Tuesday, October 29, 2013

တစ်ကောင့် ငါးထောင် (မင်းသိုက်)

ကျွန်တော်တို့တွေကသာ မြို့ကြီးပြကြီးနေပြီး မြန်မာ့ဆက်သွယ်ရေးကို ဘာဖြစ်တယ် ညာဖြစ်တယ် ဖားခရုတွေ ဘာတွေ ကလော်နေကြတာ ... ... ... ကျွန်တော် မနေ့တစ်နေက ရောက်ခဲ့တဲ့ ရန်ကုန်ကနေ ကီလို ၂၀၀ လောက်သာဝေးတဲ့ မွန်ပြည်နယ်က ရွာငယ်လေးတွေထဲ လူငယ်လူရွယ်တွေ အင်တာနက်သုံးတာတွေ့ရင် လေ သွားမယ်။ 

GSM လား ... မမိ တမိ၊ (ဖုန်းလိုင်းပြောတာနော် ဒေတာလိုင်းကတော့ လုံးဝကို မမိတာ၊ ဂျီ နဲ့ အင်တာနက်သုံးဖို့ မစဉ်းစားနဲ့၊ စစ်ကနယ် အပြည့်မိတောင် ဒေတာလိုင်း လုံးဝ မရဘူး)၊ စီဒီအမ်အေ 800 Hz ၇၃ အစ နံပတ်တွေ လုံးဝ ဘာမှကို သုံးမရဘူး။ အကယ်၍ C 800 73 နံပတ်တွေကို ထိုရွာတွေမှာ ဖုန်းလိုင်းမိချင်ရင် ဆင်းကဒ်ကိုဖြုတ် CDMA 450 Hz ဟန်းဆက်ထဲ ထည့်သုံး မိတယ် ပြည့်တယ် (ဖုန်းလိုင်းမိတာနော် အင်တာနက်တော့ မရဘူး) အဆန်းကြီး။ 


အဲဒီတော့ အနှီးရွာသူ ရွာသား ဆယ်ကျော်သက်လေးတွေ အင်တာနက်ကို ဘယ်လိုသုံးကြသလဲ? လိုက်တီးခေါက်ကြည့်လိုက်တော့ နိုင်ငံတော် သမ္မတမင်းကြီး စေတနာဗလပွနဲ့ ချပေးထားတဲ့ တစ်ထောင့် ငါးရာတန် CDMA 800 ဖုန်းတွေ အင်တာနက်မိပုံများ ဗွီဒီယိုဖိုင်တောင် ကြည့်လို့ရသတဲ့၊ သို့သော် ဒေတာလိုင်းပဲ လျှမ်းတာ ၊ ဖုန်းပြောရင်တော့ ဂြိုလ်သားအသံတွေ လိုမျိုးပဲတဲ့ မပီမပြင် မပြတ်မသား ဝါးတားတားတဲ့ ... အဆန်းကြီး။ 

ရွာတွင်း ရွာပ လက်ဖက်ရည်ဆိုင်တွေမှာ ငါးယောက်တစ်အုပ်စု၊ ခြောက်ယောက် တစ်အုပ်စု အသီးသီးအသက အသက မိုးချုပ်ပြီဆို အတို့အထိဖုန်းလေးတွေနဲ့ နေရာယူ ငြိမ်သက်လို့ ဖေ့ဘွတ် သုံးကြသတဲ့၊ မိုးလင်းလု လင်းခင်အထိကို သုံးကြတာ။ 

ဟ့ ... ... ဘယ်နှယ် ရွာသားတွေ တယ်သုံးနိုင်ပါ့ကလား ပိုက်ဆပ်တွေ အတော်ပေါပုံရတယ်။ 

ဘယ်ဟုတ်မလဲ ဘော်ဒါအုပ်စု တစ်စုမှာ ဂနေ့အလှည့်ကျတဲ့သူက ဝိုင်းထဲမှာ ... “တိုင်ထူ” ပေးရတာတဲ့ ...။ 

ဘာလဲ တိုင်ထူတယ်ဆိုတာ ... .... .... .... ....? 

ဟုတ်ဘူး ... တစ်ယောက်က အင်တာနက်အွန်ပြီး ဝိုင်ဖိုင်ဖွင့်ပေးရတာကိုပြောတာ ... သူဖွင့်လိုက်ရင် ကျန်တဲ့ ဘေးက ၅ ယောက်လောက်က ဖမ်းပြီး ဝိုင်းသုံးကြတာ ထောင့်ငါးရာတန်စီ ရှစ်ရာက တစ်ယောက်တိုင်ထူလိုက်ရင် ၈ ယောက် အများဆုံး ဝိုင်းသုံးလို့ရသတဲ့၊ ... အဆန်းကြီး။ 

နို့ ... ဖေ့ဘွတ်အကောင့် ဘယ်နှယ်လုပ် ဖွင့်ကြသတုံး ... ... ...? 

တစ်ချို့ကတော့ မလေးရှားမှာ သွားအလုပ်လုပ်တဲ့ ဘော်ဒါတွေကို အကောင့်ရှိပြီးသားတစ်ယောက်ဆီကနေ တဆင့် လှမ်းဖွင့်ခိုင်းတယ် ... ... ... ... ... တစ်ချို့ နယားလန်းတဲ့ သူကတော့ ရွာထဲက ဦးလေးကြီးတစ်ယောက်ဆီမှာ ဝယ်တယ်။ အဲ့ ဦးလေးကြီးက မြို့မှာ ကုမ္ပဏီဝန်ထမ်းလုပ်ဖူးတော့ ... ကွန်ပြူတာ ရော အင်တာနက်ရောကျွမ်းတော့ သူ့ဆီ “တစ်ကောင့် ငါးထောင်” ပေးဝယ်ရတာ၊ ပြီးမှ ကိုယ်ကြိုက်တဲ့ ပတ်စိဝပ်ပြန်ချိန်း ... ... ... အဆန်းကြီး။ 

သြော် ... ... ... ဂွင်ကြီးကြီးတစ်ခု တွေ့ခဲ့တယ်။ 

ရွာရိုးကိုးပေါက်လည်ပြီး ... “ဟောဒီဖက်က ဖေ့ဘွတ်အကောင့်တွေ ရမယ် ... ... ဖေ့ဘွတ်အကောင့် ... ဖေ့ဘွတ်အကောင့် ... တစ်ကောင့် ငါးထောင်ထဲရယ် ... ... ..." 

တစ်နေ့ ၂ ကောင့် ရောင်းရတောင် ကျွန်တော် အတော် တွက်ခြေကိုက်မှာပါလား။ 

မင်းသိုက် 
(ခရီးသွားမှတ်တမ်း)


 

No comments: