြင်ကွင်းတွေ၊ ရနံ့တွေ၊ အသံတွေဟာ စိတ်ထဲမှာရှိနေတုန်းပါ။ အတူလက်တွဲခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းတွေဟာလည်း အဲဒီအဖြစ်အပျက်တွေကို လွမ်းမောဂုဏ်ယူစိတ်တွေနဲ့ အမှတ်တရရှိနေကြလိမ့်မယ်လို့ ထင်ပါတယ်။ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့ အဲဒီအဖြစ်အပျက်လေးမှာ ပါဝင်ပတ်သက်ခဲ့သူများစွာထဲက ကျနော်တို့ ပါဝင်ပတ်သက်ခဲ့တဲ့ တထောင့်တနေရာကနေ ငွေရတုအမှတ်တရ မှတ်တမ်းပြုလိုက်ပါတယ်။ 

...................... 


ကလီးဂါးဗားမင်း ... (ကာတွန်း စောငို)

Saturday, May 18, 2013

မတရားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်တယ် ...


မျိုးဆက်သစ်နဲ့ အောင်ပွဲခံပါ (ကိုညို)

လူတွေဟာ လှိုင်းလုံးကီးတွေလို တရွေ့ရွေ့ တအိအိ။ အနီအောက်ခံမှာ အပြာနဲ့ အဖြူကွတ်ထားတဲ့ ကြက်ခြေခတ် အလံတွေကလည်း Karljohn လမ်းမပေါ်မှာ တဖြတ်ဖြတ်။ ဆယ်နှစ်န်းကျင်အရွယ် ရောင်စုံ ယူနီဖောင်းတွဝတ်ပြီး လေမှုတ်တူရိယာတွေ၊ ဘင်ခရာတွေ တီးနေကြတဲ့ ကလေးငယ်တွေက တက်တက်ကွကွ။ ပျိုပျို၊ ငယ်ငယ် အိုအို အရွယ်သုံးပါး နဲ့ မြို့တော်သူ မြို့တော်သားတွေဟာ ရယ်မောပျော်ရွှင်လို့၊ ဒုဂ်နပ် လို့ခေါ်တဲပိုးဖဲ နဲ့ ငွေပြားကပ် တ်စုံတွေနဲ့ ဝင့်ဝင့်ကြွားကြွား။ လူတိုင်းဟာ ဒီကနေ့မှာ အတောက်ပဆုံး အလှပဆုံးတ်စုံတွေနဲ့ အလံတွေကိုယ်စီကိုင်ပီး လမ်းပေါ်မှာရော၊ လမ်းဘေး ဝဲယာမှာရော ပြည့်ကြပ်နေအောင် လျှောက်နေကြတယ်။ ပလက်ဖောင်းမှာ ခြေချစရာနေရာ မရှိ။ 

သူတို့အားလုံး ပင်လယ်ကမ်းမြှောင် လက်တက်ကို မေးတင်ထားတဲ့ အော်စလို မြို့ရိုးကနေ မြို့ယ်လမ်းမကီးအတိုင်း ကွေးကြော်သံတွေ၊ နိုင်ငံတော် သီချင်းတွေကို အားရပါးရဟစ်ဆိုပီး တရွေ့ရွေချီတက်နေတယ်။ သူတို့ဦးတည်နေတာက မို့လယ်ခေါင်ကို စီးမြင်နေရတဲဘုရင့်နန်းတော်ရာ ကုန်းမြင့်ဆီကိုပါ..။ နန်းတော်ရင်ပြင်နဲ့ ဥယျာဉ်တလျှောက် လူတွေဟာ ပျားကောင်တွေနဲ့ တူနေတယ်။ နော်ဝေးဘုရင်နဲမိဖုရားရယ် အိမ်ရှေ့မင်းသားနဲ့ မင်းသမီး အပြင်သူတို့ရဲ ရင်သွေးနှစ်ယောက်နဲ့ မင်းမျိုးနွယ်တွေက နန်းတော် လေသာဆောင်ကနေ တန်းစီပီး ချီတက်လာတဲ ကလေးတွေနဲ့ လူအုပ်ကီးကို လက်တွေဝှေရမ်း နှုတ်ဆက်ကိုဆိုနေတယ်။ 


သူ့မှာတမ်း (ကာတွန်း အောင်မော်)


သတင်းစာဆရာနှင့် နိုင်ငံရေးသမား (မောင်ဝံသ)

လက်သံပြောင် ကလောင်ထက် 

ခုတစ်လော ကျွန်တော့်ဆရာတချို့ အတော်လက်သံပြောင် ကလောင်ထက်နတာ အွန်လိုင်းကနေ ဖတ်နေရတယ်ဗျ။ ကျွန်တော့်ဆရာဆိုတာ သတင်းစာဆရာတွေကို ပြောတာပါ။ ယနေ့ခေတ်မှာတော့ သတင်းစာဆရာဆိုတာထက် သတင်းမီဒီယာသမားတွေလို ပြောတာကို ပိုကိုက်ကြပုံရတယ်။ ကျွန်တော်တိုကတော့ နှစ်ပေါင်းများစွာ တွင်ကျယ်စွာ သုံးနှုန်းခဲ့တဲ့ သတင်းစာဆရာဆိုတဲ့ စကားလုံးကို သံယောဇဉ်ရှိနေတုန်း journalist, press စသည်ကို သတင်းစာဆရာလိုသုံးရင် ပိုပြီး ဂုဏ်ရှိတယ်လိုယူဆတုန်းဖြစ်လို ဆက်ပြီး သုံးနှုန်းနေတာပါ။ 

ကျွန်တော် ချစ်ခင်လေးစား တန်ဖိုးထားတဲ့ သတင်းစာဆရာတချို့ဟာ နေစဉ်ထုတ် ပုဂလိက သတင်းစာတွေထွက်လာပြီးချိန်မှာ လက်ရည်တွေ ပိုတက်လာသလား အောက်မေ့ရတယ်ဗျ။ နေစဉ်သတင်းစာတွေက အရေးအသားတွေ၊ ခေါင်းကြီးပိုင်းတွေထဲက အများစုဟာ ပြည်သူလူထုရဲ့ သဘေထား အမြင်တွေကို ထင်ဟပ်တာ၊ ပြည်သူလူထုရဲ့ သဘောထားအမြင်တွေကို ဦးဆောင်ပေးနေတာ တွေရလို ဘရာဗို၊ ဘရာဗိုလို အံ့ချီးမိတဲ့ အကြိမ်အတော်များများ ရှိခဲ့ပါတယ်။ 


သမိုင်းအမှန်မှာ အရိုးတွန်သံတွေ ကြားရမယ် ...

Wednesday, May 15, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၈ (ကိုညို)

“ဘယ်လိုထင်ထင် ဖြစ်တယ်လေ ××× ထာဝစဉ်မှန်ကန်တဲ့တရား မရှိနိုင်ပါ ­­­­­­­­­­­­­­×× တချပ်မှောက်တဲ့ ကစားကွက်များ ××× အဖြေဟာ ဝိုင်းသိမ်းတော့မှတွေ့မှာပါ ××

ငါဟာ မတည်ငြိမ်မိုးတိမ်ပဲ ×× ဂျစ်ပစီတွေလို ×× မရပ်မနားခရီးနှင်နေ ×× ဘယ်လိုနေထိုင်မှာလဲ ဘဝဆိုတာ ×× ပြဇာတ်တပုဒ်ပါပဲ ×××

အဆိုတော်သန်းနိုင် ဆိုထားပြီး တေးရေးဆရာ ဝင်းမင်းထွေးရဲ့ ဂျစ်ပစီမိုးတိမ် သီချင်းလေးဟာ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝက ညည်းဆိုနေကျ သီချင်းလေးပါ။ စိတ်ကူးယဉ် အိပ်မက်တွေ၊ ရည်မှန်းချက်တွေ အလွဲလွဲအချော်ချော်နဲ့ လူငယ်ဘဝတွေကို ပုံဖော်ထားသလိုဖြစ်နေလို့ပါ။

စခန်းမှာ ဂစ်တာကောက်ကိုင်မိတိုင်း အဲဒီသီချင်းလေးကို အမြဲဆိုညည်းမိတယ်။ ကိုယ်လိုပဲ ခံစားချက်တူ အကြိုက်တူတွေက အများသား။ ကိုဝင်းနိုင်ဦး (နိုင်ငံရေးအကျဉ်းသားဟောင်း၊ RFA ဝန်ထမ်းဟောင်း)နဲ့ ပန်းချီထိန်လင်းတို့ အမြဲပွဲတောင်းတဲ့ သီချင်းလေးပါ။ စခန်းထဲက ကျနော်တို့ဘဝဟာ စိတ်ကူးတိမ်လို လွင့်နေပေမယ့် အတောင်ပံ အညှပ်ခံထားရတဲ့ငှက်တွေလို ဖြစ်နေပါတယ်။ မိုးကောင်းကင်ကြီးဆီ ပျံတက်ဖို့ ကြိုးပမ်းနေတဲ့ တွင်းအောင်းသတ္တဝါတွေနဲ့လည်း တူနေပါတယ်။


၄၀၁ (ကာတွန်း အောင်မော်)

Tuesday, May 14, 2013

တို့ဗမာ သာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ (မင်းဒင်)

(၁)
သေချာစဉ်းစားကြည့်လေ လူမျိုးတစ်မျိုးအတွက် ဇာတိမာန်ဟာ သိပ်အရေးကြီးတယ်ဆိုတာ ပေါ်လွင်လေပဲဗျ။ လူတစ်ဦးချင်းစီအတွက်တော့ ဇာတိပုည ဂုဏ်မာနဆိုပါတော့ဗျာ ။ 

(၂) 

ဒါကြောင့်ဖြစ်မယ်ဗျ။ အမေရိကန်ပြည်ထောင်စုကြီးက အမေရိကန်နိုင်ငံသားတစ်ယောက်ကို ထိပါးရင် သူ့တိုင်းပြည်ကို ရန်စတာလို့ ယူဆတယ်ဆိုသကိုး။ အံမယ်၊ အခုဆို တရုတ်တွေတောင် အမေရိကန်လေသံလိုက်လာတာ ခင်ဗျား သတိပြုမိမှာပါ။ ထို့နည်းတူ ကျုပ်တို့ အစိုးရမင်းများလည်း မညံ့ကြပေဘူးဗျ။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မင့်မားရေး ဘာညာ ဘာညာဆိုပြီး ပုံနှိပ်စာအုပ်တိုင်းရဲ့ ရှေ့ဆုံးစာမျက်နှာတွေမှာ ဝေဝေဆာဆာ ဖော်ပြပေးနေတာပါပဲ။ အမှန်တော့ အစိုးရ မင်းများရဲ့စေတနာဟာ ပရမတ်ဆိုက်အောင် စဉ်းစားနိုင်လေ ပေါ်လွင်လေလို့ ဆိုရမယ်ဗျ။ ကြည့်လေ၊ ဖယောင်းတိုင်ထွန်းပြီးနခိုင်းတာတို့၊ ထမင်းတစ်နပ်လျှာ့စားခိုင်းတာတို့ဟာ ရှုတတ်၊ မင်တတ်၊ ခံစားကျင့်ကံ တတ်ရင် ဂုဏ်တက်စရာပဲဗျ။ 


Monday, May 13, 2013

ကြွေးမြီတောင် (မောင်လွမ်းဏီ)

သူတို့တွေက
တောင်ကြည့်ပွဲ သွားကြတယ်၊
အဝေးက လူတချို့
သူတို့မျက်ဝန်းထဲက
တောင်တွေကို ကြည့်မိကြတယ်။

သူတို့တွေက
မိုးရွာတော့ ထွန်တုံးပြင်ကြတယ်၊
မနီးမဝေးက လူတချို့
သူတို့ယာမြေကို
အသက်နဲ့ တွက်ထွာ ကြည့်နေကြတယ်။

ထန်းတပင်က
သူတို့အရပ်ထက် မြင့်တယ် ဆိုပေမဲ့
သူတို့မွေးတဲ့ သား။


တိမ်မယောင်နဲ့ နက် ... လွယ်မယောင်နဲ့ ခက် (ကာတွန်း အောင်မော်)


Sunday, May 12, 2013

ပုန်းတမ်းရှာတမ်း ကစားခြင်း (ခင်မမျိုး)

ကျွန်မတို့ငယ်ငယ်တုန်းက တူတူပုန်းတမ်းကစားကြတဲ့အခါ ပုန်းနေသူက အသံပေးရပြီး လိုက်ရှာသူက တူတူ အသံပေးရာကို လိုက်ရှာရပါတယ်။ တခါတရံကျတော့လည်း ပုန်းနေသူက လေးငါးယောက်၊ လိုက်ရှာသူက တယောက်ဖြစ်ပြီး အရင်ဆုံးမိတဲ့သူက တခါပြန်ပြီး လိုက်ရှာသူ ဖြစ်သွားပါတယ်။ ဒါက ကလေးဘဝ ကစားကြတဲ့အခါတုန်းကပါ။ 

လူကြီးဘဝမှာ ဂိမ်းတွေကစားကြတဲ့အခါကျတော့ ပုန်းတမ်းရှာတမ်း ကစားရတာက တူတူပုန်းတမ်း ကစားသလောက် မလွယ်ကူတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပုန်းနေသူက အသံပေးရတာ မဟုတ်ဘဲ၊ ရှာဖွေသူကသာ ပုန်းနေသူရဲ့ သဲလွန်စကို ဉာဏ်လွှာပြီး လိုက်ရှာကြရတာကြောင့်ပါ။ 

လူတစ်ယောက် (သို့မဟုတ်) အင်စတီကျူးရှင်းတစ်ခုရဲ့ လုပ်ဆောင်ချက်တွေဟာ အခြားလူတစ်ယောက် (သို့မဟုတ်) အခြားအက်စတီကျူးရှင်းတခုရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ရှိနေမယ်ဆိုရင် ဒီလူနှစ်ယောက် (သို့မဟုတ်) အင်စတီကျူးရှင်းနှစ်ရပ်အကြားမှာ မဟာဗျူဟာအရ အပြန်အလှန် မှီခိုဆက်စပ်မှု (strategic interdependence) ဖြစ်တည်နေပြီလို့ ဆိုနိုင်ပါတယ်။ 


ကြီးပွားချမ်းသာနည်း ... (ကာတွန်း အောင်မော်)


ဘာသာ လေ့လာရေး လေ့ကျင့်ရေး တက္ကသိုလ် (မောင်သာရ)

သိတယ်နော်။ ကျုပ် မောင်သာရဆိုတာ စာရေးဆရာ သက်သက်ပါ။ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။

ဘာ ပညာရှင် ပညာရှိမှလည်း မဟုတ်ဘူး။ ကျုပ်သိတာ ကျုပ်မြင်တာပဲ ပြောပြနေတဲ့ ကောင်ပါ။ America မှာ နေနေတဲ့လူ၊ America ကိုရောက်ဖူးတဲ့ မြန်မာတွေ အားလုံးကတော့ သိကြပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြန်ပြောမပြကြတော့ ပြည်တွင်းက ပြည်သူလူထု မသိကြဘူးပေါ့။

အဲ ကျုပ်တို့ မြန်မာနဲ့ America တူတာကတော့ America မှာလည်း လူသတ်မှုတွေ ကျူးလွန်နေလိုက်ကြတာမှ အများကြီးပါပဲ။ လူဆိုး လူမိုက်တွေက သတ်တာရော၊ ယူနီဖောင်းဝတ်တွေက သတ်ကြတာရောပေါ့။ ကျုပ်တို့မြို့မှာ မနှစ်က တစ်နှစ်တည်း သတ်လို့သေကြတဲ့ စာရင်းကို သတင်းစာတစ်စောင်က စာရင်းပြုစုပြီးတင်ပြလိုက်တာ ရဲက ပစ်သတ်လို့ သေရတဲ့ဦးရေက ၄၃.၆ ရာခိုင်နှုန်း ရှိသတဲ့။ အဲဒါအခုတော့ အထက်က စုံစမ်းစစ်ဆေးရေးတွေ ဝင်နေပါပြီ။ အဲဒါ ထားလိုက်ဦး။ ကျုပ်တို့အလုပ် မဟုတ်ဘူး။

ကျုပ်တို့ မြန်မာတွေနဲ့ ဗုဒ္ဓဘာသာတွေနဲ့ဆိုင်တဲ့ သတင်းတစ်ပုဒ်ကို ကျုပ် ပြောပြမယ်။ ဗဟုသုတပေါ့နော်။ ကျုပ် ပြောပြမယ်။ စိတ်ဝင်စားစရာ ကောင်းတယ်။ ယုံ။ America မှာက ကျုပ်တို့ တိုင်းပြည်က ငရဲသားတွေလို ကြုံရာ သားငှက် တိရစ္ဆာန်တွေကို ပစ်ခတ်သတ်ဖြတ် စားကြတာမျိုး လုံးဝ မရှိဘူး။ ဥပဒေတွေနဲ့လည်း ပြဋ္ဌာန်းတားမြစ် ကာကွယ်ထားတယ်။ သီးသန့်ရဲတွေ စောင့်ရှောက်ရေးဂေဟာတွေလည်း ရှိတယ်။ (ငါးကလွဲရင်ပေါ့နော်။ ငါးတောင် များသောအားဖြင့် အပျော်တမ်း ငါးမျှားတဲ့လူတွေကဆိုရင် ဖမ်းမိလို့ မှတ်တမ်းယူပြီးတာနဲ့ တစ်ပြိုင်နက် ပြန်လွှတ်ပေးတယ်) မသတ်ဘူး။ မစားဘူး။ ငှက်ပစ် စားတဲ့လူလည်း မရှိဘူး။ တောပစ်စားတဲ့လူလည်း မရှိဘူး။ ကျုပ်တို့ မြန်မာ့စရိုက်နဲ့ကတော့ ပီဘိ ပြောင်းပြန်ပဲ။ လုံးဝ ခြားနားတယ်။


Saturday, May 11, 2013

ထိပ်ထားလမ်းလား သေနာလမ်းလား လမ်းကောင်းရွေးမှ ပြည်ရေးလှမယ် (ဟံသာဝတီ ဦးဝင်းတင်)

ကျုပ်က အသက်တော်တော်ကို ကြီးလာခဲ့ပြီလေ။ ဒီတော့ လူလိမ္မာပီပီ သံဝေဂလေး ရသပေါ့ဗျာ။ သံဝေဂဆိုတာ သံသရာမှ ထိတ်လန့်ကြောက်ရွံ့ခြင်းလို့ ဆိုသဗျ။ ဘဝမှာ အလကားနေ အသေစောင့်ရင်း ကြောက်ရွံ့ထိတ်လန်ဖွယ်ရာ ဝတ္ထုတွေကလည်း ရှိပေသကိုး။ 

ကြားဖူးတယ် မဟုတ်လား။ ဗြဟ္မာ့ဘုံ၌ ခံရခြင်းဟာလည်း ဆင်းရဲပဲတဲ့။ အဲဒါ ကြောက်ရွံ့ ထိတ်လန့်စရာပဲတဲ့။ ဗြဟ္မာ့ဘုံမှာ စံစားရခြင်းကိုတောင် ကြောက်စရာဆိုမှတော့ ကျုပ်တို့လို တိရစ္ဆာန်ဘုံမှာ ခံစားနေရသူတွေအဖို့ ဘာများပြောစရာ လိုတော့မှာလဲဗျ။ 

အားလုံးအကြားပဲလေ။ ဗြဟ္ဓာဘုံနဲ့တူတဲ့ နေပြည်တော်ဘုံမှာ စံစားနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည့်။ အိမ်က ထမင်းချက်၊ တံမျက်လှဲကိုတောင် လခမပေးနိုင်ရှာကြတော့ဘူးနဲ့တူရဲ့။ နိုင်ငံတော်ကို ငွေတောင်းနေကြတယ်လေ။ ကျပ်သိန်း နှစ်ထောင်လောက် ဆိုလား ဘာလား မသိပါဘူး။ အော် ... .. .... ဆင်းရဲ ... ... ဆင်းရဲ။ 


Friday, May 10, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၇ (ကိုညို)

“ပြောက်ကျား အနုပညာ” 

လပေါင်းများစွာ ဒီမျက်နှာ၊ ဒီမြင်ကွင်း၊ ဒီထမင်း ဒီဟင်းနဲ့ ဒီလေ့ကျင့်ခန်း၊ ဒီစခန်းထဲ အနေကြာလာတော့ ကျနော်တို့တတွေ ငြီးငွေ့နေပြီ၊ တယောက်နဲ့တယောက်လည်း ဟိုလူ့ကိုကည့်မရ၊ ဒီလူက ဘာဖြစ်တယ် ဒီခေါင်းဆောင်က မျက်နှာလိုက်တယ်၊ အုပ်စုမွေးနေတယ်ဆိုတာတွေနဲ့ မတည့်အတူနေတွေ ဖြစ်ကုန်ပြီ။ ပြဿနာဖြစ်ရင်လည်း အစည်းအဝေးနဲ့ မီးဖိုချောင်က များတယ်။ အစည်းအဝေးတခုပြီးသွားရင် တယောက်နဲ့တယောက် မခေါ်နိုင် မပြောနိုင် ရန်သူတွေလိုဖစ်ကုန်တယ်။ 

ဝက်သား၊ အမဲသားချက်တဲ့နေ့ဆို အတုံးမညီလို့ ပြဿနာဖြစ်မှာစိုးပြီး ကိုဘရမ်နဲ့ ချက်ပြုတ်ရေးတာဝန်ကျသူတွေဟာ အသားတွေခုတ်ထစ်ပြီး အတုံးတွေမျှတအောင် အကြီးအသေးအလိုက် အပ်ချီတွေနဲ့တွဲချီပြီး ရောချက်တယ်။ ဟင်းဝေရင် အသားတုံးတွေက အပ်ချီတွဲလေးနဲ့။ တပ်စုမှူးနဲ့ စခန်းတာဝန်ခံခါင်းဆောင်တွေကလည်း ကိုယ်ထဲကလူတွေရဲ့အခြေအနေကို အမြဲအကဲခတ်နေရတယ်။ အစုအဖွဲ့တခုထဲမှာ တယောက်နဲ့တယောက်မတည့်ရင် ပြဿနာဖြစ်မှာစိုးလို့ ခေါင်းဆောင်တွေ ခေါင်းချင်းရိုက်ညှိနှိုင်းပြီး တပ်စု မတူအောင်ခွဲထားရတာတို့ ပြေလည်အောင် ကြားဝင်ညှိပေးရတာတို့ လုပ်ပေးရတယ်။ 


Thursday, May 9, 2013

ဘာသာရေး ပဋိပက္ခ တားမြစ်ထိန်းချုပ်ရေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီ ပွင့်လင်းမှု အစကနဦးကာလ နိုင်ငံတကာမှာ တွေ့ကြုံရစမြဲပြဿနာတွေ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg က ပြောဆိုပါတယ်။ ပွင့်လင်းမှုကို တာဝန်သိမှုနဲ့ ထိန်းချုပ်သွားရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဦးကျော်ဇံသာ နဲ့ Prof. David Steinberg တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ Prof. Steinberg … မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လို စိန်ခေါ်မှုတွေရှိလာနိုင်တာနဲ့ပတ်သက်ပြီးတော့ ပါမောက္ခကို ကျနော် မကြာခဏ မေးမြန်းခဲ့ပါတယ်။ ဒီလို ဘာသာရေးအသွင်ဆောင်တဲ့ လူမှုအသိုင်းအဝိုင်းတွေကြားဖြစ်ပွားတဲ့ ပဋိပက္ခမျိုးကို ကျနော်တို့ တခါမှ မပြောခဲ့ကြဘူးပါဘူး။ ဒီလို ပဋိပက္ခတွေ ဖြစ်ပွားလာတာဟာ မျှော်လင့်မထားဘဲ ရုတ်တရက် ပေါ်ပေါက်လာတယ်လို့ ဆရာကြီး ထင်ပါသလား။ 

Prof. David Steinberg ။ ။ ဒီလို လူ့အဖွဲ့အစည်းလိုက်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ သမိုင်းမှာ ရှိခဲ့ပါတယ်။ ကိုလိုနီခေတ်တုန်းက မူစလင်-ဗုဒ္ဓဘာသာ ပဋိပက္ခတွေ ရှိခဲ့ပါတယ်။ ဗြိတိသျှတို့ စုံစမ်းစစ်ဆေးချက်အရ တချို့ကိစ္စတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့ ဒါမျိုးဟာ သမိုင်းနဲ့ချီ ရှိလာခဲ့တာပါ။ ထိုစဉ်တုန်းကတော့ ဒီပြဿနာတွေဟာ စီးပွားရေး အခြေအနေတွေကြောင့် စတင်ခဲ့တာပါ။ မူစလင် အသိုင်းအဝိုင်းဟာ မြန်မာတွေထက် စီးပွားရေအရ ပိုကောင်းနေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီနေ့ကိစ္စမှာတော့ နောက်ထပ်ပြဿနာတခု ရှိနေပါတယ်။


ထောင်ကြွေး ... (ကာတွန်း အောင်မော်)


Wednesday, May 8, 2013

ကျွန်တော်တို့တိုင်းပြည်မှာ လူတွေက မဲတောင် မပေးတတ်သေးဘူး ...

(PR စနစ်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်နှင့်တွ့ဆုံခြင်း) 

မး ။ ။ အချိုးကျရွေးကောက်ခံမှု PR စနစ်ကို အခုဆိုရင် ကျွန်တော်တို့ဆီမှာ အပြောများလာကြတယ်။ ဒါပေမယ့် အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR စနစ်ကို လူထုအလွယ် ဆုံးနားလည်နိုင်မယ့်အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲခင်ဗျ။ 

ဖြေ ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင် အများကြီးပေါ့နော်။ ကျွန်တ်ာပြောချင်တာကတော့ PR စနစ်က တိုင်းပြည်အတွက် မသင့်တော်သေးဘူးလို့ ပြောချင်တယ်။ 

မး ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။ 

ဖြေ ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကို အလွန်နားလည်ကြတဲ့သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲပးတာပြုတာ၊ ဆန္ဒပေးတာတွေလည်း တတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုးရှိပြီး ဒီအယူအဆတွေကိုလည်း နားလည်ပြီး လုပ်ကြတာ။ အဲဒီလိုအဖွဲအစည်းတွေဆိုရင် ကိစ္စမရှိဘူး။ အခုက ပါတီတွေများတယ်ဆိုတာ ကိုယ့်ဘာသာကို ကိုယ်ပိုင်ပါတီတွေထောင်နေကြတာ။ ကိုယ်ဘာသာ ကိုယ်ပိုင်အယူအဆတွေနဲ့ လုပ်နေကြတာ။ နိုင်ငံရေးအယူအဆကျတော့ ခိုင်ခိုင်မာမာရှိကြတာ မဟုတ်ဘူး။