Sunday, September 16, 2012

ဥစ္စာစောင့် (ခင်လွန်း)

ရေကြည်ရာမြက်နုရာ အရှာလာသူမဟုတ်
သိုက်ကြိုးမဖြတ်ရသေးတဲ့
လူဝင်စားအလား
ခေါ်သံတွေ ငါကြား

အတိတ်ဘဝက တဘဝလား
အခုဘဝက တဘဝလား
နှစ်ခုပေါင်းမှ တဘဝလား
ငါ့တကိုယ်ထဲ နှစ်ဘဝလား
ငါ့ကိုယ်ငါ မကွဲပြား။

တချို့လဲ
တတိယဘဝ
သိုက်နန်းပြောင်းသွားကြပြန်ပါပြီ။


အစွဲကြီးသူပဲဆိုပါတော့
အရင် ဟိုဘဝများ
အဖေအမေတို့မျက်နှာ
မောင်နှမတို့မျက်နှာ
အမိုးကုပ်ကုပ်အိမ်ကလေးရဲ့ သက်ပြင်းလျလျမေ့မရမှုများ ထိုင်နေကြနေရာလေးကနေ ပြတင်းဝညွှန်ရာအရပ်ဆီ တဆုံး …

မောင်လိုနှမလို ညီအကိုတို့ရဲ့မျက်နှာ
သူ့အိမ်ကိုယ့်အိမ်
အချိန်မရှိ အိုးမခွဲတတ်သူများ
တလိပ်ထဲနှစ်ယောက် ဖွာရှိုက်
တခွက်ထဲ သူတကျိုက်
ကိုယ်တကျိုက် ဒီလိုသာ ဘဝချင်းမော့သောက်ခဲ့ကြသူများ
ကိုယ်တွင်းနာကို တိုးဖွဖွပြောခဲ့ကြတာများ
အော် …
ခေါ်သံကြား လွမ်းမိ။

ဒီမှာ
ဒုတိယဘဝကရတဲ့ဥစ္စာ ယူခဲ့ရမလား
ပထမဘဝက ဥစ္စာ ပေးခဲ့ရမလား
နှစ်ခုပေါင်းမှ တဘဝထဲလား
ငါ့တကိုယ်ထဲ နှစ်ဘဝလား
ငါ့ကိုယ်ငါ မကွဲပြား
ခေါ်သံတွေ
လိပ်ပြာခေါ်သံတွေကြား …။ ။

ခင်လွန်း
ဇွန် ၄၊ ၂၀၀၆


 

No comments: