Monday, August 30, 2010

ပဲခူးမှာ ရေကြီး

ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုကျော်လွန်ပြီး ရန်ကုန်-မန္တလေးကားလမ်းကို ရေလွှမ်းမိုးသွားခဲ့သလို အနီးအနား ရပ်ကွက်တွေမှာလည်း ရေကြီးနေတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပဲခူးမြစ်ရေဟာ လွန်ခဲ့တဲ့ ၂ ရက်ကစပြီး တရိပ်ရိပ်တက်ခဲ့ပြီး ပဲခူးမြို့အရှေ့ဘက် ခြမ်းက ကျောက်ကြီးစု၊ ဇိုင်းဂနိုင်း တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ ကျွန်းသာယာစတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ မြစ်ရေဟာ ခါးလောက်အထိ ရောက်နေပြီး ပဲခူးမြို့ အထက်ဘက် ကျေးရွာတချို့မှာလည်း ရေကြီးနေတယ်လို့ သိရပါတယ်။

Photo : AP


ချွတ်ဆိုလို့လည်း ချွတ်ရသေးတယ် ... (ကာတွန်း စောငို)

Sunday, August 29, 2010

သူ့အလိုလို ပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ (ရဲဘော် ဖိုးသံချောင်း)

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲဖြတ်ချက်တွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲတွေကနေပြီး ဘာအဓိပ္ပာယ်ဆောင်သလဲ၊ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာတွေကိုလည်း ပြောဆိုကြပါတယ်။ အတိုက်အခံတွေ အနေနဲ့ကတော့ နအဖထဲမှာ ရာထူးအာဏာကြောင့်မို့ ကွဲလွဲမှုတွေ ဖြစ်လာမလား၊ ဂိုဏ်းဂဏတိုက်ပွဲတွေ ပြင်ထန်လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ကိစ္စလို့ ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက်မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေတုန်းမှာ လွှဲပြောင်းပေးတယ်ဆိုတာဟာ မရှိသလောက်အဖြစ်အပျက်ပါ။ ဗိုလ်နေဝင်းဟာ အသက် ၉၀ နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးက ဆောင့်တိုက်လိုက်တော့မှသာ တရားဝင် အာဏာကို စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။ စွန့်လွှတ်တယ်ဆိုတာလည်း နောက်အာဏာရှင် တယောက်လက်ကို လွှဲခဲ့တာသာဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ နောက်ကွယ်ကနေ ကာလတခု ချုပ်ကိုင်နေခဲ့ပါသေးတယ်။

အခုလည်းပဲ နအဖရဲ့ ဒီခြေလှမ်းဟာ တိုင်းပြည်အာဏာကို လက်လွှတ်ဖို့၊ ဒါမှမဟုတ် လက်ဆုပ်ကလေး နည်းနည်းဖြည်ပေးဖို့ လုပ်တာလို့တွက်ရင် မှားတယ်လို့ ထင်ပါတယ်။ ဗိုလ်သန်းရွှေဟာ အဖက်ဖက် သေချာအောင်၊ ပိုင်အောင်လုပ်ပြီး သေချာမှ ဒီလို ခြေလှမ်းမျိုးကို လှမ်းတာဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ပြောရရင် သူတို့အနေနဲ့ သူတို့ကို အာဏာပလ္လင်ပေါ်က ပြုတ်ကျစေမှာမျိုးဆိုရင် ဘာမှ မလုပ်ပါဘူး။

ဒီရွေးကောက်ပွဲကို မလုပ်လို့လည်း သူတို့မှာ ဘာမှမဖြစ်ပါဘူး။ ဒီတော့ ထိုင်နေအကောင်းသား ထသွားမှ အကျိုးမှန်းသိတယ် ဆိုတာမျိုးဖြစ်မယ့် ရွေးကောက်ပွဲမျိုးကို နအဖ ဗိုလ်ချုပ်တွေ မလုပ်တာ သေချာပါတယ်။

ဒါတင်မက နအဖ လုပ်နေပုံဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ခွင့်ရှိတဲ့ အမတ်နေရာ ၂၀ % ကိုပါ လက်ထဲက မလွတ်အောင် လုပ်နေတဲ့ပုံ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ်လို့ ခါးတောင်းကျိုက်ထား သူကြီးတွေ တယောက်ပြီးတယောက် ဘေးထိုင်သွားအောင် လုပ်နေတာကြည့်ရင် ဒါကို အလွယ်နဲ့ သဘောပေါက်နိုင်ပါတယ်။

အခုနောက်ဆုံးမှာတော့ ကိုယ့်ပြိုင်ဖက်လို့ ယူဆရသူတွေကို လောက်လေးခွနဲ့ တမင်ပစ်တဲ့အဆင့်ကိုတောင် ရောက်နေပါပြီ။ ဖဆပလခေတ်က ပြူစောထီး ပြန်လာနေပါပေါ့လား။

အလားတူပဲ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာဖြစ်တဲ့ အခုစစ်တပ်ထိပ်ပိုင်း ကုလားဖန်ထိုးပွဲလည်း ဗိုလ်သန်းရွှေအနေနဲ့ မီးမသေရင် မလုပ်ပါဘူး။ အကုန် သူ့လက်သူ့ခြေ ပြင်ဆင်ပြီးမှ လှမ်းတဲ့ခြေလှမ်းဖြစ်မှာပါ။

စစ်အုပ်စု၊ စစ်အာဏာရှင်လောကရဲ့ ထုံးစံအတိုင်း နံပါတ်တူးမထားတဲ့ နံပါတ်ဝမ်းရဲ့ စိတ်တိုင်းကျ စီမံချက် ဖြစ်ပါတယ်။ အဲတော့ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်းအနေနဲ့ အဲဒီငန်းနေရာ ငစွေနေရာယူတဲ့ ကိစ္စမျိုးထဲမှာ မျောပါသွားလို့ မဖြစ်ပါဘူး။

ဒီလောက်ရှင်းနေတဲ့ကိစ္စမှာ နအဖ စစ်အစိုးရကို ကြံဖန်အမှတ်ပေးချင်တဲ့ အရင် အမေရိကန် သံအရာရှိဟောင်း ဆိုတဲ့ လူမျိုးကသာ ‘အကောင်းမြင်ဝါဒ’ နဲ့ ကြည့်တာ၊ ပြောတာကို ကြားရ။ ဖတ်ရပါတယ်။ ဦးတင်ဦးလိုပုဂ္ဂိုလ် ပြောတာကို သတိထား နားထောင်ကြည့်ပါ။ စစ်အာဏာရှင်အကြောင်းကို နေကျေနေတယ်လို့ ဆိုလောက်တဲ့ သူက ဒါမျိုးတွေဟာ ဘာမှ မဆန်းဘူး၊ ဘာမှတွက်မနေကြနဲ့လို့ ပြောသွားတာဟာ မှတ်သားစရာ ကောင်းလှပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖ ဗိုလ်ချုပ်တွေအားလုံး ဒီအစီအမံကို ကျေနပ်သဘောကျတယ်လို့တော့ အလွယ်ပြောလို့ မရပါဘူး။ မုချပဲ မကျေနပ်တာ၊ နာလိုခံခက်ဖြစ်တာတွေ ရှိမှာပါ။ ဒီတကွေ့မှာ နအဖ စစ်အုပ်စုတခုလုံး အဖို့ကတော့ မနိုင်လည်း နိုင်၊ နိုင်လည်း နိုင် ဖြစ်မှာပါ။ ဒါပေမယ့် ဒီထဲက တချို့သော ဗိုလ်ချုပ်တွေတဦးချင်း အဖို့တော့ သူဌေးဖြစ် ခွေးဖြစ် ပုံအောရတာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဒီတော့ ကံမှောက်မှားလို့ ရွေးကောက်ပွဲမှာ မတော်တဆ ရှုံးသွားတဲ့ စစ်တပ် ထိပ်ပိုင်းတွေဟာ ဒီအရှုံးကို လက်သင့်ခံနိုင်ပါ့မလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ အမှန်ပါပဲ၊ အာဏာရဲ့အရသာကို မြိန်မြိန်ယှက်ယှက်ကြီး မှီဝဲထားကြသူတွေဖြစ်တဲ့အတိုင်း သူတို့ဟာ အာဏာဆိုရင် တိုးလို့သာ ရချင်မယ်၊ ရပြီးသားကို လက်မလွှတ်ချင်တာကတော့ အထူးပြောစရာမလိုပါဘူး။

သူတို့ဟာ ဦးပုည ရေးသလိုပဲ အာဏာကလေးတရွေးလောက်ရှိရင် ‘အင်မတိ အင်မတန်၊ စံချင်တိုင်း စံရတယ်’ ဆိုတာကို ကောင်းကောင်းသိနေကြတယ် ဆိုတာကို ဗိုလ်သန်းရွှေ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေအနေနဲ့ သူ့လူတွေအတွက် ခြေမမြဲ လက်မြဲအောင် စီမံပေးထားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဒါတွေကြောင့် လက်ရှိအခြေအနေမှာ ဒင်းတို့တွင်း ပဋိပက္ခတွေဟာ ပြင်းထန် သည်းသန်လာပေမယ့် ပေါက်ကွဲထွက်လာမယ့် အနေအထားမျိုးတော့ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။

တကယ်လို့ နအဖ ဗိုလ်ချုပ်တွေအတွင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေ ကြောင့် ကွဲကြတယ်ဆိုရင် ပြည်သူလူထုအတွက် အကျိုးရှိဖွယ်ရာ သိပ်မမြင်ပါဘူး။ (ဒီလိုအဖြစ်ဟာ တချိန်မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး) အဲဒီလို သူတို့ချင်း စစ်တပ်ကြီးတွေနဲ့ တိုက်ကြတယ်ဆိုရင် ဒါဟာ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းရေးအတွက်ပဲ ဖြစ်မှာပါ။ ပြည်သူလူထုဟာ မြေဇာပင်အခန်းလောက်ပဲ ပါရမှာပါ။

ဖိနှိပ်တဲ့အုပ်စိုးသူရဲ့ စစ်တပ်ပြိုကွဲတယ်ဆိုတာမှာ အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ကြောင်း သမိုင်းအတွေ့အကြုံတွေ အရ သိရပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုအတွက် အကျိုးအရှိနိုင်ဆုံးဟာ လူထုလှုပ်ရှားမှုရဲ့ ဖိအားကြောင့် ကွဲထွက်ခြင်းမျိုးသာ ဖြစ်ပါတယ်။

ဒါကို ဗိုလ်နေဝင်းက အစ ဗမာပြည်က စစ်အုပ်စု ထိပ်သီးတွေဟာလည်း ကောင်းကောင်း နားလည်ရုံမက အစိုးရိမ်ဆုံးလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံးတုန်းက ဗိုလ်နေဝင်းက ဗိုလ်စောမောင်ကို အာဏာသိမ်းခိုင်းလိုက် တာဟာ သူတို့စစ်တပ်ထဲကတချို့ လူထုတိုက်ပွဲထဲကို ပါဝင်လာတာ စပြီးတွေ့ရလာလို့ ဖြစ်ပါတယ်။ ဒါကိုတော့ သူတို့ လုံးဝ လက်ပိုက် ကြည့်မနေပါဘူး။ အမြန်ဆုံး ဖြေရှင်းပစ်ကြပါတယ်။

အမှန်ကတော့ နအဖရဲ့ တပ်မတော်ထဲမှာ အောက်ခြေတပ်မှူးတပ်သား အများစုကြီးဟာ သူတို့ရဲ့ ထိပ်သီးတွေလုပ်နေတာ တွေကို ကျေနပ်ကြတာ မဟုတ်ပါဘူး။ ကိုယ်က အနာခံပြီး သူတို့က အသာစံနေကြလို့ မကျေနပ်တာမျိုးရှိသလို နိုင်ငံရေးအရ လေးလေးနက်နက် သဘောပေါက်ပြီး တနေ့မှာ သမိုင်းတရားခံဖြစ်မှာကို မလိုလားသူတွေလည်း ရှိကြပါတယ်။

ဒါပေမယ့် တကယ်လို့သာ အခုအချိန်မှာ တပ်မတော်ထဲက ကွဲထွက်လာတယ်ဆိုရင် သူတို့ဟာ ဘယ်သူတွေနဲ့ ပေါင်းရမှာလဲ။ ရှစ်လေးလုံးတုန်းကတော့ လမ်းမပေါ်မှာ လူထုတွေထဲဝင်ပေါင်းလို့ ရပါရဲ့၊ အခုတော့ ဘာမှ မရှိဘူးဖြစ်နေပါတယ်။ အဲဒီလို လက်တွဲစရာမမြင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေတို့လက်အောက်ကနေ အုံနဲ့ကျင်းနဲ့ ခွာထွက်လာဖို့ဆိုတာ မလွယ်သေးပါဘူး။

ပြန်ချုပ်လိုက်ရင် အတိုက်အခံတွေအဖို့ ဘောလုံးဟာ ကိုယ့်ကွင်းဖက်မှာပဲ ရှိနေပါတယ်။ ကိုယ်က ဘာမှမလုပ်ပဲ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ပြိုပျက်သွားမှာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်အိမ်ရှေ့က အမှိုက်ပုံကြီး ဟာ တယောက်ယောက်က မဖယ်ရှားရင် ပျောက်မသွားဘူး ဆိုတာလိုပါပဲ။ ။

Photo : Irrawaddy


ရဲမွန် တပ်ရင်းမှူး ၈ ဦးကို ဖမ်းဆီးလိုက်ပြီ

သြဂုတ် ၂၉ ရက်၊ ၂၀၁၀ ပြည့်နှစ် (ဘီဘီစီ)

ရိက္ခာပြဿနာနဲ့ ဘဏ်စုငွေ ထုတ်ငွေထုတ်မရတဲ့ ပြဿနာတွေကြောင့် အာဏာဖီဆန်ခဲ့တဲ့ ရဲမွန်တပ်ရင်း ၈ ရင်းစလုံးက တပ်ရင်းမှူးတွေကို နေပြည်တော်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီလို့ သိရပါတယ်။

တပ်မတော်တွင်း စားဝတ်နေရေးကြပ်တည်းမှုကို အကြောင်းပြုပြီး ဇူလိုင်လက စတင်ပြီး ရဲမွန်တပ်ရင်း ၈ ရင်းက တပ်သားတွေက အာဏာဖီဆန်ခဲ့ကြတာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၃၊ ၂၄ ရက်နေ့တွေမှာ တပ်သားတွေအတွက် ရိက္ခာတွေထုတ်ပေးခဲ့သလို၊ တပ်ရင်းတရင်းကို ကျပ်ငွေ သိန်း ၅၀ လောက် ထုတ်ပေးခဲ့ပါတယ်။ တပ်သားတွေက သူတို့ရဲ့တောင်းဆိုချက်တွေကို တပ်မတော်အကြီးအကဲများက လိုက်လျောပေးလိုက်ပြီဟုယူဆပြီး ဝမ်းသာပျော်ရွှင်နေကြစဉ် သြဂုတ်လ ၂၅၊ ၂၆ ရက်နေ့တွေမှာ အလစ်အငိုက်ဖမ်း ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းမီးကျောက်တွေကို သိမ်းယူသွားခဲ့တယ်လို့ ဘီဘီအသံလွှင့်ဌာနက ဒီနေ့ ထုတ်လွှင့်သွားပါတယ်။

Photo : AFP


NDF ခေါင်းဆောင်များ ရွေးကောက်ပွဲ မဝင်တော့

သြဂုတ် ၂၇ ရက်၊ ၂၀၁၀ ပြည့်နှစ် (ဘီဘီစီ)

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF က နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ အခုရက်ပိုင်းအတွင်းက ကြေညာခဲ့ပြီးနောက်မှာ အခုတခါ NDF ခေါင်းဆောင်ပိုင်းက လူတချို့လည်း ရွေးကောက်ပွဲမဝင်တော့ဘူးလို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း၊ နိုင်ငံရေးဦးဆောင်အဖွဲ့က ဦးစိန်လှဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးသာဆိုင်တို့ ၃ ယောက်လည်း ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးလို့ BBC ကိုပြောပြခဲ့ပါတယ်။

နအဖ က သူတို့ကို ရွေးကောက်ပွဲ မဝင်ခင် ခံဝန်ချက်တွေအကြိမ်ကြိမ် လက်မှတ်ထိုးခိုင်းတဲ့အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့တာဆိုပြီးတော့ ဦးခင်မောင်ဆွေက ပြောပြသွားခဲ့ပါတယ်။

ဒေါက်တာ သန်းငြိမ်း (Photo : Reuters)



နအဖ ထိပ်တန်းခေါင်းဆောင်တွေ စစ်တပ်ရာထူးကနေ နုတ်ထွက်

သြဂုတ် ၂၇ ရက်၊ ၂၀၁၀ ပြည့်နှစ် (ဘီဘီစီ)

နအဖ ထိပ်တန်းခေါင်းဆောင်တွေ စစ်တပ်ရာထူးကနေ နုတ်ထွက်လိုက်ကြတဲ့ သတင်းတွေ ရန်ကုန်ကနေ ရရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့ အားလုံး စစ်တပ်ရာထူးတွေ ကနေ နုတ်ထွက်သွားကြတဲ့သတင်းတွေရရှိပေမယ့် အစိုးရမီဒီယာတွေမှာတော့ ဒီသတင်းကို ဖော်ပြခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဒီနှစ်အစောပိုင်းကလည်း နအဖ စစ်ဗိုလ်ချုပ် ၃၀ လောက်ဟာ စစ်တပ်ရာထူးတွေကနေ နုတ်ထွက်ပြီးတော့ အရပ်သားဝန်ကြီးရာထူးတွေကို လွှဲပြောင်းယူခဲ့ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် အခုလို စစ်တပ်ရာထူးတွေက နုတ်ထွက်တာ ကြည့်ရင် ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမယ့် အရပ်သားအစိုးရအဖွဲ့ထဲမှာ နအဖ စစ်ခေါင်းဆောင်တွေက အရပ်သားတွေအဖြစ်နဲ့ သမ္မတ နဲ့ ဒုတိယ သမ္မတ ရာထူးတွေကို ယူဖို့ စတင်လုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

လက်ရှိနအဖ စစ်ခေါင်းဆောင်တွေ စစ်တပ်က နုတ်ထွက်သွားတဲ့အတွက် လစ်လပ်သွားတဲ့သူတို့နေရာတွေမှာ ဘယ်သူတွေကို အစားထိုးခန့်အပ်မလဲ ဆိုတာကိုတော့ အခုအထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

Photo : AP


Thursday, August 26, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ

ဦးအိုက်စံ အစောကြီး နိုးသည်။ မကြာခင်မှာပင် ကြက်တွန်သံ ကြားရသည်။ ကြက်နှင့်အပြိုင် ဦးအိုက်စံ နိုးလာခြင်းဖြစ်သည်။ မျက်စိပွင့်သည်နှင့် ဦးအိုက်စံ အိပ်ရာမှ ချက်ချင်းထသည်။ မိန်းမနှင့် ကလေးနှစ်ယောက် မနိုးစေရန် ခြေဖွ နင်းပြီး မီးဖိုချောင်သို့ တန်းထွက်ခဲ့သည်။ ခနော်နီခနော်နဲ့ ဝါးခင်းဝါးကာ အိမ်ကလေးမှာ သူ ခြေနင်းမကြမ်းတာတောင်မှ တချက်တချက် တကျွိကျွိ မြည်နေသေးတယ်။

ညက ခပ်ထည့်ထားသည့် ရေပုံးထဲမှရေကို ဘူးခြောက်ခွက်ဖြင့်ခပ်ကာ ဖြစ်သလို မျက်နှာသစ်လိုက်သည်။ ဝါးတန်းပေါ် လွှားထားသော ညိုညိုညစ်ညစ် ရှပ်အင်္ကျီကို လက်တဖက်က လှမ်းယူကာ မျက်နှာသုတ်လိုက်ပြီးနောက် အင်္ကျီကို ကောက်စွပ်လိုက်သည်။ ဝါခေါင်လပဲ။ ဒီနေ့ မိုးမရွာလို့ တော်ပါသေးသည်။

မီးခြစ်ရှာ၍ မီးဖိုထဲမှာ မီးမွှေးပြီး ရေနွေးတအိုး တည်လိုက်သည်။ ညကတည်းက ဖမ်းပြီးတောင်းနှင့် အုပ်ထားသော ကြက်တကောင်ကို အသံမထွက်အောင် ဦးခေါင်းလှန်ပြီး လက်တဖက်က ကိုင်၊ ကျန်လက်တဖက်က ထရံကြားမှာ ဓားကို လှမ်းဆွဲလိုက်သည်။ မကြာမီ ရေနွေးဆူလာသည်။ ကြက်ကိုင် အမွေးအမျှင် နှုတ်တာ အချိန်တိုအတွင်း ပြီးသွားသည်။

ရေနွေးတအိုး ထပ်တည်လိုက်ပြီးနောက် အခါးရည်ကျကျကို တခွက်ပြီးတခွက် သောက်ကာ ဝါးဆေးတံတအိုးနှင့် ဦးအိုက်စံ မီးဖိုဘေးမှာ အတွေးချဲ့နေစဉ်မှာပင် ဇနီးဖြစ်သူ နိုးလာသည်။

“ဒီနေ့ မြို့က ဧည့်သည်တွေ လာလိမ့်မယ်။ ကြက်ချက်ထားနှင့်”

ဦးအိုက်စံ ဇနီးဖြစ်သူကို မှာကြားနေစဉ်မှာပင် မိုးဖွဲဖွဲကျလာသည်။ မကြာခင်မှာပင် အလင်းရောင် ပေါ်လာသည်။ ဦးအိုက်စံသည် ပြောပြောဆိုဆိုနှင့်ပင် ရှမ်းဘောင်းဘီကို ပေါင်လယ်အထိ လိပ်တင်ကာ လက်ဆွဲတော် ဝါးပချပ်နှင့် ဓားမတိုကို ခါးမှာ ကြိုးနှင့်သိုင်းချည်လိုက်သည်။ ဝါးခမောက် အစုတ်တလုံးနှင့် ပလပ်စတစ် မိုးကာစကိုခြုံကာ မိုးရွာထဲသို့ လှမ်းထွက်လိုက်သည်။

ဇနီးဖြစ်သူမှာ စကားနည်းသူဖြစ်သော်လည်း သူ့အလုပ် ကိုယ့်အလုပ် ဘာလုပ်ရမည်ကို သိပြီးသည့်သဘောဖြင့် ဦးအိုက်စံထွက်သွားသည်ကို လှမ်းကြည့်ရင်း အိမ်ဘေးဝန်းကျင်ကို အကဲခတ်ကြည့်ရှုကာ ကျန်ရစ်ခဲ့လေသည်။

ယနေ့ နောင်ပိန် ဈေးနေ့။ မိုးကာလဖြစ်သည့်အတွက် လယ်သမားတွေ ငွေမရွှင်သေး။ လယ်လုပ်ငန်း မသိမ်းသေး။ ဈေးကစည်လှသည် မဟုတ်သလို ခြောက်ကပ်ကပ်လည်း မဟုတ်ပေ။ ဦးအိုက်စံမှာ လယ်သမား သူရင်းငှားတဦးသာ ဖြစ်သည်။ ရွာနှင့် လှမ်းလှမ်းတွင် တောင်ယာတကွက်တော့ ရှိသည်။ ပေါက်ပြားတလက် ဓားမတိုတချောင်းနှင့် တောင်ယာ ခုတ်သည်။ ထွန်ထယ်စိုက်ပျိုး လယ်လုပ်ငန်းပြီးသည်နှင့် ကြုံရာကျပန်းအလုပ်မျိုးစုံ လုပ်သည်။

ဦးအိုက်စံတို့ ရွာကလေးသည် ဒုဋ္ဌဝတီမြစ်ကမ်းအနီးမှာဖြစ်သည့်အတွက် နောင်ပိန်ဈေးမှ အချိုမှုန့်၊ ဖယောင်းတိုင်၊ ဆပ်ပြာ၊ ရေနံဆီစသည့် မြို့ကုန်တချို့ကို မှာသူရှိက မြစ်တဖက်ကမ်းရွာများသို့ ဝယ်ယူပိုးပေးသည့် ဈေးသည်အလုပ်လည်း အခါအားလျော်စွာ လုပ်သည်။

ဦးအိုက်စံသည် ဈေးထဲ ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် လျှောက်လာကာ အချိန်ဖြုန်းနေလိုက်သည်။ ဈေးထဲမှာ ဆေးဆိုးပန်း ရိုက်သရက်ထည်စတွေ ကလေးဝတ် အင်္ကျီ ဘောင်းဘီ၊ ဘီး၊ ဆံညှပ်ကလစ်၊ နားကပ် စသည့် တိုလီမိုလီ ဝယ်ချင်စရာပစ္စည်းတွေကို လျှောက်ကြည့်ရင်း အိမ်က ဇနီးနှင့် ကလေးများကို ဖျတ်ခနဲ သတိရလိုက်သည်။ ဦးအိုက်စံသည် ဘာမျှမဝယ်ဖြစ်ပေ။

ပချပ်ထဲမှ ဆေးတံနှင့် ဆေးဘူးကိုသာဆွဲထုတ်ပြီး မလှမ်းမကမ်း တဲလွတ်တလုံး အောက်တွင် ဆေးတံဖွာရင်း တခြားသူများနှင့်ရောကာ မိုးခိုနေလိုက်သည်။

မကြာမီ မိုးစွဲသွားသည်။ မိုးစဲသွားသည့်အတွက် ဦးအိုက်စံ စိတ်လက်ပေါ့ပါး သွားသည်။ ဘယ်နှစ်နာရီ ရှိပြီလဲ။ ဦးအိုက်စံ မသိပေ။ ဒါပေမယ့် နေ့ရဲ့ အလင်းရောင်နှင့် သူ ဆေးနှစ်အိုးမျှ ဖွာခဲ့ပြီးသည်ကို ချင့်တွက်ပြီး အချိန်ကို ခန့်မှန်းမိပေသည်။ ကွက်တိပါပဲ။ မန္တလေး-လားရှိုး လော်ကယ်ရထား နောင်ပိန်ဘူတာသို့ ဝင်လာခဲ့ပေပြီ။

ဆက်လက်ဖော်ပြပါမယ်။

သရုပ်ဖော် - အောင်ထက်


ကိုယ့်ဟာကိုယ် သူပုန်ထမယ် (ကာတွန်း စောငို)

Wednesday, August 25, 2010

ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ မဝင်တော့

အမျိုးသားဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က ခံဝန်ချက်အသနားခံစာ ထပ်တင်ခိုင်းတဲ့ အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်သလို ခံဝန်ချက် လည်းထပ်မတင်တော့ဘူးလို့ ၎င်းက ဆိုပါတယ်။

“ပထမတကြိမ်လည်း တင်ပြီးပြီလေ၊ အခုနောက်တခါ ထပ်ပြီး ပုဂ္ဂိုလ်ရေးအရ တင်ရမယ်ဆိုတော့။ တင်လည်း ရလည်း ရမှာမဟုတ်ဘူးဆိုပြီးတော့ တင်လည်း မတင်ဘူး။ ဝင်လည်း မဝင်ဘူးပေါ့ဗျာ ဒါပါပဲ” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကို မဝင်ပေမယ့် ပါတီတာဝန်တွေကို ဆက်ပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ၎င်းက ဆက်လက် ပြောဆိုပါတယ်။

ဦးခင်မောင်ဆွေနဲ့အတူ NDF ဒုဥက္ကဋ္ဌ ဦးတင်အောင်အောင်၊ ဗဟို အလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးသာဆိုင်နှင့် နိုင်ငံရေးဦးဆောင် ကော်မတီဝင် ဦးစိန်လှဦးတို့ ၄ ဦးအား ၁၉၉ဝ ခုနှစ်က နိုင်ငံတော်ပုန်ကန်မှု ပြစ်ဒဏ်များ ကျခံခဲ့ရသဖြင့် လာမယ့်ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်မရှိ၍ အသနားခံစာတင်ရန် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

NDF ဟာ နိုင်ငံရေးဦးဆောင်ကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၂ ခု ပုံစံနဲ့ဖွဲ့ထားပြီး ပထမ ခေါင်းဆောင်က ဦးခင်မောင်ဆွေ၊ ဒုတိယခေါင်းဆောင်က ဦးသိန်းညွန့်၊ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ဒေါက်တာသန်းငြိမ်း၊ ဒုတိယ ဥက္ကဋ္ဌတွေအဖြစ် ဒေါက်တာ သန်းဝင်းနဲ့ ဦးတင်အောင်အောင်၊ အတွင်းရေးမှူး အဖြစ် ဦးစိုးဝင်းက တာဝန်ယူထားပြီး ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၂၀ ကျော် ဝင်ပြိုင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - မြန်မာတိုင်းမ်


တည်ဆောက်သူတို့လမ်း

သော်ကပင်ရိပ်က လှမ်းထွက်လိုက်လျှင်ပင် နွေးထွေးသော နေငွေ့ကို ထိတွေ့ရသည်။ ဝန်းကျင်အားလုံး နေရောင်ကြောင့် ရှိရင်းစွဲ အရောင်ထက် တောက်ပနေတော့သည်။ မြက်ခင်းသည် ပို၍ စိမ်းကာ ကြက်သွေးဖျော့၊ အဝါအနီ အရွှေ စသော ပန်းဆုပ်ပန်းခိုင်တို့သည်လည်း ပို၍နီ ပို၍ ဝါ နေကြတော့သည်။ ပန်းနံ့တင်လေကို တဝရှိုက်သွင်းလိုက်သည်။ ငြီးစီမှုသည် ပေါ့ပါးစပြုပြီ။

ဒီနေ့ ဆရာ၏သင်ကြားမှုသည် ငြီးငွေ့စိတ်ကြောင့်ထင့်၊ ဖိစီးလွန်းလှသည်၊ လက်ညှိုးနဲ့ လက်မကို ပြန်ကြည့်မိတော့ သွေးခြည်ဥနေတာကို တွေ့ရသည်။ လေးညှို့ကို အကြိမ်များစွာ ဆွဲတင်ခဲ့ရခြင်းကြောင့်ပင်။

သင်ကြားရသော အတတ်ဆယ့်ရှစ်ရပ်တို့တွင် ဤအတတ်ကို အငြီးငွေ့ဆုံးပင် လွှဲဖယ်မရသော ယောင်္ကျားတို့ တတ်အပ်သည့် အတတ်တခုဆို၍သာ သင်္ချာအတတ်၊ မြင်းစီး ဆင်စီးအတတ် စသည်တို့တွင် သူမတူအောင် တတ်လွယ်ခဲ့ပေမယ့် ဤအတတ်ကိုမူ သင်ကြားရသည့်နေ့တိုင်း လူပန်း စိတ်ညှိုးဖြစ်ရတော့သည်။ ဘာကြောင့်များ ဒီအတတ်ကို မသင်ယူလိုပါလိမ့်ဆိုသည့် ပုစ္ဆာဟောင်းသည် အသံတိတ် မြည်လာတတ်မြဲ။

နောင် ... နန်းရပ်ထီးဖြူစိုးယူမည့်သူတိုင်း မိမိကို ကာကွယ်ဖို့၊ မျိုးဆွေတွေကို ကာကွယ်ဖို့၊ တိုင်းနိုင်ငံကို ကာကွယ်ဖို့ တတ်ထားရသည်ဟု ဆရာသင်တိုင်းလည်း ဒါဆို ... မအုပ်စိုးလျှင် သင်စရာမလိုဘူးပေါ့၊ စောဒကဉာဏ် ဖြစ်မိသည်မှာ အမှန်။

နောက်ဆုံး အသုံးမချသင့်သော အတတ်သာ ရှိမည်၊ မတတ်ထားသင့်သော အတတ် မရှိနိုင်ဆိုသည့် အယူနှင့်ပင် ထိုအတတ်ကို သင်ယူနေမိသည်။ သို့သော် သင်ကြားပြီးတိုင်း ပြီးပြီးပျောက်ပျောက် ထားလိုက်သည်သာ၊ အလေ့အလာ မပြုမိ။

ထို့ကြောင့်ပင် အမျိုးဆွေတွေက လေးမြားအတတ် မတတ်ဟု ထင်ကြသည်။ ဖျင်းညံ့သူဟု စကားတင်း ဆိုချင်ကြသည်။ သူတို့ကို အဆိုးမဆိုသာ၊ အခြားသူတွေနှင့် စရိုက်ခြားခဲ့သည်ကိုး၊ အခြားသူတို့ ထိုအတတ်ကို သင်ကြားရတိုင်း သွေးဖြကြွကြသည်။ မြူးသွက်ကြသည်၊ သင်ကြားပြီးလျှင်လည်း လေ့ကျင့်ကြ၊ စမ်းသပ်ကြတော့သည်။ ဥယျဉ်ထဲက ပင်စည်တို့သည် သူတို့၏ လေ့ကျင့်ရာ ပစ်ကွင်းများ၊ ကျေးငှက်သာရကာတို့သည် သူတို့ထူးချွန်မြားသွေးရာ သင်ခန်းစာများ။

သူတို့က ထိုအတတ်နှင့် လုံခြုံစေမည်ဟု ယုံကြည်ကြသည်။ မယုံကြည်နိုင်၊ ငင်ထားသော လေးညှို့ကို လွှတ်၍ ချွန်မြသော မြားတံနှင့် တဖက်ရင်ကို ဖောက်ထွင်း စူးနစ်နိုင်ယုံနဲ့ မိမိလုံခြုံသွားပြီလား ... အခြားအရာတခုကို အသုံးပြုလျှင်ကော လုံခြုံမှုကို မတည်ဆောက်နိုင်ဘူးလား ...။ ဧကန်တည်ဆောက် နိုင်ရမည်သာ ... ဒါဆို အဲဒီအရာ ... ဘာလဲ ... ဘယ်မှာလဲ ...။

တွေ၍ ရပ်နေရင်း တောင်ဘက် ကောင်းကင်ဆီ အကြည့်ရောက်တော့ ဟင်္သာတွေ ပျံသန်းလာတာကို တွေ့လိုက်ရသည်။

လတ်ဆတ်သော လေနှင့် ပန်းနံတို့ ပူးပေါင်းမိချိန်၊ နေရောင်နှင့် မြက်ခင်းပန်းရောင်တို့ ပျော်ဝင်ကြချိန်၊ ပွင့်ဖတ်ပွင့်ဆံတို့နှင့် လိပ်ပြာတို့ အလွမ်းသင့်ချိန်။

သန္တရသကို ကိုယ်တည်းခံစားမိစဉ် ရိပ်ခနဲ တစုံတခုကျလာသည်ကို သတိထားလိုက်မိသည်။ ထိုအရာ၏ မြေကြီးနှင့် ထိတွေ့သံကိုလည်း “ဘုတ်” ခနဲ ကြားလိုက်ရသည်။ စူးစမ်းကြည့်မိတော့ ...။

“အလို ... ဟင်္သာလေးတကောင်ပါလား”

အဆောတလျှင်သွားကြည့်မိသောအခါ မြားထုတ်ခတ်စူးလျက် သွေးတွေတွေစီးလျက်။ တိုးတိမ်သော ညည်းတွားသံကို သတိထားမိမှ ...

“မသေသေးဘူးထင်ရဲ့”

ညင်သာစွာ ကောက်ယူလိုက်သည်။ ဒဏ်ချက်ကိုရှာကြည့်မိသောအခါ ညာဘက်ပေါင်တံနှင့် တောင်ပံကို မြားထုတ်ခတ် စူးနေတာ တွေ့ရသည်။ အင်း ... ကံသီပေလို့သာ တကယ်လို့ မြားဟာ စဉ်းငယ်ရှေ့နား ရောက်ခဲ့တယ်ဆိုရင် နှလုံးသည်းပွတ်ဆီ ... အလိုလေး ... ကျွတ် ... ကျွတ် ...။ ရက်စက်လိုက်ကြတာ၊ ဘယ်လိုသူကများ ... အပြစ်မဲ့ အားနည်းသူကို ခုလို ... ဝန်းကျင်ကို လှည့်ဖွေမိစဉ်...

“ငါ ပစ်လိုက်တာ သိဒ္ဓတ္ထ”

“ဟင် ... ဒေဝဒတ္ထ”

ညာလက်ကလေးကိုကိုင်၍ ဘယ်လက်က ခါးထောက်လျက်ရပ်နေသော ဒေဝဒတ္ထကို တွေ့ရသည်။ သူ့သဏ္ဌာန်က သူ့စွမ်းရည်ကို ဂုဏ်ယူကျေနပ်ဟန် အကြည့်ပင်။ မျက်နှာတွင်လည်း အပြုံးရိပ်က နေရာယူလျက်။

“ဟုတ်တယ် ... ငါ တချက်တည်းနဲ့ ပျံသန်းနေတဲ့ ငှက်ကို ခွင်းလိုက်တယ်”

“ဒါ ... ဂုဏ်ယူစရာ မဟုတ်ဘူး ဒေဝတ္ထ”

“ဟုတ်တယ် ... လေးနဲ့ မြားကိုကိုင်ရမှာ ရွံ့ကြောက်သူတွေအတွက်တော့ ဂုဏ်ယူစရာ မဟုတ်ပေဘူးပေါ့”

“နေပါဦး ငှက်တကောင်ကို ပစ်သတ်လိုက်နိုင်ရုံနဲ့ ဂုဏ်ကြီးမြင့်သွားရောလား”

“ဒါပေါ့၊ ငါ့ရဲ့ စွမ်းရည်အတွက် ဒီငှက်က သက်သေပဲ”

“မြားသင့်တဲ့ ဟင်္သာနေရာမှာ သင် ... ဒါမှမဟုတ် သင့်မျိုးဆွေတယောက်ယောက် ဆိုရင်ကော”

“ဒီမယ် ... ဒီမယ် ... သင့်ရဲ့ အချိန်ပိုဝိတက်တွေကို ငါ့လာပြောမနေပါနဲ့၊ လက်ထဲက ဟင်္သာကိုသာ မြန်မြန်ပေးစမ်း”

“မပေးနိုင်ဘူး”

“ဘာ ... မပေးနိုင်ဘူး ... ဒါ ငါပစ်ခွင်းလိုက်တာ”

“ဟုတ်တယ် ဒါပေမယ့် ငါရတယ်”

“သင်ခွင်းလို့မှ မဟုတ်ဘဲ၊ ငါ့စွမ်းရည်ကြောင့်သာ ငါပိုင်ရမှာပေါ့”

“သင်ပစ်လိုက်တာ မှန်တယ်၊ ငါ မငြင်းဘူး ... ဒါပေမယ့် ဟင်္သာ မသေသေးဘူး”

“အို ... သေသေ မသေသေ ငါနဲ့ပဲ ဆိုင်တယ်၊ ပေးလိုက်စမ်း သိဒ္ဓတ္ထ”

“မပေးနိုင်ဘူး”

“ငါ လေးမြား လေ့ကျင့်ရဦးမယ်၊ အချိန်လင့်တယ် ကဲ ပေးမလား မပေးဘူးလား”

သူ့မျက်လုံးတို့ ဝင်းတောက်ကာ မျက်ထောင့်တို့ နီလာသည်။ တင်းနေသော မေးကြောတို့က အံကြိတ်ထားကြောင်း သိသာသည်။ တည်ငြိမ်စွာ သူ့ကို ပြန်ကြည့်ရင်း ...

“ဟင်္သာမသေသေးဘူး ... ဒေဝတ္တ ဆံခြည်တဗီဇနာဖြစ်စေ သူရှင်သန်ခွင့်ရှိတယ်၊ အဲဒီ ရှင်သန်ခွင့်ကို ငါကူညီရမယ်၊ ဆေးကုပေးရမယ်၊ တကယ်လို့ သေဆုံးသွားပြီဆိုရင်တော့ ငါ သင့်ထံ အရောက်ပို့လိုက်မယ်”

“အို ... စကားတံရှည်တယ်၊ ပေးမလား ... မပေးဘူးလား”

“ပြောပြီးပြီပဲ မပေးနိုင်ဘူး”

သူ ရှေ့တိုးလာသည်။ နောက်ဆုတ်မပေးမိ၊ အကြည့်တို့ အဟုန်ပြင်းစွာ ဆုံကြစဉ် ...

“ဟေ့ ဘာဖြစ်နေကြတာလဲ?”

“ဟင် ... နောင်တော် မဟာနာမ”

နှစ်ဦးစလုံး သံပြိုင်ထွက်လာကြသည်။ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြဖို့ လက်ဦးမှုယူသူကတော့ ဒေဝဒတ္တပင်။

“ဒီလိုပါ နောင်တော် ကျွန်တော်ပစ်လိုက်တဲ့ ဟင်္သာကို အချောင်ကောက်ယူထားပြီး ပြန်တောင်းတော့ ငြင်းဆိုနေတယ်”

“ဟုတ်လား ... သိဒ္ဓတ္ထ”

“ဟုတ်တယ် နောင်တော်...”

“ကျွန်တော် ဟင်္သာကို ကောက်ယူထားတယ်”

“သင်ပစ်ချတာလား သိဒ္ဓတ္ထ”

“မဟုတ်ဘူး ဒေဝဒတ္ထပါ”

“ဒါဖြင့် မပေးနိုင်ခြင်းအကြောင်းက ...”

“ဟင်္သာမသေသေးဘူး နောင်တော်”

“သေမှ ပေးမယ်ဆိုပါတော့”

“ဟုတ်တယ် ... မည်သူမဆို အသက်ရှင်သန်ခွင့်ရှိတယ်၊ ဒီအခွင့်ကို ဘယ်သူကမှ မဖျက်ဆီးသင့်ဘူး၊ ဒါကြောင့် တဆံခြည်ဖြစ်စေ တဗီဇနာဖြစ်စေ၊ သူ ရှင်သန်ခွင့်ရှိတယ်၊ ဒီအခွင့်ကို ကျွန်ုပ်လေးစားတယ်၊ ဟင်္သာကို ဆေးကုပေးမယ် … အဲ ... အကြောင်းမသင့်လို့ ဟင်္သာသေခဲ့လျှင်တော့ ဒေဝဒတ္ထရဲ့ အလိုအတိုင်းရှိစေ”

မဟာနာမ ဆိတ်ဆိတ်နေသည်၊ လေးနက်တည်ငြိမ်ဟန်က ပြဿနာရဲ့အဖြေတခုကို ရှာနေဟန်၊ စဉ်းငယ်ကြာမှ…။

“ငါ ဆုံးဖြတ်မယ်၊ နှစ်ဦးစလုံး နာယူမလား”

ကြီးသူကို ရိုသေခြင်း၊ နာခံခြင်းဆိုတာ “သကျ” တို့ရဲ့ ထုံးစံတခုပေပဲ၊ ဆတ်ခနဲ ခေါင်းညိတ်ပြလိုက်သည်။ ဒေဝဒတ္ထကို လှမ်းကြည့်လိုက်တော့ ...

“သဘောတူတယ်”

ခက်ထန်တဲ့ သူ့အမူအရာနှင့် မာကြောသည့် သူ့အသံကို တထပ်တည်း ကျသည်ကို မဟာနာမလည်း ရိပ်မိမည်သာ။

ဟင်္သာကို ရင်မှာပိုက်ရင်း မဟာနာမ စကားစသည်။

“ဟောဒီ ... လောကကြီး စည်ပင်တာနဲ့ ဆုတ်ယုတ်တာ ဘယ်ဟာ ပိုမြတ်သလဲ ဖြေကြပါ”

“စည်ပင်ခြင်းက မြတ်ပါတယ်၊ နောင်တော် မဟာနာမ”

“ဒါဆို ရှင်သန်ခြင်းဟာ စည်ပင်ခြင်းကို တိုးမြှင့်စေပြီး သေဆုံးခြင်းကတော့ ဆုတ်ယုတ်ခြင်းကိုဖြစ်စေတာ ထင်ရှားတယ်၊ ဒီတော့ ရှင်သန်စေသူဟာ လောကကို တည်ဆောက်သူဖြစ်ပြီး သေစေသူက လောကကို ဖျက်ဆီးသူသာဖြစ်တယ်၊ အဲဒါကြောင့် ဒီဟင်္သာကို တည်ဆောက်သူဖြစ်တဲ့ သိဒ္ဓတ္ထ ပိုင်ဆိုင်သင့်တယ်၊ အကယ်လို့ ဟင်္သာသေဆုံးရခဲ့ရင်တော့ ...။

မဟာနာမ၏ စီရင်ချက်မဆုံးမီမှာပင် ဒေဝဒတ္ထ လှည့်ထွက်သွားသည်။ သူ့အတွက် မြားတစင်းဟာ အခါမရွေး ဟင်္သာတကောင်ဖြစ်နိုင်သည်ဟု ယုံကြည်ထားဟန်ပင်။

အဟာနာမ ကမ်းလိုက်သော မြားခ ဟင်္သာကို ညင်သာစွာ ခံယူလိုက်သည်၊ ပြီး ... စူးသော မြားကို အသာအယာ ...။

ခုဆိုလျှင် ဟင်္သာငယ် ခန့်ကျန်းစပြုပြီ။ အရိုင်းဆန်မှုကတော့ ပျောက်နေပြီ။ လူရိပ်ကိုတွေ့သည်နှင့် အသံပေးကာ တကောက်ကောက် လိုက်နေတတ်သည်။ သူပြုစုခဲ့သော ကာလအပိုင်းအခြားသည် သူ့ကို အယဉ်ဆန်စေခဲ့ပြီတည့်။

သို့သော် ဗီဇကိုတော့ မစွန့်၊ တခါတရံ ကောင်းကင်ဆီမှ အမျိုးအဆွေတွေ ပျံသန်းလာလျှင်၊ မဖို ခေါ်ထူးသံကြားလျှင် လည်တဆံ့ဆံ့၊ အတောင်တဖြန့်ဖြန့် ရှိတော့သည်။ မပူနဲ့ဟင်္သာရေ ... မင်းပျံသန်းနိုင်တဲ့နေ့ဟာ မင်းဆွေမျိုးဆီရောက်မည့် နေ့ပဲ။

ထိုစဉ် စားဆဲအစာကိုရပ်ကာ ဟင်္သာလည်ကိုဆံ့သည်။ အတောင်တို့ကို ခတ်သည်။ ပြီးတော့ ပီသသော အသံကိုပြသည်။ သူမျှော်ရာ လှမ်းကြည့်လိုက်တော့ ...။

“အလို ... တောင်ဘက်ဆီက သူ့ဆွေမျိုးတွေ ပျံသန်းလာလို့ကိုး”

“ကဲ ... ဟင်္သာရေ ... ဒီနေ့ကစပြီး ဘဝတူတွေနဲ့ လွတ်လပ်တဲ့ကောင်းကင်မှာ လှည့်လည်လေတော့၊ အေးမြတဲ့ရေကန်မှာ ကူးခတ်ပေတော့ ... ဟော ... ဟိုမှာ ... မင်းဆွေမျိုးတွေ ...”

လက်မှ လွှတ်တင်ပေးလိုက်သည်။ ဟင်္သာအုပ်နောက် ဦးတည်နေရာမှ မြည်သံတချက်ပေးကာ ပြန်လှည့်လာပြီး ပခုံးထက် နားသက်လာပြန်သည်။ ဪ သြော် ... ဟင်္သာငယ်ရယ် “ရဲရဲပျံလိုက် ဟင်္သာလေး ... မင်းအတွက် အဆင်ပြေဆုံး ဝန်းကျင်ဟာ အဲဒီမှာရှိလေရဲ့ ... အဖော်တွေ ဝေးမသွားခင် ပျံပေတော့” ဒုတိယအကြိမ် လွှတ်ပေးလိုက်သည်။ ဟင်္သာငယ် ခွန်းဆက်မြည်ကျူးရင်း ကောင်းကင်ထဲ တိုးဝင်သွားတော့သည်။ ပျပျထင်နေသေးသော ဟင်္သာငယ်ကို ငေးကြည့်ရင်း ... လေးမြား လက်နက်နဲ့ တည်ဆောက်လို့မရနိုင်တဲ့ အရာကို အခြားအရာတခုနဲ့ တည်ဆောက်လို့ရနိုင်တယ်ဆိုတာ ဒေဝဒတ္ထ ကို ပြောပြချင်စမ်းပါဘိ။

ကံထွန်းသစ်
[သုခချမ်းသာ။ ။ အောက်တိုဘာလ၊ ၁၉၉၉]

သရုပ်ဖော် - အောင်ထက်


Tuesday, August 24, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၉)

ရုတ်တရက် ကြုံလိုက်ရတဲ့ အန္တရာယ်

သူကြီးထည့်ပေးလိုက်သော လူငယ်လေးနောက်သို့ ကျနော်တို့ ၃ ယောက် လိုက်သွားပါသည်။ ၁၅ မိနစ်လောက် လျှောက်မိရာ ခြံစပ်တခု၏အဆုံးတွင် ရှေ့မှလယ်ကွင်းတကွင်း ခံနေပါသည်။ ကျနော်က လိုက်ပို့သည့် လူငယ်နောက်မှ ကပ်လျှက်ပါလာပါသည်။

လယ်ကွင်းစပ်တဖက်သို့ ကျနော်လှမ်းကြည့်လိုက်ရာ စစ်သား ၁၅ ယောက်ခန့် သည် တောစပ်ထဲမှ ထွက်လာသည်။ အသင့်အနေအထားနှင့် လျှောက်လာသည်ကို လှမ်းတွေ့ရပါသည်။ ကျနော်က ..

“ဖထီးမန်း … ဟိုမှာ ရန်သူတွေ ကျနော်တို့ ပြန်ဆုတ်မယ်”

ကျနော် ကပျာကယာ ပြန်လှည့်ပါသည်။ လိုက်ပို့သည့်ကောင်ကလေးလည်း ထွက်ပြေးသွားပါသည်။ ကျနော်တို့ ၃ ယောက် နောက်ကြောင်းသို့ ပြန်လှည့်ပြီး ဆုတ်လာပါသည်။ ရွာအပြင်သို့ရောက်လာပါသည်။ လမ်းတွင် ရန်သူ့စစ်တပ်လာ၍ ထွက်ပြေးသော ရွာသားအချို့ကို တွေ့ရပါသည်။

လမ်းတွင် အသက် ၅၀ ခန့်ရှိ မွန်အမျိုးသား ဦးလေးကြီးတဦးကို တွေ့ပါ သည်။ ကျနော်တို့ကိုတွေ့ရာ အလွန် လန့်နေပါသည်။ သူသည် အဖျားတက်နေပါသည်။ ဦးအောင်ငွေက ကြောက်စရာမလိုကြောင်း၊ ကျနော်တို့လည်း စစ်တပ်နဲ့တွေ့လို ထွက်ပြေးတာဖြစ်ကြောင်း၊ အဖျားပျောက်သွားအောင် ဆေးပေးမည်ဖြစ်ကြောင်း၊ ဦးအောင်ငွေကပြောပြီး ခေါ်လာပါသည်။

တနေရာအရောက်တွင် အဖိုးကြီးက စိတ်ချရသည်ဟုပြော၍ နားကြပါ သည်။ ဦးအောင်ငွေက ပါလာသည့် ဆေးတွေ ထုတ်တိုက်ပါသည်။ အဖိုးကြီးလည်း ကျနော်တို့အပေါ် ယုံကြည်မှုရှိလာပါသည်။ ဖထီးမန်းအောင်ကြည်က ပိုက်ဆံ ၅ ကျပ် ထုတ်ပေးပြီး စားစရာတခုခု စီစဉ်ပေးရန် အကူအညီတောင်းပါသည်။ အဖိုးကြီးသည် လိုလိုလားလားပင် လုပ်ပေးမည်ပြောပြီး ပြန်သွားပါသည်။

တနာရီခန့်ကြာမည် ထင်သည်။ အဖိုးကြီးပြန်လာသည်။ ထမင်းတထုပ်လည်း ယူလာပေးသည်။ ထမင်းထုပ်ကို ဖြေကြည့်လိုက်ရာ ကြက်ပေါင်ကင်တခုနှင့် ငရုပ်သီးတောင့် တထုပ်ကို တွေ့ရသည်။ ကျနော်တို့စားသောက်ပြီး အဖိုးကြီးကို ရွာနှင့်ခပ်လှမ်းလှမ်းအထိ လိုက်ပို့ခိုင်းပါသည်။

နယ်မြေ အခြေအနေကိုမေးကြည့်ရာ ၎င်းပြောပြချက်အရ တောင်ကျော်လိုက်လျှင် ကျောင်းရွာဆိုသော ကရင်ရွာရှိကြောင်း အတော်လေးဝေးကြောင်း ပြောပြသည်။ အဖိုးကြီးလိုက်ပို့ပြီး တနာရီခရီးခန့်တွင် နားလိုက်ပါသည်။ အဖိုးကြီးလည်း ပြန်သွားပါသည်။

ကျနော်တို့ ၃ ယောက်တိုင်ပင်ပါသည်။ တောင်ကျော်ပြီး ကျောင်းရွာသွားမလား၊ ဒူးယားသူကြီးကို ဆက်မလား တိုင်ပင်ပါသည်။ တောင်ကျော်လျှင် လမ်းမသိ၊ အခြေအနေ မသိ၊ သွားရန်မသင့်ကြောင်း ဒူးယားသူကြီးမှာ တော်လှန်ရေးနှင့် ပတ်သက်သူ လူကြီးတဦးဖြစ်၍ စိတ်ချရကြောင်း ညမိုးချုပ်လျှင် ရွာနားပြန်ကပ်ပြီး သူကြီးနှင့်ဆက်ရန် ဆုံးဖြတ်လိုက်ပါသည်။

ညမိုးချုပ်ခါနီးတွင် လမ်းမကြီးအတိုင်း ဝင်လာပါသည်။ ရွာအစွန်နားက အိမ်ကလေး တလုံးအပေါ်တက်နားပြီး မွန်အဒေါ်ကြီးကို အကူအညီတောင်းပါသည်။ မနက်ပိုင်း က လှေပျက်လာသူများဖြစ်ကြောင်း၊ စစ်တပ်လာ၍ ထွက်ပြေးခဲ့ရကြောင်း၊ သူကြီးနှင့်တွေ့လိုကြောင်း၊ စစ်တပ်ရှိ မရှိ ကြည့်လာခဲ့စေလိုကြောင်း ပြောပြီး အဒေါ်ကြီးကို အကူအညီတောင်းပါသည်။

အဒေါ်ကြီးလည်း သူကြီးသွားခေါ်ပေးမည်ဟု ပြောပြီးထွက်သွားပါသည်။ အဒေါ်ကြီးသွားသည်မှာ တနာရီကျော် ပါပြီ။ ပြန်လည်းပေါ်မလာပါ။ လကွယ်နေ့ညမို့ မိုးမှောင်နေသည်။ မိုးကလည်း ဖွဲဖွဲရွာနေသည်။ ကျနော်က အိမ်ခြံဝ၏ ခြံစည်းရိုး အကွယ်တွင် ကင်းစောင့်နေသည်။ ဖထီးမန်းသည် ကျနော် ကင်းစောင့်သည့်နေရာသို့ ရောက်လာသည်။

“အဖွားကြီး လွှတ်လိုက်တာကြာပြီ၊ သူကြီးလည်း ရောက်မလာဘူး။ အခြေအနေ မကောင်းဘူးထင်တယ်၊ ကျနော်တို့ ဒီနေရာကနေ ထွက်သွားရင် ကောင်းမယ်”

ဆက်လက်ဖော်ပြပါမည်။



Monday, August 23, 2010

ကျက်သရေရှိတဲ့ လူမိုက်တွေ (လူထုစိန်ဝင်း)

ကိုယ်တိုင် အသက် ၇၀ တန်း လူကြီးတယောက် ဖြစ်လာတဲ့အခါမှာ သတိထားမိ တာတခုက လူကြီး နှစ်မျိုးနှစ်စား ရှိတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ တမျိုးက အသက်ကြီးလာတာနဲ့အမျှ တနေ့တခြား ပိုပိုပြီး ယဉ်ကျေးလိမ္မာလာတဲ့ လူကြီး ဖြစ်တယ်။

အတွေ့အကြုံက သင်ခန်းစာယူတတ်
နောက်တမျိုးကတော့ အသက်ကြီးလေ တနေ့တခြား ပိုပိုပြီး မိုက်လာတဲ့ ကြီးမိုက် လူကြီး ဖြစ်တယ်။ ပထမ အမျိုးအစားလူကြီးက အတွေ့အကြုံတွေထဲက သင်ခန်းစာ ထုတ်ယူတတ်တဲ့အတွက် အမြင်မတော်တိုင်း ဝင်မပြောတော့ဘူး။ သဘောမကျတိုင်း ဝင်မပါတော့ဘူး။ "သတ္တဝါတခု ကံတခုပဲ" လို့ သဘောထားပြီး ဥပေက္ခာ တရား လက်ကိုင်ထားတတ်တယ်။ ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေတတ်တယ်။ စိတ်ထဲမှာ ယားကျိယားကျိ ဖြစ်လာရင်တောင် ဝင်ပြီး မပြောမိ၊ မဆိုမိအောင်၊ ကိုယ်တိုင်ဝင်မပါမိအောင်၊ ပုတီးစိပ်လို့ဖြစ်စေ၊ တရားသဘော ဆင်ခြင်နှလုံးသွင်းလို့ဖြစ်စေ ကံသုံးပါးကို ချွန်းအုပ်ပြီး ထိန်းချုပ်ထားတတ်တယ်။

ကံသုံးပါးလုံး မထိန်းချုပ်တတ်
ဒုတိယအမျိုးအစားကတော့ လောကဓံရဲ့ အထုအထောင်း၊ အရိုက်အပုတ်တွေ ဘယ်လောက်ပဲ ခံခဲ့ရ ခံခဲ့ရ သင်ခန်းစာ ထုတ်မယူတတ်ဘူး။ နောင်တလည်း မရဘူး။ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးစလုံးကို ချွန်းအုပ် မထားနိုင်ဘူး။ အမြင်မတော်တာတွေ့ရင် ဝင်ပြောလိုက်တယ်၊ မသင့်တော်ဘူးထင်ရင် ဝင်စွက် လိုက်တယ်၊ မတရားဘူးထင်ရင် ဝင်တားလိုက်တယ်၊ လူတကာရဲ့အပူကို ကိုယ့်အပူ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လောင်မြိုက်နေစေတယ်။ ကိုယ်၏ချမ်းသာ ခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ဘဝ၏ငြိမ်းချမ်းခြင်းဆိုတာကို ဘယ်တော့မှ မခံစားရပါဘူး။ ဒီလို လူမျိုးကိုမှ လူမိုက်မခေါ်ရင် ဘယ်သူ့ကို လူမိုက်ခေါ်ရတော့မှာလဲ။

လူလိမ္မာတွေက များ
ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလားဆိုတာ သေသေချာချာ ရေရေရာရာတော့ မပြောတတ်ဘူး။ လူ့လောကကြီး တခုလုံးမှာ လူလိမ္မာတွေက လူမိုက်တွေထက် ပိုများတာကို တွေ့ရတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဥပေက္ခာတရားလက်ကိုင်ထား သူတွေ များကြတယ်။ အမြင်မတော်တာတွေ့လည်း ငါနဲ့ဘာဆိုင်တာမှတ်လို့ဆိုပြီး မျက်နှာလွှဲနေလိုက်ကြတယ်။ မတော်မတရားတာတွေ မြင်နေရလည်း ကိုယ့်မထိ သရွေ့တော့ ဘာဖြစ်လို့ ကြားကနေ အမုန်းခံရမှာလဲ ဆိုပြီး ခပ်ကင်းကင်း နေလိုက်တယ်။ ကိုယ့်ကို လက်တွေ့ထိလာတော့မှ နာရကောင်းမှန်းသိပြီး အော်ကြ ဟစ်ကြလေတော့တယ်။

အခါနှောင်းခဲ့ပြီ
မနှစ်က အမေရိကန်နိုင်ငံ အနှံ့အပြား မြို့ကြီးပေါင်း လေးငါးဆယ်မှာ လူတွေ သိန်းချီပါဝင်တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာကို မှတ်မိကြမှာပါ။ အဲဒါ ကိုယ့်ထိမှ နာရကောင်းမှန်း သိကြတဲ့ အထင်ရှားဆုံး သာဓက ဖြစ်တယ်။ အီရတ်နဲ့ အာဖဂန်စစ်ပွဲမှာ ကိုယ့်သားတွေ၊ ကိုယ့်ခင်ပွန်းတွေ အသက်ဆုံးရှုံးသွားကြရတဲ့ မိဘတွေနဲ့ ဇနီးသည်တွေက ဦးဆောင်ဆင်နွှဲရာက လူတွေသိန်းချီပြီး ပါဝင်ဆင်နွှဲ လာကြတာ ဖြစ်တယ်။ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီလို့ ပြောရတော့မှာပါ။ သေပြီးသူတွေပြန်မရှင်နိုင်တော့ပါဘူး။

ဘဝပေးအသိ
အစကတည်းက တားဆီးကန့်ကွက်ခဲ့ကြမယ်ဆိုရင် လူတွေ သိန်းနဲ့ချီပြီး သေခဲ့ကြမှာ မဟုတ်ပါဘူး။ အစကတော့ အကြမ်းဖက်သမား နှိမ်နင်းရေးတို့၊ လူ့အခွင့်အရေးတို့ဆိုတဲ့ စကားတွေကို နားယောင်ပြီး စစ်ပွဲကြီးတွေကို ထိထိရောက်ရောက် မတားခဲ့ကြဘူး မဟုတ်လား။ ကျောင်းတက်နေဆဲ ကိုယ့်သားတွေ စစ်မှုထမ်း ဆင့်ခေါ်ခံရပြီး နိုင်ငံရပ်ခြားမှာ သေသွားကြရတော့မှ စစ်ကို ဆန့်ကျင်ရကောင်းမှန်း သဘောပေါက်သွားကြရတာကိုး။ ဘဝပေးအသိ တခုပါပဲ။ အဖိုးတန်အသိဖြစ်ပေမယ့် ပေးလိုက်ရတဲ့တန်ဖိုးက ကြီးလွန်းလှပါတယ်။

ဆင်ခြင်တုံသိ
အသိဆိုတာ လက်တွေ့ဘဝက ပေါ်ထွက်လာတာ မှန်ပေမယ့် အခုလို တန်ဖိုး ကြီးကြီးပေးလိုက်ရတာမျိုးတော့ မဖြစ်သင့်ဘူး။ ရှေ့နောက်မြော်မြင် စဉ်းစားတဲ့ ဆင်ခြင်တုံတရားနဲ့လည်း အတန်အသင့် သိနိုင်ပါတယ်။ ဘဝပေး အသိလောက် လေးနက်ခိုင်မာမှု မရှိပေမယ့် ဘဝပေးအသိက တန်ဖိုး ကြီးလွန်းပါတယ်။ ဆင်ခြင်တုံသိနဲ့ သိနိုင်တာမျိုးဆိုရင် ဘဝမပေးဘဲ ရယူသင့်ပါတယ်။ အီရတ်နဲ့ အာဖဂန်ကို ကျူးကျော်တိုက်ခိုက်ရင် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ဆင်ခြင်တုံသိနဲ့ အလွယ်တကူ သိနိုင်တယ်။ ဗီယက်နမ်စစ်က အကောင်းဆုံးသက်သေ မဟုတ်ဘူးလား။

ဉာဏ်ရှိရင် တောင်ပို့မှန်းသိတယ်
"ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်" ဆိုတဲ့ စကားက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လူမိုက်တွေကို ရည်ရွယ်တဲ့ စကားဖြစ်တယ်။ အသိဉာဏ်ရှိသူမှန်ရင် တောင်ပို့ကြီး ကိုမြင်တာနဲ့ တောင်ပို့မှန်းသိတယ်။ ဖွတ်ကြီး ထွက်ပြစရာမလိုဘူး။ ဘုရားက ဘုရား၊ တောင်ပို့က တောင်ပို့ သိသာပါတယ်။ မှားစရာ ဘာအကြောင်းမှ မရှိပါဘူး။ အရေးကြီးတာက ဘယ်နေရာ ဘယ်ကိစ္စဖြစ်ဖြစ် ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်ကို အသုံးချတတ်ဖို့သာ ဖြစ်တယ်။

လူလိမ္မာတွေများလွန်းရင် မကောင်းဘူး
မဆိုင်ရင် ဝင်မပြောဘူး၊ ဝင်မစွက်ဘူး၊ ဝင်မပါဘူးလို့နေရင်းနဲ့ ကိုယ်နဲ့တိုက်ရိုက် ဆိုင်လာတဲ့အခါကျတော့ အများကြီးနောက်ကျသွားလို့ နောင်တရခဲ့ရင်လည်း ဘာမှမတတ်နိုင်တော့ပါဘူး။ အဲဒါကြောင့် လောကကြီးမှာ လူလိမ္မာတွေ သိပ်များလွန်းနေရင်လည်း မကောင်းပါဘူး။ မသူတော်တွေ ကြီးစိုးနိုင်ပါတယ်။ မကောင်းတာ၊ မမှန်တာ၊ မတရားတာတွေကိုတွေ့ရင် အမုန်းခံပြီး ပြောဖို့ လိုပါတယ်။ လောကကြီး လှပစေချင်သူ မှန်သမျှ ပြောကိုပြောရပါမယ်။

အနာခံဖို့ချည်းပဲ
စာနယ်ဇင်းသမားဆိုတာ မှန်တာပြောရရင် မိုက်လို့ လုပ်နေကြသူတွေ များတယ်။ လူလိမ္မာ နည်းတယ်၊ မြန်မာနိုင်ငံမှာ ချမ်းသာတဲ့ သတင်းသမား ဘယ်ခေတ်ကမှ မရှိပါဘူး။ အများအားဖြင့် ရရစားစားပါပဲ။ အင်္ဂလိပ်နယ်ချဲ့ခေတ်မှာ လူမိုက်ငှားပြီး ဓားထိုးခံရလို့ သေခဲ့ရတဲ့ ဆရာသင်လို အယ်ဒီတာမျိုးရှိသလို အသရေဖျက်မှုနဲ့ တရားစွဲခံရသူ၊ အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရသူတွေ ရှိပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းခေတ်တွေမှာလည်း ထောင်ကျသူ၊ ကျွန်းရောက် သူ၊ နရသိန်စံတွေ မနည်းလှပါဘူး။ အသာစံဖို့အကြောင်း လုံးလုံးမရှိဘဲ အနာခံဖို့ချည်း နေရမှာကို သိသိကြီးနဲ့ လုပ်နေကြသူတွေဖြစ်လို့ မိုက်လို့လုပ်တဲ့ လူမိုက်တွေလို့ ပြောတာပါ။

နိုင်ငံကျက်သရေ တိုးစေဖို့
ဒီလို လူမိုက်တွေဟာ လူမိုက်ဖြစ်ပေမယ့် ကျက်သရေရှိတဲ့ လူမိုက်မျိုးဖြစ်ပါတယ်။ တိုင်ပြည်နိုင်ငံကို ကျက်သရေ ရှိအောင် အနာခံ၊ အမုန်းခံပြီး လုပ်နေကြသူတွေ ဖြစ်တယ်။ အမြင်မတော်တာ၊ အကြားမတော်တာ မှန်သမျှကို သတိတရားရပြီး ပြုပြင်နိုင်ကြအောင် ထောက်ပြနေကြတာ ဖြစ်တယ်။ ရှေးအခါကဆိုရင် ရှင်ဘုရင် များဟာ တိုင်းပြည်ရဲ့အခြေအနေမှန်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝအမှန်ကို သိရဖို့အတွက် စွန့်စွန့်စားစားနဲ့ ရုပ်ဖျက်ပြီး စနည်းနာထွက်ကြရတယ်။ အခုခေတ်တော့ သတင်းမီဒီယာများရဲ့ ကျေးဇူးကြောင့် တိုင်းပြည် တပြည်လုံးရဲ့ အခြေအနေမှန်တွေကို ထိုင်ရာမထ သိနိုင်ကြတဲ့အတွက် လုပ်သင့်လုပ်ထိုက်တာ တွေကို ချက်ချင်းလက်ငင်း လုပ်နိုင်လာခဲ့တယ်။ သတင်းမီဒီယာတွေဟာ တိုင်းပြည့်လက်ရုံးဖြစ်တယ်။ အင်မတန် အားကိုးရပါတယ်။

ရေကင်းသံလေးနဲ့ ချီတက်စေ
ကိုယ်တိုင်က အသက် ၇၀ ရောက်တဲ့အထိ မိုက်လက်စ မဆုံးသေးဘဲ အမြင်မတော် တာတွေ့တိုင်း ဝင်ဝင် ပြောမိ ရေးမိ ဖြစ်နေသေးတယ်။ မေတ္တာထားကြသူ အပေါင်းက စေတနာအရင်းခံနဲ့ သတိပေးကြပေမယ့် အေးအေးလူလူ မနေနိုင်ဘူး။ အဲဒါကြောင့် ပြည်သူ့ခေတ် အယ်ဒီတာများက ဆိုင်းသံဗုံသံ ကြားရင် မနေနိုင်ဘူး။ စိတ်ထဲမှာ ရိုးတိုးရွတဖြစ်ပြီး ခြေလှုပ် လက်လှုပ်ကလေး ဝင်လုပ်ချင်သေးတယ် ဆိုတာကို သဘောပေါက် နားလည်နိုင်တယ်။ ကိုယ်က ဒုက္ခိတဖြစ်နေလို့ ခြေလှုပ်လက်လှုပ် မလုပ်နိုင်ပေမယ့် မေးထိုးကလေးနဲ့တော့ အားပေးနိုင်ပါသေးတယ်။ အဲဒါကြောင့် ရွာစား စိန်ဝံသရေ မတိမ်းမစောင်းရအောင် (မဟုတ်သေးပါဘူး) ရေကင်းသံလေးနဲ့ ချီတက်ကြစေဗျား။

၂၇-၇-၂၀၁၀

ပြည်သူ့ခေတ်၊ အတွဲ ၁၊ အမှတ် ၅၊ သြဂုတ်လ ၅ ရက်၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ ၁၂

Sunday, August 22, 2010

စစ်အစိုးရပဲ အာဏာဆက်ယူမယ့် ရွေးကောက်ပွဲ

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကသာ အခုရွေးကောက်ပွဲမှာ အမတ်နေရာအများစုနဲ့ အလွယ်တကူ အနိုင်ရရှိ သွားနိုင်ဖို့ အလားအလာရှိတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

တခြားပါတီတွေဟာ ဘဏ္ဍာရေးနဲ့ တခြားသော အခက်အခဲတွေရှိတာကြောင့် တနိုင်ငံလုံး မဲဆန္ဒနယ်အားလုံးရဲ့ တဝက်တောင် ဝင်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ ဦးသုဝေက ပြောပါတယ်။

စစ်အစိုးရက ကျောထောက်နောက်ခံပေးထားပြီး ဝန်ကြီးချုပ်သိန်းစိန် ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီကတော့ ငွေကြေးအရကော အခြားပိုင်ဆိုင်မှုတွေပါရှိတာကြောင့် မဲဆန္ဒနယ်မြေ အားလုံးနီးပါး ဝင်ပြိုင်နိုင်မှာဖြစ်ပါတယ်။

Photo: AP, Reuters


ဘွိုင်းကောက် ၂၀၁၀ (အတွဲ ၁၊ အမှတ် ၂)

Boycott 2010 Vol.2

Saturday, August 21, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ သမ္မတကြီး ဦးသန်းရွှေ အဖြစ်သို့

ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေငြာပြီးမကြာခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ဝန်ကြီးဌာနပေါင်းစုံက အဆင့်မြင့်အရာရှိ တွေကို မိခင်ဝန်ကြီးဌာနတွေကနေ အပြီးအပိုင်နုတ်ထွက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားလိုက်ပြီဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ဝန်ကြီးဌာန ပေါင်းစုံက အဆင့်မြင့်အရာရှိတွေဟာ သြဂုတ်လ ၁၆ ရက်ကစပြီး နိုင်ငံရေးဘက် ပြောင်းဖို့ မိခင်ဝန်ကြီးဌာနတွေကနေ အပြီးနုတ်ထွက်သွားတဲ့ အကြောင်း စက်မှု ၁ ဝန်ကြီး ဌာနစက်ရုံမှူးတဦးက အခုလို အတည်ပြု ပြောဆိုပါတယ်။

“စက်မှု ၁ မှာ ဗိုလ်ကြီးအေးမောင်တို့၊ ဗိုလ်မှူးညွန့်အောင်တို့၊ ဗိုလ်ကြီး သိန်းအောင်တို့ ကိုယ်စားလှယ်လောင်းတွေပေါ့။ ဒီမှာတွဲဖက်ပြီးတော့ ကျွမ်းကျင်သူ ဆိုပြီးတော့ ထားတယ်။ အဲဒါ ဝန်ကြီး သင်တန်းဆင်းပွဲတွေ၊ ဖွင့်ပွဲတွေဆိုလည်း အဲဒီ MP အဟောင်းတွေရော အသစ်တွေရော ရှုပ်ယှက်ကို ခတ်နေတာပဲ ဝန်ကြီးနောက်မှာ တအုပ်ကြီး တအုပ်ကြီးပဲ။

အခု အဲဒီ မနေ့က ၁၆ ရက်နေ့ကစပြီးတော့ အပြီးအပိုင် စွန့်ခွာသွားပြီ၊ ရွေးကောက်ပွဲဝင်ဖို့အတွက်။ သူတို့နဲ့အတူ ကားတွေပေးလိုက်ပြီ။ သူတို့အခုလက်ရှိ စီးနေတဲ့ ဖင်ကောက် ဂျပန်ကားတွေကို အကုန်လုံး ပေးလိုက်ပြီးတော့ မဲဆွယ်တရားစည်းရုံးဖို့အတွက် အကုန်လုံးပေးလိုက်ပြီ။ အဲလိုပဲ အခြားဝန်ကြီးဌာန တွေမှာလည်း ညွှန်ချုပ်ပင်စင်စားတွေ၊ MP ပင်စင်စားတွေက အကုန်လုံး အမတ်လွှတ်တော် နေရာတွေ ရွေးချယ်ပြီးတော့ လက်ရှိ ကားတွေဘာတွေ အကုန်လုံးပေးလိုက်တာ။ အဲဒီကားတွေနဲ့ စည်းရုံရေးဆင်းရမှာ”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ၂၂ ဧကကျော်ရှိတဲ့ နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းရုံးချုပ်မှာ အရေးပေါ်ညီလာခံကျင်းပပြီး မကြာခင် ဝန်ကြီးဌာန ပေါင်းစုံက အဆင့်မြင့်အရာရှိတွေ အခုလို နိုင်ငံရေးဘက်အပြီး ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့အတူ မကြာခင် နိုင်ငံရေးဘက်ပြောင်းတော့မယ့် ဝန်ကြီး၊ ဒုဝန်ကြီးတွေလည်း ၃၀ ဝန်းကျင်ရှိတာမို့ ဒီဝန်ကြီးတွေနေရာမှာ အစားထိုးဖို့ လိုလာပါတယ်။

ဒါပေမယ့် ထွက်သွားတဲ့ဝန်ကြီးတွေအားလုံးနေရာကို မဖြည့်တော့ဘဲ ကျန်တဲ့အစိုးရကို ဝန်ကြီးဌာနချင်းပေါင်းပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်အရာရှိတချို့ကို ယာယီတာဝန်ပေးပြီး နောက်အစိုးရသစ်ဖွဲ့တဲ့အထိ ဆက်လက် လည်ပတ် သွားဖို့ရှိတယ်လို့ စစ်ရုံးချုပ်နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

ရွေးကောက်ပွဲက နိုဝင်ဘာ ၇ ရက်မှာကျင်းပမှာမို့ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကို ရွေးကောက်ပွဲကျင်းပတဲ့နေကစပြီး ရက်ပေါင်း ၉၀ အတွင်း ကျင်းပပေးရမှာ ဖြစ်ပါတယ်။ နောက်အကျဆုံး ၂၀၁၁ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ပေးရမှာ ဖြစ်ပါတယ်။

၂၀၁၁ ခု ဖေဖော်ဝါရီလ ၁၂ ရက် နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ကို ခေါ်ပေးရမှာဖြစ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို အတည်ပြုပေးမယ့် ပြည်ထောင်စုလွှတ်တော်ကို နောက်အကျဆုံး ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျင်းပပေးရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတ တဦးရွေးချယ်ခန့်အပ်ရမှာဖြစ်သလို စစ်အစိုးရစိတ်ကြိုက် သမ္မတမျိုးခန့်နိုင်ဖို့ အတွက် တနည်းပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ သမ္မတကြီး ဦးသန်းရွှေဖြစ်လာဖို့အတွက် ကြံ့ဖွံ့ပါတီ အပြတ်အသတ် အနိုင်ရဖို့လိုလာပါတယ်။

ဆိုလိုတဲ့သဘောက သမ္မတရွေးချယ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ အရပ်သား၊ စစ်သား အမတ်ဦးရေ စုစုပေါင်း ၆၆၄ ဦးရှိတာမို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၃၃၃ နေရာနိုင်ခဲ့ရင် ဒုသမ္မတလောင်း ၃ ဦးထဲက ကိုယ်ကြိုက်တဲ့သူကို ခေါင်းခေါက် ခန့်နိုင်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကြံ့ဖွံ့ပါတီအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် မဲဆန္ဒနယ် ဘယ်နှနေရာ အပိုင်နိုင်မလဲ တွက်နိုင်ဖို့အတွက် တခြားပါတီ ဘယ်မဲဆန္ဒနယ်မြေတွေ ပြိုင်နိုင်မလဲဆိုတာ ကြိုသိဖို့လိုလာပါတယ်။ ဒီမှာတင် နိုင်ငံရေးပါတီတွေဟာ သြဂုတ်လ ၁၆ ရက်နေ ၃၀ ရက်အတွင်း ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း စာရင်းကို ကော်မရှင်တင်ပြရမယ်လို့ အမိန့်ထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကော်မရှင်ကို ဖိအားပေးခဲ့သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ပါတီတွေကြည့်တော့လည်း ငွေကြေးအဆင်မပြေတဲ့ကြားက ကတိုက်ကရိုက် တင်ပြရမှာမို့ သာမန်ပါတီတခုဟာ အမတ်နေရာ ၅၀၊ ၁၀၀ ပြိုင်ဖို့တောင် အတော်မလွယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ပြည်သူတွေ မဲပေးရွေးရမယ့် အရပ်သား အမတ်လောင်းဦးရေက အောက်လွှတ်တော် ခေါ် ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၃၃ဝ၊ အထက်လွှတ်တော် ခေါ် အမျိုးသားလွှတ်တော်အတွက် အမတ်နေရာ ၁၆၈ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၁၄ ခုအတွက် အမတ်နေရာ ၆၆၀ အားလုံးစုစုပေါင်း အမတ်နေရာ ၁၁၅၈ နေရာကို မဲပေးရွေးရမှာ ဖြစ်ပါတယ်။

တကယ်တော့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်ပေါင်း ပြည်သူတွေရွေးရမယ့် အရပ်သားအမတ်လောင်း ဦးရေက ၄၉၈ ဦး ရှိပါတယ်။ ဒါပေမယ့် အမျိုးသားလွှတ်တော်ထဲက တိုင်းရင်းသားပြည်နယ် ၇ ခုက ၈၄ နေရာကို တိုင်းရင်းသားတွေအတွက် နုတ်မယ်ဆိုရင်တောင် တကယ်ပြိုင်ရမှာက ၄၁၄ နေရာ ကျန်မှာဖြစ်ပါတယ်။

၄၁၄ နေရာထဲက ၃၃၃ နေရာနိုင်ဖို့ဆိုရင် ၈၀ ရာနှုန်းကျော် အနိုင်ရမှဖြစ်မှာမို့ ကြံ့ဖွံ့ပါတီဟာ သာမန်မဲဆွယ်တဲ့နည်းနဲ့ ပြိုင်လို့မရတော့ဘဲ ပဉ္စလက်နည်းတွေ၊ လက်လှည့်နည်းတွေပါ သုံးဖို့လိုလာမှာဖြစ်တယ်လို့ အကဲခတ်တွေက ဝေဖန်ပါတယ်။ ဒါကြောင့်လည်း တခြားပါတီတွေကို အမတ်လောင်းစာရင်း အမြန်တင်ပြဖို့ ကော်မရှင်က ဖိအားပေးခဲ့တာလို့ ယူဆကြပါတယ်။

သြဂုတ်လကုန်တာနဲ့ ငွေမနိုင်တဲ့ပါတီတွေ ရွေးကောက်ပွဲဝင်ခွင့်မရဘဲ ပြုတ်ထွက်ကုန်မှာဖြစ်ပါတယ်။ စက်တင်ဘာလဆန်း ပိုင်း တခြားပါတီတွေရဲ့ အမတ်လောင်းစာရင်းသိပြီဆိုရင် အဲဒီပါတီတွေ မပြိုင်နိုင်ဘဲ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ဘယ်နှနေရာရှိသလဲဆိုတာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သိပြီဖြစ်ပါတယ်။

လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေမှာ ပြိုင်ဖက်ပါတီတွေက အမတ်လောင်းမရှိဘဲ အရွေးခံမယ့် အမတ်လောင်းတဦးတည်း ဖြစ်နေရင် ရွေးကောက်ပွဲလုပ်နေစရာ မလိုဘဲ အနိုင်ပေးရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဒီနေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ်လောင်းတွေ သွားနေစရာမလိုဘဲ အမည်စာရင်း ပေးရုံနဲ့တင် နိုင်နေပြီဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ကျားကန်ပေးထားတာလို့ ရန်ကုန် နိုင်ငံရေးသမားတွေက နားလည်ထားပါတယ်။

ဒါကြောင့်လည်း အလွန်အမင်းနိုင်ချင်နေတဲ့ စစ်အစိုးရဟာ ဟန်တောင် မဆောင်နိုင်တော့ဘဲ ပါတီအကုန်လုံးငွေပြတ်ပြီး ဘေးကြပ်နံကြပ် ဖြစ်အောင် နှစ်ပတ်အတွင်း ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းစာရင်း အမြန်တင်ခိုင်းလိုက်တာဖြစ်နိုင်တယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပါတယ်။

ဘာပဲပြောပြော စက်တင်ဘာလဆန်းပိုင်းဆိုရင် စစ်အစိုးရကိုယ်စားပြုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရအောင် ဘယ်နေရာတွေမှာ ကိုယ်စားလှယ်လောင်း လှစ်ဟာနေသလဲဆိုတာ စစ်အစိုးရဘက်က အကြမ်းတွက်လို့ရနေပြီ ဖြစ်ပါတယ်။

တနည်းပြောရရင် ရွေးကောက်ပွဲဟာ နိုဝင်ဘာလ ၇ ရက်အထိတောင် စောင့်နေစရာမလိုဘဲ ပြီးသလောက်ဖြစ်နေပြီး စက်တင်ဘာလဆန်းတာနဲ့ အဖြေ သိနေပြီဆိုတဲ့ သဘောဖြစ်နေတယ်လို့ ရန်ကုန်မှာ ဝေဖန်ပြောဆိုနေကြောင်းပါ။

၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၇ ရက်နေ့ လွတ်လပ်တဲ့အာရှအသံက ထုတ်လွှင့်သွားတဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အပြတ်အသတ် အနိုင်ရအောင် စစ်အစိုးရဘက်က ဘယ်လိုပြင်ဆင်နေသလဲဆိုတဲ့ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကို ကောက်နုတ်ဖော်ပြပါတယ်။

Photo: AP


Friday, August 20, 2010

နောက်ဆုံးတော့လည်း … (ကာတွန်း စောငို)

ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံး ကွယ်လွန်

ဘီဘီစီ။ သြဂုတ် ၂၁ ရက်၊ ၂၀၁၀ ပြည့်နှစ်

ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးဟာ သောကြာနေ့ည ၇ နာရီလောက်မှာ ရန်ကုန် စမ်းချောင်းမှာရှိတဲ့ သူရဲ့နေအိမ်မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

သူဟာ မြန်မာပြည်လွတ်လပ်ရေးမရမီခေတ် သူ့ရဲ့လူငယ်ဘဝကတည်းက နိုင်ငံရေးထဲမှာ ပါဝင်လှုပ်ရှားခဲ့သူ တဦးဖြစ်ပြီး မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ပင်လုံညီလာခံကို တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေးတိုက်ပွဲကာလက သူဟာ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှာ ဦးဆောင်လှုပ်ရှားခဲ့သူတဦး ဖြစ်ပါတယ်။

မြန်မာပြည်ကို စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အမြဲလို ကြိုးပမ်းခဲ့တဲ့ ရှမ်းနိုင်ငံရေးသမား တဦးဖြစ်ပြီး လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားနိုင်ငံရေးအင်အားစု တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တွန်းအားပေးသူလည်း ဖြစ်ပါတယ်။

သူဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ပါတီကို တည်ထောင်ထားသူတဦးဖြစ်ပြီး အဲဒီပါတီမှာ နာယကအဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့ပါတယ်။

ဦးရွှေအုံးဟာ အမှားကိုဝန်ခံရဲသလို စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တစိုက်မတ်မတ် ကြိုးစားလာတဲ့ ရှာမှရှားတဲ့ သူရဲကောင်းတယောက်ဖြစ်တယ် လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုင်းလိတ်က ဘီဘီစီကို ပြောပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပါတီများ ပေါ်ထွန်းစဉ်ကာလမှာ သူဟာ ရှမ်းတိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD ရဲ့ သဘာပတိ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဦးရွှေအုံးဟာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး ကိုယ်ခန္ဓာတပိုင်း လေဖြတ်ဝေဒနာ ခံစားနေရသူ ဇနီးသည်နဲ့ သားသမီး ၄ ယောက် ကျန်ရစ်ခဲ့ ပါတယ်။

ကြံ့ဖွံ့ပါတီရုံးများ နိုင်ငံတဝှမ်း ဖွင့်လှစ်

နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ် အပါအဝင် တနိုင်ငံလုံးရှိ ပါတီရုံးများကို ဒီနေ့ ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

နေပြည်တော်ရှိ ကြံ့ဖွံ့ပါတီရုံးချုပ်ဖွင့်ပွဲကို ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင် ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီရုံးကိုတော့ မြို့တော်ဝန် ဦးအောင်သိန်းလင်း က ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီဟာ ဧပြီလ ၂၉ ရက်နေ့မှာ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့မှာ တည်ထောင်ခွင့် ရရှိခဲ့ပါတယ်။

အဲဒီနောက် ဇွန်လ ၁ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အား တင်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမယ်လို့ သြဂုတ်လ ၁၃ ရက်နေ့မှာ နအဖ စစ်အစိုးရက ထုတ်ပြန်ကြေညာထားပြီး ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ အဖြစ် လျှောက်ထားတဲ့ ပါတီပေါင်း ၄၇ ပါတီရှိပြီး တရားဝင်မှတ်ပုံတင်ခွင့် ပြုထားတဲ့ ပါတီပေါင်းမှာ ၄၁ ပါတီသာ ရှိသေးပါတယ်။

Photo: AP, AFP, Reuters


Thursday, August 19, 2010

လက်သည်းခြစ်ရာ

အခန်း(၁)

သစ်ရွက်တွေက လေထဲမှာ ဝဲပျံနေတယ်။ ငှက်တွေကလည်း ပေါ့ပါးနေလိုက်တာ သစ်ရွက်တွေလိုပဲ။ တေးတွေဆိုပြီး သော့ခတ်ခံရခြင်းမရှိတဲ့ ရှင်သန်မှုနဲ့ ဘဝရဲ့လွတ်လပ်မှုကို ပိုင်ပိုင်နိုင်နိုင်ကြီး အသုံးချနေလိုက်ကြတာ …။ ဒီအချိန်မှာပဲ ငှက်တွေရဲ့လွတ်လပ်မှုကို ခုန်အုပ်ဖို့ချောင်းနေတဲ့ ကျွန်တော်တို့တိုက်ရဲ့ အချစ်တော်လေး ဖိုးရှုပ်ကတော့ တကယ့်မုဆိုးဟန်နဲ့ ငှက်ကိုချောင်းနေတယ် …။

“ဟေ့ကောင် ဖိုးရှုပ်၊ မင်း မစွံပါဘူးကွာ”

ကျွန်တော် သူ့ကို လှမ်းအော်လိုက်တော့ တချက်ပြန်ကြည့်ပြီး သူ့မျက်လုံးနဲ့ အာရုံက မူလနေရာဆီပဲ ပြန်နှစ် ထားလိုက်တယ်။ ဒီအချိန်မှာပဲ အခန်းထဲက အသံတသံက ဖိုးရှုပ်ရဲ့အာရုံတွေကို နေရာပြောင်းသွားစေတယ်။

“တောက် တောက် တောက် တောက် တောက် … …”

ပလပ်စတစ်ဘူးခွံကို ခေါက်လိုက်တဲ့အသံက ဖိုးရှုပ်အတွက် အစာတခုရတော့ မယ်လို့ အချက်ပေးသံမှန်း ဖိုးရှုပ် ကောင်းကောင်းမှတ်မိနေတယ်။ ဖိုးရှုပ် မူလနေရာက ချက်ခြင်း ခုန်ပေါက်ပြီး အသံရှိရာအခန်းကို ပြေးလွှား ဝင်ရောက်သွားတယ်။

ဖိုးရှုပ် ကျွန်တော်တို့တိုက်ကို ရောက်လာပုံလေးက ထူးဆန်းတယ်။ ကျွန်တော်တို့ နည်းတူနေရတဲ့ အခြားတိုက်တတိုက်မှာ ကြောင်မကြီးက သားသုံးကောင် လာမွေးတယ်။ ကြောင်ကလေးတွေ အစာစားနိုင်တဲ့ အချိန်၊ နို့လည်း ဖြတ်လို့ရနိုင်တဲ့အချိန်မှာ အဲဒီတိုက်က အဘဦးရှိန်တင်က အကြီးဆုံး ကြောင်လေး တကောင်ကို ကျွန်တော်တို့တိုက်ကို ပို့ပေးတယ်။ အဖော်ငတ်နေတဲ့ ကျွန်တော်တို့အတွက် အဖော်အဖြစ် ဒီ ကြောင်လေးကို ပို့လိုက်တာပါ။ ကြောင်လေးစရောက်ခါစကတော့ နာမည် မရှိသေးဘူး။ ကြောင်ပေါက်စလေးက အင်မတန် ဆော့တယ်။ ကျွန်တော်တို့ စားစရာ ဟင်းရွက်တွေနဲ့ ချက်ဖို့ပြုတ်ဖို့ လုပ်နေရင်ဖြစ်စေ၊ အခြား အလုပ်တခုတခု လုပ်နေရင်ဖြစ်စေ၊ လူကြားသူကြား ထဲမှာ သူက ခုန်ပေါက်ပြေးလွှား ဆော့ကစားတယ်။ ကျွန်တော်တို့ အလုပ်တွေ ကြားထဲဝင်ရှုပ်တော့ အားလုံးက သူ့ကို အခု နာမည်ပေးလိုက်ကြတယ်။ တခါတခါတော့ သူ့အမေကြီးက သူ့သားဆီကို လိုက်လိုက်လာတယ်။ နို့လာတိုက်တယ်။ ကျွန်တော်တို့ တိုက်က ကျွေးတဲ့သူ့သားအတွက် အစားတွေကို သူ့အမေ ကြောင်မကြီးပါ ညခင်းဆို လာစားတတ်တယ်။ ဒါပေမယ့် ခက်တာက ကြောင်ထီးကြီး တကောင်က ဝင်ဝင်လာပြီးတော့ ဖိုးရှုပ်ကို အကြမ်းဖက်တာက ဖိုးရှုပ်အတွက် အန္တရာယ်ဖြစ်စေတယ်။


အခန်း(၂)

ဖိုးရှုပ်ရဲ့အမြီးမှာ ပလပ်စတစ်စကို ချည်ပေးပြီး ဖိုးရှု့ပ်ကို စတယ်။ ဖိုးရှုပ်က အမြီးမှ ပလပ်စတစ်စကို ပြန်ဖြုတ်ရင်း ဆော့ကစားနေတယ်။ ချာလည်လည်နေတဲ့ ဖိုးရှုပ်ကိုကြည့်ပြီး ကျွန်တော်တို့ နှစ်ယောက်သား သဘောကျနေတယ်။ ကျွန်တော်တို့ တိုက်မှာက အခန်းခြောက်ခန်းရှိပြီး တခန်းကို နှစ်ယောက်စီ နေကြရတယ်။ ညမိုးချုပ် ထောင်ပိတ်တာနဲ့ ကျွန်တော်တို့အားလုံး အခန်းထဲဝင် အပြင်ကသော့ခတ်၊ ပတ်ဝန်းကျင်တခုလုံးကို တံခါးကျဉ်းလေးထဲက ငေးမောနေရတဲ့ အချိန်ပေါ့။ အပျော်တွေ သော့ခတ်ခံထားရချိန်မှာ ဖိုးရှုပ်က ခြောက်သွေ့နေတဲ့ ကျွန်တော်တို့ စိတ်လွင်ပြင်ကို အပျော်မိုးရေစက်တို့ သွန်ချပေးတယ်။ တခန်းမဟုတ်တခန်းမှာ ဖိုးရှုပ် ရှိနေတတ်တယ်။ အခန်းတိုင်းမှာ ဖိုးရှုပ်စားဖို့အတွက် စားစရာခွက် တခုစီတော့ ထားပေးကြတယ်။ ဒီအချိန်မှာပဲ တိုက်ဝင်းတံခါးအပြင်ဘက်က ဖိုးရှုပ်ရဲ့အမေ ကြောင်မကြီးအော်သံက ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ဖိုးရှုပ်ကို ရပ်တန့်သွားစေတယ်။

“ဟိတ် ရေထွက်ပေါက်ကို ပိတ်ထားလား”

ကျွန်တော်က အခြားအခန်းတွေကို လှမ်းအော်ပြီး မေးလိုက်တယ်။ တခန်းကျော် မှာနေတဲ့ ဇော်ထင်က ….

“ဟုတ်တယ် ကျွန်တော် ကြောင်ထီးကြီး ဝင်လာမှာစိုးလို့ ပိတ်ထားတယ်”

ကြောင်မကြီးက တိုက်ဝင်းတံခါးပါပိတ်ထားတော့ ညဘက် သူ့သားဆီလာချင်ရင် ရေထွက်ပေါက် မလွယ်ပေါက်ကနေ အထဲကိုဝင်လာရတာပါ။ အခု မလွယ်ပေါက်ကို အုတ်ခဲကျိုးတွေနဲ့ ပိတ်ထားပြီဆိုတော့ အန္တရာယ်ပေးတဲ့ ကြောင်ထီးကြီးသာမက နို့ချိုတိုက်ကျွေးမယ့် ကြောင်မကြီးကိုပါ တားဆီးသလိုဖြစ်နေတယ်။ ဖိုးရှုပ်လည်း ကျယ်လောင်စွာ အော်မြည်နေတဲ့ ကြောင်မကြီးရှိရာ မလွယ်ပေါက်ကို အတင်း ခုန်ပေါက်ပြီး ပြေးသွားတယ်။ အပြင်ဘက်က အော်မြည်နေတဲ့ ကြောင်မကြီး အသံနဲ့ အတွင်းဘက်အထဲက အော်နေတဲ့ ဖိုးရှုပ်ရဲ့အသံက ကျွန်တော်တို့ ရင်ထဲကို စူးရှစွာ တိုးဝင်နေတယ်။ အမေနဲ့ဝေးသူ၊ မိသားစုနဲ့ဝေးသူတွေရဲ့ ရင်ထဲကအနာကို ဖိုးရှုပ်တို့သားအမိက လာပြီး ထိုးဆွနေသလိုလို့ ကျွန်တော့်စိတ်ထဲ ထင်နေတယ်။ ခုတော့ ဖိုးရှုပ်အပေါ် မကျရောက်စေချင်တဲ့ အန္တရာယ်ကတော့ မကျရောက်ပါဘူး။ ဖိုးရှုပ်ကတော့ အန္တရာယ်ပေးမယ့် အကြောက်တရား မဝင်ရောက်ပေမယ့် အမေ့ရင်ခွင် မခိုဝင်ရတဲ့ သောကကို ဖန်တီးပေးလိုက်သလို ဖြစ်နေပါတယ်။

“ဟေ့ နောက်နေ့ကျရင် ရေပေါက်ကို မပိတ်ထားနဲ့တော့ကွာ ကြောင်ထီးကြီး ဝင်လာရင် အားလုံး ဝိုင်းထုကြတာပေါ့”

ကျွန်တော်တို့ထဲက တယောက်က အခန်းထဲကနေ ဖိုးရှုပ်တို့သားအမိရဲ့ တဖက်နဲ့ တဖက် အော်မြည်နေကြတဲ့အသံကို မခံစားနိုင်တဲ့စိတ်နဲ့ မလွယ်ပေါက်ကို ဖွင့်ထားဖို့ အဆိုတင်တယ်။ အားလုံးကလည်း သူ့အဆိုကို ငြိမ်သက်ပြီး သဘောတူကြောင်း ပြသကြတယ်။ ကျွန်တော်တို့က လူတိုင်း မိသားစုဆီကအပျော်တွေ ဆီးတားခြင်းကို မလိုလားသူတွေလေ။ လူတွေမပြောနဲ့ ကြောင်ကလေး ဖိုးရှုပ်တို့ သားအမိရဲ့ နံရံခြားခြင်းဒုက္ခကို မခံစားနိုင်ကြဘူး။

အခန်း(၃)

အခန်းတံခါးမှာ သံတိုင်ကိုမှီပြီး ကျွန်တော်တို့ တခန်းနဲ့တခန်း လှမ်းအော် နေကြတယ်။ ဒီအချိန် ဒီလိုညခင်းတွေမှာ တလှည့်စီ တခန်းစီ သီချင်းတွေ ဆိုချင်ဆိုကြမယ်။ သီချင်းမဆိုရင် တခန်းနဲ့တခန်း လှမ်းအော်ကြတယ်။ ဒီလိုနဲ့ အချိန်တွေကို ဖြုန်းကြတာလေ။ အခုလည်း အပြင်ဘက်မှာ သာနေတဲ့ လမင်းကြီးရဲ့အရောင်ကိုကြည့်ပြီး တခန်းနဲ့တခန်း စကားတွေ လှမ်းပြောနေကြတယ်။

“ဖိုးရှုပ် ဘာလုပ်နေလဲ”

အခန်းတခန်းက ဖိုးရှုပ်ကို လှမ်းမေးနေတယ်။

“ဖိုးရှုပ် ကျုပ်တို့အခန်းမှာ အိပ်နေတယ်ဗျ”

ကျွန်တော်က ဘေးအခန်းမှ မေးလာသူကို ပြန်ဖြေလိုက်တယ်။

“လရောင်ဆိုတာကို ဒီကောင် ဖိုးရှုပ် မခံစားတတ်ပါဘူးဗျာ၊ လရောင်အကြောင်း ကဗျာလေးဘာလေး ရွတ်ပါလား”

ကျွန်တော်တို့က မြင်နေရတဲ့လရောင်ကို ရင်ခုန်သံ နှိုးဆွသူအဖြစ်ရှာကြံရင်း စကားတွေပြောနေကြတယ်။ ဒါပေမယ့် လရောင်ကိုသာမြင်ရပြီး သာနေတဲ့ လမင်းကြီးကို အခန်းကျဉ်းလေးထဲက မြင်တွေ့ခွင့်မရတာ နှစ်ပေါင်းတောင် အတော် ကြာပြီ။ ဒီနံရံ လေးဖက်ကြားကိုမရောက်ခင်က ရင်းနှီးခဲ့ဖူးတဲ့ လမင်းကြီးရဲ့ သဏ္ဍာန်ကိုသာ စိတ်ကူးထဲပုံဖော်ရင်း ဒီလမင်းကြီးကကြဲချတဲ့ အလင်းရောင် တွေကို ရင်ခုန်နေကြတာပါ။ ကျွန်တော်တို့ စကားကောင်းနေတုန်းမှာပဲ …

“ကပ္ပလီတွေ ကပ္ပလီတွေ”

အခန်းတခန်းက အော်သံထွက်လာတယ်။

“ဘာတွေလဲဗျ”

ကျွန်တော်က လှမ်းမေးလိုက်တော့ …

“ဖိုးရှုပ် အမေဗျ၊ သူ့သားနှစ်ကောင်ပါ ခေါ်လာတယ်။ မဲမဲသဲသဲတွေဗျာ ဖိုးရှုပ်လို မလှဘူး၊ အခုကျုပ်တို့ အခန်းကို တက်လာတယ်။ စားစရာခွက်ဆီ သူ့သားတွေကို ခေါ်သွားလေရဲ့”

ဖိုးရှုပ်ကို ကျွန်တော်က ပုတ်နှိုးလိုက်တယ်။ ဖိုးရှုပ် လန့်နိုးသွားတယ်။ ပြီးတော့ သူ့ညီအစ်ကိုတွေက ဖိုးရှုပ်ကို ဂန္ဓာရုံဖြင့် သတင်းပို့လိုက်ဟန်ရှိတယ်။ ဖိုးရှုပ် ချက်ချင်း အသံပေးပြီး သူ့ညီတွေရှိရာအခန်းကို ပြေးထွက်သွားတယ်။

“ဖိုးရှုပ် လာပြီဗျ”

ကျွန်တော်က လှမ်းအော်လိုက်တယ်။ တအောင့်အကြာမှာ ဧည့်သည်ကြောင်တွေ ရောက်နေတဲ့အခန်းမှ ဘိုးတော်က …

“ဖိုးရှုပ်က အစာဝလို့ထင်တယ်ဗျ ဝင်မစားဘူး ဘေးနာက ထိုင်နေတယ်၊ သူ့အမေကြီးလည်း ထိုင်နေတယ် ကပ္ပလီနှစ်ကောင်ကတော့ စားလိုက်တာဗျာ”

ကြောင်တွေအကြောင်းကို အခြားအခန်းတွေလည်းကြားအောင် လှမ်းအော်ပြော တယ်။ တခဏအကြာမှာ ကြောင်လေးကောင် အခန်းအပြင် ဘက်ကို ထွက်လာတယ်။ ကြောင်မကြီးက ရှေ့ကဦးဆောင်လို့ နောက်က သူ့သား သုံးကောင်။

ကြောင်မကြီးက အိပ်လိုက်တယ်။ ကြောင်ကလေးတွေက တိုးဝှေ့ပြီး ကြောင်မကြီး ဆီက နို့ကို စို့နေကြတယ်။ ခဏအကြာမှာ သူတို့သုံးကောင်ဟာ တိုက်ရှေ့ ကွက်လပ်ပေါ်မှာ ပြေးလွှားခုန်ပေါက် ဆော့ကစားနေကြတယ်။

အစပထမက လရောင်ကိုကြည့်ပြီး ရင်ခုန်နေကြတဲ့ ကျွန်တော်တို့ အခုတော့ ဖိုးရှုပ်တို့ ညီအစ်ကိုတွေကိုကြည့်ပြီး အပျင်းဖြေရပြန်တယ်။ ဒီအချိန်မှာဘယ်သူက ဘယ်လိုအတွေးပေါက်သွားတယ် မသိဘူး။ အော်ပြောလိုက်တဲ့ စကားသံက ကျွန်တော့်ရင်ထဲ စူးနစ်ဝင်ရောက်သွားတယ်။

“ဟေ့လူတွေ ဖိုးရှုပ်က လရောင်အကြောင်း ဘာမှ မသိပါဘူးဆို၊ ခင်ဗျားတို့ ကိုယ်ပေါ် လရောင်ကျတာခံရော ခံဖူးကြလို့လား လရောင်နဲ့ အသား မထိဘူးတာ ဘယ်လောက်ကြာပြီလဲ”

အခန်း(၄)

“အောင်မလေးဗျ”

ကျွန်တော်တယောက်တည်း လမ်းလျှောက်နေတုန်း ပန်းရုံကြားကချောင်းပြီး ကျွန်တော့်ခြေထောက်ကို ခုန်အုပ် ဆော့ကစားလိုက်တဲ့ ဖိုးရှုပ်ကြောင့် ကျွန်တော် အလန့်တကြား ဖြစ်သွားတယ်။ ကျွန်တော့်ဆီ ကြောက်လန့်ခြင်းတွေရောက်အောင် ပို့နိုင်လို့ သူ အားရဝမ်းသာ ခုန်ပေါက်ပြေးလွှားသွားတယ်။ ပြီး တဖန် ပြန်ချောင်းဟန်ပြုနေတယ်။ ဒီလိုပဲ ကျွန်တော်တို့ ခြောက်သွေ့နေတဲ့ နေ့ရက်များဟာ ဖိုးရှုပ်ကြောင့် ပြန်လည် စိုပြေလာသလို ရှိတယ်။ ဖိုးရှုပ်ကတော့ အခန်းတိုင်းကို တက်မယ်။ သူ့ကိုချကျွေးတဲ့ ငါးခြောက်ကြော်၊ ကြက်ကြော်တွေကို စားမယ်။ ပြီး ဆော့မယ်။ သူ့အဖော်က ကျွန်တော်တို့ပဲရှိသလို ကျွန်တော်တို့ရဲ့ အဖော်က လည်း သူပဲဖြစ်နေတယ်။

ညနေမိုးချုပ်ခါနီး ထောင်ပိတ်ချိန်နီးနေပြီ။ အားလုံး ခြေထောက်ဆေး၊ လိုအပ်တဲ့ ရေတွေ အခန်းထဲသယ်ပြီး အခန်းတံခါးပိတ်ဖို့ စောင့်နေတဲ့အချိန် တခြားတိုက်က သတင်းစကားတခုက ရောက်လာတယ်။ အဲဒါကတော့ ဖိုးရှုပ်တို့အမေနဲ့ ကြောင်လေးတကောင်ကို ဝန်ထမ်းက အပြင်ခေါ်သွားမယ်။ အဖော်ကွဲကျန်ရစ် ခဲ့မယ့် ကြောင်လေးတကောင်ကို ဒီတိုက်ကိုပို့ပြီး ဖိုးရှုပ်နဲ့ အဖော်ရအောင် လာထားပေးမယ်ဆိုတဲ့သတင်းပါပဲ။ ဖိုးရှုပ်အတွက်တော့ ကျွန်တော်တို့ စိတ်ကျေနပ်စရာပါ။ ဖိုးရှုပ် ဘဝတူအဖော်ရပြီပေါ့။ ထောင်ပိတ်ဖို့ ဝန်ထမ်းကလည်း စောင့်နေတယ်။ အဲဒီအချိန်မှာပဲ တခြားတိုက်က ကြောင်လေးတကောင်ကလည်း ကျွန်တော်တို့ဆီ ရောက်လာတယ်။ ခြေထောက်ရေဆေးရင်း …

“ထောင်ကလွတ်ဖို့ တရက်နီးပြီဟေ့”

လို့ တယောက်က နေ့စဉ် အော်နေကျစကားကို ဝတ္တရားမပျက် အော်လိုက်တော့ နောက်တယောက်ကလည်း ထုံးစံအတိုင်း ဝတ္တရားမပျက် ...

“သေဖို့လည်း တရက်နီးပြီ”

လို့ ထပ်အော်တယ်။ ဘာပဲဖြစ်နေဖြစ်နေ ဒီလိုအော်သံတွေက အမှန်ဖြစ်ပေမယ့် ဒီအမှန်ကိုပဲ ကျွန်တော်တို့က အပျော်အဖြစ် တနေ့တာကို အနားသတ်ရတယ်။ အဖော်ဝေးသူတို့ရဲ့ တနေ့တာမှာ အပျော်ရှာကြံခြင်းဆိုတာဟာ ကန္တာရထဲ ရေရှာရသလိုပဲ။

အခန်း(၅)

ဖိုးရှုပ်တို့နှစ်ကောင် ပျော်နေကြတယ်။ ယခင်ရက်တွေက လူတွေနဲ့ဆော့ကစားရင်း အချိန်တွေကိုအသုံးပြုနေတဲ့ ဖိုးရှုပ်ခမျာ အခုတော့ လူတွေနဲ့ ဆော့ရမယ့်အချိန် ထက် သူ့ညီနဲ့ ဆော့ရမယ့်အချိန်က ပိုများသွားတယ်။ မောရင် နှစ်ကောင်သား နီးရာအခန်းတက် စားသောက်ကြတယ်။ အပြင်ရောက်သွားတဲ့ ဖိုးရှုပ်ညီ ကြောင်လေးရဲ့သတင်းကိုလည်း ခေါ်သွားတဲ့ဝန်ထမ်းလာတိုင်း မေးရတာ အမောပဲ။

“ကပ္ပလီတို့သားအမိ အပြင်မှာ ပျော်နေကြဆိုပဲဗျ”

ကျွန်တော်တို့ဆီ ရောက်လာတဲ့ သူတို့မိသားစုသတင်းက ကျွန်တော်တို့ကြားထဲမှာ ပြောစရာစကားတခု တိုးလာတယ်။ ကျွန်တော်တို့ နှစ်ယောက်သား အခန်းထဲမှာ နှစ်ရှည်လများနေလာကြတော့ ဘဝတလျှောက် သူဖြတ်သန်းခဲ့တာ နားထောင်၊ ကိုယ်ဖြတ်သန်းခဲ့တာ ပြောပြနဲ့ ကြာတော့ ပြောစရာစကားတွေ ကုန်လာတယ်။ အဖြစ်အပျက်လေး အသစ်တခုဟာ ကျွန်တော်တို့အတွက် အားရပါးရ ဆွေးနွေးစရာတွေ ဖြစ်ဖြစ်လာတယ်။ အခုတော့ အပြင်ရောက်သွားတဲ့ ကြောင်မကြီးနဲ့ ကြောင်ကလေးအကြောင်းက စကားအသစ်ဖြစ်လာတယ်။

ကြွက်တကောင်ကိုဖမ်းမိပြီး ဆော့ကစားနေတယ်ဆိုတဲ့ အပြင်ရောက်သွားတဲ့ ကြောင်ကလေးရဲ့အောင်မြင်မှုကတော့ ကျွန်တော်တို့ နားတွေကို မြိန်စေတယ်။ သူတို့သားအမိကို လိုက်ကိုက်တဲ့ ခွေးတကောင်ကို သားအမိနှစ်ယောက် ပြန်လှန်တိုက်ခိုက်လို့ အော်မြည်နေတဲ့ ခွေးရဲ့အသံက ကျွန်တော်တို့ ဆီကထွက်ခွာသွားတဲ့ ကြောင်သားအမိ အတွက် ဂုဏ်ပြုရမယ့်သတင်းစကားတွေ ဖြစ်နေတယ်။ သစ်ပင်ပေါ်ကနေ အိမ်ခေါင်မိုးပေါ် ကူးချည်သန်းချည်လုပ်နေတဲ့ ဖိုးရှုပ်ရဲ့ညီ ကြောင်လေးရဲ့အဖြစ်ကို ဖိုးရှုပ်မြင်စေချင်တယ်။ ဖိုးရှုပ်သာဆို သူတို့ထက်ပိုတတ် သူတို့ထက်ပိုသွက်တော့ ဒီထက်မက အောင်မြင်မှုရမှာမလွဲပဲ။ နိုင်ငံရေးသတင်းအသစ် တခုဝင်မလာမခြင်း ဖိုးရှုပ်တို့အကြောင်းက စကားဝိုင်းမှာ နေရာယူထားဦးမှာ ကျိန်းသေလို့ ဆိုရမယ်။


အခန်း(၆)

အဝေးဆီက ဖြတ်မောင်းသွားတဲ့ ကားတစီးရဲ့အသံက နံရံတွေကိုကျော်ပြီး ကျွန်တော်တို့ဆီ ရောက်လာတယ်။ ခပ်ဝေးဝေးက ဆူညံစွာ ဟောင်နေကြတဲ့ ခွေးတွေရဲ့အသံကလည်း ကားသံရဲ့ နောက်ကနေ ထပ်ချပ်မကွာ လိုက်လာတယ်။ အခန်းတံခါးပိတ်လို့ မအိပ်ကြသေးခင် ညစဉ်ထုံးစံအတိုင်း တခန်းနဲ့တခန်း လှမ်းအော်ပြီး စကားတွေ ပြောနေကြတယ်။ ခုရက်အတွင်းကတော့ တတိုက်လုံးအတွက် ပြောစရာစကားဟာ ဖိုးရှုပ်တို့ မိသားစုအကြောင်း ဖြစ်နေတယ်။

“ဖိုးရှုပ် ဘာလုပ်နေလဲဗျ”

ဘေးအခန်းကနေ လှမ်းအော်မေးသံကို …

“အိပ်နေတယ်ဗျ”

“အေးဗျာ ကားသံတွေ၊ ခွေးဟောင်သံတွေကလည်း ဖိုးရှုပ်ကို အိပ်ရာကနိုးအောင် မလုပ်နိုင်ဘူးနော်”

သူရဲ့ပြောစကားက ကျွန်တော့်ကို အတွေးတခုကို ရုတ်တရက် ဖြစ်ပေါ်စေတယ်။ ဒါနဲ့ ကျွန်တော်ကပြန်ပြီး ...

“ဒီနံရံလေးဖက်ကြားကိုသာ သူက ဘဝလို့ထင်နေတာဗျ၊ ဒီထက်သာတဲ့ လောကကြီးတခုရှိသေးတာကို သူမသိတော့ ကားသံကလည်း ရင်ခုန်စရာ မဟုတ်ဘူးပေါ့ဗျာ။ ခွေးဆိုတာ သူ့ကို အန္တရာယ်ပေးတတ်တဲ့ သတ္တဝါလို့တောင် သိမှာမဟုတ်ဘူး ဘာမှမသိတော့ ဘာမှ ရင်မခုန်ဘူးပေါ့ဗျာ”

အခြားအခန်းမှ လူတယောက်ကလည်း …

“ကျုပ်တို့တောက လယ်သမားတွေ တီဗီမသိ၊ တီဗီမရှိ လျှပ်စစ်မရှိနဲ့ နေခဲ့ရတာကြာတော့ လိုအပ်တဲ့ ပစ္စည်းလို့တောင်တွေးပြီး သူတို့ ရင်မခုန်ကြဘူးဗျ။ အင်တာနက်လို့ပြောရင် မဲမဲကြီးလားလို့မေးမှာ အီးမေးလ် လို့ပြောရင် ရွံစရာတွေ လာပြောနေတယ်လို့တောင် ပြောချင်ပြောမှာ မသိတော့ ရင်မခုန်ဘူးဆိုလို့ပါ”

“အပြင်လူတွေရဲ့ နားတွေ မျက်စိတွေကိုပိတ်ထားတာကလည်း သူတို့ကို ထောင်ချထားတာနဲ့ အတူတူပဲပေါ့ဗျာ”

ဒီလိုစကားကောင်းနေတုန်းမှာပဲ အပြင်ဘက်မှ ဝန်ထမ်းရဲ့ အော်သံက ရုတ်တရက် ဝင်ရောက်လာတယ်။

“ဗျို့ … အဘ ကြောင်မကြီး ဘာအစားမှားလည်း မသိဘူးဗျာ၊ နေ့လည်က ရှောသွားပြီ”

အခန်း(၇)

ကျွန်တော်တို့အားလုံး နောက်နေ့မှာ ဖိုးရှုပ်တို့အတွက် စကားတွေပြောဖြစ် ကြတယ်။ ဖိုးရှုပ်အမေကြီး အပြင်ဘက်မှာ သေသွားခြင်းက အထဲက ဖိုးရှုပ်တို့ရော ကျွန်တော်တို့ကိုပါ လာရောက်ရိုက်ခတ်နေပြီ။ ခုတော့ ဖိုးရှုပ်အမေ ကြောင်မကြီးနဲ့ပါသွားတဲ့ ကြောင်ကလေးရဲ့ အဖော်မဲ့နေမှုကို ဘယ်လို ဖြေရှင်းမယ်ဆိုတာ ဝိုင်းစဉ်းစားကြတယ်။ ဖိုးရှုပ်ကတော့ ဒီမှာအသားကျ နေတယ်။ သူ့အတွက်ကတော့ တကောင်တည်းနေလည်း နေတတ်နေပြီ။ အပြင်ရောက်သွားတဲ့ကြောင်ကလေးကတော့ နေရာအသစ်မှာ ဘယ်လို သောကတွေနဲ့ နေထိုင်နေပြီလဲဆိုတဲ့ စိုးရိမ်စိတ်က ကျွန်တော်တို့အားလုံး တူညီနေကြတယ်။ နောက်ဆုံးတော့ ဖိုးရှုပ်နဲ့လာထားတဲ့ ကြောင်ကလေးကို အပြင်က သူ့ညီအစ်ကို ကြောင်ကလေးအဖော်ရဖို့ အပြင်ကိုပို့တာ အကောင်းဆုံးပဲဆိုတဲ့ အဖြေကို အားလုံး သဘောတူကြတယ်။ နောက်တီးနောက်တောက် ပြောတတ်တဲ့ ကျောင်းဆရာက …

“ငါတို့က လူတွေရဲ့သောကကိုပါမက ကြောင်တွေရဲ့သောကကိုပါ စဉ်းစားတဲ့သူတွေပါ”

ဆိုတဲ့စကားသံက ရင်ထဲ ဝင်ရောက်လာတယ်။ သူက ရယ်စရာအဖြစ်ပြောပေမယ့် ကျွန်တော်ကတော့ မရယ်နိုင်ဘူး။ ငါတို့နှလုံးသားတွေက သနားတတ်တာ သူများသောကကိုကြည့်တာ အစွန်းများရောက်နေပြီ လားလို့ ဒီအတွေးကို တွေးနေမိတယ်။

အခန်း(၈)

အစပထမကတော့ ဖိုးရှုပ်ဘာမှ မသိသေးဘူး။ အချိန်လေးနည်းနည်းရလာတော့ သူ့ရဲ့လိုအပ်ချက်ကို သူ သိလာတယ်။ သူအိပ်နေစဉ် သူ့ညီကြောင်ကလေးကို ဖမ်းခေါ်သွားတာမို့ ကြောင်ကလေး သူ့မျက်စိအောက် ကပျောက်သွားတာ အမှုမဲ့ အမှတ်မဲ့ပဲ။ အခုတော့ ဖိုးရှုပ်ရိပ်မိလာပြီ။ တခန်းဝင်တခန်းထွက် အော်မြည်သံနဲ့ တစုံတခုကို ရှာဖွေနေတယ်။ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ အသားနိုင်းချင်းနဲ့ အစာခွက်ဟာလည်း သူ့ကို မဆွဲဆောင်နိုင်ဘူး။

“ညောင် ညောင် …”

ဖိုးရှုပ်ရဲ့အသံမှာ တုန်ခါမှုတွေပါနေတယ်လို့ ခံစားရတယ်။ သူ တညောင်ညောင် အော်ပေမယ့် ကျွန်တော်တို့ နားထဲမှာ ‘ညီလေးရေ … ညီလေးရေ’ လို့ အော်ခေါ်နေသံပဲ ကြားနေတယ်။ ဖိုးရှုပ်အစာလည်း မစားဘူး။ အခုတော့ ရှာရတာမောလို့ ကျွန်တော့်ဘေးမှာ လာအိပ်နေတယ်။ ငါးကြော်လေးတတုံးကို ယူပြီး ဖိုးရှုပ်နှာခေါင်းနား သွားတေ့တယ်။ ယခင်ကဆို ဘူးဖွင့်သံကြားတာနဲ့ ကဆုန်ပေါက်ပြေးလာတတ်တဲ့ ဖိုးရှုပ်ဟာ အခုတော့ သူ့ရဲ့ပြုမူတတ်တဲ့ အမူအကျင့်တွေကို ဘာကြောင့် ရုတ်သိမ်းလိုက်ရတာလဲ။ ဖိုးရှုပ်ရဲ့သောက က ကျွန်တော်တို့အားလုံးရဲ့သောက ဖြစ်လာတယ်။ သူ့ရဲ့မတုံ့ပြန်မှုက …

“ကျနော် တောင့်တနေတာ ငါးကြော် မဟုတ်ပါဘူးဗျာ” လို့ ပြောနေသလိုပဲ။

“ကျုပ်တို့ တခုခု ဖိုးရှုပ်အတွက် လုပ်ပေးကြရအောင်”

အားလုံးက ငြိမ်သက်ပြီး ဘာမျှပြန်မပြောကြဘူး။ သူတို့မှာ ပြောစရာမရှိလို့ မဟုတ်ဘူး။ ပြောစရာစကားက ပြည့်ကျပ်နေလို့ အပြင်ကို အသံအဖြစ် ထွက်မလာတာ ကျွန်တော် သိတယ်။

အခန်း(၉)

အားလုံးသဘောတူညီချက်နဲ့ ဖိုးရှုပ်ကို အပြင်က သူ့ညီကြောင်ကလေးဆီပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်လာတော့မယ့်ဝန်ထမ်းကို ကျွန်တော်တို့ တတိုက်လုံး စောင့်နေကြတယ်။ အားလုံးက ဖိုးရှုပ်အတွက် စိတ်မကောင်းကြဘူး။ ဖိုးရှုပ်ကတော့ ဘာမှမသိရှာဘူး။ ခွေခွေလေး အိပ်နေတယ်။ ဝန်ထမ်းလာတော့ ဖိုးရှုပ်ကို အသာအယာပွေ့ချီပြီး ဆာလာအိတ်ထဲ ထည့်လိုက်တယ်။ အကြောက်တရားရော သောကပါ ရောမွှေခြင်းခံထားရတဲ့ ဖိုးရှုပ်ဟာ ငယ်သံပါအောင် အော်မြည်နေတယ်။ လက်သည်းတွေနဲ့ ဆာလာအိတ်ကို အတင်းကုတ်ခြစ်နေတယ်။ ကျွန်တော်တို့ တိုက်ကလူတွေစုရုံးလာပြီး ဖိုးရှုပ်ကို ဝိုင်းနှုတ်ဆက်ဖို့ ပြင်ကြတယ်။

“သားရေ … ဖိုးရှုပ် အပြင်လောက အကျယ်ကြီးကို မင်းရောက်တော့မှာပါကွာ”

ဒီစကားပြောပြီး တယောက်က စနှုတ်ဆက်တယ်။ ဖိုးရှုပ်လည်း အပြင်ဘက်က အသံကြောင့် အော်သံ ခဏရပ်လိုက်တယ်။ နောက်တယောက်က …

“ဖိုးရှုပ်ရေ … သား”

ချက်ခြင်းပဲ ဖိုးရှုပ်ဆီက တုံ့ပြန်သံထွက်လာတယ်။

“ညောင် ညောင် ညောင် ညောင်…”

ရင်ခေါင်းသံကြီးနဲ့ အော်မြည်လိုက်တဲ့ ဖိုးရှုပ်ရဲ့အသံက …

“ကျွန်တော့်ကို ကယ်ပါဗျာလို့”

လူတိုင်းရဲ့ရင်ထဲမှာ ဘာသာပြန်ပြီး ဖြစ်စေတယ်။ ကျွန်တော်တို့အားလုံးကို အားကိုးတကြီး အော်ဟစ် အကူအညီတောင်းနေတယ်လို့ လူတိုင်းက သဘောပေါက်တယ်။ ဒါပေမယ့် ဘယ်သူမှ စိတ်မကောင်းကြဘူး။ ဆာလာအိတ်ကို ကုတ်ခြစ်နေတဲ့ ဖိုးရှုပ်ရဲ့လက်သည်းတွေက ကျွန်တော်တို့ အသည်းကိုပါ လာရောက်ကုတ်ခြစ်နေတယ်။ သူကုတ်ခြစ်လိုက်တဲ့ လက်သည်းရာကတော့ အချိန်ကာလ ဘယ်လောက်ကြာတဲ့အထိ ကျွန်တော်တို့ရင်ထဲမှာ အနာမကျက်ဘဲ ရှိနေမယ်မသိဘူး။

(ထောင်တွင်း တကယ့်အဖြစ်အပျက်ကို ခံစားရေးဖွဲ့ပါသည်)

သရုပ်ဖော် - အောင်ထက်


Wednesday, August 18, 2010

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ပါဝင်ဖို့အတွက် လက်ရှိ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် ကက်ဘိနက်ဝန်ကြီး အဖွဲ့ဝင်အတော်များများ စစ်ယူနီဖောင်းကနေ အရပ်ဝတ်လဲသွားတာ တွေ့ရပါတယ်။

စစ်အစိုးရသတင်းစာတွေမှာ ဖော်ပြချက်အရ စစ်ယူနီဖောင်းဝတ်တွေကနေ အရပ်ဝတ်တဖြစ်လဲသွားတဲ့အထဲမှာ ခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဝန်ကြီးချုပ် ဦးသိန်းစိန်ဖြစ်သွားသလို တခြားဝန်ကြီး အဆင့်ယူထားသူ ၂၂ ဦးနဲ့ ဒုတိယဝန်ကြီး ၁၉ ဦးပါသွားတာ တွေ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာထူးယူထားတဲ့ ဗိုလ်ချုပ်အေးမြင့်ကိုပါ ဦးအေးမြင့်အဖြစ်နဲ့ အရပ်သား အဖြစ်နဲ့ ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။ လက်ရှိစစ်အစိုးရရဲ့ ကက်ဘိနက်ဝန်ကြီးအဖွဲ့ဝင်တွေထဲမှာ ကာကွယ်ရေးဝန်ကြီး ရာထူးကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ ယူထားပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရဝန်ကြီးအဖွဲ့တဖွဲ့လုံးကို ခြုံကြည့်ရင် ထူးခြားချက်က အသက် ၇၀ ကျော်နေပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တဦးတည်းသာ ဝန်ကြီးအဖွဲ့ထဲမှာ ယူနီဖောင်းဝတ်နဲ့ကျန်နေပြီး ကျန်ဝန်ကြီး အဖွဲ့ဝင်တွေအားလုံး အရပ်သားဖြစ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံရေးဘက်ပြောင်းမယ့် ဝန်ကြီးတွေထဲမှာ မကြာခင်ကမှ ယူနီဖောင်းကနေ အရပ်ဝတ်လဲသွားတဲ့ ဝန်ကြီး ၂၂ ဦးအပြင် အစောပိုင်းကတည်းက အရပ်ဝတ် လဲပြီးသား ဦးအောင်သောင်းတို့လို ဝန်ကြီးတွေလည်း ပါဝင်နေတာမို့ လက်ရှိ အစိုးရအဖွဲ့ဝင်ဝန်ကြီးအားလုံးနီးပါးကို အရပ်ဝတ်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးထားတဲ့သဘော ဖြစ်နေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမယ်ဆိုရင် နိုင်ငံရေးဘက်ပြောင်းတဲ့ လက်ရှိစစ်အစိုးရ ဝန်ကြီးအဖွဲ့ဝင်တွေအားလုံးနီးပါး အစိုးရသစ်အဖွဲ့ထဲမှာ နေရာရဖို့အလားအလာရှိသလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုလည်း သမ္မတအဖြစ် ခန့်ခွင့်ရှိနေတယ်လို့ ရန်ကုန်မြို့က ရှေ့နေ ဦးအောင်သိန်းက ယူဆပါတယ်။

“ကျန်တဲ့သူတွေက ရွေးကောက်ပွဲကို ဝင်ကြပြုကြနိုင်ပြီ၊ သမ္မတရွေးဖို့ တောင်းဆို မယ်ဆိုရင် အဲဒီကနေ ထွက်ပြီးတော့ သူ သမ္မတအဖြစ် လုပ်မှာပေါ့၊ ဒီသဘောပဲ ရှိတယ်။ ဒီအချိန်မှတော့ ရွေးကောက်ပွဲနဲ့ သူ ဝင်မရွေးဘူးလေ။ သိက္ခာအကျခံ ပြီးတော့၊ ကျန်တဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကနေပြီးတော့ တောင်းဆိုလို့ ရှိရင် သမ္မတ ၃ ယောက်ရွေးတဲ့အထဲမှာ သူတယောက် ပါဝင်လာ မှာပေါ့။ ဒုသမ္မတ ၃ ယောက်အဖြစ်နဲ့ ပါဝင်လာပြီးတော့ သူက နောက် ပ သမ္မတ လုပ်မှာပေါ့။ အဲဒီသဘောမျိုးလည်း ဖြစ်နိုင်ပါတယ်”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမ္မတဖြစ်ဖို့ အလားအလာရှိတယ်လို့ ဒီမိုကရက်ပါတီ (မြန်မာပြည်) ခေါင်းဆောင် ဦးသုဝေကလည်း ပြောပြပါတယ်။

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့်မယ်ဆိုရင်လည်း နိုင်ငံတော် သမ္မဟာ မည်သည့် လွှတ်တော်ကိုယ်စားလှယ်မှ မဖြစ်စေရလို့ ဆိုထားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် မလုပ်လည်းပဲ သမ္မတဖြစ်ဖို့ အခွင့်အရေးရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

တနည်းပြောရရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ်နိုင်မှ သမ္မတဖြစ်နိုင်မှာမို့ စစ်အစိုးရဝန်ကြီးအဖွဲ့ တဖွဲ့လုံးနီးပါးကို အရပ်ဝတ်လဲပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တွဲချည်ပေးလိုက်တာများလားလို့ ပြည်တွင်း အကဲခတ်တချို့က တွက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်နေပါတယ်။ တနည်းပြောရရင် ၂၀၁၀ ရွေးကောက်ပွဲ ပြီးလို့ နောက်အစိုးရသစ်မဖွဲ့ခင်အထိ ကြားကာလ သမ္မတ မဖြစ်ခင် ဒီကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ယူထားမှာမို့ စစ်တပ်တခုလုံးကိုပါ ထိန်းထားပြီး ဖြစ်မယ်လို့ အကဲခတ်တွေက မြင်ပါတယ်။

သဘောကတော့ ရွေးကောက်ပွဲပြီးလို့ အောက်လွှတ်တော် ခေါ် ပြည်သူ့လွှတ်တော် နဲ့ အထက်လွှတ်တော် ခေါ် အမျိုးသားလွှတ်တော် ၂ ရပ်လုံးအတွက် ခန့်ဖို့လိုအပ်တဲ့ စစ်ဗိုလ်အမတ် ၁၆၆ ဦးကို ဗိုလ်ချုပ်မှူကြီး သန်းရွှေကပဲ ခေါင်းခေါက်ရွေးပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေအတွက် လိုအပ်တဲ့ စစ်ဗိုလ်အမတ်တွေကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ ရွေးပေးရမှာ ဖြစ်ပါတယ်။ စိတ်ချရတဲ့ စစ်ဗိုလ်အမတ်တွေကို ရွေးပေးမှသာ ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတရွေးချယ်တဲ့အချိန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် သမ္မတဖြစ်ဖို့အရေး လက်မလွတ်တမ်း ဆုပ်ကိုင်နိုင်မှာဖြစ်တယ် လို့ နေပြည်တော်စစ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်ကလည်း ပြောပြပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတလောင်းရွေးချယ်ဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နဲ့ အဆိုပါ လွှတ်တော် ၂ ရပ်လုံးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းခေါက်ရွေးထားတဲ့ စစ်ဗိုလ်အမတ်အစုအဖွဲ့ ၃ ဖွဲ့ ကနေ သမ္မတလောင်းတဦးစီ ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ အပြတ်အနိုင်ရရင် စောစောက သမ္မတလောင်း ၃ ဦး ထဲက ကိုယ်ကြိုက်တဲ့သူကို သမ္မတခန့်ခွင့်ရှိနေတာမို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပြတ်အနိုင်ရရေးဟာ စစ်အစိုးရအတွက်ရော၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတွက်ပါ သေရေး ရှင်ရေး ဖြစ်နေပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်၊ ဘယ်သူတွေ ရွေးကောက်ပွဲမှာ ဘာတာဝန်နဲ့ပါရမယ် စတဲ့ အချက်တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလွဲပြီး ဘယ်သူမှတိတိကျကျ မသိသေးတာ မဆန်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတို့၊ အခြေခံဥပဒေတို့ကို မဝေဖန်နိုင်လောက်အောင် အကြောက်တရား ကြီးစိုးနေချိန်မှာ လူညံ့တွေကြီးစိုးတဲ့ပါတီကို မဲမပေးကြဖို့နဲ့ လူတော်လူကောင်းတွေများတဲ့ ပါတီကိုသာ ရွေးချယ်မဲပေးကြဖို့ ဇူလိုင်လ ၁၃ ရက်ထုတ် Truth News Journal မှာ ရန်ကုန်မြို့က စာရေးဆရာ မောင်ဝံသက ပြည်သူတွေကို ဆောင်းပါးနဲ့ နိုးဆော်ထားတာလည်း အံသြစရာတွေ့ရကြောင်းပါ။

၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့ လွတ်လပ်တဲ့အာရှအသံမှ ထုတ်လွှင့်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုအသုံးချပြီး အနာဂတ်နိုင်ငံတော်ရဲ့သမ္မတဖြစ်အောင် ဘယ်လိုစီစဉ်နေသလဲ ဆိုတဲ့ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကို ကောက်နုတ်ဖော်ပြပါတယ်။

Photo : AFP


တွေးမနေနဲ့ … ငေးမနေနဲ့ (ကာတွန်း စောငို)

Tuesday, August 17, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၈)

ဆက်၍ချီ

ဦးအောင်ငွေက နာရီဝက်လောက် အဖိုးနှင့်အဖွားကို စကားပြောပါသည်။ တဲပေါ်တွင် ဖထီးမန်းနှင့် ကျနော်အပြင် ကျွဲကျောင်းသည့် မွန်တူဝရီး ၂ ယောက် ရှိပါသည်။ ဦးအောင်ငွေလေ့လာမှုအရ ယခု ကျနော်တို့လှေဆိုက်သည့် နေရာမှာ ရေးချောင်းဝ ဖြစ်သည်။

ချောင်းတဖက်တွင် ဇီးဖြူသောင် ရှိသည်။ ရေတပ်စခန်းလည်း ရှိသည်။ အစင်ရွာတွင် ပြည်သူ့စစ် ရှိသည်။ အဖိုးနှင့်အဖွား၏သားမှာ မွန်ပြည်သစ်ပါတီတွင် တော်လှန်ရေးလုပ်သည်။ ယခု ကမ်းနားကနေဆက်သွားလျှင် ၃ နာရီခရီးလောက် တွင် ဒူးယားဆိုသော မွန်ရွာကြီး ရှိသည်။

ဒူးယားရွာသူကြီးမှာ မွန်ပြည်သစ်ပါတီမှ ရွေးကောက်တင် မြှောက်ထားသော သူကြီးဖြစ်သည်။ ဒူးယားသူကြီးကို ဆက်လိုက်လျှင် မွန်ပြည်သစ်ပါတီသို့ ရောက်သွားမည် ဖြစ်ပါသည်။

ဦးအောင်ငွေသည် စည်းရုံးရေးမှူးကောင်း တယောက်ဖြစ်သည်။ လူ့သဘော၊ လူ့သဘာဝနှင့် ပတ်ဝန်းကျင်းကို လေ့လာပြီး လိုက်လျောညီထွေစွာ ပြုမူကျင့်ကြံ လုပ်ဆောင်နိုင်သည်။ အရည်အချင်းရှိသော စည်းရုံးရေးမှူး ဖြစ်သည်။ ယခု သူယူဆောင် လာသောသတင်းများမှာ အလွန်ကောင်းမွန်သည့် သတင်းကောင်းပင် ဖြစ်ပေသည်။

လေ့လာသိရှိထားသည့် ပတ်ဝန်းကျင် အခြေအနေနှင့်အညီ လက်တွေ့ကျင့်ကြံလုပ်ဆောင်သွားရန်သာ ရှိပါတော့သည်။ ကျနော်က ဖထီးမန်းကို အကြံပေးသည်။ ကျနော်တို့ ညတွင်းချင်း ခရီးဆက်ထွက်လျှင်ကောင်းကြောင်း အကြံပေးသည်။

ဖထီးမန်းကလည်း သဘောကျပါသည်။ အဖိုး၊ အဖွားနှင့် ကိုအောင်သိန်း စီစဉ်ပေးမှုကြောင့် ကျွဲကျောင်းသည့် တူအရီး ၂ ယောက်ထဲမှ ဦးလေးကို လမ်းပြအဖြစ် လိုက်ပို့စေပါသည်။ တဲပေါ်တွင် ဘုရားစင်ကလေးတခု ရှိသည်။ ဘုရားကန်တော့ပြီး အဖိုးနှင့်အဖွားကို ကန်တော့ခဲ့ကာ နှုတ်ဆက်ထွက်ခဲ့ပါသည်။ အဖိုးအဖွားကတော့ ဆုတွေ တတွတ်တွတ်ရွတ်ရင်း ကျနော်တို့လည်း ထွက်လာခဲ့ပါသည်။

လမ်းပြ မွန်ဦးကြီးသာ ဓာတ်မီးပါသည်။ ညအမှောင်တွင် ရှေ့မှသွားနေသော လမ်းပြ မွန်ဦးကြီး၏ ဓာတ်မီးရောင်ကို နောက်မှမှန်းလိုက်ရင်း ကျနော့်စိတ်မှာ အလွန်တက်ကြွပြီး ပျော်နေပါသည်။ တွေ့ရတော့မည့်၊ ရောက်ရတော့မည့် မွန်တော်လှန်ရေးသမားတွေနှင့် တွေ့ရတော့မည်။ သူတို့ဆီရောက်တော့မည်။ မွန်ပြည်သစ်ပါတီနှင့် အဆက်ရလျှင် ဘာများပူစရာလိုပါသေးသနည်း။ ကရင့်တော်လှန်ရေးကို ရောက်တာနဲ့ အတူတူ မဟုတ်ပါလား။

တနာရီကျော်လောက် လျှောက်လာရာ တဲတလုံးသို့ ရောက်လာပါသည်။ လိုက်ပို့သည့် မွန်အဖိုးကြီးက ဤတဲတွင် ညအိပ်မည်။ မနက် ဝေလီဝေလင်း ထသွားမည်ဟု ပြောပါသည်။ ဖထီးမန်းအောင်ကြည်က သဘောကျလက်ခံလိုက်ပြီး တဲတွင် အိပ်ဖို့နားကြပါသည်။

ကျနော်ကတော့ မောမောနှင့် ခဏကလေး အိပ်ပျော်သွားပါသည်။ ကျနော့်ကို ဖထီးမန်းနှိုးတော့ ဝေလီဝေလင်း ရှိနေပါပြီ။ မျက်နှာသစ်ပြီး ခရီးဆက်ထွက်သည်။ တနာရီကျော်လောက် လျှောက်လာကြသောအခါ ဒူးယားရွာစပ်သို့ ရောက်ပါသည်။

လိုက်ပို့သည့် မွန်ဦးကြီးက သူ လိုက်မပို့နိုင်တော့ကြောင်း၊ သူလိုက်ပို့ပေးတာကို လူသိ လူမြင်မှာ ကြောက်ကြောင်း၊ ဒီလမ်းအတိုင်းဝင်သွားလျှင် ရွာထဲကိုရောက်ပြီး သူကြီးကိုမေးသွားလျှင် ရောက်သွားမည်ဖြစ်ကြောင်းပြောပြီး လှည့်ပြန်သွားမည် လုပ်ပါသည်။

ဦးအောင်ငွေက အကျိုးအကြောင်းပြောပြ တောင်းပန်ပြီး သူကြီးဆီအထိ လိုက်ပို့ပေးရန်ပြောသော်လည်း မရတော့ပါ။ သူ လှည့်ပြန်ပါသည်။ ကျနော်တို့ ၃ ယောက်လည်း ရှေ့ဆက်နည်းနည်းလျှောက်လိုက်ရာ ရွာစွန်ရှိ မွန်အိမ်ကလေး များကို တွေ့ပါသည်။ ဖထီးမန်းအောင်ကြည်က မွန်ရွာသား တဦးအား သူကြီးဆီသွားလိုကြောင်း လှေပျက်လာကြောင်းပြောပြပြီး အကူအညီ တောင်းပါသည်။

ဖထီးမန်းအောင်ကြည်အား ၎င်းရွာသားက သူကြီးအိမ်သို့ လိုက်ပို့ပေးပါသည်။ ကျနော်နှင့် ဦးအောင်ငွေမှာ ၎င်းရွာသားကြီး၏ ခြံကလေးထဲတွင် စောင့်နေပါသည်။ နာရီဝက်ကျော်ကျော်လောက် ကြာမည်ထင်သည်။ ဖထီးမန်းအောင်ကြည်နှင့် လူငယ်လေးတယောက် ရောက်လာပါသည်။ ပြီးမှ အခြေအနေကို သူက ရှင်းပြသည်။

“ဒီနေ့ဟာ တော်သလင်းလကွယ်နေ့၊ သူကြီးက ဘုန်းကြီးကျောင်းကိုသွားတယ်၊ ဘုန်းကြီးကျောင်းကိုလိုက်သွားပြီး သူကြီးနဲ့တွေ့တယ်၊ အကြောင်းစုံပြောပြတော့ သူကြီးက ပြောတယ်။ ကျနော့်အိမ်ကို လိုက်သွားပြီးစောင့်နေပါ၊ ဒီနေ့ဥပုဒ်နေ့ ဖြစ်လို့ ဥပုဒ်သည်တွေရဲ့ ဝေယာဝစတွေလုပ်ပေးပြီးလျှင် လာခဲ့မယ်ဆိုပြီး ကောင်လေးတယောက် ထည့်ပေးလိုက်တယ်”


ဆက်လက်ဖော်ပြပါမည်။


အတုအယောင် ရွေးကောက်ပွဲမှ အခွင့်အလမ်းများ (ရဲဘော်ကျော်သန်း)

ဖောက်ပြန်သူ အချောင်သမားအပေါင်းတို့ ဆင့်ဟိုဒင်းခွေးမျှော်သလို မျှော်နေကြတဲ့ ရွေးကောက်ပွဲ ကလိန်ခြုံ ဇာတ်ထုပ်ကြီးကို နိုဝင်ဘာ ၇ ရက်မှာ လုပ်မယ့်အကြောင်း ဗိုလ်သန်းရွှေက သတ်မှတ်ကြေညာလိုက်ပါပြီ။ သင်းကွပ်နဲ့ အမြုံညားလို့ ဘာမှ မွေးဖွားလာမှာ မဟုတ်တာကို သိထားတဲ့ ထောင်ထဲက လူထုခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တောကြိုအုံကြားမကျန် လူထုကြီးတရပ်လုံးကတော့ စိတ်မဝင်စားလှပါဘူး။

သို့သော်ငြားလည်း ပြည်ပက အန်ဂျီအိုနောက်လိုက်ခွေး အချောင်သမားများနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ပြည်တွင်း ဖောက်ပြန်ရေးသမားတစုကတော့ မီးလောင်တုန်း ကူညီသလိုနဲ့ အလစ်သုတ်ဖို့ အထုပ်တပြင်ပြင် ဖြစ်နေကြပြီ။ သူတို့ခမျာလည်း ဇာတ်လိုက်မင်းသမီး၊ မင်းသားမပါတဲ့ အခြောက်တိုက် လုပ်ဇာတ်ကြီးမှာ ဝင်ကကြရပေမယ့် အကယ်ဒမီတောင်မမှန်းနိုင်တဲ့ အဖြည့်ခံသက်သက်ပါ။ ကရမယ့် အခန်းကလည်း လူကြမ်းအသားပေးဇာတ်မှာ သိန်းစိန် အမှူးရှိတဲ့ ကြံ့ဖွတ်လူကြမ်း ပါးရိုက်တာ ခံလိုက်၊ အရက်ခွက်ကလေး ငှဲ့ပေးလိုက်နဲ့ လူကြမ်း တပည့် နောက်လိုက် အခန်းကပဲ ဖြစ်တယ်။

နိုင်ငံတကာကို ဝင်ဆံ့နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုတည်းနဲ့လုပ်တဲ့ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနဲ့ ကြည့်ရင် ၉၀ ခု ရွေးကောက်ပွဲလောက်တောင် အဆင့်အတန်းမရှိတာ တွေ့နိုင်ပါတယ်။ လူထုကဏ္ဍ ပြိုင်ဘက်ပါတီတွေရဲ့ ကဏ္ဍဆိုတာ မရှိသလောက်ပါပဲ။

၉၀ ခု ရွေးကောက်ပွဲကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးစကာလမှာ လုပ်ခဲ့ရတာဆိုတော့ လူထုကို ချွေးသိပ်ရတာနဲ့ လူထုရဲ့အခန်းကဏ္ဍ၊ ပြိုင်ဘက်ပါတီတွေရဲ့အခန်းကဏ္ဍက အထိုက်အလျောက်ရှိသေးတယ်။ ရွေးကောက်ပြီးကာလ မျှော်မှန်းချက်ကလည်း အလွန်ကွာတယ်။ အဲဒီချိန်က ဗိုလ်စောမောင်က ရွေးကောက်ပြီးရင် စစ်တပ်က စစ်တန်းလျားပြန်မယ်လို့ ကတိပေးထားတယ်။ ဒီရွေးကောက်ပွဲမှာတော့ ပွဲပြီးရင် စစ်တပ်က သမ္မတရာထူး အပါအဝင် လွှတ်တော်နဲ့ အရပ်ဘက်နေရာတွေကို ဗြောင် တရားဝင် သိမ်းပိုက်နေရာယူမှာဖြစ်တယ်။

အသေအချာ လေ့လာသုံးသပ်ကြည့်ရင် ဒီရွေးကောက်ပွဲဆိုတာဟာ အတုအယောင်တခုအဖြစ်သာမက မိစ္ဆာ သန်းရွှေ စစ်အုပ်စုရဲ့ သူရဲဘောကြောင်မှုကိုလည်း ပြနေပြန်တယ်။ ၉၀ ခု ရွေးကောက်ပွဲမှာ ခံလိုက်ရတဲ့ လူထုဆုံးမမှုကို စစ်ဗိုလ်ချုပ်တွေ အခုထိ သွေးလန့်နေတုန်းဆိုတာ ထင်ရှားတယ်။ အဲဒီအချိန်က စစ်အုပ်စုဟာ ဒီမိုကရေစီပါတီတွေ ရာနဲ့ချီ ကွဲနေတာကြောင့် သူတို့ရုပ်သေးပါတီ တစည နိုင်လိမ့်မယ်လို့ သေချာပေါက် တွက်ခဲ့ကြတယ်။

ဒါပေမယ့် လူထုက ဒါမျိုးတွေ နောကြေနေပြီ။ အတ္တကလွဲလို့ ဘာမှမရှိတဲ့ နအဖ နလပိန်းတုံးတွေထက် အကင်းပါးတယ်။ ကြုံရာပါတီမှာ ဝင်လုပ်တယ်။ ရောကြနှောကြ စည်းဝေးကြတယ်။ မဲပေးတော့ ဒေါ်အောင်ဆန်းစုကြည်တပါတီတည်း စုပြုံဖြစ်ကုန်ရော။ စစ်အုပ်စုလည်း မျက်ဖြူဆိုက် ပက်လက်လန်ပြီး ဗြောင်လိမ်ဗြောင်စားနဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ရဲဘဲ ရူးချင်ယောင်ဆောင်လိုက်ရတယ်။ အခုတော့ သူတို့ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ အဲဒီရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ ရွေးကောက်ပွဲအသစ်ဆိုတဲ့ လုပ်ဇာတ်ကို ထုတ်လာရပြန်တယ်။

အနှစ် ၂၀ ကျော်ကြာမှပြန်လုပ်တဲ့ ရွေးကောက်ပွဲဟာ တကယ်တမ်းတော့ အရင်ဟာထက်ပိုပြီး တိုးတက်အဆင့်အတန်း မြင့်သင့်တယ်။ သူတို့ကိုယ်တိုင်ကလည်း တိုင်းပြည်ကြီး ဘယ်ခေတ်နဲ့မှမတူဘဲ အေးချမ်းသာယာနေတယ်လို့ ပြောနေတာပဲ။ ဒီအနှစ် ၂၀ ကျော်ကာလအတွင်းမှာ စစ်အုပ်စုက အတိုက်အခံမှန်သမျှ တောတွင်းလက်နက်ကိုင်ကအစ မြို့ပေါ်ရဟန်းသံဃာမကျန် ပိုက်စိပ်တိုက်ပြီး အနုနည်း အကြမ်းနည်းမျိုးစုံနဲ့ ချေမှုန်းခဲ့တယ်။

တောတွင်းလက်နက်ကိုင်တွေ ကို သပ်လျှိုဖြိုခွဲနည်း လက်နက်ကိုင် စေ့စပ်နည်းတွေနဲ့ ထိန်းချုပ်သလို ပြည်တွင်းပြည်ပက အချောင်သမားတွေကိုလည်း အခွင့်အရေးပေး စည်းရုံးနည်းတွေနဲ့ တပည့်လုပ်ထားနိုင်ခဲ့တယ်။ အဲဒီလို စည်းရုံးမရတဲ့ သူတွေကိုတော့ သတ်တာ၊ ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာ၊ တောတွင်းပြည်ပ မောင်းထုတ်တာ၊ ဆွေမျိုးမိသားစုတွေရဲ့ စီးပွားရေးတွေကို ဖျက်ဆီးတာ စတဲ့ အကြမ်းနည်းမျိုးစုံနဲ့ ချေမှုန်းထားတယ်။ အဓိက ပါတီ အန်အယ်လ်ဒီဆိုတာ ထုချေထားလိုက်တာ မွမွကိုကြေလို့။

ပြည်တွင်းပြည်ပက ဗောင်းတော်ညိတ် စိတ်တော်သိ အချောင်သမား လုပ်စားတွေနဲ့ မီဒီယာတွေကလည်း တတ်သမျှ မှတ်သမျှနဲ့ ရွေးကောက်ပွဲအတွက် အပေးအယူမျှမျှနဲ့ တောခြောက်ညာသံ ပေးနေကြတယ်။ တမျိုးသားလုံးကို ကျွန်ဇာတ်သွင်းထားတဲ့ စစ်ကျွန်ဖွဲ့စည်းပုံကို မတို့ရဲ မထိရဲကြရှာဘူး။ စစ်ကျွန်ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲကိုပဲ ဟိုဟာ တရားတယ်၊ ဒီဟာ မတရားဘူးလို့ ယောင်ပြဝေဖန်ရေးပဲ လုပ်ကြတော့တယ်။ တချို့ဖောက်ပြန်ရေးသမားတွေ ကတော့ သူများထက်ထူးကဲပြီး ဒီရွေးကောက်ပွဲဟာ ပကတိအရှိတရား အမှန်တရားဖြစ်တယ်။ အခွင့်အရေးဖြစ်တယ်လို့ ပြောင်ပြောင် ဖားယားလိမ်လည်ကြတယ်။

တရားဝင် စစ်အာရှင်စနစ်ထူထောင်ဖို့ (ဝါ) ရွေးကောက်ပွဲအတွက် မျက်နှာသာပေးတဲ့ အခြေအနေ အခွင့်အလမ်းတွေက ပြည်တွင်းပြည်ပမှာ ပြည့်နေတာပဲ။ မိစ္ဆာသန်းရွှေအနေနဲ့ ဗိုလ်စောမောင်တဝက် သတ္တိရှိရင်တောင် ဒီအခွင့်အလမ်းတွေကို ယူပြီး အမျိုးသားခေါင်းဆောင် ရာထူမှန်းနိုင်သေးတယ်။ ဘုန်းတော်ဘွဲ့ ချီးမြှောက်ကြမယ့် ပြည်တွင်းပြည်ပက ဘွဲ့ဒီဂရီ တသီတတန်းနဲ့ လူတတ်တွေကလည်း မနည်းမနော။ ဒါပေမယ့် ဗိုလ်သန်းရွှေ ကတော့ ကလိမ်ကကျစ်ဉာဏ်များ သလောက် ကြောက်တတ်လိုက်တာကလည်း ချီးကိုချမ်းလို့။

ကိုယ့်ကိုယ်ကိုယ် အာဏာကုလားထိုင်နဲ့ သံမှိုစွဲထားတဲ့ စစ်ကျွန်ဖွဲ့စည်းပုံနဲ့တင် မလုံလောက်လို့ ရွေးကောက်ပွဲ နည်းဥပဒေဆိုတာတွေနဲ့ အတိုက်အခံတွေကို နည်းမျိုးစုံနဲ့ ချုပ်နှောင်ကန့်သတ်ထားလိုက်သေးတယ်။ ပါတီ စည်းရုံးရေး အတွက် လွတ်လွတ်လပ်လပ် တရားမဟောရ၊ စီတန်းလမ်းမလျှောက်ရ၊ စာအုပ်စာတမ်းမထုတ်ရ ပြီးတော့ ဟိုလူ ဒီလူ မပါရ၊ အကန့်အသတ်တွေ များမှများ။ နင်မဟုတ်ရင် နင့်အဖေ၊ နင့်အဖိုးဆိုတဲ့ ဝံပုလွေအပြစ်ရှာတဲ့ နည်းဥပဒေတွေ ကလည်း ပြည့်လို့။ ဒီကြားကပဲ တခြားပါတီတွေ မတတ်နိုင်တဲ့ ကိုယ်စားလှယ်အလောင်းတွေအတွက် ရွေးကောက်ပွဲ အပေါင်ကြေး (Deposit) ကို တယောက်ငါးသိန်း သတ်မှတ်ထားပြန်သေးတယ်။ ရှုံးရှုံးနိုင်နိုင် ပြန်မအမ်းဘူးတဲ့။

အရပ်ရပ်နေပြည်တော် ကြားလို့မှမတော်တဲ့ ဘယ်နိုင်ငံ ဘယ်ရွေးကောက်ပွဲမှာမှ မရှိဖူးတဲ့ နည်းဥပဒေဆိုတာတွေကလည်း အများကြီး။ ဒီလောက်များတဲ့ ငွေကို တိုင်းပြည်ဘဏ္ဍာကို စိတ်တိုင်းကျ ခိုးဆိုးလုယက်ထားတဲ့ ကြံ့ဖွတ်ပါတီနဲ့ ဟန်ညောင်ရွှေတို့၊ နေဝင်းမောင်တို့လို အင်န်ဂျီအိုနောက်လိုက်ခွေးတွေရဲ့ အထောက်အပံ့ရှိတဲ့ သူမှသာ တတ်နိုင်တယ်။ ရွေးကောက်ဖို့ အမတ် ၃၃၀ ရှိတဲ့ လွှတ်တော်နေရာတွေအတွက် ကြံ့ဖွတ်ပါတီကလွဲရင် နေရာငါးဆယ်အထိ ဝင်ပြိုင်နိုင်တဲ့ ပါတီတောင်မရှိဘူး။ ဘာပဲပြောပြော အမတ်ဆိုတဲ့ တံဆိပ်နဲ့ လွှတ်တော်မှာ ပေးတာယူ ကျွေးတာစားပြီး လက်ညှိုးထောင် ခေါင်းညိတ်နဲ့ ပြာတာသာသာ ရာထူးကို ဒီလောက်ဈေးကြီးပေးပြီး ဝယ်ချင်ကြ ကံစမ်းချင်ကြတဲ့သူတွေကလည်း အံ့သြစရာ ရှိနေသေးတာပဲ။

ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မသင်္ကာစရာကောင်းလောက်အောင် တိတ်ဆိတ်နေတာကတော့ တပ်ပေါင်းစုကြီးတွေနဲ့ ၉၀ ခု ရွေးကောက်ပွဲရလဒ်ကို အခြေခံပါတယ်ဆိုတဲ့ အန်စီဂျီယူဘီနဲ့ အမ်ပီယူတို့ပါပဲ။ သူတို့လည်း အန်ဂျီအို နောက်လိုက်ခွေးတွေလို အနှစ် ၂၀ ခိုးဆိုးလုယက်ထားတဲ့ အထုပ်ကလေးတွေပြင် အထဲဝင်ဖို့ ပြင်နေကြသလား စဉ်းစားစရာပါ။ အန်စီဂျီယူဘီရဲ့ ကုလသမဂ္ဂ စင်္ကြံလျှောက်ကြီးတို့လည်း အသံကိုတိတ်လို့။ အနှစ် ၂၀ လုံးလုံး အစိုးရ အစိုးရလို့ အော်နေသူတွေ အခုတော့ အင်န်ဂျီအိုတွေ အလိုကျ အစိုးမရတဲ့ အခွင့်အရေးတွေနောက် ငွေထုပ်တွေနောက် လိုက်ကြဖို့ ပြင်နေတာနဲ့ မအားမလပ် ဖြစ်နေကြရှာတယ်ထင်တယ်။

တကယ်တော့ စစ်အုပ်စုရဲ့ လမ်းပြမြေပုံ နောက်ဆုံးအဆင့် ဒီရွေးကောက်ပွဲဆိုတာဟာ စစ်အုပ်စုအတွက် ပွဲသိမ်း မဟုတ်သလို ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံရဲ့ လမ်းဆုံးလည်း မဟုတ်ပါဘူး။ စစ်အုပ်စုမှာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပေါင်းများစွာနဲ့ ဒီရွေးကောက်ပွဲကို လုပ်ပေးရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမား ကျောင်းသားထောင်ပေါင်းများစွာကို အကျဉ်ချထားရတယ်။ လက်နက်ကိုင် ငြိမ်းအဖွဲ့တွေနဲ့လည်း တပိုင်းတန်းလန်း မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကလည်း အများကြီး။ ပြည်တွင်းစီးပွားရေး ချွတ်ခြုံကျမှု ပြဿနာနဲ့ ဒီ စီးပွားရေး အကျပ်အတည်းကြောင့် အိမ်နီချင်းနဲ့ နိုင်ငံတကာရောက်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို ပြန်လည် နေရာချထားရေး အလုပ်အကိုင် ဖန်တီးပေးရေး ပြဿနာတွေ တသီတတန်းကြီး ရှိနေတုန်းပဲ။

နောက်ပြဿနာက သူတို့စစ်အုပ်စုထဲက အတွင်းပြဿနာဖြစ်တယ်။ ဖွဲ့စည်းပုံအရ သမ္မတက နိုင်ငံအကြီးအကဲ ဆိုပေမယ့် အာဏာမှာတော့ တပ်ကိုကိုင်တဲ့ စစ်ဦးစီးချုပ်က အခရာဖြစ်တယ်။ ဒီတော့ ဗိုလ်သန်းရွှေ ဘာဆက်လုပ်မလဲ။ တပ်ကို ဆက်ကိုင်မလား၊ သမ္မတသွားလုပ်မလား။ သမ္မတသွားလုပ်ရင် တပ်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချအပ်ရမလဲ။ တပ်ကိုဆက်ကိုင်ရင် ဘယ်သူ့ကို သမ္မတခန့်ရမလဲ။ ဖြစ်လာမယ့် သမ္မတနဲ့ စစ်ဦးစီးချုပ်တို့ မပြေလည်ရင် ညှိနှိုင်းမရရင် ဘာတွေဖြစ်လာမလဲဆိုတဲ့ “သို့လော သို့လော” ပြဿနာတွေက အများကြီးပါ။ ဒီတော့ ဒီရွေးကောက်ပွဲဆိုတာဟာ စစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်တာ အသေအချာဖြစ်တယ်။ သူတို့ အတွက် ပိုဆိုးနိုင်တာက ကိုယ်ဖော်တဲ့ဆေးနဲ့ ကိုယ်ဒုက္ခရောက်တဲ့ကိန်းပါပဲ။ သူတို့အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်တဲ့ အဓိကအကြောင်းဖြစ်တဲ့ စစ်တပ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရမကွဲခဲ့တဲ့ စည်းရုံးမှုကို အထက်မှာ ပြောခဲ့သလို ဒီဖွဲ့စည်းပုံက ကွဲစေနိုင်တဲ့ အချက်ပါပဲ။

ပြီးတော့ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။ ဗိုလ်သန်းရွှေထက် နိုင်ငံရေးအရ ဆုပ်ဆုပ်ကိုင်ကိုင်ရှိတဲ့ ဗိုလ်နေဝင်းတောင် ဒီ့ထက်ကောင်းတဲ့ အခွင့်အခါတွေကိုမှီပြီး ၇၄ ဖွဲ့စည်းပုံကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘူး။ ၇၄ ဖွဲ့စည်းပုံ အတည်ပြုပြီး လပိုင်းအတွင်းမှာပဲ အလုပ်သမား အရေးတော်ပုံတွေ၊ ကျောင်းသား အရေးတော်ပုံတွေ၊ ဦးသန့်အရေးတော်ပုံတွေ ဆက်တိုက်ပေါ်လာခဲ့တယ်။ နောက်ဆုံး ရှစ်လေးလုံးအရေးတော်ပုံနဲ့ တပါတီအာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေခဲ့တယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုပြီး တံဆိပ်ကပ်ထားတဲ့ အခု စစ်အာဏာရှင်စနစ်ဟာလည်း မလွဲမသွေ ပျက်သုဉ်းရမှာဖြစ်တယ်။

အထက်မှာ တင်ပြခဲ့သလို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေမယ့် အချက်အလက် အခြေအနေတွေက ရှိနေပြီး ဖြစ်တယ်။ နိုင်ငံတကာအခြေအနေကလည်း ၆၂- ၇၄ တုန်းကလို စစ်အာဏာရှင်တွေ အနေချောင်နိုင်တဲ့ အခြေအနေမဟုတ်သလို ဗမာလူထုရဲ့ နိုင်ငံရေးနိုးကြားမှု၊ သို့မဟုတ် စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ကလည်း ပိုပြီးမြင့်မားနေတယ်။ စစ်အာဏာရှင်တည်မြဲဖို့အတွက် ဘယ်လိုအချက်အလက် အင်အားစုကမှ လက်မခံနိုင်ဘူး။ ဒီမိုကရေစီခေါင်းဆောင် တဖြစ်လဲ စစ်အာဏာရှင် အလိုတော်ရိတွေကလည်း ကျားကန်မပေးနိုင်ဘူး။ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလ ရေစုန်မျှောခဲ့ရတာဟာ အဲဒီလို ခြံစည်းရိုး ခွထိုင်နေတဲ့ ရေပေါ်ဆီ အချောင်သမားတွေနဲ့ သူ့လူကိုယ့်ဘက်သားတွေက လူထုအရေးတော်ပုံရဲ့ ဦးဆောင်မှုကို အုပ်စီးထားတာကြောင့် ဖြစ်တယ်။ ဒီအင်အားစုတွေဟာ စစ်အုပ်စုဘက် ပြန်ရောက်သွားရင်လည်း ရေသာခို ကိုယ်ကျိုးရှာကြရင်းနဲ့ စစ်အုပ်စုအတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် ဆက်လက်ရှိနေပြီး အရေးတော်ပုံကို တန်ပြန်အကျိုးပြုနေဦးမှာ ဖြစ်တယ်။

ဒါကြောင့် ရွေးကောက်ပွဲဆိုတဲ့ ဒီအလှည့်အပြောင်းဟာ ပြည်သူ့အရေးတော်ပုံအတွက် ကောင်းတဲ့ အလားလာတွေ ဖြစ်ပေါ်စေမယ့် လမ်းခွဲမှုတွေ ဖြစ်ပေါ်လာစေမှာဖြစ်တယ်။ တော်လှန်ပြတ်သားတဲ့ ခေါင်းဆောင်မှုအသစ်ကို တည်ဆောက်ဖို့ အခွင့်အလမ်းလည်းဖြစ်တယ်။ ကိုယ်တွက်ချန် တွေဝေတဲ့ ခေါင်းဆောင်မှုက လူထုလှုပ်ရှားမှုတွေကို မြုံသွားစေတတ်တယ်။ တရုတ်ပြည်တော်လှန်ရေးမှာ ရဲဘော်မော်စီတုံးတို့က အတွေးအခေါ် လက်ဝေခံ ဝမ်ချိန်ဝေးတို့ လီလီစန်းတို့လို တွေဝေတဲ့ ခေါင်းဆောင်းမှုကို ဖယ်ရှားပစ်ပြီးမှသာ အောင်ပွဲကို တက်လှမ်းနိုင်ခဲ့တယ်။ ဒီနေ့ ဗမာလူထုတိုက်ပွဲရဲ့ လိုအပ်ချက်ဟာ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှု၊ တော်လှန်ရဲရင့်တဲ့ ခေါင်းဆောင်မှုပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီအလှည့်အပြောင်းဟာ ရန်သူစစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်သလို ဒီမိုကရေစီအတွက်လည်း လမ်းဆုံး မဟုတ်ပါဘူး။ လမ်းခွဲမှုတွေဟာလည်း ဝမ်းနည်းစရာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တာတွေ ဆောင်ရွက်ရင်း ရွေးကောက်ပွဲလွန်ကာလ အခြေအနေသစ်နဲ့ လျော်ညီမယ့် တိုက်ပွဲပုံစံသစ်တွေကို ဖော်ထုတ်ကြရမှာဖြစ်ပါတယ်။ စုဖွဲ့မှု ပုံစံအသစ်တွေကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လူထု ဘဝတွေ မပြည့်စုံသရွေ့၊ လူထုဆန္ဒ ဒီမိုကရေစီမရသရွေ့ လူထုတိုက်ပွဲတွေ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ကျေးဇူးသစ္စာကို စောင့်သိသူများအတွက်တော့ ဒီရွေးကောက်ပွဲဆိုတဲ့ အလှည့်အပြောင်းဟာ တော်လှန်ပြတ်သားတဲ့ ခေါင်းဆောင်မှုသစ်ကို တည်ဆောက်ပြီး လူထုအောင်ပွဲကို ရယူရန် အခွင့်အလမ်းသာဖြစ်ပါတယ်။

“ပြည်သူသာ အမိ ပြည်သူသာ အဖ”

ရဲဘော်ကျော်သန်း
၁၆-၈-၂၀၁၀



Monday, August 16, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၁)

ဒီလိုလူများစွာဘက်က ဒဏ်တွေခံခဲ့ရ၊ ပြေးခဲ့ကြရပေမယ့် ချမ်းသာတဲ့သူတွေ လွှမ်းထားတဲ့ ချီလီ လက်ယာပါတီ တချို့၊ အဲဒီအချိန်က နိုင်ငံတခုခုမှာ လက်ဝဲတွေ အာဏာရလာတာကို မလိုလားတဲ့ အမေရိကန်က နစ်ဆင် အစိုးရ စတာ စတာတွေကတော့ ပီနိုရှေး အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ အမေရိကန် CIA ကိုယ်တိုင်ပင် ချီလီအာဏာသိမ်းမှုအတွက် ဝင်ကူညီခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပီနိုရှေးနဲ့အပေါင်းအပါတို့ လူမဆန်တဲ့ ဖိနှိပ်မှုနဲ့အတူ ဆက်ပြီးတော့ လိုက်လာတာကတော့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြင်ဆင်မှုပါ။ စီးပွားရေး ပြုပြုပြောင်းလဲရေးတွေလုပ်၊ စီးပွားရေး အောင်မြင်ရင် လူထုထောက်ခံမှု ပြန်ရလာပြီးတော့ တနည်းအားဖြင့် တရားမဝင်ယူထားတဲ့ နိုင်ငံရေးအာဏာကို တရားဝင်လာလေဟန် ပုံဖမ်းလို့ရနိုင်တာကိုး။

အဲဒီ စီးပွားရေးဆိုင်ရာ အပြောင်းအလဲတွေကို အမေရိကန် ချီကာဂို ယူနီဗာစတီက ဆင်းခဲ့တဲ့ ချီလီနိုင်ငံသား စီးပွားရေးပညာရှင်တွေ ဦးဆောင်တာဆိုတော့ ချီကာဂိုဘွိုင်းတွေလို့ သူတို့ကို လူသိများကြပါတယ်။ သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး တွေက လက်တွေ့မှာတော့ …

“သူတို့ ၃ နှစ်စီမံကိန်း စီးပွားရေး အစီအစဉ်တွေလုပ်တယ်၊ ချီလီစီးပွားရေးကို ကုစားဖို့ ရှော့ရိုက်ပြီးကုတယ်လို့ ဆိုကြပါတယ်။ ဘာဖြစ်လာလဲဆိုတော့ ဈေးနှုန်းတွေက တက်ကုန်တယ်၊ လုပ်ခတွေက နည်းလာတယ်။ ဒီတော့ အခြေခံ ပြည်သူတွေအဖို့ တဖက်မှာက ပြင်းထန်တဲ့နိုင်ငံရေးဖိနှိပ်မှုတွေနဲ့ တွေ့နေရတယ်။ တဖက်မှာကျတော့ စီးပွာရေး အဆင်မပြေမှုရဲ့ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံကြရတယ်။

ဒီတော့ အစိုးရကို ပုန်ကန်ဖို့၊ ဆန္ဒပြဖို့ မစဉ်းစားနိုင်အောင် ကြုံခဲ့ကြရတာဖြစ်တယ်။ ဒါတွေက အာဏာသိမ်းပြီး နောက်တနှစ်လောက်က စကြုံနေကြရတာဖြစ်ပြီးတော့ ၁၉၈၀ နှစ်တွေလည်း စဝင်လာရော နိုင်ငံတကာမှာ စီးပွားရေးကျဆင်းမှုနဲ့တိုးတော့ အခြေအနေက ပိုဆိုးလာတာပေါ့”

တချိန်တည်းမှာပဲ အာဏာရှင် ပီနိုရှေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးဖို့ အာဏာသိမ်းတဲ့ စက်တင်ဘာလ ကတည်းက စပြီးတော့ ကော်မရှင်တခုဖွဲ့ကာ ပြင်ဆင်နေစေပါတော့တယ်။ ဒါက အာဏာရှင်တွေဘက်က အပြင်အဆင်တွေ၊ ခြေလှမ်းတွေပါ။

ဒါပေမယ့် ဖိနှိပ်ခံနေရတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အခြေခံပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကိုတော့ သူတို့ လုံးဝ ရပ်သွားအောင်လုပ်ဖို့ရာမှာ မစွမ်းသာခဲ့ပါဘူး။

“ပထမဆုံး ဆန္ဒပြပွဲတွေအဖြစ် ပြန်ထွက်လာတာကတော့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုပါ။ ၁၉၇၇ ခုနှစ်ပိုင်းလောက်မှာ စထွက်လာပါတယ်။ အထူးသဖြင့် စစ်အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ အသတ်ခံခဲ့ရသူတွေ၊ ပျောက်ဆုံးသွားသူ တွေရဲ့မိခင်တွေ၊ ဆွေမျိုးသားချင်းတွေရဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေပါ။ သူတို့က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီကြပါတယ်။ လူ့အခွင့်အရေး တောင်းဆိုမှုနဲ့ စစ်အစိုးရကို စတင် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေပေါ့”

အဲဒီအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေက ထိရောက်မှု ဘယ်လောက်အထိရှိလဲလို့ ဆိုနိုင်မလဲခင်ဗျ။

“ထိရောက်တာပေါ့၊ တကယ့်ကို ထိရောက်တယ်လို့ ကျမ ထင်ပါတယ်။ သူတို့ဟာ စစ်အစိုးရကို စတင်ဆန္ဒပြတဲ့ လမ်းကို စဖွင့်ပေးလိုက်တယ်။ ဒီနောက်မှာ တခြား Civil Society အဖွဲ့အစည်းတွေလည်း လိုက်ပါလာကြတာတွေ ဖြစ်လာပါတယ်။ ချီလီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်နေတာကို နိုင်ငံတကာက မသိစေချင်တဲ့ စစ်အစိုးရကို ဒီလှုပ်ရှားမှုတွေက အတော် ကသိကအောက် ဖြစ်သွားစေခဲ့ပါတယ်။ သူတို့လှုပ်ရှားမှု စည်းရုံး ဆောင်ရွက်ပုံကလည်း အတော့်ကို စနစ်တကျ ရှိပါတယ်။ ဒီလှုပ်ရှားမှုတွေကြောင့် ချီလီစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက ရှုတ်ချတဲ့ဆုံးဖြတ်ချက်တွေ နှစ်စဉ် နှစ်တိုင်း ချခဲ့ရတဲ့အထိ ထိရောက်ခဲ့ပါတယ်”

အဲဒီကာလက ဒီလိုအရပ်သားတွေရဲ့ လှုပ်ရှားမှုတွေကို အမျိုးအစားခွဲကြည့်မယ် ဆိုလို့ရှိရင် ဘယ်လိုမျိုး တွေ့ရလဲဗျ။

“Civil Society အဖွဲ့အစည်းတွေကိုကြည့်ရင် ပုံစံ ၃ မျိုးနဲ့ တွေ့ရပါတယ်။ လူ့အခွင့်အရေးကို အဓိက လှုပ်ရှားကြတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ အမျိုးသမီးလှုပ်ရှားမှုတွေ၊ တခါ ဆင်းရဲလွန်းတဲ့လူတွေနေတဲ့ အပိုင်းက စုဖွဲ့လှုပ်ရှားမှုတွေ၊ တခါ မြေအောက်ပါတီတွေအဖြစ်ရပ်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေပါ။ ဒီအဖွဲ့အစည်းတွေရဲ့ကြားမှာ ဆက်စပ် လုပ်ကိုင်ကြပါတယ်”

ဒေါက်တာ မာဆီယာရီးယိုးစ်ပါ။ စစ်အာဏာသိမ်းစဉ် ၁၉၇၃ ကာလက တက္ကသိုလ် ကျောင်းဆရာလည်းဖြစ်၊ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီမှာ ခေါင်းဆောင်တဦး လည်းဖြစ်နေသူ မစ္စတာ အီနက်စတို ဘက်ဘွန်တင် ကလည်း …

“ကျနော်တို့နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်တည်တံ့နေအောင် လုပ်ကြတယ်။ လူထုကြားမှာ နယ်မြေအလိုက် စုဖွဲ့ထားတာတွေ ရှိတယ်။ အလုပ်သမားသမဂ္ဂတွေ ရှိတယ်။ အမျိုးသမီးအဖွဲ့တွေ ရှိတယ်။ ကျောင်းသားသမဂ္ဂတွေ ရှိတယ်။ အားလုံး ကွန်ယက်သဘော ဆက်စပ်ထားတယ်။ အားလုံးက လျှို့ဝှက်လုပ်ကြရပါတယ်။

ဒါပေမယ့် ဆွေးနွေးပွဲတွေ၊ အမြင်ဖလှယ်တာတွေ ဆက်သွယ်ပြီးတော့ လုပ်ကြတယ်။ နိုင်ငံရေးအရ စာစောင်စာတမ်းတွေလည်း ဖြန့်ကြတာပေါ့။ ကျနော်စာရေးမယ်ဆိုရင် လျှို့ဝှက်ကလောင်နာမည်တွေနဲ့ ရေးတာတွေ လုပ်ပါတယ်။ တဖက်က လျှို့ဝှက်လုပ်ရသလို ဒီမိုကရက်တစ် အဖွဲ့အစည်းတွေဖြစ်တာမို့ တဦးသဘောထားတဦးနဲ့ ညှိနှိုင်းမှုကိုလည်း အလေးထားရပါတယ်”

အဲဒီတုန်းက ဘယ်လိုလမ်းစဉ်မျိုးတွေကို ကိုင်စွဲခဲ့ကြပါသလဲခင်ဗျ။

“ကျနော်တို့ အိန္ဒိယက မစ္စတာ ဂန္ဓီကိုင်စွဲခဲ့တဲ့ နည်းဗျူဟာအတိုင်း အကြမ်းမဖက်ဘဲ အာဏာရှင်စနစ်ကို တော်လှန် တိုက်ခိုက်တဲ့ နည်းဗျူဟာကိုပဲ ကိုင်စွဲခဲ့ပါတယ်၊ စစ်တိုက်တဲ့နည်းကို မသုံးဘူး။ ရည်ရွယ်ချက်ကတော့ ချီလီမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးပဲ။ ကျနော်တို့သွားခဲ့တဲ့ နည်းကတော့ ငြိမ်းချမ်းရေးနည်းလမ်းပါပဲ”

ဒါကတော့ ခရစ်ယာန်ဒီမိုကရက်ပါတီခေါင်းဆောင်တဦးအဖြစ် အဲဒီအချိန်က လျှို့ဝှက်လှုပ်ရှားခဲ့သူ မစ္စတာ အီနက်စတို ဘက်ဘွန်တင် ပါ။ သူက နောက်ပိုင်း လွတ်မြောက်လာတဲ့ခေတ်မှာတော့ ၁၉၉၄ နဲ့ ၉၈ ကြားမှာ ချီလီမှာ လွှတ်တော် အမတ်အဖြစ် လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒီလိုနဲ့ ချီလီဟာ ၁၉၈၀ ကိုဝင်လာပါပြီ။ ၁၉၈၀ ဟာ စစ်အာဏာရှင်တို့ဘက်က ကြည့်မယ်ဆိုရင် သူတို့ခြေလှမ်းကို နောက်ထပ်တဆင့် တိုးပြီးတော့ လှမ်းလိုက်တဲ့နှစ်ပါ။ ၁၉၇၃ အာဏာသိမ်းစဉ်ကတည်းက သူတို့စိတ်ကြိုက် ရေးလာခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုဖို့အတွက် ပြည်သူ့ ဆန္ဒခံယူပွဲကို ၁၉၈၀ မှာ လုပ်ဖို့ ပြင်ဆင်လာပါတော့တယ်။ ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရတို့အဖို့ ဘာကြောင့်မို့ လိုအပ်နေတာပါလဲ။

“ကျမ အမြင်အရပြောရရင်တော့ သူတို့က အရင်နိုင်ငံရေးပုံစံကို ဖြိုချပစ်ပြီး သူတို့ကြိုက်တဲ့ ပုံစံသစ်ချဖို့အတွက် လုပ်တာပါ။ ချီလီမှာ ဥပဒေတွေ၊ စည်းမျဉ်းတွေချတာ လိုက်နာကြတာက အစဉ်အလာအရ သေသေချာချာ ပေါ်ထွန်းပြီးသားပါ။ ဒီတော့ သူတို့အနေနဲ့ ဒီဥပဒေအရလုပ်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်တာမျိုးလို ဆိုတာမျိုးဖြစ်အောင် ပြင်ဆင်ရတာပါ။

တနည်းအားဖြင့် သူတို့ကိုယ်သူတို့ တရားဝင်သွားအောင်လုပ်တဲ့ ရည်ရွယ်ချက်ပါ။ နောက်တချက်ကတော့ နိုင်ငံတကာရဲ့ဖိအားကို ဒီမှာဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်၊ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုထားတာ စသည်ဖြင့်ပြပြီး ဖိအားတွေကို ရှောင်ရှားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလည်းပါတယ် လို့ ကျမ မြင်ပါတယ်”


ဒီတော့ ဒီ ၁၉၈၀ စက်တင်ဘာမှာလုပ်တဲ့ လူထုဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံ မခံမေးရာမှာ ဒါ လက်ခံရေးဘက်က နိုင်သွားပါတယ် ခင်ဗျ။ အဲတော့ လူထုကလက်ခံတယ်လို့ ပြောလို့မရနိုင်ဘူးလား။

“လူထုဆန္ဒခံယူပွဲကတော့ လွတ်လပ်ပြီးမျှတတဲ့စံနှုန်းတွေနဲ့ တိုင်းတာရင် အနိမ့်ဆုံးဆန္ဒတောင် မရှိဘူးလို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တိုင်းက သုံးသပ်ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံထဲ ဘာတွေပါသလဲ ဆိုတာကို လူတွေက ကောင်းကောင်း မသိကြပါဘူး။ ဘာတွေပါတယ်ဆိုတာကို လူထုကြားထဲမှာ ပြောဖို့ဆိုတာကလည်း သိတဲ့အတိုင်း စစ်အစိုးရက အုပ်ချုပ်ထားတာဆိုတော့ လူတွေအနေနဲ့ အမြဲကြောက်ရွံ့နေရတဲ့အနေအထားအောက်မှာပါ။

ဒီတော့ မပြောနိုင်ကြပါဘူး။ တကယ်တမ်း မဲထည့်ကြတဲ့အခါကျတော့လည်း မဲလိမ်တဲ့သတင်းတွေက အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ တယောက်တည်းက မဲ နှစ်ခါ သုံးခါ လာထည့်တာတို့၊ အရင်ကတည်းက ကွယ်လွန်ပြီးသား လူတွေရဲ့နာမည်နဲ့ မဲထည့်ထားတာတို့ အစုံပါပဲ”

နိုင်ငံရေးပညာရှင် ဒေါက်တာ မာဆီလာ ရီးရိုစ်ရဲ့ အဖြေပါ။

ဘယ်လိုပဲ အမှန်တရားတွေက ရှိခဲ့ ရှိခဲ့၊ အများသူငါ သေချာစွာနားမလည်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွတ်လွတ်လပ်လပ် မဲပေးခွင့်မရတဲ့ ပြည်သူ့ဆန္ဒပွဲ ရလဒ်နဲ့ ဗိုလ်ချုပ်ကြီး ပီနိုရှေးတယောက်ကတော့ အတည်ပြု သွားနိုင်ခဲ့ပါပြီ။

ဆက်လက်ဖော်ပြပါမယ်။