Tuesday, October 22, 2013

ဘောင့်စ် (မင်းသိုက်)

၁၉၉၀ လွန်အချိန်များတုန်းက ဘန်ကောက်မှာ ကပ်သပ်ခိုကပ်နေရတဲ့ အိမ်တစ်အိမ်ရှိတယ်။ ရန်ကုန်မှာကတည်းက အစ်ကိုတစ်ယောက်လို ရင်းနှီးတဲ့သူတစ်ယောက် ဖွင့်ထားတဲ့အိမ် ...။

ထိုစဉ်က အပေါစား အစုတ်အပြတ် ဇာတ်ရှုတ် တည်းခိုခန်းတွေတောင် တစ်နေ့ ဘတ် ၃၀၀ ရှိတော့ ဗမာတွေ အိမ်ဖွင့်စားကြတယ်။ ၂ ထပ်တိုက် ကျယ်ကျယ်ကြီးတွေငှားပြီး ဗမာပြေက ထွက်လာသမျှ ဗမာတွေအကုန် လေဆိပ်မှာသွား ကဒတ်ဖမ်းပြီး ကိုယ့်အိတ်ကိုယ် ခေါင်းအုံးလုပ်အိပ် တစ်နေ့ ဘတ် ၁၀၀၊ ညမနက် ထမင်းပါကျွေးတော့ အိမ်မှာ တစ်နေ့ တစ်နေ့ အနည်းဆုံး လူ ၃၀ လောက် စည်ကားနေတာ။ ဂျပန်ဒိုးမယ့်လူ၊ သမောတက်ချင်သူ၊ အမရီးကံ စတိုးဝေးနဲ့လိုက်ချင်သူ၊ မလေးဝင်မယ့်သူ၊ စင်္ကာပူ အီးပီစောင့်သူ၊ စလုံးအဝင် ရီဂျက်လို့ ထိုင်လေ ပေတေနေသူ အစုံပဲ။ လာသမျှ မတစ်ထောင်သားတွေချည့်ပဲ၊ ကိုယ်က အဲဒီအိမ်မှာ တောက်တိုမယ်ရ။ 

.............................

တရားဝင်ဖွင့်ထားတာ မဟုတ်ဘူး။ သက်ဆိုင်ရာနယ်ထိန်းကို တစ်လလျှင် ရီဂျင်ဆီ အကြီးတစ်လုံး ဘတ်ငွေက ငါးထောင် ဂါပြီး ညှိဖွင့်ထားတာ။ 

.............................


ဒေးလီး ဘတ်တစ်ရာကို စည်းကမ်းရှိရှိ ရှင်းတဲ့သူရှိသလို တစ်ပတ်ရှင်း တစ်လရှင်းသမားတွေလည်း ရှိတယ်။ ပိုက်ဆပ်မပေးနိုင်တော့လို့ မနက်အစောကြီး ဝေလီဝေလင်း ခြံကျော်ပြီး ထွက်ပြေးတဲ့ သမောသား ဂေါက်ကြောင်တွေလည်း ရှိတယ်။ နေ့စဉ်နဲ့အမျှ အိမ်မှာ ဖဲဝိုင်း၊ အရက်ဝိုင်း၊ ငါးဝိုင်း ပုတီးဝိုင်း အစုံရှိတယ်၊ ပျော်စရာကြီး။ တစ်ချို့ လူတကာကို မယုံသင်္ကာနဲ့ ပတ်စပို့ လည်ပင်း ကြိုးတန်းလန်းနဲ့ ကြက်အိပ်ကြက်နိုးသမားတွေလည်းရှိသလို ရောက်တာနဲ့ အထုတ်ချပြီး ညကျ ပက်ပုန်းလစ်ရအောင် လိုက်ပို့ပါလားဆိုတဲ့ ဟီးဟီးးဟားဟားသမားတွေလည်း ရှိတယ်။

.............................

ထိုစဉ်ချိန်များက ဘန်ကောက်မှာ အိမ်ဖွင့်စားတဲ့ ဗမာအိမ် ၄-၅ အိမ်လောက်ပဲ ရှိတယ်။ အိမ်ဖွင့်စားတာ ရတာလေးနဲ့ အမြတ်ကြီးမရပေမယ့် လာတည်းခိုတဲ့ ကိုယ်ရွှေကိုယ်မျိုးတွေအတွက် သင့်တော်ရာ ဝန်ဆောင်မှုလေးတွေ ဖန်တီးပေးရတာ စားရတယ်။ သမောတက်ချင်တဲ့သူကို လိုင်းကောင်းကောင်းလေး ထည့်ပေးလိုက်တာတို့၊ စလုံးမှာ အလုပ်ဂျွိုင်းပေးတာတို့၊ မလေးကို စိတ်ချရတဲ့သူ ဂိုက်နဲ့ အလုပ်ထဲအရောက် ဝန်ဆောင်မှုမျိုးတို့ စသဖြင့်ပေါ့။ 

.............................

တစ်ခါတစ်လေ ဆရာကြီးအထာတွေနဲ့ လာတဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ အိမ်ဖိုးတောင် ပုံမှန် မရှင်းနိုင်တော့ဘဲ ဂိန်နေတာမျိုးတွေ၊ ဘန်ကောက်ကလူတွေကို မယုံနဲ့လို့ ရိုက်သွင်းခံထားရတဲ့ ငနဲတွေကျတော့ ဂလို ချုပ်ပလိုက်တယ်။

.............................

ကိုယ်တွေ ကျောင်းအိပ်ကျောင်းစား ငါးသမား ကာလူးသမား ၅ ယောက်လောက် ဇာတ်တိုက်ပြီး ည လူစုံလောက်တဲ့အချိန်ကျမှ နေ့ခင်းကဇာတ်တိုက်ထားတဲ့အတိုင်း အဲဒီ ဂေါက် ဂိန် တွေ ကြားလောက်အောင် စကားဝိုင်းထဲ ဝင်လာအောင် စိတ်ဝင်စားလာအောင် ကိုယ့်အချင်းချင်း ပွားကြတယ်။ ဘယ်သမောမှာ ဘာရာထူးနဲ့ မနက်ဖြန်ပေါ်မယ်တို့၊ အမရီးကံသယ်ပေးမယ့် သမောက ဘယ်လိုစိတ်ချရတယ်လို့ ဂငယ်ကတော့ ဘယ်လို ဝင်မယ်တို့ စသဖြင့် ကိုယ့်အချင်းချင်း အာဘောင်အာရင်းသန်သန်နဲ့ ပွားပြီဆိုတာနဲ့ သိပ်မကြာဘူး ....။

လူတွေကို မယုံသင်္ကာနဲ့ လှိမ့်ပိန်ကျစ်နေတဲ့ ငနဲတွေ စကားဝိုင်းနား မသိမသာ တိုးလာတာမျိုးတို့ လက်ကတော့ ဓာရဏပရိတ်ကြီးစာအုပ်ကိုင် ဖတ်ဟန်ပြုနေပေမယ့် ဝိုင်းထဲကအသံကို နားစွန့်လာတာမျိုးတို့ ဖြစ်လာတော့တာပဲ။ ကျိန်းသေတယ် မနက်မိုးလင်းတာနဲ့ ကိုယ်တွေစကားဝိုင်းထဲက တစ်ဦးဦးကို အနှီး ဂေါက်ဂိန် ကြက်အိပ်ကြက်နိုးသမားတွေထဲက ယောင်သွားတဲ့ ငနဲတွေက လက်ဖက်ရည်လိုက်တိုက်မယ်တို့၊ မုန့်ထွက်စားရအောင်ဆိုပြီး ပထုတ်ပြီး အပြင်ကျမှ မနေ့ညက စကားဝိုင်းထဲကအကြောင်းတွေ တီးခေါက် ညိသွားတော့တာပဲ .............. ဟီးး ဟီးး ဘယ်ရမလဲ။ 

.............................

အဲဒီ ချုပ်နည်းကို ဘန်ကောက်မှာတော့ “ဘောင့်စ်ရိုက်တယ်” လို့ခေါ်ကြတာပဲ ............. ............................................................................................................... ............................................................................................................... 

အခု မြန်မာပြည်နိုင်ငံရေး အခင်းအကျင်းမှာလည်း ဒီနည်း သုံးနေပုံရတယ်။            ။


ငါးသမား = ဖန်ဆီဒိုင်း (ချောင်းဆိုးပျောက်ဆေးနှစ်သက်သူ)
ကာလူးသမား = အရက်သမား
ဂေါက်ဂိန် = အိုဗာဆီး ကြောင်ကြောင်ပြီး အဆင်မပြေ ကံဇာတာနိမ့်နေသူများ
စတိုးဝေး = ပြည်ပနိုင်ငံကြီးဆီသို့ တရားမဝင်ခိုးဝင်ရာလမ်းကြောင်း
ကဒတ်ဖမ်းသည် = အချဉ်စောင့်ဖမ်းသည်



 

No comments: