Sunday, November 30, 2008

အုပ်စိုးနိုင် (ရိုးရိုးကျင့် မြင့်မြင့်ကြံ)

ရိုးရိုးကျင့် မြင့်မြင့်ကြံ


(အုပ်စိုးနိုင်)


ကျနော်တို့ငယ်ငယ်က၊ ‘ရိုးရိုးကျင့် မြင့်မြင့်ကြံ’ ဆိုတဲ့ စကားကလေး၊ စာသင်ခန်းထဲမှာ ယဉ်ပါးခဲ့ရတယ်။ ရိုးရိုးသားသား ပြောဆိုနေထိုင် လုပ်ကိုင်၊ ဘဝတိုးတက်မြင့်မားအောင် ကြိုးစားကြံစည် … အဲဒီ အဓိပ္ပာယ်လေးတွေနဲ့ ဒီစကားလေးတွေက သိပ်ကိုလှခဲ့တယ်။


ကိုယ်တိုင်လည်း ဒီစကားလိုကျင့်နိုင်ရင် ကောင်းမှာပဲလို့ ငယ်စဉ်ထဲက တွေးမိ ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်က လူတွေကရော …


လောကထဲမှာ လှော်ရင်းခတ်ရင်းနဲ့ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ကြုံခဲ့ ကြရပါတယ်။ လူတိုင်းဟာ ကိုယ်ဖြတ်လျှောက်နေတဲ့ ခေတ်ကြီးရဲ့ ဘဝအတွေ့အကြုံပေါ်ကနေ ကိုယ်ပိုင်ဒဿနအမျိုးမျိုးကို ထုတ်ပြလာကြတယ်။


‘ရိုးရိုးကျင့်နေသမျှ ဘယ်တော့မှ မြင့်မြင့်ပျံနိုင်မှာ မဟုတ်’ တဲ့ … သိပ် ကြောက်စရာကောင်းတဲ့ အယူအဆတွေပါ။ တပြိုင်နက်တည်းမှာ ဒါဟာ ခေတ်ကို မီးမောင်းထိုးပြလိုက်တာပဲလို့ ကျနော်က ယူဆပါတယ်။


ဘာသာတရားရဲ့ အလိုအရ ဆုတ်ကပ်ကြီးထဲမှာရောက်နေတဲ့ ကျနော်တို့ ကမ္ဘာကြီးဟာ အဆိုးဘက်ကို ပိုပြီး တိမ်းစောင်းနေတယ်ဆိုတာကိုတော့ အားလုံး သဘောတူကြမှာပါ။


မကြာသေးခင်ကာလများဆီက မြန်မာပြည်မှာ အသင့်အတင့် စာပေသြဇာရှိတဲ့ ပုဂ္ဂိုလ်တဦးက သူ့ အယူအဆတရပ်ကို ရူးရူးမိုက်မိုက်ပဲ ချပြခဲ့တယ်။


‘နာမည်သေချင် သေပါစေ၊ လူ မသေပါစေနဲ့’ တဲ့။ လူ မသေသေးရင်၊ နာမည်ပြန်ကောင်းအောင် လုပ်လို့ရသတဲ့၊ လူသေရင် နာမည်ကောင်းအောင် လုပ်လို့မရတော့ဘူးဆိုပြီး တရားထောင်ခဲ့တယ်။


လူပြိန်းကြိုက်တဲ့ဒီစကားဟာ ဟုတ်သယောင်ယောင်နဲ့ အမှောင်အားပေး ဖြစ်ခဲ့သေးတယ်။ လူတိုင်းဟာ ပစ္စုပ္ပန်မှာ မှားချင်ရာမှားခွင့်ရှိတယ်။ ပြင်ချင်ရင် နောက်မှပြင်နိုင်တယ်ဆိုတဲ့သဘောပဲ။


သူခိုးကြီးမှ ဂေါပကဖြစ်ချင်တဲ့သူတွေကို ကျနော်တို့လူ့အဖွဲ့အစည်းက နေရာ ပေးသင့်ရဲ့လား။


ရိုးရိုးကျင့်ပါဆိုတဲ့ ရိုးသားတဲ့စကားလေးကိုပဲ ကိုယ်လိုရာဆွဲဆန့်ပြီး ‘ရိုးရိုးနေထိုင်ကျင့်ကြံတယ်ဆိုတာ ခေတ်မမီဘူး။ အစဉ်အလာဟောင်းကို ဖက်တွယ်သူတွေ’ စသဖြင့် ပြောသူတွေလည်း ကြုံဖူးပါတယ်။


တကယ်တော့ … ရိုးသားမှုဆိုတာ အမြဲတမ်း ခေတ်မီနေတာပါ။ ရိုးရိုးနေပါဆိုတာ … အဟောင်းကိုပဲ ဖက်တွယ်နေဖို့ လှုံ့ဆော်တာ မဟုတ်ပါဘူး။


ရိုးရိုးကျင့်ကြပါဆိုတဲ့ လှုံ့ဆော်မှုတွေကို တနပ်စားအဘိဓမ္မာတွေက လွှမ်းမိုးသွားခဲ့ရင် လောကကြီး မျက်နှာပျက်မှာပေါ့။


နောက်တခုက မြင့်မြင့်ကြံဆိုတဲ့ စကားလေးပါ။ လူတိုင်းဟာ မြင့်မြင့်မားမား ရည်မှန်းချက်ရှိသင့်တယ်။ ဘဝမြင့်မားတိုးတက်အောင် ကြံစည်ရမယ်ဆိုတာ အားကောင်းတဲ့တရားပါ။


ဒါပေမယ့် ဘယ်လို မြင့်မြင့်ကြံရမှာလဲ။


ကျနော်တို့ဟာ ဘာကိုပဲလုပ်လုပ် လက်ငင်းလက်တွေ့ကပေးတဲ့ အခြေအနေတွေ အပေါ်မှာပဲရပ်ပြီး ရှေ့ကိုသွားကြရတာပါ။ ဘယ်လို သဘောတရားမျိုးကမှ လက်ရှိအခြေအနေတွေပေါ်ကနေ ကင်းလွတ်ပြီး ခုန်ပျံကျော်လွှားပြီး သွားကြရတာမဟုတ်ပါဘူး။


အောက်သက်မကြေဘဲနဲ့ အလှမ်းကျယ် အလယ်လပ် စိတ်ဓာတ်မျိုးနဲ့ မြင့်မြင့်မားမား ကြံစည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြင့်မြင့်ကြံစည်တယ်ဆိုတာ ကံကိုယုံပြီး ဆူးပုံနင်းရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။


အချို့ကျနော့်မိတ်ဆွေတွေကို မြင်ခဲ့ဖူးပါတယ်။ စဉ်းစားရင် အကြီးကြီး၊ တွေးခေါ်ရင် အကြီးကြီး၊ သူများကိုလည်း ကြီးကြီးကျယ်ကျယ်လုပ်ဖို့ လှုံ့ဆော်ပါတယ်။


အချို့ (အရေအတွက် နည်းနည်းလေး) က ပြောတဲ့အတိုင်း ဖြစ်သွားကြတယ်။ အချို့ (အများစုကြီးက)တော့ ဒုံရင်းဒုံရင်းပဲ။ လူတိုင်းက ကြီးကြီးကျယ်ကျယ် မျှော်မှန်းခွင့်ရှိပါတယ် … ဒါပေမယ့် သေးသေးလေးတွေကို မကြေညက်ဘဲနဲ့၊ ပန်းတိုင်ဆီကို တိုက်ရိုက်မသွားသင့်ဘူး။ တဆင့်ပြီး တဆင့် စနစ်တကျ မသွားတတ်ရင် … ဘဝနဲ့ရင်းပြီး အကျနာတတ်တာကို တွေ့ခဲ့ဖူးပါတယ်။


အီဗရာဟင်လင်ကွန်းပဲ ဖြစ်ဖြစ်၊ ဒေဝူးပဲဖြစ်ဖြစ် ငယ်ငယ်ကတည်းက သူတို့ မျှော်လင့်တဲ့ နေရာကို ရောက်အောင်သွားခဲ့တယ်။


ဒါပေမယ့် စနစ်တကျ တဆင့်ပြီးတဆင့် မြင့်လာအောင် ဂရုစိုက်ခဲ့တယ်ဆိုတာကို တွေ့ရတယ်။ ဝမ်းစာပြည့်စုံခဲ့တဲ့သူမှ သမိုင်းမှာ နေရာရတတ်ကြတာပါ …။


တက်ကျမ်းတွေရဲ့လှုံ့ဆော်မှုအပေါ်မှာ ဘာသာပြန်မှားခဲ့တဲ့အခါ … ကြီးကြီး ကျယ်ကျယ်လုပ်ဖို့ စဉ်းစားရင်းနဲ့ နှစ်လုံးတိုက်ချဲသမားနဲ့ အလွဲသုံးစား လုပ်တဲ့သူတွေ တမိုးလုံး ဖျောက်ဆိပ် ဖြစ်လာတယ်။


လူအတော်များများဟာ အကြီးကျယ်ဆုံး ဖြစ်ချင်ကြသူတွေချည်းပါပဲ။ မိုဟာမက်အလီလည်း သူဟာ အကြီးကျယ်ဆုံးလို့ ကမ္ဘာတုန်အောင် အော်ခဲ့တယ်။ ကောင်းသော ကြီးကျယ်မှု၊ မြင့်မားမှုဖြစ်ဖို့ပါပဲ။


လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ရမယ်ဆိုတဲ့ ဟစ်တလာ၊ သမိုင်းမှာ သူ ဘယ်နေရာရခဲ့သလဲ။


နောက် ဥပမာလွယ်လွယ်တခုက … အင်္ဂါဂြိုဟ်ဟာ ပန်းတိုင်ဖြစ်တယ်ဆိုပါစို့။ ဆိုက္ကားသမားက မီးပုံးပျံနဲ့ သွားပြီး သိပ္ပံပညာရှင်က ဒုံးပျံနဲ့ သွားပါလိမ့်မယ်။


ဘယ်သူက အကျိုးဖြစ်နိုင်သလဲ။ ဘယ်သူက အကျိုးမဲ့ ဖြစ်နိုင်သလဲ။ ဒါဟာ ကိုယ့်လက်ရှိ အခြေခံ၊ ကိုယ်ပိုင်စွမ်းအင်ပေါ်ကသာ မြင့်မြင့်ကြံသင့်တယ်ဆိုတာ စဉ်းစားနိုင်ဖို့ပါ။


လူတိုင်းဟာ ရှေ့ကိုသွားဖို့ မကြိုးစားရင် အနုတ်လက္ခဏာတွေချည်းပဲ ဖြစ်ကုန်မှာပေါ့။ ဒါကိုကျနော်တို့ သဘောတူကြရမှာပါ။ ကိုယ်တိုင်လည်း မြင့်ဖို့ ကြိုးစားကြရမှာပါ။


မြင့်ရင်ပြီးရောဆိုပြီး ရမ်းမခုန်ကြရအောင် အားလုံးကဝိုင်းပြီး တည့်မတ် ပေးကြရမှာပါ။ ဒီလိုမှမဟုတ်ရင် ‘စွန့်စားတယ်ဆိုတာ စွန့်မှစားရတာကွ၊ မစွန့်ရင်မစားရဘူး’ ဆိုတဲ့ ရူးရူးမိုက်မိုက် အတွေးအခေါ်တွေ၊ ခုန်လိုက်ရရင်ပြီးရော လဲကျသွားလည်း နောက်မှ ပြန်ထမယ် ဆိုတဲ့ တပွဲတိုးအယူအဆတွေ ခေါင်းထောင်လာနိုင်ပါတယ်။


ကျနော့် မိတ်ဆွေများ …


ရိုးရိုးကျင့်တတ်ကြပါစေ။

မြင့်မြင့်ကြံတတ်ကြပါစေ။ ။


ရေစီးသံဂျာနယ်

အတွဲ ၆ အမှတ် ၁

မေလ ၁ ရက် ၂၀၀၂ ခုနှစ်


လူ့ဘောင်သစ်ကျောင်း

လူ့ဘောင်သစ်ကျောင်း


နောက်ခံအခြေအနေ


ပြည်တွင်းစစ်၊ အထွေထွေ စီးပွားရေးကျပ်တည်းမှု၊ အတင်းအဓမ္မလုပ်အားပေး၊ မြေယာ အပိုင်စီးခံရမှု စသော အကြောင်းများကြောင့် မြန်မာနိုင်ငံသားများသည် နယ်နိမိတ်ထိစပ်ရာ အိမ်နီးချင်းနိုင်ငံအသီးသီးသို့ တဝမ်းတခါးအတွက် ရေကြည်ရာမြက်နုရာဆိုသလို ထွက်ခွာလာခဲ့ကြရသည်။ ထွက်ခွာလာနေကြဆဲဖြစ်သည်။


ယနေ့ခေတ်သည် အိမ်ထောင်ဦးစီးတယောက်တည်း၏ လစာ၊ လုပ်ခကို မှီခိုစားသောက် နေထိုင်နိုင်သော ခေတ်မဟုတ်။


“ မိသားစု ဆိုတာ

လူခြောက်ယောက်ရှိ လူခြောက်ယောက်

လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း

ခေတ်ကတောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်

အိမ်ရှိ လူအကုန်”


ဆိုတဲ့ ကဗျာထဲကလိုပဲ တမိသားစု၊ တဝမ်းတခါးအတွက် ရှိသမျှ မိသားစုအားလုံး ရုန်းကန်ကြရသည်။


သို့ဖြင့် ‘အပ်သွားရာချည်ပါ’ဆိုသကဲ့သို့ မိသားစုအလိုက် ရွှေ့ပြောင်းလာကြရသောအခါ ရရာအလုပ်ကို မိဘများက ဝင်ရောက်လုပ်ကိုင်ကြရသောအခါ အရွယ်မရောက်သေးသည့် ကလေးငယ်ရွယ်များ ပါလာကြတော့ သည်။ အကို၊ အမများက မိဘနှင့် ဒိုးတူပေါင်ဖက် ဦးထမ်းပဲ့ထမ်း နိုင်ရာတာဝန် ထမ်းကြရတော့သည်။ ထိုအခါ အရွယ်မရောက်သေးသော သူတို့ကလေးငယ်များသည် သူတပါးတိုင်းပြည်တွင် စာသင်ခန်းနှင့် ဝေးကြရသည်။ နောက်ဆုံး ရာဇဝတ်မှုမျိုးစုံ၏ သားရဲတွင်းသို့ မရည်ရွယ်ဘဲ သက်ဆင်းကြရတော့သည်။


သို့ဖြင့် “ဆင်းရဲမွဲတေလို့ အသိပညာမဲ့တယ်၊ အသိပညာမဲ့လို့ ဆင်းရဲမွဲတေတယ်” ဟူသည့် ဆင်းရဲမွဲတေမှုနှင့် ပညာမဲ့မှုသံသရာသည် စက်ရဟတ်ခြားကဲ့သို့ မဆုံးနိုင်အောင် လည်ပတ်ပေတော့သည်။


ထိုသို့သော လူမှုဘဝအနိဌာရုံများမှ တစုံတရာ သက်သာထောက်ကူပေးနိုင်စေရန် ရည်ရွယ်လျှက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အဖွဲ့အစည်းများသည် အမျိုးသမီးငယ်ရွယ်များ၊ ကလေးသူငယ်များအရေးနှင့် ပညာရေး၊ ကျန်းမာရေး အစရှိသောကိစ္စများကို ဆောင်ရွက်ပေးနိုင်ရန် အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လာခဲ့ကြပါသည်။


လူ့ဘောင်သစ်ကျောင်း


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးငယ်ရွယ်များ မူလတန်းပညာ သင်ကြားတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော မူလတန်းကျောင်းကလေးတကျောင်း ဖြစ်ပါသည်။


၂၀၀၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်း၏ စီမံအုပ်ချုပ်မှုကိစ္စအဝဝကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးရေးရာ လုပ်ငန်းအဖွဲ့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည်။


ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၁ ဦးရှိပါသည်။


သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားပေးလျက်ရှိပါသည်။


ဆရာ၊ ဆရာမ စုစုပေါင်း ၄ ယောက်ရှိပါသည်။


ကျောင်း၏ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံပြင်ပသို့ရောက်ရှိနေကြသော စေတနာရှင်များ၏လှူဒါန်းငွေများကို အဓိကထား၍ လည်ပတ် နေရခြင်းဖြစ်ပါသည်။



ကျောင်း၏လိုအပ်ချက်များကို မည်သူမဆို ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပါသည်။


(ဆက်သွယ်ရန်)


၁။ မအေးအေးမော်
တာဝန်ခံ
ကျောင်းအုပ်ချုပ်ရေးကော်မတီ
တယ်လီဖုန်း (+66 87 8431879)
အီးမေးလ် (aamaw67@yahoo.com)


၂။ မတင်တင်နွယ်
အဖွဲ့ဝင်
ကျောင်းအုပ်ချုပ်ရေးကော်မတီ
တယ်လီဖုန်း (+66 89 7025623)
အီးမေးလ် (nwe_81@yahoo.com)



ဓာတ်ပုံ အယ်ဘမ်သို့ ....



Saturday, November 29, 2008

ကိုခင်ကျော်ဟန် (လူထုထဲက လူထု)


( ၁ )


တချိန်က …

ဦးလေးဦးလှဟာ

‘ကြီးပွားရေးမဂ္ဂဇင်း’ ထုတ်ဝေသူနဲ့ တာဝန်ခံအယ်ဒီတာ။

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်မှာ

‘ကြီးပွားရေး ဦးလှ’ လို့ ထင်ရှားလာ။


( ၂ )


မြမဉ္ဇူ ခင်လဝင်း ကလောင်အမည်တွေနဲ့

‘ကြီးပွားရေး’ မှာ စာတွေရေးခဲ့တာ

အမေ လူထုဒေါ်အမာပါ။


၁၉၃၈ မှာ …

မောရစ်ကောလစ်ရဲ့

‘Trials in Burma’ ကို

မအမာ ဘာသာပြန်တဲ့

‘မြန်မာပြည်မှ မှုခင်းများ’ စာအုပ်

‘ကြီးပွားရေး’ က ထုတ်ခဲ့တယ်။


၁၉၃၉ ခုနှစ်က

စာရေးသူနဲ့ ထုတ်ဝေသူ အိမ်ထောင်ကျ

ညောင်လေးပင်သား ဦးလှဟာ

ဇနီးရှိရာ ‘ရတနာပုံ’ ကိုရောက်ပြီး

‘မယားပါ မန္တလေးသား’ တယောက် ဖြစ်လာတယ်။


( ၃ )


သူတို့ဇနီးမောင်နှံဟာ

စစ်ပြီးစ မန္တလေးမှာ

‘လူထု’ သတင်းစာကို တည်ထောင်တယ်။


‘လူထု’ သတင်းစာကိုအကြောင်းပြုကာ

စစ်ပြီးခေတ်နောက်ပိုင်းမှာ

‘လူထုဦးလှ’ ‘လူထုဒေါ်အမာ’ ဖြစ်လာတယ်။


လူထုထဲဆင်း၊ လူထုအကျိုးဆောင်

လူထုကောင်းအောင် စာတွေရေးကြလို့

လူထုကို ကိုယ်စားပြုတာလည်း ဖြစ်ပါတယ်။


( ၄ )


လူထုဦးလှဟာ

သူ့တသက်

တိုင်းပြည်နဲ့ လူမျိုးအတွက်

စာပေကလောင်နဲ့ ၊ တိုင်းကျိုးပြည်ကျိုး ဆောင်ခဲ့တယ်။


ဂျပန်ခေတ်

စာအုပ်စာပေရှားပါးချိန်မှာ

‘ရွှံ့နှင့်စစ်သား’ ‘ပန်းနှင့်စစ်သား’ ထွက်လာတယ်။


ဘဝတက္ကသိုလ်တက်ပြီး

‘ရဲဘော်နှင့်မောင်ကြီးနှမ’၊ မနီးတဲ့ ဘဝခရီး’၊

‘စစ်၊ အချစ်နှင့်ထောင်’

‘စစ်ပြီးစက ထောင်တံခါး’၊ ‘လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ’

‘လေနှင့်အတူ’၊ ‘ထောင်နှင့်လူသား’

‘အားလုံးကောင်းကြရဲ့လား’

ထောင်ထဲက အတွေ့အကြုံများ ရေးခဲ့တယ်။


‘အင်ဒိုနီးရှား အနောက်မှ အရှေ့သို့’

‘ဂျပန်ပြည်တခေါက်’

ရောက်ခဲ့တဲ့ ခရီးက၊ ရခဲ့တဲ့ ဒေသန္တရ

ဝေမျှခဲ့ပါတယ်။


လူ့အလွှာအသီးသီးရဲ့ဘဝများ

‘သံလွင်ဖောင်စီး’၊ ‘ကျွန်တော် လှေသူကြီး’

‘ကျွန်တော် စတီးပွဲစား’

‘ကျွန်တော် ဗျူရိုကရက်’၊ ‘ကျွန်တော် မြင်းသမား’

ကျွန်တော် သတင်းထောက်’ စတာတွေလည်း ရေးခဲ့တယ်။


‘သောင်းပြောင်းထွေလာ ရေးချင်ရာရာ’

‘သတင်းစာများသည် သမိုင်းကိုပြောနေကြသည်’

သတင်းစာများက ပြောပြတဲ့ ‘စစ်တွင်းမြန်မာပြည်’ ‘စစ်ပြီးစ မြန်မာပြည်’

‘သူ့စာကပြောတဲ့ သိပ္ပံမောင်ဝ’

‘လူတလုံး’ ‘စားစရာ ဆန်’

အရက်သမား ‘အမှားတထောင်’ ‘အမှားနှစ်ထောင်’

‘ဘိန်းဖြူသမား အမှားကမ္ဘာ’

ဦးလေးလှ စိုက်ခဲ့တဲ့ စာပေမှတ်တိုင်တွေပါ။


ဒါ့အပြင် …

နိုင်ငံတကာပုံပြင်တွေနဲ့ တိုင်းရင်းသားလူမျိုးစုပုံပြင်တွေ

ရှာဖွေစုဆောင်းထုတ်ဝေခဲ့တာ

ပုဒ်ရေ နှစ်ထောင်ကျော်ပါတယ်။


ဦးလေးရဲ့စာတချို့

ယူနက်စကိုဆု၊ စာပေဗိမာန်ဆု ရဖူးတယ်။


အင်္ဂလိပ်၊ ဂျာမန်

ဂျပန်၊ ပြင်သစ်

ရုရှဘာသာပြန်ဖူးတယ်။


အသွေးအရာင်စုံစွာ၊ ပန်းစင်္ကြာမှန်ပြောင်းပမာ

ပရဟိတဝါဒီ၊ သတင်းစာဆရာ

ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့

ကမ္ဘာ့ငြိမ်းချမ်းရေးမှာ ပါဝင်သူ

ဝတ္ထုရေးဆရာ၊ အယ်ဒီတာ

ထောင်မှတ်တမ်း၊ ထောင်ဝတ္ထုရေးသူ

အပြောဟောကောင်းသူ၊ စာရေးကောင်းသူ

ထုတ်ဝေသူနဲ့ ပုံပြောဆရာ

လူထုထဲက လူထုဦးလှပါ။


ကွယ်လွန်တာ

၇ - ၈ - ၈၂ အသက် ၇၃ နှစ်မှာပါ

သူ့စာတွေက ခုထိရှင်သန်နေဆဲပါ။


(၅)


သတင်းစာဆရာ၊ မဂ္ဂဇင်းအယ်ဒီတာ

ပင်ကိုရေးနဲ့ ဘာသာပြန်စာရေးဆရာ

အမေ လူထုဒေါ်အမာ

သက်ရှိထင်ရှား ရှိဆဲပါ။


အမေ့စာတွေ၊ ခုထိနုပျိုနေဆဲပါ

ဓားလိုထက်ပြီး၊ လှံလိုစူးတဲ့ ကလောင်ပိုင်ဆဲပါ။


အမေဟာ …

၁၉၃၆ - တက္ကသိုလ်ကျောင်းသားသပိတ်မှာ

ရဲရဲတောက်ခေါင်းဆောင်တဦးပါ။


‘အငြိမ့်’ ‘စန္ဒမာလာ’

‘အောင်ဗလ - ဖိုးစိန် - စိန်ကတုံး’

‘ဘဝချင်းမတူသည့် တရုပ်ပြည်’

‘ဆိုရှယ်လစ်တိုင်းပြည်များသို့’

‘အိုယန်းကီးတို့’၊ ‘ချင်းတွင်းမှပင်လယ်သို့’

‘ရွှေဒေါင်းတောင်ဆောင်းပါးများ’ ‘အမေ့ရှေးစကား’

‘မန္တလေးသူ - မန္တလေးသား’

‘သက်တန့်ရောင်’ ‘ရွှေမန်းတင်မောင်’

‘ရတနာပုံမန္တလေး - ကျွန်မတို့မန္တလေး’၊ ‘ရွှေရိုးဘကလေး’

‘မြန်မာ့မဟာဂီတ’ ‘ကျွန်မတို့ငယ်ငယ်က’

‘ထိုင်းဝတ္ထုတိုများ’ ‘သာသနာ့ဝန်ဆောင်ဆရာတော်ကြီးများ’

အမေဒေါ်အမာရဲ့စာပေကောင်းမှုအစုစုများ

စာပေလောကရဲ့ ဓူဝံကြယ်အလား။


တခါက …

အလယ်မှာ ရေနွေးကြမ်းနဲ့ ပဲလှော်၊ ထန်းလျှက်ခဲ

အမေ့ ၇၉ - နှစ်မြောက် မွေးနေ့ပွဲ ***

ကျနော်တို့ နွှဲခဲ့ဖူးတယ်။


တက်ရောက်သူတွေ ဝန်းရံထိုင်

အမေ့စာ၊ အမေ့ဘဝအကြောင်း

သိသမျှသောင်းပြောင်း

ပြောကြ၊ ဆိုကြ၊ ဂုဏ်ပြုကြ

အမှတ်တရပေါ့။


(၆)


ရှစ်ဆယ့်ခြောက်နှစ်မြောက်မွေးနေ့ပွဲ

လာမယ့် နိုဝင်ဘာ ၂၉ မှာ ဆင်နွှဲမယ့်အမေ

အသက်ရာကျော်ရှည်ပါစေ

လူထုထဲက … လူထုရဲ့အမေ။ ။



*** ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် သရက်ထောင်တွင်း ဆေးရုံဆောင်အပေါ်ထပ်တွင် ထောင်အာဏာပိုင်များ မသိအောင် ကျင်းပပြုလုပ်ခဲ့သော အမေ၏ ၇၉ နှစ်မြောက်မွေးနေ့ပွဲ



- ကိုခင်ကျော်ဟန်သည် ရေနံချောင်း အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ပြည်ပတွင် နေထိုင်လျက်ရှိသည်။



ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၇

ဒီဇင်ဘာလ ၁ ရက် ၂၀၀၁ ခုနှစ်


ပုံတူ ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်


မောင်တောက် (ကျနော်တို့ရဲ့ တမိုးတမြေ)


လူထုဒေါ်အမာတို့

ဒေါ်အောင်ဆန်းစုကြည်တို့လို

ကြီးမြတ်တဲ့ အမျိုးသမီးတွေကိုရထားတဲ့ တိုင်းပြည်ဟာ

ကံကောင်းတဲ့ တိုင်းပြည်ပါ။


အောင်နိုင်ဦး


အမေ လူထုဒေါ်အမာ ၈၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့်နှစ်က ထုတ်ဝေသော ‘လွတ်လပ်သော ကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ)’၏ လက်ဆင့်ကမ်း စာစောင်ကလေးကို ကျနော် ပြန်ဖတ်နေမိသည်။


“ဒီိနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ဟာ အမေ လူထုဒေါ်အမာရဲ့ ၈၆ နှစ်ပြည့် မွေးနေ့ပေါ့ … ဟု စိတ်ထဲမှာတွေးရင်း အပြင်သို့ အကြည့်အရောက် နှင်းမှုန်ပါးလျလျထဲ ဆရာတော်ကိုပညာ (အမရပူရ)၏ တောင်လေးလုံးကျောင်းအရိပ်က လှုပ်ကြွသွားသေး၏။


အမေရယ်၊ ဦးစောလွင်ရယ်

ကျောက်ဆည်ဆင်ပွဲမှာ

ဒီမိုကရေစီရပြီး … …

တခါလောက် ဆုံချင်တယ်။


သံဒုတ်


၁၉၃၆ ခုနှစ်၊ ဒုတိယကျောင်းသား သပိတ်တိုက်ပွဲထဲ နောင်တော် ကျောင်းသားတွေနှင့်အတူ ဇွဲသန်သန် အပင်ပမ်းခံရင်း အလိုတော်ရိ ကျောင်းသားတို့ လှောင်ပြောင်မှုကို အရေထူထူဖြင့် တွန်းလှန်ရင်း တိုက်ပွဲဝင်ခဲ့ကြသော သပိတ်မှောက်ကျောင်းသူတွေထဲမှာ အမေ လူထုဒေါ်အမာ ပါဝင်ခဲ့သည်။


ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သပိတ်မှောက် မှတ်တမ်းစာအုပ်ထဲတွင် ‘သပိတ်မှောက်ကျောင်းသူများ၏ လုပ်ရည်ကိုင်ရည် ဇွဲသတ္တိကို တွေ့မြင်ခဲ့ရသဖြင့် မြန်မာအမျိုးသမီးများသည် လွတ်လပ်ရေးတိုက်ပွဲ၌ တတပ်တအား စွမ်းစွမ်းတမံ ပါဝင်နိုင်ကြမည်ဟု ကျနော်ယုံကြည်သည်’ ဟူ၍ ရေးသားချီးကျူးခဲ့ပေသည်။


အမေရဲ့စာတွေကြောင့်

လူငယ်တွေ လူတော်ဖြစ်လာကြတယ်။

သားကောင်းတွေဖြစ်လာကြတယ်လို့ ယုံကြည်တယ်။


မိုးသီးဇွန်


နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီပညာရေးစနစ်တိုက်ပွဲ၊ အမျိုးသားလွတ်မြောက်ရေး ခရီးစဉ်တလျောက် တတပ်တအား၊ တသန်နှင့် ပါဝင်ခဲ့သော အမေ လူထုဒေါ်အမာသည် လူမျိုးတင့်ဖို့ စာပေမြင့်အောင် စွမ်းဆောင်နေဆဲ။ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်၊ ခေတ်စနစ်၊ အဟောင်းအသစ်ကို ရင်နဲ့အမျှခံစား တွေးမြင်ပြီး ငြိမ်းချမ်းရေးသစ်ကို ဆွဲဖွင့်နေဆဲ။


နိုင်ငံ့ရဲ့သမီး

လူထုရဲ့အမေ

အမေရဲ့သမီး


အေးမိဖြူ


အမှောင်ထု ဘယ်လောက်ပဲကြီးကြီး

အမေ့ မေတ္တာအလင်းနဲ့

ကျနော်တို့နွေးထွေးငြိမ်းချမ်းနေခဲ့ရတယ်။

အမေ … အသက်ရာကျော်ရှည်နေပါဦး။


ရဲနည်


အမေရေးသောစာတွေက ရှုဒေါင့်စုံလှသည်။ ကျနော်တို့ဘဝပေါ်ကိုလည်း နေရောင်ခြည်လို လင်းလက်တောက်ပစွာ ကျရောက်ပြီး၊ နွေးထွေးခဲ့ရပြန်ပြီ။ အမေရေးသောစာထဲမှ အမေ၏ ဖြူစင်သော စေတနာသည် လေပြေလေညင်းအလား။ တခါတခါတော့ အမေ့ဆောင်းပါးတွေကိုဖတ်အပြီး ပင်လယ်ထဲရောက်သွားသည့်နှယ်။


Anyone cannot stop a canary.


Bo Kyi


Long Live Daw Daw,

Though in the moonless night

You give on the know light


Maung Pe Thet Nee


အမေ၏ ကလောင်သတ္တိ စာပေအရေးအသား လူထုအကျိုးရှုမျှော်ခင်းတို့ လတ်ဆတ်သင်းပျံ့ ရနံ့လှပစွာ ကျနော်တို့ အနာဂတ်ကို ဆွဲဖွင့်ပြနေသည်။


၁၉၄၅ ခုနှစ်မှစ၍ လူထုဂျာနယ် လက်ထောက် အယ်ဒီတာ၊ ထို့နောက် လူထုသတင်းစာထုတ်ဝေတော့ အယ်ဒီတာ အဖွဲ့ဝင်၊ ကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီးညီလာခံ (၁၉၅၃)၊ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ (၁၉၅၃)၊ ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နှင့် ကျောင်းသားပွဲတော် (၁၉၅၃) တို့သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့်အပြင် အေရိုဖလုတ် လေကြောင်းဖွင့်ပွဲ (၁၉၆၂)တွင် သတင်းစာဆရာကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံခဲ့ရသော အမေ လူထုဒေါ်အမာ … …။


အမေ့အတွက်

အမြဲဂုဏ်ယူနေမယ်

အမေချစ်တဲ့ အမေ့ရဲ့သားတွေနဲ့

အမြန်ဆုံတွေ့ကြရပါစေ … …။


ရဲဘော်သံခဲ

ABSDF


အမေ … …

ဘယ်တော့မှ အိုမင်းသွားမှာ

မဟုတ်ပါဘူး။


ဝင်းနိုင်ဦး

မိုးမခ စာပေအင်အားစု


ပြည်သူတွေကို စာနာတတ်တဲ့

အမေ … …

အသက်ရာကျော်ရှည်ပါစေ … …။


ထွဋ်ဦးလှိုင်


တိုင်းပြည် … လူမျိုးစုံပြည်သူလူထု၊ ယဉ်ကျေးမှုနှင့် လူငယ်မျိုးဆက်သစ်အားလုံးကို အမေချစ်သည်။ လူထုချစ်သော အနုပညာရှင်များကို အမေက တလေးတစားပြုသည်။ ထို့ကြောင့် ‘ပြည်သူချစ်သော အနုပညာသည်များ’ ဟု အမေက အမြတ်တနိုး မော်ကွန်းထိုးသောအခါ ကျနော်တို့ကား အမေရေးသော စာအုပ်ကိုဖတ်ပြီး အမေ့အပေါ် အချစ်တိုးခဲ့ရပြန်သည်။


အမေကား … အမျိုးသားယဉ်ကျေး မှုခံတပ် … ။

စာပေအနုပညာနဲ့ ပြည်သူလူထုအကျိုး

အသက်ရာကျော်တိုင်သယ်ပိုးနိုင်ဖို့

ကျနော်တို့ဆုတောင်းလျက် … …။


သန်းထွဋ်

မြန်မာနိုင်ငံလွတ်လပ်သည့် သတင်းအေဂျင်စီ


အမေ့လိုဘဝမျိုးနဲ့ ကျနော်

အသက်ရှည်ချင်ပါဘိ … …


ငြိမ်းဝေ


နိုင်ငံတနိုင်ငံ၏ ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး၊ စတုတ္ထမဏ္ဍိုင်ကို အမေက နိုင်အောင်ထမ်းခဲ့သည်။ အမေ၏ သတင်းစာတိုက်ကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲခံခဲ့ရသော်လည်း အမေ၏ကလောင်အားက မလျော့။ ဘဝနှင့်စာပေသမိုင်းတွင် လူထုအကျိုးဘက် မားမားမတ်မတ်ရပ်တည်ခဲ့သော အမေ … … ။


အမေ၏ ကလောင်မျက်စိကား … ခေတ်အဆက်ဆက် စူးရှခဲ့၏။ ကလောင်သွားကလည်း ထက်မြနေဆဲ။ ကလောင်အရည်အသွေးက မွှေးတမြမြ … … ။


အမေနဲ့အတူ

ဆက်လက်ချီတက်မယ်။


မောင်လွမ်းဏီ


အခန်းအပြင်ဘက်၌ နှင်းတို့မဲ့မဲ့ မနက်ခင်းထဲ နေရောင်ခြည်အလင်းစတချို့ သစ်ရွက်တွေကို တို့ထိကစားနေပေသည်။ သည်တော့မှ လက်ထဲရှိ ‘လွတ်လပ်သော ကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ)’ ၏ ပြီးခဲ့သည့် အမေ့မွေးနေ့အထိမ်းအမှတ် ထုတ်ဝေသော လက်ကမ်းစာစောင်ကလေးကို ခေါက်သိမ်းရင်း ရေခြားမြေခြားမှ အမေ့ကို ဦးချဂါရဝပြုလိုက်မိ၏။


အော် … …

ကျနော်တို့ရဲ့ တမိုး တမြေ

အမေ … … လူထုဒေါ်အမာ … …။ ။



မောင်တောက်

၂၉ နိုဝင်ဘာ ၂၀၀၁ ခုနှစ်



ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၇

ဒီဇင်ဘာလ ၁ ရက် ၂၀၀၁ ခုနှစ်


Friday, November 28, 2008

ကြည်အောင် (မိုးခေါင်တောက စစ်မောင်းသံ)


နွေဦးတစ်ထောင်၊ သံပူရောင်နဲ့
မိုးခေါင်တောဆီ တပ်ကြီးချီ။

ဒဟပ်နဲ့ငု၊ တပ်သစ်စုကြ
ပွင့်နုမညိုး၊ ပန်းမျိုးကုဋေ
စစ်ခြေ ခိုင်မြဲ၊ စစ်ပွဲအားမာန်
တော်လှန်ရိုက်ကျူး ရဲရဲဖူး။

နွေဦးစစ်ကွက်၊ မီးလျှံစက်လည်း
တပ်ပျက် ဆုတ်ခွာ၊ ခယောင်းယာထဲ
ငုဝါအောင်ပွဲ၊ ခြိမ့်ခြိမ့်သဲ။ ။

ချယ်ရီမဂ္ဂဇင်း

ဒီဇင်ဘာ၊ ၁၉၈၆ ခုနှစ်


ယောဟန်အောင် (ရွှေသား ကိုယ်ကျပ်အင်္ကျီ)

ရွှေသား ကိုယ်ကျပ်အင်္ကျီ


(ယောဟန်အောင်)


ရွှေသားကိုယ်ကျပ်အင်္ကျီသည် ဒီနေ့ ကမ္ဘာ့ဖက်ရှင်ဖြစ်လာနေပြီဟု ဆိုသည်။ ဂလိုဘယ်လိုက်ဇေးရှင်းကာလအတွက် ရေပန်းအစားဆုံး ဝတ်စုံဖြစ်နေပြီဟု ဆိုသည်။ စစ်အေးတိုက်ပွဲကာလတုန်းက စဉ်းစားစရာ အရောင်အသွေးမျိုးစုံ၊ ဝတ်စုံပုံစံမျိုးစုံရှိခဲ့သည်။


တရုတ် မော်ဝတ်စုံ၊ နေရူး ကုတ်အင်္ကျီ၊ ရုရှား သိုးမွေးထည် စသဖြင့် နိုင်ငံပေါ်လစီရေးရာအတွက် ဝတ်ဆင်စရာ ပုံစံအမျိုးမျိုး ရှိခဲ့သည်။ ယခုတော့ ဤကဲ့သို့ရွေးချယ်ရန်မလိုတော့ဟု သောမတ် ဖရိဒ်မန်းက ဆိုသည်။


ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်းကာလအတွက် နိုင်ငံရေး-စီးပွားရေး ဝတ်စုံ (Political-economic garment of the globalization) ဟု သူက ဆိုသည်။


ရွှေသား ကိုယ်ကျပ်အင်္ကျီနှင့်ပတ်သက်၍ သောမတ်ဖရိဒ်မန်းက သူ၏ `လက်ဆပ်က်စ်ကားနှင့် သံလွင်ပင်’ စာအုပ်တွင် အကျယ်တဝင့် ဖော်ပြထားခဲ့သည်။


ရွှေသား ကိုယ်ကျပ်အင်္ကျီဆိုသည့်အတိုင်း ကြွယ်ဝခြင်း အဓိပ္ပာယ်ဆောင်သည်။ တဖက်တွင် ကိုယ်ကျပ်အင်္ကျီဆိုသည့်အတိုင်း ကျပ်ကျပ်တည်းတည်းနိုင်သည်။ မလှုပ်ရှားသာ။


ဒီ ကိုယ်ကျပ်အင်္ကျီကို ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာက စတင်ပုံစံထုတ် ယက်ရှယ်ချုပ်ခဲ့သည် ဆိုသည်။ ထို့နောက် အမေရိကန်သမ္မတ ရီဂင်၏ ၁၉၈ဝ ခုနှစ်များတွင် ဖြည့်စွက်မွမ်းမံကာ တကမ္ဘာလုံးသို့ ဝတ်ဆင်စေခဲ့သည်။


တိုင်းပြည်တခု စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့ဆိုလျှင် အခြေခံအချက်တွေ လိုအပ်သည်။ ရွှေစည်းမျဉ်းတွေ ရှိရမည်။ ဤ ရွှေစည်းမျဉ်းများမှာ ပုဂ္ဂလိကကဏ္ဍကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အင်ဂျင်အတွက် အဓိက မောင်းနှင်အားအဖြစ် သုံးရမည်ဟု ဆိုသည်။


ဈေးနှုန်းတွေ တည်ငြိမ်စေရမည်။ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းနိုင်ရမည်။ အစိုးရယန္တယား ဗျူရိုကရေစီတွေကို ချုံ့ပစ်ရမည်။ ရသုံးဝင်ငွေစာရင်းကို အညီနိုင်ဆုံး ထိန်းထားရမည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ကန့်သတ်ထားမှု မရှိစေရ။ သွင်းကုန်ကိုဒါ သတ်မှတ်မှုတွေ ဖယ်ပစ်ရမည်။ အကောက်ခွန်နှုန်း လျော့ချရမည်။ ပြည်တွင်းရှိ ကုမ္ပဏီအချို့ လက်ဝါးကြီးအုပ်ထားမှုကို ဖယ်ပေးရမည်။ ပို့ကုန်တိုးထုတ်ရမည်။ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပေးရမည်။ ငွေကြေးဈေးကွက်ကို တံခါးဖွင့်ပေးရမည်။ နိုင်ငံခြားသားပိုင်ဆိုင်မှု ခွင့်ပြုရမည်။


သို့မှသာ ငွေဖလှယ်မှု လွတ်လပ်ကာ ရောင်းပန်းဝယ်ပန်း ပို၍သာလာစေမည် ဆိုသည်။ အစိုးရက ထောက်ပံ့၍ အချို့လူသုံးကုန်ဈေးနှုန်း ထိန်းထားသည်များ ဖယ်ရမည်။ ခြစားမှုများ မရှိစေရ။ အစိုးရယန္တယားများက ပို၍ ထက်ထက်မြက်မြက် တုံ့ပြန် အလုပ်လုပ်ရမည်။ ပြည်သူများအချင်းချင်း ပို၍ ပြိုင်ဆိုင်နိုင်ခွင့်ရှိစေရမည်ဟု ဤ စည်းမျဉ်းများက တောင်းဆိုသည်။


ဤကဲ့သို့သော စည်းမျဉ်းများဖြင့် ရွှေသားကိုယ်ကျပ်အင်္ကျီကို ချုပ်ထားခြင်းဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ ‘တရွယ်တည်းရှိ၊ တတိုင်းတည်း ဝတ်ဆင်’ ကြရသော ကိုယ်ကျပ်အင်္ကျီ ဖြစ်နေခြင်းပင်။


ဂလိုဘယ်လိုက်ဇေးရှင်းကို ဝင်ပူးပေါင်းလိုလျှင် ဤစည်းမျဉ်းကလနားတွေ လိုက်နာကြရမည်။ နိုင်ငံအများအပြားအနေဖြင့် သူတို့၏ ထိရောက်စွာ စွမ်းဆောင်နိုင်ရည်မြှင့်ရန်၊ ပြိုင်ဆိုင်ရည်သွေး (Competitiveness) မြှင့်ရန်အတွက် ရွှေသား ကိုယ်ကျပ်အင်္ကျီကို ကြိုက်သည် ရှိ၊ မကြိုက်သည်ရှိ ဝတ်ကြ ရသည်။


ဤ ကိုယ်ကျပ်အင်္ကျီ ဝတ်ရသည်နှင့်အမျှ အချို့ဖောင်းပွနေသောနေရာ၊ ကြွက်သားတွေမှာ အလွန်အမင်း နာကျင်ရသည်။ အချို့နေရာတွေကို ကျပ်စည်းသလို ဖျစ်ညှစ်ထားရသည်။ နိုင်ငံတွင်လည်း အချို့လူထုအစိတ်အပိုင်းတွေကို ဖိဖိစီးစီးနှိပ်ကွပ်ပြီး ဝတ်ကြရခြင်းဖြစ်သည်။


နိုင်ငံတခုက ရွှေသားကိုယ်ကျပ်အင်္ကျီဝတ်ဆင်ပြီ ဆိုကြပါစို့။ ဖြစ်လာစရာ အကြောင်းက ၂ ခုရှိသည်။


စီးပွားရေးအပိုင်းက ကြီးထွားလာသည်နှင့်အမျှ နိုင်ငံရေးအပိုင်းက သိမ်လှီသွားရသည်။ နိုင်ငံရေးအပိုင်းက သိပ်ထွားနေလျှင် စီးပွားရေးက မဖွံ့ဖြိုးသာ။


တခါ ထိုနိုင်ငံအတွင်းရှိ ပေါ်လစီချမှတ်သူများအတွက်လည်း ရွှေသားအင်္ကျီအောက်တွင် ရွေးချယ်စရာ နည်းလာသည်။ ပက်စီ မကြိုက်လျှင် ကုတ်။ ကုတ် မကြိုက်လျှင် ပက်စီ။ ထိုမှလွဲ၍ များများရွေးချယ်ခွင့် မရှိတော့ပါ။


နိုင်ငံ၏ အာဏာရပါတီ နှင့် အတိုက်အခံပါတီများအကြားတွင်လည်း ရွေးချယ်စရာ နည်းလာသည်။ ကိုယ် အာဏာရလည်း ရွှေသားအင်္ကျီဝတ်ရမည်။ သူ အာဏာရလည်း ရွှေသားအင်္ကျီဝတ်ရမည်။ မည်သူမျှ ချွတ်ပစ်ဖို့ မပြောသာကြတော့ပါ။ တခုရှိသည် သင်က ပို၍ တင်းတင်းကြပ်ကြပ် ဝတ်နိုင်လေလေ၊ ရွှေ ပိုထွက်နိုင်ချေရှိလေ လေ ဖြစ်မည်ဟုတော့ ဆိုသည်။


၁၉၉၆ အမေရိကန်ရွေးကောက်ပွဲ စကားစစ်ထိုးပွဲတုန်းက ကလင်တန် နဲ့ ဘော့ဒိုးလ် စကားစစ်ထိုးကြသည်။


ကလင်တန်က “ကျနော်တို့ အနေအထားက ရွှေသားကိုယ်ကျပ်အင်္ကျီ ဝတ်နေရတဲ့ အနေအထားပါ။ သို့သော်လည်း တတ်နိုင်တာက ကျနော်တို့က လက်တခေါက်ကွေး နေရာတွေကို ပိုဖောင်းထားအောင် လုပ်ထားနိုင်မယ်။ အလယ်ပိုင်းကို နည်းနည်း ချောင်ချောင်ထားနိုင်မယ်”


ဤမျှသာ ပြောနိုင်ခဲ့သည်။ ဒီကိုယ်ကျပ်အင်္ကျီကို ချွတ်ပစ်ဖို့ မပြောရဲသာ။ သူတို့ဆွေးနွေး ငြင်းခုန်ကြသော အကြောင်းအရာမှာ လက်မှာ နည်းနည်း ပိုဖောင်းမယ်။ ခါးမှာ နည်းနည်း ပိုကျယ်ထားမယ်လောက်သာ ပြောနိုင်ကြသည်။


၁၉၉၇ ဗြိတိန်ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲနိုင်ပြီးသည်နှင့် တိုနီဘလဲယားက “သူတို့ပါတီအနေဖြင့် ယခင် အာဏာရတိုရီများလို ဆက်၍ ရွှေသား ကိုယ်ကျပ်အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆက်ဝတ်ဆင်ပါမည့် အကြောင်း” ကတိပြုရသည်။


ဝေဖန်သူများက တိုနီဘလဲယားနှင့် ဂျွန်မေဂျာ မဲဆွယ်ကြတဲ့နေရာမှာ မူတွေက ဘာမှမထူး။ ‘ပြိုင်တူရေကူး အလှပြပွဲ’ ပြနေသလားလို့ ထင်ရတယ်လို့ပြောခဲ့ကြသည်။


ဂျာမန် ၁၉၉၈ ရွေးကောက်ပွဲ ဆိုရှယ်ဒီမိုကရက် ရှရောက်ဒါနှင့် ခရစ်ယာန်ဒီမိုကရက် ဟဲမွတ်ခိုး မဲဆွယ်ပုံတွင်လည်း အတူတူ။ လေ့လာသူ ဂျာမန်တဦးက “ဒီနေ့ ခင်ဗျား သူတို့ကိုကြည့်လိုက် လက်ဝဲ - လက်ယာ ခွဲနေစရာ အကြောင်း သိပ်မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ လှေတစီးတည်း ထိုင်ခရီးသွားနေကြတဲ့သူတွေလို ဖြစ်နေပြီ” ဟု ဆိုခဲ့သည်။


နိုင်ငံအများအပြားက ဤ ရွှေသားကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ကြပုံ အမျိုးမျိုးရှိသည်။


တပိုင်းချင်း ဖြည်းဖြည်း ဝတ်နေသူတွေ ရှိသည်။ (အိန္ဒိယ၊ အီဂျစ်)၊ အချို့က ဝတ်လိုက် ပြန်ချွတ်လိုက် လုပ်နေသည်လည်း ရှိသည်။ (မလေးရှား၊ ရုရှ)၊ အချို့က သူတို့ ထုံးတမ်းယဉ်ကျေးမှုနှင့် ကိုက်အောင် သီးသန့်စီမံချုပ်၍ ဝတ်နေသည်လည်း ရှိသည်။ (ဂျာမဏီ၊ ဂျပန်၊ ပြင်သစ်)၊ အချို့က သဘာဝသယံဇာတကြွယ်ဝ၍ မဝတ်လိုဟု ငြင်းနေသူလည်း ရှိသည်။ (အီရန်၊ ဆော်ဒီအာရေဗီယ)၊ ဆင်းရဲလျှင် ဆင်းရဲပါစေ၊ ကိုယ်ကျပ်အင်္ကျီတော့ မဝတ်ဘူးဆိုသူများလည်း ရှိကြသည်။ (မြောက်ကိုးရီးယား၊ ကျူးဘား၊ ဆူဒန်၊ အာဖဂန်)။


‘ရွှေစော်နံပြန်လိုက်ဦး’ဟု ဆော့ကစားခဲ့ကြသော ကလေးဘဝကို သတိရသည်။ ထနောင်းရိပ်နှင့် ကျေးလက်လမ်းကလေးတွေကို သတိရသည်။ တင်းတိမ်ရောင့်ရဲလွယ်သော မြန်မာ့လူထုစရိုက်ကလည်း ချစ်စရာကောင်းလှသည်။ ဖွံ့ဖြိုးမှုဟုပြောလာသည်နှင့် မြို့ပြလွှမ်းချဲ့လာခြင်း၊ ကားမီးခိုးနှင့် ပလပ်စတစ်များ များလာခြင်း စသည်တို့ကို မရှောင်လွှဲသာ။


ဒါကိုပဲ လူတွေက သဲကြီးမဲကြီး ကြိုးစားနေကြသည်။ ထိုသို့သော ဖွံ့ဖြိုးမှုနှင့် မြို့ပြဆန်မှုကိုလိုလျှင်တော့ ထိုကျေးလက်ဘဝနှင့် တင်းတိမ်ရောင့်ရဲခြင်းတွေကို မေ့လိုက်ကြရတော့မည်။ ရွှေစော်နံသော သံအင်္ကျီကို ဝတ်ကြရမည်။ ကျနော်တို့ မြန်မာနိုင်ငံအနေနှင့် ကိုယ်ကျပ်အင်္ကျီဝတ်ဖို့ အသင့်ဖြစ်ပြီလား၊ ဝတ်ရတော့မှာလား။ ကျေးလက်လမ်းကလေးကိုတော့ စဉ်းစားရင်း အလွမ်းသားရှိလှသည်။


ကျနော် ဤရွှေသားကိုယ်ကျပ်အင်္ကျီနှင့်ပတ်သက်လို့ ဆက်ရေးပါမည်။


ယောဟန်အောင်


အကိုးအကား

Thomas L. Friedman, The Lexus and the Olive Tree: Understanding Globalization, 2000, Anchor Books.


ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၅

နိုဝင်ဘာလ ၁ ရက် ၂၀၀၁ ခုနှစ်