Friday, May 30, 2014

နှစ်ထောင်ဆို လောက်ပြီ (ကာတွန်း စောငို)


ထိုင်းအာဏာသိမ်းမှုမှ ရနိုင်တဲ့ သင်ခန်းစာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ထိုင်းနိုင်ငံရဲ့လက်ရှိအခြေအနေက မြန်မာပြည်သူတွေ ဘယ်လို သင်ခန်းစာတွေ ရယူနိုင်ပါသလဲ။ ပါမောက္ခ စတိုင်ဘတ် (Steinberg) ကတော့ မြန်မာနိုင်ငံမှာ အစိုးရကောင်း တရပ်ရှိပြီး တိုင်းရင်းသားပြဿနာကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းနိုင်ရင် ထိုင်းနိုင်ငံကို ကျော်တက်နိုင်မယ့် အလားအလာရှိတယ် လို့ သုံးသပ်ပြောဆိုပါတယ်။ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ Professor Steinberg အခုအချိန်မှာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်သွားတယ်လို့ ယေဘုယျအားဖြင့် လူတိုင်း လက်ခံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ အခုအချိန်အထိတော့ မရှိသေးဘူးပေါ့။ ဆိုတော့ လောလောဆယ်မှာ နှစ်နိုင်ငံ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ထွန်းရေး အလားအလာက ထိုင်းထက် အခြေအနေကောင်းတယ်လို့ပြောရင် မှန်ပါသလား။ 


အလိုရှိသည် ... (ကာတွန်း Mr Burma)


Thursday, May 29, 2014

ဒီပရင်္ဂ (ကြည်မောင်သန်း)

ပုံပြင်ထဲက မြို့လည်းမဟုတ် 
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ် 
ရာဇဝင်ထဲက မြို့တမြို့ 
ပုဂံခေတ်ထဲကရှိတဲ့ မြို့တမြို့ 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းကရှိတဲ့ မြို့တမြို့ 
သမိုင်းဝင် မြို့တမြို့။ 

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် 
အလောင်းစည်သူမင်း 
တိုင်းခန်းလှည့်လည်ရင်း 
မြောက်ဘက်အရပ်အရောက် 
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင် 
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့ 
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။ 


၉၀ ရွေးကောက်ပွဲ ၂၄ နှစ်ပြည့် (ကာတွန်း စောငို)


ဒီပဲရင်းကျောက်စာ ကဗျည်းထိုးခဲ့စဉ်က (ကိုညို)

၂၀၀၃ ခု မေလဆန်းမှာ နယူးဒေလီရဲ့အပူဒဏ်ကိုရှောင်ဖို့ ကျနော်တို့ မိသားစု အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာပြည် ချင်းတောင်နယ်စပ်နဲ့ကပ်ရက် တောင်တန်းတွေထူထပ်တဲ့ မီဇိုရမ်ပြည်နယ်က တောင်ပေါ်မြို့လေးဖြစ်တဲ့ အိုက်ဇောမြို့ကို အလည်သွားခဲ့တယ်။ အိုက်ဇောမှာ မြန်မာနိုင်ငံသား လူရှိုင်းချင်းအနွယ်တွေ အများကြီး။ ကျနော်တို့ငယ်ငယ်က ပထဝီဖတ်စာမှာ “အနောက်ဘက်တွင် လူရှည် တောင်တန်း” လို့ မှတ်မိနေတဲ့ တောင်တန်းဆိုတာ မီဇိုရမ်ပြည်နယ်က လုရှိုင်း တောင်တန်းတွေကို ပြောတာ။ 

ဇနီးဖြစ်သူ လင်းလင်းက လုရှိုင်းတိုင်းရင်းသူပါ။ အိုက်ဇောမြို့မှာ လင်းလင်းရဲ့မိသားစုလည်းရှိတာမို့ နွေရောက်တိုင်း တနှစ်တခေါက်တော့ သွားလည်ပတ်နေကျ။ ကျနော်တို့ ဇနီးမောင်နှံက ဝါသနာတူတွေမို့ မီဇိုရမ်ရောက်တိုင်း ၂ နှစ်တခါ ၃ နှစ်တခါဆိုသလို တော်လှန်ရေးသီချင်းခွေ ထုတ်လေ့ရှိတယ်။ မီဇိုရမ်မှာ သီချင်းအသံသွင်းရတာက မြန်မာပြည်ဖွား ဂီတအနုပညာရှင်တွေ အိုက်ဇောမြို့မှာ ရှိကြလို့ပါ။ သူတို့က စတူဒီယိုလည်းပိုင် တီးဝိုင်းလည်းထောင်ထားသလို အိုက်ဇောမှာ နာမည်ကြီးတွေပါ။ မြန်မာစကားလည်း ကောင်းကောင်းတတ်၊ မြန်မာပြည်ကိုလည်း ချစ်၊ ဒီမိုကရေစီကိုလည်း အားပေးထောက်ခံသူတွေဖြစ်တယ်။ 


ဟိုဖက်လူလို့ ထင်နေဦးမယ် ... (ကာတွန်း ဝင်းထွန်း)


Wednesday, May 28, 2014

သတင်းကျင့်ဝတ်၊ ကိုယ်ချင်းစာစိတ်နဲ့ လွတ်လပ်မှု (၁) - ကိုညို

မြန်မာဂျာနယ်လစ်ဇ်တွေ သတင်းသမားကျင့်ဝတ်... သတင်းသမားကျင့်ဝတ်လို့ မကြာခဏပြောကြလွန်းလို့ ကျနော့်ဘက်က မေးလည်းမေးချင်၊ ပြောလည်းပြောချင်တာတချို့ ပေါ်လာရတယ်။ ကျနော်က သတင်းသမားနဲ့ပတ်သက်ပြီး မရှိမဖြစ် လိုအပ်တဲ့အခြေခံ ကျင့်ဝတ်တွေလောက်ပဲ သိထားတာပါ။ ဒါလည်း လူတိုင်းနီးပါး သိပါတယ်။ 

ဒါပေမယ့် အခြေခံထဲမှာကိုပဲ ကျနော်တို့နိုင်ငံအတွက် အငြင်းပွားစရာတွေက ရှိနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတာ အားလုံးသိတယ်။ မလွတ်လပ်လို့ပါ။ ဥပမာ... တဖက်သား ထိခိုက်နစ်နာစေမယ့် အရေးအသားမျိုး ရှောင်ကြဉ်ရမယ်...ဆိုတာမျိုး ဆိုပါစို့။ သမ္မတကြီး တလွဲတချော်ဖြစ်နေတာကို ခပ်ဆတ်ဆတ်လေး ဝေဖန်ရေးချလိုက်လို့ သူ့ခမျာ နာကျင်သွားပြီဆို သတင်းကျင့်ဝတ်ပျက်ကရောလား..။ သမ္မတကြီးကိုယ်တိုင် ဘယ်လိုအကျိုးစီးပွားအပေါ် ရပ်တည်နေတဲ့ သမ္မတကြီးလဲဆိုတဲ့ မေးခွန်းအပေါ်လည်း တည်မှီနေမှာပါ။ 

အဲဒီကျင့်ဝတ်ဆိုတာ ဘယ်ကလာတာလဲ...။ တခါတခါ ကျင့်ဝတ်ဆိုတာ အကြောက်တရားမကင်းသူတွေရဲ့ အကာအကွယ်လက်နက်တခု ဖြစ်တတ်ပါတယ်။ 


တို့လူကြီးတွေ ပြောတဲ့စကား... (ကာတွန်း အောင်မော်)


ကံမ္မသဒ္ဒါ (စိုးနေလင်း)

ငါ့မြင်း ငါစိုင်းဆိုပြီး 
ငါ့လှေ ငါထိုးဆိုပြီး 
မြေဆီလွှာကြီးတခုလုံး တူးဆွလှန်လှော 
ကြက်ဆူတောချည်းသာ။ 

အကြားလွန်တုန်နှုန်းမြင့် အော်သံတို့လွှမ်းဖုံး 
မြှုံးမိငါးများ တွန်းထိုးလွန့်လူး 
ဆူးစူးနေဆဲကာလ 
ဝေးပျမှုန်မွှားလွန်းစွ 
ညမဲမိုက်ထဲ လောင်ကျွမ်းခဲ့ကြဖူးပြီ။ 


Tuesday, May 27, 2014

ဘယ်တော့မှမရှုံးတဲ့ တိုက်ပွဲ (ကိုညို)

၂၀၀၈ နာဂစ်စာအုပ်စိမ်းကြီး ထွက်လာပြီးတဲ့နောက် တချိန်တုန်းက ကျနော်တို့ အာအက်ဖ်အေ ရေဒီယိုကနေ မတရားပုဒ်မတွေအကြောင်း ပြည်သူတွေသိအောင် ဥပဒေကျွမ်းကျင်သူတွေနဲ့ မကြာခဏလိုလို သတင်းဆောင်းပါးတွေရေး ထောက်ပြခဲ့တယ်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်စက ဗဟိုကော်မတီဝင် အန်တီ ဒေါ်မြင့်မြင့်ခင်က ဥပဒေပညာရှင်ဆိုတော့ ကျနော်တို့မီဒီယာသမားတွေကို တတပ်တအား ကူညီပေးခဲ့တယ်။ သူ ဝေဖန်ထောက်ပြအသိပေးခဲ့လို့ ပုဒ်မ ၄၃၆ နဲ့ပတ်သက်ပြီး အာအက်ဖ်အေကနေ ကျနော် အသံလွှင့်ဆောင်းပါးတွေ မကြာခဏ ရေးခဲ့ဖူးတယ်။ ကျနော်တို့ထဲမှာ ဦးစိန်ကျော်လှိုင်က လက်သံအပြောင်ဆုံး ဆောင်းပါးရှင်ပေါ့။

ပုဒ်မ ၄၃၆ ဟာ ၂၀၀၈ ရဲ့ အခေါင်အထွတ်ပဲ။ သူက ချုပ်ထားတာ...။ ဖွဲ့စည်းပုံကိုပြင်မယ်ဆို လွှတ်တော်ထဲမှာ ဘယ်လိုမှ ထိလို့ကိုင်လို့မှမရအောင် ညစ်ပတ် ကလိန်ကျထားတယ်။ သမ္မတဦးသိန်းစိန်က ၂၀၀၁-၂၀၀၂ ကာလ၊ သမ္မတရာထူးယူကတည်းက ခဏခဏပြောနေတာ သတိထားမိမယ် ထင်တယ်။ “နိုင်ငံတော်အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း” ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါပြောခဲ့တယ်။


Sunday, May 25, 2014

မြန်မာတွေ ရှက်တတ်စေချင်တယ် (ကိုညို)

အခုတလော (အမျိုး၊ ဘာသာ၊ သာသနာ ကြွေးကြော်သံနဲ့ မရောင်ရာဆီလူး) မျက်ကန်းမျိုးချစ်သံတွေ ကြွက်ကြွက်ညံအောင် ကြားရတော့ အော်... ဒီရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ ကျွဲခြေရာခွက်ကို ပင်လယ်ထင်နေပါပေါ့လားလို့ပဲ ညည်းတွားမိတယ်။ ကိုယ်က ကိုယ့်လူမျိုးနဲ့ ကိုယ်ကိုးကွယ်ရာကို တန်ဖိုးထား မြှင့်တင်ချင်တယ်ဆို တခြားလူမျိုးနဲ့ သူတစ်ပါးကိုးကွယ်ရာ ဘာသာအကြောင်း လုံးဝ မသိရင်တောင် လေးစား တန်ဖိုးထားတတ်ရမယ်ဆိုတာကို သတိပြုသင့်တယ်။ ကိုယ်တိုင်က အမြင်ကျဉ်းမြောင်းစွာ သူတစ်ပါး လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းကို ပျက်ရယ်ပြုတာဟာ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းမှုနဲ့ ပညာရည်နိမ့်ကျမှုကို ပြသရာရောက်စေတယ်။ 

မိမိလူမျိုး၊ နိုင်ငံကို မြတ်နိုးချစ်ခင်စိတ်နဲ့ ဂုဏ်ယူတာကောင်းပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ် အစွန်းရောက်သွားရင် တပါးလူမျိုးနဲ့ အချုပ်အခြာပိုင်ဆိုင်မှုအပေါ် မထေမဲ့မြင်ပြုတတ်ပါတယ်။ မိမိတို့ ပဒေသရာဇ်စံနစ် အားကောင်းခဲ့စဉ် အနီးအနား တိုင်းနိုင်ငံငယ်တွေကို သိမ်းပိုက်အနိုင်ယူနိုင်တာကို မိမိတို့က နိုင်ငံတော်ကို ချဲ့ထွင်စည်းရုံးနိုင်သူ၊ တန်ခိုးအင်အား တောင့်တင်းသူ၊ ဘုန်းမီးနေလတောက်ပသူလို့ ကြွေးကြော်နေပေမယ့် တဖက်က ကျူးကျော်ခံရသူတွေအဖို့ ရိုင်းပျပြီး နိုင်ထက်စီးနင်းပြုသူ၊ လူသားမဆန် ရက်စက်ယုတ်မာသူ၊ ကျူးကျော်သူ အရိုင်းအစိုင်းများလို့ ကဗ္ဗည်းမှတ်တမ်းတင်ထားတာကို သတိမူသင့်တယ်။ 


Saturday, May 24, 2014

စေတနာ ... (ကာတွန်း Mr Burma)


သစ္စာဖောက်လော၊ ကယ်တင်ရှင်လော (ညီစောလွင်)

စစ်ထောက်လှမ်းရေးအကြီးအကဲ ဘဝကလာတဲ့ ဗိုလ်ချုပ်ကြီး အဒဲ ဖာ့တက် အယ် စီစီဟာ သူ့ကို သူကောင်းပြုတဲ့ အရှင်သခင်ကို သစ္စာဖောက်ခဲ့ဖူးတယ်၊ အခုတခါ အီဂျစ်တော်လှန်ရေးကို သစ္စာဖောက်ပြီး ခေတ်သစ် ဖာရိုဘုရင်ကြီးပဲ ဖြစ်လာလေမလား ဆိုတာကတော့ ဘယ်သူမှ တတ်အပ်မသိနိုင်သေးပါဘူး။ 

မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကြားထဲမှာ စကားနည်းပြီး ဆုံးဖြတ်ချက် ပြတ်သားသူအနေနဲ့ သိကြတဲ့ လက်ရှိ အသက် ၅၉ နှစ်အရွယ် အဒဲ ဖာ့တက် အယ် စီစီ ကို မနှစ် ဇူလိုင်လအထိ တော်တော်များများ မသိရကြသေးပါဘူး။ စီစီဟာ အီဂျစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစ္စလာမ္မစ် သမ္မတ မွတ်ဟာမက် မော်စီကို ရာထူးကနေ ဖြုတ်ချခဲ့တယ်။ သမ္မတ မော်စီကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြောင့် စစ်တပ်ကဝင်ခဲ့ရပေမယ့် နိုင်ငံရေး ရည်မှန်းချက်မရှိပါဘူးလို့ အစပိုင်းမှာ ပြောခဲ့တယ်။ နောက်ပိုင်းမှာတော့ လူကြိုက်များတာကိုသိလာတော့ စစ်ဦးချုပ် စီစီက တပ်ကထွက်ပြီး ရွေးကောက်ပွဲဝင်တော့မယ်လို့ မတ်လမှာ ကြေညာခဲ့တယ်။ 


တို့လိုတော့ ဘယ်စားလို့ရမှလဲ ... (ကာတွန်း အောင်မော်)


Friday, May 23, 2014

နိုင်ငံရေးသမား နှင့် စာရေးဆရာ (ကျော်ဝင်း)

“နိုင်ငံရေးသမားနှင့် စာရေးဆရာသည် တူသည်။ မတူ …။” 

ဒဂုန်တာရာ 
('စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်' မှ - ကောက်နှုတ်ချက်) 

၁။ 

NDF ပါတီခေါင်းဆောင် ၊ ဒေါက်တာသန်းငြိမ်း ကွယ်လွန်ကြောင်းကြားတော့ စာရေးသူမှာ ဘာစကားမှ မဆိုနိုင်…။ တွေးစရာ ရေးစရာတွေကား လျှံကျသွားသည်။ ဖျတ်ခနဲဝင်လာသော ပထမအတွေးကား…၊ “လက်ခုပ်သံထက် ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ရှားသထက် ရှားသွားလေပြီကော…။” 

အမှန်စင်စစ် NDFပါတီကို စတင်ထူထောင်ခဲ့ကြသော ဆရာဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့မှာ စာရေးသူနှင့် လူချင်းရင်းနှီးလှသည်တော့လည်း မဟုတ်ပါ။ အသက်အရွယ်အရရော၊ ဖြတ်သန်းမှုအတွေ့အကြုံရော၊ ပညာအရည်အချင်းပါ အများကြီးကွာသည်။ စာရေးသူအတွက်ဆိုလျှင် အဝေးမှသာ လေးစားကြည်မောရသော နောင်တော်ကြီးများဖြစ်သည်။ သို့တစေ၊ ဒေါက်တာသန်းငြိမ်းဆိုသော အမည်ကိုမူ ဟိုးခပ်ငယ်ငယ် နိုင်ငံရေး စိတ်ဝင်စားခါစကာလကပင် ကြားဖူးယဉ်ပါးနေသည်။ 


အရေးတော်ပုံ... (ကာတွန်း စောငို)


Thursday, May 22, 2014

၈၈ မျိုးဆက်တွေရဲ့ ရှေ့အနာဂတ် နိုင်ငံရေးခြေလှမ်း

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ၈၈ မျိုးဆက်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍက တက်တက်ကြွကြွပါဝင်ခဲ့သလို၊ ဒီမိုကရေစီဖော်ဆောင်ရေးကာလ မြန်မာ့နိုင်ငံရေးမှာ အားကျိုးမာန်တတ်ပါဝင်နိုင်မယ့် အလားအလာရှိပါသလား။ ၈၈ မျိုးဆက်ရဲ့ နိုင်ငံရေးရှေ့အလားအလာကို အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ဦးမင်းဇေယျ ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိကဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံရေးမှာ ၈၈ မျိုးဆက်ရဲ့အခန်းကဏ္ဍ ဖြစ်ပါတယ်။ ၈၈ ဟာ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုကို အခက်အခဲဆုံးကာလမှာ သယ်ဆောင်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကဆိုလည်း ကျောင်းသားလှုပ်ရှားမှုမျိုးဆက်တွေဟာ မြန်မာနိုင်ငံရေးမှာ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်လာကြတာကို တွေ့ခဲ့ရပါတယ်။ ဆိုတော့ ၈၈ မျိုးဆက်ကိုလည်း တချိန်က အဲဒီလို မျှော်လင့်ချက်တွေထားခဲ့ကြပါတယ်။ အခုအခါမှာ ၈၈ မျိုးဆက်ဟာ နိုင်ငံရေးလမ်းကြောင်းမှာ အရှိန်မပြတ် ဆက်လျှောက်လာနေတယ်လို့ ဆိုနိုင်ပါသလား။


မိုးပေါ်ထောင် မပစ်ဘူး... (ကာတွန်း စောငို)


ဒူတဂါ ပြောတဲ့ ဒါဓူးပြေ၊ ဒါဓူးပြေ (ကိုညို)

ဒူတဂါ ဆိုတာက ဒေလီက အန်ကယ်ဂျော့ (အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ ဂျော့ဖာနန်ဒေ့စ်) အိမ်မှာ ထမင်းချက်တဲ့ နီပါလီ လူငယ်တယောက်ပါ။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ် ပိန်ပိန်သွယ်၊ နှုတ်ခမ်းမွှေးတိုတိုနဲ့ သူ့ကို ကြည့်ရင် အမြဲပြုံးပြီး မွန်မွန်ရည်ရည်လည်း ရှိတယ်။ အလုပ်လည်း ကြိုးစားတယ်၊ ကျနော်တို့ မြန်မာကျောင်းသားတချို့ကို အန်ကယ်ဂျော့ခ်ျက သူ့ရုံးနဲ့ကပ်ရက် သူ့အိမ်ဝန်းထဲမှာပဲ လွတ်နေတဲ့ရုံးခန်းလေးတခုကို ပေးထားတယ်။ 

ရုံးလုပ်ငန်းတာဝန်ရှိသူ မြန်မာကျောင်းသားတချို့ အဲဒီရုံးခန်းမှာပဲ အလုပ်လည်းလုပ်၊ နေလည်းနေကြတယ်။ အန်ကယ်ဂျော့ခ်ျက အိန္ဒိယအစိုးရ ဝန်ကြီးမဖြစ်ခင် အတိုက်အခံပါတီ ဝန်ကြီးဘဝကတည်းက (၁၉၉၁-၁၉၉၇) ကျနော်တို့ နယူးဒေလီမှာ နိုင်ငံရေးလှုပ်ရှားဖို့ အဲဒီရုံးခန်းပေးထားတာပါ။ သူ ကာကွယ်ရေးဝန်ကြီးဖြစ်တော့လည်း ကျနော်တို့ကို ဆက်ပြီး နေထိုင်စေတယ်။ အခုရေးတဲ့အကြောင်းအရာတွေက သူ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးမဖြစ်ခင်ကာလက နောက်ခံအခြေအနေတွေပါ။ အဲဒီတုန်းက သူကလည်း ဆင်းရဲသားပါတီ ဝန်ကြီး၊ ကျနော်တို့ကလည်း ပိုက်ဆံမရှိ၊ မျက်နှာမွဲ နိုင်ငံရေးလှုပ်ရှားသူတွေ။ 


Wednesday, May 21, 2014

ဘယ်တော့မှ ... (ကာတွန်း စောငို)


ဘုန်းကြီးခရိုနီ (၃) - မိုးသု (မန္တလေး)

လူတွေဟာ တံထွေးကို နှမြောတွန့်တိုခြင်းမရှိဘဲ ထွေးထုတ်တတ်ကြပါတယ်။ တံထွေးထုတ်လိုက်ရလို့ ဘယ်သူကမှ နှမြောတသ မဖြစ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ တံထွေးကို တပ်မက်ခြင်းမရှိလို့ပါ။ ထို့နည်းတူစွာ ပစ္စည်းဥစ္စာတို့ကို ပေးကမ်းစွန့်ကြဲလှုဒါန်းရာမှာလည်း ထိုပစ္စည်းဥစ္စာကို တပ်မက်စိတ်မရှိလို့သာ ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းတော်များ အလှူခံရရှိတဲ့ ပစ္စည်းဥစ္စာတွေဆိုတာလည်း ဒကာ ဒကာမတွေရဲ့ တံထွေးပေါက်တွေပါပဲ။ 

တံထွေးပေါက်နဲ့တူတဲ့ ပစ္စည်းဥစ္စာ လာဘ်လာဘများကိုရရှိဖို့အတွက် တန်ခိုးပြပြီး အဇာတသတ်မင်းသားလေးကို စည်းရုံးသိမ်းသွင်းကာ အဇာတသတ်မင်းသားလေး ပေးလှူနေတဲ့ဆွမ်းများကို အရှင်ဒေဝဒတ် စားသောက်နေတာကြောင့် `တံထွေးစားသူ´လို့ ဘုရားရှင်က ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ အရှင်ဒေဝဒတ်ဟာ မင်းနှင့်တကွသော ပရိသတ်အလယ်မှာ သူ့ကို ဘုရားရှင်က `ခေဠာသက-တံထွေးစားသူ´ လို့ ပြောဆိုခံလိုက်တာကြောင့် ဘုရားရှင်အပေါ်ကို စိတ်အနာကြီးနာပြီး ဘုရားရှင်ရှေ့က ထွက်ခွာသွားပါတယ်။ ဒါဟာ ဘုရားရှင်အပေါ်ကို ပထမဆုံးအကြိမ် ရန်ငြိုးဖွဲ့လိုက်ခြင်းရဲ့ အကြောင်းရင်းဖြစ်ပါတယ်။ 


Tuesday, May 20, 2014

ဒီထက်ကျစရာလမ်း ရှိသေးလို့လား ... (ကာတွန်း အောင်မော်)


မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (ခင်မမမျိုး)

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြီး ရှိနေသည်။ ရှိခဲ့သည်မှာလည်းကြာပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟူသည် နိုင်ငံတခု၏ တည်ထောင်ရာ အုတ်မြစ်။ အုတ်မြစ်က အစ ပြဿနာဖြစ်နေတော့ မည်သည့် နိုင်ငံရေးအဆောက်အအုံမှ ခိုင်ခိုင်မာမာ တည်ဆောက်၍မရဘဲ ဖြစ်လာတော့သည်။

အဆိုပါ ပြဿနာကြီးက ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သည်။ တဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှုများ အားနည်းခဲ့သောကြောင့် ပြည်သူအများမှာ ဆင်းရဲတွင်းသို့ နစ်ခဲ့ရသည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူထုလူတန်းစား အလွှာအသီးသီးတို့၏ ဘဝပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။

တရားခံသည်ကား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အုတ်မြစ်မမှန်မှုကြောင့် ခေါင်းထောင်ထလာသည့် စစ်အာဏာရှင်စနစ်။


Sunday, May 18, 2014

ဘုန်းကြီးခရိုနီ (၂) - မိုးသု (မန္တလေး)

 
ကိုရင်တွေ စာမေးပွဲပြီးလို့ အောင်စာရင်းတွေထွက်တဲ့အခါမှာ စာအောင်ပွဲ အခမ်းအနားကျင်းပပြီး စာမေးပွဲအောင် ကိုရင်တွေကို ဆုပေးဖို့ဆိုပြီး ဒကာဒကာမတွေဆီကို အလှူခံပြန်ပါတယ်။ ဒကာဒကာမတွေ လှူတဲ့အတိုင်းဆိုရင် စာအောင် ကိုရင်တစ်ပါးကို သုံးသိန်းကျော်လောက်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုရင်တစ်ပါးကို ငါးထောင်လောက်ပဲပေးပြီး ကျန်တာကို သူတို့နှစ်ပါးက ခွဲဝေပြီးယူကြပါတယ်။ ကိုရင်တွေ အသက် ၁၇ နှစ် ၁၈ နှစ်လောက်ရှိလာရင် သူတို့နှစ်ပါးကို ခံတန်တန်လုပ်လာမှာမို့ ပဲခူးကစာသင်တိုက်ကြီးကို ပို့ပေးလိုက်ပါတယ်။ 

အဲဒီလို မွေးမြူးရေးလုပ်စားကြတာ အခုဆိုရင် တစ်ပါးကို လုံးချင်းတိုက် နှစ်လုံးဆီလောက် ပိုင်ဆိုင်နေကြပြီဖြစ်တယ်လို့ အဲဒီကျောင်းမှာနေတဲ့ သူငယ်ချင်း ရဟန်းတစ်ပါးက မိမိသူ့ဆီအလည်သွားတုန်းက ပြောပြလိုက်ပါတယ်။ မိမိသူငယ်ချင်း ရဟန်းကိုတောင်မှ စီးပွားရေး ဘုန်းကြီးနှစ်ပါးလုံး မလွန်ဆန်ဝံ့တဲ့ ဆရာတော်ကြီးတစ်ပါးက “ငါ့တပည့်လေးကို ရန်ကုန်မှာ သင်တန်းတက်နေတုန်း မင်းတို့ကျောင်းမှာ နေခွင့်ပေးလိုက်ပါ” လို့ ပြောကြားတာကြောင့် မထားချင်ဘဲ ထားရတာပါ။ 


Saturday, May 17, 2014

မိုးကြိုး သတိ ... (ကာတွန်း Mr Burma)


ဘုန်းကြီးခရိုနီ - မိုးသု (မန္တလေး)

မနေ့က အသိဒကာကြီးတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ “ခရိုနီဆိုတဲ့ အခုခေတ်စားနေတဲ့ စကားလုံးကို ဒကာကြီး ဘယ်လိုနားလည်ထားလဲ” လို့ မိမိကမေးတော့ “တိုင်းပြည်နဲ့လူမျိုးကို ချစ်သလိုလို ကောင်းစားစေချင်သလိုလို အများအကျိုးစီးပွားကို ရွက်သယ်ပိုးနေတာလိုလို ဟန်ရေးပြပြီး အာဏာရှိသူတွေနဲ့ အကျိုးတူပူး ပေါင်းကာ မတရားမှုတွေကို တရားသယောင်ယောင်လုပ်ပြီး နောက်ဆုံး အာဏာရှင်တွေကိုပါ နားလှည့်ပါးရိုက်ပြီး သူ့ကိုယ်ကျိုစီးပွားအတွက် တိုင်းပြည်နဲ့လူမျိုးကို ဖျက်ဆီးနေတဲ့သူလို့ မြင်ပါတယ်ဘုရား” လို့ ပြောပါတယ်။ 

ဒကာကြီးပြန်သွားတော့ သူပြောခဲ့တဲ့ ခရိုနီအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်လည်စဉ်းစားရင်းနဲ့ မိမိတို့ သာသနာတော်အတွင်းမှာလည်းပဲ သာသနာတော်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နေတာလိုလို တိုင်းပြည်နဲ့လူမျိုးအတွက် သူတို့ ဘဝကြီးတစ်ခုလုံးကို ပေးဆပ်နေတာလိုလိုနဲ့ ဟန်ရေးပြပြီး ရာမြင်လို့ ထောင်စွန့်နေကြတဲ့ ဘုန်းကြီးစီးပွားရေးသမားတွေ အာဏာပိုင်တွေ အာဏာပိုင်ရဲ့ ကျောထောက်နောက်ခံတွေနဲ့ ပူးပေါင်းပြီး သူတို့ ထင်ပေါ်ကျော်ကြားဖို့အတွက်၊ သူတို့ဘဏ်အကောင့်ထဲမှာ သိန်းထောင်ဂဏန်း သောင်းဂဏန်းရှိနေဖို့အတွက် သာသနာတော်ကြီးနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေကြတဲ့ ဘုန်းကြီးခရိုနီတွေ သံဃာအဖွဲ့အစည်းအဆင့်အဆင့်နဲ့ အောက်ခြေသံဃာထုထဲမှာပါ များပြားသထက် များပြားလာတာကို သတိပြုမိလိုက်ပါတယ်။ 


Thursday, May 15, 2014

ကျွန်ုပ်၏ကုက္ကိုပင်များ (ကိုညို)

(မနက်ဖန် မေလ ၁၆ ရက် သောကြာနေ့ဟာ World Love a Tree Day ကမ္ဘာ့ သစ်ပင်ချစ်တဲ့နေ့ ဖြစ်တယ်)

 နေ့ခင်းကြောင်တောင် မှေးခနဲ အိပ်ပျော်သွားတော့ ကျနော့်ရဲ့ ကုက္ကိုပင်တွေကို အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ကုက္ကိုပင်ကြီးက ဟိုတုန်းကအတိုင်း ပင်စည်ခိုင်ခိုင်ကြီးနဲ့ လူကြီး ၅ ယောက် တဖက်စာအတိုင်း ရှိနေတုန်း။ သူများတွေပြောခဲ့သလို တပင်လုံး အလှဲခံရသေးတာ မဟုတ်ဘူး။ ဓာတ်ကြိုးနဲ့မလွတ်တဲ့ အပေါ်ဆုံးဘက်က ကိုင်းကြီးတွေပဲ အခုတ်ခံရတာပါ။ အိပ်မက်ထဲမှာ အခက်အလက်တွေ ပြန်ထွက်လို့၊ အရွက်တွေက စိမ်းမြနေတာပဲ။ ခုတ်ချိုင်ထားမှန်းတောင် မသိသာဘူး။ ကျနော်ရဲ့ကုက္ကိုပင်ကြီးကိုကြည့်ပြီး အရမ်းပျော်သွားတယ်။ ကြည့်လို့လည်း မဝဘူး။ အနားကပ်ပြီး ကုက္ကိုပင် ပင်စည်ကြီးကို လက်ဖဝါးနဲ့ ထိလိုက်တယ်၊ အရင်လို အားရပါးရ မှီလိုက်ချင်တယ်။ 

အလို... အခေါက်တွေ အထပ်ထပ်နဲ့ ကုက္ကိုပင်စည်ကြီးဟာ ကြမ်းတမ်းမာကြောမနေဘဲ ကျနော့်လက်ဖဝါးအောက် ပျော့ဝင်သွားတယ်။ ထိတ်ခနဲဖြစ်သွားတယ်။ အဲဒီမှာတင်... ရုတ်တရက် လန့်နိုးတာ။ အိပ်မက် မက်နေမှန်း သိလိုက်တာ။ ကျနော်စမ်းမိတဲ့ ကုက္ကိုပင်ကြီးက ဆီလီကွန် ဂွမ်းနုတွေထည့်ထားတဲ့ ဖက်လုံးကြီးဖြစ်နေတယ်။ 

ဒါနဲ့ပဲ ဆက်မအိပ်ဖြစ်တော့ဘူး။ ကုက္ကိုပင်တွေဆီစိတ်က ရောက်သွားတယ်။ ကျနော့်ဇာတိမြို့လေးက ကျနော်နေတဲ့ ရပ်ကွက်လေးရဲ့ လမ်းတလျှောက် စီတန်းပြီးပေါက်နေတဲ့ ကုက္ကိုပင်တွေကို ပြန်လွမ်းသွားတယ်။ သတိရလိုက်တာ...။ 


တိရစ္ဆာန် ကြီးစိုးသောခေတ် ... (ကာတွန်း စောငို)


ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဘာကြောင့် အရေးကြီး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း လူထုဆက်ဆံရေးတာဝန်ခံ ဦးဂျင်မီ ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က ဆက်သွယ်ပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုးပမ်းလုပ်ဆောင်ချက်များကို ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။ 

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် လိုအပ်ချက်တွေကို အခုလာမယ့် မေလ ၁၇ ရက်နေ့ နဲ့ ၁၈ ရက်နေ့တွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်တို့က လူထုဟောပြောပွဲကြီးတွေလုပ်ပြီး ဟောပြောဖို့ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုတဲ့အထဲက ပုဒ်မ (၄၃၆) ကို ပြင်ဆင်နိုင်မှပဲ တခြားလိုအပ်တဲ့ပြင်ဆင်မှုတွေ ဆက်လုပ်နိုင်မှာဖြစ်တယ်လို့ အခုကျင်းပတဲ့ ဟောပြောပွဲတွေကို ဦးဆောင်စီစဉ်နေတဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လူထုဆက်ဆံရေးတာဝန်ခံ ဦးဂျင်မီ က ရှင်းပြပါတယ်။ 


Wednesday, May 14, 2014

အင်းစိန်ထောင်ရဲ့ အကျဉ်းကျနေ့တွေ (သို့မဟုတ်) ငရဲခန်းအတွင်းမှ ပျော်ရွှင်စရာနေ့ရက်များ - ၂ (ထက်ရာဇာ)

သီးသန့်ထောင်ဟာ တဖြည်းဖြည်းနဲ့ လွတ်လပ်သသထက် လွတ်လပ်လာတဲ့လို့ ပြောရမယ့်အချိန်ပါပဲ။ ဝန်ထမ်းတွေကလည်း ကျနော်တို့တိုက်ခန်းတွေကို အရင်ကလို သော့ခတ်မထားတော့ဘဲ မနက်မိုးလင်းတာနဲ့ သော့ဖွင့်ပေးထားပြီး ညဘက်ထောင်ပိတ်ချိန်မှ တိုက်ခန်းတံခါး ပြန်ပိတ်ပါတယ်။ နေ့လည်ပိုင်း တထောင်ထောင်လုံးလိုလို ကြိုက်တဲ့နေရာသွားလို့ရတဲ့ အခြေအနေဖြစ်လာပါပြီ။ 

နောက်တချက်က ဟင်းကို အရင်ကလို မီးခိုးမထွက်အောင် ပလပ်စတစ်မီးနဲ့ ချက်မနေတော့ဘဲ ကြုံရာသစ်ကိုင်းကျိုး သစ်တိုသစ်စတွေနဲ့ပဲ ပေါ်တင်ချက်ကြပါတော့တယ်။ ဝန်ထမ်းတွေကလည်း ပြဿနာမတက်ရင်တော်ပြီ သဘောထားကြပြီး သူတို့အတွက်ကလည်း ဟိုအခန်းက ဟင်းနည်းနည်း၊ ဒီအခန်းက ဟင်းနည်းနည်းနဲ့ အူစိုကြပြီကိုး။ နောက်ဆုံး လိုက်ကောက်လို့ရတဲ့ လောင်စာတွေက ရှားပါလာတဲ့အခါ သီးသန့်ထောင်ရဲ့အလယ်မှာတည်ရှိတဲ့ ထောက်လှမ်းရေး စစ်ကြောရေးအဆောင်ကြီးကို မျက်စောင်းထိုးကြပါတော့တယ်။ 


ဒို့အရေး ... ဒို့အရေး (ကာတွန်း စောငို)


Tuesday, May 13, 2014

တာဝန်သိမှ တရားရှင်သန် (ဇော်မင်း)

လွန်ခဲ့တဲ့ လေးငါးရက်လောက်က နိုင်ငံခြားတိုင်းပြည်တစ်ခုက သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းကို ဖတ်လိုက်ရတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုမျိုးလုပ်ရင် ဒီလိုမျိုး အကျိုးဆက်ရှိပါလားလို့ မှတ်သားရပါတယ်။ သတင်းက ဘာကိစ္စလဲဆိုတော့ အစိုးရဝန်ကြီးတစ်ပါး ပုဂ္ဂိုလ်ရေး အသုံးစရိတ်များနေတဲ့အပေါ်မှာ ဝေဖန်ခံရတာ ဖြစ်ပါတယ်။ အဲသလို အဝေဖန်ခံရပြီး နောက်တော့ အဲဒီဝန်ကြီးဟာ တာဝန်သိသိနဲ့ သူ့ရာထူးကနေ နှုတ်ထွက်ပေးခဲ့ပါတယ်။ ဝန်ကြီးရာထူးမှာ ရသလောက်တော့ နေဦးမဟဲ့ဆိုပြီး ကုတ်ကပ်နေတာမျိုး မလုပ်ပါဘူး။ 

အဲဒီ ဝန်ကြီးကတော့ လက်ရှိအာဏာရ ဗြိတိသျှအစိုးရရဲ့ ဝန်ကြီးတစ်ပါး ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့နာမည်ကတော့ မာရီယာ မီးလားလို့ ခေါ်ပါတယ်။ အဆိုပါ အမျိုးသမီးဝန်ကြီးရဲ့ တာဝန်ကတော့ ယဉ်ကျေးမှု၊ သတင်း မီဒီယာနဲ့ အားကစားရေးရာဝန်ကြီးဌာန ဖြစ်ပါတယ်။ အခုလက်ရှိ ဗြိတိန်နိုင်ငံမှာ အာဏာရယူထားတဲ့ နိုင်ငံရေး ပါတီက ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီပါ။ 


ဒိုနာစရိုက်၊ ဒိုနာလိုက်နဲ့ ဒိုနာကြိုက်များ… (ဝင်းနိုင်ဦး)

၁၉၉၉ ခုနှစ်လောက်။ တရက်မှာတော့ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ၊ အော်စလို၊ နော်ဝေ) ကို စကင်ဒီနေးဗီးယန်းနိုင်ငံတွေ အခြေစိုက် အလှူရှင် NGO တစ်ခု (နာမည်မေ့သွားပြီ။ World…ဘာညာ) ရောက်လာပါတယ်။ (စကင်ဒီနေးဗီးယန်းနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေတို့က ငွေကြေး အင်မတန်တောင့်တာကလား)။ သူတို့က မြန်မာပြည်ကို (စစ်အစိုးရအုပ်ချုပ်နေတာ ဘာညာ အသာထား) ကူညီချင်လွန်းလို့ နေမချိထိုင်မသာ ရွစိတက်နေတာ။

ဒီဗွီဘီ ရေဒီယိုက ဒေါက်တာစိန်ဝင်း အဝေးရောက်အစိုးရ (NCGUB)ရဲ့ အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်ပြန်၊ သူတို့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေနဲ့လည်း အလွမ်းသင့်ပြန်၊ သတင်းဌာနလည်းဖြစ်ပြန်ဆိုတော့ ယုံကြည်ရလောက်စရာတွေ ရှိတယ်ပေါ့။ ဒါနဲ့ လာ စနည်းနာတာပါ။ ကိစ္စက မြန်မာပြည်တွင်းကို ငွေကြေးထောက်ပံ့ချင်တယ်ပေါ့။ အဲဒါ ဘယ်လို အနေအထား ရှိမလဲပေါ့။


လုပ်ချင်အုံးဟဲ့ ... သတင်းထောက် (ကာတွန်း စောငို)


Monday, May 12, 2014

အင်းစိန်ထောင်ရဲ့ အကျဉ်းကျနေ့တွေ (သို့မဟုတ်) ငရဲခန်းအတွင်းမှ ပျော်ရွှင်စရာနေ့ရက်များ (ထက်ရာဇာ)

ထောင်အကြောင်းရေးမယ်ဆိုရင် နာကျည်းမှုတွေ၊ နာကျင်မှုတွေ၊ ခါးသီးခံပြင်းမှုတွေနဲ့ ပြည့်နှက်နေသလိုပဲ ထောင်ထဲမှာ ကျနော်တို့ဟာ ကိုယ့်ဘဝရှင်သန်ရည်တည်ရေးအတွက် ဘဝကို မပျော် ပျော်အောင် ဖန်တီးနေခဲ့ရတဲ့ နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ထောင်ကျနေတဲ့ အကျဉ်းသားတယောက်အဖြစ် မေ့ထားပြီး ကိုယ်နဲ့ အတူနေနေတဲ့ ထောင်ကျ ရဲဘော်ရဲဖက်တွေကို မိသားစုလိုနေထိုင်ရင်း ကျနော်တို့ သံတိုင်နဲ့ အုတ်ရိုးကြားက အကျဉ်းကျညတွေကို အတူတကွ ဖြတ်သန်းခဲ့ကြဖူးပါတယ်။ 

ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါးပြောရရင် ထောင်ထွက် နိုင်ငံရေးအကျဉ်းသားခြင်း ဘာဖြစ်လို့ ဒီလောက် သံယောဇဉ်တွေဖြစ်ကြသလဲလို့မေးရင် လင်မယား ၂ ယောက်တောင် ၂၄ နာရီအတူတကွ ဘယ်လိုမှမရှိနိုင်ပေမယ့် ကျနော်တို့တတွေကတော့ ၈ ပေပတ်လည် တိုက်ခန်းကျဉ်းထဲမှာ ၂၄ နာရီလုံးလုံး နေ့ရောညပါ အတူတကွ နေထိုင်ခဲ့ကြရလို့ပဲဖြစ်ပါတယ်။ 


Sunday, May 11, 2014

ဆွေးနွေးပွဲ ဇာတ်မျောကြီး (ဗသြ)

 
တလမ်းလုံး ကြော်ငြာတွေ တဖွေးဖွေးကမ်းဝေတဲ့ တခေတ်တချိန်က ရုပ်ရှင်ကြော်ငြာကားကြီးလို ထုတ်ပြန်ချက်တွေ တထုတ်တည်းထုတ်ပြီး ကျင်းပနေတဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဟာ တရွေ့ရွေ့တိုးလာခဲ့ပါတယ်။ ဒါပေမယ့် ခြားနားတာတခုက ရုပ်ရှင်ကြော်ငြာကားက သာမန်ဆိုင်းတီးတာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာတော့ နောက်ခံက သေနတ်သံတွေ အမြဲကြားနေရတာပါပဲ။ 

နှစ်နဲ့ချီပြီး အချိန်ကြာလာပြီးဖြစ်တဲ့ ဒီဆွေးနွေးပွဲစဉ်မှာ အခုထက်ထိ မူကြမ်းတခုတောင် မယ်မယ်ရရ ဆုပ်ဆုပ်ကိုင်ကိုင် ပြစရာမရှိသေးပေမယ့် ဒီကာလအတွင်း စစ်ပွဲတွေအတွင်းသေတဲ့ နှစ်ဖက် တပ်သားနဲ့ အရပ်သား အရေအတွက်ကတော့ မနည်းလှဘူးဆိုတာ ဝန်ခံရမယ်။ နောက်ပြီး ကိုယ့်အိုးကိုယ့်အိမ်ကို ပစ်ပြီးပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ဟာလည်း တိုးပြီးရင်း တိုးနေပါတယ်။ အဆိုးဆုံးကတော့ နှစ်ဖက်သဘောတူ သတင်းထုတ်ပြန်ချက်ဆိုတာ ထွက်လာပြီး နောက် တရက်၊ နှစ်ရက်လောက်အနေမှာပဲ သေနတ်သံတွေ ထွက်လာတဲ့ကိစ္စမျိုးပဲ ဖြစ်ပါတယ်။ 

သိပ်သတိထားသင့်တဲ့ အချက်တချက်က ဗိုလ်ခင်ညွန့် လက်ထက်ကစလို့ ဒီနေ့အထိ တိုင်းပြည်မှာ သူတို့နဲ့ တိုက်နေတဲ့အထဲက အင်အားအကြီးဆုံးလို့ဆိုရမယ့် လက်နက်ကိုင်တပ်ဖွဲ့ကြီးတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေရခဲ့ပြီး တချို့ဆိုရင် စစ်အစိုးရရဲ့လက်အောက်ခံ ပြည်သူ့စစ်တွေတောင် ဖြစ်သွားပြီလို့ ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းတာက ဒီလို စစ်တပ်သုံးရမယ့် အခြေအနေတွေ “လျော့ပါး” လျက်ရှိပါတယ်ဆိုတဲ့ အကြားကပဲ သူတို့စစ်တပ်ကို တနေ့ပြီးတနေ့ တရက်မလပ် တပ်အင်အားတွေ မတရားတိုးချဲ့၊ လက်နက်သစ်တွေအမျိုးမျိုး တပ်ဆင်နေတာပါပဲ။