ခုနှစ်သက္ကရာဇ်တော့ မမှတ်မိတော့ဘူး၊ သေချာတာကတော့ အိန္ဒိယမှာ လူပျိုကြီး မစ္စတာ အဗ္ဗဒူကာလမ် (Mr. A.P.J. Abdul Kalam) က သမ္မတဖြစ်ပြီး နောက်လူပျိုကြီးတယောက်ဖြစ်တဲ့ မစ္စတာ ဗာ့ခ်ျပါယီး (Mr.Atal Bihari Vajpayee) က ဝန်ကြီးချုပ်ဖြစ်နေချိန်မှာ အိန္ဒိယအလှမယ်နှစ်ယောက် တယောက်က မယ်ကမ္ဘာဖြစ်ပြီး နောက်တယောက်က မယ်စကြာဝဠာ ဖြစ်လာတယ်။ ဒီတော့ အိန္ဒိယသားကုလားတွေ အုတ်အော်သောင်းသဲ ချီးမွမ်းကြဂုဏ်ပြုကြ ဝမ်းမြောက် သဝဏ်တွေပို့ကြနဲ့ သမ္မတကော ဝန်ကြီးချုပ်၊ ဝန်ကြီး ဝန်ကလေးမကျန် သဲသဲလှုပ်နေကြတယ်။
အဲဒီအချိန်မှာ သတင်းသမားတယောက်က
အနောက်ဘင်္ဂလားနယ် ဝန်ကြီးချုပ်ဖြစ်တဲ့ မာ့က္ခဝါဒီ မစ္စတာ ဂျိုတီဘာဆူး (Mr. Jyoti Basu) ကို သွားဆွတယ်။ သူက ဘာမှမပြောဘဲ ငြိမ်နေတာကိုး၊ အလှမယ်တယောက်ကဆို သူ့ပြည်နယ်က ဘင်္ဂါလီမလေး။ ဒီတော့ မစ္စတာ ဘာဆူးက “ဖောက်ပြန်တဲ့ အရင်းရှင်တွေရဲ့ ပြည့်တန်ဆာ အိမ်ထောင်ရေးစနစ်ထဲက ဗန်းပြ သားစပ်လုပ်ငန်းမှာ ဆုရတာ ဘာဂုဏ်ယူစရာရှိလို့လဲ” လို့ ပြန်ဖြေလိုက်တာ အိန္ဒိယတပြည်လုံး ငြိမ်သွားရော၊ သမ္မတတို့ ဝန်ကြီးချုပ်တို့လည်း ရှက်ကိုးရှက်ကန်းတွေဖြစ်ကျန်ခဲ့ရော။
ခုလည်း ဗမာပြည်မှာ ဒီလုပ်ငန်းနဲ့ပတ်သတ်ပြီး လူမျိုးရေးအထိချဉ်းတဲ့ အငြင်းပွားမှုတွေဖြစ်နေတာ တွေ့ရတယ်။ အဲလောက်ထိ ဖြစ်သင့်လို့လား၊ ဖြစ်ထိုက်လို့လား။ တကယ်တော့ အငြင်းပွားမှုဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပုံစံကနေ သွေဖယ်ပြီး ဖြစ်လာတယ်။ ဘယ်က ဘာပယောဂတွေ ဘယ်လောက်ပါလဲတော့ မသိနိုင်ဘူး။
ခေတ်အဆက်ဆက်က အာဏာပိုင်တွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှု၊ နိုင်ငံရေးသတ္တိကင်းမဲ့မှု၊ တာဝန်မဲ့မှု၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာမဲ့မှုရဲ့ အကျိုးဆက်ကြောင့်ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမွတ်ဆလင်များရဲ့ ခိုးဝင်အခြေချမှု နယ်မြေပြဿနာဟာ ဘာသာရေးဆန်ဆန် မွတ်ဆလင်ဆန့်ကျင်ရေး အသွင်ပြောင်းသွားခဲ့လို့ တပြည်လုံးမီးတောက်ပြီး ဘာသာကွဲတဲ့ ပြည်သူတွေအချင်းချင်းတွေကြား သံသယများနဲ့ မလုံခြုံတဲ့ဘဝကို ရောက်သွားရတယ်။ တချို့သာ ဗမာမွတ်ဆလင် အထူးသဖြင့် ပြည်ပရောက်တွေရဲ့ပြဿနာကို အမျိုးသားအကျိုးစီးပွားထက် ငါ့ဘာသာ ငါ့အယူဆိုပြီး မျက်စိမှိတ်ရပ်တည်ပြောဆို လုပ်ကိုင်ဆောင်ရွက်တွေကလည်း မီးလောင်ရာလေပင့် ဖြစ်ခဲ့တယ်။
နောက်ဆုံး ရာစုနှစ်တွေချီပြီး အတူယှဉ်တွဲနေထိုင်လာကြတဲ့ တိုင်းရင်းသား ရခိုင်နဲ့ ကမန်အမျိုးသားတွေအကြား အပြန်အလှန် မယုံမကြည် သတ်ဖြတ်တဲ့အထိ ဖြစ်လာတယ်။ ကမန်အမျိုးသားတွေရဲ့ ခိုကိုးရာမဲ့အခြေအနေက ကြေကွဲခံစားနာကျင်စရာဖြစ်သလို ရခိုင်အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကလည်း လျစ်လျူရှုလို့မရတဲ့ အရေးကိစ္စ ဖြစ်ပါတယ်။ ဒီအရေးကိစ္စဟာ အထက်မှာပြောခဲ့သလို ခေတ်အဆက်ဆက်က အာဏာပိုင်တွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှု၊ နိုင်ငံရေးသတ္တိကင်းမဲ့မှု၊ တာဝန်မဲ့မှု၊ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာမဲ့မှုရဲ့ အကျိုးဆက်ကြောင့်ဖြစ်ခဲ့ရတဲ့ နိုင်ငံ့အရေးကိစ္စသာ ဖြစ်ပါတယ်။ တာဝန်မဲ့ခဲ့သူတွေက တာဝန်မရှိခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေကြားကို ပစ်ချခဲ့လို့ မီးတောက်ခဲ့တာ ဖြစ်ပါတယ်။
ခုလည်း ဘာမဟုတ်တဲ့ မယ်ကိစ္စကိုအခြေခံပြီး လူမျိုးရေးဆန်ဆန် တရုတ်ဆန့်ကျင်ရေး စည်းရုံးလှုံ့ဆော်မှုတွေ ဖြစ်လာတယ်။ ပြောရမယ်ဆိုရင် ဒါဟာလည်း မွတ်ဆလင်ဆန့်ကျင်ရေးလိုပဲ အာဏာပိုင်တွေရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ နိုင်ငံရေးသတ္တိ ကင်းမဲ့မှု၊ တာဝန်မဲ့မှု၊ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာမဲ့မှုရဲ့ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံ့အရေး အကြပ်အတည်းပြဿနာကို တာဝန်မရှိခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေကြားကို ပစ်ချဖို့ကြိုးစားတာ ဖြစ်ပါတယ်။ လူထုကြားမှာလည်း တရုတ်နဲ့ပါတ်သက်ရင် မကျေလည်နိုင်စရာအချက်တွေ ရှိနေတယ်။
တရုတ်ပြည်က တရုတ်တွေဟာ စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး တိုင်းပြည်ထဲက သယံဇာတအရင်းအမြစ်တွေကို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ အချောင်နှိုက်တာတွေ၊ လက်ပတောင်းတောင်ကို ဇွတ်အဓမ္မဖြိုဖျက်ဖို့တင်မက ဘိုးဘွားအမွေ သာသနိက အဆောက်အုံတွေကိုပါ မလေးမစား ဖျက်ဆီးမယ်တကဲကဲလုပ်နေတာတွေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာအကျိုးမှမရတဲ့ မြစ်ဆုံရေကာတာနဲ့ ကျောက်ဖြူ ကူမင်းပိုက်လိုင်းကစ္စနဲ့ အဲဒီ စီမံကိန်းတွေထဲ ကျရောက်နေတဲ့ ပြည်သူတွေရဲ့ အတိဒုက္ခတွေကိုလစ်လျူရှုပြီး ခါပိုက်ဆောင် ဗမာစစ်အာဏာရှင်တွေကို အသုံးချ ထင်ရာကြဲနေတာတွေဟာ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့သူတိုင်းအတွက် ခံပြင်းနာကျည်းစရာတွေပါ။
ဒီကြားတည်း ဘာမဟုတ်တဲ့ မယ်ရွေးပွဲမှာ မဟုတ်မဟတ်လုပ်ကြံပြီး လူတကာအော့နှလုံးနာတဲ့ လူ့တိရိစ္ဆာန်တွေရဲ့ အလိုကျဖန်တီးသွားတာက လူအများအတွက် ခံပြင်းဒေါသပေါက်ကွဲစရာ ဖြစ်လာတယ်။ ကလေးမလေးက တရုတ်ဖြစ်နေတယ်။ ကျနော့်အတွက် မယ်ရွေးပွဲမှာ ဘယ်သူ ဘာလူမျိုးဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒါပေမယ် သူတို့လုပ်ပုံ မတော်မတရားနိုင်လွန်းလို့ ဖဘ မှာ ဝေဖန်ချက်တခု ပေးမိပါတယ်။ ဒီလုပ်ပွဲကြီးမှာ အဓိကပါဝင်သူတဦးဖြစ်တဲ့ အဆိုတော် အယ်ခွန်းရီက ကလေးမကို ဝိုင်းလက်ညှိုးထိုးကြသူတွေကို ရန်တွေ့တဲ့စာမှာ အောက်ကအတိုင်း ပြောခဲ့တာပါ။
“အားကစားဝန်ကြီးဋ္ဌာနရဲ့ လမ်းညွှန်ကြီးကြပ်မှု၊ ကူညီပံ့ပိုးပေးမှုတို့နဲ့အတူ Hello Madam Co. က ငွေကြေးများစွာ အကုန်အကျခံပြီး Miss Universe ပြိုင်ပွဲမှာ နိုင်ငံ့ကိုယ်စားပြုပါဝင်ပြီး
သွားရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ၃.၁၀.၀၁၃ ရက်နေ့က မယ်ရွေးပွဲကျင်းပခဲ့ပါတယ်...
အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဉာဏ်များကိုပါရယူပြီး သမာသမတ်ကျတဲ့ ကျမတို့ဒိုင်တွေက မှန်မှန်ကန်ကန် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ကြတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်... ဒါကြောင့် သားသမီးချင်း နှမချင်း ကိုယ်ချင်းစာနာပြီး အကောင်းမြင်စိတ်ကလေးနဲ့ ပြန်လည် သုံးသပ်ပေးကြစေချင်ပါတယ်”
(မမ လဇွန်ခွန်းရီ စာမျက်နှာမှ ကူးယူပါသည်)
Kyaw Than
... သူ့သဘောထားနဲ့ လူလုံးပြပုံက လုံးဝ မှားတယ်။ ဒါပေမယ့် စာနာလို့ ဘာမှသိပ်မပြောပါ။ သို့သော်လည်း ဒီရွေးပွဲ လုပ်ပွဲကြီးမှာ ကိုယ်နှစ်သက်ခဲ့တဲ့ အဆိုတော် အယ်ခွန်းရီပါနေတာသိရတော့ စိတ်မကောင်းပါ။ ပြန်စဉ်းစားတော့ မအံ့သြပါ။ မဆလ အဆွယ်အပွားဆိုတော့ ဇာတိပေါ်လာရတာပဲ။
P N
... ကိုယ့်နိုင်ငံ ကိုယ်စားပြုသွားမှာကို ဘာလို့ မဆလ က ပါလာရတာလဲ။
Kyaw Than
... မဆလ၊ တစည၊ နဝတ၊ နအဖ၊ ခုကြံ့ဖွတ် အားလုံးဟာ စစ်အာဏာရှင်သီတံတခုတည်းက ဖားစားတဲ့ စားဖားများသာ ဖြစ်ပါတယ်။ ကွာခြားချက်က အဟောင်းနဲ့အသစ် လက်ရှိအာဏာကိုင်ထားနိုင်သူနဲ့ လက်လွတ်နေသူပဲ ကွာပါတယ်။ တခါတလေ ခွက်စောင်းခုတ်ကြတာကလွဲလို့ အတွေးအကြံ အမူအကျင့်နဲ့ ဘုံအကျိုးစီးပွားက တူပါတယ်။ လူတွေက အဲဒါတွေကိုရွံတယ်။ အဲဒါတွေနဲ့ပါတ်သက်ရင် လက်မခံနိုင်ဘူး။ ဒါကြောင့် ပြိတ္တာငရွှေ အနွယ်တွေရဲ့ အလိုဆန္ဒအရ ဒီကလေးမလေးကို ဝိုင်းအသုံးချဖို့ ကြိုးစားကြတာပဲ။ သူတို့အကျိုးစီးပွားအတွက် လုပ်ဇာတ်ကြီးကို ဝိုင်းကကြတာ၊ အယ်ခွန်းရီ မပြောနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းဆိုတဲ့ ဗွီအိုအေက လူလည်ပွဲစားအချောင်သမား သန်းလွင်ထွန်း ခေါ် အောင်နိုင်တောင်ပါသေးတယ်။ သူလည်း တချိန်က မဆလ ရေပေါ်ဆီအနွယ်ပဲ။ လူတွေက အဲဒါတွေကို ရွံတယ်။ အဲဒါတွေနဲ့ပတ်သက်ရင် လက်မခံနိုင်ဘူး၊ အဖြေက ဒါပဲ။
ပြီးတော့ …
ဒီကလေးမလေး ထွက်လာတာက ပြိတ္တာ ငရွှေမြေး အော့ကျောလန် ဖိုးလပြွတ်နဲ့ ပြောတဲ့စကားက မိခင်နဲ့ကလေး ပေါင်မုန့်ထောပတ်သုပ်အဖွဲ့တို့ ထူးဖောင်ဒေးရှင်းတို့နဲ့မှ လက်တွဲဆောင်ရွက်မယ်ဆိုတော့ လူတကာရွံရှာတဲ့ အသိုင်းအဝိုင်းရဲ့နောက်ကွယ်က အကြံယုတ်တွေပေါ်ကုန်ရော။
ဒီပေါက်ကွဲ အငြင်းပွားမှုဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပုံစံကနေ သွေဖယ်ပြီး ဖြစ်လာတယ်။ မယ်ကိစ္စကိုအခြေခံပြီး လူမျိုးရေးဆန်ဆန် တရုတ်ဆန့်ကျင်ရေး စည်းရုံးလှုံ့ဆော်မှုတွေ ဖြစ်လာတယ်။ ဒါကိုအခြေခံပြီး ဗမာတွေဟာ ဘာကိစ္စပဲဖြစ်ဖြစ် လူမျိုးရေးအစွန်းရောက်တယ်၊ ဘာသာရေးအစွန်းရောက်တယ်လို့ ပုံဖော်လာတာတွေ တွေ့လာရတယ်။ အတွင်းအပြင်က ပယောဂတွေ ဝင်လာတယ်။
တကယ်တမ်းဆို မယ်ရွေးပွဲမှာ ဘယ်သူဘာလူမျိုးဖြစ်ဖြစ် အရေးမကြီးပါဘူး။ လုပ်နည်းလုပ်ဟန် ဘယ်လောက် သမာသမတ်ကျလည်း၊ ဘယ်သူတွေနဲ့ ဘာကိုကိုယ်စားပြုသလဲက ပိုပြီး အရေးကြီးပါတယ်။
လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်မှာ လူမျိုးတိုင်းက တိုင်းပြည်ကို ကိုယ်စားပြုခွင့်ရှိပါတယ်။ နိုင်ငံသားတွေဖြစ်တဲ့ ဗမာပြည်ဖွား ဗမာပြည်သား တရုတ် ကုလားတွေလည်း ကိုယ်စားပြုနိုင်တာပဲ။ အရေးကြီးတာက ကိုယ်စားပြုမယ့်သူဟာ တိုင်းပြည်နဲ့ လူမျိုးကို ကိုယ်စားပြုနိုင်လောက်တဲ့ အတွေးအမြင်၊ အသွင်အပြင်၊ အပြောအဆို၊ အမူအကျင့်တွေနဲ့ ပြည့်စုံဖို့ပဲလိုပါတယ်။ မှတ်မိသလောက် တချိန်တုန်းက ကုလားကြီး ဆရာကျားဘညိမ်းဟာ ခေါင်းပေါင်းကြီးနဲ့ တိုင်းပြည်ကိုကိုယ်စားပြုပြီး ဗမာကွလို့ လက်မထောင်ပြီး ကမ္ဘာလှည့်လက်ဝှေ့ထိုးခဲ့သေးတာပဲ။ လူတွေကလည်း အားရကျေနပ် ချီးမွမ်းခဲ့ကြရတာပဲ။ ဒီတော့ ကိုယ်စားပြုတယ်ဆိုတာ လူမျိုးထက် တိုင်းပြည်နဲ့လူမျိုးကို ကိုယ်စားပြုနိုင်လောက်တဲ့ အတွေးအမြင်၊ အသွင်အပြင်၊ အပြောအဆို၊ အမူအကျင့်တွေနဲ့ ပြည့်စုံဖို့ပဲ လိုပါတယ်။ လုပ်နည်းလုပ်ဟန် ရွေးနည်းရွေးဟန်ကလည်း သမာသမတ်ကျဖို့လည်း လိုပါတယ်။
ဒါကြောင့် အထူးပြောလိုတာက စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး တိုင်းပြည်ထဲက သယံဇာတ အရင်းအမြစ်တွေကို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ အချောင်နှိုက်တာတွေ၊ လက်ပတောင်းတောင်ကို ဇွတ်အဓမ္မဖြိုဖျက်ဖို့တင်မက ဘိုးဘွားအမွေ သာသနိက အဆောက်အုံတွေကိုပါ မလေးမစား ဖျက်ဆီးမယ်တကဲကဲလုပ်နေတာတွေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာအကျိုးမှမရတဲ့ မြစ်ဆုံရေကာတာနဲ့ ကျောက်ဖြူ - ကူမင်း ပိုက်လိုင်းကစ္စနဲ့ အဲဒီစီမံကိန်းတွေထဲ ကျရောက်နေတဲ့ ပြည်သူတွေရဲ့ အတိဒုက္ခတွေကိုလျစ်လျူရှုပြီး ခါပိုက်ဆောင် ဗမာစစ်အာဏာရှင်တွေကို အသုံးချထင်ရာကြဲနေတဲ့ တရုတ်ပြည်က တရုတ်တွေအပေါ် ခံပြင်းနာကျည်းချက်တွေကို ဘာမဟုတ်တဲ့ မယ်ကိစ္စနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပုံစံကနေ သွေဖီမသွားစေပဲ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့သူတိုင်း နည်းမှန်လမ်းမှန်နဲ့ ဆန့်ကျင်တိုက်ဖျက်သွားဖို့ လိုပါတယ်။
ရဲဘော်ကျော်သန်း
၁၀၊ ၁၀၊ ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment