Saturday, October 12, 2013

သူတို့လည်း အရေးကြီးတော့ သွေးစည်းကြပြီပေါ့ - ဖိုးသံ (လူထု)

two-monkeys-sitting-back-to-back

ဘယ်တိုင်းပြည်မဆို ဒီလိုပဲဖြစ်လိမ့်မယ်ထင်ပါတယ်။ တိုင်းပြည်တခုရဲ့ နိုင်ငံရေးမှာအပေါ်မှာ ပေါ်လွင်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ အလွယ်တကူမမြင်သာတဲ့ နိုင်ငံရေးအခြေအနဆိုပြီး တည်ရှိနေတတ်ပါတယ်။ တကယ် နိုင်ငံရေးလုပ်သူ၊ နိုင်ငံရေးအကဲခတ် လေ့လာသူတွေဟာ အဲဒီကွယ်ဝှက်နေတဲ့ နိုင်ငံရေးကို ရှာဖွေကြည့်တတ်ဖို့နဲ့ မပြတ်စောင့်ကြည့်နေဖို့ လိုပါတယ်။ အကြောင်းက တိုင်းပြည်ရဲ့ နိုင်ငံရေးကို တကယ်အဆုံးအဖြတ်ပေးတာဟာ အဲဒီအပေါ်လွှာအောက်က တကယ့် နိုင်ငံရေးအနှစ်၊ နိုင်ငံရေးပဋိပက္ခဖြစ်နေတတ်လို့ ပါပဲ။ တချိန်ထဲမှာ ထောက်ပြသင့်တာတခုက တချို့သော အာဏာရအစိုးရတွေဟာ တကယ့်နိုင်ငံရေးကို ဖုံးကွယ်ထားတာ၊ အားလုံးက အပေါ်ယံနိုင်ငံရေးဆီကို အာရုံရောက်နေအောင် အခြေအနေတွေဖန်တီးထားတာတွေ လုပ်လေ့ရှိတယ်ဆိုတာပါပဲ။ 

အခုလို အစပျိုးနေတာက ဒီနေ့ဗမာပြည်မှာ အကြိတ်အနယ်ဖြစ်နေတဲ့ အားပြိုင်ပွဲကြီးတခုကို ထောက်ပြချင်လို့ ဖြစ်ပါတယ်။ ဒါကို သတိထားမိသူလည်းရှိ၊ သတိမထားမိသူလည်း ရှိပါမယ်။ ဒါပေမယ့် အာဏာရအစိုးရအတွက်တော့ ဒီကိစ္စဟာ သေရေးရှင်ရေး၊ အသက်တမျှ အရေးကြီးနေပါတယ်။ 


သတင်းစာမျက်နှာဖုံးတွေမှာကတော့ အာစီယံဥက္ကဋ္ဌဖြစ်တာ၊ “အပစ်ရပ်ဆွေးနွေးပွဲ” ကျင်းပတာ စတာတွေက လွှမ်းမိုးနေပါတယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ ဒီကိစ္စတွေမတည်ရှိ၊ ဒါမှမဟုတ် မအောင်မြင်လည်း လက်ရှိ အာဏာရ စစ်ဗိုလ်ချုပ်တွေကို နည်းနည်းမှ ခြိမ်းခြောက်ရာရောက်မှာ မဟုတ်ပါဘူး။ 

ဒီလိုနဲ့ ဗိုလ်သိန်းစိန် စစ်အစိုးရဟာ လက်တွေ့လုပ်ရင်းလုပ်ရင်းနဲ့ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အခက်အခဲ၊ အကြပ်အတည်းတွေကို ကြုံတွေ့ရတဲ့ပြဿနာနဲ့ ကြုံတွေ့လာရပါတယ်။ ဒီအခါမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တွေကိုပြင်ဖို့ဆိုတဲ့ကိစ္စကို ပြောဆိုဆွေးနွေးလာကြပါတယ်။ ဒီလိုနဲ့ ဒီကနေဆက်ပြီး ဘယ်အချက်တွေကိုပြင်မှာလဲ၊ အသစ်ရေးဆွဲတာပဲကောင်းတယ် စတဲ့ အယူအဆတွေလည်း ပေါ်ထွက်လာပါတယ်။ 

ဒီအခါမှာ ဗမာပြည်စစ်အုပ်စု ဝံသာနုသစ္စာကို စောင့်သိရိုသေရသူများ ကိုယ့်နည်းနဲ့ကိုယ် တုံ့ပြန်ကြပါတော့တယ်။ ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်ဌေးဦး၊ ဦးအောင်မင်း၊ ဦးဟန်ရွှေ (တစည ပါတီ) စသူတွေက အကြောင်းကိစ္စအမျိုးမျိုးရှာပြီး သူတို့သဘောထားတွေကို ပြောထွက်လာကြတာကို အားလုံးပဲ သတိထားမိမယ် ထင်ပါတယ်။ 

ဗိုလ်မင်းအောင်လှိုင်က တိုင်းပြည်ကိုချုပ်ကိုင်ထားတဲ့ စစ်တပ်ကြီးကိုယ်စား၊ ဗိုလ်ရွှေမန်းက အဲဒီစစ်ဗိုလ်တွေရဲ့ အစိုးရကိုယ်စား၊ ဗိုလ်ဌေးဦးက ကြံ့ဖွတ်ပါတီကိုယ်စား၊ နောက်ပြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးပြဇာတ် ဒါရိုက်တာကြီးအနေနဲ့ပြောတာလို့ ဆိုနိုင်ပါတယ်။ တစည ပါတီကတော့ အရင်စစ်အုပ်စုရဲ့ အကြွင်းအကျန်တွေကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။ အရေးကြီးပြီဆိုတော့ သွေးနီးရာစုစည်းကြတော့တာ ဖြစ်ပါတယ်။ အထက်ကပြောခဲ့တဲ့သူတွေ ပြောကြတာတွေထဲမှာ တယောက်နဲ့တယောက် လေသံတွေ ကွဲကောင်းကွဲကြပေမဲ့ အဓိပ္ပာယ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံအချက်တွေကို ပြင်မယ်မကြိုးစားနဲ့လို့ သတိပေးကြတာပါပဲ။ 

အခြေခံအချက်ဆိုတာက တိုင်းပြည်နဲ့လွှတ်တော်ကို စစ်တပ်ကပဲ ချုပ်ကိုင်သွားနိုင်စေမယ့် အခန်း (၃) ပုဒ်မ ၅၉၊ အခန်း(၅) ပုဒ်မ၂၀၁ တို့လိုအချက်တွေ (တခြားလည်း ရှိပါသေးတယ်) ဖြစ်ပါတယ်။ တချို့ကဆိုရင် ဖွဲ့စည်းပုံကိုပြင်ရင်၊ အသစ်ပြန်ရေးရင် စစ်တပ်က ပြန်အာဏာသိမ်းလိမ့်မယ်လို့တောင် မျက်ကလဲဆံပြာ ပြောကြပါတယ်။ သူ့တို့အထင်မှာ ဒီလိုအဆိုးဆုံးအန္တရာယ်နဲ့ လှန့်လိုက်ရင် အဲဒီ ပြင်ချင်၊ အသစ်ရေးချင်သူတွေ လန့်သွားမယ်၊ တုန့်သွားမယ်လို့ ယူဆဟန်တူပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ စစ်တပ်ကအာဏာသိမ်းတာကို တရားဝင် အတည်ပြုပေးထားတဲ့ကိစ္စမျိုးတွေပါနေလို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လိုတယ်၊ ဖျက်ပစ်ဖို့လိုတယ်လို့ ပြောဆိုနေကြချိန်မှာ ဒီလို စစ်တပ်က အာဏာသိမ်းလိမ့်မယ်လို့ ထောက်ပြတဲ့လူဟာ သူကိုယ်တိုင်တော့ဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့/ဖျက်ဖို့ မပြောဝံ့ပါဘူးလို့ ဝန်ခံလိုက်တာဖြစ်သလို တခြားလူတွေကိုလည်း မိုးခါးရေသောက်ခိုင်းသလို ဖြစ်နေပါတယ်။ 

သူတို့နဲ့မတူ ပိုမိုပြတ်သားတယ်လို့ ပြောရမယ့် နောက်ပြောနည်းတခုကတော့ ကာလုံ အကြီးအကဲကြီး ဗိုလ်မင်းအောင်လှိုင်ပြောသလို “တပ်မတော်က ဒီအခြေခံဥပဒေကို ကာကွယ်သွားမယ်” လို့ ပြောတာပါပဲ။ ဆိုလိုတာ ဒီအခြေခံဥပဒေကိုထိရင် ငါတို့စစ်တပ်နဲ့တွေ့မယ်လို့ ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ 

ဒီလိုအချိန်မှာပဲ ဗိုလ်ရွှေမန်းဟာ သူ သမ္မတ လုပ်ချင်တယ်ဆိုတာကို ပီပီပြင်ပြင်၊ တိတိလင်းလင်း ထပ်မံပြောသံလည်း ထွက်လာပြန်ပါတယ်။ ဒါလည်း တိုက်ဆိုင်မှုမဟုတ်နိုင်ဘူး ထင်ပါတယ်။ သူတို့တပ်ကို သူ့အနေနဲ့ တောင့်ထားပါကြောင်း၊ အားတင်းထားပါကြောင်း သူတို့ကို ယုံကြည်အောင် အာမခံချက်ပေးနေတာ ဖြစ်နိုင်ပါတယ်။ 

သေချာတာကတော့ အခုလိုသူတို့စစ်အုပ်စု တည်တံ့ရေး၊ အာဏာတည်မြဲရေး ပြဿနာနဲ့ပတ်သက်လာရင် သူတို့တတွေ တပြုံတမကြီး ရှေ့ထွက်ပြီး အသံပေးကြ၊ မာန်ဖီပြကြတယ် ဆိုတာပါပဲ။ နောက်ပြီး သူတို့တတွေဟာ ဘယ်အသွင်နဲ့ပဲ ရပ်တည်နေနေ တသွေးထဲ တသားထဲရှိကြောင်း ဖော်ပြကြတာလည်း ဖြစ်ပါတယ်။ စစ်တပ်ကဆိုရင် မိုးပေါ်ကို သေနတ်ထောင်ပစ်မပြရုံတမယ်ပါ။ 

တကယ်ကတော့ ဒီ ဗိုလ်သန်းရွှေတို့ စိတ်တိုင်းကျရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအုပ်ချုပ်ပုံကို ဖျက်ဖို့မပြောနဲ့ ပြင်ဖို့ (အရေးပါတဲ့ ပုဒ်မတွေ) ဆိုတာတောင် မဖြစ်နိုင်ဘူးဆိုတာ ပြည်တွင်းပြည်ပက နိုင်ငံရေးအကဲခတ်တိုင်း သိကြပါတယ်။ ဥပဒေကို အများကြီး နားမလည်သူတောင်မှ ဒါကို သတိထားမိကြပါတယ်။ ဒီလိုအနေအထားရှိနေလျက်နဲ့ အခုလို အငြင်းအခုံတွေ၊ ကြောင်ရေချိုးတာတွေဖြစ်ကုန်တော့ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်းတို့တတွေရဲ့ အကွက်ထဲကို ဂွဲခနဲ ဝင်သွားတယ်လို့ပဲ ပြောရပါလိမ့်မယ်။ 

ဒီလိုပြောရတဲ့အကြောင်းက ဒီလိုအဖြေမထွက်မယ့် အငြင်းပွားမှုတွေကို ခွင့်ပြုလိုက်ခြင်းအားဖြင့် သူတို့အနေနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ခွင့်ပြုထားတယ်ဆိုတဲ့ နာမည်ကောင်းလည်းရသွားပြီး တဖက်မှာကျတော့ သူတို့နဲ့ တဖွဲ့တည်းမဟုတ်သူတွေအကြားမှာ အငြင်းအခုံတွေနဲ့ အက်ကြောင်းတွေ ထပ်ပေါ်၊ သူတို့စစ်တပ်အတွင်းမှာကျတော့ သူတို့စစ်ခေါင်းဆောင်တွေဟာ စစ်တပ်အကျိုးအတွက် လုပ်နေတယ်ဆိုတဲ့ ယုံကြည်မှုတည်ဆောက်ခွင့် ထပ်ရသွားပါတယ်။ ဒါ့အပြင် စစ်အစိုးရအနေနဲ့ သူတို့နဲ့မတူသူတွေထဲမှာ ဘယ်သူကတော့ မာတယ်၊ ဘယ်သူကတော့ ပျော့တယ်၊ ဘယ်သူကတော့ မာတယ်ဆိုတာလည်း တချီထပ်စမ်းသပ်ခွင့် ရသွားပါတယ်။ စစ်အစိုးရဘက်က ပြတ်ပြတ်ရပ်သူတွေအပြင် မဟုတ်တာမခံဘူးဆိုတဲ့လူလည်း တွေ့ရ၊ ရေလိုက်ငါးလိုက်ပေါ့ ဆိုတဲ့လူလည်းတွေ့ရ၊ နှာစေးတဲ့လူလည်း တွေ့ရပါလိမ့်မယ်။      ။

ဖိုးသံ (လူထု)


 

No comments: