Wednesday, September 19, 2012

လဒ (ခင်လွန်း)

အလို ...
မြန်မာပြည်က
မြို့ကြီးတွေပေါ်မှာ လဒတွေဝဲလို့

၁။ 

မြန်မာပြည်၊ ဟိမဝန္တာ
စသည် စသည်
တချို့နေရာအနည်းအကျဉ်းလေးမှတပါး
တခြားကမ္ဘာမှာ
လင်းတငှက်တွေ မျိုးသုဉ်းသွားတော့မတဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက
အလန့်တကြားပြောဆို
ဘယ်လိုမျိုးစိတ်မျိုးလဲ

အသေအပုပ်ကောင်တွေက
သူတို့သဘာဝရဲ့ သူတို့အာဟာရ
မသဒီစရာ အမင်္ဂလာသတ္တဝါ
ဒီလိုအစွဲကြီးခဲ့တဲ့ ငှက်မျိုးစိတ်ဟာ
ကမ္ဘာမှာ လိုအပ်တယ်
ဂေဟဗေဒစနစ်တွေ ဟန်ချက်မပျက်ယွင်းရေး
ရေ မြေ လေ မီး ဓာတ်ကြီးလေးပါး ထိန်းညှိသန်စွမ်းရေး
သူတို့ကို အလေးထား နေရာပေးရမယ်
လင်းတငှက်တွေ မျိုးတုံးမသွားရေး
စောင့်ရှောက်ကာကွယ်ပေးရမယ်
ကမ္ဘာကြီး ရင်လေးနေတာလေ

၂။ 

စက်တင်ဘာ ၂၀၀၇
အလို ...
လဒတွေ မြို့ကြီးတွေပေါ်ဝဲလို့


သွေးစိမ်းသွင်သွင် အရှင်လတ်လတ်
ထိုးသတ်နေကြပေါ့
ဗုဒ္ဓရဲ့သားတော်တွေကိုတောင် မထားဘူး
ဘယ်လို လင်းတ အမျိုးအစားလဲ
ပုဏ္ဏကတိုက်ထားတဲ့ ကောင်တွေလား
အာဠာဝကတိုက်ထားတဲ့ ကောင်တွေလား
အရက်ကိုးမောင်းတိုက်ထားသတဲ့
တိုင်းပြည်ပျက်တော့မယ်
အမျိုးပျောက်တော့မယ်
သာသနာကွယ်ရချည့်
အို
ဒါ လင်းတငှက် မဟုတ်ဘူး
လဒ
လဒ
လဒ
မြေကမ္ဘာကိုစောင့်ရှောက်တဲ့ ငှက်လင်းတ မဟုတ်
မြေကမ္ဘာကိုဖျက်တဲ့
လဒ
လဒ
လဒ
လူသားမျိုးနွယ်ဖျက်တဲ့ လဒ
သာသနာဖျက် လဒ
ဟိတ် ...
ဒို့
ဒီလဒတွေကို မချေမှုန်းနိုင်တော့ဘူးလား

ချေမှုန်းကြ
အမြစ်ဖြတ်ချေမှုန်းကြ
မြန်မာပြည်က
မိစ္ဆာလဒတွေ မျိုးဆက်တုံးသွားအောင်
ချေမှုန်းကြ အမြန်ကျဆုံးပါစေ
အာဏာရှင် လဒတွေမှန်သမျှ
အပြီးတိုင် ကျဆုံးပါစေ
ကမ္ဘာမြေကြီး အရှည်တည်တံ့ခိုင်မြဲရေး
ဒို့ချစ်တဲ့ ငှက်လင်းတတွေ
ထာဝရ အဓွန့်ရှည်ပါစေ။ ။

ရွှေဝါရောင်တော်လှန်ရေးကာလရက်များမှာ ဒီကဗျာကို ရေးဖြစ်ခဲ့တာပါ။ ဒုက္ခသည်စခန်းထဲမှာနေရင်း ပြည်တွင်းသံဃာတော် အထောင်ထောင်အသောင်းသောင်းရဲ့ ဆုတောင်းဝတ်ပြုချီ တက်ပွဲတွေကို ကြည်ညိုသဒ္ဓါပွားနေတုန်း စစ်မိစ္ဆာတွေက ပက်ပက်စက်စက် ယုတ်ယုတ်မာမာ ဖြိုခွင်းနေတာကြားတော့ စိတ်ထဲက မခံချိမခံသာဖြစ်ပြီး ဆဲရေးဖြစ်လိုက်တဲ့ ကဗျာပေါ့။ 

ဒီ မိစ္ဆာကောင်တွေကို ကျနော်က လဒလို့ဆဲဖြစ်လိုက်တော့ တကယ့် လင်းတငှက်တွေကို စိတ်ထဲက အားနာပါးနာဖြစ်မိတယ်။ ကျနော့် စိတ်ထဲဖြစ်နေတဲ့ ဒေါသက ငှက်လင်းတတွေနဲ့ ဘာမှကို မဆိုင်တာပါ။ ဒါနဲ့ ကွဲပြားလိုတဲ့ စိတ်အရင်းခံနဲ့ လင်းတငှက်က လင်းတ။ လဒက လဒ။ ၂၅၊ စက်တင်ဘာ၊ ၂၀၀၇ - ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှာ ဒီကဗျာကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ နည်းနည်းပါးပါး တို့ထိပြင်ဆင်ထားတာကိုလည်း ဝန်ခံရပါမယ်။ ကျေးဇူးတင်ပါတယ်။ 

ခင်လွန်း
စက်တင်ဘာ ၁၇၊ ၂၀၀၇

No comments: