အခုတခေါက် ဂျာကာတာမှာတွေ့ရတဲ့ လူတွေရဲ့မျက်နှာကို ဖတ်ကြည့်ရသလောက်၊ သူတို့ စကားတွေကို နားထောင်ကြည့်ရသလောက် သူတို့တွေ အပြောင်းအလဲတခုအတွက် ဆန္ဒပြင်းပြနေကြတယ်။ မီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေရဲ့စကားတွေထဲမှာ သူတို့တွေ နောက်တဆင့် အပြောင်းအလဲအတွက် ဘယ်လောက်အထိ စိတ်အားဓာတ်သန်နေသလဲဆိုတာ ပေါ်လွင်နေတယ်။ ရွေးကောက်ပွဲက လပိုင်းလောက်ပဲ လိုတော့တာနဲ့လည်း ဆိုင်ပါတယ်။
အင်ဒိုနီးရှားမှာ ရှေ့နှစ် ဧပြီလထဲမှာ ပါလီမန် ရွေးကောက်ပွဲတွေကျင်းပပြီး နောက်ထပ်နှစ်လကြာရင် သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတယ်။ သမ္မတ ရွေးပွဲအတွက် ထိပ်ဆုံးကပြေးနေတဲ့လူတွေစာရင်းမှာ ဗိုလ်ချုပ်ဟောင်း ဝရန်တို အပါအဝင် ဆူဟာတိုခေတ်က လူဟောင်းတွေက အများစုဖြစ်နေတယ်။ အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက ၁၅ နှစ်ရှိလာပေမယ့် အခုအထိ သမ္မတကနေ၊ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေအထိ ဆူဟာတိုခေတ်ကလူတွေက လွှမ်းမိုးနေတုန်းပါပဲ။ ထူးခြားတာက အာဏာရှင်စနစ်က လူဟောင်းတွေဟာ ဒီမိုကရေစီ၊ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုတာတွေကို တွင်တွင်ပြောကြနေကြတယ်။ တကယ်တမ်း Transparency International ရဲ့ အဂတိလိုက်စားမှု အညွန်းကိန်းမှာ အင်ဒိုနီးရှားရဲ့အမှတ်စဉ်က ၁၇၄ နိုင်ငံမှာ အမှတ်စဉ် ၁၁၈ နေရာမှာပဲ ရှိပါတယ်။
ပါလီမန်ထဲမှာ ဂိုကာ ပါတီက ဒုတိယ အင်အားအကြီးဆုံး ပါတီအဖြစ်နဲ့ ဆက်ရှိနေတယ်။ ဆူဟာတိုခေတ်ကတည်းက တည်ဆောက်ထားတဲ့ အရှိန်အဝါ၊ ဓန၊ အရင်းအမြစ်တွေကိုသုံးပြီး ကျေးလက်တွေအထိ ကွန်ယက်တွေ ဖြန့်ကျက်ထားနိုင်တယ်။ ရွေးကောက်ပွဲမှာ ဆင်းရဲသားတွေဆီကနေ မဲတွေ ဝယ်တယ်။ ကိုယ်ပိုင် တီဗွီ သတင်းဌာနလည်း ပိုင်သေးတယ်။
ဒါပေမယ့် ရှေ့နှစ်ရွေးကောက်ပွဲမှာတော့ စနစ်ဟောင်းရဲ့ လောင်းရိပ်အောက်ကနေ အပြီးတိုင် လွတ်မြောက်ဖို့ကို အင်ဒိုနီးရှားပြည်သူတွေက မျှော်လင့်နေကြပုံပါပဲ။ မြို့ပေါ် ပညာတတ်တွေသာမက ဆင်းရဲသားတွေရဲ့ အဓိက မျှော်လင့်ချက်က လက်ရှိ ဂျာကာတာမြို့တော် အုပ်ချုပ်ရေးမှူး ဂျိုကိုဝီ (ဂျိုကိုဝီ ဒိုဒို) အပေါ်မှာ စုပြုံနေတယ်။ တခြား မြို့တော်အုပ်ချုပ်ရေးမှူးတွေ၊ နိုင်ငံရေးသမားတွေနဲ့ မတူတာက အသက် ၅၁ နှစ်အရွယ် အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရသူ ဂျိုကိုဝီဟာ စနစ်ဟောင်းရဲ့လောင်းရိပ်ကနေ လွတ်ရုံသာမက၊ ပြည်သူတွေနဲ့ တသားတည်းရှိတယ်လို့ ဆိုကြတယ်။ သူ့အပေါ် လူကြိုက်များလွန်းလို့ သမ္မတလောင်းနေရာအတွက် Indonesian Democratic Party ရဲ့ခေါင်းဆောင် မေဂါဝါဒီက နေရာဖယ်ပေးမယ့်သဘောရှိပါတယ်။ ဂျာကာတာက အကြီးဆုံး ရေဒီယို ကွန်ယက်ရဲ့ဒါရိုက်တာ Mr. Tosca Santoso က ဆိုရင် “မနက်ဖြန် ရွေးကောက်လုပ်ရင်လည်း ဂျိုကိုဝီပဲ နိုင်မှာပါ” လို့ အခိုင်အမာ ပြောတယ်။ လူထုအခြေပြု အဖွဲ့အစည်းက ခေါင်ေးဆာင်တယောက်ကလည်း အကယ်၍ မေဂါဝါဒီက ဂျိုကိုဝီကို သမ္မတလောင်းနေရာအတွက် နေရာဖယ်မပေးခဲ့ရင် လူထုဆန္ဒပြပွဲတွေလုပ်သွားဖို့ အဆင်သင့်ပဲ လို့ ဆိုတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း အပြောင်းအလဲတွေ နှေးကွေးနေတာ၊ အောက်ခြေအထိ မရောက်တာ အပြောင်းအလဲကို စနစ်ဟောင်းကလူတွေနဲ့ ဦးဆောင်နေတာကြောင့်လို့ ဝေဖန်ကြတယ်။ ဒါကြောင့်လည်း ရှေ့နှစ်ရွေးကောက်ပွဲမှာ စနစ်ဟောင်းနဲ့ လောင်းရိပ်မကင်းတဲ့ လူတယောက်ကို သမ္မတတင်ဖို့ လုံးပမ်းနေကြတဲ့ပုံပါပဲ။
၂၀၀၄ ခုနှစ်ကတည်းက သမ္မတ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဆူစီလို ဘန်ဘမ်း ယူဒိုယိုနို ဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲမှာ၊ တရားရေးမဏ္ဍိုင်က ထိပ်တန်းခေါင်းဆောင်တွေထဲမှာ ဆူဟာတိုခေတ်က တာဝန်ကြီးကြီးယူခဲ့တဲ့လူတွေ ရှိနေတယ်။ သူတို့ဟာ ဆူဟာတိုခေတ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်လို့ ယုံကြည်နေသူတွေနဲ့လည်း တွေ့ခဲ့ရတယ်။ သမ္မတ အိမ်တော်ရှေ့မှာ ကြာသာပတေးနေ့တိုင်း ဆန္ဒပြနေတဲ့ လူတဒါဇင်လောက်ထဲမှာ အသက် ၆၀ ကျော်အရွယ် ထောင်ထွက် ကွန်မြူနစ်တယောက်ကို တွေ့ရတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေက လူတွေ အစုလိုက်အပြုံလိုက် သေဆုံး၊ ထောင်သွင်း အကျဉ်းချခံရတဲ့ကိစ္စအတွက် အစိုးရက တောင်းပန်ဖို့၊ အပြစ်ရှိသူတွေကို အပြစ်ပေးသင့်တယ်လို့ စိတ်အားထက်သန်စွာနဲ့ ပြောတာကို ကြားခဲ့ရတယ်။
“အစိုးရအဖွဲ့ထဲမှာ စစ်တပ်က လူဟောင်းတွေရှိနေသမျှ ဒီမိုကရေစီဆိုတာ အတုအယောင်ပဲ ဖြစ်နေမှာပဲ” လို့ ဆိုတယ်။ လူအုပ်ထဲမှာ သားသည် မိခင်တယောက်ကိုလည်း တွေ့ခဲ့ရတယ်။ ၁၉၉၈ လူထုဆန္ဒပြပွဲအတွင်းမှာ စေတနာဝန်ထမ်းအဖြစ် အကူအညီတွေပေးနေတုန်းမှာ စစ်တပ်ကပစ်လိုက်တဲ့ ကျည်ဆံထိပြီး သေဆုံးသွားတဲ့ သူ့ရဲ့ တဦးတည်းသောသားအတွက် တရားမျှတမှုကို တောင်းဆိုနေတာ ၇ နှစ်ရှိပြီတဲ့။ ကျွတ်ကျွတ်အိတ်တထပ်နဲ့ ပလက်စတစ်လောင်းထားတာ တထပ်နဲ့ ထုပ်ထားပြီး လက်ပွေ့အိတ်ထဲထည့်ထားတဲ့ သူ့သားဓာတ်ပုံကိုလည်း ထုတ်ပြတယ်။ တီရှပ်အင်္ကျီဝတ်၊ ဦးထုပ် နောက်ပြန်ဆောင်းထားပြီး လက်ပိုက်ရပ်နေတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တယောက်ရဲ့ပုံပါ၊ အမှုကို ၂၀၀၈ ခုနှစ်ကတည်းက လူ့အခွင့်အရေးဆိုင်ရာတရားရုံးမှာ တင်ပြထားပေမယ့် အခုထိ ဘာမှ မထူးသေးဘူးလို့ ပြောပြပါတယ်။
ဂျာကာတာမှာ တယ်လီဖုန်း အရေအတွက်က လူဦးရေထက် ပိုများနေပေမယ့် လူဦးရေရဲ့တဝက်ရဲ့ နေ့စဉ်ဝင်ငွေက နှစ်ဒေါ်လာအောက် (ဆင်းရဲမျဉ်းနား) မှာပဲ ရှိသေးတယ်။ ဂျာကာတာမြို့ပေါ်မှာ အင်္ဂလိပ်စကားပြောနိုင်တဲ့ တက္ကစီးသမား မတွေ့ရသလောက်ဆိုပေမယ့် လူကုန်ထံတွေ ဈေးဝယ်ထွက်တဲ့ ကုန်တိုက်နားမှာ အင်္ဂလိပ်စကားကို ရေရေလည်လည်ပြောပြီး အကောင်းစားဖုန်းတွေ၊ ဝတ်ကောင်းစားလှတွေနဲ့ အသက် ၂၀ အရွယ်တသိုက်နဲ့ကတော့ နိုင်ငံရေးကိုလည်း စိတ်မဝင်စား၊ အနာဂတ်အတွက် ယုံကြည်ချက် အပြည့်ရှိနေတဲ့ပုံပါပဲ။ တယောက်က ဖက်ရှင်ဒီဇိုင်နာ ဖြစ်ချင်တယ်လို့ ပြောတယ်။ ဂျာကာတာမှာ Little Monsters' လို့ တွင်တဲ့ လေဒီဂါဂါကို ခရေဇီဖြစ်တဲ့ ချာတိတ်တွေ အတော်များတာ သတင်းတွေထဲမှာ ဖတ်ရတယ်။
၂၀၁၂ နှစ်လယ်လောက်က ဂျာကာတာရဲ့ အကြီးဆုံး ကဇာတ်ရုံကြီးထဲမှာ လေဒီဂါဂါရဲ့ ဂီတပွဲကိုလုပ်ဖို့ စီစဉ်တော့ ပရိသတ် ငါးသောင်း နှစ်ထောင်လောက်က လက်မှတ်တွေဝယ်ခဲ့တယ်လို့ ဆိုတယ်။ ဈေးနှုန်းကလည်း တစောင်ကို တလ လစာလောက် ရှိတယ်။ ဒါပေမယ့် အစွန်းရောက်အဖွဲ့တဖွဲ့က ခြိမ်းခြောက်တာနဲ့ ပွဲပျက်ခဲ့ပါတယ်၊ အခုတခေါက် ဂျာကာတာကိုရောက်တော့ ဟိုတယ်အခန်းထဲမှာ TRACE ဆိုတဲ့ တီဗွီချန်နယ်ကို ဖွင့်လိုက်ရင် လေဒီဂါဂါ၊ မိုင်လီဆိုင်းရပ် သီချင်းတွေကို ထပ်ပြန်တလဲလဲလွှင့်နေတာကို ကြည့်ရတယ်။ ပြတင်းတံခါးက လှမ်းကြည့်လိုက်ရင် ဗလီရဲ့အမိုးတွေ၊ တီဗွီဖန်သားကို ကြည့်လိုက်ရင် မလုံ့တလုံ ဝတ်ထားတဲ့ အနောက်တိုင်းမှာတောင် ဝေဖန်ခံနေရတဲ့ ပေါ့ပ်စတားတွေ...။ အင်ဒိုနီးရှားက လစ်ဘရယ်အကျဆုံး မွတ်စလင် နိုင်ငံလို့ အသိအမှတ်ပြုကြတဲ့ နိုင်ငံ။ တချိန်တည်းမှာ အင်ဒိုနီးရှားမှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေဟာ အခုနှစ်ပိုင်းတွေအတွင်းများ ပိုများလာနေတယ်လို့ သတင်းစာတွေထဲမှာ ဖတ်ရပြန်တယ်။
ဂျာကာတာမှာ မိုဘိုင်းဖုန်းကဒ် ဝယ်ချင်ရင် လမ်ဘေးစီကရက်ဆိုင်မှာဖြစ်ဖြစ်၊ ဖရဲသီးဆိုင်မှာဖြစ်ဖြစ် ဈေးပေါပေါနဲ့ အလွယ်တကူရနိုင်ပေမယ့် ကားကျပ်တာက လွန်ခဲ့တဲ့ သုံးနှစ်တုန်းကထက် ပိုဆိုးလာသလား အောက်မေ့မိတယ်။ လူသွားပလက်ဖောင်းတလျှောက်မှာ အန္တရာယ်များတဲ့ အပေါက်တွေကိုလည်း လွန်ခဲ့တဲ့ သုံးနှစ်ကအတိုင်း နေရာတကာမှာ တွေ့နေရတုန်းပါပဲ။ မြို့လည်က လူကုန်ထံတွေစားသောက်တဲ့ဆိုင်မှာ ထိုင်ခုံရဖို့ မလွယ်ပေမယ့် ကုန်းကျော်တံတားပေါ်မှာပဲ အိမ်ယာ အခြေချနေပုံရတဲ့ လူအိုဇနီးမောင်နှံတွေကိုလည်း တွေ့ခဲ့ရတယ်။ စူပါမားကက်ရှေ့တွေမှာ၊ ကားဂိတ်တွေနားမှာ အငှားကားတားပေးတဲ့ လူတွေရဲ့မျက်နှာနဲ့ မျက်လုံးတွေကို ကြည့်ရတာကလည်း နေ့ခင်းလယ်ခေါင်မှာ မူးယစ်ဆေးဝါး တမျိုးမျိုး သုံးစွဲထားတဲ့ပုံပါပဲ။
ဆူဟာတိုပုံပါတဲ့ တီရှပ်တွေရောင်းနေတဲ့ ဈေးနားမှာ ဆူဟာတိုခေတ်က ကုန်ဈေးနှုန်းတည်ငြိမ်ပြီး လူနေမှုစရိတ်သက်သာလို့ အခုခေတ်ထက် ပိုကောင်းတယ်လို့ တော်သေးတယ်လို့ပြောတဲ့ အသက် ၆၀ ဝန်းကျင် လူတွေနဲ့လည်း တွေ့ခဲ့ရတော့ အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးအတွက် နည်းနည်းတော့ စိုးရိမ်မိတယ်။ တက်ကြွလှုပ်ရှားသူကနေ အခုတော့ အင်ဒိုနိးရှားရဲ့ အကြီးဆုံး ရေဒီယိုကွန်ယက်ကို ဦးဆောင်နေတဲ့ Mr. Tosca Santoso ကတော့ “လူဆိုတာ ဒီလိုပါပဲဗျာ။ လက်ရှိ အခြေအနေမှာ အဆင်မပြေတဲ့အခါ ရွှေရောင်လွှမ်းတဲ့နေဟောင်းတွေကို တမ်းတမိကြတာပါပဲ။ လွတ်လပ်ရေးရခါစကဆိုရင် ကိုလိုနီခေတ်က ပိုကောင်းတယ်လို့ ပြောကြတဲ့လူတွေလည်း ရှိတာပါပဲ။ ဒါပေမယ့် ရွေးကောက်ပွဲကျရင် စနစ်ဟောင်း လောင်းရိပ်မကင်းတဲ့လူတွေအားလုံး ရှုံးမှာသေချာပါတယ်”
“လူဆိုတာက လွတ်လပ်မှု အဆင့်တဆင့်ကိုရပြီးရင် ပိုကောင်းတဲ့ နောက်တဆင့်ကို တောင့်တကြတာ ဓမ္မတာပဲ”
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment