Thursday, September 6, 2012

မအိုသေးတဲ့ ဒေါင်းစကား (မောင်ဝံသ)

ကိုကိုကြီး အင်တာဗျူး 

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ အင်တာဗျူးများ အမှတ် - ၁ ထွက်လာတယ်။ ‘ပြောချင်လို့ ပြောခဲ့တာတွေ’ လို့ ခေါင်းစဉ်ပေးထားပါတယ်။ သူ့စာအုပ် မိတ်ဆက်ပွဲကို ၂၈ သြဂုတ်က ဗိုလ်အောင်ကျော်လမ်းက ဇာဂနာရဲ့Home ခန်းမမှာ ပြုလုပ်တယ်။ စာအုပ်မိတ်ဆက်ပွဲမှာ ကျွန်တော်လည်း စကားပြောလိုက်ရတယ်။ ပြည်သူ့ခေတ်မှာ ကျွန်တော် ပင်တိုင်ရေးနေတဲ့ ‘ပြောချင်လွန်းလို့’ ခေါင်းစဉ်နဲ့ ကိုကိုကြီး စာအုပ်ခေါင်းစဉ် ဆင်တူနေတာကို ပြောပြပြီး ကျွန်တော်တို့အားလုံးရင်ထဲမှာ ပြောချင်တာတွေ အပြည့်အသိပ်ရှိနေတာမို့ ပြောလို့ရတဲ့အချိန်၊ ရေးလို့ရတဲ့ အချိန်တွေမှာ ဒလဟော သွန်ချချင်နေကြပါတယ်လို့ ပြောလိုက်တယ်။


ကိုကိုကြီးဟာ ၂၀၁၂ ဇန်န၀ါရီ ၁၃ ကမှ မိုင်းဆတ်ထောင်က ပြန်လွတ်လာတဲ့ ဝါရင့် နိုင်ငံရေး အကျဉ်းသားတစ်ယောက် ဖြစ်ပါတယ်။ အပြင်ရောက်တာ ခုမှ ခုနစ်လကျော် ရှစ်လ ရှိပါသေးတယ်။ အခု အင်တာဗျူးတွေဟာ သူ လွတ်လာပြီး ပထမ သုံးလအတွင်း ပြည်သူ့ခေတ် အပါအဝင် ဂျာနယ် ၁၀ စောင်နဲ့ ဗျူးခဲ့တာတွေကို ထုတ်ဝေတာဖြစ်တယ်။ အခု စာအုပ်ကတော့ စာပေစိစစ်ရေး စိစစ်ခံဘဝကို ဖြတ်သန်းခဲ့ရတာဆိုတော့ ဆင်ဆာ ဖြတ်တောက်ခံရတာတွေ တချို့ရှိတယ်။ နောက်ဆက်ထုတ်မယ့် အင်တာဗျူးတွေကျရင်တော့ အရင်းအတိုင်း ထုတ်နိုင်မယ်လို့ ဆိုပါတယ်။

နောင်တရမိတယ် 

ကိုကိုကြီး အင်တာဗျူးတွေ စာအုပ်အဖြစ် ထုတ်ဝေလိုက်တော့မှ ကျွန်တော့်မှာ သူ့လို စိတ်ကူးစိတ်သန်း မရှိခဲ့တာကို နောင်တရမိတယ်။ တကယ်ဆို ကိုကိုကြီးတို့ ထောင်က မလွတ်ခင် အတော်ကြာကြာကတည်းက မှတ်မှတ်ရရ ၂၀၀၆-၂၀၀၇ လောက်ကတည်းက ကျွန်တော် အင်တာဗျူးတွေ ဖြေနေခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်တိုင်းမ်ဂျာနယ်၊ ဆဲဗင်းဒေးနယူးစ်ဂျာနယ်၊ မက်ဆင်ဂျာ၊ ပေါ်ပြူလာနယူးစ်၊ မြန်မာတိုင်းမ်တို့မှာ ကျွန်တော့် အင်တာဗျူးတွေ မကြာမကြာ ပါနေခဲ့ပါတယ်။

သို့ပေမယ့် ကျွန်တော့်မှာ ဒါတွေကို စုပြီး စာအုပ်ထုတ်မယ်လို့ စိတ်ကူးမရှိတဲ့အတွက် သိမ်းဆည်းမထားခဲ့ဘူး။ ကျွန်တော် ဖတ်ပြီးရင် တစ်ယောက်ယောက်ကို ပေးပစ်လိုက်တာချည်းပဲ။ ဂျာနယ်အဟောင်းတွေကို အရင်ကဆို ထောင်တွေထဲကို ပို့ပေးတယ်။ အခုတော့ စာကြည့်တိုက်တွေကို လှူပစ်တယ်။ ကျွန်တော် ရေးတဲ့ ဆောင်းပါးတွေကို ဂျာနယ်ဖြတ်ပိုင်း မသိမ်းတာကြာပြီ။ ကွန်ပျူတာနဲ့ စာရေးတာ နှစ်နဲ့ချီကြာနေပြီမို့ ကျွန်တော် ရေးတာတွေက စက်ထဲမှာ စီဒီထဲမှာ အားလုံး ရှိတယ်။ ဖြတ်ပိုင်းသိမ်းစရာ မလိုတော့ဘူး။ အင်တာဗျူးကျတော့ နှုတ်ကပဲ ပြောလိုက်တာ များတယ်။ အဲဒါတွေ ဖော်ပြခဲ့တဲ့ ဂျာနယ်တွေကို မသိမ်းဆည်းမိတော့ စုစည်းပြီး စာအုပ်ထုတ်ဖို့ဆိုတာ မလွယ်တော့ဘူးပေါ့။

ဒေါင်းပျိုနဲ့ ဒေါင်းအို 

ကိုကိုကြီးစာအုပ်ကို မိတ်ဆက် စကားပြောသူတွေထဲမှာ အနုပညာရှင် ဇာဂနာလည်း ပါတယ်။ ဇာဂနာ အလှည့်ရောက်တော့ ကိုကိုကြီးရဲ့ ‘ပြောချင်လို့ ပြောခဲ့တာတွေ’ စာအုပ်ကို ထုတ်ဝေတဲ့ စာအုပ်တိုက်နာမည် ဒေါင်းပျိုစာပေတိုက်ဆိုတာကို ဖတ်ပြပြီး ကျွန်တော့်ရဲ့ ဒေါင်းစာပေအကြောင်း ပြောပါတယ်။ အခု ဒေါင်းပျိုစာပေဆိုတော့ ဆရာက ဒေါင်းအိုကြီးဖြစ်သွားပြီလားလို့ နောက်တယ်။ ကျွန်တော်က မအိုသေးပါဘူးလို့ ကန့်ကွက်လိုက်ရပါတယ်။ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကိုလည်း အွန်လိုင်းမီဒီယာတစ်ခုက တင်စားချက်အနေနဲ့ ဒေါင်းအိုကြီးလို့ ဖော်ပြတာ တွေ့နေတာကြာပြီ။ ဆရာကတော့ သူ့ကို ဒေါင်းအိုလို့ ခေါ်တာ ဘယ်လိုမှ ပြန်ပြောသံ မကြားဘူး။

ခွပ်တာ မကြိုက်တဲ့ခေတ် 

ဒေါင်းကိစ္စမှာ နောက်ခံဇာတ်လမ်းလေး ရှိတယ်။ ၁၉၇၃ မှာ ကျွန်တော့်ရဲ့ ပထမဆုံး လုံးချင်းစာအုပ် ကစ်ဆင်းဂျား အတ္ထုပ္ပတ်္တိစာအုပ်ကို စထုတ်တော့ ခွပ်ဒေါင်းစာပေ နာမည်နဲ့ ထုတ်ဝေခဲ့တယ်။ ကျောင်းသားသမဂ္ဂအလံကိုတောင် ဘလောက်တုံးလုပ်ပြီး ထည့်ခဲ့ပါသေးတယ်။ အဲဒီကစ ဆက်တိုက်သုံးလာခဲ့တာ ၁၉၈၆ ခုနှစ် အထိပါပဲ။ အဲဒီနှစ်မှာ စာပေစိစစ်ရေးက ခေါ်ပြောတယ်။ ခွပ်ဒေါင်းအမည် မသုံးရဘူး၊ နာမည်ပြောင်းပေးပါ တဲ့။

တာဝန်ခံ ခေါ်ပြောသူက ထိုစဉ်က ဒုတိယညွှန်မှူး ဦးကြည်ထူး။ လူရင်းဖြစ်နေလေတော့ ကျွန်တော်က ခဏစဉ်းစားပါရစေ ပြောပြီး ခွပ်ဖြုတ်ပြီး ဒေါင်းစာပေလို့ သုံးရင်ရမလား မေးကြည့်တယ်။ သူက ရတယ်၊ မခွပ်ရင် တော်ပြီဆိုပြီး လက်ခံလိုက်တယ်။ ခုထိ ဒေါင်းစာပေလို့ သုံးလာတာ သက်တမ်း ၃၉ နှစ် ရှိပါပြီ။ ၈၈ မျိုးဆက်တွေ ပြန်လွတ်ပြီး ခွပ်ဒေါင်းတွေ တလူလူ ဖြစ်လာချိန်မှာ ကျွန်တော့်ရဲ့ ခွပ်ဒေါင်းစာပေကို လွမ်းဆွတ်တဲ့ မိတ်ဆွေတချို့က ခင်ဗျား ခွပ်ဒေါင်းစာပေလို့ ပြန်သုံးပါလားလို့ ပြောပါတယ်။ ကျွန်တော်က ဒီလောက်တောင် ပိုင်ဆိုင်မှုတွေ အငြင်းပွားနေတာ ကျွန်တော်က သခွပ်ပင်က မီးတကျည်ကျည် ဝင်မလုပ်တော့ပါဘူးလို့ ပြောလိုက်ပါတယ်။

မုဆိုး စိုင်သင် လွှတ်တော်မှသည် 

သည်ရက်များအတွင်း လွှတ်တော်နဲ့ အခြေခံဥပဒေ ခုံရုံးအငြင်းပွားမှုကို အခြေခံပြီး ကျွန်တော့်သဘောထားအမြင်ကို ပြီးခဲ့တဲ့အပတ်က ရေးခဲ့လို့ အခုနောက်ဆုံး ဖြစ်ပေါ် တိုးတက်မှုတွေအပေါ် ဘယ်လို မြင်သလဲ ရေးပါဦးလို့ တိုက်တွန်းသူတွေ ရှိပါတယ်။ ကျွန်တော့်မှာ အထူးအထွေ ထပ်ရေးစရာ မရှိတော့ပါဘူး။ ပြည်သူ့ခေတ် အယ်ဒီတာ့ အာဘော်မှာ တစ်ခါက ရေးခဲ့ဖူးသလိုပဲ လွှတ်တော်ဟာ မုဆိုးစိုင်သင် လွှတ်တော်ဘဝကနေ အားယူပြီး ရှေ့ကိုလှမ်းနေတာ မဟုတ်လား။ လွှတ်တော်က မုဆိုးလက်သင်၊ အခြေခံ ဥပဒေခုံရုံးက စိုင်လို့ပဲ မြင်ကြည့်ပါ။ ဒီလိုနဲ့ပဲ ကျွမ်းကျင် လိမ္မာတဲ့ မုဆိုး တဖြည်းဖြည်းတော့ဖြစ်လာမယ် မျှော်လင့်ပါတယ်။

၈၈ တို့ရဲ့ ရန်ပုံငွေပွဲနဲ့ ပြန်ကြားရေးဝန်ကြီး 

အခု ဆောင်းပါးရေးနေတဲ့ သြဂုတ် ၃၁ ညမှာ ဝမ်းသာစရာ သတင်းတချို့ ဝင်လာပါတယ်။ “၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို Sky net ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ခွင့်ပြုပေးပါရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ စာရေးသား တင်ပြခဲ့ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက ခွင့်ပြုပါက သက်ဆိုင်ရာ ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပေးရန် သဘောတူထားပါကြောင်းလည်း ဖော်ပြထားပါတယ်။

အဲဒီတင်ပြချက်အပေါ် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး ပြည်ထောင်စုဝန်ကြီးက တိုက်ရိုက်ထုတ်လွှင့်ခွင့် ခွင့်ပြုပေးလိုက်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်” လို့ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။ အဲဒီဦးရဲထွဋ်ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရကြောင်း ယနေ့ည ၈ နာရီ သတင်းမှာ ပါလာပါတယ်။ သူဟာ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ်ကနေ ဒုဝန်ကြီးအဖြစ် တိုးမြှင့် တာဝန်ပေးခံရတာ ဖြစ်ပါတယ်။ ကျွန်တော်က ဖေ့စ်ဘွတ်ကနေပဲ ကွန်ဂရက် ကျူလေးရှင်း လုပ်လိုက်ပါတယ်။ လူမှန် နေရာမှန် ထိုက်တန်ပါပေတယ်လို့ ဂုဏ်ပြုစကား ပြောလိုက်ပါတယ်။

နှိပ်ကွပ်ရေး ဥပဒေများ ဖျက်သိမ်းပါ 

ဂျော်ကီတွေ ပြောင်းသွားတဲ့အတွက် ပြန်ကြားရေး မြင်းကြီး ပြေးပုံပြေးနည်း ပြောင်းသွားမှာတော့ သေချာပါတယ်။ ဘယ်လို ပြောင်းမလဲဆိုတာကိုသာ စောင့်ကြည့်ရမှာပါ။ အသားကျပဲ ပြေးမလား၊ ကဆုန်ပေါက်ပြီး အသော့ နှင်လေမလားတော့ မသိပါ။ ဘယ်လိုပဲ ပြေးပြေး၊ ဂျော်ကီတွေ ကျွမ်းကျင်ရင် ခရီးတွင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတကာ စံနှုန်းဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့် (Freedom of the Press by International Standard) ရည်မှန်းချက် ပန်းတိုင်ကို မြန်မြန်ရောက်လေ ကြိုက်လေပါပဲ။

မီဒီယာဥပဒေတို့ စာနယ်ဇင်းကောင်စီတို့လို ကိစ္စတွေမှာလည်း ပြောစရာတွေကတော့ အများကြီးပါ။ လုပ်ဖို့ မလိုအပ်ရင် မလုပ်ပါနဲ့။ လုပ်ဖို့လိုလို့ လုပ်ရင်လည်း သတင်းမီဒီယာသမားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကို သတင်းမီဒီယာသမားများ ကျေကျေနပ်နပ် လက်ခံနိုင်သည်အထိ ဆန္ဒရယူ ညှိနှိုင်းပြီးမှ ပြဋ္ဌာန်းဖို့ စီစဉ်သင့်ပါတယ်။ လောလောဆယ်မှာတော့ ဥပဒေသစ်တွေ ပြဋ္ဌာန်းဖို့ ကြိုးစားတာထက် ဥပဒေဟောင်းတွေထဲက ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ နှိပ်ကွပ်ရေး ဥပဒေတွေကို ဖျက်သိမ်းဖို့က ပို၍ အရေးကြီးမယ်လို့ ယူဆကြောင်းပါဗျာ။

၃၁၊ ၈၊ ၂၀၁၂

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၀၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၆) 


No comments: