Monday, September 10, 2012

ရောဘတ်ဖရောစ့် မှသည် .... ဆရာမောင်စွမ်းရည်သို့ (ကမာပုလဲ)

မနေ့က အမေရိကန်မှာ ရောက်ရှိသောင်တင်နေသူ စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်ကို ဖေ့စ်ဘွခ်စာမျက်နှာပေါ်မှာ မှတ်မထင် တွေ့ရှိလိုက်ရတယ်။ အမေရိကန်ရဲ့ ဂုဏ်ယူထင်ရှား လူသိများလှတဲ့ ကဗျာဆရာကြီး ရောဘတ် ဖရော့စ်ရဲ့ သင်္ချိုင်း အုတ်ဂူနဘေးမှာ ဒူးထောက်လို့ အသိအမှတ် ဂါရဝပြုနေတဲ့ ဓာတ်ပုံကို တွေ့လိုက်ရတာပါ။

ဓာတ်ပုံကိုကြည့်ရင်း အတွေးများက တနံတလျားပေါ့။ ရောဘတ် ဖရော့စ်ဆိုတာ ဘယ်သူလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။ မောင်စွမ်းရည်ကရော ဘယ်သူလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ အစရှိသဖြင့်ပေါ့။ ဆရာ မောင်စွမ်းရည်ဟာ ဘာဖြစ်လို့ ဆရာကြီး ရောဘတ်ဖရော့စ်ရဲ့ အုတ်ဂူကိုမှ သွားရောက်ရတာလဲ။ ဂါရဝပြုရတာလဲ။ တဆက်တည်းမှာ ဗမာပြည်က အထက်အညာဒေသသား ဆရာမောင်စွမ်းရည် ဘာ့ကြောင့် အမေရိကန်မြို့ကြီးမှာ ရောက်ရှိသောင်တင်နေပြီး ပြည်တော် မပြန်နိုင် ဖြစ်နေရပါသလဲဆိုတဲ့ အတွေးတွေနဲ့ပေါ့။


အမေရိကန်က ကဗျာဆရာကြီး ရောဘတ် ဖရော့စ် ကို ၁၈၇၄ ခုနှစ် မတ်လ ၂၆ ရက်နေ့၊ ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ မွေးဖွားခဲ့တယ်။ သူ့အမေက စကော့မျိုးနွယ်ကနေ ဆင်းသက်လာသူ ဖြစ်တယ်။ ဖခင်ဖြစ်သူက ပထမတော့ ကျောင်းဆရာတယောက်၊ နောက်ကျ ဆန်ဖရန်စစ္စကို ညနေ သတင်းလွှာရဲ့ အယ်ဒီတာတယောက်ဖြစ်တယ်။ သူ့မျိုးရိုးကတော့ ၁၆၃၄ ခုနှစ်မှာ အင်္ဂလန်ကနေ အမေရိကန် နယူးဟမ့်ပ်ရှိုင်းယားကို ရွက်လွှင့်ရောက်ရှိလာခဲ့တာ ဖြစ်တယ်။

ဖခင်ဖြစ်သူဟာ ဆရာကြီး ရောဘတ်ဖရော့စ် ဆယ်ကျော်သက်ရွယ်မှာတင် ဆုံးပါးသွားခဲ့တယ်။ မိသားစုနေထိုင်မှုဘဝဟာ မက်ဆာချူးဆက်ပြည်နယ် လောရင့်စ်မြို့ကို ပြောင်းရွေ့လာခဲ့ကြတယ်။ လောရင်းစ် အထက်တန်းကျောင်းမှာ အထက်တန်းအောင်မြင်ခဲ့ပြီး ဒတ်မောက်သ် ကောလိပ်မှာ ၂ လကြာပဲ ကျောင်းဆက်တက်ခဲ့တယ်။ အိမ်ပြန်လာတယ်။ သတင်းစာပို့တယ်။ ကာဘွန်နန်းဆွဲ စက်ရုံမှာ အလုပ် ဝင်လုပ်တယ်။ ဒါပေမဲ့ မပျော်ပိုက်ခဲ့ဘူး။ သူ့ကို သူ့ကဗျာကသာ ညှို့ငင်ဆွဲခေါ်နေခဲ့တယ်။ အထက်တန်း ကျောင်းသားဘဝကတည်းက ကျောင်းမဂ္ဂဇင်းတွေမှာ ကဗျာရေးသားခဲ့တဲ့ ဆရာကြီး ရောဘတ်ဖရော့စ်ဟာ သူ့ပထမဆုံး ကဗျာဖြစ်တဲ့ လိပ်ပြာလေးရေ ဆိုတဲ့ ဝမ်းနည်းစရာကဗျာတပုဒ် ‘My Butterfly: An Elegy’ ကို နယူးယောက်က စာပေမဂ္ဂဇင်းတခုဖြစ်တဲ့ အင်ဒီပဲန်ဒဲန်ထ်ကနေ ၁၈၉၄ ခု၊ နိုဝင်ဘာ လဆန်းပိုင်းမှာ ထုတ်ဝေဖြန့်ချိပေးခဲ့တယ်။

နောက်ပိုင်းမှာ အမေရိကန်ရဲ့ အမျိုးသားဂုဏ်ဆောင် ကျေးလက်ကဗျာဆရာကြီး ရောဘတ် ဖရော့စ်ဟာ ကဗျာတွေ ဆက်တိုက်ရေး၊ ကျောင်းဆရာလုပ်၊ ၁၈၉၅ မှာ အိမ်ထောင်ပြု၊ ၁၈၉၇ - ၉၉ အထိသာ ဟားဘတ်တက္ကသိုလ် တက်ရောက်ခဲ့၊ လယ်မြေကိုလည်း ကိုးနှစ်လောက်လုပ်ခဲ့သူ ဖြစ်တယ်။ ပထမကမ္ဘာစစ်မတိုင်မီမှာ ဇနီးဖြစ်သူနဲ့ ဂရိတ်ဗြိတိန်ကို ရွက်လွှင့်သွားရောက်နေထိုင်ခဲ့တယ်။ ဂရိတ်ဗြိတိန်မှာ ကဗျာဆရာ အက်ဇရာပေါင်းတို့နဲ့တွဲမိပြီး သူ့ရဲ့ ကျော်ကြားလှတဲ့ (A Boy's Will) နဲ့ (North of Boston) တို့ကို ၁၉၁၃ ခုနှစ်နဲ့ ၁၉၁၄ ခုနှစ်တို့မှာ ဆက်တိုက် ထုတ်ဝေခဲ့တယ်။ လန်ဒန်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ်ဖြစ်တော့ ဆရာကြီး မိသားစုဟာ သူ့ဇာတိ အမေရိကန်ကို ပြန်လာခဲ့ပါတယ်။

နယူးဟမ့်ပ်ရှိုင်းယားပြည်နယ်က ဖရန်ကိုနီးယားမှာ ကိုယ်ပိုင် လယ်ကလေးတကွက်ကို ဝယ်တယ်။ စာတွေ ရေးသားတယ်။ စာသင်တယ်။ လက်ချားရင်းဆိုတဲ့ ဟောပြောပို့ချမှုတွေကို လုပ်ကိုင်ရင်း မိသားစု အသက်မွေးဝမ်းကျောင်းကို လုပ်ကိုင်ခဲ့တယ်။ ၁၉၂၄ ခုနှစ်မှာ ဆရာကြီးရဲ့ ပထမဆုံး ‘ပူလစ်ဇာ’ ဆုကြီးကို ကဗျာနဲ့ ရရှိခဲ့တယ်။ နောင် ကွယ်လွန်ချိန်အထိ ‘ပူလစ်ဇာ’ ဆုကို လေးကြိမ် ရရှိခဲ့ပါတယ်။ ဆရာကြီးဟာ ကဗျာတွေအပြင် ပြဇာတ်တွေကိုလည်း ရေးသားခဲ့တယ်။ သူဟာ ဇာတိမြေ အမေရိကန် ကျေးလက်မှုကို နိုင်နင်းသူ ဖြစ်တယ်။ အရပ်သုံးစကားထဲမှာပါတဲ့ ကျေးလက်စကားတွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သုံးစွဲနိုင်သူ ဖြစ်တယ်။ ဆရာကြီးဟာ အမေရိကန်ရဲ့ ကျေးလက် ဘဝသရုပ်ဖော်ကဗျာနဲ့ စာရေးဆရာကြီး ဖြစ်တယ်။ ၁၉၆၃၊ ဇန်န၀ါရီ ၂၉ မှာ မက်ဆာချူးဆက်ပြည်နယ် ဘော့စ်တွန်မြို့မှာ ဆရာကြီး ရောဘတ် ဖရော့စ် ကွယ်လွန်ခဲ့တယ်။

ဆရာကြီးဟာ မည်သည့် တက္ကသိုလ်မှာမှ အဆုံးသတ် တက်ရောက် အောင်မြင်ခဲ့ဖူးတဲ့ ဘွဲ့ရပညာတတ်တဦး မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဆရာကြီး ရောဘတ်ဖရော့စ်ဟာ ပရင့်စ်တန်၊ အောက်စဖို့ဒ်၊ ကိန်းဘရစ်ခ်ျ စတဲ့ ကမ္ဘာကျော် တက္ကသိုလ်ကြီးများက သူ့ကို ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင် ဘွဲ့တွေကတော့ ဘွဲ့တံဆိပ်ပေါင်း ၄၀ ကျော် ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ကျန်ရစ် ရုပ်ကြွင်းကို ဗားမော့န်ထ်ပြည်နယ်၊ ကဘဲန်နင်တန်မြို့က ဘဲန်နင်တန် သင်္ချိုင်းဟောင်းမှာ ဂူသွင်း မြှုပ်နှံပေးခဲ့ပါတယ်။ သူ့ရဲ့ အုတ်ဂူပေါ်မှာ သူ့အတွက် အမှတ်တရ ရေးထိုးထားတဲ့ စာတမ်းကလေးကတော့ သူ့ကဗျာထဲက စာသားတကြောင်းသာ ဖြစ်တယ် ...

“I had a lover's quarrel with the world.”

ဆိုတော့ ဆရာမောင်စွမ်းရည် ဘာ့ကြောင့် ကဗျာဆရာ ရောဘတ်ဖရော့စ်ရဲ့ ဂူသင်္ချိုင်းကို သွားရောက် ဂါရဝပြုခဲ့တယ်ဆိုတာကို ခံစားသိမြင်လာမိပါတယ်။ ကဗျာဆရာ ဖြစ်ခြင်းတူပေမဲ့ ဆရာကြီး ရောဘတ်ဖရော့စ်ရဲ့ အုတ်ဂူကိုမှ ဘာကြောင့်သွားခဲ့ရတာလဲဆိုတာကိုလည်း စာနာ နားလည်နိုင်လာခဲ့တယ်။

တကယ်တော့ မောင်စွမ်းရည်ကိုပြောမယ်ဆိုရင် သူ့ သူငယ်ချင်း ရဲဘော်တွေဖြစ်တဲ့ ဆရာကြည်အောင်၊ ဆရာတင်မိုး စသူတို့ကိုပါ တွဲဖက်ပြောမှ အနီးစပ်ဆုံး ပြည့်စုံနိုင်ပါမယ်။ သူတို့ဟာ ဗမာပြည် အထက်အညာဒေသက ဖြစ်တယ်။ နိုင်ငံကျော် ကဗျာဆရာတွေ ဖြစ်တယ်။ သူတို့ကဗျာတွေဟာ အညာကျေးလက်ရနံ့တွေ သင်းထုံနေတတ်တယ်။ ကျောင်းသား လှုပ်ရှားမှုသမိုင်း၊ စာပေလှုပ်ရှားမှုသမိုင်းတွေနဲ့လဲ ခွဲမရအောင် ပျော်ယင်စီးဆင်းခဲ့ကြတဲ့ အညာကနေ အကြေကို စီးတဲ့ အနုပညာ မြစ်အစင်းစင်းတွေ ဖြစ်ခဲ့ကြတယ်။ အတွေးအခေါ်ကျတော့ တိုးတက်တဲ့ အတွေးအခေါ်ကို ကိုင်စွဲခဲ့ကြသူတွေ ဖြစ်တယ်။ ရပ်တည်ချက်က အဖိနှိပ်ခံ ပြည်သူလူထုကြီးဘက်က တလျှောက်လုံး ရပ်တည်ခဲ့ကြသူတွေ ဖြစ်တယ်။

သူနဲ့ သူ့သူငယ်ချင်း ရဲဘော်ဘဂျမ်း (သို့) ဆရာတင်မိုးတို့ အမေရိကန်ကို ရောက်ရှိလာခဲ့တယ်။ ရောက်တော့ သူတို့ရဲ့ အနုပညာ၊ နိုင်ငံရေး ရပ်တည်ချက်တွေကို သူတို့ ပြောခဲ့၊ ဆိုခဲ့ အသံလွှင့်ခဲ့ကြတယ်။ ဆရာတင်မိုးကတော့ အမေရိကန်မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်တော့ ဆရာ ဒဂုန်တာရာက ကဗျာတပုဒ် ရေးသားခဲ့ပြီး တမ်းတမ်းတတ ဂုဏ်ပြုခဲ့တယ်။

‘တမာပွင့်မှ ဒပ်ဖေဒယ်သို့’

ဆရာ တင်မိုး၊ ဆရာ ကြည်အောင်၊ ဆရာ မောင်စွမ်းရည်တို့ဟာ အညာက စာရေးဆရာ၊ ကဗျာဆရာတွေ ဖြစ်တယ်။ လူထုဦးလှ၊ လူထု ဒေါ်အမာတို့ရဲ့ တူ၊ သားရင်းတွေလို ဖြတ်သန်းခဲ့ကြသူတွေ၊ ကျနော်တို့ အထက်တန်းကျောင်းသား ဘဝရောက်တော့ သူတို့ရဲ့ ကဗျာတွေ စာတွေနဲ့ ရင်းနှီး လူလားမြောက်ခဲ့ကြရတာ ဖြစ်တယ်။ ငယ်ကဆို မနီကလေး ဘယ်ကလာနဲ့ ကျောင်းတက်ခဲ့တာ။ ခုတော့ ဆရာကြည်အောင် ကွယ်လွန်ခဲ့ပြီ။ ဆရာတင်မိုး အမေရိကန်မှာ ကွယ်လွန်ခဲ့ပြီ။ ခု သူ တယောက်တည်း ကျန်ရစ်ခဲ့ပြီ ... ဆရာမောင်စွမ်းရည်။

ဆရာကြီး ရောဘတ်ဖရော့စ်ဟာ အမေရိကန် ကျေးလက်ရဲ့ အမျိုးသားစာဆိုဖြစ်ခဲ့တယ်ဆိုရင် ဗမာပြည်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းလွန် ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့နောက် ဆရာကြည်၊ ဆရာဂျမ်း၊ ဆရာစွမ်းတို့ သုံးဦးဟာလည်း ဗမာပြည်ရဲ့ ကျေးလက် အမျိုးသားစာဆိုတွေလို့ ကျနော်ကတော့ သတ်မှတ်ခံစားတယ်။ သူတို့တွေရဲ့ ဘဝတလျှောက်လုံးမှာ ပြည်သူဘက်က ရပ်ခဲ့ကြတယ်။

ကျနော်တို့ ဗမာပြည်မှာ စစ်အုပ်စုအဆက်ဆက်က သမိုင်းဝင် အဆောက်အဦတွေ၊ သင်္ချိုင်းတွေကို ဖြိုဖျက်နေခဲ့တာ တကမ္ဘာလုံးသိပြီး ဖြစ်ပါတယ်။ လူသားဆိုတာ သူ့မွေးဖွားရာ ဇာတိကို စွဲလမ်း ချစ်ခင်စိတ်ရှိကြသူတွေပါ။ ဒီအထဲမှာ ဇာတိရနံ့တွေ ထုံသင်းနေတဲ့ စာတွေ၊ ကဗျာတွေရဲ့ စာဆိုတွေဟာ ပိုလို့ ဇာတိမြေကို အလွမ်းစိတ်ကြီးကြီးနဲ့ ချစ်တတ်သူတွေ ဖြစ်တယ်ဆိုတာ ...။

အမေရိကားက ရောဘတ်ဖရော့စ်ရဲ့ သင်္ချိုင်းအုတ်ဂူကို စွဲလမ်း ဂုဏ်ပြုထားတယ်ဆိုရင် ကျနော်တို့ နိုင်ငံမှာလည်း ရောဘတ်ဖရော့စ်လို ပုဂ္ဂိုလ်ကျော်တွေကို ဂုဏ်မပြုသင့်ဘူးလား။ ဗမာပြည်ဟာ ကမ္ဘာမှာ အယဉ်ကျေးဆုံး တိုင်းပြည်တခုလို့ စာတွေ၊ ကဗျာတွေ၊ သီချင်းတွေထဲ ဖွဲ့စပ်သီကုံးခဲ့တယ်။ ဆရာစွမ်းရေ ... ရောဘတ်ဖရော့စ်ရဲ့ အုတ်ဂူကို သွားရောက်ဂုဏ်ပြုခဲ့တာကို ကျနော်က ဆရာ့ရဲ့ အိမ်လွမ်းစိတ် ကဗျာ ပန်းချီကားလို့ ခံစားလိုက်ရတယ်။

ဆရာက အိမ်လွမ်းစိတ်ကို ဂုဏ်သိက္ခာရှိရှိ ခံစားပြလိုက်တာပါပဲ။ ဆရာ့ ချစ်ရဲဘော်ကြီး ဆရာဂျမ်းသာ သက်ရှိထင်ရှား ရှိနေခဲ့ရင်လည်း ကဗျာဆရာ ရောဘတ်ဖရော့စ်ရဲ့အုတ်ဂူကို ဆရာနဲ့အတူ သူငယ်ချင်း နှစ်ယောက် လက်တွဲ သွားရောက် ဂါရဝပြုကြမယ်လို့ ကျနော် ခံစားယုံကြည်လိုက်တယ်။ ဗမာပြည်မှာရှိနေမယ်ဆိုရင်တော့ ဆရာကြီးမှိုင်းမှသည် နိုင်ငံ့ဂုဏ်ဆောင် လူထုဘက်ကရပ်တည်ခဲ့တဲ့ စာရေးဆရာ၊ စာရေးဆရာမကြီးများရဲ့ အုတ်ဂူတွေဆီ သွားရောက် ဂါရဝ ပြုကြမှာပေါ့ ... နော။

အင်း ... ဆရာရေ ... ပြောသာ ပြောရတယ် ... ဗမာပြည်မှာ စစ်အုပ်စု၊ စစ်အစိုးရ အဆက်ဆက်က ဖျက်ဆီးခဲ့တဲ့ သမိုင်းဝင် သင်္ချိုင်းဂူတွေထဲ ...........။ ။

မှီငြမ်းစာ ။ ။ http://en.wikipedia.org/wiki/Robert_Frost

ကမာပုလဲ 
(၁၀ ၀၉ ၂၀၁၂)


 

No comments: