Saturday, October 19, 2013

သီတင်းကျွတ် ဝေဒနာ (ညီစောလွင်)

"သီတင်းကျွတ်"ဆိုတဲ့ စကားလုံး နုတ်က ရေရွတ်မိတယ်ဆိုရင် ကျနော် အမြဲတမ်း သတိရတဲ့ လူတယောက်ရှိတယ်... ကျနော့် ဦးရီးတယောက်ကိုပါ... သူက ဟာသပြောတယ်။ ပျော်ပျော်နေတယ်။ တခါမှာ သူပြောတဲ့အကြောင်းက မူလတန်းမှာ သင်ရတဲ့ အလင်္ကာလေးတပုဒ်နဲ့ပတ်သက်ပါတယ်။ 

သီ- တင်း- ကျွတ်- ပြီ ... 
မိုး- လေ- ကင်း- လွတ်- တော့မည် ... 
မီး- ပုံး- ပျံ- လွှတ်- ကြ- ရအောင် 
မီး-စာ ကို ရေနံဆွတ်ပါ ... 
မှိုင်း- ဝ- မှ- လွှတ်- ပါ ... ဆိုတဲ့ အလင်္ကာလေးပါ။ 

အဲဒီ အလင်္ကာထဲက "သီ-တင်း-ကျွတ်-ပြီ" ဆိုတာ "သီ-တင်း-ကျွတ်-ပြီ" ဆိုတဲ့ အသံထွက်အတိုင်းပဲဆိုခဲ့ပေမယ့် ဘာမှ နားမလည်ခဲ့ဘူးတဲ့။ ကြီးလာတော့မှ "သီ-တင်း-ကျွတ်-ပြီ" ဆိုတာ "သဒင်းဂျွတ်" ကိုပြောမှန်း နားလည်သွားတယ်လို့ ပြောရင်း ရယ်နေတယ်။

ပြန်စဉ်းစားကြည့်တော့ ကျနော်လည်း ကျနော့် ဦးရီးနဲ့ အတူတူပါပဲ။


မိုးလေကင်း လွတ်တော့မည်... ဆိုတာကိုလည်း နားမလည်ခဲ့ပါဘူး။ စိတ်ထဲမှာ "မိုးလေကင်း" ဆိုတာကို ငယ်ငယ်က အကိုက်ခံရဖူးတဲ့ ကင်းကောင်တမျိုးမျိုး လွတ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ ထင်နေတယ်။ အ-တာလည်း ပါတာပေါ့။ နားမလည်ပေမယ့် အော်လို ကောင်းတာနဲ့ပဲ ဒီလိုပဲ နုတ်တိုက်အော်ခဲ့ကြတယ်။ အဲဒီအရွယ်မှာ တယောက်ယောက်က နည်းနည်းလေးရှင်းပြလိုက်ရင် အလင်္ကာလေးက ပိုလှ၊ ပိုကြွ၊ ပိုပြည့်စုံသွားမှာပဲလို့ တွေးမိတယ်။ ကံဆိုးချင်တော့ ဘယ်လူကြီးကမှ ရှင်းပြတယ်လို့ မမှတ်မိခဲ့ပါဘူး။ ဒီလိုနဲ့ အသံသာရုံမက အနုပညာဆန်တဲ့ သီတင်းကျွတ် အလင်္ကာတပုဒ်ဟာ ကျနော်တို့ နုတ်ဖျားမှာပဲ ပျောက်သွားခဲ့တယ်။ အလင်္ကာထဲက အနုပညာဟာ ကလေးတယောက်ရဲ့ဘဝထဲ၊ နှလုံးသားထဲအထိ ရောက်မလာဘဲ ပျယ်လွှင့်သွားခဲ့တယ်။ 

စဉ်းစားကြည့်တော့ သီတင်းကျွတ်ရဲ့ အနုပညာ၊ ဆွတ်ပျံ့မှုကို ဘဝထဲရောက်စေခဲ့သူကတော့ အဖေပါပဲ။ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝမှာ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ အိမ်ပြန်ရောက်တိုင်း မီးပုံတွေထွန်းတဲ့ညတွေကို မှတ်မိနေတယ်၊ သီတင်းကျွတ် လမပြည့်ခင် တပတ်လောက်၊ သီတင်းကျွတ် လပြည့်ပြီး တပတ်လောက်အထိ မီးပုံတွေကို ထွန်းတယ်။ 

အမှောင်စပျိုးလာရင် အဖေက မီးပုံးထွန်းတဲ့အလုပ်ကို မပျက်မကွက်လုပ်တယ်။ ရောင်စုံမီးပုံတွေကို သစ်ကိုင်းမှာ ကြိုးတန်းမှာ ချိတ်တယ်။ ဖယောင်တိုင် တိုတိုလေးထည့်ပြိး ထွန်းရတဲ့ စက္ကူမီးပုံတွေဆိုတော့ မီးဇာကုန်ပြီး စက္ကူမီးပုံးလေးကို မီးမလောင်ခင်မှာ ငြိမ်းနိုင်ဖို့ စောင့်ကြည့်ရတယ်။ လေတိုက်လို့ မီးပုံးထဲက မီးတောက်ကလေး ယိမ်းပြီး စက္ကူပုံလေးကို မီးလောင်တာမျိုး မဖြစ်အောင် စောင့်ကြည့်နေရတယ်။ အမှတ်မထင် ရွာချတတ်တဲ့ သီတင်းကျွတ်မိုးတွေ စက္ကူမီးပုံးလေးကို စိုမသွားအောင် စောင့်ရတယ်။ ဒီလိုနဲ့ပဲ ဝါးရုံပင်အောက်က လက်ရန်းလေးမှာ အဖေနဲ့ ကျနော် မီးပုံးတွေကို ထိုင်စောင့်ကြတာကို မှတ်မိနေတယ်။ မီးပုံးလေးတွေ လင်းနေတာကို ကြည့်ရင်း ပျော်နေခဲ့တယ်။ 

အခုတော့ ကိုယ်အသက်က ၃၀ ကျော်ပြီ၊ အဖေက အသက် ၇၀ ကျော်ပြီ။ သီတင်းကျွတ်ပေမယ့် မိသာစုတွေ မဆုံဖြစ်တာလည်း နှစ်တွေ ကြာခဲ့ပါပြီ။ ပြန်စဉ်းစားကြည့်တော့ အဖေထွန်းခဲ့တဲ့ မီးပုံရောင်စုံတွေဟာ စိတ်ထဲမှာ လင်းနေသေးတာ ခံစားမိတယ်။ တိတိကျကျ ပြောရရင် နှလုံးသားထဲမှာ...။ ။


 

No comments: