Thursday, October 17, 2013

ကျနော်နှင့် ဖိုးအောင် - ကိုမာကီ (၈၈ မျိုးဆက်)

ကျနော်နဲ့ စတင်ဆုံဆည်းစဉ်က သူက ကျောင်းဆရာပေါက်စ။ ကျောင်းဆရာမျိုးရိုးလို့ ပြောရလောက်အောင် အဖေ ကျောင်းဆရာ၊ အမေ ကျောင်းဆရာ၊ ညီမကလည်း ကျောင်းဆရာ။ ကျောင်းဆရာဘဝထဲကနေ ရှားရှားပါးပါး တော်လှန်ရေးသမားအဖြစ် ဖောက်ထွက်လာတဲ့သူ။ သူ့နာမည်ရင်းက အောင်အောင်ကျော်။ 

ဖိုးအောင်က ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်က လေးမျက်နှာ၊ အိုင်သပြုသား။ မိဘနှစ်ပါးစလုံးက ကျောင်းဆရာ၊ ဆရာမတွေမို့ သူ ကြီးပြင်းကျင်လည်ရာပတ်ဝန်းကျင်နဲ့ သူ့ရဲ့စံပြထားမှုတွေက ပညာရေးလောကပဲ ဖြစ်ခဲ့တယ်။ ဒီတော့ သူ့ဘဝရဲ့ရည်မှန်းချက်နဲ့ လူငယ်တစ်ယောက်ရဲ့အိပ်မက်ကလည်း ကျောင်းဆရာတစ်ယောက်ပဲဖြစ်ခဲ့တယ်။ ကျောင်းဆရာဝိဉာဉ်က သူ့ရဲ့အသွေးအသားထဲမှာကို ပါလာပြီးသားလို့ သူယုံကြည်ခဲ့တယ်။ ဒါ့ကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ချိန်မှာ အခြားကျောင်းသားတွေလို ဟိုဟာရွေးချယ်ရကောင်းနိုး၊ ဒီဟာရွေးချယ်ရကောင်းနိုး တွေဝေနေစရာမလိုခဲ့ဘူး။ ပညာရေးကောလိပ်တက်ဖို့ကိုပဲ ပြတ်ပြတ်သားသား သူ ရွေးချယ်နိုင်ခဲ့တယ်။ 


ဒီလိုနဲ့ ၂၀၀၂ ခုနှစ်မှာ ပုသိမ် ပညာရေးကောလိပ်မှာတက်ရောက်ခဲ့တယ်။ ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီးက လာတက်ကြရတာဆိုတော့ ပညာရေးကောလိပ်တက်ရတာဟာ ဖိုးအောင်အတွက်တော့ အဲဒီ့ကတည်းက တစ်တိုင်းလုံးနဲ့ ကွန်ယက်ချိတ်ဆက်မိသလို ဖြစ်သွားတယ်။ ပညာရေးကောလိပ် တက်နေစဉ်အတွင်း ကျောင်းသားလူငယ်တွေအပေါ် အထူးအလေးပေး စေတနာထားပြီး လမ်းညွှန်ပြတတ်တဲ့ ဆရာဦးတင်ဌေးလို ဆရာတစ်ဦးနဲ့ ဆုံဆည်းခဲ့ကြရတာပါပဲ။ ဆရာက လက်ရှိနိုင်ငံရေးအခြေအနေတွေကိုပါ သူ့တပည့်တွေကို မျက်ခြည်မပြတ်လေ့လာစေတယ်။ အခြားသောဆရာ၊ ဆရာမတွေက ကျောင်းသားတွေကို နိုင်ငံရေးနဲ့ ဝေးဝေးနေဖို့ ခြောက်လှန့်ဟန့်တားနေချိန်မှာ ဆရာဦးတင်ဌေးရဲ့ ကိုယ်ကျိုးစွန့်တဲ့စေတနာက ဖိုးအောင်တို့ သူငယ်ချင်းတစ်စုအတွက်တော့ တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။ 

ပညာရေးကောလိပ် ဒုတိယနှစ်ရောက်တော့ ဖိုးအောင်တစ်ယောက် ကျောင်းကောင်စီအတွင်းရေးမှူးအဖြစ် အရွေးချယ်ခံရတယ်။ သူ့မှာလုပ်ပိုင်ခွင့် ရှိပြီဆိုတာနဲ့ ဖိုးအောင်ကြိုးစားခဲ့တာကတော့ အာဇာနည်နေ့အခမ်းအနား ဖြစ်မြောက်ဖို့ပါပဲ။ အဲဒီ့ကာလတွေမှာ စစ်အစိုးရက အာဇာနည်နေ့ဆိုတာကို မှိန်ဖျောက်ထားချိန်။ ဖြစ်နိုင်ရင် ပယ်ဖျက်ဖို့တောင် ကြိုးစားချင်နေတဲ့အချိန်။ ဒီလိုအချိန်မျိုးမှာ ဖိုးအောင်က သူငယ်ချင်းတွေ၊ ကျောင်းသူကျောင်းသားတွေကိုသာမက ဆရာ၊ဆရာမတွေကိုပါ ရအောင်စည်းရုံးပြီး ပုသိမ် ပညာရေးကောလိပ်ရဲ့ အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ဆရာဖြစ်သင် ကောလိပ်ကဆင်းတော့ သူ့ဇာတိဖြစ်တဲ့ အိုင်သပြုရွာက အလယ်တန်းကျောင်းလေးမှာပဲ ကျောင်းဆရာ ပြန်လုပ်ခွင့်ရပါတယ်။ 

ကျနော်နဲ့ ဖိုးအောင် စတင်တွေ့ဆုံရတာကတော့ ဟင်္သာတမြို့မှာပါ။ မှတ်မှတ်ရရ၊ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့။ ဟင်္သာတမြို့ရဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို သွားရောက် အားပေးနားထောင်တာပါ။ အဲဒီ့စာပေဟောပြောပွဲထဲမှာပဲ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို အကူအညီပေးနေတဲ့ ဟင်္သာတမြို့ခံ ညီငယ်တစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့် မြစ်ဝကျွန်းပေါ်သား ကျောင်းဆရာလေးတွေနဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ အသက်နှစ်ဆယ်ကျော်အရွယ် ကျောင်းဆရာလေးတွေရဲ့မျက်နှာမှာ နုပျိုမှုနဲ့ရိုးသားမှုကို ကျနော် အထင်းသား တွေ့လိုက်ရတယ်။ ဖိုးအောင်ကိုတော့ စတင်မြင်စမှာပဲ ရည်ရည်မွန်မွန်နဲ့ ဖော်ရွေပွင့်လင်းစွာ ပြောဆိုဆက်ဆံတတ်တာကို သတိထားမိတယ်။ 

ပြီးတော့ ထူးခြားတဲ့ သူ့ရဲ့ဥပဓိရုပ်ပါ။ အသားညိုညို၊ ယောင်္ကျားပီသတဲ့ ရုပ်ရည်နဲ့ ချောမောခန့်ညားတယ်လို့ ဆိုနိုင်ပါတယ်။ ကျောင်းဆရာပီပီ အောင်မြင်တဲ့အသံသြဇာရှိပေမယ့် လေပြေအေးလေးနဲ့ ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်တယ်။ တစ်ဖက်သားအပေါ် တလေးတစားနဲ့ ရိုရိုကျိုးကျိုး ပြောဆိုလေ့ ရှိတယ်။ အဲဒီ့ညမှာပဲ ဖိုးအောင်တို့က သူတို့ကျောင်းဆရာလေးတွေရဲ့နာမည်နဲ့ ကိုယ်ရေး ရာဇဝင်ကအစ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေပါ ကျနော့်ကို ပေးတယ်။ အခုမှ စတင်သိကျွမ်းရတဲ့ ကျနော့်အပေါ် သူတို့ဘက်က ရိုးသားပွင့်လင်းစွာ ယုံကြည်မှုတည်ဆောက်လိုက်တာပါပဲ။ အဲဒီ့အချက်အလက်တွေသာ ကျနော့်ရဲ့လက်ထဲမှာ တစ်စုံတရာ အတိမ်းအစောင်းဖြစ်ခဲ့ရင် သူတို့လေးတွေအားလုံး ဒုက္ခရောက်ကြရမှာလေ။ 

ကျနော် ရန်ကုန်ကို ပြန်ရောက်တော့ သူတို့နဲ့ပတ်သက်ပြီး ကိုပေါ်နဲ့ ကိုကျုတို့ကို အသိပေးပြောပြထားလိုက်ပါတယ်။ ဆုံတွေ့ဖို့ကိုလည်း စီစဉ်ထားလိုက်တယ်။ အဲဒီ့ကာလမှာ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေက White Sunday လို့ခေါ်ကြတဲ့ အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှုအဖြစ်၊ အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီ တနင်္ဂနွေနေ့တိုင်း သွားရောက်အားပေးနေချိန်။ အဲဒီ့ တနင်္ဂနွေတစ်ရက်မှာပဲ ဖိုးအောင်တို့ ကျောင်းဆရာလေး ၅ ယောက် ရန်ကုန်ကို တက်လာပါတယ်။ ဟင်္သာတ၊ ဘိုကလေး၊ ကျုံပျော်၊ ကျိုက်လတ်မြို့တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာလေးတွေပါ။ သုဝဏ္ဏဘက်မှာရောက်နေတဲ့ ကျနော်တို့ဆီကို လိုက်လာတယ်။ ကျနော်တို့အနောက်မှာ တကောက် ကောက်လိုက်ပါနေတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေက ဖိုးအောင်တို့ကို ရိပ်မိသွားမလားလို့တော့ စိုးရိမ်နေမိပါသေးတယ်။ 

ဒါပေမယ့် အဲဒီ့နေ့မှာမှ ကျနော်တို့လူတွေကလည်း အများကြီးမို့ သူတို့တတွေကို သတိထားမိပုံတော့မရပါဘူး။ ကိုယ့်လူတွေထဲမှာလည်း အဓိကကျတဲ့သူတွေလောက်နဲ့ပဲ ဖိုးအောင်တို့ကို တိုးတိုးတိတ်တိတ် မိတ်ဆက်ပေးလိုက်ပါတယ်။ သိပ်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားရင် ဖိုးအောာင်တို့အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ပါ။ အဲဒီ့နေ့နေ့လည်ပိုင်းမှာတော့ ဖိုးအောင်တို့ ကျောင်းဆရာလေးတွေကို ကျနော့်အိမ်ခေါ်သွားပြီး မင်းကိုနိုင်၊ ကိုကိုကြီး၊ မစုစုနွေးတို့နဲ့ ဆုံတွေ့ပေးပါတယ်။ ဘာဟန်ဆောင်ပလွှား မှုမှမပါတဲ့ အဲဒီ့စကားဝိုင်းလေးကို အားလုံးပဲ ကျေနပ်အားရခဲ့ကြပါတယ်။ 

ဒီ့နောက်မှာတော့ ကျနော် ဟင်္သာတမြို့ကို ရောက်ဖြစ်တဲ့အခါတိုင်း ဖိုးအောင်တို့နဲ့ ဆုံဖြစ်ပါတယ်။ သူတို့ကျောင်းတက်ခဲ့တဲ့ ပုသိမ်ပညာရေးကောလိပ်ကို ခေါ်ပြီးတော့လည်း သူတို့ရဲ့ဆရာဦးတင်ဌေးနဲ့ မိတ်ဆက်တွေ့ဆုံပေးပါသေးတယ်။ ကျောင်းဆရာအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ သူတို့အားလုံးရဲ့ သတ္တိနဲ့ ယုံကြည်ချက်စိတ်ဓာတ်ကိုတော့ ကျနော် မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။ သာမန်အရပ်သူအရပ်သားတွေတောင် ထိတို့ရမှာ စိုးရိမ်ကြောက်ရွံ့နေကြတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးသမားကို မိမိတို့ရဲ့အလုပ်ထိခိုက် သွားနိုင်တာ၊ ဘဝပျက်လောက်အောင် ခံစားရနိုင်တာကိုသိလျက်နဲ့ ကျနော်နဲ့ လက်တွဲခဲ့ကြပါတယ်။ ကျနော့်မှာသာ သူတို့အတွက် အစိုးရိမ်တွေလွန်ကဲပြီး သိုသိုသိပ်သိပ်နဲ့ လျှို့ဝှက်သွားလာခဲ့ရပါတယ်။ 

ပြီးတော့ ဖိုးအောင်တို့ ကျောင်းဆရာသူငယ်ချင်းတွေ စုပြီး ဟင်္သာတမြို့ပေါ်မှာ ဒီဂျစ်တယ် ဓာတ်ပုံနဲ့ ကွန်ပြူတာဆိုင်လေး ဖွင့်ကြပါတယ်။ သူတို့ရဲ့စုရပ်နဲ့ အချိတ်ဆက်လုပ်ဖို့နေရာလေးတစ်ခု ဖန်တီးကြတာပါ။ တစ်ဖက်တစ်လမ်းကနေ ထိုက်သင့်တဲ့ဝင်ငွေလေးလည်း ရအောာင်ပေါ့။ သူတို့ရဲ့ဆိုင်လေးအတွက် သူတို့လှမ်းမှာတာတွေကို ကျနော်က ရန်ကုန်ကနေ ဝယ်ပို့ပေးပေါ့။ ဒီအတွင်းမှာတော့ ဧရာဝတီတိုင်းကို အခြေခံထားပြီး မြန်မာနိုင်ငံကျောင်းဆရာများသမဂ္ဂဖွဲ့စည်းဖို့လည်း ကြိုးစားစည်းရုံးကြပါတယ်။ ဧရာဝတီတိုင်းအနှံ့မှာ တာဝန်ထမ်းဆောင် နေကြတဲ့ သူတို့နဲ့ ပုသိမ်ပညာရေးကောလိပ်မှာ အတူတူကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းကျောင်းဆရာ၊ ဆရာမလေးတွေနဲ့လည်း အဆက်အသွယ်ယူပြီး ကွန်ယက်တစ်ခုဖြစ်ဖို့ ကြိုးစားကြပါတယ်။ 

အဲဒီ့အချိန်မှာပဲ စစ်အစိုးရက ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖြိုခွဲတဲ့အနေနဲ့ ကျနော်တို့တစ်ဖွဲ့လုံးနီးပါးကို ဖမ်းဆီးလိုက်ပါတယ်။ ကျနော်အပါအဝင် မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ကိုမြအေး၊ ကိုပြုံးချို …. စတဲ့ ၁၃ ယောက် အဖမ်းခံလိုက်ရပါတယ်။ တင်းကျပ်လှတဲ့ စစ်ကြောရေးနဲ့ အထူးဖမ်းဆီး ချုပ်နှောင်ထားခြင်းခံကြရတာမို့ ဖိုးအောင်တို့နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ကျနော်တို့တတွေ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရတဲ့အခါမှာတော့ ဖိုးအောင်တို့ရဲ့သတင်းကို တစ်စွန်းတစ်စ ကြားရပါတယ်။ အပြင်မှာကျန်ရစ်ခဲ့ကြတဲ့ ကိုမျိုးသန့် (ကြို့ပင်ကောက်)၊ ကိုနေဒွန်း(ပြည်)တို့နဲ့ ချိတ်ဆက်ပြီး ဆက်လက်လှုပ်ရှား ဆောင်ရွက်နေဆဲပါတဲ့။ သူတို့အတွက် ကျနော် အတော်ပဲ စိတ်ပူခဲ့ရပါတယ်။ နိုင်ငံရေးအဝန်းအဝိုင်းနဲ့ ထိတွေ့ခါစမှာပဲ စတင်ထိတွေ့မိတဲ့ကျနော်က အဖမ်းခံလိုက်ရတော့ သူတို့အတွက် ခါးဆက်ပြတ်သွားမှာ၊ မသူတော်တွေနဲ့တွဲမိပြီး ဒုက္ခရောက်မှာကို တွေးပူနေခဲ့မိတာပါ။ 

ဒါပေမယ့် ကိုမျိုးသန့်၊ ကိုနေဒွန်းတို့နဲ့ ချိတ်ဆက်မိတယ်ဆိုတော့ သူတို့အတွက် ကျနော် အထိုက်အလျှောက်တော့ စိတ်အေးခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းတိုက်တဲ့အခါမှာတော့ ဖိုးအောင်တို့သူငယ်ချင်းတစ်စု မုန်တိုင်းဒဏ်သင့်ဒေသတွေဆီအရောက်သွားပြီး ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးနေကြောင်း ကြားသိရပါတယ်။ အဲဒီ့နောက် ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေကို တရားရုံးတင် စစ်ဆေးနေတဲ့ကာလမှာတော့၊ မမျှော်လင့်တဲ့သတင်းတစ်ခု ကြားလိုက်ရပါတယ်။ ဖိုးအောင်တို့ ကျောင်းဆရာသူငယ်ချင်းတစ်စု ကျောင်းဆရာလောကကို အပြီးအပိုင် နှုတ်ဆက်ထွက်ခွာလာကြပြီး နိုင်ငံရေးလောကကို ခြေစုံပစ်ဝင်လာကြကြောင်း၊ ဗကသကို ပြန်လည်အသက်သွင်းဖို့နဲ့ အိုးဝေမဂ္ဂဇင်း ပြန်လည်ရှင်သန်လာဖို့ ကြိုးစားနေကြတယ်တဲ့။ 

အဲဒီ့အချိန်ကာလရဲ့ ထုံးစံအတိုင်းပါပဲ၊၂၀၀၈ ခုနှစ်၊ သြဂုတ်လမှာတော့ ဖိုးအောင်တို့တတွေ အဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်း ကြားသိလိုက်ရပါတယ်။ သူတို့ထောင်ထဲရောက်လာတာ ကျနော်တို့နဲ့တော့ မဆုံဆည်းလိုက်ရပါဘူး။ ကျနော်တို့က တိုက်ထဲမှာ အချုပ်ခံနေရပြီး သူတို့ကိုတော့ အဆောင်မှာပဲ ချုပ်ထားလို့ပါ။ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေကို အလုပ်နှင့်ထောင်ဒဏ် ၆၅ နှစ်စီချမှတ်ပြီး မြန်မာနိုင်ငံအနှံ့အပြားက အကျဉ်းထောင်တွေဆီ ပြောင်းပို့လိုက်ပါတယ်။ ဖိုးအောင်တို့ကိုတော့ နောက်နှစ် ဧပြီလလောက်မှာ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်စီချမှတ်ပြီး၊ မကြာခင်မှာ ထောင်တွေခွဲဖြန့်ပို့လိုက်ကြောင်း သိရပါတယ်။ ဖိုးအောင်က စစ်တွေထောင်ကို ရောက်သွားတယ် လို့လည်း သိရပါတယ်။ 

ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေအရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကျနော်တို့တတွေ ထောင်ကပြန်လွတ်ကြတော့ ဖိုးအောင်လည်း စစ်တွေထောင်ကနေ ပြန်လွတ်လာပါတယ်။ ကျနော်က ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှာ ပြန်လှုပ်ရှားခဲ့သလို၊ ဖိုးအောင်လည်း ကျော်ကိုကို၊ စည်သူမောင်၊ ဒီငြိမ်းလင်းတို့နဲ့အတူလက်တွဲပြီး ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေတာ တွေ့ရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခရီးစဉ်တွေမှာလည်း မကြာခဏလိုက်ပါလာလေ့ရှိပါတယ်။ 

ကျနော်တို့သွားရောက်ခဲ့တဲ့ မအူပင်ခရီးစဉ်ဆိုရင် ဖိုးအောင်ကိုယ်တိုင် စည်းရုံးလှုံ့ဆော်ပြီး စီစဉ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ သူတို့လူငယ်တွေကြားထဲမှာ အကွဲကွဲအပြားပြား ဖြစ်လာတာလေးတွေ တွေ့လာရပါတယ်။ ဖိုးအောင်လည်း ဒီအပေါ်မှာ စိတ်ပျက်မိလေသလားမသိ၊ အရင်ကလောက် ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်တာ မတွေ့ရတော့ပါဘူး။ ခင်မင်ရင်းနှီးရာ သူငယ်ချင်းတွေစုပြီး “မြန်မာ့ခေတ်” ဆိုတဲ့ အွန်လိုင်းမီဒီနဲ့ စာအုပ်ထုတ်ဝေရေးကို ကြိုးစားတည်ထောင်နေတာ တွေ့ရပါတယ်။ အထိုက်အလျောက် အောင်မြင်နေတယ်လို့လည်း ထင်ပါတယ်။ ကျနော်ကတော့ ဖိုးအောင် ဆိုတဲ့ အောင်အောင်ကျော်ကို နိုင်ငံရေးသမားတစ်ယောက်အဖြစ်ပဲ မြင်တွေ့ချင်သူပါ။ ဒါပေမယ့် ကိုယ့်ဘဝကိုယ် ပြဋ္ဌာန်းကြရမှာပဲ မဟုတ်လား။ 

ကိုမာကီ (၈၈ မျိုးဆက်) 

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် "အာရှအလင်း" ဂျာနယ်မှ ...


 

No comments: